← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အပိုင်း (၃၃၇) - အသွင်သစ်ဖြင့် ဗီဇပြောင်းလဲခြင်း

ရွှီရှင်းသည် မတ်တတ်ရပ်လျက် မာဟုန်ဝေ၏ ဗီဇပြောင်းလဲမှု လုပ်ငန်းစဉ် ပြီးဆုံးသည်အထိ ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

မာဟုန်ဝေ၏ ဦးခေါင်းနောက်စိမှ ဒဏ်ရာများနှင့် ခုနက ငွေရောင်ဘုရင်ပေါ်မှ ပြုတ်ကျစဉ်က ရရှိခဲ့သော မျက်နှာပေါ်မှ အစုတ်အပြတ် ဒဏ်ရာများမှာ ယခုအခါ လုံးဝ ဥဿုံ ပျောက်ကွယ်သွားခဲ့ချေပြီ။

"... ဒါက မိမိဆန္ဒအလျောက် ဗီဇပြောင်းလဲတဲ့ လုပ်ငန်းစဉ်လား"

လုဖေးအာ အနည်းငယ် အံ့သြသွားရသည် "သူ့မျက်နှာမှာ သွေးရောင်အစင်းကြောင်းတွေ အများကြီးပဲ။ ကျွန်မ ဗီဇပြောင်းတုန်းကတော့ ဒီလောက်အထိ မများခဲ့ပါဘူး၊ ဟုတ်တယ်မလား"

လုဖေးအာသည် သူမ ပထမဆုံးအကြိမ် ဗီဇပြောင်းလဲစဉ်က စမ်းချောင်းထဲ၌ သူမ၏ ရုပ်သွင်ကို မြင်တွေ့ခဲ့ဖူးသည်။

သူမ၏ မျက်နှာပေါ်တွင် သွေးရောင်အစင်းကြောင်း နှစ်ခုသာ ရှိခဲ့ခြင်းပင်။

ထိုနှစ်ခုတည်းနှင့်ပင် သူမအနေဖြင့် လက်ခံရန် ခက်ခဲခဲ့ရသည်ဖြစ်ရာ၊ ယခု မာဟုန်ဝေ၏ မျက်နှာတစ်ခုလုံး အစင်းကြောင်းများ ဖုံးလွှမ်းနေသည်ကို မြင်ရသောအခါ သူမအတွက် ပို၍ပင် ရင်လေးစရာ ဖြစ်နေတော့သည်။

"မဟုတ်ဘူး၊ နင့်မှာက နှစ်ခုပဲ ရှိတာ"

ရွှီရှင်းက မာဟုန်ဝေကို ကြည့်ရင်း သူမကို ပြန်ဖြေလိုက်၏။

ဖြစ်နိုင်သည်မှာ သေလုမျောပါး အခြေအနေတွင် ဗီဇပြောင်းလဲသည့်အခါ စွမ်းအင်အချို့မှာ ပြင်းထန်သော ဒဏ်ရာများကို ကုသရာတွင် အသုံးပြုလိုက်ရသဖြင့် သွေးရောင်အစင်းကြောင်းများမှာ ယခုလောက်အထိ မထူထပ်ခြင်း ဖြစ်နိုင်ပေသည်။

"... ဒါဆို ဒါဟာ မိမိဆန္ဒအလျောက် ဗီဇပြောင်းလဲလိုက်တဲ့ ရုပ်သွင်ပေါ့လေ။ အီးးး။ ကျွန်မတော့ နောင်ကျရင် ဘယ်တော့မှ ကိုယ့်ဘာသာကိုယ် ဗီဇပြောင်းမှာ မဟုတ်ဘူး"

လုဖေးအာသည် သူမ၏ မျက်နှာတွင် ကြောက်ရွံ့ရိပ်များဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရှာသည်။

"ကဲ... အားလုံး အနောက်ကို နည်းနည်း ဆုတ်ပေးကြဦး"

ရွှီရှင်းက လုဖေးအာနှင့် သားရဲများကို လက်ယမ်းပြလိုက်၏။

သူတို့ အဝေးသို့ ရောက်သွားသောအခါ ရွှီရှင်းသည် ခုနစ်မီတာ ရှစ်မီတာခန့် အကွာတွင် ခေါင်းငိုက်စိုက်ချလျက် ငြိမ်သက်စွာ ရပ်နေသော မာဟုန်ဝေကို ကြည့်ကာ တစ်မျိုးကြီး ခံစားလိုက်ရသည်။

သူ့မှာ အခုရော ကိုယ်ပိုင်အသိစိတ် ရှိနေသေးရဲ့လား။

ဒါမှမဟုတ် တိုက်ခိုက်လိုတဲ့ တိရစ္ဆာန်ဗီဇပဲ ကျန်တော့တာလား။

သူ ဘာလို့ မလှုပ်မယှက် ဖြစ်နေရတာလဲ။

"မင်း စလို့ ရပြီ"

ရွှီရှင်းက သူ့အား စမ်းသပ်သည့်အနေဖြင့် လှမ်းပြောလိုက်၏။

ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် မာဟုန်ဝေ စတင်လှုပ်ရှားလာတော့သည်။

သူသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လာရာ သွေးရောင်အစင်းကြောင်းများ ဖုံးလွှမ်းနေသော မျက်နှာနှင့် သွေးရောင်လွှမ်းနေသော မျက်လုံးအစုံကို မြင်တွေ့လိုက်ရ၏။

ထို့နောက် သူသည် ရွှီရှင်းရှိရာသို့ ခြေလှမ်းလှမ်းလိုက်သည်။

"ဒုန်း"

မြေပြင်ပေါ်သို့ နင်းလိုက်သော ခြေလှမ်းသံမှာ ပြင်းထန်လှပြီး ပတ်ဝန်းကျင်ရှိ မြေပြင်မှာပင် အနည်းငယ် တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဒါက...

သူ နောက်ထပ် တစ်လှမ်း ထပ်လှမ်းလိုက်ပြန်သည်။

"ဒုန်း"

မြေပြင်မှ ဖုန်မှုန့်များ လွင့်ပျံသွားခဲ့၏။

မာဟုန်ဝေ၏ ခြေထောက်အောက်ရှိ ခြောက်သွေ့နေသော မြေပြင်မှာ သူ နင်းလိုက်သည့်အရှိန်ကြောင့် တိုက်ရိုက်ပင် အက်ကွဲသွားသည်ကို ရွှီရှင်း သတိပြုမိလိုက်သည်။

ဒါဟာ ခွန်အားတွေ မြင့်တက်လာတာလား။ သူ့ရဲ့ ခွန်အားတွေက တိုးလာတာလား။

မာဟုန်ဝေရဲ့ ဗီဇပြောင်းလဲမှုကနေ ရရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုက ခွန်အား ဖြစ်နေတာလား။

ယနေ့ ရရှိထားသော အကြားအာရုံမြှင့်တင်မှုအရ မာဟုန်ဝေ၏ ကြွက်သားများနှင့် အရိုးအဆစ်များထံမှ ထူးဆန်းသော အသံများ ထွက်ပေါ်နေသည်ကို ရွှီရှင်း ကြားနေရသည်။

၎င်းမှာ အင်အားအပြည့် ပါဝင်နေပြီး ကြည့်ရသည်မှာပင် ကျောစိမ့်စရာ ကောင်းလှပေသည်။

မူလက ပိန်ပါးသော ကိုယ်လုံးရှိသည့် လူတစ်ယောက်မှာ ယခုအခါ ခြေလက်များနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြွက်သားများ ဖောင်းကားလာခဲ့ရာ၊ ကြည့်ရသည်မှာ သာမန်လူတစ်ယောက်ကနေ ဗားရှင်းနိမ့် ဟာ့ခ် ကြီးအဖြစ် ရုတ်တရက် ပြောင်းလဲသွားသကဲ့သို့ပင်။

ခွန်အားဗီဇပြောင်းလဲခြင်းပင်။

ရွှီရှင်း သူ၏လက်ထဲက လှံရှည်ကြီးကို သိမ်းလိုက်သည်။

သူ၏ လက်ရှိခွန်အားမှာလည်း သာမန်ရှင်ကျန်သူများနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ရှိနေပြီဖြစ်ရာ မာဟုန်ဝေ၏ ဤအခြေအနေကို လက်ဗလာဖြင့်ပင် ရင်ဆိုင်ရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ဟေး ရှင် ရူးနေတာလား"

သစ်ပင်တစ်ပင်ကို မှီလျက် ဇာတ်လမ်းကြည့်ရန် ပြင်နေသော လုဖေးအာသည် ရွှီရှင်း လက်နက်သိမ်းလိုက်သည်ကို မြင်သောအခါ မှင်သက်သွားပြီးမှ ကိုယ်ကို မတ်လိုက်ကာ လှမ်းအော်တော့သည်။

"ရှင်က ဒီလူကြီးကို လက်သီးချင်း ယှဉ်ထိုးမလို့လား။ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ"

သူမ၏ အမြင်တွင်တော့ ရွှီရှင်းသာ လှံရှည်ကို ကိုင်ထားမည်ဆိုပါက ဤကဲ့သို့ ဗီဇပြောင်းလဲနေသော မာဟုန်ဝေကို အလွယ်တကူ ကစားနိုင်ပေလိမ့်မည်။

အကြောင်းမှာ သူမကိုယ်တိုင် ဤလှံရှည်၏ ဒဏ်ကို ခံခဲ့ရဖူးသည် မဟုတ်ပါလား။

ထိုလှံမှာ သူမကို ပြင်းထန်သော ဒဏ်ရာ မပေးစေကာမူ သူမ၏ အင်အားများကို စုပ်ယူနေသကဲ့သို့ တဖြည်းဖြည်း အားနည်းသွားစေခဲ့သည် မဟုတ်ပါလား။

သို့သော်လည်း လက်နက်သာ မရှိတော့လျှင် ယခုကဲ့သို့ အားကြီးနေသော မာဟုန်ဝေကို ရွှီရှင်း ရင်ဆိုင်နိုင်လိမ့်မည်ဟု သူမ မယုံကြည်ပါပေ။

ရွှီရှင်းကတော့ သူမကို ဂရုမစိုက်ဘဲ တစ်လှမ်းချင်း တိုးကပ်လာသော မာဟုန်ဝေနှင့် အကွာအဝေးတစ်ခု ထားရှိရန် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ရင်း မေးလိုက်သည်။

"မင်းမှာ မင်းရဲ့ ကိုယ်ပိုင်အသိစိတ် ရှိနေသေးရဲ့လား"

မာဟုန်ဝေကတော့ ဘာစကားမှ မဆိုဘဲ ထိုနီရဲနေသော မျက်လုံးများဖြင့် သူ့ကိုသာ စိုက်ကြည့်လျက် တစ်လှမ်းချင်း လှမ်းလာနေဆဲပင်။

"အသိစိတ် ရှိသေးတယ်ဆိုရင် တစ်ခုခု ပြောစမ်း"

ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။

သို့သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိဘဲ လေးလံသော ခြေလှမ်းများဖြင့်သာ သူ့အနားသို့ တိုးကပ်လာနေတော့သည်။

"ဒုန်း ဒုန်း"

ကြည့်ရတာ သူ့မှာ အသိစိတ် မရှိတော့ပုံပဲ။ ဒါပေမဲ့ ငါ့ဆီကို ဖြည်းဖြည်းချင်း တိုးလာနေတာက ဘာကို ဆိုလိုတာလဲ။

သူ့ရဲ့ ပုံစံက တကယ့်ကို အူကြောင်ကြောင်နိုင်လှပြီး လှုပ်ရှားမှုတွေကလည်း နှေးကွေးလွန်းနေတာကြောင့် ပစ်မှတ်တစ်ခုနဲ့တောင် မခြားပေ။

သူသည် မီမီတို့ရှိရာဘက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားရင်း မှာကြားလိုက်သည်။

"သူ နင်တို့ကို မတိုက်ခိုက်သရွေ့တော့ ဘာမှ မလုပ်ကြနဲ့ဦး"

ရွှီရှင်းသည် မီမီတို့အနားသို့ ကျော်လွန်၍ ဆုတ်သွားရာ မာဟုန်ဝေသည်လည်း တစ်လှမ်းချင်း နောက်က လိုက်လာခဲ့၏။

ငွေရောင်ဘုရင်၊ မီမီနှင့် အခြားသားရဲများမှာ သူနှင့် စင်တီမီတာ အနည်းငယ်သာ ဝေးသော်လည်း သူသည် သူတို့ကို လုံးဝ ဂရုမစိုက်ဘဲ ရွှီရှင်းကိုသာ စိုက်ကြည့်လျက် ပြင်းထန်သော အသက်ရှူသံများဖြင့် လိုက်ပါလာခြင်းပင်။

သူသည် အလွန်နီးကပ်နေသဖြင့် ငွေရောင်ဘုရင်မှာ သွားများဖြဲပြကာ လည်ချောင်းထဲမှ တိုးတိုးလေး ဟိန်းဟောက်နေသလို၊ မီမီသည်လည်း အသင့်အနေအထားဖြင့် ပါးစပ်ကို ဟလျက် သူ့အား ခြိမ်းခြောက်နေတော့သည်။

သို့သော် သူသည် သူတို့၏ တည်ရှိမှုကို လုံးဝ လျစ်လျူရှုကာ ရွှီရှင်း၏ ခြေလှမ်းများနောက်သို့သာ တစ်လှမ်းချင်း လိုက်ပါနေခဲ့ချေပြီ။

သူ့မှာ အသိစိတ် တကယ်ပဲ ရှိနေတာလား။

ရွှီရှင်း ယခုအခါ လုဖေးအာ၏ ဘေးသို့ ဆုတ်လာခဲ့ပြီး သူမအား ပြောလိုက်သည်။

"နင် သွားလိုက်၊ သူ့ကို မတိုက်ခိုက်နဲ့ဦး၊ သူ့ရဲ့ တုံ့ပြန်မှုကို သိရအောင် သူ့ကို နှစ်ချက်လောက် တွန်းကြည့်"

"ဟင်"

လုဖေးအာ မျက်နှာလေး ရှုံ့မဲ့သွားသည်။

"ကျွန်မကို သွားခိုင်းတာလား။ ကျွန်မ သူ့ကို မနိုင်ဘူးလေ၊ သူက အခု ပေါက်ကွဲအားတွေ ပြည့်နေတာကို၊ ကျွန်မက..."

"သူ နင့်ကို တိုက်ခိုက်ဖို့ ကြိုးစားရင် ရှောင်လိုက်ရုံပဲလေ။ နင်က ရှောင်တာ တော်တယ် မဟုတ်လား"

ရွှီရှင်းသည် သစ်ပင်အိမ်ထဲ၌ လှံရှည်ဖြင့် ဝေ့ယမ်းစဉ်က လုဖေးအာကို မည်သို့မျှ မထိနိုင်ခဲ့ဘဲ သူမမှာ လျင်မြန်ဖြတ်လတ်လှသော ငါးတစ်ကောင်အလား ရှောင်တိမ်းနိုင်ခဲ့သည်ကို ပြန်လည် အမှတ်ရမိခြင်း ဖြစ်ပေသည်။

"ကောင်းပါပြီလေ..."

လုဖေးအာ ရွှီရှင်း၏ အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် မျက်နှာလေး ရှုံ့မဲ့လျက် မာဟုန်ဝေရှိရာသို့ လျှောက်သွားလိုက်ရတော့၏။

အခန်း ၃၃၇ ပြီး။

အပိုင်း (၃၃၈) - အသွင်သစ်ဖြင့် ဗီဇပြောင်းလဲခြင်း (၄)

မာဟုန်ဝေသည် သူ့ထံသို့ လျှောက်လာသော လုဖေးအာကို တုံ့ပြန်လိုက်၏။

သူသည် လက်တစ်ဖက်ကို မြှောက်လိုက်သည်။

"အား"

လုဖေးအာသည် သူ၏ နှေးကွေးလှသော လှုပ်ရှားမှုကို မြင်သဖြင့် လက်ဖြင့် ခုခံကာကွယ်ရန် ကြိုးစားခဲ့သော်လည်း သူမမှာ မြေပြင်ပေါ်သို့ တိုက်ရိုက်ပင် တွန်းလှဲခြင်း ခံလိုက်ရတော့သည်။

သူမ လျင်မြန်စွာပင် ကိုယ်ကို လိမ့်လိုက်ပြီး ပြန်လည် မတ်တတ်ရပ်လိုက်၏။

"ဘာလဲဟ..."

သူမ အဝတ်အစားပေါ်က ဖုန်များကို ခါထုတ်ရင်း စကားပင် မပြောနိုင်တော့ချေ။

ဤလူကြီးမှာ သူမကို တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပါပေ။

သူက သူမအား လမ်းမှာ ပိတ်နေသည့် အရာတစ်ခုအဖြစ်သာ သဘောထားပြီး ဖယ်ထုတ်လိုက်ခြင်း ဖြစ်၏။

"သူ ခုနက ကျွန်မကို တွန်းလိုက်တာက အသာလေး လုပ်လိုက်သလိုပဲ၊ ဒါပေမဲ့ ခွန်အားက တကယ့်ကို ကြီးမားလွန်းတယ်။ ကျွန်မ လုံးဝ ခုခံလို့ မရဘူး" ဟု လုဖေးအာက ရွှီရှင်းအား ရှင်းပြလိုက်သည်။

ရွှီရှင်း ခေါင်းညိတ်လိုက်၏။ မာဟုန်ဝေ၏ လက်ရှိအခြေအနေကို သူ အကြမ်းဖျင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ကြည့်ရသည်မှာ သူသည် မိမိဆန္ဒအလျောက် ဗီဇပြောင်းလဲခြင်း မပြုမီက စိတ်ထဲတွင် ရှိခဲ့သော ရွှီရှင်းနှင့် တိုက်ခိုက်ပြီး အနိုင်ယူမှသာ ရှင်သန်နိုင်မည်ဟူသော အတွေးကိုသာ ဆက်တိုက် အကောင်အထည်ဖော်နေခြင်း ဖြစ်ပုံရပေသည်။

ထိုအတွေးမှလွဲ၍ သူ၏ဦးနှောက်ထဲတွင် ဘာမှမရှိတော့ဘဲ ကျန်ရှိသမျှအရာအားလုံးကို ဂရုမစိုက်တော့သည့်အလားပင်။

ဒီလို ပြင်းထန်နေတဲ့ အခြေအနေကတော့ နည်းနည်းတော့ မဟန်လှပေ။

ရွှီရှင်း ခေါင်းခါယမ်းလိုက်ပြီး နောက်သို့ ဆုတ်နေခြင်းကို ရပ်တန့်ကာ သူ၏ လက်ရှိခွန်အားကို စမ်းသပ်ရန် တိုက်ရိုက် ရင်ဆိုင်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

မာဟုန်ဝေသည် တစ်လှမ်းချင်း တိုးကပ်လာနေဆဲဖြစ်ပြီး နှစ်မီတာခန့် အကွာအဝေးသို့ ရောက်သောအခါ ဒူးကို အနည်းငယ် ကွေးလိုက်ပြီးနောက် ရုတ်တရက် ရွှီရှင်းထံသို့ ပြေးဝင်လာကာ သူ၏မျက်နှာကို လက်သီးဖြင့် တိုက်ရိုက် ထိုးနှက်လိုက်တော့၏။

ရွှီရှင်းသည် လက်ဝှေ့သမားတစ်ဦးကဲ့သို့ သူ၏လက်မောင်းများကို ချက်ချင်း မြှောက်လိုက်ကာ မျက်နှာရှေ့တွင် ကာကွယ်လိုက်သည်။

"ဒုန်း"

ပြင်းထန်လှသော ခွန်အားမှာ သူ၏လက်မောင်းများပေါ်သို့ ကျရောက်လာခဲ့ပြီး သူ့အား တစ်မီတာ၊ နှစ်မီတာခန့် အနောက်သို့ လွင့်စင်သွားစေခဲ့ကာ ထပ်မံ၍ နှစ်လှမ်းခန့် ယိုင်သွားစေခဲ့သည်။

တကယ့်ကို ကြီးမားလှတဲ့ ခွန်အားပါလား။

ဗီဇပြောင်းလဲပြီးနောက် မာဟုန်ဝေ၏ ခွန်အားမှာ သူ၏ခွန်အားထက် များစွာ သာလွန်နေချေပြီ။

ရွှီရှင်း သူ၏လက်မောင်းများ အနည်းငယ် တုန်ရီနေသည်ကို ခံစားလိုက်ရသည်။

အကယ်၍သာ ခရမ်းရောင်အဆင့် မြွေကြေးခွံချပ်ဝတ် ၏ ကာကွယ်မှုသာ မရှိခဲ့ပါက ဤလက်သီးတစ်ချက်က သာမန်ရှင်ကျန်သူတစ်ဦး၏ လက်ကို ကျိုးကြေသွားစေနိုင်ပေသည်။

မာဟုန်ဝေ၏ လှုပ်ရှားမှုများမှာလည်း မြန်ဆန်လာခဲ့ပြီး အနားသို့ ချက်ချင်း တိုးကပ်လာကာ နောက်ထပ် လက်သီးတစ်ချက်ဖြင့် ထပ်မံ ထိုးနှက်လိုက်ပြန်၏။

တစ်ဖက်လူ၏ ခွန်အားမှာ မိမိထက် သာလွန်နေကြောင်း သိရှိသွားပြီဖြစ်ရာ ရွှီရှင်းအနေဖြင့် ထိပ်တိုက် ထပ်မံ မရင်ဆိုင်တော့ပေ။

သူသည် ကိုယ်ကို ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် မာဟုန်ဝေ၏ သွေးရောင်အစင်းကြောင်းများ ဖုံးလွှမ်းနေသော မျက်နှာကို "ဒုန်း" ခနဲ အသံထွက်အောင် လက်သီးဖြင့် ပြန်လည် ထိုးနှက်လိုက်ကာ နောက်သို့ နှစ်မီတာခန့် ပြန်လည် ခုန်ဆုတ်လိုက်၏။

သူ၏ လက်သီးမှာ အနည်းငယ် နာကျင်သွားသလို ခံစားလိုက်ရ၏။

သူ့မျက်နှာက ဘာလို့ ဒီလောက်တောင် မာနေရတာလဲ။

မာဟုန်ဝေမှာ ရွှီရှင်း၏ လက်သီးကို စားလိုက်ရစေကာမူ ခေါင်းပင် လှုပ်ခါသွားခြင်း မရှိပါပေ။

ရွှီရှင်းမှာ မလှုပ်မယှက်ရှိနေသော ကျောက်တုံးကြီးတစ်တုံးကို ထိုးလိုက်ရသည့်အလား ခံစားလိုက်ရခြင်းပင်။

သူ၏ သွေးရောင်အစင်းကြောင်းများ ဖုံးလွှမ်းနေသော မျက်နှာကို ကြည့်လိုက်ရာ မည်သည့် အမှတ်အသားမျှ ရှိမနေသည်ကို တွေ့ရသည်။

ထိုနီရဲနေသော မျက်လုံးများမှာလည်း ရွှီရှင်းကိုသာ စိုက်ကြည့်နေဆဲပင်။

ကြီးမားလှသော ခွန်အား တောင့်တင်းလှသော ကြွက်သားများနှင့် အတိုက်အခိုက်ခံနိုင်ရည် မြင့်မားမှုတို့မှာ မာဟုန်ဝေ၏ ဗီဇပြောင်း အခြေအနေ အားသာချက်များပင် ဖြစ်ရပေမည်။

"သူ့ရဲ့ ဗီဇပြောင်းအရှိန်က နင့်ထက်တောင် ပိုပြီး အားကောင်းနေသလိုပဲ" ဟု ရွှီရှင်းက ဘေးမှ စောင့်ကြည့်နေသော လုဖေးအာအား ပြောလိုက်သည်။

"... ဘယ်သူ ပြောလဲ၊ သူ့ရဲ့အရှိန်က အရမ်းနှေးတာကို၊ ကျွန်မကို လုံးဝ ထိနိုင်မှာ မဟုတ်ဘူး"

လုဖေးအာ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားရရှာသည်။

သူမသည် စာချုပ်ချုပ်ထားသော ရှင်ကျန်သူအားလုံး၏ အစ်မကြီး လုပ်ချင်နေသူ မဟုတ်ပါလား။

"ဒါက ဗီဇပြောင်းလဲမှု အမျိုးအစားချင်းမှ မတူတာ၊ နှိုင်းယှဉ်လို့ ဘယ်ရမလဲ"

မှန်ပေသည်။

မာဟုန်ဝေ၏ ဗီဇပြောင်းလဲထားသော အခြေအနေမှာ သာမန်လူထက် ပိုမြန်စေကာမူ ရွှီရှင်းနှင့် လုဖေးအာတို့၏ မျက်စိထဲတွင်တော့ နှေးကွေးနေဆဲပင်။

သို့သော်လည်း သူ၏ လက်သီးထိုးနှုန်းမှာတော့ အလွန်ပင် မြန်ဆန်လှပေသည်။

ကြည့်ရသည်မှာ ဤဗီဇပြောင်းလဲမှုတွင် ကိုယ်ပိုင် အားသာချက်၊ အားနည်းချက်များ ရှိနေခြင်းပင်။

လုဖေးအာ၏ ဗီဇပြောင်းလဲမှုမှာ မြန်ဆန်သော အရှိန်နှင့် မြင့်မားသော တိုက်ခိုက်ရေးစွမ်းအား ရှိသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ နုနယ်လွန်းလှသည်။

သူမသည် ရွှီရှင်း၏ လက်သီးဒဏ်ကို ခံလိုက်ရရုံနှင့် နံရံတွင် ကပ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ပြန်ထရန်ပင် ခက်ခဲခဲ့သည် မဟုတ်ပါလား။

တစ်ဖက်တွင်မူ မာဟုန်ဝေမှာတော့ ရွှီရှင်း၏ အင်အားတစ်ဝက်ခန့်သုံး၍ ထိုးနှက်လိုက်သော လက်သီးဒဏ်ကို ခံလိုက်ရစေကာမူ တစ်လက်မမျှပင် မလှုပ်ရှားခဲ့သလို မျက်နှာပေါ်တွင်လည်း မည်သည့် အရိပ်အယောင်မျှ ရှိမနေပေ။

တကယ့်ကို အံ့မခန်း ကာကွယ်ရေးစွမ်းအားပင်။

ဆေးလုံး၏ လုပ်ဆောင်ချက်များနှင့် အားနည်းချက်များကို သိရှိသွားပြီဖြစ်ရာ ရွှီရှင်းသည် တိုက်စစ်ကို စတင်ရန် ဆုံးဖြတ်လိုက်၏။

သူသည် အနားသို့ လျင်မြန်စွာ တိုးကပ်သွားပြီး မာဟုန်ဝေ၏ လက်သီးကို ရှောင်တိမ်းကာ သူ၏ မေးစေ့ကို အားအပြည့်သုံး၍ ပင့်လက်သီး ဖြင့် ထိုးနှက်လိုက်တော့သည်။

"အုန်း"

ဤတစ်ကြိမ်တွင်တော့ မာဟုန်ဝေ တုံ့ပြန်မှု ရှိလာခဲ့ပြီး ခေါင်းမှာ အနည်းငယ် မော့တက်သွားခဲ့၏။

"... ဒါက တကယ်ကို မာလွန်းတယ်"

ရွှီရှင်း သူ၏လက်သီးကို ဆုပ်ကိုင်ရင်း အားကိုးမဲ့စွာ ဆိုလိုက်မိသည်။

မာဟုန်ဝေကတော့ ဘာမှမဖြစ်သယောင် ရှိနေသော်လည်း သူ၏လက်သီးမှာတော့ နာကျင်မှုကို အကြီးအကျယ် ခံစားနေရခြင်းပင်။

ထိုအချိန်တွင် မာဟုန်ဝေသည် ရုတ်တရက် လျင်မြန်စွာ လှုပ်ရှားလာပြီး ရွှီရှင်း၏ လက်မောင်းကို မြဲမြံစွာ ဖမ်းဆွဲလိုက်ကာ သူ့အား ပုခုံးကျော်၍ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်တော့သည်။

"တောက်"

ရွှီရှင်း ကမ္ဘာကြီး တစ်ပတ်လည်သွားသလို ချက်ချင်း ခံစားလိုက်ရ၏။

"ဒုန်း"

ရွှီရှင်းမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချခြင်း ခံလိုက်ရပြီး တစ်ကိုယ်လုံး ကြေမွသွားတော့မည့်အလား ခံစားလိုက်ရသည်။

"အီး"

ဘေးနားက ခဲခဲလေးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ထို့နောက် မာဟုန်ဝေသည် သူ့အား ခြေထောက်ဖြင့် နင်းချရန် ပြင်လိုက်သဖြင့် ရွှီရှင်းသည် တစ်ကိုယ်လုံး နာကျင်နေသည့်ကြားမှပင် မြေပြင်ပေါ်၌ ကိုယ်ကို လိမ့်ကာ အမြန် ပြန်ထလိုက်ရ၏။

"လက်နက်ကို ထုတ်သုံးလိုက်ပါတော့ ဘာလို့ ဒီလောက်အထိ ယင်းထနေတဲ့ မိစ္ဆာကြီးကို လက်ဗလာနဲ့ ယှဉ်တိုက်ချင်နေရတာလဲ"

လုဖေးအာ ဆက်ကြည့်မနေနိုင်တော့ပေ။

ရွှီရှင်း အတိုက်ခံရသည်ကို မြင်သောအခါ၊ စာချုပ်ချုပ်ထားသူတစ်ဦးပီပီ သူမကိုယ်တိုင်ပင် ဝင်ရောက်ကူညီချင်စိတ်ကို မနည်းထိန်းထားရခြင်း ဖြစ်၏။

မြေပြင်ပေါ်တွင် ဝပ်နေသော မီမီနှင့် ငွေရောင်ဘုရင်တို့သည်လည်း မတ်တတ်ရပ်လိုက်ကြပြီး မာဟုန်ဝေထံသို့ ဖြည်းဖြည်းချင်း တိုးကပ်လာကြတော့သည်။

အကယ်၍သာ ရွှီရှင်း နောက်တစ်ကြိမ် ထပ်မံ ပစ်ပေါက်ခံရမည်ဆိုပါက သူတို့သည် ရွှီရှင်း၏ ငြိမ်နေရန် အမိန့်ကို လိုက်နာနိုင်တော့မည်မဟုတ်ဘဲ မာဟုန်ဝေအား အပြတ်အသတ် တိုက်ခိုက်ကြတော့မည် ဖြစ်ပေသည်။

မာဟုန်ဝေ၏ လက်ရှိအခြေအနေမှာ သူတို့အတွက် ကြီးမားလှသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် ခံစားနေရခြင်းပင်။

အာဖုသည်လည်း အပေါ်သို့ ပျံတက်သွားကာ စူးရှလှသော အသံကို ပြုလုပ်လိုက်သဖြင့် မာဟုန်ဝေ၏ ခြေလှမ်းများ ခေတ္တ ရပ်တန့်သွားခဲ့ရသည်။

မြေပုံပေါ်တွင် မာဟုန်ဝေ၏ အနီရောင်အစက်မှာ အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါထက်ပင် ပိုမိုတောက်ပနေပြီး အရင်က လုဖေးအာ ဗီဇပြောင်းစဉ်ကနှင့် ဆင်တူနေပေသည်။

"လျှော့တွက်မိသွားတယ်..."

ရွှီရှင်း သူ၏ပုခုံးကို လှုပ်ရှားလိုက်ရင်း လှံရှည်ကြီးကို ထုတ်ယူလိုက်၏။

"နင်တို့တွေ အနောက်မှာပဲ နေပြီး စောင့်ကြည့်နေကြ"

သူသည် ဤအခြေအနေရှိ မာဟုန်ဝေအား လက်ဗလာဖြင့် ရင်ဆိုင်ရန်မှာ မလွယ်ကူလှပေ။

အရင်က လုဖေးအာကို လက်သီးဖြင့် နံရံ၌ ကပ်သွားစေနိုင်ခဲ့သည်မှာ ကပ်ပါးသစ်ပင်အိမ်အတွင်း၌ ကျဉ်းမြောင်းသဖြင့် သူမ၏ အရှိန်ကို အသုံးမချနိုင်ခြင်းကြောင့် ဖြစ်၏။

သူမ၏ ပြင်းထန်သော တိုက်ကွက်များက သူ့ကို မထိမှန်ခဲ့သဖြင့် သူက ပြန်လည် တိုက်ခိုက်ရန် လွယ်ကူသွားခဲ့ပြီး သူမအား ချက်ချင်း အနိုင်ရရှိခဲ့ခြင်းပင်။

ဒါဟာ လူသတ်သမား တစ်ယောက်ကို စစ်သည်တော် တစ်ယောက်နဲ့ အခန်းကျဉ်းလေးထဲမှာ တိုက်ခိုက်ခိုင်းသလိုဖြစ်နေသဖြင့် လူသတ်သမားအတွက် အားနည်းချက် ဖြစ်စေခဲ့ခြင်း ဖြစ်သည်။

သို့သော် မာဟုန်ဝေမှာမူ ထိုသို့ မဟုတ်ပါပေ။

သူသည် ကာကွယ်ရေးရော တိုက်စစ်ပါ ပေါင်းစပ်ထားသော တင့်ကား ကြီးတစ်စီးနှင့် တူလှပေသည်။

အနီးကပ်တိုက်ပွဲမှာ သူ့အတွက် အားသာချက်အရှိဆုံးဖြစ်သလို ရွှီရှင်းမှာလည်း လက်ဝှေ့ချန်ပီယံ သို့မဟုတ် တိုက်ခိုက်ရေးပညာရှင်ကြီး မဟုတ်သဖြင့် လက်ဗလာဖြင့်ဆိုပါက ဤဗီဇပြောင်းမိစ္ဆာကြီးကို ယှဉ်နိုင်ရန် မလွယ်ကူလှချေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် မာဟုန်ဝေသည် သူ့ထံသို့ ထပ်မံ၍ ခုန်အုပ်လာပြန်၏။

ရွှီရှင်း အကွာအဝေးတစ်ခု ရရှိရန် အနောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ပြီး လှံရှည်ကြီးကို ဝေ့ယမ်းကာ မာဟုန်ဝေ၏ ကိုယ်ပေါ်တွင် ရှည်လျားသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

လက်သီးဖြင့် ထိုးနှက်ခြင်းမှာ အရာမထင်စေကာမူ ဤလှံရှည်မှာ ခရမ်းရောင်အဆင့် လက်နက်ဖြစ်ရာ သာမန်အသားကို ဘာကြောင့် ဖောက်ထွင်း၍ မရနိုင်ပါမည်နည်း။

မာဟုန်ဝေ၏ ကိုယ်ပေါ်တွင် အပြာရောင်အဆင့် သားရေချပ်ဝတ်သာ ပါရှိသော်လည်း သူ၏ လှံရှည်ရှေ့တွင်တော့ ဘာမှမဟုတ်ပါပေ။

မာဟုန်ဝေ ဟိန်းဟောက်လိုက်ပြီး မျက်လုံးများ ပြူးကျယ်လျက် သူ့ထံသို့ နောက်တစ်ကြိမ် ပြေးဝင်လာပြန်သည်။

ရွှီရှင်းသည် အရင်နည်းဗျူဟာအတိုင်းပင် ရှောင်တိမ်းလိုက် လှံရှည်ကို ဝေ့ယမ်းလိုက်ဖြင့် သူ၏ကိုယ်ပေါ်တွင် ဒဏ်ရာများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေခဲ့၏။

သေချာပေါက် သူသည် ပြင်းထန်သော အင်အားကိုတော့ မသုံးတော့ပေ။

သူသည် သူ့ကို သတ်ချင်နေခြင်း မဟုတ်ဘဲ သူ့အား အညံ့ခံစေကာ စာချုပ်ချုပ်ဆိုလိုခြင်းသာ ဖြစ်ပေသည်။

"ဒီလူကြီးကတော့ အရင်အတိုင်းပဲ..."

လုဖေးအာသည် အရင်က သူမ ဒဏ်ရာရခဲ့သော နေရာကို မသိစိတ်မှ လှမ်းကိုင်မိလိုက်ရှာသည်။

"အီး အီး"

ခဲခဲလေးသည် သူမ၏ လက်သည်းလေးများကို ယမ်းကာ ရွှီရှင်းအား အားပေးနေတော့သည်။

မကြာမီမှာပင် ရွှီရှင်းသည် မာဟုန်ဝေ၏ ကိုယ်ပေါ်တွင် ဒဏ်ရာပေါင်း ဆယ်ဂဏန်းကျော်ကို ပြုလုပ်နိုင်ခဲ့ချေပြီ။

မာဟုန်ဝေ၏ ကိုယ်ပေါ်တွင် သွေးများဖြင့် ရဲရဲနီနေပြီး မူလက လေးလံလှသော ခြေလှမ်းများမှာလည်း မမြဲတော့ပါပေ။

တစ်ချိန်တည်းမှာပင် လှံရှည်မှတစ်ဆင့် သူ၏ကိုယ်ထဲသို့ အင်အားကြီးမားသော သက်စောင့်အားများ စီးဝင်လာသဖြင့် ရွှီရှင်း၏ လှုပ်ရှားမှုများမှာ ပိုမိုမြန်ဆန်ကာ အင်အားရှိလာခဲ့သည်။

နောက်ဆုံးတွင် မာဟုန်ဝေမှာ အားနည်းသွားခဲ့ပြီး ယိုင်တိုင်တိုင်နှင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရကာ လက်နှစ်ဖက်ဖြင့် မြေပြင်ကို ထောက်လျက် အသက်ကို ပြင်းပြင်းရှူနေရပြီး ပြန်မထနိုင်တော့ချေ။

အခန်း ၃၃၈ ပြီး။

အပိုင်း (၃၃၉) - စာချုပ်ချုပ်ဆိုခြင်းနှင့် သစ်ပင်အိမ်သို့ အပြန်ခရီး

"ငါ... ရှုံးသွားပြီ..."

သူသည် ရွှီရှင်းကို မော့ကြည့်ရန် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး ပါးစပ်မှ စကားလုံးများကို တစ်လုံးချင်း ခက်ခဲစွာ ပြောလာတော့၏။

အသိစိတ် ပြန်ဝင်လာတာလား။

ရွှီရှင်း၏ မျက်ဝန်းများ ဝင်းခနဲ ဖြစ်သွားသည်။

"မင်း ဘယ်အချိန်က အသိစိတ် ပြန်ဝင်လာတာလဲ"

သို့သော် မာဟုန်ဝေသည် နောက်ထပ် စကားမဆိုတော့ဘဲ မျက်လုံးများကို မှိတ်လိုက်၏။

သူ၏ ခန္ဓာကိုယ်ကို ထောက်ထားသော လက်မောင်းများမှာ အားအင်ကုန်ခမ်းသွားကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ပုံကျသွားတော့၏။

ဆယ်ချက်မကသော လှံချက်များ၊ ဆယ်ခါမကသော သက်စောင့်အား စုပ်ယူခံရမှုများကြောင့် သူ၏ ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ချေပြီ။

ဤအချိန်တွင် မာဟုန်ဝေ၏ မျက်နှာပေါ်မှ သွေးရောင်အစင်းကြောင်းများမှာ မှေးမှိန်သွားခြင်း မရှိသေးပေ။

ဆိုလိုသည်မှာ သူသည် ပြင်းထန်သော ဗီဇပြောင်းလဲမှု အခြေအနေထဲ၌ ရှိနေဆဲပင်။

သို့သော် မူလက တောက်ပနေသော နီရဲသည့် အစင်းကြောင်းများမှာ မှိန်ဖျော့သွားခဲ့ပြီ ဖြစ်သည်။

ဗီဇပြောင်းလဲမှုမှာ တစ်နာရီကြာ မြဲနေစေကာမူ သူသည် အင်အားအားလုံး ကုန်ခမ်းသွားပြီဖြစ်ရာ လက်ရှိစွမ်းအားများကို ထုတ်သုံးနိုင်စွမ်း မရှိတော့ပါပေ။

"သူ တစ်ခါထဲ မူးလဲသွားတာပဲ။ ရှင့်ရဲ့ လက်နက်ကတော့ တကယ်ကို ထူးခြားတာပဲ"

လုဖေးအာသည် သူမ၏ လည်ကို လှီးဖြတ်ခဲ့သော ထိုလှံရှည်ကြီးကို ကြောက်လန့်နေဆဲဖြစ်ရာ ရွှီရှင်းအနားသို့ မကပ်ဝံ့ဘဲ အဝေးမှနေ၍ မြေပြင်ပေါ်က မာဟုန်ဝေကို လှမ်းကြည့်ကာ ဆိုလိုက်၏။

ရွှီရှင်း လှံကို ပြန်သိမ်းလိုက်ပြီး မာဟုန်ဝေ၏ရှေ့တွင် ဒူးထောက်ထိုင်ကာ ကျောပိုးအိတ်ထဲမှ ဗီဇပြောင်းသားရဲ စာချုပ် တစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါက စာချုပ်လား"

ရွှီရှင်း လှံသိမ်းလိုက်သည်ကို မြင်မှ လုဖေးအာ အနားသို့ လျှောက်လာပြီး သူ၏လက်ထဲက ကတ်ပြားကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ "အဲဒီပေါ်က စာသားတွေက တော်တော် ထူးဆန်းတာပဲ" ဟု ဆိုသည်။

ဤစာသားများသည် သွေးရောင်မျိုးနွယ်စု ၏ စာသားများ ဖြစ်နိုင်ပေသည်။

ရွှီရှင်းသည် လက်ထဲက စာချုပ်ကို ချေဖျက်လိုက်ရာ အပိုင်းအစများမှာ အလင်းစက်ကလေးများအဖြစ် ပြောင်းလဲသွားပြီး မာဟုန်ဝေ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားတော့သည်။

ယခုတစ်ကြိမ်တွင်တော့ အရင်အကြိမ်များထက် များစွာ ပိုမို ချောမွေ့နေခဲ့၏။

အလင်းစက်များကို စုပ်ယူပြီးသည်နှင့် ရွှီရှင်း၏ နားထဲတွင် အချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

[ဗီဇပြောင်းလူသားနှင့် စာချုပ်ချုပ်ဆိုမှု အောင်မြင်သည်။ ရရှိသော အမှတ်- ၀]

ချက်ချင်းပင် အောင်မြင်သွားခဲ့ချေပြီ။

ကြည့်ရသည်မှာ မာဟုန်ဝေသည် စိတ်ထဲကနေ အမှန်တကယ် အညံ့ခံလိုက်ပုံရပေသည်။

မဆိုးလှပါချေ။

"ဒါနဲ့တင် အကုန်ပြီးသွားတာလား"

လုဖေးအာမှာ အနည်းငယ် စိတ်ပျက်သွားပုံရသည်။

သူမကတော့ တစ်ခုခု ကြီးကြီးမားမား ဖြစ်လာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူမ အရင်က သုံးခဲ့ဖူးသော စာချုပ်များနှင့်သာ ဆင်တူနေသောကြောင့် ဖြစ်၏။

ကွာခြားချက်မှာ သူမသည် ရွှေရောင်သေတ္တာမှရသော သစ်ပင်အိမ် ပြုပြင်မွမ်းမံမှုစာချုပ် သို့မဟုတ် ဂူထဲမှရသော ဗီဇပြောင်းလူသား ထုတ်လုပ်သူစာချုပ် တို့ကို သုံးစဉ်က စာချုပ်ကို ချေဖျက်လိုက်လျှင် အပိုင်းအစများမှာ သူမ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခြင်း ဖြစ်သည်။

ယခု ဗီဇပြောင်းသားရဲစာချုပ် ကမူ တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခြင်း ဖြစ်ပေသည်။

"ဘာ အခမ်းအနားမှ မရှိဘူးလား။ ရှင်က... ရှင် ဘာလုပ်မလို့လဲ"

လုဖေးအာ ရွှီရှင်းကို ကြည့်ရင်း ချက်ချင်း မျက်လုံးပြူးသွားကာ အနောက်သို့ မီတာအနည်းငယ်ခန့် ဆုတ်လိုက်တော့သည်။

ရွှီရှင်းသည် သူ၏ ဘယ်ဘက်လက်က လက်ပတ်ကို လှည့်နေခြင်းပင်။

သူသည် သူ့ကို သတိကြီးစွာ ကြည့်နေသော လုဖေးအာကို တစ်ချက်ကြည့်လိုက်ပြီး မာဟုန်ဝေရှိရာသို့ သူ၏ ဘယ်ဘက်လက်ကို ဆန့်လိုက်သည်။

သူ၏လက်နှင့် ထိလိုက်သည်နှင့် မာဟုန်ဝေမှာ လက်ပတ်အတွင်းသို့ ချက်ချင်း စုပ်ယူခြင်း ခံလိုက်ရတော့၏။

လုဖေးအာ ခုမှသက်ပြင်းချနိုင်တော့သည်။

သူမသည် ထိုလက်ပတ်ကို အလွန်ပင် ကြောက်ရွံ့နေဆဲ ဖြစ်သည် မဟုတ်ပါလား။

ရွှီရှင်း မတ်တတ်ရပ်လိုက်ပြီး ပင်စည်တစ်ခုတည်းသာ ကျန်ရစ်သော သစ်ပင်အိမ်ရှိရာသို့ လျှောက်သွားခဲ့သည်။

သူသည် ပင်စည်ကို စစ်ဆေးပြီးနောက် လီဝမ်ရှီးဆီမှ ငှားလာသော အပြာရောင်အဆင့် သံပေါက်ပြားကို ထုတ်ကာ လုဖေးအာထံသို့ ပစ်ပေးလိုက်သည်။

"နင် တူးလိုက်"

သူသည် အမြဲတမ်း တခြားသူကိုသာ အလုပ်ခိုင်းတတ်သူ ဖြစ်ပေသည်။

အစိမ်းရောင်အဆင့် သစ်ပင်အိမ်ကို တူးရန် စက္ကန့်အနည်းငယ်သာ ကြာသော်လည်း ဤအပြာရောင်အဆင့်မှာမူ ဆယ်ဆမက ပို၍ အချိန်ကြာပေလိမ့်မည်။

"ကျွန်မ... ကောင်းပါပြီလေ"

လုဖေးအာ မငြင်းဆန်ဝံ့ပါပေ။

ဝန်လေးစွာဖြင့်ပင် ပင်ပန်းလှသော အလုပ်ကို စတင်လုပ်ဆောင်ရတော့သည်။

အပြာရောင်အဆင့် သစ်ပင်အိမ်မှာ အစိမ်းရောင်အဆင့်ထက် တကယ်ပင် တူးရခက်လှပေသည်။

သူမ ဆယ်မိနစ်နီးပါး တူးပြီးမှသာ ကျန်ရှိနေသော ပင်စည်ကြီးမှာ လဲကျသွားတော့၏။

"ဒုန်း"

ပင်စည်ကြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီဖြစ်ရာ မာဟုန်ဝေ၏ သစ်ပင်အိမ်မှာ အမှန်တကယ်ပင် သမိုင်းအဖြစ် ကျန်ရစ်ခဲ့ချေပြီ။

ရွှီရှင်းသည် သစ်ပင်ကျင်းထဲမှ မျိုးစေ့ကို ကောက်ယူလိုက်၏။

၎င်းမှာ အရင်က သူတူးခဲ့ဖူးသော မျိုးစေ့များနှင့် တစ်ပုံစံတည်းပင်။

အရွယ်အစား ကြီးမားလာခြင်း သို့မဟုတ် အရောင်အဆင့် ခွဲခြားထားခြင်းမျိုး မရှိဘဲ သာမန် ကပ်ပါးသစ်ပင်အိမ်မျိုးစေ့ သာ ဖြစ်ပေသည်။

သို့သော် ဖော်ပြချက်အရ မျိုးစေ့မှ ပေါက်လာမည့် သစ်ပင်အိမ်၏ ပုံသဏ္ဌာန်မှာ မြေဆီလွှာ ကောင်းမွန်မှုနှင့် မဆိုင်ဘဲ မတူးဖော်မီက မူလသစ်ပင်အိမ်၏ အဆင့်အတန်းအပေါ်တွင်သာ မူတည်ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤမျိုးစေ့သည် အပြာရောင်အဆင့် ကပ်ပါးသစ်ပင်အိမ်ကို ထုတ်ပေးနိုင်ပေလိမ့်မည်။

ဒါပေမဲ့ မျိုးစေ့ကို ကြည့်ရုံနှင့်တော့ ခွဲခြား၍ မရပါပေ။

ရွှီရှင်းကဲ့သို့ အာရုံခံနိုင်စွမ်းရှိသူပင်လျှင် ခွဲခြား၍ မရနိုင်ပါချေ။

အကယ်၍ အဆင့်နိမ့် မျိုးစေ့ပုံကြီးထဲမှာ ရောနေမည်ဆိုပါက မည်သည့်အရာမှာ အဆင့်မြင့်မျိုးစေ့ဖြစ်ကြောင်း သူ ရှာတွေ့နိုင်မည် မဟုတ်ချေ။

ဒါဟာ ကံစမ်းမဲနှိုက်ရသလိုမျိုးပင်။

နောက်ကျရင် သစ်ပင်အိမ်မျိုးစေ့တွေကို ရောင်းချမယ့်သူ ရှိမလားလို့ သူ တွေးနေမိသည်။

ဒါကို လဲလှယ်ရေးစင် ပေါ်မှာ ရောင်းလို့ ရလောက်မလား။

"ကဲ... သွားကြစို့"

ရွှီရှင်း ငွေရောင်ဘုရင်ထံသို့ လျှောက်သွားကာ ဝံပုလွေကျောပေါ်သို့ တက်လိုက်သည်။

အရာအားလုံး ပြီးမြောက်သွားပြီဖြစ်ရာ ပြန်ရမည့်အချိန် ရောက်လေပြီ။

"ဟုတ်ကဲ့"

လုဖေးအာသည်လည်း ဝံပုလွေကျောပေါ်သို့ လိုက်တက်လိုက်၏။

သူတို့ ထွက်ခွာတော့မည့်အချိန်မှာပင် မီမီသည် အနည်းငယ် စိတ်ဓာတ်ကျနေသော အသံဖြင့် အော်ဟစ်လိုက်သည်။

၎င်းသည် ဤမျှလောက် ဝေးကွာသော ခရီးကို ဆက်လက် မပြေးချင်တော့ပေ။

"နင်က အတင်းလိုက်ချင်တယ်ဆိုလို့ ခေါ်လာတာလေ"

ရွှီရှင်း ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း "ဒါဆိုရင် နင့်ကို လက်ပတ်ထဲမှာ ခဏထည့်ထားပေးမယ်၊ အိမ်ရောက်မှ ပြန်ထုတ်ပေးမယ်လေ။ ဘယ်လိုလဲ"

မီမီ ခေါင်းကို အနည်းငယ် မော့လိုက်ရာ စိတ်ဝင်စားပုံရပေသည်။

"မလုပ်နဲ့ မီမီ နင် ရူးသွားလိမ့်မယ် အထဲမှာ တကယ့်ကို ကြောက်စရာကောင်းတာ"

စာချုပ်ချုပ်ဆိုခံထားရသူ အချင်းချင်းပီပီ လုဖေးအာက ရွှီရှင်း၏ မိစ္ဆာဆန်သော လုပ်ရပ်ကို ချက်ချင်း တားဆီးလိုက်ပြီး မီမီကို ဖျောင်းဖျတော့သည်။

အာဖုသည်လည်း စူးရှသော အသံကို ပြုလုပ်ကာ မီမီအား တားဆီးရန် ကြိုးစားနေ၏။

"စမ်းကြည့်တာပေါ့၊ ဘာပဲဖြစ်ဖြစ် မိနစ်အနည်းငယ်ပဲ ကြာမှာလေ" ဟု ရွှီရှင်းက အကြံပြုလိုက်၏။

မီမီသည် ဂူထဲတွင် ဆယ်စုနှစ်ပေါင်းများစွာ ပိတ်လှောင်ခံခဲ့ရသူဖြစ်ရာ၊ ဤကဲ့သို့သော ပတ်ဝန်းကျင်အပေါ် ခံနိုင်ရည်မှာ နိမ့်ကျမည် မဟုတ်ပါပေ။

အကယ်၍ မီမီပင် ဤလက်ပတ်ကို ကြောက်ရွံ့သွားမည်ဆိုပါက ဤလက်ပတ်ကို အပြစ်ပေးရန်အတွက်သာ အသုံးပြုရပေလိမ့်မည်။

နောက်ဆုံးတွင်တော့ မီမီသည် ပျင်းရိရန်သာ ဆုံးဖြတ်လိုက်ပြီး ခရီးရှည်ကြီးကို မပြေးလိုတော့သဖြင့် ရွှီရှင်း၏ လက်ပတ်အတွင်းသို့ စုပ်ယူခံလိုက်တော့သည်။

"သူ သေချာပေါက် နောင်တရလိမ့်မယ်"

လုဖေးအာမှာ ဖျောင်းဖျ၍ မရသဖြင့် သွားကြိတ်ကာ ပြောလိုက်၏။

"ရှင်ကတော့ တကယ့်ကို မိစ္ဆာကြီးပဲ"

အခန်း ၃၃၉ ပြီး။

All Chapters