← Chapters

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အပိုင်း (၃၄၀) - စာချုပ်ချုပ်ဆိုခြင်းနှင့် သစ်ပင်အိမ်သို့ အပြန်ခရီး (၂)

"နင်လည်း အထဲဝင်ပြီး မီမီကို အဖော်သွားလုပ်ပေးပါလား"

ရွှီရှင်းက သူမကို မျက်စောင်းတစ်ချက် ထိုးလိုက်၏။

"မလုပ်ပါဘူး၊ မလုပ်ပါဘူး... ကျွန်မက ကျွန်မရဲ့သခင်ကြီးရဲ့နောက်မှာပဲ ထိုင်ရတာကို ပိုကြိုက်ပါတယ်"

လုဖေးအာ ချက်ချင်းပင် လျှော့ပေးလိုက်ကာ မျက်နှာလေး ပြုံးဖြီးလျက်

"သခင်ကြီးက မီမီ ပင်ပန်းမှာစိုးလို့ သူ့အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ပေးတာပဲလေ၊ ဟုတ်တယ်မလား"

မီမီ မရှိတော့သဖြင့် အာဖုမှာ ငွေရောင်ဘုရင်၏ကျောပေါ်သို့ ဆင်းသက်ကာ လုဖေးအာ၏နောက်တွင် မှီတွယ်လိုက်ရတော့သည်။

"သွားကြစို့"

ရွှီရှင်း သူ၏ရင်ခွင်ထဲ၌ အိပ်ပျော်နေသော ခဲခဲလေးကို ပုတ်ပေးရင်း ငွေရောင်ဘုရင်အား အမိန့်ပေးလိုက်၏။

"ဝူးးး"

ငွေရောင်ဘုရင်သည် အားရပါးရ အော်ဟစ်လိုက်ပြီးနောက် မြောက်ဘက်ရှိ လီဝမ်ရှီး၏ သစ်ပင်အိမ်ရှိရာသို့ ဦးတည်ထွက်ခွာခဲ့တော့သည်။

"ရွှီရှင်း... သစ်ပင်အိမ်အူတိုင်အကြောင်းကို ရှင့်ဘာသာရှင် ရှာတွေ့ခဲ့တာလား"

လမ်းခရီးတွင် လုဖေးအာက ရုတ်တရက် မေးလိုက်၏။

"...ဘာလို့လဲ၊ ဘာပြောချင်လို့လဲ"

"ကျွန်မ ၁၈၇ နယ်မြေရဲ့ ချန်နယ်ကို စစ်ဆေးကြည့်တော့၊ အခုထိ သူတို့တွေက သစ်ပင်အိမ်အူတိုင်အကြောင်းကို ဘာမှမသိကြသေးဘူး ဖြစ်နေလို့"

သစ်ပင်အိမ်အူတိုင်ဆိုသည်မှာ တကယ်ပင် ရှာဖွေရန် ခက်ခဲလှပေသည်။

အကယ်၍သာ ခဲခဲလေး၏ သတိပေးချက် မရှိခဲ့ပါက ရွှီရှင်းအနေဖြင့် ပထမထပ်၏ အလယ်ဗဟိုကြမ်းပြင်ကို ဖောက်ခွဲပြီး အောက်က ပင်စည်ကို ရှာဖွေရန် တွေးမိမည်မဟုတ်သလို သစ်ပင်အိမ်အူတိုင်ကို ရရှိရန် အခွင့်အရေးလည်း ရှိမည်မဟုတ်ပါပေ။

သစ်ပင်အိမ်ကို တိုက်ရိုက် ခုတ်လှဲခြင်း သို့မဟုတ် တူးဖော်ခြင်းက အူတိုင်ကို ရရှိစေမည် မဟုတ်ပေ။

၎င်းကို သစ်ပင်အိမ် သက်ရှိထင်ရှား ရှိနေစဉ်မှာပင် ထုတ်ယူရခြင်း ဖြစ်၏။

"အင်း... ခဲခဲလေးကြောင့် ရှာတွေ့ခဲ့တာပါ"

ရွှီရှင်း သူ၏ရင်ခွင်ထဲက အိပ်ချင်မူးတူးဖြစ်နေသော ခဲခဲလေး၏ ခေါင်းကို ပုတ်ပေးလိုက်၏။

ခဲခဲလေးမှာ သူ၏ ကံကောင်းခြင်း နတ်သမီးလေးပင် မဟုတ်ပါလား။

"ဪ... ဒါဆိုရင်လေ၊ ကျွန်မတို့ သူတို့ကို သစ်ပင်အိမ်အူတိုင်အကြောင်း ပြောပြသင့်တယ်လို့ ရှင် ထင်လား"

လုဖေးအာက ရုတ်တရက် အကြံပြုလာသည်။

"...ဘာဖြစ်လို့လဲ။ နင် ဘာတွေ ကြံစည်နေတာလဲ"

ရွှီရှင်း မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"တွေးကြည့်လေ... ၁၈၇ နယ်မြေမှာ လူနည်းနည်းပဲ ကျန်တော့တာ၊ သူတို့က ကျွန်မတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ အကယ်၍ ကျွန်မက သူတို့ကို အူတိုင်အကြောင်း ပြောပြလိုက်ရင်၊ သူတို့က ကျွန်မတို့အတွက် အူတိုင်တွေ လိုက်စုပေးကြလိမ့်မယ်။ ပြီးတော့ ဒါကြောင့်ပဲ သူတို့အချင်းချင်း ပြဿနာတွေတက်ပြီး ရန်ဖြစ်ကြဦးမှာလေ"

လုဖေးအာက သူမ၏ အကြံမှာ အလွန်ကောင်းသည်ဟု ထင်နေပုံရသည်။

"အဲဒီကျရင် ကျွန်မတို့တွေ အူတိုင်တွေ အများကြီး ရနိုင်တာပေါ့"

ရွှီရှင်း နှုတ်ဆိတ်နေမိ၏။

ဤအချက်ကို သူလည်း စဉ်းစားခဲ့ဖူးပါသည်။

ဘာပဲဖြစ်ဖြစ် စူးစမ်းရှာဖွေသူများ အဖွဲ့တစ်ခုတည်းအပေါ်မှာတင် အားကိုးနေမည်ဆိုပါက ရရှိမည့် အူတိုင်အရေအတွက်မှာ ကန့်သတ်ချက် ရှိနေသည် မဟုတ်ပါလား။

သို့သော်လည်း မလိုအပ်သော ဝရုန်းသုန်းကားမှုများကို တားဆီးရန်အတွက် သူတို့သည် သူတို့နယ်မြေကလူတွေကိုပင် ဤလျှို့ဝှက်ချက်ကို အသိမပေးခဲ့ကြပါပေ။

အကယ်၍သာ ဤသတင်းကို ထုတ်ပြန်လိုက်မည်ဆိုပါက ဒါဟာ ချက်ချင်းဆိုသလို ပဋိပက္ခတွေ ဖြစ်ပေါ်စေမည့် မီးပွားတစ်ခု ဖြစ်သွားပေလိမ့်မည်။

ယခုကဲ့သို့ သတ်ဖြတ်လုယက်ခြင်းမှာ ကပ်ပါးသစ်ပင်အိမ်တစ်ခု ရရှိရန်အတွက်သာဆိုလျှင်တော့ ပြဿနာမှာ သိပ်မကြီးလှပါပေ။

ဘာပဲဖြစ်ဖြစ် လူအများစုအတွက် ကပ်ပါးသစ်ပင်အိမ်ဆိုသည်မှာ ထင်သလောက် အသုံးမဝင်လှသောကြောင့် ဖြစ်၏။

သို့သော် ၎င်းက ခရမ်းရောင်အဆင့် ကုန်ကြမ်းတွေအဖြစ် အဆင့်မြှင့်တင်နိုင်မည့် သစ်ပင်အိမ်အူတိုင် ဖြစ်သွားမည်ဆိုပါက ဆွဲဆောင်မှုမှာ အလွန်ကြီးမားသွားပေလိမ့်မည်။

အရင်ကတော့ ရွှီရှင်းအနေဖြင့် ဤသို့ဖြစ်လာမည်ကို မလိုလားခဲ့ပေ။

အကြောင်းမှာ အားသာချက်ဆိုသည်မှာ အမြဲတမ်း နှိုင်းယှဉ်ချက်အပေါ်တွင်သာ မူတည်နေသောကြောင့် ဖြစ်၏။

တောထဲမှာ ကျားတစ်ကောင်နဲ့ ထိပ်တိုက်တိုးတဲ့အခါ လွတ်အောင်ပြေးမယ့်သူက ကျားထက် ပိုမြန်နေဖို့ မလိုပဲ ဘေးကလူထက် ပိုမြန်နေဖို့ပဲ လိုတာလေ။

သူတို့သာလျှင် သစ်ပင်အိမ်အူတိုင် ထုတ်ယူနည်းကို သိရှိထားခြင်းက သူတို့အား အခြားသူများနှင့် အကွာအဝေးတစ်ခုကို အမြန်ဆုံး ခြားထားနိုင်စေမည့် အချက်အလက်ဆိုင်ရာ အားသာချက်တစ်ခု ဖြစ်ပေသည်။

ဤနည်းဖြင့် သူတို့သည် နောက်ဆုံးအထိ ရှင်ကျန်မည့်သူ ဖြစ်လာနိုင်ခြေ အရှိဆုံး ဖြစ်လာမည်မဟုတ်ပါလား။

သို့သော် ယခုအခါ သူ၏ အတွေးအမြင်များမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ချေပြီ။

ပြေးနေတဲ့သူတစ်ယောက် ဖြစ်နေရုံနဲ့တင် နောက်ဆုံးအထိ ရှင်သန်နိုင်ပါ့မလား။

ဧရာမလူသားတွေ ချန်ထားခဲ့တဲ့ စာသားတွေကို မြင်ပြီးနောက်မှာတော့ ဤကမ္ဘာကြီးမှာ တည်ငြိမ်မှုမရှိကြောင်း သူ သိလိုက်ရသည်။

ကျားတစ်ကောင်လက်က လွတ်သွားစေကာမူ နောက်ထပ် ဝံပုလွေအုပ်နဲ့လည်း တိုးနိုင်သည် မဟုတ်ပါလား။

ထို့ကြောင့် မိမိ၏ ခွန်အားကို အလျှင်အမြန် မြှင့်တင်ထားခြင်းကသာ ပို၍ အရေးကြီးပေလိမ့်မည်။

အခြားနယ်မြေကလူတွေရဲ့ ခွန်အားတွေလည်း လျင်မြန်စွာ မြင့်တက်လာပြီး ထိန်းချုပ်ရခက်ခဲသွားစေဦးတော့ပေါ့။

"ဒါကို ငါ စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေနဲ့ အရင် ဆွေးနွေးလိုက်ဦးမယ်။ အဲဒီအချိန်အထိတော့ ၁၈၇ နယ်မြေကလူတွေကို ဘာမှမပြောပါနဲ့ဦး" ဟု ရွှီရှင်းက ခေတ္တမျှ ငြိမ်သက်ပြီးနောက် ပြောလိုက်၏။

"ဟုတ်ကဲ့ပါ၊ သိပါပြီရှင်"

မကြာမီမှာပင် သူတို့သည် လီဝမ်ရှီး၏ သစ်ပင်အိမ်အောက်သို့ ပြန်လည်ရောက်ရှိခဲ့ကြသည်။

လီဝမ်ရှီးသည် ပြတင်းပေါက်မှတစ်ဆင့် သူတို့ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ဆင်းလာခဲ့၏။

"ပြန်လာပြီလား၊ ကြာလိုက်တာ ဟိုဘက်က သစ်ပင်အိမ် ပြိုသွားကတည်းက ကျွန်မ ဒီမှာ စောင့်နေတာ"

လီဝမ်ရှီး အနားသို့ လျှောက်လာပြီး ရွှီရှင်း၏ ရင်ခွင်ထဲက အိပ်ပျော်နေသော ခဲခဲလေးကို ပွေ့ချီကာ အသာအယာ ပုတ်ပေးလိုက်တော့သည်။

"ရွှီရှင်းကလေ ဗီဇပြောင်းနေတဲ့ မာဟုန်ဝေကို လက်ဗလာနဲ့ ယှဉ်တိုက်ချင်နေလို့ တစ်ခါတောင် မြေပြင်ပေါ် ပစ်ပေါက်ခံလိုက်ရသေးတယ်"

လုဖေးအာက ရွှီရှင်း၏ အလွဲများကို ချက်ချင်းပင် ဖော်ကောင်လုပ်တော့သည်။

"ဟင်"

လီဝမ်ရှီး အံ့သြသွားကာ ရွှီရှင်းအနားသို့ အမြန်သွားပြီး စိုးရိမ်တကြီး မေးရှာသည်။

"ဘာဖြစ်သွားသေးလဲ၊ အဆင်ပြေရဲ့လား"

"ငါ့ပုံစံက တစ်ခုခု ဖြစ်နေတဲ့ပုံ ပေါက်နေလို့လား"

ရွှီရှင်း လက်ကို ဖြန့်ပြလိုက်၏။

ထို့နောက် သူ ကြုံတွေ့ခဲ့ရသည်များကို လီဝမ်ရှီးအား အကျဉ်းချုံး ပြောပြလိုက်သည်။

"ဒါကြောင့် သစ်ပင်အိမ်ရော၊ မာဟုန်ဝေကိုပါ ငါ တစ်ခါတည်း ယူလာခဲ့တယ်"

"ယူလာလိုက်ပါ၊ ဒါတွေက ကျွန်မအပိုင်မှ မဟုတ်တာပဲ။ ဒါနဲ့..."

လီဝမ်ရှီးက တည်နေရာတစ်ခုကို ညွှန်ပြကာ "ကျိချောင်းယန် အခုလေးတင် ရောက်လာသေးတယ်။ သူက ကျွန်မအိမ်ရဲ့ အရှေ့ဘက်ကို သွားပြီးတော့၊ ဟိုဘက်က သစ်ပင်အိမ်ကို သိမ်းပိုက်ပြီး နည်းနည်း စူးစမ်းကြည့်မယ်လို့ ပြောသွားတယ်"

အရှေ့ဘက်လား။

ဟုတ်သားပဲ၊ လီဝမ်ရှီးအိမ်ရဲ့ အရှေ့ဘက်မှာလည်း တစ်ထပ် သစ်ပင်အိမ်အသေးလေး တစ်လုံး ရှိနေသေးသည် မဟုတ်ပါလား။

မနေ့က မမျှော်လင့်တဲ့ ကိစ္စတွေဖြစ်ပြီး ပြန်ရောက်လာတဲ့အချိန်မှာ မှောင်နေပြီဖြစ်တာကြောင့် ၎င်းကို မကိုင်တွယ်ရသေးခြင်း ဖြစ်၏။

"ကောင်းပြီလေ၊ ငါ အရင်ပြန်ပြီး အဖွဲ့ဝင်သစ်ကို နေရာချပေးလိုက်ဦးမယ်"

"အင်း... ကျွန်မလည်း သွားသင့်ပြီ။ ယာကျွင်းကို အပြင်မှာ တစ်ယောက်တည်း သတ္တုတူးခိုင်းထားရတာ စိတ်မချရဘူးလေ"

လီဝမ်ရှီး ခေါင်းညိတ်ပြလိုက်၏။

ရွှီရှင်းသည် နေရာကူးပြောင်းရေးတံခါးကို ဖွင့်လိုက်ပြီး လီဝမ်ရှီးအား လက်ပြကာ ချက်ချင်းပင် ကူးပြောင်းလိုက်တော့သည်။

ကမ္ဘာကြီး လည်ပတ်သွားကာ အရှိန်နှင့် ပြုတ်ကျသွားပြီးနောက် သူ၏ခြေထောက်များသည် ဘေးကင်းဇုံအတွင်းသို့ သက်ဆင်းလိုက်ရ၏။

ယခုတစ်ကြိမ်တွင်မူ သူသည် ဘာမှမအီမသာဖြစ်ခြင်း မရှိတော့ဘဲ နေရာကူးပြောင်းရေးတံခါးနှင့် လုံးဝ အသားကျသွားပြီဖြစ်ကြောင်း အံ့သြစွာ သိလိုက်ရ၏။

"အူးးး..."

သူ၏ဘေးတွင်တော့ လုဖေးအာမှာ မြေပြင်ပေါ်၌ ဒူးထောက်ကျသွားချေပြီ။

ယခုတစ်ကြိမ်တွင်တော့ သူမသည် မတ်တတ်မရပ်တော့ဘဲ မြေပြင်ပေါ်တွင်သာ ကိုယ်ကို လိပ်ကာ လှဲချလိုက်တော့၏။

"တကယ့်ကို ခံစားရခက်တာပဲ... ကျွန်မ နောက်ကို ဘယ်တော့မှ မကူးပြောင်းချင်တော့ဘူး..."

ငွေရောင်ဘုရင်နှင့် အာဖုတို့သည်လည်း မြေပြင်ပေါ်သို့ ပြန်လည် ပုံကျသွားကြပြန်သည်။

"ဒီတစ်ခါက အရင်တစ်ခါထက်စာရင် နည်းနည်း သက်သာရဲ့လား"

ရွှီရှင်းက မေးလိုက်၏။

"...မသက်သာပါဘူး... နေလို့ မကောင်းသေးဘူး..."

သူမ၏ လေသံမှာ ငိုသံပင် ပါလာခဲ့ပြီ။

"နောက်တစ်ခါကျရင် တကယ့်ကို အရေးမကြီးဘူးဆိုရင် ကျွန်မကို မကူးပြောင်းခိုင်းပါနဲ့တော့... အူးးး..."

"...နင်တို့တွေ သွေးမြူခိုးအခန်းထဲကို သွားလိုက်ကြလေ"

ရွှီရှင်း မြေပြင်ပေါ်မှာ လဲနေကြသော သူတို့ကို ကြည့်ကာ အကြံပြုလိုက်သည်။

ဖြစ်နိုင်သည်က သွေးမြူခိုးတွေဟာ ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေနိုင်ခြင်းပင်။

ရွှီရှင်း၏ စကားကို ကြားသောအခါ ငွေရောင်ဘုရင်သည် ယိုင်တိုင်တိုင်နှင့် မတ်တတ်ရပ်လိုက်ပြီး အာဖုကို ကျောပေါ်တင်လျက် သွားတော့သည်။

လုဖေးအာသည်လည်း မြေပြင်မှ ကိုယ်ကို တွန်းထလိုက်၏။

"ဟုတ်သားပဲ... သွေးမြူခိုး... ဒါပေမဲ့ ကျွန်မ... မတ်တတ်မရပ်နိုင်ဘူး..."

သူမ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အကြိမ်ကြိမ် ကြိုးစားသော်လည်း ခြေထောက်များမှာ အားမရှိလှသဖြင့် ရွှီရှင်းကို အားကိုးတကြီး လှမ်းကြည့်နေရှာသည်။

ရွှီရှင်းလည်း ဘာမှတတ်နိုင်ဘဲ သူမကို ထူပေးလိုက်ပြီး အခန်းတံခါးဝအထိ ဖေးမခေါ်ဆောင်သွားကာ တံခါးဖွင့်ပေးလိုက်ရတော့သည်။

အခန်းထဲမှ သွေးမြူခိုးများ လွင့်ပျံထွက်လာသောအခါ လုဖေးအာမှာ စိတ်ကြည်လင်သွားဟန်ဖြင့် ဖြူဖျော့နေသော မျက်နှာလေးမှာလည်း အနည်းငယ် နီမြန်းလာခဲ့သည်။

"ဝူးးး"

ငွေရောင်ဘုရင်၏ ကိုယ်မှာလည်း တစ်ချက် လှုပ်ခါသွားသလို အာဖုသည်လည်း ငွေရောင်ဘုရင်၏ ကျောပေါ်မှ ခေါင်းပြူထွက်ကာ အတောင်ပံကို နှစ်ချက်မျှ ခတ်လိုက်၏။

"တကယ်ပဲ အလုပ်ဖြစ်ပုံရတယ်"

သူမသည် အခန်းတံခါးကို အမြန်ဖွင့်ပြီး အတွင်းသို့ ပြေးဝင်သွားတော့ရာ အားနည်းနေသည့် ခံစားချက်များ မရှိတော့ပေ။

"...မင်းတို့လည်း ဝင်လိုက်ကြတော့လေ"

ရွှီရှင်း နှာခေါင်းကို ပိတ်ကာ မျက်မှောင်ကြုတ်လျက် ငွေရောင်ဘုရင်နှင့် အာဖုကို ပြောလိုက်၏။

၎င်းတို့နှစ်ဦးစလုံးက ပြန်ထူးပြီးနောက် အတွင်းသို့ ဝင်သွားကြတော့သည်။

ရွှီရှင်း တံခါးကို အမြန် ပြန်ပိတ်လိုက်ပြီး အသက်ဝဝရှူလိုက်ရ၏။

တကယ့်ကို နံစော်လှ၏။

"ဪ... ဟုတ်သားပဲ၊ မီမီ။"

ရွှီရှင်း မီမီကို လက်ပတ်ထဲမှ အမြန် ပြန်ထုတ်ပေးလိုက်သည်။

သို့သော် မီမီသည် အပြင်သို့ ရောက်သည်နှင့် မြေပြင်ပေါ်၌ ဗိုက်မှောက်လဲကျသွားပြီး အားနည်းကာ မူးဝေနေသည့် အသွင်ပေါက်နေတော့သည်။

ဘာဖြစ်လို့ပါလိမ့်။

ရွှီရှင်း ခဏမျှ မှင်သက်သွားပြီးမှ သဘောပေါက်သွားခဲ့သည်။

ဗီဇပြောင်းသတ္တဝါတစ်ကောင်ကို လက်ပတ်ထဲထည့်ပြီး သယ်လာစေကာမူ နေရာကူးပြောင်းရေးတံခါး၏ ဘေးထွက်ဆိုးကျိုးကို မကျော်လွှားနိုင်ခြင်းပင်။

မီမီမှာ လက်ရှိအခြေအနေတွင် သူမ၏ လက်ပတ်အတွင်းက အတွေ့အကြုံကို မဖော်ပြနိုင်ရှာပေ။

ရွှီရှင်း မီမီကိုလည်း သွေးမြူခိုးအခန်းထဲသို့ အမြန် ထည့်ပေးလိုက်၏။

ဒါတွေအားလုံး ပြီးသွားသောအခါမှ သူသည် သစ်သားအိမ်ငယ်လေး၏ ပြတင်းပေါက်မှတစ်ဆင့် အတွင်းကို လှမ်းကြည့်လိုက်သည်။

လုဖေးအာသည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက် နံရံကို မှီထားပြီး သူမ၏ မျက်နှာပေါ်တွင် သွေးရောင်အစင်းကြောင်းများ ပြန်လည် ပေါ်ထွက်လာခဲ့ချေပြီ။

ကျန်ရှိသော သုံးကောင်မှာလည်း မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ဝပ်နေကြပြီး သူတို့၏ သွေးရောင်အစင်းကြောင်းများမှာလည်း တဖြည်းဖြည်း ပိုမို တောက်ပလာနေကြသည်။

အားလုံး အတူတူရှိနေသော်လည်း ဘာပြဿနာမှ မရှိသည်ကို မြင်ရသောအခါမှ ရွှီရှင်း သက်ပြင်းချနိုင်တော့သည်။

သူတို့ကို ထိုထဲမှာပဲ ခဏ ထားလိုက်တာက ပိုကောင်းပေလိမ့်မည်။

ရွှီရှင်းသည် သစ်ပင်အိမ်နှင့် ဝေးရာအရပ်သို့ လျှောက်သွားလိုက်၏။

သူသည် သာမန်ကာလျှံကာဖြစ်နေသော မျိုးစေ့ကို ထုတ်ယူကာ လက်ဖဝါးပေါ်တွင် တင်၍ ခေတ္တမျှ စူးစမ်းကြည့်လိုက်သည်။

မာဟုန်ဝေ၏ သစ်ပင်အိမ်ကို စိုက်ရတော့မည်။

ဒါပေမဲ့ ဒါက အပြာရောင်အဆင့် ဖြစ်နေတာကြောင့် သင့်တော်တဲ့ နေရာတစ်ခုကိုတော့ သေသေချာချာ ရွေးချယ်ဖို့ လိုအပ်ပေလိမ့်မည်။

သူ၏ ညောင်ပင်ကြီးမှာလည်း ဆက်လက်ကျယ်ပြန့်နေပြီး သစ်ပင်အိမ်အတွင်းပိုင်း ဧရိယာကို တိုးပွားစေနေသဖြင့် ကပ်ပါးသစ်ပင်အိမ်ကို အရမ်းနီးကပ်စွာ မစိုက်ပျိုးတာက ပိုကောင်းပေလိမ့်မည်။

မဟုတ်ပါက ထိုသစ်ပင်အိမ်နှစ်လုံးမှာ တစ်ဆက်တည်း ဖြစ်သွားမည့်အလား ရှိနေသောကြောင့် ဖြစ်၏။

ဘယ်နေရာမှာ စိုက်ရင် ကောင်းမလဲ...။

အခန်း ၃၄၀ ပြီး။

အပိုင်း (၃၄၁) - ကြောက်မက်ဖွယ်ကောင်းသော သံယောဇဉ်စွမ်းအား

ရွှီရှင်းသည် အိပ်ပျော်နေပြီဖြစ်သော ခဲခဲလေးကို အရင်ဆုံး သစ်ပင်အိမ်ထဲသို့ ပြန်သယ်သွားကာ ဆိုဖာပေါ်တွင် အသာအယာ တင်ထားပေးလိုက်၏။

ခဲခဲလေးသည် တကျည်ကျည်နှင့် တိုးတိုးလေးညည်းပြီး တစ်ဖက်သို့ လှည့်လိုက်ရာ သူမ၏ အမြီးကြီးမှာ ဆိုဖာအစွန်းမှတစ်ဆင့် တွဲလောင်းကျနေတော့သည်။

ရွှီရှင်း သူမ၏ ခေါင်းလုံးလုံးလေးကို ပုတ်ပေးလိုက်ပြီးနောက် သစ်ပင်အိမ်ထဲမှ ပြန်လည် ထွက်ခွာခဲ့၏။

သေသေချာချာ စဉ်းစားပြီးနောက် မာဟုန်ဝေ၏ သစ်ပင်အိမ်ကို အပင်နှလုံးသား ၏ အစောင့်အရှောက် နယ်ပယ်ပြင်ပတွင် စိုက်ပျိုးရန် သူ ဆုံးဖြတ်လိုက်သည်။

အပင်နှလုံးသား၏ အတွင်းပိုင်းနယ်မြေမှာ သူ၏ ကိုယ်ပိုင်ပိုင်နက်အဖြစ်သာ ထားရှိမည်ဖြစ်ပြီး အခြားရှင်ကျန်သူများ၏ ကပ်ပါးသစ်ပင်အိမ်များကို ထိုအတွင်း၌ စိုက်ပျိုးမည် မဟုတ်ပေ။

ယခု လုဖေးအာက ဤနေရာတွင် နေထိုင်နေရခြင်းမှာ သူမ၏ သစ်ပင်အိမ်ကို ပြန်လည်ပြောင်းရွှေ့စိုက်ပျိုးခြင်း မပြုရသေးသောကြောင့် ဖြစ်၏။

နယ်မြေ ၁၈၇ ဘက်က အခြေအနေတွေ ငြိမ်သက်သွားပြီး သူမအနေဖြင့် သတင်းအချက်အလက်တွေ စုံစမ်းဖို့ မလိုအပ်တော့သည့်အခါကျ သူမ၏ သစ်ပင်အိမ်ကိုလည်း သူ၏ ပင်မသစ်ပင်အိမ် နှင့် မီတာ တစ်ရာပတ်လည်အတွင်းမှာ ထားရှိတော့မည် မဟုတ်ပေ။

နောက်ဆုံးတွင် ရွှီရှင်းသည် မာဟုန်ဝေ၏ ကပ်ပါးသစ်ပင်အိမ်ကို ပင်မသစ်ပင်အိမ်မှ မီတာ သုံးရာခန့်အကွာတွင် စိုက်ပျိုးရန် ရွေးချယ်လိုက်တော့သည်။

သူ၏ ဘေးကင်းဇုံကို အပြင်ဘက်သို့ တဖြည်းဖြည်း ချဲ့ထွင်ရန် လိုအပ်သည် မဟုတ်ပါလား။

သူ၏ နယ်မြေမှာ မီတာ တစ်ရာပတ်လည်အတွင်းမှာတင် ရပ်တန့်နေ၍ မဖြစ်ပေ။

သေချာပေါက် သူသည် ထိုရေကန်ကြီးနှင့်တော့ ဝေးဝေးနေပါဦးမည်။

ရေကန်ထဲက ဧရာမမြွေကြီးကို သွားပြီး မဆွတာက အကောင်းဆုံးပင်။

ရေကန်မှာ သစ်ပင်အိမ်၏ အနောက်မြောက်ဘက်တွင် ရှိနေသဖြင့် ရွှီရှင်းသည် မျိုးစေ့ကို တောင်ဘက်အရပ်တွင် စိုက်ပျိုးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။

မာဟုန်ဝေ၏ စွမ်းရည်များနှင့်ဆိုလျှင် ကပ်ပါးသစ်ပင်အိမ်တစ်ခုချင်းစီမှာ တကယ့်ကို ခိုင်ခံ့လှသော ခံတပ်ကြီးများ ဖြစ်လာပေလိမ့်မည်။

အနည်းဆုံးတော့ ယခုအချိန်အထိ သူ ကြုံတွေ့ခဲ့ရသော အဆင့်နိမ့် ဗီဇပြောင်းသတ္တဝါတွေကိုတော့ မာဟုန်ဝေ၏ သစ်ပင်အိမ်က အေးဆေးပင် ကိုင်တွယ်နိုင်ပေသည်။

အလယ်အလတ်အဆင့် ဗီဇပြောင်းသတ္တဝါတွေဆိုလျှင်ပင် ပြဿနာရှိမည် မဟုတ်ပါပေ။

အရင်က ထိုသွေးရောင်ငါးကိုပင် မြှားပစ်စက်အကြီးကြီးဖြင့် တိုက်ရိုက် ဖောက်ထွင်းပစ်နိုင်ခဲ့သည် မဟုတ်ပါလား။

ဤသစ်ပင်အိမ်၏ ပတ်ဝန်းကျင် နယ်မြေတစ်ခုလုံးမှာ သားရဲများနှင့် ဗီဇပြောင်းသတ္တဝါများအတွက်တော့ တားမြစ်နယ်မြေ တစ်ခု ဖြစ်လာတော့မည်မှာ အသေအချာပင်။

သူသည် သင့်တော်သော နေရာတစ်ခုကို ရွေးချယ်လိုက်ပြီး ပတ်ဝန်းကျင်က သစ်ပင်များကို ရှင်းလင်းကာ မြေနေရာတစ်ခု ဖော်လိုက်ပြီးနောက် သာမန်ကာလျှံကာဖြစ်နေသော သစ်ပင်အိမ်မျိုးစေ့ကို မြေကြီးထဲသို့ စိုက်ပျိုးလိုက်တော့သည်။

သစ်ပင်အိမ်၏ အညှောက်ကလေးမှာ မြေပြင်ကို ထိုးဖောက်ထွက်ပေါ်လာပြီးနောက် အရှိန်အဟုန်ဖြင့် စတင်ကြီးထွားလာခဲ့ချေပြီ။

ယေဘုယျအားဖြင့် ကပ်ပါးသစ်ပင်အိမ်တစ်ခု လုံးဝဥဿုံ ကြီးထွားလာရန် ငါးမိနစ်ခန့်သာ အချိန်လိုအပ်ပေသည်။

ထိုအချိန်မှာပင် ရွှီရှင်းသည် သူ၏အနောက်မှ ခြေသံများကို ကြားလိုက်ရ၏။

သွေးမြူခိုးအခန်းထဲကနေ လုဖေးအာ သူ့ကို လာရှာခြင်း ဖြစ်ရပေမည်။

မှန်ပေသည်။ မကြာမီမှာပင် လုဖေးအာ ရောက်ရှိလာပြီး ကြီးထွားနေသော သစ်ပင်အိမ်ကို စူးစမ်းကြည့်ရင်း မေးလိုက်သည်။

"ဘာလို့ ဒီလောက်အထိ ဝေးဝေးမှာ စိုက်ရတာလဲ။ ဟိုဘက်မှာ မြေကွက်အလွတ်ကြီး ကျန်သေးတာကို"

"နင် ဒီကို ဘာလာလုပ်တာလဲ"

ရွှီရှင်း ခေါင်းလှည့်ကာ သူမကို ကြည့်လိုက်သည်။

"ကျွန်မ မောင်လေးအသစ်ရဲ့ အိမ်ကို လာကြည့်တာပေါ့"

လုဖေးအာ၏ မျက်နှာပေါ်က သွေးရောင်အစင်းကြောင်းများမှာ လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ မှိန်ပျပျ ကျန်ရှိနေဆဲ ဖြစ်၏။

"အပြာရောင်အဆင့် ကပ်ပါးသစ်ပင်အိမ်ကို ကျွန်မ ပထမဆုံး မြင်ဖူးတာလေ"

"သွေးမြူခိုးတွေက ဘေးထွက်ဆိုးကျိုးကို သက်သာစေရဲ့လား"

"သက်သာတယ်"

လုဖေးအာ ခေါင်းညိတ်ပြလိုက်ရာ သူမ၏ အမူအရာမှာ ပုံမှန်ထက် ပို၍ စိတ်လှုပ်ရှားနေပုံရပေသည်။

"သွေးမြူခိုးတွေကို ရှူလိုက်တာနဲ့ မအီမသာဖြစ်တာတွေ လျော့သွားတာပဲ။ အထဲမှာ စက္ကန့်အနည်းငယ်လောက် နေလိုက်ရုံနဲ့ ဘာမှမဖြစ်တော့သလို ခံစားရတယ်။ ဒါပေမဲ့... ပြီးခဲ့တဲ့အကြိမ်ကလို ထူးဆန်းတာတွေ မြင်ရမှာ ကြောက်လို့ အရင်ထွက်လာခဲ့တာ။ ရှင့်ရဲ့ စာချုပ်သားရဲတွေကတော့ အထဲမှာ ကျန်ခဲ့သေးတယ်"

သွေးမြူခိုးတွေက တကယ်ပဲ နေရာကူးပြောင်းခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကို လျှော့ချပေးနိုင်တာကိုး။

ဒါဆိုရင် နေရာကူးပြောင်းရေး တံခါးတိုင်းရဲ့ အနားမှာ သွေးမြူခိုးအခန်းလေးတွေ တစ်ခုစီ ဆောက်ထားပေးရမလား။

ဒါမှ မီမီနဲ့ ငွေရောင်ဘုရင်တို့အတွက် အဆင်ပြေမှာပေါ့။

မမျှော်လင့်တဲ့ အခြေအနေတွေ ဖြစ်လာလို့ နေရာကူးပြောင်းပြီးတိုင်း ငါးမိနစ် ဆယ်မိနစ်လောက် နားနေရမည်ဆိုပါက နေရာကူးပြောင်းရေးစနစ်မှာ သူတို့အတွက် အသုံးမဝင်သလို ဖြစ်သွားပေလိမ့်မည်။

"နေဦး... ဒါဆိုရင် မာဟုန်ဝေက ရောက်ရောက်ချင်းမှာပဲ ကျွန်မထက် ပိုကောင်းတဲ့ နေထိုင်မှု အခြေအနေကို ရတော့မှာပေါ့ ဟုတ်လား"

လုဖေးအာသည် သူမ၏ အစ်မကြီး ရာထူးကို ခြိမ်းခြောက်လာနိုင်သည့် အလွန် ကြီးမားသော ပြဿနာတစ်ခုကို ရုတ်တရက် တွေးမိသွားပုံရသည်။

သူမသည် လုံးဝ ကြီးထွားလုနီးပါး ဖြစ်နေသော သစ်ပင်အိမ်ကို လက်ညှိုးထိုးပြကာ "ကျွန်မက အခုထိ အဆင့်နိမ့် သစ်ပင်အိမ်လေးမှာ နေနေရတုန်းပဲကို၊ သူကကျတော့ သုံးထပ်ပါတဲ့ အပြာရောင်အဆင့် သစ်ပင်အိမ်မှာ နေရတော့မှာလား။ ဒါကို ကျွန်မ လက်မခံနိုင်ဘူး။ ကျွန်မက အရင်ရောက်တဲ့သူလေ။ သစ်ပင်အိမ် လဲပေးဖို့ ကျွန်မ တောင်းဆိုတယ်။ ကျွန်မက ဒီအိမ်မှာ နေမယ်၊ သူ့ကိုတော့ ဟိုအတွင်းဘက်က အိမ်မှာ သွားနေခိုင်းလိုက်"

"နင် ဘာတွေ လျှောက်တွေးနေတာလဲ။ ဒါက မူလကတည်းက သူ့အိမ်လေ၊ သူပဲ နေရမှာပေါ့"

ရွှီရှင်း မျက်မှောင်ကြုတ်ကာ သူမကို တစ်ချက် ကြည့်လိုက်၏။

"ဒါဆိုလည်း ကျွန်မကို ကျွန်မရဲ့ ကိုယ်ပိုင်အိမ်ဆီ ပြန်ပို့ပေးလေ"

လုဖေးအာ မကျေမနပ် ဖြစ်နေရှာသည်။

"မာဟုန်ဝေက ဘာလို့ ကျွန်မထက် ပိုကောင်းတဲ့ အခြေအနေမှာ နေရမှာလဲ။ သူ ဒီကို ရောက်လာတာတောင် ကျွန်မကြောင့် မဟုတ်လား"

"နင့်အိမ်ကို ပြန်ပြောင်းစိုက်တဲ့အခါကျရင် ပြန်နေပေါ့။ လောလောဆယ်တော့ အဲဒီအိမ်မှာပဲ နေဦး"

ရွှီရှင်း ကြီးထွားနေသော သစ်ပင်အိမ်ကို ဆက်ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ကျွန်မတော့ ဂရုမစိုက်ဘူး၊ မာဟုန်ဝေထက် ပိုကောင်းတဲ့ နေရာမှာပဲ နေချင်တာ သူ့ကို ကျွန်မရဲ့ လက်ရှိအိမ်မှာ နေခိုင်းလိုက်၊ ကျွန်မအိမ်ကို ပြန်ပြောင်းစိုက်ပြီးမှ ပြန်လဲကြတာပေါ့"

လုဖေးအာမှာ ဇွတ်အတင်း လုပ်နေဆဲပင်။

"အလုပ်ရှုပ်ပါတယ်၊ ကလေးကလားတွေ လျှောက်မလုပ်စမ်းနဲ့"

ရွှီရှင်း လုဖေးအာကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ရာ သူ၏ စိတ်ရှည်မှုမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေချေပြီ။

ဒီမိန်းမ ဘာဖြစ်နေတာလဲ။

သူ့ရဲ့ မိန်းကလေးလိုမျိုး အကြောင်းပြချက်မရှိဘဲ လာပြီး ဂျီကျနေတာလား။

"ကျွန်မ ကလေးကလား လုပ်နေတာ မဟုတ်ဘူး၊ အတည်ပြောနေတာ။ ကျွန်မရဲ့ အကြံပြုချက်က တကယ် ဖြစ်နိုင်တာပဲလေ။ သူ့ကို ကျွန်မအိမ်မှာပဲ နေခိုင်းလိုက်မယ်။ ဒါပဲ ဆုံးဖြတ်လိုက်ပြီ"

လုဖေးအာ ရွှီရှင်း၏ အနားသို့ တိုးကပ်လာကာ ဆိုလိုက်၏။

ဒီကောင်မလေးကတော့...။

"... နင် ဝမ်ရှီးနဲ့ ရင်းနှီးသွားပြီးကတည်းက ငါ့ကို အတင့်ရဲလာတာလား"

ရွှီရှင်း ခေါင်းလှည့်ကာ မျက်လုံးများကို မှေးစိမ့်လျက် သူမအား စိုက်ကြည့်လိုက်သည်။

"ဒီမှာ ဘယ်သူက အမိန့်ပေးရတဲ့သူလဲဆိုတာ နင် မေ့သွားပြီလား"

သူ တကယ် စိတ်မဆိုးဘူးလို့ သူမ ထင်နေတာလား။

လုဖေးအာ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ရွှီရှင်း၏ မျက်နှာပေးကို မြင်လိုက်ရသောအခါ သူမ၏ ကိုယ်ထဲသို့ အေးစိမ့်သော ခံစားချက်တစ်ခု ချက်ချင်း စီးဝင်သွားခဲ့သည်။

ရွှီရှင်း၏ ထိုအကြည့်မှာ ဘာကို ဆိုလိုသလဲဆိုသည်ကို သူမ ကောင်းကောင်း သိထားသည် မဟုတ်ပါလား။

သူမ ချက်ချင်းပင် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရရှာသည်။

"ရှင်... ရှင် ဘာလုပ်မလို့လဲ"

သူမ ခုနက ပြောလိုက်သည်များကို ပြန်လည်စဉ်းစားမိသောအခါမှ နောင်တရလာခဲ့ချေပြီ။

သွေးမြူခိုးတွေနဲ့ ထိတွေ့ပြီးနောက်မှာတော့ သူမ၏ စိတ်မှာ အလွန်အမင်း တက်ကြွနေခဲ့ခြင်းပင်။

၎င်းမှာ သာမန်အချိန်နှင့် လုံးဝ မတူဘဲ အရက်အနည်းငယ် မူးနေသည့် ခံစားချက်မျိုးနှင့် ဆင်တူလှပေသည်။

ဒါ့အပြင် ဒီနေ့ ရွှီရှင်းဆီကနေ ထွက်ပေါ်နေတဲ့ တစ်မျိုးထူးခြားတဲ့ ဆွဲဆောင်မှုကြောင့်လည်း သူမ ထိုသို့သော စကားများကို မဆင်မခြင် ပြောမိသွားခြင်း ဖြစ်ရပေလိမ့်မည်။

အခန်း ၃၄၁ ပြီး။

အပိုင်း (၃၄၂) - ကြောက်မက်ဖွယ်ကောင်းသော သံယောဇဉ်စွမ်းအား (၂)

"ဒီကိုလာခဲ့။"

ရွှီရှင်း၏ မျက်နှာပေးမှာ နူးညံ့နေသော်လည်း သူမကို လှမ်းခေါ်လိုက်သည့် အမူအရာမှာ ငြင်းဆန်၍မရနိုင်ပါပေ။

လုဖေးအာသည် သူမ၏ဆန္ဒမပါဘဲ သူရှိရာသို့ ခြေလှမ်းများ ဦးတည်သွားမိသော်လည်း မျက်နှာတွင်တော့ ကြောက်ရွံ့ရိပ်များ ဖုံးလွှမ်းနေသည်။

"ဟို... ကျွန်မ..."

"အချိန်ကိုက်ပဲ၊ မာဟုန်ဝေ နိုးလာပြီလား ဒါမှမဟုတ် သူ့အခြေအနေ ဘယ်လိုရှိလဲဆိုတာ ငါမသိသေးဘူး။ နင် အထဲကို ခဏဝင်ပြီး ငါ့အတွက် သွားစစ်ပေးစမ်းပါဦး"

ရွှီရှင်း၏ စကားကြောင့် လုဖေးအာမှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။

"ရှင်... ရှင် နောက်နေတာ မဟုတ်လား"

လုဖေးအာသည် ငိုမဲ့မဲ့မျက်နှာဖြင့် အတင်းအကျပ် ပြုံးပြလိုက်ရရှာသည်။

"ငါ့ပုံစံက နောက်နေတဲ့ပုံ ပေါက်နေလို့လား"

ရွှီရှင်း ပြုံးပြလိုက်သော်လည်း သူ၏မျက်ဝန်းထဲမှာတော့ အရွှန်းဖောက်သည့် အရိပ်အယောင်မျှပင် ရှိမနေပါပေ။

"ကျွန်မ မှားသွားပါပြီ။ ကျွန်မ မှားသွားပါပြီ။ ကျွန်မကို အထဲကို မပို့ပါနဲ့တော့"

ရွှီရှင်း တကယ်လုပ်တော့မည်ကို သိလိုက်ရသောအခါ လုဖေးအာ ခေါင်းကို အဆက်မပြတ် ခါယမ်းတော့သည်။

သို့သော် သူမ၏ ကိုယ်မှာမူ မသိစိတ်မှ ရွှီရှင်း၏ ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူမ အလောတကြီးပင် ရှင်းပြတော့သည်။

"ခုနက သွေးမြူခိုးတွေကြောင့် ကျွန်မ အရမ်း စိတ်လှုပ်ရှားသွားလို့ အဲဒီလို စကားတွေ ပြောမိသွားတာပါ။ ပုံမှန်ဆိုရင် ကျွန်မ ဒီလို ဘယ်တော့မှ မလုပ်ပါဘူး။ ကျွန်မကို ယုံပေးပါနော်"

သွေးမြူခိုးတွေက စိတ်ကိုပါ သက်ရောက်မှုရှိပြီး တက်ကြွစေတာလား။

ခွန်အားကို မြှင့်တင်ပေးတယ်၊ စိတ်ကို တက်ကြွစေတယ်...။

ဒီသွေးမြူခိုးတွေက ကြည့်ရတာ စစ်ပွဲတွေမှာ သုံးတတ်တဲ့ စိတ်ကြွဆေးတွေလိုမျိုးပဲ။

ဗီဇပြောင်းသတ္တဝါတွေကို သူတို့ရဲ့ စွမ်းအား ၁၂၀ ရာခိုင်နှုန်းအထိ ထုတ်သုံးနိုင်အောင် လုပ်ပေးနိုင်တာပေါ့။

ဒီအရာကတော့ တစ်မျိုးကြီးပဲ။

စိတ်ထဲမှာ သိပ်ပြီး အဆင်မပြေလှချေ။

ထားလိုက်ပါတော့ လောလောဆယ် ပြဿနာကို အရင် ဖြေရှင်းရမယ်။

"အထဲရောက်ရင် မာဟုန်ဝေရဲ့ အခြေအနေကို ကြည့်ခဲ့ဦး။ သူ နိုးပြီလား၊ ဒဏ်ရာတွေ ဘယ်လောက်အထိ သက်သာသွားပြီလဲ ဆိုတာရယ်၊ နောက်ပြီး လက်ပတ်ထဲမှာ သူ့ကို စကားလှမ်းပြောလို့ ရမလားဆိုတာပါ စမ်းကြည့်ခဲ့ဦး"

ရွှီရှင်းသည် လုဖေးအာအား လုပ်ဆောင်ရမည့် အချက်များကို အသေးစိတ် ရှင်းပြနေတော့သည်။

အခုချိန်မှာ မာဟုန်ဝေရဲ့ ဗီဇပြောင်းလဲမှု အရှိန်က မကုန်ဆုံးသေးချေ။

သူ အပြင်ပြန်ထွက်လာရင် ဘယ်လိုအခြေအနေ ဖြစ်နေမလဲဆိုတာ မသိနိုင်သလို နောက်တစ်ကြိမ် ထပ်ပြီး သောင်းကျန်းနေရင်လည်း မကောင်းဘူး မဟုတ်လား။

ဒါကြောင့် လုဖေးအာကို အရင် သွားကြည့်ခိုင်းလိုက်တာက ပိုကောင်းပေလိမ့်မည်။

"မသွားဘူး ကျွန်မ မသွားချင်ဘူး"

လုဖေးအာ ခေါင်းကို အတင်းခါယမ်းနေသော်လည်း ရွှီရှင်း၏ ဘယ်ဘက်လက်မှာ သူမဆီသို့ ရောက်ရှိလာပြီး သူမ၏ ပုခုံးကို ပုတ်ရန် ပြင်လိုက်ချေပြီ။

သူမ၏ ခြေထောက်များမှာ အားမရှိတော့ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက်ပင် ဒူးထောက်ကျသွားတော့သည်။

လက်ပတ်အတွင်းက မြင်ကွင်းကို တွေးမိရုံနှင့်ပင် သူမ တစ်ကိုယ်လုံး တုန်ရီလာခဲ့ရ၏။

"ကျွန်မ မှားပါပြီ၊ တကယ်ကို မှားမှန်း သိပါပြီ... ရှင် ခိုင်းတာမှန်သမျှ အကုန်လုပ်ပါ့မယ်၊ ကျွန်မကို အထဲမှာပဲ ပိတ်မထားပါနဲ့တော့..."

သူမမှာ သေတ္တာအကျဉ်းလေးထဲမှာ အပိတ်ခံရတော့မည့် အကျဉ်းခန်းကြောက်ရောဂါ ဝေဒနာရှင်တစ်ဦးအလား အလွန်အမင်း ထိတ်လန့်နေရှာသည်။

သူမ ဤမျှအထိ ကြောက်လိမ့်မည်ဟု ရွှီရှင်း မထင်ထားခဲ့သဖြင့် သူ၏ လေသံကို အနည်းငယ် လျှော့လိုက်သည်။

"မာဟုန်ဝေကို သွားကြည့်ခိုင်းတာပဲလေ၊ အထဲမှာ တခြားလူတစ်ယောက် ရှိနေတာပဲ၊ အဲဒီလောက်ကြီး မကြောက်စရာပါဘူး။ ငါ ခုနက ပြောတာတွေကို သေချာ ကြားလိုက်ရဲ့လား"

"...ကြား... ကြားလိုက်ပါပြီ... ဒါပေမဲ့..."

လုဖေးအာ ခေါင်းမော့ကြည့်လာရာ သူမ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေပြီး သနားစဖွယ် ကောင်းလှသဖြင့် သူမအား အပြစ်ပေးမည့် စိတ်ပင် ပျောက်သွားတော့မည့်အလား။

သို့သော် သူမသည် ဟန်ဆောင်ရာတွင် မည်မျှ တော်သလဲဆိုသည်ကို ပြန်လည် စဉ်းစားမိလိုက်သဖြင့် ရွှီရှင်း ခေါင်းကို ခါယမ်းလိုက်ပြီး သူ၏ ဘယ်ဘက်လက်ဖြင့် လုဖေးအာ၏ ပုခုံးကို အသာအယာ ပုတ်လိုက်ရာ သူမမှာ လက်ပတ်အတွင်းသို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ထို့နောက် သူသည် သစ်ပင်အိမ်ကြီးကို ဆက်လက် အကဲခတ်နေလိုက်၏။

သူ့ရှေ့က သစ်ပင်အိမ်မှာ ပုံသဏ္ဌာန် ပေါ်လာပြီဖြစ်သော်လည်း လုံးဝဥဿုံတော့ ကြီးထွားမလာသေးချေ။

အခုဆိုရင် ခြောက်မိနစ်၊ ခုနစ်မိနစ်လောက် ရှိနေပြီ မဟုတ်လား။

အကယ်၍သာ အဆင့်နိမ့် ကပ်ပါးသစ်ပင်အိမ်ဆိုလျှင်တော့ အခုချိန်မှာ လုံးဝ ကြီးထွားပြီးနေလောက်ချေပြီ။

ဆယ်မိနစ်ခန့် ကြာပြီးနောက်မှာတော့ သစ်ပင်အိမ်မှာ နောက်ဆုံးတွင် လုံးဝ ကြီးထွားသွားခဲ့ပြီ ဖြစ်သည်။

ရွှီရှင်း သစ်ပင်အိမ်၏ မြစ်များကို ထိန်းချုပ်ကာ ဒုတိယထပ်သို့ ဝင်ရောက်လိုက်၏။

အရပ်မျက်နှာ အသီးသီးရှိ ပြတင်းပေါက်များ၏ ရှေ့တွင် ထိန်းချုပ်ရေးခလုတ် လေးခုမှာ အရင်အတိုင်း ရှိနေဆဲပင်။

ရွှီရှင်း ခလုတ်တစ်ခုနားသို့ လျှောက်သွားကာ လက်ဖြင့် ပွတ်လိုက်သောအခါ ခလုတ်မှာ လင်းထိန်သွားတော့သည်။

သူ ကျေနပ်စွာ ပြုံးလိုက်မိ၏။

နောက်ဆုံးတော့ ဤထိန်းချုပ်ရေးခလုတ်ကို သူ ကိုင်တွယ်နိုင်ပြီပေါ့။

အရင်က ချီရွှယ်ဖေး ခလုတ်ကို ကိုင်တွယ်နေသည်ကို ကြည့်ပြီး သူ အားကျနေခဲ့ရသည်မှာ ကြာလှချေပြီ။

အခုတော့ သူကိုယ်တိုင် ဒူးလေးတွေကို ပစ်ခတ်ဖို့ ထိန်းချုပ်နိုင်ပြီ မဟုတ်ပါလား။

သစ်ပင်အိမ်ပေါ်တွင် ဒူးလေးများကို မတပ်ဆင်ရသေးသဖြင့်၊ ထိန်းချုပ်ရေးခလုတ်ပေါ်တွင် အသုံးပြုရမည့် လက်နက်များတော့ ပေါ်မလာသေးပါပေ။

ရွှီရှင်းသည် မိမိဘာသာ တပ်ဆင်ရန် စိတ်မကူးပေ။

ဘာပဲဖြစ်ဖြစ် ဒါဟာ မာဟုန်ဝေရဲ့ ကပ်ပါးသစ်ပင်အိမ်ဖြစ်ရာ မာဟုန်ဝေကိုပဲ လက်နက်အသစ်တွေ တပ်ဆင်ခိုင်းလိုက်မည်။

ဤနေရာမှာ အပင်နှလုံးသားရဲ့ ကာကွယ်မှုအောက်မှာ မရှိသဖြင့် သူ့အိမ်ရဲ့ ကာကွယ်ရေးကိုတော့ သူ့ဘာသာသူပဲ လုပ်ဆောင်ခိုင်းလိုက်တာက ပိုကောင်းပေလိမ့်မည်။

ရွှီရှင်း အချိန်ကို စစ်ဆေးကြည့်လိုက်၏။

လုဖေးအာ လက်ပတ်ထဲမှာ ပိတ်မိနေသည်မှာ ငါးမိနစ်ကျော် သွားခဲ့ချေပြီ။

ငါးမိနစ်ဆိုသည်မှာ လုဖေးအာအတွက်တော့ တကယ့်ကို ကြီးလေးသော အပြစ်ဒဏ်တစ်ခု ဖြစ်ပေလိမ့်မည်။

ရွှီရှင်း လက်ပတ်ကို လှည့်လိုက်ရာ အလင်းတစ်ချက် ဝင်းခနဲဖြစ်သွားပြီး လုဖေးအာသည် သူ၏ရှေ့တွင် ပြန်လည် ပေါ်ထွက်လာခဲ့သည်။

သူမသည် လက်ရှိတွင် ဒူးနှစ်ဖက်ကို ပိုက်လျက် သစ်ပင်အိမ်ကြမ်းပြင်ပေါ်တွင် ဝပ်နေကာ မျက်ဝန်းများမှာလည်း အသက်မပါသကဲ့သို့ ဖြစ်နေသလို မျက်နှာတစ်ခုလုံးမှာလည်း မျက်ရည်များဖြင့် ဖုံးလွှမ်းနေတော့သည်။

သူမ၏ တုံ့ပြန်မှုမှာ အရင်တစ်ခါကနှင့် အတော်လေး ဆင်တူလှပေ၏။

သူမ ပြန်လည် ပေါ်ထွက်လာသည့် အချိန်မှာပင် သူမ၏ ကိုယ်မှာ တစ်ချက် တုန်ခါသွားပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လာကာ ရွှီရှင်းကို လှမ်းကြည့်လိုက်သည်။

ကြည့်ရသည်မှာ ဤအပြစ်ဒဏ်မှာ တော်တော်လေး ပြင်းထန်ပုံရပြီး သူမအား ခေတ္တခဏတော့ လိမ္မာသွားစေရန် လုံလောက်ပေလိမ့်မည်။

"မာဟုန်ဝေ ဘယ်လိုနေသေးလဲ" ရွှီရှင်းက မေးလိုက်၏။

လုဖေးအာ ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းပြလိုက်ပြီး ဘာစကားမှ မဆိုပါပေ။

"ငါ အထဲမဝင်ခင် မှာလိုက်တာတွေကို နင် မေ့သွားတာလား။ အထဲကို နောက်တစ်ခါ ထပ်ဝင်ချင်သေးလို့လား"

"မလုပ်ပါနဲ့ ကျွန်မ မမေ့ပါဘူး"

ရွှီရှင်း၏ စကားကို ကြားသည်နှင့် သူမ ခေါင်းမော့လာကာ ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။

ဤသို့ အော်ဟစ်လိုက်ခြင်းကပင် သူမ၏ စိတ်ဓာတ်ကို ပြန်လည် နိုးကြားလာစေသော်လည်း ရွှီရှင်း၏ရှေ့တွင်တော့ နောက်ထပ် အတင့်မရဲဝံ့တော့ပါပေ။

သူမ လိမ္မာပါးနပ်စွာပင် ပြန်ဖြေလိုက်သည်။

"ကျွန်မ အထဲရောက်သွားတော့ အထဲမှာ ဟင်းလင်းပြင်ကြီးပဲ ဖြစ်နေတာ၊ ဘာမှလည်း မမြင်ရဘူး၊ ဘာအသံမှလည်း မကြားရဘူး။ မာဟုန်ဝေ ဘယ်နေရာမှာ ရှိနေလဲဆိုတာတောင် ကျွန်မ မမြင်ရပါဘူး..."

ဒီလက်ပတ်က အဲဒီလောက်တောင် အခြေအနေ ဆိုးတာလား။

ရွှီရှင်း ခေါင်းခါလိုက်မိသည်။

ထိုသို့ဆိုလျှင်တော့ မာဟုန်ဝေကို တိုက်ရိုက် ထုတ်ပေးလိုက်တာက ပိုကောင်းပေလိမ့်မည်။

ရွှီရှင်း လက်ပတ်ကို လှည့်လိုက်ရာ အလင်းတစ်ချက်နှင့်အတူ သတိလစ်နေဆဲဖြစ်သော မာဟုန်ဝေမှာ ကြမ်းပြင်ပေါ်သို့ ရောက်ရှိလာတော့သည်။

လုဖေးအာ သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

ဒီလူကြီးက သူမကို အပြစ်ပေးဖို့အတွက် ဆင်ခြေရှာနေတာပဲ။

မာဟုန်ဝေကို ဒီအတိုင်း ထုတ်ပေးလို့ ရနေတာကို သူမကိုကျတော့ အထဲဝင်ခိုင်းပြီး အကြာကြီး ပိတ်ထားခဲ့တာလေ။

ဟင်း... ကြောက်စရာကြီး... ဝမ်ရှီးရေ ကယ်ပါဦး၊ ဝမ်ရှီးဆီကိုပဲ သွားတော့မယ်၊ သူ့ကို ဖောက်ပြန်ပြီးတော့ ကလဲ့စားချေပစ်မယ်...။

ဒါပေမဲ့ ဒီနေ့ ရွှီရှင်းက တစ်မျိုးကြီးပဲ တကယ့်ကို ဆွဲဆောင်မှု ရှိနေသလိုပဲ။

သူ့အနားမှာ ရှိနေရင် စိတ်အေးလက်အေး ဖြစ်ပြီး ဘေးကင်းတယ်လို့ ခံစားရတယ်...။

ဒါက ဘယ်လိုဖြစ်တာလဲ၊ ငါ စတော့ဟုမ်း ရောဂါလက္ခဏာ တွေ ခံစားနေရတာများလား...။

လုဖေးအာ ခေါင်းငုံ့ထားရင်း သူမ၏ မျက်နှာအမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေတော့သည်။

ဤကဲ့သို့ ဖြစ်ရခြင်းမှာ သဘာဝကျကျပင် ရွှီရှင်း ယနေ့ ရရှိထားသော ကျပန်း မြှင့်တင်မှု ဖြစ်သည့် သံယောဇဉ်တိုးပွားခြင်း ကြောင့် ဖြစ်ပေသည်။

ယနေ့နံနက်က ရရှိခဲ့သော ဤစွမ်းရည်မှာ အပေါ်ယံကြည့်လျှင် သိပ်အရေးမကြီးလှဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ၎င်းမှာ သူ၏ ပတ်ဝန်းကျင်ရှိ လူများ၏ အတွေးအခေါ်နှင့် အပြုအမူများကို မသိမသာ လွှမ်းမိုးနေခြင်း ဖြစ်၏။

ဥပမာအားဖြင့် မာဟုန်ဝေဆိုလျှင် မူလက ပိုမို သတိကြီးသူတစ်ဦး ဖြစ်ပေလိမ့်မည်။

ပြီးခဲ့သည့်အကြိမ်က ရွှီရှင်း၏ မည်သူမည်ဝါဖြစ်ကြောင်း ကို သိရှိပြီးသည့်တိုင်အောင် သတိကြီးစွာဖြင့် သစ်ပင်အိမ်ထဲသို့ အဝင်မခံခဲ့ပေ။

သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် ရွှီရှင်းအား အန္တရာယ်မရှိသည့် ခပ်ချောချောကောင်လေးတစ်ဦးအဖြစ်သာ မှတ်ယူလိုက်ပြီး သူ၏ သတိအားလုံးကို လုဖေးအာအပေါ်၌သာ ထားရှိခဲ့ကာ လုဖေးအာ၏ အထောက်အထားကို အတည်ပြုပြီးသည်နှင့် သူတို့ကို သစ်ပင်အိမ်ထဲသို့ တိုက်ရိုက် အဝင်ခံလိုက်ခြင်း ဖြစ်ပေသည်။

လုဖေးအာ၏ ပုံမှန်ထက် ပိုမို လွတ်လပ်လွန်းသော အပြုအမူနှင့် စကားလုံးများမှာလည်း ရွှီရှင်း၏ သံယောဇဉ်စွမ်းအားကြောင့် မသိမသာ လွှမ်းမိုးခံထားရခြင်းပင်။

လူတစ်ယောက်သည် မိမိနှင့် ရင်းနှီးသူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ အပြုအမူများမှာ သဘာဝကျကျပင် ပိုမို လွတ်လပ်လာတတ်သည် မဟုတ်ပါလား။

သံယောဇဉ်တိုးပွားခြင်း စွမ်းအားကတော့ တကယ့်ကို ကြောက်စရာကောင်းလှ၏။

သေချာပေါက် ရွှီရှင်းကတော့ ဒါကို မသိပါပေ။

သူ ခံစားရသည်မှာ ဤစွမ်းအားသည် လီဝမ်ရှီး၏ သူ့အပေါ်ထားရှိသော စိတ်ကူးယဉ်မှုများကို အနည်းငယ် တိုးပွားစေသည်မှလွဲ၍ အခြား ဘာမှအသုံးမဝင်ဟု ထင်နေဆဲဖြစ်ရာ တကယ်တမ်းမှာတော့ အတော်လေးကို စိတ်ပျက်စရာ ကောင်းသည်ဟုထင်နေဆဲပင်။

အခန်း ၃၄၂ ပြီး။

All Chapters