မာန်အမှတ်အသားများ၏ တိုက်ပွဲ
Vol. 17 Ch. 236
စစ်မာရှင်း တုန်လှုပ်သွားခဲ့သည်။ စုမင်၏ အမှတ်အသားထံမှ သန်မာသော ခြိမ်းခြောက်နိုင်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ ထိုခြိမ်းခြောက်မှုသည် သူ စုမင်နှင့် ဟန်တောင်တန်းတွင် ပထမဆုံး တွေ့ဆုံခဲ့ချိန်ကထက် ပိုမိုသာလွန် နေခဲ့လေသည်။
သို့သော် ထိုအရာသည် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ခံစားမှုတစ်ခု သက်သက်သာ ဖြစ်သည်။ စစ်မာရှင်းမျက်နှာပေါ်မှ လေးနက်သော အမူအရာအပြင်၊ ပုံစံကွက်တစ်ခုက သူ့အရေပြားပေါ်တွင် ခပ်မှိန်မှိန် ပေါ်လာခဲ့သည်။ ထိုပုံစံသည် ပန်းတစ်ပွင့်နှင့်တူပြီး ၎င်းသည် အခြားပန်းပွင့်များ အားလုံးထက် သာလွန်နေသော အရှိန်အဝါနှင့် ပွင့်လန်းနေခဲ့သည်။
သို့သော် တစ်စုံတစ်ယောက်သည်သာ အနီးကပ် ကြည့်မည်ဆိုလျှင် ထိုပွင့်လန်းနေသော ပန်းပွင့်သည် ရေခဲပန်းပွင့်တစ်ခု ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်ရပေလိမ့်မည်။ ၎င်း၏ပတ်လည်တွင် ခပ်ပါးပါး ဆီးနှင်းအလွှာတစ်ခု ရှိနေသဖြင့် စစ်မာရှင်း၏မျက်နှာအား ရေခဲအလွှာတစ်ခုဖြင့် ဖုံးအုပ်ခံထားရသောပုံမျိုး ဖြစ်ပေါ်နေစေသည်။
“မင်းက ငါ့မာန်အမှတ်အသားကို ထုတ်သုံးအောင် ဖိအားပေးနိုင်တဲ့ လူအနည်းစုထဲက တစ်ယောက်ပဲ။ ဒီနေ့တော့ ငါ့မာန်အမှတ်အသားရဲ့ စွမ်းအားကို မင်းတွေ့ရမှာပေါ့”
စစ်မာရှင်းက ဖြည်းညင်းစွာ ပြောသည်။ သူ့အသံသည် လူများ၏နားထဲသို့ ရောက်သွားချိန်တွင် စကားလုံးများသည် ရေခဲအလွှာတစ်ခု အသွင်ပြောင်းလျက် သူတို့ခန္ဓာကိုယ်များကို ဖုံးအုပ်သွားခဲ့သည်။
စကားပြောပြီးချိန်တွင် စစ်မာရှင်း ပတ်ဝန်းကျင်၌ ရေခဲနှင့်ဆီးနှင်းများ စုဝေးလာပြီး ဧရာမရေခဲပန်းပွင့်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ နေရာင်ခြည်က ဆီးနှင်းပန်းပွင့်ကို ရောင်ပြန်ဟပ်ကာ တောက်ပနေသဖြင့် ခုနစ်ရောင်ခြည် အလင်းတစ်ခု တောက်ပနေခဲ့ပြီး စစ်မာရှင်းအား ထိုအလင်းများက ဝန်းရံထားခဲ့သည်။ ထိုရေခဲပန်းပွင့်ကြီးသည် စုမင်၏ မာန်အမှတ်အသားမှ ဖြစ်ပေါ်လာသော နက်မှောင်တောင် မျိုးနွယ်စုကြီးနှင့် တိုက်မိသွားလေသည်။
ပေါက်ကွဲသံများ ထွက်ပေါ်မလာပဲ မြည်ဟည်းသံများသာ ထွက်ပေါ်လာခဲ့သည်။ စစ်မာရှင်း၏ အမှတ်အသား ထွက်ပေါ်လာချိန်တွင် ၎င်း၏ အရှိန်အဝါသည်လည်း လိုက်ပါထွက်ပေါ် လာခဲ့သည်။ မကြာခင်မှာပင် မြည်ဟည်းသံများ အောက်တွင် စုမင် ဖန်တီးထားခဲ့သော ပုံရိပ်ယောင် နက်မှောင်တောင် မျိုးနွယ်စုကြီးသည် ယခင်က နက်မှောင်တောင်ကြီးလိုပင် ရေခဲအလွှာတစ်ခုဖြင့် ဖုံးအုပ်ခံလိုက်ရတော့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် နက်မှောင်တောင် မျိုးနွယ်စုအတွင်းမှ အိမ်များ၊ အပင်များအားလုံးသည် ရေခဲရုပ်ကြွင်းများကဲ့သို့ ဖြစ်သွားခဲ့ကြသည်။
“မင်းရဲ့ မာန်အမှတ်အသား တစ်ခုလုံးကို အသက်သွင်း ခဲ့တာတောင်၊ မင်းက ... အားနည်းနေတုန်းပဲ”
ထိုသို့ပြောပြီးသည်နှင့် စစ်မာရှင်းနောက်မှ ဧရာမရေခဲ ပန်းပွင့်ကြီးသည် ခုနစ်ရောင်ခြယ် အလင်းများ တောက်ပစွာဖြင့် လေထဲသို့ တဖြည်းဖြည်းချင်း မြင့်တက်လာခဲ့သည်။ ဧရာမပန်းပွင့်ကြီးသည် ခုနစ်ရောင်ခြယ် အလင်း၏ အလယ်ဗဟိုဖြစ်ပြီး ၎င်းက စုမင်ထံ တိုးဝင်သွားခဲ့သည်။
ပွင့်ဖတ်လွှာများသည် စုမင်အား မျိုချလိုဟန်ဖြင့် ဧရာမ ပါးစပ်ကြီးသဖွယ် ပွင့်ဟနေခဲ့သည်။
စုမင်နှင့် စစ်မာရှင်းကြားမှ တိုက်ပွဲသည် ဖြည်းညင်းစွာ ဖြစ်ပွားခဲ့သည်ဟု ထင်ရသော်လည်း ထိုအရာများအားလုံးသည် အချိန်အနည်းငယ် အတွင်းသာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ သူတို့နှစ်ဦးသည် ပေရာပေါင်းများစွာ ကွာဝေးသော်လည်း ဤကဲ့သို့ မာန်အမှတ်အသားများ ကြားရှိ တိုက်ပွဲမျိုးသည် မယုံနိုင်လောက်အောင် အန္တရာယ်များပေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် အနည်းငယ် အားနည်းနေမည်ဆိုလျှင် ထိုလူသည် ချက်ချင်းပင် အပြင်းအထန် ဒဏ်ရာ ရသွားပေလိမ့်မည်။
ဤကဲ့သို့ မာန်အမှတ်အသားများကြားမှ တိုက်ပွဲမျိုးသည် မာန်စွမ်းအားရှင် မျိုးနွယ်စုမှ မာန်စွမ်းအားရှင်များ ရုပ်နယ်လွန်အဆင့်သို့ ရောက်သွားပြီးမှသာ ထုတ်ဖော် အသုံးပြုနိုင်သော နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်သည်။
စစ်မာရှင်း၏ မာန်အမှတ်အသားမှ ဖြစ်ပေါ်လာသော ရေခဲပန်းပွင့်ကြီး သူ့ထံသို့ လျင်မြန်စွာ တိုးဝင်လာနေသော်လည်း စုမင်အမူအရာက ပြောင်းလဲခြင်း မရှိသေးပေ။ သူသည် နေရာတွင်သာ တည်ငြိမ်စွာ ရပ်နေခဲ့သည်။ သူသည် စစ်မာရှင်းကိုပင် ကြည့်မနေပဲ သူ၏ အေးခဲနေသော နက်မှောင်တောင်နှင့် မျိုးနွယ်စုကိုသာ ငေးကြည့်နေခဲ့သည်။
“ငါ့အမှတ်အသားက ... အခုထိ မပြည့်စုံသေးဘူး”
စုမင် ဖြည်းညင်းစွာ ပြောလိုက်သည်။
ဤအရာသည် သူစစ်မာရှင်းနှင့် စတင်တိုက်ခိုက်ခဲ့ ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် စကားစပြောလာခြင်း ဖြစ်သည်။ ပြောပြီးသည်နှင့် တစ်ပြိုင်နက် သတ်ဖြတ်လိုသည့် အသိလှိုင်းတစ်ခုသည် သူ့ကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ ခဏချင်းမှာပင်၊ သူ့ညာမျက်လုံး ထဲတွင်လည်း သွေးနီရောင်အရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုသွေးနီရောင် အရိပ်သည် သွေးလွှမ်းလပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်မှ ပုံရိပ်ယောင် နက်မှောင်တောင်နှင့် မျိုးနွယ်စုကြီးတွင်လည်း သွေးလွှမ်းလတစ်ခု ထပ်တိုးပါဝင်လာခဲ့သည်။ ၎င်းပေါ်လာချိန်တွင် နက်မှောင်တောင်နှင့် နက်မှောင်တောင် မျိုးနွယ်စုမှ ထွက်ပေါ်နေသော ဝမ်းနည်းဖွယ် ခံစားချက်သည်လည်း ချက်ချင်း ပြောင်းလဲသွားသည်။
မည်သည့် ဝမ်းနည်းမှု ခံစားချက်မျိုးမှ ထပ်မံထွက်ပေါ်လာခြင်း မရှိတော့ပဲ ထိတ်လန့်တုန်လှုပ်ဖွယ် သတ်ဖြတ်လိုသည့် အသိတစ်ခုသာ ထွက်ပေါ်လာလေသည်။ ၎င်းသည် နက်မှောင်တောင်ပေါ်ရှိ ရေခဲအလွှာ တစ်ခုလုံးပေါ်သို့ ကျရောက်သွားပြီး ထိုနေရာတွင် သွေးနီရောင်အရိပ်တစ်ခု ဖြစ်ပေါ်လာစေသည်။ မျိုးနွယ်စုအတွင်းရှိ အိမ်များပေါ်မှ ရေခဲများသည်လည်း သွေးနီရောင်အလင်းဖြင့် ထွန်းလင်းတောက်ပ နေလေသည်။
ကမ္ဘာလောကကြီး တစ်ခုလုံးသည် သွေးနီရောင်များဖြင့် စွန်းထင်းသွားသလိုပင်...
သွေးလွှမ်းလနှင့် နက်မှောင်တောင်ရုပ်ပုံ...
မိုးခြိမ်းသံများသဖွယ် ဆူညံသံများက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ နက်မှောင်တောင် အထက်မှ ရေခဲအလွှာသည်လည်း ပေါက်ကွဲသံ တစ်ချက်နှင့်အတူ အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးသွားသည်။ မျိုးနွယ်စုအတွင်းရှိ အိမ်များပေါ်မှ ရေခဲများသည်လည်း အက်ကွဲသွားကာ ရေခဲစများအဖြစ် ပြောင်းလျက် နောက်သို့ လွင့်ထွက်သွားခဲ့ကြသည်။
သွေးလွှမ်းလ၏ တောက်ပသော အလင်းရောင်အောက်တွင် စုမင်ထံ တိုးဝင်လာနေသော ရေခဲပန်းပွင့်ကြီးသည်ပင် သွေးနီရောင် ပန်းပွင့်ကြီးတစ်ခု ပြောင်းလဲသွားသည်။ ၎င်းသည် စုမင်အနီးသို့ ရောက်မလာခင်မှာပင် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားတော့သည်။
“ဒါကမှ ... ငါ့ရဲ့ မာန်အမှတ်အသား အပြည့်အစုံပဲ”
စုမင် ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ကာ ညာလက်ကိုမြှောက်ပြီး သူ့အရှေ့ဘက်သို့ ရိုက်ချဟန် ပြုလိုက်သည်။
ထိုသို့လုပ်လိုက်သည်နှင့် နက်မှောင်တောင်ကြီးသည် စစ်မာရှင်းထံသို့ နိမ့်ဆင်းတိုးဝင် သွားလေသည်။ မျိုးနွယ်စုအတွင်းရှိ အိမ်များထံမှ တီးတိုးသံများ ထွက်ပေါ်လာသည်ကိုပင် ကြားနိုင်ပြီး စစ်မာရှင်းအမူအရာက ပြောင်းလဲသွားခဲ့ရသည်။ ထို့နောက် သူ ချက်ချင်း နောက်ဆုတ်လိုက်မိသည်။
သို့သော် သူနောက်သို့ ဝေးကွာစွာ မရွေ့လျားရသေးခင်မှာပင် သွေးနီရောင်အလင်း၏ ဧရိယာမှ ထွက်ခွာရန် မဖြစ်နိုင်ကြောင်း သူသိလိုက်ရချေသည်။
သွေးလွှမ်းလနှင့် နက်မှောင်တောင်ရုပ်ပုံ တစ်ခုလုံးသည် အသက်ရှိပုံပေါ်ပြီး ဧရာမချိပ်တံဆိပ် အစီအရင်အရင်ကြီး တစ်ခု ဖြစ်သွားသလိုပင်။ စစ်မာရှင်းသည် ထိုအစီအရင် အတွင်းတွင်ဖြစ်ပြီး၊ သူ... လွတ်မြောက်နိုင်မည့်ပုံ မပေါ်ပေ။
သူ့မျက်နှာအမူအရာသည်သာ ထိတ်လန့် တုန်လှုပ်မှုအဖြစ် ပြောင်းလဲသွားခြင်း မဟုတ်ပဲ သု့မျက်လုံးများသည်လည်း ကျဉ်းမြောင်းသွားခဲ့သည်။ စုမင်၏ မာန်အမှတ်အသားသည် သူမျှော်လင့်ထားသည်ထက် လုံးဝသာလွန် နေခဲ့သည်။ ဤစုမင်သည် သူ့မှတ်ဉာဏ်များထဲမှ စုမင်နှင့် လုံးဝခြားနားနေခဲ့သည်။
အဘယ်ကြောင့် ကျီချဲ ရှုံးနိမ့်ခဲ့ရခြင်းကို သူရုတ်တရက် နားလည်သွားရသည်။ ဤအခိုက်အတန့်တွင် စုမင်သည် မာန်အမှတ်အသား သက်သက်ဖြင့်ပင် ရုပ်နယ်လွန်နှောင်းပိုင်း အဆင့်မှ လူများနှင့်တိုက်ခိုက်နိုင်ကြောင်း သူခံစားလိုက်မိသည်။
‘သူ့မှာ အဲဒီ မူလလျှပ်စီးလည်း ရှိသေးတယ် ... ပြီးတော့ ဟန်တောင်တန်း ခေါင်းလောင်းနဲ့ အဲဒီ ဓားရှည်လည်း ရှိသေးတယ်...’
စစ်မာရှင်းသည် နောက်ပြန်ဆုတ်နေရင်းမှ လျှာကိုကိုက်ကာ ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ ထိုသွေးတို့သည် သူ့ရှေ့မှာပင် သွေးမြူမျအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့ကြသည်။
“မင်း မာန်အမှတ်အသားက ရှုပ်ထွေးရင် ရှုပ်ထွေးလိမ့်မယ်။ ဒါပေမဲ့ ငါ့မာန် အမှတ်အသားကလည်း လွယ်ကူတဲ့အရာ တစ်ခုတော့ မဟုတ်ဘူး”
ပြောပြီးချိန်တွင် သူ့ရှေ့မှသွေးမြူများက သူ့ထံတိုးဝင်လာပြီး မျက်နှာပေါ်၌ စွန်းထင်းသွားကာ လျင်မြန်သည့် အရှိန်နှုန်းဖြင့် သူ့အရေပြားထဲသို့ စိမ့်ဝင်သွားခဲ့သည်။
ထို့နောက်တွင် စစ်မာရှင်းသည် အလျင်အမြန်ပင် ကောင်းကင်သို့မော့ကာ အော်ဟစ်လိုက်သည်။ ရေခဲပန်းပွင့် မာန်အမှတ်အသားကလည်း သူ့မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်တွင် နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ပန်းတစ်ပွင့်တည်း မဟုတ်တော့ပဲ၊ နှစ်၊ သုံး၊ လေး ... သူ့ကိုယ်ပေါ်၌ ပန်းရှစ်ပွင့်တိတိ ထွက်ပေါ်လာခဲ့ချေသည်။
ရေခဲပန်းပွင့်ရှစ်ခုက သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။ သို့သော် သိသိသာသာပင် ထိုပန်းရှစ်ပွင့်၏ အရွယ်အစားကတော့ ပထမပန်းပွင့်ထက် သေးငယ်နေပေသည်။ သို့သော် ထိုပန်းရှစ်ပွင့် ပေါ်လာချိန်တွင် စစ်မာရှင်း၏ နောက်သို့ပြန်ဆုတ်နေသော ခန္ဓာကိုယ်က ချက်ချင်း ရပ်တန့်သွားသည်။
သူသည် နောက်သို့ ဆက်မဆုတ်တော့ပဲ သူ့လက်များကိုမြှောက်ကာ ဘေးဘက်သို့ ဝှေ့ယမ်းပစ်လိုက်သည်။
ထိုသို့ တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ရေခဲပန်းပွင့်ရှစ်ခု ဖြစ်ပေါ်လာပြီး သူ့ပတ်ဝန်းကျင်၌ လှည့်ပတ်ကာ ရေခဲမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားချေသည်။
“အေးခဲကောင်းကင် မာန်ပညာရပ်၊ ဖန်တီးမှု ၁၀မျိုး”
စစ်မာရှင်းက အော်ဟစ်လိုက်ပြီး လက်ဝါးနှစ်ခုကိုရိုက်ကာ စုမင်ထံသို့ ညွှန်ပြလိုက်သည်။ သူ့ပတ်ဝန်းကျင်မှ ရေခဲမုန်တိုင်းသည် ချက်ချင်း ကြီးမားလာပြီး စုမင်၏ မာန်အမှတ်အသားမှ ဖြစ်ပေါ်နေခဲ့သော ပုံရိပ်ယောင်ကမ္ဘာကြီးနှင့် တိုက်မိသွားသည်။
လေထဲတွင် မြည်ဟည်းသံများ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ ရေခဲမုန်တိုင်းကြီးသည် သေးငယ်လာခဲ့၏။ သို့သော် စုမင်မာန် အမှတ်အသားမှ ဖြစ်ပေါ်လာသော နက်မှောင်တောင် မျိုးနွယ်စုကြီးသည်လည်း မုန်တိုင်းထဲမှ ဖုန်မှုန့်များသဖွယ် ပြန့်ကျဲသွားခဲ့လေသည်။
နက်မှောင်တောင် မျိုးနွယ်စုကြီး ပျောက်ကွယ်သွားချိန်တွင် နက်မှောင် တောင်ကြီးသည်လည်း အလားတူ ပြိုကွဲပျက်စီး သွားခဲ့သည်။ သွေးလွှမ်းလ တစ်ခုတည်းသာ ကျန်နေခဲ့ပြီး ယခုအချိန်တွင် အလွန်သေးငယ်နေပြီ ဖြစ်သော ရေခဲမုန်တိုင်းနှင့် နောက်ဆုံးအကြိမ်အဖြစ် တိုက်မိသွားခဲ့သည်။
အရွယ်အစားကျုံ့နေပြီ ဖြစ်သော ရေခဲမုန်တိုင်းသည် ရေခဲပန်းပွင့် ၈ခုအဖြစ် ပြန်လည် ပြောင်းလဲသွားကာ အတူတကွ ချိတ်ဆက်လျက် သွေးလွှမ်းလထံ တိုးဝင်သွားကြသည်။ သွေးနီရောင်အလင်းနှင့် မြည်ဟည်းသံများအောက်၌ ပထမဆုံးပန်းပွင့်က ပေါက်ကွဲသွားခဲ့သည်။ ဒုတိယပန်းပွင့်၊ တတိယပန်းပွင့်နှင့် စတုတ္ထ ပန်းပွင့်များသည်လည်း ပြိုကွဲသွားသည်။ သို့သော် ပဉ္စမမြောက်ပန်းပွင့်ကမူ ပြိုကွဲသွားသော်လည်း သွေးလွှမ်းလထံ ဆက်လက် တိုးဝင်သွားချေသည်။
သွေးလွှမ်းလသည် တုန်ယင်သွားပြီး ဆက်လက် မတည်ငြိမ်နိုင်တော့မည့် အရိပ်အယောင်များ ပြသလာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဆဌမမြောက်ပန်းပွင့်က ရှေ့သို့တိုးဝင်လာကာ တိုက်ခိုက်လိုက်သည်။
မကြာမီမှာပင် သတ္တမမြောက်နှင့် အဌမမြောက် ပန်းပွင့်များသည်လည်း သွေးလွှမ်းလနှင့် တိုက်မိသွားကြသည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ကောင်းကင်ကိုပင် တုန်ခါသွားစေပြီး သွေးလွှမ်းလ ပြိုကွဲသွားချိန်တွင် ရေခဲပန်းပွင့်များသည်လည်း ပျက်စီးသွား ကြတော့သည်။
“သန်မာလိုက်တဲ့ မာန်အမှတ်အသား”
စုမင်သည် အားနည်းသည်ဟု ထပ်မပြောနိုင်တော့ကြောင်း စစ်မာရှင်း သိလိုက်ရသည်။ ဤအချိန်တွင် သူသည် အသက်ကို လျင်မြန်စွာ ရှူရှိုက်နေမိပြီ ဖြစ်သည်။ သူ့မာန်အမှတ်အသားသည် လုံးဝပြည့်စုံသွားခဲ့ပြီ ဖြစ်သော်လည်း စုမင်၏ မာန်အမှတ်အသားနှင့် အတူတူခန့်သာ ပြိုကွဲသွားခဲ့သည်။
‘ဒါက သူ့မာန်အမှတ်အသားရဲ့ အကန့်အသတ်ပဲ ဖြစ်ရမယ်။ ဒီလို မာန်အမှတ်အသားမျိုးက ထပ်မပြောင်းလဲ နိုင်တော့ဘူး’
သတ်ဖြတ်လိုသော အသိက စစ်မာရှင်း မျက်လုံးများထဲ၌ ပေါ်လာခဲ့သည်။ အမှန်တကယ်တွင် သူသည် စုမင်ကို အချိန်ကြာမြင့်စွာတည်းက သတ်ချင်ခဲ့ခြင်း ဖြစ်သော်လည်း ထိုအရာကို အမြဲတမ်း ဖုံးကွယ်ထားခဲ့သည်။ အဆုံးမှာတော့ သူသည် အေးခဲကောင်းကင်ကလန် အတွင်းမှာသာ ဖြစ်သည်။ သို့သော် စုမင် မာန်အမှတ်အသားကို မျက်မြင် တွေ့လိုက်ရချိန်မှစ၍ သူ၏ သတ်ဖြတ်လိုသော အသိအား ဖုံးကွယ်မထားနိုင်တော့ပေ။
တိုက်ခိုက်မှုကြောင့် မာန်အမှတ်အသားများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် စစ်မာရှင်းက ရုတ်တရက် လှုပ်ရှားလိုက်သည်။ သူသည် အလင်းတန်းရှည်တစ်ခု အသွင်ပြောင်းလျက် စုမင်ထံ တိုးဝင်သွားလိုက်လေသည်။
သူ စုမင်ကို သတ်ချင်သည်။
သူလှုပ်ရှားလိုက်ချိန်မှာပင် စုမင်ကလည်း ရှေ့သို့လှမ်းလိုက်သည်။ သူ နောက်ပြန်မဆုတ်ခဲ့ပဲ ထိုအစား အလားတူ ထိတ်လန့်တုန်လှုပ်ဖွယ် အမြန်နှုန်းဖြင့် စစ်မာရှင်းထံ တိုးဝင်သွားလိုက်ချေသည်။
သူတို့နှစ်ဦး၏ ပထမနေရာများသည် သိပ်မဝေးကွာခဲ့ကြပေ။ ထို့ကြောင့် ဤကဲ့သို့ လျင်မြန်သော အမြန်နှုန်းဖြင့် ရွေ့လျားလိုက်ကြချိန်၌ ခဏအတွင်းမှာပင် တစ်ဦးနှင့်တစ်ဦး နီးကပ်သွားကြတော့သည်။
သူတို့နီးကပ်သွားသည်နှင့် များစွာသော လျှပ်စီးအလင်းတန်းများသည် စုမင်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စတင်ကူးခပ်လှုပ်ရှား ထွက်ပေါ်လာကြသည်။ သူ့လက်သီးကို ရှေ့သို့ ထိုးသွင်းလိုက်ချိန်တွင် မရေမတွက်နိုင်သော လျှပ်စီးများသည် အတူတကွ စုဝေးသွားကြပြီး မိုးခြိမ်းသံကြီးသဖွယ် အသံကျယ်ကြီး တစ်ခုနှင့်အတူ စစ်မာရှင်းထံ တိုးဝင်သွားခဲ့သည်။
စစ်မာရှင်းသည်လည်း ညာလက်ကိုမြှောက်ကာ လက်သီး ဆုပ်လိုက်ချိန်တွင် သူ့လက်၌ ခုနစ်ရောင်ခြယ် အလင်းများ ပေါ်လာခဲ့သည်။ လျှပ်စီးနှင့် အလင်းတို့ တိုက်မိသွားချိန်တွင် မြည်ဟည်းသံများ ပျံ့နှံ့သွားပြီး သူတို့နှစ်ဦးသည်လည်း ညည်းညူလိုက်ရကာ နောက်သို့ ဆုတ်လိုက်ကြရချေသည်။
စစ်မာရှင်းသည် နောက်ဘက်သို့ ပေ၃၀ခန့် ပြန်ဆုတ်လိုက်ရပြီး စုမင်ကတော့ ပေ၅၀ခန့် ဆုတ်လိုက်ရလေသည်။ ရပ်တန့်လိုက်နိုင်သည်နှင့် သူတို့နှစ်ဦးသည် တစ်ဦးဆီသို့တစ်ဦး ပြန်လည်ပြေးဝင် သွားကြပြန်သည်။
ဤတစ်ကြိမ်တွင်တော့ စစ်မာရှင်းသည် သူ့ခန္ဓာကိုယ်မှ နေရာအချို့အား လက်များဖြင့် ဖိနှိပ်လိုက်သဖြင့် ခုနစ်ရောင်ခြယ် အလင်းသည် သူ့ကိုယ်ပေါ်၌ စတင်တောက်ပ လာခဲ့လေသည်။ ထိုခုနစ်ရောင်ခြယ် အလင်းအောက်တွင် ရေခဲအလွှာတစ်ခု ဖြစ်ပေါ်လာပြီး ထိုရေခဲအလွှာသည် သူ့ကိုယ်ပေါ်တွင် ရေခဲချပ်ဝတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤအရာသည် စစ်မာရှင်း ကိုယ်တိုင် ဖန်တီးထားသော ခုနစ်ရောင်ခြယ် ရေခဲချပ်ဝတ် ဖြစ်သည်။
အလားတူပင် စုမင်ခန္ဓာကိုယ်ကိုလည်း အနက်ရောင်မြူခိုးများက ဝန်းရံလာခဲ့သည်။ ရုပ်နယ်လွန် စစ်နတ်ဘုရားတစ်ပါး အနေဖြင့် သူ့တွင်လည်း ကိုယ်ပိုင်ချပ်ဝတ် ရှိပေသည်။ အနက်ရောင် မြူခိုးများသည် ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားသောအခါ အံ့အားသင့်မှင်သက်စွာ ငေးမောစောင့်ကြည့် နေခဲ့သော လူအုပ်ကြီးထံမှ ဆူညံစွာအော်ဟစ်သံများ ထွက်ပေါ်လာခဲ့ချေသည်။
“ရုပ်နယ်လွန်နယ်ပယ်ရဲ့ စစ်နတ်ဘုရားတစ်ပါး”
“သူက ရုပ်နယ်လွန်နယ်ပယ်ရဲ့ စစ်နတ်ဘုရား တစ်ပါးလား”
“သူက စီနီယာအစ်ကိုစစ်မာနဲ့ တိုက်နိုင်တာ အံ့သြစရာ မရှိတော့ဘူးပဲ။ သူက ရုပ်နယ်လွန်နယ်ပယ်ရဲ့ စစ်နတ်ဘုရားတစ်ပါး ဖြစ်နေတာကိုး။ သူ့မှာ သာလွန်တဲ့ စွမ်းအားတွေရှိပြီး သူ့ရဲ့ ရှုပ်ထွေးတဲ့ မာန်အမှတ်အသားကလည်း အရမ်းရက်စက်တယ်။ အဲဒီလိုအမှတ်အသားမျိုးကို ကြားတောင်မကြားဖူးဘူး”
ဆူညံသံများသည် ယခုလေးတင် ဖြစ်ပွားခဲ့သော မာန်အမှတ်အသားများ၏ တိုက်ပွဲကြောင့် ငြိမ်သက်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့ ထိုအသံများသည် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး လေထုတစ်ခုလုံးတွင် ဆူညံသံများဖြင့်သာ ပြည့်နေတော့သည်။
အမှန်တကယ်တွင် စုမင်၏ စစ်နတ်ဘုရားဆိုသော အဆင့်အတန်းအား စတုတ္ထတောင်ထွတ်၏ ဖုံးကွယ်ထားမှုကြောင့် လူအုပ်ကြီးက မသိရှိခဲ့ခြင်းဖြစ်သည်။ အမည်မသိ အကြောင်းအရင်း တချို့ကြောင့် စတုတ္ထတောင်ထွတ်မှ လက်ဝဲတော်ရံသည် စုမင်နှင့် ပတ်သက်သမျှ သတင်းအချက်အလက် အားလုံးကို ပိတ်ပင်ထားခဲ့ချေသည်။ အေးခဲကောင်းကင် ကလန်မှ အခြားလူများသည် နဝမတောင်ထွတ်သို့ တပည့်အသစ်တစ်ယောက် ရောက်လာသည်ဟုသာ သိရှိထားကြ၏။ ထိုသူ၏ အဆင့်အတန်း၊ ကျင့်ကြံဆင့်နှင့် အခြားအရာများ အားလုံးကမူ ဇဝေဇဝါသာဖြစ်သည်။
ချန်းယုပင်းနှင့် ရှုယုယွဲ့တို့သည်လည်း အေးခဲကောင်းကင် ကလန်သို့ ပြန်ရောက်သည်နှင့် ပါးစပ်ကိုပိတ်နေရန် အမိန့်တစ်ခုရခဲ့ပြီး စုမင်အကြောင်း ဘာတစ်ခုမှ ပြန်မပြောရန် မှာကြားခံခဲ့ရချေသည်။
“သူက ... အစ်ကိုကြီးစစ်မာကို ဒေါသထွက်အောင် လုပ်ခဲ့တဲ့ တစ်ယောက်လား”
ခုနစ်ရောင်ခြယ်တောင်ပေါ်မှ မိန်းကလေးသည် ဤတစ်လျှောက်လုံး၌ သူမ နှလုံးသားထဲတွင်မူ စွမ်းအားကောင်းကာ အစွမ်းထက်နေဆဲ ဖြစ်သော စစ်မာရှင်းကိုသာ စူးစိုက်ကြည့်နေ ခဲ့မိချေသည်။ စုမင်အတွက်တော့ ထိုသူ့အပေါ် သူမ၏ပထမဆုံး ထင်မြင်ချက်က ဆိုးရွားခဲ့သည်။ ထို့ပြင် စုမင်သည် စစ်မာရှင်း၏ ရန်သူဖြစ်လာချိန်တွင် သူမနှင့် စစ်မာရှင်းတို့ စစ်တုရင် ကစားနေခဲ့ချိန်က ဖြစ်ပျက်ခဲ့သော အရာများကို ပြန်လည် သတိရလိုက်မိပြီး စုမင်ထံသို့ ပိုပြီးရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်မိတော့ချေသည်။
***
စာစဉ်(၁၇) ပြီး၏။