အခန်း (၁၉၉-၂၀၀)
Vol. 20 Ch. 199-200
အခန်း ၁၉၉ - တစ်ခါတည်း နားထောင်ဖူးတယ်ဆိုတာ သေချာလို့လား။
လုပေါင်သည် လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး လုမင်ယောင်အား လက်တွေ့သရုပ်ပြရန် ပြင်ဆင်လိုက်၏။ သို့သော်လည်း မကြာမီမှာပင် ထိုသီချင်းကို သူကိုယ်တိုင်လည်း တစ်ခါမျှ မကြားဖူးသေးကြောင်း သတိပြုမိသွားတော့သည်။
သူသည် ဝိုင်းစက်သော မျက်လုံးများဖြင့် ကြည့်နေသည့် လုမင်ယောင်အား အားကိုးရာမဲ့စွာဖြင့် မေးမြန်းလိုက်ရ၏။
“အယ်... ခုနက မင်းလေ့ကျင့်နေတဲ့ သီချင်းနာမည်က ဘာလဲ။”
လုမင်ယောင်မှာ လုပေါင်၏ မေးခွန်းကြောင့် အံ့အားသင့်သွားသော်လည်း အလိုအလျောက်ပင် ပြန်လည်ဖြေကြားလိုက်သည်။
“အလင်းတန်းများဆီသို့ပါ။”
လုပေါင်သည် ချက်ချင်းပင် သူ၏လက်ကိုင်ဖုန်းကို ထုတ်ယူကာ သီချင်းနားထောင်သည့် ဆော့ဖ်ဝဲလ်တွင် ရှာဖွေလိုက်ရာ မကြာမီမှာပင် ကြည်လင်ပြတ်သားပြီး ခံစားချက်အပြည့်ပါသော အမျိုးသမီးအဆိုတော်တစ်ဦး၏ အသံသည် ဖုန်းအတွင်းမှ ထွက်ပေါ်လာတော့၏။ ယင်းမှာ လုမင်ယောင် ခုနက လေ့ကျင့်နေသည့် သီချင်းပင် ဖြစ်ပေသည်။
လုပေါင်သည် ဖုန်းမှထွက်ပေါ်လာသော အသံနှင့်အတူ လိုက်ပါရွတ်ဆိုရင်း ခပ်တိုးတိုး ညည်းဆိုကြည့်နေ၏။ ထိုအခြင်းအရာကို မြင်သောအခါ လုမင်ယောင်မှာ ရယ်မောမိသွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် အခု ကျွန်မ စိတ်သက်သာရာ ရသွားပါပြီ။ ကျွန်မ ဆက်ပြီး ကြိုးစားသွားမှာပါ ဒီအတိုင်း အရှုံးမပေးတော့ပါဘူး။”
လုပေါင်မှာ သူမအား သီချင်းသင်ပေးမည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ချက်ချင်းလက်ငင်း လိုက်လံသင်ယူနေသည်ကို မြင်ရသဖြင့် လုမင်ယောင်မှာ စိတ်လှုပ်ရှားမိသလို တစ်ဖက်တွင်လည်း ရယ်မောမိသွားခြင်း ဖြစ်ပေသည်။
သို့သော်လည်း လုပေါင်သည် သီချင်းတစ်ပုဒ်လုံးကို အလေးအနက်ထား နားထောင်ပြီးနောက် လည်ချောင်းကို ရှင်းလျက် လုမင်ယောင်၏ ရှေ့မှောက်တွင်ပင် အသံအကျယ်ကြီးဖြင့် သီဆိုလေတော့သည်။
“ခိုနားရာမဲ့... မှီတွယ်ရာ သစ်ကိုင်းမဲ့...”
“...အလင်းတန်းတွေနောက် လိုက်ရင်း နင့်ကို မေ့ပစ်မယ်”
“...အမှတ်တရတွေဟာ ငါ့ရဲ့ ခေါင်းမာတဲ့ ပုံရိပ်တွေအဖြစ် အိုမင်းသွားခဲ့ပြီ”
“…”
လုပေါင် သီဆိုလိုက်သည်နှင့် တစ်ပြိုင်နက် လုမင်ယောင်၏ လှပသော မျက်နှာထက်တွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ တဖြည်းဖြည်း ထင်ဟပ်လာ၏။ အကယ်၍ လုပေါင်သည် သူမ၏ ရှေ့မှောက်တွင် ရှိမနေလျှင်သော်လည်းကောင်း မူရင်းအဆိုတော်မှာ အမျိုးသမီးဖြစ်ကြောင်း သူမ မသိလျှင်သော်လည်းကောင်း သို့မဟုတ် သူသည် ယခုလေးတင်မှ သီချင်းကို လေ့ကျင့်နေခြင်းဖြစ်ကြောင်း သူမ မမြင်တွေ့ခဲ့လျှင်သော်လည်းကောင်း။
လုမင်ယောင်အနေဖြင့် ဤမျှအထိ ထိတ်လန့်သွားမည် မဟုတ်ပေ။ အဓိကမှာ လုပေါင် အသံထွက်လိုက်သည်နှင့် ပြည့်စုံလွန်းသော အသံမှာ သူမ၏ နားစည်အတွင်းသို့ တိုက်ရိုက် စီးဝင်သွားခြင်းပင် ဖြစ်၏။ ပြိုင်ပွဲဝင် တစ်ဦးအဖြစ် ကာလအတန်ကြာ လေ့ကျင့်ခဲ့ဖူးသဖြင့် သူမကိုယ်တိုင်၏ အဆိုစွမ်းရည်မှာ မကောင်းသော်လည်း အသံကောင်းမကောင်းကိုမူ ခွဲခြားနိုင်စွမ်း ရှိပေသည်။
“ရှင် တကယ်ပဲ တစ်ခါတည်း နားထောင်ဖူးတာ သေချာရဲ့လား။”
လုမင်ယောင်က အံ့ဩတကြီး မေးမြန်းလိုက်၏။ လုပေါင်က ပုခုံးတစ်ချက်တွန့်ကာ ပြောလိုက်သည်။
“ငါ တစ်ခါမှ မကြားဖူးဘူးလို့ ပြောရင် မင်း ယုံမှာလား။ ဒါက အဓိက မဟုတ်ဘူး အဓိကက မင်းရဲ့ အသံအနိမ့်အမြင့်နဲ့ နည်းစနစ်တွေမှာ ပြဿနာကြီးကြီးမားမား ရှိနေတာပဲ။”
လုပေါင်၏ စကားကြောင့် လုမင်ယောင်၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်သွားတော့၏။ အစပိုင်းတွင် သူသည် သူမအား စိတ်ပျော်ရွှင်စေရန်အတွက်သာ လုပ်ဆောင်နေသည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း သူ၏ အရည်အချင်းကို မြင်တွေ့လိုက်ရသောအခါတွင်မူ အလကားရသည့် အဆိုတော်နည်းပြတစ်ဦးကို ကမ်းခြေတွင် တွေ့ရှိလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရပေသည်။
လုပေါင်၏ သီဆိုမှုအပေါ် မူတည်၍ ပြောရလျှင် ပြိုင်ပွဲစီစဉ်သူများက ခန့်အပ်ထားသည့် နည်းပြများထက်ပင် သူက မနိမ့်ကျကြောင်း လုမင်ယောင် ခံစားမိလေသည်။ ထို့ကြောင့် သူမသည် အလျင်အမြန်ပင် ခေါင်းညိတ်လိုက်၏။
“ဒါဆို ကျွန်မ ဘယ်လို လေ့ကျင့်ရမလဲဟင်။”
လုမင်ယောင်က စိတ်အားထက်သန်စွာဖြင့် အကြံဉာဏ် တောင်းခံလေသည်။ ဤသည်မှာ လုပေါင်အတွက် ခက်ခဲသွားစေပြန်၏။ သူသည် အမှန်တကယ် သင်ကြားပြသတတ်သည့် ဆရာတစ်ဦး မဟုတ်ပေ။ သို့သော်လည်း လူဆိုသည်မှာ ဤကဲ့သို့သော အရာလေးနှင့်တော့ အကျပ်ရိုက်ခံမည် မဟုတ်ချေ။
လုပေါင်သည် အရှင်းလင်းဆုံး နည်းလမ်းကို အသုံးပြုလိုက်၏။ ၎င်းမှာ သူက အကြိမ်ကြိမ် သီဆိုပြပေးပြီး လုမင်ယောင်အား လိုက်ပါဆိုစေခြင်းပင် ဖြစ်ပေသည်။ နည်းလမ်းမှာ ရိုးရှင်းသော်လည်း အခြေခံအားနည်းသော လုမင်ယောင်ကဲ့သို့သော သူအတွက်မူ အလွန်ပင် ထိရောက်လှ၏။ အနည်းဆုံးတော့ လုပေါင်သည် သူမ၏ အသံလွဲချော်မှုများကို တိုက်ရိုက်နားထောင်ကာ ပြင်ဆင်ပေးနိုင်ပေသည်။
ထို့ပြင် လုမင်ယောင်သည်လည်း သူမတွေ့ရှိခဲ့သော ဤဆရာမှာ အသံအနိမ့်အမြင့်ပိုင်းတွင် အလွန်ထူးချွန်ကြောင်း ခံစားမိလေသည်။ လူကိုယ်တိုင် သင်ကြားပေးမှု အထူးသဖြင့် အသံပါရမီထူးချွန်သူတစ်ဦး၏ ရှေ့မှောက်တွင် လေ့ကျင့်ရခြင်းမှာ ဖုန်းအတွင်းမှ အေးစက်စက် အသံကို နားထောင်နေရခြင်းထက် အဆပေါင်းများစွာ ပိုမိုထိရောက်ပေသည်။
လုပေါင်နှင့် အကြိမ်အနည်းငယ် လေ့ကျင့်ပြီးနောက်တွင် အလင်းတန်းများဆီသို့သီချင်းအပေါ် သူမ၏ တိုးတက်မှုမှာ သိသာထင်ရှားလာ၏။ အနည်းဆုံးတော့ သူမသည် စာသားတိုင်းကို အသံမလွဲတော့ဘဲ မှန်ကန်စွာ သီဆိုနိုင်လာပြီ ဖြစ်ပေသည်။ ထို့ပြင် လုပေါင်၏ သေချာစွာ သင်ပြမှုအောက်တွင် ခက်ခဲသော အသံအကူးအပြောင်း အချို့မှာလည်း စတင် ပုံပေါ်လာတော့၏။
လုပေါင်သည် လုမင်ယောင်အား အလေးအနက်ထား လမ်းညွှန်နေစဉ်မှာပင် ကမ်းခြေမှ မလှမ်းမကမ်းရှိ အလိုအလျောက် ကင်မရာတစ်လုံးမှာ ထိုမြင်ကွင်းတစ်ခုလုံးကို မှတ်တမ်းတင်လျက် ရှိပေသည်။
သင်ကြားပေးရင်း လုပေါင်၏ လည်ချောင်းများ ခြောက်သွေ့လာချိန်တွင် လုမင်ယောင်သည် အချိန်ကို ကြည့်လိုက်ပြီး ရုတ်တရက် အလန့်တကြား အော်ဟစ်လိုက်၏။
“ဒုက္ခပါပဲ အခု ကကွက်လေ့ကျင့်ရေး အတန်းချိန် ရောက်နေပြီ။ ကျွန်မ အခု သွားမှဖြစ်မယ်။”
ပြောပြောဆိုဆိုနှင့်ပင် သူမသည် အလျင်အမြန် ထွက်ခွာရန် ပြင်ဆင်သော်လည်း လှည့်အထွက်တွင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် လုပေါင်အား ပြန်လည်မေးမြန်းလေသည်။
“ကျေးဇူးတင်ပါတယ်ရှင် ရှင် နာမည်ကို ကျွန်မ မမေးရသေးဘူး။”
“ရပါတယ် ငါ့နာမည် လုပေါင် ပါ။”
လုပေါင်က အေးအေးဆေးဆေးပင် ပြန်လည်ဖြေကြားလိုက်၏။ သို့သော်လည်း လုမင်ယောင်က မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း
“ဒါဆို နောက်လည်း ကျွန်မကို သင်ပေးဦးမလားဟင် ဆရာလု။”
‘ဒုက္ခပါပဲ ဒီမိန်းကလေးကတော့ အခွင့်အရေးကို အမိအရ ယူတတ်လွန်းပါလား။ ‘
လုပေါင်သည် စိတ်ထဲမှ ကြိတ်၍ ရေရွတ်မိသော်လည်း သူမ၏ ဝိုင်းစက်သော မျက်လုံးများကို မြင်ရသောအခါ ငြင်းပယ်ရန် ခက်ခဲသွားသဖြင့် ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်ရလေတော့သည်။
လုပေါင် သဘောတူသည်ကို မြင်သောအခါ လုမင်ယောင်သည် ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်၏။
“ယေး... ဝမ်းသာလိုက်တာ”
ပြောပြီးသည်နှင့် သူမသည် မြေကွက်အမှတ် (၂) ရှိ ဗီလာအိမ်ရာများဆီသို့ ဖျတ်လတ်စွာ ပြေးထွက်သွားတော့သည်။ လုပေါင်မှာတော့ ပြုံးလျက် ကျန်ရစ်ခဲ့၏။ ယနေ့မှာ စိတ်ဝင်စားစရာ ကောင်းသော နေ့တစ်နေ့ပင် ဖြစ်ပေသည်။
မကြာမီမှာပင် လုပေါင်၏ အတွေးများသည် မြေကွက်အမှတ် (၁) ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ပြန်လည်ရောက်ရှိသွား၏။
“ငါ ဘယ်နား ရောက်သွားပါလိမ့် ဪ... ဝိုင်ချက်စက်ရုံပဲ။”
ထိုသို့ တွေးမိသည်နှင့် လုပေါင်၏ ဦးနှောက်မှာ တက်ကြွလာတော့၏။
“ဒီစက်ရုံက ထွက်တဲ့ ဝိုင်ရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ နည်းလမ်းရှာရမယ်။”
သူသည် ဝိုင်ချက်သည့် အတတ်ပညာကို နက်နက်နဲနဲ မသိသော်လည်း ကမ္ဘာပေါ်ရှိ ထိပ်တန်းဝိုင်များမှာ အရည်အသွေး ကောင်းမွန်လွန်းသဖြင့် ဈေးကြီးပေးရခြင်း ဖြစ်ကြောင်းကိုမူ သိရှိထားပေသည်။ ဝိုင်၏ အရည်အသွေးကို သတ်မှတ်ပေးသည့် အဓိကအချက်မှာ ကုန်ကြမ်းဖြစ်သော စပျစ်သီးပင် ဖြစ်၏။
“ငါသာ အရည်အသွေးမြင့် စပျစ်သီးတွေကို ထုတ်လုပ်နိုင်ရင် ကောင်းမွန်တဲ့ ဝိုင်ကို ချက်လုပ်နိုင်မှာပဲ။”
လုပေါင်သည် ထိုသို့တွေးတောရင်း သူ၏ စိတ်ကူးများသည် နဂါးဧရာကျွန်းဆီသို့ ပျံသန်းသွားတော့၏။အရည်အသွေးမြင့် စပျစ်သီးများမှာ များသောအားဖြင့် နိုင်ငံခြားရှိ နာမည်ကျော် ဒေသများမှ ထွက်ရှိခြင်း ဖြစ်သော်လည်း သူသည် ထိုမျှအထိ အလုပ်မရှုပ်လိုပေ။ ထို့ပြင် ကုန်ကျစရိတ်မှာလည်း အလွန်များပြားပေလိမ့်မည်။။
“ကိုယ့်ဘာသာကိုယ် စိုက်ပျိုးတာက ပိုကောင်းပါတယ်။”
သူ့တွင် အသင့်ရှိနေသော စပျစ်စိုက်ပျိုးရေး စခန်းတစ်ခု ရှိနေပြီး ထိုနေရာမှ ထွက်ရှိမည့် စပျစ်သီးများမှာ သာမန်ထက် ပိုမိုကောင်းမွန်မည်ဟု သူ အာမခံနိုင်ပေသည်။ နဂါးဧရာကျွန်းပေါ်ရှိ နက်နဲဆန်းကြယ်သော ကျောက်စာတိုင်နှင့်ဆိုလျှင် လုပေါင်အတွက် ထိုစိတ်ကူးကို အကောင်အထည်ဖော်ရန်မှာ အလွန်လွယ်ကူလှပေသည်။
ထိုသို့တွေးမိသည်နှင့် လုပေါင်သည် ချက်ချင်းပင် အကောင်အထည်ဖော်ရန် ပြင်ဆင်တော့၏။သူသည် ဝိုင်ချက်စက်ရုံသို့ ပြန်သွားကာ တင်းလင်အား စပျစ်မျိုးစေ့ အမြောက်အမြား ဝယ်ယူရန် ညွှန်ကြားလိုက်လေသည်။
“ဥက္ကဋ္ဌ ရှင်က စပျစ်သီး စိုက်မလို့လား။”
တင်းလင်သည် လုပေါင်၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသော်လည်း သူမက ဆက်လက်ပြောကြား၏။
“ကျွန်မတို့ဆီက မြေက စပျစ်စိုက်ဖို့ မသင့်တော်ဘူးရှင့်။ ရှင် ပြန်ပြီး စဉ်းစားကြည့်ပါဦးလား။”
လုပေါင်သည် တင်းလင် အထင်မှားနေကြောင်း နားလည်လိုက်၏။ရွှေရောင်ကမ်းခြေ သည် ရှုခင်းသာယာသော်လည်း မြေဆီလွှာမှာ သဲဆန်လွန်းလှသဖြင့် စပျစ်စိုက်ပျိုးရန်မှာ အမှန်တကယ်ပင် ခက်ခဲလှပေသတည်း။
အခန်း ၂၀၀ - မျောက်ဝံနက် လုပ်သားတပ်ဖွဲ့နှင့် အဆင့်မြင့် အခြေခံအလုပ်သမားများ။
သို့သော်လည်း လုပေါင်သည် ရွေရောင်ကမ်းခြေရှိ အဖိုးတန်လှသော မြေကွက်လပ်များပေါ်တွင် စပျစ်ပင်များစိုက်ပျိုး၍ မြေဖြုန်းတီးရန် အစီအစဉ်မရှိပေ။
“ငါ့အတွက် စပျစ်မျိုးစေ့ကိုသာ လုံလောက်အောင်သာ ရှာပေးထားပါ။”
လုပေါင်သည် တိုက်ရိုက်ပင် ညွှန်ကြားလိုက်၏။
“စပျစ်စိုက်ပျိုးတဲ့အခါ များသောအားဖြင့် ကိုင်းကူးစိုက်တဲ့နည်းကိုပဲ သုံးကြပါတယ်အပင်ကို တိုက်ရိုက်စိုက်တာပါ။ မျိုးစေ့ကနေ စိုက်တာက အပင်ပေါက်တာ အရမ်းနှေးတဲ့အပြင် မျိုးရိုးဗီဇ တည်ငြိမ်ဖို့လည်း အာမခံချက် မရှိပါဘူး။”
ဝိုင်ချက်စက်ရုံကို စီမံခန့်ခွဲနေသူဖြစ်သည့်အလျောက် တင်းလင်သည် ဤကဲ့သို့သော ကျွမ်းကျင်မှုဆိုင်ရာ အသိပညာများတွင် ပြောပိုင်ခွင့်ရှိနေဆဲ ဖြစ်ပေသည်။ သို့သော် လုပေါင်မှာမူ ထိုအချက်ကို အနည်းငယ်မျှ ဂုဏ်ယူခြင်းမရှိချေ။
စပျစ်မျိုးစေ့နှင့် နှိုင်းယှဉ်ပါက စပျစ်ပင်အကိုင်းအခက်များမှာ အိတ်ကြီးအိတ်ငယ်နှင့် သယ်ယူရန် အလွန်ပင် ခဲယဉ်းလှ၏။ မျိုးစေ့မှ စိုက်ပျိုးလျှင် ကြီးထွားမှုနှေးကွေးမည်ဟူသော အချက်မှာလည်း လုပေါင်အတွက်တော့ ပြဿနာမဟုတ်ပေ။
“ရတယ်၊စပျစ်မျိုးစေ့ကိုပဲ တိုက်ရိုက်ဝယ်လိုက်ပါ။”
လုပေါင်က အခိုင်အမာ အမိန့်ပေးနေသဖြင့် တင်းလင်မှာလည်း နာခံရန်သာ ရှိတော့၏။
“ဒါနဲ့ ငါတို့စက်ရုံမှာ ဝိုင်ချက်တဲ့ စက်ကိရိယာတွေရော ရှိရဲ့လား။”
“ရှိတာပေါ့ရှင်။ ကျွန်မတို့က အပြင်ကနေ ဝိုင်တွေဝယ်ပြီး ပြန်ရောင်းတဲ့ ကြားခံလူတွေမဟုတ်ဘူး ကိုယ်တိုင်ချက်လုပ်တဲ့ စက်ရုံစစ်စစ်ပါ။”
တင်းလင်ကဂုဏ်ယူစွာဖြင့် ဆိုလေသည်။
ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် မကြာမီမှာပင် အရည်အသွေးမြင့် စပျစ်မျိုးစေ့ အမြောက်အမြားသည်ရောက်ရှိလာတော့၏။ လုပေါင်သည် ပို့ဆောင်ပေးသူများအား ထိုမျိုးစေ့များကို လွတ်နေသော ဗီလာအိမ်တစ်လုံးအတွင်းသို့ အရင်ရွှေ့ခိုင်းလိုက်သည်။ ၎င်းမှာ သူ၏ အဆင်ပြေမှုအတွက် ဖြစ်ပြီး စိတ်အာရုံတစ်ခုဖြင့် ထိုမျိုးစေ့အားလုံးကို သူ၏ တွင်းနက်ထဲသို့ သိမ်းဆည်းလိုက်လေသည်။
မျိုးစေ့များ အဆင်သင့်ဖြစ်သည်နှင့် လုပေါင်သည် ၎င်းတို့ကို ယူဆောင်ကာ နဂါးဧရာကျွန်းအတွင်းသို့ ချက်ချင်းပင် ဝင်ရောက်ခဲ့၏။ သူ ပြန်ရောက်နေသည်မှာ တစ်ရက်နှစ်ရက်ရှိပြီ ဖြစ်သော်လည်း နဂါးဧရာကျွန်းသို့ ဝင်ရောက်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးပင် ဖြစ်ပေသည်။
“ဝေါင်းးး”
ဝေးကွာသော အရပ်မှ နဂါးဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။ချပ်ဝတ်နဂါးသည် လုပေါင် ရောက်ရှိလာသည်ကို အာရုံခံမိပုံရပေသည်။ ထင်သည့်အတိုင်းပင် မကြာမီမှာပင် ကမ္ဘာမြေကြီးတုန်ဟည်းသွားသော အသံများနှင့်အတူ ချပ်ဝတ်နဂါးသည် လုပေါင်ရှိရာ ကမ်းခြေသို့ တလှမ်းချင်း လျှောက်လှမ်းလာတော့၏။
ထိုကောင်ကြီးနှင့် ခဏတာ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီးနောက် လုပေါင်သည် ချီလင်လေးကို လေကောင်းလေသန့်ရရှိစေရန် အပြင်သို့ အရင်ထုတ်လိုက်သည်။ထို့နောက် ချပ်ဝတ်နဂါးပေါ်သို့ စီးနင်းကာ နက်နဲဆန်းကြယ်သော ကျောက်စာတိုင်ရှိရာ ဂူဆီသို့ ဦးတည်ထွက်ခွာခဲ့၏။
“စပျစ်မျိုးစေ့တွေ ဒီလောက်တောင် များနေတာ၊ကိုယ်တိုင်စိုက်ရင် ဘယ်လောက်တောင် ကြာမလဲ။ ငါ အလုပ်သမားတချို့ ရှာရမယ်။”
အလုပ်ကြမ်းလုပ်ရန်အတွက်မူ နဂါးဧရာကျွန်းပေါ်တွင် လူသူရှားပါးခြင်း မရှိပေ။ ထိုမျောက်ဝံနက်ကြီးများမှာ အဆင်သင့်ရှိနေသော လုပ်သားတပ်ဖွဲ့များ မဟုတ်ပါလော။ ၎င်းတို့သည် ယခုအခါ လုပေါင်၏ လှည့်ဖြားမှုကြောင့် တက်ကြွမှုများ အပြည့်ဖြစ်နေကြ၏။ မယားရရှိရေးအတွက်ဆိုလျှင် မည်သည့်အလုပ်ကိုမဆို ဝန်မလေးဘဲ လုပ်ဆောင်ကြမည့်သူများ ဖြစ်ကြသည်။
မကြာမီမှာပင် လုပေါင်သည် ချပ်ဝတ်နဂါးကို ဟိန်းဟောက်ခိုင်းကာ သတ္တဝါများကို ဆင့်ခေါ်လိုက်၏။ ထို့နောက် ချပ်ဝတ်နဂါးပေါ်တွင် စီးနင်းလျက် နောက်မှ လိုက်ပါလာသော မျောက်ဝံနက် လုပ်သားတပ်ဖွဲ့နှင့်အတူ ကျောက်စာတိုင်ရှိရာသို့ ချီတက်ခဲ့လေသည်။
ထိုနေရာသို့ ရောက်ရှိသောအခါ လုပေါင်သည် ကျွန်းမှ ခေတ္တခွာသွားသည်မှာ နှစ်ရက်သုံးရက်သာ ရှိသေးသော်လည်း သူ အကုန်နီးပါး ခုတ်ထွင်ခဲ့သော ဂူအပြင်ဘက်မှ ဆေးဖက်ဝင်အပင်များမှာ ထူထပ်စွာ ပြန်လည်ပေါက်ရောက်နေသည်ကို တွေ့ရှိလိုက်ရ၏။
“ဒီကျောက်စာတိုင်ရဲ့ အပင်တွေကို လျင်မြန်စွာ ကြီးထွားစေတဲ့ အစွမ်းကတော့ အံ့မခန်းပါပဲလား။”
ဤအချက်မှာ လုပေါင်အား အလွန်ဝမ်းမြောက်စေသည်။ သူသည် မျောက်ဝံနက်များအား ဆေးဖက်ဝင်အပင် အမြောက်အမြားကို ခူးသိမ်းခိုင်းပြီး တွင်းနက်ကြီးအတွင်း သိမ်းဆည်းလိုက်၏။ ထို့နောက် စပျစ်ပင်စိုက်ရန်အတွက် မြေကွက်လပ် အကျယ်ကြီးကို ရှင်းလင်းလိုက်လေသည်။
မြေထွန်ရန်အတွက်မူ ချပ်ဝတ်နဂါး ရှိနေသဖြင့် ပြဿနာမဟုတ်ချေ။ ထိုကောင်ကြီး၏ ကြီးမားလှသော ခြေရာများမှာ ဧရာမထွန်တုံးကြီးများနှင့်ပင် တူလှပေသည်။ သူသည် ဟိုဟိုဒီဒီ လမ်းလျှောက်လိုက်ရုံမျှဖြင့် မြေဆီလွှာများမှာ ထွန်ယက်ပြီးသား ဖြစ်သွားရ၏။ စပျစ်မျိုးစေ့များကို ထိုနေရာအတွင်းသို့ ကြဲပက်လိုက်ရုံသာ ရှိတော့သည်။
မကြာမီမှာပင် လုပေါင်သည် တွင်းနက်အတွင်းရှိ စပျစ်မျိုးစေ့အားလုံးကို ထုတ်ယူလိုက်၏။ ထို့နောက် မျောက်ဝံနက် လုပ်သားတပ်ဖွဲ့အား ကြည့်ကာ ခပ်တည်တည်ဖြင့်ပင် လိမ်ညာပြောဆိုလိုက်လေသည်။
“သေချာ ကြိုးစားပြီး အလုပ်လုပ်ကြအချိန်တန်ရင် မင်းတို့အတွက် မယားတွေ ငါရှာပေးမယ်။”
ထိုစကားတစ်ခွန်းတည်းဖြင့်ပင် မျောက်ဝံနက်များသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကြတော့၏။ လုပေါင် ညွှန်ကြားရန်ပင်မလိုဘဲ စပျစ်မျိုးစေ့အားလုံးမှာ စိုက်ပျိုးပြီးသား ဖြစ်သွားလေသည်။ ထို့ပြင် မျိုးစေ့များ အညှောက်ပေါက်လာပြီးနောက် နွယ်တက်နိုင်ရန်အတွက် မျောက်ဝံနက်များအား ဝါးပင်များကို ခုတ်ထွင်စေကာ စပျစ်စင်များ တည်ဆောက်စေ၏။
ထိုမျောက်ဝံနက်များ၏ တည်ဆောက်ရေး ကျွမ်းကျင်မှုမှာ ထိပ်တန်းအဆင့်တွင် ရှိနေချေပြီ။ ၎င်းတို့ တည်ဆောက်ထားသော စပျစ်စင်များ၏ လက်ရာမြောက်မှုမှာ လုပေါင်အား မိမိ၏ အရည်အချင်းအပေါ် ရှက်စိတ်ပင် ဝင်စေတော့၏။
“တောက်... ဒီကောင်တွေကိုသာ အပြင်ထုတ်သွားရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အဆင့်မြင့် အခြေခံအလုပ်သမားတွေတောင် ဖြစ်နိုင်တယ်။”
မျိုးစေ့များ စိုက်ပြီးနောက်တွင် ရေလောင်းရန်သာ ကျန်တော့သဖြင့် အလုပ်ကိစ္စ အဝဝကို မျောက်ဝံနက်များထံ လွှဲအပ်လိုက်၏။ လုပေါင်သည် ကျွန်းပေါ်ရှိ သူ၏ ဗီလာသို့ သွားကာ ပင်လယ်လေကို ခံစားရင်း အလုပ်သမားများ၏ အလုပ်ပြီးမြောက်မှုကို အေးအေးလူလူ စောင့်ဆိုင်းနေလေတော့သည်။
ထိုအတောအတွင်း ရွှေရောင်ကမ်းခြေ ရှိ ဗီလာအိမ်ရာများတွင်မူ ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများနှင့် ကင်မရာဆရာ အမြောက်အမြားသည် နေရာယူရန်အတွက် အလုပ်များနေကြ၏။ ဤသည်မှာ သူတို့၏ စွမ်းရည်ပြိုင်ပွဲတွင် အဓိကပြိုင်ပွဲဝင်များအား ပထမဆုံးအကြိမ် အမှတ်ပေးအဆင့်သတ်မှတ်ခြင်းအတွက် ရိုက်ကူးရေးပင် ဖြစ်ပေသည်။
“အားလုံးပဲ မြန်မြန်လုပ်ကြစမ်း ပြိုင်ပွဲဝင်တိုင်းရဲ့ ထူးခြားချက်တွေနဲ့ ကျွမ်းကျင်တဲ့ အချက်တွေကို ရှာဖွေရမယ် နားလည်လား။”
ဒါရိုက်တာသည် သူ၏လက်အောက်ငယ်သားများအား တာဝန်များကို အသည်းအသန် ခွဲဝေပေးနေ၏။ ဤနေရာ၏ ငှားရမ်းခမှာ ရိုက်ကူးရေးအဖွဲ့က ထင်ထားသည်ထက် များစွာသက်သာသဖြင့် အသုံးစရိတ်ကို အတော်လေး ချွေတာနိုင်ခဲ့ရာ သူ၏စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေပေသည်။
“ဒါရိုက်တာ အားလုံး အဆင်သင့်ဖြစ်ပါပြီ။ အချိန်မရွေး စတင်ရိုက်ကူးနိုင်ပါတယ်။”
“ဒါဆိုရင် နည်းပြတွေကို အမြန်ဖိတ်လိုက်တော့။”
မကြာမီမှာပင် ပြိုင်ပွဲ၏ နည်းပြများအဖြစ် ဆောင်ရွက်မည့် နာမည်ကျော် အနုပညာရှင်ကြီးအချို့မှာ နေရာယူလိုက်ကြ၏။ ထို့နောက် ပြိုင်ပွဲဝင်များမှာ တစ်ဦးချင်း ထွက်ပေါ်လာကာ မိမိတို့၏ အရည်အချင်းများကို ပြသလျက် အမှတ်ပေးမှုကို ခံယူကြတော့သည်။
စင်နောက်ဘက်တွင် ရပ်နေသော လုမင်ယောင်မှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေ၏။ အမှန်စင်စစ် သူမ၏ အဆိုစွမ်းရည်မှာ အခြားသူများနှင့် ယှဉ်လျှင် အားနည်းလွန်းလှသည် မဟုတ်ပါလော။ သို့သော်လည်း ယနေ့နံနက်က တွေ့ဆုံခဲ့သော ထိုလူအား တွေးမိလိုက်သောအခါ လုမင်ယောင်၏ စိတ်ထဲတွင် ထူးဆန်းသော ယုံကြည်မှုများ ရုတ်တရက် တိုးပွားလာရပြန်သည်။
“မင်ယောင် အဆင်သင့် ဖြစ်ရဲ့လား။ သီချင်းကော လေ့ကျင့်ပြီးပြီလား။ ငါတို့တွေ အတူတူ အဖွဲ့လိုက် ပွဲဦးထွက်နိုင်ရမယ်နော်။”
လုမင်ယောင်၏ ဘေးတွင် ရပ်နေသော မိန်းကလေးတစ်ဦးမှာ ချစ်စဖွယ်ပုံစံဖြင့် သူမအား စိုးရိမ်တကြီး မေးမြန်းနေခြင်း ဖြစ်၏။ လုမင်ယောင်သည် သူမအား ကြည့်ကာ ခိုင်မာသော မျက်နှာထားဖြင့် ပြောလိုက်လေသည်။
“စိတ်မပူပါနဲ့ အာယွင် ငါ လုပ်နိုင်မှာပါ။”
မလှမ်းမကမ်းရှိ စောင့်ဆိုင်းရာနေရာတွင်မူ အခြားသော ပြိုင်ပွဲဝင်အချို့သည် လုမင်ယောင်အား ကြည့်ကာ မထီမဲ့မြင် ပြုလျက် ပြောဆိုနေကြ၏။
“သီချင်းတစ်ပုဒ်ကိုတောင် အသံမှန်အောင် မဆိုနိုင်တဲ့သူက ဘယ်လိုလုပ် လူရွေးပွဲ အောင်လာတာလဲ မသိဘူး။ ရုပ်ကလေးလှရုံနဲ့ အဖွဲ့ထဲ ပါနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား။”
“ဘယ်သူ သိမှာလဲ အရည်အချင်းမရှိရင်တော့ လူကြားထဲ ထွက်ပြီး အရှက်မကွဲတာ ပိုကောင်းမယ် ထင်တာပဲ။”
ထိုသူများသည် သူတို့၏ အသံကို တမင်နှိမ့်မထားသဖြင့် ပတ်ဝန်းကျင်မှ လှောင်ပြောင်သံများမှာ ပျံ့လွင့်လာ၏။ လုမင်ယောင်၏ မျက်နှာမှာမူ ထိုစကားများကို ကြားရသော်လည်း ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော် အာယွင်မှာမူ ဒေါသထွက်သွားရလေတော့သည်။
“ဒီလူတွေကတော့ လွန်လွန်းနေပြီ နင့်ကို တမင် ကဲ့ရဲ့နေတာပဲ။”
“ထားလိုက်ပါ အာယွင် သူတို့ ပြောတာလည်း မမှားပါဘူး။ ဒါပေမဲ့ ငါက ရုပ်ကလေးလှရုံတင် မဟုတ်ပါဘူး ငါ အသေအချာ ကြိုးစားသွားမှာပါ။”
လုမင်ယောင်ကပြန်လည်ပြောကြားလိုက်ပေသည်။