ဒီ ကွမ်လင်လမ်းကို ငါ ကာကွယ်မယ်
Vol. 115 Ch. 1724
ယဲ့ဖန်၏ အေးစက်စက် မျက်လုံးများကို တွေးမိပြီး လီစစ်ယွီ ညပေါင်းများစွာ အိပ်မပျော်နိုင်ခဲ့ပါ။ ထိုအကြည့်က အလွန် ခံစားချက်ကင်းမဲ့လွန်းပြီး အလွန် အထင်အမြင် သေးလွန်းလှသည်။
သူက သူမတို့ကို အထင်သေးခဲ့သည်။
ယနေ့ပြီးလျင်တော့ သူမတို့ လီမိသားစုက လေးစားခံရရန် ထိုက်တန်ကြောင်း ထိုလူ အပြည့်အဝ နားလည် လာပေလိမ့်မည်။
“ဒီခွေးမက သေချင်နေတာပဲ”
လီချန်ကျစ်၏ မျက်နှာက ရုတ်တရက် ခက်ထန်လာပြီး လီစစ်ယွီ၏ ကျောကို ရက်ရက်စက်စက် ဓားဖြင့် ထိုးလေသည်။
“ရွှစ်”
သွေးများ ငေါက်ခနဲ ပန်းထွက်လာသည်။
“စစ်ယွီ”
ဤသည်ကိုမြင်သော် အဘိုးအိုလီ အံ့ဩသွားသည်။ လီချန်ကျစ်က တကယ် တိုက်ခိုက်ရဲလိမ့်မည်ဟု သူ ထင်မထားမိပါ။ ယင်းကလည်း အလွန် တိုက်ရိုက်ဆန်လွန်းလှသည်။
သူက နည်းနည်းလေးမျှ တွေဝေခြင်းမရှိပေ။ သွေးအေးလွန်းလှ၏။
ထိုတိရစ္ဆာန်ကောင်က သူ့ညီမအရင်းကိုပင် ပြန်ထိခိုက်အောင် လုပ်ရဲသည့် နှလုံးသား ရှိပေသည်။
လီစစ်ယွီ သွေးတစ်လုပ် အန်လာပြီး ခန္ဓာကိုယ်က ယိမ်းထိုးလာသည်။
တကယ်တမ်းတွင် သူမ၏ ခွန်အားအရဆိုလျင် သုံးစားမရသူ ဖြစ်နေသော လီချန်ကျစ်၏ ထိန်းချုပ်ခြင်း ခံရမည် မဟုတ်ပါ။ သူမ အလွန် သတိမမူလိုက်မိ၍ပင်။
သူမအစ်ကိုက သူမကို ဤသို့ ဆက်ဆံလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် သူမ လီချန်ကျစ်ကို ကျောပေး၍ ရပ်နေခဲ့မိသည်။
“အဘိုးကြီး ဘာပဲဖြစ်ဖြစ် ခင်ဗျားက သေတော့မှာပဲ၊ အဲ့တော့ မြေးဖြစ်တဲ့ကျုပ်ကို ခင်ဗျား မသေခင် ကူညီပေး သွားပါလား”
“ခင်ဗျား သဘောမတူရင် ခင်ဗျားမြေး တကယ် သေမှာနော်”
သူက ပြုံးဖြဲဖြဲ မျက်နှာထားနှင့် အဘိုးအိုလီအား နောက်နေခြင်း မဟုတ်ကြောင်း ပြောနေ၏။ သူ တကယ် သတ်နိုင်ပါသည်။
*သစ္စာဖောက်*
အားလုံး၏ စိတ်ထဲ၌ ဒေါသစိတ်များ ဖြစ်ပေါ်နေသည်။ လီမိသားစုဝင်များဆိုလျင် ပြောနေစရာပင် မလိုတော့ချေ။
အဘိုးအိုလီက လီချန်ကျစ်ကို သေသေချာချာ ကြည့်နေပြီး သူ့မျက်လုံးတွင်း၌ နက်ရှိုင်းသော အမုန်းတရားနှင့် နောင်တတရားတို့ ပေါ်လွင်နေ၏။
“ငါ မင်းကို မှားပြီး ပျိုးထောင်ခဲ့မိတာပဲ”
ထို့နောက် သူသည် မျက်လုံးကိုမှိတ်၍ သေခြင်းတရားအား စောင့်နေလိုက်သည်။
“ဘိုးဘိုး”
“အဘိုးလီ”
ရုတ်တရက် အော်သံများ ထွက်ပေါ်လာသည်။ လူတိုင်း ဆောက်တည်ရာမရ ဖြစ်သွားကြသည်။ အကြောင်းမှာ အဘိုးအိုလီ အသေခံရန် ပြင်ထားမှန်း သူတို့ မြင်နေရသောကြောင့်ပင်တည်း။
အင်မော်တယ် ဧကရာဇ်အဆင့်များက အဘိုးအိုလီထံ ပြုံးစစနှင့် လျှောက်လာပြီး သူတို့မျက်လုံးတွင်း၌ ရက်စက် ခက်ထန်မှုများကို သိသိသာသာ မြင်နေရသည်။
အကယ်၍ ဤအဘိုးကြီးက သူတို့ကို မျက်နှာပျက်ရအောင် လုပ်ရဲလျင် သူတို့က သူ့ကို ဖြည်းဖြည်းချင်း နှိပ်စက်၍ အရက်စက်ဆုံးနည်းဖြင့် သေအောင်လုပ်မည် ဖြစ်သည်။
ရုတ်တရက် သွေးများ ပန်းထွက်လာ၏။
အဘိုးအိုလီ၏ ရင်ဘတ်က လက်သီးချက်ကြောင့် ပေါက်ထွက်ကာ သွေးသံတရဲရဲနှင့် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။
“ဂျွတ်”
တစ်ချိန်တည်းမှာပင် အဘိုးအိုလီ၏ လက်မောင်းတစ်ဖက် ပြုတ်ထွက်သွားလေသည်။
သို့သော် သူသည် အစမှအဆုံးတိုင် မျက်လုံးမှိတ်ထားပြီး မလှုပ်မယှက် ရှိနေကာ ရုပ်သေးရုပ်သဖွယ် မည်သူမဆို၏ ဆော့ကစား၍ ဖျက်ဆီးခြင်းကို ငြိမ်ခံရန် အသင့်ဖြစ်နေ၏။
“အဘိုးကြီး သေပေတော့”
ထိုသို့ ကြွေးကြော်သံနှင့်အတူ အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်က လက်ဝါးကိုဖြန့်၍ သူ့ဦးခေါင်းထက်မှနေ၍ အရှိန်ဖြင့် ရိုက်ချလေသည်။
ယန်စွမ်းအင်က အပြင်းအထန် ထွက်ပေါ်လာပြီး ပေါ်ပေါ်တင်တင် တိုက်ခိုက်လေသည်။
“ကောင်းကင်ဘုံကို မကျေနပ်ဘူးကွ”
အဘိုးအိုလီက ရုတ်တရက် ခေါင်းမော့၍ အော်ဟစ်လိုက်ပြီး သူ့အသံတွင် မကျေနပ်စိတ်နှင့် မုန်းတီးစိတ်တို့ ပြင်းပြင်းထန်ထန် ပါဝင်နေ၏။
လီချန်ကျစ်နှင့် သူတော်စင် သော်ပေါင်တို့က ပြိုင်တူ ရယ်လာကြသည်။
*ဒါ အရှုံးသမားရဲ့ နောက်ဆုံးစကားလား၊ အဓိပ္ပာယ် မရှိလိုက်တာ*
ကွမ်လင်လမ်းမှ ဒေသခံများအားလုံး မျက်ရည်ဖြိုင်ဖြိုင် ကျဆင်းလာပြီး သွေးထွက်သံယိုများ၍ ရက်စက်သော မြင်ကွင်းကို မကြည့်ရက်တော့သဖြင့် တစ်ယောက်ပြီး တစ်ယောက် မျက်လုံးမှိတ်ထားကြသည်။
*သွားပြီ*
*အားလုံး ပြီးသွားပြီ*
ထိုအခိုက်တွင် ခက်ထန်၍ မောက်မာမှု အပြည့်ပါသော အသံတစ်သံ ထွက်ပေါ်လာ၏။
“ကောင်းကင်ဘုံကို သည်းမခံနိုင်ဘူးလား၊ ဒါဆို ကောင်းကင်ဘုံကို ဆန့်ကျင်လိုက်”
“ဝုန်း”
ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
အဘိုးအိုလီ၏ ဦးခေါင်းကို ရိုက်ချတော့မည့် အင်မော်တယ် ဧကရာဇ်အဆင့်ထံမှ သွေးများ ပန်းထွက်လာ၏။
*ဒါက*
အားလုံး သတိဝင်လာပြီး ပင့်သက်ရှိုက်မိသွားသည်။
အကြောင်းမှာ ထိုအင်မော်တယ် ဧကရာဇ်အဆင့်၏ ခန္ဓာကိုယ် အပေါ်ပိုင်းက ပျောက်နေပြီး မသိလျင် တစ်စုံတစ်ရာ၏ အရှင်လတ်လတ် ကိုက်ဖြတ်ခြင်း ခံလိုက်ရသလိုပင်။ ကိုယ်အောက်ပိုင်း၌ ကြောက်စရာ ကောင်းသော သွားရာများပင် ရှိနေ၏။
ထိုအခိုက်တွင် အခြေအနေက လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ လူတိုင်း တွေဝေနေလေသည်။
*ဒါကို ဘယ်သူ လုပ်တာလဲ၊ အဲ့လူက အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ကို ချက်ချင်း သတ်နိုင် တာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ထိုစဉ် ကြီးမားသည့် ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်က လေထဲမှ ခုန်ဆင်းလာပြီးနောက် လူငယ်တစ်ယောက်က ဘေးသို့ ခုန်ဆင်းလာလေသည်။
သူ၏ ပါးစပ်က တကျွတ်ကျွတ် ဝါးလျက်ရှိပြီး ပါးစပ်ထဲမှ သွေးများ စီးကျနေပုံက ထိတ်လန့်စရာပင်။
ထိုလူငယ်လေးက သူ၏ခေါင်းကို ပွတ်သပ်ပေးနေပြီး မျက်နှာထားက ထီမထင်ဟန် အပြည့်ပင်။
“ဒီနေ့ ဒီကွမ်လင်လမ်းကို ငါ ကာကွယ်မယ်”
ရင်းနှီးနေကျ အသံကို ကြားသောအခါ အဘိုးအိုလီက တအံ့တဩနှင့် မျက်လုံး ပြန်ဖွင့်ကြည့်သည်။ ယဲ့ဖန်၏ မျက်နှာကို မြင်လိုက်ရသောအခါ သူ အလန့်တကြား ထအော်မိသည်။
“မိ … မိသားစုခေါင်းဆောင်လေး”
ထိုစကားလုံးက မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကွမ်လင်လမ်းတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။
လူတိုင်း နားကွဲတော့မည်ဟုပင် ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် အားလုံး၏ အာရုံက ယဲ့ဖန်ပေါ်သို့ ကျရောက်လာ၏။
“မိသားစုခေါင်းဆောင်လေးလား၊ ဒီလူက မိသားစုခေါင်းဆောင်လေးတဲ့လား”
“ကောင်းလိုက်တာ၊ ငါတို့ကို ကယ်ဖို့ မိသားစုခေါင်းဆောင်လေး ရောက်လာပြီ၊ မကြောက်နဲ့တော့”
“အမေ၊ မိသားစုခေါင်းဆောင်လေးက သားတို့ကို မစွန့်ပစ်ဘူးလို့ သား ပြောခဲ့သားပဲ၊ သူ တကယ် ရောက်လာပြီလေ”
အားလုံး၏ မျက်နှာတွင် ဝမ်းသာအားရဟန်တို့ ပေါ်လာသည်။
ယဲ့ဖန်က လှုပ်ရှားလိုက်သည်နှင့် အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ကို တန်း၍ သတ်နိုင်သည်။ ဤနည်းလမ်းက သူတို့ကို ထိတ်လန့်စေပြီး သူတို့ နှလုံး အားဖြည့်ဆေး စားရတော့မည်ဟုပင် ခံစားလိုက်ရသည်။
အံ့ဩစရာပင်။
လီချန်ကျစ်၏ အမူအရာက အံ့ဩနေပုံ ပေါ်နေပြီး ထိုလူက တကယ် ရောက်လာပြီး သေလမ်း ရှာလိမ့်မည်ဟု မယုံနိုင် ဖြစ်နေလေသည်။
သူတော်စင် သော်ပေါင်နှင့် အခြားသူများလည်း ယဲ့ဖန်ကို အလန့်တကြား အကြည့်ဖြင့် ကြည့်နေကြသည်။ ယဲ့ဖန်က သူတော်စင်သခင်အဆင့်သာ ရှိသေးသည်ကို သတိထားမိသောအခါ အားလုံး အံ့ဩဟန် ပေါ်လာသည်။
သူတော်စင်သခင်အဆင့်လေး၏ စီးတော်ယာဉ်က အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်ကို ချက်ချင်း သတ်လိုက်နိုင်သည်တဲ့လား။
*အဲ့ကောင်က တကယ်ပဲ ဘာကောင်လဲ*
“မင်း ဘယ်သူလဲ”
သူတော်စင် သော်ပေါင်က ယဲ့ဖန်ကို မေးလိုက်သည်။ သူ့လက်အောက်ငယ်သား တစ်ယောက်ကို သတ်လိုက် သဖြင့် သူ ဒေါသထွက်နေလေသည်။
“သူက အိုးရန်ကျန်းရဲ့မြေး၊ အိုးရန်မျိုးနွယ်ရဲ့ ဆက်ခံသူ အလောင်းအလျာပါ”
လီချန်ကျစ်က အလျင်အမြန် ပြောလိုက်ပြီး ထီမထင်ဟန် ပြုံးလိုက်သည်။
“ကျေးဇူးပြုပြီး အဲ့လူကို ချက်ချင်း သတ်ပစ်လိုက်ပါ”
ကောင်းကင်ဘုံကိုမှ မတက်လှမ်းနိုင်လျင် ငရဲသို့ သွား၍လည်း မဖြစ်ပေ။
*ဒီအရူးက တကယ်ကြီး သူ့ဘာသာသူ လာအသေခံတာပဲ*
*အရူး တော်တော် ရူးနေတာ*
အစက သူသည် ယဲ့ဖန်က ကိုယ့်ကိုယ်ကိုယ် ယက်သည့် လိပ်မျိုးဟု ထင်ခဲ့သည်။ သူက အသုံးမကျသူ ဖြစ်သွားသော်လည်း အနည်းဆုံးတော့ ဉာဏ်ကောင်းသေးသည်။ လီချန်ကျစ်၏ စိတ်ထဲတွင် ဤသည်က သေကြောင်းကြံခြင်းဟု မြင်နေ၏။
*မဟုတ်မှလွဲရော ဒီအရူးက သူ့ခွန်အား တစ်ခုတည်းနဲ့ သူတော်စင် သော်ပေါင်ကို ကိုင်လှုပ်နိုင်မယ်လို့ ထင်နေ တာလား*
*သေချင်နေတာပဲ*
*မင်း လာတော့ ဘာဖြစ်လဲ၊ နောက်ဆုံးတော့ သေရမှာပဲ မဟုတ်လား*
*ဦးနှောက်မရှိတဲ့ အရူး*
“ဪ ဒါဆို အိုးရန်မျိုးနွယ်ရဲ့ အကြွင်းအကျန်တွေပေါ့”
သူတော်စင် သော်ပေါင်၏ မျက်လုံးများက အေးစက်လာသည်။ ထိုနောက်ခံအဆင့်တစ်ခုတည်းနှင့်တင် သူ ယဲ့ဖန်ကို အခါတစ်ထောင်မက သတ်သင့်နေလေပြီ။
ထို့နောက် သူတော်စင် သော်ပေါင်က ယဲ့ဖန်အနောက်မှ လူများကို တစ်ချက်ကြည့်၍ အထက်စီးဖြင့် ပြောလိုက်သည်။
“အိုးရန်ကျန်း ဘယ်မှာလဲ၊ သူ ဒီမှာ မရှိဘူးလား၊ မင်းတို့ အိုးရန်မျိုးနွယ်မှာ တကယ်ကို ဘယ်သူမှ မရှိတော့ဘူးနဲ့ တူတယ်၊ မင်းလို မနူးမနပ်လေးကတောင် ရှေ့ထွက်လာရတယ်လို့၊ ငါတို့ ဒီအသုံးမကျတဲ့ မျိုးနွယ်ကို မရှင်းလည်း အနှေးနဲ့အမြန် ဆိုသလို ပျက်သုဉ်းတော့မှာပဲ”
ထိုမှတ်ချက်ပြုသံ ထွက်လာသောအခါ အိုးရန်မျိုးနွယ်ဝင်များ ချက်ချင်း ဒေါသထွက်လာကြသည်။ တစ်ဖက်လူက ယဲ့ဖန်ကို စော်ကားရုံတင် မကဘဲ သူတို့ တစ်မျိုးနွယ်လုံးကိုပါ နင်းချေစော်ကားခဲ့သည်။
ထို့အတူ အဘိုးအိုလီနှင့် အခြားသူများ၏ စိတ်ထဲမှ ပေါ်ထွက်ကာစ ရှိသေးသည့် မျှော်လင့်ချက်ကလည်း တစ်ဖန်ပြန်၍ ပျက်သုဉ်းသွားသည်။
*အိုးရန်ကျန်း မလာဘူးလား*
အိုးရန်မျိုးနွယ်၌ အိုးရန်ကျန်းတစ်ယောက်တည်းသာလျင် သူတော်စင် သော်ပေါင်ကို စိန်ခေါ်နိုင်စွမ်း ရှိမှန်း အားလုံး သိကြသည်။
သူတော်စင်အဆင့်သာ ရောက်မလာလျင် အင်မော်တယ် ဧကရာဇ်အဆင့် မည်မျှ ရောက်လာပါစေ သေရုံသာ ရှိပေမည်။
ယဲ့ဖန်က လူတစ်စုကိုခေါ်၍ အသေခံရန် လာခဲ့လေသလား။
“ကြက်ကို သတ်ဖို့ လက်ကိုင်ရိုးရှည်တူမှ မလိုတာ၊ ခင်ဗျားကို သတ်ဖို့ ကျုပ်အဘိုး မလိုဘူး”
ယဲ့ဖန်က အသာပြုံးနေသည်။
တိတ်ဆိတ်သွားသည်။ ယဲ့ဖန်၏ စကားအဆုံး၌ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
လူတိုင်းက ယဲ့ဖန်ကို တအံ့တဩ ကြည့်နေကြသည်။
*ငါတို့ ဘာကြားလိုက်တာလဲ*
*မဟုတ်မှလွဲရော မိသားစုခေါင်းဆောင်လေးက သူတော်စင် သော်ပေါင်ကို သူကိုယ်တိုင် သတ်ဖို့ တကယ် စိတ်ကူးထားတာလား*
*သူတော်စင်သခင်အဆင့် တစ်ယောက်က သူတော်စင်အဆင့်ကို သတ်ဖို့ဆိုတာ ဖြစ်နိုင်လို့လား*
သူတော်စင်သခင်အဆင့်နှင့် သူတော်စင်အဆင့်တို့၏ ကွာခြားမှုက အလွန် ကွဲပြားလွန်းလှသည်။ ဤသည်က ယုတ္တိမရှိချေ။
“ခွိ … ဟားဟားဟား”
လီချန်ကျစ်က ပထမဦးဆုံး ကျယ်လောင်စွာ အော်ရယ်လာပြီး ယဲ့ဖန်ကို လက်ညှိုးထိုး၍ အထင်သေးစွာ ပြောလေသည်။
“ယဲ့ဖန် မင်းဦးနှောက် ချောင်နေတာလား၊ မင်းနောက်က လူအုပ်နဲ့ တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား၊ သူတော်စင် အဆင့်ကိုလေ”
သူတို့အနောက်မှ အိုးရန်ဟွာနှင့် အခြားသူများသည် ထိုစကားကို ကြားသောအခါ စိတ်ပျက်သွားကြသည်။ သို့ရာတွင် အမှန်ဖြစ်နေသဖြင့် အားလုံး သက်ပြင်းချမိသည်။
သူတို့ တွေးမိသလောက်ဆိုလျင် သူတော်စင် သော်ပေါင်၏ တိုက်ကွက်တစ်ကွက်ကိုပင် သူတို့ ခုခံနိုင်မည် မဟုတ်ပေ။
“ပြဿနာ ရှိလို့လား”
ယဲ့ဖန်က စိတ်မတိုဘဲ လီချန်ကျစ်ကိုသာ ပြုံး၍ ကြည့်နေသည်။
လီချန်ကျစ်: “…”
လီချန်ကျစ်သည် ဝါဂွမ်းကို လက်သီးနှင့် ထိုးလိုက်မိသည်ဟု ခံစားလိုက်ရသည်။ သူ ထင်ထားသကဲ့သို့ ယဲ့ဖန်၏ မျက်နှာတွင် အရှက်ရဟန် ပေါ်မလာသဖြင့် သူ အလွန် ဒေါသထွက်လာသည်။
“မင်းက သေခါနီးနေတာတောင် ဟန်လုပ်ချင်သေးတာလား၊ ခဏနေရင် မင်း ဘယ်လိုသေမလဲ ကြည့်ရသေးတာပေါ့”
လီချန်ကျစ်က အေးစက်စွာ ခနဲ့လိုက်သည်။
“ငါ မသေဘူး၊ နတ်ဘုရားလို့ ပြောကြတဲ့ အဲ့လူတွေကို ငါ သတ်မယ်၊ ပြီးရင် မင်းကို နောက်ဆုံးမှ သတ်မယ်”
ယဲ့ဖန်က လီချန်ကျစ်ကို အထင်သေးစွာ ကြည့်နေပြီး လူသတ်ချင်စိတ်က တစ်ဟုန်ထိုး မြင့်တက်နေသည်။
လီချန်ကျစ်က လှောင်ရယ်နေသည်။
“ဟဲဟဲ ငါ စောင့်နေပါတယ်”
အထင်သေးခြင်းပင်။
*ယဲ့ဖန်က ငါ့ကို သတ်ချင်တယ်တဲ့လား။ သူတော်စင် သော်ပေါင်ရဲ့ လက်ထဲကနေ သူ ဘယ်လို အသက်ရှင်လျက် ထွက်လာနိုင်မလဲ ကြည့်ရသေးတာပေါ့*
*ပုရွက်ဆိတ်တစ်သိုက်ကများ ဆင်တစ်ကောင်ကို ဖြိုဖို့ ကြိုးစားချင်နေတာလား၊ ဖြစ်နိုင်လို့လား*
သူတော်စင် သော်ပေါင်နှင့် အခြားသူများကလည်း ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောကြသည်။
သူတော်စင် သော်ပေါင်က ပို၍ ရယ်မောနေပြီး ယဲ့ဖန်ကို လက်ညှိုးထိုး၍ ပြောလေသည်။
“မင်းတို့ အိုးရန်မျိုးနွယ်က အမြဲ မောက်မာပြီးရင်း မောက်မာနေတာပဲ၊ နှစ်တွေဒီလောက် ကြာသွားတာတောင် မောက်မာတဲ့အပြင် ပိုပြီး အဓိပ္ပာယ်မရှိတာတွေပါ ပြောတတ်နေပါလား”
“သွေးက ရေထက်ပျစ်တယ်ဆိုတာ တကယ်ပဲ”
ထိုစကားကိုကြားသော် အိုးရန်ဟွာနှင့် အခြားသူများ မျက်နှာ နီရဲလာပြီး အရှက်ရကာ သွေးပျက်လာလေသည်။ ယဲ့ဖန်က လေကျယ်လွန်းသည်ဟု သူတို့ပင် ခံစားနေရသည်။
“ပြောလို့ပြီးပြီလား”
ယဲ့ဖန်က သူတော်စင် သော်ပေါင်ကို ပြုံး၍ ကြည့်နေသည်။
“ပြီးရင်လည်း သွားသေလိုက်တော့”
ချက်ချင်းဆိုသလိုပင် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။
*မောက်မာလွန်းတယ်*
*သူတော်စင်အဆင့်ကို သွားသေလိုက်တော့လို့ ပေါ်တင်ပြောရဲတယ်လား၊ ဒီလူ ဘယ်ကနေ ယုံကြည်မှု ရနေတာလဲ*
သူတော်စင် သော်ပေါင်၏ အပြုံးက ပျောက်ကွယ်သွားပြီး မျက်လုံးတွင် ခက်ထန်မှုများ စိုးမိုးလာသည်။
“မိုးမြေက ဘယ်လောက် ကွာခြားလဲ မသိတဲ့ မျိုးမစစ်လေးပါလား၊ အိုးရန်ကျန်းတောင်မှ ငါ့ကို အဲ့လို မပြောရဲဘူး၊ မင်း တကယ် သေသင့်တယ်”
“ဝှစ်”
ထိုအခိုက်တွင် သူတော်စင်သော်ပေါင်က ဘာမှမပြောရသေးသော်လည်း အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်က ယဲ့ဖန်ထံသို့ သတ်ဖြတ်တော့မည့် အကြည့်များဖြင့် ပြေးသွားကြသည်။
“အိုးရန်မျိုးနွယ်က မိစ္ဆာကောင်၊ ဒီနေ့က မင်း သေရမယ့်နေ့ပဲ”
ထိုစဉ် ယဲ့ဖန်က လှောင်ရယ်၍ ချုံးချီ၏ ခေါင်းကို ပုတ်လိုက်သည်။
“ဒါကို ငါ မင်းဆီ တာဝန်ပေးလိုက်မယ်”
ချုံးချီက ခေါင်းညိတ်လိုက်ပြီးနောက် ရှေ့သို့ တိုးသွားပြီး တိုက်ခိုက်လာသည့် အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်အား သေချာ စိုက်ကြည့်နေသည်။ သူ့ပါးစပ်က ကော့တတ်ကာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပြုံးနေ၏။
“ယုတ်ညံ့တဲ့ သတ္တဝါက ငါ့စီနီယာအစ်ကိုကို သတ်တယ်ပေါ့လေ၊ ငါ မင်းကို အရေခွံခွာပြီး နုတ်နုတ်စင်းပစ်မယ်”
ငါးယောက်လုံး၏ မျက်လုံးများက ပြူးကျယ်နေပြီး တိုက်ကွက်များကို တစ်ပြိုင်တည်း ထုတ်ဖော်ကြသည်။
“ဝေါင်း”
သို့သော် ထိုသို့သောအချိန်၌ ကြောက်စရာကောင်း၍ ပြင်းထန်သော ဟိန်းသံက ကောင်းကင်တစ်ခွင်သို့ နားကွဲမတတ် ကျယ်လောင်စွာ ရိုက်ခတ်လာ၏။