← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း ၁၃၅ - ရှုကျိုးဘုရင်ခံ

ကျန်းယွဲ့လုက အပန်းဖြေဂေဟာကို ပိတ်ဆို့၍ လျှို့အသင်းအဖွဲ့များထဲက ဘယ်သူပါဝင်ပတ်သက်နေသလဲ ရှာဖွေဖော်ထုတ်လိုသည်။ ထန်ယုံတျဲက မကန့်ကွက်ရဲသော်လည်း ကန့်ကွက်မည့်လူတချို့ ရှိလေသည်။

ထန်ယုံတျဲသည် ယုံအန်နန်းတော်၏ ကြီးကြပ်ရေးမှူးဖြစ်ပြီး ပိုင်သီမြို့က ရှုကျိုး၏ နယ်နိမိတ်စည်းမျဉ်းပေါ်မှာ ရှိနေသည်။ ထို့ကြောင့် သူ့မှာ ရှုကျိုးတာအိုစံအိမ်နှင့် ဆက်သွယ်ရန် မိခင်ကလေးအဆောင်တစ်ခု ရှိထား၏။ ကျန်းယွဲ့လုက ဤအဆောင်ကိုသုံးပြီး ရှုကျိုးတာအိုစံအိမ်နှင့် ဆက်သွယ်လိုက်သည်။ ထိုသို့ဖြင့် အမှုကိုကိုင်တွယ်ရန် သူတို့က လူတချို့ကို စေလွှတ်ပေးနိုင်မည်ဖြစ်သည်။ သို့သော်လည်း ဤလူများ ရောက်မလာခင် အပန်းဖြေဂေဟာကို နောက်ခံပေးထားသည့်သူက အရင်ဆုံး ရောက်ရှိလာသည်။

ယောက်ျားတစ်ဦးလို ရုပ်ဖျက်ထားသည့် အရပ်မြင့်မြင့် အမျိုးသမီးတစ်ဦးက ကိုယ်ရံတော်များ ခြံရံကာ ရောက်ရှိလာ၏။ သူမသည် တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားပြီး အတော်လေး မောက်မာတင်စီးမည့်ပုံ ရှိသည်။ တကယ်တော့ သူမသည် ဤအဆင့်မြင့်ဆောင်ကြာမြိုင်၏ ကြီးကြပ်သူ မဟုတ်သည်ကို လူတိုင်းသိရှိထားကြ၏။ မည်သည့်ကြီးကြပ်သူကမှ ကျန်းယွဲ့လုကို ဤမျှအထိ ပြောင်ပြောင်တင်းတင်း စိန်မခေါ်ရဲသောကြောင့် ဖြစ်သည်။

တကယ်တော့ ဤမိန်းမသည် အပန်းဖြေဂေဟာကို နောက်ခံပေးထားသူ ရှုကျိုးဘုရင်ခံ၏ သမီးဖြစ်သည်။ ဤအပန်းဖြေဂေဟာသည် ချမ်းသာကြွယ်ဝသော လူကုံထံအသိုင်းအဝိုင်း ဖောက်သည်များနှင့်အတူ အကျိုးအမြတ်ကြီးမားသော စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ ထို့ကြောင့် တောင့်တင်းခိုင်မာသော နောက်ခံမရှိဘဲ ဤကဲ့သို့သော စီးပွားရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်ဖို့က မဖြစ်နိုင်သလောက်ပင်။

မဟာရွှမ်မင်းဆက်မှာ ဘုရင်ခံကိုးဦး ရှိပြီး နယ်မြေဒေသအားဖြင့် ကျင်းကျီ၊ ကျန်းနန်၊ လျောင်တုန်၊ ရှီလန်၊ ယိုယန်၊ ချင်ကျုံး၊ လင်းနန်၊ ယွင်မုန့်နှင့် ရှုကျိုးတို့ဖြစ်သည်။

သူတို့ထဲမှာ ကျင်းကျီဘုရင်ခံသည် ချီကျိုးရေတပ်နှင့် တုံဟိုင်ရေတပ် အပါအဝင် အင်ပါယာနေပြည်တော်၏ ဘေးပတ်ဝန်းကျင် နယ်မြေများကို အုပ်စိုးပြီး ဘုရင်ခံကိုးဦး၏ ခေါင်ချုပ် ဖြစ်လေသည်။ ကျန်းနန်ဘုရင်ခံက ကျန်းကျိုး၊ ရှုကျိုးနှင့် နန်ဟိုင်ရေတပ်တို့ကို အုပ်ချုပ်လေသည်။ လျောင်တုန်ဘုရင်ခံက လျောင်ကျိုး၊ ဖုန်ကျိုးနှင့် ပေဟိုင်ရေတပ်တို့ကို တာဝန်ယူအုပ်ချုပ်၏။ ဤဘုရင်ခံသုံးဦးသည် အင်ပါယာ၏ ပင်မရေတပ်ကြီးသုံးခုကို ထိန်းချုပ်ထားပြီး အရှေ့တိုင်းနှင့် အနောက်တိုင်းကြား ပင်လယ်ရေကြောင်းကုန်သွယ်မှုကို တာဝန်ယူထားသည်။ ထို့ကြောင့် သူတို့ကို ထိပ်တန်းဘုရင်ခံသုံးဦးဟု သတ်မှတ်ထားကြသည်။

သူတို့ပြီးလျှင် နောက်ထပ် ဩဇာအာဏာအရှိဆုံး ဘုရင်ခံများမှာ ရှီလန်၊ ယိုယန်နှင့် ချင်ကျုံးနယ်တို့၏ ဘုရင်ခံများ ဖြစ်ကြသည်။

ရှီလန်ဘုရင်ခံက ရှီကျိုးနှင့် လျန်ကျိုးကို တာဝန်ယူအုပ်ချုပ်သည်။ ယိုယန်ဘုရင်ခံက ယိုကျိုးနှင့် ယန်ကျိုးကို တာဝန်ယူထားပြီး ချင်ကျုံးဘုရင်ခံက ချင်ကျိုးနှင့် ကျုံးကျိုးကို တာဝန်ယူထားသည်။ ဤဘုရင်ခံသုံးဦးသည် မြောက်ဘက်မှာ ရွှေပြည်သစ်ကို ဆန့်ကျင်ခုခံရန် အတူတကွ ပူးပေါင်းဆောင်ရွက်ကြသည်။

သူတို့က ရေတပ်များကို ထိန်းချုပ်မထားသော်လည်း အနောက်ဘက်ဒေသရှိ နယ်စပ်စည်းမျဉ်းနှင့် ကုန်သွယ်လမ်းကြောင်းများပေါ်မှ ဧကရာဇ်၏ လက်ရွေးစင်စစ်သည်တော် သုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားကြသည်။ ဤဘုရင်ခံများကို အလယ်အလတ်အဆင့် ဘုရင်ခံများဟု ဆိုကြသည်။

နောက်ဆုံးမှာတော့ အောက်ဆုံးတွင် ရပ်တည်နေသော ဘုရင်ခံသုံးဦးအဖြစ် လင်းနန်၊ ယွင်မုန့်နှင့် ရှုကျိုးဘုရင်ခံတို့ ရှိကြသည်။

လင်းနန်ဘုရင်ခံက သွမ့်ကျိုးနှင့် ဝူကျိုးကို တာဝန်ယူ အုပ်ချုပ်ပြီး ယွင်မုန့်ဘုရင်ခံက ဟူကျိုးနှင့် ရှောင်ကျိုးကို တာဝန်ယူထားသည်။ ဤနေရာနှစ်ခုမှာ စစ်ပွဲများ နည်းပါးသည့်အတွက် ဤဘုရင်ခံနှစ်ဦးက စစ်သည်အင်အားများစွာကို ပိုင်ဆိုင်မထားကြပေ။

ဘုရင်ခံကိုးဦးထဲမှာ ရှုကျိုးဘုရင်ခံက ဩဇာအာဏာ အနိမ့်ဆုံးဖြစ်သည်။ အခြားသော ဘုရင်ခံအများစုက ပြည်နယ်နှစ်ခုကို တာဝန်ယူအုပ်ချုပ်သော်လည်း ရှုကျိုးဘုရင်ခံက ပြည်နယ်တစ်ခုတည်းကိုသာ တာဝန်ယူထားသည်။ ထိုအတွက် အကြောင်းပြချက်တစ်ခုမှာ ရှုကျိုးက ကြီးမားကျယ်ပြန့်သော ဧရိယာတစ်ခုကို ယူထားသောကြောင့်ဖြစ်သည်။

ရှုကျိုးသည် ရှီကျိုးထက် အနည်းငယ် ပိုမိုသေးငယ်သော်လည်း အခြားသော ပြည်နယ်များထက် များစွာပိုမိုကြီးမားနေဆဲဖြစ်သည်။ လူဦးရေအရဆိုလျှင် ရှုကျိုးက ရှီကျိုးထက် များစွာသာလွန်လေသည်။ ဒုတိယအကြောင်းအရင်းမှာ တောင်ပိုင်းနယ်စပ်နှင့် ချိတ်ဆက်နေသော ရှုကျိုးသည် အမြဲတမ်းလိုလို ပုန်ကန်မှုတစ်ခု စတင်ရာ ပထမဆုံးနယ်မြေဒေသ ဖြစ်သောကြောင့်ပင်။ ဒေသဆိုင်ရာ မျိုးနွယ်စုအကြီးအကဲများက အင်ပါယာနန်းတော်ကို မကြာခဏ ဆန့်ကျင်ပုန်ကန်တတ်သောကြောင့် အင်ပါယာနန်းတော်က ဤနေရာဒေသတစ်ခုတည်းကို ထိန်းချုပ်ရန် ဘုရင်ခံတစ်ဦး ချထားပေးခြင်းဖြစ်သည်။

ဘုရင်ခံကိုးဦးကို ထိုကဲ့သို့ ခွဲခြားထားသော်လည်း သူတို့သည် အဆင့်အတန်းအားဖြင့် တန်းတူရည်တူဖြစ်သည်။ သာမန်လူများအတွက်တော့ ဤဘုရင်ခံကိုးဦးမှာ ဒေသဆိုင်ရာအရာရှိများကြား အမြင့်မားဆုံး အဆင့်အတန်း ရှိကြလေသည်။ သူတို့၏အထက်မှာ နန်းရင်းဝန်သာ ရှိတော့သည့်အတွက် ဖြစ်သည်။ သူတို့က ဘယ်လောက်ကြီးမားသည့် ဩဇာအာဏာကို ကိုင်စွဲထားသလဲ စဉ်းစားကြည့်နိုင်သည်။

လက်ရှိ ရှုကျိုးဘုရင်ခံက စစ်ဘက်ဆိုင်ရာဗိုလ်ချုပ်တစ်ဦး ဖြစ်ခဲ့သည်။ အစောပိုင်းနှစ်များမှာ ပုန်ကန်မှုတစ်ခုကို ဖိနှိမ်ရန် ရှုကျိုးသို့ သူက ဧကရာဇ်နှင့်အတူ လိုက်ပါလာခဲ့သည်။ ထိုအချိန်တုန်းက သူက ဒုစစ်ဦးစီးချုပ် ဖြစ်ခဲ့သည်။ ထိုစစ်ပွဲအပြီးမှာ သူသည် စစ်ဦးစီးချုပ်အဖြစ် တိုးမြှင့်ပေးခံခဲ့ရ၏။ သူက ဆက်လက်၍ တိုးမြှင့်ပေးခံရပြီး ကျိုးရှီခေတ်၏ ၃၂ ခုနှစ်မှာ ရှုကျိုး၏ မဟာစစ်သေနာပတိချုပ် ဖြစ်လာခဲ့သည်။ သူက တောင်ပိုင်းနယ်စပ်မှာ နောက်ထပ်ပုန်ကန်မှုတစ်ခုကို ဖိနှိမ်ပြီးနောက် နောက်ဆုံး ကျိုးရှီခေတ်၏ ၃၉ နှစ်မှာ ရှုကျိုး၏ ဘုရင်ခံအဖြစ် တိုးမြှင့်ပေးခံခဲ့ရသည်။

ဤကဲ့သို့သော အောင်မြင်မှုများနှင့်အတူ သူက မလွဲမသွေ မောက်မာဝင့်ကြွားသည်။ သူ့ကလေးများမှာလည်း တူညီသောစရိုက် ပါလာခဲ့သည်။ သူတို့ကိုယ်သူတို့ ဥပဒေအထက်မှာ ရှိပြီး သူတို့လုပ်ချင်ရာကို လုပ်နိုင်သည်ဟု ထင်မြင်ကြသည်။ သူတို့သည် အဆင့်မြင့်ဆောင်ကြာမြိုင်များ၊ ဘဏ်တိုက်များ၊ အပေါင်ဆိုင်များနှင့် အခြားသော အကျိုးအမြတ်ကြီးမားသည့် စီးပွားရေးလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် တည်ထောင်ခဲ့ကြသည်။ သို့သော်လည်း ယခုအချိန်မှာ ဘုရင်ခံက ဧကရာဇ်၏ အလိုလိုက်ခြင်း ခံထားရပြီး မည်သူကမှ ဘာမှမပြောရဲကြပေ။

ရှုကျိုးဘုရင်ခံမှာ သားသုံးယောက်နှင့် သမီးတစ်ယောက် ရှိသည်။ သူ၏ အကြီးဆုံးသားက သူ့ခြေရာအတိုင်း လိုက်နင်းပြီး စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦး ဖြစ်လာခဲ့သည်။ သူက ရွေ့လျားတပ်မဗိုလ်ချုပ်တစ်ဦး ဖြစ်သည်။ ဧကရာဇ်၏ အမိန့်ပြန်တမ်းမရှိဘဲ အင်ပါယာနေပြည်တော်ကလွဲလျှင် နယ်မြေတူတစ်ခုတည်းမှာ သွေးသားရင်းချာ ယောက်ျားသားများကို အရာရှိများအဖြစ် အတူတကွ ထမ်းဆောင်ခွင့် ပေးမထားပေ။ ထို့ကြောင့် အကြီးဆုံးသားက ရှုကျိုးမှာ ရှိမနေပေ။

ဘုရင်ခံ၏ ဒုတိယသားက မတူညီသော လမ်းကြောင်းကို ရွေးချယ်ပြီး အင်ပါယာကိုယ်ရံတော်တပ်သားတစ်ဦး ဖြစ်လာခဲ့သည်။ သူသည် နန်းတော်ကိုယ်ရံတော်များနှင့် ဧကရာဇ်၏ ဂုဏ်ထူးဆောင်ကိုယ်ရံတော်များကို တာဝန်ယူထားသည့် ဖီးနစ်စိမ်းတပ်ဖွဲ့ အရှင်စစ်သေနာပတိ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ရှိနေသည်။

သူ့ဒုတိယသားက ဧကရာဇ်နှင့် အနီးကပ်မှာ တာဝန်ထမ်းဆောင်နေသည့်အတွက် အဲဒါက ကြမ်းတမ်းသော တာဝန်တစ်ခု ဖြစ်သော်လည်း အဆင့်မြင့်အရာရှိတစ်ဦးအဖြစ် တိုးမြှင့်ပေးခံရနိုင်သည့် တောက်ပသော အနာဂတ် သူ့မှာ ရှိနေသည်။ သူ၏ ဒုတိယသားကို ဤကဲ့သို့သော နေရာတစ်ခု ရရှိလာစေဖို့အတွက် ဘုရင်ခံက ကြိုးစားအားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် သူ့ဒုတိယမြောက်သားကလည်း ရှုကျိုးမှာ ရှိမနေပေ။

ယခုအချိန်မှာ ဘုရင်ခံအနားတွင် သူ၏ အငယ်ဆုံးသားနှင့် သမီးသာလျှင် ရှိနေသည်။ သူ့တတိယသားက သူ့ဖခင်၏ နာမည်ကိုသာ မှီခိုအားထားနေသည့် အရည်အချင်းမရှိသော သမားရိုးကျ သခင်လေးတစ်ဦးဖြစ်သည်။ သူ၏ တစ်ခုတည်းသော အားသာချက်မှာ စီးပွားရေးလုပ်ငန်းများတွင် ထက်မြက်ခြင်း ဖြစ်သည်။ သူ့အဖေ၏ နာမည်ကို သုံးပြီး ရွှေပြည်သစ်၊ အနောက်ဘက်ဒေသနှင့် အနောက်တိုင်း ကုန်းမြေတိုက်တို့နှင့်ပင် ကုန်သွယ်ကာ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်ထားလေသည်။

ဘုရင်ခံ၏ တတိယသားက အရာရာတိုင်းမှာ နှံ့နှံ့စပ်စပ်ရှိပြီး ငွေကြေးအမြောက်အမြားကို ရှာဖွေနိုင်သည်။ သူ့ကို သူ့အဘွားနှင့် သူ့မိခင်ကလည်း ချစ်ခင်မြတ်နိုး အလိုလိုက်ထားသည့်အတွက် ဘုရင်ခံက သူလုပ်သမျှကို မသိချင်ယောင်ဆောင်ထားသည်။

အလိုလိုက် အကြိုက်ဆောင် ခံရသော ကလေးတစ်ဦးအနေဖြင့် ဘုရင်ခံ၏ အငယ်ဆုံးသမီးသည် မောက်မာတင်စီး၍ တစ်ဇွတ်ထိုးနိုင်သော သခင်မလေးတစ်ဦးဖြစ်ပြီး ပျက်စီးချင်တိုင်း ပျက်စီးနေသည်။

အခန်းထဲကို ဝင်ရောက်လာသည်နှင့် ထိုသခင်မလေး၏ အကြည့်က ကျန်းယွဲ့လုအပေါ် ရောက်ရှိလာ၏။ သူမက အေးစက်စွာ မေးလိုက်သည်။

“နင် ဘယ်သူလဲ”

ကျန်းယွဲ့လုက ဤကဲ့သို့ အခွင့်ထူးခံ သခင်မလေးများကို မုန်းတီးလေသည်။ သူမက မျက်ခုံးပင့်ပြီး ခွန်းတုံ့ပြန်လိုက်သည်။

“နင်ကရော ဘယ်သူလဲ”

ပြေပြေလည်လည် ရှိကြစေရန် ထန်ယုံတျဲက အလောတကြီး ရှေ့ကိုတက်လှမ်းလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက်ကို ကျုပ် မိတ်ဆက်ပေးပါရစေ… ဒါက ဘုရင်ခံစံအိမ်က စတုတ္ထသခင်မလေး ဝမ်ရုယီပါ… ဒါကတော့ တာအိုဂိုဏ်းတော်ရဲ့ ထျန်ကန်းခန်းမက လက်ထောက်ခန်းမသခင် ကျန်းယွဲ့လုပါ”

“ကျန်းမျိုးနွယ်လား… နင်က ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထောက်ခန်းမသခင် ဖြစ်လာတယ်ဆိုတော့ တာ့ကျန်းစံအိမ်ကပဲ ဖြစ်ရမယ်…. နင်က ကောင်းကင်ဆရာသခင်ရဲ့ မြေးမလား”

ဝမ်ရုယီသည် တာအိုဂိုဏ်းတော်၏ အတွင်းရေးကို သိရှိထားသည်မှာ သိသာနေ၏။ သူမက ကျန်းယွဲ့လုကိုလည်း ကြောက်ရွံ့မနေပေ။

“ရှုကျိုးမှာ ရှိတဲ့လူတွေက ကျန်းယီဂိုဏ်းနောက်ကို မလိုက်ဘူး… ငါတို့က ရွှမ်ကျန်းဂိုဏ်းကိုပဲ ယုံကြည်ကြတယ်… ကောင်းကင်ဆရာသခင်က ဘယ်လောက်ပဲ စွမ်းအားကြီးမားပါစေ… မြေကမ္ဘာဆရာသခင်ရဲ့ ပိုင်နက်နယ်မြေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး”

ဝမ်မိသားစုမှ ဤသခင်မလေးက စီးပိုးခြယ်လှယ်တတ်ပြီး အတော်လေး ပါးရည်နပ်ရည် ရှိသည်။ ဤစကားက ပျံ့နှံ့သွားမည်ဆိုလျှင်ပင် အဲဒါက လက်တွေ့ကျသော အချက်အလက်တစ်ခုသာဖြစ်၍ တာအိုတပည့်ဂိုဏ်းသားများက ငြင်းဆန်နိုင်မည် မဟုတ်ပေ။ မကြာသေးခင်နှစ်များမှာ ဂိုဏ်းကြီးသုံးဂိုဏ်းကြားတွင် ရှုပ်ထွေးသော ရေအောက်စီးကြောင်းများ စီးဆင်းလာပြီး မဟာသူတော်စင်သုံးဦးကလည်း တစ်ဦးနှင့်တစ်ဦး အတိုက်အခံ ဖြစ်လာကြသည်။

ကျန်းယွဲ့လုက တည်ငြိမ်စွာ ပြောလိုက်၏။

“ငါက မဟာအကြီးအကဲထံ တိုက်ရိုက်လက်အောက်ခံထားတဲ့ ထျန်ကန်းခန်းမရဲ့ လက်ထောက်ခန်းမသခင်တစ်ဦးပဲ… ခန်းမက တာအိုဂိုဏ်းတွေနဲ့ ပတ်သက်မှု မရှိဘူး၊ ကြီးကြပ်ရေးမှူးထန်.. ရှစ်ပိုခန်းမက တခြားလူတွေနဲ့ စီးပွားရေးလုပ်တဲ့အခါ ရှင်တို့က ချွမ်ကျန်းဂိုဏ်းတပည့်တွေနဲ့ပဲ လက်တွဲတာလား”

ထန်ယုံတျဲက ဤအချက်ကို အခိုင်အမာ ထုတ်ဖော်ရဲခြင်း မရှိဘဲ မြန်မြန်ဆန်ဆန် ပြောလိုက်သည်။

“မဟုတ်ပါဘူး.. ကျုပ်တို့က လူတိုင်းနဲ့ လက်တွဲပြီး လုပ်ပါတယ်”

ကျန်းယွဲ့လု၏ မျက်နှာက အေးစက်လာပြီး ထုတ်ဖော်ကြေညာလိုက်သည်။

“ဒါဆိုရင်တော့ ကောင်းတာပေါ့… အရင်တုန်းက ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတွေကို ပေါင်းစည်းပြီး ဂိုဏ်းကြီးသုံးဂိုဏ်းကို တည်ထောင်ခဲ့တယ်… ဂိုဏ်းကြီးသုံးဂိုဏ်းမှာ သူတို့ကိုယ်စီ တာဝန်ယူမှု တာဝန်ခံမှုတွေ ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့တယ်”

“ကျန်းယီဂိုဏ်းက တစ္ဆေသရဲတွေ၊ နတ်ဘုရားတွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို တာဝန်ယူထားတယ်… ချွမ်ကျန်းဂိုဏ်းက ဆန်းသစ်တီထွင်မှုတွေကို တာဝန်ယူထားပြီး ထိုက်ဖျင်ဂိုဏ်းက လောကီအရေးကိစ္စတွေကို တာဝန်ယူထားတယ်… ကျန်းယီဂိုဏ်းက ဝူကျိုးကို တာဝန်ယူအုပ်ချုပ်ရပြီး ချွမ်ကျန်းဂိုဏ်းက ရှုကျိုးကို တာဝန်ယူအုပ်ချုပ်ရမယ်လို့ ရွှမ်အရှင်မြတ်က ဘယ်တုန်းက ပြောခဲ့လဲ… အဲဒီနယ်မြေဒေသတွေကို ဂိုဏ်းတွေအလိုက် ခွဲခြားယူထားမယ်ဆိုရင် ငါတို့က ဒေသံတာအိုစံအိမ်တွေကို ဘာလို့ထားနေရဦးမှာလဲ”

ခဏကြာသည်အထိ မည်သူကမှ အသံတစ်ချက် မထွက်ရဲကြပေ။ လူတိုင်း၏ မျက်နှာက တည်ကြည်လေးနက်နေကြ၏။

တာအိုအဖွဲ့အစည်းအတွင်းမှာ ရွှမ်အရှင်မြတ်၏ စကားလုံးများက ဥပဒေ ဖြစ်ခဲ့လေသည်။ မည်သူကမှ အဲဒါကို မငြင်းဆန်နိုင်ကြပေ။

ဝမ်ရုယီ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားပြီး ခဏကြာသည်အထိ သူမက ဆွံ့အနေ၏။

ကျန်းယွဲ့လုက ဝမ်ရုယီကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

“အမိဝမ်… နင်က တာအိုအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တစ်ဦး မဟုတ်တဲ့အတွက် ရွှမ်အရှင်မြတ်ရဲ့ အမိန့်ပြန်တမ်းတွေကို သိချင်မှ သိလိမ့်မယ်… နင်က စည်းမျဉ်းစည်းကမ်းကို မသိဘူးဆိုမှတော့ ငါက နင်နဲ့ ငြင်းမနေတော့ဘူး… ဒါပေမဲ့ ကျန်းယီဂိုဏ်းနဲ့ ချွမ်ကျန်းဂိုဏ်းအကြား နင် နောက်တစ်ခါဆက်ပြီး သွေးခွဲဦးမယ်ဆိုရင် ငါ နင့်ကို လွှတ်ပေးမှာ မဟုတ်ဘူး”

“မင်း ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ”

လေးနက်သော အသံတစ်သံက ရုတ်တရက် ကြားဖြတ်ဝင်ရောက်လာသည်။

ထိုအသံက ကြမ်းတမ်းခြင်း သို့မဟုတ် စူးရှခြင်း မရှိပေ။ မိတ်ဆွေများအကြား နှုတ်ဆက်သလို အတော်လေး ပုံမှန်သာဖြစ်သည်။ လူတိုင်း၏ စိတ်အာရုံက တံခါးဝမှ မဖိတ်ခေါ်ထားသော ဧည့်သည်ထံသို့ ရောက်ရှိသွားကြသည်။ ထိုလူက အင်ပါယာနန်းတော်၏ စစ်ဘက်ဆိုင်ရာ အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူ၏ အဆင့်ကို ထုတ်ဖော်ပြသထားခြင်း မရှိပေ။ သူက ခပ်မှိန်မှိန်အလင်းရောင်အောက်မှာ မတ်တတ်ရပ်နေပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။

သူရောက်ရှိလာသည်ကို မည်သူကမှ မသိရှိခဲ့ပေ။ သူက ကောင်းကင်သက်ရှိတစ်ဦး ဖြစ်နေသည့်အတွက် ကျန်းယွဲ့လုက တုန်လှုပ်သွား၏။

ထိုလူက ရှေ့သို့ ဖြည်းဖြည်းချင်း တက်လှမ်းပြီး အရိပ်ထဲကနေ ထွက်လာသည်။ သူက ဝမ်ရုယီ၏ ဘေးကို ရောက်လာပြီး ဓားနှင့်အတူ သန်မာ၍ တင်စီးလွန်းသည့်ပုံပေါက်နေ၏။

ဝမ်ရုယီက သူ့ကို မြင်သောအခါ အားကိုးအားထားကို ရှာတွေ့သွားပုံရသည်။ သူမက စောစောက မောက်မာတင်စီးသော စရိုက်ကို ခွာချပြီး နူးညံ့သိမ်မွေ့သော သခင်မလေးတစ်ဦးလို ပြုမူလိုက်သည်။

“ဦးလေးကျောက်… တွေ့ရတာ ဝမ်းသာလိုက်တာရှင်”

ဤလူက ဝမ်ရုယီကို ညင်သာစွာ ပြုံးပြပြီး ကျန်းယွဲ့လုဘက်ကို လှည့်လိုက်သည်။

“ငါက ရှုကျိုးရဲ့ စစ်ဦးစီးချုပ် ကျောက်ဖူအန်ပဲ… လက်ထောက်ခန်းမသခင်ကျန်း… စောစောက မင်း သူ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတာလား”

ချီရွှမ်းစုက ဦးစီးချုပ်ကျောက်၏ တင်စီးလွန်းသော အော်ရာကိုသာ ခံစားမိသည်။ သို့သော်လည်း ကျန်းယွဲ့လုက ထိုလူကို ကြောက်ရွံ့မနေပေ။ သူမသည် ကျောက်စိမ်းနေပြည်တော်မှာ စွမ်းအားကြီးမားသော ပုဂ္ဂိုလ်များနှင့် ကောင်းကင်သက်ရှိများကို ကောင်းကောင်းမြင်တွေ့ထားဖူးသည်။ ထျန်ကန်းခန်းမတစ်ခုတည်းမှာပင် အခြားသော လက်ထောက်ခန်းမသခင်များ အားလုံးက ကောင်းကင်သက်ရှိများ ဖြစ်ကြသည်။ ခန်းမသခင်က အင်မော်တယ်တစ်ပိုင်းဖြစ်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည့် ဇောက်ဟွာအဆင့် ကောင်းကင်သက်ရှိတစ်ဦး ဖြစ်သည်။

ကျန်းယွဲ့လုက ပြောလိုက်သည်။

“ရှင် ကျွန်မကို ခြောက်လှန့်နေစရာ မလိုပါဘူး… ရှင်က ကျန်းယီဂိုဏ်းနဲ့ ချွမ်ကျန်းဂိုဏ်းကို သွေးခွဲရဲမယ်ဆိုရင် ရှင့်ကိုလည်း ကျွန်မ လွှတ်ပေးမှာ မဟုတ်ဘူး”

“ဒါဆို မင်းက ဘာလုပ်ဖို့ ကြံရွယ်ထားလို့လဲ”

ကျောက်ဖူအန်က ဟာသတစ်ခုကို ကြားလိုက်ရသည့်အလား ရယ်မောလိုက်၏။ သူက သူ့နှာခေါင်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား… ဒါမှမဟုတ် အင်ပါယာနန်းတော်ကို ခြိမ်းခြောက်နေတာလား”

ကျန်းယွဲ့လုက သူ့ကို စိုက်ကြည့်လိုက်၏။

“ရှင် အင်ပါယာနန်းတော်ကို ဆွဲမထည့်နဲ့… ဒါက သတိပေးရုံပဲ… ခြိမ်းခြောက်တာ မဟုတ်ဘူး… နောက်ပြီး ရှင်တစ်ဦးတည်းက အင်ပါယာနန်းတော်ကို ကိုယ်စားမပြုဘူး”

ကျောက်ဖူအန်က သူ၏ မျက်လုံးကို မှေးကျဉ်းလိုက်သည်။

“ငါက အင်ပါယာနန်းတော်ကို ကိုယ်စားမပြုနိုင်ဘူးဆိုရင် မင်းကကော တာအိုဂိုဏ်းတော်ကို ကိုယ်စားပြုနိုင်ပါ့မလား… ငါ့မှာ တာအိုဂိုဏ်းတော်က လူတွေကို ကိုင်တွယ်ဖို့ ဩဇာအာဏာ မရှိပေမဲ့ နန်းတွင်းအရာရှိတွေကို ခြိမ်းခြောက်တဲ့အမှုနဲ့ ငါ မင်းကို အရင်ဆုံး ဖမ်းဆီးထားလို့ရတယ်… အဲဒီအခါ တာအိုဂိုဏ်းတော်က တစ်ယောက်ယောက်က မင်းကို အာမခံနဲ့ လာထုတ်ရလိမ့်မယ်”

ကျန်းယွဲ့လုက ပါးကိုက်နားကိုက် တုံ့ပြန်လိုက်သည်။

“ဦးစီးချုပ်ကျောက်… ရှင်ကသာ ဒီကိုလာပြီး ကျွန်မကို ခြိမ်းခြောက်နေတာပဲ… ရှင် ကျွန်မကို ဖမ်းဆီးချင်တယ်ဆိုရင် ဖမ်းလိုက်လေ… ကျွန်မရဲ့ ခန်းမသခင်နဲ့ ကောင်းကင်ဆရာသခင် ရောက်လာတဲ့အခါ ဘယ်သူမှားလည်း ဆွေးနွေးကြရလိမ့်မယ်… ကျွန်မ မှားတယ်လို့ သူတို့ ဆုံးဖြတ်မယ်ဆိုရင် အပြစ်ဒဏ်ကို ကျေကျေနပ်နပ် ခံယူလိုက်မယ်… ဒါပေမဲ့ ရှင် မှားတယ်လို့ သူတို့ ဆုံးဖြတ်မယ်ဆိုရင်တော့ တာအိုဂိုဏ်းတော်က ရှင့်ကို ဖမ်းဆီးပြီး မဟာသူတော်စင်ဇီကျိထံ ရှင့်ရဲ့ပြစ်မှုကို တင်ပြကြလိမ့်မယ်… အဲဒီအခါကျရင် ရှင့်ရဲ့ ရာထူးကို ထိန်းထားနိုင်ဦးမလား ကြည့်ရသေးတာပေါ့”

ထျန်ယုံတျဲ၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်သွား၏။ ကျောက်ဖူအန်က စိတ်ဆိုးဒေါသထွက်လာကာ သူ၏ လက်သီးနှစ်ဖက်ကို ဖြည်းဖြည်းချင်း ဆုပ်လိုက်သည်။

ဤအချိန်မှာ ချီရွှမ်းစုက ရုတ်တရက် ကြားဖြတ်ပြောလိုက်၏။

“ဦးစီးချုပ်ကျောက်… ဒါက လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ ပတ်သက်နေတယ်… ခင်ဗျားကြောင့် အမှုလိုက်တဲ့နေရာမှာ ကြန့်ကြာသွားမယ်ဆိုရင် ခင်ဗျားက လျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ ပတ်သက်နေတယ်လို့ လူတွေက မလွဲမသွေ သံသယဝင်ကြလိမ့်မယ်… မဟုတ်ရင် ခင်ဗျားက တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ကျုပ်တို့ကို ဘာလို့ ဟန့်တားနှောင့်ယှက်နေမှာလဲ… ဦးစီးချုပ်ကျောက်… ကျုပ်တို့ ခင်ဗျားကို ဒီနေ့ မဖမ်းဆီးနိုင်ဘူးဆိုရင်တောင် အခွင့်အာဏာရှိတဲ့ တစ်ယောက်ယောက်က အနှေးနဲ့အမြန်ဆိုသလို ခင်ဗျားဆီ ရောက်လာလိမ့်မယ်”

ကျောက်ဖူအန်က နည်းနည်းလေးမှ မကြောက်ရွံ့သည့် ချီရွှမ်းစုကို ရုတ်တရက် လှည့်ကြည့်လိုက်၏။

ချီရွှမ်းစုက ဆက်ပြောလိုက်သည်။

“ခင်ဗျားက အခုချိန်မှာ အယူဝါဒမိစ္ဆာတွေကို ထွက်ပြေးခွင့်ပေးလိုက်မယ်ဆိုရင်တောင် တာအိုဂိုဏ်းတော်က ဒီအမှုကို သေချာပေါက် ရအောင်စုံစမ်းလိမ့်မယ်… ဦးစီးချုပ်ကျောက်… ခင်ဗျား ကျုပ်တို့ကို ဒီနေ့ ဖမ်းဆီးပြီး အာမခံနဲ့ လာထုတ်ခိုင်းနိုင်တယ်… ဒါပေမဲ့ မနက်ဖြန်မှာ တာအိုဂိုဏ်းတော်က ခင်ဗျားကို ပြန်ပြီး ဖမ်းဆီးလိုက်မှာ ကျုပ်စိုးရိမ်မိတယ်… အဲဒါဆိုရင် အင်ပါယာနန်းတော်က တစ်ယောက်ယောက်က ခင်ဗျားကိုလည်း အာမခံနဲ့ လာထုတ်ရလိမ့်မယ်… ဦးစီးချုပ်ကျောက်… ဒီကိစ္စရဲ့ အတိုင်းအရှည်ကို ကျေးဇူးပြုပြီး နှစ်ခါပြန်စဉ်းစားပါ။”

အခန်း ၁၃၆ - ကျောက်ဖူအန်

ပင်မခန်းမ၏ အတွင်းအပြင်က သေလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျောက်စိမ်းနေပြည်တော်မှ သူ့ရောင်းရင်းတာအိုဆရာသည် အင်ပါယာနန်းတော်မှ စစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးကို ဆန့်ကျင်တိုက်ခိုက်ရဲလောက်အောင် ခေါင်းမာလိမ့်မည်ဟု ထန်ယုံတျဲ ထင်မှတ်မထားခဲ့ပေ။ ကျောက်ဖူအန်၏ မျက်နှာက တည်ကြည်လေးနက်လာ၏။

ချီရွှမ်းစုက တကယ်တော့ ခေါင်းမာခြင်း မဟုတ်ပေ။ သူတစ်ယောက်တည်းသာဆိုလျှင် ကျောက်ဖူအန် ပေါ်ထွက်မလာခင်မှာပင် သူက အလျှော့ပေးဖို့ ရွေးချယ်ပေလိမ့်မည်။ သူက ဝမ်ရုယီကို လုပ်ချင်ရာလုပ်ခွင့်ပေးပြီး သူမ၏ စော်ကားပြောဆိုမှုများကို သည်းခံပေလိမ့်မည်။

သို့သော်လည်း ကျန်းယွဲ့လုက ဤကဲ့သို့ အရှက်ရစရာမျိုးကို သည်းခံမည့်လူမျိုး မဟုတ်ပေ။ ပထမတစ်ချက်အနေဖြင့် သူမသည် တောင့်တင်းသော နောက်ခံတစ်ခု ရှိထားသည့်အတွက် ဤကဲ့သို့သော ခြိမ်းခြောက်မှုများကို ကြောက်ရွံ့မနေပေ။ ဒုတိယအချက် သူမမှာ မှန်ကန်ဖြောင့်မတ်သော စိတ်နေစရိုက် ရှိနေသည်။ သူမက မှန်သည်ထင်သည့်အရာကိုသာ ပြုလုပ်ပေလိမ့်မည်။

ထို့ကြောင့် ချီရွှမ်းစုက မတတ်သာဘဲ ကျန်းယွဲ့လု၏ ဘက်ကနေ ရပ်တည်ပေးလိုက်ရ၏။

ခဏကြာပြီးနောက် ကျောက်ဖူအန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

“ငါ့ကို ဆုံးမရအောင် မင်း ဘယ်သူလဲ... မင်း ကိုယ့်နေရာကိုယ်မသိဘဲ ဘယ်လိုတောင် ဝင်ပြောရဲတာလဲ”

ချီရွှမ်းစုက ဒေါသထွက်မသွားပေ။ သူတစ်ယောက်တည်း အပြင်မှာ လှည့်လည်သွားလာခဲ့စဉ်က ရိုင်းစိုင်းကြမ်းတမ်းသော စကားလုံးများစွာကို ကြားဖူးထားခဲ့သည်။ သူသာ အကုန်လုံးကို စိတ်ထဲမှာ ထည့်မှတ်ထားမည်ဆိုလျှင် စိတ်တိုဒေါသထွက်ရလွန်းလို့ သေသွားရပေလိမ့်မည်။

သူက ကျောက်ဖူအန်ကို ဦးညွှတ်ပြီး သူ့ကိုယ်သူသာ မိတ်ဆက်ပေးလိုက်သည်။

“ကျုပ်က ထျန်ကန်းခန်းမက အမှုဆောင်တစ်ဦး ချီရွှမ်းစုပါ... ဦးစီးချုပ်ကျောက်… တွေ့ရတာ ဝမ်းသာပါတယ်”

“မင်းက အစေအပါး အမှုဆောင်တစ်ဦးပဲကို... ဒါတောင် ဒီလိုမျိုး ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုရဲတယ်ပေါ့”

ကျောက်ဖူအန်က သူ့မျက်နှာကို အနည်းငယ် မော့လိုက်သည်။

ချီရွှမ်းစုက တုံ့ပြန်လိုက်၏။

“ဦးစီးချုပ်ကျောက် ကျုပ်က အချက်အလက်ကိုပဲ ထောက်ပြတာပါ... အဲ့ဒါကို မောက်မာရိုင်းစိုင်းတယ်လို့ ပြောလို့မရပါဘူး... ကျုပ်ပြောတာ မှားခဲ့မယ်ဆိုရင် ကျေးဇူးပြုပြီး အမှန်ပြင်ပေးပါဦး”

ကျောက်ဖူအန်က သူ့မျက်လုံးကို မှေးကျဉ်းလိုက်၏။

“ဟိုလက်ထောက်ခန်းမသခင် မောက်မာနေတာကို ငါ မသိချင်ယောင်ဆောင်ပေးနိုင်သေးတယ်... ဒါပေမဲ့ အခုတော့ မင်းလိုမျိုး အစေအပါးအမှုဆောင်တစ်ဦးကပါ ငါ့ကို စော်ကားရဲနေပြီပေါ့... မင်းကို ငါ အသေရိုက်သတ်လိုက်လို့ ငါ့ကို အပြစ်မတင်နဲ့တော့”

ထို့နောက် မကြာခင် ခပ်ယဲ့ယဲ့ အက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။

အခြားသူများက မတုံ့ပြန်နိုင်ခင် ထိုအသံသည် ကျောက်ဖူအန်၏ ခြေဖဝါးအောက် ကြမ်းခင်းကျောက်ပြားများကနေ လာခြင်းဖြစ်သည်ကို ကျန်းယွဲ့လုက သတိထားမိလိုက်၏။

သူ ပေါ်ထွက်လာပြီးကတည်းက ကျောက်ဖူအန်သည် ကြမ်းပေါ်မှာ ခြေမချခဲ့ပေ။ သူက ကြမ်းပြင်ပေါ်မှာ ကြွနေပြီး ယခု သူ့ခြေဖဝါးက ကြမ်းပြင်နှင့် ထိလိုက်သည့်အချိန်မှသာ ဤအက်ကွဲကြောင်းများက ပင့်ကူအိမ်ကဲ့သို့ အဘက်ဘက်ကို ဖြန့်ကြက်သွားခြင်းဖြစ်သည်။

ကျန်းယွဲ့လုက ရုတ်တရက် အော်ပြောလိုက်၏။

“ထျန်းယွမ် သတိထား...”

ကျောက်ဖူအန်က လေးကြိုးက ပစ်လွှတ်လိုက်သော မြားတစ်စင်းလို ရှေ့ကို တစ်ဟုန်ထိုး ပြေးဝင်လာ၏။ ချီရွှမ်းစုက အတွေ့အကြုံရှိ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ပြီး သတိကပ်ထားပြီဖြစ်ကာ ခံစစ်အနေအထားကို ယူလိုက်သည်။

ချီရွှမ်းစုမှာ တန်ပြန်တိုက်ခိုက်ဖို့ စိတ်မရှိပေ။ သူက အသက်ဆက်ရှင်ချင်ရုံသာဖြစ်ပြီး ဤထိုးချက်ကနေ သေဆုံးမသွားဖို့သာ မျှော်လင့်ထား၏။ ထို့သို့ဖြင့် သူ၏ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ကြက်ခြေခတ်ကာပြီး ထိတွေ့ရိုက်ခတ်မှုဖြင့် နောက်သို့ စင်ထွက်သွား၏။ သူ၏ ဘယ်ဘက်လက်ဖျံပေါ်ရှိ အရေပြားက အကောင်းတိုင်းရှိနေသော်လည်း သူ့အရိုးများက ကျိုးပြီး သူ၏ဘယ်ဘက်လက်က ကောက်ကွေးသွားလေသည်။ ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ဒေဝနယ်ပယ် ကိုယ်ခံပညာသိုင်းသမားတစ်ဦး ထုတ်ဖော်လိုက်သည့် အင်အားဖြစ်သည်။ ကျောက်ဖူအန်၏ လက်သီးထံမှ မမြင်ရသော အင်အားက ချီရွှမ်းစု၏ လက်၊ ရင်ဘတ်နှင့် နှလုံးတို့ကို ထိုးဖောက်ဝင်ရောက်လာ၏။

ကျောက်ဖူအန်က အသေထိုးချက်ကို ထုတ်ဖော်လိုသော်လည်း သူ့ခွန်အား၏ ၇၀ ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုခဲ့သည်။ ထိုအင်အားသည် ရှန်းထျန်သက်ရှိတစ်ဦး သို့မဟုတ် ယွီရှုအဆင့် လေလွင့်ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ရန် လုံလောက်သောကြောင့် ဖြစ်သည်။

အစစ်အမှန် ကိုယ်ခံပညာသိုင်းသမားတစ်ဦးအနေဖြင့် ချီရွှမ်းစုကလည်း ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်မည်ဟု ကျောက်ဖူအန်က မထင်ပေ။ တစ်ချက်ကြည့်ရုံနှင့် ချီရွှမ်းစုမှာ စုဖွဲ့ထားသော သွေးကြောဆုံမှတ်များနှင့် စိတ်ဝိညာဉ် ရှိ မရှိ ကျောက်ဖူအန်က ပြောနိုင်သောကြောင့် ဖြစ်သည်။

ကံကောင်းစွာဖြင့် ချီရွှမ်းစု၏ ခန္ဓာကိုယ်ကို ချင်းဖျင်အသင်းနှင့် ရွှမ်ကျောက်စိမ်းက အသွင်ပြောင်းလဲပေးထားခဲ့သည်။ ထို့သို့ဖြင့် သူ့ကိုယ်ကာယက ကွေ့ကျန်းအဆင့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးနှင့် ယှဉ်နိုင်နေ၏။ သူက နံရံနှင့် ပြင်းထန်စွာ ပစ်တိုက်ပြီး ကြမ်းပြင်ပေါ်ကို လဲကျသွားသော်လည်း အသိစိတ် ရှိနေဆဲဖြစ်၏။ သူက ထရပ်ဖို့ ကြိုးစားလိုက်သော်လည်း ထိုသို့ မပြုလုပ်နိုင်တော့ပေ။ သူ့ပါးစပ်ထဲမှာ ညှီစို့စို့သွေးများက ပြည့်နှက်နေပြီး သူ့အသက်ကို ထိန်းထားနိုင်ရုံသာ ဖြစ်သည်။

တစ်ချိန်တည်းနီးပါးမှာပင် ကျန်းယွဲ့လုက တုံ့ပြန်ပြီး သူ့လက်ထဲရှိ ပုံသဏ္ဌာန်မဲ့စက္ကူကို စက္ကူဓားအဖြစ် ပြောင်းလဲကာ ကျောက်ဖူအန်ကို တိုက်ခိုက်လိုက်သည်။

ကျောက်ဖူအန်က ကျန်းယွဲ့လုကို ဂရုမစိုက်ဘဲ သူမ၏ ဓားဖြင့် သူ့ရင်ဘတ်ကို ထိုးစိုက်ခွင့်ပေးထားသည်။ ထိုသို့ဖြင့် သူက ကျန်းယွဲ့လုကို သံတောင်ပစ်တိုက်ခြင်းဖြင့် တိုက်ခိုက်လိုက်၏။

(သံတောင်ပစ်တိုက်ခြင်း - ခန္ဓာကိုယ်အားကိုသုံးပြီး ပုခုံးစောင်း သို့မဟုတ် လက်ပြင်ဖြင့် ပြိုင်ဘက်ကို ပြင်းထန်စွာ ပစ်စောင့်တိုက်ခြင်း။)

သူက ကျန်းယွဲ့လုကို သတ်ဖြတ်ရလောက်အောင် မရဲတင်းပေ။ ထိုသို့ပြုလုပ်မည်ဆိုလျှင် မည်သူကမှ သူ့ကို ကာကွယ်ပေးနိုင်တော့မည် မဟုတ်သောကြောင့်ပင်။ တာအိုဂိုဏ်းတော်မှာ အတွင်းရေးက ဘယ်လောက်ပင် ရှုပ်ထွေးသည်ဖြစ်စေ သူတို့က ဤကိစ္စအပေါ်မှာ အလျင်အမြန် သဘောတူညီမှုတစ်ခု ရယူပြီး သူ့ကို ဖမ်းဆီးဖို့အတွက် သူတော်စင်တစ်ဦးကို စေလွှတ်ပေလိမ့်မည်။ ထိုအခါ သူသည် နတ်ဆိုးနှိမ်နင်းစင်မြင့်ပေါ်သို့ ခေါ်ဆောင်ခံရပြီး အများလူထုကို နမူနာပြသရန် ပြင်းထန်စွာ အပြစ်ပေးခံရပေလိမ့်မည်။

ဤသည်မှာ ကျန်းယွဲ့လု၏ နောက်ခံနှင့် မပတ်သက်ဘဲ အပြင်လူများက အဆင့်မြင့်တာအိုဆရာများကို မသတ်ဖြတ်ရဟူသော စည်းမျဉ်းစည်းကမ်းကြောင့် ဖြစ်လေသည်။ ဤကဲ့သို့သော သတ်ဖြတ်ခြင်းအများစုကို လုပ်ကြံသတ်ဖြတ်သူများ ငှားရမ်းခြင်းဖြင့် တိတ်တဆိတ် ပြုလုပ်ရသည်။ မည်သို့ပင်ဆိုစေ လုပ်ကြံသတ်ဖြတ်သူတစ်ဦး ငှားရမ်းခြင်းနှင့် အများသူငါရှေ့မှာ သတ်ဖြတ်ခြင်း၏ နောက်ပိုင်းအကျိုးဆက်နှင့် ရိုက်ခတ်မှုက လုံးဝကို ကွဲပြားလေသည်။

သို့သော်လည်း ကျောက်ဖူအန်က ကျန်းယွဲ့လုကို ဒဏ်ရာရအောင် ပြုလုပ်ရဲဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျန်းယွဲ့လုက သူ့ကို အရင်စတင်တိုက်ခိုက်လာသည့်အတွက် သူက ခုခံကာကွယ်ရင်း ထိုသို့ ပြုလုပ်မိသည်ဟု အကြောင်းပြချက်ပေးနိုင်သည်။ ကျန်းယွဲ့လုကို တာအိုဂိုဏ်းတော်က နောက်ခံပေးထားသလို သူ့ကိုလည်း အင်ပါယာနန်းတော်က နောက်ခံပေးထားသည်။

တစ်ဖက်မှာတော့ ချီရွှမ်းစုက အဆင့်နိမ့်အမှုဆောင်တစ်ဦးမျှသာ ဖြစ်သည်။ နောက်လိုက်အစေအပါးတစ်ဦးကို သတ်ဖြတ်ခြင်းအတွက် အပြစ်ဒဏ်က အတော်လေး ပေါ့လျော့လေသည်။ တာအိုဂိုဏ်းတော်က အဆင့်နိမ့်တာအိုဆရာတစ်ဦးအတွက် အင်ပါယာနန်းတော်နှင့် စစ်ခင်းလိမ့်မည် မဟုတ်ပေ။

ဤပစ်တိုက်ချက်မှာ ကျန်းယွဲ့လု၏ ဒြပ်စင်ငါးမျိုး ချီဒိုင်းကာက စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားသော်လည်း ဤအချိန်အတောအတွင်းမှာ ကျန်းယွဲ့လုက တန်ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးရခဲ့သည်။ သူမက ဘယ်ဘက်လက်ကို ဆန့်ထုတ်ပြီး သူ၏ ပစ်တိုက်ချက်မှ တုန်ခါလှိုင်းများကို အသုံးချကာ နောက်သို့ မျှောချပြီး သူမ၏ ပြိုင်ဘက်နှင့် လူချင်းခွာဖို့ ကြိုးစားလိုက်သည်။

ကျောက်ဖူအန်က အခွင့်အလမ်းကို ချိန်ဆပြီး သူမကို ပစ်ထိုးလိုက်သော်လည်း ကျန်းယွဲ့လုသည် မည်သည့်ခုခံမှုမှ မရှိဘဲ ကြွေကျလာသော သစ်ရွက်တစ်ရွက်လို အလိုက်သင့် လှုပ်ရှားသွား၏။ သူမက သူ့လက်သီးနှင့် စင်တီမီတာ ၃၀ခန့် ခွာပြီး နောက်သို့ မျှောချသွားသည်။

သူက နှစ်ကြိမ်ဆက်တိုက် ပစ်ထိုးလိုက်သော်လည်း အချည်းနှီးသာ ဖြစ်ရသည်။ ကျန်းယွဲ့လုကို ထိခိုက်အောင် မလုပ်နိုင်သည့်အတွက် သူက အတော်လေး ဒေါသထွက်လာပြီး သူမကို နောက်တစ်ဖန် မြန်မြန်ဆန်ဆန် တိုက်ခိုက်လိုက်သည်။

ဤတစ်ခေါက်မှာ ကျန်းယွဲ့လုက မရှောင်နိုင်ဘဲ သူ့လက်သီးကို သူမ၏ လက်ဖဝါးဖြင့် ခံပေးလိုက်ရသည်။

ကျောက်ဖူအန်က သူ့ခွန်အားအပြည့်အဝကို အသုံးမပြုထားသော်လည်း သူက ကောင်းကင်သက်ရှိတစ်ဦး ဖြစ်နေသေးပြီး ကျန်းယွဲ့လု၏ ခန္ဓာကိုယ်တစ်ခုလုံးက ထိုထိတွေ့ရိုက်ခတ်မှုမှာ ခါထွက်သွား၏။ သူမက ပိုလျှံနေသော စွမ်းအင်ကို သူမ၏ ခန္ဓာကိုယ်ကနေ ခြေဖဝါးအောက် ကြမ်းပြင်ဆီသို့ ပို့လွှတ်ပြီး အက်ကွဲကြောင်းများ ပေါ်ထွက်လာစေသည်။

ကျောက်ဖူအန်က ရေရွတ်လိုက်သည်။

“ဟမ်... မင်းက အစွမ်းအစ ရှိသားပဲ”

သူက လှုပ်ရှားကွက်ပြောင်းပြီး လက်ဝါးစောင်းဖြင့် ကျန်းယွဲ့လု၏ မျက်နှာကို ချိန်ရွယ်လိုက်သည်။

သူမ၏ စက္ကူဓားက အနီးကပ်တိုက်ခိုက်မှုမှာ ထိရောက်မှု မရှိသည့်အတွက် ကျောက်ဖူအန်နှင့် ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်သည်ကို ကျန်းယွဲ့လုက သိရှိထားသည်။ ထို့ကြောင့် သူမက ပုံသဏ္ဌာန်မဲ့စက္ကူကို လက်အိတ်တစ်ခုအဖြစ် ပြောင်းပြီး လက်မှာ ဝတ်ဆင်လိုက်၏။

စက္ကူလက်အိတ် ဝတ်ဆင်လိုက်သည့်အခါ သူမ၏ လက်ချောင်းများက သင်တုံးဓားသွားများကဲ့သို့ ထက်ရှနေပြီး ကျောက်ဖူအန်၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။ ကျောက်ဖူအန်က ဒေဝနယ်ပယ် ကိုယ်ခံပညာသိုင်းသမားတစ်ဦး ဖြစ်သော်လည်း သူက အင်မော်တယ်တစ်ပိုင်းပစ္စည်းကို လျှော့မတွက်ပေ။ သူ့လက်ကို ရုပ်ပြီး လက်ချောင်းများကို ငှက်လက်သည်းအဖြစ် ကွေးညွှတ်ကာ ကျန်းယွဲ့လု၏ လက်ကောက်ဝတ်ကို ပြန်လည်ဖမ်းဆွဲဖို့ ကြိုးစားလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ရင်း သူတို့က တစ်နေရာတည်းမှာ ရှိနေကာ သူတို့၏ လက်လှုပ်ရှားမှုများကသာ ပြောင်းလဲနေလေသည်။ နောက်ဆုံးမှာတော့ ကျန်းယွဲ့လုက ကျောက်ဖူအန်ထက် အနည်းငယ် နိမ့်ကျသည့်အတွက် သူမ၏ ပခုံးက ဖမ်းဆွဲခံလိုက်ရ၏။ သူမ၏ ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားသော်လည်း သူမ ခန္ဓာကိုယ်ထဲရှိ ချီက လျင်မြန်စွာ လှည့်ပတ်စီးဆင်းပြီး နောက်ခဏမှာ သူမကို ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားစေ၏။

ဤအချက်မှာ ကျောက်ဖူအန်က အနည်းငယ် အံ့အားသင့်သွားသည်။ သူ၏ သိုင်းကွက်က သာမန်သာ ဖြစ်သော်လည်း အဲ့ဒါသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ထဲ အမှောင်စွမ်းအင်ကို ပို့လွှတ်ပေးသည့် အဆင့်မြင့်နည်းစနစ်တစ်ခု ဖြစ်သည်။ သို့သော်လည်း ဤစွမ်းအင်က ပြိုင်ဘက်ကို ထိခိုက်အောင် ပြုလုပ်လိမ့်မည် မဟုတ်ပေ။ ၎င်းသည် တစ်ဖက်သူ၏ မရီးဒျန်များကို ပိတ်ဆို့ပြီး ခန္ဓာကိုယ်ကို တောင့်တင်းသွားစေရုံသာ ဖြစ်၏။

ကျန်းယွဲ့လုက တစ်ခဏချင်းမှာပင် ဤစွမ်းအင်ကို ချေဖျက်ပြီး ကျောက်ဖူအန်၏ ထင်မြင်ချက်ကို ကျော်လွန်သွားစေ၏။ ရလဒ်အနေဖြင့် ကျောက်ဖူအန်က ပို၍ပင် ယှဉ်ပြိုင်လိုစိတ် ပြင်းထန်လာသည်။ ဤလက်ထောက်ခန်းမသခင်က တကယ်ပဲ ဘယ်လောက်ထိ အစွမ်းအစရှိသလဲ သူ သိချင်လာ၏။

ကျောက်ဖူအန်၏ အမှောင်စွမ်းအင်ကို ချေဖျက်ပြီးနောက် ကျန်းယွဲ့လုက သူမ၏ ကိုယ်ကို ထိန်းညှိရန် အချိန်အနည်းငယ်ယူရသည်။ သို့သော် ကျောက်ဖူအန်က သူမ၏ ရှေ့သို့ ခုန်တက်ပြီး အံ့မခန်း အင်အားဖြင့် သူမကို ထပ်တလဲလဲ တိုက်ခိုက်လိုက်၏။ ကျန်းယွဲ့လု၏ လက်တံများက ပိုတိုသည့်အတွက် သူမက တန်ပြန်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ နောက်သို့သာ ဆုတ်ပေးနေရသည်။

ရုတ်တရက် ကျောက်ဖူအန်က ကျယ်လောင်စွာ သက်ပြင်းချပြီး ကျန်းယွဲ့လုကို လက်နှစ်ဖက်ဖြင့် ပစ်တွန်းလိုက်၏။ ကျန်းယွဲ့လုက စီဟန်ဓားသိုင်းစဉ်မှ ပန်းများကြွေနည်းစနစ်ကို သုံးကာ တန်ပြန်တိုက်ခိုက်လိုက်၏။ သို့သော်လည်း ဓားတစ်လက်အစား ဓားချီဖြင့် ပြည့်လျှမ်းနေသည့် သူမ၏ လက်ကို အသုံးပြုနေသည်။

ကျောက်ဖူအန်က မှင်တက်သွားပြီး ကျန်းယွဲ့လု၏ တိုက်ခိုက်မှုကို သူ၏ လက်ဖဝါးနှစ်ဖက်ဖြင့် ပိတ်ဆို့တားဆီးလိုက်ရ၏။ ဓားချီခြောက်မျိုးက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို သူ ချက်ချင်းပင် ခံစားမိ၏။ ဤဓားချီခြောက်မျိုးက ကွဲပြားသော်လည်း သူတို့က အချိတ်အဆက် ရှိနေကြသည်။ ကျောက်ဖူအန်က မတတ်သာဘဲ ရပ်တန့်၍ ထူးဆန်းသော ဤချီများကို ချေဖျက်ရလေသည်။

ကျန်းယွဲ့လုက သူ့ထက် ကျင့်ကြံမှုအဆင့်တစ်ဆင့် ပိုမိုနိမ့်ကျသည့်အတွက် သူက လျှော့တွက်ခဲ့မိသည်။ သူက သူမကို သတ်ဖြတ်မိမည်စိုးသည့်အတွက်လည်း သူ၏ ခွန်အားအကုန်ကို အသုံးမပြုခဲ့ပေ။ ထိုသို့ဖြင့် သူက ဤကဲ့သို့ ထိခိုက်ခံစားလိုက်ရ၏။

ဤအခိုက်အတန့်မှာ ကျန်းယွဲ့လုက အခွင့်အလမ်းကို ချိန်ဆပြီး တန်ပြန်တိုက်ခိုက်လာသည်။ သူတို့ တိုက်ခိုက်သည့် ပုံစံများက လုံးဝကို ကွဲလွဲဆန့်ကျင်နေ၏။ လှုပ်ရှားကွက်များ ဖလှယ်နေစဉ် သူတို့ကြားမှာ မိုးကြိုးကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာသည့် မမြင်ရသော အင်အားတစ်ခု ရှိနေသည်။ ကံကောင်းစွာဖြင့် ကျန်းယွဲ့လု၏ လက်နှစ်ဖက်ကို စက္ကူလက်အိတ်များက ကာကွယ်ပေးထား၏။ မဟုတ်ပါက သူမသည် သူ၏ ထိုးချက်များမှာ ထိခိုက်ဒဏ်ရာ ရရှိသွားပေလိမ့်မည်။

ဤအချိန်အတောအတွင်း ကျန်းယွဲ့လုက လေဟာနယ်ကပ်ဘေးခြောက်ပါးကိုလည်း အသုံးပြုခဲ့သည်။ သို့သော် ကျောက်ဖူအန်မှာ ပိုမိုမြင့်မားသည့် ကျင့်ကြံမှုအဆင့် ရှိနေသည့်အတွက် သူက တစ်ခါအရေးနိမ့်ပြီးနောက် သတိပြန်ကပ်ထားပြီဖြစ်ကာ လေဟာနယ်ကပ်ဘေးခြောက်ပါးက ယခင်ကလောက် ထိရောက်မှု မရှိတော့ပေ။

သို့သော်လည်း ကျန်းယွဲ့လုက ဤသို့ဖြစ်လာဖို့ မျှော်လင့်ထားပြီးသားဖြစ်သည်။ တိုက်ခိုက်မှုက ထိရောက်မှု မရှိတော့သည်ကို ကြည့်ပြီး သူမက ခံစစ်အနေအထားသို့ ပြန်လည်ပြောင်းလဲလိုက်၏။ လေဟာနယ်ကပ်ဘေးခြောက်ပါး၏ စွမ်းအားက အနူးညံ့ဆုံး ယင်စွမ်းအင်ကနေ အမာကြောဆုံး ယန်စွမ်းအင်အထိ အဆက်မပြတ် ပြောင်းလဲနေ၏။ ၎င်းက ခန့်မှန်းရခက်စွာ စုစည်းလိုက် ပြန့်ကျဲလိုက်နှင့် အကန့်အသတ်မဲ့နေပုံရသည်။

ကျန်းယွဲ့လုက ဤမျှအထိ ခက်ခဲသော ပြိုင်ဘက်တစ်ဦး ဖြစ်လိမ့်မည်ဟု ကျောက်ဖူအန်က ထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူက ဒေါသချောင်းချောင်းထွက်လာ၏။ ကျန်းယွဲ့လုကို အနိုင်ယူဖို့အတွက် သူ၏ ခွန်အားအကုန်ကို အသုံးပြုတော့မည့်ဆဲဆဲမှာ တစ်ယောက်ယောက်က တင်းမာခက်ထန်စွာဖြင့် အော်လိုက်သည်။

“ရပ်လိုက်ကြစမ်း”

ကျောက်ဖူအန်နှင့် ကျန်းယွဲ့လုက ချက်ချင်းပင် လူချင်းခွာလိုက်ကြ၏။ ထိုအချိန်တွင် အနက်ရောင်ဟဲချန်၊ ဉာဏ်ပညာဆွဲသီးဓားနှင့် ကြာသရဖူကို ဆင်မြန်းထားသည့် တာအိုဆရာတစ်ဦးက လေထဲကနေ ဆင်းသက်လာ၏။ ဝတ်စားဆင်ယင်ပုံအရ သူက ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲတစ်ဦးဖြစ်သည်။

လူတိုင်းက အနည်းငယ် ပျာပျာသလဲ ဖြစ်သွားကြ၏။ သူက တန်ခိုးရှင်သူတော်စင်တစ်ဦး မဟုတ်ဘဲ သာမန်သူတော်စင်တစ်ဦးသာ ဖြစ်သော်လည်း လက်ရှိလူတိုင်းက သူ့ကို ထူးခြားအံ့မခန်းပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရဦးမည်ဖြစ်သည်။

များသောအားဖြင့် ဒေသဆိုင်ရာတာအိုစံအိမ်များ၏ စံအိမ်သခင်များနှင့် ခန်းမကိုးဆောင်မှ ခန်းမသခင်များက တန်ခိုးရှင်သူတော်စင်များဖြစ်ကြပြီး သာမန်သူတော်စင်များကတော့ လက်ထောက်စံအိမ်သခင်များ သို့မဟုတ် လက်ထောက်ခန်းမသခင်များအဖြစ် ထမ်းဆောင်ကြသည်။

အပန်းဖြေဂေဟာသို့ ယခုတင် ရောက်ရှိလာသည့် သူတော်စင်သည် ရှုကျိုးတာအိုစံအိမ်၏ ဒုတိယအာဏာရှိသူ လင်းယွင်ကျီ ဖြစ်သည်။ သူက မုတ်ဆိတ်ရှည်၊ နူးညံ့သိမ်မွေ့သော အော်ရာနှင့် အသက် ၄၀ အရွယ် ရုပ်ရည်သွင်ပြင်နှင့်အတူ သမားရိုးကျ သူတော်စင်တစ်ဦးဖြစ်သည့်ပုံပေါ်သည်။

သူတော်စင် ပေါ်ထွက်လာပြီးနောက် သူက ချက်ချင်းပင် ကျန်းယွဲ့လုကို အကဲခတ်ကြည့်လိုက်၏။ သူမက ထိခိုက်ဒဏ်ရာ မရှိသည်ကို မြင်ရပြီးမှ သူက စိတ်သက်သာစွာ သက်ပြင်းချသည်။ ထို့နောက် သူ၏ အမျက်ဒေါသကို ဆက်လက်၍ ဖုံးကွယ်မထားဘဲ ကျောက်ဖူအန်ကို လှည့်ကာ ပြောလိုက်၏။

“ကျောက်ဖူအန်… မင်း ဘယ်လိုတောင် ရဲတင်းနေတာလဲ”

ချွမ်ကျန်းဂိုဏ်းကို ဩဇာခံထားသည့် ရှုကျိုးတာအိုစံအိမ်က ကျန်းယီဂိုဏ်းတပည့်ဘက်ကနေ ရပ်တည်လာပေးလိမ့်မည်ဟု ကျောက်ဖူအန်က လုံးဝ ထင်မှတ်မထားခဲ့ပေ။

တကယ်တော့ အခြားသော ကျန်းယီတပည့်ဂိုဏ်းသားများသာ ဖြစ်မည်ဆိုလျှင် ရှုကျိုးတာအိုစံအိမ်က မသိချင်ယောင်ဆောင်ထားကောင်း ဆောင်ထားပေလိမ့်မည်။ သို့သော်လည်း ကျောက်ဖူအန်က အချက်တစ်ချက်ကို အတွက်မှားခဲ့သည်။ ကျန်းယွဲ့လုက ကျန်းယီဂိုဏ်းတပည့်သား ဖြစ်​သော်လည်း သူမကို မြေကမ္ဘာဆရာသခင်က ရာထူးတိုးမြှင့်ပေးထားခြင်းဖြစ်သည်။ မြေကမ္ဘာဆရာသခင်က ကျန်းယွဲ့လုအပေါ် သူ၏ အလိုလိုက် အကြိုက်ဆောင်ပေးမှုကို ဖုံးကွယ်မထားပေ။ မြေကမ္ဘာဆရာသခင်က ခြွင်းချက်တစ်ခုပင် ထားပြီး သူမအား အင်မော်တယ်တစ်ပိုင်းပစ္စည်းကို ချီးမြှင့်ပေးခဲ့သည်။

ထို့ကြောင့် မြေကမ္ဘာဆရာသခင်၏ တိကျသော ညွှန်ကြားမှုများ မရှိလျှင်တောင် ချွမ်ကျန်းဂိုဏ်းတပည့်သားများ အားလုံးက ပါးရည်နပ်ရည်ရှိပြီး အခြေအနေကို ကောင်းကောင်းအကဲဖြတ်နိုင်ကြသည်။

All Chapters