အသေခံရန် သန္နိဋ္ဌာန်ချထားခြင်း
Vol. 115 Ch. 1723
“အဘိုး မြန်မြန် သဘောတူလိုက်ပါ၊ ဘာမှထပ်မတွေးနေနဲ့တော့”
လီချန်ကျစ်က အသည်းအသန် အော်ပြောလေသည်။
“ဒါ ကြီးပွားနိုင်မယ့် အခွင့်အရေးကြီးနော်၊ သူတော်စင် သော်ပေါင်ကို ကျွန်တော်တို့ မြင်ဖို့ဆိုတာ ရှားပါးတဲ့ ဂုဏ်ယူစရာပဲ၊ ကျွန်တော်တို့ ဘိုးဘေးတွေ မလုပ်နိုင်တဲ့ ကိစ္စမျိုး”
ထိုစကားကိုကြားသော် သူတော်စင်သော်ပေါင်၏ မျက်နှာတွင် ဘဝင်ခိုက်နေသော အမူအရာ ပေါ်လာသည်။
အင်မော်တယ် ဧကရာဇ်အဆင့်များကလည်း ပြီတီတီနှင့် ရယ်နေကြကာ အဘိုးအိုလီ သဘောတူလိမ့်မည်ဟု ယုံကြည်နေကြသည်။
ထိုအခိုက်တွင် ပတ်ဝန်းကျင် အခြေအနေက လုံးဝ တိတ်ဆိတ်နေ၏။ လူတိုင်းက အဘိုးအိုလီကို စိုးရိမ်တကြီး ကြည့်နေကြပြီး သူ့အဖြေကို စောင့်နေကြလေသည်။
“ဟားဟား”
သို့သော် အဘိုးအိုလီက ရယ်လိုက်ပြီး အထင်သေးစွာ ပြောလိုက်သည်။
“ဒီအဘိုးကြီး တစ်ခါ ဆုံးရှုံးခဲ့ရပြီးပြီ၊ ငါ နောက်တစ်ခါ အမှားလုပ်လိမ့်မယ်လို့ ထင်နေလား”
*ဟမ်*
ထိုစကားကိုကြားသော် သူတော်စင် သော်ပေါင် မျက်လုံးပွင့်လာပြီး သူ့မျက်လုံးထဲမှ သူတော်စင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး လူသတ်ချင်စိတ်တို့ ပြင်းပြလာသည်။
သူ ဒေါသထွက်နေသည်။ သူ ဒေါသတကြီး ဖြစ်နေ၏။
ဘာမဟုတ်သော ပုရွက်ဆိတ်တစ်ကောင်က ဘယ်လိုလုပ် သူ့ကို ဤသို့ ပြောရဲရသနည်း။ ဤသည်က သူ့ကို မလေးမစား လုပ်ခြင်းပင်။
သူတော်စင်အဆင့်တစ်ယောက်ကို ဤသို့ လှောင်ပြောင်၍ မရနိုင်ပါ။ ဤသည်က တစ်လောကလုံး စိတ်ထဲ စွဲမှတ်ထားသည့် သတိပေးချက် ဖြစ်သည်။ သို့သော် သူ့အရှေ့မှ ပုရွက်ဆိတ်ကောင်က သူ့အပေါ် နည်းနည်းလေးမှ လေးစားစိတ် မရှိချေ။
အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံးလည်း တွေဝေသွားပြီး မျက်လုံးတွင် ကြောက်လန့်ဟန်များ ပေါ်လာသည်။
အဘိုးအိုလီက သူတော်စင် သော်ပေါင်၏ ခြေသလုံးကို ဖက်နိုင်မည့် အခွင့်အရေးကို ငြင်းပယ်လိမ့်မည်ဟု သူတို့ မယုံနိုင် ဖြစ်နေပုံရသည်။
*မိုးပေါ်ကနေ ကိတ်မုန့်ကျလာသလိုမျိုး ဖြစ်နေတဲ့ ဒီလိုအခွင့်အရေးကြီးကို သူက မလိုချင်ဘူးလား*
“ကျွိ ကျွိ”
လီချန်ကျစ် အံကြိတ်နေပြီး ပါးစပ်ထဲမှ ထိတ်လန့်ဖွယ် အသံများ ဆက်တိုက် ထွက်နေကာ အချိန်မရွေး မီးပွင့်တော့မယောင် ဖြစ်နေ၏။
“သူ့ကိုသတ်”
သူတော်စင် သော်ပေါင် ဒေါသတကြီး အော်ဟစ်၍ အဘိုးအိုလီအား လက်ညှိုးထိုးလိုက်သည်။
“ရွှစ်”
ချက်ချင်းဆိုသလိုပင် လူသုံးယောက်က အဘိုးအိုလီထံသို့ ပြိုင်တူ ပြေးဝင်သွားပြီး အမြန်နှုန်းက လျပ်စီးသဖွယ် မြန်ဆန်လွန်းလှသည်။
“အားလုံးပဲ မိသားစုခေါင်းဆောင်လေးကို ငါ မှားသွားခဲ့တယ်လို့ ပြောပေးပါ၊ ဒီနေ့ ငါ လိုလိုလားလား အသေခံခဲ့တဲ့အတွက် ငါ့မိသားစုကို သူ့ဆီမှာ ပြန်ခစားခွင့် တောင်းဆိုပါတယ်လို့ ပြောပေးပါ”
ထိုသို့ပြောပြီးသည်နှင့် အဘိုးအိုလီသည် ကောင်းကင်မှ ဆင်းလာသော အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်အား ပြင်းပြင်းထန်ထန် တိုက်ခိုက်လေသည်။
သူသည် သူ့အသက်နှင့် လီမိသားစု၏ ထာဝရ တည်တံ့နိုင်ရေးကို လဲလှယ်ချင်နေသည်။
ယဲ့ဖန်က ကောင်းကင်ဘုံ ကိုးလွှာကို ကိုင်လှုပ်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ ယုံကြည်ထားသည်။
ဤသည်ကိုမြင်သော် အားလုံး စိတ်ဓာတ်ကျသွားလေသည်။ တစ်ဖက်တွင် ဦးဆောင်နေသော သူတော်စင်အဆင့် တစ်ယောက် ရှိသည်။ အဘိုးအိုလီ တိုက်ခိုက်လျင်တောင်မှ ထွက်လာမည့် ရလဒ်ကို ပြောင်းလဲနိုင်စွမ်း ရှိမည် မဟုတ်ပါ။
သူတို့ သေရပေလိမ့်မည်။
“ဘာမဟုတ်တဲ့ ပုရွက်ဆိတ်ကောင်က ကောင်းကင်ဘုံကို ဆန့်ကျင်ရဲသလား”
အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်က ပျက်ရယ်ပြု၍ တိုက်ခိုက်လာသည်။
ရုတ်ချည်းဆိုသလိုပင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားလာသည်။ ထို့နောက် မီးပွားများ ပွင့်လာပြီး သွေးများ လွင့်စဉ်လာ၏။
အဘိုးအိုလီသည် သုံးယောက်နှင့် တစ်ယောက် တိုက်ခိုက်နေရသော်လည်း အလွန် ရဲရင့်သည်။ သူ့ခန္ဓာကိုယ်က သွေးများ ရွှဲနစ်နေပြီးသား ဖြစ်သော်လည်း လဲကျသွားခြင်း မရှိသေးပေ။
အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် သူသည် သေခြင်းတရားဖြင့် သူ၏ ရည်ရွယ်ချက်ကို ပြသရန် ကြံစည်ထားပြီး ဖြစ်ပြီး အတူတူ သေရန် ပြင်ထားသဖြင့် အဝေးသို့ ဆုတ်ခွာနေသည်။
အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်ကလည်း သူ့အကြံကို ရိပ်မိသည်။ ထို့ကြောင့် သူတို့ ဘယ်လိုလုပ် ဤအရူး အဘိုးကြီးနှင့် တကယ် တိုက်ခိုက်ရဲပါမည်နည်း။
ရောင်စုံ အရိပ်တစ်ခု ပေါ်လာပြီး တောက်ပစွာ လင်းလက်နေပုံက အင်မော်တယ် မီးတောက် တောက်နေသည်ဟု ထင်ရပြီး သန်မာလှသော အရှိန်အဝါက ထိတ်လန့်စရာ ကောင်းလှလေသည်။ ထို့နောက် ယင်းက အဘိုးအိုလီထံ တိုးဝင်လာသည်။
ဤမြင်ကွင်းက ထိတ်လန့်စရာ ကောင်းလွန်းလှပြီး အင်မော်တယ် ဧကရာဇ်အဆင့်များကြားမှ တိုက်ပွဲက လောကကို ဖျက်ဆီးနိုင်သဖြင့် လူတိုင်း အသက်ရှူမဝသလို မွန်းကျပ်လာကြသည်။
အဘိုးအိုလီ၏ မျက်လုံးများက ခက်ထန်နေပြီး လူသတ်လိုသည့် အငွေ့အသက်ကလည်း ပြင်းပြနေသည်။ အရှုံးပေးမည့်အစား သူသည် စတင်တိုက်ခိုက်၍ လက်သီးဖြင့် ထိုးနှက်လေသည်။
ရုတ်တရက် လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ယင်းက လက်သီးချက်နှင့် အပြင်းအထန် ဝင်တိုက်မိသည်။
နှစ်ဖက်လုံး ရှေ့တိုးလိုက် နောက်ဆုတ်လိုက် ဖြစ်နေကြပြီး လူသတ်လိုသည့် အရှိန်အဝါကလည်း တစ်ဟုန်ထိုး မြင့်တက်လျက် ရှိသည်။
ပျက်စီးစေနိုင်သော တိုက်စစ်မျိုးစုံသည် ဆက်လက် ထွက်ပေါ်လျက် ရှိသ်ည။
“တစ်ယောက်တည်းနဲ့ ရန်သူ သုံးယောက်ကို ရင်ဆိုင်နိုင်တာ တကယ် ထူးခြားတာပဲ၊ ဒါပေမဲ့ ငါ့အတွက် သုံးလို့မရတော့တာတော့ နှမြောစရာပါလား”
သူတော်စင် သော်ပေါင်က သက်ပြင်းချလိုက်ပြီး သူ့ဘေးမှ အင်မော်တယ် ဧကရာဇ်အဆင့်များကို ပြောလိုက်သည်။
“ဒီတိုက်ပွဲက မီးစာထပ်ပေးရမယ်ထင်တယ်၊ မင်းတို့ ဘယ်လိုထင်လဲ”
အင်မော်တယ် ဧကရာဇ်အဆင့်များက သရော်ပြုံး ပြုံးလာကြသည်။ ထို့နောက် အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက် ထပ်မံ၍ ဆင်းသွားပြန်သည်။
ဤမြင်ကွင်းကြောင့် အောက်ဘက်မှလူများအားလုံး ဒေါသထွက်သွားလေသည်။
တစ်ဖက်လူသည် အရှက်သိက္ခာ ကင်းမဲ့လွန်းလှသည်။ သုံးယောက်နှင့် တစ်ယောက် တိုက်ခိုက်နေရသည်ကိုကပင် အတော်လေး အရှက်မဲ့နေလှပြီ ဖြစ်ပြီး ယခု နောက်ထပ် ငါးယောက် ထပ်ရောက်လာပြန်သည်။ ဤသည်က အားနည်းသူကို အနိုင်ကျင့်ခြင်းသာ။
“အဘိုး”
ဤသည်ကိုမြင်သော် လီစစ်ယွီ မျက်ရည်ဖြိုင်ဖြိုင်ကျဆင်းလာပြီး သူမအဘိုး၏ ဆိုးရွားသော အခြေအနေကို ကြိုမြင်နေသည့်ပုံပင်။
ဤသည်ကိုမြင်သော် အဘိုးအိုလီသည်လည်း မျက်နှာ သုန်မှုန်သွားပြီးနောက် သူ့ခန္ဓာကိုယ်မှ ရုတ်တရက် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး တစ်ဟုန်ထိုး ထွက်ပေါ်လာသည့် ယန်စွမ်းအင်က လေထဲသို့ ပျံ့လွင့်လာသည်။
နေနှင့်လတို့ကိုပင် လွှမ်းမိုးနိုင်သည့် ထည်ဝါသော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လက်ရှိတွင် သူ၏ ယန်စွမ်းအင်က တိုးပွားလျက် ရှိပြီး မိုးမြေအား ထီမထင်ပုံ ပေါ်နေသည်။
“မဖြစ်ရဘူး”
ဤအဖြစ်ကြောင့် လီစစ်ယွီ ပို၍ ကျယ်လောင်စွာ ငိုကြွေးလေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်က အသက်စွမ်းအင်ကို လောင်ကျွမ်းစေလိုက်ခြင်း ဖြစ်ကြောင်း သူမ သိနေသောကြောင့်ပင်။
ကောင်းကင်ဘုံကိုးလွှာမှ အင်မော်တယ် ဧကရာဇ်အဆင့်များလည်း မျက်နှာပျက်သွားကြပြီး အမူအရာများက လေးနက်ကာ ကြောက်ရွံ့ဟန် ပေါ်လာသည်။
*ရူးနေပြီ*
*ဒီအဘိုးကြီး ရူးနေပြီ*
“မင်းက ငါ့ဆီမှာ အညံ့ခံမယ့်အစား အသေခံမယ်ပေါ့လေ”
သူတော်စင် သော်ပေါင် မျက်မှောင်ကြုတ်နေ၏။
“အိုးရန်မျိုးနွယ်ဆီမှာပဲ ငါ ခစားမယ်၊ ငါက လူသားတစ်ယောက်ကွ၊ ငါ မင်းဆီမှာ အညံ့ခံလိုက်ရင် ငါ ခွေးတစ်ကောင်ပဲ ဖြစ်လိမ့်မယ်၊ မင်း ဘယ်လိုထင်လဲ”
အဘိုးအိုလီက သရော်လိုက်သည်။ သူတော်စင် သော်ပေါင်၏ မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
“ဒီလိုဆိုမှတော့ မင်း သေလို့ရပြီ”
“ဝုန်း”
အင်မော်တယ် ဧကရာဇ်အဆင့် ရှစ်ယောက်က ရုတ်တရက် အဘိုးအိုလီအား ကြောက်လန့်ဖွယ် ကောင်းလောက်အောင် တိုက်ခိုက်လေသည်။
အဘိုးအိုလီ၏ မျက်လုံးများက ခက်ထန်နေပြီး အရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည်။ လက်ရှိတွင် သူသည် မိုးမြေနှင့် တစ်သားတည်း ဖြစ်နေ၏။
ယခုအခါတွင် သူ့အသက်စွမ်းအင်က လျင်မြန်စွာ လောင်ကျွမ်းလျက် ရှိပြီး အဆုံးသတ်သကလည်း တဖြည်းဖြည်း နီးလာသည်။ ထို့ကြောင့် ဖြစ်ပေါ်လာမည့် အလားအလာက အလွန် ကြောက်စရာကောင်းပြီး ရှေးခေတ် နဂါးတစ်ကောင် အားမာန်အပြည့်နှင့် အသက်ပြန်ဝင်လာသကဲ့သို့ ဖြစ်နေလေသည်။
ထို့နောက်တွင်မူ ကြောက်မက်ဖွယ် တိုက်ပွဲတစ်ခု ဖြစ်ပွားလာသည်။ အဘိုးအိုလီသည် သူ၏ခွန်အားကို အပြည့်အဝ ထုတ်သုံး၍ အင်မော်တယ် ဧကရာဇ်အဆင့် ရှစ်ယောက်နှင့် တိုက်ခိုက်နေသည်။
သူ့ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် ပန်းထွက်နေ၏။ အသားစများနှင့် သွေးစများ စုတ်ပြဲလန်နေ၏။
သို့သော် သူသည် နည်းနည်းလေးမှ တွန့်သွားခြင်း မရှိဘဲ ပိုပို၍ ကြမ်းကြုတ်လာကာ လက်သီး တစ်လုံးပြီး တစ်လုံး ပစ်သွင်းသည်။
လက်ချောင်းများ ကြေမွကုန်သည်။ လက်ကောက်ဝတ် ကျိုးသွား၏။ တံတောင်ဆစ် ကျိုးပေါက်သွားသည်။
သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများက ပိုပို၍ ပြင်းထန်လာသော်လည်း သူ၏ တိုက်ခိုက်မှုကလည်း ပို၍ ကြမ်းတမ်း လာသည်။
အားလုံး သတိလက်လွတ် ဖြစ်နေသည်။ လူတိုင်း မှင်တက်နေ၏။
သူတော်စင် သော်ပေါင်နှင့် အခြားသူများ ကြက်သေ သေနေကြသည်။ အောက်ကမ္ဘာမှ လူသားတစ်ယောက်က ဤမျှ ရဲရင့်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိပါ။ လူတစ်ယောက်တည်းက ရှစ်ယောက်ကို ခုခံတိုက်ခိုက် နေပါတကား။
ဤသည်က ကောင်းကင်ဘုံကိုးလွှာကို မျက်နှာပျက်ရစေသည်။
နှစ်ပေါင်းများစွာကြာအောင် ဤအောက်ကမ္ဘာမှ သက်ရှိများကို ပုရွက်ဆိတ်များနှင့် အမှုန်အမွှားများဟုသာ သူတို့ သဘောထားခဲ့ကြသည်။ သို့ရာတွင် ယခု အောက်ကမ္ဘာမှ လူတစ်ယောက်က တစ်ယောက်တည်းဖြင့် သူတို့ဘက်က ရှစ်ယောက်ကို ခုခံတားဆီးနေ၏။ ဤသည်က သူတို့ကို မျက်နှာဖြတ်ရိုက်လိုက်သလိုပင်။
ထိုစဉ် ထူးဆန်းသော အသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်ယံ၌ မျက်စိကျိန်းလောက်သည့် သူတော်စင် အလင်းတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော ဖိအားတစ်ခု ပျံ့နှံ့လာကာ မသိလျင် တူဖြင့် ထုချလိုက်သည်ဟု ထင်မှတ်မှားရသည်။
ထိုစဉ် အင်မော်တယ် ဧကရာဇ်တစ်ယောက်၏ ဦးခေါင်းကို အဘိုးအိုလီက ထိုးနှက်လာသည်။ ထိုအခါ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအင်မော်တယ် ဧကရာဇ်၏ ဦးခေါင်းက ဝမ်းဗိုက်ထဲအထိ ကျွံဝင်သွားသည်။
အခြေအနေက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လူတိုင်း မှင်တက်သွားသည်။
အဘိုးအိုလီက ဤသို့ ကြံရာမရသော အခြေအနေ၌ သူတို့ထဲမှ တစ်ယောက်ကို သတ်နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
*သေစမ်း*
ကျန်အင်မော်တယ် ဧကရာဇ် ခုနစ်ယောက်လုံး ရုတ်တရက် မျက်နှာ မည်းမှောင်လာသည်။ ထိုအခိုက်တွင် သူတို့ ကျောချမ်းသော ခံစားချက်မျိုး ရလာ၏။
သူတို့အရှေ့မှ အဘိုးအိုက သူတို့ကို သေမတတ် ကြောက်ရွံ့လာစေသည်။
“အမှိုက်ကောင်၊ အသုံးမကျတဲ့ အမှိုက်ကောင်တွေ”
သူတော်စင် သော်ပေါင်က ဒေါသတကြီး အော်ဟစ်လေသည်။ ရှစ်ယောက်နှင့် တစ်ယောက် တိုက်နေသော်လည်း သူတို့ဘက်က တစ်ယောက်ကို ပြန်သတ်သွားခဲ့သည်။ ဤသည်မှာ အရှက်ရစရာ ဖြစ်ပြီး သူတို့ မျက်နှာပျက် ရသည်။
ဤသတင်းသာ ကောင်းကင်ဘုံ ကိုးလွှာသို့ ပြန်ပျံ့သွားပါက သူတို့ လူရယ်စရာ ဖြစ်ပေတော့မည်။
“သွားကြ၊ မင်းတို့အားလုံး သွားကြ”
သူတော်စင် သော်ပေါင်က သူ့ဘေးမှ အင်မော်တယ် ဧကရာဇ်အဆင့်များအားလုံးကို အော်ဟစ်လိုက်သည်။ ထိုအင်မော်တယ် ဧကရာဇ်များသည်လည်း ချက်ချင်း မျက်နှာထား လေးနက်လာပြီး အဘိုးအိုလီအား အပြင်းအထန် တိုက်ခိုက်ရန် ပြင်လေသည်။
ထိုစဉ် ထူးခြားမှုတစ်ခု ဖြစ်ပေါ်လာ၏။
“အဘိုး”
ရုတ်တရက် အောက်ဘက်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။
အဘိုးအိုလီ တအံ့တဩ လှမ်းကြည့်လိုက်သောအခါ လီစစ်ယွီက မျက်ရည်လည်ရွဲဖြင့် ရပ်နေပြီး သူမ လည်ပင်းအား ဓားတစ်လက်က ထောက်ထားသည်ကို တွေ့လိုက်ရသည်။
ထို့အပြင် ထိုဓားကို ကိုင်ထားသူက လီချန်ကျစ်ပင်။
“လီချန်ကျစ် မင်း ဘာလုပ်ချင်နေတာလဲ”
အဘိုးအိုလီ၏ မျက်လုံးများ ပြူးကျယ်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“လီချန်ကျစ် မြန်မြန် ရပ်လိုက်စမ်း၊ အဲ့ဒါ မင်းညီမလေ၊ မင်း ဘယ်လိုလုပ် သူ့ကို ဒီလို ဆက်ဆံရတာလဲ”
“လီချန်ကျစ် မင်း ရူးနေလား”
လီမိသားစုဝင်များကလည်း ဒေါသတကြီး အော်ဟစ်တော့သည်။ လီချန်ကျစ်ကမူ သရော်ပြုံး ပြုံးနေ၏။
“ကျုပ် မသေချင်ဘူး၊ ခင်ဗျားက သေချင်နေပင်မယ့် ကျုပ်တော့ မသေချင်ဘူး”
“အခုချက်ချင်း အညံ့ခံလိုက်၊ မဟုတ်လို့ကတော့ ကျုပ် ခင်ဗျားရဲ့ အဖိုးတန် မြေးမလေးကို ယမမင်းဆီ အလည် ပို့ပစ်လိုက်မယ်”
*ဟာ*
ထိုသို့သောအချိန်၌ လူတိုင်း အံ့ဩကာ ထိတ်လန့်သွားလေသည်။
“ခွေးတိရစ္ဆာန်ကောင်၊ သေသင့်တဲ့ မိစ္ဆာကောင်၊ အိုးရန်မျိုးနွယ်ထဲမှာ ရှိနေကတည်းက ငါ မင်းကို သတ်ခဲ့လိုက် သင့်တာ”
အဘိုးအိုလီ၏ မျက်လုံးများ ပြူးကျယ်နေသည်။ လီချန်ကျစ်တွင် ဤသို့သော ဝံပုလွေစိတ်မျိုး ရှိလိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိပါ။
သူ အသက်ရှင်ရန်အတွက်နှင့် သူ့ညီမကိုပင် တိုက်ခိုက်ရန် ဝန်မလေးချေ။
“ဪ … ခင်ဗျား အဲ့လို လုပ်ခဲ့သင့်တာ၊ ဒါပေမဲ့ အခုကတော့ နောင်တရဖို့ နောက်ကျလွန်းသွားပြီ”
လီချန်ကျစ်က ထီမထင်ဟန်ဖြင့် ပြောလိုက်သည်။ သူ့စိတ်ထဲတွင် အဘိုးအိုလီက သေချာပေါက် ကံဆိုးမည်ဟု တွေးထားသည်။ သို့သော် အဘိုးအိုလီနှင့်အတူ သူ လိုက်မသေလိုပါ။
ထို့နောက် လီချန်ကျစ်၏ မျက်နှာက ခက်ထန်လာပြီး ဒေါသတကြီး အော်ငေါက်လိုက်သည်။
“အရေးမပါတာတွေ ပြောမနေနဲ့၊ မြန်မြန်လုပ် မဟုတ်လို့ကတော့ ကျုပ် သူ့ကို ခင်ဗျားနဲ့အတူ အသေခံ ခိုင်းလိုက်မယ်”
“ဪ … လီမိသားစုထဲမှာ ဉာဏ်ကောင်းတဲ့လူတွေ ရှိသေးတယ်နဲ့ တူတယ်”
သူတော်စင် သော်ပေါင်၏ မျက်နှာက မချိုမချဉ် ဖြစ်လာပြီး မျက်စိရှေ့မှ မြင်ကွင်းကို အလွန် စိတ်ဝင်စားနေသည်။
ထိုစကားကိုကြားသော် လီချန်ကျစ် ချက်ချင်း ပျော်မြူးသွားပြီး သူတော်စင် သော်ပေါင်အား ပြန်အော်ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကျွန်တော့်ကို သူတော်စင်ဆီမှာ သစ္စာခံနိုင်မယ့် အခွင့်အရေး ပေးပါ၊ ကျွန်တော် ထာဝရ ကျွဲလိုမြင်းလို အလုပ်အကျွေး ပြုပါ့မယ်”
လူတိုင်း အံ့ဩကုန်သည်။ လီချန်ကျစ်က သူတို့ကို လုံးဝ သစ္စာဖောက်သွားပါတကား။
သူတော်စင် သော်ပေါင်က ရယ်မော၍ လီချန်ကျစ်အား လက်ညှိုးထိုး၍ ပြောလေသည်။
“မင်းမှာ ခွေးတစ်ကောင် ဖြစ်ဖို့ အလားအလာ ရှိတယ်”
“ဟုတ်ကဲ့ ဟုတ်ပါတယ်၊ ကျွန်တော်က ခွေးပါ၊ ကျွန်တော်က သစ္စာရှိတဲ့ ခွေးပါ၊ ခင်ဗျား ကိုက်စေချင်တဲ့ ဘယ်သူ့ကိုမဆို ကျွန်တော် ကိုက်ပါ့မယ်၊ ခင်ဗျား ကျွန်တော့်ကို ချီးစားဆိုရင်လည်း စားပါ့မယ်”
လီချန်ကျစ်က မျက်နှာလုပ်သော အမူအရာဖြင့် ကပ်ဖားယပ်ဖား ပြောလေသည်။
လူတိုင်း သူ့ကို အထင်သေးသော အကြည့်များဖြင့် ကြည့်လာ၏။
*အရှက်ကိုမရှိဘူး*
*အရှက်မဲ့လိုက်တာ*
သူတော်စင် သော်ပေါင်က အဘိုးအိုလီက ပြုံးစစနှင့် ကြည့်လိုက်သည်။
“မင်းက ငါ့အတွက် ခွေးမဖြစ်ချင်ပင်မယ့် မင်းမြေးကတော့ ပျော်ပျော်ကြီး လုပ်ချင်နေတယ်၊ ဒါ ရွဲ့တယ်လို့ မထင်ဘူးလား”
အဘိုးအိုလီက အံကြိတ်ထားပြီး ဘာမှမပြောချေ။ အဆုံးသတ်က အာမခံ၍ မရနိုင်ပေ။
အဘိုးအိုလီသည် ဤသို့ အဆုံးသတ်ရလိမ့်မည်ဟု ထင်မထားမိပေ။ သူ့မြေးအရင်းက သူ့ကို မမျှမတ ပြုလုပ် လာပါတကား။
“အဘိုး သမီးကို စိတ်မပူနဲ့၊ သေရမယ်ဆိုရင်တောင်မှ သမီးတို့ သူတို့ကိုပါ အတူ မြေမြုပ်ပစ်ရမယ်၊ သမီးတို့ လီမိသားစု အရှက်ကွဲခံလို့ မဖြစ်ဘူး”
လီစစ်ယွီက ပြန်အော်ပြောသည်။
သူမတို့ လီမိသားစုက ကြောက်ရွံ့တတ်သူများ မဟုတ်ကြောင်း ထိုလူကို သူမ သိစေချင်၏။