အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
အခန်း (၁၀) စစ်သည်တော်ဆိုသည်မှာ အဘယ်နည်း
ပျံလွှားငှက် ကိုယ်ခံပညာသင်ကျောင်းသည် ကျန်းလင်းခရိုင်အတွင်းရှိ အဓိကသြဇာကြီးမားသော ကိုယ်ခံပညာသင်ကျောင်းကြီး လေးခုအနက် တစ်ခုဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း ဤကျောင်းတော်ကြီးသည် ကျန်းလင်းခရိုင်အတွက် ကိုယ်ခံပညာရှင် မြောက်မြားစွာကို ပျိုးထောင်ပေးပြီး၊ ထူးချွန်ထက်မြက်သည့် ပါရမီရှင်များကိုလည်း မြို့တော်ရှိ ပိုမိုမြင့်မားသောအဆင့်ရှိသည့် ကိုယ်ခံပညာသင်ကျောင်းများသို့ စေလွှတ်ပေးလေ့ရှိသည်။
သင်တန်းကျောင်း၏ ပင်မတံခါးကြီးအထက်တွင် “ပျံလွှားငှက် ကိုယ်ခံပညာသင်ကျောင်း” ဟူသော ရွှေရောင်စာလုံးကြီး လေးလုံးကို ထွင်းထုထားသည့် ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားကာ စာလုံးများသည် အရှိန်အဝါထူးကဲလှပေသည်။
ဤဆိုင်းဘုတ်သည် နန်းတွင်းမှ ချီးမြှင့်ခြင်းဖြစ်ပြီး လက်ရှိမင်းဆက်၏ နာမည်ကျော် လက်ရေးအလှပညာရှင်ကိုယ်တိုင် ရေးထိုးပေးထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။
သင်တန်းကျောင်း၏ ပင်မတံခါးကြီးအတွင်းသို့ ဝင်လိုက်သည်နှင့် ပထမဆုံး မြင်တွေ့ရသည်မှာ ပြားချပ်ပြီး ခိုင်ခံ့လှသော ကျောက်ပြားချပ်များ ခင်းကျင်းထားသည့် ကျယ်ဝန်းသော လေ့ကျင့်ရေးကွင်းပြင်ကြီးပင် ဖြစ်သည်။
ထိုအချိန်တွင် ကိုယ်ခံပညာသင်ကျောင်းသား ဒါဇင်ပေါင်းများစွာသည် ကွင်းပြင်ထဲ၌ လေ့ကျင့်နေကြသည်။
အချို့မှာ နှစ်ယောက်တစ်တွဲ တိုက်ခိုက်ယှဉ်ပြိုင်နေကြပြီး လက်သီးချင်း ထိတွေ့စော “ဘုန်း ဘုန်း” ဟူသော အသံများသည် လေထုထဲ၌ ဟိန်းထွက်နေကာ သူတို့၏ လှုပ်ရှားမှုများမှာ ပြတ်သားလွန်းလှသည်။
အချို့မှာ အခြေခံကျွမ်းကျင်မှုများကို တစ်ဦးတည်း လေ့ကျင့်နေကြပြီး လှုပ်ရှားမှုတိုင်းမှာ စံနမူနာပြလောက်အောင် အင်အားပါလှသည်။
အချို့မှာမူ စက်ဝိုင်းပုံစံ စုဝေးကာ ဆရာရှင်းပြနေသော ကိုယ်ခံပညာ၏ အခြေခံအနှစ်သာရများကို အာရုံစိုက်လျက် အလေးအနက် နားထောင်နေကြသည်။
သင်တန်းကျောင်းတစ်ခုလုံးမှာ တက်ကြွလှုပ်ရှားသည့် စွမ်းအားများနှင့် လောင်မြိုက်နေသော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီး လေထုထဲတွင် ကိုယ်ခံပညာရှင်တို့၏ စိတ်အားထက်သန်မှုနှင့် သူရဲကောင်းဆန်သော အရှိန်အဝါများ ကိန်းအောင်းနေသကဲ့သို့ ခံစားရသည်။
ကျောက်ဖေးသည် ထိုမြင်ကွင်းကြောင့် သူ၏စိတ်ဓာတ်များ တက်ကြွလာသည်ကို မထိန်းနိုင်အောင် ခံစားလိုက်ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် သူနှင့်အတူပါလာသော နောက်ထပ် သိုင်းနောက်လိုက် ချန်မင်မှာမူ မျက်နှာတစ်ခုလုံး ပို၍ ဖြူဖျော့လာလေသည်။
စုန်ယုယောင်ကမူ သူမနောက်ကလိုက်လာသော သိုင်းနောက်လိုက်နှစ်ဦး၏ ကွဲပြားခြားနားလှသော မျက်နှာအမူအရာများကို ဂရုမစိုက်ပေ။
သူမသည် ထိုသူနှစ်ဦးကို သင်တန်းကျောင်းအတွင်းသို့ ခေါ်ဆောင်လာပြီး လေ့ကျင့်ရေးကွင်းပြင်ကို ဖြတ်သန်းသွားစဉ် လမ်းတစ်လျှောက်ရှိ စီနီယာအစ်ကိုကြီးများနှင့် အစ်မကြီးများကို ပြုံးရွှင်စွာ နှုတ်ဆက်သွားသည်။
သူမ၏ မျက်နှာပေါ်၌ ချစ်စဖွယ်အပြုံးများ ဝေဆာနေပြီး ထိုအချိန်ကျမှသာ တက်ကြွလန်းဆန်းသော မိန်းကလေးငယ်တစ်ဦးအဖြစ် ပြန်လည်ပြောင်းလဲ သွားသကဲ့သို့ပင်။
လေ့ကျင့်ရေးကွင်းပြင်ကို ဖြတ်ကျော်ပြီးနောက် သူတို့သည် အဆင့်သတ်မှတ်ချက်ဘုတ် ရှေ့သို့ ရောက်ရှိလာကြသည်။
စုန်ယုယောင်သည် ယခင်ကကဲ့သို့ မာနထောင်လွှားသည့် သခင်မတစ်ဦး၏ အမူအရာကို ပြန်လည်ဖမ်းလိုက်သည်။
သူမက အေးစက်စွာ ရှင်းပြသည်မှာ “ဒီအဆင့်သတ်မှတ်ချက်ဘုတ်ကို မြင်လား? ငါတို့သင်ကျောင်းမှာ လစဉ် အကြီးစားပြိုင်ပွဲတွေနဲ့ အသေးစားပြိုင်ပွဲတွေ ရှိတယ်။ ဆယ်ရက်တစ်ခါ ပြိုင်ပွဲငယ်တစ်ခုနဲ့ လကုန်တိုင်းမှာ ပြိုင်ပွဲကြီးတစ်ခု ကျင်းပတယ်။”
“ပြိုင်ပွဲငယ်တွေက အဆင့်တူတဲ့ ကျောင်းသားအချင်းချင်းပဲ ပြိုင်ရတာ။ အခုမှ ရောက်လာတဲ့ နင်တို့အတွက်တော့ ပထမဆုံးလက တပည့်အသစ်ပဲ”
“ဒါပေမဲ့ ပြိုင်ပွဲကြီးကတော့ တပည့်အားလုံး ပါဝင်ယှဉ်ပြိုင်ရတာ။”
“ဘယ်ပြိုင်ပွဲပဲဖြစ်ဖြစ် အဆင့်တစ်ခုအတွင်း ဝင်သွားတာနဲ့ သင်တန်းကျောင်းရဲ့ ကိုယ်ခံပညာအမှတ်တွေကို ရနိုင်တယ်။ အဆင့်မြင့်လေ ရတဲ့အမှတ်က ပိုများလေပဲ။”
“ပြိုင်ပွဲကြီးအကြောင်းတော့ နင်တို့ စဉ်းစားတောင် မနေနဲ့။ နင်တို့လို အသုံးမကျတဲ့ အမှိုက်နှစ်ကောင်က အဲဒီထဲမှာ ယှဉ်ဖို့ မထိုက်တန်ဘူး။”
“ငါ နင်တို့ကို တောင်းဆိုတာ တစ်ခုပဲရှိတယ်။ ပထမဆုံးလရဲ့ တပည့်သစ်ပြိုင်ပွဲမှာ နင်တို့နှစ်ယောက်လုံး အဆင့် (၁၀) အတွင်း ဝင်ရမယ်။ ပြီးရင် နင်တို့ရတဲ့ အမှတ်အားလုံးကို ငါ့ဆီ လွှဲပေးရမယ်။”
ထိုသို့ပြောပြီးနောက်
စုန်ယုယောင်သည် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် သိုင်းနောက်လိုက်နှစ်ဦးကို စိုက်
ကြည့်ကာ ပြတ်သားစွာ ဆိုလိုက်သည်။ “နင်တို့ ဘယ်လိုနည်းနဲ့လုပ်လုပ် ငါ ဂရုမစိုက်ဘူး။ အသက်နဲ့ရင်းရမယ်ဆိုရင်တောင် အဆင့် (၁၀) ထဲ ဝင်အောင်လုပ်ရမယ်။”
“ငါ့အတွက် အမှတ်တွေ ရှာပေးနိုင်တာကပဲ နင်တို့ရဲ့ တစ်ခုတည်းသော တန်ဖိုးပဲ။”
“အသုံးမကျလို့ ငါ့အတွက် တန်ဖိုးမရှိတော့တဲ့ လူကိုတော့… အဲဒီကျရင် ငါကိုယ်တိုင် သေတဲ့အထိ ရိုက်သတ်ပစ်မယ်။”
“နှစ်ယောက်လုံး နားလည်လား?”
ချန်မင်မှာ ကြောက်ရွံ့လွန်း၍ တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်နှာသည် သွေးစမရှိတော့ပေ။
ကျောက်ဖေးကမူ အနည်းငယ် ပို၍ တည်ငြိမ်နေသည်။ ထိုကိုယ်ခံပညာအမှတ်ဆိုသည်မှာ အဘယ်အရာအတွက် အသုံးပြုသလဲဆိုသည်ကိုသာ အသာအယာ စဉ်းစားနေမိသည်။
“နားလည်ပါပြီ”
နှစ်ဦးသား ခေါင်းငုံ့ကာ တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားလိုက်လေတော့သည်။
စုန်ယုယောင်၏ မျက်နှာထားသည် အနည်းငယ် ပျော့ပြောင်းသွားပြီး သူမက ဆက်ပြောလေသည် “ဒါပေမဲ့ ငါက အမြဲတမ်း ဆုပေးဒဏ်ပေး မျှတတဲ့သူပါ။ နင်တို့သာ အသေးစားပြိုင်ပွဲ နှစ်ကြိမ်ဆက်တိုက် ပထမ ရမယ်ဆိုရင်၊ နင်တို့ရဲ့ စုန်မိသားစု အစေခံစာချုပ်ကို ဖျက်သိမ်းပေးပြီး လွတ်လပ်ခွင့်ပေးမယ်လို့ ငါ ကတိပေးတယ်”
ချန်မင်၏မျက်နှာမှာ ချက်ချင်းပင် စိတ်လှုပ်ရှားမှုများဖြင့် ဝင်းပလာသည်။
ကျောက်ဖေးကမူ တည်ငြိမ်နေဆဲပင်။
ချန်မင်နှင့်မတူသည်မှာ သူသည် မိမိကိုယ်ကိုယ် စုန်မိသားစု၏ အစေခံတစ်ဦးအဖြစ် တစ်ခါမျှ အမှန်တကယ် မသတ်မှတ်ခဲ့ဖူးပေ။
ယခုအချိန်တွင် သူ၌ အင်အားမရှိသေး၍သာ ဖြစ်သည်။ အကယ်၍သာ ခွန်အားရှိခဲ့ပါက စုန်ယုယောင်၏ ပါးကို သေလောက်အောင် ရိုက်ပုတ်ပစ်ချင်နေသည်မှာ ကြာလှပြီဖြစ်သည်။
စုန်ယုယောင်မှာမူ သူတို့နှင့် စကားဆက်ပြောရန် ပျင်းရိနေပုံရသည်။ သူမ၏ ရင်ဘတ်ကြားမှ သံတံဆိပ်ပြားနှစ်ခုကို ထုတ်ယူကာ သူတို့ထံ ပစ်ပေးလိုက်ပြီး လက်ဝေ့ယမ်းကာ လွှတ်လိုက်လေသည် - “နားလည်ပြီဆိုရင် သွားပြီး သတင်းပို့ကြတော့။ ဒီတံဆိပ်နှစ်ခုရှိရင် နင်တို့အတွက် ကျောင်းလခ ပေးစရာမလိုဘူး။”
ပြောပြီးသည်နှင့် သူမသည် နောက်လှည့်ကာ ထွက်ခွာသွားတော့သည်။
ကျောက်ဖေးသည် လက်ထဲရှိ သံတံဆိပ်ပြားကို စစ်ဆေးကြည့်လိုက်သည်။ တံဆိပ်၏ တစ်ဖက်တွင် စုန်ယုယောင်ဟု ရေးထားပြီး အခြားတစ်ဖက်တွင် ပျံလွှားငှက် ကိုယ်ခံပညာသင်ကျောင်းဟု ရေးထွင်းထားသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ လျင်မြန်သော တိုးတက်မှုများကြောင့်...ကျောက်ဖေးသည် ယခုအခါ ဤကမ္ဘာ၏ စာလုံးများကို အခက်အခဲမရှိ ဖတ်နိုင်၊ ရေးနိုင်နေပြီဖြစ်သည်။
ဆယ့်ငါးမိနစ်ခန့်အကြာတွင်
ကျောက်ဖေးနှင့် ချန်မင်တို့ သတင်းပို့ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသည်။
သူတို့အတွက် အဆောင်များကို သတ်မှတ်ပေးပြီး ကျင့်ကြံသူဝတ်စုံ တစ်စုံစီကိုလည်း ထုတ်ပေးလိုက်သည်။
အဆောင်ခန်းသည် ဆယ်မီတာပတ်လည်ကျော်မျှသာ ကျယ်ဝန်းပြီး ကျောက်ဖေး တောင်ပေါ်၌ နေခဲ့သော နေရာ၏ ထက်ဝက်ခန့်သာ ရှိသည်။
အခန်းထဲတွင် စားပွဲတစ်လုံး၊ ထိုင်ခုံအနည်းငယ်နှင့် အထွေထွေပစ္စည်းအချို့ ရှိသည်။
အခန်း၏ နေရာအများစုကို ခုတင်အရှည်ကြီး တစ်ခုက နေရာယူထားပြီး ထိုနေရာတွင် တပည့်ပေါင်း (၂၀) ခန့် စုပြုံအိပ်ကြရမည် ဖြစ်သည်။
ဆယ်မီတာပတ်လည်ကျော်သာရှိသော နေရာလေးတွင် လူ ၂၀ စုပြုံနေရမည်ဆိုပါက မည်မျှ ကျပ်ညပ်မည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
အိပ်စက်သည့်အခါ၌ပင် တစ်ဦးနှင့်တစ်ဦး ပူးကပ်နေရမည် ဖြစ်သည်။
အကယ်၍ နေထိုင်မှုအခြေအနေကို မကျေနပ်ပါက ကျောင်းပြင်ပတွင် ငွေပေး၍ နေထိုင်နိုင်သည်။
သင်တန်းကျောင်းအနေဖြင့် နေ့ကျောင်းသားများကို ကန့်ကွက်ခြင်းမရှိပေ။
အခြားနည်းလမ်းတစ်ခုလည်း ရှိသေးသည်။
၎င်းမှာ မိမိ၏ အင်အားကို အသုံးချကာ အဆင့်မြင့်အဆောင်များရှိ တပည့်များကို စိန်ခေါ်ရန်ဖြစ်သည်။ ပြိုင်ဘက်ကို အနိုင်ရရှိသရွေ့ ထိုသူ၏ နေထိုင်ခွင့်နေရာကို ရရှိနိုင်မည် ဖြစ်သည်။
လူ ၂၀ အခန်း၏အထက်တွင် လူ ၁၀ ယောက်ခန်း၊ နှစ်ယောက်ခန်းနှင့် ကိုယ်ပိုင်ခြံဝန်းပါသော တစ်ယောက်ခန်းများပင် ရှိသေးသည်။
ဤအချက်အလက်အားလုံးကို မှတ်ပုံတင်ပေးသော စီနီယာအစ်ကိုကြီးက ကျောက်ဖေးတို့အား ပြောပြခဲ့ခြင်းဖြစ်သည်။
အဆောင်တွင် ကျင့်ကြံသူဝတ်စုံများ လဲလှယ်ပြီးနောက် ကျောက်ဖေးနှင့် ချန်မင်တို့သည် သူတို့၏ ဆရာကို ရှာရန် ချက်ချင်း ထွက်လာခဲ့ကြသည်။
ပျံလွှား ကိုယ်ခံပညာသင်ကျောင်းတွင် လက်ရှိ၌ လူပေါင်း ၅၀၀ ကျော်ရှိပြီး သင်ကြားပြသပေးမည့် ဆရာပေါင်း ဆယ်ဂဏန်းကျော် ရှိသည်။
ဆရာတစ်ဦးစီ၌ တပည့်အရေအတွက် မည်မျှရှိမည်မှာ တပည့်များ သင်ယူလိုသည့်အရာပေါ်တွင် မူတည်သည်။
အကယ်၍ ဓားအတတ်ကို သင်လိုလျှင် ဓားကျွမ်းကျင်သောဆရာကို ရှာရမည်ဖြစ်ပြီး၊ သန်လျက်အတတ်ကို သင်လိုလျှင် သန်လျက်ကျွမ်းကျင်သောဆရာကို ရှာရမည်ဖြစ်သည်။
သို့သော် ပထမဆုံးလတွင် ရောက်ရှိလာသော တပည့်သစ်များအနေဖြင့် ကျောက်ဖေးနှင့် ချန်မင်တို့တွင် ရွေးချယ်ခွင့်မရှိပေ။ အကြောင်းမှာ တပည့်သစ်အားလုံးကို ပထမဆုံးလတွင် ပုံသေစနစ်တစ်ခုတည်းဖြင့်သာ ပူးပေါင်းသင်ကြားပေးသောကြောင့် ဖြစ်သည်။
သင်ကြားပေးသော ဆရာသည် တပည့်သစ်များ၏ ပထမဆုံးလ စွမ်းဆောင်ရည်အပေါ် မူတည်၍ သူတို့နှင့် သင့်တော်မည့် လမ်းညွှန်ချက်များကို ပေးအပ်သွားမည် ဖြစ်သည်။
ကျောက်ဖေးနှင့် သူ၏အဖော်ဖြစ်သူတို့သည် လမ်းတစ်လျှောက်တွင် စိတ်မရှည်မှုများနှင့် အေးစက်သော အကြည့်ပေါင်းများစွာကို သည်းခံကာ မေးမြန်းခဲ့ကြပြီးနောက် နောက်ဆုံးတွင် နံပါတ် (၂) လေ့ကျင့်ရေးကွင်းပြင်ရှိ သူတို့၏ နည်းပြဆရာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ကျောက်ဖေးတို့ နှစ်ယောက်အပြင် သူတို့ထက်စော၍ ရောက်ရှိနေသော တပည့်သစ် ၂၀ ကျော်လည်း ရှိနေပြီဖြစ်သည်။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် နေဝင်ရီတရောအချိန်သို့ ရောက်ခါနီးတွင်မှ တပည့်သစ် ၅၀ ခန့် စုံညီသွားတော့သည်။
၎င်းတို့အထဲတွင် အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ဆယ်ကျော်သက်လေးများမှာ ၁၀ ယောက်ကျော်ခန့်သာ ပါဝင်ပြီး အများစုသည် ၁၈၊ ၁၉ နှစ် သို့မဟုတ် အသက် ၂၀ ကျော် လူငယ်များဖြစ်ကြကာ အသက် ၃၀ ကျော်ဟု ထင်ရသူအချို့ပင် ပါဝင်နေသည်။
အစောပိုင်းက သတင်းပို့စဉ်တွင် ကျောက်ဖေးသည် လက်ခံကြိုဆိုပေးသော စီနီယာအစ်ကိုကြီးအား မေးမြန်းရန် မမေ့လျော့ခဲ့ပေ။
ယေဘုယျအားဖြင့် အသက် ၁၅ နှစ်အရွယ်သည် အရိုးတည်ဆောက်ပုံ စတင်ဖြစ်ပေါ်သော်လည်း လုံးဝဥဿုံ မခိုင်မာသေးသဖြင့် ကိုယ်ခံပညာလေ့ကျင့်ရန် အသင့်တော်ဆုံးအရွယ်ဖြစ်သည်။
အသက်ကြီးလာသည်နှင့်အမျှ အရိုးများမှာ တဖြည်းဖြည်း မာကျောခိုင်မာသွားတတ်ရာ ထိုအချိန်မှစ၍ ကိုယ်ခံပညာကို ကျင့်ကြံမည်ဆိုပါက ထိရောက်မှု နည်းပါးသွားတတ်ပြီး
အပင်ပန်းခံသလောက် အကျိုးမရှိဘဲ ဖြစ်တတ်သည်။
သို့သော်လည်း ၎င်းမှာ တစ်ဦးနှင့်တစ်ဦး ပါရမီအပေါ်မူတည်၍ ကွဲပြားနိုင်ပေသည်။
“ငါ့နာမည်က လီကမ်းပါ၊ မင်းတို့ကို သင်ကြားပေးမယ့် နည်းပြဆရာပဲ။”
လီကမ်းသည် ပခုံးကျယ်ကာ ကိုယ်လုံးကိုယ်ထည် တောင့်တင်းသန်မာသော လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး မျက်နှာထားမှာ တည်ကြည်လွန်းလှသည်။ သူ၏ ထက်ရှသော အကြည့်တစ်ချက်အောက်တွင် တပည့်များအားလုံးသည် မသိစိတ်မှပင် ငြိမ်သက်သွားကြရသည်။
“ကိုယ်ခံပညာရှင်ဆိုတာ ဘာလဲ?”
“ကိုယ်ခံပညာရှင်ဆိုတာ ကိုယ့်ရဲ့ ခွန်အားပေါ်မှာ ရပ်တည်တဲ့သူကို ခေါ်တာပဲ။ ဒီလောကမှာ ခွန်အားဆိုတာ အခြေခံအကျဆုံးပဲ။”
“စစ်မှန်တဲ့ ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်ဖို့နဲ့ အဓိပ္ပာယ်ရှိတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ဆိုရင် မင်းတို့က ဆင်းရဲဒုက္ခတွေကို အံတုနိုင်ရမယ်၊ အထီးကျန်မှုကို သည်းခံနိုင်ရမယ်၊ ပြီးတော့မှ မင်းတို့ရဲ့ ခွန်အားနဲ့ပဲ သက်သေပြရမယ်”
လီကမ်း စကားလုံးများမှာ ရိုးရှင်းပြတ်သားသော်လည်း ကိုယ်ခံပညာရှင်တစ်ဦး၏ အရှိန်အဝါများ ကိန်းအောင်းနေသကဲ့သို့ ခံစားရသည်။
ကွင်းပြင်အတွင်းရှိ တပည့်အများအပြားသည် ထိုစကားများကို နားထောင်ရင်း သွေးများဆူပွက်လာကာ စိတ်လှုပ်ရှားတက်ကြွနေကြတော့သည်။
သူသည် အချိန်အများကြီး မဖြုန်းတီးဘဲ အဓိကအချက်သို့ တိုက်ရိုက်ဝင်လိုက်သည်။
“ပထမဆုံးလမှာ ငါ မင်းတို့ကို ကိုယ်ခံပညာ ကျင့်စဉ် နှစ်ခု သင်ပေးမယ်။”
“ပထမတစ်ခုကတော့ လေဟုန်စီး အနေအထားလို့ ခေါ်တယ်။”
“လှေဟုန်စီးလှမ်းအနေအထား ကျင့်စဉ်ဆိုတာ ငါတို့လို ကိုယ်ခံပညာရှင်တွေအတွက် ချီနဲ့ သွေးသားတွေကို ပျိုးထောင်ပေးတဲ့ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး ကျင့်စဉ်ပဲ။”
“ချီနဲ့ သွေးသားဆိုတာ ကိုယ်ခံပညာရှင်တစ်ယောက်ရဲ့ အုတ်မြစ်ပဲ။ လုံလောက်တဲ့ ချီနဲ့ သွေးသားမရှိဘဲနဲ့တော့ ဘယ်လောက်ပဲ ဆန်းပြားတဲ့ ပ်လှုပ်ရှားမှုတွေ ရှိပါစေဦးတော့၊ အကာသာရှိပြီး အနှစ်မရှိတဲ့ ပြကွက်သက်သက်ပဲ ဖြစ်နေလိမ့်မယ်။”
“ဒုတိယ ကိုယ်ခံပညာကျင့်စဉ်ကတော့ တောင်ဖြို လက်သီးလမ်းစဉ် ၃၆လို့ ခေါ်တဲ့ အခြေခံလက်သီးပညာပဲ။ ဒါက အစပျိုးသူတွေအတွက် ဖြစ်ပေမဲ့ အခြေခံဆိုတဲ့ စကားလုံးကြောင့်တော့ အထင်မသေးလိုက်နဲ့။”
“ဒါက အခြေခံပညာဆိုပေမဲ့လို့ အဆင့်မြင့်တဲ့အထိ ကျင့်ကြံနိုင်မယ်ဆိုရင်တော့ အားကောင်းမောင်းသန်တဲ့ အစွမ်းသတ္တိတွေကို ထုတ်ဖော်နိုင်မှာပဲ...”
တပည့်အားလုံးသည် အစအဆုံးကို အာရုံစိုက်လျက် နားထောင်နေကြသည်။
ကိုယ်ခံပညာရှင်တို့၏ အစွမ်းထက်မြက်မှုမှာ လူတို့၏ရင်ထဲ၌ စွဲထင်နေသည်မှာ ကြာလှပြီဖြစ်သည်။
ကိုယ်ခံပညာ၏ လမ်းစဉ်ထဲသို့ အမှန်တကယ် မခြေချရသေးသူ၊ လောကဓံ၏ အခက်အခဲများကို မကြုံတွေ့ရသေးသူများအဖို့ သူတို့၏နှလုံးသားများသည် ကိုယ်ခံပညာလမ်းစဉ်အပေါ် တောင့်တမှုများဖြင့် ပြည့်နှက်နေကြလေတော့သည်။
အခန်း( ၁၁ )လေထိန်းချုပ်ကျင့်စဉ်
ကိုယ်ခံပညာ နည်းစနစ်နှစ်ခုကို အကျဉ်းချုံး မိတ်ဆက်ပေးပြီးနောက် လီကမ်းသည် လက်တွေ့သရုပ်ပြသမှုကို စတင်လိုက်သည်။
"လေဟုန်စီး ကိုယ်နေဟန်ထားဆိုတာ လွတ်လပ်စွာ လှုပ်ရှားနိုင်မှုကို အဓိကထားတယ်။ လေနဲ့အတူ တစ်သားတည်းဖြစ်နေရမယ်၊ လေထဲမှာ ကခုန်နေရမယ်၊ လေနဲ့အတူ လှုပ်ရှားနေရမယ်..."
လီကမ်းသည် ရှင်းပြရင်း တစ်ချိန်တည်းမှာပင် လှုပ်ရှားမှုများကို သရုပ်ပြနေသည်။
သူသည် ခြေနှစ်ဖက်ကို သဘာဝအတိုင်း ခွဲရပ်ထားပြီး လက်နှစ်ဖက်ကို ညင်သာနှေးကွေးစွာ မြှောက်လိုက်ရာ လေပြေလေးတစ်ခုနှင့် တူလှသည်။
ထို့နောက် ဟာလာဟင်းလင်းပြင်ထဲမှ မမြင်ရသော စွမ်းအင်တစ်ခုကို ပွေ့ဖက်ထားသကဲ့သို့ လက်နှစ်ဖက်ကို ညင်သာစွာ စုလိုက်သည်။
ထိုအချိန်တွင် သိသိသာသာ လေတိုက်ခတ်ခြင်း မရှိပေ
သို့သော်လည်း ခဏအကြာတွင် လီကမ်း၏ အဝတ်အစားများမှာ လွင့်ခါလာသည်။
လီကမ်းပေါ်သို့ မမြင်ရသော လေပြင်းတစ်ခု တိုက်ခတ်နေသကဲ့သို့ သူ၏ အဝတ်အစားနှင့် ဆံပင်များသည် လေထဲတွင် တဖျတ်ဖျတ် လွင့်နေတော့သည်။
"လွတ်လွတ်လပ်လပ် လှုပ်ရှားတယ်ဆိုတာ သဘာဝအတိုင်းနဲ့ အလိုအလျောက် ဖြစ်ပေါ်လာရမယ်။ အကယ်၍ တစ်ယောက်ယောက်က ပုံစံတစ်ခုထဲမှာပဲ တမင်တကာ ပိတ်မိနေမယ်ဆိုရင် အောက်တန်းစား အဆင့်ကိုပဲ ရောက်သွားလိမ့်မယ်။"
"ဒါက လေနဲ့ ဆင်တူတယ်။ ရိုးရိုးလေးပြောရရင် မင်းကိုယ်မင်း လေပြင်းတစ်ချက်လို့ စိတ်ကူးကြည့်ပါ၊ လေရဲ့ စီးဆင်းမှုကို ခံစားပါ၊ လေရဲ့ အဟုန်ကို ငှားယူပါ၊ ပြီးတော့ လေရဲ့ စွမ်းအားကို ပြောင်းလဲပစ်လိုက်ပါ။"
"ဒီလေထိန်းချုပ် အတတ်ကို အဆင့်သုံးဆင့် ခွဲထားတယ်- လေတိုက်ခြင်း၊ လေလှိုင်းထခြင်း နဲ့ လေငြိမ်ခြင်း ဆိုပြီးတော့ပေါ့”
ကျင့်စဉ်၏ အဓိကအချက်များကို ရှင်းပြပြီးနောက် လီကမ်းက လှုပ်ရှားမှုကို ရပ်တန့်ကာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "မှတ်ထားကြ၊ ဒီလေထိန်းချုပ်ကျင့်စဉ် စတင်ချိန်ကနေ နောက်ထပ် အဆင့်တက်နိုင်ဖို့အထိ မင်းတို့ဘက်က ကြီးမားတဲ့ ကြိုးစားမှုနဲ့ နားလည်သဘောပေါက်မှုတွေ လိုအပ်လိမ့်
မယ်။"
"ကျင့်စဉ်အဆင့် မြင့်လေလေ၊ ချီနဲ့ သွေး လည်ပတ်မှု ပိုထိရောက်လေလေ ဖြစ်မှာပဲ”
တပည့်များမှာ စိတ်လှုပ်ရှားသွားကြသည်။
ကျောက်ဖေးပင်လျှင် အနည်းငယ် စိတ်
လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်သွားရသည်။
လီကမ်းသည် "ကဲ၊ ငါ ခုနက ပြောခဲ့တာတွေကို အခြေခံပြီး မင်းတို့ ရှိတဲ့နေရာမှာတင် စတင်လေ့ကျင့်နိုင်ပြီ" ဟု ဆိုလိုက်သည်။
တိတ်ဆိတ်ငြိမ်သက်နေသော နေရာသည် ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
အသစ်ဝင်လာသော တပည့်များသည် စတင်ရန် လက်ယားနေကြသူများ ဖြစ်သဖြင့် ညွှန်ကြားချက်ကို ကြားသည်နှင့် အမြန်ထရပ်ကာ လေ့ကျင့်ကြတော့သည်။
ကြည့်ရသည်မှာ လွယ်ကူသော်လည်း လက်တွေ့တွင်မူ အတော်ပင် ခက်ခဲလှသည်။
လေထိန်းချုပ်ကျင့်စဉ် တစ်ခုလုံးတွင် ပြောင်းလဲမှု (၅) မျိုးသာ ရှိ၏
သို့သော်လည်း လှုပ်ရှားမှု တစ်ခုချင်းစီနှင့် အပြောင်းအလဲများကြားတွင် အသေးစိတ်အချက်အလက်များစွာ ပါဝင်နေသည်။
ထိုအချိန်တွင် လေ့ကျင့်ရေးကွင်းအတွင်း၌ အချို့သော တပည့်များသည် လှုပ်ရှားမှု အနည်းငယ်ကို ခက်ခဲစွာ လုပ်ဆောင်နေကြသည်။ အသေးစိတ်အချက်များကို ထားလိုက်ဦး၊ အခြေခံလှုပ်ရှားမှုများပင်လျှင် အမှားများစွာ ဖြစ်နေသည်။
တပည့်အများစုမှာ လှုပ်ရှားမှု အပြည့်အစုံကို မမှတ်မိနိုင်ကြချေ။ အချို့က ပထမလှုပ်ရှားမှုမှာတင် ရပ်နေပြီး အချို့က ဒုတိယလှုပ်ရှားမှုတွင် ပိတ်မိနေကြသည်။
အချို့က အဆုံးသတ်ကို မှတ်မိသော်လည်း အစကို မေ့နေကြသည်။
သူတို့သည် အခြားသူများ၏ လှုပ်ရှားမှုကို ကြည့်၍သော်လည်းကောင်း၊ လီကမ်းကို မေးမြန်း၍သော်လည်းကောင်း သင်ယူနေကြရသည်။
မကြာမီမှာပင် ကျောက်ဖေးသည် လူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာသည်။
အခြားအကြောင်းကြောင့် မဟုတ်ဘဲ လူတိုင်းထဲတွင် ကျောက်ဖေးတစ်ယောက်သာ လှုပ်ရှားမှု အပြည့်အစုံကို မှတ်မိပြီး သူ၏ လုပ်ဆောင်ချက်မှာလည်း စံချိန်စံညွှန်းနှင့် အကိုက်ညီဆုံး ဖြစ်နေသောကြောင့် ဖြစ်သည်
ကျန်းလင်းခရိုင်၏ အနောက်ဘက် ဆယ်မိုင်ကျော်ဝေးသော တောင်တန်းနှင့် တောအုပ်ထဲတွင်
ကျောက်ဖေး၏ ပင်မခန္ဓာကိုယ်နှင့် သူ၏ ကိုယ်ပွား (၃) ခုတို့သည် လေထိန်းချုပ်ကျင့်စဉ်၏ အခြေခံလှုပ်ရှားမှုများကို ဖြည်းညှင်းစွာ လေ့ကျင့်နေကြသည်။
တောင်ခြေရှိ မိုးကုတ်စက်ဝိုင်းမြို့လေးတွင်လည်း
မြို့ထဲတွင် ကျန်ရစ်ခဲ့သော ကိုယ်ပွားသည်
သူငှားရမ်းထားသော အခန်းထဲတွင် လေ့ကျင့်နေသည်။
ကျောက်ဖေးတွင် ဦးနှောက် (၆) ခု ရှိသဖြင့် သာမန်လူတစ်ယောက်ထက် မှတ်ဉာဏ် (၆) ဆ ပိုကောင်းနေခြင်းနှင့် ညီမျှသည်။
ဓာတ်ပုံရိုက်ထားသကဲ့သို့ မှတ်မိနိုင်သော အဆင့်သို့ မရောက်သေးသော်လည်း
လက်တွေ့တွင်မူ ကွာခြားချက်မှာ သိပ်မရှိလှပေ။
သူ၏ လှုပ်ရှားမှုတိုင်းသည် လီကမ်း၏ လှုပ်ရှားမှုများကို အတိအကျ ပုံတူကူးထားသကဲ့သို့ ရှိသည်။
အစပိုင်းတွင် သူသည် အလွန်ပင် စိမ်းနေပြီး အမှားများ ခဏခဏ လုပ်မိ၏
သို့သော်လည်း ဒုတိယအကြိမ်တွင်မူ အမှားနှုန်းမှာ သိသိသာသာ ကျဆင်းသွားသည်။
လှုပ်ရှားမှု၏ အသေးစိတ်အချက်တိုင်းကို ဦးနှောက် (၆) ခုဖြင့် အကြိမ်ကြိမ် စိစစ်ပြင်ဆင်လိုက်ရာ တဖြည်းဖြည်းနှင့် ချောမွေ့ သဘာဝကျလာသည်။
တတိယ သို့မဟုတ် စတုတ္ထအကြိမ် အရောက်တွင်မူ
ကြီးမားသော ချို့ယွင်းချက်ကို ရှာဖွေရန်ပင် မဖြစ်နိုင်တော့ချေ။
လီကမ်း၏ မျက်လုံးများသည် ကျောက်ဖေး ကိုယ်ပွားဆီသို့ စိုက်ကြည့်နေသည်
သူ အလွန်ပင် တုန်လှုပ်သွားရသည်။
တစ်ကြိမ်တည်း ကြည့်ရုံဖြင့် ဤမျှမြန်ဆန်စွာ ပုံတူပြန်လုပ်နိုင်ရုံသာမက အသေးစိတ်အချက်အလက်အချို့ကိုပင် အလွန်ကောင်းမွန်စွာ အတုယူနိုင်ခြင်းမှာ မယုံနိုင်စရာပင်။
ဤကလေး၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ ပါရမီရှင်အဆင့်ပင် ဖြစ်သည်။
ကျောက်ဖေး လေ့ကျင့်မှု တစ်ခေါက်ပြီးသွားသောအခါ လီကမ်းက မမေးဘဲ မနေနိုင်တော့ပေ "မင်းနာမည် ဘယ်လိုခေါ်လဲ?"
ကျောက်ဖေးက ရိုရိုသေသေဖြင့် "ဆရာ... ကျွန်တော့်နာမည် ကျောက်ဖေးပါ" ဟု ဖြေလိုက်သည်။
လီကမ်းက ဆက်ပြီး "မင်း အရင်က ဒီ လေထိန်းချုပ်ကျင့်စဉ်ကို သင်ဖူးသလား?" ဟု မေးသည်။
လေထိန်းချုပ်ကျင့်စဉ်သည် အခြေခံရပ်တန့်ကျင့်စဉ်တစ်ခုသာ ဖြစ်ပြီး ပျံလွှားကိုယ်ခံပညာသင်တန်းကျောင်းတစ်ခုတည်းတွင်သာ ရှိသည်မဟုတ်ဘဲ အခြားနေရာများတွင်လည်း လူသိများသောကြောင့် ဖြစ်သည်။
ကျောက်ဖေးက ခေါင်းခါလိုက်ပြီး "ဒီတပည့် တစ်ခါမှ မသင်ဖူးပါဘူး" ဟု ဆိုလိုက်သည်။
အစကတည်းက ကျောက်ဖေးသည် သူ၏ အရည်အချင်းကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိခဲ့ပေ။
ဆင်ခြင်တုံတရားအရ ကြည့်လျှင် အရည်အချင်းကို ဖုံးကွယ်ထားခြင်းက အာရုံစိုက်မခံရအောင် ရှောင်လွှဲနိုင်ပြီး တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်ရန် အကောင်းဆုံးနည်းလမ်း ဖြစ်သော်လည်း သူ၏ အခြေအနေအရမူ ဤသို့ ပြသရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျောက်ဖေး၏ အမြင်တွင်မူ သူကဲ့သို့ စနစ်တစ်ခုကို ပိုင်ဆိုင်ထားသည့် ကူးပြောင်းလာသူတစ်ယောက်အဖို့ မိမိကိုယ်ကိုယ် ဖုံးကွယ်ပြီး ဒေါသကို အောင့်အည်းသည်းခံနေရခြင်းမှာ အလွန်ပင် မွန်းကျပ်လွန်းလှသည်။
ဒါက သူ့ စရိုက်မဟုတ်ပေ။
ထို့အပြင် ကိုယ်ခံပညာသင်တန်းကျောင်းဆိုသည်မှာ ယှဉ်ပြိုင်မှုကို အားပေးသည့်နေရာမျိုးဖြစ်သည်။ မိမိ၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနိုင်မှသာ ပိုမိုကောင်းမွန်သည့် လေ့ကျင့်ရေး အရင်းအမြစ်များကို ရရှိနိုင်
မည်ဖြစ်သည်။
လီကမ်းက ခေါင်းညိတ်လိုက်သည်။
၎င်းသည် သူ၏ သံသယများကို ပြေပျောက်သွားစေသည်။
ကျောက်ဖေးသည် ယခင်က ကိုယ်ခံပညာလေ့ကျင့်ဖူးသည်၊ မလေ့ကျင့်ဖူးသည်ကို သတ္တမအဆင့် ကိုယ်ခံပညာရှင်တစ်ဦးဖြစ်သည့် လီကမ်းအနေဖြင့် ခွဲခြားသိမြင်နိုင်သည်။
ကျောက်ဖေး၏ အားနည်းသော အရှိန်အဝါနှင့် သွေးသားအင်အား ချို့တဲ့ပုံကို ကြည့်ရုံဖြင့် သူသည် ကိုယ်ခံပညာကို တစ်ခါမျှ မသင်ယူဖူးသူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။
ထို့အပြင် ကျောက်ဖေး၏ လှုပ်ရှားမှုများသည် လီကမ်း၏ ပုံစံနှင့် စိတ်ဝိညာဉ်ကိုပါ အတိုင်းအတာတစ်ခုအထိ ဖမ်းဆုပ်ထားနိုင်သည်မှာ သိသာလှသည်။
ကျောက်ဖေးသည် ဤလေထိန်းချုပ်ကျင့်စဉ်ကို အခြားတစ်နေရာရာတွင် တစ်စုံတစ်ယောက် လေ့ကျင့်နေသည်ကို မြင်ဖူး၍ မှတ်မိနေခြင်းမျိုးလည်း ဖြစ်နိုင်သည်ကို လုံးဝတော့ ငြင်းပယ်၍မရပေ။
မည်သို့ပင်ဖြစ်စေ ကျောက်ဖေး၏ ခုနက စွမ်းဆောင်ရည်မှာ ချီးကျူးထိုက်ပေသည်။
လီကမ်းက "ကောင်းပြီ၊ မင်းကတော့ လေဟုန်စီး ကိုယ်နေဟန်ထားရဲ့ အခြေခံလှုပ်ရှားမှုတွေကို တတ်မြောက်သွားပြီ။ နောက်တစ်ဆင့်ကတော့ ဒီရပ်တန့်ကျင့်စဉ် ငါးမျိုးစလုံးက မင်းအတွက် အလိုအလျောက် ဗီဇတစ်ခုလို ဖြစ်သွားတဲ့အထိ ဆက်ပြီး သန့်စင်သွားဖို့ပဲ"ဟု ပြောလိုက်သည်။
"မင်းတို့ မှတ်ထားရမှာက..."
ခဏရပ်ပြီးနောက် လီကမ်းသည် ဘေးပတ်ပတ်လည်ရှိ တပည့်များဘက်သို့ လှည့်ကာ "မင်းတို့အားလုံး သေချာနားထောင်ကြ။ လှုပ်ရှားမှုတွေကို သင်ယူတာက ကိုယ်ခံပညာရဲ့ အခြေခံအကျဆုံး အဆင့်ပဲ ရှိသေးတယ်။ ပိုအရေးကြီးတာက အဲဒီလှုပ်ရှားမှုတွေထဲကနေ ထိုးထွင်းသိမြင်မှုကို ရရှိဖို့ပဲ။ ဒါက ဒီလေထိန်းချုပ်ကျင့်စဉ် တစ်ခုတည်းတင် မဟုတ်ဘဲ အခြားကိုယ်ခံပညာတွေမှာလည်း အတူတူပဲ..."
လီကမ်း၏ အကြည့်က ကျောက်ဖေးဆီသို့ ပြန်ရောက်လာသည်။
သူ အလွန်သဘောကျမိသော်လည်း တစ်ဖက်တွင်မူ နှမြောတသဖြစ်မိသည်ကို မတတ်နိုင်ပေ။
ကျောက်ဖေးတွင် ကြီးမားသော ပါရမီရှိသော်လည်း အသက်ကြီးသွားသည်မှာ ဝမ်းနည်းစရာပင်။
အကယ်၍ ကျောက်ဖေးသာ ယခုထက် ပိုငယ်မည်ဆိုလျှင် သူ၏ ပါရမီနှင့် ထိုးထွင်းဉာဏ်ဖြင့်ဆိုပါက နောင်တစ်ချိန်တွင် အကန့်အသတ်မရှိသော အောင်မြင်မှုများကို ရရှိမည်မှာ သေချာလှသည်။
ကိုယ်ခံပညာရှင်တစ်ယောက်၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် အသက် (၁၅) နှစ်ဝန်းကျင်တွင် ကျင့်ကြံရန် အသင့်တော်ဆုံးဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်မှာ တည်ငြိမ်သွားပြီး ကျင့်ကြံမှုသည် များစွာ လျော့နည်းသွားတတ်သည်။
"ကဲ... အချိန်မဖြုန်းဘဲ ဆက်လေ့ကျင့်ကြစို့။ ဒီနေ့အတွင်း လေထိန်းချုပ်ကျင့်စဉ်ရဲ့ အခြေခံလှုပ်ရှားမှုတွေကို အပြီးသင်ယူနိုင်အောင် ကြိုးစားကြ။"
လီကမ်းက လက်ဝှေ့ယမ်းပြလိုက်သည်။
တပည့်များမှာ ပြန်လည် လူစုခွဲသွားပြီး လေထိန်းချုပ်ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်ကြတော့သည်။
သူတို့၏ မျက်လုံးများသည် ကျောက်ဖေးထံသို့ ခဏခဏ ဝေ့ကြည့်ကာ သူ၏ လှုပ်ရှားမှုများကို အတုယူနေကြသည်။
ဒါက လီကမ်းအတွက် အလုပ်အတော်သက်သာသွားစေသည်။
မူလက သူသည် တပည့်တစ်ဦးချင်းစီ၏ အမှားများကို တစ်ယောက်ပြီးတစ်ယောက် လိုက်ပြင်ပေးရမည် ဖြစ်သော်လည်း ယခုအခါ ကျောက်ဖေးက "ခေါင်းဆောင်" ကဲ့သို့ ဖြစ်နေသဖြင့် အခြားတပည့်များမှာလည်း လိုက်ပါ လေ့ကျင့်နိုင်ကြသည်။
ထို့ကြောင့် လီကမ်းသည် သူ၏ အာရုံစိုက်မှုအများစုကို ကျောက်ဖေးထံတွင်သာ ထားရှိနိုင်တော့သည်။
လီကမ်းအတွက် အချိန်ရော လူရော သက်သာသွားစေသည်။
လီကမ်း၏ စိတ်ရောကိုယ်ပါ အသေးစိတ် သင်ကြားပြသမှုကြောင့် ကျောက်ဖေး၏ သင်ယူမှုတိုးတက်မှုသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားသည်။
ဆရာနှင့် တပည့်သည် တစ်ယောက်နှင့်တစ်ယောက် အပေးအယူ အလွန်တည့်နေကြသည်။
ထိုနေ့ နေ့လယ်ခင်း တစ်ချိန်လုံးတွင်
တပည့်အားလုံးသည် လေ့ကျင့်ရေးကွင်းထဲတွင် ချွေးပြိုင်းပြိုင်းကျအောင် လေ့ကျင့်နေကြသည်။
အကြိမ်ကြိမ် လေ့ကျင့်မှုများမှတစ်ဆင့် ကျောက်ဖေး၏ ရပ်တန့်ကျင့်စဉ်သည် အတော်လေး ကျွမ်းကျင်လာပြီး အသေးစိတ်အချက်များကိုလည်း အလွန်ကောင်းမွန်စွာ ကိုင်တွယ်နိုင်လာသည်။
ကိုယ်ခံပညာနည်းပြဖြစ်သူ လီကမ်းပင်လျှင် ကျောက်ဖေး၏ လှုပ်ရှားမှုများကိုသာ ကြည့်မည်ဆိုပါက အပြစ်ရှာရန် ခက်ခဲလှပေသည်။
အမှန်စင်စစ် ဤသည်မှာ လီကမ်းကိုယ်တိုင် စိတ်နှစ်ပြီး သင်ကြားပေးခဲ့မှုကြောင့်လည်း ပါဝင်ပေသည်။
အခန်း (၁၂) သွေးအားကောင်းပြီး ခန္ဓာကိုယ်သန်စွမ်းစေသော စွပ်ပြုတ်
မသိလိုက်ခင်မှာပင်
မိုးကုပ်စက်ဝိုင်းတွင် ခမ်းနားထည်ဝါသော နေဝင်ဆည်းဆာအလှက ပေါ်ထွက်လာခဲ့သည်။
သင်တန်းဆင်းပြီးနောက် တစ်နေခင်းလုံးလေ့ကျင့်ထားရသည့် တပည့်သစ်များသည် ပင်ပန်းနွမ်းနယ်သော ခြေလှမ်းများဖြင့် ကိုယ်ခံပညာသင်တန်းကျောင်း၏ ထမင်းစားဆောင်ဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းလာကြသည်။
ထိုမွန်းလွဲပိုင်းအတွင်းမှာတင် တပည့်သစ် ထက်ဝက်ကျော်သည် လေဟုန်စီး အနေအထား၏ အခြေခံအဆင့်ကို တတ်မြောက်သွားကြပြီဖြစ်သည်။
သူတို့၏ သင်ယူမှုက အခြေခံအဆင့်မှာပဲ ရှိသေးပြီး ကျောက်ဖေးနှင့် ယှဉ်ရန်မှာ အလှမ်းဝေးလွန်းပါသေးသည်။
သို့သော်ငြားလည်း ဤရလဒ်သည် လီကမ်း၏ ကနဦးမျှော်မှန်းချက်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
လီကမ်း၏ နှစ်ပေါင်းများစွာ သင်ကြားပြသခဲ့သည့် အတွေ့အကြုံအရ တပည့်သစ်တစ်စုအနေဖြင့် ဤအခြေခံအဆင့်ကို သင်ယူရန် အနည်းဆုံး သုံးရက်ခန့် ကြာမြင့်တတ်သည်။
ယခုအရှိန်အဟုန်အတိုင်းဆိုလျှင် မျှော်မှန်းထားသော ပန်းတိုင်ကို နှစ်ရက်အတွင်းမှာပင် ရရှိနိုင်ပေတော့မည်။
ဤကိစ္စတွင် ကျောက်ဖေး၏ ဦးဆောင်မှုကဏ္ဍက အဓိကကျသည်မှာ ငြင်းစရာမရှိပေ။
လမ်းတစ်လျှောက်တွင် ကျောက်ဖေးကို အသစ်ဝင်လာသော တပည့်တစ်ဒါဇင်ကျော်က ဝိုင်းရံထားကြသည်။
သူတို့အားလုံးသည် ကျောက်ဖေးထံမှ လေဟုန်စီး အနေအထား၏ အရေးကြီးသော အချက်အလက်များကို မေးမြန်းနေကြခြင်းဖြစ်သည်။
သူတို့အနေဖြင့် လီကမ်းကို မကြာခဏ သွားရောက်မေးမြန်းရန် မဖြစ်နိုင်သော်လည်း၊ အိမ်ခေါင်မိုးတစ်ခုတည်းအောက်တွင် အတူနေ၊ အတူစားနေသည့် ကျောက်ဖေးကိုမူ အကြံဉာဏ်များ မကြာခဏ တောင်းခံနိုင်ကြသည်။
ကျောက်ဖေး၏ အနောက် မလှမ်းမကမ်းတွင်ရှိနေသော ချန်မင်ကမူ မျက်နှာပျက်နေသည်။
သူ့၏ ကျောက်ဖေးအပေါ် ကြည့်နေသော အကြည့်များတွင် မနာလိုမှုများဖြင့် ပြည့်နှက်နေ၏။
ငါတို့နှစ်ယောက်လုံးက စုန်မိသားစုက အစေခံတွေပဲ၊ အဆင့်အတန်းလည်း အတူတူပဲကို... မင်းက ဘာလို့ ဒီလောက်တောင် ထူးချွန်ပြနေရတာလဲ?
ထိုအချိန်တွင် ထမင်းစားဆောင်ထဲတွင် ကျောင်းသား ၇၀ ရာခိုင်နှုန်းခန့် ရောက်ရှိနေပြီဖြစ်သည်။
တပည့်အများအပြားသည်လည်း အစာကို မြန်မြန်စားပြီးမှ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားကြသည်။
သင်တန်းကျောင်း၏ ထမင်းစားဆောင်မှ အစားအစာများမှာ တော်တော်လေး ကောင်းမွန်လှသည်။
ယနေ့တွင် အသားဟင်း နှစ်မျိုးနှင့် ဟင်းသီးဟင်းရွက် တစ်မျိုး ပါဝင်သည်။ အသားဟင်းများသည် အမဲသားနှင့် ဝက်သားတို့ဖြစ်ပြီး အလွန်ပင် ဆီရွှဲလှသည်။
သက်သတ်လွတ်ဟင်းမှာမူ မုန်ညင်းဖြူဖြစ်သည်။
ကိုယ်ခံပညာသင်ယူနေသူများသည် နေ့စဉ် လေ့ကျင့်ခန်းများကြောင့် ကိုယ်လက်လှုပ်ရှားမှု များပြားလှရာ အသားကို ပိုမိုလိုအပ်ကြသည်မှာ သဘာဝပင်ဖြစ်သည်။
ဤအခြေခံအစားအစာများအပြင်
သူတို့ထံတွင် ဆေးဖက်ဝင် အာဟာရစာများလည်း ရှိသေးသည်။
ဆေးဖက်ဝင် အာဟာရစာ ဆိုသည်မှာ အဖိုးတန်ဆေးဘက်ဝင်အပင်များနှင့် ပါဝင်ပစ္စည်းများကို အထူးတလည် စီမံချက်ပြုတ်ထားသော အာဟာရဖြစ်စေသည့်
ဟင်းလျာများကို ဆိုလိုခြင်းဖြစ်သည်။
အသုံးပြုသော ဆေးနည်းအပေါ် မူတည်၍ အပင်အမျိုးမျိုးကို အသုံးပြုကြပြီး ရရှိလာသော အာနိသင်များမှာလည်း ကွဲပြားကြသည်။
ဤသင်တန်းကျောင်းတွင် ရောင်းချသော ဆေးဖက်ဝင်ဟင်းလျာမှာ သွေးအားကောင်းပြီး ခန္ဓာကိုယ်သန်စွမ်းစေသော စွပ်ပြုတ်ဖြစ်သည်။
ဤစွပ်ပြုတ်ကို ရေရှည်မှီဝဲခြင်းဖြင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ရုံသာမက ကိုယ်ခံပညာရှင်များ၏ သွေးနှင့် ချီလေ့ကျင့်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်စေနိုင်သည်။
ထိုဆေးဖက်ဝင်ဟင်းလျာများသည် အလွန်ပင် တန်ဖိုးကြီးလှသည်မှာလည်း အမှန်ပင်
စွပ်ပြုတ်တစ်ပွဲလျှင် ငွေ ၁၀ တုံးကျသင့်သည်။
ပမာဏမှာ ပန်းကန်လုံးအသေး တစ်လုံးစာခန့်သာ ရှိ၏။
ဤဈေးနှုန်းသည် ကိုယ်ခံပညာသင်တန်းကျောင်းသို့ ဝင်ခွင့်ကြေးနှင့် ညီမျှနေသည်။
ကျောက်ဖေး နားလည်ထားသော ဤကမ္ဘာ၏ ကုန်ဈေးနှုန်းများအရ
သာမန်လူသုံးယောက်ရှိသော မိသားစုတစ်ခုအနေဖြင့် အဖြုန်းမကြီးပါက ငွေ ၅ တုံးဆိုလျှင်ပင် တစ်နှစ်ပတ်လုံး အေးအေးဆေးဆေး နေထိုင်နိုင်သည်။
ဝမ်သာရှန်းတစ်သက်လုံး စုဆောင်းထားသည့် ချမ်းသာကြွယ်ဝမှုနှင့်ပင်လျှင် ဤစွပ်ပြုတ်ကို နှစ်ပွဲသာ ဝယ်ယူနိုင်သည်။
အမှန်စင်စစ်တွင် ဝမ်သာရှန်းကဲ့သို့သောသူမျိုးသည် ငွေကို လက်ဖွာစွာ သုံးစွဲနေကျ ဖြစ်နိုင်သည်။
သူက စုန်ယုယောင်၏ သိုင်းနောက်လိုက်တပည့်အဖြစ် တာဝန်ထမ်းဆောင်နေရသူဖြစ်သည်။
စုန်ယုယောင်သည် ကျောက်ဖေး၏ သင်တန်းကျောင်းရှိ ကုန်ကျစရိတ်အားလုံးကို ပေးချေရန် တာဝန်ရှိသည်။
အမှန်တော့ ဤသည်မှာ မြို့တွင်းရှိ ကိုယ်ခံပညာသင်တန်းကျောင်းများနှင့် အထင်ကရ မိသားစုကြီးများအကြား ချုပ်ဆိုထားသော သဘောတူညီချက်တစ်ခုပင် ဖြစ်သည်။
ထိုမိသားစုများသည် သင်တန်းကျောင်းကို ထောက်ပံ့ရန် နှစ်စဉ် ငွေကြေးအမြောက်အမြား အကုန်အကျခံကြသည်။
ထို့ကြောင့် သင်တန်းကျောင်းအချို့ကလည်း ထိုအထက်တန်းလွှာမိသားစုမှ ကလေးများကို ကိုယ်ခံပညာသင်ယူနေစဉ်အတွင်း သိုင်းနောက်လိုက် တပည့်နှစ်ဦးစီ ခေါ်ဆောင်ခွင့်ပြုထားခြင်းဖြစ်သည်။
သင်တန်းသားများ သင်တန်းကျောင်းတွင် ရှိနေစဉ်အတွင်း ရရှိသည့် ကိုယ်ခံပညာရမှတ်များကိုလည်း သူတို့၏ သခင်လေး သို့မဟုတ် သခင်မလေးထံသို့ လွှဲပြောင်းပေးအပ်နိုင်သည်။
သို့မဟုတ်ပါက သာမန်အခြေအနေတွင် သင်တန်းကျောင်းများသည် တပည့်များအချင်းချင်း ရမှတ်များကို အရောင်းအဝယ် ပြုလုပ်ခြင်းကို တားမြစ်ထားသည်။
ဤစည်းမျဉ်းသည် တပည့်များအကြား တန်းတူညီမျှမှုရှိစေရန် အဓိက ရည်ရွယ်ခြင်းဖြစ်သည်။
မဟုတ်ပါက အနိုင်အထက် အရောင်းအဝယ်ပြုလုပ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် မြှူဆွယ်ခြင်းကဲ့သို့သော မလိုလားအပ်သည့်ကိစ္စများ ပေါ်ပေါက်လာနိုင်ပြီး တပည့်များ၏ တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။
ဥပမာအားဖြင့် တပည့်တစ်ဦးက ကြိုးစားအားထုတ်ပြီး ရရှိထားသော ရမှတ်များကို အာဏာအလွဲသုံးစားလုပ်သော အခြားတပည့်တစ်ဦးမှ အတင်းအဓမ္မ ရယူသွားမည်ဆိုလျှင် ထိုတပည့်၏ စိတ်အားထက်သန်မှုကို ပျက်စီးစေရုံသာမက သင်တန်းကျောင်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်စေနိုင်ပေသည်။
သို့သော်လည်း ခေါ်ယူခွင့်ရသည့် အရေအတွက်မှာ ကန့်သတ်ချက်ရှိသည်။
မိသားစုတစ်ခုသည် သိုင်းနောက်လိုက်တပည့် ခေါ်ဆောင်ခွင့်ရှိသည့် အထူးအခွင့်အရေးရသူ အများဆုံး ၅ ဦးနှင့် အနည်းဆုံး ၂ ဦးထိ ထားရှိနိုင်သည်။
ကျောက်ဖေးသည် ဤအချက်အလက်များကို မှတ်ပုံတင်ခြင်းလုပ်ငန်းအား တာဝန်ယူထားသည့် သင်တန်းကျောင်းမှ စီနီယာတစ်ဦးထံမှ သိရှိထားပြီးဖြစ်သည်။
သို့သော် မူလအကြောင်းအရာသို့ ပြန်သွားရလျှင်
စုန်ယုယောင်အနေဖြင့် သူမ၏ တပည့်နှစ်ဦးအတွက် ကုန်ကျစရိတ်အားလုံးကို ပေးချေရမည်မှာ မှန်ကန်လှသည်။ မဟုတ်ပါက စုန်မိသားစု၏ အနိမ့်ဆုံးအဆင့် အစေခံများဖြစ်သော သူတို့မှာ လစာပင်မရကြရာ သင်တန်းတက်ရန် ကျောင်းလခကို မည်သို့မျှ တတ်နိုင်ကြမည်မဟုတ်ပေ။
သို့သော်လည်း စုန်ယုယောင်သည် သူတို့အပေါ် အလွန်အမင်း ကြင်နာလိမ့်မည်ဟုတော့ မမျှော်လင့်လေနှင့်။
သင်တန်းသားတစ်ဦးအနေဖြင့် ကျောက်ဖေး၏ လက်ရှိစားသောက်နိုင်စွမ်းသည် အခြေခံအကျဆုံး အစားအစာများတွင်သာ ကန့်သတ်ထားသည်။
ဆေးဖက်ဝင် စွပ်ပြုတ်ဆိုသည်မှာမူ စဉ်းစားရုံပင် မစဉ်းစားသင့်ပေ။
စုန်ယုယောင်၏ အမြင်တွင် သိုင်းနောက်လိုက်ဆိုသည်မှာ တစ်လလျှင် နှစ်ယောက်နှုန်းဖြင့် အစားထိုးနိုင်သည့် အသုံးချခံပစ္စည်းတစ်ခုမျှသာဖြစ်ပြီးသူ့အတွက် ငွေတစ်ပြားတစ်ချပ်မျှ ဖြုန်းတီးပစ်ရန် မထိုက်တန်ဟု ယူဆထားသည်။
ကျောက်ဖေးသည် အစားအစာထုတ်ပေးသည့် ပြတင်းပေါက်မှ သာမန်ထမင်းတစ်ပွဲကို ယူလိုက်သည်။
သို့သော် သူ ထိုင်ပြီး တစ်လုပ်နှစ်လုပ် စားကာရှိသေး
ဘေးဘက်မှ တစ်စုံတစ်ယောက်က တိုးဝင်လာသည်။
သူသည် ဆေးဖက်ဝင်စွပ်ပြုတ် နှစ်လုံးကို ကိုင်ဆောင်ထားပြီး တစ်လုံးကို ကျောက်ဖေး၏ ရှေ့တွင် ချပေးလိုက်သည်
"စီနီယာအစ်ကိုကြီးကျောက်... ဒါက ကျွန်တော် အစ်ကိုကြီးအတွက် အထူးစီစဉ်ထားတဲ့ ဆေးဖက်ဝင်စွပ်ပြုတ်ပါ။ မြည်းစမ်းကြည့်ပါဦး"
ကျောက်ဖေး ထိုလူငယ်ကို မှတ်မိသည်။ စောစောက သူ့ကို ဝိုင်းအုံနေသူများထဲတွင် ဤကောင်လေးမှာ မေးခွန်းများမေးရန် အတက်ကြွဆုံး ဖြစ်သည်။
လူတွေ အရမ်းများနေသဖြင့် ဘယ်သူ့နာမည်က ဘာလဲဆိုသည်ကို သူ သတိမထားမိခဲ့ပေ။
"စီနီယာအစ်ကိုကြီးကျောက်... ကျွန်တော့်နာမည်စွန်ဟူပါ" ထိုကောင်လေးက ဖားလိုသော အပြုံးဖြင့် ပြောလိုက်သည်။
ကျောက်ဖေးက သူ့နာမည်အား မသိနိုင်သည်ကို သူ နားလည်ထားပုံရသည်။
"အခုလေးတင် စီနီယာအစ်ကိုကြီးကျောက်ရဲ့ လမ်းညွှန်မှုကြောင့် ကျွန်တော် တော်တော်လေးကို သိမြင်နားလည်သွားရပါတယ်။ ဒါကြောင့် ဒါလေးကိုတော့ လက်ခံပေးပါဗျာ၊ မငြင်းပယ်ပါနဲ့နဲ့။"
"အင်း... ငါတို့က သင်တန်းဖော်တွေပဲလေ၊ တစ်ယောက်ကိုတစ်ယောက် ကူညီရမှာပေါ့။ ဒီလောက်အထိ အားနာစရာ မလိုပါဘူး။"
ကျောက်ဖေးက တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
သူသည် မိမိရှေ့ရှိ ငွေ ၁၀ တုံးတန်သော သွေးအားကောင်းပြီး ခန္ဓာကိုယ်သန်စွမ်းစေသည့် စွပ်ပြုတ်ကို ကြည့်ရင်း စိတ်ထဲတွင် တော်တော်လေး ဝေခွဲမရဖြစ်နေမိသည်။
ငြင်းလိုက်လျှင်လည်း မကောင်း၊ လက်ခံလိုက်ပြန်လျှင်လည်း တစ်မျိုး ဖြစ်နေသည်။
သူ့အနေဖြင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အစွန်းရောက်ပြီး ခေါင်းမာနေသူမျိုးတော့ မဟုတ်ပေ။
စွန်ဟူက သူ့ကို ဤဆေးဖက်ဝင် အာဟာရစာဖြင့် တိုက်ကျွေးခြင်းမှာ စွန်ဟူဘက်က အကူအညီလို၍ ဖားနေခြင်းဖြစ်သည်ကို သူ နားလည်သည်။
သူကလည်း စွန်ဟူကို လမ်းညွှန်ပြသပေးခဲ့ပြီးဖြစ်ရာ စွန်ဟူအပေါ် အကြွေးတင်နေသည်ဟုလည်း မခံစားရပေ။
သို့သော် ကံမကောင်းသည်မှာ
ယခု ဤနေရာတွင် ထိုင်နေသူမှာ ကျောက်ဖေး၏ ကိုယ်ပွားတစ်ဦးသာ ဖြစ်နေခြင်းပင်။
ကိုယ်ပွားနှင့် မူလကိုယ်ခန္ဓာသည် သင်ယူမှုအတွေ့အကြုံများကိုသာ မျှဝေနိုင်သော်လည်းကိုယ်ကာယအရည်အချင်းနှင့် ကိုယ်ခံပညာ စွမ်းရည်များကိုမူ မျှဝေ၍မရနိုင်ပေ။
ကိုယ်ပွားက မည်မျှပင် ကြိုးစားအားထုတ်ပြီး သန်မာလာပါစေ၊ ထိုခွန်အားများသည် မူလကိုယ်ခန္ဓာဆီသို့ ကူးပြောင်းသွားပြီး မူလကိုယ်ခန္ဓာကို သန်မာလာစေမည်မဟုတ်ပေ
ပြောင်းပြန်အနေဖြင့်လည်း ထိုနည်းတူပင်။
ထိုအခိုက်အတန့်တွင် ကျောက်ဖေးသည် ဤနေရာသို့ ချက်ချင်းရောက်လာနိုင်သည့် ကိုယ်ဖျောက်ရွှေ့ပြောင်းနိုင်စွမ်းသာ ရှိခဲ့လျှင် ဤဆေးဖက်ဝင်စွပ်ပြုတ်ကို ကိုယ်တိုင်
သောက်သုံးလိုက်ချင်မိသည်။
သို့သော်လည်း ငြင်းပယ်လိုက်ပြန်လျှင်လည်း အခြေအနေက အနည်းငယ် အဆင်မပြေဖြစ်သွားနိုင်သည်။
ကျောက်ဖေးအနေဖြင့် မိမိကိုယ်မိမိ မာနကြီးလွန်းသောသူတစ်ယောက်အဖြစ် ပုံဖော်ရန် ရည်ရွယ်ချက်မရှိပေ။
နောင်တစ်ချိန်တွင် သူ့ကို မည်သူကမျှ လာရောက်ဖားယားခြင်း မရှိတော့ပါက၊ မိမိကိုယ်တိုင်အတွက်သာ နစ်နာစရာ ဖြစ်မနေပေဘူးလား?
ပင်မကိုယ်ခန္ဓာကို ဤနေရာသို့ အမြန်ဆုံးခေါ်ဆောင်လာပြီး ဤကိုယ်ပွားနှင့် နေရာချင်းလဲရန် လိုအပ်နေပြီဟု သူ ယူဆလိုက်သည်။
သင်တန်းကျောင်း၏ အရင်းအမြစ်များကို အပြည့်အဝ ခံစားနိုင်ရန်မှာ မိမိ၏ ပင်မကိုယ်ခန္ဓာကိုယ်တိုင် သင်တန်းကျောင်းတွင် ရှိနေမှသာ ဖြစ်နိုင်ပေလိမ့်မည်။
ယခုအခြေအနေသည် သူ ဤကမ္ဘာသို့ စတင်ရောက်ရှိလာသည့် အချိန်နှင့် မတူတော့ပေ။
အကယ်၍ သင်တန်းကျောင်းတွင် သူ၏ ပင်မကိုယ်ခန္ဓာ တစ်စုံတစ်ရာ ဘေးဒုက္ခကြုံခဲ့ပါကလည်း ကိုယ်ပွားစနစ်ရှိနေခြင်းကြောင့် အပြင်ဘက်တွင်ရှိသော ကိုယ်ပွားကို အသုံးပြု၍ အချိန်မရွေး ပြန်လည်ရှင်သန်နိုင်
မည် ဖြစ်သည်။
ဤသည်မှာ မသေနိုင်သော အသက်ကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။
မသေနိုင်မှတော့ ဘာကို စိုးရိမ်နေစရာ လိုတော့မည်နည်း?
ဦးနှောက် ခြောက်လုံးကို ပေါင်းစပ်ပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးများကို ခွဲခြမ်းစိတ်ဖြာလိုက်၏
ကျောက်ဖေးသည် ဆုံးဖြတ်ချက်တစ်ခုကို လျင်မြန်စွာ ချမှတ်လိုက်သည်။
ထိုအစီအစဉ်မှာ ပင်မကိုယ်ခန္ဓာကို ကျန်းလင်းခရိုင်သို့ အမြန်ဆုံးလာစေပြီး ဤကိုယ်ပွားနှင့် နေရာချင်းလဲလှယ်ရန်ပင် ဖြစ်တော့သည်။