← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

​အခန်း ၁၉၁- ရတနာနတ်ဘုရားမှာဝက်ဝံရုပ်လေးလို တည်ငြိမ်လွန်းနေခြင်း။

​လုပေါင်က လက်ဝေ့ယမ်းလိုက်ပြီး သူရဲကောင်းဆန်ဆန် ပြောလိုက်လေသည်။

"ရန်ပုံငွေကိစ္စအတွက် မပူနဲ့ မင်းလုပ်ရမှာက ငါ့အတွက် ဈေးကို အတတ်နိုင်ဆုံး လျှော့ပေးဖို့အတွက်ပဲ။"

​သူမ၏သူဌေးက ထိုသို့ပြောလိုက်သဖြင့် တင်လင်းက ခေါင်းညိတ်ကာ တာဝန်ကို လက်ခံလိုက်တော့သည်။

လုပေါင် ကမ်းပေါ်သို့တက်လာသည့်အချိန်အတွင်းမှာပင် လုလင်းဟွာက ကျန်းရွှယ်ချီအတွက် ဆေးရုံတစ်ရုံကို သူ့အဆက်အသွယ်များဖြင့် ရှာဖွေပြီးစီးနေပြီဖြစ်သည်။

​"ရတနာနတ်ဘုရား ကျွန်တော် ခင်ဗျားတို့နဲ့ အနီးဆုံးမှာရှိတဲ့ အကောင်းဆုံးဆေးရုံကို ဆက်သွယ်ထားပြီးပြီ။ ခင်ဗျားတို့ရောက်တာနဲ့ သူတို့က ချက်ချင်းပဲ ကျန်းမာရေးစစ်ဆေးမှုတွေ အစုံအလင် လုပ်ပေးပါလိမ့်မယ်ခင်ဗျ။"

​လုပေါင်သည် လုလင်းဟွာ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ သူ၏အခွင့်အရေးရရှိမှုအပေါ် အတော်လေးကျေနပ်သွားမိသည်။ ဥက္ကဋ္ဌလုသည် သူ၏ အမြဲတမ်းလက်သုံးတော်ဖြစ်သော ငွေကြေးစွမ်းအား ကို တစ်ဖန်ပြန်၍ အသုံးပြုလိုက်ပြန်ပြီဖြစ်ကြောင်း သိသာလှပေသည်။

​ထို့နောက်တွင် လုပေါင်က ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့ကို လုလင်းဟွာ ဆက်သွယ်ပေးထားသော ဆေးရုံသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်လိုက်တော့သည်။ ကျန်းရွှယ်ချီ၏ ဦးနှောက်အတွင်းရှိ အကျိတ်ကို တိကျသောကိရိယာများဖြင့် အတည်ပြုရန် လိုအပ်ပေသည်။နဂါးဧရာကျွန်း ပေါ်တွင် သုံးနှစ်ကြာ အသက်ရှင်ခဲ့ရသော ကျောက်မင်အတွက်လည်း ဘက်စုံကျန်းမာရေးစစ်ဆေးမှုတစ်ခုမှာ အလွန်ပင် လိုအပ်လှပေသည်။

​သို့သော်လည်း မကြာမီမှာပင် လုပေါင်က မတော်တဆမှုကြောင့် သူ၏ယခင်မောင်းနေသောကားမှာ မောင်းနှင်၍မရတော့ကြောင်း သိလိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် တင်လင်းက ရှေ့သို့တက်လာပြီး ပြောလိုက်သည်။

​"ကျွန်မကားကိုပဲ မောင်းသွားပါ ဥက္ကဋ္ဌလု။"

​လုပေါင်သည် အားနာမနေတော့ဘဲ ကားသော့ကို လှမ်းယူလိုက်သည်။ တင်လင်း၏ကားမှာ မီနီ ကားလေးတစ်စီးဖြစ်သည်။ နေရာအနည်းငယ်ကျဉ်းသော်လည်း လုပေါင်အပါအဝင် သုံးယောက်တည်းဖြစ်၍ အဆင်ပြေပေသည်။

​မကြာမီ လုပေါင်သည် ထိုမီနီကားလေးကို မောင်းနှင်ကာ လုလင်းဟွာ ဆက်သွယ်ပေးထားသည့် မြို့တော်၏ အကြီးဆုံး အဆင့်မြင့်ဆေးရုံကြီးသို့ ဦးတည်သွားခဲ့သည်။ ထိုနေရာသို့ရောက်ရန် တစ်နာရီခန့် ကြာမြင့်ခဲ့သည်။ ရွှေရောင်ကမ်းခြေ ဧရိယာသည် အကောင်းစားနေရာဖြစ်သော်လည်း ကမ်းရိုးတန်းတစ်လျှောက်တွင်ရှိသဖြင့် မြို့လယ်နှင့်မူ အတော်လေး ဝေးကွာနေသေးသည်။

​ဆေးရုံသို့ရောက်၍ ကားရပ်ပြီးသောအခါ လုပေါင်က ကားထဲတွင်တွေ့သော နှာခေါင်းစည်းနှစ်ခုကို အမျိုးသမီးနှစ်ဦးအား ကမ်းပေးလိုက်သည်။

"ဒုက္ခမရောက်အောင် ဒါတွေတပ်ထားတာ အကောင်းဆုံးပဲ။"

​အထူးသဖြင့် ကျောက်မင်ယခင်က ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ခဲ့ပြီး လေယာဉ်ပျက်ကျမှုမှ အသက်ရှင်ကျန်ရစ်သူအဖြစ် သူမ၏ ကျော်ကြားမှုမှာ မည်မျှအထိရှိကြောင်း လုပေါင် နားလည်ထားသည်။ အကယ်၍ သူမကို ဆေးရုံတွင် တစ်ယောက်ယောက်က မှတ်မိသွားပါက မလိုအပ်သော ပြဿနာများ ဖြစ်လာနိုင်ပေသည်။

​ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့သည် သူ၏အကြံပြုချက်ကို လိုက်နာကာ နှာခေါင်းစည်းများကို တပ်ဆင်ပြီးနောက် ကားထဲမှ ထွက်လာခဲ့ကြသည်။နဂါးဧရာကျွန်းပေါ်တွင် သုံးနှစ်ကြာ နေထိုင်ခဲ့ရာမှ ဆေးရုံကဲ့သို့ လူစည်ကားသောနေရာသို့ ရုတ်တရက်ရောက်လာသဖြင့် အမျိုးသမီးနှစ်ဦးမှာ သိသိသာသာ စိတ်မသက်မသာ ဖြစ်နေကြလေသည်။ သူတို့က ပတ်ပတ်လည်ကို လိုက်ကြည့်နေကြသည်မှာ တောကတက်လာသည့် တောသူနှစ်ယောက်ကဲ့သို့ပင်ဖြစ်နေ၏။

​မကြာမီ လုပေါင်က သူတို့နှစ်ဦးကို ကျန်းမာရေးစစ်ဆေးမှုဌာနသို့ ခေါ်ဆောင်လာခဲ့သည်။ငွေကြေး၏ အကျိုးသက်ရောက်မှုမှာ တကယ်ပင် ထူးခြားလှသည်။ သူတို့ စစ်ဆေးရေးစင်တာသို့ ရောက်သည်နှင့် တစ်ယောက်ယောက်က လုပေါင်ကို ချက်ချင်းမှတ်မိသွားတော့သည်။

​"မစ္စတာလု ဟုတ်ပါတယ်နော် ဥက္ကဋ္ဌလုက ခင်ဗျားတို့အတွက် ကုန်ကျစရိတ်အားလုံးကို ပေးချေထားပြီးပါပြီ။ ခင်ဗျားတို့ သုံးယောက်စလုံးက ကျွန်တော်တို့ရဲ့ VIP ဧည့်သည်တွေပါ။"

​သာမန်ဆေးရုံများတွင် VIP ဆိုသည်မှာ မရှိသော်လည်း ကျန်းမာရေးစစ်ဆေးမှုဌာနကဲ့သို့ နေရာမျိုးမှာမူ ချွင်းချက်ဖြစ်သည်။ ပိုက်ဆံပိုပေးနိုင်သရွေ့ တန်းစီစရာမလိုခြင်းနှင့် ရလဒ်များကို စောစောရရှိခြင်းကဲ့သို့သော ဝန်ဆောင်မှုကောင်းများကို ခံစားရရှိနိုင်ပါသည်။ လုပေါင်သည် လုလင်းဟွာ၏ စီစဉ်မှုအပေါ် အလွန်ကျေနပ်သွားသည်။တကယ့်ကို အသေးစိတ်စဉ်းစားပေးတတ်သူပင်ဖြစ်၏။

​ထို့နောက် လုပေါင်က ကျောက်မင်ကို ညွှန်ပြကာ သူ၏ လိုအပ်ချက်များကို အမြန်ပြောလိုက်သည်။

"သူ့ကို တစ်ကိုယ်လုံး ဘက်စုံစစ်ဆေးမှု လုပ်ပေးပါ။"

​ကျန်ရှိသော ကျန်းကျန်းရွှယ်ချီအတွက်မူ သူမ၏ ဦးနှောက်ဧရိယာကို အဓိကထား စစ်ဆေးရန် လုပေါင်က အလေးပေးပြောကြားခဲ့သည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းကလည်း အားလုံးကို မှတ်သားထားလိုက်သည်။ ပိုက်ဆံပေးမည့်သူ ရှိနေပြီးသားဖြစ်၍ စစ်ဆေးမှုအချို့ ထပ်တိုးရုံသာ ဖြစ်သည်။

​မကြာမီ ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့သည် သက်ဆိုင်ရာ စစ်ဆေးမှုများပြုလုပ်ရန် ထွက်ခွာသွားကြသည်။ လုပေါင်ကမူ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ရန် မမေ့ခဲ့ပေဖြစ်သည်။အဆုံးတွင်တော့ ဤကဲ့သို့သော အချိန်မျိုးမှာ သက်သေအဖြစ် တိုက်ရိုက်ထုတ်လွှင့်မှုက လိုအပ်သည်။ ထို့အပြင် ဤသည်မှာ ဥက္ကဋ္ဌလု အထူးတလည် စီစဉ်ထားခြင်းလည်း ဖြစ်သည်။

​ထိုလူက ပိုက်ဆံရော အင်အားရော စိုက်ထုတ်ပေးထားသည်ဖြစ်ရာ သူ့အတွက်လည်း ကြည့်ရှုသူဦးရေ ပြန်ရအောင် လုပ်ပေးရပေမည်။ ထို့အပြင် အွန်လိုင်းတွင် သူ့ကို လှောင်ပြောင်နေကြသော အလိမ်ဖော်ဘုရင်နှင့် အခြားလူများကိုလည်း လုပေါင် မှတ်မိနေသေးသည်။ ဤကဲ့သို့ မျက်နှာကို ဖြတ်ရိုက်ရမည့် အချိန်မျိုးတွင် အားလုံးကို သက်သေအဖြစ် မရှိစေဘဲ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မည်နည်း။

​လုပေါင် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်နှင့် ပရိသတ်အများအပြားသည် လိုက်ဖ်လွှင့်ခန်းထဲသို့ ချက်ချင်းတိုးဝင်လာကြသည်။ အကြောင်းမှာ ရတနာနတ်ဘုရားlive မလွှင့်သည်မှာ အတန်ကြာပြီဖြစ်သောကြောင့်ဖြစ်သည်။

​"ဝူးဟူး ရတနာနတ်ဘုရား ပြန်လာပြီဟေ့။ဒီနေ့ ငါတို့ကို ဘာတွေ ပြမလို့လဲ။"

​"ရတနာနတ်ဘုရား ဆေးရုံရောက်နေတာလား။မင်း ကျွန်းပေါ်ကနေ ဆင်းလာပြီလား။"

​"ဟာ... ဒီလောက်ကိစ္စအကြီးကြီးကို ငါတို့ကိုတောင် မပြောဘူးလား။ငါ့ရဲ့ နဂါးရတနာလေးကော ဘယ်မှာလဲ။နဂါးရတနာလေးကို နောက်ထပ်အကြိမ်အနည်းငယ်လောက် မြင်ရဖို့ မျှော်လင့်နေတာ။ ဒီliveက နောက်ဆုံးနှုတ်ဆက်ပွဲ ဖြစ်နေမှာလား။"

​"ငါ့ရဲ့ပေါင်လေး... ဘာဖြစ်လို့ ဆေးရုံတက်ရတာလဲ မြန်မြန်ပြောပါဦး ငါတို့ စိတ်ပူနေကြတယ်။"

​"ငါ့ရဲ့ပေါင်လေးက အဲဒီအကြောင်း မပြောချင်ဘူးဆိုတာ မမြင်ကြဘူးလား ဖြစ်နိုင်တာက အောက်ပိုင်း ပြဿနာတစ်ခုခုပဲ ဖြစ်မှာပါ။ လူတိုင်း... ငါ့ပေါင်လေးကို ဖိအားမပေးကြပါနဲ့။"

​မှတ်ချက်များမှ လှောင်ပြောင်မှုများကို ကြည့်ရင်း လုပေါင်က မတတ်သာသလို ခံစားလိုက်ရသော်လည်း မကြာမီမှာပင် စကားဝိုင်းကို အဓိကအကြောင်းအရာဆီသို့ လှည့်လိုက်သည်။

​"ညီအစ်ကိုတို့ အရင်က ငါတို့ဆေးရဲ့ ထိရောက်မှုကို သံသယရှိနေတဲ့သူတွေ ရှိတယ်မဟုတ်လား။အခု ငါ သူမကို ဆေးရုံကို ခေါ်လာခဲ့ပြီ။ ဆေးက ထိရောက်မှုရှိမရှိဆိုတာ ရလဒ်တွေ ထွက်လာရင် သိရပါလိမ့်မယ်။"

​လုပေါင်၏ စကားကို ကြားရသောအခါlive ခန်းအတွင်းရှိ ပရိသတ်များမှာ ချက်ချင်း စိတ်လှုပ်ရှားသွားကြတော့သည်။

​"ဟာ... ငါသိသားပဲ ငါတို့ ရတနာနတ်ဘုရားက ပြန်မချဘဲ ငြိမ်ခံနေမယ့်လူမျိုး မဟုတ်ဘူး။ သူ အပြင်ရောက်တာနဲ့ အဲဒီကောင်တွေကို မျက်နှာဖြတ်ရိုက်ဖို့ လာတာပဲ။"

​"ဝူးဟူး မျက်နှာဖြတ်ရိုက်မယ့်ကိစ္စကို ထောက်ခံတယ် အွန်လိုင်းမှာ ငါတို့ကို ဆဲဆိုနေတဲ့သူတွေရဲ့ နာမည်တွေကို ငါ့မှတ်စုစာအုပ်ထဲမှာ မှတ်ထားပြီးပြီ။"

​"မှတ်တမ်းတင်မယ့်သူတွေ အဆင်သင့်ပဲလား ဟိုး... ငါတို့ သမိုင်းဝင်အခိုက်အတန့်ကို တွေ့ရတော့မှာ လက်မလွတ်စေနဲ့ဦး။"

​"တကယ်လို့ ဦးနှောက်အကျိတ်က ပျောက်သွားတာဆိုရင်တော့ သတင်းတွေမှာ ဘယ်လောက်တောင် ဟိုးလေးတကျော်ကျော်ဖြစ်သွားမလဲ ငါတွေးတောင် မတွေးရဲဘူး။"

​လုပေါင်က live ခန်းမှ မှတ်ချက်များကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ မကြာမီမှာပင် ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့သည် ဝန်ထမ်းနောက်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြတော့သည်။ငွေကြေး ကြောင့် သူတို့နှစ်ဦးမှာ ဘာစစ်ဆေးမှုအတွက်မှ တန်းစီစရာမလိုဘဲ အချိန်အနည်းငယ်အတွင်း အားလုံးပြီးစီးခဲ့သည်။

​ကျန်ရှိနေသည်မှာ ရလဒ်ကို စောင့်ရန်သာဖြစ်သည်။ ထိုအတောအတွင်း လုပေါင်က ပရိသတ်များနှင့် စကားပြောဆိုရန် တာဝန်ယူထားပြီး ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့ကမူ လှပနေရုံနှင့်ကြည့်ရရုံသက်သက်ဖြင့်ပင် လုံလောက်လှသည်။

​ပရိသတ်များနှင့် နာရီဝက်ကျော် စကားပြောပြီးနောက် ဝန်ထမ်းတစ်ဦးသည် အမျိုးသမီးနှစ်ဦး၏ စစ်ဆေးမှုရလဒ်များကို ကိုင်ဆောင်ကာ ထွက်လာခဲ့သည်။ လုပေါင်က ထိုလူကို စစ်ဆေးမှုရလဒ်များကို live ကြည့်နေသည့် ပရိသတ်များရှေ့တွင် တိုက်ရိုက်ရှင်းပြခိုင်းလိုက်သည်။

​ပထမဆုံးတစ်ခုမှာ ကျန်းရွှယ်ချီ၏ အစီရင်ခံစာဖြစ်သည်။

"နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်ဆေးစစ်ချက်တွေက အလွန်ကောင်းမွန်ပါတယ်။ သာမန်လူတွေနဲ့ ယှဉ်ရင်တောင် ပိုကောင်းနေပါသေးတယ်။"

​ထိုစကားကို ကြားရသောအခါ အမျိုးသမီးနှစ်ဦး၏ မျက်နှာတွင် ပျော်ရွှင်သော အမူအရာများ ပေါ်လာသော်လည်း လုပေါင်၏ အမူအရာကမူ ဝက်ဝံရုပ်လေးကဲ့သို့ပင် ပုံမှန်အတိုင်း တည်ငြိမ်နေခဲ့သည်။သူတို့နှစ်ဦးစလုံးမှာ သူ၏ မျိုးဗီဇမြှင့်တင်ဆေး ကို သောက်သုံးထားကြသူများဖြစ်ကြသည်။ ထိုဆေး၏ အာနိသင်မှာ အရိုးနှင့် အကြောများကို သန့်စင်ပေးသည့် အာနိသင်မျိုးဖြစ်သည်။

အခန်း ၁၉၂- သူ့ကိုယ်သူ ပြန်ဆဲခိုင်းရန် ရေပန်းစားခေါင်းစဉ်များ ဝယ်ယူခြင်း။

ဆေးဘက်ဆိုင်ရာ ဝန်ထမ်းက ဆက်ပြောလေသည်။

“ဒါပေမဲ့ မစ္စကျန်းရဲ့ ဦးနှောက်ကို စကန်ဖတ်ကြည့်တဲ့အခါမှာတော့ အမာရွတ်လိုမျိုး ဒဏ်ရာတစ်ခု တွေ့ရပါတယ်။ ကျွန်မတို့ ကျွမ်းကျင်သူတွေရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ဒါဟာ အရင်ကရှိခဲ့တဲ့ ကင်ဆာကျိတ်ကြောင့် ဖြစ်ရတာပါ။ ထူးဆန်းတာက အမာရွတ်က ကျန်နေသေးပေမဲ့ အကျိတ်ကတော့ လုံးဝပျောက်ကွယ်သွားတာပဲ။ မစ္စကျန်းက မကြာခင်က ဓာတ်ရောင်ခြည်ကုထုံး တွေ ဘာတွေ ခံယူထားတာရှိလား။”

ထိုဝန်ထမ်းသည် ကျန်းရွှယ်ချီကို အတော်လေး ဇဝေဇဝါဖြစ်စွာ ကြည့်နေမိသည်။ သူမပုံစံမှာ ဓာတ်ရောင်ခြည်ကုထုံး ခံယူထားသူတစ်ယောက်နှင့် လုံးဝမတူပေ။ သူမ၏ အသားအရေမှာ ဝန်ထမ်းအမျိုးသမီးထက်ပင် ပို၍ ကောင်းမွန်နေသေးသည်။ ထို့အပြင် ဤဆေးရုံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သည့် အတွေ့အကြုံအရ ဓာတ်ရောင်ခြည်ကုထုံးသည်ပင် ဦးနှောက်အကျိတ်ကဲ့သို့ အရာမျိုးကို ဤမျှအထိ လုံးဝဥဿုံ ပျောက်ကင်းအောင် မလုပ်နိုင်ကြောင်း သူမ သိထားသည်။

ထိုစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် အခန်းထဲရှိနေသူအားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ ကျန်းရွှယ်ချီသည် သူမ၏ ပြန်လည်ကျန်းမာလာမှုအတွက် အတိုင်းမသိ ဝမ်းသာနေပြီး သူမနှင့် ညီအစ်မအရင်းကဲ့သို့ ရင်းနှီးသော ကျောက်မင်သည်လည်း ထပ်တူပင်ဖြစ်သည်။

တစ်ဖက်တွင်မူ လုပေါင်က တွက်ချက်မှုများ စတင်နေပြီဖြစ်သည်။ သူ၏ မျိုးဗီဇမြှင့်တင်ဆေး၏ အစွမ်းထက်ပုံမှာ ယခုဆိုလျှင် သက်သေခိုင်မာသွားပြီဟု ဆိုနိုင်ပေသည်။ အထူးသဖြင့် ဝန်ထမ်းက ကျန်းရွှယ်ချီ၏ ဦးနှောက်ထဲမှ အမာရွတ်ကို တိုက်ရိုက်ထောက်ပြလိုက်ခြင်းမှာ သူ့ကို လိုက်ဆဲနေသူများ၏ ပါးစပ်ကို ပိတ်ပစ်လိုက်သကဲ့သို့ပင်ဖြစ်၏။

သို့မဟုတ်ပါက ကျန်းရွှယ်ချီမှာ မူလကတည်းက ဦးနှောက်အကျိတ် မရှိခဲ့ပါဟု တစ်ယောက်ယောက်က ဗြောင်ငြင်းရန် ကြိုးစားလာပေလိမ့်မည်။ လုပေါင်၏ live ခန်းထဲမှ ပရိသတ်များမှာမူ ထိုသတင်းကို ကြားရသည်နှင့် အောင်ပွဲခံနေကြပြီဖြစ်သည်။

“လိုက်ဆဲနေတဲ့ကောင်တွေ အခုထွက်ခဲ့ကြစမ်း။”

“ရှန်ပိန်ဖောက်လိုက်ကြတော့ ရတနာနတ်ဘုရားရေ... ဒီတစ်ချီကတော့ ဟိတ်တာတွေရဲ့ ပါးစပ်ကို ပိတ်ပစ်လိုက်တာပဲ။”

“ဟာ... ရတနာနတ်ဘုရား ဖော်စပ်တဲ့ဆေးက တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလားကမ္ဘာ့သမိုင်းဝင် ဖြစ်ရပ်တစ်ခုကို ငါမျက်မြင်တွေ့လိုက်ရပြီထင်တယ်။ ဦးနှောက်အကျိတ်ကိုတောင် ပျောက်အောင်လုပ်နိုင်တယ်ဆိုတော့ ဒါက နတ်ဆေးပဲ မဟုတ်လား။”

“ညီအစ်ကိုတို့... အားလုံးတက်လာကြစမ်း လူမှုကွန်ရက်တွေပေါ်မှာ ပလူပျံသွားအောင် လုပ်လိုက်ကြ အခုမှ မသောင်းကျန်းရင် ဘယ်တော့ သောင်းကျန်းမလဲ။”

“အဲဒီ လိုက်ဆဲနေတဲ့ကောင်တွေရဲ့ ပါးစပ်တွေ ရောင်ကိုင်းသွားအောင် ဘယ်လို မျက်နှာဖြတ်ရိုက်မလဲဆိုတာ စောင့်ကြည့်နေလိုက်။”

ယခင်က လူမှုကွန်ရက်ပေါ်တွင် လုပေါင်ကို ထောက်ခံသည့် မှတ်ချက်များ ရေးသားခဲ့သော ပရိသတ်များမှာ အကြွင်းမဲ့ယုံကြည်သူတွေဟု အလှောင်ခံခဲ့ကြရသည်။ ယခုမူ သက်သေက ခိုင်မာသွားပြီဖြစ်ရာ သူတို့အနေဖြင့် ဘာကြောင့် ခေါင်းမော့မလာဘဲ နေပါမည်နည်း။ ထို့ကြောင့် အချိန်တိုအတွင်းမှာပင် အဓိက လူမှုကွန်ရက်ပလက်ဖောင်းအားလုံး၌ ပို့စ်များစွာ ပျံ့နှံ့သွားခဲ့လေသည်။

ကင်ဆာကျိတ်ကို ပျောက်ကင်းစေနိုင်သည့် နတ်ဆေးဆိုသော ခေါင်းစဉ်မှာ လူအများ၏ အာရုံစိုက်မှုကို ချက်ချင်းရရှိခဲ့သည်။ သို့သော်လည်း အစပိုင်းတွင် ရရှိလာသော အာရုံစိုက်မှုမှာ အကောင်းဘက်ကတော့ မဟုတ်ခဲ့ပေ။

လွန်ခဲ့သည့်နှစ်များအတွင်း အွန်လိုင်းတွင် နတ်ဆေး ဟု အမည်တပ်ထားသော လိမ်လည်မှုများစွာ ပေါ်ပေါက်ခဲ့ဖူးသဖြင့် လူအများစု၏ ပထမဆုံးတုံ့ပြန်မှုမှာ လှောင်ပြောင်ဆဲဆိုခြင်းပင် ဖြစ်သည်။

“အွန်လိုင်းပေါ်က ဒီလို နတ်ဆေးတွေကို တွေ့ရင် ချက်ချင်းသာ ဆဲလိုက်။ ဆယ်ခါမှာ ကိုးခါကတော့ မှားစရာမရှိဘူး။ ကျန်တဲ့တစ်ခါကတော့ ဆဲစရာတောင်မလိုဘူး သူ့အလိုလို ပျက်စီးသွားလိမ့်မယ်။”

“ကင်ဆာပျောက်ဆေးရယ် အင်တာနက် Streamerရယ်... ဒီခေါင်းစဉ်နှစ်ခုစလုံးက တစ်ခုချင်းကြည့်ရင်တောင် ယုံကြည်ရတဲ့ပုံမပေါက်ဘူး။ အတူတူပေါင်းလိုက်တော့ ပိုဆိုးတာပေါ့။”

“အွန်လိုင်းလူလိမ်တွေနဲ့ လမ်းဘေးဆေးဆရာတွေ တစ်ကျော့ပြန်ပေါ်လာတာပေါ့ အင်တာနက်မှာ မှတ်ဉာဏ်မရှိဘူးလို့ ထင်နေကြတာလား။”

“Ocean Platform ကလည်း ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ပိုပိုဆိုးလာတယ်။ ဘယ်လိုလူတွေကို ခေါ်ထားတာလဲ။ ဒါက ဗြောင်လိမ်ဗြောင်စားပဲ မဟုတ်လား။ အခုခေတ်မှာ ဘယ်သူမဆို streamer ဖြစ်နိုင်တာလား။ငါတို့ဆီက ပိုက်ဆံရဖို့ဆိုရင် အရင်းရှင်တွေက တကယ်ပဲ အရှက်မရှိကြဘူး။”

“အဲဒီ အမှိုက် Ocean Platform ကို အရင်သွားတိုက်ခိုက်ကြရအောင်။”

အွန်လိုင်းမှ ဝေဖန်မှုများကို မြင်သောအခါ လုပေါင်၏ ပရိသတ်များက အခြေအနေကို ပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း ရလဒ်ကတော့ မထူးခဲ့ပေ။ အကြောင်းမှာ အွန်လိုင်းပေါ်က ဝေဖန်သူများမှာ အလွန်များပြားလှသောကြောင့် ဖြစ်သည်။ ထိုဝေဖန်မှုများကြောင့် Ocean Live Streaming Platform ပင်လျှင် ရှေ့သို့ထွက်ကာ တုံ့ပြန်ခဲ့ရသည်။ လုပေါင်အပြင် သူတို့မှာလည်း အဆဲခံရဆုံး ဖြစ်နေသောကြောင့်ဖြစ်သည်။

ပလက်ဖောင်း၏ CEO လုလင်းဟွာ ကိုယ်တိုင်ပင် Micro-Headline တွင် ပို့စ်တစ်ခု တင်ခဲ့သည်။

“ဦးနှောက်အကျိတ် ဝေဒနာရှင်ရဲ့ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပေးဖို့အတွက် ဆရာကြီး ကျောက်ပိုင်းရန် ကို Ocean Live ကနေ ဖိတ်ကြားထားပါတယ်။ အဲဒီအချိန်ကျရင် အားလုံးပဲ အတူတူ စောင့်ကြည့်စစ်ဆေးပေးကြပါ။”

လုလင်းဟွာ ထိုပို့စ်ကို တင်လိုက်ချိန်တွင် သူသည် ယုံကြည်မှုအပြည့် ရှိနေခဲ့သည်။ ကျန်းရွှယ်ချီ၏ အခြေအနေ အဆင့်ဆင့်ကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်မဟုတ်ပါလား။ ထို့ကြောင့် အွန်လိုင်းပေါ်က ဝေဖန်မှုများကို မြင်သောအခါ သူက ထိတ်လန့်မသွားသည့်အပြင် ဤသည်မှာ Ocean Live အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်ကြောင်း သိလိုက်လေသည်။

အမှန်တရား ပေါ်ပေါက်လာပြီး မတရားစွပ်စွဲခံရမှုမှ လွတ်မြောက်သွားသည့် ဇာတ်လမ်းမျိုးကို လူတိုင်းက ကြိုက်နှစ်သက်ကြသည် မဟုတ်ပါလား။မချီးမွမ်းမီ အရင်နှိမ်ချခြင်း’ ဟူသော ဗျူဟာဟောင်းကို သူ အသုံးပြုလိုက်ခြင်းဖြစ်သည်။ လုလင်းဟွာ၏ ပို့စ်ထွက်လာပြီးနောက် Ocean Live ၏ လူမှုကွန်ရက်အကောင့်များကလည်း ချက်ချင်း ပြန်လည်မျှဝေခဲ့ကြသည်။ သို့သော်လည်း အစပိုင်းတွင် လူအများ၏ အမြင်မှာ ဆိုးရွားနေဆဲပင်ဖြစ်၏။

“ဒီပလက်ဖောင်းကတော့ တကယ့်ကို တစ်မျိုးပဲ။ နာမည်ပျက်နဲ့ ကျော်ကြားတာလည်း ကျော်ကြားတာပဲဆိုပြီး မင်းတို့အရင်းရှင်တွေကတော့ တွက်ချက်ထားပြီးသားပဲပေါ့။”

“ဆဲခံနေရတာတောင် အခွင့်အရေးယူပြီး လူကြည့်များအောင် လုပ်နေသေးတယ်။ တကယ့်ကို မင်းတို့နဲ့ တန်ပါတယ်။”

“ပုပ်သိုးနေတဲ့ ပလက်ဖောင်း။ အခုကစပြီး Blacklist သွင်းလိုက်ပြီ။”

“ခင်ဗျားရဲ့ အပြုအမူက တကယ်ကို ရုပ်ဆိုးလွန်းတယ် စီအီးအိုလု။”

သို့သော်လည်း ဤကိစ္စ၏ နောက်ဆက်တွဲကို စောင့်ကြည့်မည့်သူ အမြောက်အမြားကိုတော့ ဆွဲဆောင်နိုင်ခဲ့သည်။ အများစုမှာ ပလက်ဖောင်းက ဘယ်လိုမျက်နှာဖြတ်ရိုက်ခံရမလဲနှင့် လုပေါင် ဘယ်လိုကျရှုံးမလဲဆိုသည်ကို ကြည့်ချင်ကြသူများဖြစ်သည်။

သို့သော် လုပေါင်ကမူ ထိုအရာများကို ဂရုမစိုက်ပေ။ အမှန်တရားက စကားပြောပါလိမ့်မည်။ ထိုအချိန်တွင် Ocean Live ၏ စီအီးအို လုလင်းဟွာကလည်း သူ၏ နတ်ဘုရားအဆင့် ဗျူဟာကို စတင်လိုက်တော့သည်။

“ရတနာနတ်ဘုရား ခင်ဗျား စိတ်အေးအေးထားပါ။ အွန်လိုင်းပေါ်က အခြေအနေက ခင်ဗျားအတွက် မကောင်းဘူးဆိုတာ ကျွန်တော်သိပါတယ် ဒါပေမဲ့ အမှန်တရားကတော့ အမှန်တရားပါပဲ။”

လုလင်းဟွာကဖုန်းထဲမှတစ်ဆင့် အလေးအနက် အကြံပေးလိုက်သည်။

လုပေါင်က ခေါင်းကို ကုတ်ရင်း အိုးတိုးအန်းတန်းဖြင့် ပြောလိုက်သည်။

“အဲဒါက... စီအီးအိုလု ခင်ဗျားကို စိတ်နှလုံးမည်းညစ်တဲ့ အရင်းရှင်ဆိုပြီး ဆဲနေတဲ့ Hot Search က နံပါတ် (၁)ကို ရောက်တော့မယ်။ ခင်ဗျားက ကျွန်တော့်ကိုတောင် ပြန်နှစ်သိမ့်ပေးနေသေးတာလား။ မှတ်ချက်တွေကို ကြည့်လိုက်ရတာ ကျွန်တော်တောင် စိတ်မကောင်းဖြစ်မိတယ်...”

လုပေါင်က စီအီးအိုလု အလွန်ဒေါသထွက်နေမည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမှတ်ချက်များမှာ လုလင်းဟွာ၏ မျိုးရိုး ၁၈ ဆက်ကိုပင် ချန်မထားဘဲ ဆဲဆိုနေကြသောကြောင့် ဖြစ်သည်။ သို့သော် လုလင်းဟွာ၏ စကားတစ်ခွန်းက လုပေါင်ကို ဆွံ့အသွားစေခဲ့သည်။

“ကျွန်တော် သိပါတယ်။ အဲဒီ Hot Search ကို ကျွန်တော်ကိုယ်တိုင် ပိုက်ဆံပေးပြီး ဝယ်ထားတာလေ ဟဲဟဲ “

လုပေါင် ဘာပြန်ပြောရမှန်း မသိခင်မှာပင် လုလင်းဟွာက ဆက်ပြောလိုက်သည်။

“ကျွန်တော်က အဆဲခံရတာ ပိုသနားစရာကောင်းလေလေပဲ ခင်ဗျားက သူတို့ကို မျက်နှာဖြတ်ရိုက်လိုက်တဲ့အခါမှာ ကျန်တဲ့သူတွေက သနားစရာကောင်းတဲ့ ပလက်ဖောင်းသူဌေးလေးကို ဘယ်လိုမြင်သွားမလဲဆိုတာ တွေးကြည့်လေ။ ပလက်ဖောင်းအတွက် လူကြည့်များဖို့ဆိုရင် ကျွန်တော် အနည်းငယ် အနစ်နာခံရတာ ဘာအရေးလဲ။”

လုလင်းဟွာ၏ မြေခွေးတစ်ကောင်ကဲ့သို့ ပါးနပ်သော လေသံကို နားထောင်ရင်း လုပေါင်မှာ ရင်ထဲတွင် တုန်လှုပ်သွားရသည်။

“တကယ့် အရင်းရှင်အစစ်ပဲ။ အွန်လိုင်းကလူတွေ ပြောတာလည်း အမှန်ပဲအရင်းရှင်တွေဆိုတာ တကယ့် ဂျီးနီးယပ်စ်တွေပဲ။”

သူ မတတ်နိုင်တော့ပေ။ စီအီးအိုလု၏ ဤဗျူဟာမှာ တကယ်ကို ထူးခြားလွန်းလှသည်။ မိမိကိုယ်မိမိ ပြန်ဆဲခိုင်းရန်အတွက် ကိုယ်ပိုင်ပိုက်ဆံဖြင့် Hot Search ကို ဝယ်ယူကာ ထိပ်ဆုံး (၃) နေရာထဲ ရောက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။ ဖြစ်နိုင်သည်မှာ သူ့ကို အဆဲဆုံး အကောင့်များမှာလည်း စီအီးအိုလု၏ အကောင့်ခွဲများပင် ဖြစ်နေနိုင်ပေသည်။

All Chapters