ရုပ်ပုံ ဖန်တီးမှု ပထမဆုံးပေါ်ထွက်လာခြင်း
Vol. 18 Ch. 239
စုမင် စုတ်ချက်များကို တစ်ချက်ပြီးတစ်ချက် ဆွဲသားခဲ့သည်။ သူညာလက်ကို မြှောက်ကာ ဆွဲသားလိုက်ချိန်တိုင်းတွင် စုမင်သည် လေဟာနယ် အလွှာများကို ဆွဲဖြဲနေဟန်ဖြင့် သူ့ရှေ့မှ လေဟာနယ်သည် တစ်လွှာပြီးတစ်လွှာ ဖြည်းညင်းစွာ ပျောက်ကွယ်လာခဲ့သည်။
အချိန်တို့ မည်မျှကုန်ဆုံးသွားမှန်း သူမသိခဲ့ပေ။ သို့သော် ဓားချက်ကို အတုခိုးကာ ပြုလုပ်နေခဲ့သော စုမင်၏ လှုပ်ရှားမှုများသည်တော့ တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။
သူဆွဲသားနေရင်းဖြင့်ပင် အချိန်များ ဆက်လက်ကုန်လွန်သွားခဲ့သည်။ သူ စုတ်ချက်မည်မျှ ဆွဲသားခဲ့ကြောင်းနှင့် ဓားရှည်၏ လမ်းကြောင်းကို သူဘယ်နှစ်ကြိမ်ခန့် ပုံတူကူးခဲ့မိမှန်း သူမသိတော့ပေ။
သူ အသေးစိတ် အချက်အလက်များကို မမှတ်မိနိုင်ခဲ့သော်လည်း သူဆွဲသားလိုက်သည့် အကြိမ်တိုင်းတွင် စုတ်ချက်တိုင်းက တူညီဟန် ပေါ်နေခဲ့သော်ငြား အမှန်တစ်ကယ်တွင် သူတို့ အကုန်လုံးက ကွဲပြား ခြားနားနေကြခြင်းကိုတော့ သူသိနေခဲ့သည်။ သူ အကြိမ်၁၀၀၀ခန့် ဆွဲသားခဲ့သည်ဆိုလျှင်၊ ထိုစုတ်ချက်၁၀၀၀လုံးသည် တစ်ခုနှင့်တစ်ခု မတူညီကြခဲ့ကြပေ။ သူ အကြိမ် ၁၀၀၀၀ ခန့် ရေးဆွဲခဲ့သည်ဆိုလျှင်တော့ ၎င်းစုတ်ချက် ၁၀၀၀၀လုံးသည်လည်း တစ်ခုနှင့်တစ်ခု မတူကွဲပြား နေပေလိမ့်မည်။
သို့သော် စစ်မာရှင်းတစ်ယောက် ဓားရှည်ကို လွှဲယမ်းလိုက်ချိန်တွင် ဖြစ်ပေါ်လာခဲ့သော ပူဆွေး ဝမ်းနည်းမှုကိုတော့ သူရှာမတွေ့သေးပေ။ သူသည် ထိုစိတ်ခံစားချက်ကို သူ့ဓားချက်နှင့် မပေါင်းစပ် နိုင်သကဲ့သို့ပင် ဖြစ်သည်။
ထိုအရာကြောင့် စုမင်သည် ဓားချက်ထဲတွင်ပါဝင်သော စည်းမျဉ်းများကို ပိုမိုဆွဲသား ချင်လာခဲ့စေသည်။ ထို့ကြောင့် ၎င်းဓားချက်ထဲတွင်ပါသည့် အမျိုးမျိုးသော ပြောင်းလဲမှုများကို သူပိုအာရုံ စိုက်လိုက်သည်။ သို့သော် ဓားချက်ထဲတွင် မည်သည့်စည်းမျဉ်းမှ ဖုံးကွယ်ထားခြင်း မရှိဟန်တူပြီး စုမင်အတွက် ထိုအရာကိုအပြည့်အဝနားလည်နိုင်ရန် ခက်ခဲနေစေသည်။
ဓားချက် နောက်ကွယ်ရှိ စွမ်းအားကို လုံးဝနားလည်နိုင်ရန် ခက်ခဲကြောင်း စုမင်သိနေခဲ့သည်။ ထို့ကြောင့်ပင် သူဤအရာကို တစ်ချက်တည်းဖြင့် နားလည်အောင် ကြိုးစားရန် မစဉ်းစားခဲ့ခြင်း ဖြစ်သည်။ ထိုအစား ဓားချက်ကို သူပုံတူကူးလိုက်သည့် အကြိမ်တိုင်းတွင် တိုက်ခိုက်မှု အတွင်းမှ မတူကွဲပြားသော တစ်စုံတစ်ရာကို သူရှာတွေ့လိမ့်မည်ဖြစ်ပြီး ထိုအရာကို သူ၏ ရုပ်ပုံအသစ်ထဲတွင် ထပ်ပေါင်းထည့်ကာ ပုံတူကူးလိုက်မည်ဟု စဉ်းစားထားခဲ့ခြင်းပင်။
တဖြည်းဖြည်းနှင့် အချိန်တို့ကုန်ဆုံးလာပြီး ကြက်သွေးရောင် ဓားရှည်ကျဆင်းလာချိန်၌ သူ့ရှေ့မှ တစ်လွှာပြီးတစ်လွှာ ပျောက်ကွယ်လာနေသော မရေမတွက်နိုင်သည့် မမြင်နိုင်ဖွယ် အလွှာများ ရှိနေကြောင်း သူသိလာခဲ့ရသည်။
အလွှာများ ပျောက်ကွယ်သွားသည်နှင့် အမျှ စုမင်ခန္ဓာကိုယ်သည်လည်း ကျဆင်း လာနေသော ကြက်သွေးရောင်ဓားရှည်နှင့် နီးကပ်လာနေပြီ ဖြစ်သည်။
စုမင် တည်ငြိမ်နေဆဲပင်ဖြစ်သည်။ သို့သော် သူသည် ဝိညာဉ် ပျောက်ဆုံးနေသော ပုံပေါ်ပြီး သူ့မျက်လုံးများက ဗလာ ဖြစ်နေကြသည်။ အတိအကျပြောရလျှင်မူ စုမင်၏ ဝိညာဉ်သည် ညာလက်ညှိုးထံ ရောက်ရှိနေသကဲ့သို့ပင် ဖြစ်သည်။ စုတ်ချက် တစ်ချက်စီတိုင်းတွင် သူ့ဝိညာဉ်သည် ဓားချက်ထဲတွင် ပါဝင်သော ထူးဆန်းသည့် အပြောင်းအလဲများကို ခံစားရန် ကမ္ဘာလောကထဲသို့ စိမ့်ဝင် သွားပေလိမ့်မည်။
ထိုစုတ်ချက်များအရ သူသည် ရုပ်ပုံကြီးတစ်ခု၏ မျဉ်းကြောင်းများကို ဆွဲသားနေသည့် ပုံစံမျိုး ဖြစ်သည်။ စုမင် ရှေ့သို့ ဖြည်းညင်းစွာ တိုးလာသည်နှင့်အမျှ မမြင်နိုင်သော အလွှာများကလည်း ဆက်လက် ပျောက်ကွယ် လာကြသည်။ သူရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက် ချိန်တိုင်းတွင် လေထဲ၌ မျဉ်းကြောင်းများစွာ ဆွဲသားလိုက်ခြင်းဖြင့် ပိုမိုများပြားသော အလွှာများကို ပျောက်ကွယ် သွားစေသည်။
သို့သော် သူ၏ယခုလက်ရှိ စွမ်းအားနှင့်ဆိုလျှင် ဓားချက်၏ပုံစံကိုသာ ပုံတူပွားနိုင်လိမ့်မည် ဖြစ်ပြီး ၎င်း၏ စိတ်ဝိညာဉ်ကိုတော့ ပုံတူပွားနိုင်လိမ့်မည် မဟုတ်ကြောင်း သူသေချာသိနေမိသည်။ အကယ်၍ ထိုအရာကိုဆွဲသားရန် သူ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်ကို အသုံးပြုလျှင်တောင် ၎င်း၏ ဝမ်းနည်းမှုကို မခံစားမိပေ။ ထို့ကြောင့် သူ့စုတ်ချက်များတွင် အသက်မရှိခြင်း ဖြစ်သည်။
“ဝမ်းနည်းမှု...” စုမင် တီးတိုးရေရွတ်မိသည်။
သူ့ရှေ့တွင် ညာဘက်လက်ဖြင့် အကြိမ်ကြိမ်ဆွဲသားခဲ့ချိန်တွင် သူ၏ ဝမ်းနည်းမှုနှင့် နက်မှောင်တောင် အတွင်းမှ ဝမ်းနည်းမှုတို့ကို သူရှာတွေ့ခဲ့သည်။ သို့သော် ထိုဝမ်းနည်းမှုထဲတွင် တစ်စုံတစ်ရာ ပျောက်ဆုံးနေသဖြင့် သူ့စုတ်ချက်နှင့် ပေါင်းစပ်မရနိုင် ဖြစ်နေစေသည်။
‘အဲဒါက အိုမင်းရှေးကျတဲ့ အရှိန်အဝါတစ်ခု ကင်းမဲ့နေတာပဲ...’
ကျဆင်းလာနေသော ကြက်သွေးရောင် ဓားရှည်ဘေးသို့ စုမင် ရောက်သွားပြီး ပေအနည်းငယ် အကွာမှနေ၍ ဓားရှည်ကို အနီးကပ်သေချာကြည့်လိုက်မိချိန်တွင် သူ့ခန္ဓာကိုယ်သည် ဆတ်ခနဲလှုပ်ခါသွားပြီး သူ့ထံ၌ နားလည် သဘောပေါက်သွားသော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။
‘ငါတွေ့ခဲ့ဖူးတဲ့ လူတွေထဲမှာ၊ ဒီလိုအိုမင်းရှေးကျတဲ့ အရှိန်အဝါရှိတာ လူတစ်ယောက်ပဲ ရှိတယ်...’
စုမင် ခေါင်းငုံ့လိုက်သည်။ သူ့ညာဘက်မျက်လုံးသည် တစ်ဖြည်းဖြည်း နီစွေးလာကာ နောက်ဆုံးတွင် နက်မှောင်တောင်၏ သွေးလွှမ်းလအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဘယ်အကြောင်းကြောင့် ငိုကြွေးနေရပါသနည်း။ အိုဘယ့် ကောင်းကင်ပြာ...” စုမင် ထိုစကားလုံးများကို တီးတိုး ရေရွတ်ပြီး မျက်လုံးများကို ပိတ်ချလိုက်သည်။
သူ့ ညာလက်ကို အလိုအလျောက် မြှောက်ပြီး နောက်တစ်ကြိမ် ဆွဲသားလိုက်သည်။ ဤတစ်ကြိမ်တွင် သူထောင့်ဖြတ်စုတ်ချက် တစ်ချက်ကို ဆွဲသားခဲ့သည်။ အကယ်၍ ထိုစုတ်ချက်ကို စာရွက်ပေါ်တွင်သာ ဆွဲသားထားပါက ထိုအရာသည် အလျားလိုက်မျဉ်းကြောင်း တစ်ကြောင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် ဤရိုးရှင်းသော မျဉ်းကြောင်းထဲတွင် လောကကိုပင် ပြောင်းလဲ ပစ်နိုင်လောက်သော စွမ်းအားမျိုး ပါဝင်နေသကဲ့သို့ မြင်လိုက်ရသူတိုင်းက ခံစားမိပေလိမ့်မည်။
သို့သော် သူသည် လေပေါ်တွင် ဆွဲသားခဲ့ခြင်းဖြစ်သည်။ စုမင် ထိုမျဉ်းကြောင်းကို ဆွဲသားလိုက်ချိန်တွင် သူနှင့်ကြက်သွေးရောင် ဓားရှည်ကြားမှ အလွှာသည် နားဖြင့် မကြားနိုင်သော စုတ်ပြဲသံတစ်ချက်နှင့် အတူ ဆုတ်ပြဲသွားခဲ့သည်။
ထိုအလွှာ ပျောက်ကွယ် သွားသည်နှင့် တစ်ပြိုင်နက် စုမင် ညာလက်ကိုမြှောက်ကာ ကြက်သွေးရောင် ဓားရှည်၏ ဦးတည်ရာလမ်းကြောင်းနေရာ မည်သည့်အလွှာမှ မရှိတော့သော လေထဲတွင် နောက်ထပ်စုတ်ချက်တစ်ချက်ကို ဆွဲသားလိုက်သည်။
ထိုစုတ်ချက်သည်လည်း အလျားလိုက်မျဉ်းကြောင်း တစ်ကြောင်းပင်ဖြစ်သည်။ သို့သော် ထိုစုတ်ချက်သည် ရိုးရိုးရှင်းရှင်းစုတ်ချက်လေးတစ်ခုနှင့် တူသော်လည်း အမှန်တကယ်တွင်တော့ ဓားရှည်၏ လမ်းကြောင်းကို စုမင်ပုံတူပွားကူးယူခဲ့စဉ်က ထောင်ပေါင်းများစွာသော စုတ်ချက်များ၏ အထွတ်အထိပ်ပင်ဖြစ်သည်။
ထိုစုတ်ချက် ပြည့်စုံသွားချိန်တွင် သူယခင်ဆွဲသားခဲ့သော အလျားလိုက်မျဉ်းကြောင်းများက သူ့ဘေး၌ ထွက်ပေါ်လာခဲ့ကြသည်။ စုမင်မှလွဲ၍ မည်သူမှ ထိုမျဉ်းကြောင်းများကို မမြင်နိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် စုမင်ကသာ ၎င်းတို့ကိုဆွဲသားထားသူ ဖြစ်သောကြောင့်ပင်။
ထိုအချိန်မှာပင် မရေမတွက်နိုင်သော မျဉ်းကြောင်းများသည် စုမင်ရှေ့တွင် စုဝေးသွားကြပြီး တစ်ခုနှင့်တစ်ခု ထပ်နေသည့်အလား သူ၏နောက်ဆုံးစုတ်ချက်ပေါ်သို့ ကျရောက်သွားကြသည်။ ဤထောင်ချီသော စုတ်ချက်များသည် တစ်ခုအပေါ်တစ်ခု ကျရောက်သွားပြီး နောက်ဆုံးတွင် လေထဲရှိ ဓားရှည်၏ လမ်းကြောင်းကို စုမင်ပုံတူကူးခဲ့ပြီးနောက်ပိုင်း သူဆွဲသားနိုင်သည့် အစွမ်းထက်ဆုံး အလျားလိုက် မျဉ်းကြောင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုစုတ်ချက် ပြီးဆုံးသွားသည်နှင့် မြည်ဟည်းသံများ ပဲ့တင်ထပ်လာပုံရပြီး သူ့ရှေ့ရှိ ကမ္ဘာကြီးက မှန်တစ်ချပ်သဖွယ် ပြိုကွဲပျက်စီး သွားသည်။ အလွှာတစ်စုံတစ်ခုကို ကမ္ဘာပေါ်မှ ဖယ်ထုတ် ခံလိုက်ရဟန်တူပြီး လေထဲတွင် မြည်ဟည်းသံများ ပဲ့တင်ထပ်လာကာ ကောင်းကင်ပေါ်မှ စူးရှသော အသံများ ကျဆင်းလာခဲ့သည်။
ကမ္ဘာလောကကြီးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ဓားချက်ကို စုမင် နားလည်ရန် ကြိုးစားခဲ့သည့် အချိန်မတိုင်ခင်က အချိန်သည် ခဏတာ ရပ်တန့်သွားခဲ့ဟန်ပေါ်ပြီး လောကကြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားချိန်တွင်မူ သူသည်လည်း ထိုအခြေအနေသို့ ပြန်လည် ရောက်သွား နေသည်ကို တွေ့လိုက်ရ၏။
ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ပုံရိပ်ယောင်တစ်ခုလိုပင်...
စုမင်မျက်နှာထက်၌ မိန်းမောတွေဝေသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့ညာလက်သည် မြှောက်ထားလျက်ပင် ဖြစ်ပြီး ထူးဆန်းသော ကမ္ဘာ၌ သူ၏နောက်ဆုံးစုတ်ချက်ကို ဆွဲသားခဲ့စဉ်က အတိုင်း ရှိနေဆဲဖြစ်သည်။
သူ့ရှေ့မှ စူးရှသော မြည်ဟည်းသံများသည် စစ်မာရှင်း၏ ကြက်သွေးရောင် ဓားရှည်ထံမှ ဖြစ်သည်။ ၎င်းဓားရှည်သည် နောက်သို့ လွင့်ထွက်သွားခဲ့ရုံ သာမက ပေါက်ကွဲသံ တစ်ချက်နှင့်အတူ ၎င်း၏ ဓားရှည်ပုံစံကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ပေ။ ၎င်းသည် အနီရောင် အလင်းများအဖြစ် ပြန်လည် ပြောင်းလဲသွားပြီး မယုံကြည်နိုင်သော အမူအရာဖြင့် အံ့အားသင့် မှင်တက်စွာ ငေးကြည့်နေသည့် စစ်မာရှင်းနောက်မှ ခုနစ်ရောင်ခြယ် တောင်ကြီးဆီသို့ ပြန်သွားခဲ့ကြသည်။
စစ်မာရှင်း၏ အသက်ရှူသံတို့ လျင်မြန်နေသလို စောင့်ကြည့်နေကြသူများ အားလုံးသည်လည်း ထိတ်လန့်ကြောက်ရွံ့စွာဖြင့် စုမင်ကို လှမ်းကြည့်လိုက်မိကြသည်။
အစောလေးကပင် စုမင်ထံသို့ ကြက်သွေးရောင် ဓားရှည်ကြီး ခုတ်ပိုင်းကျလာသည်ကို သူတို့ မြင်တွေ့ခဲ့ရ၏။ စုမင်သည် မူလက မည်သည့် တုံံ့ပြန်မှုမှ မပြုလုပ်ခဲ့သော်လည်း သူနှင့်ပေ၁၀၀ကြား အကွာအဝေးသို့ ကြက်သွေးရောင်ဓားရှည်ကြီး ရောက်လာသောအခါ သူ့ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ကျဆင်းလာနေသော ကြက်သွေးရောင် ဓားရှည်ထံသို့ ညာလက်ဖြင့် ညင်သာစွာ ဝှေ့ယမ်းခဲ့သည်။
သို့သော် ထိုဝှေ့ယမ်းမှုသည် သူနှင့်ဓားရှည်ကြားမှ လေဟာနယ်ကိုပင် တွန့်လိမ် ပုံပျက် သွားစေခဲ့သည်။ သူတို့အထဲရှိ မည်သူမှ ထိုအရာကို ရှင်းရှင်းလင်းလင်း မမြင်လိုက်နိုင်ခင်မှာပင် လေထဲတွင် မြည်ဟည်းသံများ ပဲ့တင်ထပ်သွားကာ ကြက်သွေးရောင်ဓားရှည်ကြီးသည်လည်း စူးရှစွာ အော်မြည်လိုက်ပြီး နောက်သို့ လွင့်ထွက်သွားခဲ့သည်။ ဓားရှည်သည် စုမင်၏အားလှိုင်းကို မခုခံနိုင်ဟန်ဖြင့် နောက်ဆုံးတွင် ၎င်း၏ ဓားရှည်ပုံစံကိုပင် ထိန်းသိမ်းမထားနိုင်ခဲ့ပေ။
အဆုံးစွန် ပြောရမည်ဆိုလျှင် ထိုအရာသည် စစ်မာရှင်းထုတ်ဖော် ဖန်တီးထားခဲ့သော မာန်နတ်ဘုရား အသွင်ပြောင်းလဲမှုလည်း ဖြစ်သည်။
ခဏတာ တိတ်ဆိတ် သွားပြီးချိန်တွင်တော့ လေထဲ၌ ဆူညံသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လူတို့သည် သူတို့ရှေ့ရှိ ဤအကျွမ်းတဝင်မရှိသော မျက်နှာအား ပိုမိုနားလည် သဘောပေါက်လာသည်နှင့် အမျှ စုမင်ကို အံ့အားသင့်စွာ ငေးစိုက် ကြည့်နေမိကြလေသည်။
စစ်မာရှင်းတစ်ယောက် အသက်ကို အလျင်အမြန် ရှူရှိုက်လိုက်မိသည်။ သူသည် ဒဏ်ရာ မရခဲ့သော်လည်း စုမင်ကလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး ဓားရှည်က နောက်သို့ လွင့်ထွက်ကာ ပြိုကွဲသွားခဲ့သည့် အချိန်အတွင်းတွင် သူအလွန်အံ့အားသင့် မှင်တက်သွားခဲ့ရခြင်းဖြစ်သည်။
မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်း ပညာရပ်၏ စွမ်းအားကို သူနားလည်သည်။ အတိအကျ ဆိုရလျှင် ထိုနားလည် သဘောပေါက် ထားမှုကြောင့်ပင် စုမင်ကို မယုံကြည်နိုင်စွာ လှမ်းကြည့် နေမိချိန်တွင် သူ့နှလုံးသားသည် ရင်ဘတ်မှ ပေါက်ထွက် တော့မည်ကဲ့သို့ ခုန်လှုပ်နေရခြင်း ဖြစ်သည်။
‘မဖြစ်နိုင်တာ၊ သူက ရိုးရေစတေး နယ်ပယ်မှာ မဟုတ်ပဲနဲ့ ဘယ်လိုလုပ်ပြီး ငါကျွမ်းကျင်ထားတဲ့ ပုံစံတစ်မျိုးကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ဖယ်ရှား ပစ်လိုက်နိုင်တာလဲ... ပြီးတော့ ပြန်တိုက်ဖို့အတွက် သူအခုလေးတင် အသုံးပြုလိုက်တဲ့ နည်းလမ်းက...’
သူယခုမြင်လိုက်ရသော အရာနှင့် ပတ်သက်၍ စစ်မာရှင်းမယုံနိုင် ဖြစ်နေမိ၏။ ဓားချက်ကို ဝှေ့ယမ်း လိုက်ချိန်က စုမင်၏လှုပ်ရှားမှုများသည် သူ့အတွက် မယုံကြည်နိုင် လောက်အောင်ပင် ရင်းနှီး ကျွမ်းဝင်နေခဲ့သည်။
ထိုအချိန်အတွင်းတွင် သူထိတ်လန့်တုန်လှုပ်ကာ စိတ်သောက ရောက်သွားရချေသည်။
စတုတ္ထတောက်ထွတ်တွင် ရပ်နေသော ဝတ်ရုံအနီနှင့် လက်ဝဲတော်ရံ၏ မျက်လုံးများထဲ၌ စူးရှသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် လေးနက်သော အမူအရာနှင့် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အဝေးရှိ တိုက်ပွဲကွင်းပြင်တွင် ရပ်နေသော စုမင်အား သေချာ စိုက်ကြည့်လိုက်မိသည်။
“ဖန်တီးမှု...” လက်ဝဲတော်ရံက တီးတိုး ရေရွတ်လိုက်ပြီး စုမင်ကိုသာ အချိန်အတော်ကြာ စိုက်ကြည့် နေခဲ့သည်။
ကြီးမြတ်သော ဆီးနှင်းဖုံးလွင်ပြင်များ၏ တောင်များထံမှ ထွက်ခွာခဲ့သည့် မျိုးဆက်ဟောင်းမှ လူအချို့၏ အာရုံစိုက်မှုသည်လည်း စုမင်ထံ ရောက်ရှိလာခဲ့သည်။ ယခုလေးတွင် ဖြစ်ပျက်သွားသော တိုက်ပွဲအတွင်းမှ စုမင်၏နောက်ဆုံး လက်ဝှေ့ယမ်းမှုသည် သူတို့ကိုပင် ထိတ်လန့် တုတ်လှုပ်သွားစေရန် လုံလောက်နေခဲ့သည်။
အဌမတောင်ထွတ်ရှိ စင်မြင့်ပေါ်တွင် ထိုင်နေသော ဆံပင်ရှည်နှင့် အမျိုးသမီးသည် ညာလက်ကို မြှောက်ကာ သူမဆံပင်များကို နားနောက်သို့ သပ်တင်လိုက်သည်။ ထို့နောက် ခေါင်းငုံ့လိုက်ပြီး သူမရှေ့တွင် မျဉ်းကြောင်းတစ်ခုကို ညင်ညင်သာသာ ဆွဲသားလိုက်သည်။ သူမဆွဲသားလိုက်သော ထိုမျဉ်းကြောင်းသည် စုမင်ဆွဲသားခဲ့သော အလျားလိုက်မျဉ်းကြောင်းနှင့် အနည်းငယ်တူညီမှုများ ရှိနေခဲ့သည်။
ထိုတူညီမှုသည် မျဉ်းကြောင်းများ၏ ပုံစံထဲတွင် ရှိနေခြင်း မဟုတ်ပဲ စုတ်ချက်များအတွင်းရှိ အနှစ်သာရပင် ဖြစ်သည်။ သူမဆွဲသားလိုက်ချိန်တွင် သူမရှေ့မှ လေဟာနယ်သည်လည်း တွန့်လိမ်ပုံပျက် သွားခဲ့သည်။ သူမသည် စုမင်၏ အပြုအမူများကို အလွယ်တကူ တုပလိုက်သကဲ့သို့ပင် ဖြစ်သည်။ သို့သော် သူမစုတ်ချက်ထဲတွင် ဝမ်းနည်းမှုနှင့် အိုမင်းရှေးကျသော အရှိန်အဝါတို့ကမူ ကင်းမဲ့နေခဲ့သည်။
‘စိတ်ဝင်စားစရာ ကောင်းတဲ့ စုတ်ချက်ပဲ... နဝမတောင်ထွတ်ရဲ့ တပည့်တဲ့လား၊ ဟမ်...’
အမျိုးသမီးက ခပ်ရေးရေး ပြုံးလိုက်သည်။
စုမင်မျက်နှာထက်မှ တွေဝေမိန်းမောသော အမူအရာက ပြန်လည် ပျောက်ကွယ်သွားပြီး တည်ငြိမ်အေးဆေးသော အမူအရာက ပြန်လည် ဖြစ်ပေါ်လာသည်။ သို့သော် သူ့နှလုံးသား ထဲတွင်တော့ ထိတ်လန့်တုန်လှုပ်နေဆဲ ဖြစ်သည်။ သို့သော် သူစိတ်ပြန်လည် တည်ငြိမ်သွားချိန်တွင် စူးရှသော နာကျက်မှု တစ်ခုက သူ့တစ်ကိုယ်လုံး ပျံ့နှံ့သွားပြီး သူ့ကိုဖြူရော် သွားစေသည်။ စုမင် သွေးအန်လိုက်ရပြီး နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
ဤနာကျင်မှုသည် သူ့ခန္ဓာကိုယ် နေရာတစ်ခုတည်းမှ ဖြစ်ပေါ်လာခြင်း မဟုတ်ပဲ တစ်ကိုယ်လုံးမှ ဖြစ်ပေါ်လာနေခြင်း ဖြစ်သည်။ သူ့အရိုး၊ အသားများ တစ်လက်မစီတိုင်းအပြင် သူ့သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများသည်လည်း ဆိုးဆိုးရွားရွားနာကျင်နေသည်။
စုမင်သည် သူ့ခန္ဓာကိုယ်၏ ခံနိုင်စွမ်းထက် သာလွန်သော အရာတစ်ခုကို ယခုလေးတင် ပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းနာကျင်မှုသည် ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး စုမက်၏ ခန္ဓာကိုယ်နှင့် ကိုယ်တွင်း အင်္ဂါများက အားနည်းသွားသည့် အရိပ်အယောင်များ စတင်ပြသ လာခဲ့သည်။
စုမင် နောက်ဆုတ်လိုက်ချိန်တွင် ဟန်တောင်တန်းခေါင်းလောင်းသည်လည်း ပိုးကောင်ငယ်ကို သိမ်းဆည်းလိုက်ပြီးဖြစ်သည်။ ၎င်းသည် ပိုးမွှားကို ဖမ်းဆီးပြီးသည်နှင့် ခေါင်းလောင်းက ပြန်လည်ကျုံ့ဝင်သွားပြီး စုမင်ထံသို့ ပျံသန်းလာကာ စုမင်လက်ပေါ်သို့ ဆင်းသက် လိုက်သည်။
ခေါင်းလောင်းအတွင်းမှ ပိုးကောင်လေးသည် အပြင်းအထန် ရုန်းကန်နေသဖြင့် ခေါင်းလောင်း အတွင်းမှ တဝီဝီမြည်သံများထွက်ပေါ်နေပြီး ခေါင်းလောင်းက စုမင်လက်ပေါ်မှာပင် တုန်ခါနေခဲ့သည်။
အဆုံးတွင်တော့ စုမင်သည် ဟန်တောင်တန်းခေါင်းလောင်းကို အလုံးစုံ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ သူသည် ခေါင်းလောင်းကို အဝေးသို့ ယူဆောင်သွားနိုင်ခဲ့သည် ဆိုသော်လည်း ခေါင်းလောင်း၏ စွမ်းအားများကို အသုံးချရာတွင်တော့ ခေါင်းလောင်းသံအား အသံလှိုင်းတစ်ခု အဖြစ် သုံးခြင်းနှင့် ခေါင်းလောင်းကိုသုံး၍ ယခုလိုမျိုး အရာဝတ္ထုများကို ချိပ်ပိတ်ရုံသာ တတ်နိုင်သေးသည်။
သိပ်မဝေးသော နေရာမှ စစ်မာရှင်းသည် စုမင်သွေးအန် လိုက်ရသည်ကို မြင်သောအခါ သူ့အမူအရာက အတန်ငယ် စိတ်သက်သာရာ ရသွားဟန်ပေါ်ပြီး ယခင်ကလောက် ထိတ်လန့် တုန်လှုပ်ခြင်း မရှိတော့ပေ။ အကယ်၍ စုမင်သာ သူ၏ မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်းထဲမှ ပထမဆုံးပုံစံကို ထိခိုက်ဒဏ်ရာမရပဲ ပယ်ဖျက်နိုင်ခဲ့မည်ဆိုလျှင်တော့ သူချက်ချင်းလှည့်ထွက်ကာ စုမင်ကိုရှောင်ရန် ပထမတောင်ထွတ်သို့ပြန်ပြီး တံခါးပိတ်လေ့ကျင့်တော့မှာ ဖြစ်သည်။
သို့သော် စုမင်ကသွေးအန်လိုက်ရသောအခါ စစ်မာရှင်း၏ ယုံကြည်မှုက ပြန်ရလာခဲ့သည်။
သူသည် စုမင်ကိုငေးကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ့မျက်နှာ ထက်တွင်လည်း ယခင်က တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးသည့် လေးနက်သော အမူအရာမျိုး ဖြစ်ပေါ်လာသည်။ သူ့ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ လက်သီးကို ကောင်းကင်သို့ ပင့်မြှောက်လိုက်သည်။
“ငါ့ရဲ့ နောက်ဆုံး တိုက်ခိုက်မှုကို မင်းခုခံနိုင်မယ်ဆိုရင် အခုကစလို့ ငါမင်းကိုတွေ့တိုင်း မင်းရှေ့မှာ ချက်ချင်းဒူးထောက်မယ်” စစ်မာရှင်းက ခိုင်မာစွာပြောရင်း လက်ချောင်းများဖြင့် ကျိန်ဆိုဟန်အမူအရာမျိုး ပြုလုပ်လိုက်သည်။
ထိုသို့ပြောဆိုပြီးသည်နှင့် ဖန်းမုအား သူလုပ်ထားခဲ့သလိုမျိုး တောင်ပိုင်းအရုဏ်ဦး ကုန်းမြေ အတွင်းရှိ အမျိုးမျိုးသော မျိုးနွယ်စုများမှ လူများထဲတွင် စစ်မာရှင်းစိုက်ပျိုး ထားခဲ့သော မာန်မျိုးစေ့များသည် အပြင်းအထန် တုန်ယင်သွားကြပြီး စိုက်ပျိုးခံထားရသူများက သတိလစ် မေ့မြော သွားခဲ့သည်။
“အကြင်နာမဲ့ မာန်မျိုးစေ့ ကြီးမြတ်သောပညာရပ်”
စစ်မာရှင်း၏ ဆံပင်များသည် လေမတိုက်ခတ်ပါပဲနှင့် လွင့်မျောလာပြီး သူ့မျက်လုံးများ ထဲတွင် မှိန်ဖျော့ဖျော့ အလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့လက်များကို အပြင်သို့ ဖြန့်ကား လိုက်သဖြင့် လေထဲမှ သူ့ပုံစံသည် အလွန်အမင်း တော်ဝင်မြင့်မြတ်ဟန် အမူအရာမျိုး ဖြစ်ပေါ်လာသည်။
***