← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း ၁၃၉ - ဝူလျှိုမြောင်က နတ်ဘုရားမ

ပိုင်သီမြို့က လူသတ်မှုကို ဖြေရှင်းခြင်းဖြင့် နောက်ထပ်အကျိုးဆောင်မှုတစ်ခုကို ရရှိနိုင်မည်ဟု ချီရွှမ်းစုအစက မျှော်လင့်ထားခဲ့သည်။ သို့သော်လည်း အခွင့်အလမ်းက သူတို့ဆီကနေ ပြေးထွက်သွားခဲ့လေပြီ။

ထိုအမှုမှာ ဘုရင်ခံစံအိမ်က စတုတ္ထသခင်မလေးနှင့် စစ်ဦးစီးချုပ်တို့ ပါဝင်ပတ်သက်နေသည်ကို တွေ့ရသောအခါ ကိစ္စများက မရိုးရှင်းကြောင်း ကုန်သည်များက သိရှိသွားပြီဖြစ်သည်။ အမှုကို စုံစမ်းစစ်ဆေးနေသည့် ထျန်ကန်းခန်းမက တာအိုဆရာနှစ်ဦးပင်လျှင် သေလုမတတ်ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ကုန်သည်များက တရားခံကို ဆက်လက်၍ မသိချင်ကြတော့ပေ။

ကျောက်စိမ်းနေပြည်တော်မှာ ဩဇာအာဏာကြီးမားသည့် ပုဂ္ဂိုလ်များစွာရှိနေပြီး အခြေအနေက မျှခြေတစ်ခုမှာရှိနေသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်ချင်းစီက အရာရာတိုင်းကို ထိန်းချုပ်မထားပေ။ သို့သော်လည်း ဒေသဆိုင်ရာတာအိုစံအိမ်များမှာ အခြေအနေက များစွာပိုမိုရှုပ်ထွေးနေ၏။

ဒေသဆိုင်ရာတာအိုစံအိမ်တစ်ခုမှာ အင်ပါယာနန်းတော်၊ လူကုံထံအသိုင်းအဝိုင်းနှင့် လျှို့ဝှက်အသင်းအဖွဲ့များအပါအဝင် အမျိုးမျိုးသော အင်အားစုများ ပါဝင်ပတ်သက်နေသည်။ အဖွဲ့အစည်းများအားလုံးကြား ဆက်ဆံရေးက ရှုပ်ထွေးလွန်းပြီး ဘယ်သူက ဘယ်ဘက်ကို ထောက်ပံ့နေသည်ကို အပြင်လူများက သိရှိဖို့ခက်ခဲလေသည်။

ပိုင်သီမြို့က အမှုကို နမူနာယူနိုင်သည်။ ကျောက်ဖူအန်ကဲ့သို့ ဂုဏ်သိက္ခာကြီးမားသည့် ရှုကျိုး၏ စစ်ဦးစီးချုပ်ကို အမိန့်ပေးစေခိုင်းနိုင်သည့် ဩဇာအာဏာ ဝမ်ယုယီမှာ သေချာပေါက်မရှိပေ။ ကျောက်ဖူအန်၏ တိုက်ရိုက်အထက်လူကြီး ရှုကျိုး မဟာစစ်သေနာပတိနှင့် ရှုကျိုးဘုရင်ခံ ဝမ်ချွမ်းဇွန်ကသာလျှင် ကျောက်ဖူအန်ကို အမိန့်ပေးစေခိုင်းနိုင်သည်။ အပန်းဖြေဂေဟာက တရားဝင်စီးပွားရေးလုပ်ငန်းမဟုတ်သည့်အတွက် ဝမ်ချွမ်းဇွန်က သူ ဘုရင်ခံအဖြစ်တိုးမြှင့်ပေးမခံရခင် သူ၏ တိုက်ရိုက်လက်အောက်ငယ်သားဖြစ်ခဲ့ဖူးသော ကျောက်ဖူအန်ကို ပုဂ္ဂိုလ်ရေးမျက်နှာသာပေး စေခိုင်းခဲ့ခြင်းဖြစ်ပေမည်။

တစ်နည်းအားဖြင့်ဆိုသော် ဝမ်ချွမ်းဇွန်က ပိုင်သီမြို့မှ အယူဝါဒမိစ္ဆာများနှင့် တစ်နည်းတစ်ဖုံအားဖြင့် ပတ်သက်ဆက်စပ်နေသည်။ သို့သော်လည်း ရှုကျိုးဘုရင်ခံက လျှို့ဝှက်အသင်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်မည်ဟု တပ်အပ်သေချာပြောလို့မရပေ။

ဘုရင်ခံသည် အင်ပါယာနန်းတော်၏ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်ပြီး ဤကဲ့သို့သော လူအများစုသည် သူတို့၏ ရာထူးနှင့်ရင်းပြီး လျှို့ဝှက်အသင်းအဖွဲ့များသို့ ဝင်ရောက်ကြလိမ့်မည် မဟုတ်ပေ။ အလွန်ဆုံး သူတို့သည် လျှို့ဝှက်အသင်းအဖွဲ့တချို့နှင့် ပူးပေါင်းဆက်ဆံရေးတချို့ သို့မဟုတ် နောက်ကွယ်ကနေ တိတ်တဆိတ်ထောက်ပံ့မှုသာ ရှိထားကြပေမည်။

ကျန်းယွဲ့လုပြောခဲ့သလိုပင် ဤလျှို့ဝှက်အသင်းအဖွဲ့များ ဆက်ရှိနေခြင်းမှာ တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်၏ အဆင့်မြင့်အရာရှိများထံမှ ကြီးမားသောအထောက်အပံ့ကို သူတို့ရရှိထားသောကြောင့်သာဖြစ်သည်။

ဤသည်ကို စဉ်းစားရင်း အယူဝါဒမိစ္ဆာများကို ဖမ်းဆီးခြင်းက အပေါ်ယံကုသမှုတစ်ခုမျှသာဖြစ်သည်ဟု ကျန်းယွဲ့လုက အမြဲတမ်းလိုလို ဘာ့ကြောင့်ပြောဆိုနေခဲ့သလဲ ချီရွှမ်းစု နောက်ဆုံးမှာ နားလည်သဘောပေါက်သွားသည်။ သူတို့ကို အမြစ်ကနေ ဆွဲမနုတ်ဘူးဆိုလျှင် ဤလျှို့ဝှက်အသင်းအဖွဲ့များသည် မိုးရွာပြီးလျှင် အစို့အညှောက်ထွက်လာသော မှိုများကဲ့သို့ ဆက်လက်၍ ရှိနေပေလိမ့်မည်။

အမြစ်များဟု ခေါ်ဆိုသောအရာများထဲမှ တစ်ခုမှာ လျှို့ဝှက်အသင်းအဖွဲ့၏ ခေါင်းဆောင် ရှေးဟောင်းအင်မော်တယ် သို့မဟုတ် ဝမ်ချွမ်းဇွန်ကဲ့သို့ ဩဇာအာဏာကြီးမားသော ထောက်ပံ့သူတစ်ဦးဖြစ်လေသည်။

ထို့ကြောင့်ပင် ချီရွှမ်းစုနှင့် ကျန်းယွဲ့လုအနေဖြင့် ပိုင်သီမြို့က အမှုကို တိတိကျကျ စုံစမ်းဖို့က မဖြစ်နိုင်ပေ။ ဝမ်ချွမ်းဇွန်က ပေါ်ထွက်မလာခင်မှာပင် သူ့အစေအပါးက သူတို့နှစ်ယောက်ကို အနိုင်ယူခဲ့ပြီဖြစ်သည်။ ရှုကျိုးတာအိုစံအိမ်သည် ဤဖြစ်ရပ်မှာ မရေမရာ ရပ်တည်နေသည်ဟု ဖြစ်ပျက်ခဲ့သည့်အရာကနေ သူတို့သိရှိလိုက်သည်။

အဲဒါက ကျန်းနန်အမှုနှင့် ကွာခြားသည်။ ရှစ်ပိုခန်းမ၊ ပေချန်ခန်းမနှင့် တူချန်ခန်းမတို့က ကျန်းနန်တာအိုစံအိမ်၏ ဝင်ငွေပြစာရင်းကို တိတိကျကျ စုံစမ်းရန် ဆုံးဖြတ်ခဲ့သောကြောင့် ကျန်းယွဲ့လုက ကျန်းနန်းအမှုမှာ နံပါတ်တစ် အကျိုးဆောင်သူ ဖြစ်လာခဲ့ခြင်းပင်။ ထို့ကြောင့်ပင် ကျန်းယွဲ့လုနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များကို ကျန်းနန်သို့ စေလွှတ်ခဲ့ခြင်းဖြစ်လေသည်။

ကျန်းနန်သို့ သွားရာ သူတို့၏ ခရီးစဉ်က ပြောစရာမလိုအောင်ပင် အန္တရာယ်များခဲ့သည်။ ယနေ့အချိန်ထိ သက်ရောက်မှုတချို့ ကျန်ရှိနေဆဲဖြစ်သည်။

ဤအမှုတွင် ပါဝင်ပတ်သက်ခဲ့သည့် နောက်ထပ်အဓိကကျသောသူက ယခင်ကျန်းနန်တာအိုစံအိမ်သခင်ဖြစ်ခဲ့ဖူးသော ကျန်းယွဲ့လု၏ ဆရာ သူတော်စင်စီဟန်ဖြစ်သည်။ သူတော်စင်စီဟန်သည် ကျန်းနန်တာအိုစံအိမ်မှာ နှစ်ပေါင်းများစွာကြာအောင် ကြီးကြပ်ခဲ့ဖူးလေသည်။ ထို့ကြောင့် သူမက ထိုနေရာမှာ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်ထားခဲ့၏။ နောက်ပိုင်း သူမသည် ဟွာရှန်ခန်းမသခင်၊ ထို့နောက် တူကျစ်ခန်းမသခင်အဖြစ် တိုးမြှင့်ပေးခံခဲ့ရသည်။ သူတော်စင်စီဟန်သည် ကျန်းနန်တာအိုစံအိမ်ကနေ ထွက်ခွာလာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော်လည်း ထိုနေရာမှာ သူမ၏ လက်အောက်ငယ်သားဟောင်းများစွာ ရှိနေဆဲဖြစ်၏။ သူတော်စင်စီဟန်၏ အကူအညီမရှိလျှင် ကျန်းယွဲ့လုသည် ပေချန်ခန်းမမှ သူမ၏ အခြားသောလုပ်ဖော်ကိုင်ဖက်များလိုပင် အသက်ပေးခဲ့ရပေလိမ့်မည်။

ယခုအချိန်မှာ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုသည် တာအိုဂိုဏ်းတော် သို့မဟုတ် ဩဇာအာဏာရှိသော သူတော်စင်တစ်ဦး၏ အမိန့်ဖြင့် ပြုမူလှုပ်ရှားနေကြခြင်းမဟုတ်ဘဲ ဤစုံစမ်းစစ်ဆေးမှုမှာ သူတို့က ကူကယ်ရာမဲ့နေခဲ့ကြသည်။

ခဏမျှဆွေးနွေးပြောဆိုပြီးနောက် သူတို့က ပိုင်သီမြို့မှာ သိပ်ကြာကြာမနေဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့သည် ဒုတိယအမြန်ဆုံးလမ်းကြောင်းကိုရွေးချယ်ကာ ဟူကျိုးသို့ လှေဖြင့်ဆက်သွားမည်ဖြစ်သည်။ ဝေဟင်ပျံသင်္ဘောများပြီးလျှင် ရေလမ်းခရီးက ဒုတိယနေရာမှာရှိသည်။

မထွက်ခွာခင် ချီရွှမ်းစုသည် သူနှင့်အမှတ်မထင်တွေ့ဆုံခဲ့ဖူးသည့် တာအိုဆရာကျိကို လူကိုင်တိုင်ကျေးဇူးတင်စကားပြောနိုင်ဖို့ မျှော်လင့်ခဲ့သည်။ သို့သော်လည်း ဤလူက လျှို့ဝှက်ဆန်းကြယ်ပြီး လုံးဝပေါ်ထွက်မလာခဲ့ပေ။ ထို့ကြောင့် ချီရွှမ်းစုက မတတ်သာဘဲ ထိုအတွေးကို စွန့်လွှတ်လိုက်ရသည်။

သူတို့ ထွက်ခွာသည့်အချိန်မှာ ထန်ယုံတျဲက သူတို့နှစ်ယောက်ကို အထူးတလည် လိုက်လံပို့ဆောင်ပေးခဲ့သည်။ သူက တောင်းပန်စကားကို ထပ်တလဲလဲ ပြောဆိုနေသည့်အပြင် နစ်နာကြေးအဖြစ် ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်ကိုပင် ပေးဖို့ကမ်းလှမ်းပြီး သူတို့အတွက် ရှစ်ပိုခန်းမ သင်္ဘောပေါ်မှာ လိုက်ပါစီးနင်းစရာနေရာတစ်ခုကိုလည်း စီစဉ်ပေးထားလေသည်။

ကျန်းယွဲ့လုက ဖြစ်ပျက်ခဲ့သည့်အရာအတွက် သူမ၏ ဒေါသကို သူ့အပေါ် ပုံချခြင်းမရှိပေ။ သူမက ထိုက်ဖျင်ဒင်္ဂါးတစ်ထောင်ကို ယူဖို့ငြင်းဆန်ပြီး တောင်ပိုင်းသို့သွားမည့် ရှစ်ပိုခန်းမသင်္ဘောပေါ်သို့ ချီရွှမ်းစုနှင့်အတူ တက်ရောက်လိုက်သည်။

ရှစ်ပိုခန်းမမှာ ကုန်တင်သင်္ဘောများနှင့် ခရီးသည်တင်သင်္ဘောများ နှစ်မျိုးစလုံးရှိသည်။ ထန်ယုံတျဲသည် ပြေရာပြေကြောင်း တောင်းပန်လိုသောကြောင့် သူက သူတို့နှစ်ယောက်အတွက် ပထမတန်းစားခရီးသည်တင်သင်္ဘောလက်မှတ်ဝယ်ပေးထားသည်။ ခရီးသည်တင်သင်္ဘောကို ရှစ်ပိုခန်းမမှ အမျိုးသမီးအမှုဆောင်တစ်ဦးက ကြီးကြပ်လေသည်။ သူမသည် သာမန်ရုပ်ရည်သွင်ပြင်နှင့် ကြော့ရှင်းတင့်တယ်ပြီး တည်ငြိမ်သည့် ခွန်လွင်အဆင့် တပည့်ဂိုဏ်းသားတစ်ဦးဖြစ်သည်။

ရှစ်ပိုခန်းမ၏ သွင်ပြင်လက္ခဏာများထဲမှတစ်ခုသည် သူတို့၏ အမှုထမ်းများက ထျန်ကန်းခန်းမ၏ အမှုထမ်းများကဲ့သို့ ကျင့်ကြံမှုအဆင့် မြင့်မားစရာမလိုအပ်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ရှစ်ပိုခန်းမ အာရုံစိုက်ထားသည်မှာ သာမန်လူများနှင့် စီးပွားရေးလုပ်ငန်းလုပ်ဖို့သာဖြစ်လေသည်။ လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပင်မြင့်မားသည်ဖြစ်စေ စီးပွားရေးလုပ်ငန်းတစ်ခု လည်ပတ်ပုံ၏ သဘောတရားများကို နားလည်မထားလျှင် အလကားသာဖြစ်ပေလိမ့်မည်။

ထျန်ကန်းခန်းမကတော့ ဆန့်ကျင်ဘက်ဖြစ်သည်။ သူတို့သည် အယူဝါဒမိစ္ဆာများဖြင့် တိုက်ခိုက်ဖို့ကို အာရုံစိုက်ထားရသောကြောင့် လူတစ်ယောက်က မြင့်မားသောကျင့်ကြံမှုအဆင့်မရှိလျှင် သေဆုံးရပေလိမ့်မည်။ ထို့ကြောင့် ထျန်ကန်းခန်းမမှာ ခွန်လွင်အဆင့်အမှုဆောင်များကို တွေ့မြင်ရခဲသည်။ ချီရွှမ်းစုကတော့ ထူးထူးခြားခြားဖြစ်ပြီး သူ့ကို ကျန်းယွဲ့လုက ရွေးချယ်ခဲ့လေသည်။

ခန်းမကိုးဆောင်သည် သူတို့လိုအပ်သည့် အရည်အချင်းများအလိုက် အမှုထမ်းများကို ခေါ်ယူကြောင်း သိသာထင်ရှားနေ၏။

ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသည် အလယ်မှာဧည့်ခန်းငယ်တစ်ခုနှင့် ဘေးတစ်ဘက်တစ်ချက်စီမှာ အိပ်ခန်းတစ်ခုစီပါသော အဆောင်တစ်ခုဖြစ်သည့် ပထမတန်းစား သင်္ဘောခန်းတစ်ခုကိုရရှိလေသည်။ ယင်းအခန်းက သင်္ဘော၏ တတိယထပ်မှာရှိပြီး သူတို့က ဘေးပတ်ဝန်းကျင်ရှုခင်းများကို အပေါ်စီးကနေ ကြည့်ရှုခံစားနိုင်သည်။

ဤအချိန်မှာ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ဧည့်ခန်းထဲမှထိုင်ပြီး ပြတင်းပေါက်ကနေ အပြင်ဘက်ရှုခင်းများကို ငေးကြည့်နေသည်။

သင်္ဘောက မြစ်ကြောင်းအတိုင်းသွားပြီး ရှုကျိုးကထွက်ခွာ၍ ဟူကျိုးသို့ ဝင်ရောက်လာ၏။ ရှုကျိုးနှင့်ဟူကျိုး ဆုံရာနေရာသည် ဝူလျှိုမြောင်အပါအဝင် နာမည်ကြီး ပါသုန်လျှိုမြောင်သုံးသွယ်ရှိရာနေရာဖြစ်သည်။

ဝူလျှိုမြောင်သည် ဝူရှန်ခရိုင်၏ အရှေ့ဘက် တာနင်မြစ်ကနေ ပါသုန်ခရိုင် ကွမ်တုခိုထိ ၄၅ ကီလိုမီတာ ဖြန့်ကြက်ထားသည်။ ၎င်းသည် မဟာလျှိုမြောင်အဖြစ်လည်း ကျော်ကြားသည်။ ဝူလျိုမြောင်က ရှည်လျားပြီး မတ်စောက်သည်။ ကြမ်းတမ်းမတ်စောက်သောတောင်ထွတ်များ၊ အထပ်ထပ်ဆင့်ထားသော တောင်တန်းများ၊ မြူခိုးတိမ်စိုင်များနှင့် ကွေ့ပတ်ကာ စီးဆင်းနေသော မြစ်များနှင့်အတူ ၎င်းက ပန်းချီကားတစ်ချပ်လိုအလှမျိုးဖြင့် ကျော်ကြားသည်။ လှေက လျှိုမြောင်ကို ဖြတ်ကျော်လာစဉ် လျှိုမြောင်၏ တစ်ဘက်တစ်ချက်စီမှာ အဆက်မပြတ် သွယ်တန်းနေသော အစိမ်းရောင်တောင်တန်းများကို တွေ့မြင်ရပေလိမ့်မည်။ တစ်ခါတစ်ရံမှာ အရှေ့တည့်တည့်မြစ်ကို ငွားငွားစွင့်စွင့် မြင့်မားသော တောင်တစ်လုံး သို့မဟုတ် ကျောက်ဆောင်တစ်ခုက ပိတ်ဆို့ကာဆီးထားသည့်အလား ထင်ရသော်လည်း ရုတ်တရက် ချိုးကွေ့ပြီးလျှင် အသစ်စက်စက် ရှုခင်းတစ်ခုက ဘွားခနဲ ပေါ်ထွက်လာတတ်သည်။

ဝူတောင်တန်း၏ တောင်ထွတ် ၁၂ ခုသည် ဝူလျှိုမြောင်၏ တောင်နှင့်မြောက်ကမ်းပါးများတစ်လျှောက်မှာ စီတန်းကာတည်ရှိနေပြီး ရင်သပ်ရှုမောဖွယ်ရာအကောင်းဆုံး ရှုခင်းတစ်ခုဖြစ်သည်ဟု ဆိုကြသည်။ တောင်ထွတ် ၁၂ခုထဲနှာ နတ်ဘုရားမတောင်ထွတ်က အခမ်းအနားဆုံးအဖြစ် ထင်ရှားပေါ်လွင်နေလေသည်။

ကျန်းယွဲ့လုက အဝေးကနေ မြင်နေရသည့် နတ်ဘုရားမတောင်ထွတ်ကို လက်ညှိုးထိုးပြီး မေးလိုက်သည်။

“ထျန်းယွမ်.. အဲဒီနတ်ဘုရားမက ဘယ်သူလဲ နင်သိလား”

ချီရွှမ်းစုက စဉ်းစားပြီး ခေါင်းခါပြလိုက်၏။

“ငါမသိဘူး”

ကျန်းယွဲ့လုက အရိပ်အမြွက်ပေးလိုက်သည်။

“သေချာစဉ်းစားကြည့်ဦး… အဲဒီတောင်ထွတ် ၁၂ ခုကို ဘာလို့ ဝူတောင်တန်းလို့ခေါ်ဆိုတာလဲ… ပြီးတော့ ဒီနေရာကို ဘာလို့ဝူလျှိုမြောင်လို့ ခေါ်ဆိုတာလဲ”

ချီရွှမ်းစုက အံ့အားသင့်သွားပြီး မဝံ့မရဲဖြင့်ပြောလိုက်သည်။

“အဲဒါက လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းနဲ့ ပတ်သက်ဆက်စပ်နေမလား”

ကျန်းယွဲ့လုက ဖြေပေးလိုက်၏။

“အဲဒါက စုန်းကဝေတွေနဲ့ တကယ်ပဲ ပတ်သက်ဆက်စပ်နေတယ်.. ဒါပေမဲ့ နောက်ပိုင်းမှာပေါ်ထွက်လာတဲ့ လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းမဟုတ်ဘူး… အတိအကျပြောရရင် အဲဒါက ရှေးဟောင်းဝူဝါဒနဲ့ ပတ်သက်ဆက်စပ်နေတယ်… ဘာသာသုံးခု ပေါ်ထွက်မလာခင်က ဝူဝါဒက လောကမှာ ရှေးရိုးစဉ်လာ အထက်လမ်းယုံကြည်မှုဖြစ်ခဲ့တယ်… မဟာစုန်းဆယ့်တစ်ဦးကလည်း နတ်ဘုရားမတွေအဖြစ် ကြည်ညိုကိုးကွယ်ခံရတယ်”

“နောက်ပိုင်း ပြည်တွင်းပဋိပက္ခတွေကြောင့် ဝူဝါဒက ကျဆင်းလာပြီး ဘာသာသုံးပါး ပေါ်ထွက်လာခဲ့တယ်… ရွှမ်မြို့တော်နဲ့ ခရမ်းရောင်စံအိမ်ဆိုတာ တာအိုဝါဒရဲ့ သင်ကြားမှုဒေသနာကို ဖြန့်ဝေပေးခဲ့တဲ့ ရှေးဦးမူလတာအိုဘိုးဘေးနေထိုင်ခဲ့တဲ့ နေရာတွေပဲ… ပထမဆုံးကောင်းကင်ဆရာသခင်က ရှေးဦးမူလတာအိုဘိုးဘေးဆီကနေ သင်ကြားပြသမှုကို အမွေဆက်ခံရရှိပြီး ကျန်းယီကောင်းကင်ဂိုဏ်းကို တည်ထောင်ခဲ့တယ်”

“ရှေးဦးမူလတာအိုဘိုးဘေးရဲ့ အမိန့်ပြန်တမ်းကို လိုက်နာပြီး ကောင်းကင်ဆရာသခင်က ကျဆင်းလာနေပြီတဲ့ဖြစ်တဲ့ ဝူဝါဒကို ချေမှုန်းသုတ်သင်ခဲ့တယ်… ဝူဝါဒရဲ့ ကျန်ရှိနေတဲ့ အင်အားစုတွေက ယန်ဇီမြစ်ရဲ့ လျှိုမြောင်သုံးခုမှာ စုဝေးခဲ့ကြတယ်.. အဲဒါကြောင့် ဝူယန်ကို အစွဲပြုပြီး ဝူလျှိုမြောင်နဲ့ နတ်ဘုရားမတောင်ထွတ်ဆိုတဲ့နာမည်တွေကို ရလာခဲ့တာပဲ”

ချီရွှမ်းစုက ထပ်တလဲလဲမြင်မက်ခဲ့သည့် သူ၏ အိပ်မက်ကို ရုတ်တရက်အမှတ်ရသွားသည်။ ညိုမှောင်နေသော တောင်ပေါ်မှာ အရပ်အမောင်းမြင့်မားသော ပုံရိပ်ဆယ်ခုက ကြီးမားသော မီးပုံတစ်ခု၏ နောက်ကွယ်မှာ မတ်တတ်ရပ်ပြီး အရိပ်များကြား ပုန်းကွယ်နေကြသည်။ သူ တွေ့မြင်ရသည်မှာ ဝေဝေဝါးဝါး ကောက်ကြောင်းများနှင့် သူတို့၏ မျက်လုံးများမှ ဖြာထွက်နေသည့် သွေးနီရောင်အလင်းနှစ်ခုစီသာဖြစ်လေသည်။

ထိုစဉ်တုန်းက ရုတ်တရက် ဘီလူးလိုကြီးမားသည့် ပုံရိပ်ဆယ်ခု၏ ရှေ့မှာ အတော်အတန်သေးငယ်သည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုသေးငယ်သောလူရိပ်က မီးပုံကို နင်းချေကန်ကျောက်ပြီး ခါးထောက်ကာ ရယ်မောနေခဲ့သည်။

သူတို့က စုစုပေါင်း ၁၁ ဦးဖြစ်လေသည်။

အိပ်မက်ထဲမှာ သူမြင်မက်ခဲ့သည့် ထိုလူ၁၁ ဦးသည် ရှေးဟောင်းဝူဝါဒ၏ မဟာစုန်း ၁၁ ဦးဖြစ်ပြီး နောက်မှပေါ်ထွက်လာသည့် သေးငယ်သောပုံရိပ်က ဝူယန်ဖြစ်မည်ကို ချီရွှမ်းစုက အကြမ်းဖျင်းနားလည်သဘောပေါက်ထားသည်။ သူမက မီးပုံကိုကန်ကျောက်ခြင်းသည် လင်းရှန်မဟာစုန်းဆယ်ပါးကနေ ခွဲထွက်ခဲ့သော ဉာဏ်အလင်းပွင့် စုန်း ၆ဦး၏ ပုန်ကန်မှုကို ရည်ညွှန်းခြင်းဖြစ်လောက်သည်။

ညိုမှောင်နေသောတောင်ကတော့ ဒဏ္ဍာရီလာ လင်းရှန်တောင်ဖြစ်ပေလိမ့်မည်။

ဝူယန်ကိုအစွဲပြု၍ ဝူလျှိုမြောင်ဟူသောအမည်ကို ရရှိလာသည်ဆိုလျှင် ဤနေရာက ဝူယန်၏ စိတ်ဝိညာဉ်နယ်မြေဖြစ်သည်ဟု ဆိုလိုသည်မဟုတ်ပါလား။

ချီရွှမ်းစုက အခွင့်အရေးရတုန်း မေးမြန်းလိုက်၏။

“ဝူယန်နဲ့ ရှေးဟောင်းအင်မော်တယ်ဝူလောကြား ဆက်ဆံရေးက ဘယ်လိုရှိလဲ”

ကျန်းယွဲ့လုသည် ဝူဝါဒကို ချေမှုန်းသုတ်သင်ခဲ့သော ကျန်းမိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်သည်။ ဒါ့အပြင် သူမသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းနှင့် နှစ်ပေါင်းများစွာရင်ဆိုင်လာခဲ့ပြီး ရှေးဟောင်းဝူဝါဒ၏ နောက်ကွယ်မှ ဇာတ်လမ်းကို သူမက သိရှိထားပေမည်။

သူမက ရှင်းပြလိုက်၏။

“တိတိကျကျပြောရရင် သူတို့တွေက သွေးသောက်ရဲဘော်တွေပဲ… ဒဏ္ဍာရီအရဆို လင်းရှန်မဟာစုန်းဆယ်ပါးနဲ့ ဝူယန်က ကောင်းကင်ဧကရာဇ်ရဲ့ လက်အောက်ငယ်သားတွေဖြစ်ခဲ့ကြတယ်လို့ဆိုတယ်။”

ချီရွှမ်းစုက မေးမြန်းလိုက်၏။

“ဒါဆို ရှေးဦးမူလတာအိုဘိုးဘေးနဲ့ ကောင်းကင်ဧကရာဇ်ကြား ဆက်ဆံရေးကရော ဘယ်လိုရှိလဲ”

ကျန်းယွဲ့လုက ခဏမျှစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“အဲဒါ ငါတို့ တာအိုမဟာအကြီးအကဲနဲ့ အင်ပါယာနန်းတော်က ဧကရာဇ်ကြား ဆက်ဆံရေးနဲ့ ဆင်တူလိမ့်မယ်”

“အို… ဒီဥပမာက နားလည်သဘောပေါက်ဖို့ လွယ်သားပဲ”

ချီရွှမ်းစုက ဆက်ပြောလိုက်သည်။

“ပထမဆုံး ကောင်းကင်ဆရာသခင်က တာအိုဂိုဏ်းတော်က သူတော်စင်တစ်ပါးဖြစ်ခဲ့တယ်… မဟာစုန်းဆယ်ပါးတော့ ကောင်းကင်ဧကရာဇ်အတွက် တာဝန်ထမ်းဆောင်ပေးနေတဲ့ မော်တယ်ဘုံက နယ်ခြားစောင့်အရာရှိတွေဖြစ်ခဲ့ကြတယ်ပေါ့… နောက်ပိုင်း အဲဒီသူတော်စင်က နယ်ခြားစောင့်အရာရှိတွေကို သတ်ဖြတ်ခဲ့တာပဲ”

“နင့်စကားကို သတိထားပြီးပြော”

ကျန်းယွဲ့လုက ချီရွှမ်းစုကို မျက်စောင်းထိုးလိုက်၏။

“မဟာစုန်းဆယ်ပါးက သူတို့အချင်းချင်း အရင်စတင်သတ်ဖြတ်ပြီး လောကကို ကမောက်ကမဖြစ်စေခဲ့တာပဲ… ပထမဆုံးကောင်းကင်ဆရာသခင်က လောကအတွက် တည်ငြိမ်အေးချမ်းမှုကို ပြန်ယူပေးခဲ့တာ… ဝူဝါဒကျဆင်းပြီး တာအိုဝါဒပေါ်ထွန်းလာဖို့က မြေကြီးလက်ခတ်မလွဲဖြစ်ခဲ့တာပဲ”

သူ့မှတ်ချက်စကားက အတော်လေးလွန်လွန်ကျူးကျူးဖြစ်သွားသည်ကို ချီရွှမ်းစုကလည်း နားလည်သဘောပေါက်သွားပြီး ထပ်မံ၍ ပေါက်တတ်ကရမပြောရဲတော့ပေ။

ကျန်းယွဲ့လုက အသေးစိတ် ထပ်ရှင်းပြလိုက်သည်။

“ဉာဏ်အလင်းပွင့်စုန်းခြောက်ပါးက ဝူပန်၊ ဝူသီ၊ ဝူယန်၊ ဝူလီ၊ ဝူဖန်နဲ့ ဝူချန်တို့ပဲ… ဝူယန်က လင်းရှန်မဟာစုန်းဆယ်ပါးထဲမှာ မပါတဲ့ တစ်ဦးတည်းသောသူပဲ”

“ဒဏ္ဍာရီအရဆို ဝူယန်က ကောင်းကင်ဧကရာဇ်ရဲ့အမိန့်ကို ခံယူပြီး ရှုတိုင်းပြည်ဘုရင်ရဲ့ ဝိညာဉ်ကို တစ်ခါက ဆင့်ခေါ်ပေးခဲ့ဖူးတယ်… ငါတို့ တာအိုဝိညာဉ်ပြန်ခေါ်နည်းစနစ်က အဲဒီမဟာစုန်းဆီကနေ ဆင်းသက်လာခဲ့တာပဲ”

“ယောင်ယွီက ရှေးဟောင်းနတ်ဘုရား ကျူးလုံရဲ့သားဖြစ်ပြီး သူ့လက်အောက်ငယ်သားတွေရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်… သူ့သားကို ဆုံးရှုံးလိုက်ရတဲ့ ကျူးလုံရဲ့ ပရိဒေဝကို ကောင်းကင်ဧကရာဇ်က မကြည့်ရက်နိုင်တဲ့အတွက် ယောင်ယွီရဲ့ခန္ဓာကို လင်းရှန်ဆီ ပို့ပေးပြီး သူ့ကို ပြန်အသက်သွင်းပေးဖို့ မဟာစုန်းဆယ်ပါးကို သူ အမိန့်ပေးခဲ့တယ်”

“လင်းရှန်မဟာစုန်းဆယ်ပါးက မသေဆေးရည်ကိုသုံးပြီး ယောင်ယွီကို ပြန်အသက်သွင်းပေးခဲ့တယ်… ဒါပေမဲ့ အဲဒီအချိန်ကစပြီး ယောင်ယွီရဲ့စိတ်နေစရိုက်က သိသိသာသာပြောင်းလဲသွားခဲ့တယ်… ယောင်ယွီက နဂါးဦးခေါင်း၊ ကြောင်ခန္ဓာနဲ့ မိစ္ဆာသတ္တဝါဖြစ်လာပြီး လူသားတွေကို ဖမ်းဆီးစားသောက်ခဲ့တယ်… နောက်ဆုံးမှတော့ ယောင်ယွီကို အသေပစ်သတ်ဖို့ ကောင်းကင်ဧကရာဇ်က အမိန့်ပေးခဲ့ရတယ်”

“လင်းရှန်မဟာစုန်းဆယ်ပါးနဲ့ ဝူယန်က ကောင်းကင်ဧကရာဇ်ရဲ့ လက်အောက်ငယ်သားတွေဖြစ်တယ်လို့ အဲဒီအချက်တွေက ပြပေးနေတယ်... ရွှမ်အရှင်မြတ်နဲ့ ဧကရာဇ်ကောင်းကျူက တစ်ခါတုန်းက ဝူယန်ဆီကနေ ကောင်းချီးမင်္ဂလာကို လက်ခံရရှိခဲ့တယ်လို့ ငါ့ဆရာ တစ်ခါပြောခဲ့ဖူးတယ်… အဲဒါကြောင့် အဲဒီမဟာစုန်းရဲ့ နာမည်ဂုဏ်သတင်းက ဝူလောရဲ့ နာမည်ဂုဏ်သတင်းနဲ့ လုံးဝကို ကွဲပြားခြားနားနေတာပဲ၊ အဲဒါကြောင့်ပဲ ဝူလျှိုမြောင်နဲ့ နတ်ဘုရားမတောင်ထွတ်ရဲ့နာမည်တွေကို ထိန်းသိမ်းပေးခဲ့တာပဲ၊ နတ်ဘုရားမတောင်ထွတ်မှာ မိစ္ဆာဒိဋ္ဌိလို့ နာမည်တပ်မခံရတဲ ဝူယန်ရဲ့ရုပ်တုတွေနဲ့ ဘုရားကျောင်းတွေ ရှိနေတုန်းပဲလို့ ဆိုကြတယ်”

ချီရွှမ်းစုက အနည်းငယ်နှမြောမိသလို ခံစားရသည်။ သူတစ်ယောက်တည်းသာဆိုလျှင် သူက နတ်ဘုရားမတောင်ထွတ်ပေါ်ကို တက်မိပေလိမ့်မည်။ ထိုအခါ ထပ်တလဲလဲမြင်မက်ခဲ့သော သူ့အိပ်မက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ရှာဖွေဖော်ထုတ်နိုင်လောက်လေသည်။

အခန်း ၁၄၀ - ပင်ကိုယ်ချီနှင့်သွေးချီ

သင်္ဘောက အတော်လေးမြန်ဆန်ပြီး နှစ်နာရီမှာ မိုင် ၃၀ သွားနိုင်သည်။ ခဏကြာပြီးနောက် ချီရွှမ်းစုနှင့်ကျန်းယွဲ့လုက လှပသောရှုခင်းများမှာ ငြီးငွေ့လာကြ၏။

စစချင်းမှ ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသည် ရှုခင်းများနှင့် နေရာဒေသတချို့၏ နောက်ကွယ်မှ ဇာတ်လမ်းများအကြောင်းကို ဆွေးနွေးနေခဲ့ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကျန်းယွဲ့လုက စကားဆက်မပြောတော့ပေ။ ထို့ကြောင့် ချီရွှမ်းစုက အချိန်ကုန်ဆုံးစေရန် ရွှမ်အရှင်မြတ်ကတ်ကစားဖို့ အကြံပေးလိုက်၏။

ထိုသည်မှာ ကျန်းယွဲ့လုလိုချင်သည့်အရာဖြစ်ပြီး သူမက အလွယ်တကူ သဘောတူလက်ခံလိုက်သည်။ သူတို့နှစ်ယောက်က ကတ်ကစားရင်း အချိန်က တဖြည်းဖြည်းကုန်ဆုံးသွား၏။ ခရီးသည်တင်သင်္ဘောက ပါသုန်မှာရှိသော ကွမ်တူခိုသို့ ရောက်ရှိသည့်အချိန်မှာ ထိုနေရာတွင် တစ်နာရီကြာ‌အောင် စိုက်ကပ်သော်လည်း သူတို့က သင်္ဘောပေါ်ကနေမဆင်းဘဲ ဆက်လက်၍ ကတ်ကစားနေခဲ့ကြသည်။

ခရီးသည်တင်သင်္ဘော နောက်တစ်ဖန်ပြန်ထွက်သည့်အချိန်မှာ ကျန်းယွဲ့လုက ရွှမ်အရှင်မြတ်ကတ်ထုပ်ကို သိမ်းဆည်းပြီး သူ့ခန္ဓာကိုယ်ထဲရှိ အနယ်ထိုင်နေသော ဆေးစွမ်းအားကို စုပ်ယူချေဖျက်ရန် ချီရွှမ်းစုကို တိုက်တွန်းလိုက်သည်။ ချီရွှမ်းစုကလည်း သူ့ကျင့်ကြံမှုကို စိုးရိမ်ပူပန်နေ၏။ သူက ရွှမ်ကျောက်စိမ်းလို ဖြတ်လမ်းနည်းများကိုသာ မှီခိုနေလို့မရဘဲ နောက်ကောက်ကျ မကျန်ရစ်ခဲ့စေရန် အပင်ပန်းခံကြိုးစားရမည်ကို သိရှိထားသည်။ ထို့ကြောင့် သူက တရားထိုင်ဖို့အတွက် သူ့အခန်းထဲသို့ မြန်မြန်ဆန်ဆန်ပြန်သွားလိုက်၏။

ကျင့်ကြံမှုမှာ ပြဿနာတစ်ခုခုရှိလာပါက အကြံပေးကြီးကြပ်ရန် ကျန်းယွဲ့လုကလည်း လိုက်ပါသွား၏။

ချီရွှမ်းစုကို လေ့လာအကဲခတ်ရင်း ကျန်းယွဲ့လုက တစ်ခုခု မူမမှန်မှုကို သတိထားမိလာသည်။

လေလွင့်ကျင့်ကြံသူလမ်းစဉ်သည် နတ်သက်ကြွေအင်မော်တယ်လမ်းစဉ်ကနေ ဆင်းသက်လာပြီး လေလွင့်ကျင့်ကြံသူများသည် အဆင့်နိမ့်နတ်သက်ကြွေအင်မော်တယ်ဟူသော ဘွဲ့ကို ရရှိထားကြသည်။ ထို့ကြောင့် ထိုလမ်းစဉ်နှစ်ခုကြားမှာ ဆင်တူမှုများစွာရှိနေသည်။ အထူးသဖြင့် နတ်သက်ကြွေအင်မော်တယ်များက သူတို့၏ ပင်ကိုယ်ချီများအားလုံးကို အစစ်အမှန်အမြုတေအဖြစ် မပြောင်းလဲရသေးခင်မှာ ဖြစ်လေသည်။

ကောင်းကင်သက်ရှိအဆင့်မတိုင်ခင်မှာ လေလွင့်ကျင့်ကြံသူ၏ ကျင့်ကြံခြင်းနည်းလမ်းများသည် နတ်သက်ကြွေအင်မော်တယ်များ၏ နည်းလမ်းများနှင့် များစွာမကွာခြားပေ။ ထိုလမ်းစဉ်နှစ်ခုစလုံးက ချီလှည့်ပတ်မှုပေါ်မှာ အာရုံစူးစိုက်ထားသည်။ သို့သော် ချီရွှမ်းစုက သူ့ခန္ဓာကိုယ်ထဲမှာ အနယ်ထိုင်နေသည့် ဆေးစွမ်းအားကို သန့်စင်သည့်အချိန်မှာ သူ၏ ပင်ကိုယ်ချီနှင့် သွေးချီက ရောထွေးနေသည်ကို ကျန်းယွဲ့လုက ရှာတွေ့သွား၏။

သူက လေလွင့်ကျင့်ကြံသူလမ်းစဉ်နှင့် ကိုယ်ခံပညာသိုင်းသမားလမ်းစဉ် နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်း ကျင့်ကြံနေသည့်အလားပင်။

ဟွာရှန်ခန်းမမျာ ဆေးဝါးသေရည်ကို သူပထမဆုံးအကြိမ် သောက်သုံးခဲ့စဉ်က ချီရွှမ်းစုကို မြူခိုးများက လွှမ်းခြုံထားသည့်အတွက် သူမက အဲဒါကို သတိမထားမိခဲ့ပေ။ အနယ်ထိုင်နေသော ဆေးအာနိသင်က လျော့ကျလာသည့်အတွက် ဤမူမမှန်မှုများက ပေါ်ထွက်လာ၏။

ကျန်းယွဲ့လုက ချီရွှမ်းစုကိုကြည့်ပြီး စဉ်းစားတွေးတောနေမိသည်။ အဲဒါက တကယ်ပဲ သားရဲဆေးလုံးကြောင့်လား။

ချီရွှမ်းစုက ကျန်းယွဲ့လု၏ သံသယများကို သတိမထားမိဘဲ သူ့ဘာသာသူ တရားဆက်ထိုင်နေ၏။ ဤအချိန်မှာ သူ့ခန္ဓာကိုယ်ထဲရှိ လုံးလုံးလျားလျား ကွဲပြားသော ချီနှစ်မျိုးနှစ်စားကိုသာ သူခံစားမိနေသည်။ တစ်ခုက သူ့ပင်ကိုယ်ချီဖြစ်ပြီး စမ်းချောင်းတစ်ခုလို ဖြည်းဖြည်းမှန်မှန်လှည့်ပတ်စီးဆင်းနေ၏။ အခြားတစ်ခုက သူ၏ သွေးချီဖြစ်ပြီး ချောင်းကျယ်တစ်ခုလို မြန်ဆန်စွာစီးဆင်းနေသည်။

ဤပင်ကိုယ်ချီက ချီသန့်စင်သူများ၏ ပင်ကိုယ်ချီနှင့် တူညီပြီး သွေးချီက ကိုယ်ခံပညာသိုင်းသမားများ၏ သွေးချီနှင့် တူညီလေသည်။ မတူညီသောလမ်းကြောင်းနှစ်ခုမှာ တကယ်တမ်းတော့ တူညီသောအရင်းအမြစ်ရှိနေသည်။ ကွာခြားချက်မှာ သန့်စင်သည့်ဖြစ်စဉ်မှာသာ ရှိနေသည်။

ချီသန့်စင်သူများသည် လူသားခန္ဓာကိုယ်ထဲရှိ သွေးအဆီအနှစ်ကို သန့်စင်ရပြီး အဲဒါက သံသတ္တုရိုင်းကို သံမဏိအဖြစ် သန့်စင်ရခြင်းနှင့်ဆင်တူလေသည်။ သို့သော် ကိုယ်ခံပညာသိုင်းသမားများက စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်း သို့မဟုတ် သွေးအဆီအနှစ်ကို သန့်စင်ခြင်း မရှိကြပေ။ သူတို့သည် ကိုယ်ကာယအပေါ်သာ အာရုံစူးစိုက်ပြီး ကြွက်သားများ၊ အရွတ်များ၊ အရေပြားနှင့် အရိုးတို့ကို ပြန်လည်မွေးဖွားခြင်းဖြစ်သည်အထိ လေ့ကျင့်ပေးကြသည်။

ထိုသို့ဖြင့် သူတို့၏ ကိုယ်ကာယခန္ဓာများက မသေနိုင်သောတည်ရှိမှုအဖြစ် အသွင်ပြောင်းလဲလာသည်။

သူတို့သည် ကိုယ်ကာယသန့်စင်ခြင်းအပေါ်မှာသာ တစ်မျိုးတည်းအာရုံစူးစိုက်ထားသည့်အတွက် ကိုယ်ခံပညာသိုင်းသမားများမှာ အလွန်တရာသန်မာအားကောင်းသော အသက်ဓာတ်အားရှိကြသည်။ သူတို့သည် အသွေးအသားနယ်ပယ်မှာ ပြတ်တောက်သွားသောခြေလက်များကို ပြန်ထွက်စေနိုင်ပြီး ကောင်းကင်ချိတ်ဆက်နယ်ပယ်မှာ သူတို့၏ ဝိညာဉ်နှင့်ခန္ဓာကို အတူတကွပေါင်းစည်းနိုင်ကြသည်။ ထို့ကြောင့်ပင် ကိုယ်ခံပညာသိုင်းသမားများသည် ကောင်းကင်သက်ရှိအဆင့်ကို မတက်လှမ်းရသေးသည့် ဂမ္ဘီရဝိဇ္ဇာများကို အလွယ်တကူ ချုပ်ထိန်းနိုင်ကြခြင်းဖြစ်သည်။

တစ်ဘက်မှာတော့ ချီသန့်စင်သူများ၊ နတ်သက်ကြွေအင်မော်တယ်များနှင့် လေလွင့်ကျင့်ကြံသူများအပါအဝင် ပင်ကိုယ်ချီကို သန့်စင်သော ကျင့်ကြံသူများသည် ကောင်းကင်နှင့်လူသားပေါင်းစည်းမှုနောက်သို့ လေ့လာလိုက်စားကြသည်။ သူတို့၏ ပင်ကိုယ်ချီက ပေါကြွယ်ဝပြီး အကန့်အသတ်မဲ့လာသော်လည်း ၎င်းမှာ ပကတိသန့်စင်မှု လစ်လပ်နေသည်။ ထို့ကြောင့် ဂမ္ဘီရဝိဇ္ဇာများအပေါ် သူတို့၏ ချုပ်ထိန်းနိုင်စွမ်းက ကိုယ်ခံပညာသိုင်းသမားများနှင့်ယှဉ်လျှင် များစွာလျော့ကျလေသည်။ သူတို့က ကိုယ်လက်အင်္ဂါပြန်ထွက်စေခြင်းကိုလည်း မပြုလုပ်နိုင်ကြပေ။

ချီရွှမ်းစုသည် ယီရှန်မြို့မှာ ကွေ့ကျန်းအဆင့် ဂမ္ဘီရဝိဇ္ဇာကို သတ်ဖြတ်ခဲ့စဉ်က သူသည် တစ္ဆေအင်မော်တယ်လမ်းစဉ်ကို စိုးမိုးနိုင်သော လူသားအင်မော်တယ်လမ်းစဉ်၏ သဘာဝအားသာချက်အပေါ် မှီခိုခဲ့လေသည်။ သို့သော်လည်း သူက ချီသန့်စင်သူတစ်ဦး၊ နတ်ဆရာတစ်ဦး၊ နတ်သက်ကြွေအင်မော်တယ်တစ်ဦး သို့မဟုတ် ကွန်ဖြူးရှပ်ဧကစာကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူက ထိုသူများကို အလွယ်တကူအနိုင်ရလိမ့်မည် မဟုတ်ပေ။ ကောင်းကင်၊ မြေကမ္ဘာ၊ နတ်ဘုရား၊ လူသားနှင့် တစ္ဆေဟူသော အင်မော်တယ်လမ်းစဉ်ငါးခုထဲမှာ လူသားအင်မော်တယ်သည် တစ္ဆေအင်မော်တယ်လမ်းစဉ်၏ အထက်မှာသာ ရပ်တည်နိုင်သောကြောင့်ဖြစ်သည်။

ကိုယ်ခံပညာသိုင်းသမားတစ်ဦးသည် ကောင်းကင်သက်ရှိအဆင့်မှာပင် တိုက်ခိုက်ဖို့အတွက် သူ၏ ကိုယ်ကာယခွန်အားပေါ်သာ မှီခိုရသည့်အတွက် လူသားအင်မော်တယ်လမ်းစဉ်သည် အခြားသောလမ်းစဉ်သုံးခု၏ နောက်မှာရှိနေသည်။ ကိုယ်ခံပညာသိုင်းသမားများမှာ လေကိုထိန်းချုပ်ရန် စိတ်ဝိညဉ်ရုပ်တုတစ်ခုဖွဲ့ရန် သို့မဟုတ် မြေကမ္ဘာချီကို ပြန်ခေါ်ရန် မှော်စွမ်းအားများ မရှိကြပေ။ အခြားသော အင်မော်တယ်လမ်းစဉ်သုံးခုနှင့် ရင်ဆိုင်ရသည့်အခါ ကိုယ်ခံပညာသိုင်းသမားတစ်ဦးက သူတို့၏ အလွယ်တကူထိန်းချုပ်ခြင်းကိုခံရနိုင်သည်။ အထူးသဖြင့် သူတို့က အကွာအဝေးတစ်ခုခြားနေသည့်အချိန်မှာဖြစ်သည်။

လူသားအင်မော်တယ်များက လူသားတစ်စိတ်တစ်ပိုင်းဖြစ်နေသေးပြီး သူတို့က အမြဲတမ်းလိုလို ကောင်းကင်၊ မြေကမ္ဘာနှင့် နတ်ဘုရားအင်မော်တယ်တို့၏ အောက်မှာ ရပ်တည်နေသည်။

ဒါ့အပြင် ကိုယ်ခံပညာသိုင်းသမားများသည် တရားထိုင်ခြင်း သို့မဟုတ် မြေကမ္ဘာစွမ်းအင်ကို စုပ်ယူခြင်း ပြုလုပ်စရာမလိုအပ်ပေ။ ထို့ကြောင့် သူတို့သည် သူတို့၏ စွမ်းအင်ကို ဖြည့်တင်းရန်နှင့် သူတို့၏ သွေးချီကို အားဖြည့်ရန် အစားအသောက်များစွာကို စားသုံးရသည်။ ထိုသို့ဖြင့် သူတို့အတွက် အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်က အတော်လေးမြင့်မားလေသည်။ ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်ဖို့အတွက် ချမ်းသာကြွယ်ဝရမည်ဟူသော ဆိုရိုးစကားပင် ပေါ်ထွက်လာသည်။

ကိုယ်ခံပညာသိုင်းသမားများ၏ အသုံးစရိတ်က ဂမ္ဘီရဝိဇ္ဇာများထက် ပိုမိုများပြားသည်။ သို့သော် ပူဇော်ပသစွမ်းအားကို စုဆောင်းရန် နတ်ဆရာများအသုံးချသည့် ကြိုးစားအားထုတ်မှုနှင့် လူသူအင်အားကလည်း ကိုယ်ခံပညာသိုင်းသမားများ သုံးစွဲရသည်ထက် နိမ့်ကျခြင်းမရှိပေ။

ချီသန့်စင်သူများက တွေ့မြင်ရအများဆုံးလမ်းစဉ်ဖြစ်ပြီး တာအိုဂိုဏ်းတော်၏ ထောက်တိုင်များဖြစ်ကြသည်။ ကိုယ်ခံပညာသိုင်းသမားများသည် အင်ပါယာနန်းတော်၏ ဝတ်ရုံနက်များထဲမှာ အများဆုံးရှိနေသည့်အတွက် တာအိုဂိုဏ်းတော်မှာ စစ်သည်တော်များစွာမရှိပေ။

ရွှမ်အရှင်မြတ်သည် အင်မော်တယ်လမ်းစဉ်ငါးခုကို မပေါင်းစည်းခင်က အမျိုးမျိုးသောလမ်းစဉ်များက ရောထွေးနေခဲ့ကြသည်။ အချိန်အများစုမှာ သူတို့ကို ကိုယ်ခံပညာသိုင်းသမားများနှင့် ဂမ္ဘီရဝိဇ္ဇာများဟူ၍သာ ရိုးရှင်းစွာ ခွဲခြားနိုင်ကြသည်။ အနီးကပ်တိုက်ခိုက်ရသည်ကို ပိုမိုသဘောကျသော ချီသန့်စင်သူများနှင့် နတ်သက်ကြွေအင်မော်တယ်များကို ကိုယ်ခံပညာသိုင်းသမားများဟူသော ခေါင်းစဉ်အောက်မှာထည့်ထားကြသည်။ ထိုသို့ဖြင့် နတ်သက်ကြွေအင်မော်တယ်များစွာသည် ပါရမီရှင်ချီသန့်စင်သူများအဖြစ် သတ်မှတ်ခံရသည်။ တစ်ချိန်တည်းမှာပင် နတ်ဆရာများသည် ဂမ္ဘီရဝိဇ္ဇာများဟူသော ခေါင်းစဉ်အောက်မှာ ရှိနေခဲ့ကြသည်။

ရွှမ်အရှင်မြတ်ခေတ်ကိုရောက်မှသာ ပိုမိုကောင်းမွန်သော ခွဲခြားမှုအဖြစ် လမ်းစဉ်ကြီးငါးခု ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့နောက် ချီသန့်စင်သူများနှင့် နတ်သက်ကြွေအင်မော်တယ်များ မပါဝင်တော့ဘဲ လူသားအင်မော်တယ်လမ်းစဉ်ကသာ ကိုယ်ခံပညာသိုင်းသမားများ ဖြစ်လာကြသည်။

ထို့နောက် ချီသန့်စင်သူများက မြေကမ္ဘာအင်မော်တယ်လမ်းစဉ်မှာပါဝင်ပြီး နတ်သက်ကြွေအင်မော်တယ်များက ကောင်းကင်အင်မော်တယ်လမ်းစဉ်မှာ ပါဝင်လာခဲ့ကြသည်။

ပင်မဒါန်ထျန် ၃ခု၊ ပင်မမရီးဒါန် ၁၂ခုနှင့် ထူးခြားဆန်းကြယ်မရီးဒါန်ရှစ်ခုပေါ်မှာ အာရုံစိုက်ထားသည့် ချီသန့်စင်သူများနှင့်မတူဘဲ ကိုယ်ခံပညာသိုင်းသမားများက သူတို့ခန္ဓာကိုယ်ထဲရှိ သွေးကြောဆုံမှတ်များစွာကို အာရုံစူးစိုက်ပြီး သူတို့၏ သွေးချီကိုလှည့်ပတ်ကာ သွေးကြောဆုံမှတ်များကို သန့်စင်၍ ခန္ဓာနှင့်စိတ်ဝိညာဉ်ကို စုဖွဲ့ကြသည်။ သွေးကြောဆုံမှတ်တစ်ခုချင်းစီမှာ စိတ်ဝိညာဉ်တစ်ခုရှိလာသည့်အခါ သူတို့ကို ဒေဝနယ်ပယ်သို့ ရောက်ရှိသွားသည်ဟု ဆိုနိုင်သည်။

ကိုယ်ခံပညာသိုင်းသမားများ၏ လေဟာနယ်ချိုးဖျက်နယ်ပယ်သည် ချီသန့်စင်သူများ၏ ပေါင်းစည်းခြင်းနယ်ပယ်ထက် မနိမ့်ကျပေ။

လူသားအင်မော်တယ်လမ်းစဉ်အတွက် အထူးတလည်ပြုစုပေးထားသော တာအိုအကြီးအကဲ၏ ကျင့်စဉ်မှတ်တမ်းကြောင့်မဟုတ်လျှင် ကိုယ်ခံပညာသိုင်းသမားများသည် ခန္ဓာကိုယ်ထဲရှိ သွေးကြောဆုံမှတ်များစွာကို ရှာဖွေဖို့ အချိန်ကြာမြင့်စွာ ယူရပေလိမ့်မည်။ သွေးကြောဆုံမှတ်တစ်ခုချင်းစီက အတော်လေးနက်နဲသိမ်မွေ့ပြီး တစ်မူထူးခြားသောနေရာများကို ယူထားသောကြောင့်ဖြစ်သည်။ သွေးကြောဆုံမှတ်အချို့သည် အခြားသော သွေးကြောဆုံမှတ်များအတွင်းမှာပင် ပုန်းကွယ်နေတတ်ကြသည်။ သွေးကြောဆုံမှတ်တစ်ခုက သွေးကြောဆုံမှတ်ရာချီအပေါ် သက်ရောက်စေနိုင်သည်။ ထို့ကြောင့် သွေးကြောဆုံမှတ်စုဖွဲ့ခြင်းဖြစ်စဉ်က အလွန်တရာရှုပ်ထွေးလေသည်။

ချီရွှမ်းစုသည် တစ်ခါက လူသားအင်မော်တယ်လမ်းစဉ်ကို လိုက်စားဖို့ စဉ်းစားခဲ့ဖူးသော်လည်း သေချာစဉ်းစားချင့်ချိန်ပြီးနောက် သူက လေလွင့်ကျင့်ကြံသူတစ်ဦးဖြစ်ဖို့သာ နောက်ဆုံး ရွေးချယ်ခဲ့သည်။ သူ၏ သဘာဝခန္ဓာမှာ အားနည်းချက်တချို့ရှိနေသလို အရေးအကြီးဆုံးမှာ သူက ဆင်းရဲမွဲတေသောကြောင့်ဖြစ်သည်။

ဤအချိန်မှာ ချီရွှမ်းစုက သူ၏ ခန္ဓာနှင့်စိတ်ကို မစုဖွဲ့နိုင်သော်လည်း သူ၏ ပင်ကိုယ်ချီကို လှည့်ပတ်သလိုပင် သူ၏ သွေးချီကို လှည့်ပတ်နိုင်လေသည်။ ထိုသို့ဖြင့် သူက ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ တူညီသောအကျိုးအာနိသင်ကို ရရှိလာသည်။ ထိုသို့ဖြင့် သူက ကိုယ်ခံပညာသိုင်းသမား၏ အသွေးအသားနယ်ပယ်သို့ တက်လှမ်းလာလေသည်။

တစ်နည်းအားဖြင့်ဆိုသော် ချီရွှမ်းစုက ယွီရှုအဆင့်မှာရှိနေသည်။ သို့သော်လည်း သူက လေလွင့်ကျင့်ကြံသူ၏ ယွီတင်းနယ်ပယ်မှာရောက်ရှိနေသလို ကိုယ်ခံပညာသိုင်းသမား၏ အသွေးအသားနယ်ပယ်မှာလည်း တစ်စိတ်တစ်ပိုင်းအားဖြင့် ရောက်ရှိနေသည်။ ထို့ကြောင့်ပင် ကျန်းယွဲ့လုက အံ့အားသင့်သွားရခြင်းဖြစ်သည်။

ဤအချိန်မှာ သူက အားမာန်ပြည့်ဖြိုး၍ ပူပြင်းတောက်လောင်နေသည်ဟုသာ ချီရွှမ်းစု ခံစားမိနေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အနည်ထိုင်နေသော ဆေးအာနိသင်၏ လောင်ကျွမ်းမှုနှင့်အတူ သူ၏ ပင်ကိုယ်ချီနှင့် သွေးချီက ပေါင်းစည်း၍ ရောနှောသွားသည်။ သူ၏ မရီးဒါန် ၁၂ ခု၊ ထူးခြားဆန်းကြယ်မရီးဒါန် ၈ခုနှင့် သွေးကြောဆုံမှတ်များအားလုံးကို ဖြတ်၍ မီးနဂါးတစ်ကောင်ကူးခတ်နေသလို သူခံစားမိနေ၏။

သွေးချီက သူ့ခန္ဓာကိုယ်ထဲမှာ အဆက်မပြတ် လှည့်ပတ်နေသည်။ သို့သော်လည်း မကြာသေးခင်ကမှ ပြန်ဆက်ထားသည့် သူ၏ ဘယ်ဘက်လက်ကို ဖြတ်သန်းသည့်အခါ အဟန့်အတားတစ်ခုနှင့် ကြုံတွေ့သွားပုံရပြီး သွေးချီက ဖြတ်သန်းစီးဆင်းဖို့ ပို၍ ခက်ခဲလာ၏။

နောက်ဆုံးမှာတော့ သွေးချီသည် ဆေးအာနိသင်၏ တစ်စိတ်တစ်ပိုင်းနှင့်အတူ ခန္ဓာကိုယ်တစ်လျှောက်မှာ ပျက်ပြယ်သွားပြီး ဆေးအာနိသင်၏ တစ်စိတ်တစ်ပိုင်းကို ယူဆောင်လာသည့် ပင်ကိုယ်ချီက အောက်ဘက်ဒါန်ထျန်ထဲသို့ ပြန်လည်ဝင်ရောက်လာကာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးကို အားဖြည့်ပေးနေသည်။

ချီရွှမ်းစုသည် ဈာန်ဝင်စားမှုကနေ ဖြည်းဖြည်းချင်းနိုးထပြီး ထုံထိုင်းသောလေများကို ရှူထုတ်လိုက်၏။

ကျန်းယွဲ့လုက သူနှင့်မလှမ်းမကမ်းမှာထိုင်နေသည်။ သူနိုးလာသည်ကိုတွေ့မြင်သောအခါ သူမက ပြောလိုက်၏။

“နင် ဒီတစ်ခေါက်တရားထိုင်လိုက်တာ တော်တော်ကြာတာပဲ”

ချီရွှမ်းစုက မေးလိုက်၏။

“အခုဘယ်အချိန်ရှိပြီလဲ”

ကျန်းယွဲ့လုက သူမ၏ အိတ်ဆောင်နာရီကို ထုတ်ယူပြီး အချိန်ကိုတစ်ချက်ကြည့်ကာ ဖြေပေးလိုက်သည်။

“အခုက ၁၁လပိုင်း ၁၂ရက်နေ့ မွန်းလွဲပိုင်း ၁၂နာရီ ၄၅မိနစ်ပဲ”

သူက တစ်ရက်တိတိ တရားထိုင်နေခဲ့သည်ဟု ဆိုလိုသည်။

ကျန်းယွဲ့လုက ပြတင်းပေါက်အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်၏။

“ငါတို့ သိပ်မကြာခင် ကျန်းလင်းစီရင်စုကို ရောက်တော့မယ်… အဲဒါက ခရီးသည်တင်သင်္ဘော နောက်ဆုံးဆိုက်ကပ်မဲ့နေရာပဲ”

ကျန်းလင်စီရင်စုသည် ဟူကျိုး၏ မြို့တော်ဖြစ်ပြီး ကျန်းလင်မြို့တော်က ထိုစီရင်စု၏ အဓိကရုံးစိုက်ရာမြို့တော်ဖြစ်လေသည်။ ယွင်မုန့်ဘုရင်ခံစံအိမ်၊ ဟူကျိုး ကွပ်ကဲရေးဗိုလ်မှူးရုံးနှင့် ဟူကျိုး ရုံးသုံးရုံးအပါအဝင် အစိုးရရုံးဌာနများစွာက ထိုနေရာမှာရှိပြီး အရှေ့တောင်ဘက်မှာ အရေးပါသော မြို့တစ်မြို့ဖြစ်နေသည်။

တောင်ဘက်မှာ ယန်ဇီမြစ်၊ မြောက်ဘက်မှာ ဟန်မြစ်နှင့် ထိစပ်နေပြီး ရှုကျိုးနှင့်ဟူကျိုးကို ချိတ်ဆက်ထားသည့်အတွက် ကျန်းလင်စီရင်စုကို ခုနှစ်ပြည်ထောင်မဏ္ဍိုင်ဟုလည်း ခေါ်ဆိုကြသည်။

ဟူကျိုးကို ချွမ်ကျန်းဂိုဏ်း၏ ပိုင်နက်နယ်မြေဟုဆိုင်နိုင်ပြီး ၎င်းနှင့်ထိစပ်နေသော ကျန်းကျိုး၊ ရှောင်ကျိုးနှင့် ဝူကျိုးတို့ကို ကျန်းယီဂိုဏ်း၏ နယ်နိမိတ်ဟု ဆိုရမည်ဖြစ်သည်။

ချီရွှမ်းစုက မေးလိုက်မိ၏။

“ရွှမ်အရှင်မြတ်က တာအိုဂိုဏ်းတော်က ဂိုဏ်းကြီးသုံးဂိုဏ်းအဖြစ် ခွဲခြားလိုက်တော့… အဲဒါက အဆက်မပြတ် ကြိတ်ပုန်းခုတ်ယှဉ်ပြိုင်မှုတွေ ဖြစ်မလာစေဘူးလား”

ကျန်းယွဲ့လုက သက်ပြင်းချလိုက်သည်။

“အဲဒါက ရွှမ်အရှင်မြတ်ရဲ့ မူလရည်ရွယ်ချက်မဟုတ်ဘူ… အရင်တုန်းက တာအိုဂိုဏ်းတော်က ဂိုဏ်းအဖွဲ့အစည်းနှစ်ဆယ်ကျော်နဲ့ တစ်ကွဲတစ်ပြားစီဖြစ်နေခဲ့တယ်… အဲဒီမှာ အတွင်းပိုင်းယှဉ်ပြိုင်တိုက်ခိုက်မှုတွေနဲ့ ကျန်းမိသားစုနဲ့ လီမိသားစုကြားကလိုမျိုး ရန်ငြိုးရန်စတွေလည်း အများကြီးရှိနေတယ်”

“အဲဒီခေတ်တုန်းက အခြေအနေအရ အဖွဲ့အစည်းတွေအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့က မလွယ်ကူတာကို ရွှမ်အရှင်မြတ် တွေ့ခဲ့ရတယ်… အဲဒါကြောင့် သူက တခြားရွေးချယ်စရာမရှိဘဲ အဖွဲ့အစည်းငယ်လေးတွေကို သူတို့ရဲ့ဘိုးဘေးဘီဘင်မျိုးနွယ်တွေပေါ်အခြေခံပြီး ဂိုဏ်းကြီးသုံးဂိုဏ်းအဖြစ် စုဖွဲ့ပေးခဲ့တယ်”

“ရွှမ်အရှင်မြတ်က ပြည်နယ် နယ်နိမိတ်တွေကို ပိုင်းခြားသလိုမျိုး ဂိုဏ်းကြီးသုံးဂိုဏ်းစလုံးမှာ မတူညီတဲ့ လမ်းစဉ်လိုက်စားသူတွေကို မျှထည့်ပေးခဲ့တယ်… အဲဒါမှ သူတို့က ပိုပြီးတော့ ကျစ်လစ်ခိုင်မာလာပြီး ဂိုဏ်းတစ်ဂိုဏ်းက တာအိုဂိုဏ်းတော်ကနေ ခွဲထွက်တာမျိုး မဖြစ်နိုင်တော့မှာ”

“ရွှမ်အရှင်မြတ်က အစတုန်းကတော့ ဂိုဏ်းကြီးသုံးဂိုဏ်းကို တဖြည်းဖြည်းချင်းရုပ်သိမ်းပြီး နောက်ဆုံးမှာ ဂိုဏ်းတွေအားလုံးကို တစ်ဂိုဏ်းတည်းအဖြစ်ပေါင်းစည်းဖို့ ကြံရွယ်ထားခဲ့တယ်… ဒါပေမဲ့ သူ့ရဲ့နှောင်းပိုင်းနှစ်တွေမှာ ဗုဒ္ဓဝါဒပေါ်ထွန်းလာပြီး ပြင်ပရန်သူတွေကို ကိုင်တွယ်နေရတဲ့အတွက် သူ့ရဲ့အာရုံစိုက်မှုက ပြောင်းလဲသွားခဲ့တယ်”

“အဲလိုနဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းကိုပေါင်းစည်းမယ့် သူ့ရဲ့ အကြံအစည်ကို ခဏဘေးဖယ်ထားပြီး နောက်တက်လာမယ့် မဟာအကြီးအကဲတွေက သူ့ရဲ့အမွေအနှစ်ကို ဆက်ခံနိုင်ဖို့ မျှော်လင့်ထားခဲ့တယ်… အကြောင်းအရင်းအမျိုးမျိုးကြောင့် နောက်ပိုင်းတက်လာတဲ့ မဟာအကြီးအကဲတွေကလည်း ဂိုဏ်းကြီးသုံးဂိုဏ်းကို မပေါင်းစည်းပေးနိုင်ခဲ့ကြဘူး”

“ဆန့်ကျင်ဘက်အနေနဲ့ လက်ထောက်မဟာအကြီးအကဲသုံးဦးက တဖြည်းဖြည်းဩဇာအာဏာရရှိလာပြီး လက်ရှိပဋိပက္ခတွေကို ဖြစ်လာစေခဲ့တယ်… အခုချိန်မှာ မဟာအကြီးအကဲရဲ့နေရာကိုတောင် လက်ထောက်မဟာအကြီးအကဲသုံးဦးက ကိုင်တွယ်ထိန်းချုပ်နေကြပြီ... အဲဒါကြောင့် အခုချိန်မှာ ပေါင်းစည်းဖို့က မဖြစ်နိုင်တော့ဘူး။”

ချီရွှမ်းစုက နောက်ဆုံးနားလည်သဘောပေါက်သွားသည်။

“ဪ… ဒါ့ကြောင့်ကိုး။”

All Chapters