← Chapters

အတုခိုးခြင်း

Vol. 18 Ch. 238

အတုခိုးခြင်း

Vol. 18 Ch. 238

သူတို့နှစ်ဦးသည် လုံးဝပင် မတူကွဲပြားသော နာမည်များနှင့် မတူညီသော ဘဝများတွင် နေထိုင်သည့် ကွဲပြားခြားနားသော လူနှစ်ယောက် ဖြစ်သည်။

သူတို့သည် ဘယ်သောအခါမှ တစ်ခုနှင့်တစ်ခု ထိလိမ့်မည် မဟုတ်သော မျဉ်းပြိင် နှစ်ကြောင်းလိုပင်။ သူတို့သည် ဦးတည်ရာ တစ်ခုတည်းသို့ သွားနေခဲ့လျှင်ပင် တစ်ခုနှင့်တစ်ခု ဘယ်သောအခါမှ ထိစပ်လိမ့်မည် မဟုတ်ပေ။ ထိုအရာသည် အေးခဲကောင်းကင် ကလန်အတွင်းမှ တိုက်ပွဲ မတိုင်ခင်က စုမင်နှင့်စစ်မာရှင်းပင် ဖြစ်သည်။

ကြည့်ရှုနေသူများ ရှာဖွေတွေ့ရှိခဲ့ကြသည့် ထူးဆန်းသော တူညီမှုများသည် သူတို့နှစ်ဦး စတင်တိုက်ခိုက်ခဲ့ချိန်တွင် ပေါ်ပေါက်လာခြင်း မရှိသေးသော်လည်း တစ်ဦးနှင့်တစ်ဦး ဆက်လက် တိုက်ခိုက်ခဲ့သည်နှင့် အမျှ လူတိုင်းက သတိပြုမိခဲ့ကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးသည်သာ ထိုတူညီမှုများကို နောက်ဆုံး သတိပြုမိသူများ ဖြစ်သည်ဟုပင် ပြောနိုင်ချေသည်။

ကြည့်ရှုနေသူများအနေဖြင့် တိုက်ပွဲအား ဆက်လက် ကြည့်ရှုမိလေလေ၊ ထိုသူနှစ်ဦးသည် အလွန်အမင်း ဆင်တူကြသည် ဟူသော ခံစားချက်က ပိုမိုသန်မာ လာလေလေပင် ဖြစ်သည်။

တစ်ယောက်သည် လျှပ်စီးဖြစ်ပြီး ကျန်တစ်ဦးက ရေခဲဖြစ်သည်။ သူတို့နှစ်ဦးသည် ကွဲပြားခြားနားဟန် ရသော်လည်း တစ်ဦး၏ခန္ဓာကိုယ်တွင် လျှပ်စီးများ ကူးခပ်လှုပ်ရှား နေချိန်၌ ကျန်တစ်ဦး၏ခန္ဓာကိုယ်ကို ရေခဲများက ဝန်းရံထားသည်။ ဤအရာလောက်နှင့်တော့ သူတို့အား တူညီသည်ဟု ခေါ်ဆို၍ မရနိုင်ခဲ့ပေ။ သို့သော် မကြာမီ ကျောက်စိမ်း ဓားမြှောင်ငယ်လေးနှင့် လှံရှည်တို့ ပေါ်လာကြပြီး တစ်ခုနှင့်တစ်ခု တိုက်ခိုက်ကြသည့် အပြင်၊ အနက်ရောင် စစ်နတ်ဘုရား ချပ်ဝတ်နှင့် တောက်ပနေသော ရေခဲချပ်ဝတ်များက ဖြစ်ပေါ်လာကြချိန်တွင်တော့ ထိုသူနှစ်ဦး တူညီသည်ဟူသော ခံစားချက်သည် သူတို့နှလုံးသားများအတွင်း စတင်ပေါက်ဖွား လာခဲ့ရသည်။

သာမန်လူများ ရနိုင်လိမ့်မည် မဟုတ်သော ရှာပါးသော မာန်အကြောမျှင် ဝိညာဉ်တစ်ခု ဖြစ်သည့် ဝံပုလွေကို စစ်မာရှင်းထုတ် လာချိန်တွင် ဟယ်ဖုန်းသည်လည်း စုမင်ခန္ဓာကိုယ်မှ ပျံသန်း ထွက်ပေါ်လာခဲ့ရာ ထိုတစ်ခဏမှာပင် သူတို့နှစ်ဦး ဆင်တူသည်ဟူသော ထိုခံစားချက်ကြီးက မယုံနိုင်လောက်သော အခြေအနေတစ်ခုအထိ မြင့်မား ဖြစ်ပေါ်လာခဲ့သည်။

စုမင်က ဝိညာဉ်လုယက်ကို ထုတ်ယူလိုက်ကာ စစ်မာရှင်းက သူ့ပါးစပ်ထဲမှ ထူးဆန်းသော တုတ်ချောင်းပုံစံ ပိုးကောင်ငယ်ကို ထုတ်လွှတ်လိုက်ပြီး ထိုလုံးဝ မတူကွဲပြားသော အဖိုးတန် မာန်အကြောမျှင်များနှင့် အသီးသီး ရင်ဆိုင်လိုက်ရချိန်တွင် ဖြစ်ပေါ်လာခဲ့သော သူတို့၏ တူညီသည့် အမူအရာများနှင့် အပြုအမူများက သူတို့အကြားတူညီမှုများကို ပိုမိုမြင့်တက် သွားစေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူတို့၏ ထိုတူညီမှုများသည် အတူတကွ ရောထွေး ပေါင်းစပ်သွားပြီး အားလှိုင်းတစ်ခု အသွင် ထွက်ပေါ်လာခဲ့သဖြင့် သူတို့နှစ်ဦးဆင်တူသည် ဟူသော အချက်အား အပြင်လူများကပင် သတိထားမိသွားခဲ့ရခြင်းဖြစ်သည်။

လေထဲတွင် ခေါင်းလောင်းသံများ ပဲ့တင်ထပ်သွားချိန်တွင် လက်တစ်ဆစ်စာ အရွယ်အစား ခန့်သာ ရှိသော ထိုအနက်ရောင် တုတ်ချောင်းပုံစံ ပိုးကောင်လေးသည် အနောက်ဘက်သို့ ပြန်လည် လွင့်ထွက် သွားချေသည်။ သို့သော် လွင့်ထွက်သွားပြီးနောက် အနောက်ဘက်သို့ ပျံပြေးသွားသော သူ့အရှိန်နှုန်းကတော့ လျော့ကျ သွားခဲ့သည်မှာ အရှင်းအလင်းပင်ဖြစ်သည်။ ထို့နောက်တွင်  ဟန်တောင်တန်း ခေါင်းလောင်း၏ ပဲ့တင်သံများသည် အစွမ်းထက်လွန်းသောကြောင့် ပိုးကောင်လေးသည် အနည်းငယ်သာ တောင့်ခံနိုင်ဟန်ဖြင့် လေထဲမှာပင် စတင်၍ ယိမ်းထိုး လှုပ်ရှားလာခဲ့သည်။

ပိုးကောင်ငယ်လေး နောက်သို့ လွင့်ထွက်သွားခဲ့ပြီး အသက်ရှူကြိမ် အနည်းငယ်ခန့် အကြာတွင်မှ ပြန်လည် ကောင်းမွန်လာတော့မည့် အရိပ်အယောင်များ ပြလာသည်ကို စုမင် စောင့်ကြည့်နေခဲ့မိပြီး ထိုမြင်ကွင်းက သူ့အမူအရာကိုပင် ပြောင်းလဲ သွားစေခဲ့သည်။ ဟန်တောင်တန်း ခေါင်းလောင်း၏ စွမ်းအားကို သေချာသိသဖြင့် သူ့စိတ် ခံစားချက်များ အားလုံးကို ပြန်လည် ဖိနှိပ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အစောလေးက တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ အကျိုးဆက်များသည် သူ့အတွက်ပင် ခံနိုင်ရည်ရှိရန် ခက်ခဲနေခဲ့သည်။ ထို့အပြင် ၎င်းထူးဆန်းသော ပိုးကောင်လေးသည် ဤကဲ့သို့အချိန်တိုအတွင်းမှာပင် ပြန်ကောင်းလာတော့မည့် အရိပ်အယောင်များ ပြသလာခဲ့ပြီ ဖြစ်သည်။

စုမင် မျက်လုံးများထဲ၌ စူးရှသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုပိုးကောင်လေးအား ပြန်ကောင်းသွားခွင့် မပြုသင့်ကြောင်းနှင့် ထိုသို့မဟုတ်လျှင် ၎င်းပိုးကောင်လေး တစ်ကောင်တည်းကပင် သူ့အား အကြီးအကျယ် အကျိုးသက်ရောက်မှုရှိနိူင်ကြောင်း သူသိနေခဲ့၏။ ထို့ကြောင့် ပိုးကောင်လေး နောက်ပြန်ဆုတ်လိုက်သည်နှင့် တစ်ချိန်တည်းလိုလိုပင် ၎င်းအား စုမင် ညာလက်ဖြင့် ညွှန်ပြလိုက်ပြီး ရှေ့သို့လည်း ခြေလှမ်းကျဲကြီး တစ်လှမ်းလှမ်းလိုက်သည်။

သူခြေပြန်ချ လိုက်ချိန်တွင် သူသည် နောက်သို့ ပြန်လည် ဆုတ်ခွာနေသော ပိုးကောင်လေး၏ အထက်၌ ရုတ်ခြည်း ပြန်ပေါ်လာခဲ့ချေသည်။ ထို့နောက် ခဏအကြာမှာပင် ဟန်တောင်တန်း ခေါင်းလောင်းသည် သူ့လက်ထဲတွင်ပေါ်လာပြီး ဧရာမအရိပ်ကြီး တစ်ခုအဖြစ် ပိုးကောင်လေးကို ဖုံးအုပ်သွားခဲ့သည်။

အဝေးတွင် စစ်မာရှင်းသည် ဝိညာဉ်လုယက်၏ စွမ်းအားအောက်တွင် သူ့သွေးများမှ ဖြစ်ပေါ်လာသော သွေးပုံရိပ်ကြီးထံမှ ခွဲထွက်ရန် ဖိအားပေးခံလိုက်ရပြီး သူ့မျက်နှာက ဖြူရော်နေခဲ့သည်။ သူသည် စုမင်ကဲ့သို့ သွေးမအန် လိုက်ရသော်ငြား သူသည်လည်း ရှင်းလင်းစွာပင် အားနည်းနေခဲ့ပြီ ဖြစ်သည်။ စုမင်လုပ်ရပ်များကို မြင်လိုက်ရချိန်တွင် စစ်မာရှင်း၏ မျက်လုံးများသည် ဒေါသကြောင့် နက်မှောင်သွားခဲ့သည်။

သူသည် ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး ညာဘက်လက်နှင့် လေထဲသို့ကုပ်ဆွဲလိုက်သည်။ ချက်ချင်း ဆိုသလိုပင် အဝေးရှိ လွင့်မျောနေသော ခုနစ်ရောင်ခြယ် တောင်ကြီးသည် စူးရှသော ခုနစ်ရောင်ခြယ် အလင်းနှင့်အတူ သူ့ထံသို့ပျံသန်းလာခဲ့သည်။ ခုနစ်ရောင်ခြယ် တောင်ပေါ်တွင် ရပ်နေသော မိန်းကလေးသည် ထိတ်လန့်တကြား အော်ဟစ်လိုက်မိပြီး နောက်ဘက်သို့ ချက်ချင်း ပျံသန်းလိုက်သည်။ သူမခြေထောက်အောက်တွင် လွင့်မျောနေသော ဖဲကြိုးတစ်ချောင်းက သူမကို ထောက်ပံ့ ပေးထားချေသည်။

နောက်ဆုံးတော့ စုမင်နှင့်တိုက်ပွဲထဲတွင် သူ၏ အစွမ်းထက်ဆုံးသော အဖိုးတန် မာန်အကြောမျှင် ဖြစ်သည့်... ခုနစ်ရောင်ခြယ်တောင်ကို စစ်မာရှင်းက အသုံးပြုလာလေပြီ။

“စုမင်၊ မင်းကများ ငါ့မြွေလေးကို ထိရဲတယ်ပေါ့”

စစ်မာရှင်း၏ မျက်နှာက ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။ သူ လေထဲသို့ ညာလက်ဖြင့် ကုပ်ဆွဲလိုက်သည်နှင့် ခုနစ်ရောင်ခြယ်တောင်၏ တောက်ပနေသော အလင်းများထဲမှ အနီရောင် အလင်းသည် အခြားအရောင်များထက် ပိုမိူစူးရှစွာ တောက်ပလာခဲ့သည်။ အနီရောင်အလင်း ပိုမိုတောက်ပ လာသည်နှင့်အမျှ ခုနစ်ရောင်ခြယ် တောင်တွင် ထိုအရောင် တစ်မျိုးတည်းသာ ရှိတော့ဟန် ပေါ်လာချေသည်။

“မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်း၊ အရောင်ခုနစ်မျိုး သန့်စင်မှု၊ ကြက်သွေးရောင် ပုံစံ”

စစ်မာရှင်း၏ မျက်နှာတွင် သွေးကြောများ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်သည် ကြက်သွေးရောင်တို့ဖြင့် ဆေးဆိုးခံ လိုက်ရသကဲ့သို့ပင်။ သူ့ညာလက်သည် ကွေးကောက်သွားပြီး လက်ငါးချောင်းပါ လက်သည်းကြီးအဖြစ် ပြောင်းလဲသွားသည်။ သူ့လက်ပေါ်ရှိ ကြက်သွေးရောင် အရိပ်သည် မယုံနိုင်လောက်အောင်ပင် စွဲမက်ဖွယ် ကောင်းနေခဲ့သည်။ သူသည် ယခုအချိန်တွင် အနီရောင် အလင်းဖြင့် တောက်ပနေသော လွင့်မျောနေသည့် ခုနစ်ရောင်ခြယ် တောင်ဆီသို့ ထိုလက်သည်းပုံ လက်ကြီးနှင့်  ထိရိုက်လိုက်သည်။

သူ့လက်ဖြင့် ရိုက်ချလိုက်သောအခါ ခုနစ်ရောင်ခြယ် တောင်ဆီမှ အနီရောင် အလင်းသည် ရုတ်ခြည်းဆိုသလို စတင်၍ စူးရှတောက်ပလာခဲ့ပြီး တောင်ဆီမှ တဝီဝီမြည်သံ တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။ အနီရောင်အလင်းများသည် စစ်မာရှင်းညာလက်၏ စုပ်ယူခြင်း ခံလိုက်ရဟန်တူပြီး စစ်မာရှင်းလက်တွင် များပြားသော အနီရောင်အလင်းများ စုဝေးလာကာ ကြက်သွေးရောင် ဓားရှည်တစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။

ထိုဓားရှည်သည် ခုနစ်ပေခန့်ရှည်လျားပြီး သွေးတို့ဖြင့် စွန်းထင်းနေသကဲ့သို့ပင်။ ၎င်းထံမှ ထွက်ပေါ်လာနေသော အလွန်အမင်း ဝမ်းနည်းပူဆွေးမှုသည် လူများကို အံ့အားသင့် မှင်တက် သွားစေခဲ့သည်။ စစ်မာရှင်းသည် လက်ထဲသို့ ဓားရှည်ရောက်လာချိန်တွင် စုမင်ရှိရာဘက်သို့ ဓားရှည်ကို လွှဲယမ်းကာ ခုတ်ချလိုက်သည်။

ထိုခုတ်ချက်သည် ကမ္ဘာလောကကိုပင် ချက်ချင်း နက်မှောင် ကျသွားစေသည်။ ဖိနှိပ်သော ခံစားချက်တစ်ခုသည် ချက်ချင်းပျံ့နှံလာသောကြောင့် ကြည့်ရှုနေသော လူအုပ်သည် အသက်ရှူမဝသလို မွန်းကျပ်စွာ ခံစားလိုက်ကြရ၏။ ထိုဓားချက်သည် ကမ္ဘာပေါ်ရှိ လေများအားလုံးကို စုပ်ယူသွားသကဲ့သို့ပင် ဖြစ်သည်။

ဓားချက်ကျဆင်းလာသည်နှင့် ပတ်ဝန်းကျင်ရှိ လူများအားလုံးကို သက်ရောက်နိုင်စွမ်းရှိသော ဝမ်းနည်း ပူဆွေးမှုသည်လည်း အကပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။

“ငါ မွေးဖွားခဲ့တဲ့နေရာက အရာဝတ္ထုပစ္စည်းတွေကို စကြဝဠာရဲ့ စည်းမျဉ်းနိယာမတွေအရ လုပ်ဆောင်နေဆဲပဲ...”

ဓားရှည်ကို ခုတ်ချလိုက်ချိန်တွင် ပူဆွေးသောကများနှင့် ပြည့်နေသော အသံတစ်သံသည် စစ်မာရှင်း၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။ သူ့အမူအရာသည် ဓားရှည်နှင့် ပေါင်းစပ်သွားဟန်တူပြီး ထိုစကားဝါကျ တစ်ခွန်းနှင့်အတူ ဓားချက်တစ်ချက်ကို လွှဲယမ်း ခုတ်ချလိုက်ခြင်း ဖြစ်သည်။

ထိုဓားချက် ကျဆင်းလာချိန်တွင် တတိယတာင်ထွတ်ပေါ်ရှိ ဖန်းချန်းလန်၏ မျက်နှာက ဖြူရော် သွားသည်။ သူမဘေးမှ ဘဲဥပုံမျက်နှာနှင့် အမျိုးသမီး၏ အသက်ရှူသံကလည်း လျင်မြန် သွားခဲ့သည်။

“သူက မာန်နတ်ဘုရား အသွင်ပြောင်းလဲမှုကို ထုတ်ဖော်လိုက်တာပဲ”

စတုတ္ထတောင်ထွတ်ပေါ်မှ ဝတ်ရုံအနီနှင့် လက်ဝဲတော်ရံသည် ထိုအရာကို မြင်လိုက်ချိန်တွင် သူ့မျက်လုံးများက ကျဉ်းမြောင်းလို့ သွားခဲ့သည်။

“ကြည့်ရတာ သူက မာန်နတ်ဘုရား အသွင်ပြောင်းလဲမှုရဲ့ ပထမဆုံးပုံစံကို နားလည်သွားပြီ ထင်တယ်”

ဓားချက်၏ အဓိပ္ပာယ်ကို နားလည်ထားကြသူများ အားလုံးသည် သက်ဆိုင်ရာ တောင်ထွတ် အသီးသီးမှနေ၍ ထိုဓားချက်အပေါ်သို့ အာရုံစိုက်လိုက်ကြသည်။ နဝမတောင်ထွတ်ပေါ်ရှိ ထျန်းရှဲ့ကျီလက်ထဲတွင် အချိန်အနည်းငယ် အကြာကပင် ပေါ်လာခဲ့ခြင်း ဖြစ်သော ဘူးသီးခြောက် တစ်ခု ရှိနေခဲ့သည်။ သူသည် ထိုအရာကို ပါးစပ်တွင်တေ့ကာ သောက်လိုက်သည်။ ထို့နောက်တွင် ခေါင်းခါယမ်း လိုက်ပြီး သူ့မျက်လုံးများထဲ၌ သဘောမကျမှုများ ဖြစ်ပေါ်လာခဲ့၏။

“မာန်နတ်ဘုရား အသွင်ပြောင်းလဲမှု... အဲဒါက ပြောင်းလဲမှု ဆိုတဲ့စကားလုံးနဲ့ မထိုက်တန်ဘူး။ တစ်နေ့ကျရင် အစစ်အမှန် မာန်နတ်ဘုရား ပြောင်းလဲမှုက ဘာလဲဆိုတာ လူတွေကို သိစေရမယ်။ ဒါပေမဲ့ ဒီနတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်တဲ့ စစ်မာရှင်းရဲ့နည်းလမ်းမှာ သူ့ကိုယ်သူ အခြေခံထားတဲ့ ပြောင်းလဲမှုပုံစံ အချို့တော့ ပါနေတယ်...”

ထိုထိတ်လန့်ဖွယ်ဓားချက်ကို စုမင်မည်ကဲ့သို့ ကိုင်တွယ်လိမ့်မည်ဆိုသော မေးခွန်းကိုတော့ ထျန်းရှဲ့ကျီ တစ်ယောက် သတိမထားမိပုံပေါ်၏။ ထိုအစားသူသည် ဝိုင်ကိုသာ သောက်ရင်း တခြားသူများ မကြားနိုင်မည့် စကားများကိုသာ ရေရွတ်နေခဲ့သည်။

ထိုဓားချက်ကို စုမင်ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မည်ဟု သူ့တွင် ယုံကြည်မှုများ ရှိနေသကဲ့သို့ပင်...

အလားတူပင် နဝမ တောင်ထွတ်ပေါ်ရှိ နှင်းများဖုံးလွှမ်းနေသော မြေပြင်တွင် အပင်များ စိုက်ပျိုးနေဆဲ ဖြစ်သော စုမင်၏အစ်ကိုနှစ်သည်လည်း ညာလက်ထဲတွင် များစွာသော ပန်းများကို ကိုင်ထားရင်းဖြင့် အဝေးသို့ ခေါင်းမော့ကြည့်လျက် ရှိသည်။

သူသည် အဝေးသို့ ကြည့်နေရင်းဖြင့် စကားလုံး အချို့ကိုလည်း တီးတိုးရေရွတ် လိုက်သေးသည်။ “အငယ်ဆုံး ညီငယ်လေးရေ၊ ဒါက ရှားပါးတဲ့အခွင့်အရေးတစ်ခုပဲနော်... မာန်နတ်ဘုရား အသွင်ပြောင်းလဲမှု... အဲဒါက အေးခဲ ကောင်းကင်ကလန်ထဲမှာ အသန်မာဆုံး ပညာရပ်ပဲ။ လူတွေက ပုံဆွဲတဲ့အချိန်မှာ၊ ပထမဆုံး တခြားသူတွေရဲ့ဟာကို အတုခိုးကြတယ်။ အဲဒါပြီးမှပဲ သူတို့ကိုယ်ပိုင် ရုပ်ပုံကားချပ်တွေကို ဖန်တီးနိုင်ကြတာ”

စုမင်နှင့်စစ်မာရှင်း၏ တိုက်ပွဲသည် ကောင်းကင်ဘုံ တံခါးဝအောက်ရှိ ကြီးမြတ်သော ဆီးနှင်းဖုံး လွင်ပြင်များ၏ တောင်ထွတ် ကိုးခုအလယ်ဗဟိုမှ လူများ၏အာရုံကို ဆွဲဆောင် ထားနိုင်ခဲ့ပြီး ဖြစ်သည်။ စစ်မာရှင်းက မာန်နတ်ဘုရားပြောင်းလဲမှု ပညာရပ်ကို ထုတ်ဖော်လိုက်ပြီး ခုနစ်ရောင်ခြယ် တောင်ဆီမှ အနီရောင် အလင်းကို ထုတ်ယူကာ ဓားရှည်တစ်ချောင်း အသွင်ပြောင်းလျက် ခုတ်ချလိုက်ချိန်တွင်တော့ ထိုဓားခုတ်ချက်မှ ပေါက်ကွဲ ထွက်ပေါ်လာသော အရှိန်အဝါကြောင့် တိုက်ပွဲသည် အပြင်းထန်ဆုံးအခြေအနေသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

ဓားရှည်မှ အနီရောင်အလင်းသည် လေထုကို ဖြတ်သန်းကျဆင်းလာချိန်တွင် ထူးဆန်းသော အသံတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ ၎င်းအသံသည် မရေမတွက်နိုင်သော လူများက အော်ဟစ်ငိုကြွေးကာ ညည်းညူနေကြသော အသံများ စုပေါင်းထားသကဲ့သို့ပင်ဖြစ်သည်။

စုမင်၏ တည်ငြိမ်သောမျက်နှာထက်တွင် လေးနက်သော အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။ စစ်မာရှင်းခွန်အားကို သူသိထားသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ သူသည်လည်း ယခင်ကစုမင် မဟုတ်တော့သော်ငြား သူနှင့် စစ်မာရှင်းကြားတွင် စွမ်းအား ကွာခြားမှုအနည်းငယ် ရှိနေဆဲပင်ဖြစ်သည်။

ဤဓားချက် တစ်ချက်တည်းကပင် စုမင်က သူထိုအရာကို မဟန့်တားနိုင်တော့ဟု ခံစားသွားရစေရန် လုံလောက်ပေသည်။ စစ်မာရှင်း၏ တတွတ်တွတ်ရေရွတ်သံများက စုမင်နားထဲသို့ ရောက်လာခဲ့သည်။ ထိုစကားလုံးများသည် ဓားရှည်နှင့် ပေါင်းစပ်သွားခဲ့သည်။ ၎င်းတို့အထဲတွင် လောကကိုပင် ပြောင်းလဲပစ်နိုင်သည့် စွမ်းအားတစ်မျိုးဖြင့် ပြည့်နှက် နေဟန်ပေါ်ပြီး ထိုအရာက စုမင်၏ စွမ်းရည်ကိုပင် ဖိနှိပ်ထားချေသည်။

ဓားရှည်ကိုယ်တိုင်သည်ပင် စစ်မာရှင်း၏ ခုနစ်ရောင်ခြယ်တောင်မှ ဖြစ်ပေါ်လာသော ရတနာဖြစ်သဖြင့် ၎င်းတွင် မယုံနိုင်လောက်ဖွယ် စွမ်းအားတစ်ခု ပါဝင်နေခဲ့သည်။ မာန်နတ်ဘုရား ပြောင်းလဲမှုဆိုသော နတ်ဘုရားစွမ်းရည်၏ စွမ်းအားနှင့်ဆိုလျှင် ဓားရှည်ထဲတွင် ပါဝင်နေသော စွမ်းအားသည် ရိုးရေစတေး နယ်ပယ်အောက်မှ မာန်စွမ်းအားရှင်များ အားလုံးကို သတ်ဖြတ်ရန် လုံလောက်ပေသည်။

သူ့ထံသို့ ဓားရှည်ကျဆင်း လာချိန်တွင် စုမက်မျက်လုံးများထဲ၌ စူးရှသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဟန်တောင်တန်းခေါင်းလောင်း တစ်ခုတည်းသည်သာ ထိုဓားရှည်ကို ခုခံကောင်းခုခံနိုင်မည့် တစ်ခုတည်းသော အရာဖြစ်ကြောင်း သူသိနေခဲ့သည်။ သို့သော် ဓားရှည်ကိုခုခံရန် ဟန်တောင်တန်း ခေါင်းလောင်းကိုသာ သူအသုံးပြုလိုက်မည်ဆိုလျှင် ပိုးကောင်ငယ်လေး ပြန်ကောင်းမသွားစေရန် တားဆီးထားနိုင်တော့မည် မဟုတ်ပေ။

အကယ်၍ ပိုးကောင်ငယ်သည်သာ ၎င်း၏အမြန်နှုန်းကို ပြန်လည်ရရှိသွားပြီး စိတ်ကြည်လင် သွားမည်ဆိုပါက ဤတိုက်ပွဲတွင် သူသည် လုံးဝခုခံ ကာကွယ်နေရသော အခြေအနေသို့ ရောက်ရှိ သွားပေလိမ့်မည်။ သို့သော် တုတ်ချောင်းပုံပိုးကောင်ငယ်ကို လက်မလွှတ်ပဲ စစ်မာရှင်း၏ ဓားချက်ကို သူခံယူလိုက်မည်ဆိုလျှင်ရော....

စုမင်၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ပြီး သက်ပြင်းချလိုက်မိသည်။ ပိုးကောင်ငယ်ကို လက်လျော့တော့မည့်အချိန်မှာပင် စုမင်မျက်လုံးများအတွင်းရှိ အလင်းက တောက်ပသွားခဲ့သည်။

ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော ဓားချက်၏အရှိန်က ထူးခြားစွာပင် စတင်နှေးကွေး သွားခဲ့သည်။ ထိုအရှိန်နှုန်း နှေးကွေးသွားမှုသည် အလွန်အမင်း ရုတ်တရက်ဆန်လှပြီး ပိုထူးဆန်းသည့် အရာမှာ ထိုဓားချက်၏အရှိန် ရုတ်တရက်နှေးသွားခြင်းကို မည်သူကမှ သတိပြုမိလိုက်သည့်ပုံ မပေါ်ခြင်းပင်ဖြစ်သည်။

စုမင် သူ့ပတ်ဝန်းကျင်ကို အလိုအလျောက် ကြည့်လိုက်မိချိန်တွင် ကမ္ဘာပေါ်ရှိ သူ့ပတ်ဝန်းကျင်မှ  အရာအားလုံးသည်လည်း နှေးကွေးနေကြသည်ကို သူသတိပြုမိ လိုက်ချေသည်။

စွမ်းအားလှိုင်း တစ်ခုသည် အသံတစ်ချက်မထွက်ပဲ ဤနေရာသို့ ရောက်ရှိလာသကဲ့သို့ ဖြစ်ပြီး ထိုတစ်ခဏမှာပင် ဤနေရာအတွင်းရှိ အချိန်စီးဆင်းမှုကို ထိန်းချုပ်သွားခဲ့ခြင်း ဖြစ်သည်။

“အဲဒါ ငါဖန်တီးခဲ့တဲ့ အရာပဲ။ မင်းရဲ့ဖန်တီးမှု စွမ်းအားတွေက အဆင့်တစ်ခုကို ရောက်သွားပြီ ဆိုရင်၊ မင်းဖန်တီးခဲ့တဲ့အရာပေါ် မူတည်ပြီး ဒီလိုပြောင်းလဲမှုမျိုးက ဖြစ်လာလိမ့်မယ်... အဲဒါက ဟင်းလင်းပြင် ကွက်လပ်နေရာကျယ်နဲ့ အတော်လေး ဆင်တူပေမယ့်လည်း ကွဲပြားတယ်။ အခြားသူတွေ အတွက်တော့ ခဏလေးပဲ ကြာတဲ့ပုံပေါ်နေမှာ ဆိုပေမယ့် မင်းရဲ့အခု အခြေအနေမှာတော့ အဲဒါက အရမ်းနှေးကွေးပုံ ပေါ်နေလိမ့်မယ်”

“ဒီဓားချက်တစ်ချက်ကို အမှတ်ရပြီး ဒီတိုက်ခိုက်မှုထဲမှာပါတဲ့ အပြောင်းအလဲတွေကို နားလည်ဖို့အတွက် မင်းမှာ အချိန်လုံလုံလောက်လောက် ရှိတယ်... အဲဒါကိုရှာ၊ ပြီးရင် ကောင်လေးစစ်မာရဲ့ တိုက်ခိုက်မှုကို မျှမျှတတနဲ့ လုံးလုံးလျားလျားပိတ်ဆို့ပစ်လိုက်”

ပတ်ဝန်းကျင်ရှိလူများကိုကြည့်နေရင်း စုမင်မျက်နှာထက်၌ ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့ပြီး ဖြည်းညင်းစွာ ကျဆင်းလာနေသော အနီရောင်အလင်းဖြင့် တောက်ပနေသည့် ကြက်သွေးရောင် ဓားရှည်ထံသို့ သူ့အကြည့်ကို ပြန်ပြောင်းလိုက်သည်။

ဤအရာကို ထျန်းရှဲ့ကျီမည်သို့လုပ်ခဲ့မှန်း စုမင်မသိပေ။ သို့သော် အေးခဲကောင်းကင်ကလန်မှ လူအများ၏ ကြည့်ရှုနေခြင်း အောက်တွင် ထိုသို့လုပ်ရန်အတွက် သူ့၌ မယုံနိုင်လောက်ဖွယ် သတ္တိများ လိုအပ်ခဲ့ပေလိမ့်မည်။

သူ့ဆရာ၏ ကြင်နာမှုကြောင့် စုမင်နှလုံးသားထဲရှိ နွေးထွေးမှုက ပိုမိုကြီးထွား လာခဲ့ရသည်။ နဝမတောင်ထွတ်နှင့် ပက်သတ်သည့် ခံစားချက်များသည်လည်း ပိုမိုတိုးပွား လာခဲ့ရချေသည်။

သို့သော် ဤအချိန်သည် သူ့အတွက် စိတ်လှုပ်ရှားနေရမည့် အချိန်မဟုတ်ကြောင်း သူသိသည်။ ဖြည်းညင်းစွာ ကျဆင်းလာနေသော ကြက်သွေးရောင် ဓားရှည်ကို ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများသည် တဖြည်းဖြည်း ဗလာဖြစ်သွားခဲ့သည်... သူ့ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးကို စုတ်တံအဖြစ်သုံးလျက် ဓားရှည်၏ လမ်းကြောင်းကို စတင်ဆွဲသားလိုက်သည်။

***

All Chapters