← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း ၁၈၃ - ချန်ချန်ရှန်း၏ ဆုံးဖြတ်ချက်

ကောင်းကင်ဘုံ၏ အရှိန်အဝါနှင့် မိုးကြိုးပြစ်ဒဏ် ဖြတ်သန်းသွားသော နေရာတိုင်းတွင် အရာအားလုံးသည် ပြာကျသွားခဲ့လေ၏။

တောင်ထိပ်ငယ်လေး တစ်ခုလုံးသည် မိုးကြိုးပြစ်ဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးသွားခဲ့သော်လည်း တောင်ထိပ်ပေါ်ရှိ ခြံဝင်းငယ်လေး တစ်ခုသာ အကောင်းပကတိ ကျန်ရစ်ခဲ့ပေသည်။

စောင်အောက်တွင် ပုန်းနေသော ဟူထူသည် သူမ၏ တတိယအစ်ကို ပြာကျသွားသည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရလေ၏။

သို့ရာတွင် ဤကလေးမလေးသည် နည်းနည်းလေးမျှ စိုးရိမ်သည့် အရိပ်အယောင် မပြခဲ့ချေ။ ဆရာနှင့် စီနီယာအစ်ကိုတို့ အချိန်မရွေး အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခြင်းကို သူမက အသားကျနေပြီ ဖြစ်ပေသည်။

ထို့ကြောင့် ဟူထူသည် စိုးရိမ်မနေသည့်အပြင် စောင်ထဲတွင် ကိုယ်ကို အရမ်း တင်းကျပ်စွာ ပတ်ထားမိသဖြင့် အိပ်ချင်လာကာ ကျယ်လောင်စွာ သမ်းဝေလိုက်သေးလေ၏။

အိုးယန်နှင့် ပိုင်ယွီတို့သည် ချန်ချန်ရှန်း အပိုင်းပိုင်းအစစ ပေါက်ကွဲသွားပြီး မိုးကြိုးပြစ်ဒဏ် ပျောက်ကွယ်သွားသည်ကို မြင်တွေ့ပြီးနောက်တွင် သူတို့နှစ်ဦးစလုံး သက်ပြင်းချနိုင်ခဲ့ကြပေသည်။

ထို ခရမ်းနီရောင် လျှပ်စီးသည် ပြီးခဲ့သည့်အကြိမ် ရှောင်ဖုန်းကို အရပ်ငါးမျက်နှာ နတ်ဘုရားသားရဲများ ထိုးနှံပေးစဉ်ကနှင့် အတိအကျ တူညီနေခဲ့ပေသည်။ ထိုအရာသည် အချိန်မြစ် ထဲမှ လူတစ်ယောက်၏ တည်ရှိမှုကို လုံးဝ ဖျက်ဆီးပစ်နိုင်သော ခရမ်းကောင်းကင် နတ်ဘုရားလျှပ်စီးမိုးကြိုး ပင် ဖြစ်လေ၏။

သို့ရာတွင် ချန်ချန်ရှန်းသည် အပိုင်းပိုင်းအစစ ပေါက်ကွဲပြီးနောက်တွင် လုံးဝ ပျောက်ကွယ်သွားသည့်အတွက် ဤကောင်းကင်ဘုံပြစ်ဒဏ် ပြီးဆုံးသွားပြီဖြစ်ကြောင်းကို ဆိုလိုပေသည်။

မိုးကောင်းကင်တာအိုသည် ဘက်မလိုက်ချေ... လူများနှင့် နတ်ဘုရားများကိုပါ ဒေါသထွက်စေမည့် ကိစ္စမျိုးကို ကျူးလွန်ပြီး ကောင်းကင်ဘုံပြစ်ဒဏ်ကို ခံရလျှင်တောင်မှ ထိုအရာကို ဖြတ်ကျော်နိုင်သရွေ့ ထိုကိစ္စ၏ တည်ရှိမှုသည် အကျိုးသင့်အကြောင်းသင့် ရှိသည်ဟု ဆိုလိုပေသည်။

မိုးကောင်းကင်တာအို ကိုယ်တိုင်ပင်လျှင် ဤကဲ့သို့ ပေါ်ပေါ်ထင်ထင် ထပ်မံ ဝင်စွက်ဖက်၍ မရတော့ချေ။

ချန်ချန်ရှန်း အပိုင်းပိုင်းအစစ ပေါက်ကွဲသွားခြင်းသည် အရေးကြီးပါသလောဟု တွေးစရာဖြစ်လာပေသည်။

လုံးဝ အရေးမကြီးပေ... အဘယ်ကြောင့်ဆိုသော် ချန်ချန်ရှန်း၏ စရိုက်အရ သူ၏ စစ်မှန်သော ခန္ဓာကိုယ် တကယ်ပင် အပိုင်းပိုင်း ပေါက်ကွဲသွားသည် ဆိုလျှင်တောင် ထိုခန္ဓာကိုယ်မှာ အတုအယောင် ဖြစ်နေမည်မှာ သေချာလှပေသည်။

တကယ့် ချန်ချန်ရှန်းသည် သူ၏ စစ်မှန်သော ခန္ဓာကိုယ် ဘယ်မှာရှိသည်ကို ဘယ်သောအခါမျှ အလွယ်တကူ ထုတ်ပြမည် မဟုတ်ချေ။

ဤတစ်ကြိမ်တွင် ကောင်းကင်ဘုံပြစ်ဒဏ်ကိုတောင် သူ လှည့်စားနိုင်လိမ့်မည်ဟု အိုးယန် မထင်ထားခဲ့ခြင်းသာ ရှိလေ၏။

အိုးယန်နှင့် ပိုင်ယွီတို့ ခြံဝင်းထဲ ဝင်လာကြလေသည်... အိုးယန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ စောင်ထဲတွင် အိပ်ပျော်နေပြီဖြစ်သော ဟူထူမှလွဲ၍ ဘာမှ မရှိချေ။

ဟူထူ၏ အိပ်ဟန်မှာ သိပ်ပြီး ကျက်သရေမရှိလှပေ... သူမသည် မြေပြင်ပေါ်တွင် ပက်လက်လန်ပြီး ပါးစပ်ဟကာ ကျယ်လောင်စွာ ဟောက်နေလေ၏... လက်တစ်ဖက်က မြေခွေးကို ဖက်ထားပြီး နောက်လက်တစ်ဖက်က လျန်ကျိုက်ကို ဖက်ထားကာ ရင်ဘတ်ပေါ်တွင် ငှက်က နားနေပြီး ခြေထောက်ကိုမူ ပြေစန်းက ဖက်ထားသဖြင့် သူမကိုယ်ပေါ်တွင် အလှဆင်ပစ္စည်းများ ချိတ်ဆွဲထားသလို ဖြစ်နေပေသည်။

မိန်းကလေး တစ်ယောက်က ဤမျှလောက်တောင် ပေါ့တန်နေလျှင် အနာဂတ်တွင် ဘယ်လိုလုပ် အိမ်ထောင်ပြုလို့ ရပါမည်နည်းဟု အိုးယန်မှာ အနည်းငယ် စိုးရိမ်စိတ် ဝင်လာခဲ့ပေသည်။

သူက ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက်ဖြစ်စွာ ကြည့်လိုက်ပြီး စကားဆိုလိုက်လေ၏။

"မင်း ဘယ်လောက်ကြာကြာ ပုန်းနေဦးမှာလဲ..."

အိုးယန် စကားဆုံးသွားသည်နှင့် ခရမ်းရောင်ဝတ်ရုံနှင့် ခါးစညောင်း ဝတ်ထားသော ချန်ချန်ရှန်းသည် ထွက်လာပြီး လက်ကို သုတ်ကာ အိုးယန်ကို ရိုးသားစွာ ပြုံးပြရင်း မေးလိုက်ပေသည်။

"စီနီယာအစ်ကို... ဒီနေ့ နေ့လယ်စာ ကြက်သား စားကြမလား..."

ထင်သည့်အတိုင်းပင် ဤ မြေခွေးအိုကြီးတွင် အရန်အစီအစဉ် ရှိနေသေးပြီး ချန်ချန်ရှန်း ပြန်ပေါ်လာခြင်းက သူတို့နှစ်ဦးကို လုံးဝ စိတ်အေးသွားစေခဲ့ပေသည်။

ပိုင်ယွီသည် သစ်ပင်ပေါ် ခုန်တက်သွားလေ၏။ ချန်ချန်ရှန်း၏ ရုပ်သေးရုပ်နှင့် ဤ ကောင်းကင်ဘုံပြစ်ဒဏ် မျက်လုံးက သူ့ကို တစ်ခုခု ဆုပ်ကိုင်မိသွားသလို ခံစားရစေသော်လည်း ထိုဉာဏ်အလင်းပွင့်မှုက သူ့ဆီမှ လွတ်ထွက်သွားသဖြင့် ခုနက ရခဲ့သည့် သိမြင်မှုများကို ပြန်လည် စဉ်းစားရင်း တရားထိုင်နေရုံသာ တတ်နိုင်တော့ပေသည်။

အိုးယန်သည် ချန်ချန်ရှန်းဆီ လျှောက်သွားပြီး လက်မြှောက်ကာ ချန်ချန်ရှန်း၏ ခေါင်းကို သုံးချက် ပြင်းပြင်းထန်ထန် ခေါက်လိုက်ပေသည်။ ချန်ချန်ရှန်းမှာမူ ရယ်မောနေပြီး သူ၏ စိုးရိမ်မှုကို ဖုံးကွယ်ရန် ခါးစညောင်းဖြင့် လက်ကို အဆက်မပြတ် သုတ်နေလေ၏။

ခါးစညောင်းဖြင့် လက်ကို အဆက်မပြတ် သုတ်နေသော ချန်ချန်ရှန်းကို ကြည့်ပြီး အိုးယန်သည် ခေါင်းခါကာ ချန်ချန်ရှန်းကို ထူးဆန်းသော အမူအရာဖြင့် ကြည့်ရင်း မေးလိုက်ပေသည်။

"မင်း ဒီလောက်အထိ လုပ်ဖို့ လိုလို့လား..."

လက်ကို သုတ်နေသော ချန်ချန်ရှန်းသည် ခါးစညောင်းကို ညင်သာစွာ ချလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေ၏။

"ဒါက ကျွန်တော် စဉ်းစားလို့ရတဲ့ အကောင်းဆုံး နည်းလမ်းပါ... စီနီယာအစ်ကို... ကျွန်တော်..."

သို့ရာတွင် အိုးယန်သည် လက်ကို မြှောက်ပြီး ချန်ချန်ရှန်းကို တားကာ ပြောလိုက်ပေသည်။

"ဒါက မင်း အစီအစဉ်ဆွဲထားပြီးသား ကိစ္စဆိုတော့ ငါ ဘာမှ ထပ်မမေးတော့ဘူး... ရဲရဲဝံ့ဝံ့ သာ ဆက်လုပ်... ငါက မင်းရဲ့ စီနီယာအစ်ကိုပဲ..."

အိုးယန်သည် အိပ်ပျော်နေသော ဟူထူကို ပွေ့ချီပြီး ဟူထူ၏ အခန်းဘက် လျှောက်သွားလေ၏။ ချန်ချန်ရှန်းသည် အိုးယန်ကို ပြတ်သားသော မျက်လုံးများဖြင့် ကြည့်ပြီး စိတ်ထဲတွင် တိုးတိုးလေး ပြောလိုက်ပေသည်။

"စီနီယာအစ်ကို... ခင်ဗျားက ကျွန်တော့်ရဲ့ စီနီယာအစ်ကိုမှန်း ကျွန်တော် သိတာပေါ့... ဒါပေမဲ့ စီနီယာအစ်ကို... ကျွန်တော်ကလည်း ခင်ဗျားရဲ့ ဂျူနီယာညီလေးလေ..."

ဤတစ်ခေါက် ခရီးစဉ်တွင် လင်းဖုန်းနှင့် ချန်ချန်ရှန်းတို့ ဘာတွေများ ကြုံတွေ့ခဲ့ရသနည်းဟု တွေးစရာပင်။

ထိုအရာက ပုံမှန်အားဖြင့် တည်ငြိမ်သော သူတို့၏ တတိယအစ်ကိုကို ဤသို့သော ကောင်းကင်ကို ဆန့်ကျင်သည့် လုပ်ရပ်ကို ပေါ်ပေါ်ထင်ထင် လုပ်ရန် တွန်းအားပေးခဲ့ပေသည်။

ကောင်းကင်ကို ဆန့်ကျင်သည့် လုပ်ရပ်များသည် တောင်ထိပ်ငယ်လေးတွင် သာမန်ဖြစ်နေသော်လည်း ချန်ချန်ရှန်း ကိုယ်တိုင် ထိုသို့ လုပ်လာသောအခါတွင်မူ အထူးသဖြင့် ထူးဆန်းနေသလို ဖြစ်နေပေသည်။

သန်းခေါင်ယံအချိန် လူတိုင်း အိပ်ပျော်သွားပြီးနောက်တွင် ချန်ချန်ရှန်းသည် အိုးယန်၏ တံခါးကို တိတ်တဆိတ် ဖွင့်ပြီး အထဲသို့ ခိုးဝင်သွားလေ၏။

ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အိုးယန်ကို ကြည့်ပြီး ချန်ချန်ရှန်းသည် တိုးညှင်းစွာ ခေါ်လိုက်ပေသည်။

"စီနီယာအစ်ကို... စီနီယာအစ်ကို..."

သို့ရာတွင် နှစ်ခေါက် ခေါ်ပြီးသည့်တိုင်အောင် အိုးယန်သည် အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်ပြီး လုံးဝ နှိုး၍မရခဲ့ချေ။

ချန်ချန်ရှန်းမှာ ရွေးချယ်စရာ မရှိတော့ဘဲ ရှေ့ကို တိုးသွားပြီး အိုးယန်ဆီ လက်ဆန့်တန်းလိုက်ရုံသာ တတ်နိုင်တော့လေ၏။

သူ၏ လက်သည် အိုးယန်၏ မျက်နှာဆီ ရောက်သွားချိန်တွင် အိုးယန်က ရုတ်တရက် မျက်လုံးဖွင့်လာပြီး ခန္ဓာကိုယ်ထဲမှ အစစ်အမှန်ယွမ်ချီများ လှိုင်းထန်လာကာ မမြင်ရသော လက်ကြီးတစ်ဖက်က ချန်ချန်ရှန်းဆီကို ပြင်းထန်စွာ ဆုပ်ကိုင်လာလေ၏။

"ကျွန်တော်ပါ... စီနီယာအစ်ကို..." ချန်ချန်ရှန်းက အလောတကြီး ပြောလိုက်ပေသည်။

ထိုအခါမှသာ အိုးယန်က သူ၏ အစစ်အမှန်ယွမ်ချီကို အလျင်စလို ရုပ်သိမ်းလိုက်လေ၏။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိပြီးကတည်းက သူ၏ အာရုံခြောက်ပါးမှာ များစွာ ပိုမို ထက်မြက်လာကြောင်းကို အိုးယန် ရှင်းရှင်းလင်းလင်း ခံစားနိုင်ပေသည်။

စစ်မှန်သောချီမှ အစစ်အမှန်ယွမ်ချီအဖြစ် ပြောင်းလဲသွားခြင်းက လူ့ခန္ဓာကိုယ်ကို ကောင်းကင်နှင့် မြေကြီး၏ မူလချီကို သဘာဝပိုကျကျ ခံစားသိရှိနိုင်စေပြီး ကိုယ့်ကိုယ်ကိုယ် သန်မာလာစေရန် ကောင်းကင်နှင့် မြေကြီး၏ မူလချီကို မသိစိတ်မှပင် စုပ်ယူနိုင်စေလေ၏။

ထိုအချက်မှာ ကျင့်ကြံသူများအတွက် သဘာဝကျကျ အလွန် အရေးကြီးသော်လည်း အိုးယန်အတွက်မူ အသုံးမဝင်လှချေ။

တကယ်တမ်းပြောရလျှင် ထိုအရာ၏ တစ်ခုတည်းသော အသုံးဝင်မှုမှာ အနှောင့်အယှက် နည်းနည်းလေး ရှိသည်နှင့် သူ နိုးလာမည်ဖြစ်ပြီး သူ အိပ်ချင်လျှင်တောင် ဆက်အိပ်၍ မရတော့ခြင်းပင် ဖြစ်ပေသည်။

အိုးယန်သည် ချန်ချန်ရှန်းကို မကျေမနပ် ကြည့်ပြီး စိတ်မရှည်စွာဖြင့် မေးလိုက်လေ၏။

"မအိပ်ဘဲ သန်းခေါင်ယံကြီး ငါ့အခန်းထဲကို ပြေးဝင်လာပြီး ဘာလာလုပ်တာလဲ..."

ချန်ချန်ရှန်းက ပိုပြီးတောင် နားမလည်နိုင်စွာဖြင့် ပြန်ပြောလိုက်ပေသည်။

"စီနီယာအစ်ကို... ဒီနေ့ နေ့လယ်က ကျွန်တော့်ခေါင်းကို သုံးချက် ခေါက်လိုက်တာ သန်းခေါင်ယံကျရင် လာရှာဖို့ အရိပ်အမြွက်ပြလိုက်တာ မဟုတ်ဘူးလား..."

မင်းကို ပြောလိုက်မိလား ငါ မင်းကို ရိုက်ချင်ရုံ သက်သက်ပင်... မင်းကိုယ်မင်း ဆွန်ဝူခုန်းလို့ ထင်နေသလော ဟု အိုးယန် တွေးလိုက်မိသည်။

ဆွန်ဝူခုန်းက ဖူထီဘိုးဘေးကြီးဆီ ညဘက် ခိုးဝင်သွားစဉ်က ဖူထီဘိုးဘေးကြီးသည် တစ်ဝက် အိပ်ပျော်နေပြီး ဤမျောက်သည် တုံးအ တတ်သည့် နေရာတွင် အဆင့်သစ် တစ်ခုကို ရောက်နေသည်ဟု ထင်သွားသဖြင့် ဆွန်ဝူခုန်းကို ခုနစ်ဆယ့်နှစ်မျိုး အသွင်ပြောင်းခြင်း ပညာရပ် သင်ပေးလိုက်ခြင်း ဖြစ်ရမည်ဟု တွေးတောမိလေ၏။

အိုးယန်က စိတ်ထဲတွင် ညည်းတွားလိုက်သော်လည်း ယခုမူ နိုးလာပြီဖြစ်၍ သူ၏ ရှေ့မှ ဂျူနီယာညီလေးကို သေချာ ကြည့်လိုက်ပေသည်။

သူတို့အဖွဲ့ ဒုတိယညီငယ် လန်ချင်းဆုန်းအတွက် အမွေအနှစ် ရယူရန် ဓားဂိုဏ်းသို့ သွားခဲ့ကတည်းက သူ့ရှေ့မှ ဤ တတိယညီငယ်သည် အလုပ်မလုပ်ဘဲ အပျင်းထူနေပြီး တစ်ခါတရံ အော့ဖ်လိုင်းပင် ဖြစ်သွားတတ်လေ၏။

ချန်ချန်ရှန်းနှင့် လင်းဖုန်းတို့ အတူတူ ခရီးသွားခဲ့သည်ဆိုတာ အိုးယန် သိသော်လည်း ချန်ချန်ရှန်းက ရှောင်လွှဲနေပြီး သူတို့ ဘယ်သွားခဲ့သည်ကို ပြောရန် ငြင်းဆန်ခဲ့ပေသည်။

ဤ မြေခွေးအိုကြီး လှုပ်ရှားလာရသည့် အကြောင်းရင်းမှာ သူ ပြီးခဲ့သည့်အကြိမ် လူ့လောကသို့ သွားပြီးနောက် ပူးကပ်ခြင်း ပြုလုပ်နိုင်သော လင်းဖုန်း အကြောင်း ပြောပြခဲ့သည်ကို ချန်ချန်ရှန်းက နှလုံးသားထဲ သွင်းထားသောကြောင့်ဆိုသည်ကို အိုးယန် တွေးကြည့်လျှင်ပင် သိနိုင်ပေသည်။

ဤတစ်ကြိမ် ချန်ချန်ရှန်းနှင့် လင်းဖုန်းတို့ ထန်နိုင်ငံသို့ သွားခဲ့ကြသည်မှာ သေချာလှပေသည်။

သူနှင့် လင်းဖုန်းတို့၏ ခရီးစဉ်နှင့် ပတ်သက်၍ ချန်ချန်ရှန်း၏ ကိုယ်ရေးကိုယ်တာ လုံခြုံရေးကို အိုးယန် မစိုးရိမ်ချေ။ မည်သို့ပင်ဖြစ်စေ သူ၏ ဂျူနီယာညီလေးတွင် ဖဲချပ်များ အများကြီး ရှိနေသည် မဟုတ်ပါလော။

အိုးယန် စိုးရိမ်နေသည်မှာ လင်းဖုန်း၏ လက်ရှိ ဖွဲ့စည်းပုံမှာ အရမ်း ရှုပ်ထွေးနေပြီး နှလုံးသားစရိုက် ဤမျှ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားခြင်းက သူ့ဆီတွင် ကြီးမားသည့် ကိစ္စတစ်ခုခု ဖြစ်ခဲ့သည်မှာ သေချာကြောင်းကိုပင် ဖြစ်လေ၏။

လင်းဖုန်းက ချန်ချန်ရှန်း၏ ခေါင်းမာမှုကို အသုံးချပြီး ချန်ချန်ရှန်းအတွက် ထောင်ချောက်ဆင်မည်ကို အိုးယန် စိုးရိမ်နေပေသည်။

အကူအညီ အပေးနိုင်ဆုံးဖြစ်သလို အဒုက္ခအပေးဆုံးလည်း ဖြစ်နေသော သူ၏ ဂျူနီယာညီလေးကို ကြည့်ပြီး အိုးယန် သက်ပြင်းချကာ မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်လေ၏။

"မင်း ဒီကို လာချင်တာက အခု မင်း လုပ်နေတဲ့ ကိစ္စကို မင်းကိုယ်တိုင်တောင် မသေချာဘူး ဆိုတဲ့ အချက်ကြောင့်ပဲ မဟုတ်လား..."

ချန်ချန်ရှန်းက ခေါင်းညိတ်လိုက်လေ၏။ ဤကိစ္စကို သူ စီနီယာအစ်ကိုကို ပြောပြ၍ မရသော်လည်း စီနီယာအစ်ကို၏ အားပေးနှစ်သိမ့်မှုကိုတော့ သူ ရချင်နေသေးပေသည်။

အိုးယန် ပြုံးလိုက်လေ၏ သူသည် ပြန်လည်မွေးဖွားလာသူ တစ်ယောက် ဖြစ်သော်လည်း ချန်ချန်ရှန်းက ကလေးတစ်ယောက်လို ပြုမူနေဆဲ ဖြစ်သည်။ သူက လက်ကို မြှောက်ပြီး ချန်ချန်ရှန်း၏ ဆံပင်ကို သပ်ပေးကာ ပြောလိုက်ပေသည်။

"သွားလုပ်ချေ... မင်းရဲ့ အကြံအစည်တွေအတိုင်း သွားလုပ်... မင်း ခေါင်းကွဲပြီး သွေးထွက်လာရင်တောင် တောင်ထိပ်ငယ်လေးက မင်းရဲ့ အိမ်ပဲ..."

ချန်ချန်ရှန်းက ရယ်မောလိုက်ပြီး အရင်က စိုးရိမ်ပူပန်နေသော သူ၏ စိတ်အခြေအနေလည်း ပြေလျော့သွားလေ၏။

"ဒါပေမဲ့..."

အိုးယန်၏ အသံ ထပ်ထွက်လာပြီး ချန်ချန်ရှန်းကို အနည်းငယ် ဝေခွဲမရ ဖြစ်သွားစေခဲ့ပေသည်။

"ဒါပေမဲ့... ငါ့ကို ကတိတစ်ခု ပေးဖို့ လိုတယ်... အခုပဲ လုပ်..." အိုးယန်က အနည်းငယ် ဒေါသထွက်နေသည့်ဟန်ဖြင့် ပြောလိုက်လေ၏။

---

အခန်း ၁၈၄ - လင်းဖုန်း နှင့် ချန်ချန်ရှန်း

အိုးယန်နှင့် အခြားသူများ ဓားဂိုဏ်းမှ ပြန်လာချိန်တွင် လင်းဖုန်းနှင့် ချန်ချန်ရှန်းတို့သည် သူတို့၏ ကြိုးကြာပျံများကို စီးပြီး တောင်အောက်သို့ ဆင်းကာ ထန်နိုင်ငံဘက်သို့ ပျံသန်းသွားခဲ့ကြပြီ ဖြစ်လေ၏။

ခရီးသွားရင်း စကားပြောခဲ့ကြသော ရက်အနည်းငယ်အတွင်းတွင် ချန်ချန်ရှန်းသည် နှလုံးသားနတ်ဆိုးကို ယခုလေးတင် ဖြတ်တောက်ခဲ့သော လင်းဖုန်းနှင့် ပိုပြီး ရင်းနှီးလာသည်ဟု ခံစားခဲ့ရပေသည်။

လင်းဖုန်း၏ အကြံအစည်များသည် တော်တော်လေး အစွန်းရောက်သော်လည်း ချန်ချန်ရှန်း၏ အကြိုက်နှင့် ကိုက်ညီနေသည်ကိုတော့ ငြင်း၍မရချေ။

လောကကြီးရဲ့ ကိစ္စရပ်တွေကို ကောင်းကင်အောက်က လူတိုင်း မျှဝေခံစားသင့်တယ် ဆိုသည့် စကားမျိုး...

ကျင့်ကြံသူတွေက ပြိုလဲနေတဲ့ အဆောက်အအုံကို ထောက်ပံ့ဖို့နဲ့ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကနေ ပြန်လည် ဦးမော့လာနိုင်ဖို့ တာအိုကို ရှာဖွေတဲ့ နှလုံးသား ရှိသင့်တယ် ဆိုသည့် စကားမျိုး...

ကောင်းကင်တာအို က တရားမျှတတယ်... မဟာတာအိုက ကိုယ်ကျိုးမဖက်ဘူး... ပြီးတော့ ကျင့်ကြံသူတွေက သဘာဝကျကျ လောကကြီးကို သူတို့ရဲ့တာဝန် အဖြစ် ယူသင့်တယ် ဆိုသည့် စကားမျိုးတွေပင် ဖြစ်လေ၏။

ထိုကဲ့သို့ ခမ်းနားကြီးကျယ်သော စကားများသည် လင်းဖုန်း၏ ပါးစပ်မှ အဆက်မပြတ် ထွက်ကျလာပြီး ချန်ချန်ရှန်း၏ နှလုံးသားကို စိတ်လှုပ်ရှားမှုများနှင့် လှိုင်းထန်သွားစေခဲ့ပေသည်။

ဟုတ်တယ်... ဒါပဲ... ဒါက ပြီးပြည့်စုံတယ်... ကမ္ဘာကြီးရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ ရှေ့ဆုံးမှာ အဲဒီလို အသုံးချခံရသူ မျိုး ရှိသင့်တယ် ဟု တွေးမိလေ၏။

ငါ ချန်ချန်ရှန်းရဲ့ နှလုံးသားက သေးငယ်တယ်... တောင်ထိပ်ငယ်လေးက လူတွေကိုပဲ ငါ ကာကွယ်ချင်တယ်... ဒါကြောင့် ဒီလို အသုံးချခံရသူ တွေ များများရှိလေ ပိုကောင်းလေပဲ ဟု တွေးတောမိသည်။

ထိုသို့တွေးပြီး ချန်ချန်ရှန်းသည် စကားပြောကောင်းသော လင်းဖုန်းကို ပိုပြီး လေးစားစွာဖြင့် ကြည့်လိုက်လေ၏။

ထိုကဲ့သို့သော လူမျိုးကို ရှေ့တန်းသို့ တွန်းပို့ပြီး လူတိုင်း၏ အာရုံစိုက်မှုကို ရယူကာ ဤကမ္ဘာကြီး၏ ဗဟိုချက် ဖြစ်လာစေသင့်ပေသည်။

ပြီးတော့ ငါက ထောင့်တစ်နေရာမှာ ပုန်းနေပြီး ငါ ကာကွယ်ချင်တဲ့ အရာကို ကာကွယ်မယ် ဟု တွေးလိုက်သည်။

လင်းဖုန်းသည် လည်ချောင်း အနည်းငယ် ခြောက်လာသည်အထိ ချန်ချန်ရှန်းကို ဆက်ပြီး ဦးနှောက်ဆေးနေခဲ့သော်လည်း လင်းဖုန်းကို ဝေခွဲမရ ဖြစ်စေခဲ့သည်မှာ ချန်ချန်ရှန်း၏ မျက်လုံးထဲက လက်ခံမှုမှာ ပိုပြီး သိသာထင်ရှားလာသော်လည်း...

ရှေ့တန်းကနေ မကြောက်မရွံ့ ပြေးထွက်သွားမည့် သူတစ်ယောက်၏ ပြင်းပြသော စိတ်အားထက်သန်မှုကို သူ မပြသခဲ့ခြင်းပင် ဖြစ်လေ၏။

ချန်ချန်ရှန်းကို နောက်လိုက် တစ်ယောက်အနေဖြင့် သိမ်းသွင်းရန် မျှော်လင့်ချက်ဖြင့် သူ အများကြီး ကြိုးစားအားထုတ်ခဲ့သော်လည်း ချန်ချန်ရှန်းက 'စီနီယာအစ်ကို ပြောတာ ကောင်းတယ်... ခင်ဗျားအပေါ် ကျွန်တော် မျှော်လင့်ချက် ကြီးကြီးမားမား ထားတယ်... မြန်မြန် သွားလုပ်လိုက်' ဟု ပြောနေသည့် အမူအရာမျိုးသာ ပြသခဲ့ပေသည်။

သူ့အပေါ် ချန်ချန်ရှန်း၏ သတိထားမှုကို လျှော့ချနိုင်ခဲ့သော်လည်း သူ တကယ် လိုချင်သော အရာကိုတော့ မရခဲ့ချေ။

အုတ်နံရံ တစ်ခုကို စကားပြောနေရသလို ခံစားရသဖြင့် လင်းဖုန်း အနည်းငယ် စိတ်ပျက်သွားခဲ့လေ၏။

သူတို့နှစ်ဦး ကြိုးကြာပျံများကို စီးပြီး ထန်နိုင်ငံဘက်သို့ သွားခဲ့ကြရာ ပိုနီးကပ်လာလေလေ ထန်နိုင်ငံအပေါ် ဖုံးလွှမ်းနေသော သတ်ဖြတ်ခြင်း အငွေ့အသက်များကို ပိုပြီး ခံစားလာရလေလေ ဖြစ်ပေသည်။

အမြင့်တစ်နေရာမှ ကြည့်လိုက်သောအခါ နေရာအနှံ့တွင် စစ်မီးများ တောက်လောင်နေပြီး မီးခိုးများ ထွက်နေသော ပရမ်းပတာ မြင်ကွင်းကို သူတို့ မြင်တွေ့ခဲ့ရလေ၏။

"ဒီသေမျိုးလောက က မင်းဆက် အပြောင်းအလဲကို ဖြတ်သန်းနေတာလား..." ချန်ချန်ရှန်းက မျက်မှောင်ကြုတ်ပြီး အောက်ဘက်က စစ်ဒဏ်ခံနေရသော မြို့များကို ကြည့်ရင်း မေးလိုက်ပေသည်။

လင်းဖုန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေ၏။

"သေမျိုးလောကရဲ့ မင်းဆက် အပြောင်းအလဲက ငါတို့ ကျင့်ကြံသူတွေနဲ့ ဘာမှ မဆိုင်ဘူး... ငါတို့က နှလုံးသားနတ်ဆိုး ရဲ့ တည်နေရာကို ရှာဖို့ပဲ လိုတယ်..."

မည်သို့ပင်ဖြစ်စေ ကျင့်ကြံသူများအတွက် ဖြစ်နိုင်လျှင် သေမျိုးလောက လို နေရာမျိုးကို မလာခြင်းက အကောင်းဆုံး ပင် ဖြစ်လေ၏။

ချန်ချန်ရှန်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်ပေသည်။

"တကယ်လို့ ဒီပဋိပက္ခက စီနီယာအစ်ကို လင်း ရဲ့ နှလုံးသားနတ်ဆိုး ကြောင့် ဖြစ်တာဆိုရင် ငါတို့ ဒုက္ခကြီးကြီး ရောက်မှာ စိုးရိမ်မိတယ်..."

လင်းဖုန်း၏ နှလုံးသားနတ်ဆိုး ကြောင့် ဖြစ်ခဲ့သည်ဆိုလျှင် ဤသေမျိုးလောက မှ ဖြစ်ပေါ်လာမည့် ကံကြမ္မာ အကျိုးဆက်များ အားလုံး လင်းဖုန်းအပေါ် ကျရောက်လာမည်ဖြစ်ပြီး ထိုကဲ့သို့သော ကံကြမ္မာ အကျိုးဆက်မျိုးက ကျင့်ကြံသူများအတွက် အရမ်းကို လေးလံလွန်းလှပေသည်။

ကံကြမ္မာ အကျိုးဆက်က ကျင့်ကြံသူ တစ်ယောက်၏ တာအို နားလည်သဘောပေါက်မှုကို အဟန့်အတား ဖြစ်စေပြီး သူတို့၏ အဆင့်ကို ထိုအချိန်မှစ၍ တုံ့ဆိုင်းသွားစေလေ၏။

လင်းဖုန်းက အောက်ဘက်က သေမျိုးလောကကို စူးရှသော မျက်လုံးများဖြင့် ကြည့်ပြီး ပြောလိုက်ပေသည်။

" ဒီ မင်းဆက် အပြောင်းအလဲက ငါ့ရဲ့ နှလုံးသားနတ်ဆိုး ကြောင့် ဖြစ်တာဆိုရင် ဒီသေမျိုးလောက တစ်ခုလုံးကို သတ်ဖြတ်ပစ်ရမယ် ဆိုရင်တောင် အဲဒီ နှလုံးသားနတ်ဆိုးကို ဒီမှာပဲ ငါ သတ်ပစ်မယ်..."

"အာ... စီနီယာအစ်ကို လင်း... ပြန်စဉ်းစားပါဦး... အဲဒီလို နည်းလမ်းမျိုးက ကောင်းကင်ရဲ့ ဆန္ဒကို အရမ်း ထိခိုက်စေလွန်းတယ်..."

ချန်ချန်ရှန်းက ပါးစပ်ဖွင့်ပြီး အနည်းငယ် ထူးဆန်းစွာဖြင့် သူ့ကို အကြံပေးလိုက်လေ၏။

သေမျိုးလောကတွင် ပူးကပ်ခြင်း လုပ်နိုင်သော ကျင့်ကြံသူ တစ်ယောက်ကို ရှာတွေ့ခဲ့ကြောင်း ချန်ချန်ရှန်းက အိုးယန်ဆီမှ ပထမဆုံး သိလိုက်ရချိန်တုန်းက သူ၏ ပထမဆုံး တုံ့ပြန်မှုမှာလည်း ထို မိစ္ဆာ ကျင့်ကြံသူကို ရှာရန် ဤသေမျိုးလောကကို သတ်ဖြတ်ဖို့ ဝန်မလေးခဲ့ခြင်း ပင် ဖြစ်လေ၏။

ယခု လင်းဖုန်း၏ ပါးစပ်မှ ထိုစကားများကို ကြားရပြီး လင်းဖုန်းကို မလုပ်ရန် တားမြစ်နေသော သူ့ကိုယ်သူ တွေ့ရတော့ သူ ကိုယ်တိုင်လည်း နည်းနည်း ထူးဆန်းနေသလို ခံစားရပေသည်။

"စစ်မှန်တဲ့ ယောကျ်ား တစ်ယောက်က သူ့ရဲ့ လုပ်ရပ်တွေမှာ ဘယ်လိုလုပ် သတ္တိကြောင်နိုင်မှာလဲ... ဒီကိစ္စကို မဖြေရှင်းရင် အနာဂတ်မှာ အဆုံးအစမရှိတဲ့ ပြဿနာတွေ ရှိလာလိမ့်မယ်... ဂျူနီယာညီလေး ချန် က ဒီသဘောတရားကို နားမလည်ဘူးလား..." လင်းဖုန်းက အံ့အားသင့်စွာဖြင့် မေးလိုက်လေ၏။

ချန်ချန်ရှန်းသည် လင်းဖုန်း၏ မေးခွန်းကြောင့် ဆွံ့အသွားပြီး ဘယ်လို ရှင်းပြရမှန်း မသိတော့ချေ။ သူက အချိန်အတော်ကြာ စကားထစ်နေပြီးမှ နောက်ဆုံးတွင် မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်ပေသည်။

"စီနီယာအစ်ကို... ဇာတ်လမ်း အပြည့်အစုံကို နားလည်အောင် စုံစမ်းစစ်ဆေးဖို့ ဒီသေမျိုးလောကထဲကို လမ်းလျှောက်သွားကြည့်ရအောင်လား..."

လင်းဖုန်းက ခေါင်းညိတ်လိုက်ပြီး သူနှင့် ချန်ချန်ရှန်းတို့သည် ကြိုးကြာပျံပေါ်မှ ခုန်ဆင်းကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြလေ၏။

မြေပြင်ပေါ်သို့ ရောက်သောအခါ စစ်ဒဏ်ကြောင့် ပျက်စီးနေသော ရွာတစ်ရွာကို သူတို့ တွေ့လိုက်ရပေသည်။ သံချပ်ကာ ဝတ်ဆင်ထားသော စစ်သားများသည် ရွာထဲတွင် လုယက်၊ မီးရှို့၊ သတ်ဖြတ်နေကြသည်... စစ်မြေပြင်တွင် မသုံးရဲသော သူတို့၏ ဓားများကို လက်နက်မဲ့ အရပ်သားများအပေါ် ဝှေ့ယမ်းနေကြလေ၏။

ချန်ချန်ရှန်း လှုပ်ရှားတော့မည့် အချိန်မှာပင် လင်းဖုန်း၏ လက်ထဲက ဓားရှည်သည် ဓားအိမ်ထဲမှ ပျံထွက်သွားပြီ ဖြစ်လေ၏။

သုံးပေရှည်သော ချင်းဖုန်းဓားသည် အံ့မခန်း အလင်းတန်း တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး မိုးကြိုး၏ အလျင်ဖြင့် ဆိုးသွမ်းသော စစ်သားများဆီသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားလေသည်။ ဓားပျံသည် စစ်သားများကြားထဲတွင် ယှက်သန်းသွားပြီး ခုန်ပျံသွားတိုင်း အသက်တစ်ချောင်းကို နုတ်ယူသွားလေ၏။

သူတို့နှစ်ဦးစလုံး၏ ကျင့်ကြံခြင်း အဆင့်များကို ချီကျင့်ကြံခြင်းအဆင့်တွင် ဖိနှိပ်ထားသော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်၏ နည်းစနစ်များကို အခြေတည်စဝိညာဉ်အဆင့်တွင် ရှိနေသော လင်းဖုန်းက နတ်ဘုရား တစ်ပါးလို ကျွမ်းကျင်စွာ အသုံးပြုနေပြီ ဖြစ်ပေသည်... ချီကျင့်ကြံခြင်းအဆင့်တွင် ဓားတစ်လက်ကို ထိန်းချုပ်ရန်ဆိုသည်မှာ မဖြစ်နိုင်ခြင်းတော့ မဟုတ်ချေ။

အဆင့်နိမ့် ကျင့်ကြံသူများက အဆင့်မြင့် မှော်အတတ် အနည်းငယ်ကို ကျွမ်းကျင်ခြင်းမှာ မကြားဖူးခြင်းတော့ မဟုတ်ပေ။ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က ချီကျင့်ကြံခြင်းအဆင့် မှော်အတတ်များကိုတောင် သေချာ မသုံးတတ်ခြင်းကမှ ပို၍ ထူးဆန်းသေးပေသည်။

ဓားပျံသည် လူအုပ်ကြားထဲသို့ လျှပ်တစ်ပြက် ဝင်ရောက်လာပြီး အလင်းတန်း တစ်ခုအဖြစ် အသွင်ပြောင်းသွားလေသည်။ သားသတ်သမားများ ဖြစ်လာသော ထို စစ်သားများသည် အော်သံ တစ်ချက်တောင် မထွက်နိုင်ဘဲ လင်းဖုန်း၏ ဓားပျံအောက်တွင် တိတ်ဆိတ်စွာ သေဆုံးသွားကြလေ၏။

သေရန်စောင့်ရင်း မျက်လုံးမှိတ်ထားသော ရွာသားများသည် သူတို့ကို နှိပ်စက်နေသော စစ်သားများ သူတို့ မျက်စိရှေ့တွင် တိတ်ဆိတ်စွာ သေဆုံးသွားတာကို တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။

တောက်လောင်နေသော မီးတောက်များကြားထဲတွင် မှင်သက်နေသော ရွာသားများရယ်၊ အင်မော်တယ်များနှင့် တူသော ချန်ချန်ရှန်းနှင့် လင်းဖုန်းတို့သာ ကျန်ရစ်ခဲ့ပေသည်။

"အင်မော်တယ် တွေပဲ..."

အဘိုးအို တစ်ယောက်က လင်းဖုန်း အသုံးပြုခဲ့သော နည်းစနစ်များကို မြင်ပြီး လင်းဖုန်းနှင့် ချန်ချန်ရှန်းတို့ဆီ ချက်ချင်း ဒူးထောက်လိုက်လေ၏။

ကယ်ဆယ်ခံရသော ရွာသားများကလည်း လင်းဖုန်းနှင့် ချန်ချန်ရှန်းတို့ကို ကျေးဇူးတင်စွာဖြင့် ဒူးထောက်လိုက်ကြပေသည်။

လင်းဖုန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ချင်းဖုန်းဓားသည် ဓားအိမ်ထဲသို့ ပျံဝင်သွားလေ၏... သူက အနည်းငယ် ပြုံးပြီး ပြောလိုက်ပေသည်။

"အဘိုး... ဒီမှာ အတိအကျ ဘာတွေ ဖြစ်ခဲ့တာလဲ... ဘာလို့ စစ်သားတွေက ဒီမှာ ရွာသားတွေကို ထင်သလို သတ်ဖြတ်နေကြတာလဲ..."

အဘိုးအိုက တုန်ယင်စွာဖြင့် ခေါင်းငုံ့ပြီး ပြောလိုက်လေ၏။

"အင်မော်တယ်တို့... လွန်ခဲ့တဲ့ တစ်လက ထန်ဧကရာဇ် နတ်ရွာစံသွားတယ်... မထင်မှတ်ဘဲ အမျိုးသမီး တစ်ယောက်က တော်ဝင်အစောင့်တပ်ဖွဲ့များ နဲ့အတူ တော်ဝင်မြို့တော်ကို ထိန်းချုပ်လိုက်ပြီး ဧကရီ အဖြစ်တောင် တက်လှမ်းခဲ့တယ်... ချက်ချင်းပဲ ထန်နိုင်ငံ တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပြီး မြို့စား ရာချီက ဧကရီကို ဆန့်ကျင်ဖို့ တော်လှန်ရေး တပ်တွေ တစ်ပြိုင်နက်တည်း ဖွဲ့စည်းခဲ့ကြတယ်..."

"ဧကရီ ဟုတ်လား... ငါတို့ တော်ဝင်မြို့တော်ကို တစ်ခေါက် သွားဖို့ လိုသေးတယ် ထင်တယ်..." ချန်ချန်ရှန်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီး လင်းဖုန်းကို ကြည့်လိုက်ရာ လင်းဖုန်းက ချန်ချန်ရှန်းကို ခေါင်းညိတ်ပြလိုက်ပေသည်။

သူတို့နှစ်ဦး ဆက်ပြီး မတုံ့ဆိုင်းတော့ချေ တော်ဝင်မြို့တော်ကို သွားရမည့် လမ်းကို မေးပြီးနောက် တော်ဝင်မြို့တော်ဘက်သို့ ကြိုးကြာပျံများ စီးပြီး ချက်ချင်း ထွက်သွားကြလေ၏။

မြေပြင်ပေါ်တွင် ဒူးထောက်နေသော အဘိုးအိုကို တုန်ယင်စွာဖြင့် ထူမပေးလိုက်ကြပေသည်။ အသက်ရှင်ကျန်ရစ်သော ရွာသားများသည် အဘိုးအို၏ စုစည်းမှုနှင့်အတူ တော်လှန်ရေး အထင်ရှားဆုံး ဖြစ်သော မက်မွန်ပွင့်ရွက်မြို့ သို့ စတင် ထွက်ခွာသွားကြလေ၏။

အထိတ်တလန့် ဖြစ်နေသော်လည်း အဘိုးအို၏ အော်ဟစ်သံများအောက်တွင် စနစ်တကျဖြင့် ရွာသားများ မက်မွန်ပွင့်ရွက်မြို့သို့ ထွက်သွားပြီးနောက်...

ရွှံ့ညွန်ထဲမှ ချန်ချန်ရှန်း၏ ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာလေ၏... ဤရွာသားများ အုပ်စုတွင် ထူးခြားတာ ဘာမှ မရှိဘူးဆိုတာကို မြင်ပြီးမှသာ ချန်ချန်ရှန်း၏ ပုံရိပ်က တိတ်ဆိတ်စွာ ပျောက်ကွယ်သွားလေသည်။

ရွာသားများ ဝိုင်းရံထားသော အဘိုးအို မက်မွန်ပွင့်ရွက်မြို့သို့ ရောက်သောအခါ မြို့စားဖြစ်သော ရှဲ့ မိသားစု၏ တွေ့ဆုံခွင့်ကို ရခဲ့လေ၏။

အဘိုးအို၏ ခါးကုန်းနေသော ခန္ဓာကိုယ်သည် မြို့စားအိမ်တော် ထဲသို့ ဝင်သွားတာနှင့်အမျှ စတင် ဆန့်မတ်လာပြီး ပိုပိုပြီး ဖြောင့်မတ်လာလေ၏။ မြို့စားအိမ်တော်၏ ပင်မခန်းမ ဆီသို့ သွားသော လှေကားထစ် ဒါဇင်ပေါင်းများစွာကို ရောက်သောအခါ

မူလက ခါးကုန်းနေသော အဘိုးအိုသည် သူ၏ကျောကို ဆန့်လိုက်ပြီး လူများကို တိုက်ရိုက် မကြည့်ရဲအောင် လုပ်နိုင်သော ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်ပေသည်။

အဘိုးအိုသည် လက်လှမ်းပြီး သူ၏မျက်နှာပေါ်က လူသားအရေပြား မျက်နှာဖုံး ကို ခွာချလိုက်ရာ ရှဲ့ရှင်းကျစ်၏ သန့်စင်သော်လည်း အေးစက်သော မျက်နှာ ပေါ်လာလေ၏... ရှဲ့ရှင်းကျစ်သည် မြို့စားအိမ်တော် ၏ ပင်မခန်းမ ရှေ့တွင် ရပ်ပြီး တောင်အောက်ကို အဆက်မပြတ် ဆင်းနေသော နေဝင်ဆည်းဆာကို လှည့်ကြည့်ကာ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

"စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ... မနက်ခင်းမှာ သာမန် အရပ်သား... ညနေခင်းမှာ ဧကရာဇ် ရဲ့ နန်းတော်ဆီကို တက်လှမ်းခြင်း ပဲ..."

All Chapters