← Chapters

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အခန်း (၃၃၄-၃၃၆)

Vol. 23 Ch. 334-336

အပိုင်း (၃၃၄) - နိုးလာခြင်းနှင့် ဗီဇပြောင်းလဲခြင်း

စွမ်းအင်အမြုတေ အပိုင်းအစတွေဆိုတာ တကယ်တော့ ဒီလုပ်ဆောင်ချက် နှစ်ခုပဲ ရှိတာ မဟုတ်လား။

စွမ်းအင်အမြုတေ အပိုင်းအစတွေက အနီးအနားက ဗီဇပြောင်းသတ္တဝါတွေကို သတ်ဖြတ်နိုင်သလို၊ ပတ်ဝန်းကျင် နယ်မြေအကျယ်အဝန်းကြီးတစ်ခုလုံးရဲ့ အပူချိန်ကိုလည်း ပြောင်းလဲပေးနိုင်စွမ်း ရှိပေသည်။

ယခု ဤအပြာရောင်အဆင့် သစ်ပင်အိမ်အူတိုင်ဟာ ဧရာမလူသားတွေရဲ့ စွမ်းအင်အမြုတေ အပိုင်းအစတွေနဲ့ တကယ့်ကို ဆင်တူလှပေရာ ၎င်းကို စွမ်းအင်အမြုတေရဲ့ အားနည်းတဲ့ ဗားရှင်းတစ်ခုလို့ပင် ဆိုနိုင်ပေသည်။

သူသည် အူတိုင်၏ဘေးတွင် ရှိနေစဉ်မှာပင် တစ်ကိုယ်လုံး နွေးထွေးလာသည်ကို အမှန်တကယ် ခံစားခဲ့ရသလို၊ ပတ်ဝန်းကျင် အပူချိန်မှာလည်း မြင့်တက်လာခဲ့ချေပြီ။

"အီး"

ခဲခဲလေးသည် ရွှီရှင်း၏ ပုခုံးပေါ်သို့ တွယ်တက်လာကာ အူတိုင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပြီး သူမ၏ လက်သည်းလေးဖြင့် လှမ်းယူရန် ကြိုးစားနေသဖြင့် ရွှီရှင်းက နောက်သို့ အသာအယာ တွန်းဖယ်လိုက်ရ၏။

ဒီအရာက ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။

"အပူချိန် ပြောင်းလဲသွားတာကို နင် ခံစားရလား"

ရွှီရှင်းက လုဖေးအာဘက်သို့ လှည့်ကာ မေးလိုက်သည်။

"အင်း... ရှင် အူတိုင်ကို ထုတ်လိုက်တာနဲ့ ပတ်ဝန်းကျင်က ချက်ချင်း နွေးလာတာပဲ" လုဖေးအာ ခေါင်းညိတ်ပြ၏။

ထို့နောက် သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး "ပိုပြီး ဝေးသွားလေလေ၊ အနွေးဓာတ်က လျော့သွားလေလေပဲ။ ဒီနေရာမှာဆိုရင်တော့ ပတ်ဝန်းကျင် အပူချိန်နဲ့ သိပ်မကွာတော့ဘူး"

ထိုအချိန်တွင် သူမသည် ရွှီရှင်းနှင့် ငါးမီတာခန့် အကွာ၌ ရပ်နေခြင်း ဖြစ်သည်။

ကြည့်ရသည်မှာ အလယ်အလတ်အဆင့် သစ်ပင်အိမ်အူတိုင်၏ လုပ်ဆောင်ချက်မှာ ဧရာမလူသားများ၏ စွမ်းအင်အမြုတေ အပိုင်းအစများနှင့် နှိုင်းယှဉ်လျှင် များစွာ အားနည်းလှပေသည်။

ဧရာမစွမ်းအင်အမြုတေ၏ နို့နှစ်ရောင် အလင်းတန်းမှာ ပတ်ဝန်းကျင် မီတာ တစ်ရာခန့်အထိ အကျိုးသက်ရောက်မှု ရှိသည် မဟုတ်ပါလား။

ဒါ့အပြင် သူ၏လက်ထဲက စွမ်းအင်အမြုတေ အပိုင်းအစဆိုသည်မှာလည်း ဧရာမလူသား၏ မူလစွမ်းအား ၁၂ ပုံ ၁ ပုံသာ ရှိသေးရာ ၎င်း၏ မူလစွမ်းအား အပြည့်အဝရှိစဉ်က မည်မျှအထိ အစွမ်းထက်လိုက်မလဲဆိုသည်မှာ မှန်းဆရန်ပင် ခက်ခဲလှပေသည်။

သို့သော်လည်း ထိုကဲ့သို့သော အခြေအနေမှာပင် သွေးရောင်မျိုးနွယ်စု ရဲ့ နှိပ်ကွပ်ခြင်းကို ခံခဲ့ရပြီး ၁၂ ပိုင်းအဖြစ် ခွဲကာ ကမ္ဘာအနှံ့ ပြန့်ကျဲသွားအောင် လုပ်ဆောင်ခြင်း ခံခဲ့ရသည် မဟုတ်ပါလား။

ဤကမ္ဘာ၌ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိရန် လမ်းစဉ်မှာ တကယ့်ကို ရှည်လျားပြီး ခက်ခဲလွန်းလှပေသည်။

ရွှီရှင်းသည် အူတိုင်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် မြေပြင်ပေါ်တွင် သတိလစ်နေဆဲဖြစ်သော မာဟုန်ဝေကို လှည့်ကြည့်လိုက်၏။

သူ့ကို ဒီအတိုင်းကြီး ပြန်သယ်သွားဖို့က တော်တော်လေး အလုပ်ရှုပ်လှပေသည်။

ဒီနေရာမှာတင် သူ့ကို စာချုပ်ချုပ်လိုက်ပြီးမှ လက်ပတ်ထဲကို ထည့်သွားတာက ပိုပြီး ကောင်းမွန်ပေလိမ့်မည်။

အခုဆိုရင် မီမီ၊ ငွေရောင်ဘုရင်နဲ့ အာဖုတို့လည်း ဒီမှာ ရှိနေကြသလို မာဟုန်ဝေမှာလည်း ခိုလှုံရာ သစ်ပင်အိမ် မရှိတော့ပေ။

သူ တိုက်ခိုက်လို့လည်း မရ၊ ထွက်ပြေးလို့လည်း မရသဖြင့် လိမ္မာပါးနပ်စွာဖြင့် စာချုပ်ချုပ်ဆိုခြင်းကို လက်ခံရုံမှတစ်ပါး အခြားမရှိတော့ပေ။

ရွှီရှင်း သူ၏ဘေးသို့ လျှောက်သွားလိုက်ရာ မီမီ၊ငွေရောင်ဘုရင်နှင့် အာဖုတို့က အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ကြသည်။

သူ့ကို တစ်ဖက်သို့ လှန်လိုက်ပြီးနောက် ရွှီရှင်းသည် ကျောပိုးအိတ်ထဲမှ ဆေးပုလင်းအသေးလေး တစ်လုံးကို ထုတ်ယူကာ အနီရောင် ဆေးလုံးတစ်လုံးကို လောင်းချလိုက်၏။

"ဟင် ရှင်က သူ့ကို ဒီအတိုင်းကြီး ကျွေးတော့မလို့လား"

ရွှီရှင်း၏ လုပ်ရပ်ကြောင့် လုဖေးအာ အံ့သြသွားရသည် "သူ့ကို အရင် နှိုးဦးမှာ မဟုတ်ဘူးလား"

"အလုပ်ရှုပ်ပါတယ်၊ အကယ်၍ သူက မစားဘူးလို့ ငြင်းနေရင် ပိုပြီး အားစိုက်နေရဦးမှာပေါ့"

ရွှီရှင်းသည် မာဟုန်ဝေ၏ ပါးစပ်ကို ဖြဲလိုက်ပြီး ဆေးလုံးကို အထဲသို့ ထိုးထည့်လိုက်ကာ ရေအနည်းငယ်ကိုပါ လောင်းထည့်လိုက်တော့သည်။

မာဟုန်ဝေသည် အနည်းငယ် သီးသွားသကဲ့သို့ ဖြစ်သွားသော်လည်း ထို့နောက်တွင်မူ ဆေးလုံးကို တိုက်ရိုက် မျိုချလိုက်လေတော့သည်။

"ပြီးပြီ။"

ရွှီရှင်း မတ်တတ်ရပ်လိုက်ပြီး စိတ်အေးသွားသည့် အပြုံးမျိုး ဖော်ပြလိုက်၏။

"အခုတော့ သူ့ကို ဗီဇပြောင်းလဲစေပြီး စာချုပ်ချုပ်ဖို့ပဲ ကျန်တော့တယ်"

"ရှင်က သူ့ကို ဘယ်လိုနည်းနဲ့ ဗီဇပြောင်းလဲအောင် လုပ်မှာလဲ၊ ရှင်... မဟုတ်မှလွဲရော..."

လုဖေးအာ သူမ ဗီဇပြောင်းလဲခဲ့စဉ်က မြင်ကွင်းကို ပြန်လည်အမှတ်ရမိသွားကာ တစ်ကိုယ်လုံး တုန်ရီသွားခဲ့ရသည်။

လည်ပတ်လှီးဖြတ်ခံရသည့် နာကျင်မှုနှင့် သွေးများ ပန်းထွက်လာသည့် ခံစားချက်မှာ သူမ၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်ပေသည်။

"တခြား ဘာလုပ်လို့ ရဦးမှာလဲ။ နင့်ကို လုပ်ခဲ့သလိုမျိုးပေါ့"

ရွှီရှင်း လှံရှည်ကြီးကို ထုတ်ယူလိုက်ကာ ပုခုံးကို အသာအယာ လှုပ်ရှားလိုက်သည်။

ထိုလှံရှည်ကြီးကို မြင်လိုက်ရသောအခါ လုဖေးအာ နှုတ်ဆိတ်သွားတော့၏။

သူမ၏ စိတ်ဒဏ်ရာမှာ နောက်တစ်ကြိမ် ပြန်လည် ပေါ်ထွက်လာခဲ့ချေပြီ။

ဒီလူကြီးကတော့ တကယ့်ကို ကြောက်စရာကောင်းလှ၏။

ရွှီရှင်းသည် မြေပြင်ပေါ်တွင် လဲနေသော မာဟုန်ဝေကို ကြည့်လိုက်၏။

ဆေးလုံးကို မျိုချပြီးနောက်တွင် ဗီဇပြောင်းလဲနိုင်သည့် လမ်းကြောင်း နှစ်ခု ရှိပေသည်။

တစ်ခုမှာ မိမိဆန္ဒအလျောက် အသက်သွင်းခြင်းဖြစ်ပြီး အခြားတစ်ခုမှာ သေလုမျောပါး အခြေအနေနှင့် ရင်ဆိုင်ရသည့်အခါ အလိုအလျောက် ဗီဇပြောင်းလဲသွားခြင်းပင်။

ထို့ကြောင့် မာဟုန်ဝေ နိုးမလာစေကာမူ ပြဿနာ မရှိပါပေ။

အရင်က လုဖေးအာကို လုပ်ခဲ့သလိုမျိုးပင် သူ၏ လည်ကို တစ်ချက်တည်းနှင့် လှီးဖြတ်လိုက်ကာ သေလုမျောပါး အခြေအနေသို့ ရောက်အောင် လုပ်လိုက်ရုံနှင့် သူသည် တိုက်ရိုက် ဗီဇပြောင်းလဲသွားပေလိမ့်မည်။

အဲဒီကျမှ သူ့ကို အနိုင်တိုက်ပြီး စာချုပ်ချုပ်ခိုင်းလိုက်မည်ပေါ့။

ဒါဟာ အကောင်းဆုံး လုပ်ငန်းစဉ်ပင်။

ရွှီရှင်း လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် မာဟုန်ဝေထံမှ ညည်းတွားသံတိုးတိုးလေးတစ်ခုကို ကြားလိုက်ရသည်။

ထို့နောက် သူ၏ မျက်ခွံများ လှုပ်ခတ်လာကာ၊ အသက်ရှူသံမှာလည်း မမှန်မကန် ဖြစ်လာပြီး နှလုံးခုန်နှုန်းမှာလည်း မြန်လာခဲ့ချေပြီ။

သူ နိုးလာပြီလား။

ရွှီရှင်း သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်၏။

သူ နိုးလာတာကလည်း ကောင်းသောအချက်ပင်၊ သူ အတည်ပြုချင်တာလေး တစ်ခု ရှိနေသည် မဟုတ်ပါလား။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော မာဟုန်ဝေသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ ပြာလွင်နေသော ကောင်းကင်ကြီးကို မြင်တွေ့လိုက်ရသည်။

သူ ခေါင်းကို အသာအယာ လှည့်ကြည့်လိုက်သောအခါ သူ့အနားတွင် ရပ်လျက် သူ့အား စိတ်ဝင်တစား ကြည့်နေကြသော ရွှီရှင်းနှင့် လုဖေးအာတို့ကို မြင်လိုက်ရသလို မလှမ်းမကမ်းတွင်လည်း ထိုဗီဇပြောင်းသတ္တဝါကြီးများကို မြင်တွေ့လိုက်ရ၏။

"... နင်တို့"

သူ မြေပြင်ပေါ်မှ ချက်ချင်း ခုန်ထလိုက်သော်လည်း ဦးခေါင်းနောက်စိမှ စူးရှသော နာကျင်မှုတစ်ခု တိုးဝင်လာခဲ့သည်။

သူ လက်ဖြင့် လှမ်းစမ်းကြည့်လိုက်ရာ သွေးများဖြင့် စေးကပ်နေသည်ကို တွေ့လိုက်ရ၏။

"လုဖေးအာ ကူဟုန်ဟောင် နင်တို့ ငါ့ကို တကယ်ပဲ တိုက်ခိုက်ခဲ့တာလား။ ငါတို့က နယ်မြေတူတူပဲလေ၊ နင်တို့ ရူးနေကြတာလား"

မိမိ၏ ကိုယ်ပိုင်သစ်ပင်အိမ်ထဲမှာတင် သတိလစ်အောင် လုပ်ခံလိုက်ရလိမ့်မည်ဟု မာဟုန်ဝေ လုံးဝ မထင်ထားခဲ့ပါပေ။

"နယ်မြေတူချင်း တိုက်ခိုက်ရင် အပြစ်ပေးခံရမယ်ဆိုတာ နင်တို့ မသိဘူးလား။ ပြီးတော့ နယ်မြေတစ်ခုတည်းကလူတွေ နည်းသွားလေ ရှင်သန်နိုင်ခြေ ပိုနည်းလေပဲလေ။ နင်တို့ တကယ်တမ်း ဘာတွေ လုပ်နေကြတာလဲ။ ဘာလို့ ကိုယ့်လူအချင်းချင်း ပြန်တိုက်နေရတာလဲ"

မာဟုန်ဝေမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး ယိုင်တိုင်တိုင်နှင့် မြေပြင်ပေါ်သို့ ပြန်လည် ထိုင်ချလိုက်ရရှာသည်။

သူ၏ ခေါင်းမှာ အလွန်ပင် မူးဝေနေဆဲဖြစ်ပြီး လုဖေးအာ၏ ရိုက်ချက်ကြောင့် ဦးနှောက် အနည်းငယ် လှုပ်ခါသွားသဖြင့် စဉ်းစားရမှာလည်း ဝေဝါးနေပေသည်။

"အီး"

ခဲခဲလေးသည် မာဟုန်ဝေ၏ ဘေးတွင်ရပ်ကာ သူ့ကို အကဲခတ်နေစဉ် မာဟုန်ဝေ၏ အော်ဟစ်သံကြောင့် ထိတ်လန့်သွားကာ ရွှီရှင်း၏ အနောက်သို့ အမြန်ပြေးဝင်ပုန်းလိုက်ပြီး အော်ဟစ်နေသော မာဟုန်ဝေအား ရွှီရှင်း၏ ခြေထောက်ကြားမှ ခေါင်းပြူ၍ ချောင်းကြည့်နေတော့သည်။

"အီး"

မီမီ၊ ငွေရောင်ဘုရင်နှင့် အာဖုတို့ကတော့ ဘာမှ ထူးထူးခြားခြား တုံ့ပြန်ခြင်း မရှိကြပေ။

သူတို့အားလုံးက မာဟုန်ဝေအား အလွန်ပင် အားနည်းပြီး အရေးမပါသောသူ တစ်ဦးအဖြစ်သာ ခံစားမိနေကြခြင်းပင်။

မီမီသည် သမ်းပင် သမ်းလိုက်သေး၏။

"နင်က အဲဒါကို တကယ်ကြီး ယုံနေတာလား"

လုဖေးအာ သူမ၏ ရင်ဘတ်ပေါ်တွင် လက်ပိုက်ထားလျက် သူ့ကို စိတ်ပျက်သလို ကြည့်ကာ ဆိုလိုက်သည်။

"ဒါဟာ ငါတို့ အချင်းချင်း မသတ်ကြအောင် ကျန်းတောက်ကွမ် လျှောက်ပြောထားတဲ့ အလိမ်အညာဆိုတာ ထင်ရှားနေတာပဲ။ ဒီကမ္ဘာကြီးက ငါတို့တွေကို ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အဆင်ပြေအောင် နေခိုင်းမှာလဲ"

အခန်း ၃၃၄ ပြီး။

အပိုင်း (၃၃၅) - နိုးလာခြင်းနှင့် ဗီဇပြောင်းလဲခြင်း (၂)

"နင်... နင်..."

မာဟုန်ဝေမှာ လုဖေးအာ ပြန်ပြောလိုက်သောစကားကြောင့် ဆွံ့အသွားခဲ့ရသည်။

တကယ်တော့ သူကိုယ်တိုင်လည်း ကျန်းတောက်ကွမ် ခြောက်လုံးလှန့်လုံး ထုတ်နေခြင်းဖြစ်နိုင်သည်ဟု ခံစားမိ၏။

သို့သော် နယ်မြေတူသူချင်း အဖော်အဖြစ် သတ်မှတ်သင့်သည်မှာ မှန်ကန်သလို သူကိုယ်တိုင်လည်း အသက်စွန့်ရမည့်အန္တရာယ်မျိုးကို မလိုလားပါပေ။

ဤလူနှစ်ယောက်က ယခုကဲ့သို့ လုပ်ဆောင်လိမ့်မည်ဟု သူ တကယ်ကို မထင်ထားခဲ့ခြင်း ဖြစ်သည်။

ပြီးတော့...

"နင့်ရဲ့ စရိုက်က... စကားပြောပုံက..."

မာဟုန်ဝေမှာ သူ၏ဦးခေါင်းမှာ အတိုက်ခံထားရသဖြင့် ဝေဝါးနေဆဲဖြစ်ကာ ဇဝေဇဝါ ဖြစ်နေမိဆဲပင်။

အရင်က အေးစိမ့်ပြီး ခန့်ညားလှသော ခေါင်းဆောင်တစ်ဦးလို အမူယာထားခဲ့သော အမျိုးသမီးမှာ အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်သွားရသနည်း။

"ဪ... အဲဒါက ငါ ဟန်ဆောင်နေတာလေ။ နင်က ဒီလောက်အထိ အလိမ်အညာ ခံရလွယ်လိမ့်မယ်လို့ မထင်ထားဘူး၊ အတော်လေးကို အရူးလုပ်လို့ ကောင်းတာပဲ"

လုဖေးအာက သူမ၏ နှုတ်ခမ်းအစုံကို ကွေးညွတ်လိုက်ရင်း လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။

"ရွှီရှင်းနဲ့ ယှဉ်လိုက်ရင်တော့ နင်က အများကြီး နောက်ကျနေသေးတယ်"

"ဟန်ဆောင်တာ ဟုတ်လား..."

မာဟုန်ဝေမှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားရသည်။

"ဘာလို့လဲ..."

သူသည် လုဖေးအာ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုထားပြီးဖြစ်သလို သူ၏ အယူအဆအရ ဤရှေ့က လူနှစ်ယောက်မှာ အကျိုးစီးပွားတူညီသော နယ်မြေတူ သူငယ်ချင်းများ ဖြစ်ကြသဖြင့် အချင်းချင်း သတ်ဖြတ်ရန် အကြောင်းရင်း မရှိပါပေ...။

"... ရွှီရှင်း.. ရွှီရှင်း.."

မာဟုန်ဝေ ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

"နင် ခုနက ရွှီရှင်းလို့ ပြောလိုက်တာလား။ ရွှီရှင်းဆိုတာ... နယ်မြေ ၁၈၈ က... နယ်မြေအားလုံးမှာ နံပါတ်တစ် ဖြစ်တဲ့သူ မဟုတ်လား။ နင်က ရွှီရှင်းနဲ့ တွေ့ခဲ့တာလား"

ရွှီရှင်းနှင့် လုဖေးအာတို့ တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး နှစ်ဦးသား သဘောတကျ ရယ်မောလိုက်ကြတော့သည်။

"ဘာလို့ ရယ်နေကြတာလဲ"

မာဟုန်ဝေ၏ စိတ်အစဉ်မှာ အလွန်ပင် ရှုပ်ထွေးနေသလို ခေါင်းမူးဝေ နာကျင်ခြင်းများနှင့်အတူ သူ နောက်တစ်ကြိမ် မူးလဲတော့မည့်အလား ခံစားနေရ၏။

ရွှီရှင်း သူ၏ လှံရှည်ကြီးကို ပြန်သိမ်းလိုက်သည်။

ဤမာဟုန်ဝေမှာလည်း မကြာမီ သူတို့အဖွဲ့ဝင်တစ်ဦး ဖြစ်လာတော့မည်ဖြစ်ရာ မိမိလူအချင်းချင်း ကိုင်တွယ်ရာတွင် ရွှီရှင်းမှာ အတော်လေး ဖော်ရွေတတ်ပေသည်။

အကယ်၍ သူသာ မိမိဆန္ဒအလျောက် ဗီဇပြောင်းလဲပြီး စာချုပ်ချုပ်ဆိုရန် သဘောတူမည်ဆိုပါက ရွှီရှင်းအနေဖြင့် သူ၏လည်ပတ်ကို လှီးဖြတ်နေရန် မလိုတော့ပါပေ။

ဘာပဲဖြစ်ဖြစ် နောင်တစ်ချိန် သစ်ပင်အိမ်၏ ပြင်ပလက်နက်များမှာ သူ၏ သုတေသနပြုချက်အပေါ် မူတည်နေမည်ဖြစ်ရာ ဤလူမှာ အနာဂတ်တွင် အဖွဲ့၏ အရေးပါသော အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်ပေသည်။

စာချုပ်ဖြင့် ထိန်းချုပ်ရန် လိုအပ်စေကာမူ အလွန်အမင်း ရန်လိုနေရန် မလိုအပ်ပါပေ။

သူသည် မာဟုန်ဝေ၏ ရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး ညင်သာစွာ ဆိုလိုက်သည်။

"မာအစ်ကိုကြီး... ကျွန်တော်က ရွှီရှင်းပါ"

"... ဘ... ဘာ"

မာဟုန်ဝေ လုံးဝ မှင်သက်သွားရ၏။

မိမိရှေ့က ဤခပ်ချောချောကောင်လေးမှာ ထိုကဲ့သို့သော စကားမျိုး ပြောလာလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့သဖြင့် သူ၏ဦးခေါင်းမှာ ပို၍ပင် ဝေဝါးသွားခဲ့ရသည်။

"မင်းက... ကူ... နေဦး"

ရုတ်တရက် မာဟုန်ဝေ သဘောပေါက်သွားခဲ့ပြီ။

သူသည် လုဖေးအာ မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုခဲ့သော်လည်း ဤ ကူဟုန်ဟောင် ၏ အထောက်အထားကိုမူ အသေအချာ မစစ်ဆေးခဲ့မိပါပေ။

ပြီးခဲ့သည့်အကြိမ် တွေ့ဆုံစဉ်ကလည်း လုဖေးအာ၏ အတည်ပြုပေးမှုဖြင့်သာ လက်ခံခဲ့ခြင်း ဖြစ်၏။

ယခု လုဖေးအာသည် သူ၏အနောက်တွင် လိမ္မာပါးနပ်စွာ ရပ်နေသောအမူအရာကို ကြည့်ခြင်းအားဖြင့် နယ်မြေထဲက ထိပ်သီး ၅ ယောက်စာရင်းဝင် လုဖေးအာကိုပင် အညံ့ခံစေနိုင်သောသူမှာ...

"မင်း... မင်းက တကယ်ကြီး... ရွှီရှင်းလား"

သူ၏ တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့ရသည်။

နယ်မြေအားလုံး၏ နံပါတ်တစ်ပင်။

ဤကဲ့သို့သော မိစ္ဆာကြီးက ဘာကြောင့် သူ့ကို ပစ်မှတ်ထားရသနည်း။

"မင်းရဲ့ အနောက်ကို ပြန်လှည့်ကြည့်လိုက်ဦး"

ရွှီရှင်း မတ်တတ်ရပ်လိုက်ပြီး သူ၏မေးစေ့ဖြင့် အနောက်ဘက်သို့ အချက်ပြလိုက်၏။

မာဟုန်ဝေ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ သူ၏မြင်ကွင်းထဲတွင် သစ်ပင်အိမ်၏ ပင်စည်ကြီးတစ်ခုတည်းသာ ကျန်ရှိတော့သည်ကို မြင်တွေ့လိုက်ရတော့သည်။

ရုတ်တရက် သူ စိတ်ပျက်အားငယ် သွားခဲ့ရ၏။

မမျှော်လင့်ဘဲ သူ၏ အသက်ရှင်သန်ရေးအတွက် အားကိုးရာဖြစ်သော သစ်ပင်အိမ်မှာ သူ၏ သတိကြီးလှသော စရိုက်ကြားမှပင် ယခုကဲ့သို့ အလွယ်တကူ ဆုံးရှုံးသွားခဲ့ရချေပြီ။

သစ်ပင်အိမ်ပေါ်တွင် တပ်ဆင်ထားသော လက်နက်မျိုးစုံမှာလည်း ဘာမှအသုံးမဝင်လိုက်ပါပေ။

ဤကမ္ဘာကြီးသည် တကယ့်ကို အစွမ်းထက်သူများဖြင့် ပြည့်နှက်နေပါလား။

သူသည် အရေးမပါသော နယ်ရုပ်ကလေးတစ်ခုမျှသာဖြစ်ပြီး သူ၏ သစ်ပင်အိမ်မှာလည်း အားစိုက်စရာမလိုဘဲ ဖျက်ဆီးခံလိုက်ရချေပြီ။

သို့သော်လည်း တစ်ဖက်လူမှာ ရွှီရှင်းဖြစ်နေသည်ဆိုပါက ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်လှပေသည်။

သူသည် နယ်မြေအားလုံး၏ နံပါတ်တစ် ရှင်ကျန်သူကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

မာဟုန်ဝေ လုဖေးအာကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ကာ "နင်က နယ်မြေ ၁၈၈ က လူတွေနဲ့ ပူးပေါင်းခဲ့တာလား။ ဒါဆိုရင် နယ်မြေအချင်းချင်း ပြိုင်ဆိုင်မှုဆိုတာ တကယ်မရှိဘူးပေါ့။ ငါတို့တွေ ကျန်းတောက်ကွမ်ရဲ့ အလိမ်အညာကို ခံလိုက်ရတာလား" ဟု မေးလိုက်၏။

"ပြိုင်ဆိုင်မှုက တကယ်ရှိ၊ မရှိတော့ ငါမသိဘူး။ ဒါပေမဲ့ အခု ငါက နယ်မြေ ၁၈၈ ရဲ့ အစိတ်အပိုင်း ဖြစ်နေပြီဆိုတော့၊ သဘာဝကျကျပဲ နယ်မြေ ၁၈၈ ကို ကူညီရမှာပေါ့"

လုဖေးအာသည် မာဟုန်ဝေကို ဆက်ပြီး စကားမပြောချင်တော့ပါပေ။

သူမသည် ငွေရောင်ဘုရင်ကို မှီထားလျက် သူမ၏ လက်သည်းများကို ပြင်ရင်း ဆိုလိုက်သည်။

"... နင်က နယ်မြေ ၁၈၈ က လူဆိုရင်၊ ဘယ်လိုလုပ်ပြီး ငါနဲ့ အသံရော၊ စာပါ သီးသန့် ဆက်သွယ်လို့ ရနေတာလဲ"

မာဟုန်ဝေ မသိစိတ်မှ သူ၏နာရီကို ပွတ်လိုက်သော်လည်း သူ၏သစ်ပင်အိမ်မှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်သဖြင့် ဘာမှမထူးတော့ပါပေ။

သူ၏ မျက်တောင်များ လှုပ်ခတ်သွားပြီး နာရီပတ်ထားသော လက်မှာလည်း အားအင်ကုန်ခမ်းစွာ ဘေးသို့ ပုံကျသွားတော့သည်။

"အဲဒါက ဇာတ်လမ်းတော်တော် ရှည်တယ်"

ရွှီရှင်း မာဟုန်ဝေ၏ရှေ့တွင် ပြန်လည် ထိုင်ချလိုက်ရင်း "အဓိကအချက်ကတော့၊ သူမက အခု ငါ့လူ ဖြစ်သွားပြီ၊ မင်းလည်း မကြာခင် ငါ့လူ ဖြစ်လာတော့မယ် ဆိုတာပဲ"

"ကျွန်တော်က..."

မာဟုန်ဝေသည် မိမိရှေ့က လူမှာ သူ့ကို သတ်မည့် အရိပ်အယောင်မရှိကြောင်း သိလိုက်ရသဖြင့် တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီ ဖြစ်သည်။

ဒီလူ တကယ်တမ်း ဘာလုပ်ချင်နေတာလဲ။

"ငါက မင်းရဲ့ စွမ်းရည်ကို သဘောကျလို့လေ"

ရွှီရှင်း တိုက်ရိုက်ပင် အဓိကအချက်သို့ ရောက်အောင်ပြောလိုက်ပြီး သူ၏ကျောပိုးအိတ်ထဲမှ အစိမ်းရောင်အဆင့် သစ်ပင်အိမ်သုံးဒူးလေးကို ထုတ်ပြလိုက်၏။

"သစ်ပင်အိမ်ရဲ့ ပြင်ပလက်နက်တွေနဲ့ ပတ်သက်တဲ့ မင်းရဲ့ စွမ်းရည်ပေါ့"

"မင်း ဘယ်လိုသိတာလဲ..."

မာဟုန်ဝေ ရုတ်တရက် ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်သည်။

ထို့နောက် ရွှီရှင်း စကားမပြောရသေးမီမှာပင် သူသည် ခေါင်းကို ဖြည်းဖြည်းချင်း ပြန်ငုံ့လိုက်ကာ မျက်ဝန်းများ ဝေဝါးသွားလျက် မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်၏။

"မာဟုန်ယွီ... ငါ မာဟုန်ယွီကိုပဲ ပြောခဲ့တာ... မင်း မာဟုန်ယွီကို သတ်လိုက်တာလား"

သူ၏ လေသံတွင် နာကျည်းမှု သို့မဟုတ် ဒေါသများ သိပ်မပါဝင်လှဘဲ စူးစမ်းမေးမြန်းလိုသည့် သဘောသာ ရှိပေသည်။

သူ မာဟုန်ယွီနှင့် ချက်ချင်း ချိတ်ဆက်မိသွားလိမ့်မည်ဟု ရွှီရှင်း မထင်ထားခဲ့ပါပေ။

ကြည့်ရသည်မှာ ဤလူ၏ ဦးနှောက်မှာ မူးနောက်ခံထားရစေကာမူ အတော်လေး လျင်မြန်ဆဲပင်။

"... ဟုတ်တယ်၊ မာဟုန်ယွီပဲ"

ရွှီရှင်း ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။

ဘာပဲဖြစ်ဖြစ် စာချုပ်ချုပ်ပြီးသွားလျှင် သစ္စာဖောက်မည့်အတွေးမျိုး ရှိလာမည် မဟုတ်ချေ။

"မင်း ပေးထားတဲ့ စွမ်းရည်ကို သုံးပြီး သူက ငါတို့အဖွဲ့ထဲက ဆေးဆရာမကို တိုက်ခိုက်ခဲ့လို့ မာဟုန်ယွီဆီက သိခဲ့ရတာ။ အဲဒါကြောင့် သူ့ကို ငါ

ရှင်ခွင့်မပေးနိုင်ဘူး"

"... ဟားဟား၊ အဲဒီအရူးကောင်..."

မာဟုန်ဝေ ရုတ်တရက် ရယ်မောလိုက်ရာ လေသံမှာ အားငယ်ရိပ် ပါနေသော်လည်း စကားလုံးများကတော့ ကြမ်းတမ်းလှပေသည်။

"အဲဒီအရူးကို ငါ အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်၊ တခြားလူတွေကို လျှောက်ပြီး ရန်မစဖို့။ သူကတော့ နားမထောင်ဘဲ သံတုံးကို သွားတိုက်မိတာပေါ့။ မသေခင်မှာတောင် ငါ့ကို ရောင်းစားသွားသေးတယ်၊ တကယ့်ကို စောက်ရူးကောင်ပဲ..."

အခန်း ၃၃၅ ပြီး။

အပိုင်း (၃၃၆) - နိုးလာခြင်းနှင့် ဗီဇပြောင်းလဲခြင်း (၃)

ရွှီရှင်းသည် သူ၏ တီးတိုးရေရွတ်သံများကို ကြားဖြတ်နှောင့်ယှက်ခြင်း မပြုခဲ့ပါပေ။

ကြည့်ရသည်မှာ သူနှင့် မာဟုန်ယွီ၏ ဆက်ဆံရေးမှာလည်း ထင်သလောက် မပြေလည်လှပုံရ၏။

မဟုတ်ပါက ယခုကဲ့သို့ အေးစက်စက် အမူအရာမျိုး ရှိနေမည် မဟုတ်ပါချေ။

မာဟုန်ဝေသည် ရွှီရှင်းကို မော့ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။

"ငါ ခန့်မှန်းကြည့်ရရင်တော့... မင်း ငါ့ ကို ချန်ထားမှာ မဟုတ်ဘူး မလား။ ငါ့ရဲ့ ဝမ်းကွဲညီကို မင်း သတ်ခဲ့တာဆိုတော့၊ ငါက ဘာမှမဖြစ်ပါဘူးလို့ ပြောရင်တောင် မင်း ယုံမှာ မဟုတ်ဘူး။ ငါ့ကို မင်းရဲ့လူတစ်ယောက်လို ဆက်ဆံမယ်လို့ အရင်ပြောမယ်၊ ငါ့ဆီကနေ ထိန်းချုပ်ရေးခလုတ်တွေနဲ့ လက်နက်အသစ်တွေ အများကြီး လုပ်ခိုင်းမယ်၊ ပြီးရင်တော့ ဘယ်အချိန် သစ္စာဖောက်မလဲ မသိနိုင်တဲ့ အန္တရာယ်တစ်ခုအနေနဲ့ ငါ့ကို အစဖျောက်လိုက်မှာပဲ မဟုတ်လား"

ဘေးတွင် ရပ်နေသော လုဖေးအာမှာ မနေနိုင်တော့ဘဲ တစ်ခုခု ဝင်ပြောရန် ပြင်လိုက်သော်လည်း ရွှီရှင်းက လက်ဟန်ဖြင့် တားဆီးလိုက်သည်။

"မင်းရဲ့ ခန့်မှန်းချက်က တော်တော်လေးကို တိကျတာပဲ။"

ရွှီရှင်းက ပြုံးလျက် ဆိုလိုက်၏။

အမှန်အတိုင်းပြောရလျှင် သူ၏ ခန့်မှန်းချက်မှာ တကယ့်ကို မှန်ကန်လှပေသည်။

အကယ်၍သာ ဆေးလုံးများနှင့် စာချုပ်များကဲ့သို့သော ထိန်းချုပ်မှု နည်းလမ်းများ မရှိခဲ့ပါက ရွှီရှင်းအနေဖြင့် မာဟုန်ဝေ ပြောသကဲ့သို့ပင် တကယ်လုပ်ဆောင်မိနိုင်ပေသည်။

သူသည် အဖွဲ့တွင်း ပဋိပက္ခများကို အလွန်မုန်းတီးသူဖြစ်ရာ မသေချာသော အန္တရာယ်များကို လုံးဝ အမြစ်ပြတ် ဖယ်ရှားပစ်ခြင်းကသာ အကောင်းဆုံး မဟုတ်ပါလား။

"ဟင်"

လုဖေးအာ ရွှီရှင်းကို လှည့်ကြည့်လိုက်မိသည်။

သူ ဘာကြောင့် ထိုသို့ပြောရသနည်းဆိုသည်ကို သူမ နားမလည်နိုင် ဖြစ်နေ၏။

"ဟက်... ဒါဆိုရင်လည်း ငါ့ကို အခုပဲ သတ်လိုက်တာက ပိုကောင်းပါလိမ့်မယ်။"

မာဟုန်ဝေမှာ ယခုအခါ အဆုံးစွန် စိတ်ပျက်အားငယ် နေပြီ ဖြစ်သည်။

သူ အပင်ပန်းခံ တည်ဆောက်ခဲ့ရသော သစ်ပင်အိမ်မှာ အပျက်အစီးပုံ ဖြစ်သွားပြီဖြစ်ရာ သူ့အတွက် ဘာမျှော်လင့်ချက်မှ မကျန်တော့သလို ခံစားနေရခြင်းပင်။

အထူးသဖြင့် နယ်မြေအားလုံးတွင် အင်အားအကြီးဆုံးဖြစ်သော ပုဂ္ဂိုလ်နှင့် ရင်ဆိုင်နေရချိန်တွင်ပေါ့။

"ဒါပေမဲ့... ငါ မင်းကို အခွင့်အရေးတစ်ခု ပေးနိုင်ပါတယ်။"

ရွှီရှင်းက သူ့ကို ပြုံးကြည့်ရင်း ဆိုလိုက်သည်။

"တကယ်ပဲ အသက်ရှင်သန်နိုင်မယ့် အခွင့်အရေးတစ်ခုပေါ့"

"... ဘယ်လို အခွင့်အရေးလဲ"

မာဟုန်ဝေ သူ့ကို မော့ကြည့်လိုက်၏။

"မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အရင်က မရှိခဲ့တဲ့ အင်အားတစ်ခုကို ခံစားနေရလား"

ရွှီရှင်းက သူ၏ ရင်ဘတ်ကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

"... ဒီအင်အားက ဘယ်ကနေ ရောက်လာတာလဲ"

မာဟုန်ဝေ ခေတ္တ ငြိမ်သက်သွားပြီးမှ ပြန်မေးရှာသည်။

"ငါ ပေးခဲ့တာလေ။"

ရွှီရှင်း မတ်တတ်ရပ်လိုက်ပြီး အနီရောင် ဆေးလုံးတစ်လုံးကို ထုတ်ကာ လက်ချောင်းများကြားတွင် ညှပ်ပြလိုက်၏။

"ဒါက ငါတို့ရဲ့ အောင်မြင်မှုအသစ်တစ်ခုပဲ။ ခန္ဓာကိုယ်ရဲ့ အကန့်အသတ်မဲ့ စွမ်းရည်တွေကို နိုးထလာစေနိုင်တဲ့ ဆေးလုံးပေါ့။ မင်း အခု ခံစားနေရမှာပါ။ မင်း ဆန္ဒရှိမယ်ဆိုရင် အဲဒီအင်အားကို ထုတ်သုံးလို့ ရတယ်"

"... ဒါဆို ငါ့ကို စမ်းသပ်ချက်တစ်ခုအနေနဲ့ သုံးချင်တာလား"

မာဟုန်ဝေ ရွှီရှင်း၏ ရည်ရွယ်ချက်ကို ရိပ်မိသွားပုံရသည်။

"မင်းရဲ့ စွမ်းအားကို အသက်သွင်းလိုက်ပါ။"

ရွှီရှင်း သူ၏ ကျောပိုးအိတ်ထဲမှ လှံရှည်ကြီးကို ထုတ်ယူလိုက်ရာ သတ္တုရောင် တလက်လက် ထွက်နေသော လှံသွားကြောင့် မာဟုန်ဝေ၏ မျက်သူငယ်များ ကျုံ့ဝင်သွားခဲ့ရသည်။

"အကယ်၍ ငါ့လက်ထဲကနေ မင်း လွတ်အောင် ပြေးနိုင်မယ်ဆိုရင်၊ မင်းကို ငါ လွှတ်ပေးမယ်။ စိတ်မပူနဲ့... သူတို့တွေ ဝင်မပါစေရဘူး။ ငါနဲ့ မင်း... တစ်ယောက်ချင်းစီပဲ တိုက်ကြတာပေါ့။"

ရွှီရှင်းက ငွေရောင်ဘုရင်နှင့် မီမီတို့ကို ညွှန်ပြကာ ဆိုလိုက်၏။

ပြီးခဲ့သည့်အကြိမ် လုဖေးအာတုန်းကတော့ သူမ၏ လည်ပတ်ကို လှီးဖြတ်ခံလိုက်ရသောကြောင့် သေလုမျောပါး အခြေအနေတွင် စွမ်းအားများ အလိုအလျောက် ပွင့်လာခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က သူမသည် အသိစိတ် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး တိုက်ခိုက်လိုစိတ်သက်သက်သာရှိသော ဗီဇပြောင်းသတ္တဝါတစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။

ယခုတစ်ကြိမ်တွင်မူ သူ လုပ်ချင်သည်မှာ မိမိဆန္ဒအလျောက် စွမ်းအားကို အသက်သွင်းသည့်အခါ အသိစိတ်ကို ထိန်းထားနိုင်သလားနှင့် စွမ်းရည်မှာ မည်မျှအထိ တိုးပွားလာသလဲဟူသော အချက်ပင်။

လုဖေးအာတုန်းကတော့ သူမ၏ အရှိန်မှာ အလွန်တိုးတက်လာခဲ့သည်။

စွမ်းအားကို အသက်သွင်းပြီးနောက် သူမသည် အလွန်ပင် လျင်မြန်ဖြတ်လတ်သွားခဲ့သော်လည်း မီမီ၏ အဆင့်ကိုတော့ မမီသေးပါပေ။

သို့သော် အရှိန်ပြင်းပြင်း ပြေးလွှားသည့်အခါတွင်မူ ငွေရောင်ဘုရင်ထက်ပင် အနည်းငယ် ပိုမြန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဤပြောင်းလဲမှုက စွမ်းအားကို မထုတ်သုံးသည့် အချိန်၌ပင် သူမ၏ အရှိန်ကို သက်ရောက်မှု ရှိစေခဲ့သည်။

သာမန်အချိန်၌ပင် လုဖေးအာသည် သာမန်ရှင်ကျန်သူများထက် များစွာ ပိုမိုဖျတ်လတ်နေခြင်း ဖြစ်၏။

မာဟုန်ဝေအနေဖြင့် ဤဆေးလုံးကို သောက်ပြီးနောက် မည်ကဲ့သို့သော မြှင့်တင်မှုမျိုးကို ရရှိမည်နည်းဆိုသည်ကို သူ သိချင်နေမိသည်။

မာဟုန်ဝေသည် စက္ကန့်အနည်းငယ်မျှ ငြိမ်သက်နေပြီးမှ ထိုနေရာမှာတင် မတ်တတ်ရပ်လိုက်၏။

"မင်း ကတိတည်မယ်၊ မတည်ဘူးဆိုတာ ငါ မသိပေမဲ့... ငါ့မှာတော့ တခြားရွေးချယ်စရာ မရှိဘူးလေ"

ပြောရင်းဆိုရင်း သူ၏ မျက်လုံးများမှာ တဖြည်းဖြည်း ပြူးကျယ်လာကာ အသက်ရှူနှုန်းမှာလည်း မြန်ဆန်လာခဲ့ချေပြီ။

နီရဲသော သွေးရောင်အစင်းကြောင်းများသည် သူ၏ မေးစေ့မှတစ်ဆင့် မျက်နှာတစ်ခုလုံးသို့ စတင်ပျံ့နှံ့လာခဲ့ပြီး မူလက အနက်ရောင်ရှိသော မျက်သူငယ်များမှာလည်း သွေးစများဖြင့် နီမြန်းလာတော့သည်။

ပြင်းထန်ပြီး မြန်ဆန်လှသော နှလုံးခုန်သံမှာ ရွှီရှင်း၏ နားထဲသို့ ပြတ်သားစွာ တိုးဝင်လာခဲ့ရာ သူ၏ မျက်ဝန်းများမှာလည်း မှေးစိမ့်သွားတော့၏။

မိမိဆန္ဒအလျောက် ဗီဇပြောင်းလဲခြင်း စတင်လိုက်ချေပြီ။

အခန်း ၃၃၆ ပြီး။

All Chapters