ဆင်တူသော
Vol. 18 Ch. 237
စုမင်နှင့် စစ်မာရှင်းတို့ ကောင်းကင်တွင် ရပ်နေကြသည်။ သူတို့ထဲမှ တစ်ဦးကို အနက်ရောင် ချပ်ဝတ်အသွင် ပြောင်းလဲထားသော အနက်ရောင် မြူခိုးများဖြင့် ဝန်းရံထားပြီး သူ့ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ထွက်ပေါ်လျက်ရှိသည်။ အခြားတစ်ဦးကိုမူ ခုရစ်ရောင်ခြယ် အလင်းများ ဝန်းရံနေပြီး သူ၏ ရေခဲချပ်ဝတ်တွင် မျက်စိကျိန်းစေလောက်သော အလင်းများကြောင့် အခြားသူများအနေဖြင့် ထိုသူအား တည့်တည့်စိုက်ကြည့်၍ မရနိုင်အောင် ခက်ခဲနေစေသည်။
လုံးဝ မတူကွဲပြားသော အရှိန်အဝါများ၊ လုံးဝမတူကွဲပြားသော ချပ်ဝတ်များနှင့် မတူကွဲပြားသော လူနှစ်ဦး...
“မင်းက ရိုးရေစတေး နယ်ပယ်မှာ မဟုတ်ဘူး” စုမင် မနှေးမမြန်ပြောရင်း ရှေ့သို့ ဦးတည်လိုက်သည်။
စစ်မာရှင်း၏ မျက်နှာသည် စိတ်ဆိုးဒေါသထွက်ဟန် အသွင်ပြောင်းသွားခဲ့ပြီး အေးစက်စက် ထီမထင်သံ တစ်ခု ပြုရင်း ရှေ့သို့ရွေ့လျားလာခဲ့၏။ သူတို့နှစ်ဦးသည် လေထဲမှာပင် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြပြန်သည်။ လေထဲတွင် မြည်ဟည်းသံများ ဆူညံစွာ ပဲ့တင်ထပ်နေခဲ့ပြီး ပြင်းထန်သော တိုက်ပွဲကြောင့် ပတ်ဝန်းကျင်ဧရိယာ တစ်ဝိုက်မှ ကြည့်နေသူ အားလုံးသည် အသက်ရှူရန်ပင် မေ့လျော့ သွားကြရသည်။
တိုက်ပွဲ ကြာမြင့်လာလေလေ၊ စစ်မာရှင်းတစ်ယောက် ပိုမိုတုန်လှုပ် လာရမိလေလေပင် ဖြစ်သည်။ ဤအချိန်တိုလေး အတွင်းမှာပင် စုမင်တစ်ယောက် မည်မျှ သန်မာလာကြောင်း သူစိတ်ကူး၍ပင် မရနိုင်ပေ။ ဤလူသည် သူ့ဝိညာဉ်အား မာန်မျိုးစေ့တစ်ခုအပေါ်တွင် တင်လိုက်ပြီး တစ်ချက်လှုပ်ရှားကာ တိုက်ခိုက် လိုက်ရုံဖြင့် ရှုံးနိမ့်သွားအောင် လုပ်နိုင်မည့်သူမျိုး မဟုတ်တော့ပေ။
သူ၏ ဤကဲ့သို့အရှိန်နှုန်းမျိုးဖြင့် လျင်မြန်စွာ တိုးတက်လာခဲ့သောကြောင့် စုမင်သည် စစ်မာရှင်းထံမှ အာရုံစူးစိုက်မှုကို ရရှိခဲ့လေသည်။
‘ဒီလူ့ရဲ့ တိုးတက်မှုက အရမ်းမြန်လွန်းတယ်။ ငါ သူ့ကို အသက်ရှင်ခွင့် မပေးနိုင်ဘူး...’
စစ်မာရှင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ညာလက်ဖြင့် လေထဲသို့ ကုပ်ဆွဲဟန် ပြုလိုက်သည်။ သူ့လက်ထဲတွင် ရေခဲလှံတစ်ချောင်း ဖြစ်ပေါ်လာပြီး စုမင်ထံ လှမ်းပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့၏ ဘယ်လက်ကိုလည်း ရှေ့သို့ ဝှေ့ယမ်းလိုက်ရာ ပုလင်းတစ်လုံး ပေါ်လာခဲ့သည်။ ထိုအရာကို သူ့လက်ချောင်းများဖြင့် ထိလိုက်ရာ ပုလင်းအတွင်းမှ အော်ဟစ် မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ ထိုအတွင်းမှ အဖြူရောင် ဝံပုလွေကြီးတစ်ကောင် ထွက်ပေါ်လာပြီး ၎င်းက လေနှင့်ထိသည်နှင့် စတင်ကြီးထွားလာကာ ခဏအတွင်းမှာပင် ပေဒါဇင် အနည်းငယ်ခန့် ရှည်လျား သွားသည်။ ၎င်း၏အမွေးများသည် ဆီးနှင်းကဲ့သို့ ဖြူဆွတ်နေပြီး ၎င်းသည် အစွယ်များကိုလှစ်ဟပြရင်း စုမင်ကို ဟိန်းဟောက် လာခဲ့သည်။
၎င်းဟိန်းဟောက်သံသည် အားတစ်ခုအသွင်ဖြင့် စုမင်ခန္ဓာကိုယ်အား ထိမိသွားချိန်တွင် စုမင်စိတ်က ဗလာ ဖြစ်သွားခဲ့ရသည်။ သို့သော် ထိုအရာသည် ခဏတာသာ ကြာမြင့်သွားပြီး အရှိန်အဝါသန့်စင်မှု၏ စွမ်းအားသည် စုမင်ကိုယ်အတွင်း၌ ၎င်းဘာသာပျံ့နှံ့သွားပြီး စုမင်စိတ်ကို ပြန်လည်ကြည်လင်သွားစေသည်။
သူအလျင်အမြန်ပင် ပြန်လည် နိုးထလာနိုင်ခဲ့သောကြောင့် ထိုအရာက စစ်မာရှင်းအား မျက်မှောင်ကြုတ်မိ သွားစေသည်။ သူသည် လက်ထဲမှလှံရှည်ဖြင့် စုမင်ကို ထပ်မံ တိုက်ခိုက်လိုက်ပြီး တစ်ချိန်တည်းလိုလိုပင် ရေခဲဝံပုလွေကလည်း စုမင်အား ခုန်အုပ်လာခဲ့သည်။
“ဟယ်ဖုန်း”
စုမင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်နှင့် အနက်ရောင် အခိုးအငွေ့များသည် သူ့ရင်ဘတ်မှ ချက်ချင်း တိုးထွက်လာကြပြီး ထိုမြူခိုးများက ဟယ်ဖုန်းအဖြစ် ပြောင်းလဲ သွားကြသည်။ ဟယ်ဖုန်း၏ မျက်နှာထက်တွင် ပူပန်စိုးရိမ်သော အမူအရာတစ်ခု ရှိနေသော်လည်း မတိုက်ခိုက်ပဲ နေရန်တော့ မရွေးချယ်ဝံ့ပါချေ။ သူထွက်ပေါ်လာသည်နှင့် ရေခဲဝံပုလွေ၏ ဝိညာဉ်ထံသို့ ဦးတည်လိုက်သည်။ သူတို့နှစ်ဦးလုံးသည် ဝိညာဉ် အရာဝတ္ထုများသာ ဖြစ်သည်။ သူတို့နှစ်ဦးကြားမှ တိုက်ပွဲသည် အသံမထွက်သော်လည်း ထိုတိုက်ပွဲသည် မယုံနိုင်လောက်အောင်ပင် ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။
ထိုအချိန်မှာပင် စုမင်မျက်ခုံးများအလယ်မှ ဓားအမှတ်အသားသည် ချက်ချင်း လင်းလက်သွားပြီး ကျောက်စိမ်း ဓားမြှောင်ငယ်လေးသည် စူးရှသံပြုလျက် ထွက်ပေါ်လာကာ စုမင်ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်သည်။ ၎င်းသည် သူ့ဆန္ဒနှင့်သူ ရွေ့လျားနေခြင်း ဖြစ်ပြီး ကျယ်လောင်သံ တစ်ခုနှင့်အတူ စစ်မာရှင်း၏လှံရှည်ဖြင့် တိုက်ခိုက်လိုက်သည်။
စစ်မာရှင်းအားပြန်လည်ဆန့်ကျင် တိုက်ခိုက်လိုက်သော စုမင်၏ တိုက်ခိုက်မှုသည် ပတ်ဝန်းကျင် ဧရိယာမှလူများ၏ အာရုံစူးစိုက်မှုကိုသာမက ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်များ၏ တောင်ထွတ်ကိုးခုမှ အစွမ်းထက် မာန်စွမ်းအားရှင် အချို့၏ အာရုံကိုပင် စွဲဆောင်သွားနိုင်ခဲ့ပြီး မျိုးဆက်ဟောင်းမှ လူအချို့သည်ပင် ကြည့်ရှုလာခဲ့ကြသည်။
နဝမတောင်ထွတ်ပေါ်တွင် စုမင်အစ်ကိုနှစ်သည် ငုတ်တုတ်ထိုင်ကာ အပင်များကို ဂရုစိုက်နေခဲ့သည်။ သူသည် မကြာခဏဆိုသလို မြည်ဟည်းသံများ ထွက်ပေါ်နေရာ ဘက်ဆီသို့ ခေါင်းကိုမော့ကြည့်ကာ ခေါင်းခါယမ်းလေ့ရှိသည်။
“တတိယလေးက သူ့အိပ်မက်ထဲဝင်ဖို့ ကျရှုံးတာနဲ့ ဘယ်နှစ်ကြိမ်များ အခုလိုလုပ်နေတာလဲ။ အား.... သူတစ်ခုခုလှုံ့ဆော်ခံလိုက်ရပြီဆိုတာနဲ့ တခြားသူတွေကို ပြန်တိုက်ဖို့ သူ့အိပ်မက်ထဲကို ချက်ချင်း ဝင်ချင်တော့တာပဲ။ အဲဒါ မကောင်းဘူး”
ထျန်းရှဲ့ကျီသည် ကျေနပ်နေသော အပြုံးတစ်ခုဖြင့် တောင်ထိပ်တွင်ကာ မြည်ဟည်းသံများ ထွက်ပေါ်နေရာဆီသို့ လှမ်းကြည့်နေခဲ့သည်။
“မဆိုးဘူး။ လုံးဝမဆိုးဘူး။ သူ့ကို သင်ခန်းစာကောင်းကောင်းပေးလိုက်”
အခြားသူများသည်လည်း တခြားတောင်များပေါ်တွင် စုရုံးလျက်ရှိသည်။ သူတို့ တိုက်ပွဲကို ကြည့်နေကြသည်မှာ အေးခဲကောင်းကင်ကလန် ဆီးနှင်းဖုံးလွင်ပြင်များတွင် ထူးဆန်းသော မြင်ကွင်း တစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ ထို့အတူပင် စတုတ္ထတောင်ထွတ်တွင်လည်း ဝတ်ရုံအနီနှင့် လက်ဝဲတော်ရံသည် တောင်ထိပ်ပေါ်မှ လေးနက် တည်ကြည်သော အမူအရာဖြင့် ရပ်ကြည့် နေခဲ့သည်။
‘ကျောက်စိမ်းအလင်းဓား... အဲဒါ ဟန်ခုန်းရဲ့ ရတနာပဲ... ဘာလို့ ဒီကောင်လေးလက်ထဲ ရောက်နေတာလဲ’
သူမျက်မှောင်ကြုတ် သွားမိသော်လည်း နဝမတောင်ထွတ်ထံ လှမ်းကြည့်လိုက်မိသည်နှင့် ခေါင်းကို ခါယမ်းလိုက်မိပြီး ဤကဲ့သို့ အသေးအဖွဲကိစ္စသဖွယ် ထင်ရသော အရာမျိုးနှင့် စိတ်အနှာင့်အယှက် အဖြစ်မခံရန်သာ ဆုံးဖြတ်လိုက်မိသည်။
သူ့အပြင် မျိုးဆက်ဟောင်းမှ အခြားသူများသည်လည်း တခြားတောင်ထွတ်များပေါ်တွင် ပေါ်လာကြပြီး သူတို့၏သက်ဆိုင်ရာနေရာများမှနေ၍ တိုက်ပွဲကို အာရုံစိုက်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် သတ္တမတောင်ထွတ်၏ တောင်စောင်းနေရာတွင် ဝတ်ရုံအနီ ဝတ်ဆင် ထားသော အမျိုးသမီးတစ်ဦး ရှိနေခဲ့သည်။ သူမသည် ကျောက်တုံးကြီး တစ်တုံးပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်။ သူမ၏ အနက်ရောင် ဆံပင်များသည် ပုခုံးပေါ်တွင်ဝဲဖြာကျဆင်းနေကြပြီး လေဖြင့် ပင့်တင်ခံလိုက်ရချိန်တွင် အောက်ဘက်ရှိ နှင်းလိုဖြူဖွေးသော အသားအရေက ထွက်ပေါ်လာလေ့ ရှိသည်။
ဆန့်ကျင် တိုက်ခိုက်နေကြသူ နှစ်ဦးကိုကြည့်နေချိန်တွင် သူမမျက်နှာထက်၌ ကြင်နာသော အမူအရာတစ်ခု ရှိနေခဲ့သည်။ အချိန်အများစုတွင် သူမအကြည့်က စုမင်အပေါ်တွင် ကျရောက်နေခဲ့ခြင်း ဖြစ်သည်။
“ရုပ်နယ်လွန်နယ်ပယ်ရဲ့ စစ်နတ်ဘုရားတစ်ပါး၊ ပြီးတော့ အဲလို မာန်အမှတ်အသားမျိုးနဲ့... သူ့နာမည်က ဘာတဲ့လဲ”
အမျိုးသမီး၏ နောက်တွင် မိန်းကလေး အနည်းငယ် ရပ်နေကြသည်။ ၎င်းတို့အထဲမှ တစ်ယောက်က သူမကို အလျင်အမြန်ပြန်ဖြေလိုက်သည်။ “သူ့နာမည်က စုမင်ပါ၊ စီနီယာအစ်မကြီး။ သူက နဝမတောင်ထွတ်ရဲ့ တပည့်တစ်ယောက်ပါ”
ယခုအချိန်တွင် လူအုပ်၏အာရုံကို ဆွဲဆောင်ထားနိုင်သော တိုက်ပွဲသည် ၎င်း၏ အပြင်းထန်ဆုံး အခြေအနေသို့ မရောက်ရှိသေးပေ။ ကျောက်စိမ်း ဓားမြှောင်ငယ်လေးသည် တောက်ပသွားပြီး တိုးဝင်လာနေသော လှံရှည်အား ထွင်းဖောက် တိုးဝင်သွားခဲ့သည်။ မြည်ဟည်းသံများ မပျောက်ကွယ်သေးခင်မှာပင် ပစ္စည်းနှစ်ခု ထိခတ်သွားသံက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့လေသည်။
များပြားလှသော လျှပ်စီးအလင်းတန်းများသည် စုမင်ခန္ဓာကိုယ်တွင် ကူးခပ် ဖြစ်ပေါ် လာကြပြီးနောက် လျှပ်စီး အလင်းစက်များ အသွင်ပြောင်းလျက် စစ်မာရှင်းထံ တိုးဝင်သွားကြသည်။ ကောင်းကင်တွင် မိုးထစ်ချုန်းသံများ မြည်ဟည်းလာပြီး ကြည့်လိုက်သည်နှင့်ပင် လျှပ်စီးများက ကျဆင်းလာတော့မည် ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
သို့သော် စစ်မာရှင်းသည် အေးခဲကောင်းကင် ကလန်၏တပည့် ဖြစ်သည်။ သူရိုးရေစတေး နယ်ပယ်သို့ မရောက်သေးသောအချက်ကို စုမင်မြင်ကောင်းမြင်နိုင်သော်လည်း သူ့တွင်ရှိသော နတ်ဘုရား စွမ်းရည်များနှင့် မာန်အကြောမျှင်များမှာ အဆုံးမရှိပေ။
သူ့လက်အတွင်းရှိ ဝံပုလွေဖြူနှင့် ရေခဲလှံတံတို့သည် သေချာပေါက်ပင် သာမန်အရာများ မဟုတ်ပေ။ တစ်ချိန်တည်းမှာပင် သူ့ပတ်ဝန်းကျင်တွင် ဝန်းရံနေသော ဆီးနှင်းများသည် စုမင်၏ လျှပ်စီးများနှင့် တိုက်ခိုက်နေကြသလို ကျောက်စိမ်းဓားမြောင်နှင့် ရေခဲလှံတံ၊ ဟယ်ဖုန်းနှင့် ဝံပုလွေဖြူ တို့သည်လည်း အချင်းချင်း တိုက်ခိုက်လျက် ရှိကြသည်။ တိုက်ပွဲသည် ၎င်း၏ အပြင်းထန်ဆုံး အခြေအနေသို့ မရောက်ရှိသေးသော်လည်း ရောက်ရှိရန် သိပ်မလိုတော့ပေ။
ဤသည်မှာ အချိန်တိုအတွင်း မဖြေရှင်းနိုင်သော တိုက်ပွဲတစ်ခု ဖြစ်သည်။ ယခုအချိန်တွင် စုမင်သည်လည်း ရုပ်နယ်လွန်နယ်ပယ်တွင် ရှိနေသော်ငြား စစ်မာရှင်းနှင့် ယှဉ်လျင်တော့ သူ့ကျင့်ကြံဆင့်က အတန်ငယ်နိမ့်နေဆဲပင် ဖြစ်သည်။
သို့သော် သူသည် သွေးကြော ၉၉၉ကြောနှင့် ရုပ်နယ်လွန်ခဲ့သော မာန်စွမ်းအားရှင် တစ်ဦးဖြစ်ပြီး စိတ်ကို ရှင်းလင်းခြင်း ပညာရပ်ကိုလည်း နားလည် သဘောပေါက် ထားခဲ့သည်။ သူ၏ နတ်ဘုရား စွမ်းရည်များနှင့် မူလ မာန်အကြောမျှင်တို့ကြောင့် ရိုးရေစတေး နယ်ပယ်အောက်မှ လူများနှင့် တိုက်ခိုက်နိုင်ပေသည်။
ကျောက်စိမ်းဓားမြှောင်နှင့် ရေခဲလှံတံ၊ စုမင်၏ လျှပ်စီးနှင့် စစ်မာရှင်း၏ ရေခဲများ တိုက်ခိုက်နေကြချိန်တွင် စုမင်သည် တည်ငြိမ်သောအမူအရာဖြင့် နောက်သို့ ခြေလှမ်း အနည်းငယ်ခန့် ရုတ်တရက် ဆုတ်လိုက်သည်။ နောက်သို့ ဆုတ်နေချိန်မှာပင် ညာလက်ဖြင့် ရင်ဘတ်ထဲသို့ နှိုက်လိုက်သည်။ သူ့လက်ကို ပြန်ရုတ်လိုက်ချိန်တွင် သူ့လက်ထဲ၌ စက်ဝိုင်းပုံ ဆေးလုံး တစ်လုံး ရုတ်တရက် ပေါ်လာခဲ့သည်။
ထိုဆေးလုံးထဲတွင် ဆီးနှင်းပန်းပွင့် တစ်ခုအား ချိပ်ပိတ်ထားပြီး ၎င်းတွင် နှစ်လိုဖွယ် ခံစားမှုတစ်မျိုး ရှိနေသည်။ ဆေးလုံးသည် အေးစက်မှုတစ်ခုကို ထုတ်လွှတ်နေပြီး ၎င်းထံမှ မှိန်ဖျော့ဖျော့ အလင်းတစ်ခု ပျံ့နှံ့ထွက်ပေါ် နေခဲ့သည်။
ထိုအရာသည် စုမင်၏ ဝိညာဉ်လုယက်ပင်ဖြစ်သည်။
သူသည် ထိုဆေးလုံးကို ဖန်တီးပြီးခဲ့ချိန်မှစ၍ ဖန်းမုအားကုသပေးချိန်တွင်သာ တစ်ကြိမ် အသုံးပြုခဲ့သည်။ အမှန်တစ်ကယ်တွင်၊ ဤတစ်ကြိမ်သည် ဆေးလုံးအား တိုက်ပွဲထဲတွင် ထုတ်ယူလိုက်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဝိညာဉ်လုယက်ကို ထုတ်ယူလိုက်သည်နှင့် ၎င်းသည် လေထဲတွင် စတင်လည်ပတ် လာခဲ့သည်။ စုမင်သည် စစ်မာရှင်းကို ညွှန်ပြလိုက်ချိန်တွင် ဆေးလုံးသည် စစ်မာရှင်းထံသို့ အလင်းတန်းရှည် တစ်ခုအသွင်ဖြင့် တိုးဝင်သွားလေသည်။
စုမင် ဝိညာဉ်လုယက်ကိုထုတ်ယူလိုက်ချိန်တွင် စစ်မာရှင်း၏ အမူအရာက ပိုမိုလေးနက် သွားရသည်။ သူသည် စုမင်လက်ထဲမှ ဆေးလုံးကို ငေးကြည့်လိုက်မိချိန်တွင် သူ့မျက်လုံးများထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာပြီး နောက်သို့ ခြေလှမ်း အနည်းငယ်ခန့် ဆုတ်လိုက်မိသည်။
တစ်ချိန်တည်းမှာပင် သူသည် ပါးစပ်ကို ကျယ်ကျယ်ဟလိုက်ရာ သူ့ပါးစပ်အတွင်းမှ အနက်ရောင် ပိုးကောင်တစ်ကောင် ပျံထွက်လာခဲ့သည်။ ၎င်းသည် လက်ချောင်း၏ လက်ဆစ် တစ်ဆစ်ခန့်အရွယ်ရှိပြီး တုတ်ချောင်း သေးသေးလေးတစ်ချောင်း ပုံစံမျိုးဖြစ်သည်။ အကယ်၍ ၎င်းသည်သာ လေထဲတွင် တွန့်လိမ်ကာ ပျံသန်းနေခြင်း မဟုတ်လျှင် မည်သူမဆို ထိုအရာသည် အမှန်တကယ် ပိုးကောင်တစ်ကောင်ဖြစ်ကြောင်း ပြောနိုင်ရန် ခက်ခဲနေပေလိမ့်မည်။
ထိုပိုးကောင်လေးသည် ပျံသန်း ထွက်ပေါ်လာသည်နှင့် အတောင်ပံများကို ဖြန့်ထုတ်လိုက်ရာ ၎င်း၏ တုတ်ချောင်းပုံစံ ခန္ဓာကိုယ်တွင် ပါးလွှာသော အတောင်ပံလေးစုံ ပေါ်လာခဲ့သည်။ ထိုပိုးကောင်၏ ခေါင်းသည် အစိမ်းရောင် အလင်းတို့ တောက်ပနေသဖြင့် ၎င်းပုံစံက အတန်ငယ် ကြောက်စရာ ကောင်းနေချေသည်။
ပိုးကောင် ပေါ်လာချိန်မှာပင် လူတိုင်း၏စိတ်ကို ထိုးဖောက်သွားသည့် စူးရှသော တဝီဝီမြည်သံ တစ်ခုနှင့်အတူ အငြိုးအတေး အရှိန်အဝါတစ်ခုသည်လည်း ၎င်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။
ထိုပိုးကောင်သည် အစိမ်းရောင် အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားသော်လည်း စစ်မာရှင်းထံသို့ ဦးတည်လာနေသော ဝိညာဉ်လုယက်ထံ တိုးဝင်သွားခဲ့ခြင်းတော့ မဟုတ်ပေ။ ထိုအစား ၎င်းသည် ဆေးလုံးကို ဖြတ်ကျော်သွားပြီး စုမင်ဆီသို့သာ တိုးဝင်သွားခြင်းဖြစ်သည်။
ထိုပိုးကောင်သည် စစ်မာရှင်းတွင်ရှိသော ပစ္စည်းများအနက် ခုနစ်ရောင်ခြယ်တောင်မှလွဲ၍ အဖိုးတန်ဆုံး အရာတစ်ခုဟု ပြော၍ရသည်။ သူသည် ထိုပိုးကောင်ကို ရရှိထားခဲ့ပြီး မကြာသေးခင်ကမှ ထိုပိုးကောင်နှင့် သူ့ကြား၌ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ချက် သေးသေးလေး တစ်ခု တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုပိုးကောင်ကို သူအကြိမ်ကြိမ် စမ်းသပ်ခဲ့ဖူးပြီး ဤပိုးကောင် မထွင်းဖောက်နိုင်သည့် မည်သည့် အရာကိုမှ စစ်မာရှင်းမမြင်ခဲ့ဖူးပေ။ ယခင်က ဤပိုးကောင်ကို အရာဝတ္ထုများစွာပေါ်တွင် စမ်းသပ်ခဲ့ပြီး ၎င်းတို့အားလုံးသည် တူညီသောနည်းလမ်းဖြင့်သာ အဆုံးသတ် သွားခဲ့ကြရသည်။
အကယ်၍ စုမင်သည် စစ်နတ်ဘုရား၏ ချပ်ဝတ်ကို အသုံးပြုထားပြီး အခြားမည်သည့် နတ်ဘုရား စွမ်းရည်မျိုးကမှ စုမင်အား အန္တရာယ်ဖြစ်စေနိုင်ရန် ခက်ခဲခြင်းကြောင့်သာ မဟုတ်လျှင် စစ်မာရှင်း ဤပိုးကောင်ကို အသုံးပြုခဲ့မိလိမ့်မည် မဟုတ်ပေ။ ယခုအချိန်တွင်တော့ သူဖန်းမု ကိုယ်ထဲတွင် စိုက်ပျိုးထားခဲ့သော မာန်မျိုးစေ့ကို အထဲတွင်ထည့်ကာ ချိပ်ပိတ်ထားသော ထူးဆန်းသည့် အရာဝတ္ထုနှင့် ရင်ဆိုင်လိုက်ရသည့်အပြင်၊ သူ စုမင်ကို သေစေချင်သောကြောင့်သာ အသုံးပြုလိုက်ခြင်း ဖြစ်သည်။ အနည်းဆုံးအနေဖြင့် စုမင်သည် မသေခဲ့လျှင်တောင် ဒဏ်ရာ အပြင်းအထန် ရသွားခဲ့လျှင်တောင် သူ့စွမ်းအားက ကျဆင်းသွားပေလိမ့်မည်။
ထိုသို့လုပ်လိုက်ခြင်းဖြင့် စစ်မာရှင်းသာ အေးခဲကောင်းကင် လိုဏ်ဂူကို ရှင်းလင်းပြီး ကောင်းကင်ဘုံ တံခါးဝသို့ ဝင်ရောက်ပြီးသည်နှင့် စုမင်သည် မည်မျှပင် လျင်မြန်စွာ တိုးတက်လာပါစေ အရေးမကြီးတော့ပေ။ စုမင်သည် သူ့အတွက် ခြိမ်းခြောက်မှု တစ်ခုအဖြစ် ဆက်လက် တည်ရှိနေတော့မည် မဟုတ်ပေ။
ဝိညာဉ်လုယက်နှင့် ပိုးကောင်ငယ်တို့ တစ်ခုနှင့်တစ်ခု ဖြတ်ကျော်သွားပြီး သူ့ထံသို့ ဝိညာဉ်လုယက် နီးကပ်လာချိန်တွင် စစ်မာရှင်းသည် လျှာကိုကိုက်ကာ သွေးတို့ကို ထွေးထုတ်လိုက်ပြီး ရှေ့သို့ ခြေလှမ်း အနည်းငယ်လှမ်းကာ သွေးပုံရိပ်ကြီးအဖြစ် ပြောင်းလဲ လိုက်သည်။ သူသည် သူ၏ သွေးမြူများဖြင့် ပေါင်းစပ် သွားသည်မှာ ရုပ်ဝတ္ထု အကောင်အထည် ရှိနေရမည့်အစား ပုံရိပ်ယောင် မြူခိုးအလွှာ တစ်ခုအဖြစ် ပြောင်းလဲ သွားသကဲ့သို့ပင်။ ၎င်းမြူခိုး အလွှာသည် ဝိညာဉ်လုယက်၏ စွမ်းအားကို ရှောင်ရှားနိုင်သည့်အလား အပြင်ဘက်သို့ ပျံ့နှံ့သွား၏။
သို့သော် သူရှောင်တိမ်းရန် ပြင်လိုက်ချိန်မှာပင် ဝိညာဉ်လုယက်က လေထဲ၌ ရုတ်တရက် ရပ်တန့် သွားခဲ့သည်။ ၎င်းထံမှ စစ်မာရှင်းကိုပင် တုန်လှုပ် သွားစေသည့် မယုံနိုင်လောက်အောင်ပင် အစွမ်းထက်သော စုပ်ယူအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုစုပ်ယူအားသည် ပတ်ဝန်းကျင် ဧရိယာ တစ်ဝိုက်မှ သွေးမြူများအားလုံးကို ဖမ်းဆုပ်မိ သွားပြီး သွေးမြူများသည် စုပ်ယူခံရတော့မည့် အရိပ်အယောင်များ စတင်ပြလာခဲ့သည်။
သွေးမြူများသည် မရပ်မနား ရုန်းကန် လှုပ်ရှားလာကြပြီး ထိုအတွင်းမှ စစ်မာရှင်း၏ မျက်နှာက ထွက်ပေါ်လာခဲ့သလို သူ့မျက်နှာထက်တွင်လည်း ထိတ်လန့် တုန်လှုပ်ဟန် အရိပ်အယောင် တစ်ခု ရှိနေခဲ့၏။ သို့သော် သူအံကြိတ်လိုက်သည်နှင့် ပုံရိပ်ယောင် သွေးမြူများသည် ချက်ချင်းပင် အပိုင်းနှစ်ပိုင်း ပိုင်းခြားသွားခဲ့သည်။ တစ်ပိုင်းသည် ဝိညာဉ် လုယက်ထဲသို့ စုပ်ယူခံလိုက်ရပြီး ကျန်တစ်ခုကမူ အဝေးသို့လျင်မြန်စွာ ပြန်ဆုတ်သွာကာ ဆေးလုံးနှင့် အဝေးသို့ ရောက်သွားသော အခါ၌ စစ်မာရှင်းအဖြစ် ပြန်လည် ပြောင်းလဲ သွားလေသည်။
စစ်မာရှင်း၏ မျက်နှာသည် ဖြူရော်နေပြီး အသက်ကိုပင် ပြင်းပြင်း ရှူရှိုက်လိုက်ရ၏။
“အဲပစ္စည်းက ဘာကြီးလဲ”
စုမင်သည်လည်း အလားတူပင် တုန်လှုပ်နေခဲ့ရခြင်း ဖြစ်သည်။ သူသည် ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် လျင်မြန်စွာ ဆုတ်ခွာနေသော်လည်း သူ့ထံဦးတည်လာနေသော ပိုးကောင်ကို သူခါမထုတ်နိုင်ခဲ့ပေ။
ထိုပိုးကောင်သည် သူ့ထံသို့ ချက်ချင်းနီးကပ်လာပြီး ကျောက်စိမ်း ဓားမြှောင်ငယ်နှင့် တိုက်မိ သွားခဲ့သည်။ ၎င်းသည် ကျောက်စိမ်း ဓားမြှောင်ငယ်ကို ဖြတ်ကျော်လာပြီး စုမင်ထံသို့ ထပ်မံ နီးကပ်လာခဲ့ပြန်သည်။ ပိုးကောင်ငယ်သည် လေထဲတွင် ဖြတ်သန်း ကူးခပ်နေသော လျှပ်စီး အလင်းတန်းများကိုပင် လျစ်လျူရှုထားခဲ့၏။ စုမင် ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စီးများဖြင့် ဖုံးအုပ်ထားသော်လည်း ၎င်းကအရှိန်ပင်နှေးမသွားခဲ့ချေ။ ဆူညံသံ တစ်ခုနှင့်အတူ ၎င်းသည် စုမင်၏ စစ်နတ်ဘုရား ချပ်ဝတ်ကိုလည်း ထွင်းဖောက် သွားပြန်သည်။
သို့သော် ၎င်းသည် စုမင်ခန္ဓာကိုယ်ကို ထိုးဖောက်တော့မည့် အချိန်တွင် ကျယ်လောင်သော ခေါင်းလောင်းသံ တစ်သံသည် စုမင်ကိုယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ အန္တရာယ်နှင့် ရင်ဆိုင် လိုက်ရချိန်တွင် ဟန်တောင်တန်း ခေါင်းလောင်းသည် စစ်နတ်ဘုရားချပ်ဝတ်နှင့် စုမင်၏ ခန္ဓာကိုယ်ကြားထဲ၌ ရုပ်ဝတ္ထုအဖြစ် အကောင်အထည် ပေါ်လာခဲ့သည်။ နောက်ဆုံးတွင်တော့ ခေါင်းလောင်းက ပိုးကောင်၏တိုက်ခိုက်မှုကို ရပ်တန့်လိုက်နိုင်ချေသည်။
လေထုထဲသို့ ခေါင်းလောင်းသံ ပဲ့တင်ထပ်သွားချိန်တွင် စုမင်ပါးစပ်မှ သွေးများစီးကျလာပြီး ပေရာအနည်းငယ်ခန့် နောက်သို့ လွင့်ထွက် သွားခဲ့ရသည်။
“အဲဒီပိုးကောင်က ဘာများလဲ”
စုမင်သည် ခေါင်းကို အလျင်အမြန် မော့ကြည့်လိုက်မိသည်။ သူ့မေးခွန်းသည် စစ်မာရှင်း၏ မေးခွန်းနှင့် တစ်ချိန်တည်းလိုလို ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုအချိန်တွင် ထူးဆန်းသော ခံစားချက်တစ်ခုသည် စုမင်နှလုံးသားထဲ၌ ဖြစ်ပေါ်လာခဲ့သည်။ အလားတူ ခံစားချက်မျိုးသည်ပင် စစ်မာရှင်း၏ နှလုံးသားထဲ၌ ဖြစ်ပေါ်လာခဲ့လေသည်။
“သူတို့နှစ်ယောက်က... အရမ်းတူတာပဲ...” လူအုပ်ထဲရှိ တစ်စုံတစ်ယောက်က ရေရွတ်လိုက်သည်။
***