← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း ၁၃၃ - အမှုကိုအကဲဖြတ်ခြင်း

ထန်ယုံတျဲက ဧည့်သည်ပါလာကြောင်း အခန်းထဲက အမျိုးသမီးများကို သတိပေးရန် ခပ်ပြင်းပြင်းချောင်းဟန့်လိုက်သည်။

ဤအချိန်မှာ ကျန်းယွဲ့လုက လိုက်ကာကိုကွေ့ပတ်ပြီး အခန်းထဲသို့ ဝင်ရောက်သွားပြီဖြစ်ကာ အထက်တန်းကျသော နားနေခန်းထဲတွင် ဆော့ကစားနေသည့် အမျိုးသမီးအတော်များများကို တွေ့မြင်လိုက်ရ၏။

ချီရွှမ်းစုသည် လိုက်ကာ၏ နောက်ဘက် အခန်းထဲမှ တောက်ပြောင်သောပရိဘောဂပစ္စည်းများနှင့် အဆင်တန်ဆာများကို တွေ့မြင်သောအခါ စုတ်သပ်မိသည်။ အမျိုးမျိုးသော ပါးနီဗူးများ၊ မျက်နှာချေများနှင့် လက်ဝတ်ရတနာများကို မှန်တင်ခုံပေါ်မှာ ဖြန့်ချထားသည်။ လက်ရာမြောက်သောကတ္ထီပါဘူးများအရ ထိုပစ္စည်းများက အတော်လေးဈေးကြီးမည်ကို ချီရွှမ်းစုပြောနိုင်သည်။

ခွေးခြေနှင့်စားပွဲခုံကို ရှားပါးသောသစ်နီသားဖြင့် ပြုလုပ်ထားလေသည်။ အမွှေးနံ့သာခွက်ထဲမှာ တန်ဖိုးကြီးနံ့သာခဲက လောင်ကျွမ်းနေ၏။ ကိုယ်လုံးပေါ်မှန်ကို အနောက်ဘက်ကုန်းမြေတိုက်ကနေလာသည့် တစ်ချပ်တည်းဖန်သားဖြင့် ပြုလုပ်ထားသည်။ ညောင်စောင်းကို ကျန်းနန်ဒေသ၏ အထူးလက်ရာဖြစ်သော ဇာထိုးပန်းထိုး ခေါင်းအုံးများ၊ အိပ်ရာခင်းများဖြင့် ဆင်မြန်းထား၏။ အဝတ်ဗီရိုက အနောက်တိုင်းပုံစံဖြစ်ပြီး တစ်ဝက်ကိုဖွင့်ထားကာ အထဲမှာရှိသော ပါးလွှာသည့် ပိုးထည်နှင့်ဖဲသားအထည်များကို တွေ့မြင်နေရ၏။

ဤပစ္စည်းများထဲမှ မည်သည့်တစ်ခုမဆို ဝူယိုဒင်္ဂါးတစ်ပြားမက ထိုက်တန်လေသည်။ ဤအခန်းထဲရှိပစ္စည်းများသည် အနည်းဆုံး ဝူယိုဒင်္ဂါးရာချီတန်ကြေးရှိနေ၏။

ချီရွှမ်းစုသည် ကျန်းယွဲ့လု၏ လူယုံတော်အဖြစ် ထျန်ကန်းခန်းမမှာ တာဝန်ထမ်းဆောင်ပြီး သူ့အသက်နှင့်ရင်း စွန့်စားကာ မိစ္ဆာများ၊ ရာဇဝတ်သားများနှင့် တိုက်ခိုက်ခဲ့ရသည်။ သို့သော် သူပြန်ရသည်မှာ ထိုက်ဖျင်ဒင်္ဂါး ရာဂဏန်းအနည်းငယ်မျှသာဖြစ်သည်။ တစ်ဘက်မှာတော့ ဤပြည့်တန်ဆာများသည် အသပြာများကို အလွယ်တကူရှာဖွေသုံးဖြုန်းနေကြ၏။ အဲဒါက တကယ့်ကို အတတ်ပညာတစ်ခုလိုဖြစ်သည်။

ကျန်းယွဲ့လုသည် ယခင်က ခမ်းနားထည်ဝါသော အသုံးအဆောင်ပစ္စည်းများကို တွေ့မြင်ထားဖူးသည်။ သူမသည် ကျန်းမိသားစု၏ တာ့ကျန်းစံအိမ်မှာ မကြီးပြင်းခဲ့သော်လည်း ထိုနေရာကို မကြာခဏရောက်ရှိခဲ့ဖူးသည်။ ထိုနေရာသည် မျိုးရိုးစဉ်ဆက်စုဆောင်းထားသော ချမ်းသာကြွယ်ဝမှုများ၏ စံနမူနာဖြစ်၏။ ထို့ကြောင့် သူမသည် ဤအခန်းထဲရှိ ပရိဘောဂပစ္စည်းများနှင့်ပတ်သက်၍ များစွာစဉ်းစားတွေးတောမနေပေ။ ထိုအစား သူမ၏ အကြည့်သည် ရှေ့မှာရှိသော အမျိုးသမီးများပေါ်ရောက်ရှိနေ၏။

ဤအခန်း၏ ကြမ်းပြင်ကို ကောဇောခင်းထားပြီး မီးလင်းဖိုက တောက်ပစွာ လောင်ကျွမ်းနေ၏။ အပြင်ဘက်မှာ ဆောင်းရာသီက အေးစက်နေလျှင်ပင် ဤအခန်းထဲက နွေးထွေးပြီး သက်တောင့်သက်သာရှိလွန်းနေသည်။ ထို့ကြောင့်ပင် အမျိုးသမီးများသည် သူတို့၏သေးသွယ်သောလက်တံများထွက်ပေါ်နေသည့် ပါးလွှာသောဇာထည်များကို ဝဝ်ဆင်ထားကြခြင်းဖြစ်သည်။ သူတို့၏ ပခုံးသားများက ပြောင်ရှင်း၍ ဖြူဖွေးနေ၏။

ကျန်းယွဲ့လုဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ အမျိုးသမီးများက အံ့အားသင့်သွားကြသည်။ ကျန်းယွဲ့လုက ခြုံထည်ကိုဝတ်ဆင်၍ ခေါင်းစွပ်ကို တင်ထားသည့်အတွက် သူမက အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သူတို့ စစချင်း သတိမထားမိခဲ့ကြပေ။

ထန်ယုံတျဲက မိတ်ဆက်ပေးလိုက်သည်။

“ဒါက ပညာရှိကျန်းပဲ… ဟန်ယု… ထွက်လာခဲ့ဦး”

ဖြူဖွေးနုနယ်သောအမျိုးသမီးတစ်ဦးက ရှေ့သို့ထွက်လာပြီး သူမ၏ အဝတ်အစားများကို သေသပ်အောင်ပြင်ဆင်လိုက်၏။ သူမသည် အခြားသူများကဲ့သို့ ဆွဲဆောင်မှုရှိလွန်းမနေဘဲ ကြောက်ရွံ့တုန်လှုပ်နေသော သမင်မလေးလို ချစ်စဖွယ်ကောင်းနေ၏။ တွေ့မြင်ရသောသူများက သူမကို ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်လာပေလိမ့်မည်။

ချီရွှမ်းစု၏ တုံ့ပြန်မှုကို အကဲခတ်ကြည့်ရန် ကျန်းယွဲ့လုက အလိုလိုလှမ်းကြည့်လိုက်၏။

မထင်မှတ်ထားစွာပင် ချီရွှမ်းစု၏ စိတ်အာရုံက ညှို့ငင်ဖမ်းစားနိုင်သော ဤအမျိုးသမီးများပေါ်မှာ ရောက်ရှိမနေပေ။ သူ၏ မျက်လုံးများက အခန်းထဲရှိ အမျိုးမျိုးသော ပရိဘောဂအသုံးအဆောင်ပစ္စည်းများကို လှည့်ပတ်ကြည့်ရှုနေ၏။ သူ့ပုံစံက မကျေမချမ်းဖြစ်သည့်ပုံပင် ပေါ်နေသည်။

ချီရွှမ်းစုက ဘာစဉ်းစားနေသည်ကို ကျန်းယွဲ့လု မသိရှိသော်လည်း သူ့ကို မကျေမနပ်ဖြစ်စေသည့်အရာကို သူမက အကြမ်းဖျင်းခန့်မှန်းမိသည်။ သူက သူ့အသက်နှင့်ရင်းစွန့်စား၍ ပင်ပင်ပန်းပန်းအလုပ် လုပ်ရသော်လည်း ဤပြည့်တန်ဆာများလောက် မသုံးဖြုန်းနိုင်သည့်အတွက် လောကက မမျှတဟု ခံစားနေရခြင်းဖြစ်နိုင်သည်။

တာအိုအဖွဲ့အစည်းမှ လူများစွာသည် လောကီဘုံ၏ စည်းစိမ်ဥစ္စာများမှာ ကျဆင်းသွားတတ်သောကြောင့် သူမက ညင်သာစွာသက်ပြင်းချမိသည်။ သူတို့သည် များသောအားဖြင့် သူတို့ကိုယ်သူတို့ အထင်ကြီးပြီး အခြားသူများကို အထက်စီးကနေ ကြည့်တတ်ကြသည်။ သို့သော်လည်း နိမ့်ကျသည်ဟု သူတို့ရှုမြင်ထားသည့်သူများက ပိုမိုကောင်းမွန်သောအဝတ်အစားများကို တစ်နေ့ သုံးလေးထည်လဲကာ စံအိမ်များမှာနေထိုင်၍ လူ့လောကစည်းစိမ်များအားလုံးကို ခံစားနိုင်ကြသည်။ ထိုအချိန်မှာ သူတို့တွင် စုစုပေါင်း အဝတ်အစား ၈ စုံသာရှိပြီး တစ်လတွင် ထိုက်ဖျင်ဒင်္ဂါး ရာဂဏန်းအနည်းငယ်သာ ဝင်ငွေရှိလေသည်။

တာအိုဆရာအများစုက ဝင်းနှစ်ထပ်နှင့် အိမ်တစ်လုံးကို ဝယ်ယူဖို့ မတတ်နိုင်ကြပေ။ သူတို့ကို ဆင်းရဲသည်ဟု မဆိုနိုင်သော်လည်း ချမ်းသာကြွယ်ဝခြင်းနှင့် ဝေးကွာနေဆဲဖြစ်၏။ အခါများစွာမှာ ဤလူများသည် လောကက မမျှတဟု မကျေမချမ်းဖြစ်တတ်ကြသည်။

ပြီးခဲ့သည့်ရာစုနှစ်မှာ ဤအခြေအနေသည် အကျင့်ပျက်ခြစားခြင်း အမှုကြီးများစွာကို ဖြစ်ပေါ်လာစေခဲ့ပြီး အခြေအနေက ဆက်လက်၍ ဆိုးဝါးလာနေ၏။ ထို့ကြောင့် တာအိုဂိုဏ်းတော်က ထပ်တလဲလဲပြန်လည်ပြင်ဆင်ပြီး အဆင့်အားလုံးမှာရှိသော တာအိုဆရာများ၏ ခံစားခွင့်များကို တိုးမြှင့်ပေးခဲ့သည်။ သို့သော်လည်း ထိုလုပ်ရပ်က လူတို့၏ လောဘကို မတားဆီးနိုင်သေးပေ။

ချီရွှမ်းစုက စစချင်းမှာ မကျေမချမ်းခံစားမိခဲ့၏။ သို့သော် ပြန်လည်စဉ်းစားရင်း သူ့မှာ ငွေရေးကြေးရေးသာ ပြတ်လပ်နေပြီး အဆင့်အတန်းအရ အနေအထားတစ်ခုမှာ ရှိနေသည်ဟု ခံစားမိသည်။ ယခုအချိန်မှာ လူများက သူ့ကို အမှုဆောင်ချီ သို့မဟုတ် တာအိုဆရာချီဟု ခေါ်ဝေါ်ကြရသည်။ သူက ရှေ့ဆက် အဆင့်တက်နိုင်မည်ဆိုလျှင် သူတို့က သူ့ကို ပညာရှိချီ၊ အဆင့်မြင့်ပညာရှိချီ သို့မဟုတ် သူတော်စင်ချီဟူ၍ပင် ခေါ်ဆိုကြရပေလိမ့်မည်။ ထိုအခါမှာ သူ့ကို ဘယ်သူက စော်ကားရဲဦးမှာလဲ။ ဤကဲ့သို့သော ခံစားခွင့်သည် ကုန်သည်များနှင့် ပြည့်တန်ဆာများ ဘယ်တော့မှ မယှဉ်နိုင်သည့်အရာဖြစ်သည်။

ဟန်ယုက ထျန်ယုံတျဲရှေ့သို့ ရောက်ရှိလာပြီး လေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။

“မင်္ဂလာပါ ပညာရှိထန်”

များသောအားဖြင့် လက်ထောက်ခန်းမသခင်၊ ကြီးကြပ်ရေးမှူးနှင့် အမှုဆောင်ကဲ့သို့ အလုပ်တာဝန်ဘွဲ့များကို တာအိုအဖွဲ့အစည်းအတွင်းမှာသာ အသုံးပြုတတ်ကြသည်။ တစ်ခါတစ်ရံမှာ အင်ပါယာနန်းတော်မှ လူများနှင့် တာအိုအဖွဲ့အစည်းနှင့် ပတ်သက်ဆက်နွယ်သောသူများကလည်း ထိုဘွဲ့များကို ခေါ်ဝေါ်တတ်ကြသည်။ အပြင်လူများကတော့ တာအိုတပည့်ဂိုဏ်းသားများကို တာအိုဆရာများဟု ခေါ်ဆိုခြင်း သို့မဟုတ် ပညာရှိ အဆင့်မြင့်ပညာရှိ၊ သူတော်စင် စသည်ဖြင့် သူတို့၏ အဆင့်အတန်းအလိုက် ခေါ်ဝေါ်တတ်ကြသည်။

ထန်ယုံတျဲက ခေါင်းညိတ်ပြီး မိတ်ဆက်ပေးလိုက်၏။

“ဒါက.. ပညာရှိကျန်းပဲ… သူက ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ ရောက်လာတာ… မင်း သူမေးတာကို မှန်မှန်ကန်ကန်ဖြေပေးရမယ်”

ဟန်ယုက ခေါင်းငုံ့ကာ ဖြေပေးလိုက်၏။

“ကောင်းပါပြီ ပညာရှိ”

ကျန်းယွဲ့လုက မေးလိုက်သည်။

“မေဆန်ရဲ့အလောင်းကို သင်အရင်ဆုံး ရှာတွေ့ခဲ့တာလား”

“ဟုတ်ပါတယ်”

ဟန်ယုက ညင်သာစွာပြောလိုက်သည်။

“အဲဒီအချိန်တုန်းက ကျွန်မက သူ့ကိုယ်ပေါ်မှာ ထိုင်နေခဲ့တာပါ”

ကျန်ယွဲ့လုက မျက်နှာအနည်းငယ်ပျက်သွားပြီး နေရထိုင်ရခက်သွား၏။ ကံကောင်းစွာဖြင့် သူမက ခေါင်းစွပ်ကို တင်ထားသည့်အတွက် သူမ၏ အမူအရာကို မည်သူကမှ မတွေ့မြင်ရပေ။ ခဏမျှ နှုတ်ဆိတ်ပြီးနောက် သူမက ထပ်ပြောလိုက်သည်။

“သူ သေဆုံးတဲ့အချိန်တုန်းက အခြေအနေကို ငါ့ကိုပြန်ပြောပြ”

ဟန်ယုက ထန်ယုံတျဲကို တစ်ချက်ကြည့်ပြီးနောက် တွေဝေတုံ့ဆိုင်းနေ၏။ မည်သို့ပင်ဆိုစေ အဲဒါက ကာမဆက်ဆံမှုနှင့် ပတ်သက်နေပြီး ပညာရှိကျန်းက အပျိုစင်တစ်ဦးဖြစ်ပုံရလေသည်။

ထန်ယုံတျဲက တည်တံ့သောမျက်နှာထားဖြင့် ပြောလိုက်သည်။

“မင်း ပညာရှိကျန်းမေးတာကို မှန်မှန်ကန်ကန်ဖြေလို့ရတယ်”

“ကောင်းပါပြီ ပညာရှိ”

ဟန်ယုက နာခံသော်လည်း သူမက သွယ်ဝိုက်၍သာ ပြန်ဖြေလိုက်ဆဲဖြစ်သည်။

“အဲဒီအချိန်တုန်းက ကျွန်မဘဝင်ခိုက်နေတုန်း လူကြီးမင်းမေဆန်က နာကျင်သလို ညည်းတွားအော်ဟစ်လိုက်တာကို ရုတ်တရက်ကြားလိုက်ရတယ်… အဲဒါကြောင့် ကျွန်မလည်း မြန်မြန်ဆန်ဆန်ရပ်တန့်ပြီး မျက်လုံးဖွင့်ကြည့်မိတယ်… အဲဒီအချိန်မှာ လူကြီးမင်းမေဆန်က သူ့ရင်ဘတ်ကို အုပ်ကိုင်ထားတယ်”

ချီရွှမ်းစုက ရုတ်တရက် ဖြတ်ပြောလိုက်၏။

“အမိဟန်ယု… လူကြီးမင်းမေဆန်က နာကျင်သလို သူ့ရင်ဘတ်ကိုအုပ်ကိုင်ထားတယ်လို့ ခင်ဗျားမြင်ခဲ့တာ သေချာလား”

ဟန်ယုက ခေါင်းညိတ်ပြလိုက်၏။

“ဟုတ်ပါတယ်… ကျွန်မသေချာပြောနိုင်ပါတယ်”

ချီရွှမ်းစုက ကျန်းယွဲ့လုကို တစ်ချက်ကြည့်လိုက်ပြီး သူမက သူပြောချင်သည့်အရာကို နားလည်နေပုံရသည်။ မေဆန်သည် အိပ်မက်ဆိုးခေါ်ဆောင်ခြင်းအတတ်ဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း သူ့ခန္ဓာကိုယ်ပေါ်တွင် သဲလွန်စအရိပ်အယောင်များ တွေ့ရှိခဲ့ရသည်။ ဤတိုက်ခိုက်မှုဖြင့် သေဆုံးသွားသောလူများမှာ မသေခင် မည်သည့်စွမ်းအင်မှ မကျန်ရှိခဲ့တတ်ပေ။ သူတို့က များသောအားဖြင့် တွေဝေရှုပ်ထွေးသောအမူအယာဖြင့် ငေးငိုင်နေတတ်ကြသည်။ အမှတ်တမဲ့ကြည့်လျှင် သူတို့က အိပ်ငိုက်နေသကဲ့သို့ပင်။ နောက်ဆုံးမှာတော့ သူတို့မှာ ခန္ဓာကိုယ်သက်သက်သာ ကျန်ခဲ့တော့သည်။ သို့သော်လည်း ဟန်ယုပြောသည့်အရာက ကာမဆက်ဆံရင်း ရုတ်တရက်သေဆုံးသွားသည့်ပုံစံဖြစ်နေသည်။

ရလဒ်အနေဖြင့် ဟန်ယုက အတော်လေးသံသယဝင်စရာကောင်းလာ၏။ သို့သော်လည်း လူသတ်သမားက မည်ကဲ့သို့သောလှည့်ကွက်များ အသုံးပြုခဲ့သည်ကို သူတို့ မဖော်ထုတ်နိုင်သေးသည့်အတွက် ဟန်ယုက မေဆန်သတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်နေသလား သူတို့ တပ်အပ်သေချာမပြောနိုင်သေးပေ။

ဟန်ယုက ဆက်ပြောလိုက်သည်။

“ကျွန်မ လူကြီးမင်းမေဆန်ပေါ်ကနေ ဆင်းပြီးတဲ့နောက်မှာ သူက မျက်ဖြူစိုက်ပြီးတော့ တွန့်လိမ်နေပြီ… ကျွန်မလည်း ကြောက်လန့်ပြီးတော့ အဝတ်အစားမြန်မြန်ဝတ်ပြီး အကူအညီလှမ်းအော်တောင်းခဲ့တယ်… စစချင်းမှာ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူတို့ရဲ့ဖောက်သည်တွေက ရောက်လာကြတယ်… အဲဒီနောက် ယုံအန်နန်းတော်က လူတွေ ရောက်လာပြီး ကျွန်မတို့ကို ဒီမှာ ထိန်းသိမ်းထားတာပဲ”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်သည်။

“သင်တို့ အမျိုးသမီးတွေကို လောလောဆယ် ဒီမှာပဲ နေစေချင်သေးတယ်… ကြီးကြပ်ရေးမှူးထန်… ရှင်နဲ့ကျွန်မ ဒီမှာနေပြီး သူတို့ကို ဆက်ပြီးတော့ မေးမြန်းမယ်… အမှုဆောင်ချီက ပင်မခန်းမကို သွားလိမ့်မယ်”

ထန်ယုံတျဲက နာခံလိုက်သည်။

ကျန်းယွဲ့လုက ချီရွှမ်းစုဘက်ကိုလှည့်ပြီး ညွှန်ကြားလိုက်၏။

“ပင်မခန်းမကိုသွားပြီး ကုန်သည်တွေကို မေးမြန်းစုံစမ်းလိုက်”

ချီရွှမ်းစုက ခေါင်းညိတ်ပြီး စိတ်ဝိညာဉ်တပ်သားလမ်းပြတစ်ဦးနှင့်အတူ အခန်းထဲကနေ ထွက်ခွာသွား၏။

ပင်မခန်းမထဲသို့ သူတို့ရောက်ရှိသည့်အချိန်မှာ ထိုနေရာတွင် ကုန်သည်များက စောင့်ဆိုင်းနေကြပြီဖြစ်သည်။ စိတ်ဝိညာဉ်တပ်သားက မိတ်ဆက်ပေးလိုက်၏။

“ဒါက အမှုဆောင်ချီပါ”

ချီရွှမ်းစုက သူ၏ ခေါင်းစွပ်ကိုချွတ်ပြီး လက်သီးနှင့်လက်ဝါးကိုထိကာ နှုတ်ဆက်လိုက်သည်။

“အားလုံးပဲ.. ကျုပ် ခင်ဗျားတို့ကို မေးခွန်းနည်းနည်းပါးပါး မေးစရာရှိတယ်… ခင်ဗျားတို့ မှန်မှန်ကန်ကန်ဖြေပေးဖို့လိုမယ်”

ရင့်ကျက်တည်ငြိမ်သော ကုန်သည်တစ်ဦးက ပြောလိုက်သည်။

“ကျုပ်တို့က မေဆန်ရဲ့မိတ်ဆွေတွေနဲ့ မြို့နေလူတွေပဲ… သူက တိုင်းတစ်ပါးမှာ ရုတ်တရက်သေဆုံးသွားတဲ့အတွက် သူ့မိသားစုကို ဘယ်လိုရှင်းပြရမလဲ ကျုပ်တို့ စဉ်းစားနေတာ… ခင်ဗျားက ဒီအမှုကို ဖြေရှင်းပေးနိုင်မယ်ဆိုရင် ကျုပ်တို့ ဝမ်းသာမိမှာပဲ… အဲဒါကြောင့် အမှုဆောင်ချီ ခင်ဗျားမေးတဲ့မေးခွန်းမှန်သမျှကို ကျုပ်တို့ အတတ်နိုင်ဆုံးကြိုးစားပြီး ဖြေပေးမှာပါ”

ရှစ်ပိုခန်းမနှင့် အလုပ်တွဲလုပ်ဖို့အတွက် နောက်ခံတချို့လိုအပ်သောကြောင့် ဤကုန်သည်များက သာမန်လူများမဟုတ်ကြပေ။ ထို့ကြောင့် သူတို့က စကားပြောသည့်အခါ ယုံကြည်မှုရှိကြသည်။

သူက ကုန်သည်များကို ထိုင်ဖို့အချက်ပြလိုက်သော်လည်း သူကိုယ်တိုင်က ဝင်မထိုင်ပေ။ ထိုအစား သူက အခန်းထဲမှာ ဖြည်းဖြည်းချင်း ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း မေးလိုက်သည်။

“မေဆန်မသေဆုံးခင်က သူ့မှာ ရန်သူတွေရှိခဲ့လား”

အသက်ကြီးကြီးကုန်သည်တစ်ဦးက ဖြေပေးလိုက်သည်။

“ကျုပ်တို့ စီးပွားရေးနယ်ပယ်မှာ ကျုပ်တို့တွေအားလုံးက ငွေရှာဖို့ကိုပဲ အဓိကထားခဲ့ကြတာ… အဲဒါကြောင့် ရောက်တဲ့နေရာမှာ မိတ်ဆွေဖွဲ့ကြတယ်၊ အကြောင်းအရင်းမရှိဘဲ ရန်သူတွေဘာတွေ မထားတတ်ကြဘူး… မေဆန်မှာ ရန်သူရှိတယ်လို့ ကျုပ်တစ်ခါမှမကြားဖူးဘူး”

“ဪ… “

ချီရွှမ်းစုက မေးလိုက်သည်။

“ကုန်သည်အချင်းချင်းက ရန်သူတွေဖြစ်တယ်ဆိုတဲ့ ဆိုရိုးစကားရှိတယ် မဟုတ်ဘူးလား”

တိတိပပပြောရလျှင် လက်ရှိကုန်သည်များသည် မေဆန်၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ပြီး ချီရွှမ်းစု၏ ထင်မြင်ချက်အရ သံသယရှိသူများဖြစ်သည်။ ထို့ကြောင့် ချီရွှမ်းစု၏ မျက်နှာထားက အနည်းငယ်တင်းမာနေ၏။

ရင့်ကျက်တည်ငြိမ်သော စောစောက ကုန်သည်က ပြောလိုက်သည်။

“အမှုဆောင်ချီ… ခင်ဗျားက ရှစ်ပိုခန်းမမှာ အလုပ်မလုပ်ဖူးတော့ ဒီမှာရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိမှာမဟုတ်ဘူး… အခြားတစ်ယောက်ရဲ့ စီးပွားရေးလုပ်ငန်းကို ခိုးယူဖို့ လုယူဖို့ မဖြစ်နိုင်ဘူးဆိုတာ ရှစ်ပိုခန်းမနဲ့ အလုပ်တွဲလုပ်နေတဲ့ဘယ်သူမဆို သိကြပါတယ်”

“ရှစ်ပိုခန်းမက နှစ်စဉ်နှစ်တိုင်း လူသိရှင်ကြားလေလံချပေးတယ်… လေလံအောင်၊ မအောင်ကတော့ လူတစ်ယောက်ရဲ့ အစွမ်းအစပေါ်မူတည်လိမ့်မယ်… အဲဒါက တခြားသူတွေနဲ့မသက်ဆိုင်ဘူး… ကျုပ်တို့အားလုံးက ကုန်သည်တွေဆိုပေမဲ့ ကျုပ်တို့ ရောင်ဝယ်ဖောက်ကားတဲ့ ကုန်အမျိုးအစားတွေက မတူကြဘူး… အဲဒါကြောင့် ကျုပ်တို့က ရန်သူတွေမဟုတ်ဘူး… ကျုပ်တို့အားလုံးက ရှစ်ပိုခန်းမအတွက် အလုပ်လုပ်ပေးနေကြတာပဲ”

နောက်ထပ်လူတစ်ယောက်က ထပ်ပြောလိုက်သည်။

“အဲဒါကြောင့် ကျုပ်တို့တွေကို မိတ်ဆွေလို့တောင်မှ ဆိုနိုင်တယ်”

ချီရွှမ်းစုက ခေါင်းညိတ်လိုက်၏။

“ဟုတ်ပြီလေ”

ဤကုန်သည်များက ရှစ်ပိုခန်းမနှင့် လက်တွဲထားသည့်အတွက် သူတို့ကို တာအိုဂိုဏ်းတော်နှင့် ရင်းရင်းနှီးနှီး ပတ်သက်ဆက်စပ်နေသည်ဟု ဆိုနိုင်ပြီး သူတို့က ချီရွှမ်းစုကို သူ၏ အလုပ်တာဝန်ဘွဲ့ဖြင့် ခေါ်ဆိုလေသည်။

ချီရွှမ်းစုက ထပ်မံ၍မေးလိုက်သည်။

“အဲဒီလေလံတွေက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ခင်ဗျားပြောပြနိုင်မလား’

စောစောကကုန်သည်က ရှင်းပြလိုက်သည်။

“ကျုပ်က လက်ဖက်ကုန်သည်ဆိုတော့ အဲဒါကို ဥပမာထားပြီးပြောပြပါမယ်… လက်ဖက်ကို အနောက်ဘက်ကုန်းမြေတိုက်ဆီ တင်ပို့တဲ့အချိန်မှာ ဈေးနှုန်းကို ဆယ်ဆကျော်ထိ တင်နိုင်တယ်… ဒါပေမဲ့ အတိုင်းအတာကြီးမားတဲ့ စီးပွားရေးအတွက် အနောက်တိုင်းကုန်သည်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ကို ရှစ်ပိုခန်းမကပဲ တတ်နိုင်တယ်… အမှားအယွင်းတစ်ခုခုဖြစ်လို့ သင်္ဘောတစ်စင်းနှစ်စင်း နစ်မြုပ်သွားမယ်ဆိုရင်တောင်မှ ရှစ်ပိုခန်းမက အဲဒါကို သိပ်ပြီးမှုနေမှာမဟုတ်ဘူး”

“ကုန်သည်လေးတွေကတော့ သင်္ဘောတစ်စင်းနှစ်စင်း ဆုံးရှုံးရမယ်ဆိုရင် သူတို့တွေက ဘဝပျက်သွားလိမ့်မယ်… အဲဒါကြောင့် လူအများစုက ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို ကိုယ့်ဘာသာကိုယ် မလုပ်ရဲကြဘူး… ရှစ်ပိုခန်းမရဲ့ ကုန်ပစ္စည်းတင်သွင်းသူအနေနဲ့ ကျုပ်တို့က အကျိုးအမြတ်အများကြီးမရပေမဲ့ အဲဒါက တခြားစီးပွားရေးလုပ်ငန်းတွေထက် အများကြီးပိုကောင်းနေတုန်းပဲ… ဒီကုန်သွယ်မှုမှာ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် နှစ်အနည်းငယ်အတွင်းမှာ ငွေကြေးအတော်များများကို စုဆောင်းရရှိနိုင်တယ်”

“ဒီလိုမျိုး အခွင့်အလမ်းကောင်းတဲ့အတွက် လူတွေအများကြီးက ဒီနယ်ပယ်ကို ပြုံဝင်လာကြတယ်… အဲဒါကြောင့် ရှစ်ပိုခန်းမက လေလံပြန်ချပေးတာပဲ… အရည်အသွေးပိုကောင်းတဲ့ ကုန်စည်နဲ့ ပိုသင့်တဲ့ဈေးနှုန်းကို ကမ်းလှမ်းနိုင်တဲ့ဘယ်သူမဆို ကုန်စည်တင်သွင်းသူအဖြစ် ရွေးချယ်ခံရလိမ့်မယ်”

“ဒါက လက်ဖက်ကိုပဲပြောတာ… ကြွေထည်၊ ပိုးထည်နဲ့ တခြားဟာတွေလို တခြားကုန်သွယ်မှုတွေလည်းရှိတယ်… နောက်ပြီး ရှစ်ပိုခန်းမရဲ့ သင်္ဘောအုပ်စုက ကျုပ်တို့ရဲ့ ကုန်စည်တွေကို အနောက်ဘက်ကို တင်ပို့တဲ့အခါ အဲဒီကနေ ဒီမှာရှားပါးတဲ့ပစ္စည်းတွေကိုလည်း ပြန်ပြီးတော့ တင်လာတတ်တယ်… မြို့ကြီးအတော်များများနဲ့ စံအိမ်အတော်များများက အဲလိုပစ္စည်းမျိုးတွေကို လိုချင်ကြတယ်… ရှစ်ပိုခန်းမက အဲဒီပစ္စည်းတွေကို တိုက်ရိုက်ရောင်းချဖို့ သူတို့မှာ ခန်းမအခွဲတွေရှိကြတယ်… ဒါပေမဲ့ တချို့ဖောက်သည်တွေက သူတို့ဆီကနေဝယ်ဖို့ လက်လှမ်းမမီကြဘူး… အဲဒါကြောင့် ရှစ်ပိုခန်းမက ကျုပ်တို့ကို သူတို့ကိုယ်စား အဲဒီကုန်ပစ္စည်းတွေကို ရောင်းချခွင့်ပေးတယ်”

“အဲဒီကုန်ပစ္စည်းတွေကို ဘယ်သူရောင်းချခွင့်ရမလဲဆိုတာကိုလည်း ရှစ်ပိုခန်းမက လေလံချပေးတယ်… လေလံအောင်သွားတဲ့ကုန်သည်က အဲဒီအနောက်တိုင်းက ပစ္စည်းတွေကို သီးသန့်မူပိုင်ရောင်းချခွင့်ရှိတယ်”

“ဘယ်လိုပဲဖြစ်ဖြစ် လေလံအောင်တဲ့ အဲဒီလူတွေက ရှစ်ပိုခန်းမအတွက် အလုပ်လုပ်ပေးနေကြတာပဲ… အဲဒါကြောင့် ကျုပ်တို့တွေကို တာအိုအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေလို့ မဆိုနိုင်ပေမဲ့ ဘယ်သူကမှ ကျုပ်တို့ကိုမဆန့်ကျင်ရဲဘူး… ဘယ်သူကမှ ကျုပ်တို့ကို အထင်မသေးရဲကြဘူး… ကျုပ်တို့က အခက်အခဲနဲ့ ကြုံတွေ့ရမယ်ဆိုရင် ရှစ်ပိုခန်းမကနေ အကူအညီတောင်းနိုင်တယ်… ရှစ်ပိုခန်းမရဲ့ စီးပွားရေးလုပ်ငန်းကို ဖျက်လိုဖျက်ဆီးလုပ်တာက ကြီးမားတဲ့ ပြစ်မှုဖြစ်တဲ့အတွက် ဘယ်သူကမှ တော်ရုံတန်ရုံ ရန်မစရဲကြဘူး”

“တာအိုဂိုဏ်းတော်ကို ဆန့်ကျင်ရဲတဲ့သူ.. ကျုပ် တစ်ခါမှမမြင်ဖူးဘူး… အဲဒါကြောင့် ဒီအမှုမှာ အယူဝါဒမိစ္ဆာတွေ ပါဝင်ပတ်သက်နေမယ်လို့ ကျုပ်တို့ သံသယဝင်မိတာပဲ”

ချီရွှမ်းစုက စဉ်းစားကာ ပြောလိုက်သည်။

“လူသတ်သမားက အယူဝါဒမိစ္ဆာဖြစ်မယ်လို့ ခင်ဗျားတို့အားလုံး ကောက်ချက်ချတာက အဓိပ္ပါယ်ရှိတယ်လို့တော့ ကျုပ်ထင်ပါတယ်။”

အခန်း ၁၃၄ - အမှုကို အကဲဖြတ်ခြင်း (၂)

ချီရွှမ်းစုက ပြောလိုက်သည်။

“မေဆန်ကိုသတ်တဲ့သူက တကယ်ပဲ အယူဝါဒမိစ္ဆာတစ်ဦးဖြစ်တယ်လို့ ယူဆကြည့်လိုက်ရအောင်… အဲဒါ ဘယ်အယူဝါဒဂိုဏ်းဖြစ်မလဲ… ခင်ဗျားတို့အားလုံးက ရှစ်ပိုခန်းမအတွက် အလုပ်လုပ်ပေးနေတယ်ဆိုမှတော့ လျှို့ဝှက်အသင်းအဖွဲ့တွေအကြောင်း ကြားဖူးထားမှာပေါ့”

ကုန်သည်များက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး အသက်အကြီးဆုံးကုန်သည်က တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်သည်။

“အမှုဆောင်ချီ… လျှို့ဝှက်အသင်းအဖွဲ့တွေအကြောင်း ကျုပ်တို့ကြားဖူးထားပါတယ်.. မဟုတ်ရင် လူသတ်သမားက အယူဝါဒမိစ္ဆာဖြစ်တယ်လို့ ကျုပ်တို့သံသယဝင်မိမှာ မဟုတ်ဘူး… ကျုပ်တို့ရဲ့ထင်မြင်ချက်အရတော့ အဲဒါက ကျိကွမ်းအသင်းဖြစ်လောက်တယ်”

“ကျိကွမ်းအသင်းလား… ရှေးဟောင်းအင်မော်တယ် အစစ်အမှန်အရှင်ကျိကွမ်းကို ယုံကြည်တဲ့ အယူဝါဒမိစ္ဆာတွေကို ပြောတာလား”

ချီရွှမ်းစုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

“ကျိကွမ်းအသင်းရဲ့ အဖွဲ့ဝင်အတော်များများက အမျိုးသမီးတွေပဲ… ခင်ဗျားတို့က ဟိုပြည့်တန်ဆာတွေကို သံသယဝင်နေကြတာလား”

ကုန်သည်က နှုတ်ဆိတ်သွားပြီး ချီရွှမ်းစုက အလေးအနက်စဉ်းစားတွေးတောကြည့်လိုက်သည်။ ကျန်းယွဲ့လုသည် ကျိကွမ်းအသင်းအကြောင်း သူ့ကို ပြောပြခဲ့ဖူးသည်။ အဖျက်စွမ်းအားမှာဆိုလျှင် ကျိကွမ်းအသင်းသည် ကံကြမ္မာအယူဝါဒဂိုဏ်းထက် များစွာနိမ့်ကျလေသည်။ သို့သော်လည်း ကျိကွမ်းအသင်းသည် လုပ်ကြံသတ်ဖြတ်ခြင်းနှင့် သတင်းအချက်အလက်ခိုးယူခြင်းမှာ ထက်မြက်ကြသည်။ သူတို့ကို သတိထားစောင့်ကြပ်ဖို့ကလည်း ခက်ခဲလေသည်။ အရင်တုန်းက တန်ခိုးရှင်သူတော်စင်တစ်ဦးသည် သတိမထားလိုက်ဘဲ ကျိကွမ်းအသင်း၏ ထောင်ချောက်ထဲမှာ ကျဆင်းပြီး တာအိုဂိုဏ်းတော်၏ လျှို့ဝှက်ချက်များစွာကို ထုတ်ဖော်ခဲ့မိသည်။

နောက်ထပ်အရေးပါသောမေးခွန်းမှာ ကျိကွမ်းအသင်းက မေဆန်ကို ဘာ့ကြောင့်သတ်ဖြတ်ရတာလဲ။

ချီရွှမ်းစုက မေးလိုက်သည်။

“ခင်ဗျားတို့ ကျိကွမ်းအသင်းကို ဘာလို့သံသယဝင်တာလဲ… မေဆန်က အရင်တုန်းက ကျိကွမ်းအသင်းနဲ့ ပတ်သက်မှုရှိခဲ့ဖူးလို့လား”

ကုန်သည်များက ငြင်းဆန်ခြင်းမရှိဘဲ နှုတ်ဆိတ်သွားကြ၏။ ထို့ကြောင့် ချီရွှမ်းစုက အဲဒါကို ဝန်ခံမှုအဖြစ် သတ်မှတ်လိုက်သည်။

ချီရွှမ်းစုက ထပ်ပြောလိုက်၏။

“မေဆန်က တကယ်ပဲ… ကျိကွမ်းအသင်းနဲ့ ပတ်သက်နေမယ်.. ဒီမှာရှိတဲ့လူတိုင်းကလည်း အဲဒါကို သိထားပေမဲ့ တာအိုဂိုဏ်းတော်ကို သတင်းမပေးဘဲ ထိန်ချန်ထားခဲ့တယ်ဆိုရင် အပြစ်ဒဏ်က ကြီးလေးလိမ့်မယ်နော်… ဒီမှာရှိတဲ့လူတိုင်းကို ထိန်းသိမ်းထားဖို့အတွက် ကျုပ် ရှုကျိုးတာအိုစံအိမ်ကို သတင်းပေးပို့နိုင်တယ်… ပြီးရင် နောက်ထပ် တရားစီရင်ဖို့အတွက် ထျန်ကန်းခန်းမကို တင်ပြနိုင်တယ်”

ကုန်သည်တစ်ဦးက အလျင်အမြန် ဖြောင့်ချက်ပေးလိုက်သည်။

“မဟုတ်တာ… အဲလိုလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ… အမှုဆောင်ချီ… ခင်ဗျား ကျုပ်တို့ကို နားလည်မှုလွဲနေပါပြီ.. ကျုပ်တို့ရှင်းပြတာကို ကျေးဇူးပြုပြီး နားထောင်ပါဦး… မေဆန်က ကျိကွမ်းအသင်းနဲ့ပတ်သက်နေလားဆိုတာ ကျုပ်တို့ မသိဘူး… ဒါပေမဲ့ မေဆန်က အိမ်ထောင်ကျပြီးတာတောင် အတော်လေးလျှို့ဝှက်ဆန်းကြယ်ပြီး ချမ်းသာကြွယ်ဝတဲ့ မိန်းမတစ်ဦးနဲ့ ငြိစွန်းနေတာကို ကျုပ်တို့သိထားတယ်”

“အဲဒီမိန်းမက ပစ္စည်းဥစ္စာအတော်များများကို အမွေဆက်ခံရရှိထားတဲ့ မုဆိုးမတစ်ဦးဖြစ်တယ်လို့ သူပြောတယ်… အဲဒီမယားငယ်ရဲ့ ထောက်ပံ့မှုကြောင့်ပဲ မေဆန်က လေလံအောင်ပြီး ရှစ်ပိုခန်းမရဲ့ ကုန်စည်တင်သွင်းသူတစ်ဦးဖြစ်လာခဲ့တာပဲ”

ချီရွှမ်းစုက မေးလိုက်သည်။

“ခင်ဗျားတို့က အဲဒီမိန်းမကို ဘာလို့သံသယဝင်တာလဲ”

ကုန်သည်က ဆက်ပြောလိုက်သည်။

“ရှစ်ပိုခန်းမရဲ့ ကုန်စည်တင်သွင်းသူတစ်ဦးအနေနဲ့ ကြီးမားတဲ့ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်ဖို့အတွက် လုံလောက်တဲ့ ဥစ္စာဓနရှိထားရမယ်… ပွင့်ပွင့်လင်းလင်းပြောရရင် မေဆန်က ရှစ်ပိုခန်းမရဲ့ ကုန်စည်တင်သွင်းသူဖြစ်မလာခင်က ပိုးထည်နဲ့ဖဲထည်တွေကိုရောင်းချတဲ့ ဆိုင်ရှင်ငယ်လေးတစ်ဦးပဲဖြစ်ခဲ့တာ… များပြားတဲ့ ကုန်ပစ္စည်းအမှာတွေကို ဖြည့်ဆည်းပေးဖို့အတွက် သူက တတ်နိုင်ခဲ့မှာမဟုတ်ဘူး”

“ဒါပေမဲ့ တစ်နှစ် နှစ်နှစ်အတွင်းမှာ မေဆန်က ငွေကြေးအင်အားတောင့်တင်းလာပြီးတော့ လေလံအောင်သွားခဲ့တယ်… သူ့ရဲ့လုပ်ငန်းကိုလည်း သိသိသာသာချဲ့ထွင်ခဲ့တယ်… အဲဒါကြောင့်သူက တစ်ယောက်ယောက်ဆီကနေ အကူအညီယူထားတာဖြစ်မယ်လို့ ကျုပ်တို့တွေးမိတယ်”

နောက်ထပ်ကုန်သည်က ထပ်ပြောလိုက်သည်။

“စစချင်းမှာ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ကျုပ်တို့သိပ်ပြီး မစဉ်းစားမိခဲ့ကြဘူး… ဘာပဲပြောပြော သူတို့ရဲ့ဆက်ဆံရေးက နှစ်ဦးသဘောတူကြည်ဖြူမှုပဲ… ကျုပ်တို့တွေက တာအိုတပည့်ဂိုဏ်းသားတွေမဟုတ်တဲ့အတွက် မယားငယ်ထားတာက ဥပဒေကို ချိုးဖောက်ရာမကျဘူး… ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက မေဆန်က စိုးရိမ်ပူပန်နေတဲ့ပုံစံနဲ့ ရောက်ချလာခဲ့တယ်”

“သူ မူးလာတဲ့အချိန်မှာ သူ့မှာရှိသမျှအရာရာတိုင်းက အဲဒီအမျိုးသမီး ထောက်ပံ့ပေးထားတာလို့ သူ ကျုပ်တို့ကို ပြောပြခဲ့တယ်… သူက ကစားစရာအရုပ်တစ်ရုပ်လို ဆက်ဆံခံနေရတဲ့အတွက် အဲဒီအမျိုးသမီးထက် နိမ့်ကျတယ်လို့ ခံစားနေရတယ်… သူ့ မယားငယ်က သူ့မယားကြီးကို မနာလိုပြီး တိုက်ခိုက်မှာဆိုးတဲ့အတွက် သူက အိမ်ကိုတောင် သိပ်မပြန်ရဲဘူး”

“အခု သူက ငွေကြေးဥစ္စာတချို့ စုဆောင်းမိလာတဲ့အချိန်မှာ သူ့မယားငယ်ရဲ့စကားကို ဆက်ပြီးတော့ နားမထောင်ချင်တော့ဘူး… ဒါပေမဲ့ နောက်ပိုင်း သူပြောတဲ့အပိုင်းက ပိုပြီးတော့ စိုးရိမ်စရာကောင်းတယ်… သူက အဲဒီမိန်းမနဲ့ ပြတ်စဲတော့မယ်တဲ့… အဆိုးဆုံးအခြေအနေမှာဆိုရင် သူတို့နှစ်ယောက်လုံးက ငရဲကို အတူတကွသွားရလိမ့်မယ်လို့ပြောတယ်”

ချီရွှမ်းစုက ဝေဖန်လိုက်သည်။

“မေဆန်က ရှစ်ပိုခန်းမရဲ့ စီးပွားရေးကနေ ငွေကြေးအတော်အတန်ရရှိပြီးတဲ့နောက် အဲဒီမယားငယ်ကို ရှင်းထုတ်ပစ်ချင်နေခဲ့တဲ့ပုံပဲ… ဒါဆိုရင် အဲဒီမိန်းမက သူ့ကိုသတ်ဖို့အတွက် ကြေးစားတစ်ဦးငှားလိုက်လို့ရတယ်… ဒါပေမဲ့ သူက ကျိကွမ်းအသင်းနဲ့ ပတ်သက်နေတယ်လို့ ခင်ဗျားတို့ ဘာလို့ပြောတာလဲ”

ရင့်ကျက်တည်ငြိမ်သောကုန်သည်က ပြောလိုက်သည်။

“ကျုပ်တို့လည်း စစချင်းမှာ အဲဒါနဲ့ပတ်သက်ပြီး သိပ်ပြီးမစဉ်းစားခဲ့ကြဘူး… ဘာပဲပြောပြော ကျုပ်တို့ စီးပွားရေးနယ်ပယ်မှာ ဒီလိုဖြစ်ရပ်မျိုးတွေကို အများကြီးတွေ့မြင်ထားဖူးတယ်.. အဲဒါက သိပ်ပြီးတော့ ထူးဆန်းမနေတော့ဘူး… ဒါပေမဲ့ မနေ့တုန်းကတော့ မေဆန်က သူ တစ်ခုခုဖြစ်ရင် အဲဒါက မိစ္ဆာတွေရဲ့လက်ချက်ဖြစ်တယ်လို့ ရုတ်တရက် ကျုပ်တို့ကိုပြောလာခဲ့တယ်… အဲဒီအချိန်မှာ မူမမှန်တော့ဘူးဆိုတာ ကျုပ်တို့ ခံစားမိတဲ့အတွက် သူ့ကို အသေးစိတ်ထပ်ပြီးတော့ မေးချင်ခဲ့ပေမဲ့ သူက ဘာမှထပ်မပြောတော့ဘူး”

“ဒီနေ့ ကျုပ်တို့ သူ့ကိုတွေ့တဲ့အချိန်မှာ သူက မနေ့ကပြောခဲ့တဲ့စကားကို မေ့သွားတဲ့ပုံပဲ… သူက အရင်လို အေးအေးဆေးဆေးပဲ… စိုးရိမ်ပူပန်နေတဲ့ပုံမပေါက်တော့ဘူး… ကျုပ်တို့လည်း အဲဒါနဲ့ပတ်သက်ပြီး သိပ်စဉ်းစားမနေဘဲ သူ့စိတ်ထဲမှာ အဆင်ပြေသွားပြီလို့တွေးလိုက်တယ်… ဘာပဲပြောပြော လူတွေက အခြားတစ်ယောက်ထက်နိမ့်ကျတယ်လို့ ခံစားရတဲ့အခါ သိမ်ငယ်လာတတ်ပေမယ့် အချိန်တစ်ခုကြာရင် အသားကျသွားတတ်တာပဲ… ဒါပေမဲ့ ဒီနေ့ သူက သေသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ”

ချီရွှမ်းစုက မေးလိုက်သည်။

“အဲဒီအကြောင်းတွေကို ကြီးကြပ်ရေးမှူးထန်သိလား”

“သူ တစ်ဝက်လောက်ပဲ သိထားတယ်”

ရင့်ကျက်တည်ငြိမ်သောကုန်သည်က ပြန်ဖြေလိုက်သည်။

“ဘာလို့လဲဆိုတော့ မေဆန်က သူတစ်ခုခုဖြစ်ရင် ကြီးကြပ်ရေးမှူးထန်ကို ချက်ချင်းတင်ပြရမယ်လို့ မှာခဲ့လို့ပဲ… အဲဒီတုန်းက အခြေအနေက အလောတကြီးနိုင်နေတဲ့အတွက် ကျုပ်တို့က ကြီးကြပ်ရေးမှူးထန်ကို အသေးစိတ်ရှင်းပြဖို့အချိန်မရလိုက်ဘူး… အဲဒါက လျှို့ဝှက်အသင်းအဖွဲ့တွေက မိစ္ဆာတွေနဲ့ ပတ်သက်နေနိုင်တယ်လို့ပဲ သူ့ကို ပြောခဲ့ရတယ်”

“အဲဒါက လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ ပတ်သက်ကြောင်းကြားတဲ့အချိန်မှာ ကြီးကြပ်ရေးမှူးထန်က စစချင်း ထိတ်ထိတ်ပျာပျာဖြစ်သွားတယ်… ဒါပေမဲ့ သူက မြန်မြန်ဆန်ဆန်ပဲ အပန်းဖြေဂေဟာကိုပိတ်ဆို့ဖို့ စိတ်ဝိညာဉ်တပ်သားတွေကို အမိန့်ပေးလိုက်တယ်… အဲဒီနောက် သူက ခင်ဗျားတို့နှစ်ယောက်ကိုသွားပြီး ဖိတ်ခေါ်လာခဲ့တာပါပဲ”

ကြီးကြပ်ရေးမှူးထန်၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ ချီရွှမ်းစုက အံ့အားသင့်မိသွားသည်။ သို့သော်လည်း ကြီးကြပ်ရေးမှူးထန်သည် စီးပွားရေးလုပ်ငန်းများမှာသာ ကျွမ်းကျင်မှုရှိသည့်အတွက် သိပ်ပြီးတော့ ထူးဆန်းမနေပေ။

ချီရွှမ်းစုက လက်ရှိ ရှစ်ပိုခန်းမမှ အမှုဆောင်နှစ်ဦးဘက်ကိုလှည့်ပြီး မေးလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက်ကော အဲဒီအကြောင်းကိုသိထားကြလား”

“ကျုပ်တို့ ဒီနေ့မတိုင်ခင် အဲဒီအကြောင်းကို ဘာမှမသိခဲ့ကြဘူး”

တာအိုဆရာအမှုဆောင်နှစ်ဦးက ခေါင်းခါပြီး သူတို့မပတ်သက်ကြောင်း ငြင်းဆန်လိုက်သည်။

“ဒီနေ့မှပဲ ကျုပ်တို့က ဖိတ်ခေါ်ခံခဲ့ရတာ”

ကုန်သည်ကလည်း တာအိုဆရာအမှုဆောင်နှစ်ဦးဘက်ကနေ ဝင်ပြောပေးလိုက်၏။

“မေဆန်က သူ့ကိုယ်သူ ရဲဆေးတင်ဖို့ အမှုဆောင်နှစ်ဦးကို ဖိတ်ခေါ်ခဲ့တာဖြစ်မယ်လို့ ကျုပ်ထင်တယ်”

ချီရွှမ်းစုက နောက်ဆုံးမှာ ထပ်မေးလိုက်သည်။

“ဒီနေ့ ဒီဂေဟာမှာဆုံကြဖို့ ဘယ်သူအကြံပြုခဲ့တာလဲ”

ကုန်သည်များက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး တစ်ပြိုင်နက်တည်းဖြေလိုက်ကြ၏။

“မေဆန်ပါ… သူက စားသောက်ပွဲတစ်ခု ပြင်ဆင်ပြီး မိန်းကလေးတွေကို ငှားရမ်းထားခဲ့တယ်”

ချီရွှမ်းစုက ခဏမျှစဉ်းစားတွေးတောပြီးနောက် သူ၏ ထင်မြင်ချက်ကို ထုတ်နုတ်လိုက်သည်။

“ခင်ဗျားတို့ အခုပြောခဲ့ပုံအရဆိုရင် မေဆန်က သူ့မယားငယ်ရဲ့ ထောက်ပံ့မှုကနေ ရုန်းထွက်ချင်နေပြီ… သူက အဲဒါနဲ့ပတ်သက်ပြီး ပူပန်သောကများနေတယ်… သူက အဲဒီမိန်းမနဲ့အတူ ငရဲကိုသွားမယ်လို့တောင်မှ ပြောခဲ့တယ်… အဲဒီနောက် သူက တစ်ခုခု မှားယွင်းနေတာကို သတိထားမိသွားတဲ့ပုံပဲ… ဒါပေမဲ့ အဲလိုဆိုရင်တောင် သူက အဲဒီမယားငယ်နဲ့ နောက်ဆုံးအချိန်ထိ ယှဉ်ပြိုင်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်”

“အဲဒါကြောင့်ပဲ သူတစ်ခုခုဖြစ်လာရင် မိစ္ဆာတွေရဲ့လက်ချက်ဖြစ်တယ်လို့ သူက ခင်ဗျားတို့ကို ကြိုတင်အကြောင်းကြားထားခဲ့တာပဲ… ဒီနေ့အစောပိုင်းမှာ မေဆန်က ခင်ဗျားတို့အားလုံးကို ဒီဂေဟာကို ဖိတ်ခေါ်ပြီး အားလုံးကို စီစဉ်ခဲ့တယ်”

လက်ရှိကုန်သည်များက အတွေ့အကြုံရှိကြပြီး ချီရွှမ်းစုထုတ်နုတ်ပြသည့်အရာကို နားလည်သဘောပေါက်ကြသည်။

ချီရွှမ်းစုက နောက်ဆုံးကောက်ချက်ချလိုက်သည်။

“ပြောရမယ်ဆိုရင် မေဆန်က သူ့မယားငယ်နဲ့ယှဉ်ပြိုင်ဖို့ ဒီဂေဟာကို တမင်သက်သက်ရွေးချယ်ခဲ့တာပဲ… ဒါပေမဲ့ သူရှုံးနိမ့်သွားတယ်… သူက တာအိုဆရာအမှုဆောင်နှစ်ဦးနဲ့ သူ့မိတ်ဆွေတွေကို ဖိတ်ခေါ်ပြီး တစ်ဘက်အဖွဲ့ကို ရှိန်သွားအောင်လို့ ကြိုးစားခဲ့တယ်… ဒါပေမဲ့ အဲဒါက အလုပ်မဖြစ်ခဲ့ဘူး”

“မေဆန်က အဲဒီမိန်းမနဲ့အတူ ငရဲကိုသွားမယ်လို့ ပြောခဲ့တာက သူ့ရဲ့မယားငယ်က အယူဝါဒဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သက်နေကြောင်း ခင်ဗျားတို့အားလုံးကို ကြိုတင်အသိပေးထားခဲ့တာပဲ… အဲဒီအယူဝါဒဂိုဏ်းက ကျိကွမ်းအသင်းဖြစ်မယ်လို့လည်း သူက အရိပ်အမြွက်ပေးခဲ့တယ်… အဲဒါကြောင့် သူက အပန်းဖြေဂေဟာကို ရွေးချယ်ခဲ့တာပဲ”

မြောက်ပိုင်းလေသံနှင့် ကုန်သည်တစ်ဦးက အံ့အားတသင့်ပြောလိုက်သည်။

“အဲဒါ… ဟန်ယုဆိုတဲ့ ဟိုမိန်းကလေးပဲဖြစ်ရမယ်”

“အဲလိုတော့ ပြောလို့မရသေးဘူး”

ချီရွှမ်းစုက ပြောလိုက်သည်။

“ပညာရှိကျန်းက မေဆန်ရဲ့အလောင်းကို စစ်ဆေးကြည့်ထားတယ်… သူက အိပ်မက်ဆိုးခေါ်ဆောင်ခြင်းအတတ်နဲ့ သတ်ဖြတ်ခံထားရတာ ဖြစ်တယ်လို့ ရှာတွေ့ခဲ့တယ်… အဲဒါက အဝေးကနေ လုပ်ဆောင်နိုင်တဲ့အစီအရင်ပဲ… ဟန်ယုက ကြံရာပါတစ်ဦး ဖြစ်ချင်ဖြစ်မယ်… ဒါမှမဟုတ် ဘာမှမသိဘဲ ကြားညပ်ခံရတာလဲ ဖြစ်နိုင်တယ်”

ကုန်သည်များက ဆက်လက်၍ မပြောဆိုကြတော့ပေ။ မည်သို့ပင်ဆိုစေ လူသတ်သမားသည် အယူဝါဒဂိုဏ်းနှင့် ပတ်သက်ဆက်စပ်နေလိမ့်မည်ဟု သူတို့ကောက်ချက်ချမိသော်လည်း ထိုအယူဝါဒမိစ္ဆာက ဘယ်သူဘယ်ဝါဖြစ်သည်ကို သူတို့မှာ ဘာသဲလွန်စမှမရှိသေးပေ။ ထိုကြောင့် အစစ်အမှန်လက်သည်တရားခံကို ရှာဖွေဖော်ထုတ်ဖို့ဆိုလျှင် သူတို့သည် ဤအမှုကို ထဲထဲဝင်ဝင် ထပ်မံ၍ စုံစမ်းစစ်ဆေးဖို့လိုအပ်နေသည်။

တစ်ယောက်ယောက်က မေဆန်ကို ရှစ်ပိုခန်းမရဲ့ ကုန်စည်တင်သွင်းသူဖြစ်လာအောင် ထောက်ပံ့ပေးခဲ့တာလား။ ဒါပေမဲ့ ဘာအတွက်လဲ။ အဲဒါက တာအိုဂိုဏ်းတော်နဲ့ အကျိုးတူပူးပေါင်းဆက်ဆံရေးတစ်ခု ရရှိဖို့အတွက်လောက် မရိုးရှင်းနိုင်ပေ။ လျှို့ဝှက်အသင်းအဖွဲ့များထဲမှတစ်ဖွဲ့က ပါဝင်ပတ်သက်နေခြင်းဖြစ်နိုင်သည်။

မေဆန်သည် လျှို့ဝှက်အသင်းအဖွဲ့၏ ရုပ်သေးရုပ်တစ်ရုပ်မျှသာဖြစ်ခဲ့သည်မှာ သံသယရှိစရာမလိုပေ။ ဤရုပ်သေးရုပ်သည် နောက်ခံပေးသူအသစ်တာအိုဂိုဏ်းတော်နှင့် နာမည်ဂုဏ်သတင်းနှင့် ငွေကြေးဥစ္စာကိုရယူနိုင်ခဲ့ပြီးနောက် သာမန်ဘဝသို့ ပြန်သွားလိုခဲ့သည်။ ထို့ကြောင့် သူက လျှို့ဝှက်အသင်းအဖွဲ့ကိုခြိမ်းခြောက်ပြီး သူတို့နှင့် ပြတ်စဲရန် ကြိုးပမ်းခဲ့လေသည်။ ရလဒ်အနေဖြင့် သူက သေဆုံးခဲ့ရသည်။

ဤဇာတ်လမ်းက သူနှင့်ရင်းနှီးနေပုံရသည်ဟု ချီရွှမ်းစု ခံစားမိသည်။ သူကိုယ်တိုင် ဤကဲ့သို့ ကြုံတွေ့နေရသည်မဟုတ်ပါလား။ သူသည် ချင်းဖျင်အသင်းကိုမှီခို၍ ထျန်ကန်းခန်းမသို့ ဝင်ရောက်ခဲ့သည်။ သူက အဆင့် ၆ တာအိုဆရာတစ်ဦးအဖြစ် တိုးမြှင့်ပေးခံရတော့မည်ဖြစ်ပြီး သူ့မှာ တောက်ပသောအနာဂတ်ရှိနေ၏။ အရာရာတိုင်း ချောချောမွေ့မွေ့ရှိနေမည်ဆိုလျှင် သူ အငြိမ်းစားယူသည့်အချိန်မှာ အဆင့် ၄ သို့မဟုတ် အဆင့် ၃ ထိပင် တိုးမြှင့်ပေးခံရနိုင်သည်။

ဤကဲ့သို့ အလားအလာကောင်းသော လမ်းကြောင်းတစ်ခုနှင့်အတူ ချီရွှမ်းစုသည် ချင်းဖျင်အသင်းကနေ ထွက်ခွာပြီး သာမန်ဘဝကို ပြန်သွားဖို့လိုအပ်သည်ဟု ပိုတိုး၍ ခံစားလာရသည်။ ထိုအချိန်ကျလျှင် သူက ဘာဖြစ်သွားမလဲ။ သူက မေဆန်လိုပဲ အဆုံးသတ်သွားရမလား။

သူက အကျိုးဆောင်မှတ် ကိုးထောင်ကို စုဆောင်းမိသည်နှင့် ချင်းဖျင်အသင်းက သူ့ကို တကယ်ပဲလွှတ်ပေးမှာလား။ သူတို့က သူတို့ရဲ့ကတိကို တည်ပါ့မလား။

သူသည် ရွှမ်ကျောက်စိမ်းကြောင့်လည်း ချင်းဖျင်အသင်းနှင့်ပတ်သက်နေရဦးမည်ဖြစ်သည်။ ဤအကြောင်းကိုစဉ်းစားရင်း ချီရွှမ်းစုက မသိမသာ ညှိုးငယ်ထိုင်းမှိုင်းသွား၏။

ချီရွှမ်းစု၏စိတ်ကို မည်သူကမှ မဖတ်နိုင်ပေ။ သူက တည်တံ့သောမျက်နှာထားဖြင့် နှုတ်ဆိတ်နေသည်ကိုကြည့်ပြီး အမှုကိစ္စအကြောင်းစဉ်းစားနေခြင်းဖြစ်သည်ဟု အခြားသူများက တွေးထင်လိုက်ကြသည်။ ထို့ကြောင့် မည်သူကမှ စကားထမပြောရဲပေ။

၁၅ မိနစ်ခန့်ကြာပြီးနောက် ကျန်းယွဲ့လုနှင့် ထန်ယုံတျဲက ပင်မခန်းမသို့ ပြန်ရောက်လာကြ၏။

ကျန်းယွဲ့လုက မေးလိုက်သည်။

“စစ်ဆေးမေးမြန်းတာ ဘယ်လိုနေလဲ”

ချီရွှမ်းစုက သူသိရှိထားသည့် အချက်အလက်များကို အကြမ်းဖျင်းပြန်ပြောပြလိုက်၏။ ဤအကြောင်းကိုနားထောင်ပြီးနောက် ကျန်းယွဲ့လုက အဓိပ္ပါယ်ပါပါပြောလိုက်သည်။

“ဒီဂေဟာက တကယ်ပဲ မသင်္ကာစရာကောင်းနေတယ်… ကြီးကြပ်ရေးမှူးထန်… ကျေးဇူးပြုပြီး ရှုကျိုးတာအိုဆရာရုံးကို ချက်ချင်းပဲ သတင်းပို့ပေးပါ… စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့အတွက် လူတချို့လွှတ်ပြီး ဒီအပန်းဖြေဂေဟာကို ပိတ်ဆို့ခိုင်းထားလိုက်… ဘယ်သူ့ကိုမှ ထွက်ခွင့်မပေးနဲ့”

ထန်ယုံတျဲ၏ မျက်နှာက ချက်ချင်းပင်ရှုံ့မဲ့သွားပြီး တစ်ခုခုပြောချင်သော်လည်း ကျန်းယွဲ့လု၏ ဆုံးဖြတ်ချက်ပြတ်သားသောအကြည့်ကို တွေ့မြင်သောအခါ သူက ကန့်ကွက်ရဲခြင်းမရှိတော့ဘဲ အင်တင်တင်ဖြင့် နာခံလိုက်ရသည်။

“ကောင်းပါပြီ လက်ထောက်ခန်းမသခင်”

ဤအမှုက လျှို့ဝှက်အသင်းအဖွဲ့များနှင့် ပတ်သက်နေသောကြောင့် ထန်ယုံတျဲက ကျန်းယွဲ့လု၏ တောင်းဆိုချက်ကို မငြင်းဆန်နိုင်ပေ။

All Chapters