အခန်း (၁၉၇-၁၉၈)
Vol. 20 Ch. 197-198
အခန်း ၁၉၇- မိန်းကလေးအဖွဲ့နှင့် အသံအနိမ့်အမြင့် အာရုံခံနိုင်စွမ်း။
တစ်ဖက်လူက အစီအစဉ်ဆွဲပြီးမှ လာခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။သို့သော် လုပေါင်ကမူ ထိုအရာများကို အနည်းငယ်မျှ ဂရုမစိုက်ပေ။ အိမ်ငှားခကိစ္စသာ မဟုတ်ပါလား။ သူ တကယ်ကို စိတ်မရှိပါ။ သူက လက်ကို ခပ်ရဲရဲ ဝေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။
“ဒီလိုလုပ်ရအောင် အိမ်ငှားခကို ငါးဆယ်ရာခိုင်နှုန်း တိတိ လျှော့ပေးမယ် ဘယ်လိုလဲ။”
ဤစကားကို ကြားသည်နှင့် တစ်ဖက်လူမှာ ချက်ချင်းပင် ကျေနပ်သွားတော့သည်။ သူတို့သည် လုပေါင်နှင့်အတူ စာချုပ်ကို ချက်ချင်းပင် ချုပ်ဆိုလိုက်ကြသည်။ ဝိုင်ချက်စက်ရုံမှ ထွက်လာပြီးနောက် စာချုပ်ချုပ်ဆိုခဲ့သူတစ်ဦးက သံသယဖြင့် မေးလာသည်။
“ဒီမြေကွက်မှာ ပိုးမွှားတွေ မြွေတွေနဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ရှိတယ်လို့ ကြားဖူးတယ်။ ငါတို့ အစီအစဉ်မှာ ပါဝင်မယ့်သူတွေက မိန်းကလေးငယ်လေးတွေချည်းပဲ။ ဘာမှ ပြဿနာမရှိနိုင်ဘူး မဟုတ်လား။”
“ဘာဖြစ်မှာလဲ အဲဒီကလေးမလေးတွေကို စိတ်ပူနေမယ့်အစား ငါတို့ အစီအစဉ်ရဲ့ ဘတ်ဂျက်ကိုပဲ ပိုစိတ်ပူစမ်းပါ။”
ထိုစကားကို ကြားသောအခါ ထိုသူမှာ နှုတ်ဆိတ်သွားတော့သည်။ တစ်ဖက်တွင်မူ လုပေါင်မှာ အမှတ် (၂) မြေကွက်ရှိ ဗီလာ ထက်ဝက်ကျော်ကို ရိုက်ကူးရေးအဖွဲ့ထံ ငှားလိုက်ရသဖြင့် စိတ်အခြေအနေ အလွန်ကောင်းနေသည်။ အံ့အားသင့်စရာ သတင်းကောင်းများမှာလည်း တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့သည်။
“ဂုဏ်ယူပါတယ် မစ်ရှင်ရဲ့ လိုအပ်ချက် ထက်ဝက်ကို ပြည့်မီသွားပါပြီ။”
“အပိုဆုလာဘ်-အသံအနိမ့်အမြင့် အာရုံခံနိုင်စွမ်း ကို ရရှိပါပြီ။”
စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသောအခါ လုပေါင် ခဏတာ ကြောင်သွားသည်။
“အသံအနိမ့်အမြင့် အာရုံခံနိုင်စွမ်း”
စနစ်က ယခုတစ်ကြိမ်တွင် ကပ်စေးမနှဲတော့ပေ။လွန်ခဲ့သည့်အကြိမ်က သားရဲကြီးနှင့် ရင်ဆိုင်စဉ်က ဆုလာဘ်မပေးဘဲ မစ်ရှင်တစ်ခုကို အဓမ္မခိုင်းစေခဲ့သဖြင့် ယခုမှ နောင်တရပြီး အပိုဆုလာဘ်တစ်ခု ပေးခြင်းဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။ သို့သော်လည်း ဤ အသံအနိမ့်အမြင့် အာရုံခံနိုင်စွမ်း ဆိုသည့်အရာက ဘာအတွက် အသုံးဝင်မည်ကို လုပေါင် မသိပေ။ သူကဲ့သို့ အပြင်ထွက်ပြီး live လွှင့်သူတစ်ယောက်အတွက် ဤအရာက ဘာလုပ်ဖို့နည်း။
သို့သော်လည်း လုပေါင်က သူ၏ အချက်အလက် ကို စစ်ဆေးလိုက်သည်။ ထင်သည့်အတိုင်းပင် နတ်ဘုရားအသံ၏ နောက်ကွယ်တွင် အသံအနိမ့်အမြင့် အာရုံခံနိုင်စွမ်းဆိုသည့် စကားလုံး ပေါ်နေသည်။ ဤအရာသည် နတ်ဘုရားအသံစွမ်းရည်အောက်မှ ခွဲထွက်လာသည့် စွမ်းရည်တစ်ခု ဖြစ်ပုံရသည်။
“နောက်ကျရင် တခြား ရှုပ်ရှုပ်ယှက်ယှက် အသုံးမဝင်တဲ့ စွမ်းရည်တွေ ထပ်မပေးပါနဲ့။”
လုပေါင် တစ်ယောက်တည်း ရေရွတ်နေစဉ်မှာပင် ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့ ရောက်လာကြသည်။ သူတို့နှစ်ဦးက အိမ်ပြန်ချင်သည့်အကြောင်း ပြောပြသောအခါ လုပေါင်က သဘောကောင်းစွာဖြင့် ထောက်ခံပေးလိုက်သည်။ အဆုံးတွင်တော့... ထိုနှစ်ဦးမှာ နဂါးဧရာကျွန်းပေါ်တွင် သုံးနှစ်တိုင်တိုင် ကြောက်လန့်တကြား နေထိုင်ခဲ့ရသူများဖြစ်သည်။ ကုန်းမကြီးပေါ် ပြန်ရောက်လာသည့်အချိန်တွင် သူတို့ အလွမ်းဆုံးသူမှာ မိသားစုဝင်များသာ ဖြစ်ပေလိမ့်မည်။
ထို့အပြင် လုပေါင်အနေဖြင့် သူတို့ကို ဆက်ထားရန် အကြောင်းပြချက်လည်း မရှိပေ။ ထို့ကြောင့် သူက လေယာဉ်လက်မှတ်များကို ရက်ရက်ရောရော ဝယ်ပေးလိုက်ပြီး လေဆိပ်အထိ ကိုယ်တိုင်လိုက်ပို့ကာ အလုပ်တာဝန် တစ်ခုလုံးကို အဆုံးသတ်လိုက်တော့သည်။ သို့သော် လမ်းခွဲမည့်အချိန်တွင် ထိုအမျိုးသမီးနှစ်ဦး၏ မျက်လုံးထဲ၌ တွန့်ဆုတ်နေသည့် အရိပ်အယောင်များကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။
“ငါ့စိတ်ထင်လို့ပဲ ဖြစ်မှာပါလေ။”
စာချုပ်ချုပ်ဆိုပြီး နောက်တစ်နေ့မှာပင် ထိုမိန်းကလေးအဖွဲ့ ရွေးချယ်ရေး အစီအစဉ်၏ ရိုက်ကူးရေးအဖွဲ့မှာ အမှတ် (၂) မြေကွက်ရှိ ဗီလာများထဲသို့ စတင်ပြောင်းရွှေ့လာကြသည်။ ကံကောင်းသည်မှာ စုန့်ခွန်လင်းသည် ဈေးကောင်းရရန်အတွက် ထိုဗီလာများကို အဆင့်မြင့်ပြင်ဆင်ထားခဲ့သဖြင့် ချက်ချင်း တက်နေနိုင်သည့် အခြေအနေရှိနေသည်။
ယခုအခါ လုပေါင် သိလိုက်ရသည်မှာ ဤအစီအစဉ်၏ အဓိက ပစ်မှတ်မှာ အိုင်ဒေါ ကို ရူးသွပ်ကြသည့် မိန်းကလေးများနှင့် အိမ်ထဲမှာပဲ နေတတ်သူများအတွက် ဖြစ်သည်။ ရည်ရွယ်ချက်မှာ နိုင်ငံအဆင့် မိန်းကလေးအဖွဲ့တစ်ခုကို ရွေးချယ်ရန်ဖြစ်သည်။
အစောပိုင်းကာလများတွင် လူအမြောက်အမြားကို အင်တာဗျူးခြင်းနှင့် လူရွေးပွဲ များ ပြုလုပ်မည်ဖြစ်သည်။ သို့သော်လည်း အစောပိုင်း ရိုက်ကူးရေးများမှာ ပြီးစီးသွားပြီဖြစ်၍ နောက်ထပ် နှစ်ရက် သုံးရက်အတွင်း အစီအစဉ်ကို တရားဝင် ထုတ်လွှင့်နိုင်မည်ဟု ခန့်မှန်းရသည်။ အမှတ် (၂) မြေကွက်၌ ရိုက်ကူးမည့် အပိုင်းမှာ အဓိက ယှဉ်ပြိုင်မှု အဆင့်ဖြစ်သည်။
လူရွေးပွဲမှ ရွေးချယ်ခံရသည့် မိန်းကလေး (၁၀၀) ကျော်သည် အဆင့်ဆင့် ယှဉ်ပြိုင်ကြပြီး နောက်ဆုံးတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရရန် ကြိုးစားကြရမည်ဖြစ်သည်။ ဘာမှ မထူးခြားလျှင်တော့ နောက်ဆက်တွဲ ရိုက်ကူးရေး အားလုံးသည် ဤအမှတ် (၂) မြေကွက်၌ပင် ဖြစ်လာပေလိမ့်မည်။အိမ်ငှားခကလည်း အလွန်ချိုသာနေသည် မဟုတ်ပါလား။ ဤမျှ ဈေးသက်သာသည့် နေရာမျိုးကို ရှာရန် မလွယ်ပေ။
လုပေါင်မှာလည်း ကျေနပ်နေသည်။ သူက အွန်လိုင်းတွင် ဤအစီအစဉ်၏ ရေပန်းစားမှုကို စစ်ဆေးကြည့်ရာ အလွန်ပင် ဟိုးလေးတကျော်ကျော် ဖြစ်နေသည်။
“ဒီတစ်ခါတော့ တကယ် ကံကောင်းတာပဲ။ စနစ်ကပေးတဲ့ မစ်ရှင်က သိပ်မခက်ဘူးထင်တယ်။ ဒီအစီအစဉ်က ရေပန်းစားနေသရွေ့ ငါ့ရဲ့ အမှတ် (၂) မြေကွက်ကလည်း နာမည်ကြီးလာမှာပဲ မဟုတ်လား။အနုပညာရှင်တွေရဲ့ သက်ရောက်မှုက နောက်ပြောင်စရာ မဟုတ်ဘူးပဲ။”
ထိုသို့တွေးပြီး လုပေါင်က တင်လင်းကို ဆောက်လုပ်ရေးအဖွဲ့ တစ်ဖွဲ့ ရှာခိုင်းလိုက်သည်။ ကျီးသုံးထောင် စိုက်ပျိုးရေးစခန်း လေလွင့် ခွေးနှင့်ကြောင် ဂေဟာစသည့် ကြော်ငြာဆိုင်းဘုတ် အားလုံးကို ဖြုတ်ချခိုင်းလိုက်သည်။ ထို့အပြင် ငွေအမြောက်အမြား အသုံးပြုကာ သန့်ရှင်းရေးကုမ္ပဏီတစ်ခုကို ငှားရမ်းပြီး အမှတ် (၁) နှင့် အမှတ် (၂) မြေကွက်တစ်ခုလုံးကို အစအဆုံး သန့်ရှင်းရေး လုပ်ခိုင်းလိုက်သည်။ ကမ်းခြေတွင် အမှိုက်စတစ်ခုပင် မကျန်အောင် လုပ်လိုက်ခြင်းဖြစ်သည်။
ရွှေရောင်ကမ်းခြေ၏ တန်ဖိုးအရှိဆုံး မြေကွက်သည် ၎င်း၏ တက်ကြွမှုကို ပြန်လည်ရရှိလာခဲ့သည်။ရိုက်ကူးရေးအဖွဲ့သားများပင် အံ့သြသွားကြရပြီး သူတို့ တကယ့်ကို ဈေးပေါပေါနှင့် အမြတ်ထွက်သွားကြောင်း သိလိုက်ရသည်။
ထို့နောက် လုပေါင်သည် အနားယူရန် အိမ်သို့ ပြန်လာခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ မိဘများမှာ သူ ကျွန်းပေါ်တွင် ပျောက်ကွယ်သွားသည့် နှစ်လတာအတွင်း ဘာတွေလုပ်နေခဲ့သည်ကို အနည်းငယ်မျှ စိတ်မဝင်စားကြပေ။
“အို... ငါ့ရဲ့ ဒါပေါင် နဲ့ ဟေးမီ လေး နင်တို့ နှစ်ကောင် ဘယ်လိုဖြစ်လို့ အဲဒီလောက် မည်းသွားရတာလဲ နင်... ငါ့ရဲ့ ရတနာလေးနှစ်ကောင်ကို ဘာတွေ သွားခိုင်းလိုက်တာလဲ။”
ကျန်းရွှယ်ချင်က သူမ၏ သားအရင်းထက် ခွေးနှစ်ကောင်ကို ပိုဂရုစိုက်နေသည်ကို မြင်သောအခါ လုပေါင်မှာ အားကိုးရာမဲ့သွားရသည်။
‘တကယ်ပါပဲ သားတစ်ယောက်ရဲ့ တန်ဖိုးက ခွေးတစ်ကောင်လောက်တောင် မရှိဘူးပဲ။’
လုပိုင်ဟောက်ကမူ လုပေါင်ကို မြင်သောအခါ အင်း ဟု တစ်ခွန်းသာ ပြောပြီး သတင်းစာကို ဆက်ဖတ်နေတော့သည်။ ကံကောင်းသည်မှာ လုပေါင်သည် ဤအခြေအနေကို နေသားကျနေပြီ ဖြစ်သည်။ သူက အခန်းထဲ ပြန်ဝင်ပြီး သက်သောင့်သက်သာ အနားယူလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် လုပေါင်ကlive ပလက်ဖောင်းပေါ်သို့ တက်ကာ ပရိသတ်များကို အသိပေးရန် မမေ့ခဲ့ပေ။
“ညီအစ်ကိုတို့ ကျွန်တော် နှစ်လလုံးလုံး အပြင်းအထန် live လွှင့်ခဲ့တာဆိုတော့ ရက်အနည်းငယ်လောက် အရင် အနားယူလိုက်ဦးမယ်။”
သူက အနားယူနေသော်လည်း ပရိသတ်များကမူ မနားကြပေ။ ယခင်က သူ့ကို စွပ်စွဲတိုက်ခိုက်ခဲ့သည့် အကောင့်များအားလုံးမှာ လုပေါင်၏ ပရိသတ်များ၏ ခြေရာခံခြင်းကို ခံခဲ့ရပြီး အရှက်ခွဲခံခဲ့ရသည်။ ယခင်က အလိမ်ဖော်ဘုရင်ဆိုသူမှာ ယခုအခါ ရှာ၍ပင် မရတော့ဘဲ အကောင့်ကို ဖျက်သွားခဲ့ပြီဖြစ်သည်။
လုပေါင်၏ ပို့စ်အောက်တွင်လည်း မှတ်ချက်များစွာ ချက်ချင်း ရောက်လာခဲ့သည်။
“ရတနာနတ်ဘုရား မရှိရင် စိတ်မကောင်းပေမဲ့ ပြီးခဲ့တဲ့ရက်တွေက တကယ်ကို လမ်းကြမ်းခဲ့တာဆိုတော့ အနားယူသင့်ပါတယ်။ ကျွန်တော်တို့ကတော့ ပြီးခဲ့တဲ့ နှစ်ရက်လုံး ဟိတ်တာ တွေရဲ့ မျက်နှာကို ဖြတ်ရိုက်နေရတာနဲ့တင် ပျော်နေပါပြီ။”
“ရတနာနတ်ဘုရား... ခင်ဗျားမရှိရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ။”
“ကောင်းကောင်း အနားယူပါ ပြီးရင် ကျွန်တော်တို့အတွက် ရင်ခုန်စရာတွေ ယူဆောင်ပြီး စောစောပြန်လာပါ။”
မှတ်ချက်များကို ခေတ္တကြည့်ပြီးနောက် လုပေါင်က ဖုန်းကို ချလိုက်ကာ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။ သူသည် ရေချိုးနေစဉ် သီချင်းနားထောင်တတ်သည့် အလေ့အကျင့်ရှိပြီး ယနေ့တွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သို့သော် ဖုန်းမှလာသည့် သီချင်းကို လိုက်ညည်းမိသောအခါ လုပေါင် ထူးဆန်းသောအရာတစ်ခုကို သတိထားမိလိုက်သည်။
“ဟာ... ငါ့အသံက။”
နတ်ဘုရားအသံ စွမ်းရည်ကို ရကတည်းက လုပေါင်သည် သူ၏အသံကို စိတ်ကြိုက် ပြောင်းလဲနိုင်သည်ကို နေသားကျနေပြီဖြစ်သည်။ သို့သော် သူ၏ မွေးရာပါ အသံမမှန်သည့် ပြဿနာမှာ ရှိနေဆဲပင်။ သူသည် ရိုးရှင်းသည့် သီချင်းလေးများကိုသာ အသံမလွဲအောင် ညည်းနိုင်ခဲ့သည်။
သို့သော် ယနေ့တွင်မူ သူ ညည်းနေသည့် အသံမှာ ဖုန်းထဲမှ သီချင်းသံနှင့် တစ်ထပ်တည်း ကျနေသည်ဟု ခံစားလိုက်ရသည်။
စနစ်ကပေးသည့် အပိုဆုလာဘ်ကို လုပေါင် ရုတ်တရက် သတိရသွားတော့သည်။
အခန်း ၁၉၈ - နံပါတ် ၁၁ လုမင်ယောင်။
လုပေါင်သည် အခြားသော သီချင်းအချို့ကို ပြောင်းလဲသီဆိုကြည့်ရာတွင်လည်း တစ်ကြိမ်မျှ နားထောင်ရုံဖြင့် သီချင်းတစ်ပုဒ်လုံး၏ အနိမ့်အမြင့်အတိုင်း အမှားအယွင်းမရှိ တိကျစွာ လိုက်ပါသီဆိုနိုင်သည်ကို တွေ့ရှိရ၏။ လုပေါင်၏ နတ်ဘုရားအသံနှင့် ပေါင်းစပ်လိုက်သောအခါ ထွက်ပေါ်လာသော အသံမှာ စီဒီစက်မှ ထွက်ပေါ်လာသော အသံကဲ့သို့ပင် ပြည့်စုံလွန်းလှပေသည်။
ယင်းအချက်မှာ လုပေါင်အတွက် အလွန်စိတ်ဝင်စားဖွယ် ကောင်းလှသော်လည်း ဤမျှသာ ဖြစ်ချေသည်။ အကြောင်းမှာ သူသည် ဤအတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုမည့်သူမဟုတ်သောကြောင့် ဖြစ်၏။ရေချိုးပြီးနောက်တွင် လုပေါင်သည် ထိုကိစ္စကို အလေးမထားတော့ဘဲ အိပ်ခန်းအတွင်းသို့ဝင်ကာ နှစ်ခြိုက်စွာ အိပ်စက်လေတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် ခန့်မှန်းထားသည့်အတိုင်းပင် မနက်စာ ပြင်ဆင်ထားခြင်း မရှိသဖြင့် လုပေါင်သည် အပြင်သို့ထွက်ကာ အလွယ်တကူပင် ဝယ်ယူစားသောက်လိုက်ရ၏။
“ကားမရှိတာ တကယ်ပဲ အဆင်မပြေဘူးနောက်တစ်စီးလောက် ဝယ်ဖို့ အချိန်တန်ပြီ။”
လုပေါင်သည် မိမိဘာသာ ရေရွတ်ရင်း ထိုအစီအစဉ်ကို လုပ်ဆောင်ရမည့် စာရင်းတွင် ထည့်သွင်းလိုက်သည်။ယခုအခါ လုပေါင်သည် ကြွယ်ဝချမ်းသာပြီး ဩဇာတိက္ကမနှင့် ပြည့်စုံသူတစ်ဦး ဖြစ်လာပြီဖြစ်ရာ ဇိမ်ခံကားများ ရှိထားသင့်သည်မှာ သဘာဝပင် ဖြစ်ပေသည်။ သူသည် တင်းလင်ထံသို့ တိုက်ရိုက်ဖုန်းဆက်ကာ ကားဝယ်ယူရေးကိစ္စကို လွှဲအပ်လိုက်၏။ ယခုအခါ တင်းလင်သည် လုပေါင်၏ မြေကွက်နှစ်ကွက်ရှိ ကိစ္စအဝဝကို စီမံပေးရရုံသာမက ကိုယ်ရေးကိုယ်တာ အတွင်းရေးမှူးတစ်ဦးသဖွယ် ဖြစ်နေချေပြီ။
လုပေါင်ကိုယ်တိုင်မူ ရွှေရောင်ကမ်းခြေ ရှိ သူ၏မြေကွက်သို့ သွားရောက်ကြည့်ရှုရန် ပြင်ဆင်လေသည်။ မြေကွက်အမှတ် (၂) ပေါ်ရှိ ဗီလာအိမ်ရာ တစ်ဝက်ကျော်ကို အငှားချထားပြီး ဖြစ်သော်လည်း မူလမြေကွက်အမှတ် (၁) အတွက်မူ မည်သည့်အစီအစဉ်မျှ မရှိသေးပေ။ လမ်းဘေး တိရစ္ဆာန်ဂေဟာတစ်ခုကိုမူ အမှန်တကယ် တည်ထောင်၍ မရနိုင်ချေ။
ရွေရောင်ကမ်းခြေ သို့ ရောက်ရှိသောအခါ လုပေါင်သည် ကမ်းခြေတစ်လျှောက် တစ်ကိုယ်တည်း လမ်းလျှောက်နေခဲ့၏။
“ရှုခင်းက သာယာလှတာကြောင့် ခရီးသွားလုပ်ငန်းအတွက် စဉ်းစားလို့ရတယ်။”
“ပြီးတော့ အနောက်ဘက်က ဝိုင်ချက်စက်ရုံကိုလည်း ပစ်ထားစရာမလိုဘူး အကယ်၍ ခရီးသွားလုပ်ငန်းသာ အောင်မြင်လာမယ်ဆိုရင် ဝိုင်ရောင်းချဖို့က ပြဿနာမရှိနိုင်ဘူး။”
လမ်းလျှောက်နေစဉ်အတွင်း လုပေါင်၏ ဉာဏ်ထဲတွင် အကြံဉာဏ်သစ်များ တဖွဲဖွဲ ပေါ်ပေါက်လာ၏။ မကြာမီတွင် လုပေါင်သည် မြေကွက်အမှတ် (၁) ၏ တိုးတက်လာမည့် အလားအလာများအပေါ် အလွန်ပင် အကောင်းမြင်လာမိတော့သည်။
မိမိ၏ ပါရမီကို မိမိဘာသာ ကျေနပ်နေစဉ်မှာပင် ရှေ့နားတွင် လူရိပ်တစ်ခု ရှိနေသည်ကို လုပေါင် သတိပြုမိလိုက်၏။
“အလင်းရောင်ရှိရာဆီ မျက်နှာမူရင်း.... နင့်ကိုမေ့ပစ်ဖို့ ကြိုးစားတယ်.....အတိတ်က အမှတ်တရတွေဟာ ငါ့ရဲ့ ခေါင်းမာတဲ့ မာနတွေကြားမှာ ပြိုကွဲပျက်စီးလို့....”
ကျောပေးထားသော ပုံသဏ္ဌာန်ကို ကြည့်ရုံမျှဖြင့် တက်ကြွလန်းဆန်းသော မိန်းကလေးတစ်ဦးဖြစ်ကြောင်း သိသာလှပေသည်။ စကတ်တို ဒူးအထက်အထိ ရှည်သော ခြေအိတ်များနှင့် တောက်ပြောင်နေသော ဖိနပ်များမှာ အသေးစိတ်ကအစ ပြည့်စုံလွန်းလှ၏။ ချောမွေ့သော ဆံနွယ်ရှည်များမှာ ပုခုံးပေါ်တွင် ဝဲကျနေပြီး ပင်လယ်လေနှင့်အတူ လွင့်ပါးလာသော ပန်းရနံ့သင်းသင်းကိုပါ ရရှိစေပေသည်။
ယင်းနှင့် နှိုင်းယှဉ်ပါက ညှပ်ဖိနပ်နှင့် ဘောင်းဘီတို ဝတ်ဆင်ထားသော လုပေါင်၏ ပုံစံမှာ ဖရိုဖရဲ ဖြစ်နေသည်ဟုသာ ဆိုရမည်ဖြစ်၏။
သူမသည် သီချင်းလေ့ကျင့်နေခြင်း ဖြစ်သော်လည်း သီဆိုပုံမှာ ဖော်ပြရန် ခက်ခဲလွန်းလှပေသည်။ အကယ်၍ အရင်က အသံမမှန်ခဲ့သော လုပေါင်၏ စံနှုန်းနှင့် တိုင်းတာမည်ဆိုပါက သူမသည် သူ့ထက် အများကြီး သာလွန်ပေသည်။ သို့သော် ယခုအခါ လုပေါင်၌ စွမ်းရည်များ ရှိနေချေပြီ။
ထိုနှစ်ကြောင်းကို ကြားလိုက်ရုံမျှဖြင့် သူမ၏ အမှားများကို လုပေါင် သိရှိလိုက်၏။ အသံအနိမ့်အမြင့် ပြဿနာများကို ထားပါဦး။အဓိကမှာ ခံစားချက်သက်သက်သာ ဖြစ်နေပြီး နည်းစနစ် လုံးဝမရှိခြင်းပင် ဖြစ်ပေသည်။ ပွင့်ပွင့်လင်းလင်း ဆိုရသော် သူမ၏သီဆိုမှုကို နားထောင်ရသည်မှာ စိတ်ထဲတွင် အဆင်မပြေလှချေ။ သို့သော် ဤသည်မှာ လုပေါင်နှင့် မသက်ဆိုင်တော့သဖြင့် သူသည် ခပ်တည်တည်နှင့် လစ်ထွက်ရန် ကြံစည်နေစဉ်မှာပင် သူမက လှည့်ကြည့်လိုက်သဖြင့် ဆုံမိသွားကြလေတော့သည်။
နှစ်ဦးသား တစ်ပြိုင်နက်တည်း လန့်သွားကြပြီး မျက်နှာတွင် အနည်းငယ် အနေရခက်သော ပုံစံများ ဖြစ်သွားကြ၏။
“တောင်းပန်ပါတယ် ဒီမှာ လူရှိနေမယ်လို့ ကျွန်မ မထင်ထားလို့ပါ။ နံနက်စောစော လူရှင်းနေတာ မြင်လို့ ပြေးလာမိတာပါ။ အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါရှင်။”
သူမက ဦးညွှတ်ကာ တောင်းပန်နေစဉ်အတွင်း လုပေါင်သည် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း သိရှိလိုက်ရပေသည်။
“နံပါတ် ၁၁၊ လုမင်ယောင်။”
သူမသည် ငါနှင့် မျိုးရိုးနာမည်ပင် တူနေပါလားဟု လုပေါင် တွေးမိ၏။ လုမင်ယောင်မှာ သူမ၏ အမည်ဖြစ်ပြီး သူမတွင် ဆွဲထားသော နာမည်ကတ်ပြားကို ကြည့်ရုံမျှဖြင့် အနီးရှိ စွမ်းရည်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ကြောင်း လုပေါင် ချက်ချင်း သိလိုက်ပေသည်။ ထိုမိန်းကလေးမှာ အလွန်ယဉ်ကျေးပြီး ချက်ချင်းပင် ဦးညွှတ်တောင်းပန်နေသဖြင့် လုပေါင်မှာ မည်သို့တုံ့ပြန်ရမည်ကိုပင် ဝေခွဲမရ ဖြစ်သွားရ၏။
အမှန်စင်စစ် သူသည် ရိုက်ကူးရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုစဉ်က စနစ်၏ တာဝန်ကို အမြန်ဆုံး ပြီးမြောက်စေရန် မြေကွက်အမှတ် (၁) ရှိ ကမ်းခြေကို အသုံးပြုလိုက အသုံးပြုနိုင်ကြောင်း ခွင့်ပြုထားခဲ့ခြင်း ဖြစ်ပေသည်။
“မင်း သီချင်းဆိုတာ ကောင်းပါတယ် ဆက်ပြီး ကြိုးစားပါ။”
နေရခက်နေသော လုပေါင်သည် ဘာပြောရမှန်း မသိသဖြင့် စိတ်ထဲရှိရာကိုသာ ပြောလိုက်မိ၏။ သို့သော် ထိုစကားတစ်ခွန်းက လုမင်ယောင်၏ မျက်လုံးများကို နီမြန်းလာစေပြီး မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာစေမည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ပေ။
မိန်းကလေး၏ မျက်နှာမှာ လှပပြီး မိတ်ကပ်များကြောင့် ပိုမိုတင့်တယ်နေသဖြင့် သူမ ငိုကြွေးနေပုံမှာ မိုးထဲက ပန်းလေးတစ်ပွင့်ကဲ့သို့ သနားစရာ ကောင်းလှပေသည်။ ခဏချင်းတွင် လုပေါင်သည် ပိုမို၍ပင် ဘာလုပ်ရမှန်း မသိဖြစ်သွားရ၏။
“အဆင်ပြေရဲ့လား ငါ တစ်ခုခု မှားပြောမိလို့လား။”
လုပေါင်က အသာအယာ မေးမြန်းကြည့်လိုက်၏။ သို့သော် လုမင်ယောင်သည် မျက်ရည်များကို အမြန်သုတ်ကာ လုပေါင်အား ပြန်လည် ပြောကြားလေသည်။
“ရှင် ကျွန်မကို အားပေးဖို့ မလိုပါဘူး။ ကျွန်မရဲ့ အသံက တခြားသူတွေနဲ့ မယှဉ်နိုင်ဘူးဆိုတာ သိပါတယ်။ ကျွန်မ သီချင်းဆိုတာကို အသေအချာ မသင်ယူခဲ့ဖူးပါဘူး။ လူရွေးပွဲ အောင်မြင်ခဲ့တာကိုက ကံကောင်းလို့ပါ။ ဒါပေမဲ့ အဆင့်သတ်မှတ်ပွဲက မကြာခင် လာတော့မှာ ။ အကယ်၍ ဒီသီချင်းကို သေချာ မလေ့ကျင့်နိုင်ရင် ကျွန်မ ထွက်သွားရတော့မှာပါ။”
လုမင်ယောင်၏ စကားကို ကြားရသောအခါ လုပေါင်၏ မျက်နှာမှာ အနေရခက်သော ပုံစံမျိုး ဖြစ်သွားရ၏။ ဤသည်မှာ အမှန်တကယ်ပင် သူ၏အမှား ဖြစ်ပေသည်။
သူတို့သည် သူ၏မြေကွက်အမှတ် (၂) ရှိ ဗီလာများကို ငှားရမ်းထားခြင်းကြောင့် ဤပြိုင်ပွဲအကြောင်းကို လုပေါင် အနည်းငယ် သိရှိထားခြင်း ဖြစ်၏။ လူရွေးပွဲအောင်မြင်သော ပြိုင်ပွဲဝင်တိုင်းသည် ပထမဆုံး စိန်ခေါ်မှုဖြစ်သော အဆင့်သတ်မှတ်ခြင်း နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သူတို့အား ကကွက် သီဆိုမှုနှင့် အခြားသော အရည်အချင်းများအပေါ် အမှတ်ပေးမည် ဖြစ်သော်လည်း လုမင်ယောင်မှာမူ သူမ၏ ဂီတစွမ်းရည်အပေါ် လုံးဝ ယုံကြည်မှု မရှိသည်မှာ သိသာလှပေသည်။
“မငိုပါနဲ့တော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရှိတယ်ဆိုတာ သိနေတာကလည်း ကောင်းတဲ့အချက်ပါ။”
ဤကဲ့သို့ ဒဲ့တိုးပြောဆိုလိုက်သော စကား ထွက်သွားပြီးနောက်တွင် အခြေအနေ မဟန်တော့ကြောင်း လုပေါင် သိရှိလိုက်၏။ ထင်မှတ်ထားသည့်အတိုင်းပင် မျက်ရည်စဲသွားသော လုမင်ယောင်မှာ မျက်လှည့်ပြလိုက်သကဲ့သို့ပင် ပြန်လည် ငိုကြွေးလေတော့သည်။
ယခုအခါ လုပေါင်သည် မိမိ၏ ပါးစပ်ကိုပင် မိမိ မုန်းတီးလာမိ၏။ အဘယ်ကြောင့် စိတ်ထဲရှိရာကို လျှောက်ပြောနေမိပါသနည်း။ လုမင်ယောင်သည် သူ၏စကားကြောင့် စိတ်ဓာတ်ကျနေသည်ကို မြင်ရသောအခါ လုပေါင်မှာ အားနာသွားသဖြင့် ခေါင်းကို ကုတ်လျက် အမြန်ပင် ပြောလိုက်ရ၏။
“မင်း ဆိုတာ မကောင်းဘူးဆိုရင်လည်း လေ့ကျင့်လို့ရတာပဲ အဆိုးဆုံးဖြစ်ရင်တော့ ငါပဲ မင်းကို သင်ပေးပါ့မယ်။”
လုပေါင် ထိုသို့ပြောလိုက်သောအခါ ပထမပိုင်းမှာ ဒဲ့တိုးကြီး ဖြစ်နေသော်လည်း ဒုတိယပိုင်းတွင်မူ လုမင်ယောင်ကို ချက်ချင်း ငိုတာရပ်သွားစေ၏။ သူမသည် ဝိုင်းစက်သော မျက်လုံးများဖြင့် လုပေါင်ကို သံသယဖြစ်သကဲ့သို့ ကြည့်ရှုရင်း ပြောလိုက်လေသည်။
“ရှင်... ကျွန်မကို သင်ပေးမယ် ဟုတ်လား။”
လုမင်ယောင်က မိမိကို အကဲခတ်နေသည်ကို ခံစားမိသောအခါ လုပေါင်၏ စိတ်ထဲတွင် သူရဲကောင်းစိတ်ဓာတ်များ ရုတ်တရက် နိုးကြားလာတော့၏။
“သီချင်းတစ်ပုဒ်ပဲဟာ ငါ မင်းကို အရင် ဆိုပြမယ်။ မင်းရဲ့ အားနည်းချက်ကို မင်းဘာသာ ရှာတွေ့နိုင်မှ တိုးတက်လာမှာ။”