← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 14 Ch. 131-132

အခန်း ၁၃၁ - လူသတ်မှု

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ယုံအန်နန်းတော်သို့ ရောက်ရှိလာပြီး သူတို့၏ အထောက်အထားများကိုပြသကာ စစ်ဆေးမှုကို ချောချောမွေ့မွေ့ ဖြတ်သန်းလိုက်သည်။

တာအိုဂိုဏ်းတော်သည် တာအိုဆရာများ၏ အဆင့်အလိုက် သူတို့၏ ခံစားခွင့်များကို ရှင်းရှင်းလင်းလင်းသတ်မှတ်ပေးထားသည်။ ကျန်းယွဲ့လုက အဆင့် ၄ တာအိုဆရာတစ်ဦးဖြစ်ပြီး သူမသည် ဧည့်ခန်းတစ်ခန်း၊ စာကြည့်ခန်းတစ်ခန်းနှင့် အိပ်ခန်းတစ်ခန်းပါသော အဆောင်တစ်ခုကို ရရှိလေသည်။ ချီရွှမ်းစုသည် အဆင့် ၇ တာအိုဆရာတစ်ဦး၏ ခံစားခွင့်ကိုသာ ရရှိပြီး သူ့အား စားပွဲနှင့်ကုလားထိုင်ပါသည့် အိပ်ခန်းတစ်ခန်းကိုသာ ပေးလေသည်။

အချိန်က စောနေသေးသည့်အတွက် ချီရွှမ်းစုက ကျန်းယွဲ့လု၏ အခန်းကို သွားလိုက်၏။ သူတို့က အတူတကွ ခရီးထွက်လာသည့်အတွက် ယုံအန်နန်းတော်မှ ဧည့်ကြိုအမှုထမ်းက သူတို့၏ အခန်းများကို နီးကပ်စွာနေရာချပေးထားသည်။

ကျန်းယွဲ့လုက စာဖတ်နေစဉ် တံခါးခေါက်သံကိုကြားလိုက်ရပြီး မတ်တတ်ထရပ်ကာ သူ့ကို ဝင်ခိုင်းလိုက်သည်။

အနောက်ဘက်ဒေသမှာ သူတို့တာဝန်ထမ်းဆောင်စဉ်က ချီရွှမ်းစုသည် ညဘက် အခန်းတစ်ခန်းထဲမှာ အမျိုးသားနှင့်အမျိုးသမီး နှစ်ဦးတည်းရှိနေခြင်းက မသင့်လျော်ဟု တွေးမိခဲ့၏။ သို့သော်လည်း ယခုအချိန်မှာ ဤကဲ့သို့သော သက်မှတ်ချက်များကို သူ ဆက်လက်၍ ဂရုမစိုက်တော့ပေ။

ချီရွှမ်းစုက ကုလားထိုင်မှာ ဝင်ထိုင်ပြီး စားပွဲပေါ်မှာမှောက်ချထားသည့် စာအုပ်၏ မျက်နှာဖုံးကို ကြည့်လိုက်သည်။

“ထာဝရမြင့်မြတ်သောအရှင်သခင်(ဆူဇီမို) ဆိုပါလား… အဲဒါက နောက်ဆုံးထွက်စာစဉ်လား”

“ဟင့်အင်း… အဲဒါ အရင်နှစ်ကထွက်ထားတဲ့ စာစဉ်ပဲ”

ကျန်းယွဲ့လုက ပြန်ပြောလိုက်သည်။

“ငါ အဲဒါကို ဝယ်ထားတာကြာပြီ… ဖတ်ဖို့အချိန်မရခဲ့လို့… အဲဒါ ငါ့ရဲ့ မှော်သိုလှောင်ပစ္စည်းထဲမှာ ဖုန်တောင်တက်နေပြီ… အထက်ဘုံကလာတဲ့ အမျိုးသမီးတစ်ဦးကြောင့် သားရဲလမ်းစဉ်ကိုရောက်သွားတဲ့ သိုင်းတာအိုကျင့်ကြံသူတစ်ယောက်အကြောင်းပဲ”

ချီရွှမ်းစုက မေးလိုက်၏။

“သိုင်းတာအိုကျင့်ကြံသူဆိုတာက ဘာလဲ”

“ကိုယ်ကာယကြံ့ခိုင်မှုနဲ့ သိုင်းကွက်တွေကိုသုံးပြီး သူ့ထက် ကျင့်ကြံမှုအဆင့် ပိုမြင့်တဲ့သူကို အနိုင်ယူနိုင်တဲ့သူနေမှာပေါ့... ဒီစာစဉ်ထဲမှာ ဓားကျင့်ကြံသူတွေလည်း ပါတယ်။”

ကျန်းယွဲ့လုက ရှင်းပြလိုက်၏။

ချီရွှမ်းစုက မေးမြန်းလိုက်၏။

“ဒါဆိုရင် လှံကျင့်ကြံသူတို့၊ သေနတ်ကျင့်ကြံသူတို့ရောရှိလား”

“ဟင့်အင်း”

ကျန်းယွဲ့လုက သူ့ကို မျက်လုံးတစ်ချက်စွေကြည့်လိုက်၏။

ချီရွှမ်းစုက ထပ်ပြောလိုက်သည်။

“အဲလိုရှိမယ်ဆိုရင် ငါကတော့ သေနတ်ကျင့်ကြံသူဖြစ်ချင်တယ်… သေနတ်တစ်လက်ရဲ့ တိုက်ခိုက်နိုင်တဲ့အကွာအဝေးက တခြားလက်နက်တွေထက်ပိုတယ်… အဲဒါက အဖျက်စွမ်းအားလည်း ပိုများတယ်”

“စိတ်ကူးယဉ်မနေစမ်းပါနဲ့… နင့်ဘာသာနင် လေလွင့်ကျင့်ကြံသူပဲ လုပ်နေစမ်းပါ”

ကျန်းယွဲ့လုက ရယ်မောကာ ပြောလိုက်၏။

ချီရွှမ်းစုက စနောက်မနေတော့ဘဲ အကြံပြုလိုက်၏။

“ငါတို့ တခြားလုပ်စရာ ဘာမှမရှိဘူးဆိုမှတော့ ရွှမ်အရှင်မြတ်ကတ် ကစားကြရင် မကောင်းဘူးလား”

ကျန်းယွဲ့လုက စာအုပ်ကိုသိမ်းပြီး သူမ၏ မှော်သိုလှောင်ပစ္စည်းထဲကနေ ရွှမ်အရှင်မြတ်ကတ်ထုပ်ကို ထုတ်ယူလိုက်၏။ သူမက အဲဒါကို စားပွဲပေါ်တင်ပြီး ယပ်တောင်ပုံသဏ္ဌာန်ဖြန့်လိုက်သည်။

“နင် လောင်းကြေး ထည့်ချင်သေးလား”

“ထည့်မှာပေါ့… ထိုက်ဖျင်ဒင်္ဂါးတစ်ပြားကြေးလေ”

ချီရွှမ်းစုက ရက်ရက်ရောရော လောင်းကြေးထပ်လိုက်၏။

“ဟုတ်ပြီလေ”

ကျန်းယွဲ့လုက ရှေးဟောင်းအင်မော်တယ်ကတ်အစုကို ယူလိုက်၏။

ချီရွှမ်းစုက စိတ်ချရဖို့အတွက် သူနှင့် အရင်းနှီးဆုံးဖြစ်သော တာအိုဆရာကတ်အစုကို ရွေးချယ်လိုက်လေသည်။

သူတို့ ကတ်ကစားနေစဉ် ရုတ်တရက် အပြင်ကနေ တံခါးခေါက်သံထွက်ပေါ်လာ၏။

ချီရွှမ်းစုက မတ်တတ်ထရပ်ပြီး ရှေ့ဘက်တံခါးသို့ သွားလိုက်၏။ အပြင်ဘက်မှာရပ်နေသောသူက သူတို့အတွက်အခန်းများကို စီစဉ်ပေးထားသည့် ယုံအန်နန်းတော်မှ ကြီးကြပ်ရေးမှူးဖြစ်သည်။ အခန်းထဲမှာ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုကို တွေ့မြင်လိုက်ရသည့်အတွက် ကြီးကြပ်ရေးမှူးက အံ့အားသင့်သွား၏။

စားပွဲပေါ်က ရွှမ်အရှင်မြတ်ကတ်များကိုကြည့်ပြီး ကြီးကြပ်ရေးမှူးက ပြုံး၍ပြောလိုက်၏။

“ခင်ဗျားတို့လည်း… ရွှမ်အရှင်မြတ်ကတ်ကစားရတာကို သဘောကျတာကိုး… ဒီလိုညဘက်အချိန်မှာ အဲဒါက အချိန်ဖြုန်းဖို့အကောင်းဆုံးနည်းလမ်းပဲ”

ရွှမ်အရှင်မြတ်ကတ်များသည် တာအိုအဖွဲ့အစည်းမှာသာ လူကြိုက်များလေသည်။ တာအိုအဖွဲ့အစည်း၏ အပြင်ဘက်မှာဆိုရင် စစ်တုရင်၊ အံစာတုံးနှင့် ကျားကစားနည်းတို့က ပို၍ လူကြိုက်များသည်။

ချီရွှမ်းစုက မေးလိုက်၏။

“ကြီးကြပ်ရေးမှူးထန်… ဘာကိစ္စများရှိလို့ပါလဲ”

တံခါးဝမှာရပ်နေသောသူက ရှုကျိုး ထန်မိသားစုမှ ထန်ယုံတျဲဖြစ်သည်။

ထန်ယုံတျဲက သူ့နဖူးကို လက်ဖြင့်ရိုက်လိုက်သည်။

“ဪ… မေ့တော့မလို့ အမှုဆောင်ချီ… ဒီမှာ ခင်ဗျားလည်းရှိနေတော့ ပိုကောင်းတာပေါ့… ကျုပ် ခင်ဗျားနဲ့ လက်ထောက်ခန်းမသခင်ကျန်းကို ပြောစရာရှိလို့”

“ဘာများဖြစ်လို့လဲ”

ကျန်းယွဲ့လုက မတ်တတ်ထရပ်ကာ မေးလိုက်၏။

ထန်ယုံတျဲက လိုရင်းကို တန်းပြောလိုက်သည်။

“သိပ်မကြာသေးခင်က လူသတ်မှုတစ်ခုဖြစ်သွားတယ်… အဲဒါက လျှို့ဝှက်အသင်းအဖွဲ့က မိစ္စာတွေနဲ့ ပတ်သက်နေမယ်လို့ ကျုပ်သံသယဝင်မိတယ်… တိုက်တိုက်ဆိုင်ဆိုင် ခင်ဗျားတို့နှစ်ယောက်ကလည်း ထျန်ကန်းခန်းမကဆိုတော့ ဒီလိုမျိုး မိစ္စာတွေကို ကိုင်တွယ်တဲ့နေရာမှာ အတွေ့အကြုံရှိမှာပဲ… အဲဒါကြောင့် ဒီအမှုကိုဖြေရှင်းပေးဖို့ ကျုပ်ခင်ဗျားတို့ကို အကူအညီလာတောင်းတာပါ”

ကျန်းယွဲ့လု၏ မျက်နှာက တည်တံ့သွားပြီး ရွှမ်အရှင်မြတ်ကတ်များကို ချက်ချင်းပင် သိမ်းဆည်းလိုက်၏။

“ဒါဆိုရင်လည်း လမ်းပြပါဦး”

ထန်ယုံတျဲက ခေါင်းညိတ်ပြီး ရှေ့ကနေ လျှောက်လှမ်းသွား၏။ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက သူတို့၏ခြုံထည်များကိုကောက်ယူပြီး နောက်ကနေ လိုက်ပါသွားကြသည်။

လူသတ်မှုက ယုံအန်နန်းတော်ထဲမှာ ဖြစ်ပွားခြင်းမဟုတ်ပေ။ ထို့ကြောင့် ကျန်းယွဲ့လုက မည်သည့်ထူးခြားမှုကိုမှ အာရုံမခံမိခဲ့ခြင်းဖြစ်၏။ သူတို့သုံးယောက်က ယုံအန်နန်းတော်ကနေထွက်ပြီး ရထားလုံးတစ်စင်းထဲသို့ ဝင်ရောက်လိုက်၏။

အမှုအခင်းဖြစ်ပွားရာနေရာဆီသို့ သွားရာလမ်းမှာ ကျန်းယွဲ့လုက အမှုနှင့်ပတ်သက်သည့် အချက်အလက်များကို မေးမြန်းစုံစမ်းလိုက်၏။

“လူသတ်မှုက ဘယ်အချိန်တုန်းက ဖြစ်သွားတာလဲ”

ထန်ယုံတျဲက ပြန်ဖြေလိုက်၏။

“အလောင်းကို ၆နာရီဝန်းကျင်လောက်မှာ ရှာတွေ့ခဲ့တယ်”

ကျန်းယွဲ့လုက သူမ၏ အိတ်ဆောင်နာရီကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်၏။ လူသတ်မှုဖြစ်သွားသည်မှာ တစ်နာရီနီးပါးကြာသွားခဲ့ပြီဖြစ်သည်။ အလောင်းကိုရှာတွေ့ချိန်မှာ သူတို့ကို အကူအညီလာတောင်းသည့်အချိန်ထိ တစ်နာရီခန့်သာကြာခဲ့ပြီး ကြားထဲမှာ ကြန့်ကြာမှုမရှိခဲ့လောက်ပေ။

ကျန်းယွဲ့လုက ထပ်မံ၍ မေးလိုက်၏။

“သေဆုံးသူရဲ့ သရုပ်သကန်ကို ရှင်သိလား”

“သူ့နာမည်က မေဆန်… ပိုင်သီမြို့မှာ နှစ်ပေါင်းများစွာ သွားလာလှုပ်ရှားနေတဲ့ ကုန်သည်တစ်ဦးပဲ… သူက တာအိုတပည့်ဂိုဏ်းသားတစ်ဦးမဟုတ်ပေမယ့် တာအိုဂိုဏ်းတော်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်”

ထန်ယုံတျဲက ပြန်ဖြေလိုက်၏။

ချီရွှမ်းစုက နဖူးကို လက်ဖြင့်ရိုက်ကာ ပြောလိုက်၏။

“သူက ရှစ်ပိုခန်းမနဲ့ အလုပ်လုပ်နေတဲ့ ကုန်သည်တစ်ဦးဆိုတော့… ဒီအမှုက ငွေကြေးအသပြာ ဒါမှမဟုတ် တန်ဖိုးကြီး ပစ္စည်းတစ်ခုခုနဲ့ ပတ်သက်နေမလား”

ထန်ယုံတျဲက ခါးသီးစွာပြုံးလိုက်သော်လည်း တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။

သူကလည်း ဤကဲ့သို့ သံသယဝင်မိသည်မှာ သိသာနေ၏။ မည်သို့ပင်ဆိုစေ ငွေကြေးအသပြာသည် လူတချို့အတွက် လူသတ်မှုကျူးလွန်ရန် အားကောင်းသော စေ့စော်မှုဖြစ်လေသည်။

ကျန်းယွဲ့လုက ထပ်မံ၍ မေးမြန်းလိုက်၏။

“ဒီအမှုမှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေလဲ”

ထန်ယုံတျဲက ပြန်ဖြေလိုက်၏။

“ယုံအန်နန်းတော်က အမှုဆောင်နှစ်ဦးရယ်… တခြား ကုန်သည်တချို့ရယ်ပါ”

ကြီးကြပ်ရေးမှူးက အင်တင်တင်ဖြင့် ထပ်ပြောလိုက်၏။

“လက်ထောက်ခန်းမသခင်ကျန်း အဲဒီကုန်သည်တွေက တာအိုအဖွဲ့အစည်းက မဟုတ်တဲ့အတွက် သူတို့က ကျုပ်တို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာကြဘူး… အဲဒါကြောင့် သူတို့က ညဘက်ဆိုရင် အပျော်အပါးရှာတတ်ကြတယ်… အဲဒါ မြို့ထဲက နာမည်ကြီး အပန်းဖြေဂေဟာတစ်ခုမှာ ဖြစ်သွားခဲ့တာပါ”

အပန်းဖြေဂေဟာဆိုသည်မှာ တကယ်တော့ အဆင့်မြင့်ဆောင်ကြာမြိုင်တစ်ခုဖြစ်သည်။ သာမန်ဆောင်ကြာမြိုင်များမှာ အဆောက်အအုံတစ်ခုသာရှိတတ်သော်လည်း ဤအပန်းဖြေဂေဟာသည် အရာရှိများနှင့် ချမ်းသာကြွယ်ဝသော ကုန်သည်များ၏ စံအိမ်များလောက် ကြီးမားလေသည်။

အထဲမှာ စိမ်းစိုသောခြံဝန်းများနှင့် နတ်ဘုံနတ်နန်းကဲ့သို့ သုခဘုံတစ်ခုရှိသည်။ ပန်းအလှမယ်များက လုံးကြီးပေါက်လှကိုယ်ခန္ဓာများနှင့် ချောမောလှပကြသည်။ ဧည့်ခံဖျော်ဖြေမယ်များကလည်း ကဗျာအလင်္ကာနှင့် တေးဂီတမှာ ကျွမ်းကျင်မှုရှိကြသည်။ ပန်းအလှမယ်များနှင့် ဧည့်ခံဖျော်ဖြေမယ်များအပြင် ထိုနေရာမှာ တေးဂီတပညာရှင်များ၊ အပ်ချုပ်သမားများ၊ လက်မှုပညာသည်များနှင့် အစေခံများလည်းရှိကြသည်။ ဤအပန်းဖြေဂေဟာမှာ သူတို့အလိုရှိသည့် မည်သည့်အရာကိုမဆို ရနိုင်ပြီး ချမ်းသာကြွယ်ဝသည့် လူငယ်ယောင်္ကျားအများစုက ဤနေရာမှာ အချိန်လာဖြုန်းတတ်ကြလေသည်။

ဂေဟာကို သေးငယ်သော သီးခြားခြံဝန်းများစွာအဖြစ် ခွဲခြားထားသည်။ ချမ်းသာကြွယ်ဝသော အမျိုးသားများစွာသည် အစစ်အမှန်လောကကနေ ခဏတဖြုတ်ပြေးထွက်သည့်အနေဖြင့် ဤခြံဝန်းများကို ငှားရမ်းကာ နေထိုင်တတ်ကြသည်။

ပေချန်ခန်းမမှာ နေခဲ့ဖူးသော ကျန်းယွဲ့လုက မေးခွန်းထုတ်ရသည်နှင့်အကျင့်ပါနေ၏။

“အမှုဆောင်နှစ်ဦးက အဲဒီအပန်းဖြေဂေဟာကို ဘာလို့ရောက်နေတာလဲ”

ထန်ယုံတျဲက တွေဝေရှုပ်ထွေးသောအမူအရာဖြင့် ခဏမျှနှုတ်ဆိတ်သွား၏။

ဤသည်ကိုကြည့်ပြီး ကျန်းယွဲ့လုက ဖြစ်ပျက်နေသည့်အရာကိုနားလည်သွားကာ ထိုအကြောင်းကို ထပ်မံ၍မမေးမြန်းတော့ပေ။ သူမက ဆက်ပြောလိုက်၏။

“လူသတ်မှုက မိစ္စာတွေနဲ့ ပတ်သက်နေတယ်ဆိုတာ ရှင်ဘယ်လိုသိလဲ”

ထန်ယုံတျဲက အနည်းငယ်အိုးတိုးအမ်းတမ်းဖြစ်သွားပြီးနောက် အင်တင်တင်ဖြင့် ရှင်းပြလိုက်သည်။

“ဘာ..ဘာလို့လဲဆိုတော့ အဲဒီကုန်သည်က ဟို..ဟိုဟာလုပ်ရင်း သေသွားတာမလို့ပဲ”

ကျန်းယွဲ့လုမတုံ့ပြန်ခင် ချီရွှမ်းစုက လွှတ်ခနဲပြောလိုက်သည်။

“သူက မြင်းစီးရင်းသေသွားတာလား”

ထျန်ယုံတျဲက ခေါင်းညိတ်ပြလိုက်သည်။

မြင်းစီးရင်းသေသည်ဆိုသည်မှာ ကာမဆက်ဆံနေချိန်တွင် ရုတ်တရက် သေဆုံးသွားခြင်းကို ဆိုလိုသည်။

ကျန်ယွဲ့လု၏ မျက်နှာက အနည်းငယ်တောင့်တင်းသွား၏။

“ဒီလိုမျိုးသေဆုံးမှုတွေက များသောအားဖြင့် ယန်စွမ်းအင်ချို့တဲ့နေချိန် ကာမဆန္ဒကို အလွန်အကျူးအလိုလိုက်တဲ့အခါ ဖြစ်တတ်တယ်… ဒါပေမဲ့ အဲဒီကုန်သည်က မကြာသေးခင်တုန်းက စီးပွားရေးကိစ္စတွေနဲ့ အလုပ်များနေခဲ့တာ… သူက ဘယ်အမျိုးသမီးနဲ့မှ မထိတွေ့တာလဲ တစ်လကျော်ကြာပြီ… သူ့ရဲ့ကိုယ်ကာယက ပေါင်တန်အဆင့် ဟောက်ထျန်သက်ရှိတစ်ဦးလောက် သန်မာတယ်… အဲဒါကြောင့် သူ့အနေနဲ့ ဒါမျိုးမဖြစ်သင့်ဘူး… အဲဒါကြောင့် သူ့ရဲ့သေဆုံးမှုက ထူးဆန်းနေတယ်လို့ထင်ရတာပဲ”

ထန်ယုံတျဲက အကျယ်တဝင့်ရှင်းပြလိုက်၏။

ချီရွှမ်းစုက ခေါင်းညိတ်ပြီး အလေးအနက်စဉ်းစားတွေးတောနေသည်။

ရထားလုံးက ဖြည်းဖြည်းချင်းရပ်တန့်သွား၏။ ထန်ယုံတျဲပြောသည့်ဂေဟာက ယုံအန်နန်းတော်နှင့် မလှမ်းမကမ်းမှာ ရှိနေသည်။ ၎င်းသည် ပိုင်သီမြို့၏ အနောက်တောင်ဘက်ထောင့်မှာရှိသည်။ ညဘက်မှာ မျက်နှာစာတစ်ခုလုံးကို မတွေ့မြင်ရသော်လည်း အနီရောင်မီးအိမ်များစွာကို ထွန်းထားလေသည်။

ဤမြင်ကွင်းမှာ ချီရွှမ်းစုက အံ့အားသင့်မှင်တက်နေ၏။ အဲဒါကို အပန်းဖြေဂေဟာတစ်ခုဟု ခေါ်ဆိုသည်မှာ မထူးဆန်းတော့ပေ။

သူတို့သုံးယောက်က ပင်မဝင်ပေါက်က‌နေမသွားဘဲ ထန်ယုံတျဲ၏ လမ်းညွှန်မှုဖြင့် ဘေးဘက်တံခါးကနေ အပန်းဖြေဂေဟာထဲသို့ ဝင်ရောက်လိုက်ကြ၏။ ထိုသို့ဖြင့် သူတို့က စိတ်အာရုံများစွာကို မရရှိပေ။ ဘေးဘက်တံခါးက အမှုအခင်းဖြစ်ပွားရာနေရာနှင့်လည်း အနီးဆုံးဖြစ်သည်။

သူတို့က စင်္ကြံလမ်းအတိုင်းလျှောက်သွားပြီး ပင်မခန်းမကို ဖြတ်ကျော်လာ၏။ အချိုးအကွေ့များစွာအပြီးမှာ နောက်ဆုံး သူတို့သည် သီးခြားခြံဝန်းတစ်ခုထဲသို့ ရောက်ရှိလာကြ၏။

ခြံဝန်းထဲသို့ သူတို့ဝင်ရောက်လာသည်နှင့် ပန်းများ၊ သစ်ပင်များနှင့် သေသပ်စွာရိတ်ဖြတ်ထားသော မြက်ခင်းပြင်နှင့်အတူ လှပသော ဥယျာဉ်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ထိုနေရာမှာ ကာမရာဂအငွေ့အသက်များ မရှိပေ။ စာပေသမားတစ်ဦး၏ သီးခြားခြံဝန်းတစ်ခုကဲ့သို့ တကယ့်ကိုတည်ငြိမ်အေးချမ်းနေ၏။

ချီရွှမ်းစုက ဤကဲ့သို့သော အပန်းဖြေဂေဟာတစ်ခုသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။ သူက ပတ်ဝန်းကျင်ကို ကြည့်ရှုပြီး တိတ်တဆိတ်အံ့အားသင့်မှင်တက်နေမိ၏။ သူ့အတွက်တော့ ဤနေရာက ဆောင်ကြိုင်မြိုင်တစ်ခုနှင့် လုံးဝမတူပေ။

ဤအချိန်မှာ ခြံဝန်းထဲတွင် စိတ်ဝိညာဉ်တပ်သားများစွာရှိနေကြသည်။ သူတို့အားလုံးက ချပ်ဝတ်တန်ဆာများကိုဝတ်ဆင်ပြီး လက်နက်များကိုင်ဆွဲထားကြသည်။ သူတို့သည် ခြံဝန်းကိုပိတ်ဆို့ထားပြီး ထန်ယုံတျဲ၏ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမှ ဝင်လာခွင့် ထွက်ခွင့် မပေးပေ။

သူတို့သုံးယောက်ကိုကြည့်ပြီး စိတ်ဝိညာဉ်တပ်သားများက ဦးညွှတ်လိုက်ကြ၏။

ထန်ယုံတျဲက ကျန်းယွဲ့လုနှင့် ချီရွှမ်းစုကို ရှင်းပြလိုက်သည်။

“ပိုင်သီမြို့က အင်ပါယာနန်းတော်ရဲ့ အုပ်ချုပ်မှုအောက်မှာမဟုတ်တဲ့အတွက် ဒီနေရာမှာ ဖီးနစ်စိမ်းတပ်သားတွေမရှိဘူး… တာအိုဂိုဏ်းတော်က စိတ်ဝိညာဉ်တပ်သားတွေပဲရှိတယ်”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြီး ခြံဝန်း၏ ပင်မခန်းမရှိရာသို့ လျှောက်လှမ်းသွား၏။

ပင်မခန်းမက လင်းထိန်တောက်ပနေပြီး နွေဦးကဲ့သို့ နွေးထွေးနေ၏။ တစ်ချက်ကြည့်ရုံနှင့် ဟဲချန်ကိုဝတ်ဆင်ထားသော တာအိုဆရာတချို့နှင့် ချမ်းသာကြွယ်ဝသော ကုန်သည်များကဲ့သို့ ဝတ်စားထားသည့် အမျိုးသားဆယ်ဦးကျော်ကို ချီရွှမ်းစု တွေ့မြင်လိုက်ရသည်။

အခန်း ၁၃၂ - အိပ်မက်ဆိုးခေါ်ဆောင်ခြင်း

ထိုနေရာမှာ တာအိုဆရာတော်တော်များများ ထိုင်နေကြသည်။ ထန်ယုံတျဲဝင်လာသည်ကိုကြည့်ပြီး သူတို့က တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ကာ နှုတ်ဆက်လိုက်ကြ၏။

ထန်ယုံတျဲက သူခေါ်လာသည့်အဖော်များကို မိတ်ဆက်ပေးလိုက်၏။

“ဒါက… ထျန်ကန်းခန်းမက လက်ထောက်ခန်းမသခင်ကျန်းနဲ့ အမှုဆောင်ချီ… သူတို့က ခရီးသွားရင်း မြို့ထဲကိုရောက်လာကြတာ… အဲဒါကြောင့် ဒီအမှုကိုဖြေရှင်းဖို့ ငါသူတို့ကို ဖိတ်ခေါ်လာတာပဲ… မင်းတို့ သူတို့ရဲ့အမိန့်ကို နာခံရမယ်”

ကျန်းယွဲ့လုက လက်ထောက်ခန်းမသခင်တစ်ဦးဖြစ်သည်ကို တာအိုဆရာများကြားသောအခါ သူတို့က အထင်ကြီးလေးစားသောအမူအရာများဖြင့် ရိုရိုသေသေ ဦးညွှတ်လိုက်ကြ၏။

ကျန်းယွဲ့လုက ဓလေ့ထုံးတမ်းများမလိုကြောင်း လက်ကာပြလိုက်၏။

သူမက ရှင်းရှင်းပဲ မေးလိုက်သည်။

“အလောင်းက ဘယ်မှာလဲ”

တာအိုဆရာတစ်ဦးက ဖြေလိုက်၏။

“နောက်ဘက်က အိပ်ခန်းထဲမှာပါ”

ထန်ယုံတျဲက သူ့ကို လမ်းပြခိုင်းလိုက်၏။ သူတိုက ပင်မခန်းမကနေ ထွက်ခွာပြီး စင်္ကြံလမ်းတစ်ခုကို ဖြတ်ကျော်ကာ တံခါးရှေ့တွင် ချပ်ဝတ်တန်ဆာဝတ် စိတ်ဝိညာဉ်တပ်သားနှစ်ဦးစောင့်ကြပ်နေသည့် အိပ်ခန်းတစ်ခန်းရှေ့ကို ရောက်ရှိလာကြသည်။

ကြီးကြပ်ရေးမှူး ထန်ယုံတျဲက စိတ်ဝိညာဉ်တပ်သားများကို တံခါးဖွင့်ပေးခိုင်းပြီး ကျန်းယွဲ့လုနှင့် ချီရွှမ်းစုကို လှည့်ကာပြောလိုက်သည်။

“လက်ထောက်ခန်းမသခင်ကျန်း… အမှုဆောင်ချီ… ကျုပ် ခင်ဗျားတို့ကိုပဲ အားကိုးပါတော့မယ်”

ဤအခန်းက တခြားပုံမှန်အခန်းများနှင့်မတူပေ။ အမြင်အာရုံကို ပထမဆုံးဖမ်းစားသည့်အရာမှာ ထုပ်တန်းများပေါ်ကနေ တွဲလျောင်းချထားသည့် အနက်ရောင်နှင့်ပန်းရောင် ဇာပုဝါရှည်များဖြစ်ပြီး ထိုအရာများက လူငါးယောက်ခန့်ဆံ့မည့် ကြီးမားသည့်ကုတင်ကို ဖုံးအုပ်ထား၏။ နစ်နာသူမေဆန် သေဆုံးရာနေရာလည်းဖြစ်သည်။

ကျန်းယွဲ့လုသည် အခန်းထဲက စူးရှသောအမွှေးနံ့များနှင့် အသားမကျဘဲ နှာခေါင်းပိတ်ထားလိုက်၏။ ကုန်သည်က မြင်းစီးရင်း သေဆုံးသွားသည်ဟု ဆိုသည့်အတွက် သူမက တံခါးဝမှာရပ်နေခဲ့ပြီး အလောင်းကိုသွားရောက်ကြည့်ရှုဖို့ အလောတကြီးရှိမနေပေ။ သူမသည် တကယ့်အစစ်အမှန် စုံစမ်းစစ်ဆေးရေးအရာရှိမဟုတ်သည့်အတွက်ကြောင့်လည်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမက အတော်လေးရှေးဆန်သော အပျိုစင်တစ်ဦးဖြစ်နေဆဲပင်။

ချီရွှမ်းစုကလည်း ပြင်းထန်စူးရှသောအမွှေးနံ့ကို ရရှိလိုက်၏။ သူက ချက်ချင်းပင် ချီကိုသုံးပြီး အာရုံကြောများကိုထိန်းချုပ်ကာ ပြောလိုက်သည်။

“ဒီအခန်းထဲမှာ အမွှေးနံ့သာအပြင် ကာမအားတိုးဆေးအနံ့လည်းရှိနေတဲ့ပုံပဲ”

“သူက ကုတင်ဘေးသို့ လျှောက်သွားပြီး ဇာပုဝါကို လှပ်ကာ ကုတင်ပေါ်ကို လှမ်းကြည့်လိုက်၏။

အိပ်ရာထဲတွင် လဲနေသည်က အသက်လေးဆယ်ခန့်အရွယ် ဝတ်လစ်စားလစ်အမျိုးသားအလောင်းတစ်လောင်းဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက ပေပွနေပြီး မျက်နှာပေါ်မှာ ကျေနပ်အားရသော အမူအရာတစ်ခုရှိနေ၏။

ချီရွှမ်းစုသည် လူသေများစွာကို တွေ့မြင်ထားဖူးပြီး ရွံရှာစက်ဆုပ်နေခြင်းမရှိပေ။ သူက အလောင်းကို အကြမ်းဖျင်းစစ်ဆေးကြည့်ပြီးနောက် မည်သည့်ပြင်ပဒဏ်ရာကိုမှ မတွေ့ရပေ။ အလောင်း၏ အရေပြား၊ အရိုးနှင့် မရီးဒါန်တို့က အကောင်းတိုင်းရှိနေ၏။ အဆိပ်မိထားသည့် သို့မဟုတ် ကိုယ်တွင်းအင်္ဂါများ ကြေမွပျက်စီးနေသည့် လက္ခဏာများလည်း မရှိပေ။

သူက ထောက်လှမ်း၍မရသော အဆိပ်တစ်ခုခု မိထားခြင်းမဟုတ်လျှင် ဤလူက ရုတ်တရက် သေဆုံးခြင်းဖြစ်တန်သည်။

သို့သော် သေဆုံးသူကုန်သည်က ပေါင်တန်အဆင့် ကျင့်ကြံသူတစ်ဦးလောက် သန်မာပြီး အမျိုးသမီးများနှင့် မထိတွေ့သည်မှာ ကြာခဲ့ပြီဟု ထန်ယုံတျဲ ပြောထားလေသည်။ ကုန်သည်က သူ့အရွယ်ကောင်းမှာရှိနေပြီး ခရီးသွားလာနေသူဖြစ်ကာ စာကြည့်ခန်းထဲမှာ တစ်ချိန်လုံးကုန်ဆုံးနေတတ်သည့် နုနယ်သောစာပေသမား မဟုတ်ပေ။ သူက ဘယ်လိုလုပ် ရုတ်တရက် သေဆုံးနိုင်မှာလဲ။ အဲဒါကို ယုံကြည်ရန် ခက်လေသည်။

ချီရွှမ်းစုက ကျန်းယွဲ့လုကို သူရှာတွေ့ထားသည့် အချက်များပြောပြပြီးနောက် ရေရွတ်လိုက်၏။

“ငါတို့ဘက်မှာ အိပ်မက်စေနယ်ပယ်ဂမ္ဘီရဝိဇ္ဇာရှိနေမယ်ဆိုကောင်းမယ်… အဲဒါဆိုရင် မြေကမ္ဘာချီပြန်ခေါ်ခြင်းနဲ့ ဖြစ်ပျက်ခဲ့တဲ့အရာကို ရှာဖွေဖော်ထုတ်နိုင်မှာ”

ကျန်းယွဲ့လုက ခပ်လှမ်းလှမ်းကနေ ပြောလိုက်၏။

“အဲဒါက အိပ်မက်ဆိုးခေါ်ဆောင်ခြင်းအတတ်ဖြစ်မယ်ဆိုရင် အစီအရင်ကို ထုတ်ဖော်တဲ့သူက ဒီနေရာမှာရှိနေစရာမလိုဘူး… အဲဒါကြောင့် မြေကမ္ဘာချီပြန်ခေါ်နည်းလမ်းနဲ့တောင်မှ အလုပ်ဖြစ်မှာမဟုတ်ဘူး”

အိပ်မက်ဆိုးခေါ်ဆောင်ခြင်းအတတ်က နာမည်ဆိုးဖြင့်ကျော်ကြားသည်။ ခေတ်အဆက်ဆက် နန်းတွင်းထဲမှာဖြစ်ပွားခဲ့သော စုန်းကဝေအမှုကြီးအများစုသည် တာအိုအိပ်မက်ဆိုးခေါ်ဆောင်ခြင်းအတတ်နှင့် ပတ်သက်ဆက်စပ်နေသည်။

ဤအတတ်သည် လူတစ်ယောက်ကို တိတ်တဆိတ် ပျက်စီးထိခိုက်စေဖို့အတွက် ထိုသူ၏ ဆံပင်၊ လက်သည်းနှင့် မွေးသက္ကရာဇ်တို့ကို အသုံးပြုရသည်။ ထိုသို့ဖြင့် ပစ်မှတ်ထားခံရသူက မည်သည့်သဲလွန်စမှမကျန်ခဲ့ဘဲ သေဆုံးသွားပေလိမ့်မည်။ ခေတ်အဆက်ဆက်မှာ မျက်နှာသာရဖို့အတွက် ယှဉ်ပြိုင်ကြသော ကိုယ်လုပ်တော်များနှင့် နန်းလုသော မင်းသားများက ဤကဲ့သို့သော နည်းလမ်းများကို အသုံးပြုတတ်ကြသည်။

နန်းတွင်းမှာသာမဟုတ်ဘဲ အရပ်သားများကလည်း ဤကဲ့သို့ ကျိန်စာတိုက်ခြင်းများကို ကြောက်ရွံ့ကြလေသည်။ လူအများစုသည် လက်သမားဆရာအများစုကို ကလန်ကဆန်မလုပ်ရဲကြပေ။ လက်သမားဆရာအများစုသည် ဖုန်းရွှေနှင့် အိပ်မက်ဆိုးခေါ်ဆောင်ခြင်းနည်းလမ်းများကို တတ်ကျွမ်းထားသောကြောင့်ဖြစ်သည်။

စိတ်ဓာတ်မကောင်းသောလက်သမားဆရာများသည် အိမ်၏ အုတ်မြစ် သို့မဟုတ် ရက်မတန်းများထဲမှာ သံရိုက်ထည့်ထားသော သစ်သားရုပ်များကို ထည့်သွင်းမြှုပ်နှံထားတတ်ခဲ့ကြသည်။ ထိုအိမ်သို့ရွှေ့ပြောင်းလာသော မိသားစုများမှကလေးများက မကြာခဏ နာမကျန်းဖြစ်တတ်ကြလေသည်။ ကလေးတချို့က မယ်မယ်ရရ အကြောင်းအရင်းမရှိဘဲ သေဆုံးသွားတတ်ကြသည်။

အင်မော်တယ်လမ်းစဉ်ငါးခုထဲမှာ တစ္ဆေအင်မော်တယ်လမ်းစဉ်မှ ဂမ္ဘီရဝိဇ္ဇာများသည် အိပ်မက်ဆိုးခေါ်ဆောင်ခြင်းအတတ်မှာ ကျွမ်းကျင်ကြလေသည်။

တစ်ခါက ဂမ္ဘီရဝိဇ္ဇာတစ်ဦးသည် ဤအိပ်မက်ဆိုးခေါ်ဆောင်ခြင်းအတတ်ဖြင့် ကောင်းကင်သက်ရှိတစ်ဦး၏ အသက်ကို နှုတ်ယူခဲ့ဖူးသည်။ သူက ယဇ်ပလ္လင်တစ်ခုကိုခင်းကျင်း၍ ကောက်ရိုးဖြင့်အရုပ်တစ်ရုပ်ပြုလုပ်ကာ သူ့ရန်သူ၏ နာမည်နှင့် မွေးသက္ကရာဇ်ကို အရုပ်ပေါ်မှာရေးထိုးလေသည်။ သူက အရုပ်၏ ဦးခေါင်းနှင့် ခြေထောက်တို့ပေါ်မှာ မီးအိမ်တစ်ခုစီတင်ပြီး ဂမ္ဘီရအိမ်မြှောင်တစ်ခုနှင့် သူ့ရန်သူသွားလာခဲ့သောလမ်းကြောင်းကို ခြေရာကောက်ကာ အစီအရင်နှင့်အင်းကွက်များ ရေးဆွဲခဲ့လေသည်။ နောက်ဆုံးမှာ အစီအရင်ကို အကောင်အထည်ဖော်ရန် အင်းကွက်များကို မီးရှို့ပစ်ရသည်။

ဂမ္ဘီရဝိဇ္ဇာသည် ၂၁ ရက်မြောက်နေ့ မွန်းတည့်ချိန်အထိ တစ်နေ့လျှင် သုံးကြိမ် ယဇ်ပလ္လင်သို့ လာရောက်ဝတ်ပြုရသည်။ ဤဖြစ်စဉ်အတွင်း ကျိန်စာတိုက်ခံရသော နစ်နာသူ၏ စိတ်ဝိညာဉ်က ကြီးမားစွာပျက်စီးထိခိုက်သွားသည့်အတွက် သူ့မှာ ခုခံနိုင်စွမ်းမရှိသလောက်နီးပါးဖြစ်သွားသည်။ နစ်နာသူက သူပစ်မှတ်ထားခံနေရသည်ကိုပင် သိရှိလိမ့်မည်မဟုတ်ပေ။

၂၁ ရက်မြောက်နေ့နောက်ပိုင်းမှာ ရန်သူ၏ ဝိညာဉ်နှင့် စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာသွားပေလိမ့်မည်။ ဤချိန်မှာ ဂမ္ဘီရဝိဇ္ဇာက မှော်ဓားတစ်လက်နှင့်အရုပ်ကို ထိုးစိုက်ပြီး အရုပ်နှင့်ရန်သူထံကနေ သွေးများကို ပန်းထွက်လာစေသည်။ ဤနည်းလမ်း၏ အားနည်းချက်မှာ အချိန်ကြာမြင့်စွာယူရခြင်းဖြစ်သည်။ ဤနည်းလမ်းသည် တစ်ဘက်သူ၏ မွေးသက္ကရာဇ်နှင့် နာမည်အရင်းကို သိရှိဖို့လည်း လိုအပ်လေသည်။ ပစ်မှတ်ထားခံရသူက ၂၁ရက်မတိုင်ခင် သူကျိန်စာတိုက်ခံထားရကြောင်း သတိထားမိသွားမည်ဆိုလျှင် ဂမ္ဘီရဝိဇ္ဇာက ဤအစီအရင်ကို အကောင်အထည်ဖော်နိုင်တော့မည် မဟုတ်ပေ။

ဤနေရာမှာ နတ်သက်ကြွေအင်မော်တယ်များ၏ ပုံရိပ်ယောင်ခန္ဓာနည်းစနစ်က အသုံးဝင်လေသည်။ လေလွင့်ကျင့်ကြံသူ၏ ပုစဉ်းအခွံလဲနည်းစနစ်ကလည်း ကိုယ်ကာယဒဏ်ရာများနှင့် သာမန်အစီအရင်များကို တားဆီးနိုင်သည်။ သို့သော် ၎င်းသည် အိပ်မက်ဆိုးခေါ်ဆောင်ခြင်းအတတ်လို သန်မာအားကောင်းသော ကျိန်စာများကိုတော့ မရှောင်လွှဲနိုင်ပေ။

နတ်သက်ကြွေအင်မော်တယ်၏ ပုံရိပ်ယောင်ခန္ဓာကို အသွေးအသားဖြင့် ဖွဲ့စည်းရခြင်းဖြစ်ပြီး မူလခန္ဓာ၏ တူညီသောအော်ရာကိုထုတ်ဖော်နိုင်သည်။ ထို့ကြောင့် ဤကိုယ်ပွားသည် ကျိန်စာများနှင့် အစီအရင်များကို ခံနိုင်ရည်ရှိလေသည်။

ထို့ကြောင့် ကျန်းယွဲ့လုက ဤကဲ့သို့သောနည်းလမ်းများကို ကြောက်ရွံ့မနေပေ။

ချီရွှမ်းစုကတော့ သူသည် ဝမ်ရှန်တာအိုနန်းတော်မှ မိဘမဲ့တစ်ဦးဖြစ်ပြီး အိပ်မက်ဆိုးခေါ်ဆောင်ခြင်းနည်းလမ်း၏ အရေးကြီးသောလိုအပ်ချက်တစ်ခုဖြစ်သည့် သူ၏ မွေးသက္ကရာဇ်ကို သူကိုယ်တိုင်ပင် မသိရှိ‌ပေ။ ရှန်းထျန်သက်ရှိများမှာ ဆံပင်နှင့် လက်သည်း ကျွတ်ခြင်းတို့လည်း မရှိတတ်ပေ။ သူတို့က သတိထားနေသရွေ့ ဤကဲ့သို့သောနည်းလမ်းများကို ကြောက်ရွံ့စရာမလိုပေ။

ချီရွှမ်းစုက ပြောလိုက်သည်။

“အဲဒါက အိပ်မက်ဆိုးခေါ်ဆောင်ခြင်းဖြစ်မယ်ဆိုရင် သူ့ရဲ့ဝိညာဉ်က ပျက်စီးထိခိုက်ထားရမယ်… အဲဒါကို စစ်ဆေးဖော်ထုတ်ဖို့ ငါတို့ ဂမ္ဘီရဝိဇ္ဇာတစ်ဦးကို လိုအပ်နေတုန်းပဲ”

ကျန်းယွဲ့လုက ခဏမျှစဉ်းစားပြီး ပြောလိုက်သည်။

“ကြီးကြပ်ရေးမှူးထန်… ကျေးဇူးပြုပြီး အလောင်းကို အဝတ်အစားဝတ်ခိုင်းပေးလိုက်ပါ… ကျွန်မ ကိုယ်တိုင်စစ်ဆေးကြည့်မယ်”

ထန်ယုံတျဲက စိတ်ဝိညာဉ်တပ်သားနှစ်ဦးဘက်ကိုလှည့်ပြီး သူမပြောသည့်အတိုင်းပြုလုပ်ဖို့ အချက်ပြလိုက်၏။

သိပ်မကြာခင် စိတ်ဝိညာဉ်တပ်သားများက အလောင်းကို အဝတ်အစားများ ဝတ်ဆင်ပေးလိုက်သည်။ ကျန်းယွဲ့လုက ကုတင်ဘေးကိုရောက်လာပြီး သူမ၏ မျက်လုံးထဲမှာ ခရမ်းရောင်စွမ်းအင်များက စီးဆင်းသွား၏။

သေဆုံးပြီးနောက် ပုံမှန်အတိုင်း ဝိညာဉ်ပျက်ပြယ်သွားခြင်းနှင့် ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်ကို အတင်းအကျပ်ဆွဲထုတ်ခံခြင်းမှာ မသိသာသော ကွာခြားမှုများစွာရှိလေသည်။ ကျန်းယွဲ့လုမှာ ဂမ္ဘီရဝိဇ္ဇာ၏ ရှေ့ဖြစ်ဟောမျက်လုံးများမရှိသော်လည်း သူမ၏ အင်မော်တယ်နတ်မျက်စိမှာ ဆင်တူသောလုပ်ဆောင်နိုင်စွမ်းရှိသည်။

ကျန်းယွဲ့လုက ဝိညာဉ်ရှိရာ အလောင်း၏ ဦးခေါင်းကို အာရုံစိုက်ကြည့်နေ၏။ သုံးမိနစ်ခန့်ကြာပြီးနောက် သူမက အကြည့်ကို ဖြည်းဖြည်းချင်း ရုပ်သိမ်းလိုက်၏။ သူမ၏မျက်လုံးထဲရှိ ခရမ်းရောင်စွမ်းအင်ကလည်း တဖြည်းဖြည်းဖျော့တော့သွားသည်။

သူမက ပြောလိုက်၏။

“အဲဒီမှာ အိပ်မက်ဆိုးခေါ်ဆောင်ခြင်းအတတ်ရဲ့ အရိပ်အယောင်တွေ တကယ်ပဲရှိနေတယ်… ကြီးကြပ်ရေးမှူးထန်… အမှုကို အလျင်စလိုမပိတ်ဘဲ မူမမှန်မှုကို အချိန်မီသတိထားမိခဲ့တာ တော်ပါပေတယ်… ဒီနေ့ခေတ်မှာ တာအိုဂိုဏ်းတော်က လူအတော်များများက ပြဿနာကိုရှောင်လွှဲနိုင်မယ်ဆိုရင် မျက်စိမှိတ်ထားတတ်ကြတယ်… အဲဒါကြောင့်ပဲ လျှို့ဝှက်အသင်းအဖွဲ့တွေက မိစ္ဆာတွေက ပိုပြီးတော့ သောင်းကျန်းလာကြတာပဲ”

ထန်ယုံတျဲက အနည်းငယ်ရှက်သွားပြီး နှိမ့်ချကာပြောလိုက်၏။

“လက်ထောက်ခန်းမသခင်ကျန်း… အခုလို ချီးကျူးစကားပြောပေးတာ ကျေးဇူးတင်ပါတယ်… ဒါက ကျုပ်တာဝန်ပါ”

ကျန်းယွဲ့လုက ညင်သာစွာသက်ပြင်းချလိုက်သည်။

“ကြီးကြပ်ရေးမှူးလင်းချွမ် ပါမလာတာ နှမြောစရာပဲ… မဟုတ်ရင် သူ့ရဲ့ ဝိညာဉ်ပြန်ခေါ်အတတ်နဲ့ ငါတို့ သဲလွန်စတချို့ရှာနိုင်တယ်”

ချီရွှမ်းစုက သတိပေးလိုက်သည်။

“ဒါပေမဲ့ ငါတို့တွေက လူသတ်မှုကို ဖြေရှင်းဖို့အတွက် ပိုင်သီမြို့ကို ရောက်လာတာမှ မဟုတ်တာ… အခုချိန်မှာ ငါတို့သိဖို့လိုအပ်တာက အစီအရင်ပိုင်ရှင်က ဒီအိပ်မက်ဆိုးခေါ်ဆောင်ခြင်းအတတ်ကို ဖော်ဆောင်ဖို့အတွက် ဘာကိုသုံးခဲ့လဲဆိုတာပဲ… အဲဒါက မွေးသက္ကရာဇ်လား… ဆံပင်လား… လက်သည်းလား… ဒါမှမဟုတ် သွေးလား”

ကျန်းယွဲ့လုက ရေရွတ်လိုက်၏။

“ဒီကိစ္စကို ငါတို့နှစ်ယောက်တည်းနဲ့ ဆုံးဖြတ်ဖို့က မဖြစ်နိုင်သလောက်ပဲ”

ချီရွှမ်းစုက ခဏမျှစဉ်းစားပြီးနောက် မေးလိုက်သည်။

“ငါတို့ ပုံစံတစ်မျိုးနဲ့ ချဉ်းကပ်ကြည့်မယ်ဆိုရင်ကော… ကုန်သည်သေဆုံးတဲ့အချိန်တုန်းက သူနဲ့ ဘယ်သူအိပ်စက်ခဲ့တာလဲ”

ထန်ယုံတျဲက အလောတကြီး ဖြေပေးလိုက်သည်။

“ဒီအပန်းဖြေဂေဟာက ပန်းအလှမယ်တစ်ဦးပါ”

ကျန်းယွဲ့လုက ဒွိဟဖြစ်သွားပြီး ချီရွှမ်းစုက ရှင်းပြလိုက်သည်။

“များသောအားဖြင့် ဒီလိုမျိုး အဆင့်မြင့်ဆောင်ကြာမြိုင်တွေမှာ ပန်းအလှမယ်တွေနဲ့ ဧည့်ခံဖျော်ဖြေမယ်တွေရှိတတ်ကြတယ်… ပန်းအလှမယ်တွေက သူတို့ရဲ့ အနုပညာအရည်အချင်းနဲ့ရော… သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ပါ ဖျော်ဖြေတင်ဆက်ကြတယ်.. ဧည့်ခံဖျော်ဖြေမယ်တွေကတော့ သူတို့ရဲ့ အနုပညာအရည်အချင်းနဲ့ပဲ ဖျော်ဖြေပေးကြတယ်”

သူမက ချီရွှမ်းစုကို ပြုံးစစဖြင့် ကြည့်လိုက်၏။

“ဪ… နင်က အတော်လေး နှံ့နှံ့စပ်စပ်ရှိနေတယ်ပေါ့လေ… ဟမ့်”

ချီရွှမ်းစုက ချောင်းဟန့်ကာပြောလိုက်၏။

“ငါ အဲဒါကို ကြားပဲကြားဖူးတာ… ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဖျော်ဖြေမှုမျိုးကို ငါမှမတတ်နိုင်တာ”

“ဪ… မတတ်နိုင်လို့လား”

ကျန်းယွဲ့လု၏ လေသံက ရုတ်တရက်ပျော့ပျောင်းသွား၏။

သူက စကားမှားသွားသည်ကို သတိထားမိလိုက်ပြီး လေသံကို ချက်ချင်းပင်ပြောင်းလဲလိုက်၏။

“အခု… ငါ့မှာရှိတဲ့ငွေကြေးနဲ့ဆိုရင် ငါအဲဒါကို သေချာပေါက်တတ်နိုင်တာပေါ့… ဒီလိုမျိုးဟာတွေကို ငါမှစိတ်မဝင်စားတာ… ငါတို့ ဆက်ပြီးတော့ စုံစမ်းကြမလား”

ထန်ယုံတျဲက မျက်လွှာချထားပြီး သူတို့၏ အငြင်းအခုံမှာ ဝင်ပါခြင်းမရှိပေ။

ကျန်းယွဲ့လုက ပြောလိုက်၏။

“အဲဒီ… ပန်းအလှမယ်နဲ့ သွားတွေ့ရအောင်”

ဤအပန်းဖြေဂေဟာ၏ အရွယ်အစားအရ ကြီးကြပ်သူက တစ်ယောက်မကရှိနေသည်မှာ သိသာလေသည်။ ဒါ့အပြင် သူတို့မှာ တောင့်တင်းသော နောက်ခံတစ်ခုရှိထားရပေမည်။ ဤစီးပွားရေးလုပ်ငန်းမှာ ပန်းအလှမယ်များက ငွေတွင်းများဖြစ်ပြီး သူတို့ကို အနားပေးချင်သည်ဆိုလျှင် အနည်းဆုံး ထိုက်ဖျင်ဒင်္ဂါးထောင်ချီကို ပေးရပေလိမ့်မည်။

ခိုင်မာသောသက်သေအထောက်အထားမရှိဘဲ ထန်ယုံတျဲက ဤအမှုမှာပတ်သက်နေသည့် ပန်းအလှမယ်များကို ဘာမှပြုလုပ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူက သူတို့ကို အခန်းတစ်ခန်းထဲမှာ သီးခြားထည့်ထားပြီး ယာယီအားဖြင့်သာ ထိန်းသိမ်းထားနိုင်လေသည်။

ထန်ယုံတျဲက ချီရွှမ်းစုနှင့်ကျန်ယွဲ့လုကို ရှည်လျားသော စင်္ကြံလမ်းတစ်ခုထဲကနေ ဖြတ်ခေါ်သွား၏။ စင်္ကြံလမ်း၏ တစ်ဘက်တစ်ချက်စီမှာ ရှည်မျောမျော အနီရောင်မီးအိမ်များကို ချိတ်ဆွဲထား၏။ ညဘက်မှာ သူတို့က အနီရောင်နှင့်အနက်ရောင်ကိုသာ တွေ့မြင်ရလေသည်။ ထောင့်တချို့ကို ချိုးကွေ့ပြီးနောက် မိန်းမရယ်သံများကို ကြားလိုက်ရ၏။ ထန်ယုံတျဲက စိတ်ဝိညာဉ်တပ်သားနှစ်ဦးနှင့် အမျိုးသမီးတာအိုဆရာနှစ်ဦးစောင့်ကြပ်နေသည့် တံခါးဝနားကို ချဉ်းကပ်လိုက်၏။

ကြိးကြပ်ရေးမှူးထန်က အမျိုးသမီးနှစ်ဦးကို တံခါးဖွင့်ပေးရန်အချက်ပြလိုက်၏။ အခန်းထဲမှာ အနီရောင်မီးက ပျံ့နှံ့နေသည်။ အနောက်ဘက်မှာ ကြီးမားသောလိုက်ကာတစ်ခုကာထားလေသည်။ ကြမ်းပြင်ကို ကောဇောဖြူတစ်ချပ်ဖြင့် ခင်းထား၏။ ယခုက ဆောင်းရာသီဖြစ်သော်လည်း အခန်းက နွေးထွေးနေလေသည်။

စားပွဲများနှင့် ကုလားထိုင်များအားလုံးကို အဆင့်မြင့်မဟော်ဂနီသစ်ဖြင့် ပြုလုပ်ထားသည်။ ကြွေထည်၊ လက်ရေးလှနှင့် ပန်းချီကားများက နာမည်ကြီး ပန်းချီပန်းပုပညာရှင်များ၏ အစစ်အမှန်လက်ရာများ ဖြစ်ကြလေသည်။ ဤနေရာသည် ဂုဏ်သရေရှိအမျိုးသမီးတစ်ဦး၏ အခန်းတစ်ခန်းနှင့် ဆင်တူနေသည်။

ချီရွှမ်းစုက ဤနေရာကို ကျန်းယွဲ့လု၏ အခန်းနှင့် ယှဉ်မကြည့်နိုင်သော်လည်း ဤနေရာက ဟိုက်ချန်အကွက်မှ သူ့အိမ်ထက် များစွာပိုကောင်းလေသည်။ သူက သက်ပြင်းချရင်းတွေးလိုက်၏။

‘လူတွေက ဆင်းရဲသားတွေကိုလှောင်ရယ်ကြပေမဲ့ ပြည့်တန်ဆာတွေကို မလှောင်ကြတာ ဒါ့ကြောင့်ဖြစ်မယ်။’

All Chapters