အေးခဲကောင်းကင်အတွင်း ပထမဆုံးတိုက်ပွဲ
Vol. 17 Ch. 235
စုမင်က စစ်မာရှင်းအား ကြည့်လိုက်ပြီး တည်ငြိမ်အေးဆေးစွာ ပြောလာသည်။ သူ၏အသံတွင် ဂုဏ်ယူနေဟန်မျိုး မပါခဲ့ပေ။ သို့သော် စုမင်၏စကားလုံးများ နောက်ကွယ်မှ အဓိပ္ပာယ်သည်တော့ ခုနစ်ရောင်ခြယ် တောင်ပေါ်မှ စစ်မာရှင်းသည် စည်းမျဉ်းများကို လိုက်နာနေခြင်း မရှိသော်လည်း စုမင်က အေးခဲကောင်းကင် ကလန်၏ စည်းမျဉ်းများအောက်တွင် ရှိနေသည်ဟု ပြောဆိုနေချေသည်။
“ငါက မင်းရဲ့ဆရာဦးလေး”
ထိုစကားသည် ပတ်ဝန်းကျင်ရှိ လူများအားလုံးကို တိတ်ဆိတ်ငြိမ်သက် သွားစေသည်။ သူတို့၏ မျက်နှာများထက်တွင် ဒေါသထွက်နေဟန်များ ဖြစ်ပေါ်လာကြသော်လည်း ထိုစကားလုံးများကိုတော့ မငြင်းပယ်ဝံ့ကြချေ။ သူတို့သည် နဝမတောင်ထွတ်၏ မြင့်မားသော အဆင့်အတန်းကို စိတ်မချမ်းသာစွာဖြင့် လက်ခံရန်သာ တတ်နိုင်ပေသည်။
စူးရှအေးစက်သော အလင်းတစ်ဖြာက စစ်မာရှင်း၏ မျက်လုံးများအတွင်း၌ ရုတ်ခြည်း ဖြစ်ပေါ်လာသည်။ စုမင်အား ကြည့်နေရင်းဖြင့် သူ့နှုတ်ခမ်းများက အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကြသည်။
ဟူကျီမျက်နှာက ချက်ချင်း ဝင်းလက်သွားကာ ခေါင်းမော့လိုက်ပြီး ဂုဏ်ယူစွာဖြင့် စစ်မာရှင်းကို အော်ဟစ်လိုက်သည်။
“အိုး၊ ဟုတ်သားပဲ။ ဟေး လူလိမ်လူကောက်လေး။ မင်းအဘိုးဟူက မင်းရဲ့ဆရာဦးလေးပဲ။ ဒီကို လာပါဦး။ မင်းအဘိုးဟူကို ဆက်နှုတ်ဆက်လှည့်ပါဦး စစ်မာရှင်း”
စစ်မာရှင်းသည် ဟူကျီ၏တည်ရှိမှုကို လျစ်လျူရှုထားပြီး ထိုအချိန်၌ သူ့မျက်လုံးထဲတွင် စုမင်တစ်ဦးတည်းသာ ရှိချေသည်။ ဤကဲ့သို့ နီးကပ်နေသော အနေအထားမျိုးနှင့် အတိတ်ကာလက သူနှင့်ဟန်တောင်တန်း ခေါင်းလာင်းကြားရှိ အနည်းငယ်သော ဆက်သွယ်မှုတို့ကြောင့် ဟန်တောင်တန်း ခေါင်းလောင်းက စုမင်ကိုယ်တွင်း၌ ရှိကြောင်း သူသေချာပြောနိုင်သည်။
“ဆရာဦးလေးလား၊ အဟား။ ဒါဆိုရင်တော့ မင်းက ငါ့ရဲ့ဆရာဦးလေး ဖြစ်ခွင့်ရှိလားဆိုတာ စစ်ဆေးကြည့်ခွင့်ပြုပါ”
ထိုသို့ပြောပြီးသည်နှင့် စစ်မာရှင်းက ညာခြေဖြင့် ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်ကာ လက်ညှိုးဖြင့် ကောင်းကင်ကို ညွှန်ပြလိုက်သည်။
“အေးခဲစမ်း”
သူ၏အသံကြောင့် မူလက အေးစက်နေသော ကောင်းကင်တွင် အေးစက်စက် အစိမ်းရောင်လေများ ရုတ်ခြည်း ထွက်ပေါ်လာသည်။ ထိုလေအေးများသည် အကောင်အထည် ရှိဟန်ပေါ်ပြီး ၎င်းတို့ ဖြတ်သန်းသွားရာ တစ်လျှောက်ရှိ လေထုသည်လည်း အေးခဲသွားလေသည်။ လေထဲတွင် မြည်ဟည်းသံများ ပဲ့တင်ထပ်လာသည်။
ပုံရိပ်ယောင်လက်ကြီး တစ်ခုသည် ကောင်းကင်ရှိ အစိမ်းရောင်မြူခိုးများမှ ချက်ချင်း ဖြစ်ပေါ်လာသည်။ ထိုလက်ကြီးသည် အေးစက်စက်အရှိန်အဝါ တစ်ခုအား ထုတ်လွှတ်လျက် စုမင်ကို ဖမ်းဆီးရန်တိုးဝင်လာသည်။
“ဖန်တီးမှုပညာရပ်။ စီနီယာအစ်ကို စစ်မာဆိုတဲ့ အတိုင်းပါပဲလား။ သူက တကယ်ကို စစ်နတ်ဘုရား ဖြစ်လာနိုင်တဲ့လူပဲ။ သူ့ရဲ့ ပထမဆုံး လှုပ်ရှားမှုကတောင် ဖန်တီးမှုပညာရပ်တဲ့”
“ဒါက ဖန်တီးမှုတစ်မျိုး ပညာရပ်ပဲဆိုပေမဲ့ သာမန်လူ တစ်ယောက်ကတော့ ဖန်တီးမှုပညာရပ်ကို ဒီလိုလိုလွယ်လွယ်ကူကူ ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး”
“နဝမတောင်ထွတ်မှာ အကြီးအကဲလျူကလွဲလို့ အကုန်လုံးက အမှိုက်တွေပဲ။ ငါ ကြားဖူးတာတော့ သူတို့ရဲ့အကြီးဆုံး အစ်ကိုကြီးက တစ်ချိန်လုံး သီးသန့်တံခါးပိတ်နေပြီး ဒုတိယအစ်ကိုက ပျော့ညံ့တဲ့အမျိုးသမီး တစ်ယောက်လို အပင်ပဲစိုက်နေတာတဲ့။ တတိယကတော့ ဆင်ခြင်တုံတရား မရှိတဲ့လူတစ်ယောက် ... အခု နဝမတောင်ထွတ်ရဲ့ အသစ်စက်စက် အငယ်ဆုံးကတော့ အစ်ကိုကြီး စစ်မာရဲ့လမ်းကြောင်းကို ပိတ်ရပ်ရဲတယ်တဲ့”
အစိမ်းရောင်လက်ကြီး တိုးဝင်လာချိန်တွင် စုမင်မျက်လုံးများထဲ၌ စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် ထိုအချိန်မှာပင် ဟူကျီထံမှ ဒေါသတကြီး ဟိန်းဟောက်သံက ထွက်ပေါ်လာသည်။
“ညီငယ်လေး၊ နောက်ဆုတ်နေ။ လူလိမ်လူကောက်ကောင် မင်းကများ ငါ့ညီငယ်လေးကို တိုက်ခိုက်ရဲတယ်ပေါ့”
ဟူကျီသည် ခေါင်းကိုမော့ကာ လေထဲမှာပင် ထိုင်ချလိုက်သည်။ သူ့ညာလက်အား ဖြည်းညင်းစွာ မြှောက်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကိုပူးကာ ကောင်းကင်တွင် စက်ဝိုင်းပြတ်တစ်ခုကို ဆွဲသားလိုက်သည်။
ဟူကျီခန္ဓာကိုယ်မှ သန်မာသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ထိုအရှိန်အဝါ၏ ခွန်အားသည် မြေပြင်နှင့် ရာသီဥတုကိုပင် ပြောင်းလဲသွားစေဟန်ရပြီး တိုးဝင်လာနေသော အစိမ်းရောင် လက်ကြီးသည်ပင် လေထဲ၌ ခဏတာ ရပ်တန့်သွားခဲ့သည်။
“အိပ်မက်ထဲသို့ ဝင်ရောက်ခြင်း”
ဟူကျီအမူအရာသည် လေးနက်နေပြီး ထိုအချိန် အခိုက်အတန့်တွင်တော့ သူ့မျက်နှာထက်တွင် အဆင်အခြင်မဲ့သော အမူအရာမျိုးအား အရိပ်အယောင်ပင် မတွေ့ရတော့ပေ။ သူ၏ လက်ချောင်းနှစ်ချောင်းဖြင့် စက်ဝိုင်းပြတ်တစ်ခုကို ဆွဲသားလိုက်သော အပြုအမူတွင် ထူးခြားဆန်းကြယ်သော ဖန်တီးမှု အမျိုးအစားတစ်ခု ပါဝင်နေဟန်ရသည်။ ထိုအရာကို မြင်လိုက်ချိန်တွင် စစ်မာရှင်း၏ အမူအရာက လေးနက်တည်ကြည် သွားခဲ့သည်။
ပတ်ဝန်းကျင်မှ လူများသည်လည်း စိတ်လှုပ်ရှားသွားကြရပြီး အံ့အားသင့်နေသော အမူအရာများဖြင့် ဟူကျီကို ငေးကြည့်လိုက် မိကြချေသည်။ ဤအခိုက်အတန့်တွင် သူတို့ရှေ့မှ စွန်းတဟူသည် သူတို့မှတ်ဉာဏ်များထဲမှ စွန်းတဟူနှင့် လုံးဝကွဲပြားခြားနား နေခဲ့၏။
အစိမ်းရောင်လက်ကြီးက လေထဲ၌ အေးခဲနေချိန်မှာပင် ဟူကျီသည် ညာလက်ဖြင့် သူ့မျက်ခုံးများ အလယ်သို့ ထိကပ်လိုက်ရာ သူ့မျက်လုံးများက ချက်ချင်း ပိတ်ကျသွားပြီး စဟောက်လာလေသည်။
လေထဲတွင် ဟူကျီ၏ဟောက်သံများ ထွက်ပေါ်လာခြင်းမှလွဲ၍ မည်သည့်ပြောင်းလဲမှုမှ ဖြစ်ပေါ်မလာခဲ့ပေ။ ထို့ပြင် ဟူကျီသည် အိပ်မောကျသွားခဲ့ပြီး လေထဲတွင် ဆက်လွင့်မျော မနေတော့သလို ကောင်းကင်မှလည်း ပြုတ်ကျလာခဲ့ချေသည်။
ထိုအခြင်းအရာကို မြင်လိုက်သူများ အားလုံးသည် အံ့အားသင့်သွားကြပြီး ခဏအကြာ၌ ရယ်မောလိုက်မိကြသည်။
စစ်မာရှင်းသည်ပင် အံ့အားသင့်နေရာမှ စတင်ရယ်မော လာခဲ့သည်။ သို့သော် သူ့မျက်လုံးများအတွင်းရှိ အေးစက်မှုများကတော့ ပျောက်မသွားခဲ့ပဲ ပြုတ်ကျနေသော ဟူကျီကို ညာလက်ဖြင့် ညွှန်ပြလိုက်သည်။ အေးခဲနေသော အစိမ်းရောင် လက်ကြီးသည် ချက်ချင်းပင် လေထုအား ဖြတ်သန်းလျက် ဟူကျီထံတိုးဝင်သွားလေသည်။ သူသည် ဟူကျီ၏ အပြုအမူများကို ရယ်နေခဲ့သော်လည်း အလားတူပင် ထိုအရာအတွက် မကျေမနပ်ဖြစ်နေပြီး ဟူကျီအား နာကျင်အောင် ပြုလုပ်လိုနေသည်မှာ ရှင်းလင်းနေပေသည်။
စုမင်ကမူ တိတ်ဆိတ်နေခဲ့ပြီး ရယ်မောခြင်းမပြုခဲ့ပေ။ ဟူကျီက ထိုကဲ့သို့ပြုလုပ်ရန် ရွေးချယ်ခဲ့ခြင်းသည် စုမင်အား သူ၏ဆရာတူ ညီငယ်လေးအဖြစ် မှတ်ယူထားပြီး ဖြစ်သောကြောင့် ဆိုသည်မှာ သေချာနေချေသည်။ စုမင်သည် သူ၏ညီငယ်လေး ဖြစ်သောကြောင့် စုမင်အား ကာကွယ်ရမည်မှာ သူ့တာဝန်ပင်ဖြစ်သည်။
ဟူကျီ၏စွမ်းအားသည် အလွန်အမင်း မကောင်းမွန်နိုင်သော်လည်း စုမင်ရှေ့၌ ရပ်တည်လိုက်သော သူ့အပြုအမူသည် သူ၏အတွေးများအား အတိအကျပင် ရောင်ပြန်ဟပ် ဖော်ပြနေခဲ့သည်။ ထိုအရာကပင် လုံလောက်နေပေပြီ။
ဟူကျီ ပြုတ်ကျလာနေချိန်တွင် စုမင်သည် အလင်းတန်းတစ်ခု အသွင်ပြောင်းလျက် ဟူကျီထံ တိုးဝင်သွားလိုက်သည်။ ထို့နောက် လေထဲမှာပင် ဟူကျီ၏ခန္ဓာကိုယ်ကို ဖမ်းထိန်းကာ မြေပေါ်သို့ ဆင်းသက်လိုက်သည်။
သို့သော် အစိမ်းရောင် လက်ကြီးသည် သူတို့နောက်သို့ လိုက်လာနေဆဲဖြစ်သည်။ ထိုလက်ကြီးနှင့် ပတ်သက်၍ စုမင် စိတ်အနှောင့်အယှက် အဖြစ်မခံခဲ့ပေ။ စုမင်မြေပေါ်သို့ ဆင်းသက်လိုက်ချိန်မှာပင် ကျီချဲသည်လေထဲသို့ ပျံတက်လိုက်ကာ လက်ကြီးထံ တိုးဝင်သွားလိုက်သည်။
သူ ထိုသို့လုပ်ရပေလိမ့်မည်။ မဟုတ်လျှင် သူ နဝမတောင်ထွတ်ဆီ ပြန်သွားသောအချိန်၌ သူ့အပေါ် မည်ကဲ့သို့ကြောက်ရွံ့ဖွယ် ကံကြမ္မာမျိုး ကျရောက်လာလိမ့်မည် ဆိုသည်အား သူမသိပေ။ ထို့အပြင် သူသည်လည်း စစ်မာရှင်းကို ဒေါသထွက်နေသေး၏။
စုမင်အထက်၌ ပေါက်ကွဲ မြည်ဟည်းသံများ ပဲ့တင့်ထပ်သွားသော်လည်း သူမော့မကြည့်မိပေ။ သူသည် မြေပေါ်သို့ ဆင်းသက်ပြီးသည်နှင့် ဟောက်ရင်း အိပ်မောကျနေသော ဟူကျီကို မြေပေါ်သို့ ညင်သာစွာချလိုက်သည်။
ဟူကျီအား ကြည့်လိုက်မိချိန်တွင် ဟူကျီမျက်နှာထက်ရှိ မိုက်မဲသော အမူအရာကြောင့် ပြုံးမိသွားရသည်။
လေထဲရှိ ပေါက်ကွဲမြည်ဟည်း သံများကြားမှာပင် စစ်မာရှင်း၏ ဝမ်းနည်းစွာ အော်ဟစ်ပြောဆို လိုက်သံက ထွက်ပေါ်လာခဲ့သည်။
“ကျီချဲ၊ ဒါ ဘာအဓိပ္ပာယ်လဲ”
“စကားပြောနေစရာ အကြောင်း မရှိဘူး စစ်မာရှင်း။ မင်း စုမင်ကို တိုက်ရင် ငါက မင်းကို ဆန့်ကျင်ရလိမ့်မယ်”
ကျီချဲ၏ ထွက်ပေါ်လာမှုကြောင့် စောင့်ကြည့် နေသူများထံမှ ဆူညံသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
“အဲဒါက ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင် အဆင့်ဇယားမှာ နံပတ်၉ချိတ်တဲ့ စီနီယာအစ်ကို ကျီချဲပဲ။ သူက စီနီယာအစ်ကို စစ်မာနဲ့ မိတ်ဆွေကောင်းတွေ မဟုတ်ဘူးလား”
“ဘာလို့ သူက ရုတ်တရက်ကြီး အပြင်လူတစ်ယောက်ကို ကူညီနေရတာလဲ”
“စောစောကလည်း ငါ သူ့ကို နဝမတောင်ထွတ်က လူတွေနဲ့ အတူတူတွေ့ခဲ့တယ်...”
ဖန်းချန်းလန်ဘေးရှိ ဘဲဥပုံမျက်နှာနှင့် အမျိုးသမီးသည် ပတ်ဝန်းကျင်မှ ဆွေးနွေးသံများကို ကြားချိန်တွင် အေးစက်စက် နှာမှုတ်သံတစ်ခုကို ပြုလုပ်လိုက်သည်။ သို့သော် အစောပိုင်းက ကျီချဲထွက်လာသည်အား မြင်လိုက်ချိန်တွင်တော့ သူမသည် စိတ်သက်သာ ရသွားဟန်ဖြင့် သက်ပြင်းချနေခဲ့ခြင်း ဖြစ်သည်။
စစ်မာရှင်းက ကျီချဲကို စိုက်ကြည့်လိုက်သည်။ အကြည့်ချင်း ဆုံသွားချိန်တွင် သူ့မျက်လုံးများက တဖြည်းဖြည်း အေးစက်သွားခဲ့သည်။
ထိုအချိန်တွင် စုမင်သည် မြေပြင်တွင် အိပ်မောကျရင်း ဟောက်နေသော ဟူကျီကိုတစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်ရှိ ခုနစ်ရောင်ခြယ် တောင်ဘေးတွင် ရပ်နေသော စစ်မာရှင်းထံသို့ မော့ကြည့်လိုက်သည်။
“ကျီချဲ၊ နောက်ဆုတ်။ အစ်ကိုသုံးကို ဂရုစိုက်လိုက်”
စုမင်က ကျီချဲကို ဖြည်းဖြည်းချင်း ပြောလိုက်ပြီး ညာခြေကိုမကာ လေထဲသို့ ပျံတက်လိုက်သည်။
ကျီချဲသည် ခဏတာ တုံ့ဆိုင်းနေပြီးနောက်မှ လက်သီးနှင့် လက်ဝါးထပ်ကာ နာခံကြောင်းပြသပြီး ဟူကျီဘေးသို့ ပြန်သွားလိုက်သည်။
“ငါ့စွမ်းအားက မင်းလောက်မကောင်းဘူး။ ပြီးတော့ ငါမင်းနဲ့လည်း မတိုက်ချင်ဘူး...”
စုမင် စစ်မာရှင်းကိုကြည့်ကာ တည်ငြိမ်စွာပြောသည်။
“မင်းမှာလည်း မင်းလုပ်ချင်တာ ရှိသလို ငါလည်းအဲလိုပဲ ... ဒါပေမဲ့ အစ်ကိုသုံးက ပြန်တိုက်နိုင်စွမ်း မရှိသေးတဲ့ အချိန်မှာတော့ မင်းသူ့ကို နာကျင်အောင်လုပ်ဖို့ မကြိုးစားသင့်ဘူး”
စုမင်အသံက တည်ငြိမ်နေဆဲပင် ဖြစ်သည်။
“သူက ငါ့အစ်ကိုသုံးပဲ ... မင်းတိုက်ချင်နေတာ ဆိုရင်တော့ ... ငါနဲ့တိုက်”
ထိုအခိုက်အတန့်၌ တည်ငြိမ်နေသော စုမင်မျက်လုံးများထဲတွင် အေးစက်စက် အကြည့်တစ်ခု ပေါ်လာခဲ့သည်။
ထိုအချိန်လေးမှာပင် မယုံနိုင်လောက်အောင် ပြင်းထန်သော သတ်ဖြတ်လိုသည့် အသိတစ်ခုသည်လည်း စုမင်ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထိုသတ်ဖြတ်လိုသော အသိသည် သူ၏ညာဘက်မျက်လုံး၊ သွေးလွှမ်းလနှင့် နက်မှောင်တောင်ရုပ်ပုံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
စုမင်က သူ၏တိုက်ခိုက်မည့် ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်ချိန်မှာပင် သူ့အမူအရာ အသွင်အပြင် တစ်ခုလုံးကလည်း ပြောင်းလဲသွားချေသည်။ သူ့ပုံစံက အေးဆေးတည်ငြိမ် နေသည်ဟု ထင်ရသော်လည်း ထိုအေးဆေးတည်ငြိမ်မှု အတွင်းမှ ထွက်ပေါ်လာနေသော ဖိအားတစ်ခုသည် လူတိုင်း၏ ကိုယ်ပေါ်သို့ လေးလံစွာ ဖိနှိပ်ကျဆင်းလာလေသည်။
သူသည် ညာခြေကိုမြှောက်ကာ စစ်မာရှင်းထံသို့ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်သည်။ ခြေပြန်ချလိုက်ချိန်တွင် ကြည်လင် ပြတ်သားနေသော တောင်တန်းအမှတ်အသား တစ်ခုက စုမင်မျက်နှာထက်၌ ထွက်ပေါ်လာခဲ့သည်။
ထိုအရာသည် တောင်ထွတ်ငါးခုပါသော မာန်အမှတ်အသား ဖြစ်သည့် ... နက်မှောင်တောင်ကြီးပင်။
ထိုအမှတ်အသား ပေါ်လာချိန်၌ စစ်မာရှင်းအထက်ရှိ ကောင်းကင်တွင် ပုံရိပ်ယောင်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် စုမင်မျက်နှာထက်ရှိ နက်မှောင်တောင် အမှတ်အသားနှင့် တစ်ထေရာတည်း တူညီသော ဧရာမ နက်မှောင်တောင်ကြီးက ကောင်းကင်တွင် ပေါ်လာချေသည်။
၎င်းပေါ်လာသည်နှင့် တစ်ပြိုင်နက် မယုံနိုင်လောက်အောင် သန်မာသော ဖိအားကြီးတစ်ခု ပျံ့နှံ့လာကာ ဘေးမှစောင့်ကြည့် နေသူတို့၏ အမူအရာများကို ပြောင်းလဲသွားစေသည်။
စစ်မာရှင်းက အေးစက်စက် လှောင်ရယ်လိုက်ပြီး ညာလက်ကိုမြှောက်ကာ လက်သီးကို ဆုပ်လိုက်သည်။ သူထိုသို့ လုပ်လိုက်သည်နှင့် နက်မှောင်တောင်အောက်၌ များစွာသော အေးခဲနေသည့်လေများ စုဝေးလာပြီး ၎င်းလေများသည် ဧရာမရေခဲလက်သီးကြီး အသွင်ပြောင်းကာ နက်မှောင်တောင်ထံသို့ တိုးဝင်သွားခဲ့သည်။
လေထဲတွင် မြည်ဟည်းသံများ ပဲ့တင်ထပ်သွားပြီး ရေခဲလက်သီးကြီးနှင့် နက်မှောင်တောင်တို့ တိုက်မိသွားကြသည်။ ထိုမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အားလှိုင်းကြီးသည် ကြီးမားသော လှိုင်းလုံးကြီးအသွင်ဖြင့် လေထဲသို့ ပျံ့နှံ့သွားခဲ့သည်။
လက်သီးချက် ကျရောက်သွားသည်နှင့် နက်မှောင်တောင်ကြီးပေါ်မှ ထိုရေခဲလက်သီးနှင့် ထိမိသော နေရာတွင် ရေခဲအလွှာတစ်ခု ရုတ်ခြည်း ဖြစ်ပေါ်လာသည်။ ထိုရေခဲအလွှာသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် တောင်တစ်ခုလုံးအား ဖုံးအုပ်သွားသဖြင့် နက်မှောင်တောင်သည် တောင်ထွတ်ငါးခု ရေခဲတောင်ကြီးအသွင် ပြောင်းလဲသွားတော့သည်။
ရေခဲတောင်ကြီးက ကောင်းကင်၌ လွင့်မျောနေသည်။ ၎င်းသည် မူလက ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ဤအချိန်တွင်တော့ စစ်မာရှင်း၏ ဖန်တီးမှုပညာရပ်မှ ဖြစ်ပေါ်လာသော ရေခဲလက်သီးကြီးကြောင့် ရုပ်ဖြစ်တည်မှုနှင့် ပုံရိပ်ယောင် အခြေအနေကြားတွင် ရှိနေပြီဖြစ်သည်။
“ရိုးရိုးရှင်းရှင်း လှည့်ကွက်လေးတစ်ခု။ မင်းက ... ဟန်တောင်တန်းမှာ တွေ့ခဲ့တဲ့ အချိန်တုန်းကလို အားနည်းနေတုန်းပဲ။ ငါ့မာန်အမှတ်အသားရဲ့ စွမ်းအားနဲ့ ငါ့မူလမာန်အကြောမျှင် ခုနစ်ရောင်ခြယ် တောင်ကိုတောင် သုံးစရာမလိုဘူး”
စစ်မာရှင်းက တည်ငြိမ်စွာပြောသည်။
သူ့အထဲတွင် စက်ဆုပ်ရွံရှာဟန်များ မပါဝင်ပေ။ သို့သော် သူတို့နှစ်ဦးသည် တူညီသောအဆင့်တွင် ရှိနေခြင်းမဟုတ်ပဲ သူက ပိုအစွမ်းထက်သဖြင့် စုမင်အား အထင်သေးသောပုံစံဖြင့် ပြောနေခြင်းဖြစ်သည်။
ထိုစကားပြောပြီးနောက် စစ်မာရှင်းသည် လက်ကိုနောက်ပစ်ကာ စုမင်အား အေးစက်စွာ ကြည့်လိုက်သည်။
“မင်းကို တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခုပေးမယ်။ မင်းက ငါ့ကိုစိတ်ပျက်စေမယ် ဆိုရင်တော့၊ ငါကလည်း မင်းလုံးဝ စိတ်ဓာတ်ကျသွားအောင် ပြန်လုပ်မယ်။ ဟန်တောင်တန်း ခေါင်းလောင်းကို ထုတ်လိုက်။ မင်းလက်ထဲမှာ အဲဒါက ဘယ်လောက် အစွမ်းထက်မလဲဆိုတာ ကြည့်ရသေးတာပေါ့”
စစ်မာရှင်းအသံက အေးစက်စွာ ထွက်ပေါ်လာသည်။
စုမင် ဘာမှပြန်မပြောခဲ့ပေ။ စစ်မာရှင်း၏ မာနထောင်လွှားမှုကို သူတွေ့ကြုံခဲ့ဖူးပြီး သူ့ပါးစပ်မှ ယခုလိုစကားလုံးများ ထွက်လာသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
တည်ငြိမ်နေရင်းဖြင့် စုမင်အမူအရာက ပိုမိုလေးနက်လာခဲ့သည်။ သူ့ဝတ်ရုံများအောက်တွင် စစ်မာရှင်း မမြင်နိုင်သော သု့မာန်အမှတ်အသား၏ အခြားအစိတ်အပိုင်းက သူ့ခန္ဓာကိုယ်ထက်၌ ယခုထွက်ပေါ်လာနေပြီ ဖြစ်သည်။ ထိုသို့ထွက်ပေါ်လာ ပြီးသည်နှင့် စုမင်သည် ကောင်းကင်ထက်သို့ ညာလက်ဖြင့် ဝှေ့ယမ်းလိုက်သည်။
အေးခဲနေသော နက်မှောင်တောင်အောက်ရှိ ကျယ်ပြန့်သော ဧရိယာသည် စတင်တွန့်လိမ်ပုံပျက် လာခဲ့သည်။ ထိုပုံပျက်မှုများသည် ချက်ချင်း ပျံ့နံ့သွားပြီး ခဏအတွင်းမှာပင် ပုံရိပ်ယောင် နက်မှောင်တောင်မျိုးနွယ်စုကြီးက ကမ္ဘာပေါ်တွင် ထွက်ပေါ်လာခဲ့သည်။
အပင်များ၊ အိမ်များနှင့် အရာအားလုံးသည် အသေးစိတ်ကျကျ တည်ရှိနေသည်မှာ အစစ်အမှန်ကဲ့သို့ပင်။ ၎င်းတို့သည် ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းထားခဲ့သည်။ သူတို့အားလုံးသည် ထိုမျိုးနွယ်စုကြီးအတွင်း စုပ်ယူခံလိုက်ရသည်ဟု ၎င်းအား မြင်လိုက်သူတိုင်း ခံစားလိုက်ကြရသည်။
စစ်မာရှင်း၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“ဒါက မင်းရဲ့ မာန်အမှတ်အသား အပြည့်အစုံပေါ့...”
နက်မှောင်တောင်မျိုးနွယ် ပေါ်လာချိန်တွင် ပတ်ဝန်းကျင် တစ်ခုလုံးရှိ ကြည့်နေသူအားလုံး၏ နှလုံးသားပေါ်သို့ ဝမ်းနည်းဖွယ် ခံစားချက်ကြီးတစ်ခုက လေးလံစွာ ကျဆင်းလာခဲ့သည်။
ထိုမာန်အမှတ်အသား ပေါ်လာမှုကြောင့် စစ်မာရှင်းသည်ပင် လေးလံသော ဖိအားများကို ခံစားလိုက်ရသည်။ ဤအရာကြီးသည် သူ့ဘဝတစ်လျှောက်လုံး မြင်ဖူးခဲ့သမျှထဲတွင် အရှုပ်ထွေးဆုံးမာန် အမှတ်အသားကြီးပင် ဖြစ်သည်။ ထိုမာန်အမှတ်အသားမှ ဖြစ်ပေါ်လာသော ပုံရိပ်ယောင် အမှတ်အသားကြီးထံမှ ဝေဝါးဝါး မှိန်ဖျော့အားနည်းသော ဝမ်းနည်းမှုတစ်ခုပင် ထွက်ပေါ်နေပြီး ထိုအရာက စစ်မာရှင်း၏နှလုံးသားကိုပင် သက်ရောက်နေခဲ့သည်။
‘ဒီမာန်အမှတ်အသားက ဘာလဲ။ ဘာလို့များ အဲဒီအထဲမှာ စိတ်ခံစားချက်တွေတောင် ရှိနေရတာလဲ’
စစ်မာရှင်း၏အမူအရာသည် အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။
***