← Chapters

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃-၁၅)

Vol. 1 Ch. 13-15

အခန်း (၁၃) - ကိုယ်ပွားနှင့် အလဲအလှယ် လုပ်ခြင်း

ကျောက်ဖေးမှ မိမိ၏ စေတနာကို လက်ခံလိုက်သည်ကို မြင်သောအခါ

စွန်ဟူ တစ်ယောက် ရင်ထဲမှ အလုံးကြီး ကျသွားတော့သည်။

သူ၏ မိသားစုသည် မြို့ထဲတွင် အခြေအမြစ်ရှိသော ချမ်းသာကြွယ်ဝသည့် ကုန်သည်မျိုးရိုး ဖြစ်သဖြင့် ငွေဒင်္ဂါး တစ်ဆယ်ဆိုသည်မှာ သူတို့အတွက် ဖုန်မှုန့်မျှသာ ဖြစ်၏။

သူ ဤကိုယ်ခံပညာသင်တန်းကျောင်းသို့ မဝင်ရောက်မီကပင် သူ၏ဖခင်က အလားအလာရှိသော ကျောင်းသားများနှင့် မိတ်ဆွေဖွဲ့ထားရန်နှင့် နောင်တစ်ချိန်တွင် ထိုသူတို့က လမ်းခင်းပေးမည့်သူများ ဖြစ်လာလိမ့်မည်ဟု ထပ်တလဲလဲ မှာကြားခဲ့ဖူးသည်။

ယခုမူ ကျောက်ဖေးက သူ၏ကျေးဇူးကို လက်ခံလိုက်ပြီဖြစ်ရာ နောင်တစ်ချိန်တွင် လမ်းပြပေးမည်မှာ သေချာသလောက် ရှိနေပြီဖြစ်သည်။

ဤသည်မှာ သူ၏ဘဝအတွက် အလွန်ပင် တွက်ခြေကိုက်သော ရင်းနှီးမြှုပ်နှံမှု တစ်ခုပင် မဟုတ်ပါလော။

အနီးအနားတွင် ရှိနေကြသော အခြားလူငယ်များသည်လည်း ထိုမြင်ကွင်းကို ကြည့်ရင်း နောင်တကြီးစွာ ရနေကြတော့သည်။ "ငါတို့လည်း ဒီလိုလုပ်ဖို့ ဘာလို့ အရင်မတွေးမိကြပါလိမ့်" ကိုယ့်ကိုကိုယ် အပြစ်တင်ရင်း စွန်ဟူက ဦးသူဖြစ်သွားသည်ကို မနာလိုဖြစ်နေကြသည်။

မနီးမဝေးရှိ အခြားစားပွဲတစ်ခုတွင်မူ

ချန်မင်သည် ထိုမြင်ကွင်းကို မြင်သောအခါ မနာလိုစိတ်ကြောင့် မျက်လုံးများ နီမြန်းနေတော့သည်။

"တောက်... ငါတို့အားလုံးက စုန်မိသားစုရဲ့ အစေအပါးတွေပဲ မလား။ ဘာလို့ ငါက မသောက်ရဘဲ၊ မင်းကျမှ ဒီလို အဖိုးတန် သွေးအားဖြည့် ဆေးရည်ကို သောက်ခွင့်ရနေရတာလဲ။"

ကျောက်ဖေးသည် ဆေးရည်ခွက်ကို တစ်ငုံချင်း မြည်းစမ်းလိုက်ပြီး ပူနွေးသော ဆေးရည်က လည်ချောင်းထဲသို့ စီးဆင်းသွားသည်နှင့်အမျှ နွေးထွေးသော အရှိန်အဝါတစ်ခုသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွား၏

တစ်နေ့လုံး လေ့ကျင့်ထားရသဖြင့် နွမ်းလျနေသော ကြွက်သားများသည်လည်း ထိုနွေးထွေးမှုအောက်တွင် တဖြည်းဖြည်း ပြန်လည် လန်းဆန်းလာရသည်။

"ဒီဆေးဖက်ဝင် စားသောက်ဖွယ်ရာတွေက တကယ်ကို ထူးခြားဆန်းပြားတာပဲ။"

ကျောက်ဖေး ရင်ထဲမှ အံ့ဩနေမိသည်။

ယခင်ကမူ သူသည် ဤဆေးရည်များကို ယခင်ဘဝမှ သာမန်တိုင်းရင်းဆေးများကဲ့သို့ပင် … ရလဒ်ထွက်ရန် အချိန်ယူရမည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ အကျိုးသက်ရောက်မှုက ချက်ချင်းလက်ငင်းပင် ဖြစ်နေတော့သည်။

သွေးအားဖြည့် ကိုယ်ခန္ဓာသန်စွမ်းဆေးရည်သည် နွမ်းလျမှုကို ပြေပျောက်စေရုံသာမက တစ်ကိုယ်လုံးကိုလည်း ခွန်အားနှင့် သွေးလေများ ပြည့်လျှံလာစေသည်။

ဤ သွေးအားဖြည့် ကိုယ်ခန္ဓာသန်စွမ်းဆေးရည်သည် ကျောင်းတော်ရှိ အခြေခံအကျဆုံး ဆေးဖက်ဝင် အစားအစာတစ်ခုမျှသာ ရှိသေးသည်။

၎င်းထက် ပိုမိုကောင်းမွန်သော ဆေးလုံးများမှာမူ မည်မျှအထိ အစွမ်းထက်မည်ကို ခန့်မှန်းကြည့်ရုံနှင့်ပင် ရင်ခုန်စရာ ကောင်းလှသည်။

ကျင့်ကြံခြင်းလမ်းစဉ်တွင် ချမ်းသာကြွယ်ဝမှု ၊ အဖော်အပေါင်း ၊ တရားဓမ္မနှင့် နေရာဌာန သည် အရေးကြီးဆုံးဖြစ်သည် ဟူသော စကားမှာ အမှန်ပင် ဖြစ်တော့သည်။

ထိုအထဲတွင်မှ ကြွယ်ဝမှုမှာ ထိပ်ဆုံးမှ ရှိနေသည်။

ကျောက်ဖေးသည် ကျင့်ကြံခြင်း အရင်းအမြစ်များ၏ အရေးပါပုံကို ပိုမိုနားလည်လာရသည်။

အကယ်၍ သူ၌ လုံလောက်သော အရင်းအမြစ်များနှင့် ကိုယ်ပွါးစနစ်သာရှိပါက၊ သူ၏ တိုးတက်မှုနှုန်းသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ဤသည်မှာ သူ၏ အသက်အရွယ်ကြီးရင့်နေခြင်းဟူသော အားနည်းချက်ကိုလည်း အလွယ်တကူ ဖုံးလွှမ်းသွားနိုင်ပေလိမ့်မည်။

ညဉ့်နက်လာသောအခါ

ကိုယ်ခံပညာသင်တန်းကျောင်းကြီးသည် နေ့ခင်းဘက်ထက် ပို၍ တိတ်ဆိတ်ငြိမ်သက်သွားသည်။

သို့သော် လုံးဝဥဿုံ ငြိမ်သက်သွားခြင်းမျိုးတော့ မဟုတ်။

လေ့ကျင့်ရေးကွင်း (၃) ခုပေါ်တွင် အချို့သော တပည့်များသည် ညအမှောင်ထဲတွင်ပင် ချွေးသံတရွဲရွဲဖြင့် ကြိုးစားအားထုတ်နေကြဆဲ ဖြစ်သည်။

ဤကျောင်းတော်၏ ပြင်းထန်သော ယှဉ်ပြိုင်မှုများကြောင့် လူငယ်များသည် တစ်နေ့တာ၏ နောက်ဆုံးစွမ်းအင်ကို ညှစ်ထုတ်ပြီးမှသာ ကျေနပ်စွာ အနားယူလေ့ရှိကြသည်။

သို့သော် လေ့ကျင့်ရေးကွင်းအချို့မှလွဲ၍ ကျန်နေရာများမှာမူ တိတ်ဆိတ်နေပြီ ဖြစ်သည်။

ညအမှောင်ကို အကာအကွယ်ယူကာ ကျောက်ဖေး၏ ကိုယ်ပွါးသည် အဆောင်နောက်ဘက်ရှိ တံတိုင်းအနီးသို့ တိုးတိတ်စွာ ချဉ်းကပ်သွားပြီး သူဝတ်ထားသော သင်တန်းဝတ်စုံကို ချွတ်၍ တံတိုင်းတစ်ဖက်သို့ ပစ်တင်လိုက်သည်။

ခဏအကြာတွင် ကိုယ်ပွားသည် လေထုထဲ၌ပင် ပျောက်ကွယ်သွားပြီး ချုပ်ငြိမ်းသွားတော့သည်။

ထိုအချိန်တွင် တံတိုင်း၏ တစ်ဖက်ခြမ်း၌ သူတို့ရှိနေ၏

ကျောက်ဖေး၏ ပင်မ ခန္ဓာကိုယ်သည် ထိုနေရာတွင် အသင့်စောင့်ကြိုနေလေပြီ။

ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျောက်ဖေး၏ ပင်မခန္ဓာကိုယ်သည် မြို့ပြင်သို့ ချက်ချင်းထွက်ခွာခဲ့ပြီး မြို့တံခါးများမပိတ်မီ အချိန်မီပြန်လည်ဝင်ရောက်ခဲ့သည်။

ကျောက်ဖေးသည် ကိုယ်ခံပညာသင်တန်းကျောင်း၏ ဝတ်စုံကို ကောက်ယူကာ ဝမ်သာရှန်းထံမှ ရရှိထားသော အဝတ်အစားများကို လဲလှယ်လိုက်၏။

အဝတ်အစားလဲနေစဉ်အတွင်း သူ၏ကိုယ်ပွား ကို တစ်ဖန်ပြန်လည်ဆင့်ခေါ်လိုက်ပြီး ဝမ်သာရှန်း၏ အဝတ်အစားများကို ပြန်လည်ဝတ်ဆင်စေခဲ့သည်။

ဤနေရာသည် မြင့်မားသောတံတိုင်းများ ဝန်းရံထားသည့် တိတ်ဆိတ်ငြိမ်သက်သော လမ်းကြားလေးတစ်ခုဖြစ်ရာ မှောင်ရိပ်ကျနေသဖြင့် မည်သူမျှ သတိပြုမိမည်မဟုတ်ပေ။

ကျောက်ဖေးနှင့် သူ၏ကိုယ်ပွားတို့ အဝတ်အစားလဲလှယ်ပြီးနောက် ကြိုတင်ပြင်ဆင်ထားသော သစ်သားလှေကားကို အသုံးပြု၍ ကိုယ်ခံပညာသင်တန်းကျောင်း၏ တံတိုင်းပေါ်သို့ တက်လှမ်းလိုက်ကြသည်။

သူသည် တံတိုင်းကိုကျော်ဖြတ်ကာ ကိုယ်ခံပညာသင်တန်းကျောင်း ဝင်းအတွင်းသို့ ခုန်ဆင်းလိုက်လေသည်။

ကိုယ်ခံပညာရှင်များသည် အလွန်မြင့်မားစွာ ခုန်တက်နိုင်ပြီး မီတာများစွာကို လွယ်ကူစွာ ပျံသန်းနိုင်သည်ဟု ထင်မှတ်ရသော်လည်း

အမှန်စင်စစ်တွင် ကျောက်ဖေးသည် ကိုယ်ခံပညာကို တစ်ရက်မျှပင် လေ့ကျင့်ထားဖူးခြင်းမရှိသေးရာ သူ၏အခြေအနေမှာ သာမန်လူတစ်ယောက်နှင့် မခြားနားသေးပေ။

နှစ်မီတာအမြင့်ရှိသည့် တံတိုင်းကြီးက သူ့ကို ပိတ်ဆို့ထားဖို့ လုံလောက်နေခဲ့ပေသည်။

ထို့အပြင် သိုင်းနောက်လိုက်၏ အဆင့်အတန်းသည် သာမန်ကိုယ်ခံပညာသင်တန်းကျောင်းက တပည့်တွေနဲ့မတူဘဲ ထူးခြားနေ၏

သင်တန်းကျောင်းက တပည့်များသည် ကျောင်းထဲကို လွတ်လပ်စွာ အဝင်အထွက်လုပ်နိုင်ပြီး အပြင်တွင် နေထိုင်မည်ဆိုတောင် ပြဿနာမရှိပေ

သို့တိုင် သူတို့လို ကိုယ်ခံပညာကျောင်းသား များကတော့ မတူပေ

ဆရာဖြစ်သူ၏ ခွင့်ပြုချက်မရှိဘဲ ကိုယ်ခံပညာ ကျောင်းသားတစ်ယောက်သည် သင်တန်းကျောင်းအပြင်ဘက်ကို ခြေတစ်လှမ်းတောင် မလှမ်းရချေ။

သို့တိုင် ဘယ်အရာမှတော့ အပိုင်တွက်လို့မရပေ။ ကိုယ်ခံပညာသင်တန်းကျောင်းဆိုသည်မှာ လေလုံအောင် ပိတ်ထားသည့် ထောင်တစ်ခုတော့ မဟုတ်ပေ ။အကယ်၍ ကျောင်းသားတစ်ယောက်သည် ကျောင်းကနေ ထွက်ပြေးဖို့ အခွင့်အရေးရသွားခဲ့ပါက

ထိုကျောင်းသားကို ထွက်ပြေးနေသော ကျွန်တစ်ယောက်အဖြစ် သတ်မှတ်မည်ဖြစ်ပြီး၊ သင်တန်းကျောင်းက လူလွှတ်ပြီး လိုက်လံရှာဖွေရုံတင်မကဘဲ မြို့တော်ကပါ ဖမ်းဝရမ်းထုတ်ပြန်မှာဖြစ်တာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများက အတော်လေးကို ကြီးမားချေသည်။

ကျောက်ဖေးအနေဖြင့် ထိုအကြောင်းအရာများကို သတင်းပို့နေစဉ်ကတည်းက သတိပေးခံထားရပြီးသားပင်

ထို့ကြောင့် ကျောက်ဖေးသည် ထိုဗျူဟာကို သုံးရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ပေ

သူ၏ ကိုယ်ပွါးသည် သစ်သားလှေကားကို သယ်ဆောင်သွားမည်သာ။ ညဘက်၌ မြို့ထဲရှိ တစ်နေရာရာတွင် ခဏပုန်းအောင်းနေမည် ဖြစ်သည်။ မနက်ဖြန် မနက်စောစော မြို့တံခါးများ ဖွင့်သည်နှင့်တစ်ပြိုင်နက် တောင်ပေါ်သို့ အမြန်ဆုံး ပြန်သွားပေလိမ့်မည်။

ဝမ်သာရှန်း၏ နေအိမ်သည် ကျောက်ဖေးအတွက် အချက်အခြာကျသော စခန်းတစ်ခု ဖြစ်လာခဲ့သည်။ ထိုနေရာ၏ လောကပြင်ပနှင့် အဆက်အသွယ်ပြတ်တောက်နေမှုမှာ သူ၏ ကိုယ်ပွါးများ လှုပ်ရှားရန်အတွက် အကောင်းဆုံး နယ်မြေတစ်ခုပင် ဖြစ်တော့သည်။

သို့သော် ကျောက်ဖေးအတွက် အခက်အခဲကြီးတစ်ခု ရှိနေသေး၏။

သူပိုင်ဆိုင်သော ကိုယ်ပွားစနစ်သည် အလွန်ပင် အစွမ်းထက်သော်လည်း အားနည်းချက်တစ်ခု ရှိနေသည်။ ၎င်းမှာ ခေါ်ယူလိုက်သော ကိုယ်ပွားများ၏ ရုပ်ရည်ကို ပြောင်းလဲ၍မရခြင်းပင်။

ကိုယ်ပွားအားလုံးသည် ကျောက်ဖေးနှင့် တစ်ပုံစံတည်း တူညီနေကြသည်။

ကျောက်ဖေးအနေဖြင့် မိမိနှင့် ရုပ်ချင်းတူသူ အများအပြားကို လူအများကြားတွင် ပေါ်ပေါ်ထင်ထင် မရှိစေလိုပေ။

အကယ်၍ တစ်စုံတစ်ယောက်က သတိထားမိသွားပါက ကြီးစွာသော ဘေးဒုက္ခနှင့် ကြုံရနိုင်သည် မဟုတ်ပါလော။

ထို့ကြောင့် သူသည် ဤကမ္ဘာတွင် မျက်နှာပြောင်းလဲခြင်း အတတ်ပညာကဲ့သို့သော လျှို့ဝှက်ပညာရပ်မျိုး ရှိမရှိကို ရှာဖွေရန် မျှော်လင့်နေမိသည်။

အကယ်၍ မည်သို့မျှ မတတ်နိုင်ပါက ကိုယ်ပွားအားလုံးအတွက် မျက်နှာဖုံးများ ပြုလုပ်ပေးရန်သာ ရှိတော့သည်။

ကျောက်ဖေးသည် ဆီးသွားပြီး ပြန်လာဟန်ဆောင်ကာ အိပ်ဆောင်သို့ ပြန်ဝင်လာခဲ့သည်။

လူအယောက်နှစ်ဆယ်ဆံ့သော အိပ်ဆောင်ကြီးအတွင်း၌ ဟောက်သံများမှာ ဟိန်းထွက်နေပြီး ခြေအိတ်နံ့နှင့် ချွေးနံ့များသည်လည်း လေထုထဲတွင် ပျံ့နှံ့လျက်ရှိသည်။

ခေတ်သစ်လူ့အဖွဲ့အစည်းမှ လာသူဖြစ်သဖြင့် သန့်ရှင်းမှုကို ဂရုစိုက်သော ကျောက်ဖေးနှင့် အခြားသူများကို နှိုင်းယှဉ်၍ မရနိုင်ပေ။

အချို့သော တပည့်များသည် တစ်နေ့လုံး လေ့ကျင့်ခန်းများကြောင့် ပင်ပန်းနွမ်းလျလွန်းသဖြင့် အိပ်ဆောင်သို့ ပြန်ရောက်သည်နှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အိပ်ပျော်သွားကြသူများ ဖြစ်သည်။

တစ်ကိုယ်လုံး ယားယံလာမှသာ ရေခပ်မြန်မြန် ချိုးတတ်ကြ၏။

ကျောက်ဖေး မျက်မှောင်ကြုတ်လိုက်မိသည်။

သူ၏ ကိုယ်ပွါးကမူ မည်သို့မျှ ညည်းညူခြင်းမရှိဘဲ သည်းခံနိုင်သော်လည်း ကျောက်ဖေး၏ အစစ်အမှန်ကိုယ်ထည်အတွက်မူ ဤပတ်ဝန်းကျင်က တကယ်ပင် မခံမရပ်နိုင်စရာ ဖြစ်နေသည်။

သူသည် သန့်ရှင်းရေးအစွဲအလမ်းရှိသူ မဟုတ်သော်လည်း

သပ်ရပ်သော နေထိုင်မှုပုံစံနှင့် ယဉ်ပါးလာသူပင်

ဤညစ်ပတ်စုတ်ပဲ့လှသော နေရာသည် သူ၏ယခင်ဘဝက အိန္ဒိယနိုင်ငံသားများပင်လျှင် ဗျစ်တောက်ဗျစ်တောက် ပြောရမည့် အခြေအနေမျိုး ဖြစ်နေသည်။သို့သော် ယခုလောလောဆယ်တွင် သူဘာမျှ မတတ်နိုင်သေးပေ။

ကျောက်ဖေးသည် စိတ်ပျက်မှုကို အောင့်အည်းလျက် အများသုံး ခုတင်အရှည်ကြီးပေါ်တွင် နေရာလွတ်တစ်ခု ရှာကာ လဲလျောင်းလိုက်ရသည်။

"ဒီထက်သာတဲ့ နေရာကို အမြန်ဆုံး ပြောင်းရွှေ့နိုင်အောင် ကြိုးစားရမယ်။ ဆယ်ယောက်ဆံ့တဲ့ အခန်းမျိုးဆိုရင်တောင် အခုထက် အများကြီး သာဦးမယ်။"

ကျောက်ဖေးသည် ထိုသို့တွေးတောနေ၏

ထိုသို့ဖြင့် ဝေဝေဝါးဝါးနှင့် အိပ်ပျော်သွားတော့သည်။

နိုးလာသောအခါတွင်မူ နေသည် ဖိတ်ဖိတ်တောက် လင်းနေပြီ ဖြစ်သည်။

အိပ်ဆောင်အတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ မရှိတော့ဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။

အပြင်ဘက်တွင်မူ မိုးဖွဲဖွဲလေးများ ရွာသွန်းနေ၏။

"သွားပြီ... ဘယ်နှစ်နာရီ ရှိသွားပြီလဲ မသိဘူး။"

နေကိုလည်း မမြင်ရ၊ လက်ပတ်နာရီလည်း မရှိသဖြင့် သူ နောက်ကျနေပြီဆိုသည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ကျောက်ဖေးသည် အိပ်ရာမှ အမြန်ထေလ၏

အဝတ်အစားများကို ကတိုက်ကရိုက် ပြင်ဝတ်ရင်း အပြင်သို့ ပြေးထွက်ခဲ့သည်။

အိပ်ဆောင်သည် ထမင်းစားဆောင်နှင့် ဆက်နေ၏

သို့သော်လည်း ယခုအချိန်တွင်မူ စားဆောင်၌ တပည့် နှစ်ဦး၊ သုံးဦးခန့်သာ စားသောက်နေကြတော့သည်။

ထိုသူများမှာ ကျောက်ဖေးကဲ့သို့ အိပ်ရာထနောက်ကျသူများ မဟုတ်ဘဲ၊ အပြင်ဘက်တွင် လေ့ကျင့်ခန်းများ ပြုလုပ်နေရင်း စားချိန်မေ့သွားသဖြင့် မိုးရေထဲ၌ စိုရွှဲလျက် ရောက်လာကြသူများ ဖြစ်သည်။

မနက်စာ စားပြီးနောက် ကျောက်ဖေးသည် လေ့ကျင့်ရေးကွင်းသို့ အပြေးသွားတော့သည်။

သူ နောက်ကျနေပြီ ဖြစ်သော်လည်းကိုယ်ခံပညာ လေ့ကျင့်ရန်အတွက် ခွန်အားရှိရန် လိုအပ်သဖြင့် အစားအသောက်နှင့် အနေအထိုင်ကို လျှော့လို့မရပေ။

ကျောက်ဖေး ဒုတိယမြောက် လေ့ကျင့်ရေးကွင်းသို့ ရောက်သောအခါ

မိုးရေထဲတွင် လေဟုန်စီးကျင့်စဉ်ကို လေ့ကျင့်နေကြသော တပည့်သစ် ခြောက်ဆယ်ကျော်ကို မြင်လိုက်ရသည်။ ယမန်နေ့ကထက် လူငါးဦးခန့် ပိုများလာသဖြင့် ယနေ့မှ ရောက်လာကြသူများ ဖြစ်ပေလိမ့်မည်။

ကျောင်းတော်၏ စည်းကမ်းအရ ဤလအတွင်း ဝင်ရောက်လာသူအားလုံးကို တပည့်သစ်ဟု သတ်မှတ်၏

နောက်လဆန်းမှစ၍ လူသစ်စာရင်းကို ပြန်လည်ရေတွက်မည် ဖြစ်သည်။

ဆိုလိုသည်မှာ သင်သည် လကုန်ရက်တွင်မှ ကျောင်းသို့ ဝင်ရောက်လာသည်ဖြစ်စေ၊ နောက်လသို့ ရောက်သည်နှင့်တစ်ပြိုင်နက် လူသစ်တန်းလျားမှ ဖယ်ရှားခြင်းခံရမည်ဖြစ်ပြီး သာမန်တပည့်အဖြစ်သို့ အတင်းအကျပ် အဆင့်မြှင့်တင်ခြင်း ခံရမည် ဖြစ်ပေတော့သည်။

အခန်း (၁၄) လေတိုက်ချိန်

လီကမ်းသည် ကျောက်ဖေးအား အလွန်အမင်း မနှစ်မြို့သော အကြည့်တို့ဖြင့် တစ်ချက်ကြည့်လိုက်သည်။

မူလက သူသည် ကျောက်ဖေးအား အတော်လေး သဘောကျခဲ့ပြီး ကိုယ်ခံပညာသင်ယူရန် အကောင်းဆုံးအရွယ်ကို ကျော်လွန်သွားခဲ့သည့်အတွက် ကျောက်ဖေးကိုယ်စား နှမြောတသဖြစ်ခဲ့ရသူဖြစ်သည်။

သို့သော် မမျှော်လင့်ဘဲ ကျောက်ဖေးသည် သင်တန်းဒုတိယမြောက်နေ့မှာတင် ဤမျှ ပေါ့ပေါ့ဆဆ လုပ်ဝံ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အခြားသော တပည့်သစ်များသည် နံနက်စောစောကတည်းက ရောက်ရှိနေကြသည်ကို သိထားသင့်သည်။

အချို့ဆိုလျှင် အရုဏ်မတက်မီကတည်းက လာရောက်လေ့ကျင့်နေကြခြင်းဖြစ်သည်။

သို့သော် တိတိကျကျ ပြောရလျှင် ကျောက်ဖေးသည် နောက်ကျသည်တော့မဟုတ်ပေ။

လီကမ်းကိုယ်တိုင်ကလည်း အချိန်ကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားခြင်း မရှိခဲ့ပါ။

သူ့အမြင်တွင် ဝီရိယရှိခြင်းနှင့် စည်းကမ်းရှိခြင်းတို့သည် ကိုယ်ခံပညာသင်တန်းကျောင်းသားတိုင်း ရှိသင့်ရှိထိုက်သော အခြေခံအရည်အချင်းများဖြစ်ပြီး နည်းပြတစ်ဦးအနေဖြင့် ထိုအချက်များကို သတိပေးနေရန် မလိုဟု ယူဆထားသည်။

လီကမ်းက ငေါက်ငမ်းလိုက်သည်မှာ - "ကိုယ်ခံပညာလမ်းစဉ်မှာ ပါရမီက အရေးကြီးတာမှန်ပေမယ့် ဝီရိယရှိမှုကတော့ အခြေခံအကျဆုံးပဲ။ မင်း တကယ်ပဲ ဒီလမ်းစဉ်မှာ ခရီးဝေးဝေးသွားချင်တယ်ဆိုရင် တခြားသူတွေထက် ပိုပြီး အားထုတ်ရလိမ့်မယ်။"

"ဒါက ပထမဆုံးနေ့မို့လို့ ငါ အများကြီးမပြောတော့ဘူး၊ ဒါပေမဲ့ မင်းကိုယ်မင်း စည်းကမ်းရှိဖို့နဲ့ မင်းရဲ့ပါရမီကို အလဟဿမဖြစ်စေဖို့ ငါမျှော်လင့်တယ်။"

ကျောက်ဖေးက ရိုသေစွာပင် ပြန်လည် ဖြေကြားလိုက်သည် "ဟုတ်ကဲ့ပါ၊ ဆရာ့ရဲ့ ဆုံးမသွန်သင်ချက်တွေကို တပည့် နှလုံးသွင်းထားပါ့မယ်။"

"သွားတော့။"

လီကမ်းက လက်ဝေ့ယမ်းပြကာ ကျောက်ဖေးအား လေ့ကျင့်ရေးအဖွဲ့ထဲသို့ ဝင်ရန် အချက်ပြလိုက်သည်။

တပည့်များစွာထဲတွင် ချန်မင်ကတော့ အလွန်အမင်း စိတ်ပျက်သွားသည့်ပုံပေါ်နေသည်။

မူလက လီကမ်းသည် ကျောက်ဖေးကို သင်ခန်းစာတစ်ခုခု ပေးလိမ့်မည်၊ အထူးသဖြင့် လူပုံအလယ်တွင် အရှက်ကွဲအောင် လုပ်လိမ့်မည်ဟု မျှော်လင့်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် မထင်မှတ်ဘဲ လီကမ်းက စကားဖြင့် အနည်းငယ် ဆူပူရုံသာ ပြုလုပ်ခဲ့သည်။

မိုးဖွဲလေးများသည် ကောင်းကင်မှ တဖွဲဖွဲ စိမ့်ဆင်းနေသည်။

ကျောက်ဖေးသည် ခြေနှစ်ဖက်ကို သဘာဝအတိုင်း ခပ်ဟဟရပ်ကာ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး လေထိန်းချုပ်ကျင့်စဉ်၏ ပထမဆုံး အနေအထားကို ဖြည်းညှင်းစွာ ယူလိုက်သည်။

ထိုအခိုက်အတန့်တွင် သူ၏ လှုပ်ရှားမှုများသည် ဗီဇတစ်ခုလို ဖြစ်လာခဲ့သည်။

ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်ချီတို့သည် အဆက်မပြတ် စီးဆင်းလာပြီး ပုံမှန်ထက် ပိုမိုနိုးကြားတက်ကြွလာသည်။

မသိလိုက်ခင်မှာပင်...

ရုတ်တရက် လေတိုက်နှုန်းက မြင့်တက်လာခဲ့သည်

မိုးရေကြောင့် တဖြည်းဖြည်း စိုစွတ်လာသော လေ့ကျင့်ရေးဝတ်စုံသည် လေတိုးသဖြင့် အနည်းငယ် ယိမ်းနွဲ့သွားသည်။

သို့သော် အနီးကပ် သေချာကြည့်မည့်သူမရှိလျှင် ခန္ဓာကိုယ်၏ သဘာဝအလျောက် တုန်ရင်မှုကြောင့်ဟုသာ ထင်မှတ်ကြလိမ့်မည်။

တပည့်သစ်များစွာ ရှိနေသော်လည်း လီကမ်းသည် ကျောက်ဖေးအပေါ် အမြဲတစေ အာရုံစိုက်နေခဲ့သည်။

"ဟင်..?"

လီကန်း၏ မျက်နှာအမူအရာ တင်းမာသွားသည်။

ဒါက...လေတိုက်တာမလား

သူသည် ကျောက်ဖေးဆီသို့ အမြန်လျှောက်သွားသော်လည်း သူ၏ခြေလှမ်းများသည် ကျောက်ဖေးကို အနှောင့်အယှက်

ဖြစ်မည်စိုး၍ အလွန်ပေါ့ပါးနေသည်။

ခဏမျှ အကဲခတ်ကြည့်နေ၏

လီကမ်း၏မျက်နှာတွင် အံ့အားသင့်မှုများ လျင်မြန်စွာ ပေါ်ပေါက်လာသည်။

မှန်ပေသည်၊ လေက တကယ်ကို တိုက်နေခြင်းပင်

လေထိန်းချုပ် ကျင့်စဉ်ကို အနိမ့်မှ အမြင့်သို့ အဆင့်သုံးဆင့် ခွဲခြားထားရာ လေတိုက်ချိန်၊ လေလှိုင်းထချိန် နှင့် လေငြိမ်

ချိန်တို့ ဖြစ်ကြသည်။

ကျောက်ဖေး၏ ယခုလက်ရှိ စွမ်းဆောင်ရည်မှာ လေထိန်းကျင့်စဉ်၏ အခြေခံအဆင့်ဖြစ်သော လေတိုက်ချိန်အဆင့်သို့ တရားဝင် ရောက်ရှိသွားပြီဖြစ်သည်။

လီကမ်းတစ်ယောက် မယုံနိုင်လောက်အောင် ဖြစ်နေလေတော့သည်။

"ငါ ကိုယ်ခံပညာ စတင်လေ့ကျင့်တုန်းက လေထိန်းကျင့်စဉ် ရဲ့ ပထမအဆင့်ကို ရောက်ဖို့ ဘယ်လောက်တောင် ကြာခဲ့ပါလိမ့်”

တစ်လခွဲကျော်ကျော်လား၊ ရက်ပေါင်း နှစ်ဆယ်လောက်လား

ထိုစဉ်က သူ့ဆရာကပင် သူ့ကို "ပါရမီရှိတဲ့ ကောင်လေး" ဟု ချီးကျူးခဲ့ဖူးသည်။

အကယ်၍ သူကိုယ်တိုင်က ပါရမီရှင်ဆိုလျှင် ယခု ကျောက်ဖေး၏ အခြေအနေကို မည်သို့ ခေါ်ဆိုရမည်နည်း။

ပါရမီထူးချွန်သူလား

နတ်ဖန်ဆင်းတဲ့ ပါရမီရှင်လား ?

နှစ်ရက်တည်းနှင့်..

တိတိကျကျ ပြောရလျှင် ကျောက်ဖေးသည် လေထိန်းကျင့်စဉ်အကြောင်းကို မနေ့က နေ့လယ်ပိုင်းမှ စတင်သိရှိခဲ့ခြင်းဖြစ်သည်။

ယနေ့နံနက်အထိဆိုလျှင် တစ်ရက်ပင် မပြည့်သေးပေ။

တစ်ရက်မပြည့်ခင်မှာတင် လေတိုက်ချိန်အဆင့်ကို ရောက်ရှိသွားခြင်းမှာ မယုံနိုင်စရာပင်။

လီကမ်းသည် အလွန်အမင်း တုန်လှုပ် ခြောက်ခြားသွားရသည်။

သူကိုယ်တိုင် မျက်မြင်မတွေ့ခဲ့လျှင် မည်သူပြောပြော ယုံကြည်မည်မဟုတ်ပေ။

လီကမ်းသည် သူ၏တုန်လှုပ်မှုကို ထိန်းချုပ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကျောက်ဖေးကို ဆက်လက်

အကဲခတ်နေမိသည်။

ဘေးပတ်ဝန်းကျင်ရှိ တပည့်များကလည်း သူတို့ကို နားမလည်နိုင်သော အကြည့်များဖြင့် ကြည့်နေကြ၏။

"နည်းပြလီ ဘာဖြစ်နေတာလဲ၊ ဘာလို့ ကျောက်ဖေးရှေ့မှာ ရပ်ပြီး အကြာကြီး စိုက်ကြည့်နေတာလဲ"

ချန်မင်၏ မျက်နှာတွင်တော့ မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာသည်။

လီကမ်းသည် ဒေါသကို မထိန်းနိုင်ဘဲ ကျောက်ဖေးကို အပြစ်ပေးတော့မည်ဟု သူ ထင်မှတ်နေခြင်းဖြစ်သည်။

ထိုအချိန်တွင် ကျောက်ဖေးကတော့ လေ့ကျင့်မှုအတွင်း အာရုံအပြည့်အဝ နစ်ဝင်နေခဲ့သည်။

ခန္ဓာကိုယ်အတွင်းပိုင်း၌ နွေးထွေးမှုကို ခံစားနေရပြီး စိုစွတ်နေသော အဝတ်အစားများသည်လည်း အနှောင့်အယှက် မဖြစ်တော့ပေ။ ခန္ဓာကိုယ်အတွင်း၌ မမြင်ရသော စွမ်းအင်စီးကြောင်းတစ်ခု စီးဆင်းနေသကဲ့သို့ပင်။

ဒါက... လေလား?

လေထိန်းကျင့်စဉ်တွင် လှုပ်ရှားမှု ငါးမျိုးရှိရာ ပထမလှုပ်ရှားမှု ပြီးဆုံးသွားသည့်အခါ ကျောက်ဖေးအနေဖြင့် စဉ်းစားနေရန်ပင် မလိုတော့ဘဲ သူ၏ခန္ဓာကိုယ်က ဒုတိယလှုပ်ရှားမှုသို့ သဘာဝအလျောက် ကူးပြောင်းသွားသည်။

အကယ်၍ လှုပ်ရှားမှုကို မပြောင်းလဲပါက ထိုနွေးထွေးသော ခံစားချက်သည် လုံးဝပျောက်ကွယ်သွားမည်ကို သူ သိနေသည်။

ကျောက်ဖေးသည် သူ၏စိတ်အလိုအတိုင်း လွှတ်ထားလိုက်ရာ ခန္ဓာကိုယ်သည် သူ့ကို နေသာထိုင်သာရှိစေသည့် ထိုနွေးထွေးသော ခံစားချက်နောက်သို့ ဗီဇအတိုင်း လိုက်ပါသွားတော့သည်။

၎င်းသည် မနေ့ကနှင့် မတူတော့ပေ။

ကျောက်ဖေးသည် လေ့ကျင့်ခန်းကို ကျွမ်းကျင်စေရန် လှုပ်ရှားမှုများကို အတင်းအကျပ် အရှိန်မြှင့်နေခြင်း မဟုတ်တော့ပေ။

လေထိန်းကျင့်စဉ် တစ်ခါပြီးဆုံးသွားချိန်တွင် မိနစ်နှစ်ဆယ်ခန့် ကြာမြင့်သွားခဲ့သည်။

အတွင်းပိုင်းမှ နွေးထွေးမှုများ လျော့ပါးသွားသည်နှင့်အမျှ ကျောက်ဖေးသည် တစ်ခါဖူးမျှ မခံစားဖူးသေးသော ပြည့်စုံလုံလောက်သည့် ခံစားချက်ကို ရရှိလိုက်သည်။

သူ မျက်လုံးဖွင့်လိုက်ချိန်တွင် လီကမ်းမှာ သူ့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။

လီကမ်း၏ အရောင်တောက်ပနေသော မျက်လုံးများကြောင့် ကျောက်ဖေးမှာ အနည်းငယ် လန့်သွားရသည်။

လီကမ်းသည် သူ၏ရင်ထဲမှ အံ့အားသင့်မှုများကို ဖိနှိပ်ရင်း အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်လေတော့သည်။

လီကမ်းက အသံကို ထိန်းပြီး ဖြည်းဖြည်းချင်း မေးလိုက်သည် “မနေ့ညက မင်း ဘယ်လောက်တောင် လေ့ကျင့်လိုက်သလဲ"

ကျောက်ဖေး တစ်ညလုံး ဘယ်လောက် လေ့ကျင့်ခဲ့သလဲဟု မေးခြင်းပင်။

အမှန်စင်စစ် ကျောက်ဖေးကိုယ်တိုင်မှာမူ လေ့ကျင့်ဖို့ဝေးစွ၊ သွားလာလှုပ်ရှားနေရသည်နှင့် အိပ်စက်အနားယူရန်သာ အချိန်ပေးခဲ့ရသည်။

သို့သော် သူ၏ ကိုယ်ပွားများကမူ စားသောက်ချိန်နှင့် အနားယူချိန်မှလွဲ၍ နေ့ရောညပါ မရပ်မနား ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့ကြသည်။

လက်ရှိတွင် ကိုယ်ခံပညာသင်တန်းကျောင်းအတွင်း ရောက်ရှိနေသဖြင့် အပြင်ဘက်ရှိ ကိုယ်ပွားကို အခြေအနေ အသစ်တိုးအောင် လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ကိုယ်ပွားသည်လည်း သာမန်လူကဲ့သို့ စားသောက်အနားယူရသည်။

သို့သော် ကိုယ်ပွားသည် အိပ်မပျော်ခြင်းကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ဒဏ်ကို မခံရဘဲ တစ်နေ့လျှင် ငါးနာရီခန့် အနားယူရုံဖြင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်လန်းဆန်းနိုင်စွမ်းရှိသည်။

အမှန်တကယ်တော့ ယနေ့နံနက်ကတည်းက ကျောက်ဖေး၏ ကိုယ်ပွားသည် လေထိန်းကျင့်စဉ်၏ အခြေခံကို ကျွမ်းကျင်သွားခဲ့ပြီး လေတိုက်ချိန်အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

သို့သော် ကျောက်ဖေးသည် ဤလျှို့ဝှက်ချက်ကို မည်သူ့ကိုမျှ ပြောပြမည်မဟုတ်ပေ။

ကျောက်ဖေးက ပြန်လည်ဖြေကြားလိုက်သည်မှာ "တပည့် ခဏလောက်ပဲ လေ့ကျင့်ဖြစ်ပါတယ်၊ ဒါပေမဲ့ လေထိန်းကျင့်စဉ်ရဲ့ အဓိကအချက်တွေနဲ့ ဆရာပြမနေ့က ပြောခဲ့တဲ့ စကားတွေကိုပဲ တစ်ညလုံး စဉ်းစားနေမိလို့ ညဉ့်နက်မှ အိပ်ပျော်သွားပါတယ်။ အဲဒါကြောင့် ဒီနေ့ နည်းနည်း နောက်ကျပြီး နိုးသွားတာပါခင်ဗျာ။"

သူသည် ယနေ့ နောက်ကျရခြင်းအတွက်ပါ တစ်ခါတည်း ဆင်ခြေကောင်းကောင်း ပေးလိုက်ခြင်းဖြစ်သည်။

လီကမ်းသည် ကျောက်ဖေး၏ ပုခုံးကို ပုတ်ကာ ရယ်မောလိုက်သည် - "အေး.. ငါ ခုနက မင်းကို အထင်လွဲသွားတာပဲ။"

အကယ်၍ ကျောက်ဖေးသာ ဤစကားကို သင်တန်းကျောင်းသို့ စရောက်ချင်း ပြောခဲ့မည်ဆိုလျှင် လီကမ်းမှာ ဒေါသထွက်နေမည်မှာ သေချာသည်။ သူ၏အမြင်တွင် ဆင်ခြေမှန်သမျှသည် ပေါ့ပျက်ပျက် တုံ့ပြန်မှုဟုသာ ယူဆသောကြောင့်ဖြစ်သည်။

သို့သော် ယခုမူ ကျောက်ဖေးကို ကြည့်လေလေ ပိုသဘောကျလေလေ ဖြစ်နေတော့သည်။

"ဟုတ်တာပေါ့... ဒီကောင်လေး တစ်ညလုံး စဉ်းစားနေခဲ့လို့သာ ဒီနေ့ ဒီလောက်အထိ တိုးတက်မှု မြန်နေတာနေမှာ။"

လီကမ်းက ဆက်ပြောသည် - "မင်းရဲ့ ဒီလို ကြိုးစားအားထုတ်မှုကြောင့်လည်း ဒီနေ့ လေထိန်းကျင့်စဉ်ရဲ့ အခြေခံအဆင့်ကို ရောက်သွားတာ မဆန်းပါဘူး။"

"ဘာ...”

ထိုစကားကို ကြားလိုက်ရသည်နှင့် ဘေးပတ်ဝန်းကျင်ရှိ တပည့်များကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

"ငါ နားကြားများ မှားတာလား"

အချို့သော တပည့်များသည် လေထိန်းကျင့်စဉ်၏ အခြေခံလှုပ်ရှားမှု ငါးခုကိုပင် မမှတ်မိသေးပေ။ မှတ်မိနေသူများပင်လျှင် ကိုယ်နေဟန်ထား မမှန်ကန်ဘဲ တိမ်းစောင်းနေကြဆဲဖြစ်သည်။

ထို့အပြင် မနေ့က လီကမ်းကိုယ်တိုင် ပြောခဲ့သည်မှာ လေထိန်းကျင့်စဉ်၏ အခြေခံအားကျွမ်းကျင်ရန် တစ်လအချိန်ပေးရမည်ဟု ဖြစ်သည်။

သို့သော် ကျောက်ဖေးသည် ဒုတိယမြောက်နေ့မှာတင် အခြေခံကို ပိုင်နိုင်သွားခဲ့ပြီလား။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီနေ့မှ ဒုတိယမြောက်နေ့လေ”တစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါက... ပါရမီရှင်နဲ့ သာမန်လူကြားက ကွာခြားချက်ပေါ့လေ" နောက်တစ်ယောက်ကတော့ မနာလိုဝန်တိုမှု အပြည့်ဖြင့် တစ်ယောက်တည်း ပြောနေမိသည်။

လူအုပ်ထဲတွင် ရပ်နေသော ချန်မင်၏ မျက်နှာမှာမူ အလွန်အမင်း အုံ့မှိုင်းနေပြီး သူ၏ရင်ထဲတွင် မနာလိုစိတ်များက မီးလျှံကဲ့သို့ တောက်လောင်နေတော့သည်။

လီကမ်းက ဆက်လက်မှာကြားသည် - "မင်း တိုးတက်မှု မြန်တယ်ဆိုပေမဲ့ မာနမကြီးရဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း ရောင့်ရဲမနေနဲ့ဦး။ မင်းက ကိုယ်ခံပညာသင်ဖို့ အကောင်းဆုံးအရွယ်ကို ကျော်လွန်နေပြီဆိုတာ သိထားရမယ်။ အဲဒီအရွယ်ကွာဟချက်ကို အမီလိုက်နိုင်ဖို့ တခြားသူတွေထက် ပိုကြိုးစားရမယ်။"

အကယ်၍ မနေ့ကသာဆိုလျှင် လီကမ်းသည် ကျောက်ဖေး စိတ်ဓာတ်ကျမည်စိုး၍ ဤကဲ့သို့ ပြောမည်မဟုတ်ပေ။

သို့သော် ယနေ့ ကျောက်ဖေး၏ ပါရမီနှင့် တိုးတက်မှုကို မြင်တွေ့လိုက်ရပြီးနောက် စိတ်မလေစေရန် သတိပေးဖို့ လိုအပ်သည်ဟု သူ ခံစားလိုက်ရခြင်းဖြစ်သည်။

ကျောက်ဖေးက လေးနက်စွာ ခေါင်းညိတ်လိုက်သည် "တပည့် အမြဲမှတ်သားထားပါ့မယ် ခင်ဗျာ။"

အခန်း (၁၅) - တောင်ဖြိုလက်သီး ပုံစံ ၃၆

လီကမ်းသည် ကျောက်ဖေးကို ကြည့်ကာ ကျေနပ်အားရနေမိသည်။

"မင်း လေဟုန်စီးခြေလှမ်းရဲ့ အခြေခံတွေကို ပိုင်နိုင်သွားပြီဆိုတော့... အခု တောင်ဖြိုလက်သီး ပုံစံ ၃၆ကို သင်ပေးဖို့ အချိန်တန်ပြီ" ဟု သူက ဆိုသည်။

"မြေမှာ အမြစ်တွယ်တဲ့ အငြိမ်ကျင့်စဉ်တွေက အခြေခံပဲ။ အဲဒါတွေက ကျင့်ကြံသူတစ်ယောက်ရဲ့ သွေးနဲ့ ချီကို မြှင့်တင်ပေးပြီး ပိုမိုတောင့်တင်းတဲ့ အဆင့်ကို ရောက်စေတယ်။"

"ဒါပေမဲ့ တိုက်ပွဲဝင်ပညာရပ်ဆိုတာ ကျင့်ကြံသူတွေ တိုက်ခိုက်တဲ့နေရာမှာ သုံးတဲ့ နည်းစနစ်ပဲ။ ဘယ်လောက်ပဲ ခွန်အားကြီးပါစေ... ထိရောက်တဲ့ တိုက်ကွက်ပညာမရှိရင် အဲဒီခွန်အားကို အပြည့်အဝ ထုတ်သုံးနိုင်ဖို့ ခက်လိမ့်မယ်။"

လီကမ်းသည် ဘေးပတ်ပတ်လည်မှ ချောင်းကြည့်နေကြသော တပည့်များကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး အသံမာမာဖြင့် "ကျောက်ဖေးကလွဲလို့ ကျန်တဲ့သူတွေ အားလုံး လေဟုန်စီးခြေလှမ်းကိုပဲ ဆက်ကျင့်ကြစမ်း” ဟု အမိန့်ပေးလိုက်သည်။

တပည့်များအားလုံး ထိတ်လန့်သွားကာ ချက်ချင်းပင် အကြည့်လွှဲလိုက်ရသည်။

သူတို့၏ ရင်ထဲတွင်မူ ကျောက်ဖေးအပေါ် မနာလိုမှုနှင့် အားကျမှုများ တိုးပွားနေတော့သည်။

"တောင်ဖြိုလက်သီး ပုံစံ ၃၆က ခွန်အားနဲ့ အတတ်ပညာကို ဖိနှိပ်တဲ့နေရာမှာ အဓိကထားတယ်။ လက်သီးချက်တွေက တောင်တွေကို ဖြိုခွဲပြီး ကျောက်ဆောင်တွေကို အက်ကွဲစေနိုင်တဲ့အထိ ပြင်းထန်ရမယ်။ သွေးနဲ့ချီ ပိုတောင့်တင်းလေ... လက်သီးရဲ့ အစွမ်းက ပိုပြီး အံ့မခန်းဖြစ်လေပဲ။"

လီကမ်းသည် တောင်ဖြိုလက်သီး၏ အစပြုဟန်ကို ပြင်လိုက်ပြီး လက်သီးတစ်ချက်ချင်းစီကို အားပါပါ ထိုးပြလေသည်။သူ၏ လှုပ်ရှားမှုတိုင်းသည် တောင်ကြီးတစ်လုံးကို တကယ်ဖြိုခွင်းနေသကဲ့သို့ ထင်မှတ်ရသည်။

မိုးများသည် သည်းထန်စွာ ရွာသွန်းနေသော်လည်း လီကမ်း၏ ပြင်းထန်လှသော လက်သီးအရှိန်ကြောင့် မိုးစက်မိုးပေါက်များမှာ လွင့်စင်ထွက်ကုန်ပြီး သူ၏ပတ်လည်တွင် ရေငွေ့မြူများပမာ ဖုံးလွှမ်းသွားတော့သည်။

ကျောက်ဖေးသည် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

သူ၏ ပင်မကိုယ်ခန္ဓာနှင့် ခန္ဓာခွဲ (၅) ခုစုစုပေါင်း ဦးနှောက် (၆) ခုလုံးကို တစ်ပြိုင်နက် အသုံးချကာ လီကမ်း၏ လှုပ်ရှားမှုနှင့် အသေးစိတ် အချက်အလက်တိုင်းကို မှတ်သားနေသည်။

ကျန်ရှိသော တပည့်များသည် ခြေလှမ်းကျင့်စဉ်ကို ကျင့်နေကြသော်လည်း မနေနိုင်ဘဲ ခိုးခိုးကြည့်နေကြဆဲပင်။

လီကမ်း၏ လက်သီးချက်များသည် လေထုကိုပင် ဆွဲဖြဲပစ်နိုင်လောက်အောင် လေတိုးသံများ ထွက်ပေါ်နေသဖြင့် သူတို့ရင်ထဲတွင် တုန်လှုပ်မှုနှင့်အတူ ထိုပညာကို ရလိုစိတ်များ ပြင်းပြနေကြသည်။

သွေးလေသန့်စင်သည့် ခြေလှမ်းကျင့်စဉ်ထက်စာလျှင် သူတို့၏အမြင်တွင် တိုက်ပွဲဝင်ပညာရပ်များကသာ ကျင့်ကြံသူတစ်ဦး၏ အစွမ်းအစနှင့် တန်ခိုးအာဏာကို ပြသနိုင်သည်ဟု ထင်မြင်ကြသည်။

သူတို့သည်လည်း လေဟုန်စီးခြေလှမ်းကို အမြန်ဆုံး အောင်မြင်ပြီး တောင်ဖြိုလက်သီးကို သင်ယူချင်နေပြီပင်

ထို့ကြောင့် များစွာသော တပည့်တို့သည် ယခင်ကထက် ပိုမိုကြိုးစားကာ အခြေခံကို ပြန်လည်ကျင့်ကြံကြတော့သည်။

အတတ်ပညာက ကောင်းသည်မှာ အမှန်ပင်။ သို့သော် အခြေခံခြေလှမ်းသည်သာ ကျင့်ကြံသူတစ်ဦး၏ အုတ်မြစ်ဖြစ်ကြောင်း သူတို့နားလည်စပြုလာကြသည်။

အုတ်မြစ်မခိုင်ဘဲ အထပ်မြင့်ဆောက်၍ မရသည်ကို သူတို့ သိကြသည်။

တပည့်များ၏ စိတ်ဓာတ်ပြောင်းလဲသွားမှုမှာ လီကမ်းအတွက် မထင်မှတ်ထားသော ဝမ်းသာစရာ အံ့ဩမှုတစ်ခု ဖြစ်ခဲ့သည်။

လီကမ်းသည် ခေတ္တနားလိုက်သည်။

၃၆ခုလုံးကို သူ တစ်ခါတည်း အကုန်မပြသေးပေ။ လှုပ်ရှားမှုများလွန်း၍ ကျောက်ဖေး မှတ်မိမည်မဟုတ်မှာကို သူ စိုးရိမ်မိသည်။

"တောင်ဖြိုလက်သီး ပုံစံ ၃၆ထဲက အခု မင်းကို ငါပြလိုက်တဲ့ ပထမဆုံး (၆) ခုက ထိုးဖောက်ခြင်းအတတ်ပဲ။ ရန်သူကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်ဖို့ နောက်မတွန့်ဘဲ မုန်တိုင်းလို ပြင်းထန်တဲ့ အရှိန်နဲ့ ရှေ့ကို တိုးရမယ်။"

"ကျောက်ဖေး... မင်း ဘယ်လောက် မှတ်မိသလဲ?"

လီကမ်းက မေးလေ၏

သာမန်လူတစ်ယောက်အတွက် လက်သီးကွက် (၆) ကွက်ကို တစ်ကြိမ်တည်းနှင့် မှတ်မိရန်မှာ ခက်ခဲလှသော်လည်း ကျောက်ဖေးအတွက်မူ မခက်ခဲပေ။

ယခုအခါ သူသည် သာမန်လူထက် (၆) ဆ ပိုသော မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော

သူက ခေါင်းညိတ်ပြပြီး "အကြမ်းဖျင်းတော့ မှတ်မိပါပြီ" ဟု ဖြေလိုက်သည်။

လီကမ်းက "ကဲ... တစ်ခါလောက် ထိုးပြစမ်း" ဟု ဆိုသည်။

ကျောက်ဖေးသည် ဟန်ပြင်လိုက်ပြီး တောင်ဖြိုလက်သီး၏ ပထမ (၆) ခုကို စတင်ကစားလေသည်။

လီကမ်းကဲ့သို့ အားပါပြီး ပြင်းထန်ခြင်း မရှိသေးပေ

သို့သော်လည်း သူ၏ လက်သီးချက်များမှာ နှေးကွေးပြီး အစီအစဉ်တကျ ရှိလှကာ ပြန်လည်စဉ်းစားနေသကဲ့သို့

လီကမ်းထက် အချိန်နှစ်ဆ ပိုပေးကာ အဆုံးထိ ထိုးပြနိုင်ခဲ့သည်။

"မဆိုးဘူး" ဟု လီကမ်းက တည်တည်ငြိမ်ငြိမ် ပြောလိုက်၏

သို့သော်လည်း သူ၏ ရင်ထဲတွင်မူ မတည်ငြိမ်နိုင်တော့ပေ။

ကျောက်ဖေး၏ ပါရမီကို သိထားပြီးဖြစ်သော်လည်း ယခုကဲ့သို့ လက်တွေ့မြင်ရသည့်အခါ အံ့ဩမှုကို မထိန်းနိုင်ဖြစ်ရသည်။

အသေးစိတ်အချက်အလက် အနည်းငယ် လိုအပ်နေသေးသော်လည်း ကျောက်ဖေးသည် သူပြသခဲ့သမျှကို အကုန်နီးပါး မှတ်မိနေခဲ့သည်။

လီကမ်းသည် ကျောက်ဖေးကို ထပ်မံလေ့ကျင့်စေပြီး အသေးစိတ် ပြန်လည် ပြင်ဆင်ပေး၏

ထို့နောက် နောက်ထပ် (၆) ခုကို ဆက်သင်ပေးသည်။

ဒုတိယ (၆)ခုသည် ရှင်းလင်းခြင်းဖြစ်ပြီး ရန်သူ ရှောင်တိမ်း၍မရအောင် တိုက်ကွက်ဧရိယာကို ချဲ့ထွင်ရန် အဓိကထားသည်။

ထို့နောက်တွင်တော့ တုန်ခါခြင်း၊ ပြိုလဲခြင်း၊ ချိုးဖျက်ခြင်း နှင့် ပေါင်းစပ်ခြင်း ဆိုသည့် နည်းစနစ်များ တစ်ခုပြီးတစ်ခု ပါဝင်လာသည်။

တောင်ဖြိုလက်သီး ၃၆ ခုကို အပိုင်း (၆) ပိုင်း ခွဲထားပြီး အပိုင်းတစ်ခုစီ၌ တိုက်ပွဲအခြေအနေပေါ် မူတည်၍ အသုံးပြုရမည့် ကိုယ်ပိုင်ထူးခြားချက်များ ရှိကြသည်။

သင်ကြားပေးသူကလည်း မြန်သလို သင်ယူသူကလည်း အလွန်ထူးချွန်လှသည်။

လီကမ်းအတွက် တပည့်တစ်ယောက်ကို သင်ပေးရသည်မှာ ဤမျှ လွယ်ကူလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။ တစ်ကြိမ် ရှင်းပြရုံဖြင့် ကျောက်ဖေးက ကောင်းကောင်း လုပ်ပြနိုင်ခဲ့သည်။

မွန်းတည့်ချိန် ရောက်သည့်အခါ ကျောက်ဖေးသည် တောင်ဖြိုလက်သီး ၃၆ ခုလုံးကို အကြမ်းဖျင်း တတ်မြောက်သွားလေပြီ။

"မင်း ၃၆ ခုလုံးကို အခြေခံအားဖြင့် တတ်သွားပြီ။ နောက်နောင် မရှင်းတာရှိရင် အချိန်မရွေး ငါ့ကို လာမေးနိုင်တယ်”

“ရှေ့ဆက်ပြီးတော့ ဒါတွေကို တိုက်ပွဲဝင် ဗီဇတစ်ခုဖြစ်အောင် အမြဲလေ့ကျင့်နေဖို့ပဲ လိုတော့တယ်။"

လီကမ်းက ဆက်ပြောသည် - "သတိထားရမှာက... တကယ့်တိုက်ပွဲမှာ ရန်သူက မင်းကို ဘယ်နည်းစနစ်သုံးရမလဲဆိုတာ စဉ်းစားဖို့ အချိန်ပေးမှာ မဟုတ်ဘူး။"

ကျောက်ဖေးက "ဟုတ်ကဲ့ပါ ဆရာ... တပည့် မှတ်သားထားပါ့မယ်" ဟု ပြန်ဖြေသည်။

လီကမ်းက ခေါင်းညိတ်ကာ ကျန်သော တပည့်များကို ကြည့်ပြီး - "ဒီနေ့အတွက်တော့ ဒီလောက်ပဲ။ ဗိုက်ဆာတဲ့သူတွေ သွားစားလို့ရပြီ၊ မနက်ဖြန်မနက်မှ ပြန်စုကြမယ်" ဟု အမိန့်ပေးလိုက်သည်။

ဤလောကရှိ သာမန်လူများသည် တစ်နေ့လျှင် နှစ်နပ်သာ စားလေ့ရှိ၏ မနက်တစ်နှပ်၊ နေ့လည်တစ်နှပ်ပင်

သို့သော်လည်း စုန်မိသားစုတွင် အစေခံလုပ်သော ကျောက်ဖေးတို့အဖို့ ထမင်းနှစ်နှပ်သာ စားရသည်

သိုင်းပညာ ကျင့်ကြံသူများမှာမူ ခွန်အားသုံးစွဲမှု များပြားသောကြောင့် အနည်းဆုံး သုံးနပ်စားကြရသည်။ အချို့ဆိုလျှင် လေးနပ်၊ ငါးနပ်အထိပင်။

ထို့ကြောင့် သိုင်းကျောင်း၏ စားဖိုဆောင်မှာ တစ်နေ့လုံးနီးပါး ဖွင့်ထားလေ့ရှိသည်။

လီကမ်း ထွက်ခွာသွားပြီးနောက်...

ကျောက်ဖေးသည် တောင်ဖြိုလက်သီး ၃၆ ကို အရှိန်အဟုန်မပြတ် ဆက်လက်လေ့ကျင့်နေခဲ့သည်။ သူသည် ဤတိုက်ကွက်များကို အမြန်ဆုံး တတ်မြောက်ပြီး တကယ့်တိုက်ပွဲဝင် စွမ်းရည်တစ်ခုအဖြစ် ပြောင်းလဲပစ်ရန် ပြင်းပြစွာ ဆန္ဒရှိနေသည်။

တပည့်အနည်းငယ်မျှသာ စားဖိုဆောင်ဘက်သို့ ထွက်သွားကြ၏

သို့သော်လည်း ကျန်ရှိသော တပည့်အများစုမှာမူ လေ့ကျင့်ရေးကွင်းပြင်၌ပင် သိုင်းပညာကို ဆက်လက်ကြိုးစားနေကြဆဲပင်။

လီကမ်းက အနားယူပြီး ထမင်းသွားစားနိုင်သည်ဟု ဆိုခဲ့သော်လည်း အနားယူချိန်၌ သိုင်းမကျင့်ရဟု တားမြစ်ထားခြင်း မရှိပေ။

အထူးသဖြင့် ကျောက်ဖေးသည် တောင်ဖြိုလက်သီး ၃၆ ခုလုံးကို တစ်မနက်တည်းနှင့် အကုန်မှတ်မိသွားသည်ကို မြင်လိုက်ရသဖြင့် အခြားတပည့်များမှာ စိတ်ထဲတွင် များစွာ ဖိအားဝင်နေကြတော့သည်။

လီကမ်းသည် လေ့ကျင့်ကွင်းမှ ထွက်ခွါသွားပြီးနောက်

ထမင်းတမ်းမစားပေ

ယင်းအစား လီကမ်းသည် စိတ်လှုပ်ရှားစွာဖြင့် ပျံလွှားအဆောင်သို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာသည် သိုင်းကျောင်း၏ ကျောင်းအုပ်ကြီးများနှင့် ဆရာများ ရုံးထိုင်ရာနေရာ ဖြစ်ပြီး ရံဖန်ရံခါ အရေးကိစ္စများကို ဆွေးနွေးကြသည်။

ထိုစဉ် သိုင်းပညာရှင် ချန်ယွမ်ရှန်းသည် သူ၏သားဖြစ်သူ ချန်ချင်းစုန်၏ သိုင်းကျင့်စဉ်ကို ကြီးကြပ်နေခိုက်ဖြစ်သည်။

လီကမ်း ရောက်လာသည်ကို မြင်သောအခါ ချန်ယွမ်ရှန်းသည် ဘေးသို့ ခေတ္တဖယ်ကာ လီကမ်း၏ သတင်းစကားကို နားထောင်လိုက်

သည်။

လီကမ်းက ကျောက်ဖေးအကြောင်းကို ချီးမွမ်းခန်းဖွင့်ပြီး အစီရင်ခံလေရာ ချန်ယွမ်ရှန်းမှာ အံ့အားသင့်သွားရသည်။

"အော်... တစ်ရက်တည်းနဲ့ လေဟုန်စီးခြေလှမ်းရဲ့ အခြေခံကို ပိုင်နိုင်သွားတယ် ဟုတ်လား?"

ချန်ယွမ်ရှန်းအတွက်မူ ကျောက်ဖေး တစ်မနက်တည်းနှင့် တောင်ဖြိုလက်သီး ၃၆ သဏ္ဌာန်ကို မှတ်မိသွားခြင်းမှာ ဒုတိယအချက်သာ ဖြစ်သည်။

သမိုင်းတစ်လျှောက်တွင် မှတ်ဉာဏ်ကောင်းသည့် ပါရမီရှင်များစွာ ရှိခဲ့ဖူးပြီး ပျံလွှားသိုင်းကျောင်းမှလည်း များစွာပေါ်ထွက်ခဲ့ဖူး၏

သိုင်းပညာရပ်တစ်ခု၏ အခြေခံကွက်များကို အချိန်တိုအတွင်း မှတ်သားနိုင်ခြင်းမှာ မှတ်ဉာဏ်ကောင်းသည်ဟုသာ ဆိုနိုင်ပေသည်။

ချန်ယွမ်ရှန်းအနေဖြင့် မြင်ရုံမျှဖြင့် အကုန်အစင် မှတ်မိနိုင်သည့် ထူးခြားသောမှတ်ဉာဏ်ပိုင်ရှင် ပါရမီရှင်များကို ယခင်ကပင် မြင်တွေ့ဖူးပြီးသားဖြစ်သည်။

ကျင့်ကြံသူများအတွက်မူ မှတ်သားနိုင်စွမ်းသည် အခြေခံအဆင့်မျှသာ ရှိသေး၏။

တိုက်ပွဲဝင်ပညာရပ်တစ်ခုကို ထိရောက်ကျွမ်းကျင်စွာ အသုံးချနိုင်စွမ်းရှိမှသာ ထိုကျင့်ကြံသူ၏ မွေးရာပါ ပါရမီနှင့် သိမြင်

နားလည်နိုင်စွမ်းကို အစစ်အမှန် စမ်းသပ်ရာရောက်ပေသည်။

"ဆရာကြီး... ကျွန်တော်က ဒီလိုကိစ္စမျိုးနဲ့ နောက်ပြောင်ပါ့မလား" လီကမ်းက အလေးအနက် ဆိုသည်။

"ဒါပေမဲ့ ကျွန်တော် ကျောက်ဖေးရဲ့ မှတ်တမ်းကို စစ်ကြည့်တော့ သူက စုန်မိသားစုရဲ့ သိုင်းနောက်လိုက်အနေနဲ့ ဝင်လာတာ ဖြစ်နေတယ်"

"စုန်မိသားစု? စုန်ထျန်းဟောင် ရဲ့ မိသားစုလား?"

"ဟုတ်ပါတယ်"

လီကမ်းက ခေါင်းညိတ်ရင်း "စုန်ထျန်းဟောင်ရဲ့ တတိယသမီး စုန်ယုယောင်က ကျွန်တော်တို့ သိုင်းကျောင်းမှာ ပညာသင်နေတာပါ။ ကျောက်ဖေးက သူမရဲ့ အစေခံနှစ်ယောက်ထဲက တစ်ယောက်ပါပဲ"

ချန်ယွမ်ရှန်း ခေတ္တစဉ်းစားလိုက်ပြီးမှ "ရပါတယ်... ကျောက်ဖေးကို ခဏလောက် ထပ်ပြီး စောင့်ကြည့်ရအောင်။ တကယ်လို့ သူကသာ ပါရမီရှင်အစစ်ဆိုရင် စုန်မိသားစုထဲမှာပဲ နစ်မြုပ်နေအောင် ငါ အဖြစ်မခံနိုင်ဘူး"

ကျန်းလင်းခရိုင်တွင် စုန်မိသားစုက အင်အားရှိသည်ဆိုသော်လည်း ကုန်သည်မျိုးနွယ်မျှသာ ဖြစ်သည်။

ခွန်အားကြီးသူကသာ အမှန်တရားဖြစ်သည့် ဤလောကတွင် ဆဋ္ဌမအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော ချန်ယွမ်ရှန်းအနေဖြင့် စုန်မိသားစုကို ကြောက်နေစရာ မလိုပေ။

စုန်မိသားစုသည်လည်း အစေခံတစ်ယောက်အတွက်နှင့် ပျံလွှားသိုင်းကျောင်းကဲ့သို့ အင်အားစုနှင့် ရန်သူမဖြစ်လိုကြသည်မှာ သေချာသည်။

သို့သော်လည်း

အသက် ၂၄၊ ၂၅ နှစ်မှ သိုင်းပညာကို စတင်သင်ယူခြင်းက အနည်းငယ် နောက်ကျနေပြီပင်

ချန်ယွမ်ရှန်း တစ်ယောက် နှမြောတသစွာ တွေးတောနေမိတော့သည်။

All Chapters