← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း ၁၃၇ - ရေလိုက်ငါးလိုက်

တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်ကြား ဆက်ဆံရေးက အတော်လေးရှုပ်ထွေးသည်။ များသောအားဖြင့် စံအိမ်သခင်သည် ဘုရင်ခံတစ်ဦး သို့မဟုတ် ဝန်ကြီးတစ်ဦးနှင့် အဆင့်အတန်းအရ တူညီသည်။ ထို့ကြောင့် ရှုကျိုးတာအိုစံအိမ်၏ လက်ထောက်ခန်းမသခင်သည် ရှုကျိုး၏ မဟာစစ်သေနာပတိချုပ်နှင့် အဆင့်တူသလောက်ဖြစ်သည်။

အဆင့်အတန်းအရ လင်းယွင်ကျီက ကျောက်ဖူအန်၏ အထက်မှာ ရှိနေသည်။ ကျင့်ကြံမှုအဆင့်အရဆိုလျှင်လည်း လင်းယွင်ကျီက ကျောက်ဖူအန်ထက် ပိုမိုသာလွန်လေသည်။ ထို့ကြောင့် ကျန်းယွဲ့လုက ကျောက်ဖူအန်၏ ပြိုင်ဘက်မဟုတ်သလို ကျောက်ဖူအန်ကလည်း လင်းယွင်ကျီ၏ ပြိုင်ဘက်မဟုတ်ပေ။

ရလဒ်အနေဖြင့် ကျောက်ဖူအန်သည် ဤအခြေအနေကနေ မလွတ်မြောက်နိုင်တော့သည့်အတွက် သူ၏ အမူအရာက သုန်မှုန်သွားလေသည်။ သို့သော်လည်း အများရှေ့မှာ အော်ငေါက်၍ အရှက်ခွဲခံရခြင်းကို သူက သည်းမခံနိုင်ပေ။

ကျောက်ဖူအန်၏ ပြောင်းလဲသွားသော အမူအရာကိုကြည့်ပြီး လင်းယွင်ကျီက သတိပေးလိုက်သည်။

“ပညာရှိကျန်းက ကောင်းကင်ဆရာသခင်နဲ့ သွေးဝေးဆွေမျိုးတစ်ဦးဆိုပေမဲ့ သူ့ကို မြေကမ္ဘာဆရာသခင်က တန်ဖိုးထားတယ်… နောက်ပြီး သူက သူတော်စင်စီဟန်ရဲ့ လက်ရင်းတပည့်ပဲ… သူတစ်ခုခုဖြစ်သွားမယ်ဆိုရင် မင်းကိုယ်မင်း ခုခံကာကွယ်နိုင်မှာမဟုတ်ဘူး… ဒါမှမဟုတ် ဘုရင်ခံဝမ်က မင်းအတွက်နဲ့ ကောင်းကင်ဆရာသခင်၊ မြေကမ္ဘာဆရာသခင်နဲ့ သူတော်စင်စီဟန်တို့နဲ့ အတိုက်အခံလုပ်လိမ့်မယ်လို့ မင်းထင်နေတာလား”

ဤသည်က ကျောက်ဖူအန်ကို မဆင်မခြင်မပြုလုပ်ဖို့ သတိပေးခြင်းဖြစ်သည်။

လီထျန်ကျန်းက သာဓကဖြစ်ခဲ့သည်။ သူသည် အင်ပါယာဆရာသခင်နှင့် သူတော်စင်ချင်းဝေ၏ တိုက်ရိုက်တပည့်ဖြစ်ခဲ့သည်။ သူ့အသက် ၁၀ နှစ်အရွယ်မှာ လက်ရှိဧကရာဇ်နှင့်ပင် တွေ့ဆုံခဲ့ဖူးသည်။ လီထျန်ကျန်းသည် အနာဂတ်မှာ လီမိသားစုကို ဦးဆောင်မည်ဟု ထင်ကြေးပေးခံထားရသော်လည်း အရင်တုန်းက ကျန်းယွဲ့လုနှင့် ရင်ဆိုင်ရာမှာ သူက အရှက်တကွဲရှုံးနိမ့်ခဲ့ရသည်။

ကျောက်ဖူအန်က ကျန်းယွဲ့လုကို ဆန့်ကျင်တိုက်ခိုက်လိုသည်ဆိုလျှင် သူ့မှာ လီထန်ကျန်း၏ နောက်ခံနှင့်ယှဉ်လျှင် ပိုမိုကြီးမားသော နောက်ခံတစ်ခု ရှိနေဖို့လိုအပ်ပေလိမ့်မည်။

ကျောက်ဖူအန်သည် နိုင်ငံရေးကစားကွက်များနှင့် နှစ်ပေါင်းများစွာကျွမ်းဝင်လာခဲ့သည့်အတွက် အရိပ်အမြွက်ကို ချက်ချင်းပင်ဖမ်းမိသွား၏။ သူက အဖြေတစ်ခုကို မြန်မြန်ဆန်ဆန်ထုတ်ကာ ဦးညွှတ်၍ တောင်းပန်လိုက်သည်။

“လက်စသတ်တော့ မြေကမ္ဘာဆရာသခင်နဲ့ ရင်းနှီးကျွမ်းဝင်ထားတဲ့ လက်ထောက်ခန်းမသခင်ကျန်းဖြစ်နေတာကိုး…စောစောက ခင်ဗျားရဲ့အဆင့်အတန်းကို မသိခဲ့တဲ့အတွက် ကျုပ်တောင်းပန်ပါတယ်… လက်ထောက်ခန်းမသခင်ကျန်း… ခင်ဗျားကျုပ်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

တောင်းပန်စကားဖြစ်သော်လည်း စကားလုံးများ၏ နောက်ကွယ်မှာ ဖုံးကွယ်ထားသော အဓိပ္ပါယ်တစ်ခုရှိနေသည်။ သူက ကျန်းယွဲ့လုနှင့် မြေကမ္ဘာဆရာသခင်ကြား ဆက်ဆံရေးကို မသိရှိခဲ့သောကြောင့်သာ သူ့အမှားဖြစ်သည်ဟု ဝန်ခံလိုခြင်းဖြစ်သည်။ တကယ်တော့ သူက ရှုကျိုးတာအိုစံအိမ်နှင့် လင်းယွင်ကျီကို မျက်နှာသာပေးရုံအတွက်သာ ဖြစ်လေသည်။

ကျောက်ဖူအန်က အလျှော့ပေးလာသည်ကို တွေ့ရသောအခါ လင်းယွင်ကျီ၏ စိတ်သဘောထားက အနည်းငယ်ပျော့ပျောင်းသွားသည်။

တကယ်တော့ ကျန်းယွဲ့လုကလည်း ကျောက်ဖူအန်ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်သဘောပေါက်သည်။ သူမသည် လင်းယွင်ကျီ၏ ကျေးဇူးကြောင့်သာ ဤအခြေအနေကနေ မထိမခိုက်ရုန်းထွက်နိုင်သည်ကိုလည်း သိရှိထားသည်။ ထို့ကြောင့် လင်းယွင်ကျီကို အရှက်မရစေရန် သူမက မည်သည့်စကားမှ ထပ်မဆိုတော့ပေ။

သို့သော်လည်း သူမက ဒေါသထွက်နေဆဲဖြစ်၏။

ဤကိစ္စက မြေကမ္ဘာဆရာသခင်နှင့် မသက်ဆိုင်ပေ။ အပန်းဖြေဂေဟာကို ချိပ်ပိတ်ပြီး အယူဝါဒမိစ္ဆာများ၏ သဲလွန်စများကိုရှာဖွေဖို့က သူမ၏ စိတ်ကူးဖြစ်သည်။ သို့သော် ကျောက်ဖူအန်နှင့် ဝမ်ယုယီက ဤစုံစမ်းစစ်ဆေးမှုကို ဟန့်တားနှောက်ယှက်လာ၏။ သို့သော်လည်း အခြေအနေက ကျန်းယွဲ့လု၏ အမှားလို ကူးပြောင်းသွားလေသည်။

တကယ်တော့ ဤအမှုသည် ကျန်းယွဲ့လုနှင့် သက်ဆိုင်မှုမရှိခဲ့ပေ။ သူမသည် လက်ရှိမှာ အားလပ်ရက်ရထားပြီး ပိုင်သီမြို့ကို ဖြတ်သွားရုံသာဖြစ်သည်။ အယူဝါဒမိစ္ဆာတစ်ဦးက ပြဿနာရှာနေသည်နှင့် သူမကြုံတွေ့ရမည်ဆိုလျှင်ပင် အဲဒါကို ထျန်ကန်းခန်းမထံတင်ပြပြီ သူမ၏ ခရီးကို ဆက်သွားရုံသာဖြစ်လေသည်။ သို့သော်လည်း သူမက အလုပ်တာဝန်ကို အလေးအနက်ထားလွန်းသည်။ သူမက ထိုသို့ပြုလုပ်ဖို့ မဖြစ်မနေတာဝန်ရှိမနေလျှင်တောင် ဤအမှုကို စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့လေသည်။

ရလဒ်အနေဖြင့် ချီရွှမ်းစုက တိုက်ခိုက်ခံခဲ့ရသည်။ သူတို့က တောင်းပန်မှုကို ရရှိခဲ့သည်ဟု ထင်ရသော်လည်း အဲဒါက သူမ၏ နောက်ခံကြောင့် စိတ်ရင်းမပါသောတောင်းပန်မှုသာဖြစ်လေသည်။

ကျန်းယွဲ့လုက အလေးအနက်စဉ်းစားတွေးတောလိုက်၏။

‘ငါ့မှာ‌ နောက်ခံမရှိရင် ငါက ကျောက်ဖူအန်ကို တောင်းပန်ရမှာလား… ဒါမှမဟုတ် ချီရွှမ်းစုကို ဒီနေရာမှာ မြှုပ်နှံထားခဲ့ရမှာလား.. ငါက ငါ့ရဲ့တာဝန်ကို သစ္စာရှိရှိထမ်းဆောင်နေတာ ဘာများမှားနေလို့လဲ… အဲဒါ ငါက ကိုယ့်အစွမ်းအစကိုယ်အထင်ကြီးပြီး အခြားသူတွေရဲ့အလုပ်မှာ ဝင်ရောက်စွက်ဖက်တာဆိုရင် ဒီအမှုအတွက် ဘယ်သူက တာဝန်ယူတာဝန်ခံပေးမှာလဲ… လူတိုင်းက သူတို့ကိုယ်သူတို့ကာကွယ်ဖို့အတွက် ကြိုးစားနေရုံပဲဆိုရင် တာအိုဂိုဏ်းတော်က ဩဇာအာဏာကို ဘယ်လောက်ကြာကြာထိန်းထားနိုင်မှာလဲ… အမှားနဲ့အမှန်ကို မခွဲခြားနိုင်တာနဲ့ အာဏာရှင်ဆန်ဆန် နိုင်ထက်စီးနင်းပြုမူတာတွေက တာအိုဂိုဏ်းတော်မှာ ရွှမ်အရှင်မြတ် တွေ့မြင်ချင်ခဲ့တဲ့အရာ ဟုတ်ပါ့မလား.. အဲဒါကို ပြန်လည်ပြင်ဆင်သင့်ပြီ မဟုတ်ဘူးလား။’

ကျန်းယွဲ့လု စိတ်မကောင်းဖြစ်မိသည်မှာ ချီရွှမ်းစုအတွက်သာဖြစ်လေသည်။ သူမက ချီရွှမ်းစုကို အဖော်လိုက်ခဲ့ဖို့ ခေါ်မလာခဲ့လျှင် ဤအရာများအားလုံး ဖြစ်လာလိမ့်မည်မဟုတ်ပေ။ ဤနေရာမှာ ကျန်းယွဲ့လုက ကိုယ်ကျင့်သိက္ခာအရ မှန်ကန်သည်ဆိုလျှင်ပင် သူမက ချီရွှမ်းစုကို ဆွဲမထည့်ခဲ့သင့်ပေ။

သူမက ချီရွှမ်းစုဘေးနားသို့ တိတ်တဆိတ် လျှောက်လှမ်းသွားပြီး သူ့ကို ဖြည်းဖြည်းချင်းထူမပေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ နာကျင်မှုကို ပြေလျော့စေရန် သူ့ခန္ဓာကိုယ်ထဲသို့ ချီတချို့ကို ပို့လွှတ်ပေးလိုက်သည်။

ချီရွှမ်းစုက အနည်းငယ်ပို၍ သက်တောင့်သက်သာရှိလာသလို ခံစားလိုက်ရသည်။ ကောင်းကင်သက်ရှိတစ်ဦး၏ တိုက်ခိုက်မှုက ဟာသမဟုတ်ပေ။ ထိုးချက်တစ်ချက်မျှနှင့် သူက သေလုမတတ်ဖြစ်ခဲ့ရသည်။

ကျန်းယွဲ့လုက ကြားဝင်ဟန့်တား၍ ကျောက်ဖူအန်ကို တစ်ယောက်တည်း ရင်ဆိုင်ပေးခဲ့ခြင်းမဟုတ်လျှင် သူက နောက်ဆုံးသုံးကွက်ထက် ပိုတောင့်ခံနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

တခြားတစ်ယောက် ထိခိုက်ဒဏ်ရာရရှိထားသည်ကို လင်းယွင်ကျီက ယခုမှ သတိထားမိသွားသည်။ သူ့မျက်နှာက ညိုမည်းသွားပြီး အသံမြှင့်ကာပြောလိုက်၏။

“ဦးစီးချုပ်ကျောက်… မင်းက ငါတို့ တာအိုတပည့်ဂိုဏ်းသားကို ဒဏ်ရာရအောင်လုပ်ခဲ့တယ်.. အမှားကိုဝန်ခံရုံနဲ့ အဲဒါကို ရှောင်လွှဲနိုင်မယ် ထင်လို့လား”

လင်းယွင်ကျီက သူ့ကို နာမည်တပ်မခေါ်တော့ဘဲ ဦးစီးချုပ်ကျောက်ဟု ခေါ်ဆိုလိုက်သည့်အချိန်မှာ အခြေအနေမကောင်းတော့သည်ကို ကျောက်ဖူအန်သိရှိလိုက်သည်။ သူက ရေလိုက်ငါးလိုက်လှုပ်ရှားပြီး‌ ပြောလိုက်၏။

“သူတော်စင်လင်းယွမ်… ခင်ဗျားပြောတာမှန်ပါတယ်… ကျုပ်စောစောက စိတ်လိုက်မာန်ပါလုပ်မိသွားတယ်… ဒီမှာ ဒါက ဟွာရှန်ခန်းမကို သွားဖို့လုံလောက်မှာပါ”

ထိုသို့ပြောပြီး ကျောက်ဖူအန်က ထိုက်ဖျင်ဒင်္ဂါး တစ်ရာစီတန်သော အသစ်စက်စက် ငွေစက္ကူငါးရွက်ကို ထုတ်ယူလိုက်၏။ သူက ငွေစက္ကူများကို ကျန်းယွဲ့လု၏ ခြေရင်းသို့ ပစ်ထုတ်ပေးလိုသည်။ သို့သော်လည်း အနီးနားမှာ လင်းယွင်ကျီ ရှိနေသေးပြီး ကျန်းယွဲ့လု၏ နောက်ခံက သွားရှုပ်လို့မရသည်ကို ထည့်စဉ်းစားပြီးနောက် ကျောက်ဖူအန်က ကျန်းယွဲ့လုအနားသို့ စိတ်ရှည်လက်ရှည်လျှောက်လှမ်းသွားကာ ငွေစက္ကူများကို သူမထံကမ်းပေးလိုက်သည်။

“လက်ထောက်ခန်းမသခင်ကျန်း… တောင်းပန်ပါတယ်”

ကျန်းယွဲ့လုက တုံ့ပြန်ခြင်းမရှိဘဲ ကျောက်ဖူအန်ကိုသာ စိုက်ကြည့်နေ၏။

လင်းယွင်ကျီက သူတို့အနားကို ဖြည်းဖြည်းချင်းချဉ်းကပ်လာပြီး ကျောက်ဖူအန်ထံမှ ငွေစက္ကူများကိုယူကာ ချီရွှမ်းစုကို ကိုယ်တိုင်ပေးလိုက်သည်။

“လက်ထောက်ခန်းမသခင်ကျန်း… ခင်ဗျားရဲ့စီနီယာအနေနဲ့ ကျုပ် အကြံပေးပါရစေ… တစ်ခါတလေမှာ ရေလိုက်ငါးလိုက် သွားလိုက်တာက ကောင်းပါတယ်”

ချီရွှမ်းစုက ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲထံမှ ငွေစက္ကူအတန်ကြီးငါးရွက်ကို ယူလိုက်လေသည်။

ကျန်းယွဲ့လုက ချီရွှမ်းစုကို တားဆီးခြင်းမရှိသော်လည်း သူမနှင့်ချီရွှမ်းစုက အရှက်ခွဲခံနေရသည်ဟု ခံစားရသည်။

ချီရွှမ်းစုက ပါးရည်နပ်ရည်ရှိပြီး အသပြာကိုလက်ခံလိုက်သည့်အတွက် လင်းယွင်ကျီက ကျေနပ်သွားပြီး ငယ်ရွယ်သော ဤအမှုဆောင်ကို ကောင်းမွန်သောထင်မြင်ချက်တစ်ခု ပေးမိသွားသည်။ သူက ထန်ယုံတျဲဘက်ကိုလှည့်ပြီး ညွှန်ကြားလိုက်သည်။

“ကြီးကြပ်ရေးမှူးထန်… ကျေးဇူးပြုပြီး ရထားလုံးတစ်စင်းပြင်လိုက်ပါ… ပြီးရင် သူတို့ကို ဟွာရှန်ခန်းမဆီပို့ပေးလိုက်”

“ကောင်းပါပြီ သူတော်စင်”

ထန်ယုံတျဲက နောက်ဆုံးမှာ သတိပြန်ကပ်လာပြီး ရထားလုံးပြင်ဆင်ရန် စိတ်ဝိညာဉ်တပ်သားများကို စေခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ဤအရှုပ်တော်ပုံထဲ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုကို ခေါ်ဆောင်လာမိသည့်အတွက် သူက မလုံမလဲခံစားနေရသည်။

စုံစမ်းစစ်ဆေးမှုက ဆိုးဆိုးဝါးဝါးဖြစ်လာပြီဖြစ်၍ ထန်ယုံတျဲက တာဝန်ကို မရှောင်လွှဲနိုင်တော့ပေ။ ကျန်းယွဲ့လုက သူမ၏ အမျက်ဒေါသကို ဖော်ပြခြင်းမရှိလျှင်ပင် သူ၏ အထက်လူကြီးများက သူ့အပေါ် မကောင်းသောထင်မြင်ချက်ရှိလာလိမ့်မည်ဖြစ်ပြီး အဲဒါက သူ၏ အနာဂတ်တိုးတက်မှုလမ်းကြောင်းမှာ သက်ရောက်မှုရှိလာပေလိမ့်မည်။

ကျန်းယွဲ့လုက ဒဏ်ရာအပြင်းအထန်ရရှိထားသော ချီရွှမ်းစုကို တွဲခေါ်ပြီး ရထားလုံးထဲသို့ ဝင်ရောက်လိုက်၏။ ထို့နောက် လမ်းမှာ သူ့ကို သူမ၏ ကိုယ်ပေါ် မှီထားစေပြီး လမ်းတစ်လျှောက် သူမက နှုတ်ဆိတ်နေ၏။

ချီရွှမ်းစုသည် သေခြင်းရှင်ခြင်းအခြေအနေကို ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းမဟုတ်ပေ။ သူက ရယ်နိုင်သေးပြီး ကျန်းယွဲ့လုကို အရင်စတင်၍ နှစ်သိမ့်ပေးလိုက်သည်။

“စိတ်ပူမနေပါနဲ့ ငါအဆင်ပြေပါတယ်”

ချီရွှမ်းစုက သူမကို နှစ်သိမ့်မပေးခင်အထိ ကျန်းယွဲ့လုက သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ထားခဲ့သည်။ ဤစကားကိုကြားသည့်အချိန်မှာ သူမ၏ မျက်လုံးများက အနည်းငယ်နီရဲသွားပြီး ရေရွတ်လိုက်၏။

“ငါ… တောင်းပန်ပါတယ်”

“ဘာအတွက် တောင်းပန်နေရမှာလဲ… ငါက တစ်ချက်အထိုးခံပြီး ထိုက်ဖျင်ဒင်္ဂါးငါးရာတောင် ရလာခဲ့တာပဲ”

ချီရွှမ်းစုက ကြွားလုံးထုတ်ပြီး ဆက်ပြောလိုက်၏။

“ငါ အရင်ကလည်း ထိုးကြိတ်ခံခဲ့ရဖူးတာပဲ… ဒါက ကိစ္စကြီးမှမဟုတ်တာ.. ငါက အလိုလိုက်ခံထားရတဲ့ သခင်လေးလည်းမဟုတ်ဘူး.. ပန်းခင်းထဲက တာအိုဆရာလည်းမဟုတ်ဘူး.. ငါက မုန်တိုင်းထဲမှာ ကြီးပြင်းလာတဲ့ ပေါင်းပင်တစ်ပင်လိုပဲ… ငါက ဓားသွားပေါ်မှာလဲ နေခဲ့ဖူးတယ်… ရင်ဘတ်မှာလည်း ဓားထိုးခံရဖူးတယ်… ဒါပေမဲ့ ငါအသက်ရှင်နေတုန်းပဲ မဟုတ်ဘူးလား… ငါက အလွယ်တကူသေသွားမှာ မဟုတ်ဘူး”

ကျန်းယွဲ့လုက ဝန်ခံလိုက်၏။

“တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းဖို့ ဒီ ခက်ခဲကြမ်းတမ်းတဲ့ခရီးမှာ ငါ နင့်ကို ဆွဲခေါ်မသွားသင့်တော့ဘူး… လူတွေက ငါ့ရဲ့နောက်ခံကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့ကြလိမ့်မယ်… သူတို့က ငါ့ကို ထိခိုက်အောင်လုပ်ရဲမှာမဟုတ်လောက်ဘူး… ဒါပေမဲ့ သူတို့က နင့်ကို ဒုက္ခပေးဖို့တော့ ဝန်လေးနေကြမှာမဟုတ်ဘူး… ငါ နင့်ဘက်ကို မကြည့်ဘဲ ယုံကြည်မှုရှိလွန်းနေခဲ့တာ ငါ့အမှားပဲ.. ငါတောင်းပန်ပါတယ်”

“မင်းပြောပုံက ငါက သာမန်အရပ်သားတစ်ဦးလိုဖြစ်နေပြီ”

ချီရွှမ်းစုက အရွှန်းဖောက်ကာ ပြောလိုက်၏။

“ငါလည်း တာအိုတပည့်ဂိုဏ်းသားပါပဲ.. ထျန်ကန်းခန်းမက အမှုဆောင်တစ်ယောက်… အဲဒါကြောင့် အယူဝါဒမိစ္ဆာတွေကို အမဲလိုက်ဖို့က ငါ့တာဝန်လည်းဖြစ်တာပဲ… မင်းဆက်တစ်ဆက်ရဲ့ အနိမ့်အမြင့် အတက်အကျမှာ လူတိုင်းက အခန်းကဏ္ဍတစ်ခုစီကနေ ပါဝင်ခဲ့ကြတယ်တဲ့… တာအိုတပည့်ဂိုဏ်းသားအနေနဲ့ တာအိုဂိုဏ်းတော်ရဲ့ အနိမ့်အမြင့် အတက်အကျမှာ ငါလည်း တာဝန်ရှိတာပဲ… မင်းက ငါ့ကို ဆွဲချသလို ဘာလို့ပြောနေရတာလဲ”

ကျန်းယွဲ့လု၏ မျက်လုံးများက တဖျတ်ဖျတ်လက်သွား၏။

“နင် တကယ်ပဲအဲလိုထင်တာလား”

ချီရွှမ်းစုက ပြုံးပြလိုက်၏။

“ငါမင်းကို ဘာလို့ ညာရမှာလဲ”

ကျန်းယွဲ့လု၏ စိတ်ခံစားချက်က အနည်းငယ်ကောင်းမွန်လာ၏။ သူမက ရေရွတ်ပြောဆိုလိုက်သည်။

“နင်က နင်အရင်က ပြောခဲ့သလိုမျိုး အဆင့် ၄ တာအိုအကြီးအကဲတစ်ဦး ဖြစ်လာရုံနဲ့ ရောင့်ရဲကျေနပ်သွားလိမ့်မယ်လို့ ငါထင်နေတာ… ဒါနဲ့ နင့်ရဲ့ အားလပ်ရက်တွေမှာ ငါနဲ့ ဒီအမှုတွေကို ဖြေရှင်းဖို့ နင့်ကိုဆွဲခေါ်လာခဲ့မိတာ ငါတစ်ကိုယ်ကောင်းဆန်တာပဲ”

ချီရွှမ်းစုက စနောက်လိုက်၏။

“ငါ့လိုမျိုး အစေအပါးတွေက ကြီးမားတဲ့ရည်မှန်းချက်တွေ ထားလို့မရဘူးလား”

“ငါပြောတာ အဲလိုမဟုတ်ဘူး”

ကျန်းယွဲ့လုက ခေါင်းခါပြလိုက်၏။

သူတို့နှစ်ယောက်က နှုတ်ဆိတ်သွားကြသည်။ ကျန်းယွဲ့လုက မလုံမလဲခံစားနေရပြီး ချီရွှမ်းစုကလည်း တကယ်တမ်းတော့ အပေါ်ယံမှာ ပြထားသလောက် တည်ငြိမ်နေခြင်း မရှိပေ။

သူသာ ဤကဲ့သို့ တည်ငြိမ်ရင့်ကျက်သော လူတစ်ယောက်ဖြစ်မည်ဆိုလျှင် သူက ချင်းဖျင်အသင်းနှင့် ပတ်သက်ဆက်နွယ်မှုအတွက် ဤမျှအထိ စိုးရိမ်ပူပန်နေခဲ့လိမ့်မည် မဟုတ်ပေ။ လွန်ခဲ့သည့်နှစ်များစွာက တည်းခိုခန်း၏ လုပ်ကြံသတ်ဖြတ်မှုမှာ သူက နာကြည်းမုန်းတီးခဲ့လိမ့်မည်မဟုတ်ပေ။ သူမက ညှိုးငယ်ထိုင်းမှိုင်းနေသည်ကို မမြင်လိုသည့်အတွက် စိတ်လက်ပေါ့ပါးသွားစေရန် သူက ကျန်းယွဲ့လုကို ဟန်ဆောင်ကာနှစ်သိမ့်ပေးနေခြင်းမျှသာဖြစ်သည်။

ချီရွှမ်းစုက ကြမ်းတမ်းသော လေနှင့်မိုးထဲမှာ ကြီးပြင်းလာသည့် ပေါင်းပင်တစ်ပင် တကယ်ပင်ဖြစ်လေသည်။ သူသည် ရည်မှန်းချက်ကြီးမားပြီး တာအိုဂိုဏ်းတော်ကို ပြောင်းလဲဖို့ စိတ်ပိုင်းဖြတ်ထားသည့် ရွှမ်အရှင်မြတ်နှင့် မတူပေ။ ချီရွှမ်းစုမှာလည်း စိတ်ခံစားချက်များရှိသည်။ သူက ကြောက်တတ်၊ စိုးရိမ်တတ်၊ ပျော်ရွှင်တတ်၊ ဒေါသထွက်တတ်၊ နာကြည်းတတ်သည်။ သူက ဘာမှမဖြစ်သလို ဟန်ဆောင်နေတတ်သည်မှာ သူ၏ အရည်အချင်းမပြည့်ဝမှုကို ထင်သာမြင်သာမရှိစေရန်အတွက်သာဖြစ်သည်။

ကျန်းယွဲ့လုကို အခြားသူများ အနိုင်မကျင့်ရန် သတိပေးသည့်အနေဖြင့် သူက ကျောက်ဖူအန်ကို သတ်ဖြတ်ပြီး သူ့ကို စိတ်လိုက်မာန်ပါ ခုတ်ပိုင်းပစ်လိုသည်။ သူ့ဆရာနှင့် မိသားစု၏ နာမည်ကိုသုံးပြီး သူတော်စင်လင်းယွမ်ကို ကြောက်ရွံ့မှုဖြင့် တုန်ယင်သွားစေလိုသည်။ သူက ငွေစက္ကူငါးရွက်ဖြင့် သူတော်စင်လင်းယွမ်၏ မျက်နှာကို ပစ်ပေါက်ပြီး ထိုအဖိုးကြီးကို ရေလိုက်ငါးလိုက်နေဖို့ ပြန်ပြောပစ်ချင်သည်။

သို့သော် တကယ့်လက်တွေ့မှာတော့ သူက ထိုးချက်တစ်ချက်ဖြင့် ကျောက်ဖူအန်ကို မသတ်ဖြတ်နိုင်ပေ။ ကောင်းကင်သက်ရှိတစ်ဦး၏ အထိုးခံရပြီးနောက် အသက်ရှင်နေသေးသည်ကပင် ချီရွှမ်းစုက ကံကောင်းသည်ဟု ဆိုရပေမည်။ သူ့မှာ ပြောစရာနောက်ခံလည်း ဘာမှမရှိပေ။ သူ့ဆရာက သေဆုံးသွားပြီး သူက မိဘမဲ့တစ်ဦးဖြစ်သည်။ သူ့ကို နောက်ခံပေးထားသည့်သူက အစ်မချီသာဖြစ်သည်။ သို့သော် အစ်မချီက ချင်းဖျင်အသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူ့ကို တိတ်တဆိတ်ဖြင့်သာ ကူညီပေးနိုင်သည်။

ယခုအချိန်တွင် ချီရွှမ်းစုတတ်နိုင်သည်မှာ သူ၏ နာကျင်မှုကို ကြိတ်မှိတ်သည်းခံပြီး ဖြစ်ပျက်ခဲ့သည့်အရာရာနှင့်ပတ်သက်၍ သူမကိုယ်သူမအပြစ်မတင်ရန် ကျန်းယွဲ့လုကို နှစ်သိမ့်ပေးဖို့သာဖြစ်သည်။

ကျန်းယွဲ့လုက ချီရွှမ်းစု၏ ကျိုးသွားသောလက်ကိုထိပြီး ညင်သာစွာမေးလိုက်၏။

“နာလား”

ချီရွှမ်းစုက ခေါင်းခါပြလိုက်၏။

“ဟင့်အင်း.. မနာတော့ဘူး… ငါ့ရဲ့ အကြောတွေပြတ်သွားတာထင်တယ်”

ကျန်းယွဲ့လုက ရင်ထဲမှာ စိတ်ခံစားချက်များ ရောထွေးနေ၏။ သူ့လက်အစား သူမ၏ လက်ကိုသာ အကျိုးခံလိုလေသည်။ သူမက ကျိန်ဆိုပေးလိုက်သည်။

“လက်စားချေဖို့အတွက် ဘယ်တော့မှ နောက်မကျဘူးတဲ့… ထျန်းယွမ်… စောင့်သာစောင့်နေလိုက်.. တစ်နေ့ နင့်အတွက် တရားမျှတမှု ပြန်ရှာပေးမယ်လို့ ငါကတိပေးတယ်”

ချီရွှမ်းစုက သူမကို သတိပေးလိုက်၏။

“ချင်းရှောင်… ဒီလောကမှာရှင်သန်ဖို့ဆိုရင် လူတစ်ယောက်က ဘယ်အချိန်မှာ ဦးညွှတ်ရမလဲ.. ဘယ်အချိန်မှာ အလျှော့ပေးရမလဲ သိထားရမယ်… ငါက စိတ်လိုက်မာန်ပါနဲ့ ဦးစီးချုပ်ကျောက်ကို ကျိန်ဆဲခဲ့မယ်ဆိုရင် ငါက သေတာထက်ဆိုးတာနဲ့ ကြုံတွေ့သွားရနိုင်တယ်.. သူက ငါ့ကို မသတ်ဘူးဆိုရင်တောင် ငါက မကျေမချမ်းဖြစ်ရလွန်းလို့ သေသွားရနိုင်တယ်… ငါပြောချင်တာက အခုချိန်မှာ ဒေါသထွက်နေလို့ အကျိုးမရှိဘူး… ငါလုပ်နိုင်တာက သူ့ကိုအနိုင်ယူဖို့ လုံလောက်အောင်မသန်မာတဲ့အတွက် ငါ့ကိုယ်ငါအပြစ်တင်နေဖို့ပဲ”

ထိုနေရာအရောက်တွင် သူက ရပ်တန့်ပြီး စနောက်လိုက်၏။

“တကယ်တော့ ဒေါသမထွက်တာက သက်သက်.. လက်စားချေတာက သက်သက်ပဲ.. ငါလက်စားချေမှာပါ.. ဒါပေမဲ့ အဲဒါကို ငါ့ဘာသာပဲလုပ်မယ်… ဟိုဘုန်းကြီးယန်လျှိုနဲ့ ငါ့ရဲ့ရန်စကိုလည်း မှတ်မိသေးတယ်… ငါက တောက်ပလာမယ့် ငါ့ရဲ့အချိန်ကို စောင့်နေတာ”

ချီရွှမ်းစု၏ အကောင်းမြင်စိတ်ကြောင့် ကျန်းယွဲ့လု၏ စိတ်ခံစားချက်က တဖြည်းဖြည်းကောင်းမွန်လာ၏။ သူမက ရယ်မော၍ စနောက်လိုက်သည်။

“အဲဒါဆိုရင်တော့ ငါတို့တွေ အကြာကြီးစောင့်ရတော့မယ်ထင်တယ်”

ချီရွှမ်းစုက သူ့အစွမ်းအစကိုသူ သိရှိထားပြီး ငြင်းဆန်ခြင်းမရှိပေ။ သူက သက်ပြင်းချလိုက်၏။

“ဒါပေမဲ့ စောင့်ဖို့ကလွဲပြီး ဘာတတ်နိုင်မှာလဲ… မင်းငါ့အတွက် လက်စားချေပေးစရာမလိုဘူး.. မဟုတ်ရင် ငါက နေရာတကာ မင်းကိုပဲ အားကိုးနေတဲ့ ငနုလေးလို့ သူများတွေ ထင်ကုန်ကြလိမ့်မယ်”

ကျန်းယွဲ့လုက ရယ်လိုက်၏။

“အဓိပ္ပါယ်မရှိတာ… နင် ဒဏ်ရာရထားလို့ ငါလောလောဆယ် လျှော်ပေးလိုက်မယ်”

ချီရွှမ်းစုက ပြုံး၍ နှုတ်ဆိတ်နေ၏။ သူက ယခုအချိန် ကျန်းယွဲ့လု၏ ရင်ခွင်ထဲ ရောက်ရှိနေခြင်းကိုသာ အဆိုးထဲကအကောင်းဟု သတ်မှတ်ပြီး ကျေနပ်နေလိုက်လေသည်။

အခန်း ၁၃၈ - လူဆင်းရဲများနှင့် ရည်မှန်းချက်

ပိုင်သီမြို့မှာလည်း ဟွာရှန်ခန်းမ၏ အခွဲတစ်ခုရှိလေသည်။ ချီရွှမ်းစုကို ဒုတိယအဆင့်ထိုက်ယီတာအိုအကြီးအကဲ၏ ထောက်ခံမှုဖြင့် ဟွာရှန်ခန်းမသို့ ပို့ဆောင်ပြီး အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲနှစ်ဦးလိုက်ပါလာသည့်အတွက် ဟွာရှန်ခန်းမက သူ့ကို လျစ်လျူမရှုရဲ‌ပေ။

ဟွာရှန်ခန်းမသည် ချီရွှမ်းစုကို ကုသရန်အတွက် သမားတော်များစွာကို စီစဉ်ပေးပြီး သူတို့၏ အမျိုးမျိုးသောနတ်ဆေးများနှင့် ဆေးလုံးများကို နှမြောတွန့်တို မနေပေ။ ချီရွှမ်းစုက သေသည့်တိုင်အောင် ရိုက်နှက်ခံလာရမည်ဆိုလျှင်တောင် သူ့ကို ပြန်လည်အသက်သွင်းဖို့အတွက် သူတို့မှာ နည်းလမ်းတစ်ခု ရှိနေလောက်သည်။

နာရီအနည်းငယ်ကြာပြီးနောက် ထိုးချက်ကြောင့် ကျိုးသွားသောသူ့လက်နှင့် ပျက်စီးထိခိုက်သွားသော ကိုယ်တွင်းအင်္ဂါများအပါအဝင် ချီရွှမ်းစု၏ ဒဏ်ရာများကို သူတို့သည် တတ်နိုင်သမျှနည်းလမ်းပေါင်းစုံသုံး၍ ကုသပေးပြီးသွားပြီဖြစ်၏။ ချီရွှမ်းစုမှာ အသွေးအသားနယ်ပယ် ကိုယ်ခံပညာသိုင်းသမားတစ်ဦးရဲ့ ပြန်လည်ကုသနိုင်စွမ်းရှိထားပြီး သူ၏ ဒဏ်ရာများက လျင်မြန်စွာသက်သာပျောက်ကင်းလာနေ၏။

ထို့နောက် ချီရွှမ်းစုကို ဟွာရှန်ခန်း၏ လူနာဆောင်သို့ ပို့ဆောင်ပြီး ကျန်းယွဲ့လုက သူ့ကို အဖော်ပြုပေးနေသည်။

ဤတစ်ခေါက်မှာ သူတို့အိတ်ကပ်ထဲကနေ ထုတ်သုံးစရာမလိုပေ။ ဤဆေးဝါးကုသမှုကို ရှုကျိုးတာအိုစံအိမ်၊ ရှစ်ပိုခန်းမ၊ ဟွာရှန်ခန်းမနှင့် ထျန်ကန်းခန်းမတို့က မျှခံပေးရသည်။ ကျောက်ဖူအန်ထံမှရလာသော ထိုက်ဖျင်ဒင်္ဂါးငါးရာက ချီရွှမ်းစုအတွက် နစ်နာကြေးဟုဆိုနိုင်သည်။

ထိုးချက်တစ်ချက်က ထိုက်ဖျင်ဒင်္ဂါးငါးရာ တန်သည်။

တကယ်တော့ ချီရွှမ်းစုသည် ဒေါသနှင့်မာနနှင့်အတူ ထိုငွေစက္ကူအတန်ကြီးငါးရွက်ကို ဆုတ်ဖြဲပစ်ချင်စိတ်ဖြစ်ခဲ့မိသည်။ သို့သော်လည်း ချီရွှမ်းစုက အတန်ကြာအောင် တွေဝေတုံ့ဆိုင်းပြီးနောက် ထိုသို့မပြုလုပ်ခဲ့ပေ။ မည်သို့ပင်ဆိုစေ ငွေစက္ကူများက အပြစ်ကင်းလေသည်။

သူ့အသက်နှင့်ရင်း၍ စွန့်စားပြီးနောက် သူက ထိုက်ဖျင်ဒင်္ဂါးလေးရာကိုသာ စုဆောင်းမိထား၏။ တကယ်တော့ ဤထိုက်ဖျင်ဒင်္ဂါးငါးရာသည်လည်း သူ့အသက်နှင့်ရင်း၍ စွန့်စားခြင်းကနေ ရရှိလာခြင်းဖြစ်၏။

ချီရွှမ်းစုက ကုတင်ပေါ်မှာလှဲပြီး သူ့ဘာသာသူရယ်လိုက်၏။

“ဆင်းရဲတဲ့သူတွေက ရည်မှန်းချက်သေးသေးလေးတွေပဲ ထားနိုင်ကြတယ်”

မည်သို့ပင်ဆိုစေ သူက စစ်တုရင်ခုံပေါ်မှာ အခြားသူများ ကစားတာကိုခံနေရသည့် အစေအပါး နယ်ရုပ်တစ်ရုပ်မျှသာဖြစ်လေသည်။

ကျန်းယွဲ့လုက ကုတင်ရှေ့ ကုလားထိုင်မှာထိုင်ပြီး စဉ်းစားတွေးတောနေ၏။

ကျောက်စိမ်းနေပြည်တော်ရှိ သာမန်တာအိုဆရာများသည် ခွန်လွင်တောင်အောက်ဘက်မှသူများကို အထင်သေးတတ်ကြသည်။ သို့သော်လည်း သူတို့သည် တိမ်စိုင်များပေါ်ကနေ ဆင်းသက်မှသာ အစစ်အမှန်လောကကို နားလည်ပေလိမ့်မည်။ ပန်းခင်းထဲက ထိုတာအိုဆရာများသည် မုန်တိုင်းများကို ခံနိုင်ရည်မရှိပေ။ သူတို့က အစစ်အမှန်လောက၏ ခက်ခဲကြမ်းတမ်းမှုကိုလည်း လက်မခံနိုင်ကြပေ။

သို့သော် ကျန်းယွဲ့လုက အလွယ်တကူအလျှော့ပေးတတ်သူမဟုတ်ပေ။ ထိုအစား သူမသည် တာအိုဂိုဏ်းတော်ကို ပြန်လည်ဖွဲ့စည်းရန် ပို၍ပင် ဆုံးဖြတ်ချက်ပြတ်သားလာသည်။ သူမက မအောင်မြင်ဘဲ မိမိကိုယ်ကို အထင်ကြီးလွန်းသည့်အတွက် လှောင်ရယ်ခံရမည်ဆိုလျှင်ပင် တစ်ယောက်ယောက်က တစ်နေရာရာကနေ ပြန်လည်စတင်ပေလိမ့်မည်။ သူမက ပြောင်းလဲမှုကို မစတင်ဘဲ လက်ရှိအခြေအနေနှင့် ကျေနပ်ကာနေမည်ဆိုလျှင် တာအိုဂိုဏ်းတော်၏ အနာဂတ်က မည်ကဲ့သို့ဖြစ်လာမလဲ။

ချီရွှမ်းစုက ရုတ်တရက်မေးလိုက်သည်။

“ချင်းရှောင်… မင်း အဲဒီအယူဝါဒမိစ္ဆာတွေကို ဆက်ပြီးတော့ စုံစမ်းဦးမှာလား”

“ဒီအခြေအနေရောက်မှတော့ ငါတို့ ဘယ်လိုစုံစမ်းလို့ရတော့မှာလဲ… အဲဒီအပန်းဖြေဂေဟာမှာ မသင်္ကာစရာတစ်ခုခုရှိနေမယ်ဆိုရင်တောင် သူတို့က ရှင်းလင်းပြီးသွားရောပေါ့.. အဲဒါကြောင့် ငါတို့ဆက်ပြီးစုံစမ်းလည်း ဘာမှသိရမှာ မဟုတ်တော့ဘူး”

ကျန်းယွဲ့လုက အဲဒါကို စဉ်းစားပြီးသွားပြီဖြစ်၏။

“ဒီအမှုကို ငါထပ်ပြီးတော့ မစုံစမ်းတော့ဘူး.. အဲဒါကို ထျန်ကန်းခန်းမဆီတော့ တင်ပြလိုက်မယ်… အခုချိန်မှာ ငါတို့လုပ်နိုင်တာဒါပဲ”

ချီရွှမ်းစုက သက်ပြင်းချလိုက်၏။

“ဒီတစ်နည်းပဲ ရှိတော့မယ်ထင်တယ်”

သူ့ကို ကြည့်ရင်း ကျန်းယွဲ့လု၏ မျက်လုံးများက ထိုင်းမှိုင်းနေ၏။

“အခုမှပဲ… တာအိုဂိုဏ်းတော်ရဲ့ စိုးရိမ်စရာအကောင်းဆုံးပြဿနာတွေက အပြင်ဘက်မှာ မဟုတ်ဘဲ အတွင်းပိုင်းမှာရှိတယ်ဆိုတာကို ငါနားလည်သွားပြီ… အဲဒီပြဿနာတွေက ရွှေနန်းမြင့်မျှော်စင်၊ တန်ခိုးရှင်သူတော်စင် ၃၆ ပါး၊ မဟာသူတော်စင်တွေနဲ့ လက်ထောက်မဟာအကြီးအကဲတွေဆီမှာ ရှိနေတာပဲ… ဒီပြဿနာတွေကို အမြစ်ကနေ မရှင်းပစ်ဘူးဆိုရင် ငါတို့က အဲဒီအယူဝါဒမိစ္ဆာတွေကို ဘယ်လောက်ပဲဖမ်းဆီးဖမ်းဆီး လျှို့ဝှက်အသင်းအဖွဲ့တွေကို ထိထိရောက်ရောက် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”

ချီရွှမ်းစုက ဘာမှမပြောဆိုပေ။ သူ့အပေါ် ကျန်းယွဲ့လု၏ စိတ်သဘောထားက အနည်းငယ်ပြောင်းလဲသွားသည်ဟု ခံစားမိသည်။ သူမက ယခု သူနှင့် ပို၍ နီးစပ်လာသလိုပင်။

ဤဖြစ်ရပ်အပြီးမှာ ချီရွှမ်းစုတွင် သူမလိုပင် တူညီသောရည်မှန်းချက်ရှိသည်ဟု ကျန်းယွဲ့လုက ထင်မြင်မိလာသောကြောင့် ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော် ချီရွှမ်းစုက ကျန်းယွဲ့လုနှင့် တူညီသောလမ်းကြောင်းနောက်ကို လိုက်နေသလား သို့မဟုတ် ကျန်းယွဲ့လုနောက်ကို လိုက်ဖို့သာ စိတ်ဝင်စားနေသလား သူသာလျှင် သိပေလိမ့်မည်။

ကျန်းယွဲ့လုက ဤကဲ့သို့လေးနက်သောအကြောင်းအရာများကို မပြောဆိုတော့ဘဲ ညင်သာစွာမေးလိုက်သည်။

“နင်အခု… နာနေသေးလား”

ယခင်ကလောက် မပြင်းထန်တော့လျှင်တောင် ချီရွှမ်းစုက နာကျင်နေဆဲဖြစ်၏။ ထိုသို့ဆိုလျှင်တောင် သူက ပြုံးပြပြီး သူမကို စိတ်ချလက်ချရှိစေရန် ပြောလိုက်၏။

“မနာတော့ပါဘူး… မင်းငါ့ကို နုနယ်တဲ့ ပန်းတချို့လို သဘောထားမနေပါနဲ့… အဖိုးတန်တဲ့ ပန်းတချို့က တစ်နေ့ မင်းသူတို့ကို လျစ်လျူရှုလိုက်တာနဲ့ ချက်ချင်းသေသွားရလိမ့်မယ်… ဒါပေမဲ့ ငါ့လိုမျိုး ပေါင်းပင်ကတော့ နင်းချေခံရရင်တောင်မှ အသက်ရှင်နိုင်သေးတယ်”

“နင်က ပေါင်းပင်မဟုတ်ပါဘူး… လူသားတွေအားလုံးက အတူတူပါပဲ… ကိုယ့်ကိုကိုယ် နှိမ့်ချမနေစမ်းနဲ့”

ကျန်းယွဲ့လုက ဆိုဆုံးမလိုက်၏။

ချီရွှမ်းစုက ပြုံး၍ ဘာမှမပြောပေ။

ကျန်းယွဲ့လုက ခဏမျှတွေဝေနေပြီးနောက် ပြောလိုက်သည်။

“ထျန်းယွမ်… ငါ့ရဲ့ အိမ်ပြန်ခရီးမှာ နင့်ကို ဆက်ပြီးတော့ ခေါ်မသွားချင်တော့ဘူး”

“မင်းဘာလို့ စိတ်ပြောင်းသွားတာလဲ”

ချီရွှမ်းစုက အံ့အားသင့်သွား၏။

ကျန်းယွဲ့လုက ခပ်တိုးတိုးပြောလိုက်၏။

“နင် အဆင့် ၅ကို တိုးမြှင့်ခံရပြီးမှပဲ အိမ်ကို တရားဝင်ဖိတ်ခေါ်တာ ပိုကောင်းလိမ့်မယ်ထင်လို့.. ငါ့အမေက စကားပြောရလွယ်တာမဟုတ်ဘူး… အခုချိန်မှာ နင်သူနဲ့တွေ့မယ်ဆိုရင် မလိုအပ်တဲ့ပြဿနာအချို့ကို ရှောင်လွှဲဖို့ ငါ့ကို သေချာပေါက်ကူညီပေးနိုင်မှာ.. ဒါပေမဲ့ ငါ့အမေက နင့်အပေါ်မှာ မကောင်းတဲ့ထင်မြင်ချက်တစ်ခု ရှိသွားလိမ့်မယ်.. နင့်အပေါ် သူ့ရဲ့ မကောင်းမြင်စိတ်ကို ပြောင်းလဲဖို့လွယ်မှာ မဟုတ်တော့ဘူး… ငါ အဲလိုမျိုး မဖြစ်စေချင်ဘူး”

ကျန်းယွဲ့လုက စကားအလှသုံးကာ ပြောဆိုသော်လည်း သူမ ဆိုလိုသည့်အဓိပ္ပါယ်ကို ချီရွှမ်းစုက နားလည်သဘောပေါက်သည်။

ချီရွှမ်းစုက မေးလိုက်သည်။

“ဒါဆို ဒီတစ်ခေါက် မင်းသူ့ကို ဘယ်လိုရှောင်မှာလဲ”

ကျန်းယွဲ့လုက ရေရွတ်ပြောဆိုလိုက်၏။

“မပူပါနဲ့..ငါ့မှာ တခြားနည်းလမ်းရှိပါတယ်”

ချီရွှမ်းစုက ပြောလိုက်သည်။

“မင်းမှာသာ တခြားနည်းလမ်းရှိမယ်ဆိုရင် မင်းငါ့ကို အကူအညီလာတောင်းခဲ့မှာမဟုတ်ဘူး… မင်း မြေကမ္ဘာဆရာသခင်ကို အကူအညီတောင်းဖို့ စဉ်းစားနေတာလား”

ကျန်းယွဲ့လုက နှုတ်ဆိတ်နေ၏။

“ငါမင်းကို ကူညီဖို့သဘောတူထားပြီဆိုမှတော့ ဆုံးခန်းတိုင်အောင်ကူညီပေးရမှာပေါ့… အခု ငါတို့ လမ်းတစ်ဝက်ကိုတောင် ရောက်နေပြီပဲ”

ချီရွှမ်းစုက သူမကို နှစ်သိမ့်ပေးလိုက်သည်။

ကျန်းယွဲ့လုက အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် ခပ်တိုးတိုးပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ဟွာရှန်ခန်းမ၏ လူနာ‌ဆောင် တံခါးအပြင်ဘက်မှာ တာအိုဆရာကျိက သေရည်ဘူးတောင်းကို ဖြည်းဖြည်းချင်းမော့သောက်ပြီး ညင်သာစွာသက်ပြင်းချလိုက်သည်။

တာအိုဆရာကျိသည် စောစောက သူတော်စင်လင်းယွင်နှင့်တွေ့ဆုံပြီး ဖြစ်ပျက်ခဲ့သည့်အရာကို သိရှိသွားပြီဖြစ်ကာ ချီရွှမ်းစုကို သတင်းသွားမေးဖို့ တွေးထားလေသည်။ သို့သော်လည်း သူက တံခါးဝသို့ရောက်လာပြီး သူတို့၏ အပြန်အလှန်ပြောဆိုစကားကို ကြားရသည့်အချိန်မှာ ဤလူငယ်စုံတွဲကို မနှောက်ယှက်တာကောင်းလိမ့်မည်ဟု တွေးလိုက်သည်။

သူက သူ၏ လူငယ်ဘဝကို ပြန်လည်အမှတ်ရသွား၏။ သူတို့ငယ်ရွယ်စဉ်က အပေါင်းအဖော်များနှင့် အတူရှိခဲ့သည့် အချိန်များနှင့် မှတ်ဉာဏ်များက တကယ့်ကို တန်ဖိုးရှိခဲ့လေသည်။

တာအိုဆရာကျိက သူ၏မှော်သိုလှောင်ပစ္စည်းထဲကနေ သေရည်ဘူးတောင်းငယ်နှစ်ခုကို ထုတ်ယူပြီး အနီရောင်ကြိုးတစ်ချောင်းဖြင့် စည်းနှောင်ကာ တံခါးလက်ကိုင်မှာ ချိတ်ထားခဲ့သည်။

ထို့နောက် သူက ဤနေရာကို ဘယ်တုန်းကမှ မရောက်ရှိခဲ့သည့်အလား တိတ်တဆိတ်ထွက်ခွာသွား၏။

အရုဏ်တက်ချိန်မှာ ကျန်းယွဲ့လုသည် တံခါးဝမှာ ချိတ်ဆွဲထားသည့် ‘ကျိ’ ဟူသောစာလုံးပါသည့် ဘူးတောင်းနှစ်ခုကို ရှာတွေ့သွား၏။ သူမက သေရည်ဘူးတောင်းနှစ်ခုကို လူနာဆောင်ထဲသို့ယူပြီး ချီရွှမ်းစုရှေ့မှာ ချပေးလိုက်သည်။

ချီရွှမ်းစုက ဘူးတောင်းများကို တွေ့မြင်သောအခါ ဘယ်သူ့ဟာဖြစ်သည်ကို သူချက်ချင်းသိရှိသွားသည်။

“တာအိုဆရာကျိက ဒီနားက ဖြတ်သွားတာဖြစ်ရမယ်”

ကျန်းယွဲ့လုက ဘူးတောင်းအဆို့ကိုဆွဲဖြုတ်ပြီး နမ်းရှုံ့ကြည့်လိုက်၏။

“အထဲမှာ ဆေးနံ့ပါနေသလိုပဲ.. အဲဒါက ဆေးဝါးသေရည်ဖြစ်နိုင်မလား”

ချီရွှမ်းစုက ကမ်းလှမ်းလိုက်၏။

“ဆေးဝါးသေရည်ကလည်း သေရည်ပဲ… အဲဒါက နှစ်ဘူးဆိုတော့ ငါတို့ တစ်ယောက်တစ်ဘူးသောက်ကြတာပေါ့”

“ငါအရင် မြည်းကြည့်ပါရစေဦး”

ကျန်းယွဲ့လုက ဘူးတောင်းကိုမပြီး တစ်ကျိုက်စုပ်သောက်လိုက်၏။ အရသာခံပြီးနောက် သူမ၏ မျက်လုံးနှစ်ဖက်က အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားလေသည်။

ချီရွှမ်းစုက စနောက်လိုက်၏။

“အဲဒါက အဆိပ်မလို့လား”

ကျန်းယွဲ့လုက ဘူးတောင်းကို ချီရွှမ်းစုထံ ကမ်းပေးလိုက်သည်။

“ဒီနှစ်ဘူးလုံး နင်ယူထားသင့်တယ်… အဲဒါက နင့်ရဲ့ ကျင့်ကြံမှုကို အထောက်အကူဖြစ်စေလိမ့်မယ်”

ချီရွှမ်းစုက ကျန်းယွဲ့လုဖွင့်ထားသည့် သေရည်ဘူးတောင်းကို မယုံသင်္ကာဖြင့်ယူပြီး တစ်ကျိုက်စုပ်သောက်လိုက်၏။ အားကောင်းသောဆေးနံ့နှင့် ခပ်ဖျော့ဖျော့ သေရည်နံ့ပါဝင်လေသည်။ ထို့နောက် သူ၏ လည်ချောင်းတစ်လျှောက် ပူဆင်းသွားပြီး နောက်ဆုံးမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်ဟု ခံစားလိုက်ရသည်။ အဲဒါက အတော်လေးကို ပြေပြစ်လွန်းသည်။

“အဲဒါ တကယ်ကြီးပဲလား”

ချီရွှမ်းစုက စိတ်လှုပ်ရှားစွာဖြင့် နောက်တစ်ကျိုက်စုပ်သောက်လိုက်၏။

သေရည်ဘူးတောင်းက သိပ်မကြီးမားပေ။ သုံးကျိုက်စုပ်သောက်ရုံမျှနှင့် သေရည်ဘူးတောင်း တစ်ဝက်နီးပါးကျသွား၏။ သို့သော်လည်း ဆေးအာနိသင်က အတော်လေးပြင်းထန်လေသည်။ ခဏနေပြီးနောက် ချီရွှမ်းစုသည် သူ့တစ်ကိုယ်လုံး လောင်မြိုက်လာသည်ဟု ခံစားလိုက်ရသည်။ သူက ပူစပ်ပူလောင်ဖြစ်လာသော သူ၏ ပါးနှစ်ဖက်ကို လက်ခုံဖြင့် ဖိထားလိုက်၏။

အနည်းငယ်မအီမသာခံစားနေရပြီး ချီရွှမ်းစုက ရေရွတ်ပြောဆိုလိုက်သည်။

“ဒီထဲမှာ ကာမအားတိုးဆေးများပါနေလား… ငါဘာလို့ အဲဒါကို ခံစားနေရပါလိမ့်”

ကျန်းယွဲ့လုက သူ့ကို မျက်စောင်းထိုးကြည့်လိုက်၏။

“နင် ဝတ္ထုတွေဖတ်တာများလွန်းနေပြီ… ဆေးကိုသာ ကုန်အောင်သောက်စမ်းပါ”

ချီရွှမ်းစုက ညွှန်ကြားသည့်အတိုင်း ကျန်ရှိနေသော ဆေးဝါးသေရည်တစ်ဝက်ကို သောက်လိုက်လေသည်။ သူ၏ ဝမ်းဗိုက်ထဲမှာ ပြင်းထန်စွာလောင်ကျွမ်းနေသော မီးလုံးတစ်လုံးရှိသည်ဟု ခံစားနေရသည်။ သူ၏ သွေးများက ဆူပွက်ပြီး နေရထိုင်ရခက်အောင်ပူနေ၏။ သူက တစ်မျိုးတစ်မည်ရေဆာပြီး တစ်ကိုယ်လုံးယားယံလာသည်ဟု ခံစားရသည်။ အဲဒါက ဒဏ်ရာသက်သာပျောက်ကင်းလာသည့် လက္ခဏာတစ်ခုဖြစ်လေသည်။

“ဒါက ဝတ္ထုတွေထဲကလို လျှို့ဝှက်ဆန်းကြယ်တဲ့ အထုံရေစက်လား”

ကျန်းယွဲ့လု၏ လမ်းညွှန်မှုမရှိဘဲ ချီရွှမ်းစုက သူ့ခန္ဓာကိုယ်ထဲရှိချီကို လှည့်ပတ်ခြင်းဖြင့် ဤအပူကို စတင်ချေဖျက်နေပြီဖြစ်၏။

ချီရွှမ်းစု၏ ဦးခေါင်းကနေ အငွေ့များထွက်လာသည်ကို ကျန်းယွဲ့လု တွေ့မြင်ရသည်။ သူ့ခန္ဓာကိုယ်က မီးဖိုတစ်လုံးကဲ့သို့ဖြစ်ပြီး အပူလှိုင်းများဖြာထွက်၍ ဘေးပတ်ဝန်းကျင်မှာရှိသော အေးစက်နေသည့်လေများကို တွန့်လိမ်သွားစေသည်။

နှစ်နာရီကြာပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ အပူများအားလုံး ပျက်ပြယ်သွားသည်ဟု ခံစားလိုက်ရသည်။ သူက များစွာပိုမိုပေါ့ပါးသွားသည်ဟုလည်း ခံစားရသည်။ လုံးလုံးမပျောက်ကင်းသေးသည့် သူ့ဘယ်ဘက်လက်ကလွဲလျှင် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းက သစ်လွင်လန်းဆန်းလာသည်ဟု ခံစားရ၏။ သူသည် မကြာသေးခင်ကမှ ဟွာရှန်ခန်းမ၏ ကုသမှုကို ခံယူထားပြီး သူ့မှာ သန်မာသော ကိုယ်ကာယရှိသည့်အတွက် အဲဒါက အဓိပ္ပါယ်ရှိလေသည်။

ချီရွှမ်းစုကို တကယ်တမ်းအံ့အားသင့်စေသည်မှာ သူ့ကျင့်ကြံမှုက တိုးတက်လာခြင်းဖြစ်သည်။ သူက နောက်တစ်ဆင့်ကိုတက်လှမ်းဖို့ ဝေးကွာနေဆဲဖြစ်သော်လည်း စောစောက သူ၏ ကျင့်ကြံမှုသည် ပင်ပင်ပန်းပန်းတစ်နှစ်တာကျင့်ကြံခဲ့သလောက် တာသွားခဲ့လေသည်။ ဤသေရည်က တကယ့်ကိုရှားရှားပါးပါးဆေးဝါးဖြစ်သည်။

ကျန်းယွဲ့လု၏ မျက်လုံးများက ခရမ်းရောင်စွမ်းအင်ဖြင့်တောက်ပလာပြီး ချီရွှမ်းစုကို အကဲခတ်ကြည့်လိုက်၏။

“နင်က အခုချိန်မှာ ဆေးတစ်ဝက်ကိုပဲ သန့်စင်ရသေးတယ်… ဆေးအာနိသင်တစ်ဝက်က နင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတုန်းပဲ… နင် နောက်နှစ်တွေထဲမှာ အဲဒါကို ဆက်ပြီးတော့ စုပ်ယူချေဖျက်လို့ရတယ်… အဲဒါကြောင့် နောက်တစ်ပုလင်းကို အလောတကြီးသောက်စရာမလိုသေးဘူး”

ချီရွှမ်းစုက စနောက်လိုက်၏။

“အဲဒါက အဲလောက်ထိ အကျိုးရှိတယ်ဆိုရင် ကျန်တဲ့တစ်ဘူးကို မင်းသောက်လိုက်ပါလား… မင်းသာ ကောင်းကင်သက်ရှိတစ်ဦးဖြစ်လာမယ်ဆိုရင် အခုပဲငါတို့ ကျောက်ဖူအန်ကို သွားပြီးဆုံးမလို့ရပြီ”

ကျန်းယွဲ့လုက ရယ်မောလိုက်၏။

“ဆေးအာနိသင်က အဲလောက်ထိ စွမ်းမယ်လို့နင်ထင်တာလား… ဒီဆေးဝါးသေရည်နှစ်ဘူးက ကျင့်ကြံမှုအတွက်ကောင်းပေမဲ့ ငါ့အတွက်တော့ သိပ်ပြီးအသုံးဝင်မှာမဟုတ်ဘူး… ငါက သေရည်သောက်ရုံနဲ့ အဲလောက်ထိ အလွယ်တကူ ကောင်းကင်သက်ရှိဖြစ်လာမယ်ဆိုရင် ငါဘာလို့ အခုချိန်ထိအောင် စောင့်နေမှာလဲ”

ချီရွှမ်းစုက မေးလိုက်၏။

“ဒါဆိုလည်း အဲဒါကို ငါ့အတွက် သိမ်းထားပေး… မင်းရဲ့ မှော်သိုလှောင်ပစ္စည်းထဲမှာ နေရာလွတ်ကျန်သေးတယ်မလား”

ကျန်းယွဲ့လုက သေရည်ဘူးတောင်းကို လက်ဖဝါးထဲမှာ ချိန်ဆကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

“ဒီလောက်တော့ ဆံ့မှာပါ”

. . . . . . . .

မှောင်လာသည်နှင့် ကျောက်ဖူအန်က ပိုင်သီမြို့ကနေ ထွက်ခွာလာ၏။

မောက်မာဝင့်ကြွားသော ကျန်းယွဲ့လုက လက်လျှော့သွားပြီဟု သူတွေးလိုက်သည်။ သူက ချီရွှမ်းစုနှင့် ကျန်းယွဲ့လုနှင့် တိုက်ခိုက်နေခဲ့သည့်အချိန်မှာ အပန်းဖြေဂေဟာထဲရှိ အမှုထမ်းများက မသင်္ကာစရာအားလုံးကို ရှင်းလင်းပြီးသွားပြီဖြစ်သည်။ တာအိုဂိုဏ်းတော်က အပန်းဖြေဂေဟာကို ပိတ်ဆို့ပြီး ရှာဖွေမည်ဆိုလျှင်တောင် သူတို့က မည်သည့်အရာကိုမှ ရှာတွေ့တော့မည်မဟုတ်ပေ။

ထို့ကြောင့် သူက ပိုင်သီမြို့မှာ နေစရာမလိုတော့ဟု တွေးလိုက်သည်။

လမ်းစဉ်များစွာထဲမှာ ကိုယ်ခံပညာသိုင်းသမားများသည် ကောင်းကင်သက်ရှိဖြစ်လာပြီးနောက် သိပ်ဝေးဝေးမပျံသန်းနိုင်သည့် တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည်။ ထို့ကြောင့်ပင် ကျောက်ဖူအန်က မြင်းစီးကာ ခရီးသွားနေခြင်းဖြစ်၏။

မလှမ်းမကမ်း လမ်းဘေးမှာ ထိုင်ပြီး သေရည်သောက်နေသည့် သက်လတ်ပိုင်းအရွယ်တာအိုဆရာအမျိုးသားတစ်ဦးကို သူတွေ့မြင်လိုက်ရသည်။ တာအိုဆရာအမျိုးသား၏ လက်ထဲရှိ သေရည်ဘူးတောင်းက အကန့်အသတ်မဲ့ ဝင်ဆံ့ပုံရသည်။

ကျောက်ဖူအန် ချဉ်းကပ်လာသည်ကိုကြည့်ပြီး သက်လတ်ပိုင်းအရွယ်တာအိုဆရာက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်ကာ သေရည်ဘူးတောင်းကို သူ့ခါးမှာ ချိတ်ဆွဲလိုက်၏။

ကျောက်ဖူအန်က တစ်ခုခုမူမမှန်သည်ကို အာရုံခံမိလိုက်ပြီး သူ့မြင်းကို ဇက်ဆွဲလိုက်၏။ ကျောက်ဖူအန် ဘာမှမပြောရသေးခင် သက်လတ်ပိုင်းအရွယ်တာအိုဆရာက ရှေ့သို့ခုန်တက်ကာ ကျောက်ဖူအန်၏ မျက်နှာကို လက်ဝါးဖြင့် ပစ်ရိုက်ချပြီး သူ့ကို မြင်းပေါ်ကနေ တွန်းချလိုက်သည်။

All Chapters