← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁) သရဲမမျက်နှာနှင့် အားမန်

ဟိုဟိုဒီဒီ သွားလာလှုပ်ရှားရင်းနှင့် တစ်နေ့တာမှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။

မုန့်ဆိုင် ပြန်ဖွင့်ရမည့် အချိန်ရောက်လာပြီ ဖြစ်သဖြင့် ဟွာကျွင်း တံခါးဖွင့်လိုက်ရာ အားမောက် နှင့် ဒေါ်လေးပန်း တို့မှာ အပြင်တွင် စောင့်နေကြပါ၏။

သူတို့ အသားကင်စက်ကို မုန့်ဆိုင်တံခါးဝသို့ ရွှေ့လိုက်ကြသည်။ မနေ့က သေသေချာချာ သန့်ရှင်းရေး လုပ်ထားပြီးပြီ ဖြစ်သဖြင့် ယနေ့တွင် အသုံးမပြုမီ တစ်ချက်မျှ သုတ်လိုက်ရုံဖြင့် အဆင်ပြေသွား၏။

ဒေါ်လေးပန်း အလုပ်လုပ်ရင်း ဟွာကျွင်းကို စကားစမြည် ပြောသည်။

“သူဌေးမဟွာ... မနေ့က သိုးခေါင်းက တကယ်ကို မွှေးတာပဲ။ ကျွန်မတို့ ရေနည်းနည်းထည့်ပြီး နာရီဝက်လောက် တည်လိုက်တာလေ။ ဆီတစ်စက်မှ ထည့်စရာ မလိုဘဲ ဟင်းရည်က နွားနို့လို ဖြူဖွေးပြီး ဆီတွေလည်း အများကြီးပဲ”

ဟွာကျွင်း မေးလိုက်၏။

“အဲဒီသိုးခေါင်းက သိပ်မကြီးသလိုပဲ၊ ဒါပေမဲ့ ဆီတွေ အဲဒီလောက် အများကြီး ထွက်တာလား။ အကုန် စားလိုက်ကြလား”

ဒေါ်လေးပန်း မေးစေ့ကို အသာပင့်လျက် ပြော၏။

“ဘယ်လိုလုပ် ကုန်မှာလဲရှင်၊ ကျွန်မနဲ့ အားမောက်က မနေ့ညက သိုးဟင်းရည်နဲ့ ထမင်းနယ်စားလိုက်တာ။ သိုးခေါင်းသားကိုတော့ တခြားနည်းနဲ့ သုံးဖို့ ချန်ထားတယ်”

သူမက ဆက်ပြော၏။

“သိုးခေါင်းသားကို နူးအိနေအောင် ပြုတ်ပြီးတဲ့အခါ အရေခွံနဲ့ အသားတွေကို ဓားလေးနဲ့ ခြစ်ယူရတယ်။ ပြီးရင် သန့်ရှင်းတဲ့ အဝတ်နဲ့ ကျစ်ကျစ်ပါအောင် ထုပ်ပြီး ကျောက်တုံးနဲ့ ဖိထားလိုက်ရတာ၊ တစ်ညလုံးပေါ့”

ဟွာကျွင်းသည် ဤနည်းလမ်းကို တစ်ခါမှ မကြားဖူးသဖြင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ပြီးတော့ကော”

“မနက်ကျတော့ အသားတွေက ခဲသွားရောလေ။ ပြီးရင် အချပ်လိုက် လှီးလိုက်တော့ အသားရော အဆီရော တွဲနေတာပေါ့။ ဆားလေး နည်းနည်းနဲ့ တို့စားရင်ကို သိပ်ကောင်းတာပဲ။ ကျွန်မ ရှင်စားဖို့တောင် နည်းနည်း ယူလာခဲ့သေးတယ်၊ ကျွန်မတို့ ချက်နည်းလေးကိုလည်း မြည်းကြည့်ပါဦး။ အားမောက်... သူဌေးမဟွာအတွက် ယူလာတဲ့ သိုးခေါင်းသားကို မြန်မြန် ထုတ်ပေးလိုက်ဦး”

အားမောက် ရိုးသားစွာ ပြုံးလျက် ပြော၏။

“ဆိုင်ရှင် လုပ်တာလောက်တော့ အရသာ မရှိပါဘူး၊ ဒါပေမဲ့ စားလို့တော့ တော်တော်ကောင်းတယ်”

ဟွာကျွင်း ကြည့်လိုက်ရာ အသားမှာ လက်သီးဆုပ်ခန့် ရှိပြီး ဆီစိမ်စက္ကူဖြင့် သေသေချာချာ ထုပ်ထားသည်။

သိုးခေါင်းတစ်ခုမှာ အသား ဘယ်လောက်များ ထွက်မှာ မို့လို့လဲ။

ဤအသားများမှာ ဟွာကျွင်းကို ပေးရန်အတွက် အကုန်နွှင်ထားခြင်း ဖြစ်ပေလိမ့်မည်။ သူတို့ ဟင်းရည်ကိုသာ သောက်ခဲ့ကြသည်မှာ မဆန်းတော့ပေ။

“ကျေးဇူးတင်ပါတယ် ဒေါ်လေးပန်း။ စေတနာကိုလည်း နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်မက သိုးခေါင်းသား စားရမှာကို အကြောက်ဆုံးပဲ။ ဒါကို ပြန်ယူသွားပြီး ရှင်တို့ပဲ စားလိုက်ကြပါ”

ဒေါ်လေးပန်းသည် စိတ်မရှည်သဖြင့် ချက်ချင်းပင် မတ်တတ်ရပ်ကာ ပြော၏။

“ဖွင့်ကြည့်ပါဦး။ ကျွန်မ သိုးမျက်လုံးတွေကိုတောင် ဖယ်ထားပြီးပြီ၊ အတွင်းထဲမှာ အသားတွေချည်းပဲ၊ ကြောက်စရာ မရှိပါဘူး”

ဟွာကျွင် ပြုံးလျက် ဆီစိမ်စက္ကူထုပ်ကို အားမောက်ထံ ပြန်ပေးလိုက်၏။

“ကျွန်မ ကြောက်နေတုန်းပဲ။ ဒါကို ရှင်တို့ပဲ ယူထားပြီး စားလိုက်ပါ”

ဒေါ်လေးပန်းမှာ နှမြောတသဟန် ရှိသည်။ သူဌေးမဟွာအတွက် အသားများကို သေသေချာချာ သန့်စင်အောင် ပြင်ဆင်လာခဲ့သော်လည်း သူဌေးမဟွာက စားရန် ကြောက်လိမ့်မည်ဟု သူမ မထင်ထားမိပေ။

အားမောက် ဒေါ်လေးပန်းကို ပြန်ကြည့်လိုက်၏။ ဒေါ်လေးပန်းက သက်ပြင်းချလိုက်မှသာ သူသည် အသားထုပ်ကို သူ့အင်္ကျီအိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

အသားကင်ဆိုင် စဖွင့်သည်နှင့် လူတစ်အုပ်မှာ ချက်ချင်းပင် တန်းစီကြတော့၏။

“သူဌေးမဟွာ... ကျွန်တော် မနေ့က စကားမှားသွားတယ်။ ခင်ဗျားဆိုင်က အသားက တကယ်ကို ဒီဈေးနဲ့ တန်ပါတယ်။ အရမ်း အရသာရှိတာပဲ”

“ဒါပေါ့၊ မုန့်ဆိုင်က ထွက်တဲ့ ဘယ်အရာမဆို လက်ရာမြောက်တာချည်းပဲ”

လင်မော့ရှူ သည် ရထားလုံးပေါ်မှ ဆင်းလာကာ ချက်ချင်းပင် မှတ်ချက်ကောင်း ပေးလိုက်သည်။

“ရောက်လာပြီလား။ ဒီနေ့လည်း အသားကင် စားဦးမလား။ ကျွန်မ ဒကာခံပါ့မယ်”

“ကျွန်တော့်မှာ ငွေတွေ အများကြီး ရှိတာပဲ၊ ဘာလို့ ခင်ဗျားက ဒကာခံရမှာလဲ”

“ဒါက မတူဘူးလေ၊ ဒါ ကျွန်မရဲ့ ကျေးဇူးတင်တဲ့ အထိမ်းအမှတ်ပါ”

သူမ ငွေ နှစ်သိန်းရှစ်သောင်းအတွက် လက်ဆောင်ပြန်ပေးခြင်း ဖြစ်၏။

လင်မော့ရှူ အလွန် ပါးနပ်လှ၏။

“အဲဒီ ခြေနင်းခုံလေးက သူဌေးမဟွာရဲ့ စိတ်ကြိုက် ဖြစ်နေလို့လား”

“ဟုတ်တယ်၊ ရှင်က ဟွမ်ဟွာလီ သားကို ခြေနင်းခုံအဖြစ် သုံးနေလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး”

“ကျွန်တော့်အိမ်မှာ ဒီလိုသစ်သားတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ဂျယ်လီနဲ့ အသားကင်လိုမျိုး အရသာတွေကိုတော့ ဒီကမ္ဘာပေါ်မှာ မြည်းစမ်းဖို့ ခဲယဉ်းပါတယ်”

ဟွာကျွင်း စိတ်ထဲမှ တွေးလိုက်မိသည်။

‘ရှင့်အတွက် အဆန်းမဟုတ်တာက ကျွန်မအတွက် ရတနာပဲ၊ ဒီက အဆန်းမဟုတ်တာကတော့ ရှင့်အတွက် ရတနာပေါ့။ ဒါကလည်း မျှတပါတယ်လေ’

“အားမောက်... ဒီသခင်လေးအတွက် သိုးသားကင် အချောင်း (၂၀) နဲ့ ဝက်သုံးထပ်သားကင် အချောင်း (၂၀) ကင်ပေးလိုက်ပါ။ စာရင်းကို ကျွန်မဆီမှာပဲ ထည့်လိုက်”

အားမောက် ပြန်ထူးလိုက်ပြီး ဘာမှမပြောဘဲ ချက်ချင်းပင် စတင် ကင်တော့၏။

ကလေးငယ် အချို့မှာ ပြေးလွှားကစားရင်း ဟွာကျွင်းရှေ့သို့ ရောက်လာကြသည်။ သူတို့ လက်ထဲမှ ပန်းလေးများကို အပေါ်သို့ မြှောက်ပြကာ ချိုသာစွာ ပြောကြ၏။

“မမဟွာကျွင်း... ဒါတွေက ကျွန်တော်တို့ ခူးလာတဲ့ တောပန်းလေးတွေ၊ အစ်မအတွက်”

“ဝါး၊ သိပ်လှတာဘဲ၊ အရမ်း ကြိုက်တယ်။ ကျေးဇူးတင်ပါတယ်”

ပန်းများကို လက်ခံပြီးနောက် ကလေးများမှာ ခုန်ပေါက်လျက် ပြန်ပြေးသွားကြပြန်၏။

ထိုအခါမှ ဟွာကျွင်း နွေဦးရာသီ ရောက်လာပြီဖြစ်ကြောင်း သတိထားမိသွားသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ မုန့်ဆိုင်မှာ သူမ ပထမဆုံး ရောက်ရှိလာစဉ်က ပုံစံနှင့် လုံးဝ မတူတော့ကြောင်း သတိထားမိသွား၏။

တံခါးဝတွင် ဝယ်သူများ တန်းစီနေကြပြီး ဘေးတစ်ဖက်တစ်ချက်တွင်လည်း ရွာသားများ ကြိုးစားပမ်းစား အလုပ်လုပ်နေကြ၏။ မလှမ်းမကမ်းတွင် ကလေးငယ်များမှာ ကစားနေကြပြီး လူကြီးများမှာလည်း အိမ်ဆောက်ရန် အလုပ်ရှုပ်နေကြသည်။ ငါးမီတာတိုင်းတွင် မီးအိမ်တစ်ခုစီ ရှိနေပြီး ကင်းလှည့်အဖွဲ့ တစ်ဖွဲ့လည်း ရှိနေ၏။

မြေရိုင်းတစ်ခုနှင့် မတူတော့ဘဲ မြို့ငယ်လေးတစ်ခုနှင့်ပင် တူနေတော့သည်။

အားမောက် ဟွာကျွင်း အကြည့်နောက်သို့ လိုက်ကြည့်ပြီးနောက် ရှင်းပြလေသည်။

“ဟိုဘက်မှာ အထည်ချုပ်လုပ်ငန်း အသစ် ဆောက်နေတာလေ။ အားလုံးက တိုင်ပင်ပြီး အထည်ချုပ်လုပ်ငန်းကို အရင်ဆောက်ဖို့ ဆုံးဖြတ်လိုက်ကြတာ၊ နေအိမ်တွေကိုတော့ နောက်မှပေါ့”

“သူတို့တွေ ထမင်းစားပြီးကြပြီလား”

“စားပြီးပြီ၊ သူတို့ နေ့လယ်က စားကြတယ်။ သူတို့ဆီမှာ ပေါက်စီတွေ ပါလာတော့ ဗိုက်ဆာရင် အချိန်မဖြုန်းရအောင် အလုပ်မပျက်ဘဲ ဝါးစားလိုက်ရုံပဲလေ”

“အဲဒီလို ဘယ်ဖြစ်မလဲ။ ဒါက လုပ်အားစိုက်ရတဲ့ အလုပ်တွေလေ။ ဗိုက်ဝအောင် မစားဘဲ ဘယ်လိုလုပ် အလုပ်လုပ်နိုင်မှာလဲ”

ဟွာကျွင်းသည် မုန့်ဆိုင်သို့ ပြန်သွားပြီး အားမန်ကို ကြက်ဥထမင်းကြော် အိုးကြီးတစ်လုံး ကြော်ခိုင်းကာ သူတို့ကို သွားပို့ရန် မော့ချွမ်းကို ခိုင်းလိုက်သည်။

အားမန်မှာ ပျင်းနေခြင်း ဖြစ်၏။ သူမ ထိုသေတ္တာများပေါ်ရှိ ခလုတ်အမြောက်အမြားကို မည်သို့သုံးရမည်မှန်း မသိသဖြင့် နေရာအနှံ့ကို အဝတ်စုတ်ဖြင့်သာ လိုက်သုတ်နေရသည်။

သူမအား အလုပ်တစ်ခု ပေးလိုက်သည်နှင့် ထိုအဝတ်စုတ်ကို ချက်ချင်းချကာ အိုးကြီးကို မ၍ စတင် ချက်ပြုတ်တော့၏။

သူမသည် ထမင်းများကို တစ်ခါတည်း အများကြီး ကြော်နေခြင်း ဖြစ်သော်လည်း အဆင့်တိုင်းကို စေ့စပ်သေချာစွာ လုပ်ဆောင်သည်။

မော့ချွမ်း အဖုံးပါသော သစ်သားပုံးကြီး တစ်ခုကို ရှာကာ ထမင်း ထည့်၍ ယူသွား၏။ အထည်ချုပ်လုပ်ငန်း အုတ်မြစ်များ ချပြီး ဖြစ်သဖြင့် ရွာသားများ သစ်သားဘောင်များကို အတူတူ ဆောက်လုပ်နေကြသည်။

မော့ချွမ်း အနားသို့ လျှောက်သွားကာ အော်ပြောလိုက်၏။

“ဦးလေးတို့နဲ့ ညီအစ်ကိုတို့... သူဌေးမဟွာက စားဖို့ သောက်ဖို့တွေ ပို့ခိုင်းလိုက်ပါတယ်။ အရင်ဆုံး အနားယူကြပါဦး၊ ဗိုက်ဝမှ အလုပ်လုပ်ဖို့ အားရှိမှာပေါ့”

ထိုစကားကို ကြားသည်နှင့် အားလုံးက ပစ္စည်းကိရိယာများကို ချကာ စုရုံးလာကြတော့သည်။

လူငယ်တစ်ဦး ပြုံးလျက် ပြော၏။

“သူဌေးမဟွာက စိတ်ထား ကောင်းလွန်းပါတယ်။ ကျွန်တော်တို့လည်း စားစရာတွေ ပါလာပါတယ်”

နောက်ထပ် လူကြီးတစ်ဦးကလည်း ဝင်ပြောလိုက်သည်။

“ကျွန်တော်တို့ ဒါကို ဆောက်နေတာက သူဌေးမဟွာဆီက စားစရာ ရဖို့ မဟုတ်ပါဘူး။ သူဌေးမဟွာကို ကျေးဇူးဆပ်ဖို့ လုပ်နေတာပါ၊ ပြီးတော့ ဒီအထည်ချုပ်လုပ်ငန်းက ရွာထဲက အမျိုးသမီးတွေအတွက်လည်း အလုပ်အကိုင်တွေ ပေးဦးမှာလေ။ ဒါကြောင့် ကျွန်တော်တို့ အားနာမိတယ်”

မော့ချွမ်း ပြော၏။

“ဟွာကျွင်းက ဒီလိုပါပဲ။ ခင်ဗျားတို့က သူ့အတွက် အထည်ချုပ်လုပ်ငန်း ဆောက်ပေးနေတာကို သူက အငတ်ထားပါ့မလား။ စိတ်ချလက်ချသာ စားကြပါ”

ထိုသို့ ဆိုကာ သစ်သားပုံး အဖုံးကို ဖွင့်လိုက်သည်။

ကြက်ဥထမင်းကြော်နံ့မှာ လွင့်ပျံ့လာတော့၏။ သူတို့မှာ တိတ်ဆိတ်သွားပြီး သစ်သားပုံးကိုသာ စိုက်ကြည့်နေကြသည်။

သူတို့ တစ်နေ့လုံး အပင်ပန်းခံ လုပ်ကိုင်နေရခြင်း ဖြစ်ရာ နေ့လယ်က ဆန်ပြုတ်သောက်ပြီး ညနေတွင် ပေါက်စီ စားရခြင်းမှာ ဗိုက်မဆာဘူးဟု ပြောလျှင် လိမ်ရာ ကျပေလိမ့်မည်။

“ညီအစ်ကို မော့ချွမ်း... ဒီပုံးထဲမှာ ဘာတွေလဲ”

“ကြက်ဥထမင်းကြော်ပါ”

မော့ချွမ်းက ခေါင်းပင်မမော့ဘဲ ထမင်းများကို ခပ်ထည့်ပေးရင်း ပြန်ဖြေသည်။

“အမလေး... ထမင်းကို ကြက်ဥနဲ့ ကြော်ထားတာပဲ”

“ဒါကြောင့် ဒီလောက် မွှေးနေတာကိုး”

အားလုံးက ပန်းကန်များ ယူကာ အားရပါးရ စားကြတော့၏။ သူတို့အတွက် အခြား အရသာရှိလှပါသည်ဆိုသော အစားအသောက်များပင် ဤထမင်းကြော် တစ်ပန်းကန်ကိုမယှဉ်နိုင်တော့ပေ။ အရသာရှိလှသော ကြက်ဥထမင်းကြော်ပင် ဖြစ်၏။

မကြာခင် ထမင်းပုံးမှာ အားလုံး ကုန်သွားတော့၏။ ကျေနပ်သွားသော ရွာသားတစ်ဦးက ပန်းကန်ကို ချကာ ပြောသည်။

“သူဌေးမဟွာရဲ့ လက်ရာက အရမ်းကောင်းတယ်လို့ လူတွေ ပြောနေကြတာ ကြာပြီ။ ဒီနေ့မှပဲ ကိုယ်တိုင် မြည်းကြည့်ရတော့တယ်၊ တကယ်ကို အရသာရှိတာပဲ”

မော့ချွမ်း ခပ်အေးအေးပင် ပြော၏။

“သူဌေးမဟွာရဲ့ လက်ရာက ကောင်းတာတော့ အမှန်ပါပဲ၊ ဒါပေမဲ့ ဒီနေ့ ကြက်ဥထမင်းကြော်ကို သူချက်တာ မဟုတ်ဘူး၊ အားမန် ချက်တာပါ”

“အားမန် ဟုတ်လား။ အားမန်ဆိုတာ ဘယ်သူလဲ”

“ကျွန်တော် ကြားတာတော့ သူဌေးမဟွာက သရဲမမျက်နှာနဲ့ မိန်းမ ကို ခေါ်ထားတယ်တဲ့၊ အခု မုန့်ဆိုင်မှာ အလုပ်လုပ်နေတာလေ”

“အားမန်ဆိုတာ သရဲမမျက်နှာနဲ့ မိန်းမလား”

မော့ချွမ်းသည် သစ်သားပုံး အဖုံးကို ပြန်ပိတ်ကာ ၎င်းကို မလိုက်ပြီး ပြောသည်။

“သူ့ကို သရဲမမျက်နှာ သရဲမမျက်နှာလို့ လိုက်မခေါ်ကြပါနဲ့။ သူ့မှာ နာမည် ရှိပါတယ်၊ သူ့မျက်နှာက မီးလောင်ထားတာပါ”

ထို့သို့ပြောပြီးနောက် ထွက်သွားသည်။

ရွာသားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ ဘာမှ မပြောကြသော်လည်း သူတို့ စိတ်ထဲတွင် အားမန်အပေါ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ အမာရွတ်ရှိသော မိန်းကလေးတစ်ဦးကို ဤကာလပတ်လုံး သရဲမမျက်နှာဟု ခေါ်ခဲ့မိကြပြီး ယနေ့တွင်မူ သူမ ပြင်ဆင်ပေးသော အစားအစာကို စားခဲ့ကြရသည် မဟုတ်လား။ ထိုအချက်ကို တွေးမိတိုင်း မိမိကိုယ်ကိုယ်သာ ပါးရိုက်ချင်စိတ် ပေါက်သွားကြတော့သည်။

အခန်း (၁၀၂)

အစစ်မှန်ဆုံးသော ဇာတိမြေဟင်းလျာများ (၁)

မော့ချွမ်း သစ်သားပုံးကို ကိုင်၍ ဆိုင်ထဲသို့ ပြန်ဝင်လာရာ မီးဖိုချောင်သို့ ရောက်သည်နှင့် အားမန်၏ မျှော်လင့်တကြီး စိုက်ကြည့်နေသော အကြည့်နှင့် ဆုံသည်။

ဤသည်မှာ သူမအဖို့ အပြင်လူများအတွက် ပထမဆုံးအကြိမ် ဟင်းချက်ပေးခြင်း ဖြစ်ရာ လူတွေ သူမလက်ရာကို ကြိုက်ကြပါ့မလားဟူသော အတွေးဖြင့် စိုးရိမ်စိတ်ရော သိချင်စိတ်ပါ ဖြစ်နေခြင်း ဖြစ်၏။

မော့ချွမ်း သူမ အကြည့်ကို နားလည်သဖြင့် ပြောလိုက်သည်။

“အားလုံး ကြိုက်ကြတယ်၊ အကုန်စားသွားကြတယ်”

ထို့နောက် သူ အားမန် မြင်တွေ့စေရန် ပုံးအဖုံးကို ဖွင့်ပြလိုက်၏။ အမှန်တကယ် ထမင်းတစ်စေ့ပင် မကျန်တော့ပေ။ အားမန်သည် စိတ်သက်သာရာ ရသွားပြီး မော့ချွမ်းကို ကြည့်ကာ ပြုံးပြလိုက်သည်။

ဟွာကျွင်း သည် ဆိုင်တံခါးဝတွင် ဝယ်သူများကို အသားကင်အကြောင်း မိတ်ဆက်ပေးနေစဉ် လမ်းဘေး၌ ရထားလုံးတစ်စီး ရပ်တန့်လာ၏။

မြို့ဝန်ကျောက်သည် ရထားလုံးပေါ်မှ ဆင်းလာပြီး ဟွာကျွင်းကို ချက်ချင်း တွေ့သွားသည်။

“သူဌေးမဟွာ၊ နေကောင်းရဲ့လား။ မတွေ့တာတောင် ကြာပြီနော်”

လုမင်လီ ဟွာကျွင်း၏ လှူဒါန်းမှုကို သူ့အား ပေးလာသည့် အချိန်မှစ၍ သူ မနားတမ်း အလုပ်လုပ်နေခဲ့ရခြင်း ဖြစ်၏။ ထိုငွေများကို အသုံးပြု၍ အနီးနားရှိ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူများကို နေရာချထားပေးခဲ့သဖြင့် ဧကရာဇ်မင်းမြတ်ထံမှ ချီးကျူးမှုကိုပင် ရရှိခဲ့သည်။

သူ ဟွာကျွင်းကို ကျေးဇူးတင်စကားများ အခါခါ ပြောကြားပြီးနောက် ယနေ့ လာရင်းကိစ္စကို ပြောသည်။

“နန်းတွင်းက သာသနာရေးရာ ဒုဝန်ကြီးက ငါ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်လေ။ မကြာသေးခင်က သူ့အမေအိုကြီး ရုတ်တရက် ဖျားနာပြီး အိပ်ရာထဲ လဲနေတယ်”

ဟွာကျွင်းသည် ခေါင်းညိတ်လျက် သေသေချာချာ နားထောင်နေသော်လည်း စိတ်ထဲမှ ‌တွေးနေမိ၏။

‘ကျွန်မက ဆရာဝန်လည်း မဟုတ်ဘူး၊ အစားအသောက်ကလည်း ရောဂါကို မပျောက်ကင်းစေနိုင်ပါဘူး။ သူ ဒါတွေ လာပြောနေလည်း ကျွန်မ ဘာမှ မလုပ်ပေးနိုင်ဘူး’

မြို့ဝန်ကျောက် ဆက်ပြောသည်။

“သူ့အမေအိုကြီးက လျိုချန်းဇာတိလေ။ သူ ဒုဝန်ကြီး ရာထူးရပြီးကတည်းက သူ့အမေကလည်း မြို့တော်မှာ နေလာတာ နှစ်ပေါင်း သုံးဆယ် ရှိပြီ၊ ဇာတိမြေကို တစ်ခါမှ ပြန်မရောက်ခဲ့ဘူး။ ဒီမှာ ပိန်းဥနို့အေးနဲ့ မုန့်တွေ ရတယ်ဆိုတာ ကြားတော့ ဒုဝန်ကြီးက အရမ်း ဝမ်းသာသွားတယ်”

သူ လက်ဖက်ရည် တစ်ငုံသောက်ကာ ဆက်ပြော၏။

“ပိန်းဥဆိုတာ လျိုချန်းရဲ့ ဒေသထွက်ပစ္စည်းဆိုတာ ခင်ဗျား သိမှာပါ။ ဒုဝန်ကြီးက သူ့အမေကို လျိုချန်းက အစားအသောက်တွေ မြည်းစမ်းစေချင်တာ၊ ဒါက သူ့ရဲ့ သားသမီးကျင့်ဝတ်ကို ပြသရာ ရောက်သလို လူကြီးတစ်ယောက်ရဲ့ အိမ်လွမ်းဝေဒနာကိုလည်း သက်သာစေချင်လို့ပါ”

လျိုချန်းသည် အရသာရှိသော ပိန်းဥများ ထွက်ရှိသည့် နေရာဖြစ်ကြောင်း ဟွာကျွင်း မှတ်မိလိုက်၏။

“ငါ မင်းနဲ့ ရင်းနှီးတာ သိလို့ သူ အကူအညီတောင်းပြီး လာပြောခိုင်းတာပါ။ ပိန်းဥနို့အေးနဲ့ မုန့်တွေကို ဝယ်ချင်လို့ပါတဲ့”

ဟွာကျွင်း နားမလည်နိုင်ဘဲ မေးလိုက်၏။

“ဒါတင်ပဲလား။ အဲဒါဆို အစေခံတစ်ယောက်လောက် လွှတ်ပြီး ဝယ်ခိုင်းလည်း ရတာကို၊ ဘာလို့ မြို့ဝန်မင်းကိုယ်တိုင် လာနေရတာလဲ”

မြို့ဝန်ကျောက်က ရယ်မောလျက် ပြောသည်။

“အမှန်တော့ ဒါတင်မကဘူး။ ပိန်းဥဆိုတာ နေရာတိုင်းမှာ မရှိဘူးလေ၊ သူ ဇာတိက ထွက်လာတဲ့ နှစ်ပေါင်း သုံးဆယ်အတွင်းမှာ တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ဒါပေမဲ့ မင်း ဆိုင်မှာ ရှိနေတော့ သူ့ဇာတိသား ဖြစ်မယ်လို့ သူက ခန့်မှန်းနေတာ။ ဒါကြောင့် သူ့အမေအတွက် လျိုချန်းဟင်းလျာ တစ်ဝိုင်းလောက် ချက်ပေးဖို့ ဖိတ်ခေါ်ချင်နေတာ”

ဤအချက်က ဟွာကျွင်းကို အခက်တွေ့သွားစေ၏။ သူမနှင့် လျိုချန်းမှာ မည်သည့် ပတ်သက်မှုမှ မရှိပေ။ လျိုချန်း အစားအသောက်ဟု သူမ ကြားဖူးသည်မှာ ခရုခေါက်ဆွဲစပ် တစ်မျိုးသာ ရှိ၏။

မြို့ဝန်ကျောက်ကသူမ၏ အခက်အခဲကို သတိထားမိသဖြင့် ပြော၏။

“ဒါက တကယ်ပဲ အားနာစရာ ကောင်းပါတယ်။ ဒီလိုလုပ်ပါ၊ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင်လည်း ပိန်းဥအနှစ်ပဲ ပြင်ဆင်ပေးလိုက်ပါ”

ဟွာကျွင်း တစ်ခဏ စဉ်းစားပြီးနောက် ပြောသည်။

“ကျွန်မမှာ နည်းလမ်း ရှိပါတယ်။ မနက်ဖြန် ညနေကျရင် သူ့လူတစ်ယောက်ကို ကျွန်မဆိုင် လာခိုင်းလိုက်ပါ”

ဟွာကျွင်း ထိုသို့ပြောသည်ကို ကြားရသဖြင့် မြို့ဝန်ကျောက် အလွန် ဝမ်းသာသွား၏။ သူသည် စရန်ငွေအဖြစ် ငွေ (၁၀) တုံး ချန်ထားခဲ့ပြီး သူ့သူငယ်ချင်းဟောင်းကို သတင်းကောင်း ပါးရန် အလျင်အမြန် ပြန်သွားတော့၏။

ဟွာကျွင်းသည် ငွေများကို သေသေချာချာ သိမ်းဆည်းလိုက်ပြီး မော့ကြည့်လိုက်စဉ် လုမင်လီမှ သူမကို ပြုံး၍ ကြည့်နေသည်ကို မြင်လိုက်ရသည်။

ဟွာကျွင်း ဝမ်းသာအားရ ပြော၏။

“စစ်သူကြီးလု... ဒီနေ့ ဘယ်လိုလုပ် ရောက်လာတာလဲ”

လုမင်လီသည် မကြာသေးခင်က မြို့တော်သို့ ရောက်ရှိနေပြီး ဧကရာဇ်နှင့် စစ်ရေးကိစ္စများ ဆွေးနွေးနေရခြင်း ဖြစ်ရာ ယခုမှသာ အချိန်လု၍ လာနိုင်ခြင်း ဖြစ်၏။

အစပိုင်းတွင် သူ ဟွာကျွင်းအနေဖြင့် ဒုက္ခသည်များစွာကို တစ်ယောက်တည်း ရင်ဆိုင်နေရမည်ကို စိုးရိမ်ခဲ့သော်လည်း ယခု အပြင်ဘက်တွင် ရွာလေးတစ်ရွာ အကောင်အထည် ပေါ်နေသည်ကို မြင်တွေ့လိုက်ရ၏။

သူ ပြုံးလျက် ပြော၏။

“မင်းက လျိုချန်းဟင်းလျာတွေ ချက်တတ်မှန်း ကိုယ် မသိခဲ့ဘူး”

“မချက်တတ်ပါဘူး”

လုမင်လီမှာ မှင်တက်သွားရ၏။

“ဒါဆို ခုနက ဘာလို့ လွယ်လွယ် လက်ခံလိုက်တာလဲ...”

ဟွာကျွင်း မျက်တောင်လေး ခတ်လျက် ပြော၏။

“သူက လျိုချန်းဟင်းတစ်ဝိုင်း လိုချင်တာလေ၊ ကျွန်မကိုယ်တိုင် ချက်ရမယ်လို့ သူမှ မပြောတာ”

လုမင်လီ နားမလည်နိုင်ဘဲ မေးလိုက်သည်။

“ဒါဆို တခြားတစ်ယောက်ကို ငှားချက်မှာလား”

ဟွာကျွင်း၏ နည်းလမ်းမှာ ရိုးရှင်းလှ၏။ သူမကိုယ်တိုင် လျိုချန်းဟင်း မချက်တတ်သော်လည်း သူမတွင် အကူအညီ ရှိသည်။

“ဟင့်အင်း၊ ကျွန်မ လျိုချန်းကို တိုက်ရိုက်သွားပြီး ဝယ်လာမှာလေ၊ အစစ်အမှန် ဖြစ်စေရမယ်”

လုမင်လီမှာ ဆွံ့အသွားရ၏။

“လျိုချန်းကို သွားမလို့လား။ တစ်ရက်အတွင်း အသွားအပြန် လုပ်လို့ ရပါ့မလား”

“ကျွန်မတို့ဆီမှာ လေယာဉ်ပျံတွေ ရှိတယ်လေ၊ ကောင်းကင်ကနေ ပျံသွားရင် တစ်နာရီခွဲပဲ ကြာတာ”

လုမင်လီ “...”

အနာဂတ်ကာလမှာ ဤမျှအထိ အဆင်ပြေမည်ဟု သူ မထင်ထားမိပေ။ အကယ်၍ စစ်ပွဲသာ ဖြစ်ပွားပါက လူနှင့် ရိက္ခာများကို စစ်မြေပြင်သို့ တစ်ရက်အတွင်း ပို့ဆောင်နိုင်ပေသည်။

ဤသည်မှာ သဘာဝပင် ဖြစ်၏။ အချို့သော စစ်ပွဲများတွင် လူကိုယ်တိုင် ရှိနေရန် မလိုဘဲ ဒုံးကျည်တစ်စင်းတည်းဖြင့် အရှုံးအနိုင်ကို ဆုံးဖြတ်နိုင်သည်။

ထိုနေ့ညမှာပင် သူမ နောက်တစ်နေ့ မနက်အစောဆုံး လျိုချန်းသို့ ပျံသန်းမည့် လေယာဉ်လက်မှတ်ကို ဖြတ်လိုက်၏။ ဟွာကျွင်း မနက်အစောကြီး နိုးလာပြီး လျင်မြန်စွာ ပြင်ဆင်ကာ လျိုချန်းသို့ သွားတော့သည်။ သူမ လေယာဉ်ဆင်းချိန်တွင် မနက် (၉) နာရီသာ ရှိသေးပြီး စားသောက်ဆိုင် အများစုမှာ မဖွင့်သေးသဖြင့် ကားတစ်စီး ငှားကာ မြို့ထဲတွင် ပတ်ကြည့်နေလိုက်သည်။

လျိုချန်းသည် လှပသော တောင်တန်းများနှင့် ကြည်လင်သော ရေကန်များ ရှိသည့် နေရာဖြစ်ပြီး ထူးခြားသော မြေမျက်နှာသွင်ပြင်၊ သာယာသော ရှုခင်းများနှင့် ရိုးသားသော ဒေသခံများ ရှိကြ၏။ သူမ ကားဆရာကို အကောင်းဆုံး အစားအသောက် ရနိုင်မည့် နေရာကို မေးမြန်းလိုက်သည်။

“အစစ်အမှန်ဆုံး လျိုချန်းဟင်းလျာလား။ ဒါဆိုရင်တော့ ‘ရုန်ရုန် စားသောက်ဆိုင်’ ပဲရှိတယ်။ သူတို့ရဲ့ ဆီပူလောင်း ကြက်သားနဲ့ မျှစ်ချဉ် အမဲသားကြော်ကတော့ ရှယ်ပဲ။ ဒါပေမဲ့ ခရီးသွားတွေကတော့ ခရုခေါက်ဆွဲပဲ စားကြတာ မဟုတ်လား”

“ကျွန်မ သူငယ်ချင်းတစ်ယောက်အတွက် လာတာပါ။ သူ လျိုချန်းက ထွက်သွားတာ ကြာပြီဆိုတော့ ဇာတိမြေက ဟင်းတွေကို သိပ်လွမ်းနေလို့ အဲဒါ ဝယ်သွားပေးမလို့ပါ”

“အော်... သနားဖို့ ကောင်းလိုက်တာ။ ကျွန်တော်တောင် တခြားမြို့ကို တစ်ပတ်လောက် သွားမိရင် လျိုချန်းက ခေါက်ဆွဲတွေကိုပဲ ပြန်စားချင်နေတာ။ ပြန်ရောက်တာနဲ့ သုံးပန်းကန်လောက် အကုန်စားပစ်လိုက်တယ်။ အဝေးရောက်နေရင် ကိုယ်ကြီးပြင်းခဲ့တဲ့ အရသာတွေကိုပဲ တမ်းတနေတတ်ကြတာ သဘာဝပါပဲ”

အမှန်ပင် ဇာတိမြေမှ အစားအသောက်မှာ စိတ်ကို အနွေးထွေးဆုံး ဖြစ်စေနိုင်သည်။

ကားဆရာသည် ဟွာကျွင်းကို ရုန်ရုန်စားသောက်ဆိုင်သို့ တိုက်ရိုက် ပို့ဆောင်ပေးသည်။ သူ့အကြံပြုချက်အတိုင်း ဟွာကျွင်းသည် ဆီပူလောင်း ကြက်သားနှင့် မျှစ်ချဉ် အမဲသားကြော်ကို ဝယ်လိုက်၏။ ထို့အပြင် ဝက်အူကြော်၊ ပိန်းဥပေါင်း၊ ခရု၊ ဘဲခြေထောက် ဟော့ပေါ့နှင့် ကန်စွန်းရွက်ကြော်တို့ကိုလည်း မှာယူလိုက်သည်။

အဓိကအကျဆုံး ဖြစ်သော ခရုခေါက်ဆွဲ မှာလည်း မပါမဖြစ်ပင်။

ဆိုင်ဝန်ထမ်းသည် အိမ်ချက် လက်ရာအတိုင်း မွှေးကြိုင်နေသော ထိုဟင်းလျာများကို အပူထိန်းဘူး ခုနစ်လုံး ရှစ်လုံးခန့်တွင် ထည့်ပေးကာ သေသေချာချာ ပိတ်ပေးလိုက်သည်။

ထိုအပူထိန်းဘူးများကို လေယာဉ်ပေါ်တွင် သယ်ဆောင်နိုင်ရန် စနစ်တကျ စီထားလိုက်၏။ ထိုသို့ ပြုလုပ်နေစဉ်အတွင်း ဟွာကျွင်းသည် ဘူးတစ်ခုချင်းစီကို သေသေချာချာ စစ်ဆေးနေမိ၏။ လေအနည်းငယ် ဝင်သွားလျှင်ပင် အတွင်းမှ ဟင်းလျာများ၏ အရသာနှင့် အရည်အသွေးကို ထိခိုက်သွားမှာ စိုးရိမ်နေ၏။

အမှန်စင်စစ် ဤအရာမှာ သာမန် ထမင်းတစ်နပ် မဟုတ်ပေ။ ဝေးကွာနေသော ဇာတိမြေကို တမ်းတနေသည့် လူကြီးတစ်ဦးအတွက် အလွမ်းပြေစေမည့် အရာဖြစ်သည်။

ဟွာကျွင်း ထိုဟင်းလျာများကို သာသနာရေးရာ ဒုဝန်ကြီး အိမ်တော်မှ လူများထံသို့ လွှဲပြောင်းပေးလိုက်၏။ ထိုလူတို့သည် တစ်ညလုံး အမြန်ခရီးနှင်လာကြရာ နောက်တစ်နေ့ မိုးလင်းချိန်တွင် ဒုဝန်ကြီးအိမ်တော်သို့ ရောက်ရှိသွားတော့၏။ ဟွာကျွင်း၏ ညွှန်ကြားချက်အတိုင်း ဒုဝန်ကြီးအိမ်တော်မှ စားဖိုမှူးသည် အစားအသောက်များကို ထုတ်ကာ ပေါင်းအိုးဖြင့် ပြန်နွှေးပေးသည်။

ပထမဆုံးသော နေရောင်ခြည်သည် အခန်း၏ ပြတင်းပေါက်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ဖြာကျလာ၏။ အစေခံမလေးသည် အမေအိုကြီးကို ညင်သာစွာ နှိုးလိုက်သည်။

“သခင်မကြီး... ထပြီး ဆေးသောက်ရမဲ့ အချိန်ရောက်ပါပြီ”

အမေအိုကြီးသည် ဖြည်းညင်းစွာ နိုးလာပြီး ပါးစပ်ကို အသာဟကာ ဆေးရည်များကို သောက်လိုက်၏။ ဆေးပန်းကန် ကုန်သွားသည့်အခါ အစေခံမလေးက နှုတ်ခမ်းကို သုတ်ပေးသည်။ အခန်းထဲရှိ ပြင်းထန်သော ဆေးနံ့များမှာ အချိန်နှင့်အမျှ လျော့ပါးသွားပြီး ပျောက်ကွယ်သွားတော့၏။

ထိုစဉ်မှာပင် ခပ်ဖျော့ဖျော့ ရနံ့တစ်ခုသည် သူမ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ အစပိုင်းတွင် ထိုရနံ့မှာ အလွန် အားနည်းနေသော်လည်း မကြာခင် ပို၍ ပြင်းထန်လာ၏။ သူမ မျက်လုံးများကို မှိတ်ကာ ထိုရနံ့ကို အားရပါးရ ရှူသွင်းလိုက်မိ၏။ ၎င်းမှာ အိပ်မက်လား၊ အစစ်လားဟူ၍ ခွဲခြားရန် ကြိုးစားနေခြင်း ဖြစ်၏။

ရုတ်တရက် သူမ မျက်လုံးများ ပွင့်လာပြီး အံ့သြသော အမူအရာများ ပေါ်လာတော့၏။ ဤရနံ့မှာ လျိုချန်းဟင်းလျာများ ရနံ့ပေ။ ထိုရင်းနှီးပြီး နွေးထွေးသော အနံ့မှာ သူမ၏ စိတ်နှလုံးထဲရှိ အဆုံးမဲ့သော အမှတ်တရများနှင့် တမ်းတမှုများကို ချက်ချင်းပင် နှိုးဆွပေးလိုက်တော့သည်။

All Chapters