← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃) အစစ်မှန်ဆုံးသော ဇာတိမြေဟင်းလျာများ (၂)

အမေအိုကြီး ပါးစပ်မှာ တလှုပ်လှုပ်ဖြစ်နေပြီး လက်များကလည်း အပေါ်သို့ အားယူ၍ ဆန့်တန်းကာ ထိုင်ချင်ဟန် ပြနေ၏။

အစေခံမလေးမှ အမြန်ပင် ရှေ့တိုးလိုက်ကာ သူမကို မထူပေးလိုက်ပြီး ကျောနောက်တွင် ထူထဲနူးညံ့သော ခေါင်းအုံးများကို ခုပေးလိုက်သည်။

“ငါ့ကလေး... ငါ့ကလေး....”

သူမ သားဖြစ်သူကို ခေါ်လိုက်သော်လည်း အားနည်းနေသောကြောင့် အသံမှာ အခန်းပြင်သို့ ရောက်ရန် အလွန်ပင် တိုးညင်းလွန်းလှ၏။

အခြား အစေခံမလေး တစ်ဦးက သာသနာရေးရာ ဒုဝန်ကြီးကို သွားခေါ်ရန် အပြေးအလွှား ထွက်သွားသည်။

“သခင်ကြီး၊ သခင်မကြီးက သခင်ကြီးကို ခေါ်နေပါတယ်”

မကြာမီမှာပင် ဒုဝန်ကြီး စိုးရိမ်တကြီးဖြင့် အခန်းထဲသို့ အပြေးအလွှား ဝင်လာသည်။

“အမေ... ဘာလို့ ထထိုင်နေတာလဲ”

“အမေ... အမေ တစ်ခုခုရဲ့ အနံ့ကို ရနေသလိုပဲ။ အမေ့စိတ်ကပဲ ထင်နေတာလား”

“ဪ အမေ... စိတ်ထင်တာ မဟုတ်ပါဘူး။ ကျွန်တော် အမေ့ကို မပြောရသေးတာပါ။ ကျွန်တော် လျိုချန်း ဟင်းလျာတွေ ဝယ်လာခဲ့တယ်၊ အခု မီးဖိုချောင်လေးမှာ နွှေးနေကြပြီ။ ခဏနေရင် လာပို့ကြတော့မှာပါ”

အမေအိုကြီးမှာ အနည်းငယ် စိတ်လှုပ်ရှားလာပြီး တံခါးဝသို့သာ စိုက်ကြည့်နေကာ စကားပင် မပြောတော့ပေ။

၎င်းကို မြင်သည့်အခါ သာသနာရေးရာဒုဝန်ကြီးက အနားရှိ အစေခံမလေးကို တိုးတိုးလေး မှာလိုက်၏။

“မြန်မြန် သွားလုပ်ခိုင်းလိုက်စမ်း”

မီးဖိုချောင်မှ လူများကလည်း မနှောင့်နှေးရဲကြပေ။ မကြာမီ ဟင်းလျာများ အားလုံး စုံလင်စွာ ရောက်ရှိလာတော့၏။

အမေအိုကြီးမှာ ထရန် အဆင်မပြေလှသဖြင့် သူမ၏ သားဖြစ်သူက ဟင်းပန်းကန်များကို ကုတင်အနားသို့ တစ်ပန်းကန်ပြီး တစ်ပန်းကန် သယ်လာပေးသည်။

“ဒါက... မျှစ်ချဉ်နံ့ပဲ... ဒါက်ို မြည်းကြည့်ချင်တယ်”

အမေအိုကြီးသည် ဟင်းပန်းကန်ကို ကြည့်ကာ မျက်ရည်များ ဝဲလာတော့၏။ သူမသည် စောင်အောက်မှ လက်ကို ဆန့်ထုတ်ကာ ဟင်းပန်းကန်ကို လှမ်းယူရန် ပြင်သည်။

“ဟုတ်ပါတယ်၊ ဒါက မျှစ်ချဉ်နဲ့ အမဲသားကြော်ပါ။ ဒါပေမဲ့ သမားတော်က အမေ့ကို ဒါတွေ စားလို့မရဘူးလို့ မှာထားတယ်လေ။ အနံ့ပဲ ရှူကြည့်ပါဦး”

သမားတော်ကြီးက အမေအိုကြီးသည် ဘဝ၏ နောက်ဆုံးအချိန်သို့ ရောက်နေပြီး ရက်အနည်းငယ်သာ လိုတော့ကြောင်း ထို့ကြောင့် သူမ၏ အစာအိမ်နှင့် အူလမ်းကြောင်းကို ထိခိုက်စေမည့် အရာမျိုးကို လုံးဝ မစားသင့်ကြောင်း မှာကြားထား၏။

သူမသည် သက်ပြင်းချလိုက်ပြီး မတတ်သာသည့်အဆုံး ရှေ့သို့ ကိုင်းညွတ်ကာ အနံ့ကို အားရပါးရ ရှူသွင်းလိုက်သည်။ ထို့နောက် သားဖြစ်သူကို ပြော၏။

“သားပဲ မြည်းကြည့်လိုက်ပါ။ တစ်လုပ်လောက် စားကြည့်ပြီး အမေ့ကို ပြန်ပြောပြစမ်း၊ ဒါက ငယ်ငယ်က စားခဲ့ရတဲ့ အရသာ ဟုတ်ရဲ့လားလို့”

“ကောင်းပါပြီ”

ဒုဝန်ကြီးက ပြန်ထူးလိုက်ပြီး တူကိုင်ကာ တစ်လုပ် ခပ်စားလိုက်၏။ အမေအိုကြီးသည် သူ့ကို မျှော်လင့်တကြီး စိုက်ကြည့်နေသည်။

“ချဉ်ချဉ်လေးနဲ့ ကြွပ်ကြွပ်လေးပဲ၊ ကျွန်တော် ငယ်ငယ်က စားခဲ့ရတဲ့ အရသာ အစစ်ပဲ အမေ”

“အမေ အရင်က သိမ်းခဲ့တဲ့ မျှစ်ချဉ်တွေလိုပဲ အရသာ ရှိရဲ့လား”

“အမေသိမ်းခဲ့တာတွေလောက်တော့ အရသာ မရှိပါဘူး”

အမေအိုကြီးသည် ခေါင်းအုံးပေါ်သို့ မှီချလိုက်ပြီး အတိတ်ကို ပြန်လည် အမှတ်ရနေ၏။

“သား ငယ်ငယ်တုန်းက မှတ်မိသေးလား။ အမေ မျှစ်ချဉ်အိုး တစ်အိုး သိမ်းထားတာလေ၊ သိမ်းပြီး တစ်ရက်ပဲ ရှိသေးတယ် သားက စားချင်တယ်ဆိုပြီး ဂျီကျနေတာ။ အမေက ခွင့်မပြုတော့ သားကလည်း ဆိုးတယ်လေ။ အမေ သတိမထားမိတဲ့ အချိန်မှာ အဖုံးကို ဖွင့်ပြီး မျှစ်ချဉ်တွေကို လက်နဲ့ နှိုက်စားခဲ့တယ် မဟုတ်လား”

ဒုဝန်ကြီးသည်လည်း ထိုအဖြစ်အပျက်ဟောင်းကို မှတ်မိနေ၏။ သူက ပြုံးလျက် ပြောသည်။

“အဲဒီတုန်းက ကျွန်တော်က နားမလည်သေးတာပါ။ အမေ မှတ်မိနေသေးတာလား။ မျှစ်ချဉ်က မရသေးဘူးလေ၊ ကျွန်တော် တစ်လုပ်စားကြည့်ပြီး ပြန်ထွေးထုတ်လိုက်တာ။ အမေ သိသွားမှာ စိုးလို့ ဘာမှမပြောရဲဘဲ အဖုံးကို ဒီအတိုင်း ပြန်ပိတ်ထားခဲ့တာပေါ့”

အမေအိုကြီးသည် သားဖြစ်သူ၏ လက်ဖမိုးကို ညင်သာစွာ ပုတ်လိုက်၏။

“ဒါကို ဘယ်လို ဖုံးကွယ်လို့ ရမှာလဲ။ သားလက်မှာ တခြားရေတွေ စိုနေတာကို အဲဒီလို နှိုက်လိုက်တော့ တစ်အိုးလုံး ပျက်စီးကုန်တာပေါ့။ အမေ အဖုံးဖွင့်ကြည့်တော့ အထဲမှာ မှိုတွေ တက်နေတာ မြင်လိုက်ရတယ်။ အဲဒါနဲ့ စိတ်တိုပြီး သားကို ကြိမ်လုံးနဲ့ ရိုက်ခဲ့တာလေ”

သူမသည် ပြောရင်းနှင့်ပင် ရယ်မောလာတော့၏။ ဒုဝန်ကြီးသည်လည်း လိုက်၍ ရယ်မောသည်။

အမေအိုကြီးက မေး၏။

“အဲဒီတုန်းက ရိုက်ခံရလို့ သားလက်တွေ ရောင်ကိုင်းနေတာ မြင်တော့ အမေလည်း စိတ်မကောင်း ဖြစ်မိပါတယ်။ သားလက်က စာရေးရမဲ့ လက်လေ၊ အမေ့လက်ချက်ကြောင့် နှစ်ရက်လောက်မှ ပျောက်သွားတာ... အမေ့ကို ရန်ငြိုးထားနေသေးလား”

“ရန်ငြိုး မရှိပါဘူး။ ကျွန်တော် အမေ့အပေါ် တစ်ခါမှ ရန်ငြိုးမထားခဲ့ဖူးပါဘူး။ အမေကသာ ခြိုးခြံချွေတာပြီး ကျွန်တော့်ရဲ့ ပညာရေးအတွက် ကြိုးကြိုးစားစား မထောက်ပံ့ခဲ့ရင် ကျွန်တော် ဒီနေ့လို ရာထူးမျိုး ဘယ်ရပါ့မလဲ”

သူသည် အမေအိုကြီး၏ ပေါင်ပေါ်သို့ ခေါင်းလေးကို အသာတင်လိုက်ရာ အမေအိုကြီးက သူ့ဆံပင်များကို ပွတ်သပ်ပေးနေ၏။ သူသည် ငယ်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ပင်။

အမေအိုကြီး သတိပြန်ဝင်လာပြီး ပြောလိုက်၏။

“မြန်မြန်... တခြား ဘာဟင်းတွေ ရှိသေးလဲ။ အမေ့ကို ထပ်ပြီး အနံ့ပေးရှူဦး”

ဒုဝန်ကြီးသည် မျက်ရည်များကို တိုးတိုးလေး သုတ်လိုက်ပြီး ပြုံးလျက် ပြန်ပြော၏။

“ကောင်းပါပြီ၊ ဟင်းတွေ အများကြီး ကျန်ပါသေးတယ်။ တစ်မျိုးပြီး တစ်မျိုး ယူလာပေးပါ့မယ်”

သူသည် စားပွဲဆီသို့ လျှောက်သွားရာ ခရုနှင့် ဘဲခြေထောက် ဟော့ပေါ့ကို မြင်လိုက်ရ၏။

“အမေ... ဒီမှာ ခရုတွေလည်း ပါတယ်နော်။ ကျွန်တော် ငယ်ငယ်က လယ်ထဲမှာ ခရုတွေ သွားကောက်တာ အမေ မှတ်မိသေးလား၊ အိမ်ပြန်ရောက်ရင် အမေက ကျွန်တော့်အတွက် တစ်အိုး ကြော်ပေးတာလေ။ အမဲသားထက်တောင် ပိုမွှေးသေးတယ်...”

သူသည် အိုးကို မ၍ လှည့်ကြည့်လိုက်ရာ သူ့မိခင်မှာ ပြုံးလျက် မျက်လုံးများ မှိတ်နေသည်ကို တွေ့လိုက်ရ၏။ မကောင်းသော အငွေ့အသက် တစ်ခုကို သူ ခံစားလိုက်ရလေသည်။ သူ အိုးကို အမြန်ချကာ အမေ့အနားသို့ သွား၍ အသက်ရှူ၊ မရှူ နှာခေါင်းဝကို စစ်ဆေးကြည့်လိုက်၏။ သူ့နှလုံးသားမှာ တုန်လှုပ်သွားပြီး မျက်လုံးတွင်လည်း မျက်ရည်များဖြင့် ချက်ချင်းပင် ဖုံးလွှမ်းသွားတော့၏။

တုန်ရီနေသော လက်များဖြင့် ဒုဝန်ကြီးသည် တဖြည်းဖြည်း အေးစက်လာသော အမေအိုကြီး၏ ကိုယ်ခန္ဓာကို ပွေ့ဖက်လိုက်ပြီး တိုးတိုးလေး ရေရွတ်နေမိ၏။

“အမေ... ကျွန်တော့်ကို ဒီအတိုင်း ထားခဲ့တာလား...”

သူ ဝမ်းနည်းနေသော်လည်း သူမ၏ နောက်ဆုံးဆန္ဒကို မသေဆုံးမီ ဖြည့်ဆည်းပေးနိုင်ခဲ့သည့်အတွက် အလွန်ပင် ကျေးဇူးတင်မိသည်။

ထိုနေ့ညမှာပင် မြို့ဝန်ကျောက် သည် ဒုဝန်ကြီး၏ ကိုယ်စား ဟွာကျွင်းထံသို့ နောက်ဆုံးငွေများကို လာရောက်ပေးအပ်ပြီး အခြားအရာတစ်ခုကိုလည်း ယူဆောင်လာခဲ့သည်။

“သူဌေးမဟွာ... ခင်ဗျား ဒီနားမှာ အထည်ချုပ်လုပ်ငန်း ဖွင့်ဖို့ ပြင်နေတာ မြင်တယ်။ ဒါကြောင့် ကျွန်တော် ဒီမြေယာပိုင်ဆိုင်မှု စာချုပ်ကို ယူလာခဲ့တယ်”

သူသည် စာရွက်တစ်ရွက်ကို ထုတ်ကာ စားပွဲပေါ်သို့ တင်လိုက်သည်။ ဤနေရာသည် မူလက မြေရိုင်းများ ဖြစ်၏။ ယခုကဲ့သို့ စည်ကားလာခြင်းမှာ မုန့်ဆိုင်ကြောင့် ဖြစ်သည်မှာ ငြင်းမရပေ။

ထို့အပြင် ဟွာကျွင်းသည် ငွေအမြောက်အမြားကို လှူဒါန်းခဲ့သဖြင့် ဤမြေရိုင်းကို သူမအား ပေးအပ်ခြင်းမှာ အလွန်ပင် မျှတသော ကိစ္စ ဖြစ်သည်။ ဟွာကျွင်း ၎င်းကို ဖွင့်ကြည့်လိုက်ရာ မြေယာစာချုပ် ဖြစ်နေသည်။ သူမ မြို့ဝန်ကျောက်၏ စေတနာကို နားလည်သဖြင့် ငြင်းပယ်ခြင်း မရှိဘဲ လက်ခံလိုက်သည်။

သူမအတွက် ဤမြေယာစာချုပ် ရှိခြင်းက နောင်တွင် ပိုမို အဆင်ပြေစေမည်။ ဟွာရှန့် နှင့် အခြား နှစ်ယောက် ဆိုင်တွင် ရှိနေသဖြင့် သူမအနေဖြင့် မီးဖိုချောင်ထဲတွင်သာ အချိန်ကုန်နေရန် မလိုဘဲ အခြားကိစ္စများကို အာရုံစိုက်နိုင်ပြီ ဖြစ်၏။

အထည်ချုပ်လုပ်ငန်း ဆောက်လုပ်နေသည့် ရက်အနည်းငယ်အတွင်း အားမန် သူတို့အတွက် ထမင်းများ ချက်ပြုတ်ပေးသည်။ ကြက်ဥထမင်းကြော်ချည်းပဲ ဆိုလျှင် ငြီးငွေ့မှာ စိုးသဖြင့် တစ်ခါတစ်ရံတွင် အားမန်က အသစ်သင်ထားသော “မြေအိုး ဝက်အူချောင်း ထမင်း “ ကို ကြော်ပေးတတ်၏။ အစားအသောက် ရှားပါးသော ကာလတွင် ဗိုက်ဝအောင် စားဖို့ပင် ခက်ခဲလှသော်လည်း ယခုမူ သူတို့သည် နေ့စဉ် မတူသော အရသာရှိသည့် ထမင်းများကို စားသောက်နေရသည်။

ရွာသားများသည် နေ့ဘက်တွင် မြေရိုင်းများ ရှင်းလင်းကြပြီး ညနေပိုင်းတွင် အိမ်ဆောက်ရန် လာကူကြကာ ဗိုက်ဝမှ အိမ်ပြန်ကြသည်။

ရက်အနည်းငယ် ကြာသည့်အခါ သူတို့မှာ တစ်နေကုန် ပင်ပင်ပန်းပန်း လုပ်ထားသည့် ပုံစံမျိုး မဟုတ်ဘဲ မျက်နှာများမှာ ဝင်းပနေကြသဖြင့် အိမ်ရှိ ဇနီးသည်များက သူတို့ ခင်ပွန်းများ အပြင်မှာ မယားငယ် ထားနေသလားဟုပင် သံသယ ဝင်လာကြတော့၏။

တွေးမိလေ ဒေါသထွက်လေ ဖြစ်သဖြင့် အချို့သော ဇနီးသည်များမှာ ခင်ပွန်းဖြစ်သူကို နားရွက်ဆွဲကာ ပြစ်တင်ပြောဆိုကြသည်။

“ကောင်းကြသေးရဲ့လား။ ဒီမှာတော့ အဝတ်တွေချုပ်၊ ထမင်းတွေချက်နဲ့ ပင်ပန်းနေရတာကို၊ ရှင်ကတော့ အပြင်မှာ ပျော်ပါးနေတယ် မဟုတ်လား”

“ငါ အမှားလုပ်ထားမိလို့လား။ ငါ တစ်နေ့လုံး ရွာသားတွေနဲ့ မြေရှင်း၊ အိမ်ဆောက် လုပ်နေတာပါ။ ဒီမဟုတ်တဲ့စကားတွေကို ဘယ်က ကြားလာတာလဲ”

“အပြင်မှာ မပျော်ပါးဘူးဆိုရင် ရှင့်မျက်နှာက ဘာလို့ ဒီလောက် ကြည့်ကောင်းနေရတာလဲ”

စကားဖောင်ဖွဲ့ရင်းနှင့် နောက်ဆုံးတွင် အဖြစ်အမှန်ကို သိသွားကြ၏။

‘အပြင်မှာ နေ့တိုင်း အခမဲ့ အရသာရှိတဲ့ ထမင်းတွေ စားနေရတာကိုး’

“ဘာ၊ အဲဒါကို သရဲမမျက်နှာနဲ့ မိန်းမက ချက်ပေးတာလား။ သူက စကားမပြောနိုင်ပေမဲ့ လက်ရာတော့ အတော်ကောင်းတာပဲ”

“ဟဲ့... သူ့ကို အဲဒီလို မခေါ်ပါနဲ့တော့။ သူ့မှာ နာမည် ရှိပါတယ်၊ သူက သနားဖို့ ကောင်းတဲ့သူပါ”

ထို့နောက် အားမန်၏ ဘဝဇာတ်ကြောင်းကို ပြန်ပြောပြရာ သူမသည် မျက်ရည်များကို အဆက်မပြတ် သုတ်နေမိ၏။ သူတို့အားလုံးက ဆင်းရဲသားများ ဖြစ်ကြသဖြင့် ကိုယ်ချင်းစာစိတ် ပိုရှိကြသည်။

“ကြည့်စမ်းပါဦး၊ ငါ ဘာမှတောင် မပြောရသေးဘူး နင်က ဘာလို့ ဒီလောက် ငိုနေရတာလဲ”

“သူက သနားဖို့ ကောင်းလွန်းလို့ပါ။ ငါတို့ ထွက်ပြေးရတုန်းက မိသားစုတွေ၊ သူငယ်ချင်းတွေ ပါသေးတယ်၊ သူကတော့ တစ်ယောက်တည်း အဝေးကြီးကို ထွက်ပြေးလာရတာ၊ အမှိုက်ပုံးထဲက အစားအစာတွေကိုတောင် ကောက်စားခဲ့ရတာတဲ့... ရှင် သူ့ကို ရိုက်ခဲ့သေးလား။ ဟင်.. ရိုက်ခဲ့လား”

၎င်းကို တွေးမိသည့်အခါ သူမသည် ဒေါသထွက်လာပြီး ခင်ပွန်းဖြစ်သူကို လက်သီးဖြင့် ထိုးတော့၏။

“အား အား အား ငါ အဲဒီတုန်းက မသိလို့ပါ။ သရဲလို့ ထင်လို့ပါ။ မရိုက်ပါနဲ့တော့၊ ဘာလို့ အတိတ်က ကိစ္စတွေကို ပြန်ဖော်နေတာလဲ”

“မရဘူး၊ မနက်ဖြန်ကျရင် ငါ သူ့ကို သွားပြီး တောင်းပန်ရမယ်”

သူမသည် ပုခုံး ပွတ်နေသော ခင်ပွန်းကို ကြည့်ကာ ဆက်ပြော၏။

“ရှင်လည်း လိုက်ခဲ့ရမယ်”

“ဟင့်အင်း၊ ဘာလို့လဲ။ ငါက ယောက်ျားကြီးတန်မဲ့၊ တမင်လုပ်တာလည်း မဟုတ်ဘဲနဲ့။ ဘာလို့ သွားတောင်းပန်ရမှာလဲ”

“ရှက်စရာကြီး”

“လိုက်မှာလား၊ မလိုက်ဘူးလား”

“မဆွဲနဲ့၊ မဆွဲနဲ့၊ လိုက်မယ်။ လိုက်ရင် ရပြီလား”

ထိုသို့ဖြင့် ဇနီးသည်၏ အတင်းအကြပ် ခိုင်းစေမှုကြောင့် ခင်ပွန်းဖြစ်သူမှာ လိုက်သွားရန် သဘောတူလိုက်ရတော့သည်။

အခန်း (၁၀၄)

အမျိုးသားဝတ် ဆောင်းတွင်းအဝတ်အစားများ

“ဘယ်သူ့ကို ရှာနေတာလဲ”

ဟွာကျွင်း ဆိုင်တံခါးဝတွင် ရွာသားအချို့ ရပ်နေသည်ကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့သြသွား၏။

အမျိုးသမီးတစ်ဦး ဘေးရှိ အမျိုးသားကို တံတောင်နှင့် တွန်းလိုက်ရာ ထိုအမျိုးသားမှ အသံကျယ်ကျယ်ဖြင့် ပြန်ပြောသည်။

“သူဌေးမဟွာ... ကျွန်တော်တို့ အားမန်ကို ရှာမလို့ပါ”

ဟွာကျွင်းမှာ နားမလည်နိုင် ဖြစ်သွား၏။ သူတို့သည် ပုံမှန်အားဖြင့် အားမန်နှင့် အဆက်အသွယ် မရှိကြရာ အဘယ့်ကြောင့် ရုတ်တရက်ကြီး ရှာနေကြသည်ကို သူမ သိချင်နေမိသည်။

“တစ်ခုခု ကိစ္စရှိလို့လား။ ကျွန်မ စကားပါးပေးလို့ ရပါတယ်”

အမျိုးသားဖြစ်သူ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြော၏။

“ကျွန်တော်... ဟိုဟာ... အဲဒါက...”

“အို... ကျွန်မပဲ ပြောလိုက်ပါ့မယ်၊ သူဌေးမဟွာ... ကျွန်မတို့ အားမန်ကို တောင်းပန်ချင်လို့ပါ။ ကျွန်မ ယောက်ျားက စကားပြောဖို့ ရှက်နေလို့လေ”

“ဟုတ်ပါတယ်၊ ကျွန်မတို့ အရင်က သူ့ကို ဆဲဆိုခဲ့မိကြတယ်၊ ကျွန်မ ယောက်ျားဆို သူ့ကို ကျောက်ခဲနဲ့တောင် ပေါက်ခဲ့ဖူးတာ။ ဒါကြောင့် လူကိုယ်တိုင် လာတောင်းပန်ချင်တာပါ။ ပြီးတော့ ဒီလို ယောက်ျားအုပ်ကြီးအတွက် နေ့တိုင်း ထမင်းကြော်ပေးလို့လည်း ကျေးဇူးတင်ချင်လို့ပါ”

ထိုအခါမှ ဟွာကျွင်း သဘောပေါက်သွားတော့၏။

“နားလည်ပါပြီ။ ကျွန်မ အထဲဝင်ပြီး သူ့ကို မေးကြည့်ပေးမယ်။ ခဏလောက် စောင့်ပေးပါဦး”

အားမန်သည် စိတ်ဒဏ်ရာ ရထားသူ ဖြစ်သဖြင့် လူတကာနှင့် တွေ့ရန် အမြဲ ကြောက်လန့်နေတတ်၏။ ဟွာကျွင်းအနေဖြင့် သူမ၏ ဆန္ဒကို အရင်မေးသင့်သည်ဟု တွေးလိုက်သည်။ အကယ်၍ သူမ သူစိမ်းများနှင့် တွေ့ရန် ငြင်းဆန်နေဆဲဆိုလျှင် ဤကိစ္စကို လက်လျှော့ရုံသာ ရှိတော့၏။

သို့သော် ဤအရာမှာ အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်ပေသည်။ အကယ်၍ သူမသာ အပြင်ထွက်လာပြီး လူအများက သူမကို ဂရုစိုက်ကြကြောင်း သိသွားပါက နောင်တစ်ချိန်တွင် နေအလင်းရောင်အောက်၌ ပူပန်စရာမရှိတော့ဘဲ လျှောက်လှမ်းနိုင်ပေလိမ့်မည်။

“အားမန်... အပြင်မှာ ရွာသားအချို့ ရှင့်ကို လာရှာနေကြတယ်”

အားမန်က မျက်မှောင်ကြုတ်ကာ အလိုအလျောက်ပင် နောက်သို့ ဆုတ်သွားသည်။ ဟွာကျွင်း စိတ်ရှည်လက်ရှည် ရှင်းပြ၏။

“မကြောက်ပါနဲ့။ သူတို့က ရှင့်ကို ကိစ္စနှစ်ခုအတွက် လာတာပါ။ ပထမတစ်ခုက ရှင့်လက်ရာက အရမ်းကောင်းတယ်ဆိုတာရယ်၊ သူတို့အားလုံး ရှင့်လက်ရာကို သိပ်ကြိုက်ကြတယ်ဆိုတာရယ် ပြောချင်လို့တဲ့”

အားမန်သည် သိသိသာသာ စိတ်သက်သာရာ ရသွားပြီး နှုတ်ခမ်းထောင့်လေးများ အသာအယာ တက်သွားကာ ဝမ်းသာသွားဟန် ရှိသည်။

“နောက်တစ်ခုကတော့ အရင်က ရှင့်အပေါ် လုပ်ခဲ့မိတာတွေကို သူတို့ တောင်းပန်ချင်လို့တဲ့”

အားမန်က ခေါင်းယမ်းပြ၏။ သူမသည် ယခု မုန့်ဆိုင်တွင် အလွန် ပျော်ရွှင်နေရသဖြင့် အတိတ်က ကိစ္စများကို စိတ်ထဲ မထားတော့ပေ။

“အပြင်ထွက်ပြီး သူတို့ရဲ့ တောင်းပန်စကားကို လက်ခံချင်လား”

အားမန်က တွန့်ဆုတ်နေသည်။

ဟွာကျွင်း ဆွဲဆောင်ကြည့်၏။

“သူတို့က တောင်းပန်ချင်ရုံ သက်သက်ပါ။ သူတို့ပြောတာလေးကို ခဏလောက် နားထောင်ပေးလိုက်ပါ”

အားမန် တစ်ခဏစဉ်းစားပြီးနောက် ဟွာကျွင်းကို လက်ညှိုးထိုးပြသည်။

“ကျွန်မကို အဖော်လိုက်စေချင်တာလား”

အားမန်က ခေါင်းညိတ်ပြရာ ဟွာကျွင်းက ပြောလိုက်၏။

“ကောင်းပြီ၊ ပြဿနာ မရှိပါဘူး”

အားမန် ဟွာကျွင်းပေးထားသော ပဝါကို ယူ၍ မျက်နှာကို တင်းတင်းကျပ်ကျပ် စည်းလိုက်ပြီးနောက် ဟွာကျွင်းနောက်မှ လိုက်လာတော့၏။

သူမသည် ပုံမှန်အားဖြင့် တဲထဲတွင်ဖြစ်စေ မီးဖိုချောင်ထဲတွင်ဖြစ်စေ ပုန်းနေတတ်သဖြင့် အခြားသူများနှင့် တွေ့ခဲလှ၏။ ယခု စားသောက်ခန်းမကို ဖြတ်သွားရမည် ဖြစ်သဖြင့် သူမ အလွန်ပင် စိတ်လှုပ်ရှားနေကာ လက်ဖဝါးများတွင် ချွေးများ စိုနေတော့၏။

သူမ ခေါင်းငုံ့၍ မျက်နှာကို ဖုံးလျက် အမြန်ပြေးသွားချင်နေမိသည်။

သို့သော် ဟွာကျွင်း အလွန် ဖြည်းညင်းစွာ လျှောက်နေသဖြင့် သူမသည် ကျော်တက်၍ မရဘဲ စိတ်မသက်မသာဖြစ်ကာ လိုက်လာရသည်။

ဟွာကျွင်းက အေးအေးဆေးဆေး လျှောက်လှမ်းနေခြင်းမှာ သူမကို တစ်မျိုးတစ်ဖုံ စိတ်လုံခြုံမှု ရစေ၏။

ဧည့်သည်များမှာလည်း စကားပြောရင်း စားသောက်နေကြသဖြင့် သူမကို သတိမထားမိကြပေ။

သူမသည် သက်ပြင်းကို ခပ်တိုးတိုးလေး ချလိုက်သော်လည်း နောက်ထပ် စိန်ခေါ်မှုက ရှေ့တွင် စောင့်ကြိုနေသည်။

တံခါးဝသို့ ရောက်သည့်အခါ ဟွာကျွင်း ရပ်လိုက်၏။ အားမန် သူမ နောက်တွင် ပုန်းလျက် အပြင်ဘက်သို့ ခိုးကြည့်လိုက်ရာ လူတွေ အများကြီး ရှိနေသည်ကို မြင်လိုက်ရ၏။

ရွာသားများသည် အားမန် ထွက်လာသည်ကို မြင်သောအခါ ရွှင်ပျစွာ ပြောကြသည်။

“အားမန်... ငါတို့ နင့်ကို တောင်းပန်ဖို့ လာတာပါ”

“ဟုတ်တယ်၊ ငါတို့ အရင်က နင့်ကို မဆဲသင့်ဘူး၊ အဲဒီလို နာမည်ဆိုးကြီးလည်း မခေါ်သင့်ဘူး။ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

“အားမန်... နောက်ဆို ငါ့အိမ်ကို ထမင်းလာစားပါဦး။ ငါ့အိမ်မှာ ငါတစ်ယောက်တည်း ရှိတာ၊ ပြီးတော့ ကြက်ဥထမင်းကြော် ဘယ်လိုလုပ်ရမလဲဆိုတာလည်း သင်ပေးပါဦး”

“နင်ကတော့ လုပ်ပြီ၊ သူ့ကို နင့်အိမ် ထမင်းလာစားဖို့ ခေါ်ရတယ်လို့၊ နင့်ရဲ့ ပေါက်စီတွေက ဘာကောင်းလို့လဲ။ အားမန်... ငါ့အိမ်ကိုပဲ လာပါ၊ ငါ့မှာ ဆန်တွေ သိုလှောင်ထားတာ ရှိတယ်”

“နင့်မှာ ရှိတဲ့ဆန်ကိုရော နင် စားရဲလို့လား။ တစ်နေ့ကို ရေတစ်အိုးမှာ ဆန်နှစ်စေ့ပဲ ထည့်ချက်တာ၊ နင့်မိသားစုအကြောင်း ငါအသိဆုံးပါ”

အားလုံးက တစ်ဦးကိုတစ်ဦး စနောက်နေကြသဖြင့် နောက်ဆုံးတွင် အားမန်ကို သူတို့ထဲမှ တစ်ဦးကဲ့သို့ ရင်းနှီးစွာ ဆက်ဆံလာကြသည်။

အားမန်၏ ရင်ထဲရှိ အပူလုံးကြီးမှာ နောက်ဆုံးတွင် ကွယ်ပျောက်သွားတော့၏။ သူမ ခေါင်းကို မော့ကာ သူတို့ကို ကြင်နာစွာ ပြုံးပြလိုက်သည်။

အထည်ချုပ်အလုပ်ရုံ ဆောက်လုပ်နေဆဲ ဖြစ်သော်လည်း အလုပ်များမှာ ရပ်တန့်မသွားဘဲ အမျိုးသားဝတ် ဆောင်းတွင်းအဝတ်အစားများမှာ မကြာမီမှာပင် ပြီးစီးသွားတော့၏။

လီနျန် အဝတ် နှစ်စုံကို ဟွာကျွင်းထံ ပေးအပ်လိုက်သည်။ ဟွာကျွင်း တစ်စုံကို မော့ချွမ်းအား ပေးလိုက်ပြီး ကျန်တစ်စုံကို လုမင်လီ ထံ ပို့ရန် ပြင်ဆင်လိုက်၏။

ကံမကောင်းစွာ ဤခေတ်တွင် ဆက်သွယ်ရန် ဖုန်းများလည်း မရှိသောကြောင့် သူ မည်သည့်အချိန် လာမည်ကိုလဲ သူမ မသိရပေ။

မော့ချွမ်း ပြောလိုက်သည်။

“ရိုးရှင်းပါတယ်၊ စစ်သူကြီးအိမ်တော် ဘယ်မှာလဲဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော် ရထားလုံးမောင်းပြီး လိုက်ပို့ပေးမယ်”

“အသွားအပြန် တစ်နာရီဆိုရင် လုံလောက်ပါတယ်။ တခြားအကြောင်းတွေ ပြောချင်တယ်ဆိုရင်တော့ အချိန်ရမှာ မဟုတ်ဘူးနော်”

“ဘာတွေ ပြောစရာ ရှိမှာလဲ”

ဟွာကျွင်းက ထိုသို့ ပြန်ပြောလိုက်ပြီးနောက် အပေါ်အင်္ကျီကို အမြန်ဝတ်ကာ ဆောင်းတွင်းအဝတ်အစား တစ်စုံကို ယူလျက် ပြော၏။

“မြန်မြန်... အချိန်မရှိဘူး၊ သွားကြမယ်”

သူမ မော့ချွမ်းကိုသာ သွားပို့ခိုင်း၍ ရသော်လည်း ဤအဝတ်အစားများကို ဝတ်ထားသော လုမင်လီ ပုံစံကို ဟွာကျွင်းကိုယ်တိုင် မြင်တွေ့ချင်နေမိ၏။

မော့ချွမ်း ရထားလုံးကို အလွန် ကြမ်းတမ်းစွာ မောင်း၏။ သူ့ရည်ရွယ်ချက်မှာ အချိန်တိုအတွင်း အလုပ်ပြီးရန်သာ ဖြစ်သည်။

ထိုအကျိုးဆက်ကြောင့် ဟွာကျွင်းမှာ ရထားလုံးအတွင်း ဟိုရမ်းဒီရမ်း ဖြစ်နေကာ ခေါင်းပင် မူးလာတော့၏။ သူမသည် အပြင်သို့ လွင့်မထွက်သွားစေရန် ပြတင်းပေါက်ဘောင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရ၏။

“ဝိုး ရောက်ပြီ၊ မြန်မြန်ဆင်း”

ဟွာကျွင်း ခေါင်းမူးနေသောကြောင့် ခြေထောက်များ ပျော့ခွေကာ ရထားလုံးပေါ်မှ ခက်ခက်ခဲခဲ ဆင်းလာရ၏။ သူမ ပျို့အန်ချင်သလို ဖြစ်နေသော်လည်း ဘာမှ ထွက်မလာပေ။ လက်တစ်ဖက်ဖြင့် သစ်ပင်တစ်ပင်ကို အားပြုထားပြီး ကျန်လက်တစ်ဖက်ဖြင့် မော့ချွမ်းကို လက်ညှိုးထိုးပြကာ ပြော၏။

“နင်ကတော့ တကယ်ကို ရက်စက်တာပဲ။ ငါ အပြင်ကို လွင့်ထွက်သွားတော့မလို့”

မော့ချွမ်း ကြောင်ကြည့်နေပြီးမှ တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော် တစ်ခါမှ လူတင်ပြီး ရထားလုံး မမောင်းဖူးလို့ပါ...”

ဟွာကျွင်း သူ့ကို မျက်စောင်းထိုးလိုက်ပြီး တံခါးကို သွားခေါက်လိုက်၏။ တံခါးလာဖွင့်ပေးသော အစေခံသည် ဟွာကျွင်းမုန့်ဆိုင်မှ သူဌေးမဟွာ ဖြစ်ကြောင်း သိသည်နှင့် အထဲသို့ပင် အစီရင်မခံတော့ဘဲ တိုက်ရိုက် ဖိတ်ခေါ်လိုက်သည်။

လျှောက်သွားရင်း အစေခံက ဆို၏။

“သူဌေးမဟွာ... ခင်ဗျား အချိန်ကိုက် ရောက်လာတာပဲ။ ကျွန်တော်တို့ စစ်သူကြီး ခုတင်ပဲ အိမ်တော်ကို ပြန်ရောက်တာ”

ဟွာကျွင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“စစ်သူကြီးလုကို အစီရင်ခံဖို့ မလိုဘူးလား။ ဒီအတိုင်းပဲ ဝင်ခိုင်းတာလား”

“မလိုပါဘူး၊ သူဌေးမဟွာ လာရင် ဒီတိုင်း ဖိတ်ခေါ်ဖို့ စစ်သူကြီးက မှာထားပြီးသားပါ။ ခင်ဗျားကို စောင့်နေရတာ တော်တော်တောင် ကြာသွားပါပြီ”

အစေခံသည် ဟွာကျွင်းကို ဆယ်မိနစ်ခန့် ခေါ်သွားပြီးနောက် ဝင်းတစ်ခုသို့ ရောက်ရှိသွားသည်။ အစေခံက တံခါးခေါက်ကာ ပြောလိုက်သည်။

“စစ်သူကြီး... သူဌေးမဟွာ ရောက်နေပါတယ်”

ထိုအခါ အခြားအစေခံတစ်ဦးက တံခါးဖွင့်ပေးသည်။ ထိုနှစ်ဦးမှာ နေရာလဲလိုက်ကြပြီး ဒုတိယအစေခံက ဟွာကျွင်းကို ဝင်းအတွင်းရှိ အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။

“ခဏလောက် စောင့်ပေးပါဦး သူဌေးမဟွာ။ ကျွန်တော်တို့ စစ်သူကြီး အခုပဲ လာပါလိမ့်မယ်”

ထိုသို့ဆိုကာ သူ ထွက်သွားသည်။

ဟွာကျွင်းသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ၎င်းမှာ စာကြည့်ခန်း တစ်ခု ဖြစ်နေသည်ကို တွေ့ရ၏။ သူမ စာပွဲအနားသို့ သွားလိုက်ရာ စာပွဲပေါ်တွင် ဖွင့်ထားသော စစ်ရေးကျမ်းတစ်စောင်ကို မြင်လိုက်ရပြီး ၎င်းတွင် မှတ်ချက်များစွာ ရေးသားထားသည်။

ထိုစဉ်မှာပင် တံခါးမှာ ညင်သာစွာ ပွင့်လာပြီး လုမင်လီ ဝင်လာ၏။ သူသည် သာမန် အဝတ်အစားများကို ဝတ်ထားကာ ဆံပင်များမှာလည်း စိုစွတ်နေဆဲ ဖြစ်၏။

“ဟွာကျွင်းလား။ ဘာလို့ ဒီကို ရောက်လာတာလဲ”

ဟွာကျွင်း လျင်မြန်စွာ လှည့်ကြည့်ကာ သူမ ကိုင်ထားသော ဆောင်းတွင်းအဝတ်အစားများကို ကမ်းပေးလိုက်၏။

“စစ်သူကြီးလု... ဒါက အထည်ချုပ်လုပ်ငန်းက အသစ်ချုပ်ထားတဲ့ ဆောင်းတွင်းအဝတ်အစားတွေပါ။ သာမန်အဝတ်တွေနဲ့တော့ တော်တော် ကွဲပြားလိမ့်မယ်”

လုမင်လီ ၎င်းတို့ကို ယူလိုက်ရာ သူ့မျက်လုံးထဲတွင် အံ့သြမှုများ ပေါ်လာ၏။

“ကျေးဇူးတင်ပါတယ်၊ ဒီအဝတ်တွေက တော်တော်လေး နွေးမယ့်ပုံပဲ”

“ဝတ်ကြည့်ချင်လား”

လုမင်လီ ဟွာကျွင်းက ထိုသို့ တောင်းဆိုလိမ့်မည်ဟု မထင်ထားပုံရ၏။ သူ အနည်းငယ် အံ့သြသွားကာ မေးလိုက်သည်။

“အခုလား”

ဟွာကျွင်းကသူမ၏ တောင်းဆိုမှုမှာ အနည်းငယ် အားနာစရာ ကောင်းနေသည်ကို သတိမထားမိပေ။ သူမ အဝတ်အစားများမှာ တော်၊ မတော်နှင့် ပြင်ဆင်ရန် လိုသည်များ ရှိ၊ မရှိကိုသာ သိချင်နေခြင်း ဖြစ်၏။ ထို့ကြောင့် သူမ တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

“ဟုတ်ကဲ့၊ အခုပဲ ဝတ်ကြည့်ပါ”

လုမင်လီသည် တစ်ခုခု ပြောရန် ပြင်ပြီးမှ ဟွာကျွင်း၏ ကြည်လင်သော အကြည့်နှင့် ဆုံသွားသဖြင့် နောက်ဆုံးတွင် သဘောတူလိုက်ရသည်။

“ခဏလောက် စောင့်ပေးပါဦး”

All Chapters