← Chapters

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အခန်း (၃၄၃-၃၄၅)

Vol. 23 Ch. 343-345

အပိုင်း (၃၄၃) - အညံ့ခံသွားသော မာဟုန်ဝေနှင့် ကပ်ဘေးအသစ်

"ဒါ တကယ်ပဲ မာဟုန်ဝေရဲ့ သစ်ပင်အိမ်လား"

လုဖေးအာ မြေပြင်ပေါ်မှ မတ်တတ်ရပ်လိုက်၏။

သူမသည် သစ်ပင်အိမ်အကြီးကြီးထဲမှာ နေချင်သည်ဟု နောက်ထပ် အသံပင် မဟဝံ့တော့ပေ။

သစ်ပင်အိမ်အသေးလေးထဲမှာ နေရတာက လက်ပတ်ထဲမှာ ပိတ်မိနေရတာထက်စာရင်တော့ အများကြီး သာပါသေးတယ်လေ။

"ဟုတ်တယ်"

မာဟုန်ဝေ နိုးမလာခင်မှာပဲ ရွှီရှင်းသည် သစ်ပင်အိမ်၏ ပထမထပ်သို့ ဆင်းသွားခဲ့သည်။

သူသည် ဤသစ်ပင်အိမ်အတွက် စွမ်းအင်ဖြည့်တင်းသည့်နေရာ ကို အသက်သွင်းချင်နေခြင်းပင်။

သူသည် ပုဆိန်ကို ထုတ်ယူကာ ပထမထပ်ကြမ်းပြင်၏ အလယ်ဗဟိုကို ခုတ်ဖောက်လိုက်ရာ အပြာရောင်အဆင့် သစ်ပင်အိမ်အူတိုင်ကို ထည့်သွင်းရန်အတွက် အခြားအိမ်များထက် များစွာကြီးမားသော ကျင်းတစ်ခု ပေါ်ထွက်လာတော့သည်။

ရွှီရှင်းသည် လက်တစ်ဖက်ဖြင့်ပင် ကိုင်၍မရသော အူတိုင်ကြီးကို ထုတ်ယူကာ ထိုကျင်းထဲသို့ ထည့်သွင်းရန် ကြိုးစားလိုက်၏။

[စွမ်းအင်ဖြည့်ရန် ကျန်ရှိချိန်- ၂၇ စက္ကန့်]

စက္ကန့်ပိုင်းပဲလား။

ဒီအူတိုင်က စွမ်းအင်အပြည့် ရှိနေတာ မဟုတ်ဘူးလား။

ဪ... ဟုတ်သားပဲ။

သူ ခုနက ဒီအူတိုင်ကို အပူပေးဖို့အတွက် သုံးခဲ့သည် မဟုတ်ပါလား။

ကြည့်ရသည်မှာ အပူပေးခြင်းက အူတိုင်အတွင်းရှိ စွမ်းအင်များကို ကုန်ဆုံးစေပုံရပေသည်။

ရွှီရှင်း သူ၏နာရီကို ပွတ်လိုက်ပြီး အူတိုင်စွမ်းအင်ဖြည့်ခြင်း ပရောဂျက်ကို စစ်ဆေးကြည့်လိုက်ရာ အူတိုင်၏ စွမ်းအင်မှာ ၉၉.၉၅ ရာခိုင်နှုန်းသာ ရှိနေပြီး အပြည့်မဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ အူတိုင်၏ စွမ်းအင်မှာ ၁၀၀ ရာခိုင်နှုန်း ပြည့်သွားခဲ့ချေပြီ။

[စွမ်းအင်ဖြည့်ခြင်း ပြီးဆုံးပါပြီ၊ ကျေးဇူးပြု၍ အမြန်ဆုံး ပြန်လည်ထုတ်ယူပါရန်။]

စွမ်းအင်ဖြည့်သည့်နေရာမှ အချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ရွှီရှင်း အူတိုင်ကို ပြန်ထုတ်လိုက်ပြီး ကျောပိုးအိတ်ထဲသို့ ချက်ချင်း ထည့်လိုက်၏။

ကြည့်ရသည်မှာ ပတ်ဝန်းကျင် အပူချိန်သည် သတ်မှတ်ချက်တစ်ခုထက် ကျော်လွန်ခြင်း သို့မဟုတ် နိမ့်ကျခြင်း ရှိနေပါက၊ အူတိုင်သည် အပူချိန်ကို ထိန်းညှိရန်အတွက် စွမ်းအင်များကို အလိုအလျောက် အသုံးပြုသွားခြင်း ဖြစ်ရပေမည်။

ဤသစ်ပင်အိမ်အတွင်း၌ မီးလင်းဖိုကို မထွန်းရသေးသဖြင့် အပူချိန်မှာ ငါးဒီဂရီ၊ ခြောက်ဒီဂရီခန့်သာရှိပြီး အလွန်ပင် အေးစိမ့်လှပေသည်။

ရွှီရှင်း ဒုတိယထပ်သို့ ပြန်တက်လာခဲ့၏။

မီးလင်းဖိုဆိုသည်မှာ ထိန်းချုပ်ရေးခလုတ်ကဲ့သို့ပင် သစ်ပင်အိမ်၏ ပုံသေပရိဘောဂတစ်ခုဖြစ်ရာ ကပ်ပါးသစ်ပင်အိမ်နှင့်အတူ အလိုအလျောက် ပါရှိလာခြင်းပင် ဖြစ်သည်။

ရွှီရှင်း သစ်သားတုံးအချို့ကို ကောက်ထည့်လိုက်ရာ မီးလင်းဖိုထဲတွင် မီးတောက်များ တောက်လောင်လာခဲ့ပြီး သစ်ပင်အိမ်အတွင်းပိုင်းမှာ တဖြည်းဖြည်း နွေးထွေးလာခဲ့ချေပြီ။

"ဟင် ကျွန်မ ဒီခလုတ်ကို တကယ်ပဲ ထိန်းချုပ်လို့ ရနေတာလား"

လုဖေးအာ၏ အံ့သြတကြီး အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

ဘာ...။

ရွှီရှင်း လုဖေးအာရှိရာသို့ လှမ်းကြည့်လိုက်ရာ သူမသည် ထိန်းချုပ်ရေးခလုတ်တစ်ခု၏ ရှေ့တွင်ရပ်ကာ ၎င်းကို လင်းထိန်အောင် လုပ်ထားပြီး လက်ဖြင့် စိတ်ကြိုက် ကိုင်တွယ်နေသည်ကို တွေ့လိုက်ရ၏။

"ဒါက... ကျွန်မတို့ ပတ်ဝန်းကျင်က မြင်ကွင်းတွေလား"

လုဖေးအာ အံ့သြမဆုံး ဖြစ်နေရှာသည်။

"ဒါက စမတ်ဖုန်းလိုပဲ ပွတ်ဆွဲလို့ ရတာပဲ"

သူမ တကယ်ပဲ ထိန်းချုပ်လို့ ရနေတာလား။

ဘာကြောင့်ပါလိမ့်။

သူမက ဒီသစ်ပင်အိမ်ရဲ့ ပိုင်ရှင်မှ မဟုတ်တာ။

ဒါ့အပြင် ရွှီရှင်းကိုယ်တိုင်လည်း ပိုင်ရှင်အဖြစ် သတ်မှတ်ပေးထားခြင်း မရှိသေးပေ။

လက်ရှိအခြေအနေအရ ဤသစ်ပင်အိမ်၏ ပိုင်ရှင်မှာ ရွှီရှင်းကိုယ်တိုင်သာ ဖြစ်ရမည်ဖြစ်ရာ လုဖေးအာက ဘယ်လိုလုပ်ပြီး အသုံးပြုနိုင်နေနိုင်သနည်း။

ရွှီရှင်း လျှောက်သွားကြည့်လိုက်ရာ လုဖေးအာသည် မျက်နှာပြင်ပေါ်တွင် ပွတ်ဆွဲရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေသလို မြင်ကွင်းကိုလည်း ချဲ့လိုက် ချုံ့လိုက်ဖြင့် အတော်လေး သဘောကျနေသည်ကို တွေ့ရသည်။

"ဒါက တကယ့်ကို စိတ်ဝင်စားစရာပဲ၊ ကမ္ဘာပေါ်က ဂြိုဟ်တုမြေပုံကို သုံးနေရသလိုပဲ။ ပတ်ဝန်းကျင်က ဒီလောက်တောင် ပြတ်ပြတ်သားသား မြင်ရတာလား"

သူမ၏ ကိုင်တွယ်မှုမှာ အလွန်ပင် ချောမွေ့နေပြီး ဘာအတားအဆီးမှ ရှိမနေပေ။

သူမနှင့် ရွှီရှင်းမှာ တစ်ဖက်တည်းတွေ ဖြစ်နေလို့လား။

မြေပုံပေါ်တွင် လုဖေးအာနှင့် မာဟုန်ဝေတို့၏ အစက်ကလေးများမှာ အစိမ်းရောင်အဖြစ် ပေါ်နေသဖြင့် သူတို့မှာ တစ်ဖက်တည်းသားများ ဖြစ်ကြောင်း ဖော်ပြနေခြင်းပင်။

စာချုပ်ချုပ်ထားလို့လား။

ဒါမှမဟုတ် လုဖေးအာသည် သူ၏သစ်ပင်အိမ်ကို ဗဟိုပြုထားသည့် အခြားကပ်ပါးသစ်ပင်အိမ်၏ ပိုင်ရှင်ဖြစ်နေသဖြင့် ဤနယ်မြေအတွင်းရှိ အဖော်အဖြစ် သတ်မှတ်ခြင်းခံရကာ အခြားသစ်ပင်အိမ်များပေါ်ရှိ ကိရိယာများကို အသုံးပြုနိုင်ခြင်းလား။

"အင်း..."

မာဟုန်ဝေထံမှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ရာ ယင်းမှာ အလွန်ပင် တိုးညှင်းလှပေသည်။

လုဖေးအာကတော့ ထိန်းချုပ်ရေးခလုတ်ကို စိတ်ဝင်တစား ကိုင်တွယ်နေသဖြင့် သတိမထားမိသော်လည်း ရွှီရှင်းကတော့ သူ၏ မြှင့်တင်ထားသော အကြားအာရုံဖြင့် အသေအချာ ကြားလိုက်ရ၏။

"နိုးပြီလား"

ရွှီရှင်း ပြုံးလျက် မေးလိုက်သည်။

ဤမာဟုန်ဝေဆိုသူမှာ လက်ရှိအခြေအနေတွင် စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်တွေလိုပဲ အလွန်အရေးပါလှသော ထိပ်သီးပါရမီရှင်တစ်ဦး မဟုတ်ပါလား။

မာဟုန်ဝေသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လာရာ သူ၏ မျက်စိသူငယ်အိမ်များမှာ နီမြန်းနေဆဲ ဖြစ်၏။

တစ်ချိန်တည်းမှာပင် သူ၏ မျက်နှာပေါ်မှ သွေးရောင်အစင်းကြောင်းများမှာ တဖြည်းဖြည်း မှိန်ဖျော့သွားကာ ပုံမှန်မျက်နှာအသွင်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ကြွက်သားများ တောင့်တင်းကာ သန်မာထွားကျိုင်းနေသည့် အသွင်ကို ဆက်လက် ထိန်းသိမ်းထားဆဲပင်။

မာဟုန်ဝေ ရွှီရှင်းကို လှည့်ကြည့်လိုက်ရာ မျက်သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့ပြီး ကိုယ်ကို လှည့်ကာ မတ်တတ်ရပ်ရန် ကြိုးစားတော့သည်။

သို့သော် သူသည် ၂၄ နာရီကြာ အားနည်းသည့်ကာလထဲသို့ ရောက်ရှိနေပြီဖြစ်ရာ အထူးသဖြင့် ကနဦးအဆင့်တွင် မတ်တတ်ပင် မရပ်နိုင်သေးဘဲ လက်မောင်းများမှာ အားမရှိတော့သဖြင့် မြေပြင်ပေါ်သို့ ပြန်လည် ပုံကျသွားရရှာသည်။

"ဪ... ကျွန်မရဲ့ မောင်လေး နိုးလာပြီပဲ"

လုဖေးအာ သတိထားမိသွားပြီး ခလုတ်ကို ကိုင်တွယ်နေခြင်းအား ရပ်တန့်ကာ လျှောက်လာခဲ့၏။

"ဒါ... ဒါတွေက ဘာဖြစ်ကုန်တာလဲ"

မာဟုန်ဝေ ရုန်းကန်နေခြင်းကို လက်လျှော့လိုက်ပြီး မျက်နှာကျက်ကို စိုက်ကြည့်ကာ မျက်ဝန်းများ ဝေဝါးလျက် မေးလိုက်သည်။

"ဒါ မင်းရဲ့ သစ်ပင်အိမ်လား"

"ဒါ မင်းရဲ့ သစ်ပင်အိမ်လေ"

ရွှီရှင်း ကုလားထိုင်တစ်လုံးကို ချက်ချင်း ဖန်တီးကာ ထိုင်ချလိုက်ရင်း သူ့ကို ကြည့်လိုက်သည်။

"မင်းရဲ့ ကပ်ပါးသစ်ပင်အိမ်ပေါ့"

"ကျွန်တော့်ရဲ့ ကပ်ပါးသစ်ပင်အိမ်..."

မာဟုန်ဝေ မိမိဘာသာ တိုးတိုးလေး ရေရွတ်နေမိသည်။

ရွှီရှင်း ကုလားထိုင် နှစ်လုံး ထပ်မံ ဖန်တီးလိုက်၏။

"နှစ်ယောက်စလုံး ထိုင်ကြဦး"

လုဖေးအာကတော့ ဘာမှမဆိုင်းမတွဘဲ ထိုင်ချလိုက်သည်။

မာဟုန်ဝေမှာတော့ လုဖေးအာ အစပိုင်းက ကြုံခဲ့ရသလိုပင် သူ၏ခန္ဓာကိုယ်ကို ခက်ခဲစွာ ထိန်းကျောင်းရင်း တုန်တုန်ရီရီဖြင့် ထိုင်လိုက်ရ၏။

ထို့နောက်မှ သူသည် သတိဝင်လာကာ ရွှီရှင်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။

"ငါ့ကိုယ်ထဲမှာ ဘာတွေ ဖြစ်နေတာလဲ..."

"နင်ပဲ သူ့ကို ရှင်းပြလိုက်တော့"

ရွှီရှင်း ကုလားထိုင်ကို မှီလိုက်ရင်း လုဖေးအာကို ပြောလိုက်၏။

လုဖေးအာသည် မာဟုန်ဝေအား ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ချက်ချင်းပင် ရှင်းပြလိုက်ပြီး ရွှီရှင်းက သူ့အား အန္တရာယ်ပြုမည်ကို စိုးရိမ်စရာမလိုကြောင်း အာမခံလိုက်တော့သည်။

"နင်လည်း နင့်ကိုယ်နင် ဘယ်လိုခံစားနေရသလဲဆိုတာ သိမှာပါ"

လုဖေးအာက မေးလိုက်၏။

သူမသည် ရွှီရှင်းထက်ပင် မာဟုန်ဝေ အညံ့ခံသွားမည်ကို ပို၍ ယုံကြည်မှု ရှိနေပုံရသည်။

"...ဟုတ်ပါတယ်၊ နိုးလာကတည်းက ငါ့ရဲ့ စိတ်နေစိတ်ထားတွေ ဘာလို့ ဒီလောက်အထိ ပြောင်းလဲသွားရတာလဲလို့ တွေးနေမိတာ။ အခုတော့ အားလုံးကို သဘောပေါက်သွားပါပြီ"

မာဟုန်ဝေသည် အခြေအနေအားလုံးကို နားလည်သဘောပေါက်သွားကာ ဝန်ခံလိုက်တော့၏။

အခန်း ၃၄၃ ပြီး။

အပိုင်း (၃၄၄) - အညံ့ခံသွားသော မာဟုန်ဝေနှင့် ကပ်ဘေးအသစ် ၂

"နင်က ဒီလောက်အလွယ်တကူပဲ လက်ခံလိုက်တာလား"

လုဖေးအာကတော့ မာဟုန်ဝေသည် သူမတုန်းကလိုပင် အစပိုင်းတွင် အစွမ်းကုန်သောင်းကျန်းပြပြီးမှ နောက်ဆုံးတွင် မတတ်သာဘဲ အရှုံးပေးလိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ သူက ဤမျှလောက် တည်ငြိမ်နေသဖြင့် သူမ၏ အရင်က အပြုအမူများမှာ အတော်လေး အရူးဆန်ခဲ့သလို ဖြစ်နေတော့၏။

"လက်မခံလို့ ဘာလုပ်ရမှာလဲ။ ဒါက ငါ့အတွက် အကောင်းဆုံး ရလဒ်ပဲလေ"

မာဟုန်ဝေက ပုခုံးတွန့်ပြလိုက်ရင်း "ငါ့ရဲ့ သစ်ပင်အိမ်ကလည်း ဒီကို ပြောင်းရွှေ့စိုက်ပျိုးပြီးသွားပြီဆိုတော့ တခြား ဘာလုပ်နိုင်ဦးမှာလဲ။ နယ်မြေထဲမှာ နံပါတ်တစ်ဖြစ်တဲ့သူနဲ့ ပူးပေါင်းရတာက နယ်မြေ ၁၈၇ ရဲ့ ခေါင်းဆောင် ကျန်းတောက်ကွမ်နောက် လိုက်နေရတာထက် အများကြီး ပိုကောင်းပါတယ်"

"ဒါပေမဲ့ သူက..."

လုဖေးအာက ရွှီရှင်းသည် နင့်ရဲ့ ဝမ်းကွဲညီကို သတ်ခဲ့တာလေဟု ပြောရန် ပြင်လိုက်သော်လည်း မာဟုန်ဝေကို ကြည့်နေသော ရွှီရှင်း၏ အကြည့်ကြောင့် ဆက်မပြောဝံ့တော့ပေ။

သို့သော် မာဟုန်ဝေက သဘောပေါက်၏။

"ငါ့ ညီအကြောင်း ပြောချင်တာမလား။ အကယ်၍သာ ငါ ဒီစာချုပ်ကို လက်မှတ်မထိုးရသေးရင်တော့ ရန်ငြိုးနည်းနည်း ရှိကောင်းရှိနိုင်ပေမဲ့၊ အခုတော့ အဲဒါတွေက ဘာမှအရေးမကြီးတော့ပါဘူး။ ပြောရရင် ငါကိုယ်တိုင်လည်း အဲဒီကောင်ကို သိပ်မကြိုက်ပါဘူး၊ သူကပဲ ငါ့ကို ဒုက္ခတွင်းထဲ ဆွဲခေါ်ခဲ့တာလေ"

ယခု မာဟုန်ဝေ၏ စိတ်ထဲတွင် တစ်ခုတည်းသော အတွေးမှာ သစ္စာရှိမှုကို ပြသရန်ပင် ဖြစ်သည်။

သူ၏ အသက်မှာ အခြားသူ၏လက်ထဲ ရောက်နေပြီဖြစ်ရာ သစ္စာမရှိလျှင် ဘာလုပ်နိုင်ဦးမည်နည်း။

ကိုယ့်အသက်ကို ကိုယ်ပြန်ပြီး ရန်လုပ်နေရမှာလား။

ဒါ့အပြင် ရှင်သန်နိုင်ခြေ ရှုထောင့်ကကြည့်လျှင်လည်း နယ်မြေ၏ နံပါတ်တစ်နှင့် ပူးပေါင်းခြင်းက သူ့ကို အရင်ကထက် များစွာ ပိုမိုသန်မာလာစေမည် ဖြစ်သည်။

အရူးတစ်ယောက်မှသာ မိမိဘာသာ သေကြောင်းကြံစည်ပေလိမ့်မည်။

သေချာပေါက် ရွှီရှင်း၏ သံယောဇဉ်တိုးပွားခြင်း စွမ်းအားကလည်း ဤနေရာတွင် အလုပ်လုပ်နေသဖြင့် မာဟုန်ဝေအနေဖြင့် မိမိရှေ့က လူအပေါ် သစ္စာခံခြင်းမှာ မဆိုးလှသော အကြံတစ်ခုဟု ခံစားနေရခြင်း ဖြစ်ပေသည်။

အနည်းဆုံးတော့ ဗျူဟာနှင့် တိုက်ခိုက်ရေးစွမ်းရည်တွင် သူသည် ရွှီရှင်းကို မည်သို့မျှ မယှဉ်နိုင်ပါပေ။

"ကောင်းပြီလေ၊ မင်းရဲ့ လက်ရှိအတွေးအမြင်တွေကို ငါ နားလည်ပါပြီ။"

ရွှီရှင်း လက်ဝါးချင်းပုတ်လိုက်ကာ စကားဝိုင်းကို အဆုံးသတ်လိုက်ပြီး ဤသစ်ပင်အိမ်၏ ပိုင်ဆိုင်ခွင့်ကို မာဟုန်ဝေထံသို့ ပြောင်းလဲပေးလိုက်၏။

"ငါ မင်းနဲ့ စာချုပ်ချုပ်ဆိုထားပြီးပြီဆိုတော့၊ မင်းက အခု ငါ့ရဲ့ အဖော်ဖြစ်သွားပြီ။ အရင်ဆုံး မင်းရဲ့နာရီက အသုံးပြုလို့ ရ၊ မရ ကြည့်ရအောင်"

ရွှီရှင်းက မာဟုန်ဝေ၏ လက်ကောက်ဝတ်က နာရီကို ညွှန်ပြလိုက်သည်။

၎င်းမှာ အရင်က မာဟုန်ဝေ၏ ဖျက်ဆီးခံလိုက်ရသော မူလသစ်ပင်အိမ်နှင့် ချိတ်ဆက်ထားခြင်း ဖြစ်၏။

မာဟုန်ဝေ နာရီကို ပွတ်လိုက်ရာ ပုံရိပ်ယောင် မျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။

သူ ၎င်းကို စစ်ဆေးကြည့်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားကာ

"ငါ အခု နယ်မြေ ၁၈၈ ရဲ့ ဒေသတွင်းချန်နယ်နဲ့ လဲလှယ်ရေးစင်တာကို ချိတ်ဆက်မိသွားပြီ" ဟု ဆိုလိုက်သည်။

ကြည့်ရသည်မှာ နာရီသည် အခြားသူ၏ သစ်ပင်အိမ်ကို ပြောင်းရွှေ့စိုက်ပျိုးပြီးနောက် ကပ်ပါးသစ်ပင်အိမ်နှင့် အလိုအလျောက် ပြန်လည်ချိတ်ဆက်သွားပုံရပေသည်။

ရွှီရှင်းသည်လည်း သူ၏နာရီကို ချက်ချင်း ဖွင့်လိုက်၏။

လတ်တလော ဒေသတွင်းချန်နယ်တွင် လူတိုင်းမှာ အရင်ကကဲ့သို့ အရေးတကြီးဖြစ်နေသည့် ခံစားချက်မျိုး မရှိတော့ပေ။

ဘာပဲဖြစ်ဖြစ် လွန်ခဲ့သော နှစ်ရက်အတွင်း မည်သည့် ဘေးအန္တရာယ်မှ ကျရောက်ခြင်း မရှိခဲ့သောကြောင့် ဖြစ်၏။

"အာ... ထိပ်သီးကြီးတွေ ဘယ်တော့ ကျွန်တော့်ကို လာရှာမှာလဲ... သူတို့နဲ့ တကယ့်ကို ပူးပေါင်းချင်နေပြီ..."

"သစ်ပင်အိမ်ထဲမှာပဲ တစ်နေ့ပြီးတစ်နေ့ နေနေရတာ ပျင်းစရာကြီး..."

"ထိပ်သီးကြီးတွေက လူတော်တော်များများကို သစ်ပင်အိမ်ဆီ ခေါ်သွားကြပြီတဲ့၊ သူတို့ကို အပြာရောင်အဆင့် အသုံးအဆောင်တွေတောင် ပေးပြီး အပြင်မှာ လျှောက်သွားခိုင်းတယ်ဆိုပဲ"

"တကယ့်ကို အထာကျတာပဲ။ ကျွန်တော်လည်း အပြင်ထွက်ချင်တယ်"

"ကျွန်တော့်အလှည့်ကော ဘယ်တော့ဖြစ်မလဲ၊ တစ်ယောက်တည်း ရှင်သန်ရတာ တကယ့်ကို ခက်ခဲလွန်းတယ်..."

"ညီအစ်ကို ရေ ကိုယ်စိုက်ထားတဲ့ အသီးအရွက်လေးတွေ အချင်းချင်း လဲကြရအောင်၊ စားရတာ ငြီးငွေ့လာလို့ပါ"

"အသားစားချင်လိုက်တာ။ တောထဲက သားရဲတွေ မြန်မြန် ပြန်ရောက်လာပါတော့"

ဒေသတွင်းချန်နယ်က စကားဝိုင်းများကို မြင်လိုက်ရသောအခါ မာဟုန်ဝေ အံ့အားသင့်သွားရသည်။

နယ်မြေ ၁၈၈ ၏ အခြေအနေမှာ ဤမျှအထိ ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

နယ်မြေ ၁၈၇ နှင့် နှိုင်းယှဉ်လျှင် ဤနေရာမှာ များစွာ ပိုမို သာယာဝပြောလှပေသည်။

လက်ရှိ နယ်မြေ ၁၈၇ မှာမူ မုန်တိုင်းမလာခင် ငြိမ်သက်နေသည့်အလားလူဦးရေမှာ လျင်မြန်စွာ လျော့နည်းနေပြီး လူတိုင်းမှာ စိုးရိမ်ထိတ်လန့်လျက် ကိုယ့်လူအချင်းချင်းပင် သံသယဝင်နေကြရ၏။

အကယ်၍သာ ကျန်းတောက်ကွမ်က ပဋိပက္ခကို အပြင်ဘက်သို့ လွှဲပြောင်းပေးလိုက်သည့် ကြေညာချက်ကို မထုတ်ပြန်ခဲ့ပါကနယ်မြေ ၁၈၇ ၏ ချန်နယ်မှာ စိတ်ဓာတ်ကျစရာ အမည်းစက်များဖြင့်သာ ပြည့်နှက်နေပေလိမ့်မည်။

"ဒေသတွင်းချန်နယ်မှာ တစ်ခုခု ပြောလိုက်ဦး" ဟု ရွှီရှင်းက မာဟုန်ဝေကို ပြောလိုက်သည်။

"ဟုတ်ကဲ့။"

မာဟုန်ဝေ ကချန်နယ်ထဲတွင် အားလုံးပဲ မင်္ဂလာပါ ဟု ခပ်မြန်မြန်ပင် ရေးလိုက်၏။

သို့သော် သူ၏စာမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

လူပေါင်း သုံးထောင်ကျော်ရှိသော နေရာတွင် သူစိမ်းနာမည်တစ်ခုကို မည်သူမျှ သတိထားမိမည်မဟုတ်သလို၊ လူတိုင်း၏ နာမည်ကို မှတ်မိရန်မှာလည်း မဖြစ်နိုင်ပေ။

ရွှီရှင်းကတော့ သူ့ကို ချက်ချင်း လော့ခ်ချလိုက်ပြီး သီးသန့်မက်ဆေ့ခ်ျ ပို့လိုက်သည်။

"အခုဆိုရင် ငါတို့ နာရီကနေတစ်ဆင့် ဆက်သွယ်လို့ ရပြီ။ မင်းရဲ့ သစ်ပင်အိမ်ကို ငါ့အိမ်နဲ့ မီတာ သုံးရာအကွာမှာ စိုက်ပေးထားတယ်၊ တစ်ခုခုရှိရင် တိုက်ရိုက် ဆက်သွယ်လိုက်ပါ"

မာဟုန်ဝေ ခေါင်းညိတ်လိုက်ပြီးနောက် ခပ်ယဲ့ယဲ့ ရယ်မောလိုက်သည်။

"အခုမှ ပြောရတာ နောက်ကျနေပေမဲ့ ကူအစ်ကိုကြီး ရာ... ခင်ဗျား ကျွန်တော့်ကို တကယ်ကြီး အရူးလုပ်ခဲ့တာပဲ"

ရွှီရှင်းလည်း သဘောကျစွာ ရယ်မောလိုက်၏။

"ဒါကို အရူးလုပ်တယ်လို့ မခေါ်ပါဘူး၊ ဒီကို ရောက်လာတာက ဟိုမှာ တစ်ယောက်တည်း နေရတာထက် အများကြီး ပိုကောင်းပါတယ်"

လုဖေးအာက သူ၏နာရီကို ညွှန်ပြကာ "နယ်မြေ ၁၈၈ ရဲ့ ခွန်အားကို တွေ့ပြီးသွားပြီဆိုတော့၊ နယ်မြေ ၁၈၇ က မျှော်လင့်ချက် ရှိသေးတယ်လို့ ထင်နေတုန်းလား။ စိတ်အေးလက်အေးပဲ သစ္စာဖောက်လိုက်စမ်းပါ"

"နင် ပြောတာ မှန်ပါတယ်"

မာဟုန်ဝေ သက်ပြင်းတစ်ချက် ချလိုက်တော့၏။

"မင်းရဲ့ စွမ်းရည်အကြောင်းကို ငါ့ကို ရှင်းပြပါဦး" ဟု ရွှီရှင်းက ဆိုလိုက်၏။

မာဟုန်ဝေ ခေါင်းညိတ်လိုက်ပြီး သူ၏စွမ်းရည်ကို ရွှီရှင်းအား ထုတ်ဖော်ပြသလိုက်သည်။

ရွှီရှင်း အကြမ်းဖျင်း ခန့်မှန်းထားသည့်အတိုင်းပင် သူသည် ပြင်ပလက်နက် အမျိုးအစားအသစ်များကို သုတေသနပြုနိုင်ပြီး ထိန်းချုပ်ရေးခလုတ်ကို အသုံးပြုကာ သစ်ပင်အိမ်ပေါ်ရှိ ပြင်ပလက်နက်အားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။

လောလောဆယ်တွင် သူ၏စွမ်းရည်မှာ သူမြင်ဖူးသော သစ်သားဖြင့် အလိုအလျောက်ပစ်သော ဒူးလေး ကိုသာ အဆင့်မြှင့်တင်နိုင်သေးသဖြင့်၊ ရွှီရှင်း မြင်တွေ့ရသည်မှာ ဒူးလေး ပုံစံများသာ ဖြစ်နေပြီး လုံးဝအသစ်စက်စက် လက်နက်မျိုးတော့ မဟုတ်သေးပေ။

ရွှီရှင်း ရုတ်တရက် မေးလိုက်၏။

"အကယ်၍ ငါ မင်းကို သံထည်နဲ့လုပ်ထားတဲ့ အလိုအလျောက်ပစ်တဲ့ ဒူးလေးတစ်လက် ပေးမယ်ဆိုရင်၊ မင်း လက်နက်အမျိုးအစားသစ်တစ်ခုကို သုတေသနပြုနိုင်မလား"

"သေချာပေါက် ရတာပေါ့။"

မာဟုန်ဝေ အလျင်အမြန် ခေါင်းညိတ်ပြသည်။

"ပြီးတော့ ငါ မြန်မြန်ဆန်ဆန်လည်း သုတေသနပြုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒူးလေးတွေနဲ့ ပတ်သက်ရင် ငါက ကျွမ်းကျင်ပြီးသားလေ။ တကယ်တော့ ဘယ်အစိတ်အပိုင်းတွေမှာ သတ္တုကုန်ကြမ်းတွေကို သုံးသင့်သလဲဆိုတာ ငါ့ စိတ်ထဲမှာ အကြမ်းဖျင်း ပုံဖော်ထားပြီးသားပါ။ ဒါပေမဲ့ သုတေသနလုပ်ဖို့ ကုန်ကြမ်းတွေ အများကြီး ကုန်တာကြောင့်၊ ငါ့ဆီမှာ သတ္တုတွေ အများကြီး မရှိလို့ အကောင်အထည် မဖော်နိုင်ခဲ့တာပါ"

အခန်း ၃၄၄ ပြီး။

အပိုင်း (၃၄၅) - အညံ့ခံသွားသော မာဟုန်ဝေနှင့် ကပ်ဘေးအသစ် (၃)

"မင်း အစိမ်းရောင်အဆင့် ကုန်ကြမ်းတွေကို သုံးပြီးတော့ သုတေသန လုပ်နိုင်လား"

"လုပ်နိုင်ပါတယ်၊ တစ်ခါ သုတေသနအောင်မြင်သွားတာနဲ့ ပုံစံဒီဇိုင်း ရမှာဖြစ်ပြီး၊ အဲဒီကျရင်တော့ အဆင့်မြင့် ကိရိယာတွေကို ဖန်တီးလို့ ရပါပြီ"

ဒါဆိုရင်တော့ ပြဿနာ ပြေလည်သွားချေပြီ။

လီဝမ်ရှီးဆီမှာ အစိမ်းရောင်အဆင့် သံတုံးတွေက ပိုလျှံလွန်းနေတာကြောင့် သူမက သူ့ကိုတောင် အကြိမ်ကြိမ် ညည်းပြဖူးသည် မဟုတ်ပါလား။

ဒါဟာ သူမဆီက ပိုလျှံနေတာတွေကို အသုံးပြုပစ်ဖို့ အခွင့်ကောင်းပင်။

"မင်း အခု ဒူးလေးအကြီးတစ်လက် ကို သုတေသန လုပ်ပြီး ထုတ်လုပ်ပေးနိုင်မလား"

မာဟုန်ဝေသည် လက်ရှိတွင် ၂၄ နာရီကြာ အားနည်းသည့် ကာလထဲသို့ ရောက်နေသော်လည်း ရွှီရှင်းအနေဖြင့် အချိန်တွေကို ဤမျှအထိ အလဟဿ မဖြုန်းချင်ပါပေ။

"သုတေသနလုပ်ဖို့ကတော့ မဖြစ်နိုင်သေးဘူး၊ ဒါပေမဲ့ ထုတ်လုပ်တာ ကတော့ အဆင်ပြေပါတယ်" ဟု မာဟုန်ဝေက ပြန်ဖြေ၏။

ရွှီရှင်း ခေါင်းညိတ်လိုက်သည်။

သုတေသနလုပ်ငန်းက ပို၍ အင်အားစိုက်ထုတ်ရသည်ကို သူ နားလည်ပါ၏။

ထုတ်လုပ်ခြင်းကိုမူ လက်နက်နှင့် ချပ်ဝတ် ဖန်တီးရေးစင် မှာတင် အလွယ်တကူ လုပ်ဆောင်နိုင်ပေသည်။

ရွှီရှင်း ခေတ္တမျှ စဉ်းစားပြီးနောက် သူ့ကို အရင်ဆုံး ထိန်းချုပ်ရေးခလုတ် ကို ဖန်တီးခိုင်းရန် ဆုံးဖြတ်လိုက်သည်။

ဒူးလေးအကြီးကိုတော့ ခဏစောင့်ခိုင်းလိုက်မည်။

ရွှီရှင်းက သူ့ကို သတ္တုကုန်ကြမ်းတွေပေးပြီး လေ့လာခိုင်းချင်နေခြင်းဖြစ်ရာ သတ္တုဒူးလေးကို တိုက်ရိုက် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသောကြောင့် ဖြစ်၏။

"ငါ့ အတွက် အပြာရောင်အဆင့် သစ်လုံးတွေ လိုအပ်လိမ့်မယ်" ဟု မာဟုန်ဝေက ဆိုသည်။

"ငါ့ ရဲ့ အရင်သစ်ပင်အိမ်မှာတော့ အများကြီး ရှိခဲ့ပါတယ်၊ အားလုံးက ငါကိုယ်တိုင် စိုက်ပျိုးထားတာတွေပါ"

ရွှီရှင်း လုဖေးအာကို လှမ်းကြည့်လိုက်၏။

မာဟုန်ဝေ၏ အိမ်ဟောင်းမှ အရင်းအမြစ်များကို သိမ်းဆည်းရန် သူမအား တာဝန်ပေးထားခဲ့သည် မဟုတ်ပါလား။

"ကျွန်မဆီမှာ ရှိပါတယ်၊ အင်း... အပြာရောင်အဆင့် သစ်လုံး ၁၅ ခုတောင် ပါလာတယ်။ ဝါး... အပြာရောင်အဆင့် ထင်းရှူးပင် သုံးပင်တောင်ပဲ"

"ငါ့ ရဲ့ စွမ်းရည်ကြောင့် ငါ့ဆီမှာရှိတဲ့ အပြာရောင်အဆင့် မြေဆီလွှာအများစုကို ထင်းရှူးပင်နဲ့ မိုးမခပင်တွေ စိုက်ပျိုးဖို့ပဲ သုံးခဲ့တာပါ" ဟု မာဟုန်ဝေက ရှင်းပြသည်။

အသစ်ပေါက်လာသော ကပ်ပါးသစ်ပင်အိမ်တွင် လက်နက်ထုတ်လုပ်ရေးစင် မရှိသေးသဖြင့် ရွှီရှင်း ပင်မသစ်ပင်အိမ်သို့ ပြန်သွားကာ လိုအပ်သော ကုန်ကြမ်းအချို့ကို ထုတ်ပေးလိုက်၏။

"အရင်ဆုံး ထိန်းချုပ်ရေးခလုတ် သုံးခုပဲ လုပ်လိုက်ပါ"

မာဟုန်ဝေ ခေါင်းညိတ်ကာ ချက်ချင်းပင် သုံးခု ဖန်တီးလိုက်ပြီး ရွှီရှင်းထံသို့ ကမ်းပေးလိုက်တော့သည်။

[သစ်ပင်အိမ် ပြင်ပလက်နက် ထိန်းချုပ်ရေးခလုတ် (အပြာရောင်အဆင့်): သစ်ပင်အိမ်ရှိ ပြင်ပလက်နက် ထိန်းချုပ်ရေးခလုတ်အားလုံးကို ချိတ်ဆက်ပေးထားသဖြင့်၊ ပြင်ပလက်နက်အားလုံးကို ဤမျက်နှာပြင်တစ်ခုတည်းမှနေ၍ ကိုင်တွယ်အသုံးပြုနိုင်ပါသည်။]

ထိန်းချုပ်ရေးခလုတ်တစ်ခု ဖန်တီးရန်အတွက် အစိမ်းရောင်အဆင့် သစ်လုံး ၉ ခုနှင့် အပြာရောင်အဆင့် သစ်လုံး ၁ ခု လိုအပ်ပေသည်။

ကြည့်ရသည်မှာ အပြာရောင်အဆင့် သစ်ပင်တွေကို ပိုပြီး အရှိန်အဟုန်မြှင့် စိုက်ပျိုးဖို့ လိုအပ်နေပြီ ဖြစ်၏။

"ကဲ... မင်း ကောင်းကောင်း အနားယူလိုက်ဦး။ တစ်ခုခုလိုတာရှိရင် နာရီကနေတစ်ဆင့် ဆက်သွယ်လိုက်ပါ"

ရွှီရှင်း မတ်တတ်ရပ်လိုက်ပြီး သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။

ဤလုပ်ရပ်ကြောင့် လုဖေးအာမှာ လန့်သွားကာ သူနှင့်အတူ ချက်ချင်း ထရပ်လိုက်ရ၏။

အကြောင်းမှာ သူ၏ ဘယ်ဘက်လက်တွင် နာရီတင်မကဘဲ လက်ပတ်လည်း ရှိနေသောကြောင့် ဖြစ်ပေသည်။

ဒုက္ခပါပဲ၊ စိတ်ဒဏ်ရာက နောက်တစ်ခါ ထပ်တိုးသွားပြန်ပြီ။

လုဖေးအာ ခပ်ယဲ့ယဲ့လေး ပြုံးလိုက်မိသည်။

"ဟုတ်ကဲ့၊ သိပါပြီ"

"မင်းအတွက် ကုတင်နဲ့ လိုအပ်တာတွေ ငါ ပြင်ပေးထားတယ်။ ဒီနေ့တော့ ဒီအတိုင်းပဲ အဆင်ပြေအောင် နေလိုက်ဦး၊ မနက်ဖြန် မင်း သက်သာသွားမှပဲ စိတ်ကြိုက် ပြန်ပြင်လိုက်တော့"

လုဖေးအာက အိပ်ခန်းရှိရာကို ညွှန်ပြကာ မာဟုန်ဝေကို ပြောလိုက်၏။

ဒီစကားတွေက တော်တော်လေးကို ရင်းနှီးနေသလိုပဲ။

ဒါဟာ အရင်က လုဖေးအာကို ရွှီရှင်း ပြောခဲ့တဲ့ စကားတွေ မဟုတ်လား။

ရွှီရှင်း ပြုံးလျက် ခေါင်းခါလိုက်မိသည်။

လုဖေးအာကတော့ ထိုစဉ်ကကိစ္စကို မှတ်ထားပြီး အခု ပြန်သုံးနေခြင်းဖြစ်ရာ သူမမှာ အတော်လေး အငြိုးထားတတ်ပုံရပေသည်။

"နင် အားနေရင်လည်း မာဟုန်ဝေရဲ့ အိမ်သစ်ကို ကူပြီး ရှင်းလင်းပေးလိုက်ဦး" ဟု ရွှီရှင်းက သူမအား မှာကြားလိုက်ပြီး သတိပေးလိုက်သေးသည် ။

"ပြီးတော့ ကိုယ့်လူအချင်းချင်းအပေါ်မှာ လာပြီး မာန်တက်မနေနဲ့ဦး"

"ကျွန်မ... ကောင်းပါပြီလေ..."

လုဖေးအာ ချက်ချင်းပင် လေသံပျော့သွားကာ ခေါင်းငုံ့သွားတော့သည်။

"ဪ... နောက်ထပ် တာဝန်တစ်ခု ရှိသေးတယ်။"

ရွှီရှင်း မထွက်ခွာမီ လုဖေးအာကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်၏။

"တောင်ဘက်က သစ်ပင်အိမ်ကို မြင်လား"

"တောင်ဘက်လား"

လုဖေးအာ တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဪ... အဲဒီက ရှင်ကျန်သူကိုပါ ခေါ်လာခိုင်းချင်တာ မဟုတ်လား"

"ဟုတ်တယ်၊ သူက လဲ့ယိုဖန်း ပဲ။ နင် သူ့အကြောင်း သိမှာပါ။ ဒီနေ့အတွင်းမှာ သူ့ကိုရော၊ သူ့အိမ်ကိုပါ ဒီကို ခေါ်လာနိုင်မလား"

"လဲ့ယိုဖန်းလား... ရတာပေါ့၊ ဒီနေ့အတွင်းမှာ သူ့ကို သေချာပေါက် ခေါ်လာခဲ့ပါ့မယ်"

လုဖေးအာသည် သူမ၏ ရင်ဘတ်ကို ယုံကြည်ချက်ရှိရှိ ပုတ်ပြလိုက်ရင်း "ကျွန်မကိုသာ လွှတ်ထားလိုက်ပါ" ဟု ဆိုသည်။

သူမအတွက်တော့ နယ်မြေ ၁၈၇ က ကိုယ့်လူ တစ်ယောက်ကို သွားခေါ်ရခြင်းမှာ လက်ဖျောက်တစ်ချက်တီးရသလောက်ပင် လွယ်ကူလှပေသည်။

ရွှီရှင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် မာဟုန်ဝေကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

"မင်းရဲ့ မြောက်ဘက်က သစ်ပင်အိမ်မှာနေတဲ့ အမျိုးသမီးက ငါ့ရဲ့ မိန်းမပဲ။ အခု မင်းက ငါတို့အဖွဲ့ဝင် ဖြစ်သွားပြီဆိုတော့ အရင်ကကိစ္စတွေကို ငါ မေ့ပေးလိုက်မယ်။ ဒါပေမဲ့ မင်းသာ နောက်တစ်ခါ မသင့်လျော်တဲ့ အတွေးမျိုးတွေ ထပ်တွေးဦးမယ်ဆိုရင်တော့..."

ရွှီရှင်းအတွက်တော့ ဤကဲ့သို့ အန္တရာယ်များလှသော ကမ္ဘာတွင် အမျိုးသားတစ်ဦးအနေဖြင့် ရန်သူအမျိုးသမီးကို သိမ်းပိုက်လိုသည့် ဆန္ဒရှိခြင်းမှာ သဘာဝကျသည်ဟု ယူဆ၍ရသော်လည်း မသိနားမလည်ခင်ကိစ္စကိုတော့ သူ ခွင့်လွှတ်ပေးနိုင်ပါသည်။

သို့သော် သူ၏အမျိုးသမီးအပေါ် ပစ်မှတ်ထားလာမည်ဆိုလျှင်တော့ ထိုကိစ္စမှာ ဤမျှနှင့် ပြီးဆုံးမည် မဟုတ်ပါပေ။

"ဟင်"

မာဟုန်ဝေ မျက်လုံးများ ပြူးကျယ်သွားကာ ချက်ချင်းပင် ခေါင်းခါလိုက်တော့သည်။

"ငါ သေကြောင်းတော့ မကြံစည်ရဲပါဘူး"

ရွှီရှင်း၏ အမျိုးသမီးအပေါ် ပစ်မှတ်ထားခြင်းက သေတွင်းထဲ ဆင်းခြင်းနှင့် အတူတူပင်။

သူသည် အလှအပကို နှစ်သက်သူဖြစ်စေကာမူ အသိစိတ်ကိုတော့ အပျောက်မခံနိုင်ပေ။

"ငါမေးပါရစေ၊ သူမက ဝမ်ကွေ့ရှင်း လား" ဟု မာဟုန်ဝေက စမ်းတဝါးဝါး မေးလိုက်၏။

"မဟုတ်ဘူး၊ သူမ နာမည်က လီဝမ်ရှီး ပဲ။ နောက်ကျရင် မင်းနဲ့ တွေ့ရလိမ့်မယ်။ ဒါပေမဲ့ ဝမ်ကွေ့ရှင်းကလည်း ငါတို့အဖွဲ့ဝင်တစ်ဦးပါပဲ"

"...တကယ့်ကို အထင်ကြီးစရာပဲ"

ရွှီရှင်း ကပ်ပါးသစ်ပင်အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး သူ၏ ပင်မသစ်ပင်အိမ်ရှိရာသို့ ပြန်လာခဲ့သည်။

ငွေရောင်ဘုရင်၊ မီမီနှင့် အာဖုတို့မှာ သစ်သားအိမ်ငယ်လေးထဲမှ သူတို့ဘာသာ ပြန်ထွက်လာခဲ့ကြပြီး တံခါးဝတွင် လဲလျောင်းနေကြချေပြီ။

ရွှီရှင်း ငွေရောင်ဘုရင်နှင့် မီမီကို သစ်ပင်အိမ်ထဲသို့ ပြန်ခေါ်သွားလိုက်၏။

အာဖုကတော့ အပြင်မှာ အေးလွန်းသဖြင့် သစ်ပင်အိမ်ထဲသို့ သူဘာသာ ပျံဝင်လာခဲ့သည်။

ခဲခဲလေးကတော့ ဆိုဖာပေါ်မှာ တမှေးအိပ်နေဆဲပင်။

ရွှီရှင်း ထိန်းချုပ်ရေးခလုတ်ကို သင့်တော်သော နေရာတွင် တပ်ဆင်ရန် ပြင်လိုက်စဉ်မှာပင် သူ၏နာရီမှာ တုန်ခါလာခဲ့သည်။

သူ လက်ကို မြှောက်ကြည့်လိုက်ရာ ကျိချောင်းယန် ဖြစ်နေသဖြင့် ဖုန်းကို ခပ်မြန်မြန်ပင် ထူးလိုက်၏။

"ရွှီရှင်း... ငါပြောတာကို သေသေချာချာ နားထောင်ပါ။ မနက်ဖြန်မှာ ဆောင်းရာသီ ရောက်လာရုံတင်မကဘူး၊ နောက်ထပ် ကပ်ဘေးတစ်ခုလည်း ရှိနေသေးတယ်"

ကျိချောင်းယန်၏ လေသံမှာ အနည်းငယ် ပင်ပန်းနေသော်လည်း တကယ့်ကို တည်ကြည်လေးနက်နေတော့၏။

နောက်ထပ် ကပ်ဘေးတစ်ခု ဟုတ်လား။

ဒုတိယအဆင့်ရဲ့ တကယ့် ကပ်ဘေးကြီးက ရောက်လာတော့မှာလား။

အခန်း ၃၄၅ ပြီး။

All Chapters