အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
အခန်း (၁၀၇)
နံစော်တို့ဟူး (၁)
အနီးနားတွင် ရှိနေသည့် လင်းမော့ရှူ ထိုမွှေးရနံ့ကို အရင်ဆုံး ရရှိလိုက်၏။ သူ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မျှော်လင့်တကြီး စောင့်စားနေသည်။
အပြင်ဘက်တွင် လူများ ပို၍ စုရုံးလာကြကာ တစ်ယောက်က မေးလိုက်သည်။
“ဒီမှာ ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဒီလောက် နံနေရတာလဲ”
“အညစ်အကြေးပုံး တစ်ခု မှောက်ကျသွားသလိုပဲ”
“သူဌေးမဟွာလေ၊ သူ တို့ဟူးတစ်မျိုးမျိုး လုပ်နေတာ ထင်တယ်”
“ဘယ်သူ့တို့ဟူးက ဒီလောက်တောင် နံနေရတာလဲ”
“ဟိုဘက်က တို့ဟူးဆိုင်အသစ်က တို့ဟူးတွေ ဖြစ်မှာပေါ့”
ထိုစကားကို ကြားသည်နှင့် အဘွားအိုတစ်ဦး ဝုန်းခနဲ ထွက်လာပြီး ဆဲဆိုတော့၏။
“ဒါ ငါတို့ဆိုင်က တို့ဟူး မဟုတ်ဘူးနော်”
ဤသည်မှာ ဒေါ်လေးလျို ပင် ဖြစ်၏။
မနေ့က တို့ဟူး အကုန်ကုန်သွားပြီးနောက် ချွေးမဖြစ်သူ လျိုရှီ မည်သို့ပင် ဖျောင်းဖျစေကာမူ သူမသည် လျိုအာ ကို တို့ဟူး သုံးပျဉ် အပိုကြိတ်ခိုင်းခဲ့သည်။ ရလဒ်အနေဖြင့် တို့ဟူးဝယ်သွားသော ဝယ်သူများမှာ အိမ်ရောက်မှ တို့ဟူးကြော်ရန် ဆီအများကြီး လိုကြောင်းနှင့် အရသာမှာလည်း မုန့်ဆိုင်က လက်ရာကို မမီကြောင်း သိသွားကြ၏။ ထို့ကြောင့် ယနေ့တွင် သူမတို့ဆိုင်မှာ လူသူကင်းမဲ့နေပြီး တို့ဟူးလာဝယ်သူ တစ်ယောက်မှ မရှိသလောက်ပင် ဖြစ်နေသည်။
ဒေါ်လေးလျိုနှင့် လျိုရှီတို့မှာ ဆိုင်တွင် ထိုင်စောင့်နေရင်း ဝယ်သူမရှိသဖြင့် မုန့်ဆိုင်ရှေ့တွင် လူစည်နေသည်ကို မြင်ရရာ ဘာဖြစ်နေသလဲ သွားကြည့်ကြခြင်း ဖြစ်၏။ အနားရောက်သည်နှင့် ထိုအနံ့ဆိုးမှာ သူမတို့ မိသားစု တို့ဟူးဆီကလာသည်ဟု ပြောသံကြားရသဖြင့် သူမ အလွန်ပင် စိုးရိမ်သွားတော့၏။
ဒေါ်လေးလျိုသည် ထိုသူကို တံတွေးနှင့် ထွေးလိုက်ပြီး ဟွာကျွင်း ထံသို့ အားမာန်ပါပါ လျှောက်သွားသည်။ လျိုရှီသည် ယောက္ခမဖြစ်သူ၏ ပုံစံကို မြင်သည်နှင့် ဘာလုပ်တော့မည်ကို ချက်ချင်း သိလိုက်၏။ သူမသည် ဒေါ်လေးလျိုကို အမြန်လှမ်းဆွဲလိုက်ရာ ဒေါ်လေးလျိုမှာ လဲကျလုနီးပါးပင် ဖြစ်သွား၏။
ဒေါ်လေးလျိုသည် လှည့်ကာ လျိုရှီကို ဒေါသတကြီး စိုက်ကြည့်လျက် လက်ကို အတင်းရုန်းထွက်လိုက်၏။
“နင် ငါ့ကို ဘာလို့ ဆွဲနေတာလဲ။ ဒီနေ့ တို့ဟူး ဘာလို့ မရောင်းရလဲလို့ ငါ စဉ်းစားနေတာ၊ ဒီမှာ ကောလာဟလတွေ ဖြန့်နေကြတာကိုး”
သူမ ဟွာကျွင်းအနားသို့ ချဉ်းကပ်ကာ မေး၏။
“သူဌေးမဟွာ... ညည်းကိုယ်တိုင် ပြောစမ်းပါ၊ ဒီတို့ဟူးက ငါတို့ဆိုင်က တို့ဟူးလား”
ဟွာကျွင်း သူမကို အသာအယာ ပြုံးပြလိုက်၏။
“အဘွား... မလောပါနဲ့ဦး။ ဒီတို့ဟူးက အဘွားတို့ဆိုင်က ဝယ်လာတာ ဟုတ်ပါတယ်၊ ဒါပေမဲ့...”
“စကားကို ဆင်ခြင်ပြောစမ်း။ ဒီတို့ဟူးက ပုပ်နေတာလေ၊ ငါတို့ဆိုင်က ဝယ်တာလို့ ဘယ်လို ပြောနိုင်ရတာလဲ”
ဟွာကျွင်း စကားမဆုံးမီ ဒေါ်လေးလျိုက အော်ဟစ် ဖြတ်ပြောလိုက်၏။
“မနေ့က ငါ့ချွေးမ ပေးလိုက်တဲ့ တို့ဟူးတွေက လတ်လတ်ဆတ်ဆတ်ကြီးပါ”
သူမ ဟွာကျွင်းကို မကြိုက်သည်မှာ ကြာပြီ ဖြစ်၏။ အရွယ်လည်း မငယ်တော့သည့် မိန်းကလေး တစ်ဦးက လင်ကောင်းသားကောင်း ယူပြီး အိမ်ထောင့်တာဝန် မကျေဘဲ အပြင်မှာ နေ့တိုင်း ထွက်နေသည်ဟု သူမ မြင်နေ၏။ ထို့အပြင် ရွာထဲက မိန်းမပျိုများကိုလည်း အထည်ချုပ်လုပ်ငန်းထဲ ခေါ်သွားပြီး တဲတံခါးကို နေ့တိုင်း ပိတ်ထားရာ အထဲမှာ ဘာလုပ်နေမှန်း မသိဟု သူမ တွေးနေမိသည်။
သူမ၏ ဒုတိယချွေးမမှာလည်း ပြုစားခံထားရသလိုပင်။ ထိုအထည်ချုပ်လုပ်ငန်းထဲသို့ တစ်နေကုန် သွားနေပြီး အိမ်မှုကိစ္စ အားလုံးကို သူမ တစ်ယောက်တည်း လုပ်နေရသည်။
သို့သော် ရွာသားတိုင်းက ဟွာကျွင်းကို ချီးမွမ်းနေကြသဖြင့် ဒေါ်လေးလျို တွေးမိလေ ဒေါသထွက်လေ ဖြစ်နေ၏။
‘ဒီမိန်းကလေးက ကြေးပြားရှိတာကို အားကိုးနေတာ မဟုတ်လား’
ယနေ့တွင်မူ သူမကို ငွေကုန်ကြေးကျ ဖြစ်အောင် လုပ်မည်ဟု ဆုံးဖြတ်ထားသည်။
“ငါတို့ တို့ဟူးအတွက် ပိုက်ဆံမပေးတာတောင် ထားပါဦး၊ အခုတော့ ငါတို့ကို အသရေဖျက်နေပြီ။ ဒီနေ့ ငါတို့ စီးပွားပျက်ရတာ နင့်ကြောင့်ပဲ၊ နင် ငါ့ကို လျော်ကြေးပေးရမယ်”
လျိုရှီသည် ဒေါ်လေးလျိုကို နောက်သို့ အကြိမ်ကြိမ် ဆွဲသော်လည်း တွန်းထုတ်ခြင်း ခံရသည်။ သူမလည်း စိုးရိမ်လာကာ အော်ပြောလိုက်၏။
“အမေ၊ ဒီမှာ လာပြီး ပြဿနာ မရှာပါနဲ့တော့၊ ကျွန်မနဲ့ အိမ်ပြန်ရအောင်”
ဒေါ်လေးလျို သူမ၏ နဖူးကို လက်ညှိုးဖြင့် ပြင်းပြင်းထန်ထန် ထိုးကာ ဆူပူသည်။
“နင်ကတော့ သစ္စာဖောက်ပဲ။ ငါ့သား လျိုအာ နင့်ကို ယူလိုက်မိတာ ကံဆိုးတာပဲ၊ နင်က ကြက်ဥတောင် မဥ နိုင်တဲ့အပြင် တို့ဟူးတောင် ကောင်းကောင်း မရောင်းတတ်ဘူး။အခုတော့ ဆိုင်ရဲ့ နာမည်ပျက်သွားပြီ၊ နင် ငါ့မြေးကို ငတ်သေအောင် လုပ်နေတာလား”
လျိုရှီ၏ နှစ်ရှည်လများ အောင့်အည်းလာခဲ့သော ခံစားချက်များမှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားတော့၏။
“ကျွန်မ ရှာသမျှ ပိုက်ဆံတွေက အမေနဲ့ အစ်ကိုကြီးတို့ မိသားစုဆီပဲ ရောက်တာလေ၊ အမေ ဘာတွေ ထပ်လိုချင်သေးတာလဲ။ လူအများကြီး ရှေ့မှာ ဒီလို ပြဿနာရှာဖို့ လိုလို့လား”
ဤသည်မှာ လျိုရှီ သူမကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ပြန်အော်ခြင်း ဖြစ်၏။ ဒေါ်လေးလျို မခံမရပ်နိုင်ဖြစ်သွားကာ လျိုရှီ၏ ဆံပင်ကို ဆွဲ၍ အောက်သို့ ဆောင့်ချလိုက်၏။
“နင်က အတောင်စုံလာပြီပေါ့၊ ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့။ နင့်ကို ဘယ်သူ သင်ပေးတာလဲ”
ဟွာကျွင်း ၎င်းကို မြင်သည့်အခါ အမြန်ရှေ့တိုး၍ လူခွဲရန် ကြိုးစားသော်လည်း မော့ချွမ်း က သူမကို တားလိုက်သည်။ လူအုပ်ကြားထဲမှ လူတစ်ယောက် ပြေးထွက်လာပြီး ဒေါ်လေးလျိုရှေ့တွင် ချက်ချင်း ဒူးထောက်လိုက်၏။
“အမေ... လက်လွှတ်ပါတော့၊ မရိုက်ပါနဲ့တော့၊ ဒါတွေ အားလုံးက ကျွန်တော့်အမှားတွေပါ”
ဒေါ်လေးလျို လက်ကို လွှတ်လိုက်ပြီး လျိုအာကို ပါးရိုက်လိုက်၏။
“နင်ကလည်း အသုံးမကျတဲ့ကောင်ပဲ။ နင့်အစ်ကိုလောက်တောင် မတော်ဘူး။ ဒီကြားထဲ နင့်မိန်းမကို ကာကွယ်နေသေးတယ်ပေါ့လေ”
လျိုရှီသည် မျက်ရည်များ စီးကျလျက် ထရပ်လိုက်၏။
“ကျွန်မ ဒီလိုမျိုး ဆက်မနေနိုင်တော့ဘူး၊ လျိုအာ... ရှင် ကျွန်မကို တကယ် ဂရုစိုက်တယ်ဆိုရင် ကျွန်မကို ကွာရှင်းပေးပါ၊ ကွာရှင်းမပေးရင် ကျွန်မ အသက်မရှင်တော့ဘူး”
လျိုအာသည်လည်း သူ့ ဇနီးသည် ဤကဲ့သို့ ဖြစ်နေသည်ကို မြင်ရသဖြင့် ရင်နာမိ၏။ သူ ဆုံးဖြတ်ချက်ချလိုက်ပြီး ပြောသည်။
“ငါ နင့်ကို ကွာရှင်းမှာ မဟုတ်ဘူး၊ ငါတို့ အိမ်ခွဲနေကြမယ်၊ အိမ်ခွဲမယ်...”
ဒေါ်လေးလျို မှင်တက်သွား၏။ ဤရိုးသားသော လူနှစ်ယောက်က ယနေ့တွင် သူမကို တော်လှန်လာကြခြင်း ဖြစ်၏။ သူမ သူတို့ကို အထင်သေးခြင်း မဟုတ်သော်လည်း တစ်နေ့ကုန် အားမရှိသလို ဖြစ်နေသော သူတို့မှာ အိမ်ခွဲပြီး ဘယ်လို ဘဝမျိုးကို ပိုင်ဆိုင်နိုင်မည်နည်း။
“ကောင်းပြီ၊ နင်တို့ အိမ်ခွဲချင်တယ်ပေါ့၊ ရတယ်၊ ဒါပေမဲ့ ဘာပစ္စည်းမှ ယူသွားလို့ မရဘူး၊ ပြီးတော့ တို့ဟူးဆိုင်လည်း ပေးမဖွင့်ဘူး”
သူတို့တွင် စားဝတ်နေရေးအတွက် ငွေကြေး မရှိပါက မကြာမီ သူမထံ ပြန်လာပြီး အသနားခံကြလိမ့်မည်ဟု သူမ ယုံကြည်နေ၏။ လျိုအာ လျိုရှီကို နှစ်သိမ့်လိုက်သည်။
“ငါ ကူလီထမ်းလို့ ရပါတယ်၊ နင့်ကို အငတ်မထားပါဘူး”
လျိုရှီတွင် အခြား စိတ်ကူးတစ်ခု ရှိနေ၏။ သူမသည် ဟွာကျွင်း ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်သည်။
“သူဌေးမဟွာ... ကျွန်မ ဒီနံစော်တို့ဟူးတွေကို ရောင်းချင်ပါတယ်။ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ဖြစ် ကျွန်မ သဘောတူပါတယ်”
ဟွာကျွင်းသည် သူမကို ထူပေးလိုက်ပြီး မေးလိုက်၏။
“ရှင်က ဒီလောက်နံတဲ့ တို့ဟူးကို ရောင်းချင်တာလား”
အထည်ချုပ်လုပ်ငန်းတွင် အချိန်အတော်ကြာ ရှိနေခဲ့သဖြင့် ဟွာကျွင်းတွင် ကောင်းမွန်သော အရာများစွာ ရှိကြောင်း လျိုရှီ သိထား၏။ သူမ ပြုလုပ်ထားသော အရာဖြစ်သဖြင့် ငွေရမှာ သေချာသည်။ သူမ ခိုင်မာစွာ ခေါင်းညိတ်ပြ၏။
“ကောင်းပြီ၊ နောက်ကျရင် ကျွန်မ ရှင့်ကို ချက်နည်း ပေးမယ်။ ဆိုင်ဖွင့်ပြီးရင်တော့ အရင်က စည်းမျဉ်းအတိုင်းပဲ၊ အမြတ်ကို (၃) ချိုး (၇) ချိုး ခွဲကြတာပေါ့”
လျိုရှီ၏ မျက်ရည်များမှာ ထပ်မံ စီးကျလာပြီး လျိုအာကို ဆွဲကာ ဒူးထောက်ရန် ပြင်ပြန်၏။
“ရပါပြီ၊ ရပါပြီ၊ ကျွန်မကို ဒူးမထောက်ပါနဲ့တော့၊ ကျွန်မလည်း ပိုက်ဆံယူမှာပဲဟာ”
ဒေါ်လေးလျိုသည် မဲ့ကာ ကြည့်လိုက်ပြီးမှ တစ်ခုခုကို သတိရကာ ဟွာကျွင်းကို ပြော၏။
“သူဌေးမဟွာ... နင် အရင်က ကျွန်မကို ဆိုင်ဖွင့်ဖို့ ကတိပေးထားတယ်နော်၊ ကတိမဖျက်နဲ့ဦး”
“ကတိဖျက်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီတုန်းက ကျွန်မ အဘွားရဲ့ ချွေးမကို ကတိပေးခဲ့တာလေ၊ ဒါကြောင့် အဘွားရဲ့ ချွေးမကိုပဲ ဆိုင်ဖွင့်ခွင့် ပေးနိုင်မယ်။ ကျွန်မက လူကိုပဲ ကြည့်တာ၊ ဆိုင်ကို ကြည့်တာ မဟုတ်ဘူး”
ထိုစကားကို ကြားသည့်အခါ ဒေါ်လေးလျို ဆဲဆိုရန် ပြင်လိုက်သော်လည်း မော့ချွမ်း သူမ ရှေ့တွင် ပိတ်ရပ်ကာ စိုက်ကြည့်နေသဖြင့် မပြောရဲတော့ပေ။ သူမသည် လူပျော့ကို နှိမ်ပြီး လူမာကို ကြောက်တတ်သူ ဖြစ်၏။ မော့ချွမ်း၏ အရပ်အမောင်းနှင့် မှုန်တေတေ မျက်နှာကို မြင်ရသည့်အခါ သူမ စကားတစ်လုံးပင် မဟရဲတော့ပေ။
မော့ချွမ်း ငေါက်ငမ်းလိုက်သည်။
“ဒီနေရာက ဘွားတော် လာပြီး ရမ်းကားရမဲ့ နေရာလား။ အခု ထွက်သွားစမ်း”
ဒေါ်လေးလျိုသည် လန့်သွားပြီး အမြန်ပင် ထွက်ပြေးသွားတော့၏။
ဇာတ်လမ်းက ဤသို့ ပြီးဆုံးသွားသည်။
လင်းမော့ရှူမှာ စိတ်မရှည်တော့ဘဲ မေးလိုက်၏။
“သူဌေးမဟွာ... အခု စားလို့ ရပြီလား”
ဟွာကျွင်းသည် နံစော်တို့ဟူး ပန်းကန်ကို လင်းမော့ရှုအား ကမ်းပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“မြည်းကြည့်ပါဦး”
လင်းမော့ရှူ မတွန့်ဆုတ်ဘဲ တစ်တုံးယူကာ ပါးစပ်ထဲ ထည့်လိုက်၏။ ချက်ချင်းပင် သူ့ ခံတွင်းထဲ၌ ထူးခြားသော မွှေးရနံ့တစ်ခု ဖုံးလွှမ်းသွားတော့၏။ အပြင်ဘက် ကြွပ်ကြွပ်လေးနှင့် အတွင်းဘက် နူးနူးညံ့ညံ့လေး ဖြစ်ကာ ထူးခြားသော ဆော့စ်အရသာနှင့် ပေါင်းစပ်လိုက်သည့်အခါ အလွန်ပင် ကောင်းမွန်လှ၏။
“အရမ်းအရသာ ရှိတာပဲ”
သူ ချီးကျူးလိုက်ရသည်။
ဘေးနားရှိ လူများမှာ ၎င်းကို ကြားသည့်အခါ အံ့သြကုန်ကြ၏။ သူတို့ နှာခေါင်းထဲတွင် ထိုအနံ့ဆိုးကြီးမှာ ပျောက်ကွယ်မသွားသေးပေ။ အချို့သော ဝယ်သူများက ရှေ့တိုးလာပြီး မေးကြ၏။
“တကယ်ပဲ အရသာ ရှိလို့လား”
လင်းမော့ရှူ အကြိမ်ကြိမ် ခေါင်းညိတ်ပြသည်။
“ဒါဆို ကျွန်တော့်ကိုလည်း တစ်ပွဲ ပေးပါ”
ထိုသူက ဟွာကျွင်းကို ပြောလိုက်၏။ ဟွာကျွင်းသည် ဆီစုပ်စက္ကူကို ယူ၍ နံစော်တို့ဟူး ငါးတုံး ထည့်ကာ ဆော့စ်များ ဆမ်းပေးလိုက်သည်။
“ကြေးပြား ငါးပြားပါ”
ထိုသူသည် ကြေးပြား ငါးပြား ပေးကာ နံစော်တို့ဟူးကို ယူလိုက်၏။ သူ စိတ်မရှည်စွာ တစ်လုပ် စားလိုက်သည့်အခါ မျက်လုံးများ တောက်ပသွားပြီး အော်ပြောလိုက်သည်။
“ဒီလောက် နံတဲ့ တို့ဟူးက အရသာ ရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး”
ထိုသတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး လူစုကွဲသွားသော လူအုပ်မှာလည်း ပြန်လည် စုရုံးလာကြတော့၏။
“ကျွန်တော့်ကို တစ်ပွဲ ပေးပါ”
“ကျွန်မလည်း တစ်ပွဲ လိုချင်တယ်၊ ကြေးပြား ငါးပြားဆိုတာ ဈေးမများပါဘူး”
အခန်း (၁၀၈)
နံစော်တို့ဟူး (၂)
ဒယ်အိုးထဲရှိ တို့ဟူးများမှာ ခဏချင်းပင် ကုန်သွားတော့၏။ မြည်းစမ်းခွင့်ရသူတိုင်း မဆုံးနိုင်အောင် ချီးမွမ်းနေကြပြီး ဝယ်မစားလိုက်ရသူများမှာလည်း စားချင်စိတ် အလွန်ပင် ပြင်းပြနေကြသည်။
“တကယ်ပဲ အဲဒီလောက် အရသာရှိလို့လား။ ဘယ်လို အရသာမျိုးလဲ”
“ပြောဖို့တောင် ခက်တယ်ဗျာ။ အပြင်ဘက်က ကြွပ်နေပြီး ကိုက်လိုက်ရင် ဆော့စ်ရည်တွေ ထွက်လာတာ။ ပဲနံ့မွှေးမွှေးလေးကိုလည်း ရတယ်။ နံလည်းနံသလို မွှေးလည်းမွှေးတယ်။ အတိုချုပ်ပြောရရင်တော့ အရမ်းကို ကျေနပ်ဖို့ကောင်းတာပဲ”
‘နံလည်းနံ၊ မွှေးလည်းမွှေးတယ် ဟုတ်လား’
ကြားရသည်မှာ အတော်လေး ကျေနပ်စရာကောင်းလှသည်။
ထို့ပြင် ကြေးပြား ငါးပြားသာ ကျသင့်သဖြင့် ဟွာကျွင်းမုန့်ဆိုင် ရှိ အစားအစာများထဲတွင် ဈေးအသက်သာဆုံး အရာလည်း ဖြစ်၏။
“သူဌေးမဟွာ မနက်ဖြန်ရော ထပ်လုပ်ဦးမှာလား”
“ဟုတ်ကဲ့၊ လုပ်မှာပါ။ မနက်ဖြန်လည်း လာခဲ့ကြဦးနော်”
လျိုရှီနှင့် လျိုအာတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့ မျက်လုံးထဲတွင် အံ့သြမှုများကို မြင်တွေ့ရ၏။ အမှန်ပင်။ သူဌေးမဟွာ ပြုလုပ်သည့် မည်သည့်အရာမဆို ကောင်းမွန်သည့် အရာများသာ ဖြစ်သည်။ ယခုအခါ သူတို့အနေဖြင့် စားဝတ်နေရေးအတွက် ပူပန်ရန် မလိုတော့ပေ။
ဟွာကျွင်း ကျန်ရှိနေသော နံစော်တို့ဟူး အနည်းငယ်ကို ထုတ်ယူကာ လျိုရှီကို ပြုလုပ်ပုံ အဆင့်ဆင့်အား သေသေချာချာ သင်ကြားပေး၏။ နံစော်တို့ဟူးသည် သဘာဝအတိုင်း နံနေခြင်း မဟုတ်ပေ။ ပြင်းထန်သော အနံ့ရှိသည့် ဆားရည် ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ဆီပူထဲတွင် ကြော်လိုက်သည့်အခါ ထိုအနံ့ဆိုး အများစုမှာ ပျောက်ကွယ်သွားခြင်း ဖြစ်၏။
သူတို့ နှစ်ဦးစလုံး နားထောင်ပြီးနောက် အခြေခံသဘောတရားကို နားလည်သွားကြသည်။
သို့သော် အရသာရှိမှု၏ သော့ချက်မှာ ဆော့စ်တွင်သာ ရှိသည်။ ဟွာကျွင်း ဟင်းခတ်အမွှေးအကြိုင် အားလုံးကို ထောက်ပံ့ပေးပြီး ပြုလုပ်ပုံ အဆင့်ဆင့်ကို နောက်တစ်ကြိမ် လက်တွေ့ပြသပေး၏။ လျိုရှီ အံ့သြတကြီး ပြောသည်။
“လူတိုင်းက အရသာရှိတယ်လို့ ပြောတာ မဆန်းပါဘူး၊ အထဲမှာ ဒီလောက် အများကြီး ထည့်ထားတာကိုး”
ဟွာကျွင်း ခေါင်းညိတ်လျက် ပြော၏။
“ဒီဆော့စ်က ကျွန်မဘာသာ တီထွင်ထားတာပါ။ ဝယ်သူတွေက အချဉ်ကြိုက်လား၊ အစပ်ကြိုက်လား ဒါမှမဟုတ် နံနံပင် ကြိုက်လားဆိုတာပေါ် မူတည်ပြီး စိတ်ကြိုက် စပ်ပေးလို့ ရပါတယ်”
လျိုရှီ ပြောလိုက်သည်။
“အို... နည်းလမ်းတွေ အများကြီး ရှိတာပဲ”
ဟွာကျွင်းသည် သင်ပေးရန် ကျန်သည်များ ရှိ၊ မရှိ သေသေချာချာ စဉ်းစားကြည့်ပြီးနောက် အားလုံး စုံလင်ပြီဖြစ်ကြောင်း အတည်ပြုလိုက်၏။ နောက်ဆုံးတွင် ဟွာကျွင်း မနက်ဖြန်ညတွင် ဟင်းခတ်အမွှေးအကြိုင်များကို ယူလာပေးမည်ဖြစ်ပြီး တို့ဟူးကိုမူ သူတို့ဘာသာ ပြင်ဆင်ထားရန် ညှိနှိုင်းလိုက်သည်။
လျိုရှီသည် အလွန်ပင် ကျေးဇူးတင်နေမိ၏။ သူမသည် ထပ်မံ၍ ဒူးထောက်ချင်နေသော်လည်း ဟွာကျွင်း တားလိုက်သည်။ သူမသည် နက်နက်ရှိုင်းရှိုင်းသာ ဦးညွှတ်နိုင်တော့၏။
“သူဌေးမဟွာ... ရှင့်ရဲ့ ကျေးဇူးကို ကျွန်မတို့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”
နောက်တစ်နေ့တွင် လျိုရှီနှင့် သူမ ခင်ပွန်းတို့သည် စောစောနိုးကြသည်။ လျိုအာက သစ်သားအချို့ကို ဖြတ်ကာ ရိုးရှင်းသော ဆိုင်လေးတစ်ခု ပြုလုပ်လိုက်၏။ ဤသည်မှာ သူ ဒုတိယအကြိမ် ပြုလုပ်ခြင်း ဖြစ်သဖြင့် အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်၏။ လျိုရှီက တို့ဟူးများကို ပြင်ဆင်သည်။ သူမတွင် ပဲကြိတ်ဆုံ မရှိသဖြင့် အခြားဆိုင်တစ်ဆိုင်မှ တို့ဟူးများကို မနက်စောစောကပင် ဝယ်ယူထားပြီး ဟွာကျွင်း သင်ပေးသည့် နည်းအတိုင်း နံစော်တို့ဟူး ပြုလုပ်လိုက်၏။
ညနေပိုင်းတွင် တို့ဟူးဆိုင်လေး ပြန်လည် ဖွင့်လှစ်သည်။ ဝယ်သူများမှာ အုပ်စုလိုက် ရောက်ရှိလာကြပြီး ဆိုင်ရှေ့တွင် လူတန်းရှည်ကြီး လျင်မြန်စွာ ဖြစ်ပေါ်လာတော့၏။
“ဒီနေ့တော့ အရသာရှိတဲ့ နံစော်တို့ဟူးကို မြည်းကြည့်ရမယ်”
လူငယ်တစ်ဦး စိတ်လှုပ်ရှားစွာ ပြောသည်။
လျိုအာက တို့ဟူးများကို ကျွမ်းကျင်စွာ ကြော်နေစဉ် လျိုရှီက ဆော့စ်များကို စပ်ပေးနေ၏။ သူတို့ နှစ်ဦးမှာ အပေးအယူ အလွန်ပင် မျှတလှသည်။
ထိုစဉ် လူအုပ်ထဲမှ အဘိုးအိုတစ်ဦး မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ဒီနံစော်တို့ဟူးက နာမည်ကြီးပေမဲ့ အနံ့ကတော့ နည်းနည်း ထူးဆန်းနေတုန်းပဲ”
၎င်းကို ကြားသည့်အခါ မစားဖူးသေးသော ဘေးနားရှိ လူအချို့မှာ တွန့်ဆုတ်သွားကြ၏။ လျိုအာသည် စီးပွားရေး တစ်ခါမှ မလုပ်ဖူးသော်လည်း ပြုံးလျက် အမြန်ပင် ရှင်းပြလိုက်၏။
“အဘိုး... ဒီနံစော်တို့ဟူးက နံတော့ နံတယ်၊ ဒါပေမဲ့ အရသာကတော့ သိပ်ကောင်းတာ။ မယုံရင် တစ်တုံး မြည်းကြည့်ပါဦး။ အရသာမရှိရင် ပိုက်ဆံမပေးပါနဲ့”
ဤသို့ပြောကာ တစ်တုံး ကမ်းပေးလိုက်သည်။
အဖိုးအိုမှာ သံသယဖြင့် တစ်လုပ် ကိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အံ့သြမှုများ ချက်ချင်း ပေါ်လာတော့၏။
“အို... တကယ် အရသာရှိတာပဲ”
ထိုအခါမှ လူတိုင်း စိတ်အေးသွားကြသည်။ ညဘက် ဆိုင်သိမ်းသည့်အခါ လျိုရှီနှင့် သူမ ခင်ပွန်းတို့သည် ထိုနေ့ ဝင်ငွေများကို ရေတွက်ရင်း ပြုံးပျော်နေကြတော့၏။
ဒေါ်လေးလျိုသည် မုန့်ဆိုင်ဘေးတွင် ဆိုင်ဖွင့်ခွင့် မရသော်လည်း လက်မလျှော့ပေ။ သူမသည် သားကြီးဖြစ်သူ၏ မိသားစုကို ခေါ်ကာ မြို့တံခါးနှင့် နီးသော နေရာတွင် ဆိုင်တစ်ဆိုင် ဖွင့်လိုက်သည်။ လူတစ်ယောက် ဖြတ်သွားသည့်အခါတိုင်း သူမ အသံကျယ်ကျယ်ဖြင့် အော်ပြောသည်။
“တို့ဟူး ရောင်းမယ်။ အရသာရှိတဲ့ တို့ဟူး။ လတ်လတ်ဆတ်ဆတ် လုပ်ထားတာ၊လုံးဝ မနံဘူးနော်”
ထိုအချိန်တွင် ဖြတ်သွားဖြတ်လာ လူတိုင်းမှာ မုန့်ဆိုင်သို့ ဦးတည်နေကြခြင်း ဖြစ်၏။ လမ်းခုလတ်တွင် တို့ဟူး ဘာကြောင့် ဝယ်ကြမည်နည်း။ သူမတို့ အကြာကြီး အော်နေသော်လည်း တစ်တုံးပင် မရောင်းရပေ။ အချိန်ကြာလာသည်နှင့်အမျှ လူများမှာ ပြန်လာကြတော့၏။
“နံစော်တို့ဟူးက ဒီလောက် အရသာရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဘူး”
“ဟုတ်ပဗျာ။ တစ်လုတ်စားလိုက်ရင် အရည်လေးတွေ ထွက်လာတာ၊ စားပြီးရင်လည်း စွဲကျန်နေတာပဲ”
ချီးမွမ်းသံများမှာ လမ်းဘေးရှိ ဒေါ်လေးလျို မိသားစု၏ နားထဲသို့ ရောက်ရှိလာ၏။ လျိုတာ စိုးရိမ်တကြီးဖြင့် မေး၏။
“အမေ ညီလေးတို့ မိသားစု ရောင်းတဲ့ တို့ဟူးက နံလို့ ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူးလို့ အမေ ပြောခဲ့တာ မဟုတ်လား”
ဒေါ်လေးလျိုမှာ နားမလည်နိုငf ဖြစ်နေ၏။
‘ပုပ်နေတဲ့ တို့ဟူးက တကယ်ပဲ အရသာရှိလို့လား’
သူမသည် လမ်းသွားလမ်းလာ တစ်ဦးကို ဆွဲကာ တိုက်ရိုက်ပင် မေးလိုက်၏။
“ဒီနံစော်တို့ဟူးက အရသာရှိတယ်လို့ နင် ပြောတာ တကယ်လား”
“ဒါပေါ့။ ဒီလို ထူးခြားတဲ့ အရသာမျိုး တစ်ခါမှ မစားဖူးဘူး။ သူဌေးမဟွာက တကယ်ကို စေတနာပါတာပဲ။ သူ ပိုက်ဆံရတာ မဆန်းပါဘူး”
“ဒါက ပုပ်သွားတဲ့ တို့ဟူးပဲ မဟုတ်လား။ ဘာခက်လို့လဲ။ ငါ့တို့ဟူးတွေလည်း မရောင်းရတာနဲ့အတူတူ ငါလည်း လုပ်နိုင်တယ်”
ဒေါ်လေးလျို တွေးလိုက်၏။ ထို့ကြောင့် ဒေါ်လေးလျို ပြန်ရောက်သည့်အခါ အိမ်ရှိ တို့ဟူးများကို ဖယ်ထားပြီး ပုပ်အောင် ထားလိုက်သည်။
တတိယမြောက်နေ့ ရောက်သည့်အခါ တို့ဟူးများမှာ အမှန်ပင် ချဉ်စပြုလာပြီး နံစော်လာတော့၏။ တဲအတွင်းရှိ လူများက ကန့်ကွက်ကြ၏။
“ဒေါ်လေးလျို... အဘွား တို့ဟူးတွေ ပုပ်ကုန်ပြီ၊ ဘာလို့ လွှင့်မပစ်တာလဲ”
ဒေါ်လေးလျိုသည် စိတ်ထဲမှ လှောင်ပြုံးပြုံးလိုက်၏။
“နင်တို့ ဘာသိမှာလဲ။ ဒါကို နံစော်တို့ဟူးလို့ ခေါ်တယ်။ အရမ်း ရောင်းကောင်းတာ”
“ရပါပြီ၊ ရပါပြီ၊ တို့ဟူးတွေကို မြန်မြန် ယူသွားပါတော့၊ လူတွေကို အသက်ရှူခွင့် ပေးဦး”
ဒေါ်လေးလျိုသည် သူတို့နှင့် အငြင်းမပွားတော့ပေ။ ယုံကြည်ချက် အပြည့်ဖြင့် လျိုတာကို တို့ဟူးများ သယ်ခိုင်းကာ ဆိုင်သို့ ထွက်လာခဲ့၏။ သူမသည် လမ်းသွားလမ်းလာများကို အော်ရောင်းသည်။
“နံစော်တို့ဟူး အရသာရှိတဲ့ နံစော်တို့ဟူး”
သို့သော်လည်း လမ်းသွားလမ်းလာများမှာ လှမ်းကြည့်ရုံသာ ကြည့်ပြီး နှာခေါင်းကို ပိတ်ကာ အမြန် ကျော်သွားကြသည်။ ရံဖန်ရံခါ လူအနည်းငယ်က ရပ်ကြည့်ကြပြီး သံသယများဖြင့် မေးကြ၏။
“ဒါက လူတိုင်း ချီးမွမ်းနေကြတဲ့ ဟွာကျွင်းမုန့်ဆိုင်က နံစော်တို့ဟူး ဟုတ်လို့လား။ အရမ်း နံလွန်းတယ်”
နောက်ဆုံးတွင် လူငယ်တစ်ဦး မြည်းစမ်းကြည့်ရန် သဘောတူသော်လည်း တစ်လုတ် ကိုက်လိုက်သည်နှင့် ပြန်ထွေးထုတ်လိုက်တော့၏။
“ဒါ ဘာကြီးလဲ။ ချဉ်စော်နံပြီး ရွံစရာကြီး”
ဒေါ်လေးလျိုမှာ မှင်တက်သွား၏။ အားလုံးက နံစော်တို့ဟူးချင်း အတူတူကို အဘယ်ကြောင့် ဒီလောက် ကွာခြားနေရသည်ကို သူမ နားမလည်နိုင်ပေ။ ထိုစဉ် စေတနာကောင်းသော လမ်းသွားလမ်းလာ တစ်ဦး သူမကို ပြောပြသည်။
“သူဌေးမဟွာရဲ့ နံစော်တို့ဟူးမှာ ထူးခြားတဲ့ လျှို့ဝှက်ချက် ရှိတယ်ဗျ။ တို့ဟူးကို ဒီအတိုင်း ပုပ်အောင် ထားလိုက်ရုံတင် မဟုတ်ဘူး”
ဒေါ်လေးလျိုသည် ၎င်းကို ကြားသည့်အခါ ပုပ်နေသော တို့ဟူး ခုနစ်ပျဉ် ရှစ်ပျဉ်ကို ကြည့်ကာ ငိုချင်သော်လည်း မျက်ရည်မကျ ဖြစ်နေတော့၏။
တစ်ဖက်တွင် လျိုရှီတို့ ဇနီးမောင်နှံ၏ နံစော်တို့ဟူး စီးပွားရေးမှာ အလွန်ပင် ကောင်းမွန်နေသည်။ ဒေါ်လေးလျိုသည် သူတို့ကို မြင်သည့်အခါ မကောင်းသော စိတ်ကူးများ ထပ်မံ ပေါ်လာပြန်၏။ အားလုံးက အိမ်ခွဲမည်ဟု ပြောထားကြသော်လည်း အိမ် မဆောက်ရသေးသဖြင့် သူတို့အားလုံးမှာ တဲတစ်ခုတည်းတွင် နေထိုင်နေကြဆဲပင်။
နေ့ဘက်တွင် လျိုရှီ နံစော်တို့ဟူးဆော့စ်ကို ပြင်ဆင်နေစဉ် ဒေါ်လေးလျိုက အရေးကြီးကိစ္စ ရှိသယောင်ယောင်ဖြင့် အနီးအနားတွင် လမ်းလျှောက်နေပြီး ဆော့စ်၏ ချက်နည်းနှင့် နည်းလမ်းကို ခိုးကြည့်ရန် ကြိုးစားနေသည်။ ဒေါ်လေးလျိုသည် အေးအေးဆေးဆေး လမ်းလျှောက်နေသည်ဟု ထင်ရသော်လည်း လက်တွေ့တွင် အာရုံအားလုံးမှာ လျိုရှီ၏ လှုပ်ရှားမှုများနှင့် စနစ်တကျ စီထားသော ဟင်းခတ်အိုးများပေါ်တွင်သာ ရှိနေ၏။ အိုးများပေါ်တွင် အညွှန်းများပင် မကပ်ထားပေ။ လျိုရှီသည် မှတ်ဉာဏ်ကို အသုံးပြု၍ ဟင်းခတ်အမွှေးအကြိုင် ပမာဏကို တိကျစွာ ယူငင်ပြီး အိုးထဲသို့ ထည့်ကာ ချက်ပြုတ်နေသည်။ ဒေါ်လေးလျိုမှာ မျက်စိပင် လည်သွားပြီး ဟင်းခတ်ပုလင်း အချို့၏ ပုံသဏ္ဌာန်ကိုသာ ဝေဝါးစွာ မှတ်မိတော့၏။
ညဘက်တွင် လူတိုင်း အိပ်ပျော်နေစဉ် ဒေါ်လေးလျိုသည် မီးဖိုချောင်ထဲသို့ တိတ်တဆိတ် ခိုးဝင်ကာ ဝေဝေဝါးဝါး မှတ်ဉာဏ်ဖြင့် ထိုဟင်းခတ်ပုလင်းများကို လိုက်ရှာ၏။ သူမသည် တုန်တုန်ရင်ရင်ဖြင့် အိုးတစ်လုံးချင်းစီကို ဖွင့်ကာ အနံ့ခံကြည့်ပြီး ဆော့စ်ကို တုပရန် ကြိုးစား၏။ သို့သော် အိုးထဲရှိ အရာများမှာ သူမအတွက် စိမ်းနေသည်။ လျိုရှီ၏ နည်းလမ်းကို သင်ယူနိုင်လျှင်ပင် ထိုပါဝင်ပစ္စည်းများကို သူမ ရှာနိုင်မည် မဟုတ်သဖြင့် နောက်ဆုံးတွင် လက်လျှော့လိုက်ရတော့၏။
နံစော်တို့ဟူးဆိုင်နှင့် အသားကင်ဆိုင်တို့သည် မုန့်ဆိုင်ပြီးလျှင် လူကြိုက်အများဆုံး ဆိုင်များ ဖြစ်လာကြသည်။ ဆိုရိုးစကားအတိုင်းပင် လူတိုင်းအတွက် ရွေးချယ်စရာ ရှိနေ၏။ ဈေးကြီးတာ စားချင်လျှင်လည်း ရှိသလို ဈေးသက်သာတာ စားချင်လျှင်လည်း ရှိနေပေသည်။
ဝယ်သူအများအပြားမှာ မုန့်ဆိုင်ထဲဝင်ရန် တန်းမစီနိုင်သဖြင့် တံခါးဝတွင် အသားကင် အနည်းငယ်နှင့် နံစော်တို့ဟူး တစ်ပွဲကို ကြေးပြား ဆယ်ဂဏန်းခန့် အသုံးပြု၍ အရသာရှိစွာ စားသုံးနိုင်ကြသည်။ ငွေနှင့် အချိန် ရှိသူများမှာ မုန့်ဆိုင်ထဲသို့ သက်သောင့်သက်သာ ဝင်ကာ လက်ရာမြောက်သော မုန့်များနှင့် အစားအစာများကို စားသုံးကြ၏။ အကယ်၍ သူတို့ အသားကင် သို့မဟုတ် နံစော်တို့ဟူး စားချင်ပါက တံခါးဝသို့ လှမ်းအော်လိုက်ရုံဖြင့် ခဏအကြာတွင် တစ်ယောက်က ထိုင်ခုံအရောက် လာပို့ပေးသည်။
ဆိုင်အပြင်ဘက် ဧရိယာမှာ ပို၍ပင် စည်ကားလာပြီး တံခါးဝရှိ ကျောက်စရစ်လမ်းလေးမှာပင် ပွတ်တိုက်မှုများကြောင့် ချောမွတ်နေတော့၏။ သေသေချာချာ မကြည့်ပါက ၎င်းမှာ လမ်းမကြီးတစ်ခုဟုပင် ထင်မှတ်ရပေတော့သည်။