ငါ့နာမည်က ပိုင်စု
Vol. 18 Ch. 240
စစ်မာရှင်း ထိုစကားများကို ပြောလိုက်ချိန်တွင် လူအုပ်ကြီးသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာ လိုက်ကြပြီး တိုက်ပွဲအတွက် ပိုမိုကျယ်ပြန့်သော နေရာတစ်ခုကို ရှင်းလင်း ပေးလိုက်ကြသည်။
သူတို့၏ အကြည်များသည်တော့ စစ်မာရှင်းထံတွင် ရှိနေခြင်းမဟုတ်ပဲ စုမင်ထံတွင်သာ ရှိနေခဲ့ပြီး သူတို့ အမူအရာများသည် ဝေခွဲမရဟန်ပေါ်နေခဲ့သည်။
စုမင်သည် စကားပြောခဲသောကြောင့် သူတို့အတွက်တော့ သူသည် တိတ်ဆိတ်သော လူတစ်ဦး ဖြစ်သည်။ သို့သော် စုမင်နှင့် စစ်မာရှင်းတို့၏ တိုက်ပွဲကြောင့် ကျန်တောင်ထွတ်ရှစ်ခုမှ အေးခဲကောင်းကင်ကလန်၏ တပည့်များအနေဖြင့် သူ့ကိုမှတ်မိသွားစေခဲ့သည်။ သူတို့၏ ယခင်က အထင်အမြင်သေးသော မှတ်ချက်များသည်လည်း လေနှင့်အတူ ပျောက်ကွယ်သွားပြီဖြစ်သည်။
သူတို့၏ အထင်အမြင်သေးမှုနှင့် မထီမဲ့မြင်ပြုမှုများအားလုံးကို စုမင်က လုပ်ရပ်များဖြင့် ချေဖျက်ပြသွားခဲ့သည်။
ယခုအချိန်တွင် သူတို့အတွက်တော့ စုမင်သည် စစ်မာရှင်းနှင့် တူညီသောဖြစ်တည်မှုတစ်ခုဟု ပြောဆိုနိုင်ပေသည်။ သူသည် စစ်မာရှင်းထက် အနည်းငယ်အားနည်းသော်လည်း ဤအခြေအနေထိ အောင်ပင် စစ်မာရှင်းကို ဆန့်ကျင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်မာရှင်း၏ အကြင်နာမဲ့ မာန်မျိုးစေ့ ကြီးမြတ်သော ပညာရပ်ကိုပင် ထုတ်သုံးအောင် ဖိအားပေးနိုင်ခဲ့သည်။ ထိုအရာကပင် စုမင်သည် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်ဟု ဆိုလိုနေခဲ့ခြင်းပင်။
ယနေ့မှစ၍ စုမင်၏နာမည်သည် မုန်တိုင်းတစ်ခုအသွင်ဖြင့် ကုန်းမြေ တစ်ခုလုံးကို ရိုက်ခတ် သွားတော့မည်ဖြစ်ပြီး ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို လူပေါင်းများစွာက သတိရနေပေလိမ့်မည်။
အနာဂတ်၌ အေးခဲ ကောင်းကင်ကလန်၏ ထူးချွန်သူတစ်ဦး ထပ်တိုးလာတာမျိုးပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် ဤပုဂ္ဂိုလ်သည် နဝမတောင်ထွတ်မှ ဖြစ်ပြီး သူတို့၏ စီနီယာ အစ်ကိုရော ဂျူနီယာညီလေးရော မဟုတ်ပေ။ စုမင်သည်... သူတို့၏ ဆရာဦးလေးဖြစ်သည်။
နဝမတောင်ထွတ်၏ အကြီးအကဲများထဲမှ စတုတ္ထမြောက်... ဆရာဦးလေး စု။
တတိယတောင်ထွတ်မှ ဖန်းချန်းလန်သည် စစ်မာရှင်း၏စကားလုံးများကို ကြားလိုက်ရချိန်၌ သူမအမူအရာက ရုတ်ခြည်း ပြောင်းလဲ သွားသည်။ စစ်မာရှင်း၏ စကားလုံးများထဲမှ မှားယွင်းနေသော တစ်စုံတစ်ရာကို သူမဝေဝေဝါးဝါး ခံစားလိုက်မိ၏။ ထိုစကားလုံးများထဲတွင် သူမကို ကြက်သီးများ ထသွားစေပြီး သူမနှလုံးသားထဲမှ ကြောက်ရွံ့တုန်လှုပ် သွားစေသည့် တစ်စုံတစ်ရာ ပါဝင်နေသကဲ့သို့ ဖြစ်သည်။
တိုက်ခိုက်မှုသည် မြင်ရသလောက် ရိုးရှင်းမည့်ပုံမပေါ်ပဲ ထိုတိုက်ခိုက်မှု အတွင်း၌ အတိအကျ ပြောဆိုမရနိုင်သည့် အန္တရာယ်တစ်ခု ပါရှိနေသယောင်ယောင်...
“မဟုတ်သေးဘူး... တစ်ခုခုတော့ မှားနေတယ်...” ဖန်းချန်းလန် တီးတိုးရေရွတ်လိုက်မိသည်။
သူမက မျက်မှောင်ကြုတ်လိုက်ပြီး စစ်မာရှင်း၏ စကားလုံးများကို စတင်စဉ်းစား လိုက်သည်။
တစ်ချိန်တည်းမှာပင် ဟန်ဖေးကျစ်သည်လည်း စတုတ္ထတောင်ထွတ်ပေါ်မှ ကြည့်နေခဲ့သည်။ သို့သော် သူမသည် ဖန်းချန်းလန်ကဲ့သို့ မဟုတ်ပေ။ စစ်မာရှင်း ဘာပြောခဲ့သည်ဆိုခြင်းကို စဉ်းစားမနေပဲ ထိတ်လန့် တုန်လှုပ်စွာဖြင့် စုမင်ကိုကြည့်နေခဲ့ခြင်းဖြစ်သည်။
စုမင်၏ခွန်အားသည် ဟန်ဖေးကျစ် မျှော်မှန်းထားသည်ထက် သာလွန်နေခဲ့သည်။ ဤအပြောင်းအလဲကြောင့် စုမင်ပိုမိုသန်မာလာသည်နှင့်အမျှ သူမတို့ကြားထဲရှိ အကွာအဝေးသည် ပိုမိုတိုးလာလိမ့်မည်ဟု ခံစားနေရချေသည်။
စတုတ္ထ တောင်ထွတ်ပေါ်တွင် ရပ်နေသော ဝတ်ရုံအနီနှင့် လက်ဝဲတော်ရံ၏ မျက်လုံးများထဲတွင် သဘောမကျသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ စစ်မာရှင်း၏ စကားလုံးများ နောက်ကွယ်မှ အဓိပ္ပါယ်ကို အခြားသူများက နားမလည်နိုင်သော်လည်း သူကတော့ နားလည် နေပေသည်။
“သိက္ခာမဲ့လိုက်တာ...”
အဘိုးအိုသည် အေးစက်စက်မကျေနပ်သံတစ်ခု ပြုလုပ်လိုက်ပြီး တိတ်ဆိတ်နေဆဲ ဖြစ်သော နဝမတောင်ထွတ်ထံ လှမ်းကြည့်လိုက်ပြီးမှ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သတ္တမ တောင်ထွတ်ပေါ်ရှိ ကြီးမားသောကျောက်တုံးစင်မြင့်ထက်တွင် ထိုင်နေသည့် ဆံပင်ရှည်နှင့် အမျိုးသမီးသည်လည်း မျက်မှောင်ကြုတ် လိုက်သည်။ သူမသည် အဝေးတွင် ရပ်နေသော စစ်မာရှင်းထံ လှမ်းကြည့်လိုက်မိသောအခါ စက်ဆုပ်ရွံရှာသကဲ့သို့ ခံစားလိုက်ရ၏။
“ငါ အရင်က ရှေးဟောင်းစာလိပ်အချို့ကို ဖတ်ခဲ့ဖူးတယ်။ အဲဒီထဲက တစ်ခုမှာ အခြားကမ္ဘာတွေထဲက တစ်ခုရဲ့ ကျန်ရှိနေတဲ့ စကားလုံးတွေကို မှတ်တမ်း တင်ထားတယ်။ အဲဒါက ဘာပြောထားခဲ့တာလဲ...”
အမျိုးသမီးက ညင်ညင်သာသာ ပြောလိုက်ရာ သူမနောက်တွင် ရပ်နေသော အမျိုးသမီးများက ချက်ချင်းအာရုံ စိုက်လိုက်ကြသည်။ သူတို့ထဲမှ အချို့ဆိုလျှင် စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်ပုံပင် ပေါ်နေခဲ့သည်။ သူတို့၏ စီနီယာအစ်မကြီးထံမှ လမ်းညွှန်မှုများ လက်ခံရခြင်းသည် သူတို့အတွက်တော့ ကံကောင်းမှုတစ်ခုပင် ဖြစ်သည်။
“မင်းမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ နည်းလမ်း မရှိဘူးဆိုရင်တောင် မင်းရဲ့ တာအိုထဲမှာပဲ မင်းနေမယ်ဆိုရင် အဆုံးသတ်ကျ အဲဒီနည်းလမ်းက မင်းဆီကိုရောက်လာမှာပဲ။ မင်းမှာ ပညာရပ်တွေနဲ့ စွမ်းအားတွေရှိပေမယ့် မင်းရဲ့တာအိုကနေ လမ်းလွဲသွားခဲ့ရင်တော့ မင်းက ပညာရပ်တွေကို အသုံးချနိုင်တော့မှာ မဟုတ်တဲ့အပြင်၊ မင်းရဲ့စွမ်းအားကလည်း ထာဝရ ရပ်တန့်သွားလိမ့်မယ်။ တစ်ခြားကမ္ဘာတွေက လူတွေဆိုလိုတဲ့ ‘တာအို’ ဆိုတာကို ငါနားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့...”
အမျိုးသမီး၏ အကြည့်သည် စုမင်ထံမှ တစ်ဆင့် စစ်မာရှင်းထံသို့ ရောက်ရှိသွားသည့် အပြင် သူမမျက်နှာ ထက်တွင်လည်း စဉ်းစားဆင်ခြင်နေသော အမူအရာတစ်ခုရှိနေခဲ့သည်။
နဝမ တောင်ထွတ်ပေါ်တွင် ထျန်းရှဲ့ကျီသည် ဘူးသီးခြောက်ထဲမှ ဝိုင်များကို ဆက်သောက်နေဆဲ ဖြစ်သည်။ သူသည် အပြင်ဘက်တွင် ဖြစ်ပျက်နေသော အရာများကို မကြားလိုက်သကဲ့သို့ပင်...
တောင်စောင်းတွင် ငုတ်တုတ်ထိုင်ကာ ပန်းပင်များကို ဂရုစိုက်နေဆဲ ဖြစ်သော စုမင်၏ အစ်ကိုနှစ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ့လက်ထဲရှိ ပန်းများကို ဘေးသို့ချကာ မတ်တတ်ထရပ်လိုက်သည်။ ထို့နောက် အဝေးသို့ လှမ်းကြည့်လိုက်လေသည်။
စစ်မာရှင်း၏ စကားလုံးများသည် လေထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။ သူ၏ နတ်ဘုရား စွမ်းရည်များ အားလုံးသည် အကြင်နာမဲ့ မာန်မျိုးစေ့ ကြီးမြတ်သော ပညာရပ်ကို အခြေခံ၍ တည်ဆောက် ထားခဲ့ခြင်း ဖြစ်သည်။ မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်းသည် လေ့ကျင့်သော ပညာရပ် အပေါ်မူတည်၍ မတူညီကွဲပြားသော အပြောင်းအလဲများကို ပြသပေလိမ့်မည်။ စစ်မာရှင်း အတွက်တော့ ထိုပညာရပ်သည် အကြင်နာမဲ့မာန်မျိုးစေ့ ကြီးမြတ်သော ပညာရပ်အပေါ် အခြေခံထားခဲ့ခြင်း ဖြစ်သည်။
ပညာရပ်ကို ဒုတိယမြောက်မာန်နတ်ဘုရား ဖန်တီးခဲ့ခြင်း ဖြစ်ပြီး တိုင်းတာမရနိုင်သော စွမ်းအားများ ပါဝင်သည်။ ဒုတိယမာန် နတ်ဘုရားသည် အခြားကမ္ဘာလောကများမှ လူများကို ကျွန်ပြုရန် ဤပညာရပ်ကို အသုံးပြုခဲ့ပြီး ဤနည်းလမ်းဖြင့်ပင် မာန်နတ်ဘုရားဖြစ်ခွင့်ကို ရရှိလာခဲ့ခြင်း ဖြစ်သည်ဟု ဒဏ္ဍာရီများက ပြောဆိုကြသည်။ သူသည် ပထမ မာန်နတ်ဘုရားရှင်၏ တန်ခိုးစွမ်းအား အခြေအနေအထိ မရောက်ရှိနိုင်ခဲ့သော်ငြား သူသည်လည်း အော်ဟစ်သံ တစ်ချက်နှင့်ပင် တိမ်များကို လွင့်ပြယ် သွားစေနိုင်လောက်သည်အထိ အစွမ်းထက်ခဲ့ဆဲဖြစ်သည်။
စစ်မာရှင်းသည် ဤပညာရပ်ကို လေ့ကျင့်ရန် အချိန်နှင့် ခွန်အား စိုက်ထုတ်မှုများစွာကို အသုံးချခဲ့သည်။ မာန်မျိုးစေ့ကို ရှာဖွေခြင်း တစ်ခုတည်းသည်ပင် သူ့အား အချိန်နှင့်ခွန်အားများစွာ ကုန်လွန်စေသည်။ ထို့ကြောင့် လုံးဝမလိုအပ်သရွေ့ သူ၏ရန်သူများကိုတိုက်ခိုက်ရန် ဤစွမ်းရည်ကို အသက်မသွင်းလိုပေ။
အဘယ်ကြောင့်ဆိုသော် သူဤစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် မာန်မျိုးစေ့ စိုက်ပျိုး ခံထားရသော မာန်စွမ်းအားရှင် ကလေးငယ်များသည် အတိတ်က ဖန်းမု ဖြစ်ပျက်ခဲ့သလို အခြေအနေမျိုးအတွင်းသို့ ကျရောက်သွားပြီးနောက် သေဆုံးသွားပေလိမ့်မည်။
ဤအရာသည် စစ်မာရှင်းအတွက် လက်ခံနိုင်ရန် ခက်ခဲသော တစ်စုံတစ်ရာပင်ဖြစ်သည်။ ၎င်းသည် သူ၏အကြင်နာမဲ့ မာန်မျိုးစေ့ ကြီးမြတ်သော မာန်ပညာရပ်နှင့် ပတ်သက်ပြီး သူ၏တိုးတက်မှု အားလုံးကို ရပ်တန့်သွားစေလိမ့်မည် ဖြစ်ပြီး သူ ထိုပညာရပ်ကို နောက်တစ်ကြိမ် ပြန်လည်စတင်ကာ မလေ့ကျင့်မီတွင် မာန်ကလေးငယ်များကို အလုံအလောက် ပြန်လည် ရှာဖွေရပေလိမ့်မည်။
သို့သော် ယခုတော့ စစ်မာရှင်းသည် များများစားစားပင် တုံ့ဆိုင်းနေခြင်းမရှိပဲ စုမင်ကို တိုက်ခိုက်ရန်အတွက် ဤပညာရပ်ကို ဖော်ထုတ်ခဲ့သည်။ ဤသည်မှာ မဆင်မခြင် ပြုလုပ်လိုက်သော အခိုက်အတန့်တော့ မဟုတ်ပေ။ အမှန်တော့ သူအချိန်အတော်ကြာ သေချာဂရုစိုက်တွေးတောခဲ့ပြီးမှ ပြုလုပ်လိုက်သော ရွေးချယ်မှု တစ်ခုဖြစ်သည်။
အသစ်တစ်ခု ရဖို့ရန်အတွက် သူ၏မာန်ကလေးငယ်များ အားလုံးကို စတေးပစ်နိုင်၏။ ထို မာန်သားတော်အသစ်က စုမင်ပင်ဖြစ်သည်...
စုမင်၏ တိုးတက်မှု အမြန်နှုန်း၊ ကြောက်မက်ဖွယ်ရာ အလားအလာနှင့် စစ်မာရှင်း၏ မာန်နတ်ဘုရား အသွင်ပြောင်းလဲခြင်းကို ဖြိုဖျက်ခဲ့သော စုမင်၏ အပြုအမူများသည် စစ်မာရှင်းကို ထိတ်လန့်တုန်လှုပ်သွားစေရုံသာမက နှလုံးသားထဲတွင်လည်း ဆိုးယုတ်သော အတွေးတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
ထိုအကြံသည်ကား စုမင်ကိုယ်ထဲတွင် မာန်မျိုးစေ့တစ်ခုကို စိုက်ပျိုးကာ စုမင်ကို သူ့မာန်မျိုးစေ့အဖြစ် ပြောင်းလဲပစ်ရန်ပင် ဖြစ်သည်။
‘သူ့ကိုသာ ငါ့မာန်မျိုးစေ့အဖြစ် ပြောင်းလဲနိုင်ရင်၊ သူ့ရဲ့ တိုးတက်မှု အမြန်နှုန်းနဲ့ အလားအလာတွေ အရ ငါ့ မာန်ကလေးငယ်တွေ အားလုံးကို စတေးဖို့ ထိုက်တန်တယ်’
‘ကောင်းမွန်တဲ့ မာန်ကလေးငယ်တွေက ရှာတွေ့ဖို့ ခက်တယ်ဆိုပေမယ့် စုမင်လို လူမျိုးတွေက ပိုရှားပါးတယ်။ အခု ငါက တစ်ယောက် ရှာတွေ့ထားမှတော့ သူ့ကို သွားခွင့်ပေးလိုက်ရင် ငါ့စိတ်ထဲကျေနပ်မှာ မဟုတ်ဘူး’
စစ်မာရှင်း၏ မျက်လုံးများအတွင်းမှ အလင်းရောင်က တောက်ပသွားပြီး စုမင်လှမ်းကြည့် လိုက်ချိန်တွင် ဖြစ်ပေါ်လာသည့် ထူးဆန်းသော အမူအရာတစ်ခုကို သူ့မျက်လုံးများ၏ နက်ရှိုင်းသော နေရာ၌ ဖုံးကွယ်ထားခဲ့သည်။
စုမင်သာ သူ၏နောက်ဆုံးတိုက်ခိုက်မှုကို လက်ခံနိုင်မယ်ဆိုပါက အနာဂါတ်တွင် သူစုမင်ကို ဦးညွှတ်ပါမည်ဟု ကြေညာလိုက်သောအခါ ထိုစကားလုံးများသည် သူ့ပုံစံမှ ကွဲလွဲထွက်နေခဲ့ခြင်း ဖြစ်သည်။
သူ့စကားလုံးများနောက်ကွယ်တွင် မည်သည့် အဓိပ္ပာယ်ကိုမှ ဖုံးကွယ်ထားခြင်းသာမရှိလျှင် ဤကဲ့သို့ ရူးသွပ်လွန်းသော တစ်စုံတစ်ရာကို သူလုပ်ခဲ့လိမ့်မည် မဟုတ်ပေ။ ဤစကားသည် သူ့ကိုယ်သူ အဆုံးစွန်အထိရောက်အောင် ဖိအားပေးလိုက်သည်နှင့် အတူတူပင်ဖြစ်သည်။ သူအနိုင်ရရန်လိုအပ်သည်။ မဟုတ်လျှင် ဖြစ်လာမည့်အကျိုးဆက်များကို သူသည်းခံနိုင်လိမ့်မည် မဟုတ်ပေ။
အမှန်တစ်ကယ်တွင် သူပြောလိုက်သော စကားလုံးများသည် မာန်မျိုးစေ့ကို စိုက်ပျိုးရန် ပညာရပ်အတွက် လိုအပ်သော အရာတစ်ခုလည်းဖြစ်သည်။ ထိုအရာသည် ကြိုးတစ်ချောင်းဟုပင် ပြောဆိုနိုင်၏။
သူသည် ထိုစကားလုံးများကို စုမင်နှလုံးသားထဲတွင် မြှုပ်နှံကာ ၎င်းတို့ကို ကြိုးတစ်ခု ပြုလုပ်လိုက်မည်။ စုမင်သည် ၎င်းတို့ကို အာရုံပိုစိုက်လေလေ၊ ထိုစကားလုံးများက ပိုမိုများပြားသော အလေးချိန်များကို သယ်ဆောင်နိုင်လေလေပင်ဖြစ်သည်။ ထို့နောက် ၎င်းစကာလုံးများသည် ကြိုးတစ်ခု အနေဖြင့်ဆိုလျှင် စုမင်နှင့် သူ့ကြား၌ ထူးဆန်းသော ဆက်သွယ်မှု တစ်ခု ဖြစ်ပေါ် လာပေလိမ့်မည်။ ထိုဆက်သွယ်မှုသည် ရုပ်ဝတ္ထု အကောင်အထည်မရှိပဲ ပုံရိပ်ယောင်သက်သက်ပင် ဖြစ်နေလိမ့်မည် ဆိုသော်ငြား ထိုဆက်သွယ်မှု
လမ်းကြောင်းသည် အကြင်နာမဲ့ မာန်မျိုးစေ့ ကြီးမြတ်သော မာန်ပညာရပ်ကို လေ့ကျင့်ရာတွင် အရေးပါသော အရာတစ်ခုပင် ဖြစ်သည်။
တိုက်ပွဲ၏ရလာဒ်ကို ကြိုးတစ်ချောင်းအဖြစ် အသုံးချခြင်းနှင့် စကားလုံးများကို စုမင် နှလုံးသားထဲ၌ မြုပ်နှံခြင်းဖြင့် စုမင်ကိုယ်ထဲတွင် ၎င်းတို့ကို မျိုးစေ့တစ်ခုအဖြစ် စုဝေးလိုက်ပါက စစ်မာရှင်းသာ ဤတိုက်ပွဲကိုနိုင်ခဲ့လျှင် ထိုမျိုးစေ့သည် စုမင်ကိုယ်ထဲတွင် ၎င်းကိုယ်ပိုင် ထူးဆန်းသောနည်းလမ်းဖြင့် အစစ်အမှန် မာန်မျိုးစေ့တစ်ခု အဖြစ်သို့ ဖြည်းဖြည်းချင်း ကြီးထွားသွားလိမ့်မှာ ဖြစ်သည်။
အကယ်၍ သူရှုံးနိမ့်ခဲ့လျှင်ပင် သူစုမင်ကို တွေ့သည့်အချိန်တိုင်း ဒူးထောက်လိုက်ပါက စုမင်ခံစားရသော စိတ်ခံစားချက်များသည် မည်မျှသေးငယ်နည်းပါးပါစေ အရေးမကြီးပေ။ ၎င်းတို့သည် မာန်မျိုးစေ့ကို အာဟာရပြုကာ ကြီးထွားလာစေလိမ့်မည်ပင် ဖြစ်သည်။
ဤအရာသည် နှစ်ပေါင်းများစွာ ကြာလွန်ခဲ့သည့်တိုင် လူအနည်းငယ်သာ နားလည်နိုင်ခဲ့သည် ဆိုသော အကြင်နာမဲ့ မာန်မျိုးစေ့ ကြီးမြတ်သောပညာရပ်၏ ထူးခြားဆန်းကြယ်လေးနက်မှုပင် ဖြစ်သည်။ ပစ်မှတ်သည် အတန်ငယ် ပွင့်လင်းသော စိတ်ထားရှိလျှင် ဤပညာရပ်သည် ထိုပွင့်လင်းမှုမှ အတွင်းသို့ ဝင်ရောက်ကာ ပုန်းကွယ်နေမှာဖြစ်သည်။ ပညာရပ်ကို အသုံးပြုသူများသည် သူတို့ပစ်မှတ်များ၏ စိတ်ဝိညာဉ်ကို ယူလိမ့်မည်မဟုတ်ပဲ ပစ်မှတ်နှင့် ပစ်မှတ်၏ စွမ်းအားများကိုသာ သူတို့အတွက် အသုံးချမှာ ဖြစ်သည်။
ဤနတ်ဘုရား စွမ်းရည်သည် အလွန်ရက်စက်သော အရာဖြစ်သည်။ ထုတ်ဖော် အသုံးပြုသူသည် ပညာရပ်ကိုအပြည့်အဝ နားလည်မထားလျှင် အောင်မြင်မှုနှုန်းသည် နိမ့်ကျနေပေလိမ့်မည်။ သူတို့စွမ်းအားသည် ပစ်မှတ်ကို ဖိနှိပ်နိုင်ခြင်းမရှိပဲ မျိုးစေ့ကို အတင်းအကျပ် ဖိအားပေး စိုက်ပျိုးမည်ဆိုလျှင်တော့ သူတို့က ကံကောင်းရန် လိုအပ်ပေသည်။
အကယ်၍ စစ်မာရှင်း အနိုင်ရခဲ့လျှင် ဤအစွမ်းထက်သော မာန်သားတော်ကို သူလုံးဝ ပိုင်ဆိုင်နိုင်လိမ့်မည်။ အကယ်၍ သူရှုံးနိမ့်သွားလျှင်လည်း စုမင်ကို သူ၏ မာန်သားတော်အဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွား၍ ရသည်။ စစ်မာရှင်းအတွက် သူဆုံးရှုံးရမည့် တစ်ခုတည်းသော အရာမှာ သူ့ဂုဏ်သိက္ခာအနည်းငယ်သာ ဖြစ်သည်။ ဤအရာသည် သူသည်းခံနိုင်သော အရာ ဖြစ်သည်။
ယခုအချိန်တွင် စစ်မာရှင်းသည် လေထဲ၌ လွင့်မျောနေသည်။ သူ့လက်များကို ဖြန့်ကားလိုက်သည်နှင့် သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ထိတ်လန့်ဖွယ် အရှိန်နှုန်းဖြင့် တိုးပွားလာခဲ့သည်။ စစ်မာရှင်းသည် ရိုးရေစတေးနယ်ပယ်ကို ရောက်ရှိသွားပြီဟုပင် အခြားသူများ အနေဖြင့် ခံစားလိုက်ကြရသည်။
စစ်မာရှင်း၏ စကားများကို ကြားလိုက်ရပြီးနောက်တွင် စုမင် မျက်မှောင်ကြုတ် လိုက်မိပြီး ထိုစကားလုံးများထဲတွင် သူအဓိပ္ပာယ် မဖော်ပြတတ်သည့် တစ်စုံတစ်ရာ ပါရှိနေသည်။ ထိုစကားလုံးများသည် သူ့နှလုံးသားထဲတွင် တွားသွားနေကြပြီး အဆုံးမရှိ ပဲ့တင်ထပ်နေသည့်ပုံစံမျိုး ဖြစ်နေခြင်းပင်...
ထိုအခိုက်အတန့်မှာပင် တတိယ တောင်ထွတ်မှနေ၍ စိုးရိမ်ပူပန်နေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“စုမင်၊ သူနဲ့မတိုက်နဲ့။ သူက စိုက်ပျိုးချင်...”
ထိုအသံသည် ဖန်းချန်းလန်ထံမှဖြစ်ပြီး သူမက ထပ်မပြောနိုင်တော့ပေ။ စစ်မာရှင်းထံမှ အေးစက်စက် ထွက်ပေါ်လာသည့် သဘောမကျဟန်အသံတစ်ခုဖြင့် သူမစကားလုံးများက ချက်ချင်း ဖြတ်ချခံလိုက်ရသည်။
သို့သော် သူမစကား ဆက်မပြော နိုင်တော့သော်လည်း ဤတိုက်ပွဲက ဆက်လက် တိုက်ခိုက်ရန် ဖြစ်နိုင်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် စစ်မာရှင်းထံမှ အေးစက်စက် အသံထွက်ပေါ် လာချိန်မှာပင် လက်ဝဲတော်ရံ၏ စိတ်ဆိုးဒေါသ ထွက်နေသောအသံသည် စတုတ္ထ တောင်ထွတ်ဆီမှ ထွက်ပေါ်လာခဲ့ပြီး အေးခဲကောင်းကင် ကလန်တစ်ခုလုံးကို ပဲ့တင် ထပ်သွားခဲ့သောကြောင့် ဖြစ်သည်။
“ကျောင်းတော်က တိုက်ခိုက်တာကို တားမြစ်ထားတယ်။ မင်းတို့နှစ်ယောက်က စည်းမျဉ်းတွေကို မသိဘူးလား”
အသံသည် မကျယ်လောင်သော်ငြား ထိုအသံထဲတွင် ဖိနှိပ်နိုင်သော စွမ်းအားတစ်ခု ပါဝင်နေခဲ့သည်။ ၎င်းအသံသည် လူတိုင်း၏ နားထဲသို့ ရောက်သွားသည်နှင့် စကားလုံး တစ်လုံးစီတိုင်းသည် မိုးခြိမ်းသံများသဖွယ် ကျယ်လောင်သွားပြီး မရေမတွက်နိုင်သော ပဲ့တင်သံများ အဖြစ် ပြောင်းလဲသွားခဲ့သည်မှာ လူသောင်းပေါင်းများစွာ တစ်ချိန်တည်း အော်ဟစ်နေသကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် ကောင်းကင်နှင့် မြေပြင်ကို တုန်ခါသွားစေပြီး တိမ်တိုက်များကို လွင့်ပြယ်သွားစေကာ မြေပြင်မှ ရေခဲများကိုပင် အက်ကွဲသွားစေသည်။
စစ်မာရှင်း တုန်ယင်သွားရသည်။ မိုးခြိမ်းသံများသည် သူ့နားနားသို့ ကပ်၍ မြည်ဟည်း သွားသည်ဟု ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည်လည်း ဖြတ်တောက် ခံလိုက်ရပြီး နောက်သို့ ခြေသုံးလှမ်းခန့်ဆုတ်လိုက်ရကာ နှုတ်ခမ်းထာင့်စွန်းမှ သွေးများ စီးကျလာခဲ့သည်။
စုမင်သည်လည်း အလားတူပင်။ အသံကို ကြားလိုက်ရသည်နှင့် သူ့မျက်နှာက ဖြူရော် သွားခဲ့သည်။ သူ နောက်သို့ ခြေငါးလှမ်းခန့် ဆုတ်လိုက်ရပြီး ပါးစပ်မှ သွေးများစီးကျလာသည့်အပြင် သူ့ခန္ဓာကိုယ်အတွင်း ပြန်လည်ဖုံးကွယ်ထားသော ဟန်တောင်တန်း ခေါင်းလောင်းဆီမှလည်း ခေါင်းလောင်းသံ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာသည်။
“စစ်မာရှင်း၊ စုမင်က မင်းစီနီယာပဲ။ သူ့မှာ မင်းရဲ့ ခုနစ်ရောင်ခြယ်တောင်ကို ပိတ်ရပ်ပိုင်ခွင့် အပြည့်အဝရှိတယ်။ မင်းကသာ မှားတဲ့လူ။ မင်းကို သုံးလတံခါးပိတ်ကျင့်ကြံဖို့ အပြစ်ပေးတယ်။ ပြီးတော့ အဲဒီအချိန် အတွင်းမှာလည်း ပထမတောင်ထွတ်ကနေ ထွက်ခွာခွင့်မပြုဘူး။ အခု သွားတော့”
စစ်မာရှင်း၏ အမူအရာက ပြောင်းလဲသွားသော်လည်း အဆုံးသတ်တွင်မူ ခေါင်းငုံ့ကာ စတုတ္ထ တောင်ထွတ်ဆီသို့ ဦးညွှတ်လိုက်သည်။ ထို့နောက် နက်မှောင်သော အမူအရာဖြင့် ခုနစ်ရောင်ခြယ်တောင်ကို ပြန်သိမ်းလိုက်ပြီး စောင့်ကြည့်နေဆဲဖြစ်သော မိန်းကလေးကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ကာ ပထမတောင်ထွတ်ဆီသို့ ပျံသန်းသွားတော့သည်။
“ကျန်တဲ့လူတွေလည်း ထွက်သွားကြတော့”
လက်ဝဲတော်ရံ၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်နှင့် စုဝေးနေသော လူများသည် စတုတ္ထတောင်ထွတ်ဆီသို့ ချက်ချင်း လေးလေးစားစား ဦးညွှတ်လိုက်ကြပြီးမှ စုမင်ထံ လှည့်ကြည့် လိုက်မိကြသည်။ သူတို့အထဲမှ အချို့ဆိုလျှင် စုမင်ကို လက်သီးနှင့်လက်ဝါးထပ်ရင်း ပြုံးပြကာ နှုတ်ဆက်လိုက်ကြပြီးမှ အလျင်အမြန် ထွက်ခွာသွားကြချေသည်။
ပိုင်လင်းနှင့် တူသော်လည်း ပိုင်လင်းမဟုတ်သော မိန်းကလေးကမူ ခဏတာ တွန့်ဆုတ်နေပြီးမှ စုမင်ကို လှမ်းကြည့်လာသည်။ သူမမျက်လုံးများထဲတွင် ရန်လိုမုန်းတီးမှုများ ရှိနေဆဲ ဖြစ်သော်လည်း ပထမဆုံးအကြိမ်အဖြစ် စုမင်ကို စကားစပြောလာခဲ့သည်။
“ကျွန်မနာမည်ကို ရှင်မေးခဲ့တယ်။ အဲဒါက လျှို့ဝှက်ချက်တစ်ခု မဟုတ်လို့ ရှင်က အေးခဲကောင်းကင် ကလန်ရဲ့ တပည့်ဖြစ်လာပြီးမှတော့ နောက်ကျရင် သိလာမှာပဲ။ ကျွန်မနာမည်က ပိုင်စု။ အစ်ကိုကြီး စစ်မာပိုင်ဆိုင်တဲ့ အရာကို ရှင်ပြန်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တခြားသူပိုင်တဲ့ အရာကို ယူတာက အခြားသူတွေအနေနဲ့ ရှင့်ကို စက်ဆုပ်ပြီး အထင်အမြင် သေးစေလိမ့်မယ်”
***