အခန်း (၇-၉)
Vol. 1 Ch. 7-9
အခန်း (၇) - လူလော၊ သရဲလော
ကျောက်ဖေး၏ ကိုယ်ပွားနှင့် ဝမ်သာရှန်းတို့သည် တစ်လမ်းလုံး စကားတပြောပြောဖြင့် လာခဲ့ကြသည်။
၎င်းတို့၏ စကားဝိုင်းအရ ယခုလေးတင် ဖြတ်ကျော်ခဲ့သော ရွာကလေးသည် ဟွမ်နီရွာဖြစ်ပြီး ရှေ့ဆက်သွားလျှင် လျူမူမြို့သို့ ရောက်မည်ဖြစ်ကြောင်း ကျောက်ဖေး သိလိုက်ရသည်။
ဝမ်သာာရှန်းသည် တောင်ပေါ်တွင် နေထိုင်သော မုဆိုးတစ်ဦးဖြစ်ပြီး ယခုမူ အိမ်သုံးပစ္စည်းအချို့ ဝယ်ယူရန် မြို့သို့ သွားခြင်းဖြစ်သည်။
တောလိုက်မုဆိုးတစ်ဦးဖြစ်သည့် ဝမ်သာရှန်းသည် သူ၏ ဘဝသက်တမ်းတစ်လျှောက်လုံးကို တောတောင်နက်များ အတွင်း၌သာ ကုန်ဆုံးစေခဲ့၏။ ထိုတောတောင်တို့သည်ပင် သူ၏ နေအိမ်ဖြစ်သလို၊ အသက်မွေးဝမ်းကျောင်းနေရာလည်း ဖြစ်ပေသည်။
သူသည် ရံဖန်ရံခါမှသာ လိုအပ်သည့် ကိစ္စအဝဝတို့ကို ဆောင်ရွက်ရန်အတွက် အနီးအနားရှိ ရွာငယ်ဇနပုဒ်များနှင့် မြို့ပြများသို့ ခေတ္တခဏ
လာတတ်ပေသည်။
ယခုတစ်ကြိမ်တွင်မူ သူသည် ဟွမ်နီရွာရှိ မိတ်ဆွေဟောင်းတစ်ဦးထံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းပင် ဖြစ်လေတော့သည်။
"သူတို့ကို အပြစ်မတင်ပါနဲ့၊ ဒီနှစ်တွေထဲမှာ လောကကြီးက မငြိမ်မသက်ဖြစ်နေတာ။ ပြီးခဲ့တဲ့ နှစ်သစ်ကူးတုန်းကဆိုရင် ကျန်းလင်းခရိုင်ထဲမှာ မိစ္ဆာတွေတောင် သောင်းကျန်းသေးတယ်"
"မိစ္ဆာ? တကယ်ပဲ မိစ္ဆာတွေ ရှိတာလား?"
"ရှိတာပေါ့၊ မြို့ထဲက နာမည်ကြီး သိုင်းပညာကျောင်း လေးကျောင်းနဲ့ ခရိုင်ရုံးက လူတွေပေါင်းပြီး မြစ်ကို ပိတ်ဆို့နှိမ်နင်းခဲ့ရတာ။ လူတွေအများကြီး သေခဲ့သလို မြို့တော်က ပညာရှင်တွေတောင် ဆင်းလာခဲ့ရတယ်"
"အဲဒီမိစ္ဆာက ဘယ်လိုပုံစံမျိုးလဲဗျ?"
"ငါကိုယ်တိုင်တော့ မမြင်ခဲ့ရဘူး၊ ဒါပေမဲ့ ကြားရသလောက်တော့ အဲဒီမိစ္ဆာက ၁၀ မီတာကျော်ရှည်တဲ့ ငါးခူကြီးတဲ့..."
ဝမ်သာရှန်းက အသေးစိတ်အချက်အလက်များကို တစ်ခုမကျန် ပြောပြနေ၏
သို့သော်လည်း ကျောက်ဖေးကမူ ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေမိသည်။ ဤလောကတွင် တကယ်ပဲ မိစ္ဆာများ ရှိနေသလော?
သို့မဟုတ် လူအများက ရှားပါးသတ္တဝါအချို့ကို မိစ္ဆာဟု အထင်မှားနေကြခြင်းလော?
သို့သော်လည်း သူက တစ်မျိုးတွေးမိပြန်သည်။
အကယ်၍ မိစ္ဆာများ အမှန်တကယ် ရှိနေပါကလည်း မဆိုးလှပေ။ သူသည် မိစ္ဆာတစ်ကောင်၏ ပုံပန်းသဏ္ဌာန်ကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
ထို့ပြင် မိစ္ဆာများ ရှိနေပါက အင်မော်တယ်များလည်း ရှိနိုင်ပေသည်။
အကယ်၍ သူသာ အင်မော်တယ်ကျင့်စဉ်ကို ရှာဖွေတွေ့ရှိပြီး တာအိုကို ရရှိခဲ့မည်ဆိုလျှင် ဤဘဝမှာ အဓိပ္ပာယ်ရှိလှပေမည်။
ကိုယ်ပွားဖြစ်သူက စကားလမ်းကြောင်းကို ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်ပေးသဖြင့် ဝမ်သာရှန်းက မိစ္ဆာများအကြောင်းကို ပိုမိုပြောပြလာခဲ့သည်။
မကြာမီမှာပင် ၎င်းတို့နှစ်ဦး လျူမူမြို့သို့ ရောက်ရှိလာကြသည်။
မြို့လယ်လမ်းမကြီးကို ကျောက်ပြားအပြာရောင်များဖြင့် ခင်းကျင်းထား၏
လမ်း၏ ဝဲယာတစ်ဖက်တစ်ချက်တွင်မူ အိမ်ကြီးအိမ်ကောင်းများစွာ ရှိနေသည်။ အချို့အိမ်များသည် အနီရောင်ဆေးသုတ်ထားသော တံခါးမကြီးများ၊ လက်ရာမြောက်သော ပန်းပုရုပ်ကြွများနှင့် ပန်းချီကားချပ်များဖြင့် ခမ်းနားထည်ဝါလှပေသည်။
ဝမ်သာရှန်းက သူ၏ မိတ်ဆွေဟောင်းတစ်ဦးထံ အရင်ဝင်မည်ဟုဆိုကာ ကျောက်ဖေးကို နေအိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားပြီး တံခါးခေါက်ကာ အတွင်းသို့ ဝင်ခဲ့ကြသည်။
မုတ်ဆိတ်နှင့် အဖိုးကြီးတစ်ဦးက တံခါးလာဖွင့်ပေး၏။
အိမ်ဝင်းအတွင်းဝယ် ဗလကောင်းကောင်း လူနှစ်ဦးသည် လက်သီး၊ ခြေသလုံး အပြန်အလှန် လွှဲယမ်းလျက် ပြင်းထန်စွာ သိုင်းကွက်
လေ့ကျင့်နေကြသည်။
ကျောက်ဖေးမှာ ထိုမြင်ကွင်းကို စိတ်ဝင်တစား ငေးကြည့်နေမိတော့သည်။
ဝမ်သာရှန်းက မုတ်ဆိတ်နှင့် အဖိုးကြီးကို ပြုံး၍ နှုတ်ဆက်လိုက်သည်။”စီနီယာကျိုး... ကျွန်တော် မိတ်ဆွေတစ်
ယောက်ကို ခေါ်လာခဲ့တယ်ဗျ။"
ထိုအဖိုးကြီး၏ အကြည့်သည် ကျောက်ဖေးပေါ်သို့ ကျရောက်လာပြီး ခြေဆုံးခေါင်းဆုံး အကဲဖြတ်ကြည့်ရှုကာ ခေါင်းညိတ်၍ ဆို၏။ “အရင်ဆုံး အထဲဝင်ပြီး လက်ဖက်ရည် သောက်ကြတာပေါ့။"
ထို့နောက် သူက သိုင်းလေ့ကျင့်နေသော လူနှစ်ဦးကို လှမ်းခေါ်လိုက်သည်။” လီ၊ ကျန်း. ဧည့်သည်လာတယ်၊ လက်ဖက်ရည် ပြင်လိုက်ဦး။"
ထိုအခါမှ လူနှစ်ဦးသည် လေ့ကျင့်မှုကို ရပ်နားလိုက်ကြသည်။ ချွေးများကို သုတ်သင်ပြီးနောက် တစ်ဦးက မီးဖိုချောင်သို့ သွားကာ ကျန်တစ်ဦးကမူ အိမ်ဝင်းတံခါးကို အပြေးသွားပိတ်လေသည်။
ကျောက်ဖေးမှာ ကြည့်ရသည်ကို အားမရသေးပေ။
ဤသည်မှာ ရုပ်ရှင်များထဲမှ တိုက်ခိုက်ရေးခန်းများထက် များစွာ ပိုမိုအစစ်အမှန်ဆန်လှသည်။
ဤလောကတွင် မိစ္ဆာရှိ၊ မရှိကို မပြောနိုင်သော်လည်း သိုင်းပညာမှာမူ အမှန်တကယ် ရှိနေပေသည်။ ဤလူနှစ်ဦးသည် အစစ်အမှန် စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည်။
အကယ်၍ အနာဂတ်တွင် အခွင့်အရေးရှိပါက သူသည်လည်း မြို့ထဲရှိ သိုင်းကျောင်းတစ်ခုသို့ သွားရောက်ကာ သိုင်းပညာ သင်ယူရန် ဆုံးဖြတ်လိုက်သည်။
ကိုယ်ပွါးစနစ်ရှိနေသဖြင့် သူ၏ သင်ယူနိုင်စွမ်းအပေါ် စိုးရိမ်စရာ မရှိပေ။
သူ စိုးရိမ်ရမည့် တစ်ခုတည်းသော အချက်မှာ အသက် ၂၄ နှစ် ရောက်နေပြီဖြစ်၍ အရွယ်လွန်နေမည်လားဟူသော အချက်ပင်။
ဤလောကရှိ သိုင်းပညာရှင်များသည် ငယ်စဉ်ကလေးဘဝကတည်းက အခြေခံများကို နှစ်ရှည်လများ လေ့ကျင့်လာကြသူများ ဖြစ်သည်။
သို့သော် မည်မျှပင် ခက်ခဲပါစေ၊ ကျောက်ဖေးသည် သူ၏ အစွမ်းသတ္တိကို မြှင့်တင်နိုင်မည့် မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်ခံမည် မဟုတ်ပေ။
အိမ်ထဲသို့ဝင်၍ နေရာယူပြီးနောက် သူတို့ ထိုင်လိုက်ကြသည်။
မကြာမီမှာပင် ဗလကောင်းကောင်း လူတစ်ဦးက လက်ဖက်ရည်ကို ယူဆောင်လာခဲ့သည်။
ထိုလူနှစ်ဦး၏ စောင့်ကြည့်မှုအောက်တွင် ကျောက်ဖေးသည် ငြင်းဆန်ရန် မဖြစ်နိုင်တော့ချေ။ လက်ဖက်ရည်သောက်ရင်း ဝမ်သာရှန်းနှင့် မုတ်ဆိတ် အဖိုးကြီးတို့၏ စကားဝိုင်းကို နားထောင်နေမိသည်။
"...ဒီမိတ်ဆွေက အနီးအနားခရိုင်က လာတာဗျ၊ လမ်းမှာ တောင်ပုန်းဓားပြတွေနဲ့ တိုးပြီး အဝတ်အစားတွေတောင် အလုခံခဲ့ရတာ... စီနီယာကျိုး မစိုးရိမ်ပါနဲ့၊ ကျွန်တော် လမ်းမှာ သေချာစစ်ဆေးခဲ့ပြီးပြီ၊ သူ့နောက်ကွယ်မှာ ဘယ်လို အင်အားစုမှ မရှိပါဘူး..."
"မဆိုးပါဘူး... ကြည့်ရတာ ကုန်ပစ္စည်းကောင်း တစ်ခုပဲ"
မုတ်ဆိတ်နှင့် အဖိုးကြီးက ကျောက်ဖေးကို ကုန်ပစ္စည်းတစ်ခုကဲ့သို့ အကဲဖြတ်ကြည့်ရှုရင်း ပြုံးလျက် ဆိုလိုက်သည်။
ကျောက်ဖေးမှာ ပို၍ပင် စိတ်မသက်မသာ ဖြစ်လာခဲ့သည်။
အမှန်စင်စစ် သူသည် ဝမ်သာရှန်း၏ အကြောင်းပြချက်မရှိဘဲ အလွန်အကျွံ ဖော်ရွေမှုကို အစကတည်းက သံသယရှိခဲ့ခြင်းဖြစ်သည်။
ယခုမူ သူ၏ သံသယများမှာ တဖြည်းဖြည်း အတည်ဖြစ်လာခဲ့လေပြီ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်သာရှန်းနှင့် အဖိုးကြီးတို့သည် ဈေးနှုန်းတည့်သွားကြသည်။
ဝမ်သာရှန်းသည် အဖိုးကြီးထံမှ ငွေစ (၅) ကျပ်ကို ယူကာ အလေးချိန်ကို စမ်းသပ်ကြည့်ပြီးနောက် ရင်ဘတ်ထဲသို့ ထည့်
လိုက်လေသည်။
ထို့နောက် သူသည် ကိုယ်ပွားဖြစ်သူကို တစ်ချက်ပင် လှည့်မကြည့်တော့ဘဲ တံခါးပြင်ပသို့ တန်းတန်းမတ်မတ် ထွက်သွားခဲ့တော့သည်။
ကိုယ်ပွားဖြစ်သူကလည်း ထရပ်ရန် ကြိုးစားလိုက်၏
သို့သော်လည်း မမျှော်လင့်ဘဲ ခြေထောက်များ ပျော့ခွေသွားကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ချေ၏ ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းသွားပြီး လှုပ်ရှားရန်ပင် မစွမ်းသာတော့ချေ။
သူ ယခုလေးတင် သောက်ခဲ့သော လက်ဖက်ရည်ထဲတွင် ဆေးခတ်ခံလိုက်ရချေပြီ
ကျောက်ဖေး ချက်ချင်း နားလည်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။
သူ၏ လောကအတွေ့အကြုံနည်းပါးမှုကြောင့် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ်၍ မိမိကိုယ်ကိုသာ အပြစ်တင်နေမိတော့သည်။
အမှန်စင်စစ် လက်ဖက်ရည်ထဲတွင် ဆေးမခတ်ထားခဲ့လျှင်ပင် ကိုယ်ပွားဖြစ်သူသည် ဗလကောင်းကောင်း လူနှစ်ဦးကို အနိုင်တိုက်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
သူသည် ဝမ်သာရှန်း၏နောက်သို့ လိုက်၍ ဤအိမ်ဝင်းထဲသို့ ဝင်လာခဲ့ကတည်းက ရလဒ်မှာ ဆုံးဖြတ်ပြီးသားပင် ဖြစ်သည်။
လီဟု ခေါ်သော လူက ကိုယ်ပွားကျောက်ဖေးကို မချီကာ နောက်ဖေးသို့ ခေါ်ဆောင်သွားပြီး ကြိုးဖြင့် တုတ်နှောင်၍ မြေအောက်ခန်းထဲသို့ ပစ်ချလိုက်လေသည်။
ထိုမြေအောက်ခန်းထဲတွင် ကျောက်ဖေးကဲ့သို့ပင် အဖမ်းခံထားရသူ အခြားသုံးဦးကိုလည်း တွေ့ရှိခဲ့ရသည်။
လျူမူမြို့ ပြင်ပတွင်
ကျောက်ဖေးသည် အခြားကိုယ်ပွားနှစ်ဦးနှင့်အတူ တောအုပ်အစပ်တွင် တိတ်ဆိတ်စွာ ပုန်းအောင်းနေခဲ့သည်။
သူလွှတ်လိုက်သော ကိုယ်ပွါးသည် ကောင်းကျိုးမရနိုင်ကြောင်းနှင့် ဝမ်သာရှန်းမှာ လူကောင်းမဟုတ်ကြောင်း သူ ခန့်မှန်းထားခဲ့သော်လည်း၊ တကယ်တမ်း အရောင်းစားခံလိုက်ရသည်ကို သိရသောအခါ ဒေါသထွက်
မိသည်မှာ အမှန်ပင်။
သို့သော် ဤသည်မှာလည်း ကောင်းသည့်အချက် ဖြစ်ပေသည်။ ဝမ်သာရှန်းကို ပြန်လည်နှိမ်နင်းမည့်အချိန်တွင် သူ၏ရင်ထဲ၌ မည်သည့် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးမျှ ရှိနေတော့မည် မဟုတ်ပေ။
အရောင်းအဝယ် ကိစ္စပြီးသည်နှင့် ဝမ်သာရှန်းသည် မြို့ထဲမှ ချက်ချင်း ပြန်ထွက်လာလိမ့်မည်ဟု ကျောက်ဖေး ထင်မှတ်ထားခဲ့သည်။
သို့သော် မမျှော်လင့်ဘဲ နေဝင်ရီတရော အချိန်ရောက်မှသာ ဝမ်သာရှန်းသည် မျက်နှာတစ်ခုလုံး ပြုံးရွှင်လျက် မြို့ပြင်သို့ ထွက်လာသည်ကို တွေ့လိုက်ရ၏။
ဝမ်သာရှန်းမှာ အခြားတစ်ဖက်မှ ထွက်သွားပြီဟု ထင်မှတ်ကာ ကျောက်ဖေးပင် လက်လျှော့ရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်သာရှန်းသည် သူ့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။
ဝမ်သာရှန်းသည် မြို့ထဲမှ ဝယ်လာသော ဘာမှန်းမသိသည့် ပစ္စည်းအိတ်ကြီးကို ထမ်းလာရုံမျှမကပေ
လက်တစ်ဖက်တွင်လည်း အရက်ဘူးကို ကိုင်ဆောင်ထားသေးသည်။
သူသည် တစ်လမ်းလုံး သီချင်းတအေးအေးဖြင့် အရက်ကို တစ်ငုံချင်း သောက်ရင်း လာခဲ့၏။
ယနေ့တွင် မမျှော်လင့်ဘဲ ငွေအမြောက်အမြား ရလိုက်သဖြင့် သူ အတိုင်းထက်အလွန် ပျော်ရွှင်နေပေသည်။
ဝမ်သာရှန်း ပို၍ ပျော်ရွှင်လေလေ
ကျောက်ဖေး၏ ရင်ထဲတွင် ပို၍ ဒေါသထွက်လေလေ ဖြစ်နေတော့သည်။
အကြောင်းမှာ ထိုငွေများသည် သူ့ကို ရောင်းစားပြီး ရလာသော ငွေများ မဟုတ်ပါလော
ယုတ်မာလိုက်တဲ့ အဖိုးကြီး
အချိန်တန်ရင် အရင်းရော အတိုးပါ မင်းဆီကနေ ပြန်အန်ထုတ်စေရမယ်
ဝမ်သာရှန်းသည် မြို့ပြင်မှ ထွက်လာပြီး လမ်းမကြီးအတိုင်း မိနစ်နှစ်ဆယ်ခန့် လာခဲ့ပြီးနောက် တောင်တက်လမ်းတစ်ခုသို့ ချိုးကွေ့ဝင်သွားကာ နာရီဝက်ခန့် ထပ်မံ လျှောက်လှမ်းခဲ့သည်။
ဝမ်သာရှန်း၏ နေအိမ်သည် တောင်ကုန်းတစ်ဝက်တွင် တည်ရှိပြီး ဝဲဘက်တွင် ဝါးတောနှင့် ယာဘက်တွင် စမ်းချောင်းလေးတစ်ခု စီးဆင်းနေသည့် သစ်သားအိမ်လေး တစ်လုံးပင် ဖြစ်သည်။
ထိုနေရာက တကယ့်ကို ကောင်းသည့်နေရာပင်
ကျောက်ဖေး စိတ်ထဲမှ ချီးကျူးမိသည်။
ဝမ်သာရှန်းကို နှိမ်နင်းပြီးပါက ဤအိမ်ကိုပင် သိမ်းပိုက်ကာ ယာယီအခြေစိုက်ရန် ဆုံးဖြတ်လိုက်သည်။ မိမိအိမ်နှင့် မလှမ်းမကမ်းသို့ ရောက်သောအခါ ဝမ်သာရှန်းသည် ခြေလှမ်းကို အနည်းငယ် လျှော့လိုက်သည်။
ထိုစဉ်မှာပင်
သူ၏ နောက်ကွယ်မှ လှုပ်ရှားမှုတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။
သူသည် နှစ်ရှည်လများ အတွေ့အကြုံရှိသော မုဆိုးဟောင်းတစ်ဦး ဖြစ်သည့်အပြင် အရက်မူးနေသော်လည်း သတိကိုမူ လုံးဝ လျှော့မထားပေ။
ဝမ်သာရှန်း ချက်ချင်းပင် နောက်သို့ လှည့်ကြည့်လိုက်သည်။
ကြည်လင်လှသော လရောင်အောက်တွင် ပေအနည်းငယ်အကွာ၌ ကျောက်တုံးတစ်တုံးကို ကိုင်ဆောင်ကာ သူ့ထံ ပြေးဝင်လာသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။
လရောင်မှာ အလွန်လင်းလက်နေ၏
ထိုသူ၏ မျက်နှာကို ဝမ်သာရှန်း အထင်အရှား မြင်လိုက်ရသည်။
"မင်း... မင်းက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ?"
ဝမ်သာရှန်းသည် အလွန်အမင်း ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
သူ့ကို စီနီယာကျိုးထံ ရောင်းစားခဲ့ပြီးပြီ မဟုတ်ပါလော?
ဒါက လူလား... ဒါမှမဟုတ် သရဲလား
အခန်း (၈) - ကျီးကန်းအိမ်ကို စာကလေးသိမ်းခြင်း
ဝမ်သာရှန်းသည် ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ ကြောက်ရွံ့စိတ်များပါ ဒွန်တွဲနေခဲ့သည်။
သို့သော် ကိုယ်ပွားဖြစ်သူကမူ ထိုမျှအထိ တွေးတောမနေပေ။
ဝမ်သာရှန်း အံ့အားသင့်နေသည့် ခဏတာကို အခွင့်ကောင်းယူကာ လက်ထဲရှိ ကျောက်တုံးဖြင့် ဝမ်သာရှန်း၏ မျက်နှာတည့်တည့်ကို အားကုန်လွှဲရိုက်လိုက်ရာ သွေးများ ပန်းထွက်လာခဲ့တော့သည်။
"အား... သေပါပြီ”
ဝမ်သာရှန်းမှာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။
သူသည် ဟန်ချက်ပျက်ကာ နောက်သို့ ယိုင်လဲသွားသော်လည်း၊ ကိုယ်ပွားဖြစ်သူက တောရိုင်းတိရစ္ဆာန်တစ်ကောင်နှယ် သူ့အပေါ်သို့ ခုန်
အုပ်ကာ မြေပြင်တွင် ဖိနှိပ်ထားလိုက်သည်။
ဝမ်သာရှန်းသည် အသည်းအသန် တုန်လှုပ်ချောက်ချားစွာဖြင့် သူ၏ ခါးကြားမှ ဓားကို ဆွဲထုတ်ကာ ကိုယ်ပွားထံသို့ ထိုးစိုက်လိုက်၏။
ကိုယ်ပွားဖြစ်သူက ရှောင်တိမ်းခဲ့သော်လည်း ကံမကောင်းစွာဖြင့် နောက်ကျသွားခဲ့ရာ၊ ဓားသည် သူ၏ ဝမ်းဗိုက်သို့ နက်ရှိုင်းစွာ ထိုးဝင်သွားခဲ့သည်။
သို့သော်လည်း
ဒဏ်ရာမရရှိထားသကဲ့သို့ပင် ကိုယ်ပွားဖြစ်သူ၏ မျက်နှာထက်တွင် မည်သည့် နာကျင်မှုအရိပ်အယောင်မျှ မရှိချေ။ လက်ထဲမှ ကျောက်တုံးဖြင့် ဝမ်သာရှန်း၏ ညာဘက်လက်ကောက်ဝတ်ကို ပြင်းထန်စွာ ထုနှက်လိုက်ရာ ဓားသည် မြေပြင်ပေါ်သို့ လွင့်
စင်သွားခဲ့သည်။
ဝမ်သာရှန်းသည် လက်ကောက်ဝတ် ကျိုးသွားသကဲ့သို့ ခံစားလိုက်ရသည်
"အား... အသက်ချမ်းသာပေးပါ... ကျွန်တော် မှားပါပြီ... ကျွန်တော့်မှာ ငွေတွေရှိပါတယ်၊ ရှိသမျှ အကုန်ပေးပါ့မယ်..."
တရှုံ့ရှုံ့ငိုကြွေးကာ အသနားခံလေတော့သည်။
ကိုယ်ပွားဖြစ်သူက လှုပ်ရှားမှုများကို ခေတ္တရပ်နားလိုက်သည်။
တောအုပ်နှင့် မလှမ်းမကမ်းတွင် ရပ်နေသော ကျောက်ဖေး၏ မျက်နှာထက်တွင်မူ ဝေခွဲမရသည့် အရိပ်အယောင်များ ယှက်သန်းနေ၏။
အသိစိတ်ကမူ ဝမ်သာရှန်းကို ယခုပင် အပြတ်ရှင်းရန် ပြောနေသော်လည်း
ယခုဘဝသည် သူ၏ ယခင်ဘဝနှင့် မတူတော့ချေ။
အားကြီးသူက အားနည်းသူကို အနိုင်ကျင့်ဝါးမြိုသည့် ဤလောကသစ်တွင် ကရုဏာသက်နေခြင်းသည် မိမိကိုယ်မိမိ အန္တရာယ်တွင်းထဲသို့ တွန်းပို့ခြင်းနှင့် အတူတူပင် ဖြစ်သည်။
ဤနေရာတွင်လည်း တရားရုံးနှင့် အစိုးရဆိုသည်မှာ ရှိနေပေလိမ့်မည်။
သို့သော်လည်း ထိုအရာများက ဘာအရေးပါသနည်း?
အခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်သည့် သူက ဥပဒေကို လိုက်နာပြီး ဝမ်သာရှန်းကဲ့သို့သော လူယုတ်မာကို အရာရှိများထံ အပ်နှံလိမ့်မည်ဟု တကယ်ပဲ မျှော်လင့်နေကြသလော?
ဤသည်မှာ ရယ်ဖွယ်ကောင်းလှပေသည်။
ထို့ပြင် ဝမ်သာရှန်းကဲ့သို့သော လူ့အမှိုက်မှာ မည်သို့ပင်ဖြစ်စေ သေထိုက်သူသာ ဖြစ်၏။
အကြောင်းပြချက်က တစ်ခုသာရှိ၏
သို့သော်လည်း ဆင်ခြင်တုံတရားက တစ်မျိုး၊ လက်တွေ့ခံစားချက်က တစ်ဖုံ ဖြစ်နေသည်။
ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းမှ လာခဲ့သည့် ကျောက်ဖေးအဖို့ လူသတ်ရန်ဟူသော အသိစိတ်သည် စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင် ရွံရှာစက်ဆုပ်ဖွယ်ရာ ဖြစ်နေခဲ့သည်။
အဆုံးစွန်၌ ဤသည်မှာ ကြောင်ကလေး၊ ခွေးကလေးမဟုတ်ဘဲ အသက်ရှိထင်ရှားရှိနေသည့် လူသားတစ်ဦး မဟုတ်ပါလော
ကျောက်ဖေးတစ်ယောက် ဝေခွဲမရဖြစ်နေဆဲမှာပင်
ဝမ်သာရှန်းသည် သူ၏ ဘယ်ဘက်လက်ဖြင့် ခါးကြားမှ အခြားဓားတစ်လက်ကို ရုတ်တရက် ဆွဲထုတ်ကာ သူ့အပေါ် ဖိထားသည့် ကိုယ်ပွား၏ ကိုယ်ပေါ်သို့ အားကုန် ထိုးစိုက်လိုက်လေတော့သည်။
"သေလိုက်တော့” ဝမ်သာရှန်းက ရက်စက်စွာ ဟိန်းဟောက်လိုက်၏။
ကိုယ်ပွါး လည်ပင်းမှ သွေးများ ပန်းထွက်
လာချေသည်။
ကိုယ်ပွားဖြစ်သူမှာ အသက်မပျောက်မီ လက်ကျန်အားရှိသမျှဖြင့် ကျောက်တုံးကို ဝမ်သာရှန်း၏ ဦးခေါင်းထံ ပစ်ပေါက်ခဲ့၏
ကံမကောင်းစွာပင် အားမပါတော့သဖြင့် သူ့လက်ထဲမှ ကျောက်တုံးသည် လွဲချော်သွားခဲ့သည်။
ဝမ်သာရှန်းသည် မောဟိုက်စွာ အသက်ရှူရင်း အော်ဟစ်ရယ်မောလိုက်သည်။
ဒီကောင် ငါ့ကို ဘယ်လိုပဲ ရှာတွေ့တွေ့
နောက်ဆုံးတော့ ငါပဲ အသက်ရှင်ပြီး သူပဲ သေသွားတာပဲ
ဝမ်သာရှန်းသည် သူ့အပေါ်မှ အလောင်းကို တွန်းဖယ်ရန် ပြင်နေစဉ်မှာပင် နောက်ထပ် လှုပ်ရှားမှုတစ်ခုကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်၏
နောက်ထပ် ကျောက်ဖေးတစ်ဦး လမ်းလျှောက်လာသည်ကို တွေ့လိုက်ရပြန်သည်။
"မင်း... မင်းက..."
ဝမ်သာရှန်းမှာ စကားပင် မဆိုနိုင်တော့ချေ။
တစ်ယောက်ကို သတ်လိုက်ရုံရှိသေး၊ နောက်တစ်ယောက် မည်သို့ပေါ်လာသနည်း?
ဤသည်မှာ လူလော၊ သရဲလော သို့မဟုတ် မိစ္ဆာတစ်ကောင်လော?
ဒုတိယကိုယ်ပွားသည် မည်သည့်ခံစားချက်မျှမရှိဘဲ ကျောက်တုံးတစ်တုံးကို ကိုင်လျက် လျှောက်လာခဲ့သည်။
ဝမ်သာရှန်း အသနားခံရန်ပင် အချိန်မရလိုက်ဘဲ ကျောက်တုံးသည် သူ၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့လေတော့သည်။ကျောက်ဖေး၏ မူလကိုယ်ခန္ဓာမှာ မလှမ်းမကမ်းမှ ဤမြင်ကွင်းကို ကြည့်နေခဲ့သည်။
ထိုရက်စက်လှသော မြင်ကွင်းကြောင့် စိတ်ထဲတွင် မသက်မသာ ဖြစ်နေသော်လည်း ဤလောကသစ်၏ အမှန်တရားကို ရင်ဆိုင်နိုင်ရန် မိမိကိုယ်ကို အားတင်းကာ စိုက်ကြည့်နေမိလေတော့သည်။
သူ၏ ခဏတာ စိတ်ပျော့ညံ့မှုသည် ကျောက်ဖေးအတွက် နက်ရှိုင်းလှသော သင်ခန်းစာတစ်ခု ဖြစ်သွားခဲ့ရသည်။
အကယ်၍သာ သူ့ထံတွင် ကိုယ်ပွါးစနစ်မရှိခဲ့ပါက ယခုလေးတင် အသက်ပျောက်သွားမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
"ငါ တကယ်ပဲ အူကြောင်ကြောင်နိုင်ခဲ့တာပဲ"
ကျောက်ဖေးသည် မိမိကိုယ်ကို လှောင်ပြောင်သရော်သလို ရယ်မောလိုက်ရင်း - "ဒီလိုလောကကြီးထဲမှာ ကြင်နာတတ်တာဟာ အကြီးမားဆုံးသော အမိုက်အမဲပဲ။ ဝမ်သာရှန်းလို လူစားမျိုးက ငါ့ရဲ့ စိတ်ကောင်းစေတနာကြောင့် ပြောင်းလဲသွားမှာမဟုတ်ဘူး၊ ငါ့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ငါ့ကို သတ်ဖို့ပဲ ကြိုးစားမှာ"
သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ အကြည့်များမှာ တဖြည်းဖြည်း အေးစက်လာခဲ့သည်။
ဤအချိန်မှစ၍ သူသည် ရန်သူများအပေါ် မည်သည့်သနားညှာတာမှုမျှ ထားရှိတော့မည်
မဟုတ်ဟု ဆုံးဖြတ်လိုက်လေသည်။
ဤရက်စက်လှသော လောကသစ်တွင် ရက်စက်မှသာ သူ အသက်ရှင်သန်နိုင်ပေလိမ့်မည်။
ဝမ်သာရှန်း လုံးဝအသက်ပျောက်သွားပြီးနောက်တွင်မှ ကျောက်ဖေးသည် တောအုပ်အတွင်းမှ ထွက်လာခဲ့သည်။
သူသည် သေဆုံးသွားသော ကိုယ်ပွား၏ ရုပ်အလောင်းကို ဖျက်ဆီးပစ်လိုက်ပြီး ကိုယ်ပွားအသစ်များကို ပြန်လည်ဆင့်ခေါ်လိုက်သည်။
ထို့နောက် အဆင့်မြှင့်လိုက်ပေသည်။
ထို့နောက် ကိုယ်ပွားများကို ဝမ်သာရှန်း၏ အဝတ်အစားများအားလုံးကို ချွတ်ခိုင်းလိုက်သည်။
ယခုအချိန်တွင် သူသည် ပြားတစ်ချပ်မှ မရှိသော အခြေအနေမဟုတ်ပါလော။
လူသေတစ်ဦး၏ အဝတ်ကို ဝတ်ဆင်ရသည်မှာ စိတ်မသက်မသာ ဖြစ်စရာကောင်းသော်လည်း ကိုယ်ပွားများ ဝတ်ဆင်ရန်အတွက် ဖြစ်၍ အရေးမကြီးပေ။
ဝမ်သာရှန်း၏ ရုပ်အလောင်းကိုမူ တောနက်ထဲသို့ ပစ်ချလိုက်လေသည်။
တောထဲရှိ အဆိပ်ရှိသတ္တဝါများနှင့် သားရဲတိရစ္ဆာန်များက သဘာဝတရား၏ ဤလက်ဆောင်ကို အလဟဿ အဖြစ်ခံမည်
မဟုတ်ဟု သူ မျှော်လင့်မိသည်။
ကျောက်ဖေးသည် ကိုယ်ပွားများကို အနီးရှိ စမ်းချောင်းမှ ရေများခပ်ယူစေကာ မြေပြင်ပေါ်ရှိ သွေးကွက်များကို ဆေးကြောသန့်စင်စေခဲ့သည်။
ဆယ်မိနစ်ခန့် ကြာသောအခါ နေရာတစ်ခုလုံးမှာ သန့်ရှင်းသွားခဲ့ပြီ ဖြစ်သည်။
ကျောက်ဖေးသည် အိမ်ဝင်းလေးအတွင်း လှည့်ပတ်ကြည့်ရှုမိသည်။
အိမ်ဝင်းလေးသည် အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၂၀ ပတ်ဝန်းကျင်သာ ရှိ၏
သို့သော်လည်း နေ့စဉ်သုံးပစ္စည်းများမှာမူ စုံလင်လှပေသည်။
ဆန်အိုးထဲတွင် ဆန်တစ်ဝက်ခန့် ကျန်ရှိနေသေး၏
အသားခြောက်များလည်း အများအပြား ရှိနေသေးသည်။
ထို့ပြင် အချဉ်တည်ထားသော ဟင်းသီးဟင်းရွက် အိုးနှစ်လုံးလည်း ရှိသေးသည်။
ဤရိက္ခာများမှာ ကျောက်ဖေးတစ်ယောက်တည်းအတွက် တစ်လခန့် လုံလောက်ပေသည်။
အဝတ်အစား လေးငါးစုံကိုလည်း ရရှိခဲ့၏
နောင်တွင် ကိုယ်ပွါးများသည် သစ်ရွက်ဝတ်စုံများကို ဝတ်ဆင်နေရန် မလိုတော့ချေ
ဤသည်မှာ ဤကမ္ဘာမှ ဒေသခံများနှင့် ဆက်ဆံရာတွင် များစွာ အဆင်ပြေချောမွေ့စေလိမ့်မည်။
ထို့ပြင် မုဆိုးသုံး လေးသုံးခု၊ ဓားနှစ်ချောင်း၊ ဓားမြှောင်နှစ်ခုနှင့် သားရဲထောင်ချောက် ၁၁ခု ကိုလည်း ရရှိခဲ့သည်။
ငွေကြေးအနေဖြင့် ငွေစ (၃၀) ကျော်နှင့် ကြေးပြား (၂၀၀) ကျော်ကို ရရှိခဲ့သည်။
ဝမ်သာရှန်းတစ်ဘဝလုံး ရုန်းကန်ခဲ့သမျှပင်။
နောက်ဆုံးတွင် ကျောက်ဖေးအတွက် အသင့်ပြင်ဆင်ပေးထားသကဲ့သို့ ဖြစ်သွားခဲ့ရသည်။
အရာအားလုံး ပြီးစီးသွားသောအခါ ကိုယ်ပွါးနှစ်ဦးသည် မီးဖိုကာ ထမင်းဟင်းချက်ပြုတ်ကြတော့သည်။
ကျောက်ဖေးသည် စမ်းရေအေးဖြင့် ခန္ဓာကိုယ်မှ ချွေးစေးများကို ဆေးကြောသန့်စင်ကာ ဝမ်သာရှန်း၏ သန့်ရှင်းသော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်လိုက်သည်။
ဤကမ္ဘာမှ အဝတ်အစားများမှာ ဟန်ဖူနှင့် ဆင်တူလှပေသည်။
မုဆိုး၏ အဝတ်အစားများသည် ဟန်ဖူ ဇာတ်ကားထဲကထက် ပိုမို တော်ဝန်ဆန်သည်။
သို့တိုင် အအေးနှင့် လေဒဏ်ကို ခံနိုင်ရည်ရှိသည်။
စားသောက်ပြီးနောက်
ကျောက်ဖေးသည် အိပ်ရာပေါ်တွင် လဲလျောင်းအနားယူရင်း တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
အိမ်ပြင်တွင်မူ ကိုယ်ပွားနှစ်ဦးမှာ အိပ်စက်ခြင်းမရှိပေ
ကင်းစောင့်တာဝန်ကို ထမ်းဆောင်နေကြသည်။
၎င်းတို့သည် ဝမ်သာရှန်း ချန်ထားခဲ့သော လေးများကို ကိုင်ဆောင်ကာ အနီးရှိ သစ်ပင်များကို ပစ်မှတ်ထား၍ မြားပစ်လေ့ကျင့်နေကြသည်။
မြှားများသည် လေကို ထိုးခွင်းသွားချေသည်။
အစပိုင်းတွင် ၎င်းတို့၏ မြားချက်များသည် ပစ်မှတ်နှင့် များစွာ လွဲချော်နေခဲ့ပြီး အနေအထားများသည်လည်း စနစ်မကျလှပေ။
သို့သော်လည်း မနားမနေ လေ့ကျင့်မှုများကြောင့် ၎င်းတို့၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း ကျွမ်းကျင်လာပြီး ပစ်မှတ်ထိမှန်နှုန်းမှာလည်း တရိပ်ရိပ် တိုးတက်လာခဲ့သည်။
ကိုယ်ပွားနှစ်ဦး အတူတကွ လေ့ကျင့်နေခြင်းကြောင့် သင်ယူနိုင်စွမ်းသည် နှစ်ဆတိုးလာခဲ့၏။
လေးကြိုးကို ဆွဲငင်ခြင်း၊ ပစ်မှတ်ကို ချိန်ရွယ်ခြင်းနှင့် မြားကို လွှတ်တင်လိုက်ခြင်း စသည့် အတွေ့အကြုံတိုင်းသည် ကျောက်ဖေး၏ မူလခန္ဓာကိုယ်ထံသို့ အချိန်နှင့်တစ်ပြေးညီ စီးဝင်လာခဲ့သည်။
သူ အိပ်ပျော်နေသည့် အချိန်၌ပင် သူ၏ စွမ်းရည်များသည် အစဉ်မပြတ် တိုးတက်နေခဲ့ပေသည်။
ညလေအေးလေးက တိုက်ခတ်နေပြီး လရောင်သည် ကိုယ်ပွားများအပေါ်သို့ ဖြာကျလျက် ကြံ့ခိုင်သန်စွမ်းသော ပုံရိပ်နှစ်ခုကို ဖန်တီးပေးထားသည်။
၎င်းတို့သည် မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အစွန်းကုန် အသုံးချနိုင်ရန်အတွက် သူတို့၏ လှုပ်ရှားမှုများကို မမောမပန်း ထပ်ခါတလဲလဲ ပြုပြင်လေ့ကျင့်နေကြရင်း ညတစ်ညမှာ မသိမသာ ကုန်ဆုံးသွားခဲ့လေပြီ။
ကောင်းကင်ယံတွင် ငါးဝမ်းဗိုက်ရောင်ကဲ့သို့ အလင်းတန်းများ သန်းလာပြီး နံနက်ခင်း၏ အလင်းရောင်သည် သစ်တောအတွင်းသို့ အရိပ်အယောင်များအဖြစ် ဖြာဆင်းလာခဲ့သည်။
ကျောက်ဖေးသည် သမ်းဝေရင်း အခန်းထဲမှ လမ်းလျှောက်ထွက်လာခဲ့၏။
အမှန်အတိုင်းဆိုရလျှင် မနေ့ညက ဝမ်သာရှန်းသည် သရဲအဖြစ်နှင့် သူ့အသက်ကို လာတောင်းသည့် အိမ်မက်ဆိုးများကြောင့် သူ ကောင်းကောင်း မအိပ်စက်နိုင်ခဲ့ချေ။
ကိုယ်ပွားများက နံနက်စာကို အဆင်သင့် ပြင်ဆင်ထားကြပြီး အိုးထဲတွင် နွေးနေအောင် ထားရှိပေးထားကြသည်။
ထို့ပြင် ကျောက်ဖေး မျက်နှာသစ်ရန်အတွက် စမ်းရေအေး တစ်ပုံးကိုလည်း ခပ်ယူပေးထားကြသေးသည်။
ကျောက်ဖေးသည် ကိုယ်ပွားနှစ်ဦး၏ အချက်အလက်များကို ပြန်လည် မွမ်းမံလိုက်သည်။
နံနက်စာ စားသောက်ပြီးနောက်တွင်မူ သူသည် ကိုယ်ပွားနှစ်ဦးနှင့်အတူ မြားပစ်လေ့ကျင့်မှုကို စတင်ခဲ့တော့သည်။
လူသုံးဦး အတူတကွ လေ့ကျင့်ခြင်းမှာ သင်ယူနိုင်စွမ်း သုံးဆတိုးလာခြင်းပင် ဖြစ်သည်။
ဤလောကသစ်သို့ ရောက်ရှိလာခဲ့သည်မှာ သုံးရက်ပင် မပြည့်သေးသော်လည်း
ကျောက်ဖေးအနေဖြင့် အလွန်ပင် နက်နက်ရှိုင်းရှိုင်း နားလည်လာခဲ့ပြီ ဖြစ်သည်။
ဤစိမ်းသက်လှသော ကမ္ဘာမြေတွင် မိမိ၏ ကံကြမ္မာကို မိမိကိုယ်တိုင် ထိန်းချုပ်နိုင်ရန်အတွက် အစဉ်မပြတ် သန်မာလာအောင် ကြိုးစားရန်မှတစ်ပါး အခြားမရှိပေ။
အခန်း (၉) - သိုင်းပညာတတ်သူ ဖြစ်ချင်သည်
ရက်များသည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
တောင်ပေါ်ကမ္ဘာ၏ ဘဝသည် အလွန်ပင် အေးချမ်းလှပေသည်။
ဝမ်သာရှန်း၏ ရုပ်အလောင်းမှာမူ ပထမနေ့တွင်ပင် တောသားရဲများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ဒုတိယနေ့တွင် အကြွင်းအကျန်အချို့သာ ကျန်ရှိတော့ကာ၊ တတိယနေ့၌မူ မည်သည့်ခြေရာလက်ရာမျှ ရှာမတွေ့နိုင်တော့ချေ။
ဝမ်သာရှန်း ရောင်းစားခဲ့သော ကိုယ်ပွားကိုမူ စီနီယာကျိုးသည် ဒုတိယနေ့ နေလွဲပိုင်းတွင် သံတွင်းတစ်ခုသို့ ပြန်လည်ရောင်းချလိုက်သည်။
ကျောက်ဖေးသည် ထိုကိုယ်ပွါးမှ သံတွင်းထဲ၌ မည်သည့်ပညာမျှ သင်ယူနိုင်မည်မဟုတ်ကြော င်း သိလိုက်ရ၏
ထို့ကြောင့် တတိယနေ့ နံနက်ပိုင်း လူမရိပ်မိနိုင်သော တွင်းနက်ထဲ၌ပင် ထိုကိုယ်ပွားကို ဖျက်ဆီးပစ်လိုက်ပြီး မိမိအနားတွင် အသစ်တစ်ဖန် ပြန်လည်ဆင့်ခေါ်လိုက်သည်။
တစ်ဖက်တွင်မူ စုန်မိသားစုအိမ်တော်တွင် အစေခံလုပ်နေသော ကိုယ်ပွားမှာမူ နံနက်မိုးလင်းမှ ညမိုးချုပ်အထိ ပင်ပန်းဆင်းရဲလှသော အလုပ်ကြမ်းများကို မနားမနေ လုပ်ကိုင်နေရဆဲပင်။
ကျောက်ဖေးသည် ထိုကိုယ်ပွားကို လောလောဆယ် ဖျက်ဆီးရန် အစီအစဉ်မရှိပေ။
စုန်မိသားစုအတွင်း ထားရှိခြင်းဖြင့် ပတ်ဝန်းကျင်ရှိ လူများနှင့် ထိတွေ့ဆက်ဆံကာ ဤလောကကြီး၏ သတင်းအချက်အလက်များကို အစဉ်မပြတ် ရရှိနိုင်သောကြောင့် ဖြစ်သည်။
ဥပမာအားဖြင့် ယခုအခါ သူ သိလိုက်ရသည်မှာ
ကျန်းလင်းခရိုင်အတွင်း သိုင်းပညာကျောင်းကြီး လေးကျောင်း ရှိပေသည်။ ၎င်းတို့မှာ - ကျားသစ်နက်သိုင်းကျောင်း၊ တိမ်ပြာသိုင်းကျောင်း၊ သံလက်သီးသိုင်းကျောင်း နှင့် ပျံလွှားငှက်သိုင်းကျောင်းတို့ ဖြစ်ကြသည်။
ထို့ပြင် သိုင်းပညာရှင်များကိုလည်း အဆင့်အတန်း ခွဲခြားထားသည်။
မဟာကျိုးမင်းဆက်၏ သတ်မှတ်ချက်အရ သိုင်းပညာရှင်များကို အနိမ့်ဆုံး နဝမအဆင့် မှ အမြင့်ဆုံး ပထမအဆင့်အထိ အစဉ်လိုက် သတ်မှတ်ထားခြင်း ဖြစ်သည်။
စုန်မိသားစု၏ ထိပ်တန်းကိုယ်ရံတော် ဝူချန်း မှာမူ အဋ္ဌမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်၏။
ဝူချန်းသည် ဗလတောင့်တင်းလှသူ ဖြစ်သည်။
တစ်ကြိမ်တွင်မူ ကိုယ်ပွားဖြစ်သူသည် ဝူချန်းမှ အခြားကိုယ်ရံတော် သုံးဦးနှင့် တစ်ပြိုင်နက် သိုင်းစမ်းနေသည်ကို တွေ့ခဲ့ရသည်။
ဝူချန်းသည် တစ်ဦးတည်းနှင့် သုံးဦးကို အသာစီးရရုံမျှမက လက်ဝါးချက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ပြိုင်ဘက်နှစ်ဦးကို ၁၀ မီတာကျော် အကွာသို့ လွင့်စင်သွားစေခဲ့သည်။
ယခင်ဘဝကဆိုလျှင် ဤမြင်ကွင်းမျိုးကို ရုပ်ရှင်များထဲတွင် ကြိုးဆွဲ၍သာ ရိုက်ကူးနိုင်ပေလိမ့်မည်။
ဤသည်မှာ အဋ္ဌမအဆင့် သိုင်းပညာရှင်၏ စွမ်းဆောင်ရည်သာ ရှိသေး၏
ပထမအဆင့် သိုင်းပညာရှင်မှာ မည်မျှအထိ အစွမ်းထက်မည်နည်းဟု ကျောက်ဖေး တွေးတောနေမိသည်။
ငါးရက်မြောက်နေ့သို့ ရောက်သောအခါ
နေ့ညမပြတ် လေ့ကျင့်မှုများကြောင့် ကျောက်ဖေး၏ မြားပစ်စွမ်းရည်နှင့် တောလိုက်ခြင်းအတတ်မှာ သိသိသာသာ ကျွမ်းကျင်လာခဲ့သည်။
ကိုယ်ပွားသုံးဦး၏ ပူးပေါင်းအားထုတ်မှုဖြင့် ကျောက်ဖေးသည် တောသမင်တစ်ကောင်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့၏။
ဤအောင်မြင်မှုက ကျောက်ဖေးအတွက် လက်ကျန်ရိက္ခာများကို အမှီပြုနေရန် မလိုတော့ဘဲ ဤလောကတွင် ကိုယ်ပိုင်ရပ်တည်နိုင်စွမ်း ရှိလာပြီဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။
နောက်ရက်များတွင်လည်း သူသည် သားကောင်များကို ဆက်တိုက်ဖမ်းမိခဲ့သည်။
ပိုလျှံသော သားကောင်များကို မြို့ထဲသို့ ကိုယ်ပွားတစ်ဦးမှတစ်ဆင့် အသားဆိုင်သို့ စေလွှတ်ရောင်းချစေခဲ့သည်။
ထိုကိုယ်ပွားကိုလည်း တမ်းပြန်မခေါ်ပေ
ယင်းအစား မြို့ထဲ၌ပင် ယာယီနေထိုင်စေခဲ့၏။
ကျောက်ဖေးသည် စုံစမ်းမှုအချို့ ပြုလုပ်ပြီးနောက် ဆရာတစ်ဦးအား ရှာဖွေကာ ငွေစ (၁) ကျပ် ပေး၍ ကိုယ်ပွားကို ဤလောက၏ စာပေများကို သင်ယူစေခဲ့သည်။
အချိန်ကာလမှာ မတ်လကုန်သို့ ရောက်ရှိလာခဲ့ပြီ။
ကျောက်ဖေးသည် တောင်ပေါ်တွင် နေထိုင်ခဲ့သည်မှာ တစ်လခွဲခန့် ရှိခဲ့ပြီ ဖြစ်သည်။
နေ့စဉ် တောလိုက်ခြင်းနှင့် ကိုယ်လက်လေ့ကျင့်ခြင်းတို့ကြောင့် ကျောက်ဖေး၏ ခန္ဓာကိုယ်သည် တိုးတက်လာချေသည်။
ယခင်ကကဲ့သို့ ဖောင်းကားခြင်းမရှိတော့ဘဲ ကျစ်လျစ်သန်စွမ်းသော ကြွက်သားများ ထွက်ပေါ်လာခဲ့သည်။
ကျောက်ဖေး၏ ပင်မကိုယ်ခန္ဓာ တိုးတက်လာခြင်းမှာ အသစ်ဆင့်ခေါ်မည့် ကိုယ်ပွားများလည်း ပိုမိုသန်မာလာခြင်းကို ဆိုလိုခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် ကျောက်ဖေး၏ အနည်းငယ်သော တိုးတက်မှုသည် အစွမ်းသတ္တိ (၅) ဆ တိုးပွားလာခြင်းပင်။
ထိုနေ့
မတ်လ (၂၈) ရက်နေ့တွင်
နံနက်စောစော နိုးထလာသော ကျောက်ဖေးသည် စိတ်လက်ကြည်လင်နေ၏
ချက်ချင်းပင် သူ၏ စိတ်အာရုံမှာ လှုပ်ခတ်သွားခဲ့၏။
ရိပ်ခနဲ ပုံရိပ်တစ်ခုသည် ဝေဝါးသော အမြင်အာရုံထဲမှ ရုပ်လုံးပေါ်လာပြီး အစစ်အမှန်ဘဝထဲသို့ တိုးထွက်လာကာ လျင်မြန်စွာပင် အဆင့်သင့် ဖြစ်သွားခဲ့သည်။
ကျောက်ဖေးသည် အတိုင်းထက်အလွန် အံ့အားသင့်သွားရ၏။
ဤလောကသို့ သူ စတင်ရောက်ရှိလာချိန်မှစ၍ ယခုအချိန်အထိ သူသည် ကိုယ်ပွား (၄) ဦးကိုသာ ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခု သူသည် ပဉ္စမမြောက် ကိုယ်ပွားကို အောင်မြင်စွာ ဆင့်ခေါ်နိုင်ခဲ့ပြီ ဖြစ်သည်
ဤသည်မှာ သူ၏ ဦးနှောက်သည် (၆) လုံးအထိ ရှိလာခြင်းဖြစ်၏
သင်ယူနိုင်စွမ်း၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းနှင့် မှတ်ဉာဏ်တို့မှာ (၅) ဆ မှ (၆) ဆသို့ ပြောင်းလဲတိုးတက်သွားခဲ့ခြင်းပင်။
ဧပြီလ (၁) ရက်နေ့
ကျန်းလင်းခရိုင်၊ စုန်အိမ်တော်အတွင်းဝယ်...
ယနေ့နံနက်တွင်
ကိုယ်ပွားကျောက်ဖေးသည် ထူးခြားသော သတင်းတစ်ခုကို ကြားလိုက်ရသည်။
စုန်မိသားစု၏ တတိယမြောက်သခင်မလေး စုန်ယုယောင်သည် အိမ်သို့ ပြန်လာခဲ့ပြီး သူမ၏ သိုင်းပညာသင်နောက်လိုက်များကို ရွေးချယ်ရန် ပြင်ဆင်နေသည်ဟူသော သတင်းပင် ဖြစ်သည်။
ဤလောကတွင် သိုင်းပညာသင်နောက်လိုက် ဆိုသည်မှာ စာပေသင်ကြားရာတွင် လိုက်ပါရသူကဲ့သို့ပင်
စုန်ယုယောင်သည် ပျံလွှားငှက်သိုင်းကျောင်း တွင် သိုင်းပညာသင်ယူနေသူဖြစ်ပြီး သူမ၏ သိုင်းပညာသင်နောက်လိုက်မှာလည်း သူမနှင့်အတူ သိုင်းကျောင်းသို့ လိုက်ပါရကာ သူမ၏ အမိန့်အာဏာဟူသမျှကို မြေဝယ်မကျ နာခံရမည်ဖြစ်သည်။
"တတိယသခင်မလေးက တကယ်ပဲ နောက်လိုက်တွေကို ရွေးချယ်နေတာလား?" ကျောက်ဖေးက သတင်းပြောနေသူကို ဆွဲကိုင်ကာ အလောတကြီး မေးမြန်းလိုက်သည်။
ထိုသူမှာ အစေခံတစ်ဦးသာ ဖြစ်၏။
သူက ကျောက်ဖေး၏လက်ကို မကျေမနပ် ခါထုတ်လိုက်ရင်း လှောင်ပြောင်သရော်လိုက်
သည်။
"ဟုတ်တယ်... မင်း သေချင်တယ်ဆိုရင်လည်း သွားလိုက်ပေါ့။"
"ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သခင်မလေးရဲ့ နောက်လိုက်လုပ်တဲ့သူတွေထဲက တစ်လထက်ပိုပြီး ခံတဲ့သူ မရှိသလောက်ပဲ။ တချို့က သေကုန်ကြတယ်၊ တချို့ကတော့ မသန်မစွမ်း ဖြစ်ကုန်ကြတယ်။ အခုချိန်မှာ ဘယ်သူက သွားရဲတော့မှာလဲ?"
အနီးရှိ အခြားအစေခံတစ်ဦးကလည်း ခေါင်းခါရင်း သက်ပြင်းချကာ ကျောက်ဖေးကို စေတနာဖြင့် အကြံပေးလေသည်။
"ငါ့ညီ... သိုင်းပညာသင်နောက်လိုက်ဆိုတဲ့ ဂုဏ်ပုဒ်နောက်ကို မလိုက်ပါနဲ့ဦး။ မင်း ကံကောင်းလို့ တစ်လလောက် အသက်ရှင်ခဲ့ရင်တောင် ဒုတိယလမှာတော့ သေချာပေါက် အသက်ပျောက်မှာပဲ။ ငါတို့က အစေခံတွေဆိုပေမဲ့ ကောင်းကောင်းမွန်မွန် အသက်ရှင်ပိုင်ခွင့် ရှိသင့်တယ်မလား...?"
သို့သော် ထိုသူ စကားမဆုံးမီမှာပင် ကျောက်ဖေးသည် အတည်ပြုချက်ရသည်နှင့် ပြတ်သားစွာ လှည့်ထွက်သွားပြီး တတိယသခင်မလေး၏ အဆောင်ဆီသို့ ဦးတည်သွားတော့သည်။
"နှမြောစရာပဲ... ငါတို့ပြောတာကို ဘာလို့ နားမထောင်တာလဲ”
"သူ့ဘာသာ သေတွင်းထဲ ခုန်ဆင်းတာပဲ၊ မင်းက ဘာလို့ အကြံပေးနေတာလဲ? ဒီကောင်က နေ့တိုင်း တာဝန်ခံရှေ့မှာ ဆရာကြီးလုပ်ပြနေတာ၊ ငါမြင်မကြည်တာ ကြာပြီ။"
လမ်းတစ်လျှောက်တွင်
ကျောက်ဖေးသည် စုန်ယုယောင်၏ အဆောင်ဆီမှ ကြောက်လန့်တကြား ထွက်ပြေးလာကြသော အစေခံအုပ်စုများကို တွေ့လိုက်ရသည်။
၎င်းတို့သည် သတင်းရပြီး စုန်ယုယောင်၏ နောက်လိုက်အဖြစ် ရွေးချယ်ခံရမည်ကို စိုးရိမ်နေသည်မှာ အသေအချာပင်
ကျောက်ဖေး တစ်ဦးတည်းသာလျှင် လူအုပ်နှင့်ဆန့်ကျင်ဘက်သို့ လျှောက်လှမ်းကာ စုန်ယုယောင်၏ အဆောင်သို့ ရောက်ရှိလာခဲ့သည်။
သတင်းပို့ပြီးနောက် မကြာမီမှာပင် စုန်ယုယောင်နှင့် တွေ့ဆုံခွင့်ရခဲ့၏။
စုန်ယုယောင်သည် လှပသောရုပ်ရည်ရှိပြီး နုပျိုသောအရွယ်တွင် ရှိနေသည်။ သိုင်းကျောင်းဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ၏ ပုံဟန်မှာ သူရဲကောင်းဆန်ပြီး ထက်မြက်လှပေသည်။
"မင်းက... ငါ့ရဲ့ နောက်လိုက်လုပ်ချင်တာလား?"
စုန်ယုယောင်သည် ကျောက်ဖေးကို စူးစမ်းကြည့်လိုက်သည်။
ဤအစေခံသည် ဗလတောင့်တင်းပြီး ကြံ့ခိုင်သော ကိုယ်ခန္ဓာရှိသည်ဟု သူမ ထင်မှတ်လိုက်၏။
သို့သော် မည်မျှပင် သန်မာပါစေ၊ အစေခံသည် အစေခံသာ ဖြစ်သည်။
သူမ၏အမြင်တွင် အစေခံဆိုသည်မှာ သုံးပြီးပစ်ရမည့် ကုန်ကြမ်းများသာ ဖြစ်သည်။
လစဉ်တိုင်းတွင် သူမသည် သိုင်းကျောင်းသို့ လိုက်ပါရန် ဤကဲ့သို့သော ကုန်ကြမ်းနှစ်ဦးကို အမြဲရွေးချယ်လေ့ရှိသည်။
ကျောက်ဖေးကဲ့သို့သော လူစားမျိုးကို သူမ တစ်ကြိမ်မက တွေ့ဖူးခဲ့ပြီ။ အများစုမှာ သိုင်းပညာသင်နောက်လိုက်အဖြစ် ခံစားရမည့် အခွင့်အရေးများကို မက်မောပြီး သိုင်းကျောင်းရောက်လျှင် သိုင်းပညာသင်ယူကာ မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်လိမ့်မည်ဟု အထင်မှားနေကြသူများ ဖြစ်သည်။
ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ
"ဟုတ်ကဲ့ပါ... လုပ်ချင်ပါတယ်"
ကျောက်ဖေးက ခေါင်းငုံကာ ပြန်လည် ဖြေကြားလိုက်လေသည်။
စုန်အိမ်တော်၏ စည်းကမ်းများအရ အရှင်သခင်က စကားပြောဆိုချိန်တွင် မျက်လုံးချင်း စိုက်ကြည့်ခွင့်မရှိပေ။
"မဆိုးဘူး... ငါ့ဆီကို ကိုယ်တိုင်လာရဲတဲ့ မင်းရဲ့သတ္တိကိုတော့ အသိအမှတ်ပြုရမယ်။ ကောင်းပြီ... မင်းကို ငါရွေးချယ်လိုက်ပြီ"
စုန်ယုယောင်က ခေါင်းညိတ်၍ သဘောတူလိုက်သည်။ ထို့နောက် ဘေးရှိ အစေခံမလေးကို လှည့်၍ ဆို၏။
"ရှောင်ဟုန်... နောက်တော့ အိမ်တော်ထဲက နောက်ထပ် တစ်ယောက်ကို သွားရွေးလိုက်ဦး။ ငါ့ရဲ့ သတ်မှတ်ချက်က တစ်ခုပဲ၊ အဲဒီလူဟာ သန်မာရမယ်၊ သတ္တိရှိရမယ်၊ တိုက်ခိုက်ဖို့ ဝန်မလေးရမယ်။ ဒီနေ့ နေ့လယ်ကျရင် ငါတို့ သိုင်းကျောင်းကို ပြန်ကြမယ်"
"ဟုတ်ကဲ့ပါ သခင်မလေး"
အစေခံမလေး ရှောင်ဟုန်က ပြန်လည်ဖြေကြားသည်။
ကျောက်ဖေးသည် စိတ်ထဲမှ ဝမ်းသာသွားမိသည်။ ဤမျှလောက် ချောချောမွေ့မွေ့နှင့် အောင်မြင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
အမှန်စင်စစ် ဤသည်မှာ သူနှင့် ယှဉ်ပြိုင်မည့်သူ တစ်ဦးမျှ မရှိသောကြောင့်ဖြစ်ကြောင်း သူ ကောင်းကောင်းနားလည်ပါသည်။
နောင်တွင် သိုင်းကျောင်း၌ မည်သို့သော အခက်အခဲများနှင့် ရင်ဆိုင်ရမည်ကိုမူ ကျောက်ဖေး အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိပေ။
အဆုံးစွန်၌ ဤသည်မှာ ကိုယ်ပွါးမျှသာဖြစ်၍ သေဆုံးသွားလျှင်လည်း အစားထိုး၍ ရနိုင်သည်မဟုတ်ပါလော
အကယ်၍ သေဆုံးခြင်းနှင့် လဲလှယ်၍ ဤလောက၏ သိုင်းပညာရပ်များကို ရရှိနိုင်မည်ဆိုပါက ထိုသေဆုံးခြင်းမှာ များစွာ တန်ဖိုးရှိလှပေမည်။
စုန်ယုယောင်သည် နေ့လယ်စာ စားသောက်ပြီးနောက် သိုင်းပညာသင်နောက်လိုက်သစ် နှစ်ဦးနှင့်အတူ အိမ်တော်မှ ထွက်ခွာခဲ့သည်။
ကျောက်ဖေးအပြင်
အခြားနောက်လိုက်တစ်ဦးမှာ ချန်မင် ဟု အမည်ရပြီး ကျောက်ဖေးထက် အနည်းငယ် အရပ်ပုကာ ဗလလည်း သိပ်မတောင့်လှပေ။
အမှန်စင်စစ် ၎င်းတို့သည် အစေခံဘဝသို့ ရောက်ရှိနေကြသူများဖြစ်၍ ချမ်းသာသောမိသားစုမှ မဟုတ်ကြသည့်အပြင် ငယ်စဉ်ကတည်းက ကျောက်ဖေးကဲ့သို့ အာဟာရပြည့်ဝစွာ စားသောက်ခဲ့ရသူများ မဟုတ်ကြပေ။
ကျောက်ဖေး၏ ထွားကျိုင်းသန်မာသော ကိုယ်ခန္ဓာသည် စုန်ယုယောင် သူ့ကို ပထမဆုံး မြင်မြင်ချင်း ရွေးချယ်ခဲ့ရသည့် အဓိက အကြောင်းရင်းတစ်ခုပင် ဖြစ်လေသည်။