← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅)

တို့ဟူးဆိုင်အသစ် ရောက်ရှိလာခြင်း

လုမင်လီ အဝတ်အစားများကို ယူကာ ကာရံထားသော အကာအရံ နောက်သို့ လှည့်ဝင်သွားသည်။ ဟွာကျွင်း တစ်ခုခုကို သတိရသွားပြီး အထဲသို့ လှမ်းအော်ပြောလိုက်၏။

“ရှင် ဝတ်တတ်ရဲ့လား။ ကျွန်မ သင်ပေးရမလား...”

“မလိုပါဘူး”

လုမင်လီ သူမ အထဲသို့ ဝင်လာမှာ စိုးသဖြင့် အလျင်အမြန်ပင် ဖြတ်ပြောလိုက်၏။

“ခဏလောက်ပဲ အပြင်မှာ စောင့်နေပေးပါ”

သူသည် အမြန်ဝတ်ရန် ကြိုးစားသော်လည်း အခက်အခဲများက ကြုံလာရပြန်၏။ သူ့လက်မှာ အကာအရံနှင့် တိုက်မိလိုက်၊ ခြေထောက်က သေတ္တာကို ကန်မိလိုက်နှင့် “ဒုန်းဒုန်းဒုန်း” အသံများ ထွက်ပေါ်နေသည်။

ဟွာကျွင်းကအတော်လေး ရယ်ချင်နေမိ၏။

‘ သူ ဘာတွေကို အဲဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။ အတွင်းထဲမှာလည်း လက်ရှည်၊ ခြေရှည် အတွင်းခံတွေ ဝတ်ထားတာပဲ မဟုတ်လား’

“စောင့်ခိုင်းလိုက်မိလို့ တောင်းပန်ပါတယ်”

သူမ နောက်ဘက်မှ သြရှရှ အသံတစ်ခု ထွက်ပေါ်လာ၏။ ဟွာကျွင်း လှည့်ကြည့်လိုက်ရာ လုမင်လီမှာ အဝတ်အစားများ လဲလှယ်ပြီးပြီ ဖြစ်သည်။

“ဝါး... မဆိုးဘူးပဲ”

အရပ် ခြောက်ပေကျော် (1.8 မီတာ) မြင့်ပြီး ပုခုံးကျယ်ကာ ခါးသေးကာ သူ့ ခန္ဓာကိုယ် တည်ဆောက်ပုံမှာ အဝတ်အစား မော်ဒယ် တစ်ဦးကဲ့သို့ပင် ဖြစ်၏။

ဟွာကျွင်း သူ့အပေါ်အင်္ကျီအတွက် အဖြူရောင်နှင့် အောက်ခံဘောင်းဘီအတွက် မီးခိုးနုရောင်ကို ရွေးချယ်ပေးထားခြင်း ဖြစ်၏။ လည်ပင်းတွင် ထူထဲသော ယုန်မွေးအနားသတ်များ ပါရှိပြီး အင်္ကျီအနားတွင်မူ ခမ်းနားထည်ဝါသော ပန်းထိုးအနားသတ်များ ပါဝင်သည်။

ဘောင်းဘီမှာမူ အဖြူရောင်မှ မီးခိုးရောင်သို့ တဖြည်းဖြည်း ရင့်သွားသော အရောင်စပ် ဖြစ်ပြီး ဝါးရွက်ပုံစံ ပန်းထိုးများ ကျဲကျဲပါပါ ပါရှိသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ခန့်ညားထည်ဝါလှ၏။

ဟွာကျွင်းသည် သူမ မျက်လုံးထဲမှ ချီးကျူးမှုကို ဖုံးကွယ်မထားဘဲ သူ့ကို အထက်အောက် စုန်ဆန်ကြည့်နေသဖြင့် လုမင်လီမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

သူ ချောင်းတစ်ချက်ဟန့်ကာ ပြော၏။

“သိပ်နွေးတာပဲ၊ အထည်သားကလည်း တော်တော် ကွဲပြားတယ်”

“ဟုတ်တယ်၊ အတွင်းထဲမှာ သိုးမွှေးသား ပါတော့ ဝတ်ထားရင် နွေးနေမှာ”

ဖယောင်းတိုင်မီးမှာ တဖျပ်ဖျပ် လှုပ်ခတ်နေပြီး လုမင်လီ၏ မျက်နှာကို လင်းထိန်စေကာ သူ့ရုပ်ရည်ကို ပိုမို နူးညံ့သွားစေ၏။ ရှေးဟောင်း ပန်းပုပြတင်းပေါက် အနားတွင် ဟန်ဖူ ဖြင့် ရပ်နေသော သူ့ပုံစံမှာ ပန်းချီကားတစ်ချပ် ကဲ့သို့ပင်။

ဟွာကျွင်း သူမ ဖုန်းကို ထုတ်ယူလိုက်ပြီး ပြော၏။

“ငြိမ်ငြိမ်လေး နေဦး၊ ကျွန်မ ရှင်နဲ့ ဓာတ်ပုံတစ်ပုံ ရိုက်အုံးမယ်”

လုမင်လီ ပြတင်းပေါက်နားတွင် ရပ်နေစဉ် ဟွာကျွင်း စားပွဲဆီသို့ နောက်ဆုတ်သွားပြီး သူ၏ ပထမဆုံး ဓာတ်ပုံကို ရိုက်လိုက်၏။

“သိပ်ကြည့်ကောင်းတာပဲ၊ လာကြည့်ပါဦး”

လုမင်လီ ဖုန်းကို ကြည့်လိုက်ရာ မှင်တက်သွား၏။

“ဒါ... ဒါက ဘယ်လိုလုပ်လိုက်တာလဲ”

“ဒါကို ပန်းချီဆွဲတာနဲ့ တူတယ်လို့ပဲ သဘောထားလိုက်ပါ၊ ဒါပေမဲ့ ဒါက ပိုပြီး အစစ်နဲ့တူအောင် ဆွဲပေးတာပေါ့”

“မင်းတို့ ကမ္ဘာမှာ ပန်းချီဆရာတွေ ရှိသေးလို့လား”

“ရှိတာပေါ့၊ စက်တွေက လူသားတွေကို ဘယ်တော့မှ အစားမထိုးနိုင်ပါဘူး”

ထိုစဉ်မှာပင် အစေခံလေး တစ်ဦး တံခါးခေါက်လိုက်၏။

“စစ်သူကြီး... အပြင်မှာ လူတစ်ယောက် ရောက်နေတယ်၊ သူက...”

သူသည် လုမင်လီကို မော့ကြည့်ကာ စကားဆက်ရန် တွန့်ဆုတ်နေသည်။

“ဘာပြောတာလဲ”

“သူက သူဌေးမဟွာကို မြန်မြန် ထွက်လာခဲ့ပါလို့ ပြောခိုင်းလိုက်ပါတယ်...”

လုမင်လီက မျက်မှောင်ကြုတ်လျက် မေး၏။

“ဘယ်သူလဲ”

ဟွာကျွင်း ဖုန်းထဲမှ အချိန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မော့ချွမ်း ဖြစ်လိမ့်မယ်။ ကျွန်မကို ပြန်ဖို့ သတိပေးနေတာလေ”

“အော်... မော့ချွမ်းကိုး”

သူက အလန့်တကြား ဖြစ်သွားခြင်း ဖြစ်၏။

“ကိုယ် မြို့ပြင်အထိ လိုက်ပို့ပေးပါ့မယ်”

သူသည် မကြာသေးခင်က အလုပ်များလွန်းသဖြင့် အစောကြီးထွက်ကာ နောက်ကျမှ ပြန်ရလေ့ရှိ၏။ သို့သော် ယနေ့ ဟွာကျွင်းကို မြင်တွေ့ရသည့်အခါ သူမနှင့်အတူ အချိန်အနည်းငယ် ပို၍ ရှိနေချင်သော ထူးဆန်းသည့် စိတ်ကူးတစ်ခု သူ၏ရင်ထဲတွင် ဖြစ်ပေါ်လာသည်။

“မလိုပါဘူး။ တံခါးဝက ကင်းသမားက ရှင် ဒီရက်ပိုင်း အရမ်း အလုပ်ရှုပ်နေတယ်လို့ ပြောတယ်။ ကျွန်မဘာသာ ပြန်နိုင်ပါတယ်”

လုမင်လီ စားပွဲပေါ်မှ ဓားကို ကောက်ယူကာ ဟွာကျွင်းအတွက် တံခါးဖွင့်ပေးလိုက်၏။

“ရပါတယ်။ သိပ်မကြာပါဘူး”

တံခါးဝသို့ ရောက်သည့်အခါ အစေခံလေးက ဝတ်ရုံ တစ်ခုကို အမြန်ယူလာပေးသည်။ သူသည် ထိုဝတ်ရုံကို ယူကာ ဟွာကျွင်း ခေါင်းပေါ်သို့ ခြုံပေးလိုက်၏။

“နွေဦးရာသီ ဆိုပေမဲ့ ချမ်းသေးတယ်၊ အအေးမမိအောင် ဂရုစိုက်ဦး”

ထို့နောက် သူ တံခါးမကြီးဆီသို့ ခပ်သွက်သွက် လျှောက်သွားသည်။

ဟွာကျွင်းမှာ စကားတစ်လုံးပင် ဝင်ပြောခွင့် မရလိုက်ပေ။ သူမ နူးညံ့နွေးထွေးသော ဝတ်ရုံကို ပိုက်လျက် ခြေလှမ်းကျဉ်းကျဉ်းလေးများဖြင့် နောက်မှ သွက်သွက် လိုက်သွားရသည်။

စစ်သူကြီးအိမ်တော်သို့ လာစဉ် လမ်းတစ်လျှောက်လုံး ဟွာကျွင်း ခေါင်းမူးခဲ့သည်ကို သိရသည့်အခါ လုမင်လီသည် မော့ချွမ်းကို ရထားလုံးအတွင်းတွင် ထိုင်ခိုင်းထားပြီး သူကိုယ်တိုင် မောင်းနှင်သည်။

ဟွာကျွင်းသည် ရထားလုံးအတွင်း၌ လေမတိုက်ဘဲ အလွန် နွေးထွေးနေသဖြင့် ဝတ်ရုံကို သူ့ထံ ပြန်ပေးလိုက်၏။ လုမင်လီ ငြင်းပယ်ခြင်း မရှိဘဲ ၎င်းကို ဝတ်ကာ ရှေ့ဆုံးတွင် ထိုင်လိုက်သည်။ သူ့မြင်းမှာလည်း ဘေးမှ လိုက်ပါလာ၏။

သူသည် ရထားလုံးကို မည်သို့ မောင်းသည်မသိ၊ အရှိန်မှာ မနှေးသော်လည်း အလွန်ပင် ငြိမ်သက်လှ၏။

မုန့်ဆိုင်တံခါးဝသို့ ရောက်သည့်အခါ ဟွာကျွင်း ပြောလိုက်သည်။

“ဒီအဝတ်တွေက နမူနာပြဖို့ အပြေးအလွှား ချုပ်ထားတာပါ။ နောက်ထပ် ရက်အနည်းငယ်နေရင် အသစ်တွေ ထပ်ထွက်လာဦးမှာ၊ အဲဒီကျရင် အစုံလိုက် ထပ်ပို့ပေးပါ့မယ်”

လုမင်လီ ခေါင်းညိတ်ပြ၏။

“ကိုယ် နောက်ရက်နည်းနည်းဆို မြောက်ဘက်ကို သွားရဦးမယ်။ အဲဒီကျရင် မင်းအတွက် ကျောက်စိမ်းကောင်းကောင်းတွေ ရှာပေးခဲ့ပါ့မယ်။ မင်း အပျော်သဘောနဲ့ပဲ ရောင်းရောင်းပေါ့”

ထိုစဉ်မှာပင် အမျိုးသမီးတစ်ဦး မုန့်ဆိုင်ရှေ့တွင် စိုးရိမ်တကြီးဖြင့် ရပ်နေသည်ကို မြင်ရ၏။ သူမသည် ဟွာကျွင်းကို မြင်သည်နှင့် ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်သကဲ့သို့ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာကာ ပြောသည်။

“သူဌေးမဟွာ... ကျွန်မ ယောက်ျားရဲ့ မျိုးရိုးနာမည်က လျို ပါ၊ သူက အထည်ချုပ်လုပ်ငန်းမှာ အရင်က အကူအဖြစ် လုပ်ခဲ့ဖူးပါတယ်...”

ဟွာကျွင်းသည် သူမကို မှတ်မိသည်။ သူမကို အထည်ချုပ်လုပ်ငန်းတွင် မြင်ဖူးသည်မှာ အမှန်ပင်။ လျို၏ ခင်ပွန်းဘက်မှ မိသားစုမှာ ယခင်က တို့ဟူးလုပ်ငန်း လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်၏။ ပုံမှန်အားဖြင့် သူမ၏ ခင်ပွန်းက တိုဟူးကြိတ်ရန် တာဝန်ယူပြီး သူမက ရောင်းချရန် တာဝန်ယူလေ့ ရှိ၏။

နောက်ပိုင်းတွင် စစ်ဘေးရှောင်ရင်း တို့ဟူးလုပ်သည့် ကိရိယာများကို မသယ်နိုင်ခဲ့ကြပေ။ ဤနေရာသို့ ရောက်လာသည့်အခါ သူမသည် ဟွာကျွင်းနောက်သို့ လိုက်ကာ အခြားအလုပ်တစ်ခုကို စတင်ခဲ့ခြင်း ဖြစ်၏။

သူမ၏ ယောက္ခမ ဖြစ်သူ “ဒေါ်လေးလျို” မှာ အလွန် ပါးနပ်သူ ဖြစ်၏။ လွန်ခဲ့သော ရက်အနည်းငယ်က အားမောက်သည် ဟွာကျွင်း၏ ဆိုင်ရှေ့တွင် အသားကင်ဆိုင် ဖွင့်ထားသည်ကို သူမ မြင်တွေ့သွားရာမှ စိတ်ကူးတစ်ခု ရသွားခြင်း ဖြစ်၏။

သူမတို့လည်း တို့ဟူးဆိုင် ဘာလို့ မဖွင့်ရမှာလဲ။ မုန့်ဆိုင်တံခါးဝမှာ ဝယ်သူတွေ အများကြီး ရှိနေတာပဲ။ ဆိုင်ဖွင့်ထားရင် ဝယ်သူတစ်ယောက်က တို့ဟူး တစ်ပြားပဲ ဝယ်ရင်တောင် ငွေတွေ အများကြီး ရမှာပဲ။

ထို့ကြောင့် ဒေါ်လေးလျိုသည် သူမ ချွေးမကို ခေါ်ကာ မုန့်ဆိုင်နှင့် အနီးဆုံးနေရာတွင် ဆိုင်မြန်မြန် ဖွင့်ရန် ပြောသည်။ လျိုကမူ ဤနေရာမှာ သူဌေးမဟွာ၏ နယ်မြေဖြစ်သဖြင့် သူများမြေ၌ စီးပွားရေးလုပ်ရန် မသင့်တော်ကြောင်း ခံစားရသည်။

ဒေါ်လေးလျိုကမူ ထိုအချက်ကို ဂရုမစိုက်ပေ။ သူမ သဘောထားမှာ တင်းမာလှ၏။

“နင် မြန်မြန် မလုပ်ရင် တခြားလူတွေ နေရာဦးသွားမှာပေါ့။ ပြီးတော့ ငါတို့က သူ့ချက်နည်းကို သုံးမှာလည်း မဟုတ်ဘူး၊ ဘေးနားမှာပဲ ဆိုင်အသေးလေး ဖွင့်မှာလေ။ သူက ဘာပြောစရာ ရှိမှာလဲ”

ထိုသို့ ဆိုကာ သူမ ငွေများပင် ချေးငှား၍ ဆိုင်အတွက် စားပွဲများကို ပြုလုပ်ခိုင်းလိုက်သည်။ လျိုသည် စဉ်းစားကြည့်ပြီးနောက် သူဌေးမဟွာကို ပြောပြရမည်ဟု ဆုံးဖြတ်လိုက်ရာမှ ယခုကဲ့သို့ ဖြစ်လာခြင်း ဖြစ်၏။

သူမမှာ အလွန်ပင် စိတ်လှုပ်ရှားနေ၏။ အခြားသူ၏ နယ်မြေတွင် ကိုယ်ပိုင်ဆိုင် ဖွင့်ရမည် ဖြစ်သဖြင့် ငြင်းပယ်ခံရပါကလည်း နားလည်ပေးနိုင်လိမ့်မည်။

ကံကောင်းသည်မှာ ဟွာကျွင်းက ဤကိစ္စကို ကန့်ကွက်ခြင်း မရှိသည့်အပြင် ဆိုင်အသစ် တစ်ဆိုင် တိုးလာသဖြင့် ဝမ်းသာနေသေး၏။ သို့သော် သူမတွင် စိုးရိမ်စရာ တစ်ခု ရှိနေသေး၏။

“တံခါးဝမှာ လူစည်တာက ညနေပိုင်းလေ၊ စားတဲ့သူ အများစုကလည်း ညစာ လာစားကြတာဆိုတော့ တို့ဟူးကို လူအများကြီး ဝယ်ကြပါ့မလားလို့ ကျွန်မ စိုးရိမ်တယ်”

လျိုသည်လည်း ထိုစကားမှာ အဓိပ္ပာယ်ရှိသည်ဟု တွေးမိသော်လည်း သူမ ယောက္ခမမှာ အိမ်တွင် အမြဲ ဆုံးဖြတ်ချက် ချတတ်သူ ဖြစ်သဖြင့် သူမအနေဖြင့် ဖျောင်းဖျ၍ မရပေ။

“ကျွန်မ စမ်းကြည့်ချင်ပါသေးတယ်။ ဝယ်တဲ့သူ ရှိသရွေ့တော့ ကျွန်မရဲ့ ဆိုင်လေး ဆက်ရှိနေမှာပါ”

လျိုက ထိုသို့ ဆိုလာသဖြင့် ဟွာကျွင်းကလည်း ထပ်၍ မတားတော့ဘဲ အကြံတစ်ခုသာ ပေးလိုက်၏။

“ဒါဆိုရင်တော့ အရင်ဆုံး နည်းနည်းပဲ လုပ်ကြည့်ပါဦး”

“စိတ်မပူပါနဲ့၊ အရင်ဆုံး ပဲပြား နှစ်ပျဉ်လောက်ပဲ လုပ်ကြည့်ပါ့မယ်”

အိမ်ပြန်ရောက်သည့်အခါ လျိုသည် ယောက္ခမဖြစ်သူ ဒေါ်လေးလျိုကို ပြောပြရာ ဒေါ်လေးလျို ဂုဏ်ယူဝင့်ကြွားစွာ ပြော၏။

“သူ ကန့်ကွက်မှာ မဟုတ်ပါဘူးလို့ ငါပြောသားပဲ၊ နင်ကတော့ အပိုတွေ လုပ်နေတာပဲ”

လျို ထိုသို့ မထင်ပေ။ သူဌေးမဟွာသည် စိတ်ထား ကောင်းလွန်းသောကြောင့်သာ ဖြစ်သည်ဟု သူမ ယုံကြည်နေ၏။ အခြားသူသာ ဆိုလျှင် ဆိုင်ကိုပင် မှောက်လှန်ပစ်လောက်သည်။

နောက်တစ်နေ့တွင် လျို၏ ခင်ပွန်း “လျိုအာ” သည် အိမ်ဆောက်ရန် ထွက်သွားတော့မည့် အချိန်တွင် ဒေါ်လေးလျိုက သူ့ကို တားလိုက်သည်။

“အိမ်ဆောက်ဖို့ မသွားနဲ့ဦး။ အဲဒါက နင့်အိမ်လည်း မဟုတ်ဘဲနဲ့ ဘာလို့ သွားပူနေတာလဲ။ မြန်မြန် သွားပြီး ပဲကြိတ်ဆုံနဲ့ ပဲပိစပ်တွေ သွားဝယ်ချေ။ ကိုယ်ပိုင်ဆိုင်လေး အမြန်ဖွင့်နိုင်ဖို့က ပိုအရေးကြီးတယ်”

လျိုအာသည် စိတ်နူးညံ့သူ ဖြစ်သဖြင့် သူ့မိခင်က ထိုသို့ အတင်းခိုင်းစေသည့်အခါ မတတ်သာဘဲ လိုက်နာလိုက်ရတော့၏။

သူသည် ပဲပိစပ်နှင့် ပဲကြိတ်ဆုံကို ဝယ်လာပြီး လျင်မြန်စွာ အလုပ်လုပ်သည်။ ထို့နောက် သစ်သားအချို့ကို ရှာကာ ပုံစံခွက်များ ဖြစ်အောင် ပြုလုပ်လိုက်၏။

ညနေပိုင်းတွင် ဟွာကျွင်း ဆိုင်ဖွင့်သည့်အခါ လျိုသည် တို့ဟူး တစ်ပျဉ်လုံးကို ယူလာသည်။

“သူဌေးမဟွာ... ဒါက ပထမဆုံး ထွက်တဲ့ တို့ဟူးပါ။ လက်ခံပေးပါဦး”

အဝတ်ကို မလိုက်သည်နှင့် ပဲနံ့မွှေးမွှေးလေးကို ရလိုက်၏။

“ကျောက်ဆုံနဲ့ ကြိတ်ထားတဲ့ တိုဟူးက စက်နဲ့ လုပ်တာထက် အများကြီး ပိုမွှေးတာပဲ”

ဟွာကျွင်းသည် ငွေစ (၅၀ )ကို ထုတ်ကာ လျို ကို ပေးသော်လည်း လျိုက လုံးဝ လက်မခံပေ။ အခြားသူ၏ နယ်မြေတွင် စီးပွားရေး လုပ်ရမည် ဖြစ်သဖြင့် ဤကဲ့သို့သော လူမှုရေး လောကဝတ်များကို သူမ လိုက်နာရမည်။

ဟွာကျွင်းသည် လျိုက တို့ဟူးကို အတင်းပေးနေသည်ကို မြင်ရသဖြင့် မတတ်သာဘဲ လက်ခံလိုက်ရတော့၏။ ထိုအခါမှ လျိုသည် စိတ်သက်သာရာ ရသွားပြီး သူမ ဆိုင်လေးဆီကို သွား၍

အခန်း (၁၀၆)

သံပြားပေါ်က တို့ဟူးကြော်

မော့ချွမ်း မေးလိုက်၏။

“ဒီလောက်များတဲ့ တို့ဟူးတွေကို ဘယ်လို စားကြမှာလဲ”

ဟွာကျွင်း တစ်ခဏ စဉ်းစားပြီးနောက် ပြောလိုက်သည်။

“တစ်ဝက်ကို သံပြားပေါ်က တို့ဟူးကြော် လုပ်မယ်၊ ကျန်တဲ့တစ်ဝက်ကိုတော့ တခြားနေရာမှာ သုံးဖို့ရှိသေးတယ်”

သူမသည် လူစိတ်ဝင်စားအောင် လုပ်ထားသည်။

ဟွာရှန့် ၎င်းကို ကြားသည့်အခါ ဝမ်းသာအားရ ပြောလိုက်၏။

“အရသာရှိတဲ့ အစားအသောက်တွေ နောက်တစ်မျိုး ထပ်စားရဦးမှာပေါ့”

သံပြားပေါ်က တို့ဟူးကြော်သည် ညဈေးတန်းများတွင် မပါမဖြစ် ပါသည့် အရသာရှိသော အစားအစာတစ်ခု ဖြစ်၏။ ပြင်ဆင်ပုံမှာ အလွန်ပင် ရိုးရှင်းလှ၏။ တို့ဟူးကောင်းကောင်းရှိပြီး ဟင်းခတ်အမွှေးအကြိုင် စုံစုံလင်လင် ထည့်နိုင်သရွေ့ အရသာမရှိရန်မှာ အလွန်ခဲယဉ်းလှသည်။

တို့ဟူးကို အပိုင်းအစ သေးသေးလေးများ ဖြစ်အောင် လှီးဖြတ်ပြီးနောက် ဒယ်အိုးထဲသို့ နှမ်းဆီအနည်းငယ် ထည့်ကာ အားမန်ကို တို့ဟူးများ ရွှေအိုရောင် သန်းလာသည်အထိ ဖြည်းဖြည်းချင်း ကြော်ခိုင်းထားပြီး ဟွာကျွင်းက ဆော့စ်ကို ပြင်ဆင်သည်။

ပန်းကန်လုံးတစ်လုံးကို ယူ၍ အသားကင် ဟင်းခတ်မှုန့်နှင့် ကြက်သွန်ဖြူ ထောင်းထားသည်များကို ထည့်ကာ ဆီပူလောင်း၍ အနံ့ကို မွှေးအောင်လုပ်လိုက်၏။ ထို့နောက် ပဲငံပြာရည်အကြည်၊ ခရုဆီ နှင့် ရှာလကာရည် အနည်းငယ်တို့ကို ထည့်လိုက်သည်။

တို့ဟူးများ ရွှေအိုရောင် သန်းလာသည့်အခါ ၎င်းဆော့စ်ကို တို့ဟူး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် သုတ်လိမ်းလိုက်၏။ အရသာမှာ “အံမခန်း” ဟုပင် ဆိုရပေမည်။

ဒါတင်မကသေးဘဲ ငရုတ်သီးမှုန့် မပါလျှင်လည်း မဖြစ်ပေ။ တို့ဟူးများကို ပန်းကန်ထဲ မထည့်မီ ငရုတ်သီးမှုန့် ဖြူးလိုက်ပြီး ကြက်သွန်မြိတ်လေးများကိုပါ အုပ်လိုက်လျှင် သံပြားပေါ်က တို့ဟူးကြော်မှာ အဆင်သင့် ဖြစ်သွား၏။

တို့ဟူးမှာ အပြင်ဘက်တွင် ကြွပ်နေပြီး အတွင်းပိုင်းမှာ နူးညံ့ကာ အငန်အချို မျှတလှသည်။ ကြက်သွန်မြိတ်နံ့လေး သင်းနေသော တို့ဟူးမှာ အလွန်ပင် မွှေးကြိုင်လှ၏။

မော့ချွမ်းသည် ဒယ်အိုးထဲသို့ တူဖြင့် လှမ်းနှိုက်ရန် ပြင်လိုက်သော်လည်း ဟွာကျွင်း သူ့လက်ကို ပုတ်ကာ တားလိုက်သည်။

“နေဦးလေ”

သူမသည် ဆီစုပ်စက္ကူတစ်ခု ယူ၍ တို့ဟူး လေးငါးတုံးကို ထည့်ပြီးနောက် ဝါးတံလေးဖြင့် ထိုးကာ မော့ချွမ်းအား ကမ်းပေးလိုက်သည်။

“မီးဖိုချောင် အပြင်ဘက်မှာ သွားစား”

မော့ချွမ်း လိမ္မာပါးနပ်စွာ တို့ဟူးကို ကိုင်ကာ ကောင်တာဆီသို့ သွားပြီး ကုလားထိုင်တစ်လုံးကို ဆွဲ၍ စတင် မြည်းစမ်းတော့သည်။

ခန့်မှန်းထားသည့်အတိုင်းပင် ၎င်းမှာ ဝယ်သူများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားတော့၏။

“အစ်ကို မော့ချွမ်း... ဘာ စားနေတာလဲ”

“သံပြားပေါ်က တို့ဟူးကြော်လေ”

“အနံ့က သိပ်မွှေးတာပဲ၊ ဒါ ရောင်းတာလား”

“မဟုတ်ဘူး၊ အပြင်ထွက်ပြီး ညာဘက်ကို ကွေ့လိုက်၊ တို့ဟူးဆိုင်တစ်ဆိုင် တွေ့လိမ့်မယ်။ အဲဒီမှာ တို့ဟူးတစ်ပျဉ် ဝယ်ပြီး အိမ်မှာ ကိုယ့်ဘာသာ ကြော်စားကြ”

“အစ်ကို မော့ချွမ်းကတော့ နောက်နေပြီ၊ ကျွန်တော်တို့က ဘယ်လိုကြော်ရမှန်း သိပါ့မလား”

ဤခေတ်ကာလတွင် ဆီနှင့် ကြော်လှော်စားသောက်ခြင်းမှာ ရှားပါးပြီး အသားဟင်းများကို ပြုတ်စားခြင်းကသာ အဓိက ဖြစ်၏။

“ရိုးရှင်းပါတယ်၊ ဆီထည့်ပြီး မီးအေးအေးနဲ့ ဖြည်းဖြည်းချင်း ကြော်ရုံပါပဲ”

မော့ချွမ်းက သူတို့ကို ဂရုမစိုက်တော့ပေ။ ပူပူနွေးနွေးလေးကို စားရန်ကသာ အရေးကြီးဆုံး ဖြစ်နေသည်။

သူ အားရပါးရ စားနေသည်ကို မြင်ရသဖြင့် ဝယ်သူများမှာလည်း ထိုညတွင် တို့ဟူးတစ်ပျဉ် ဝယ်၍ ကိုယ်တိုင် ကြော်စားရန် ဆုံးဖြတ်လိုက်ကြတော့၏။

မည်သို့ပင်ဆိုစေ တို့ဟူးက ဈေးသက်သာသည်။ တစ်တုံးကို ကြေးပြား နှစ်ပြားသာ ရှိသည်။

မီးဖိုချောင်အတွင်း၌မူ ဟွာကျွင်းနှင့် အခြား နှစ်ယောက်တို့မှာလည်း အားရပါးရ စားနေကြ၏။

“မမ... ဘာလို့ ကျန်တဲ့ တို့ဟူးတွေကို အကုန်လုံး တစ်ခါတည်း မကြော်လိုက်တာလဲ”

“ကျန်တဲ့ တို့ဟူးတွေကို ပြင်ဆင်ဖို့ တခြားနည်းလမ်း ရှိသေးတယ်။ မနက်ဖြန်ကျမှ စားလို့ ရလိမ့်မယ်”

ဟွာရှန့်၏ မျက်လုံးများမှာ မျှော်လင့်တကြီးဖြင့် တောက်ပလာကာ ပြောလိုက်သည်။

“မမ... ဒီနေ့ အလွယ်တကူ လုပ်လိုက်တဲ့ တို့ဟူးကြော်ကတောင် ဒီလောက် အရသာရှိနေတာဆိုတော့ မနက်ဖြန်ကျမှ ရမဲ့ တို့ဟူးကတော့ ပိုပြီး မွှေးပြီး အရသာရှိမှာ သေချာတယ်”

ဟွာကျွင်း ဘာမှမပြောဘဲ ပြုံးနေမိ၏။ အရသာရှိမှာကတော့ သေချာသော်လည်း မွှေး မမွှေးဆိုတာကတော့ တစ်ယောက်နှင့် တစ်ယောက် ထင်မြင်ချက်များ ကွဲပြားနိုင်သည်။

စားသောက်ပြီးနောက် ဟွာကျွင်း အပြင်သို့ ထွက်ကာ မကြော်ရသေးသော နံစော်တို့ဟူး အချို့ကို ဝယ်လာခဲ့၏။

အိမ်ပြန်ရောက်သည့်အခါ နံစော်တို့ဟူးကို အရက်ဖြူ အနည်းငယ်ကို ဆမ်းလိုက်ပြီး ဇွန်း၏ နောက်ကျောဖြင့် တို့ဟူးများကို အနှစ်ဖြစ်အောင် ချေလိုက်သည်။ ထို့နောက် ရေကျက်အေး ပန်းကန်လုံးကြီး တစ်လုံးကို ထည့်ကာ အနှစ်များကို ဖျော်လိုက်၏။ ၎င်းမှာ နံစော်တို့ဟူး ပြုလုပ်ရန်အတွက် လိုအပ်သည့်အရာဖြစ်၏။

တို့ဟူး လတ်လတ်ဆတ်ဆတ်များကို အရွယ်တူ အတုံးလေးများ လှီးဖြတ်ပြီး ဘူးတစ်ခုအတွင်းသို့ ထည့်ကာ နံစော်တို့ဟူးအရည်များကို လောင်းထည့်လိုက်သည်။ အဖုံးကို သေသေချာချာ ပိတ်လိုက်ပြီး (၂၄) နာရီ ကြာသည့်အခါ နံစော်တို့ဟူးကို စားသုံးနိုင်ပြီ ဖြစ်၏။

ဟွာကျွင်း တို့ဟူးများကို ပြင်ဆင်ပြီးသည့် အချိန်တွင် လျိုရှီ သူမထံ ရောက်လာသည်။

မော့ချွမ်း၏ မိတ်ဆက်ပေးမှုကြောင့် တို့ဟူးများကို ဝယ်သူ အများအပြား လာရောက် ဝယ်ယူကြရာ ယနေ့လုပ်ထားသော တို့ဟူးများ အားလုံး ကုန်သွားသဖြင့် သူမ ဟွာကျွင်းကို လာရောက် ကျေးဇူးတင်ခြင်း ဖြစ်၏။

“ကိစ္စမရှိပါဘူး၊ အကူအညီလေး တစ်ခုပဲဟာ”

ထိုသို့ဆိုကာ ဟွာကျွင်း လက်ကာပြလိုက်၏။ လျိုရှီ ဆိုင်သို့ ပြန်ရောက်သည်နှင့် သူမ၏ ယောက္ခမ ဒေါ်လေးလျိုက ထပ်၍ ဆူပူပြန်တော့၏။

“နင်ကတော့ တစ်နေကုန် အဲဒီဆိုင်ကိုပဲ ဘာသွားလုပ်နေတာလဲ။ ဒီနေ့ တို့ဟူးတစ်ဝက်ကိုသာ သူ့ကို မပေးလိုက်ရင် ငါတို့ နောက်ထပ် ကြေးပြား ဆယ်ပြားလောက် ပိုရမှာ”

လျိုရှီမှာ ပြန်မပြောရဲဘဲ ခေါင်းငုံ့ကာ ဆိုင်သိမ်းနေမိ၏။ ဒေါ်လေးလျို ဘေးနားမှ တတွတ်တွတ် ဆူပူနေဆဲပင် ဖြစ်၏။

ဤဒေသရှိ လူများမှာ နံစော်တို့ဟူးကို တစ်ခါမှ မစားဖူးကြသဖြင့် သူတို့ လက်ခံမည်ဖြစ်ကြောင်း ဟွာကျွင်း မသေချာပေ။

သို့သော် ဟွာရှန့်နှင့် မော့ချွမ်းတို့မှာ လက်မခံနိုင်ကြသည်မှာ သေချာလှ၏။ ဟွာကျွင်း တို့ဟူးဘူးအဖုံးကို ဖွင့်လိုက်သည်နှင့် မော့ချွမ်းက အဖုံးကို “ဒုန်း” ခနဲ ပြန်ပိတ်လိုက်သည်။

“သူဌေးမဟွာ ဒါကြီးက အရမ်း နံတယ်။ အပြင်က ဝယ်သူတွေကို မောင်းထုတ်ချင်လို့လား”

ဟွာရှန့်ကို ကြည့်လိုက်ပြန်ရာ သူမသည် နှာခေါင်းကို ပိတ်ကာ နှစ်မီတာခန့် ဝေးရာသို့ နောက်ဆုတ်သွားသည်ကို တွေ့ရ၏။

“ငါ ကြော်ပြီးတဲ့အထိ စောင့်ကြည့်ပါဦး၊ ပြီးမှ နံ၊ မနံ ပြောပေါ့”

မော့ချွမ်းက အော်လိုက်၏။

“ဘာ ဒါကို ကြော်ဦးမှာလား။ ဆီပူထဲမှာလား။ ဒီအိုးနဲ့လား”

ထို့နောက် သူ ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

“မရဘူး၊ကျွန်တော် ဒီမှာ ရှိနေသရွေ့တော့ ဒီလိုမျိုး လုပ်ခွင့် လုံးဝမပေးနိုင်ဘူး”

ဟွာကျွင်းသည် ဝမ်းနည်းသော အမူအရာကို ပြလိုက်ပြီး ပြော၏။

“ရှင်က ကျွန်မကို မယုံဘူးလား။ တကယ်ပဲ မယုံတာလား... ဟွာရှန့်၊ နင်လည်း မမကို မယုံဘူးလား။ ငါတော့ စိတ်မကောင်းလိုက်တာ...”

ဟွာရှန့်သည် ဟွာကျွင်း၏ လှည့်ကွက်ထဲတွင် ပါသွားကာ လက်ကို ချလိုက်ပြီး ဟွာကျွင်းကို ဖက်ကာ ပြောသည်။

“မမ... စိတ်မကောင်း မဖြစ်ပါနဲ့၊ ကြော်ပါ၊ ကြော်ပါ”

မော့ချွမ်းမှာ ဆွံ့အသွားရ၏။

“နင် လှည့်စားတာ ခံလိုက်ရပြီ”

“ကြော်မယ်ဆိုရင်လည်း အပြင်မှာ သွားကြော်ပါ။ ဒီထဲမှာက နေရာကျဉ်းတော့ အနံ့တွေက စွဲနေလိမ့်မယ်”

ဟွာကျွင်းက စဉ်းစားကြည့်ရာ သူပြောသည်မှာ အဓိပ္ပာယ်ရှိသဖြင့် ဆိုင်ရှိ မီးသွေးဖိုဟောင်းကို ယူကာ ဆိုင်တံခါးဝသို့ သွား၍ မီးမွှေးလိုက်သည်။ ယခုအခါ လူတိုင်းက ဟွာကျွင်း တစ်ခုခု ပြုလုပ်နေပြီ ဆိုလျှင် အရသာရှိသော အစားအစာ ထွက်လာတော့မည်ကို သိကြသဖြင့် လူအများအပြား စုရုံးလာကြတော့၏။

“သူဌေးမဟွာ... ဘာအရသာရှိတာတွေ ထပ်လုပ်နေပြန်ပြီလဲ”

“ဒီနေ့တော့ ငါက ရှေ့ဆုံးကနေ စောင့်မှာနော်၊ ဘယ်သူမှ လာမလုနဲ့”

မီးသွေးခဲများမှာ လျင်မြန်စွာ တောက်လာ၏။ ဟွာကျွင်းသည် သံအိုးကို အပေါ်မှတင်ကာ ဆီများကို အမြောက်အမြား လောင်းထည့်လိုက်ပြီး တို့ဟူးဘူးအဖုံးကို ဖွင့်လိုက်သည်။ ဘူး၏ ပုံစံမှာ ထူးဆန်းနေသဖြင့် အထဲတွင် ဘာရှိသည်ကို လူအများက ဝိုင်းကြည့်နေကြစဉ်မှာပင် ပြင်းထန်လှသော အနံ့ဆိုးကြီး ထွက်ပေါ်လာတော့၏။

“အွတ်...”

ရှေ့ဆုံးမှ ဝယ်သူများမှာ အော့အန်ချင်သလို ဖြစ်သွားကြ၏။ လူတိုင်းက ထိုအနံ့ကို ရသွားသည့်အခါ အံ့သြသွားကြပြီး သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ နောက်သို့ အမြန် ပြေးထွက်သွားကြခြင်းပင် ဖြစ်၏။

ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် ဟွာကျွင်း ဘာလုပ်နေသလဲဟူသော စူးစမ်းစိတ်ကြောင့် ရပ်လိုက်ကြပြီး အနံ့ကို အောင့်ခံကာ အဝေးမှ လှမ်းကြည့်နေကြသည်။ မြင်ကွင်းမှာ ထူးဆန်းလှ၏။ အလယ်တွင် ဟွာကျွင်းနှင့် မီးဖိုရှိနေပြီး လူအများက သူမနှင့် ခြေလှမ်း ခုနစ်လှမ်း ရှစ်လှမ်းခန့် အကွာမှ ဝိုင်းကြည့်နေကြခြင်း ဖြစ်၏။ ဟွာကျွင်းမှာ ဗုံးတစ်လုံးကို ဖြုတ်နေရသကဲ့သို့ ခံစားနေရသည်။

ဆီများ ပူလာသည့်အခါ ဟွာကျွင်းသည် တို့ဟူးများကို တစ်တုံးချင်းစီ ဆယ်ယူကာ အိုးထဲသို့ ထည့်လိုက်ပြီး မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း ကြော်သည်။ သူမ လောမနေဘဲ တို့ဟူးများ အိုးတွင် မကပ်စေရန် တူဖြင့် ညင်သာစွာ ထိုးပေးနေ၏။

ရထားလုံးတစ်စီး ရပ်တန့်လာပြီး လင်းမော့ရှူ ရောက်ရှိလာပြန်၏။ သူသည် လူအုပ်ကြားမှ တိုးဝင်လာပြီး အလယ်တွင် ရှိနေသော ဟွာကျွင်းကို မြင်သည်နှင့် မေးလိုက်သည်။

“သူဌေးမဟွာ... ဘာအရသာရှိတာတွေ ထပ်လုပ်နေပြန်ပြီလဲ”

အခြားသူများကဲ့သို့ပင် သူသည်လည်း ဟွာကျွင်း ပြုလုပ်သမျှမှာ အကောင်းဆုံး ဖြစ်မည်ဟု ယုံကြည်နေခြင်း ဖြစ်၏။ သူသည် ဟွာကျွင်း ဘေးတွင် ထိုင်ချကာ ကြည့်နေသည်။

အနံ့မှာ ပို၍ ပြင်းလာသဖြင့် သူက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ဒါက ဘာနံ့ကြီးလဲ”

“ဒါက နံစော်တို့ဟူးလေ။ ဒီအနံ့ကို မခံနိုင်ရင် နည်းနည်း ဝေးဝေးမှာ သွားနေပါ။ ကြော်ပြီးသွားရင် မနံတော့ပါဘူး”

သူမ အစားအသောက်အပေါ် ထားရှိသော လင်းမော့ရှု၏ ချစ်မြတ်နိုးမှုနှင့် သူမအပေါ် ထားရှိသော ယုံကြည်မှုကို လျှော့တွက်လိုက်မိခြင်း ဖြစ်၏။ သူသည် သူမ ဘေးတွင်သာ ဆက်လက် ထိုင်ကြည့်နေသည်။

ထူးဆန်းသည်မှာ ထိုအနံ့ကို ရှူမိလေလေ သူ၏ ခံတွင်းမှာ စားချင်လာလေ ဖြစ်နေခြင်းပင်။ သူသည် တံတွေးပင် မျိုချလိုက်မိ၏။ တို့ဟူးများ ဆီပေါ်တွင် ပေါ်လာပြီး အပြင်ဘက် ကြွပ်လာသည့်အခါ အဆင်သင့် ဖြစ်သွားတော့သည်။

ဟွာကျွင်းသည် တို့ဟူးတစ်တုံးချင်းစီ၏ အလယ်တွင် အပေါက်လေး တစ်ပေါက်စီ ဖောက်လိုက်ပြီး သူမ သေသေချာချာ လုပ်ထားသော ဆော့စ်ရည်များကို ထည့်လိုက်သည်။ ထို့နောက် နှမ်းများ၊ ကြက်သွန်မြိတ်များ၊ နံနံပင်များနှင့် ငရုတ်သီးဆော့စ်များကို ဖြူးလိုက်သည့်အခါ တို့ဟူးမှာ စားသုံးရန် အဆင်သင့် ဖြစ်သွားတော့၏။ ဤအချိန်တွင်မူ မွှေးကြိုင်သော ရနံ့မှာ အနံ့ဆိုးများကို လုံးဝ ဖုံးလွှမ်းသွားတော့သည်။

All Chapters