အခန်း (၂၄၅၃-၂၄၅၄)
Vol. 176 Ch. 2453-2454
အပိုင်း(၂၄၅၃)
မူလ ဝိညာဉ်၏ အတွင်းပိုင်းတွင် အစစ်အမှန် ဝိညာဉ် ဟု လူသိများသော 'အမြုတေ' တစ်ခု ရှိနေသည်။ လျှို့ဝှက် အာဏာရှင် အဆင့် ၏ အထွတ်အထိပ်ဖြစ်သော ဉာဏ်အလင်းရ သူတော်စင် များသည် ၎င်းကို နိုးထစေခဲ့ပြီး ဖြစ်သည်။ ထိုအရာက ၎င်းနှင့် သူတို့၏ ဝိညာဉ်အင်အား ကို ထိန်းချုပ်နိုင်စွမ်း ရရှိစေရန် ခွင့်ပြုပေးထား၏။ ဤအကြောင်းကြောင့် သူတို့သည် အဓိက အာဏာများ ၏ စစ်မှန်သော စွမ်းအားကို လွတ်လပ်စွာ အသုံးပြုနိုင်စွမ်း ရှိကြပေသည်။
ကျင့်ကြံခြင်း လောက တစ်ခွင်လုံးတွင် ကျယ်ပြန့်စွာ သိရှိထားကြသည့် အမှန်တရား တစ်ခု ရှိသည်။ လျှို့ဝှက် အာဏာရှင် အဆင့် ၏ နောက်ဆုံး အဆင့်သည် ပဲ့တင်ထပ် ဝိညာဉ် အဆင့် သို့ တက်လှမ်းရန်အတွက် မဖြစ်မနေ လိုအပ်ခြင်း မရှိပေ။ အမှန်တကယ်တော့ ၎င်းက အဆင့်တက်ရန်အတွက် သိသိသာသာ ပိုမို ခက်ခဲသွားစေခြင်းသာ ဖြစ်၏။
ဝေ့ဝူယင်သည် ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းကို နောက်ဆုံးတွင် အရိပ်အမြွက် နားလည်သွားခဲ့သည်။ ပဲ့တင်ထပ် ဝိညာဉ် အဆင့်သည် ကျင့်ကြံခြင်း ဝိညာဉ် နှင့် ကျင့်ကြံသူ တစ်ဦး၏ ဝိညာဉ်တို့ ပေါင်းစပ်ရန် လိုအပ်သည်။ အစစ်အမှန် ဝိညာဉ် နိုးထလာသည်ဖြစ်စေ၊ မနိုးထလာသည်ဖြစ်စေ မည်သို့ပင်ဖြစ်နေပါစေ ၎င်းကို အပြည့်အဝ လက်ခံပေါင်းစပ်ရမည် ဖြစ်၏။ ကျင့်ကြံခြင်း ဝိညာဉ် ကို အုတ်မြစ်အဖြစ် ထားရှိကာ ဝိညာဉ်အင်အားကို ပဉ္စမမြောက် အခြေခံ စွမ်းအင် အမျိုးအစားအဖြစ် ပေါင်းထည့်ရမည် ဖြစ်သည်။ ရုပ်ခန္ဓာ၏ သွေးမျိုးဆက်၊ ကောင်းကင်ရှန့်ထို အဆင့် တွင် ရရှိခဲ့သော ကောင်းကင် အမတေ၊ အာဏာရှင် ရှန့်ထို အဆင့် အတွက် လိုအပ်သော လျှို့ဝှက်လောက ရည်ရွယ်ချက် တို့နှင့်အတူ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အမတေ နှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အားလုံး ပါဝင်ပေါင်းစပ်ကာ ကောင်းကင်၏ ပဲ့တင်ထပ် ချီ ကို ဖန်တီးပေးမည် ဖြစ်ပေသည်။
ဒုတိယစိတ်က ထိုတွေ့ရှိမှုကို ပေးပို့လိုက်ချိန်တွင် ဝေ့ဝူယင် သည် ချက်ချင်း ဉာဏ်အလင်းပွင့်သွားခဲ့သည်။ ဤအရာသည် သေးငယ်သော အချက်ဟု ထင်ရသော်လည်း အံ့ဩဖွယ်ကောင်းလောက်အောင် သူ၏ မေးခွန်းများစွာအတွက် အဖြေအချို့ကို ပေးစွမ်းနိုင်ခဲ့၏။ ဥပမာအားဖြင့် ပဲ့တင်ထပ် ဝိညာဉ် အဆင့် သည် အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ရသနည်း ဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံသူ ကိုယ်တိုင်က ကျင့်ကြံခြင်း ဝိညာဉ် ဖြစ်လာခဲ့ခြင်းပင်တည်း။
"..."
ဝေ့ဝူယင် က မျက်မှောင်ကြုတ်လိုက်၏။
"..."
ဒုတိယစိတ်သည် ကနဦး စိတ်လှုပ်ရှားမှုများအပြီးတွင် တိတ်ဆိတ်သွားခဲ့၏။ ထိုအရာက ပုံမှန်မဟုတ်ဘဲ လေးနက်တည်ကြည်သွားပြီး ပြင်းထန်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"..." ခရာတို...။
"..." ဘုရင်...။
"..." အိုရီ။
" ငါတို့ အဖြေရှာနိုင်မှာပါ..."
ဘုရင်က က ကြေညာလိုက်သည်။
ဝေ့ဝူယင် ၏ နှုတ်ခမ်းစွန်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားခဲ့၏။ ဟုတ်ပေသည်။
သူတို့ အဖြေရှာနိုင်လိမ့်မည်။
ထို့နောက် သူ၏ ဒုတိယစိတ်က အော်ဟစ်လိုက်သည်။
"ဒါ မလုံလောက်သေးဘူး..."
ဝေ့ဝူယင်သည် မိစ္ဆာမ ထံသို့ အာရုံစိုက်လိုက်သည်။ ယခုအခါ သူမ၏ မီးရှို့လောင်ကျွမ်းခြင်းသည် သူမ၏ တည်ရှိမှု အုတ်မြစ်၊ အသိစိတ် ပင်လယ်၊ ထျန်းတျန်၊ ချီသွေးကြောများနှင့် စိတ်အာရုံတို့ကို သူမ၏ ပဲ့တင်ထပ် ဝိညာဉ် တစ်ခုလုံးနှင့်အတူ မီးရှို့ပစ်လိုက်ခြင်းနှင့် မကွာခြားကြောင်း သူ နားလည်သွားခဲ့ပြီ ဖြစ်၏။ သူမသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အမတေ၊ ဝိညာဉ်ပိုင်းဆိုင်ရာနှင့် မူလ ဝိညာဉ်တို့မှစတင်ကာ သူမပိုင်ဆိုင်သမျှ အရာအားလုံးကို လောင်ကျွမ်းပစ်ခဲ့ခြင်း ဖြစ်ပေသည်။
လုံးဝကို ရက်စက်လွန်းလှပေသည်။ အထွတ်အထိပ် သူတော်စင် တစ်ပါး၏ အသက်ကို အဆုံးသတ်နိုင်လောက်အောင် မကြုံစဖူး ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မျက်တောင်တစ်ခတ်စာ အချိန်အတွင်း သူမ ထုတ်ဖော်နိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
"ဘာကများ မင်းကို ဒီလောက်အထိ စတေးဖို့ တွန်းအားပေးခဲ့တာလဲ..."
အစပိုင်းတွင် ဝေ့ဝူယင် သည် ဤအမျိုးသမီး၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို သိပ်ပြီး စိတ်မဝင်စားခဲ့ပေ။ သို့သော် နှစ်ပေါင်း နှစ်သိန်းနီးပါးခန့် ခါးသီးစွာ ရုန်းကန်ကြိုးစား အသက်ရှင်သန် ကျင့်ကြံခဲ့ပြီး အထွတ်အထိပ် သူတော်စင် တစ်ပါးအတွက် ကြောက်ခမန်းလိလိ ငယ်ရွယ်လွန်းသော အမျိုးသမီးတစ်ဦးသည် အဘယ်ကြောင့် မိမိ၏ တည်ရှိမှုတစ်ခုလုံးကို စွန့်ပစ်ရသနည်း ဆိုသည်ကိုမူ အမှန်တကယ် စူးစမ်းချင်စိတ် ဖြစ်ပေါ်နေခဲ့ပေသည်။
သူမကို ကယ်တင်နိုင်မည့်သူ တစ်ယောက်ယောက်များ ရှိနေခဲ့လေသလား။ သို့တည်းမဟုတ်...
သူမက ကောင်းကင် တာအိုများ မွေးမြူထားသော နယ်ရုပ်လေး တစ်ရုပ် ဖြစ်နေမည်လား ဆိုသည်ကို ဝေ့ဝူယင် အတိအကျ မဆုံးဖြတ်နိုင်ခဲ့ပေ။ အကယ်၍ ထိုသို့သာ မှန်ကန်ခဲ့လျှင်...
ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ များပင်လျှင် ဤအရာနှင့် ချည်နှောင်ခံထားရသည်လား။ သူတော်စင်များ၏ နယ်ပယ်အတွင်းသို့ ဝင်ရောက်လာသူများသည်လည်း နောက်ဆုံးတွင် ကောင်းကင် တာအိုများ ၏ ဩဇာလွှမ်းမိုးမှုမှ မလွတ်မြောက်နိုင်ကြသည်လား။
ဒုတိယစိတ်၏ အရေးတကြီး တောင်းဆိုမှုများကြောင့် အတွေးများကို ခေတ္တဘေးဖယ်ထားရန် သူ ဆုံးဖြတ်လိုက်သည်။ ထို့နောက် ဝေ့ဝူယင် သည် အဆင့်မြင့်သည့် လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး ကို ထုတ်ယူလိုက်၏။
"မင်း ငါ့ကို ကျေးဇူးတင်ကြွေး တင်သွားပြီ..."
သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ တစ်ချိန်တည်း၌... ဒုတိယစိတ်၏ တက်ကြွမှုများသည် အလုပ်စတင်ချိန်တွင် ပြန်လည်နိုးကြားလာခဲ့သည်။ ၎င်းသည် ပြိုကွဲပျက်စီးနေသော သူမ၏ တည်ရှိမှုကို တည်ငြိမ်စေရန် အတင်းအဓမ္မ ကြိုးစားသည့်အနေဖြင့် လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး ကို ဝိညာဉ် ဆေးလုံး နှင့်အတူ ထပ်မံ ပေါင်းထည့်လိုက်၏။ သူမ၏ ပဲ့တင်ထပ် ဝိညာဉ် ကို ပြန်လည်ဖြည့်တင်းပေးခြင်း သို့မဟုတ် ခွန်အားမြှင့်တင်ပေးခြင်းက မကြာမီ ကျရောက်တော့မည့် ပြိုကွဲပျက်စီးမှုကြီးကို တားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။
ဝုန်း... ဝုန်း... ဝုန်း...
ဝုန်း... ဝုန်း... ဝုန်း...
ဝုန်း...
နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသော အသံကြီး ခုနစ်ချက်သည် အမှောင် ဟင်းလင်းပြင် တစ်ခွင်လုံးသို့ ရိုက်ခတ်သွားခဲ့သည်။
ဂလက်ဆီ တစ်ခုလုံး တုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် ဝေ့ဝူယင် ၏ အာရုံများ ပြောင်းလဲသွားခဲ့၏။ လေးနက်တည်ကြည်သော တည်ရှိမှု တစ်ခုသည် ဂလက်ဆီ တစ်ခုလုံးအပေါ်သို့ ဆင်းသက်လာခဲ့သည်။ သူသည် ကြမ်းတမ်းမှုကို ခံစားလိုက်ရ၏။ ခရာတိုသည်လည်း နာကျင်မှု တစ်ချက်ကို ခံစားလိုက်ရသည်။ ဧဒင် ၏ အမြစ်များသည် မိုးကြိုးပစ်ခံလိုက်ရသည့် အလား လိမ်ကောက်ပြီး တုန်ရီသွားခဲ့လေသည်။ ထို့အပြင် သူ၏ အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများ သည်လည်း တောက်ပလာပြီး အလိုအလျောက် သက်ဝင်လှုပ်ရှားလာခဲ့၏။ ထိုအချိန်တွင် အရောင်ခုနစ်မျိုး ပါဝင်သော အရည်ကဲ့သို့ မျက်ရည်များသည် သူ၏ မျက်လုံးများမှ ကျဆင်းလာကာ မျက်နှာပေါ်တွင် စီးကျသွားခဲ့လေသည်။
အဂ္ဂိရတ် တာအို က အရိုအသေ ပေးလိုက်ခြင်းပင်...။
ဝေ့ဝူယင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး စုရီ ၏ ပုံရိပ်ဆီသို့ အာရုံစိုက်သွားခဲ့သည်။
"သူ တကယ်ကြီး လုပ်လိုက်တာတော့ မဟုတ်ပါဘူးနော်..."
အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသော ဓားသမား ဖြစ်သည့် စုရီ သည် သူ၏ အေးစက်စက် မျက်လုံးများအတွင်း၌ တိတ်ဆိတ်စွာ ဆူပွက်နေသော ဒေါသများဖြင့် ဖခင်လေး ၏ ခေါင်းပြတ်ကြီးကို လက်တစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့၏။ အခြား လက်တစ်ဖက်တွင်မူ သတိလစ်မေ့မြောနေပြီး သွေးသံရဲရဲ ဖြစ်နေသော မူလ ကြယ်တာရာ အရှင်သခင် ကို ညင်သာစွာ ပွေ့ဖက်ထားခဲ့သည်။ သူမ၏ လှပသော ပုံရိပ်လေးသည် စုတ်ပြတ်သတ်နေသော မျက်နှာ၊ လက်များနှင့် ခြေထောက်များပေါ်တွင် အဆက်မပြတ် ဖြစ်ပေါ်နေသော အက်ကွဲကြောင်းများကြောင့် အရုပ်ဆိုး အကျည်းတန်နေခဲ့ပြီး သွေးများဖြင့်လည်း ရွှဲနစ်နေခဲ့ပေသည်။
သူမ၏ အော်ရာ သည် အချိန်တိုင်းထက် အနိမ့်ဆုံး အနေအထားသို့ ရောက်ရှိနေခဲ့သည်။ သူမသည်... သေလုမျောပါး အခြေအနေဖြင့်သာ အသက်ရှင်ကျန်ရစ်နေခဲ့တော့၏။
***
အပိုင်း(၂၄၅၄)
ကြီးထွားခြင်း ဂလက်ဆီဇုံ ၏ အနောက်မြောက်ဘက် ဒေသရှိ လှည့်ပတ် ကြီးထွားခြင်း ကြယ်ကွင်းပြင်...
၎င်း၏ သောင်းနှင့်ချီသော ကြယ်တာရာ နယ်မြေများထဲမှ တစ်ခုအတွင်း၌ နှလုံးသားငယ် ကြယ်တာရာ နယ်မြေ တည်ရှိနေသည်။ ၎င်းအတွင်း၌ ဖြစ်နိုင်သမျှ အသေးငယ်ဆုံး အမျိုးအစားဖြစ်သော ဂြိုဟ်သိမ်အရွယ်အစားရှိ နေမင်း တစ်စင်း တည်ရှိနေသည်။ ထိုနေမင်း၏ ပုံသဏ္ဌာန်ကို လျှို့ဝှက် ရောင်စဉ်တန်း လေးခုက ဝန်းရံထား၏။ အသက်ရှင်သန်မှုကို ကြီးမားစွာ ထောက်ပံ့ပေးပြီး ပြုစုပျိုးထောင်ပေးသော ထိုနေမင်းကြီးကို အလယ်အလတ် အရွယ်အစားရှိ ဂြိုဟ်တစ်လုံးက လှည့်ပတ်နေပေသည်။
ထိုဂြိုဟ်သည် ဖန်တီးစဉ်က မူလအမည်မှာ အခြားတစ်ခု ဖြစ်သည်။ သို့သော် ထိုဂြိုဟ်ပေါ်၌ မွေးဖွားလာခဲ့သည့် တစ်ပါးတည်းသော လောကရှန့်ထို တစ်ပါးက အမည်ကို ပြောင်းလဲခဲ့ခြင်း ဖြစ်၏။ သူမသည် ထိုဂြိုဟ်၏ အထူးချွန်ဆုံး ဌာနေဖွား တစ်ဦး ဖြစ်လာပြီးနောက် သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်းသော အကြီးကျယ်ဆုံး ပါရမီရှင်အဖြစ် အမြင့်ဆုံး နေရာတွင် စိုးစံနိုင်ခဲ့သည်။ ထိုဂြိုဟ်ကို နေထိုင်သူများက ပွင့်လန်းခြင်း ဟု သိထားကြသည်။ ရိုးရှင်းသော အမည်နာမ တစ်ခုသာ ဖြစ်၏။ လောကရှန့်ထို ကိုမူ ပွင့်လန်းသော အပြုံး လောကရှန့်ထို ဟု သိထားကြပေသည်။
သူမသည် ပွင့်လန်းခြင်းဂြိုဟ်၏ သမိုင်းတစ်လျှောက်လုံးတွင် အလှပဆုံးအဖြစ် သတ်မှတ်ခံထားရသည်။ သူမ၏ တောက်ပမှုသည် သူမ၏ ပါရမီကဲ့သို့ပင် မျက်စိကျိန်းမတတ် လင်းလက်နေခဲ့၏။ ဂြိုဟ်၏ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်များနှင့် အကြီးကျယ်ဆုံး ပါရမီရှင်များကြားတွင် သူမကို လိုချင်သူများမှာ အဆုံးအစမရှိ များပြားလှပေသည်။ နောက်ဆုံးတွင်တော့ သူမသည် ဖုန်မှုန့်လမ်းစဉ် အဂ္ဂိရတ် ရှန့်ထို ဟုခေါ်သော ဟောက်ချန်းရွှယ် နှင့် သူ၏ စတုတ္ထမြောက် ဇနီးအဖြစ် လက်ထပ်ခဲ့လေသည်။
သမိုင်းဝင် အမွေအနှစ် သက်တမ်းတစ်လျှောက် အလယ်အလတ် ကျင့်ကြံခြင်း အောင်မြင်မှုများသာ ရှိသော ဤ သာမန် ဂြိုဟ်လေးသည် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး၊ ဒေသတွင်းရှိ အစွမ်းကုန် သန့်စင်ခြင်း ခန်းမ၏ မန်နေဂျာ တစ်ဦးနှင့် လက်ထပ်လိုက်ခြင်းကြောင့်သာ အဆင့်အတန်း မြင့်မားလာခဲ့သည်။
ထိုဂြိုဟ်ပေါ်တွင် သားအမိ နှစ်ဦး ထိန်းသိမ်းစောင့်ရှောက်နေသော ခြံငယ်လေးတစ်ခု ရှိနေ၏။ အသက် ဆယ့်တစ်နှစ်မျှသာ ရှိသေးသော မိန်းကလေးငယ်သည် ချွေးများရွှဲနစ်နေပြီး ဖုန်မှုန့်များနှင့် ညစ်ပေနေခဲ့သည်။ ၎င်းမှာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခြင်းနှင့် လုံ့လဝီရိယရှိခြင်း၏ လက္ခဏာရပ်တစ်ခု ဖြစ်ပေသည်။ သူမတွင် အတွေ့အကြုံရင့် လယ်သမားများကိုပင် အရှက်ရစေနိုင်သော အတွေ့အကြုံများ ရှိနေသည်။ ထို့အပြင် မြင့်မြတ်သောချီ အဆင့် ဖြစ်သည့် ချီပျစ်ခဲခြင်း သတ္တမအဆင့်တွင် ရှိနေသော သူမ၏ ကျင့်ကြံခြင်း အခြေခံကလည်း သူမအား လူငယ်များကြားတွင် ထူးခြားသော ပါရမီရှင် တစ်ဦးအဖြစ် မှတ်သားခံရစေသည်။
သူမသည် မုန်လာဥနီနှင့်တူသော ဟင်းသီးဟင်းရွက် တစ်ခုကို ပင်စည်မှနေ၍ ဆွဲနှုတ်လိုက်သည်။ အားပါးတရ ဆွဲနှုတ်လိုက်မှုနှင့်အတူ ဖောင်းကားနေသော အစိမ်းရောင် ကိုယ်ထည်နှင့် ချွန်ထက်သော ခရမ်းရောင် ထိပ်ဖျားလေးများ မြေပြင်ပေါ်သို့ ပေါ်ထွက်လာခဲ့၏။ ၎င်းသည် အတော်လေး ဆူဖြိုးနေသည်။ ထိုအရာကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးလေးများ တောက်ပစွာ ပြူးကျယ်သွားခဲ့သည်။ ၎င်း၏ အရွယ်အစားက ဈေးကွက်ထဲတွင် သာမန် သုံးဥစာ တန်ဖိုးရှိလောက်ပေသည်။ အကယ်၍ သူတို့က ၎င်းကို တန်ဖိုးကြီးပြီး ထူးခြားသည့် ရှားပါးပစ္စည်း တစ်ခုအနေဖြင့် ရောင်းချမည်ဆိုပါက လေးဆ သို့မဟုတ် ငါးဆခန့်အထိ ဈေးတင်ရောင်းနိုင်ပေလိမ့်မည်။
သူမ နက်ရှိုင်းစွာ ကျေနပ်နေစဉ်မှာပင် အဝေးဆီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ရသမျှ သီးနှံတွေ အိမ်ထဲ ယူလာခဲ့တော့ လီလီလေး..."
"ဟုတ်ကဲ့ မေမေ..."
သူမသည် ထိုဟင်းသီးဟင်းရွက်ကို ပြည့်လုနီးပါး ဖြစ်နေသည့် ဝါးခြင်းတောင်းလေးထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်တွင်းရှိ သူမ၏ ချီများကို လှည့်ပတ်လိုက်ကာ ခွန်အားများ စုစည်းလိုက်သည်။ ခြင်းတောင်းကို အားယူကာ မတင်လိုက်ပြီးနောက် သူမ၏ ခေါင်းပေါ်သို့ တင်လိုက်၏။ ၎င်းကို ဟန်ချက်ညီအောင် လေ့ကျင့်သည့်အနေဖြင့် အသုံးပြုကာ ချီများကို ထိန်းညှိရင်း အိမ်ဆီသို့ ပြေးသွားခဲ့လေသည်။
သူတို့၏ အိမ်သည် သစ်လုံးများနှင့် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော အတော်လေး ရိုးရှင်းသည့် အိမ်တစ်လုံး ဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ်များစွာ တည်တံ့စေရန် ရည်ရွယ်၍ မေတ္တာ၊ ဂရုစိုက်မှုများဖြင့် သေချာစွာ ဖန်တီးတည်ဆောက်ထားခြင်း ဖြစ်၏။ ၎င်းသည် ကွယ်လွန်သွားပြီဖြစ်သော သူမ၏ ဖခင် ဖန်တီးခဲ့သည့် အကြီးကျယ်ဆုံး လက်ရာများထဲမှ တစ်ခု ဖြစ်ပေသည်။
အောင်ပွဲခံသည့် ရယ်မောသံလေးနှင့်အတူ တံခါးကို ဖွင့်၍ ဝင်ရောက်လာပြီးနောက် သူမသည် ခြင်းတောင်းကို ချထားကာ ရေချိုးရန် ပြေးသွားခဲ့သည်။ သူမကိုယ်သူမ သေချာစွာ သန့်စင်ဖို့ လိုအပ်သည်။ သို့မှသာ စားပွဲကို ညစ်ပတ်စေမည် မဟုတ်သလို မိခင်ဖြစ်သူ ပင်ပန်းခံ ချက်ပြုတ်ထားသော အစားအစာများကိုလည်း အပြင်ဘက်မှ အညစ်အကြေးများ စွန်းထင်းစေမည် မဟုတ်ပေ။ သူမ ပြေးလာပြီး ကုလားထိုင်ပေါ်တွင် မတ်မတ်ထိုင်ကာ အဆင်သင့် စောင့်နေခဲ့သည်။
သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ဦးသည် မီးဖိုထဲ၌ ထင်းအချိုကို ထပ်ထည့် နေခဲ့၏။ စားပွဲပေါ်တွင်မူ အသားအမျိုးမျိုးဖြင့် ချက်ပြုတ်ထားသော ဟင်းသီးဟင်းရွက် ဟင်းလျာကောင်း အများအပြား ရှိနေခဲ့သည်။ ရနံ့မှာလည်း နတ်သုဒ္ဓါ အလား မွှေးကြိုင်လှပေသည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသမီး၏ မျက်လုံးတစ်ဝိုက်တွင် အရေးအကြောင်းများ ရှိနေပြီး သူမ၏ ဆံပင်များမှာလည်း အရွယ်မတိုင်မီ ဖြူစွတ်နေခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ တစ်ကိုယ်တည်း ရုန်းကန်ရသည့် မိခင်ဘဝကြောင့် ကြုံတွေ့ရသည့် စိတ်ဖိစီးမှုများ၏ လက္ခဏာရပ်တစ်ခုပင် ဖြစ်၏။
သို့သော်လည်း... သူမ အလုပ်ပြီးမည့်အချိန်ကို ရိုသေစွာ စောင့်ဆိုင်းနေသော သန့်ရှင်းသပ်ရပ်သည့် မိန်းကလေးငယ်ကို လှည့်ကြည့်လိုက်ချိန်တွင်တော့ ငယ်ရွယ် တက်ကြွမှု အငွေ့အသက်များ ပြန်လည် ရရှိလာလေသည်။
ဝင်ထိုင်လိုက်ပြီးနောက် သူတို့ သားအမိ စတင်စားသောက်ကြသည်။ ပန်းကန်များ ပြောင်စင်သွားပြီး ခွက်များ ဗလာဖြစ်သွားသည်အထိ ရှိသမျှ အစားအစာတိုင်းကို တိတ်ဆိတ်စွာ အရသာခံ စားသောက်ခဲ့ကြ၏။ လီလီလေးသည် သူမ၏ မိခင် စားသောက်ပြီးစီးမည့် အချိန်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။ ထို့နောက် တက်ကြွသော အပြုံးလေးတစ်ခုနှင့်အတူ ပန်းကန်များကို သိမ်းဆည်းရန် စတင်လှုပ်ရှားလိုက်သည်။ သူမက ထိုပန်းကန်များကို ဆေးကြောပေးမည် ဖြစ်သည်။
တာဝန်ကျေပွန်ပြီး ဉာဏ်ကောင်းသော သူမ၏ သမီးလေးကို ကြည့်ရင်း သူမ၏ နှလုံးသားထဲတွင် ကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့သော်လည်း အပြစ်ရှိသလို ခံစားရမှု အနည်းငယ်က စွက်ဖက်နေခဲ့၏။ အကယ်၍ သူမ၏ ဖခင်သာ ဒီမှာ ရှိနေသေးလျှင်။
"ဦးလေး စု ပြန်လာလည်ဦးမယ်လို့ မေမေ ထင်လား..."
ပန်းကန်များကို ဆေးကြောနေရင်း မိန်းကလေးငယ်က မေးလိုက်သည်။ လွန်ခဲ့သော ခြောက်နှစ်ခန့် သူမ အသက် ငါးနှစ် အရွယ်သာ ရှိသေးချိန်တွင် သူတို့၏ ခြံထဲသို့ ကျဆင်းလာခဲ့သော သွေးသံရဲရဲ ပုံရိပ်တစ်ခုကို သူမ မှတ်မိနေခဲ့သည်။ ထိုနေရာတွင် ရှိနေစဉ်အတွင်း သူသည် အချိန်အများစုတွင် တိတ်ဆိတ်နေတတ်သည်။ တည်ကြည်လေးနက်ကာ ပြန်လည်သက်သာလာရေးကိုသာ စိတ်ရောကိုယ်ပါ အာရုံစိုက်ထားခဲ့၏။ သို့တိုင်အောင် သူသည် သားအမိ နှစ်ဦးအပေါ် လေးစားစွာ ဆက်ဆံခဲ့ပြီး မိသားစုဝင် တစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့သည်။ ခြံများကို စောင့်ရှောက်ပေးခဲ့သလို သူမကိုလည်း ကျင့်ကြံခြင်း နှင့် ပတ်သက်၍ သင်ကြားပြသပေးခဲ့သည်။
ဦးလေးစု...
ထိုအမည်ကို ကြားလိုက်ရချိန်တွင် အတိတ်က အမှတ်တရများ စိတ်ထဲသို့ အလုံးအရင်း ဝင်ရောက်လာသောကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသမီး၏ မျက်လုံးများ ဝေဝါးသွားခဲ့သည်။ သူမ၏ နှလုံးသားသည်လည်း မသိစိတ်မှနေ၍ အချက်အနည်းငယ်မျှ ခုန်ပေါက်သွားခဲ့၏။
ထိုအချိန်က သူမသည် ဘာလုပ်ရမှန်းမသိအောင် ဖြစ်နေခဲ့ရသည်။ အနာဂတ်အတွက် ကြောက်ရွံ့နေခဲ့ပြီး ခြံလေးကို ဆုံးရှုံးရမည့် အခြေအနေသို့ ရောက်နေခဲ့ကာ သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း ပြိုလဲလုနီးပါး ဖြစ်နေခဲ့၏။
ကောင်းကင်ယံမှ ကောင်းချီးတစ်ခုအလား သူသာ ကောင်းကင်ပေါ်မှ ကျဆင်းမလာခဲ့လျှင်။ မျှော်လင့်ချက်များကို ယူဆောင်လာပေးပြီး သူမနှင့် လီလီလေး အပေါ် အခွင့်ကောင်းယူချင်နေသူများရန်မှ သူသာ ကာကွယ်မပေးခဲ့လျှင်။
သူမသည် အစေခံ တစ်ယောက်အဖြစ် အတင်းအဓမ္မ ခိုင်းစေခံရနိုင်ပြီး လီလီလေး မှာမူ... ထိုထက်ပင် ဆိုးရွားသော အခြေအနေနှင့် ရင်ဆိုင်ခဲ့ရနိုင်ပေသည်။
"ဦးလေးစု က ပြန်လာမယ်လို့ ကတိပေးထားတာပဲ... သူ ကျိန်းသေပေါက် ပြန်လာရမှာပေါ့..."
လီလီလေး သည် ပန်းကန်များ ဆေးကြောနေမှုကို အရှိန်လျှော့လိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ သူမ အဘယ်ကြောင့် သူ့ နာမည်ကို ရုတ်တရက် ခေါ်ချင်စိတ် ပေါ်လာခဲ့သည်ကို သူမကိုယ်တိုင်လည်း မသိခဲ့ပေ။
"သူ ပြန်လာမှာပါ... မေမေတို့က ကောင်းကောင်းမွန်မွန် အသက်ရှင်နေဖို့ပဲ လိုတယ်... သူ ကျိန်းသေ ပြန်လာမယ်ဆိုတာ မေမေ ယုံတယ်... အဲဒီအချိန်မတိုင်ခင်အထိ သမီးရဲ့ ကျင့်ကြံတဲ့ နေရာမှာ ပျင်းမနေနဲ့ဦးနော်..."
လူလတ်ပိုင်းအရွယ် အမျိုးသမီးက ပြုံးလိုက်ရင်း သူမ၏ နှလုံးသားထဲရှိ ဆွေနွေးကြည်နူးစရာ ခံစားချက်များကို ဖုံးကွယ်ထားလိုက်သည်။
"သမီး လုံးဝ မပျင်းပါဘူး... သူ ပြန်လာပြီးတဲ့ နောက်ပိုင်းလည်း ပျင်းမှာ မဟုတ်ဘူး... သမီး နေ့တိုင်း လေ့ကျင့်နေတာပဲ... ဦးလေး စု ပြန်လာရင်တော့ အံ့ဩသွားအောင် လုပ်ပြမယ်... သမီးက သူ့ထက်တောင် ပိုပြီး စွမ်းအားကြီးနေနိုင်သေးတယ်... ဟီးဟီး..."
လီလီလေး သည် ပြန်လည်တက်ကြွလာပြီး သူမ၏ ဆရာဖြစ်သူကို အသည်းအေးသွားအောင် အံ့ဩစေမည့် အတွေးဖြင့် ရယ်မောလိုက်သည်။ သူမ၏ ဆေးကြောမှု လုပ်ငန်းစဉ်သည် ထိရောက်မှုနှင့် အင်အား နှစ်ခုလုံးတွင် နှစ်ဆတိုးသွားခဲ့၏။ ထို့အပြင် ရေ ချီ နှင့် အဂ္ဂိရတ် ချီ များကိုပါ ပေါင်းထည့်လိုက်ကာ အရာအားလုံး အလွန်တရာ သန့်ရှင်းစင်ကြယ်သွားစေရန် သေချာစွာ လုပ်ဆောင်နေခဲ့သည်။
သူမ ဆေးကြောပြီးသွားသောအခါ ဗလာဖြစ်နေသော ခြင်းတောင်း တစ်ခုကို ယူလိုက်ပြီး သီးနှံများ ရိတ်သိမ်းရန် အဆင်သင့် ဖြစ်သွားခဲ့သည်။
"နောက်ထပ် တစ်တောင်းပဲ ရတော့မယ်နော်... ဟုတ်ပြီလား..."
အမျိုးသမီးက ပြုံးလျက် ပြောလိုက်သည်။
"ဟုတ်ကဲ့ မေမေ... နောက်ထပ် တစ်တောင်းပါ..."
လီလီလေး သည် လျင်မြန်သော အရှိန်ဖြင့် လှုပ်ရှားကာ တံခါးပေါက်မှ ပြေးထွက်သွားခဲ့သည်။
ဤတက်ကြွသော မိန်းကလေးသည် ထိုအမျိုးသား အတွက် အံ့ဩစရာ တစ်ခု ကျိန်းသေ ယူဆောင်လာပေးလိမ့်မည်ဟု အမျိုးသမီးက ခံစားလိုက်ရသည်။ သူမသည် သူမ၏ ပေါင်တံများကို ထိတွေ့လိုက်ပြီး ထိုညက သူ၏ နူးညံ့သော အထိအတွေ့ကို ပြန်လည်သတိရမိလိုက်၏။ သူမ၏ နှုတ်ခမ်းများကို ထိတွေ့လိုက်ချိန်တွင်တော့ သူ့ နှုတ်ခမ်းများ၏ နွေးထွေးမှုကို အမှတ်ရလာခဲ့သည်။ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိတွေ့လိုက်ချိန်တွင်မူ သူ၏... အကြောင်းကို ပြန်လည်တမ်းတမိသွားသည်။
"အာ..."
အပြင်ဘက်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ လူလတ်ပိုင်းအရွယ် အမျိုးသမီး၏ မိခင်စိတ်များ နိုးကြားလာခဲ့ပြီး ကျင့်ကြံခြင်း အခြေခံ မရှိသော်လည်း တံခါးဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။ ထိုနေရာတွင် ကျကျန်ရစ်သော ခြင်းတောင်းတစ်ခုနှင့်အတူ ကောင်းကင်ယံကို ကြောင်တောင်တောင် စိုက်ကြည့်နေသော မိန်းကလေးငယ် တစ်ဦးကို သူမ တွေ့လိုက်ရ၏။
"လီလီလေး... ဘာဖြစ်လို့လဲ..."
ထို့နောက် မိန်းကလေးငယ်ကို သူမက လှည့်ကြည့်လိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသမီးမှာ ထိတ်လန့်တကြား အာမေဍိတ်သံ ထွက်ပေါ်သွားခဲ့၏။ မိန်းကလေးငယ်သည် ငိုကြွေးနေပြီး သူမ၏ မျက်လုံးများမှ အရောင်ခုနစ်မျိုးရှိသော မျက်ရည်များက မပြတ်တမ်း တသွင်သွင် စီးကျနေခဲ့သည်။ သူမ မသိလိုက်ပါဘဲ ထိုမျက်ရည်များ အဆက်မပြတ် စီးကျလာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ မွေးရာပါ အဂ္ဂိရတ် ပါရမီ များအားလုံးသည်လည်း မျက်ရည်များနှင့်အတူ ဖယ်ရှားခံလိုက်ရလေသည်။
သူမသည် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အဆင့် သို့မဟုတ် သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ ကို ရရှိထားသူများ၏ အဆင့် အောက်ရှိ မည်သည့် အဂ္ဂိရတ်ပညာရှင်က ဖော်စပ်ထားသော ဆေးလုံးများကိုမျှ မှီဝဲနိုင်တော့မည် မဟုတ်ပေ။ သူမ၏ အနာဂတ်မှာ... ပြတ်တောက်သွားခဲ့လေပြီ။
"ဦးလေး စု ကို တစ်ခုခု ဖြစ်သွားပြီ ထင်တယ်..."
သူမ၏ အကြည့်များသည် ကောင်းကင်ယံမှ လုံးဝ မခွာသွားဘဲ သူမ၏ အသံတွင်လည်း ပြင်းထန်သော ဝမ်းနည်းမှုများ စွက်ဖက်နေခဲ့သည်။
***