အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အခန်း (၁၉) - မျှော်လင့်ချက်ရောင်ခြည်သန်းလာခြင်း
ကိုယ်ခံပညာပြိုင်ပွဲပြီးဆုံးချိန်တွင် နေမွန်းတည့်လုနီးပါး ရှိနေပြီဖြစ်သည်။
ပြိုင်ပွဲရုပ်သိမ်းလိုက်သည်နှင့် အသစ်ဝင်ရောက်လာသော တပည့်များမှာလည်း လူစုခွဲသွားကြသည်။ ဒဏ်ရာပြင်းထန်သူများမှာ ဆေးကုသမှုခံယူရန် သွားကြပြီး ဒဏ်ရာအနည်းငယ်သာ ရသူများမှာမူ ထမင်းစားဆောင်သို့ အလုအယက် သွားကြလေသည်။
ဤပြိုင်ပွဲငယ်လေးအပြီးတွင် အားလုံးမှာ ဒဏ်ရာအနည်းငယ်စီ ရရှိခဲ့ကြပြီး အချို့မှာ ဦးခေါင်းတွင် သွေးစို့နေတာမျိုးပင် ရှိခဲ့သည်။
ထို့အပြင် ရုပ်ပိုင်းဆိုင်ရာ အားအင်ကုန်ခမ်းမှုမှာလည်း ပုံမှန်ကိုယ်ခံပညာ လေ့ကျင့်စဉ်ကထက် များစွာပိုမိုခဲ့သည်။
လူအုပ်ကြီး တဖြည်းဖြည်း ကျဲပါးသွားသည်။
"စီနီယာအစ်ကို ကျောက် ... ကျွန်တော်တို့ အရင်သွားနှင့်ပြီနော်။"
စွန်းဟူနှင့် လုချင်းဝူတို့က ကျောက်ဖေးကို နှုတ်ဆက်ကာ သူတို့၏ ဒဏ်ရာများကို ကုသရန် အလျင်အမြန် ပြန်သွားကြသည်။
ဤကလေးနှစ်ယောက်သည် ထိပ်သီး (၁၀) ဦးစာရင်းဝင်ရန်အတွက် အတော်လေး အားထုတ်ခဲ့ရသဖြင့် ဒဏ်ရာအတော်များများ ရထားကြခြင်းဖြစ်သည်။
ကျောက်ဖေးမှာမူ မိမိ၏ အားအင်ကို ချွေတာထားသဖြင့် ထမင်းစားဆောင်မသွားမီ ခဏမျှ ထပ်မံလေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။
သို့သော် သူလေ့ကျင့်ရန် နေရာယူလိုက်စဉ်မှာပင် စုန်ယုယောင်သည် သူ၏ထံသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။
ကျောက်ဖေး မသိစိတ်မှ မျက်မှောင်ကြုတ်မိသွားသည်။
အခြားတစ်ဖက်တွင်မူ
ချန်မင်မှာ စုန်ယုယောင် အနားသို့ ကပ်လာသည်ကို မြင်သည်နှင့် ကြောက်လန့်လွန်းသဖြင့် ထွက်ပြေးချင်သော်လည်း မလှုပ်ရဲဘဲ ရှိနေသည်။
အမှန်စင်စစ် ဤကိုယ်ခံပညာကျောင်းအတွင်း ပြေးလျှင်ပင် ဘယ်ကိုသွားပုန်းနိုင်မည်နည်း။
"မဆိုးဘူးပဲ ... နင် ဒီပြိုင်ပွဲမှာ ပထမရလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။"
စုန်ယုယောင်က ကျောက်ဖေးကို အထင်ကြီးဟန်ဖြင့် ကြည့်ကာ အမိန့်ပေးလေသည် - "ခဏနေရင် ပျံလွှားအဆောင်ကိုသွားပြီး နင့်ရဲ့ အမှတ်တွေကို ငါ့အကောင့်ထဲ လွှဲပေးဖို့ မမေ့နဲ့ဦး”
“ဒီအရှိန်ကို ဆက်ထိန်းထားစမ်းပါ၊ နောက်တစ်ကြိမ်မှာလည်း ပထမ ထပ်ရမယ်ဆိုရင် ငါနင့်ကို ဆုချပြီး စုန်မိသားစုရဲ့ အဆင့်
မြင့်အစေခံအဖြစ် ရာထူးတိုးပေးမယ်။"
စုန်ယုယောင်သည် ကျောက်ဖေးအနေဖြင့် သူမ၏ သဘောထားကြီးမှုကို အလွန်ကျေးဇူးတင်ပြီး နောင်တွင် သူမအတွက် ပို၍ အစွမ်းကုန် ကြိုးစားပေးလိမ့်မည်ဟု ယူဆနေသည်။
ကျောက်ဖေး၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားကာ - "သခင်မလေး ... ပြိုင်ပွဲအသေးလေးတွေမှာ နှစ်ကြိမ်ဆက်တိုက် ပထမရရင် ကျွန်တော့်ကို စုန်မိသားစုရဲ့ အစေခဲစာချုပ်ကနေ လွတ်မြောက်ခွင့်ပေးမယ်လို့ ပြောခဲ့တာကို မှတ်မိနေပါသေးတယ်?"
စုန်ယုယောင်မှာ လုံးဝပင် ဆွံ့အသွားပြီး သံသယဖြင့် ပြန်မေးလေသည် - "ဟုတ်လို့လား? ငါအဲဒီလို ပြောခဲ့လို့လား?"
ထို့နောက် သူမသည် ခေါင်းလှည့်ကာ ချန်မင်ကို ကြည့်လိုက်ရာ သူမ၏ အကြည့်များမှာ အလွန်အေးစက်နေသည်။
ချန်မင်၏ နဖူးပေါ်တွင် ချွေးစေးများ ချက်ချင်း ထွက်လာသည်။
ဘုန်း
ရုတ်တရက် စုန်ယုယောင်သည် ချန်မင်ကို မြေပြင်ပေါ်သို့ ကန်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လေသည် - "အသုံးမကျတဲ့ အမှိုက်ကောင်၊ ငါနင့်ကို မေးနေတယ်လေ။ ငါ တစ်ခုခု ပြောခဲ့လား?"
ချန်မင်မှာ အကန်ခံရသဖြင့် နာကျင်လွန်း၍ အော်ဟစ်ကာ - "ကျွန်တော် ... ပြောမိပါ”
"ဒါဆို ငါမှတ်မိတာ မှားနေတယ်လို့ နင်က ဆိုလိုတာလား? ဟမ်?"
စုန်ယုယောင်က ဆဲဆိုရင်း ချန်မင်ကို ထပ်မံ ကန်ကျောက်တော့သည်။
သူမသည် ဤကျောင်းတွင် နှစ်နှစ်ခွဲကြာ နေထိုင်ခဲ့ပြီးဖြစ်ကာ နောက်တစ်ဆင့်သို့ တက်လှမ်းတော့မည့် စစ်မှန်သော ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။
သူမသည် ခွန်အားကို ထိန်းညှိပြီး ကန်ခဲ့သော်လည်း ချန်မင်မှာ သွေးတစ်လုပ် အန်ထွက်လာသည်အထိ အထိနာသွားရသည်။
အချို့သော တပည့်များက ရပ်ကြည့်နေကြပြီး အချို့ကလည်း စုန်ယုယောင်အနေဖြင့် မိမိ၏ တပည့်ချင်းကို ဤသို့ မရိုက်နှက်သင့်ကြောင်း ပြောကြသည်။
စုန်ယုယောင်က သူတို့ကို စိုက်ကြည့်ကာ - "ငါ့ရဲ့ တပည့်တွေကို ငါကိုယ်တိုင် ဆုံးမတာ နင်တို့နဲ့ ဘာဆိုင်လို့လဲ?" ဟု ပြန်အော်လိုက်၏
မည်သူမျှ စကားမဆိုရဲတော့ပေ။
အဝေးမှ ဖြတ်သွားသော ဆရာတစ်ဦးပင် မျက်မှောင်ကြုတ်ရုံသာ တတ်နိုင်ပြီး ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။
သူတို့၏ သခင်များရှေ့တွင် တပည့်များသည် လူမသေမချင်း အစေခံများနှင့် မခြားနားလှပေ။
အကယ်၍ အပြင်လောကတွင်သာ ဖြစ်ပါက သခင်က အစေခံကို နေရာတင် သတ်ဖြတ်လိုက်လျှင်ပင် တရားမျှတသည်ဟု ယူဆကြပေလိမ့်မည်။
"သခင်မလေး ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ... ကျွန်တော်တို့ မှတ်မိတာ မှားသွားတာပါ ... သခင်မလေးက အဲဒီလို မပြောခဲ့ပါဘူး “
ချန်မင်သည် ဖြစ်ကြောင်းကုန်စင်ကို သဘောပေါက်သွားပြီး အသနားခံတော့သည်။
ထိုအခါမှ စုန်ယုယောင်က ရပ်တန့်လိုက်ပြီး ကျောက်ဖေးကို အေးစက်စွာ လှည့်ကြည့်ကာ - "ကြားလား? ငါ အဲဒီလို ဘာမှမပြောခဲ့ဘူး။ နင် မှားမှတ်နေတာ။"
သူမသည် ချန်မင်၏ ခေါင်းပေါ်သို့ ခြေထောက်တစ်ဖက် တင်လိုက်ပြီး ဆက်ပြောသည် - "ငါ့အတွက် လိမ္မာတဲ့ ခွေးတစ်ကောင်လိုပဲ ဆက်နေစမ်းပါ။ အဓိပ္ပာယ်မရှိတဲ့ စိတ်ကူးယဉ်မှုတွေ မရှိစေနဲ့။ နင် ကောင်းကောင်း လုပ်နိုင်မယ်ဆိုရင် ငါ နင့်ကို မတရား မဆက်ဆံပါဘူး။ နားလည်လား?"
စုန်ယုယောင်က ကျောက်ဖေးကို ပြုံး၍ ကြည့်နေသော်လည်း သူမ၏ အကြည့်များမှာ ပိုမို အေးစက်လာသည်။
ထိုခဏ၌ ကျောက်ဖေးသည် စုန်ယုယောင်ကို ထိုနေရာတွင်ပင် သတ်ပစ်ချင်စိတ် ပေါက်သွားသည်။
နင့်ရဲ့ ခွေး ဖြစ်ရမယ် ဟုတ်လား?
နင်က ဘာကောင်မမို့လို့လဲ?
ကျောက်ဖေးကို ပို၍ ဒေါသထွက်စေသည်မှာ စုန်ယုယောင်သည် သူမ၏ ကတိများကို လုံးဝ အလေးမထားခြင်းပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကျောက်ဖေး၏ ဦးနှောက် (၆) လုံးသည် ဟန်ချက်ညီညီ အလုပ်လုပ်နေသဖြင့် သူ၏ ဆင်ခြင်တုံတရားကို ထိန်းချုပ်နိုင်ခဲ့သည်။
ငါ အခု လက်တုံ့ပြန်သင့်လား?
စုန်ယုယောင်၏ စွမ်းဆောင်ရည်အရ ခိုးတိုက်ခိုက်လျှင်ပင် သူမကို နိုင်ရန် မသေချာပေ။
ထို့အပြင် သူ၏ လက်ရှိ အဆင့်အတန်းအရ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါက နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ နောက်ဆုံးတွင် သူသာလျှင် နစ်နာရမည်ဖြစ်သည်။
ကျောက်ဖေးအနေဖြင့် ဤခန္ဓာကိုယ်ကို စွန့်လွှတ်ကာ ကျန်းလင်းခရိုင်မှ ထွက်ပြေးရန် ဆုံးဖြတ်ထားလျှင်မူ တစ်မျိုးဖြစ်သည်။
သို့သော် ကိုယ်ခံပညာကျောင်းသို့ ဝင်ရောက် လေ့ကျင့်ခွင့်ရခြင်းမှာ အလွန်တန်ဖိုးရှိလှသည်။ ဆယ်ရက်အတွင်းမှာပင် ကျောက်ဖေး၏ ခွန်အားမှာ များစွာ တိုးတက်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကျောက်ဖေးသည် ဤကဲ့သို့သော ရှားပါးအခွင့်အရေးကို လောလောဆယ် လက်လွှတ်မခံနိုင်သေးပေ။
ကျောက်ဖေးက ခေါင်းငုံ့သွားသည်ကို မြင်သောအခါ စုန်ယုယောင် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ခွေးတစ်ကောင် လိမ္မာလာစေရန် ရံဖန်ရံခါ ဆုံးမပေးရမည်ဟူသော သင်ခန်းစာကို သူမ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူထံမှ သင်ယူခဲ့ရသည်။
စုန်ယုယောင်က ကျောက်ဖေးကို ထပ်မံနှိမ်ချရန် ပြင်ဆင်နေစဉ်မှာပင်
"ကျောက်ဖေး ... ငါနဲ့အတူ ပျံလွှားအဆောင်ကို လိုက်ခဲ့။" ဟု အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။
ကျောက်ဖေး လှည့်ကြည့်လိုက်ရာ လီကမ်းဖြစ်နေသည်။
ပျံလွှားအဆောင်လား?
အဲဒါ ကျောင်းအုပ်ကြီး ရှိတဲ့နေရာမလား
ကျောက်ဖေး စိတ်ထဲမှ မှန်းဆကြည့်လိုက်
သည်။
လီကမ်း မျက်နှာပေးအရ မကောင်းသည့်ကိစ္စတော့ မဖြစ်နိုင်ပေ။
"ဟုတ်ကဲ့ခင်ဗျာ။"
ကျောက်ဖေးသည် အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
သူသည် စုန်ယုယောင်ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး သူမ နောက်ထပ် စကားမဆိုလာမီမှာပင် ချက်ချင်းပင် လှည့်ထွက်လာခဲ့တော့သည်။
သူ ခြေလှမ်းအနည်းငယ်မျှ မလှမ်းရသေးမီမှာပင်
သူ၏နောက်ကွယ်မှ ချန်မင်၏ နာကျင်စွာ အော်ဟစ်သံကြီးကို ထပ်မံကြားလိုက်ရပြန်သည်။
ဤသည်မှာ စုန်ယုယောင်က ကျောက်ဖေးကို သွယ်ဝိုက်၍ သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
ပျံလွှားအဆောင်အတွင်း၌ ကျောက်ဖေးသည် ကျောင်းအုပ်ကြီး ချန်ယွမ်ရှန်းနှင့် ထပ်မံတွေ့ဆုံခွင့်ရခဲ့သည်။
ချန်ယွမ်ရှန်းက သူ့ကို ကြင်နာစွာ ကြည့်နေပြီး မျက်နှာတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ရှိနေသည်။
"ဒီတစ်ခေါက် ပြိုင်ပွဲမှာ မင်းရဲ့ စွမ်းဆောင်ရည်ကို ငါကြည့်နေခဲ့တယ်၊ တကယ်ကို ကောင်းမွန်လှတယ်" ဟု ချန်ယွမ်ရှန်းက ချီးမွမ်းစကား ဆိုလာသည်။
"လီကမ်းကလည်း မင်းအကြောင်း ငါ့ကို ခဏခဏ ပြောပြတယ်၊ မင်းက ပါရမီထူးပြီး တိုးတက်မှု အလွန်မြန်တယ်လို့ ဆိုကြတယ်"
ကျောက်ဖေးကလည်း "ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး။ ဒါတွေအားလုံးက နည်းပြလီရဲ့ ကောင်းမွန်တဲ့ သွန်သင်မှုတွေကြောင့်ပါ" ဟု ပြန်လည်
ဖြေကြားသည်။
ချန်ယွမ်ရှန်းက ခေါင်းညိတ်လိုက်ပြီး ကျောက်ဖေးကို ပို၍ပင် အထင်ကြီးသည့် အကြည့်ဖြင့် ကြည့်ကာ - "သိပ်ကောင်းတယ်။ မင်းလို လူငယ်တစ်ယောက်အနေနဲ့ ဒီလောက်အထိ နှိမ့်ချပြီး တည်တည်ငြိမ်ငြိမ် ရှိနေနိုင်တာဟာ တကယ်ကို ရှားပါးတဲ့ အရည်အချင်းပဲ။ အခု ကိုယ်ခံပညာကျောင်းမှာ လေ့ကျင့်နေရင်းနဲ့ ဘာအခက်အခဲတွေများ ရှိနေသေးလဲ?"
ဤစကားကို ကြားလိုက်ရသည်နှင့်
ကျောက်ဖေးသည် တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် လက်အုပ်ချီကာ - "ဆရာကြီး ... တပည့်မှာ တောင်းဆိုချက် တစ်ခုပဲ ရှိပါတယ်"
"တပည့်အနေနဲ့ ဒီနောက်လိုက်တပည့် အဆင့်အတန်းကနေ လွတ်မြောက်ချင်ပါတယ်။ စုန်မိသားစုရဲ့ ချည်နှောင်မှုတွေ မရှိတော့ဘဲ ဒီနေ့ကစပြီး ကိုယ်ခံပညာ လေ့ကျင့်ခြင်းအပေါ်မှာပဲ အာရုံစိုက်ချင်ပါတယ်"
ချန်ယွမ်ရှန်းနှင့် လီကမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသည်။
ကျောက်ဖေး၏ အဖြေမှာ သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ကျောက်ဖေးကိုယ်တိုင် တောင်းဆိုခြင်း မပြုခဲ့လျှင်ပင်
ချန်ယွမ်ရှန်းသည် ကျောက်ဖေးကဲ့သို့ ပါရမီရှင် တပည့်တစ်ဦးကို လက်လွှတ်ခံရန် ဆန္ဒမရှိပေ။
သို့သော်လည်း တိုက်ရိုက်ကြီးတော့ သဘောမတူနိုင်သေးပေ။
အရာရာကို အလွယ်တကူ ရရှိသွားပါက လူတို့သည် ရည်မှန်းချက် ပျောက်ဆုံးသွားတတ်ကြသည်။
ချန်ယွမ်ရှန်းက ခဏမျှ စဉ်းစားပြီးမှ ပြောလေသည် - "ငါ ဒါကို သဘောတူနိုင်ပါတယ်။ ဒါပေမဲ့ အလကားတော့ သဘောတူပေးလို့ မရဘူးပေါ့။ သဘာဝကျကျပဲ မင်းအတွက် ငါ့မှာ လိုအပ်ချက်လေးတွေ ရှိတယ်”
“ ဒီလကုန်မှာ ကျင်းပမယ့် လစဉ်ပြိုင်ပွဲမှာ မင်းသာ တပည့်ပေါင်းများစွာထဲက ထိပ်သီး (၁၀၀) စာရင်းထဲ ဝင်အောင် လုပ်နိုင်မယ်ဆိုရင် စုန်မိသားစုနဲ့ မင်းရဲ့ သခင်-အစေခံ စာချုပ်ကို ဖျက်သိမ်းပေးဖို့ ငါကိုယ်တိုင် ကြားဝင် ဆောင်ရွက်ပေးမယ်"
ကျောက်ဖေးကလည်း "ကျေးဇူးတင်ပါတယ် ဆရာကြီး။ ဆရာကြီးနဲ့ နည်းပြတို့ရဲ့ မျှော်လင့်ချက်တွေအတိုင်း ဖြစ်လာအောင် တပည့် အစွမ်းကုန် ကြိုးစားပါ့မယ်" ဟု ခိုင်မာစွာ ကတိပေးလိုက်သည်။
ချန်ယွမ်ရှန်းသည် ကျေနပ်စွာ ခေါင်းညိတ်ရင်း "ဟားဟား ... ကောင်းပြီ၊ ဒါဆို ငါ စောင့်ကြည့်နေမယ်" ဟု ရယ်မောကာ ပြောသည်။
လီကမ်းကလည်း ကျောက်ဖေး၏ ပုခုံးကို ပုတ်ကာ - "ကြိုးစားစမ်းပါ၊ ငါ မင်းကို ယုံကြည်တယ်" ဟု အားပေးစကား ဆိုသည်။
ကျောက်ဖေးသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ "ဆရာကြီး ... တပည့်မှာ နောက်ထပ် တောင်းဆိုချက်တစ်ခု ရှိပါသေးတယ်။ အခုလောလောဆယ် ကျွန်တော့်ရဲ့ အဆင့်အတန်းကို မပြောင်းလဲနိုင်သေးပေမဲ့ ကိုယ်ခံပညာကျောင်းအတွင်းကို လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ခွင့်ကိုတော့ အချိန်မတိုင်ခင် ကြိုတင်ခွင့်ပြုပေးစေလိုပါတယ်"
ချန်ယွမ်ရှန်း ခဏမျှ စဉ်းစားလိုက်ပြီးမှ "ကောင်းပြီ၊ အဲဒါကို ငါ ခွင့်ပြုတယ်" ဟု ခေါင်းညိတ်လိုက်သည်။
ကျောက်ဖေး ဝမ်းသာအားရဖြင့် “ကျေးဇူးတင်ပါတယ် ဆရာကြီး" ဟု ပြန်လည် နှုတ်ဆက်လိုက်တော့သည်။
အခန်း (၂၀) - ငွေရှာနိုင်မည့် နည်းလမ်းများ
ကျောက်ဖေးသည် ပျံလွှားအဆောင်ထဲမှ လျှောက်လှမ်းလာစဉ် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။
ကျောင်းအုပ်ကြီး ချန်ယွမ်ရှန်းနှင့် စကားပြောဖြစ်ခဲ့ခြင်းက မထင်မှတ်ဘဲ သူ၏အခက်အခဲအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့သည်။
မဟုတ်လျှင်မူ သူ၏ လက်ရှိအစွမ်းဖြင့် စုန်မိသားစုကို ယှဉ်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။
အကယ်၍ စုန်ယုယောင်ကသာ သူ၏အစေခံစာချုပ်ကို ဖျက်သိမ်းပေးရန် တင်းခံနေပါက
သူ့တွင် ရွေးချယ်စရာ တစ်ခုသာ ရှိတော့သည် - ၎င်းမှာ သူ၏ကိုယ်ပွား တစ်ခုကို စွန့်လွှတ်လိုက်ရန်ပင်။
ထို့ထက် ပို၍အရေးကြီးသည်မှာ ယခုအခါ သူသည် ကိုယ်ခံပညာကျောင်းအတွင်း၌သာ ပိတ်မိမနေတော့ဘဲ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရရှိသွားခြင်း ဖြစ်သည်။
ဤအခွင့်အရေးကြောင့် အစီအစဉ်များစွာကို စတင်အကောင်အထည်ဖော်နိုင်ပြီ ဖြစ်သည်။
ပထမဆုံး ဦးစားပေးမှာ ငွေရှာရန်ပင်။
ပိုက်ဆံသည် အရာရာမဟုတ်သော်လည်း ပိုက်ဆံမရှိလျှင် ဘာမှလုပ်၍မရဟူသော စကားပုံတစ်ခု ရှိသည်။
အထူးသဖြင့် ကျင့်ကြံခြင်းလမ်းစဉ်တွင် ချမ်းသာကြွယ်ဝမှု၊ အဖော်၊ ကျင့်စဉ်နှင့် ပတ်ဝန်းကျင်ဟူသော အချက်လေးချက်
အနက် ချမ်းသာကြွယ်ဝမှုသည် အရေးကြီးဆုံး ဖြစ်သည်။
ဤနေရာတွင် ကြွယ်ဝမှုဆိုသည်မှာ ငွေကြေးသာမက ကျင့်ကြံခြင်းအတွက် လိုအပ်သော အရင်းအမြစ်များကိုပါ ဆိုလိုခြင်းဖြစ်သည်။
နေလည်စာစားပြီးနောက် ကျောက်ဖေးသည် ကိုယ်ခံပညာကျောင်းပြင်ပသို့ ပထမဆုံးအကြိမ် ခြေချလိုက်သည်။
ကိုယ်ခံပညာကျောင်းသည် မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။
လမ်းမပေါ်တွင် လမ်းသွားလမ်းလာများဖြင့် စည်ကားနေ၏
ခဏမျှ ဆက်လျှောက်လိုက်သောအခါ
လမ်းဘေးဝဲယာတွင် ဆိုင်ခန်းများ ပိုမိုသိပ်သည်းလာသည်။ အထည်ဆိုင်များ၊ စာအုပ်ဆိုင်များ၊ တည်းခိုခန်းနှင့် စားသောက်ဆိုင်များ၊ လက်နက်ဆိုင်များ စသည်ဖြင့် စုံလင်လှသည်။
လမ်းဘေးတွင်လည်း ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများဖြင့် ဆူညံနေ၏
အလွန်သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခုပင်။
ဤကမ္ဘာတွင် လယ်ယာစိုက်ပျိုးရေးကို ဦးစားပေးပြီး ကုန်သွယ်ရေးကို နှိမ်ချခြင်းဟူသော မူဝါဒမျိုး မရှိသဖြင့် ကုန်သွယ်မှုမှာ သူထင်ထားသည်ထက် ပိုမိုဖွံ့ဖြိုးနေသည်။
ကျောက်ဖေးသည် လမ်းဘေးရှိ ဆိုင်များကို ဝေ့ဝဲကြည့်နေ၏
ထို့စဉ် စိတ်ထဲမှ တွေးတောနေမိသည်။
သူကိုယ်ပွားများ၏ အကူအညီဖြင့် မည်သည့် လုပ်ငန်းနယ်ပယ်ထဲဝင်ဝင် ကျွမ်းကျင်မှုများကို အချိန်တိုအတွင်း သင်ယူနိုင်မည်ဟု သူယုံကြည်သည်။
သို့သော် ဦးစွာ ထည့်သွင်းစဉ်းစားရမည့်
အချက်မှာ အရင်းအနှီးဖြစ်သည်။
လွန်ခဲ့သောရက်များက အမဲလိုက်၍ ရရှိသောငွေနှင့် ဝမ်သာရှန်းထံမှ ရရှိခဲ့သော အမွေအနှစ်အားလုံး စုစုပေါင်းလျှင်ပင် ငွေပြား (၂၅) ခုထက်မပိုပေ။
ဆိုင်ဖွင့်ရန်အတွက်မူ လုံးဝမလုံလောက်သေးပေ။
ဒုတိယအချက်မှာ သံသယမဖြစ်စေရန် ကိုယ်ပွားအများအပြားကို လူအများရှေ့တွင် တစ်ပြိုင်နက် ပေါ်မလာစေရန် ဆင်ခြင်ရမည်
ဖြစ်သည်။
အကောင်းဆုံးမှာ ငွေလည်းရပြီး ကျင့်ကြံခြင်းကိုလည်း အထောက်အကူပြုနိုင်မည့် အသက်မွေးဝမ်းကျောင်းမျိုးကို ရှာဖွေရန်ဖြစ်သည်။
ဤကန့်သတ်ချက်များကြောင့် သူ၏ရွေးချယ်စရာမှာ အလွန်ကျဉ်းမြောင်းသွားသည်။
ပထမဆုံး စဉ်းစားမိသည်မှာ ဆေးဘက်ဝင်အပင်နှင့် ဆေးဝါးလုပ်ငန်းဖြစ်သည်။
၎င်းသည် အမြတ်အစွန်း အလွန်များသော လုပ်ငန်းဖြစ်သည်။ အထူးသဖြင့် ကိုယ်ခံပညာရှင်များ အသုံးပြုသော ဆေးဖက်ဝင် အစားအစာများနှင့် ဆေးလုံးများမှာ အမြဲတမ်း ဈေးကွက်ရှိနေသည်။
ထိပ်တန်းအဆင့် ကျင့်ကြံခြင်း ဆေးလုံးများသည် ဈေးကြီးရုံသာမက ပိုက်ဆံရှိလျှင်ပင် ဝယ်ရခက်လှသည်။
ထို့အပြင် ဤလုပ်ငန်းသည် ကျောက်ဖေးအတွက် ငွေရရုံသာမက မိမိကိုယ်တိုင်အတွက် ကျင့်ကြံခြင်း အရင်းအမြစ်များကိုပါ ရရှိစေမည်ဖြစ်သည်။
သို့သော် အကြီးမားဆုံး အဟန့်အတားမှာ ဗဟုသုတပင်။
ယခင်ဘဝကဲ့သို့ အင်တာနက်ပေါ်တွင် အလွယ်တကူ ရှာဖွေနိုင်သော ခေတ်မျိုး မဟုတ်ပေ။
ထိုစဉ် ကျောက်ဖေးသည် စာအုပ်ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားမိ၏
ခဏမျှ စဉ်းစားပြီး ဆိုင်ထဲသို့ ဝင်လိုက်သည်။
ဆိုင်လေးက ပန်းချီနှင့်လက်ရေးမူအများအပြားကို ရောင်းချပေသည်၊
အရှင်လေး ဘာများလိုလို့ပါလဲ
ဆိုင်ရှင်သည် ဆံပင်ဖြူဖြူနှင့် ပိန်ပိန်ပါးပါး အဖိုးအိုတစ်ဦးဖြစ်ပြီး လက်ဖက်ရည်သောက်ရင်း စာဖတ်နေသည်။
ကျောက်ဖေးကို မြင်သောအခါ သူက ထ၍ ကြိုဆိုလေသည်။
ကျောက်ဖေးက "ဒီမှာ ... ဆေးဖော်စပ်နည်း ဒါမှမဟုတ် ဆေးလုံးဖော်နည်း နဲ့ ပတ်သက်တဲ့ စာအုပ်များ ရှိမလားခင်ဗျာ?" ဟု မေးလိုက်သည်။
ဆိုင်ရှင်အဖိုးအိုက ခေါင်းခါရင်း ရယ်မောကာ - "အရှင်လေးကလည်း နောက်နေတာပဲ။ အဲဒီလို တန်ဖိုးရှိတဲ့ ဗဟုသုတမျိုးတွေကို ဆေးတိုက်ကြီးတွေမှာပဲ မှတ်တမ်းတင်ထားတာပါ။ အပြင်မှာ အလွယ်တကူ ဘယ်ပျံ့နှံ့ပါ့မလဲ။ ဒါပေမဲ့ အပင်တွေအကြောင်း လမ်းညွှန်စာအုပ် အချို့တော့ ရှိပါတယ်။ အဲဒီထဲမှာ အတွေ့ရများတဲ့ ဆေးဖက်ဝင်အပင် အချို့အကြောင်း ပါပါတယ်"
ဆိုင်ရှင်ညွှန်ပြသည့် နေရာတွင် ကျောက်ဖေးသည် စာအုပ်အချို့ကို ရှာတွေ့ခဲ့သည်။
ထိုစာအုပ်များမှာ အကြောင်းအရာ အများစု တူညီနေကြသည်။
ထိုစာအုပ်ထဲတွင် ရာနှင့်ချီသော အပင်များ၏ အမည်နှင့် ပုံပန်းသဏ္ဍာန်များကို ဖော်ပြထားသော်လည်း အခြေခံဆေးဖက်ဝင်အပင် (၅) မျိုးခန့်သာ ပါဝင်လေသည်။
ဥပမာအားဖြင့် - မုယောကို ဝါး၍ ဒဏ်ရာပေါ်ကပ်လျှင် သွေးတိတ်စေပြီး ခြင်ပြေးစေသည့် အာနိသင်ရှိသည်။
လေလွင့်ပန်းကို အခြောက်လှန်း၍ လက်ဖက်ရည်ကြမ်းအဖြစ် သောက်သုံးပါက အပူငြိမ်းစေပြီး အဆိပ်အတောက် ပြေစေသည်။
မှိုနားရွက်ပင်ကို ထောင်း၍ အပေါ်ယံလိမ်းပေးပါက ရောင်ရမ်းမှုကို ကျစေကာ နာကျင်မှုကို သက်သာစေသည်။
ဤအပင်များသည် ကျောက်ဖေး၏ ယခင်ဘဝကပင် ရှိခဲ့ဖူးသော်လည်း ဤကမ္ဘာတွင်မူ တောတောင်အနှံ့ ပေါက်ရောက်နေကြသဖြင့် တန်ဖိုးမရှိလှပေ။
ကျောက်ဖေးသည် သူ၏ မှတ်ဉာဏ်စွမ်းရည်ဖြင့် ဤအချက်အလက်များကို တစ်ချက်ကြည့်ရုံဖြင့် အလွတ်မှတ်မိသွားသည်။
သို့သော် ဆိုင်ရှင်အဖိုးအိုကမူ ကျောက်ဖေး အနေဖြင့် စာအုပ်ကို ဟိုဒီလှန်လှောကြည့်နေသည်ဟုသာ ထင်မှတ်နေ၏
ကျောက်ဖေးသာ အလကား လာဖတ်သည်ဟု သိသွားပါက ပြဿနာတက်နိုင်ပေသည်။
ဤသည်မှာ စာအုပ်ဆိုင်ဖြစ်သဖြင့် လူတိုင်းက အလကားလာဖတ်နေကြလျှင် သူ မည်သို့ စာအုပ်ရောင်းရတော့မည်နည်း။
ကျောက်ဖေးသည် ဆိုင်ရှိ အခြားစာအုပ်များကို ဆက်ကြည့်သော်လည်း
အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာစာအုပ်များနှင့် ကိုယ်ခံပညာကျမ်းများမှာ လုံးဝမရှိသလောက်ပင်။
အများစုသည် ခရီးသွားမှတ်တမ်း၊ ဝတ္ထုနှင့် ကဗျာပေါင်းချုပ်များသာ ဖြစ်သည်။
သူသည် ဆိုင်ရှိ ပန်းချီနှင့် ကဗျာစာသားများ၏ ဈေးနှုန်းကို မေးမြန်းကြည့်ရာ ကြေးပြားအနည်းငယ်မှ ငွေပြား တစ်ကျပ်ခွဲခန့်သာ ရှိသည်ကို သိလိုက်ရသည်။
ကျောက်ဖေး စိတ်မဝင်စားသည်ကို မြင်သောအခါ
ဆိုင်ရှင်က ကောင်တာအောက်မှ ပန်းချီကားတစ်ချပ်ကို လျှို့ဝှက်စွာ ထုတ်ပြလေသည်။
"အရှင်လေး ... ဒီ စိမ်းလန်းတဲ့တောင်တန်းနဲ့ စီးဆင်းနေတဲ့ ရေတံခွန် ပန်းချီကားကို ကြည့်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀၀) က မဟာတောင်တန်းက ရသေ့ရဲ့ လက်ရာစစ်စစ်ပါ။ လက်ရာက သိပ်ကို ပြောင်မြောက်ပြီး အနုပညာရသကလည်း နက်ရှိုင်းလှပါတယ်။ အရှင်လေး နှစ်သက်တယ်ဆိုရင် ငွေပြား (၁၀၀) နဲ့ ယူသွားလိုက်ပါ ..."
ဆိုင်ရှင်၏ စကားကြောင့် ကျောက်ဖေးသည် ပန်းချီကမ္ဘာထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ရန် စိတ်ကူးကို လက်လျှော့လိုက်ရသည်။
နှစ်ပေါင်း (၂၀၀) ကြာပြီး ကျော်ကြားသော ပညာရှင်တစ်ဦး၏ လက်ရာစစ်စစ်ပင် ငွေပြား (၁၀၀) သာ ရခြင်း ဖြစ်၏
ဆိုင်ရှင်၏ လည်ပတ်နေသော မျက်လုံးများအရ ဤဈေးမှာ ထပ်ဆစ်၍ ရဦးမည် ဖြစ်သည်။
ထို့ကြောင့် ပန်းချီလုပ်ငန်းသည် ဝမ်းစာရှာရုံသာ ရှိမည်ဖြစ်ပြီး အကြီးအကျယ် ချမ်းသာရန် မဖြစ်နိုင်ပေ။
ကျောက်ဖေးသည် ယဉ်ကျေးစွာ ငြင်းပယ်ပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။
နောက်ကွယ်မှ ဆိုင်ရှင်မှာမူ မကျေမနပ် ကျန်ရစ်ခဲ့သည်။
ကျောက်ဖေး၏ ပျံလွှားသိုင်းကျောင်း ဝတ်စုံကိုကြည့်ကာ သူဌေးသားတစ်ဦးအမှတ်ဖြင့် အရောင်းအဝယ် ဖြစ်တော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း
ယခုမူ အားလုံး အချည်းနှီး ဖြစ်သွားရ၏
ဆေးလုံးဖော်စပ်သည့်လုပ်ငန်းထဲသို့ ဝင်ရောက်ရန်မှာ မလွဲဧကန်ပင် ဖြစ်သော်လည်း ၎င်းကို ရေရှည်စီမံကိန်းအဖြစ်သာ ထားရမည်ဖြစ်သည်။
အဖိုးတန် ဆေးနည်းများနှင့် ဖော်စပ်ပုံများမှာ လျှို့ဝှက်ချက်များ ဖြစ်သဖြင့် အလွယ်တကူ ရနိုင်ရန် မလွယ်ကူပေ။
ကျောက်ဖေးသည် လမ်းမပေါ်သို့ ပြန်လည်ရောက်ရှိလာပြီး အခြားတစ်ဖက်မှ စဉ်းစားကြည့်သည်။
“ဒီကမ္ဘာက ကိုယ်ခံပညာရှင်တွေကဘယ်လို ငွေရှာကြတာလဲ?"
အဆင့်နိမ့် တိုက်ခိုက်ရေးသမားများသည် သူဌေးအိမ်များတွင် ကိုယ်ရံတော် လုပ်ခြင်းဖြင့် လစာပုံမှန်ရသည်။
အရည်အချင်းရှိသူများက ကုန်သည်အဖွဲ့များကို လိုက်ပါစောင့်ရှောက်ပေးသည့် လုံခြုံရေးအဖွဲ့ တွင် လုပ်ကြ၏ ဘေးအန္တရာယ်များသော်လည်း အကျိုးအမြတ် များသည်။
မင်းနေပြည်တော်နှင့် ပူးပေါင်းကာ သူပုန်နှိမ်နင်းခြင်း၊ ဝရမ်းပြေးဖမ်းခြင်း စသည့် တာဝန်များကို ထမ်းဆောင်ပြီး ဆုလာဘ်နှင့် ကျော်ကြားမှု ရယူနိုင်၏
အဆင့်မြင့်သိုင်းပညာရှင်များနှင့် ခွန်အားကြီးမားသူများကို အင်အားကြီးအဖွဲ့အစည်းများသည် အလွယ်တကူပဲ စည်းရုံးသိမ်းသွင်းလေ့ရှိကြပြီး သူတို့အတွက် လိုအပ်သောကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များကိုလည်း ထောက်ပံ့ပေးတတ်ကြ၏
နန်းတွင်းကို အစီရင်ခံတင်ပြပြီးသည့်နောက်မှာတောင် ကိုယ်ပိုင် ဂိုဏ်းအသစ်တစ်ခု တည်ထောင်တာ သို့မဟုတ် တခြားအင်အားကြီးပုဂ္ဂိုလ်များနှင့် ပူးပေါင်းပြီး အင်အားစုအသစ်တစ်ခု ဖွဲ့စည်းတာမျိုးကို ရွေးချယ်နိုင်ပါသေးသည်
၎င်းတို့သည် ငွေရှာဖို့အတွက် မှန်ကန်သော နည်းလမ်းများဖြစ်၏
၎င်းတို့သည် ကျောက်ဖေးအနေဖြင့် ယခင်က စွန်းဟူနှင့် လုချင်းဝူတို့ဆီမှ သိရှိထားခဲ့သော ထိုလောက၏ အခြေခံဗဟုသုတများပင်
တစ်ဖက်မှာတော့ ထိုနည်းလမ်းများဖြင့်ဆန့်ကျင်ဘက်ဖြစ်သော လမ်းစဉ်မမှန်သော နည်းလမ်းများလည်း ရှိပါသေးသည်။
ဥပမာအားဖြင့် လုယက်တိုက်ခိုက်တာ ဒါမှမဟုတ် လမ်းပြတ်မှာ ဓားပြတိုက်တာမျိုးတွေပင်
ထိုနည်းလမ်းများသည် ငွေဝင်မြန်သည့်တ်ုင် စွန့်စားရမှုလည်း အတော်လေး များပေ၏ အကယ်၍ ဘုရင်မင်းမြတ်တပ်ဖွဲ့များ သို့မဟုတ် တရားမျှတမှုကို မြတ်နိုးသည့် သိုင်းပညာရှင်များ၏ ပစ်မှတ်ထားခြင်းကို ခံရပြီဆိုလျှင်တော့ ထောင်သွင်း အကျဉ်းချခံရတာ သို့မဟုတ် အသက်ဆုံးရှုံးရတာမျိုး အထိ ကြုံတွေ့ရနိုင်သည်။
အခန်း (၂၁) ကျွန်တော် တကယ်ပဲ အိမ်ဝယ်ဖို့ လာခဲ့တာပါ
ခဏလောက် စဉ်းစားခန်းဖွင့်ပြီးနောက် ကျောက်ဖေး ရုတ်တရက် သက်ပြင်းချလိုက်မိသည်။
"ငါ တစ်နေ့မှာ အခြားကမ္ဘာကို ကူးပြောင်းလာမယ်မှန်း သိခဲ့ရင် သိပ္ပံပညာကို သေသေချာချာ လေ့လာခဲ့သင့်တာ။ ပြီးတော့ အရင်ဘဝက အဆင့်မြင့်နည်းပညာတွေ ဖြစ်တဲ့ ဖန်ထည်တို့၊ ဘိလပ်မြေတို့ ဖော်မြူလာတွေကိုလည်း အလွတ်ကျက် ထားခဲ့သင့်တာ..."
သို့သော်လည်း ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် ကျောက်ဖေး၏ စိတ်ထဲတွင် အကြံတစ်ခု တဖြည်းဖြည်း ပေါ်လာခဲ့သည်။
သူသည် လမ်းပြတ်၌ ဓားပြတိုက်ခြင်းကဲ့သို့သော အောက်တန်းကျသည့် အလုပ်မျိုးကို ဘယ်သောအခါမှ လုပ်မည်မဟုတ်သလို၊ ထိုမျှအထိလည်း အောက်ကျနောက်ကျ မခံနိုင်ပေ။
သို့သော် လူသတ်တာ၊ မီးရှို့တာ၊ လုယက်တာ...
"ဟဲဟဲ... တကယ်လို့ ပစ်မှတ်က လူကုန်ကူးပြီး မကောင်းမှုအပေါင်း ခပ်သိမ်းကို ကျူးလွန်နေတဲ့ ချန်ဟယ်ဂိုဏ်းလို ရာဇဝတ်ဂိုဏ်းမျိုးသာဆိုရင်တော့ စိတ်ထဲမှာ ဘာဝန်ထုပ်ဝန်ပိုးမှ ရှိမှာမဟုတ်ဘူး"
ဆန့်ကျင်ဘက်အနေဖြင့် သူသည် မကောင်းဆိုးဝါးကို နှိမ်နင်းပြီး သတ္တဝါတို့အတွက် ကောင်းမှုကုသိုလ် ပြုပေးနေသည်ဟုပင် ခံစားရပေမည်။
နန်းတော်၏ အလိုရှိစာရင်းတွင် ချန်ဟယ်ဂိုဏ်းဝင်များ၏ ခေါင်းပေါ်မှ ဆုကြေးငွေများလည်း ရှိနေနိုင်သည် မဟုတ်ပါလော
ကျောက်ဖေး တစ်ယောက် ထိုအကြောင်းကို အသေအချာ စဉ်းစားနေစဉ်မှာပင် ရှေ့ဆီမှ ငိုယိုအော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျောက်ဖေး အမြန်ပင် မော့ကြည့်လိုက်သည်။
သိပ်မဝေးသော လမ်းကြားတစ်ခု၏ အဝင်ဝတွင် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကို မျက်နှာချွန်ချွန်၊ မျောက်ရုပ်ပေါက်နေသော လူငယ်တစ်ဦးက လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်နေသည်။
ထို့အပြင် လူမိုက်အငွေ့အသက်များ လွှမ်းခြုံနေသော အပေါင်းအပါ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်ကလည်း ဘေးမှနေ၍ ဟားတိုက်ရယ်မောနေကြ၏။
ထိုနေရာတွင် ဖရိုဖရဲဖြစ်နေသော အမျိုးသမီးတစ်ဦးမှာလည်း ဒူးထောက်ကာ သူမ၏ခင်ပွန်းကို လွှတ်ပေးရန် ရန်သူများအား ငိုယိုတောင်းပန်နေရှာသည်။
"သခင်ကြီးမျောက်... ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် ကျွန်မတို့ကို လွှတ်ပေးပါရှင်။ ကျွန်မတို့ မှားသွားမှန်း သိပါပြီ..." အမျိုးသမီးမှာ ငိုကြွေးရင်း မျောက်မျက်နှာနှင့် လူငယ်၏ ခြေထောက်ကို ဖက်တွယ်ကာ အသနားခံနေသည်။
ထိုလူငယ်က အမျိုးသမီးကို ကန်ထုတ်လိုက်ပြီး လှောင်ပြောင်ကာ "ငါက မင်းတို့ကို အကြိမ်ကြိမ် အခွင့်အရေး ပေးခဲ့ပြီးပြီလေ။ ဒါကို မင်းတို့က ငါ့ကို လူအလို့ ထင်နေတာလား။ ငါ့ကွယ်ရာမှာ အိမ်ကို ခိုးရောင်းဖို့တောင် ကြံစည်ရဲတယ်ပေါ့လေ..."
မျောက်မျက်နှာနှင့် လူငယ်သည် ပို၍ ဒေါသထွက်လာပြီး ထိုအမျိုးသားကို ဆက်တိုက် ထိုးနှက်ကန်ကျောက်တော့သည်။
အနီးအနားတွင် ကြည့်ရှုနေသူအချို့ ရှိသော်လည်း အများစုမှာ မကျေမနပ်ဖြစ်နေသော မျက်နှာများဖြင့်သာ ရှိကြသည်။
ကျောက်ဖေးမှာ အနားသို့ တိုးသွားပြီး ကြည့်နေသော သက်ကြီးရွယ်အို တစ်ဦးကို မေးလိုက်သည်။
"အဘိုး... ဘာဖြစ်ကြတာလဲဟင်"
ထိုအဘိုးအိုသည် အစပိုင်းတွင် စကားပြောရန် ဝန်လေးနေသော်လည်း
လှည့်ကြည့်လိုက်သောအခါ ကျောက်ဖေး ဝတ်ဆင်ထားသည့် သိုင်းသင်တန်းကျောင်း ၏ ဝတ်စုံကို မြင်သွားသည်။
သူသည် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း မဖြေဘဲနေရန် မဝံ့ရဲသဖြင့် အသံကိုနှိမ့်ကာ အကျိုးအကြောင်းကို ရှင်းပြတော့သည်။
ဇာတ်လမ်းက ရိုးရှင်းပါသည်။
မျက်နှာချွန်ချွန်၊ မျောက်ရုပ်ပေါက်နေသော "မျောက်ရူး" ဟု အမည်ပြောင်ရထားသည့် ထိုလူငယ်မှာ ဤလမ်းမပေါ်တွင် အတော်လေး နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်သည်။
သူ့ယောက်ဖဖြစ်သူသည် ဝံပုလွေနက်ဂိုဏ်း၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်ကို အရှိန်အဝါယူကာ လူမိုက်၊ လူရမ်းကားတစ်စုကို စုစည်းပြီး အနိုင်ကျင့် ဗိုလ်ကျနေသူဖြစ်ရာ မည်သူမျှ ရန်မစရဲကြပေ။
အနှိပ်စက်ခံနေရသူ၏ အမည်မှာ ကျိုးပေါ်ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က အကြောင်းအမျိုးမျိုးကြောင့် မျောက်ရူးထံမှ ငွေအချို့ ချေးမိခဲ့သည်။
ထိုမျောက်ရူး၏ ငွေမှာ အလွယ်တကူ ချေးရသည်မဟုတ်ပေ။ သတ်မှတ်ရက် ရောက်သော်လည်း ကျိုးပေါ်အနေဖြင့် ချက်ချင်း ပြန်မဆပ်နိုင်သောအခါ မျောက်ရူးက ကျိုးပေါ်၏ အိမ်ကို အပေါင်ပစ္စည်းအဖြစ် သိမ်းယူလိုခဲ့သည်။
ထိုအိမ်သည် ကျိုးပေါ်၏ ဘိုးဘွားပိုင်အိမ်ဖြစ်ပြီး ဝင်ပေါက်နှစ်ခု၊ ထွက်ပေါက်နှစ်ခုပါသော ကျယ်ဝန်းသည့် ဝင်းခြံကြီး ဖြစ်သည်။
ဈေးကွက်ပေါက်ဈေးအရ အနည်းဆုံး ငွေစင် လေး၊ ငါးရာခန့် တန်ကြေးရှိသည်။
အတိုးအရင်း ပေါင်းလိုက်လျှင်ပင် ကျိုးပေါ်၏ အကြွေးမှာ ငွေစင် တစ်ရာကျော်သာ ရှိသေးသည်။
သို့ဖြစ်ရာ ကျိုးပေါ်အနေဖြင့် မည်သို့ သဘောတူနိုင်ပါမည်နည်း။
သို့သော်လည်း မျောက်ရူးကို မဆန့်ကျင်နိုင်ပေ။
အသေအချာ စဉ်းစားပြီးနောက် ကျိုးပေါ်သည် အိမ်ကို တိတ်တဆိတ် ရောင်းချပြီး ရရှိလာသော ငွေဖြင့် အကြွေးဆပ်ရန် ကြံစည်ခဲ့သည်
မျှော်လင့်မထားသည်မှာ ထိုသတင်းကို မျောက်ရူးက သိသွားခဲ့ခြင်းပင်။
ထို့ကြောင့်လည်း ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားနေရခြင်း ဖြစ်တော့သည်။
"ကျိုးပေါ်... မင်းက ငါနဲ့ အိမ်နီးချင်းဖြစ်နေလို့ ငါက မျက်နှာသာပေးထားတာ မင်းသိတယ်မလား"
မျောက်ရူးက ကျိုးပေါ်၏ ခေါင်းကို ခြေထောက်ဖြင့် နင်းခြေထားရင်း ရက်စက်ကြမ်းကြုတ်စွာ ပြောဆိုလိုက်သည်။ "ဒါပေမဲ့ ငါ့ရဲ့ စိတ်ရှည်မှုကလည်း အကန့်အသတ်ရှိတယ်။ ဒီနေ့ အိမ်ကို ငါ့လက်ထဲ အပ်မလား၊ ဒါမှမဟုတ် မင်းကို သတ်ပစ်တာကို ခံမလား... ကြိုက်တာရွေး”
ထိုအချိန်တွင် ကျောက်ဖေးသည် လူအုပ်ထဲမှ ထွက်လာခဲ့ပြီးဖြစ်သည်။
သူသည် မျောက်ရူးရှိရာသို့ အရှိန်အဟုန်ဖြင့် လှမ်းလျှောက်သွားသည်။
"ရပ်လိုက်တော့"
"မင်းက ဘာလုပ်မလို့လဲ"
အနီးအနားရှိ လူမိုက်အချို့က သူ့ကို ဝိုင်းမေးကြသည်။
မျောက်ရူးပင်လျှင် အနည်းငယ် လန့်သွား၏။
သို့သော် သူဘာမှ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ကျောက်ဖေးသည် သူ့ရှေ့သို့ ရောက်ရှိလာပြီး မျောက်ရူး၏ မျက်နှာတည့်တည့်ကို အားပါပါဖြင့် တစ်ချက် ထိုးနှက်လိုက်လေသည်။
"အား..."
မျောက်ရူးမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ကာ နောက်သို့လန်ပြီး မြေကြီးပေါ်သို့ လဲကျသွားတော့သည်။
သူ၏ နှာခေါင်းရိုးသည် ချိုင့်ဝင်သွားပြီး သွေးများ၊ မျက်ရည်များနှင့် နှာရည်များ ရောထွေးကာ မျက်နှာတစ်ခုလုံး ပေပွသွားသည်မှာ ကြည့်မကောင်းအောင်ပင် သနားစဖွယ် ဖြစ်သွားရသည်။
၎င်းကိုမြင်တော့ ဘေးကလူမိုက်များ ထိတ်လန့်သွားပြီး အလိုအလျောက် နောက်ဆုတ်သွားကြသည်။
မျောက်ရူးက မြေကြီးပေါ်မှ လူးလဲထရင်း "မင်းတို့အားလုံး သေကုန်ပြီလား။ သတ်စမ်း... သူ့ကို အသေသတ်ကြစမ်း..." ဟု အော်ဟစ်အမိန့်ပေးတော့သည်။
သူ့စကားမဆုံးခင်မှာပင် ကျောက်ဖေးက နောက်ထပ်တစ်ချက် ထပ်ကန်လိုက်ပြန်သည်။
မျောက်ရူးသညိ အသည်းအသန် ရှောင်လိုက်သော်လည်း ပုခုံးကို ထိမှန်သွားသဖြင့် လူမှာ ယိုင်ထိုးကာ မြေကြီးပေါ်သို့ ဒုတိယအကြိမ် ပြန်လဲကျသွားရပြန်သည်။
ထိုအချိန်တွင် လူမိုက် ၅ ယောက်မှာလည်း ဟိုတစ်စု၊ ဒီတစ်စုဖြင့် ပြေးဝင်လာကြသည်။
ကျောက်ဖေးသည် တစ်ယောက်တည်းဖြစ်သော်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ တောင်ဖြိုလက်သီး ၃၆ ကွက်ကို ထုတ်ဖော်
လိုက်သည်။
သူ၏ လှုပ်ရှားမှုများသည် လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး လက်သီးချက်များမှာလည်း မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လှကာ လက်သီးတစ်ချက်ချင်းစီတိုင်းတွင် လေတိုးသံများပင် ထွက်ပေါ်နေသည်။
ထိုလူမိုက် ၅ ယောက်မှာလည်း သိုင်းပညာ အနည်းငယ် တတ်မြောက်ထားပုံရပြီး အတန်ငယ် ကျွမ်းကျင်ကြသော်လည်း ကျောက်ဖေးနှင့် ယှဉ်ရန်မှာ အလှမ်းဝေးလွန်းလှသည်။
ကျောက်ဖေးသည် သိုင်းသင်တန်းတက်ပြီး ၃ ရက်အတွင်းမှာပင် တောင်ဖြိုလက်သီးကို ကျွမ်းကျင်ခဲ့ပြီး ကျန်ရှိသည့် ၇ ရက်အတွင်းတွင် အသားကျအောင် လေ့ကျင့်ထားပြီးဖြစ်ရာ ယခုအခါ၌ သူ၏ လှုပ်ရှားမှုများမှာ သဘာဝအတိုင်းပင် ဖြစ်နေပြီဖြစ်သည်။
"ဗုန်း... ဗုန်း... ဗုန်း..."
ကျောက်ဖေးသည် သိုးအုပ်ထဲရောက်နေသော ကျားတစ်ကောင်ကဲ့သို့ပင်။ ခေတ္တအတွင်းမှာပင် လူမိုက် ၅ ယောက်စလုံး မြေကြီးပေါ်တွင် ခွေခေါက်လဲကျကုန်တော့သည်။
မျောက်ရူးသည် အနိုင်နိုင် လူးလဲထလာသော်လည်း ရှေ့သို့မတိုးရဲတော့ဘဲ "မင်း... မင်းက ဘယ်သူလဲ" ဟုသာ ခြိမ်းခြောက်သည့်လေသံဖြင့် မေးလိုက်နိုင်သည်။
ကျောက်ဖေးက တည်ငြိမ်စွာဖြင့် "ငါက အိမ်လာကြည့်တာပေါ့။ ကျိုးပေါ်က ဒီအိမ်ကို ငါ့ကို ရောင်းထားပြီးပြီ။ အခု မင်းက ငါ့အိမ်ကို လုဖို့ ကြိုးစားနေတာလား။ ပြောစမ်း... မင်း အထိုးခံရတာ မတန်ဘူးလား"
"ဘာ..."
မျောက်ရူးက ကျိုးပေါ်ကို သံသယများဖြင့် လှည့်ကြည့်ကာ "ကျိုးပေါ်က မင်းကို ဘယ်တုန်းက အိမ်ရောင်းလိုက်တာလဲ။ ငါ ဘာလို့ မသိရတာလဲ" ဟု မယုံကြည်နိုင်စွာ မေးသည်။
ကျောက်ဖေးက "မင်းက ဘာမို့လို့ အကုန်လုံးကို သိနေရမှာလဲ" ဟု ပြန်ပြောလိုက်သည်။
မျောက်ရူးက ဒေါသတကြီးဖြင့် "ကလေး... မင်း အရမ်း မောက်မာမနေနဲ့။ ငါ့ယောက်ဖက ဘယ်သူလဲဆိုတာ မင်းသိလား" ဟု ဟိန်းဟောက်လိုက်သည်။
ကျောက်ဖေး ဘာမှပြန်မပြောခင်မှာပင် "ငါပြောပြလိုက်မယ်... ဝံပုလွေနက်ဂိုဏ်းရဲ့ ခေါင်းဆောင် ကျောက်သုန်းလေ့က ငါ့ယောက်ဖပဲ။ မင်းတို့ ပျံလွှားသိုင်းသင်တန်းကျောင်းက ဆရာတွေတောင် သူ့ကို မျက်နှာသာပေးရတယ်။ ငါ့ယောက်ဖက မြို့နယ်အုပ်ချုပ်သူရဲ့ စားပွဲဝိုင်းမှာတောင် ထိုင်ရတဲ့သူကွ"
"ကလေး... မင်း ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့တော့..."
သူ့စကားမဆုံးခင်မှာပင် ကျောက်ဖေးက လက်သီးကို မြှောက်လိုက်၏
မျောက်ရူးသည် ထိတ်လန့်သွားပြီး လှည့်ပြေးတော့သည်။
သို့သော် ဘယ်ကို ပြေးလွတ်နိုင်ပါမည်နည်း။
သူလှည့်ပြေးလျှင်ပြေးချင်း ကျောက်ဖေးက အမီလိုက်ကာ လက်သီးတစ်ချက်ဖြင့် မြေကြီးပေါ် မှောက်ရက်လဲကျအောင် လုပ်လိုက်၏
နောက်ထပ် လက်သီးချက်အချို့ကိုလည်း ဆင့်တိုက် ထိုးလိုက်ပြန်သည်။
မျောက်ရူးမှာ အရှိန်အဝါ ပြစရာလည်း မရှိတော့ဘဲ အော်ဟစ်ရင်း အသက်ချမ်းသာပေးရန်သာ တောင်းပန်တိုးလျှိုးနေတော့သည်။
ကျောက်ဖေးက ထိုးနှက်နေခြင်းကို ရပ်လိုက်ပြီး လှောင်ပြောင်ကာ ပြောလိုက်သည်။ "မင်းကို လွှတ်ပေးဖို့က လွယ်ပါတယ်။ မင်းမှာရှိတဲ့ ငွေအားလုံးကို ထုတ်ပေးလိုက်၊ ဒါက ဒီနေ့အတွက် မင်းသင်ခန်းစာယူဖို့ပဲ"
မျောက်ရူးသည် တုန်တုန်ရင်ရင်ဖြင့် အိတ်ကပ်ထဲမှ ငွေအိတ်ကို အမြန်ထုတ်ပေးရင်း "ဒါ... ဒါတွေ အကုန်ပါပဲ" ဟု ပြောရှာတော့သည်။
ကျောက်ဖေးသည် ငွေအိတ်ကို သိမ်းဆည်းလိုက်ပြီးနောက် ကျန်ရှိသော လူမိုက်များကိုပါ တစ်ယောက်မကျန် ရှာဖွေလိုက်ရာ စုစုပေါင်း ငွေစင် ဆယ်ဂဏန်းထက်မနည်း ရရှိခဲ့သည်။
ထိုအခါမှသာ ထိုလူမိုက်တစ်သိုက်ကို အရှက်တကွဲ အကျိုးနည်းဖြင့် ထွက်ခွာခွင့် ပေးလိုက်တော့သည်။
ကျိုးပေါ်သည် ဇနီးဖြစ်သူ၏ အကူအညီဖြင့် ထူမတ်လာပြီးနောက် ကျောက်ဖေး၏ရှေ့တွင် ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုလေသည်။ "ကျေးဇူးရှင်ကြီး... ကျွန်တော့်ကို ကယ်တင်ပေးတာ တကယ်ပဲ ကျေးဇူးတင်ပါတယ်။ အကယ်၍ ကျေးဇူရှင်သာ မရှိခဲ့ရင် ဒီနေ့ ကျွန်တော့်အသက် ဒီမှာတင် ဆုံးရှုံးရတော့မယ် ထင်ပါရဲ့..."
သို့သော်လည်း ကျောက်ဖေးသည် သူ့ကို အသာအယာ ဆွဲထူလိုက်ပြီး ဒူးထောက်ခွင့်မပြုခဲ့ပေ။
ကျောက်ဖေးက ခပ်ဖွဖွ ပြုံးလိုက်ရင်း “ဒီလိုလုပ်ဖို့ မလိုပါဘူး။ နောက်ပြီး... ကျွန်တော် တကယ်ပဲ အိမ်ဝယ်ဖို့ လာခဲ့တာပါ" ဟု ပြောလိုက်သည်။
"ဗျာ..."
ကျိုးပေါ်နှင့် သူ၏ဇနီးဖြစ်သူတို့မှာ အံ့အားသင့်ကာ မှင်သက်သွားကြတော့သည်။