အခန်း (၁၉၃-၁၉၄)
Vol. 20 Ch. 193-194
အခန်း ၁၉၃- တရုတ်ပြည် မှာ တကယ့်ကို အံ့ဖွယ်ဆေးတစ်မျိုး ရှိနေနိုင်တာလား။
လုပေါင်က live လွှင့်နေဆဲဖြစ်ရာ လုလင်းဟွာ၏ ဗျူဟာမြောက် ကစားကွက်များကို ကြားလိုက်ရသည့် ပရိသတ်များမှာ ဆွံ့အသွားကြသည်။
“ဘုရားရေ... ဥက္ကဋ္ဌလု ခင်ဗျားကတော့ တကယ့်ကို လူလည်ကြီးပဲ။”
“ပလက်ဖောင်းသူဌေးက သူ့ကိုယ်သူ အွန်လိုင်းမှာ ဗြောင်ဖွင့်ချနေတာပဲ။ ခင်ဗျားကတော့ သနားစရာကောင်းတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်တဲ့ နေရာမှာ ဆရာကြီးပဲ။”
“CEOလုက သနားစရာကောင်းတဲ့ပုံစံနဲ့ အိမ်ပြန်ငိုပြမယ်။ ပရိသတ်တွေက ပြုံးပျော်နေမယ်။ နောက်ဆုံးကျတော့ သူပဲ ပိုက်ဆံတွေ အများကြီး ရသွားမှာပေါ့။”
“အပေါ်က စာရေးဆရာကြီး... စာအုပ်ထုတ်ဖို့ ရှိလား ထုတ်ရင်တော့ ကျိန်းသေပေါက် အရောင်းရဆုံးစာအုပ် ဖြစ်မှာပဲ။”
“ဥက္ကဋ္ဌလုရဲ့ ဂုဏ်သတင်းက ပြန်တက်လာပြီ။ ဒီကစားကွက်က တကယ်ကို ပါးနပ်လွန်းတယ်။”
Live ခန်းထဲက မှတ်ချက်များကို ကြည့်ရင်း လုလင်းဟွာက နှိမ့်ချသော အမူအရာဖြင့် ပြောလိုက်သည်။
“ပရိသတ်တို့ရယ်... ကျွန်တော့်ကို မြှောက်မနေကြပါနဲ့။”
လုလင်းဟွာက မြှောက်မနေကြပါနဲ့ဟု ပြောသော်လည်း သူ၏ ပါးနပ်သော လှုပ်ရှားမှုများမှာမူ တစ်စက္ကန့်မျှပင် ရပ်တန့်မသွားခဲ့ပေ။ သူသည် Ocean Live ပလက်ဖောင်းမှ ဝန်ထမ်းများကို အသုံးချကာ ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့၏ အထောက်အထားများကို တစ်ယောက်ပြီးတစ်ယောက် ပေါက်ကြားအောင် စီစဉ်လိုက်သည်။
ထို့အပြင် နဂါးဧရာကျွန်းပေါ်တွင် လုပေါင် ရိုက်ကူးခဲ့သည့် ယခင် live ဗီဒီယိုများကိုပါ ပြန်လည် ထုတ်လွှင့်လိုက်သည်။ ဤကိစ္စမှာ ယခင်ကတည်းက ရေပန်းစားနေခဲ့ခြင်းဖြစ်ပြီး ယခု ကင်ဆာအံ့ဖွယ်ဆေး သတင်းနှင့် ပေါင်းစပ်လိုက်သောအခါ အင်တာနက်ပေါ်တွင် နံပါတ် (၁) ရေပန်းအစားဆုံး ဖြစ်ရပ်အဖြစ် ပေါက်ကွဲသွားခဲ့သည်။
ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့၏ နာမည်နှစ်ခုတည်းနှင့်တင် လူကြည့်နှုန်း အမြောက်အမြားကို သိမ်းကျုံးရရှိရန် လုံလောက်နေပြီဖြစ်သည်။ တစ်ဖက်တွင်လည်း တရုတ်တိုင်းရင်းဆေးပညာ၏ နတ်ဘုရားလက်တော် ဟု တင်စားရသည့် ဆရာကြီး ကျောက်ပိုင်းရန်သည် လုပေါင်ရှိရာ မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာလာခဲ့ပြီဖြစ်သည်။
နှစ်နာရီ သုံးနာရီခန့်အတွင်းမှာပင် သူသည် လေယာဉ်ပေါ်မှ ဆင်းလာခဲ့ပြီး ကြိုဆိုရန် စီစဉ်ထားသူများက ဆေးရုံသို့ ချက်ချင်း ခေါ်ဆောင်သွားခဲ့သည်။ ဆရာကြီးကျောက်၏ ဆေးဘက်ဆိုင်ရာလောကမှ ဂုဏ်သတင်းမှာ ဒဏ္ဍာရီဆန်လှပေသည်။ သူ၏ တပည့်တပန်းများမှာ နေရာအနှံ့တွင် ရှိနေကြပြီး ဟွာရှရှိ တရုတ်တိုင်းရင်းဆေးလောကတွင် သူ့ကို မသိသူ မရှိသလောက်ပင်ဖြစ်၏။
ထို့ကြောင့် ဆရာကြီးကျောက် ရောက်ရှိလာခြင်းက ဆေးရုံတစ်ခုလုံးရှိ အကြီးအကဲများကို လှုပ်ခတ်သွားစေပြီး အားလုံးက ထွက်၍ ကြိုဆိုခဲ့ကြသည်။ သို့သော်လည်း ဆရာကြီးကျောက်က ဆေးရုံအုပ်ကြီးများနှင့် စကားလက်ဆုံပြောရန် အချိန်မရှိပေ။ သူသည် အနည်းငယ် မေးမြန်းစုံစမ်းကာ လုပေါင်ရှိသည့်နေရာကို သိသည်နှင့် ကျန်းမာရေးစစ်ဆေးမှုဌာနသို့ တန်းစီပြီး ဦးတည်သွားခဲ့သည်။
ဆရာကြီးကျောက်ကို မြင်သည်နှင့် လုပေါင်က ချက်ချင်း မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။
“ဆရာကြီးကျောက် မဂ်လာပါဗျ။”
“မစ္စတာလု... နောက်ဆုံးတော့ ကျွန်တော်တို့ တွေ့ကြပြီပေါ့။ ကျွန်တော်တို့ကို အွန်လိုင်းသူငယ်ချင်းတွေလို့တောင် ခေါ်လို့ရမယ်ထင်တယ်။”
ကျောက်ပိုင်းရန်ကရယ်မောရင်း ပြောလိုက်သည်။
လုပေါင်ကလည်း ဆရာကြီးကျောက်၏ နောက်ပြောင်မှုကို နားလည်သဖြင့် စကားအများကြီး မပြောတော့ဘဲ
“လူနာက ဒီမှာပါ ဆရာကြီး။ ဆရာကြီးပဲ ကြည့်ပေးပါဦး။ live လွှင့်နေတာကိုတော့ စိတ်မရှိဘူးမဟုတ်လား။”
ကျောက်ပိုင်းရန်သည် လက်ရှိတွင် ကျန်းရွှယ်ချီ၏ အခြေအနေကိုသာ အာရုံစိုက်နေသဖြင့် ထိုအရာများကို ဂရုမစိုက်ဘဲ လက်ဝေ့ယမ်းကာ ပြောလိုက်သည်။
“ရပါတယ်။ ဒီအဖိုးကြီးရဲ့ မျက်နှာက ဘာမှ တန်ဖိုးရှိတာမှ မဟုတ်တာ။”
ထိုသို့ပြောပြီးနောက် ကျောက်ပိုင်းရန်သည် ကျန်းရွှယ်ချီ၏ လက်ကောက်ဝတ်ပေါ်သို့ သူ၏လက်ကို တိုက်ရိုက်တင်ကာ အာရုံစူးစိုက်ထားသော အမူအရာဖြင့် သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။ ဤသည်ကို မြင်သောအခါ နောက်မှ ပါလာသည့် ဆေးရုံအကြီးအကဲများမှာ အဝေးမှနေ၍ အသံတောင် ကျယ်ကျယ် မထွက်ရဲဘဲ ရပ်ကြည့်နေကြရသည်။ ဆရာကြီးကျောက် လူနာကို စစ်ဆေးနေချိန်တွင် ဘယ်သူကများ နှောင့်ယှက်ရဲပါမည်နည်း။
သူတို့က တိုးတိုးလေးသာ တီးတိုးပြောရဲကြသည်။
“ဘာတွေဖြစ်နေတာလဲ ဆရာကြီးကျောက်က ဘာလို့ ငါတို့ဆေးရုံကို ရောက်လာတာလဲ။”
“အဲဒီ အင်တာနက်Streamer ကြောင့်လေ။ သူက ဦးနှောက်အကျိတ်ကိုတောင် ပျောက်ကင်းစေနိုင်တဲ့ ဆေးနည်းကို ဖော်စပ်ထားတယ်လို့ ကြားတယ်။”
“အဓိပ္ပာယ်မရှိလိုက်တာ။ အကျိတ်လိုမျိုးရောဂါက အင်တာနက် streamer တစ်ယောက်က ကုနိုင်တယ်ဆိုရင် ငါတို့လို ပရော်ဖက်ရှင်နယ် ဆရာဝန်တွေက ဘာလုပ်ဖို့လဲ။”
“စောင့်ကြည့်ရအောင်။ ဆရာကြီးကျောက် ဒီမှာရှိနေတာဆိုတော့ ဘာမှ လိမ်လို့မရဘူး။”
ထိုသို့ပြောလိုက်သောအခါ အားလုံး ငြိမ်ကျသွားသည်။ လုပေါင်၏ live ခန်းထဲမှ ပရိသတ်များပင်လျှင် အာရုံစိုက်ထားသဖြင့် မှတ်ချက်များ တက်လာခြင်းမှာ ခေတ္တမျှ ရပ်တန့်သွားခဲ့သည်။
အတော်ကြာပြီးနောက် ဆရာကြီးကျောက်က လက်ကို ပြန်ရုတ်လိုက်သည်။ သို့သော် သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အစားထိုးဝင်ရောက်လာသည်။သူက လုပေါင်ဘက်သို့ လှည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“မစ္စတာလု... ခင်ဗျား ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”
နောက်က ဆေးရုံအကြီးအကဲများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။ ဤသည်မှာ ဘာပြကွက်မည်နည်း။သို့သော် မကြာမီမှာပင် ဆရာကြီးကျောက်၏ နောက်ထပ်စကားကြောင့် သူတို့ အလွန်အမင်း အံ့အားသင့်သွားကြရသည်။
“ကျွန်တော့်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ဆေးကုသမှု အတွေ့အကြုံအရတော့ မစ္စကျန်းရဲ့ ဦးနှောက်ထဲက အကျိတ်က မကြာခင်ကပဲ ကျိန်းသေပေါက် ပျောက်ကင်းသွားတာပါ။ ဖြစ်နိုင်မယ်ဆိုရင် ဒီအဖိုးကြီးကို တရုတ်တိုင်းရင်းဆေး ဆေးညွှန်းလေး ပြပေးလို့ ရမလား။”
သို့သော်လည်း ဆရာကြီးကျောက်သည် သူ၏တောင်းဆိုမှုမှာ အနည်းငယ် ရုတ်တရက်ဆန်သွားသည်ကို သတိထားမိပုံရပြီး အမြန်ပြန်ဖြည့်ပြောလိုက်သည်။
“ကျွန်တော်က အရမ်း လောသွားပုံရတယ်။ မစ္စတာလု... စိတ်ထဲမထားပါနဲ့ ဒီဆေးညွှန်းက ဦးနှောက်အကျိတ်အပေါ် တကယ်ပဲ အံ့ဖွယ်အာနိသင်ရှိနေတာမို့ ကျွန်တော့်ရဲ့ သိချင်စိတ်ကို မထိန်းနိုင်လို့ပါ။”
ဆရာကြီးကျောက်၏ စကားကို ကြားလိုက်ရသောအခါ လုပေါင်၏ မျက်နှာတွင် အပြုံးကို ဖုံးကွယ်ထား၍ မရတော့ပေ။ ဆရာကြီးကျောက်ကဲ့သို့ လူမျိုးက ထောက်ခံပေးပြီဖြစ်ရာ သူ၏ မျိုးဗီဇမြှင့်တင်ဆေးဖြင့် ချမ်းသာကြွယ်ဝလာဖို့ပဲ စောင့်ရတော့မည်။ live ခန်းထဲမှ ပရိသတ်များမှာလည်း ရူးမတတ် စိတ်လှုပ်ရှားသွားကြသည်။
“ဝူးဟူး ဆရာကြီးကျောက် ကိုယ်တိုင် အတည်ပြုပေးလိုက်ပြီ။ တခြား ဘယ်သူ ကျန်သေးလဲ မေးလိုက်စမ်း။”
“လှောင်ပြောင်တဲ့ကောင်တွေ ထွက်ခဲ့စမ်း။”
“ဆဲမယ့်သူ ကျန်သေးလား အားလုံး မတ်တပ်ရပ်ပြီး အလေးပြုလိုက်ကြ။”
“အပြင်ကလူတွေ ဘာပြောကြဦးမလဲ တခြားလူတွေရဲ့ live ကိုကြည့်ရင် ဦးနှောက်ပါဖို့လိုတယ် ဒါပေမဲ့ ငါတို့ ရတနာနတ်ဘုရားရဲ့live ကိုကြည့်ရင်တော့ အကြွင်းမဲ့ ယုံကြည်လိုက်ဖို့ပဲ လိုတယ်။”
“ဒီကစားကွက်ကတော့ လိုက်ဆဲတဲ့ကောင်တွေရဲ့ မျက်နှာကို ခွေးရိုက်သလို ရိုက်လိုက်တာပဲ။”
အချို့သော ပရိသတ်များက လုပေါင်၏ လိုက်ဖ်ဗီဒီယိုအတိုများကို လူမှုကွန်ရက်ပေါ်သို့ ချက်ချင်း တင်လိုက်ကြသည်။ လုလင်းဟွာ၏ ဗျူဟာများကြောင့် ဤကိစ္စမှာ ရေပန်းစားနေနှင့်ပြီးသားဖြစ်သည်။ ဗီဒီယို တက်လာသည်နှင့် ဆွေးနွေးမှုအသစ်များ ချက်ချင်း ပေါက်ကွဲလာပြန်သည်။
“ဒီအဖိုးကြီးက ဘယ်သူလဲ လျှောက်ပြောနေတာ မဟုတ်ဘူးလား အဲဒီ လိမ်လည်တဲ့ streamer ငှားထားတဲ့ သရုပ်ဆောင်လား.သရုပ်ဆောင်တာကလည်း သိပ်မကောင်းလှဘူး။”
မျှော်လင့်ထားသည့်အတိုင်းပင် အချို့လူများမှာ ဗီဒီယိုကို အဆုံးထိတောင် မကြည့်ဘဲ စတင်လှောင်ပြောင်ကြပြန်သည်။ သို့သော် ယခုတစ်ကြိမ်တွင် လုပေါင်၏ ပရိသတ်များက ငြိမ်မခံတော့ဘဲ ဝေဖန်သူတိုင်း၏ မှတ်ချက်အောက်တွင် ဆရာကြီးကျောက်၏ ကိုယ်ရေးရာဇဝင်ကို လိုက်လံတင်ပေးကြသည်။
ချက်ချင်းဆိုသလိုပင် အများပြည်သူ၏ အမြင်မှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။
“ညီအစ်ကိုတို့... ဒါကိုတော့ လှောင်လို့မရဘူး။ ဒါက ဆရာကြီးကျောက် တရုတ်တိုင်းရင်းဆေးပညာရဲ့ နတ်ဘုရားလက်တော်လေ။”
“ဟာ... ဆရာကြီးကျောက်ကိုယ်တိုင်က အာမခံပေးဖို့ လာတာဆိုတော့ တကယ့် အံ့ဖွယ်ဆေး ရှိနေတာလား။”
“ဟိုး... တရုတ်မှာ အံ့ဖွယ်ဆေး ရှိနေပြီ။ ဒီတစ်ခါတော့ ငါတို့ တရုတ်နိုင်ငံက တကယ့်ကို လန်းတော့မှာပဲ။”
“တရုတ်က နံပါတ် (၁)ကင်ဆာပျောက်ကင်းစေတဲ့ အံ့ဖွယ်ဆေးဆိုတာ နိုင်ငံခြားမှာတောင် ရှိမှာမဟုတ်ဘူး။”
“လန်းတယ်လို့ပဲ ရိုက်နိုင်တော့တယ်။”
ယခင်က လှောင်ပြောင်ခဲ့သူများမှာ မရှိခဲ့ဖူးသည့်အလား လူတိုင်းက လုပေါင်၏ပရိသတ်များ ဖြစ်သွားကြသည်။ ထိုစဉ် ကင်ဆာအံ့ဖွယ်ဆေးကို ဖော်စပ်ခဲ့သည်ဆိုသော လုပေါင်က ဆရာကြီးကျောက်ကို ပြုံးလျက် ပြောလိုက်သည်။
“ဆရာကြီး... ကျွန်တော် ဆရာကြီးကို ဒီဆေးညွှန်းကို လေ့လာခွင့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တခြားသူတွေကိုတော့ ဝေမျှလို့ မရပါဘူး။”
မျိုးဗီဇမြှင့်တင်ဆေး၏ ဆေးညွှန်းကို ဆရာကြီးကျောက်အား ကြည့်ခွင့်ပေးခြင်းမှာ ကြီးမားသည့် ကိစ္စမဟုတ်ပေ။ အကြောင်းမှာ ထိုဆေးညွှန်းထဲရှိ ဆေးဖက်ဝင်အပင် အများစုမှာ သက်တမ်းလိုအပ်ချက် အလွန်တင်းကျပ်ပြီး အချို့မှာ ရှာပင်မရနိုင်တော့သောကြောင့် ဖြစ်သည်။ ဥပမာနတ်သမီးမျက်ရည်ကဲ့သို့ အရာမျိုးဖြစ်သည်။ ပြင်ပလောကတွင် အလင်းနတ်သမီး လိပ်ပြာများကို ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် သာမန်လူတစ်ယောက် ဆေးညွှန်းကို သိလျှင်ပင် အသုံးမဝင်နိုင်ပေ။ထို့အပြင် ဆရာကြီးကျောက်သည် သူ့အတွက် အာမခံပေးရန် ဝေးလံသောအရပ်မှ လာခဲ့ခြင်းဖြစ်၍ သူ့အပေါ်တွင် ကျေးဇူးကြွေး တစ်ခုရှိနေပေသည်။
အခန်း ၁၉၄- သူတို့အားလုံးက သိုးကောင်ကြီးတွေပဲ။
ထို့အပြင် လုပေါင်သည် တရုတ်တိုင်းရင်းဆေးလောက၏ နတ်ဘုရားလက်တော် ဆရာကြီးကျောက်၏ စရိုက်နှင့် ဂုဏ်သိက္ခာကို အပြည့်အဝ ယုံကြည်ထားလေသည်။ ဆရာကြီးကျောက်သည် လုပေါင်က ဤမျှ လွယ်လွယ်ကူကူ သဘောတူလိုက်သည်ကို ကြားသောအခါ အလွန်ဝမ်းသာသွားတော့သည်။
“ဟုတ်ပြီ... ဟုတ်ပါပြီ ဒီအဖိုးကြီးရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ဆေးကုသလာတဲ့ ဂုဏ်သိက္ခာနဲ့ အာမခံပါတယ်။ ဒီဆေးညွှန်းကို ဘယ်သူ့ကိုမှ ပေါက်ကြားအောင် လုံးဝမလုပ်ပါဘူး။”
ဆရာကြီးကျောက်က ဤကဲ့သို့ အာမခံနေသည်ကို မြင်ရသဖြင့် လုပေါင်လည်း ကပ်စေးနှဲမနေတော့ပေ။ သူက နောက်မှာရပ်နေသည့် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဝင်ပုံစံနှင့် လူများကို လှည့်မေးလိုက်သည်။
“ခင်ဗျားတို့ဆီမှာ စာရွက်နဲ့ ဘောပင်ရှိလား။”
ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ ခဏတာ ကြောင်သွားကြသည်။ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း လုပေါင် ဘာကိုဆိုလိုမှန်း မသိကြပေ။ ဘေးတွင်ရပ်နေသည့် ဆရာကြီးကျောက်က ဤသည်ကို မြင်သောအခါ ခြေဆောင့်ပြီး ပြောလိုက်သည်။
“မြန်မြန်သွားပြင်ဆင်ပေးလိုက်စမ်း။”
“ဟုတ်ကဲ့... ဟုတ်ကဲ့ပါ ဆရာကြီးကျောက်။”
ဆရာကြီးကျောက် အမိန့်ပေးလိုက်သည်နှင့် ထိုသူများမှာ ခြေလှမ်းတောင် မနားရဘဲ ပျာပျာသလဲ သွားရောက်ပြင်ဆင်ကြတော့သည်။ မကြာမီမှာပင် စာရွက်နှင့် ဘောပင်မှာ လုပေါင်ရှေ့သို့ ရောက်လာခဲ့သည်။ ဆရာကြီးကျောက်က ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အခြားလူများကို အပြင်သို့ ထွက်စောင့်ခိုင်းလိုက်သည်။
ဤသည်ကို မြင်မှသာ လုပေါင်က ကျေနပ်သွားပြီး စနစ် က သူ့ကို ဆုလာဘ်အဖြစ် ပေးထားသည့် မျိုးဗီဇမြှင့်တင်ဆေး ဆေးညွှန်းကို စက္ကူပေါ်တွင် စတင်ကူးရေးလိုက်သည်။ ထိုသို့မလုပ်မီ သူ၏ live ခန်းကိုလည်း အရင်ဆုံး ပိတ်လိုက်သည်။
Live ခန်းမှ ပရိသတ်များကလည်း နားလည်ပေးကြသည်။ဤကဲ့သို့ ကမ္ဘာ့အဆင့် လျှို့ဝှက်ချက်မျိုးကို လူအများရှေ့တွင် ချမပြသင့်ကြောင်း သူတို့ သိထားသဖြင့် live ပြန်တက်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြသည်။ သို့သော် မျိုးဗီဇမြှတင်ဆေးတွင် ပါဝင်သည့် ဆေးဖက်ဝင်အပင်များမှာ အလွန်များပြားလှသဖြင့် လုပေါင် ကူးရေးနေရင်း လက်ကောက်ဝတ်ပင် နာလာခဲ့သည်။
နောက်ဆုံးတွင် A4 စက္ကူတစ်ရွက်လုံး အပြည့်အသိပ် ရေးသားပြီးစီးသွားတော့သည်။ လုပေါင်က ဆေးညွှန်းကို ဆရာကြီးကျောက်အား ကမ်းပေးလိုက်သောအခါ ဆရာကြီး၏ လက်များမှာ တုန်ယင်နေခဲ့သည်။ ဆရာကြီးကျောက် တစ်ခုခုဖြစ်သွားမည်ကို လုပေါင်တောင် စိတ်ပူမိသွားသည်။
ဆရာကြီးကျောက်သည် ဆေးညွှန်းကို ရသည်နှင့် လောလောလောလောဖြင့် ဖတ်ကြည့်တော့သည်။ မကြာမီ ဆရာကြီး၏ အမူအရာမှာ အလွန်အမင်း အာရုံစူးစိုက်သွားသည့်ပုံစံ ဖြစ်သွားသည်။ သူက တိုးတိုးလေးလည်း ရေရွတ်နေသည်။
“ဂျင်ဆင်းနဲ့ပိုလီဂိုနတမ်ကို ပေါင်းစပ်ထားတာလား ဒါက ဆေးပညာသဘောတရားတွေနဲ့ မကိုက်ညီဘူးလေ။”
“လိုအပ်တဲ့ သက်တမ်းတွေကလည်း အားလုံးက နှစ်ပေါင်းရာချီ ထောင်ချီတွေပဲ... မစ္စတာလု နေထိုင်တဲ့ ကျွန်းမှာပဲ ဒီလို အဖိုးတန်ဆေးမြစ်တွေကို ရနိုင်မယ်ထင်တယ်။”
“ဒီ နတ်သမီးမျက်ရည် ဆိုတာကတော့... အပြင်လောကမှာ မရှိတော့ဘူး ထင်ပါရဲ့”
ဆရာကြီးကျောက်၏ တိုးတိုးရေရွတ်သံများကို ကြားရသောအခါ လုပေါင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
‘ဆရာကြီးကဒါတွေကို ဘယ်လိုသိနေတာလဲ။သူကရော ငါ့ liveကို နေ့တိုင်း ကြည့်နေတာလား။’
သို့သော်လည်း ဆရာကြီးကျောက်သည် လုပေါင်ပေးသည့် ဆေးညွှန်းကို အဆုံးထိ ဖတ်ပြီးသောအခါ နှမြောတသဖြစ်သည့် အမူအရာ ပေါ်လာသည်။
“နှမြောစရာပဲ။ ဒီဆေးညွှန်းထဲက ဆေးဖက်ဝင်အပင် အများစုဟာ သက်တမ်းနဲ့ ပတ်သက်ပြီး အရမ်းတင်းကျပ်တဲ့ လိုအပ်ချက်တွေ ရှိနေတယ်။ ဒီအဖိုးကြီးရဲ့ အဆက်အသွယ်တွေ အရင်းအမြစ်တွေနဲ့တောင် ဒီထဲက ပါဝင်ပစ္စည်း သုံးပုံတစ်ပုံရအောင် စုဆောင်းဖို့ဆိုတာ မလွယ်ဘူး။”
ဆရာကြီး၏ လေသံမှာ နောင်တများဖြင့် ပြည့်နှက်နေသည်။ လုပေါင်က နှစ်သိမ့်စကား ပြောရန် ပြင်လိုက်သော်လည်း ဆရာကြီးက ဆက်ပြောလာပြန်သည်။
“ဒါပေမဲ့ ဒီဆေးညွှန်းထဲက ဆေးပညာသဘောတရားတွေနဲ့ ပေါင်းစပ်ပုံတွေက ဒီအဖိုးကြီးအတွက် စိတ်ကူးသစ်တွေ အများကြီး ပေးလိုက်ပါတယ်။ မစ္စတာလု... ကျွန်တော် ဒီဆေးညွှန်းကို ယူသွားပြီး လေ့လာလို့ ရမလား။မူလဆေးညွှန်းရဲ့ အာနိသင်အတိုင်း ရအောင် လုပ်နိုင်မယ်လို့တော့ အာမမခံရဲပေမဲ့ ကင်ဆာကျိတ်တွေကို တိုက်ဖျက်နိုင်တဲ့ ဆေးညွှန်းအသစ် အနည်းငယ်ကိုတော့ စမ်းသပ်ဖော်ထုတ်နိုင်မယ်လို့ ထင်တယ်။”
ဤစကားကို ကြားသောအခါ လုပေါင်မှာ ဆွံ့အသွားပြီး ဆရာကြီးကျောက်ကို ဦးချချင်စိတ်ပင် ပေါက်သွားသည်။
“ဟိုး... ဒါကိုမှ ဆရာကြီးလို့ ခေါ်ရမှာ။”
သူကတော့ ဤဆေးညွှန်းကို စနစ်၏ အကူအညီဖြင့်သာ ရခဲ့ခြင်းဖြစ်သည်။ သို့သော် ဆရာကြီးကျောက်မှာမူ ဆေးညွှန်းကို တစ်ချက်ကြည့်ရုံဖြင့် ဆေးပညာသဘောတရားများကို လေ့လာနိုင်စွမ်းရှိသည်။ ဆရာကြီးကျောက်သည် ကြွားဝါတတ်သည့် လူမျိုး မဟုတ်ပေ။ သူက ထိုသို့ပြောသည်ဆိုလျှင် ကျိန်းသေပေါက် ယုံကြည်မှုရှိ၍ ဖြစ်ပေမည်။
ဒါက နတ်ဘုရားလက်တော် တစ်ယောက်ရဲ့ အဆင့်အတန်းပဲလား။အကယ်၍ ဒါက တကယ်သာ ဖြစ်လာခဲ့လျှင် လုပေါင်သည်လည်း နိုင်ငံ၏ ကင်ဆာရောဂါ တိုက်ဖျက်ရေးတွင် ကြီးမားသော အကျိုးပြုမှုတစ်ခု လုပ်ဆောင်ခဲ့သည်ဟု ဆိုရမည်။ live ခန်းထဲမှ ပရိသတ်များမှာလည်း ဆရာကြီးကျောက်၏ စကားကို ကြားသည်နှင့် ဝိုင်းဝန်းချီးမွမ်းကြတော့သည်။
“ဆရာကြီးကျောက်က တကယ်တော်တာပဲကင်ဆာဖြစ်နေတဲ့ ငါ့ဦးလေးကြီးတော့ ဒီတစ်ခါ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိပြီ။”
“ရတနာနတ်ဘုရား ဒီဆေးညွှန်းရဲ့ အာနိသင်က အံ့မခန်းပေမဲ့ သာမန်လူတွေကတော့ ဝယ်နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ဆရာကြီးကျောက်က အရိုးရှင်းဆုံးဗားရှင်းတွေကို ဖော်ထုတ်ပေးနိုင်ရင် လုံးဝပျောက်ကင်းအောင် မလုပ်နိုင်ရင်တောင် အသက်ပိုရှည်အောင် ဒါမှမဟုတ် ဝေဒနာသက်သာအောင် လုပ်ပေးနိုင်မယ်ဆိုရင် သာမန်လူတွေအတွက် တကယ့်ကို ကောင်းချီးတစ်ခုပဲ။”
ကင်ဆာအံ့ဖွယ်ဆေး၏ ပွက်လောရိုက်မှုမှာ ဆရာကြီး ကျောက်ပိုင်းရန်၏ အာမခံချက်ကြောင့် အဆုံးသတ်တွင် တည်ငြိမ်သွားခဲ့သည်။ သို့သော် အင်တာနက်ပေါ်တွင် လူကြိုက်များမှုမှာမူ ဆက်လက်မြင့်တက်နေဆဲပင်။ အဘယ်ကြောင့်ဆိုသော် ကင်ဆာအံ့ဖွယ်ဆေးဟူသော အကြောင်းအရာမှာ အလွန်ပင် အာရုံခံစားလွယ်သော ကိစ္စဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် လူထု၏အမြင်မှာ ယခင်ကထက် များစွာ ကောင်းမွန်လာခဲ့သည်။ အစပိုင်းက တစ်ဖက်သတ် ဆဲဆိုနေကြရာမှ ယခုအခါ လူအများအပြားမှာ မျှော်လင့်ချက်များ ထားလာကြပြီဖြစ်သည်။
“မစ္စတာလု ဒါက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေး ဖုန်းနံပါတ်ပါ။ ဆက်သွယ်ထားကြရအောင်။ ကျွန်တော်ကတော့ ခေါင်းထဲက စိတ်ကူးတွေကို အမြန်ဆုံး စမ်းသပ်ဖို့ ပြန်ရဦးမယ် ဒီမှာ ကြာကြာမနေတော့ဘူး။ အချိန်ရရင် ပေကျင်းကို လာလည်ဖို့ မမေ့နဲ့ဦး။”
ဆရာကြီးကျောက်သည် လုပေါင်ကို သူ၏ ကိုယ်ပိုင်ဖုန်းနံပါတ်ကို ပေးပြီးနောက် အလျင်အမြန် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။ အပြင်က ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ဝင်များသာ ဤမြင်ကွင်းကို မြင်လျှင် ဘယ်နှစ်ယောက်များ မနာလိုဖြစ်သွားမည်လဲ မသိပေ။ ဆရာကြီးကျောက်၏ ကိုယ်ပိုင်နံပါတ်ကို ရဖို့ဆိုသည်မှာ သူတို့အတွက်တော့ အိပ်မက်ပင် မမက်ရဲသည့် အရာပင်ဖြစ်သည်။
မကြာမီ လုပေါင်ထံသို့ လုလင်းဟွာဆီမှ ဖုန်းဝင်လာသည်။
“ရတနာနတ်ဘုရား။ပေါက်ကွဲကုန်ပြီ၊ အားလုံး ပေါက်ကွဲကုန်ပြီ။အခု အင်တာနက်တစ်ခုလုံး ခင်ဗျားရဲ့ ကင်ဆာဆေးအကြောင်းပဲ ပြောနေကြတာ။ မီဒီယာတွေ အများကြီးက ခင်ဗျားကို အင်တာဗျူးချင်လို့ ကျွန်တော်တို့ဆီ ဆက်သွယ်နေကြတယ်။ ဘယ်လို စီစဉ်ပေးရမလဲ။”
လုပေါင်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“အားလုံးကို ငြင်းလိုက်ပါ။”
လုပေါင်သည် မီဒီယာအင်တာဗျူးများကို လက်ခံမည်မဟုတ်ပေ။ သူက တိတ်တဆိတ်နှင့် အေးအေးဆေးဆေး ပိုက်ဆံရှာချင်ရုံသာဖြစ်သည်။ လုလင်းဟွာကလည်း လုပေါင်၏ တုံ့ပြန်မှုကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်၍ ဆက်ပြောသည်။
“ကျွန်တော့် သူငယ်ချင်းတချို့ဆီကလည်း တောင်းဆိုမှုတွေ ရထားတယ်။ ခင်ဗျားရဲ့ ကင်ဆာဆေးအတွက် ဈေးနှုန်းတစ်ခု သတ်မှတ်ပေးလို့ ရမလား။”
လုပေါင်သည် လုလင်းဟွာ ဤသို့ပြောလာမည်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ လုလင်းဟွာမှာ ချမ်းသာသည့်စာရင်းဝင် တစ်ယောက်ဖြစ်ရာ သူ၏ သူငယ်ချင်းများမှာလည်း သာမန်လူများ ဖြစ်နိုင်ပါမည်လား။
အတည့်ပြောရလျှင် သူတို့အားလုံးမှာ သိုးကောင်ကြီးတွေ အဲ... မဟုတ်ပါဘူး အရေးကြီးသော ဖောက်သည်ကြီးများ ဖြစ်ကြသည်။
“ဥက္ကဋ္ဌလု ကျွန်တော် မမှားဘူးဆိုရင် ခင်ဗျားရဲ့ အဲဒီသူငယ်ချင်းတွေက ကျန်းမာရေး သိပ်မကောင်းကြဘူး မဟုတ်လား။”
“ဟဲဟဲ... ရတနာနတ်ဘုရား ခင်ဗျားကို ဘာမှ ဖုံးကွယ်လို့ မရဘူးပဲ။ အဲဒီထဲမှာ ဆေးဝါးကုမ္ပဏီက သူငယ်ချင်းတချို့လည်း ပါပါတယ်။ ခင်ဗျား ဘယ်လိုထင်လဲ စဉ်းစားပေးလို့ ရမလား။”