အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
အခန်း (၂၂) မုန်တိုင်း
နာရီဝက်ခန့် ကြာပြီးနောက်
ကျောက်ဖေးသည် ကျိုးပေါ်တို့ ဇနီးမောင်နှံ ထွက်ခွာသွားသည်ကို ကြည့်ကာ ကျန်ရစ်ခဲ့သည်။
ယခုအချိန်မှစ၍ ဤအိမ်ကြီးမှာ ယာယီအားဖြင့် သူ၏ပိုင်ဆိုင်မှု ဖြစ်လာခဲ့လေပြီ။
သို့သော်လည်း ကျောက်ဖေးက အပိုင်ဝယ်ယူလိုက်ခြင်းမျိုးတော့ မဟုတ်သေးပေ။
အကြောင်းမှာ ဈေးကွက်ပေါက်ဈေးအရ ဝင်ပေါက်နှစ်ခု၊ ဝင်းခြံနှစ်ခုပါသည့် ဤစံအိမ်ကြီးမှာ ငွေစင် လေးရာကျော်ခန့် တန်ကြေးရှိသောကြောင့် ဖြစ်သည်။
ကျောက်ဖေး၏ လက်ထဲတွင်မူ မျောက်ရူးနှင့် လူမိုက်များထံမှ နှိုက်ယူထားသော ငွေစင် ဆယ်ဂဏန်းခန့်သာ ရှိသေးသည်။
မူလက ကျောက်ဖေးသည် ထိုငွေစင် ဆယ်ဂဏန်းဖြင့်ပင် အိမ်ကို အငှားချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
တစ်လလျှင် ငွေစင် သုံးဆယ်နှုန်းဖြင့်ဆိုလျှင် အနည်းဆုံး လေးလခန့် ငှါးရမ်းနေထိုင်နိုင်သည်။
သို့သော် ကျိုးပေါ်က ကျောက်ဖေးပေးသည့် အိမ်ငှားခကို လက်မခံဘဲ သူနေချင်သလောက်သာ နေရန် ပြောခဲ့သည်။
နောင်တွင် ငွေအလုံအလောက်ရ၍ အိမ်ကို အပိုင်ဝယ်လိုပါကလည်း ကျောက်ဖေးကိုသာ ဦးစားပေး ရောင်းချမည်ဟု ကတိပေးခဲ့သေးသည်။
ကျိုးပေါ်တို့ ဇနီးမောင်နှံမှာမူ နယ်ဘက်ရှိ ဆွေမျိုးများထံသို့ ခေတ္တရှောင်တိမ်းသွားကြသည်။
သူတို့သည် မျောက်ရူးကို ရန်စမိထားပြီး မျောက်ရူး၏ နောက်ကွယ်တွင်လည်း ဝံပုလွေနက်ဂိုဏ်းရှိနေသောကြောင့် ပြဿနာများ မပြေလည်မချင်း မြို့ထဲတွင် ဆက်နေရန် မဝံ့ရဲကြတော့ပေ။
ကျောက်ဖေးသည် ခြံတံခါးကို ပိတ်လိုက်ပြီး ကျိုးပေါ်တို့၏ အိပ်ခန်းထဲသို့ ဝင်ကာ ဗီရိုထဲမှ အဝတ်ဟောင်း သုံးစုံကို ရှာဖွေထုတ်ယူလိုက်သည်။
စိတ်အာရုံတစ်ခု စေခိုင်းလိုက်သည်နှင့်
သူ၏ရှေ့တွင် ကိုယ်ပွားသုံးခု ချက်ချင်း ပေါ်လာတော့သည်။
မြို့အနောက်ဘက်ရှိ ဤနေရာသည် မြို့၏ အခြားနေရာများနှင့်စာလျှင် အတန်ငယ် အလှမ်းဝေးသည့်အပြင် အိမ်ဝင်းမှာလည်း ကျယ်ဝန်းလှသဖြင့် သူ၏ ဒုတိယမြောက် ယာယီအခြေစိုက်စခန်းအဖြစ် အသုံးပြုရန် အလွန်သင့်တော်ပေသည်။
ကိုယ်ပွါးသုံးခုသည် အဝတ်အစားများ လဲလှယ်ဝတ်ဆင်လိုက်ကြပြီး မျက်လုံးကိုသာ ဖော်ထားကာ ကျန်မျက်နှာတစ်ခုလုံးကို အမည်းရောင် ပုဝါများဖြင့် ဖုံးအုပ်လိုက်ကြသည်။
ရုပ်ဖျက်ခြင်းဆိုင်ရာ လျှို့ဝှက်ပညာရပ်များကို မတတ်မြောက်သေးမီအထိ ကျောက်ဖေးအနေဖြင့် ဤနည်းလမ်းကိုသာ အသုံးပြုရမည်ဖြစ်သည်။
သို့မှသာ သူ၏ မူလရုပ်သွင်ကို သူစိမ်းများ မမြင်နိုင်ဘဲ မတော်တဆ ဝိသေသလက္ခဏာ ပေါက်ကြားသွားခြင်းမှ ကာကွယ်နိုင်မည် မဟုတ်ပါလော
ပြင်ဆင်ပြီးနောက် ကိုယ်ပွါးသုံးခုသည် အခန်းအသီးသီးသို့ ခွဲခွာသွားကြပြီး လေဟုန်စီး အနေအထားကို စတင်ကျင့်ကြံကြတော့သည်။
ကျောက်ဖေးသည် ယခုအခါ တောင်ဖြိုလက်သီး ၃၆ ကွက်ကို ကျွမ်းကျင်နေပြီဖြစ်ရာ လိုအပ်သည်မှာ အသားကျစေရန် လေ့ကျင့်ဖို့သာ ကျန်တော့သည်။
ကျောက်ဖေးသည် လေဟုန်စီး အနေအထားကို အာရုံစိုက် လေ့ကျင့်ပြီး တတိယအဆင့်သို့ အမြန်ဆုံး ရောက်ရှိရန် မျှော်လင့်ထားသည်။
ဤအနေအထားသည် အဆင့်မြင့်လေလေ၊ သွေးသားအင်အားကို ပြုစုပျိုးထောင်ရာတွင် ပိုမိုထိရောက်လေလေ ဖြစ်သည်။
ထို့အပြင် ကျောက်ဖေးသည် ယခုအခါ ဤနေရာသို့ အချိန်မရွေးလာ၍ သူ၏ ကိုယ်ပွားများကို အသစ်လဲလှယ်နိုင်ပြီဖြစ်ရာ ကိုယ်ပွါးသုံးခုစလုံးသည် စားစရာ၊ နားစရာမလိုဘဲ သိုင်းပညာကိုသာ တစ်နေ့လုံး တစ်ညလုံး အချိန်ပြည့် လေ့ကျင့်နိုင်ကြမည်ဖြစ်သည်။
ကျန်ရှိသော ကိုယ်ပွါးနှစ်ခုအနက်
ကျောက်ဖေးသည် ကိုယ်ပွားတစ်ခုကို ဝမ်သာရှန်း၏ တောင်ပေါ်အိမ်တွင် ထားခဲ့သည်။
ဤသည်မှာ ကိုယ်ပွားအားလုံးကို တစ်နေရာတည်းတွင် မထားရှိဘဲ ဘေးကင်းစေရန် စီစဉ်ခြင်းဖြစ်သည်။
အကယ်၍ ကိုယ်ပွားအားလုံး တစ်ပြိုင်နက် ချေမှုန်းခံရပြီး မူလကိုယ်ထည်မှာလည်း ထွက်ပြေးရန် အချိန်မရပါက နောင်တရရန်ပင် အချိန်ရှိတော့မည် မဟုတ်ပေ။
အခြားကိုယ်ပွားတစ်ခုမှာမူ မိုးမခမြို့တွင် ကျောက်ဖေး၏ နောက်ထပ် အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ရန် ကျန်ရစ်ခဲ့သည်။
မိုးမခမြို့
ချန်မိသားစု ဆေးဆိုင်
ကျောက်ဖေးကိုယ်ပွားသည် ဆေးဆိုင်မှ ဆေးဆရာကြီး ချန်ကျိုဖျင်ထံသို့ လက်ဆောင်ပစ္စည်းတစ်ခု ယူဆောင်ကာ သွားရောက်တွေ့ဆုံခဲ့သည်။
ဆရာကြီးချန်သည် အသက် ၅၀ ကျော်ပြီဖြစ်သော်လည်း သူ့ကိုယ်သူ ကောင်းစွာ ထိန်းသိမ်းထားနိုင်သူဖြစ်ရာ ဆံပင်ဖြူတစ်ပင်မျှ မရှိသလို မျက်နှာတွင်လည်း အရေးအကြောင်းများ မတွေ့ရသလောက်ပင်။
ကျောက်ဖေးက သူလာရသည့် အကြောင်းရင်းမှာ ဆေးပညာ လေ့လာလို၍ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ချန်ကျိုဖျင်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပင် "ငါလည်း အသက်ကြီးပြီ၊ တခြားကိစ္စတွေနဲ့လည်း အလုပ်ရှုပ်နေတာဆိုတော့ တပည့်အသစ်တွေ သင်ပေးဖို့ တကယ်ပဲ အင်အားမရှိတော့ဘူး။ မင်း တခြား တော်တဲ့သူတစ်ယောက်ယောက်ကိုသာ ရှာကြည့်ပါဦး" ဟု ပြောလိုက်သည်။
ကျောက်ဖေးက "ဆရာကြီးချန်... ကျွန်တော့်ကို အထင်မလွဲပါနဲ့။ ကျွန်တော်က ဆရာကြီးရဲ့ တပည့်အရင်းအဖြစ် ခံယူချင်တာ မဟုတ်ပါဘူး။ ဆေးပညာကို အရမ်းစိတ်ဝင်စားလို့ ဆရာကြီးဆီကနေ လမ်းညွှန်မှုအချို့ ရချင်ရုံသက်သက်ပါ”
“ပြီးတော့ ဆရာကြီးဆီမှာ အလကား သင်ယူမှာလည်း မဟုတ်ပါဘူး။ ဒါကတော့ ပထမဆုံးလအတွက် ကျွန်တော့်ရဲ့ သင်တန်းကြေးပါ"
ပြောရင်း သူယူဆောင်လာသော လက်ဆောင်သေတ္တာကို ဖွင့်ပြလိုက်သည်။
သေတ္တာထဲတွင် နှင်းပွင့်ပုံသဏ္ဌာန် ပါရှိသော ငွေစင် ၁၀ခု ရှိနေသည်။
ချန်ကျိုဖျင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကာ "မင်း ခုနက ပြောတာ... ဒါက တစ်လစာ သင်တန်းကြေး ဟုတ်လား" ဟု မေးတော့သည်။
ကျောက်ဖေးက ခေါင်းညိတ်ပြီး "မှန်ပါတယ်။ တစ်လကို ငွေစင် ၁၀ ခုပါ။ နောက်လတွေမှာလည်း ဒီအတိုင်းပဲ လစဉ် ပေးသွားမှာပါ" ဟု ဆိုသည်။
ငွေစင် ၁၀ ခုဆိုသည်မှာ မနည်းလှသော ပမာဏဖြစ်သည်။
ဤလောက၏ ကုန်ဈေးနှုန်းအရဆိုလျှင် သာမန် မိသားစုသုံးဦး တစ်နှစ်ပတ်လုံး သုံးစွဲနိုင်သည့် ပမာဏပင်။
ကျန်းလင်းခရိုင်ရှိ နာမည်ကြီး သိုင်းသင်တန်းကျောင်းအချို့၏ သင်တန်းကြေးမှာပင် တစ်လလျှင် ၁၀ ခုခန့်သာ ရှိသည်။
တစ်လလျှင် ၁၀ ခုရမည်ဆိုပါက တစ်နှစ်လျှင် ၁၂၀ အထိ ရရှိမည် မဟုတ်ပါလော
ဆေးပညာ လေ့လာခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ကြောင်း ချန်ကျိုဖျင် ကောင်းကောင်းသိသည်။ သူငယ်စဉ်က ဖခင်ဖြစ်သူထံတွင် ဆေးပညာသင်ယူစဉ်က ဆေးပင် အဘိဓာန်စာအုပ်တစ်အုပ်တည်းကို အလွတ်ရရန်ပင် လပေါင်းများစွာ အချိန်ယူခဲ့ရပြီး ခေါင်းမူးခေါင်းနောက် ဖြစ်ခဲ့ရဖူးသည်။
ကျောက်ဖေးအနေဖြင့် သူ၏ ဆေးပညာများကို တတ်မြောက်ရန်အတွက် အနည်းဆုံး ၁၀ နှစ်၊ ၈ နှစ်ခန့် အချိန်ယူရလိမ့်မည်ဟု သူ ယူဆလိုက်သည်။
အကယ်၍ ထိုအတိုင်းသာဆိုလျှင် သူသည် ဆေးပညာသင်ပေးရင်းနှင့်ပင် သူဌေးကြီး ဖြစ်သွားနိုင်ပေတော့မည်။
"အဟမ်း... မင်းက တကယ်ကို ရိုးသားဖြူစင်တာပဲ။ ကောင်းပြီလေ... ဒါဆိုရင်တော့ ငါက ချွင်းချက်အနေနဲ့ မင်းကို လက်ခံပေးပါ့မယ်"
ချန်ကျိုဖျင်က နှစ်ချက်ခန့် ချောင်းဟန့်လိုက်ပြီး တည်ကြည်လေးနက်သော လေသံဖြင့် ဆိုသည်။ "ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားမယ်။ ငါကတော့ သင်ပေးနိုင်တယ်၊ ဒါပေမဲ့ မင်း တတ်မတတ်ဆိုတာကတော့ မင်းရဲ့ ကြိုးစားအားထုတ်မှုပေါ်မှာပဲ လုံးဝမူတည်တယ်"
ကျောက်ဖေးက ခေါင်းညိတ်ပြလိုက်ပြီး "ဒီတပည့် နားလည်ပါပြီခင်ဗျာ" ဟု ပြန်ပြောလိုက်သည်။
ကိုယ်ပွားသုံးခုကို အသီးသီး နေရာချထားပေးပြီးနောက် ကျောက်ဖေးသည် သိုင်းသင်တန်းကျောင်းသို့ ပြန်လာခဲ့သည်။
ယခုအခါ သူသည် သိုင်းသင်တန်းကျောင်းအတွင်း လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရရှိထားပြီဖြစ်သော်လည်း ထိုနေရာတွင် လုံးဝမရှိဘဲ နေ၍မဖြစ်ပေ။
အကယ်၍ ဆရာ လီကမ်းက သူ့ကို သိုင်းပညာလေ့လာရာတွင် ပျော့ညံ့လာပြီး အပြင်မှာပဲ အချိန်ဖြုန်းနေသည်ဟု ထင်မြင်သွားကာ ဝင်ထွက်ခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်လျှင် အလွန်ခက်ခဲသွားပေလိမ့်မည်။
အခြားတစ်ဖက်တွင်လည်း သိုင်းသင်တန်းကျောင်း၏ ထမင်းစားဆောင်မှာ အစားအသောက်များသာမက သွေးအားဖြည့် ကိုယ်ခန္ဓာသန်စွမ်းစေသော ဟင်းရည်များကိုပါ ထောက်ပံ့ပေးထားသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကျောက်ဖေးသည် ထိုဟင်းရည်ကို ထမင်းစားတိုင်းလိုလို သောက်သုံးခဲ့ပြီး တစ်ခါတစ်ရံတွင် နှစ်ပန်းကန်အထိပင် သောက်ခဲ့သည်။
သူသောက်သုံးခဲ့သည့် ဆေးဖက်ဝင် အစားအစာများကြောင့် သွေးသားစီးဆင်းမှု ကို တိုက်ရိုက် မခံစားရသေးသော်လည်း သူ့ကိုယ်သူ တက်ကြွလန်းဆန်းနေပြီး ခန္ဓာကိုယ်အတွင်း သွေးသားအင်အားများ ပြည့်ဝနေသည်ဟု ခံစားနေရသည်။
သိုင်းသင်တန်းကျောင်း၏ တစ်ခုတည်းသော အားနည်းချက်မှာ လူအယောက် ၂၀ စုပြုံအိပ်ရသည့် အိပ်ဆောင်များမှာ တကယ်ကို ဆိုးရွားလွန်းခြင်းပင်။
ကျောက်ဖေး နံပါတ် (၂) လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာချိန်တွင် ဆရာလီကမ်းသည် တပည့်များကို လမ်းညွှန်ပြသနေသည်နှင့် အမှတ်မထင် ဆုံမိလေသည်။
သူ့ကို မြင်လိုက်ရသောအခါ လီကမ်း မျက်နှာမှာ မသာမယာ ဖြစ်သွားတော့သည်။
"ကျောက်ဖေး... တစ်နေကုန် မင်းကို သိုင်းသင်တန်းကွင်းထဲမှာ သိုင်းကျင့်နေတာ မတွေ့ရပါလား။ သိုင်းသမားတစ်ယောက်ဖြစ်ပြီး ဒီလောက်တောင် ပျင်းရသလား”
လီကမ်း၏ကြိမ်းမောင်းသံမှာ အတော်လေး ပြတ်သားလှသည်။
သို့သော် ဤသည်မှာလည်း တပည့်ဖြစ်သူအပေါ် ထားရှိသည့် ချစ်ခင်မှုနှင့် မျှော်လင့်ချက် မြင့်မားမှုတို့ကြောင့်ပင် ဖြစ်သည်။
"တပည့် မှားသွားတာ သိပါပြီ ဆရာ"
ကျောက်ဖေးက အပြစ်ကို ဝန်ခံလိုက်သည်။
သူ ဘာမှ ဆင်ခြေမပေးလိုတော့ပေ။ အကယ်၍ သူက ရှင်းပြနေလျှင် လီကမ်းသည် ယင်းကို အကြောင်းပြချက်တစ်ခုဟု ထင်မြင်ကာ ပို၍ ဒေါသထွက်လာနိုင်သောကြောင့် ဖြစ်သည်။
"ထားလိုက်ပါတော့လေ... အထင်လွဲခံရတာလည်း ကိစ္စမရှိပါဘူး။ နောက်ခါကျရင်တော့ ပိုပြီး သတိထားရမယ်။ ရလဒ်တွေကပဲ သက်သေပြပါလိမ့်မယ်" ဟု သူတွေးလိုက်သည်။
ကျောက်ဖေးက အပြစ်ကို အလွယ်တကူ ဝန်ခံလိုက်သည်ကို မြင်သောအခါ လီကန်းသည် ဘာဆက်ပြောရမှန်း မသိတော့ဘဲ ဒေါသကို အံကြိတ်ကာ အေးစက်စက်ဖြင့်” ကဲ... လေဟုန်စီး အနေအထားကို တစ်ခေါက်လောက် ကျင့်ပြစမ်း။ မင်း ဘယ်လောက်အထိ တိုးတက်လာလဲဆိုတာ ငါကြည့်ချင်တယ်"
"ဟုတ်ကဲ့ပါ ဆရာ"
ကျောက်ဖေးသည် လေဟုန်စီး အနေအထား၏ အစပျိုးပုံစံကို ယူလိုက်ပြီး ထိုနေရာတွင်ပင် စတင်ကျင့်ကြံပြတော့သည်။
သူသည် ခြေထောက်နှစ်ဖက်ကို မြေပြင်ပေါ်တွင် သဘာဝအတိုင်း ချထားပြီး လက်အစုံမှာ လေညင်းကို စီးနင်းနေသကဲ့သို့ အေးဆေးညင်သာစွာ လှုပ်ရှားနေကာ အသက်ရှူနှုန်းမှာလည်း ရှည်လျားပြီး မှန်ကန်နေသည်။
မမြင်ရသော လေပြေနုနုကလေးတစ်ခုက သူ၏ ဝတ်ရုံစများကို အနည်းငယ် တုန်ခါသွားစေသည်။
ဤသည်မှာ လေဟုန်စီး အနေအထား၏ ပထမအဆင့်ဖြစ်သော လေစတင်တိုက်ခတ်ခြင်း၏ နိမိတ်လက္ခဏာပင် ဖြစ်သည်။
ကျောက်ဖေးက လေဟုန်စီး အနေအထား၏ ဒုတိယမြောက် လှုပ်ရှားမှုသို့ ပြောင်းလဲလိုက်သောအခါ
မိုးကုပ်စက်ဝိုင်းဆီမှ လေပြေနုနုကလေးတစ်ခု တိုက်ခတ်လာသည်။
ထိုအချိန်တွင် ကျောက်ဖေး၏ စိတ်ထဲ၌ လျှပ်ခနဲ အသိဉာဏ်တစ်ခု ပွင့်လင်းသွားပြီး တစ်စုံတစ်ခုကို သဘောပေါက် နားလည်သွားခဲ့သည်။
သူသည် အလိုအလျောက်ပင် သူ၏ စိတ်အာရုံကို လေနှင့် တစ်သားတည်းဖြစ်အောင် ပေါင်းစပ်လိုက်ပြီး သဘာဝလေညင်း၏ စီးဆင်းမှုကို ခံစားကာ ၎င်း၏ စွမ်းအားကို အသုံးပြု၍ သူ၏ သွေးသားစီးဆင်းမှုကို မြှင့်တင်လိုက်သည်။
အနီးနားရှိ လေထုမှာလည်း မမြင်ရသော အင်အားတစ်ခုကြောင့် လှုပ်ခတ်လာပြီး သူ့ကို ဝန်းရံလျက် အားနည်းသော လေစီးကြောင်းတစ်ခု ဖြစ်ပေါ်လာလေတော့သည်။
လေစီးကြောင်းသည် တဖြည်းဖြည်း ပြင်းထန်လာပြီး လေဆင်နှာမောင်းငယ်တစ်ခုသဏ္ဌာန် ဖြစ်ပေါ်လာရာ ကျောက်ဖေး၏ အဝတ်အစားများနှင့် ဆံပင်များမှာ တဖျတ်ဖျတ် လွင့်ခါနေတော့သည်။
ထိုအခိုက်အတန့်မှာပင် ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီလှည့်ပတ်မှုသည် အရေးကြီးသော အမှတ်တစ်ခုကို နောက်ဆုံးတွင် ကျော်ဖြတ်သွားနိုင်ခဲ့ပြီး ပိုမိုမြန်ဆန်ကာ အားကောင်းမောင်းသန် ဖြစ်လာခဲ့သည်။
လီကမ်းမှာမူ မြင်တွေ့လိုက်ရသည်ကို လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။
သူ ဘာကို မြင်လိုက်ရသနည်း။
ကျောက်ဖေးသည် သူ၏ မျက်စိရှေ့မှာတင် လေဟုန်စီး အနေအထား၏ ဒုတိယအဆင့်ဖြစ်သော လေလှိုင်းထန်ခြင်းသို့ အမှန်တကယ် ချိုးဖျက်ရောက်ရှိသွားခြင်းပင်။
လီကမ်သည် လေတိုက်ခတ်ခြင်း အဆင့်မှ လေလှိုင်းထန်ခြင်း အဆင့်သို့ ရောက်ရှိရန် နှစ်လကျော်ကြာ အချိန်ယူခဲ့ရသည်ကို သူကိုယ်တိုင် အသေအချာ မှတ်မိနေသည်။
သို့သော် ကျောက်ဖေးမှာမူ သုညကနေ စတင်ခဲ့ပြီး ဆယ်ရက်အတွင်းမှာတင် အဆင့်နှစ်ဆင့်စလုံးကို ချိုးဖျက်ကာ လေလှိုင်းထန်ခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ကျောက်ဖေးသည် လေ့ကျင့်ခန်းကို အဆုံးသတ်လိုက်သောအခါ လီကမ်း၏စိတ်ထဲမှ မကျေနပ်မှုများမှာ အရည်ပျော် ပျောက်ကွယ်သွားပြီး ပြုံးရွှင်သောမျက်နှာဖြင့်
"ကောင်းတယ်... တကယ်ကို မဆိုးဘူး၊ မင်း လေဟုန်စီး အနေအထားကို ဒီလောက်မြန်မြန် တိုးတက်အောင် လုပ်နိုင်လိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားမိဘူး" ဟု ချီးကျူးစကား ဆိုလိုက်တော့သည်။
သူ၏ သိုင်းပညာစွမ်းရည်သည် အဆင့်တစ်ခုသို့ ချိုးဖျက်တက်လှမ်းနိုင်ခဲ့သဖြင့် ကျောက်ဖေးလည်း စိတ်ထဲတွင် တိတ်တဆိတ် ဝမ်းသာပီတိဖြစ်နေမိသည်။
သို့သော် သူသည် လီကမ်းလောက်တော့ အံ့ဩမနေပေ။
အကြောင်းမှာ သူသည် ပထမအဆင့်၏ ပြည့်စုံခြင်းသို့ ရောက်ရှိနေပြီဟု ကြိုတင်ခံစားနေရပြီးဖြစ်ရာ ယခုကဲ့သို့ ချိုးဖျက်နိုင်ခြင်းသည် သဘာဝအလျောက် ဖြစ်ပေါ်လာသည့် တိုးတက်မှုတစ်ခုသာ ဖြစ်သည်ဟု သူမှတ်ယူထားသောကြောင့် ဖြစ်သည်။
အခန်း ၂၃ - အောက်တန်းစားဆန်မှု
လီကမ်းထွက်ခွာသွားပြီးနောက်...
စွန်းဟူနှင့်အတူ ရှိနေသော တပည့် လေးငါးယောက်တို့သည် ကျောက်ဖေးအနားသို့ ဝိုင်းအုံလာကြပြီး ဂုဏ်ပြုစကားများ ဆိုကြလေသည်။
“စီနီယာအစ်ကိုကြီးကျောက်... ကိုယ်ခံပညာမှာ နောက်ထပ်တစ်ဆင့် တိုးတက်သွားတာ ဂုဏ်ယူပါတယ်ဗျာ။”
“စီနီယာအစ်ကိုကြီးကျောက်ရဲ့ ပါရမီကတော့ တကယ်ကို ကျွန်တော်တို့ လက်လှမ်းမမီနိုင်တဲ့ အဆင့်ပဲ။”
“ဂုဏ်ယူပါတယ် စီနီယာအစ်ကိုကြီးကျောက်...”
“...”
တပည့်မအချို့မှာလည်း ကျောက်ဖေးကို ထူးဆန်းသော မျက်လုံးအစုံဖြင့် ကြည့်နေကြသည်။
သို့သော်လည်း အချို့သော တပည့်များမှာမူ ကျောက်ဖေးအပေါ် မနာလိုဖြစ်နေကြပြီး အထင်အမြင်သေးစွာဖြင့် ရွံရှာဖွယ် အကြည့်များဖြင့် ကြည့်နေကြ၏။
“သိုင်းပညာနောက်လိုက်အဆင့်ပဲရှိသေးတဲ့ အစေခံကောင်... ဝက်တွေ ခွေးတွေထက်တောင် အဆင့်နိမ့်တဲ့ဟာကို ဘာတွေများ ဂုဏ်ယူစရာရှိနေလို့လဲ” တစ်စုံတစ်ယောက်က လေသံတိုးတိုးဖြင့် နှာခေါင်းရှုံ့လိုက်သည်။
လုချင်းဝူမှာမူ ခေတ္တမျှ တွန့်ဆုတ်နေပြီး အနားသို့ တိုးမသွားခဲ့ပေ။
ယနေ့မွန်းလွဲပိုင်း ပြိုင်ပွဲအပြီးတွင် စုန်ယုယောင် တစ်ယောက် ဒေါသတကြီး ပေါက်ကွဲခဲ့သည်။
ထိုအကြောင်းကြောင့်ပင် ကျောက်ဖေး၏ သိုင်းနောက်လိုက် အစေခံဆိုသည့် မူလအထောက်အထားမှာ လူအများရှေ့တွင် အထင်အရှား ပေါ်ထွက်သွားခဲ့ရလေသည်။
လုချင်းဝူ၏ ရင်ထဲတွင် နောင်တအနည်းငယ် ဖြစ်ပေါ်လာမိသည်။
ကျောက်ဖေးသည် သိုင်းပညာသင် အစေခံတစ်ဦးမျှသာ ဖြစ်ကြောင်း စောစောစီးစီး သိခဲ့ပါက နေ့စဉ်နှင့်အမျှ သွေးအားကောင်းစေပြီး ခန္ဓာကိုယ်ကြံ့ခိုင်စေသော စွပ်ပြုတ်များကို အတူတူသောက်ရန် ဖိတ်ခေါ်ခဲ့မည်မဟုတ်ပေ။
သူသည် ငွေကြေးအတွက် နှမြောနေသည်မဟုတ်ဘဲ ကျောက်ဖေးကဲ့သို့ လူမျိုးနှင့် အလွန်အမင်း ရင်းနှီးနေခြင်းက ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး လူရယ်စရာ ဖြစ်လာမည်ကို စိုးရိမ်ခြင်းသာ ဖြစ်သည်။
သူ့ အမြင်တွင် ဤလောက၌ အဆင့်အတန်းနှင့် ရာထူးကသာ အရာရာကို ဆုံးဖြတ်ခြင်း ဖြစ်သည်။
ကျောက်ဖေးသည် မည်မျှပင် ပါရမီထူးချွန်စေကာမူ သူ၏ အစေခံဟူသော မူလဇာစ်မြစ်မှာ ကျော်ဖြတ်၍မရနိုင်သော အတားအဆီးတစ်ခု ဖြစ်နေဆဲပင်။
အစေခံတစ်ဦးသည် မည်မျှပင် စွမ်းဆောင်နိုင်ပါစေ၊ သခင်ဖြစ်သူ၏ စကားတစ်ခွန်းတည်းဖြင့်ပင် မြေမြှုပ်ရန်နေရာ မရှိလောက်အောင် သတ်ဖြတ်ခြင်း ခံရနိုင်ပေ
သည်။
စွန်းဟူနှင့် အခြားသူများ၏ ချီးကျူးဂုဏ်ပြုမှုများကို ကျောက်ဖေးက နှိမ့်ချစွာဖြင့် စကားအနည်းငယ် ပြန်လည်တုံ့ပြန်လိုက်သည်။
သူသည် ခေတ္တမျှ ထပ်မံ လေ့ကျင့်ပြီးနောက် မသိလိုက်ရုံပင် မှောင်ရီပျိုးစ ပြုလာခဲ့ပြီဖြစ်သည်။
ကျောက်ဖေး တစ်ယောက် ထမင်းစားဆောင်သို့ သွားရန် ပြင်နေ၏
ထိုစဉ်မှာပင် မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမည်းနေသော ချန်မင်က လေ့ကျင့်ရေးကွင်းဆီသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာလေသည်။
ချန်မင်က ရုပ်ဆိုးလှသော အပြုံးတစ်ခုကို အတင်းအကျပ် လုပ်ယူရင်း ပြောလိုက်သည် - “ကျောက်ဖေး... သခင်မလေးက မင်းကို ငါ့ရဲ့ သိုင်းပညာကို လမ်းညွှန်ပေးဖို့ ခိုင်းလိုက်တယ်။ နောက်တစ်ကြိမ် ပြိုင်ပွဲမှာ ငါ ထိပ်ဆုံး (၁၀) ယောက်စာရင်းထဲ ဝင်နိုင်အောင်လို့တဲ့။”
အမှန်အတိုင်းဆိုရလျှင် ချန်မင်မှာ လုံးဝ စိတ်မပါပေ။
ကျောက်ဖေးကို သူက ဘယ်လိုလူမျိုးဟု ထင်နေသနည်း။
သူ့နည်းတူပင် စုန်မိသားစု၏ အစေခံမျှသာ ဖြစ်ပြီး သူ့အပေါ်တွင် မည်သည့် အထက်စီးမှ ရယူပိုင်ခွင့် မရှိဟု သူယူဆထားသည်။
သူ၏ ရင်ထဲတွင် ကျောက်ဖေးအပေါ် မနာလိုမှုနှင့် မကျေနပ်မှုများ ပြည့်နှက်နေ၏။
သို့သော်လည်း စုန်ယုယောင်၏ အမိန့်ကိုမူ သူ မလွန်ဆန်ရဲပေ။
အကယ်၍ စုန်ယုယောင်က သူ့ကို နောက်ပြိုင်ပွဲအတွက် ချန်ထားခြင်းသာ မဟုတ်ပါက ယခုအချိန်တွင် သူသည် သခင်မလေး၏ ရိုက်နှက်မှုကြောင့် သေလုမြောပါး ဖြစ်နေလောက်ချေပြီ။
သူသည် စုန်ယုယောင်၏ သတိပေးချက်ကို ပြန်လည် သတိရလိုက်သည်။
အကယ်၍ နောက်ပြိုင်ပွဲတွင် ထိပ်ဆုံး (၁၀) ယောက်စာရင်းဝင်အောင် မစွမ်းဆောင်နိုင်ပါက သူ သေဒဏ်ပေးခံရမည် ဖြစ်သည်။
ချန်မင်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
“အိုး... ဟုတ်လား”
ကျောက်ဖေး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး တည်ငြိမ်စွာပင် ပြောလိုက်သည် - “ဒါဆိုရင် မင်း အရင်ဆုံး တောင်ဖြိုလက်သီး ၃၆ ကွက်ကို အကြိမ် (၁၀) ခါ လေ့ကျင့်ပြဦး။”
“ဘာ...” ချန်မင် မှင်သက်သွားသည်။
ကျောက်ဖေးက စိတ်မရှည်စွာဖြင့် - “တောင်ဖြိုလက်သီး ၃၆ ကွက်ကို (၁၀) ကြိမ် လေ့ကျင့်ခိုင်းနေတာလေ၊ နားမလည်ဘူးလား”
ချန်မင်၏ မျက်လုံးများထဲရှိ တွန့်ဆုတ်မှုကို သူ မြင်နေရသည်။
အမှန်စင်စစ် ကျောက်ဖေးအနေဖြင့်လည်း ချန်မင်ကို လမ်းညွှန်ပေးရန် စိတ်ဆန္ဒမရှိပေ။
သူ ဤသိုင်းကျောင်းသို့ ရောက်သည့်နေ့မှစ၍ ချန်မင်သည် သူ့အပေါ် အေးစက်စွာ ဆက်ဆံခဲ့ပြီး အမြဲတမ်းလိုလို မနှစ်မြို့သော အကြည့်များဖြင့် ကြည့်ခဲ့သည်။
ထို့အပြင် ချန်မင်သည် ကွယ်ရာတွင် သူ့ကို အပုပ်ချပြောဆိုကြောင်း စွန်းဟူတို့ဆီမှလည်း ကြားသိထားပြီး ဖြစ်သည်။
သူသည် သိုင်းပညာသင် အစေခံအဆင့်မှ မလွတ်မြောက်သေးဘဲ စုန်ယုယောင်နှင့် မသင့်မမြတ် မဖြစ်ချင်သေး၍သာ...
သို့မဟုတ်ပါက သူသည် ချန်မင်ကဲ့သို့ လူမျိုးကို လှည့်ကြည့်နေမည် မဟုတ်ပေ။
ယခု ချန်မင် အပြစ်မပေးခံရခြင်းမှာပင် ကံကောင်းလှပြီဟု ဆိုရမည်။
ချန်မင်က သူ၏ ဒေါသကို မျိုသိပ်လိုက်ပြီး “ကောင်းပြီ၊ ကောင်းပြီ... အခုပဲ လေ့ကျင့်မယ်”
သို့သော် သူက ကွင်းလယ်တွင် နေရာယူရန် ပြင်လိုက်စဉ်မှာပင်...
ကျောက်ဖေးမှာမူ သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်တော့ဘဲ စွန်းဟူတို့ အုပ်စုနှင့်အတူ ထွက်ခွာသွားလေသည်။
ချန်မင်က ဒေါသတကြီးဖြင့် ဟစ်အော်လိုက်သည် - “ကျောက်ဖေး... မင်း ဘယ်သွားမလို့လဲ”
ကျောက်ဖေးက - “ထမင်းသွားစားမလို့”
ချန်မင်က ပေါက်ကွဲသွားပြီး “မင်း ငါ့ကို သိုင်းသင်ပေးရမှာ မဟုတ်ဘူးလား၊ ဘာလို့ ထမင်းသွားစားတာလဲ”
ကျောက်ဖေးက လှည့်ပင်မကြည့်ဘဲ အေးဆေးစွာပင် ပြန်ပြောလိုက်သည် “ငါ မင်းကို (၁၀) ကြိမ် လေ့ကျင့်ခိုင်းထားတယ်လေ။ မင်း အရင်ဆုံး လက်သီးကွက်ကို ကျွမ်းကျင်အောင် လုပ်ဦး။ မင်း ပြီးတဲ့အထိ ငါက ဒီအတိုင်း ထိုင်စောင့်နေရမှာလား”
ချန်မင်မှာ ဆွံ့အသွားရသည်။
စွန်းဟူက လှောင်ပြောင်လိုက်သည် “ပြောတာတောင် နားမလည်တဲ့ လူစားမျိုးကို လမ်းညွှန်ပေးနေတာ အချိန်ကုန်တာပဲ အဖတ်တင်မယ်။”
“ဟုတ်ပ...”
အခြားသူများကလည်း ထောက်ခံကြသည်။
သူတို့ ထွက်ခွာသွားစဉ် စွန်းဟူက လုချင်းဝူကို ကြည့်ကာ မေးလိုက်သည် “ငါတို့ ထမင်းသွားစားမလို့၊ မင်း မလိုက်ဘူးလား”
လုချင်းဝူက ခေါင်းခါပြပြီး “သွားကြပါ၊ ငါ နောက်မှ လာခဲ့မယ်”
သူမ စကားပြောနေစဉ် ကျောက်ဖေးဘက်သို့ တစ်ချက်မျှပင် လှည့်မကြည့်တော့ပေ။
စွန်းဟူသည် လုချင်းဝူ၏ အမူအရာကို ကြည့်ပြီး တစ်ခုခုကို ရိပ်မိသွားကာ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ဘာမှ ထပ်မပြောတော့ပေ။
သူနှင့် လုချင်းဝူမှာ ငယ်သူငယ်ချင်းများဖြစ်၍ သူ၏ စရိုက်ကို ကောင်းကောင်းသိသည်။
လုချင်းဝူ၏ အောက်တန်းစားဆန်သော အပြုအမူကို သူ မနှစ်မြို့သော်လည်း
လူတိုင်းတွင် ကိုယ်ပိုင် ရွေးချယ်မှု ရှိကြသည်သာ ဖြစ်၏။
ကျောက်ဖေးကို ဝိုင်းရံကာ ရယ်ရယ်မောမောဖြင့် နံပါတ် (၂) လေ့ကျင့်ရေးကွင်းမှ ထွက်ခွာသွားကြ၏
ထိုအုပ်စုကို ကြည့်ရင်း... ချန်မင်၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းနေကာ ရင်ထဲတွင် မီးဟုန်းဟုန်း တောက်နေတော့သည်။
“ကောင်းပြီလေ... ကောင်းပြီ... မင်း ငါ့ကို လမ်းမပြဘူးပေါ့။ အခုချက်ချင်း သခင်မလေးဆီသွားပြီး တိုင်ပစ်မယ်။ မင်း နောင်တရစေရမယ်”
ချန်မင် သွားကြိတ်လိုက်သည်။
သူသည် လေ့ကျင့်နေမှုကို ရပ်တန့်လိုက်ပြီး ထော့နဲ့ထော့နဲ့ဖြင့် လေ့ကျင့်ရေးကွင်းမှ ထွက်ကာ တစ်ဦးချင်း အိပ်ဆောင်များ ရှိရာဘက်သို့ ဦးတည် ထွက်ခွာသွားလေတော့သည်။
တစ်ကိုယ်တော် အိပ်ဆောင်နယ်မြေသည် ပန်းပင်တို့ ဝန်းရံလျက် ပတ်ဝန်းကျင် အလွန်သာယာလှပလှသည်။ အိပ်ဆောင်တစ်ခုစီတွင် စတုရန်းမီတာ ဆယ်ကျော်ကျယ်ဝန်းသော ကိုယ်ပိုင်ခြံဝန်းငယ်လေးများ ပါရှိ၏
အခန်းသန့်ရှင်းရေးအတွက်လည်း နေ့စဉ် သီးသန့်တာဝန်ပေးထားသူ ရှိလေသည်။
သို့သော် ပျံလွှားသိုင်းကျောင်းတွင် ထိုကဲ့သို့သော တစ်ကိုယ်တော်အိပ်ဆောင် ဆယ်ခန်းသာ ရှိ၏။
ဤသည်မှာ သိုင်းကျောင်း၏ ထိပ်သီးတပည့် ဆယ်ယောက်သာလျှင် ဤနေရာတွင် နေထိုင်
ခွင့်ရမည်ဟု ဆိုလိုခြင်းပင်။
တပည့်များ၏ ယှဉ်ပြိုင်လိုစိတ်နှင့် တက်ကြွမှုကို လှုံ့ဆော်ရန်အတွက် သိုင်းကျောင်းတာဝန်ရှိသူတို့သည် နေထိုင်စားသောက်မှု အဆင့်အတန်းကို အခြေခံ၍ နည်းမျိုးစုံဖြင့်
ကြံဆထားကြခြင်း ဖြစ်သည်။
စုန်ယုယောင်၏ အိပ်ဆောင်မှာလည်း ဤနေရာတွင်ပင် ရှိ၏။
ချန်မင်သည် သူမ၏ အိပ်ဆောင်တံခါးကို ခေါက်ကာ ခေတ္တစောင့်ဆိုင်းနေသော်လည်း အတွင်းမှ မည်သည့်အသံမျှ ထွက်မလာပေ။
ထိုအခါမှ သူ သတိရလိုက်သည်။
ယနေ့မွန်းလွဲပိုင်းက စုန်ယုယောင်နှင့် အခြားမျိုးနွယ်စုဝင်အချို့ နတ်မိမယ် စားသောက်ဆိုင်သို့ သွားရောက်စားသောက်ရန် ပြောဆိုနေကြသည်ကို ဖြစ်သည်။
ယခုသည် ထမင်းစားချိန်ဖြစ်၍ သူတို့ ပြန်မရောက်ကြသေးသည်မှာ သဘာဝပင်။
ဤရလဒ်က ချန်မင်ကို ပို၍ ဒေါသထွက်စေသည်။
သူသည် မပြန်တော့ဘဲ အိမ်စောင့်ခွေးတစ်ကောင်ကဲ့သို့ တံခါးဝတွင် ထိုင်စောင့်နေကာ စုန်ယုယောင် ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ကျောက်ဖေးကို တိုင်တန်းရန် ပြင်ဆင်နေတော့သည်။
ဤမာနခဲ ကျောက်ဖေးကို ထိုက်တန်သော တန်ဖိုးပေးဆပ်စေရမည်ဟု သူ တေးမှတ်ထားလိုက်၏။
ယခုညစာတွင် ကျောက်ဖေးသည် သွေးအားကောင်းစေပြီး ခန္ဓာကိုယ်ကြံ့ခိုင်စေသော စွပ်ပြုတ်တစ်ခွက်ကို ထပ်မံသောက်သုံးလိုက်ရသည်။
ဤတစ်ကြိမ်တွင်မူ စွန်းဟူက တိုက်ခြင်းဖြစ်၍ ကျောက်ဖေးအနေဖြင့် ငွေကုန်ကြေးကျမှု မရှိခဲ့ပေ။
စွန်းဟူသည် ယခုပြိုင်ပွဲတွင် ထိပ်ဆုံးဆယ်ယောက်စာရင်း ဝင်ခဲ့သဖြင့် ကျောက်ဖေးကို အလွန်အမင်း ကျေးဇူးတင်နေခြင်း ဖြစ်သည်။
ထမင်းစားပြီးနောက် ကျောက်ဖေးနှင့် စွန်းဟူတို့သည် လေ့ကျင့်ရေးကွင်းသို့ ပြန်လာခဲ့ကြသည်။
ချန်မင်ကို ထိုနေရာတွင် မတွေ့ရခြင်းအပေါ် ကျောက်ဖေးက သိပ်ပြီး ဂရုမစိုက်ပေ
ကြိုးစားလိုစိတ်မရှိခြင်းမှာ ချန်မင်၏ ပြဿနာသာ ဖြစ်သည်။
အမှန်စင်စစ် ကျောက်ဖေးကိုယ်တိုင်ကလည်း ချန်မင်ကို လမ်းညွှန်ပေးရန် စိတ်မပါလှပေ
ယခုကဲ့သို့ မရှိခြင်းကပင် သူ့အတွက် အချိန်နှင့် လူအင်အား သက်သာစေသည်ဟု ဆိုရမည်။
ကျောက်ဖေးသည် စွန်းဟူ၏ လက်သီးကွက်များရှိ အားနည်းချက်များကို ထောက်ပြပေးလိုက်သည်။ ထို့နောက် စွပ်ပြုတ်သောက်ထားသဖြင့် ခန္ဓာကိုယ်အတွင်း သွေးသားများ ဆူဝေနိုးကြားနေဆဲအချိန်ကို အသုံးချကာ လေထိန်းချုပ်ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်လေသည်။
လေထိန်းချုပ်အနေအထားသည် ဒုတိယအဆင့်ဖြစ်သော လေလှိုင်းထန်ခြင်းသို့ ပေါက်မြောက်သွားသည်နှင့်အမျှ ကျောက်ဖေးသည် သူ၏ ခန္ဓာကိုယ်အတွင်း သွေးများ ပိုမိုမြန်ဆန်စွာ စီးဆင်းနေသည်ကို ခံစားရသည်။
သို့သော် ချီနှင့် သွေးသားဟူသည် သွေးသက်သက်ကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ ၎င်းတွင် အသားမျှင်များ၊ ကိုယ်တွင်းအင်္ဂါများ၊ အရိုးများနှင့် ဆံပင်များပင် ပါဝင်သည်။ လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းတွင် ချီနှင့် သွေးသားတို့၏ စွမ်းအင်များ ကိန်းအောင်းနေ၏။
ချီနှင့် သွေးသား၏ သဘောတရားသည် အလွန်နက်နဲ၍ ရှင်းပြရန် ခက်ခဲလှကာ ကိုယ်တိုင်သာ ခံစားသိရှိနိုင်သော အရာဖြစ်သည်။
ကျောက်ဖေး၏ ပတ်ဝန်းကျင်ရှိ လေထုသည် မမြင်ရသော စွမ်းအားတစ်ခုကြောင့် လှုပ်ခတ်လာပြီး သူ့ကို ဝန်းရံလျက် လေစီးကြောင်းငယ်လေးများ ဖြစ်ပေါ်လာသည်။
ကျောက်ဖေး၏ အဝတ်အစားနှင့် ဆံပင်တို့မှာ ထိုလေကြောင့် တဖျတ်ဖျတ် လွင့်ခါနေတော့သည်။
တဖြည်းဖြည်းနှင့် ကျောက်ဖေးသည် ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်ကာ အာရုံတစ်ခုတည်းတွင် နစ်ဝင်သွားခဲ့သည်။
မိမိကိုယ်တိုင်မှ မြစ်ဖျားခံကာ နေရာအနှံ့ ပျံ့နှံ့နေသော ထူးခြားသည့် စွမ်းအင်တစ်ခုကို သူ ဝေဝေဝါးဝါး ခံစားမိလာသည်။
သို့သော် ထိုအရာကို သေချာစွာ နားလည်ရန် ကြိုးစားလိုက်သည့်အခါတိုင်းတွင်မူ ၎င်းသည် ပြန်လည်ပျောက်ကွယ်သွားသယောင် ရှိနေတော့သည်။
အခန်း ၂၄ - ပြဿနာရှာခြင်း
လေထိန်းချုပ်အနေအထား တစ်ကွက်စာ ပြီးဆုံးသွားသောအခါ
ကျောက်ဖေးသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး လေပူတစ်ချက်ကို အရှည်ကြီး မှုတ်ထုတ်လိုက်သည်။
ခန္ဓာကိုယ်အနှံ့ အပြားတွင် ကိန်းအောင်းနေသော ထိုထူးဆန်းသည့် စွမ်းအင်သည် ချီနှင့် သွေးသားတို့၏ အင်အားများပင် ဖြစ်ပေသလော။
ကျောက်ဖေး၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုကို မနည်းထိန်းထားရသည်။
ခဏတာမျှသော အချိန်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့် သွေးသားများ၏ တည်ရှိမှုကို သူ ခံစားသိရှိလိုက်ရခြင်း ဖြစ်သည်။
ဤအချက်က ကျောက်ဖေးကို တစ်ခု နားလည်သွားစေသည်။
ငါက ချီနဲ့ သွေးသားစီးဆင်းမှုကို ခံစားသိရှိနိုင်ဖို့ ပိုပြီး နီးစပ်လာပြီပဲ
လီကမ်း ပြောကြားချက်အရ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့် သွေးသားစွမ်းအားကို ရှင်းလင်းစွာ ခံစားသိရှိနိုင်ပြီဆိုလျှင် နဝမအဆင့် သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိပြီဟု ဆိုနိုင်သည်။
သိုင်းပညာရှင်များ အင်အားကြီးမားရခြင်းမှာ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့် သွေးသားအင်အားကို ထိန်းချုပ်အသုံးချနိုင်ခြင်းကြောင့်ပင်။
သို့သော်လည်း ကျောက်ဖေး၏ ကိုယ်တွင်းစွမ်းအင်မှာ အလွန်အားနည်းနေသေး၏
သူသည် ဆက်လက်၍ မမောမပန်း လေ့ကျင့်နေရဦးမည်ဖြစ်သည်။
ချီနှင့် သွေးသားအင်အား တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ သူ၏ အာရုံခံစားနိုင်စွမ်းမှာလည်း ပိုမို ကြည်လင်ပြတ်သားလာမည်ဖြစ်၏။
၎င်းသည် သာမန်မျက်စိဖြင့် မမြင်နိုင်သော ဖုန်မှုန့်လေးတစ်ခုနှင့် တူသည်။ ထိုဖုန်မှုန့်လေးသည် အဆပေါင်းများစွာ ကြီးထွားလာမှသာလျှင် သာမန်မျက်စိဖြင့် အထင်အရှား မြင်တွေ့နိုင်မည် မဟုတ်ပါလား။
ချီနှင့် သွေးသားစွမ်းအားကို အမှန်တကယ် အာရုံခံနိုင်မှသာလျှင် ၎င်းကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ပိုးအိမ်မှ လွတ်မြောက်လာသော လိပ်ပြာကဲ့သို့ လုံးဝသစ်လွင်သော နယ်ပယ်တစ်ခုသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
ကျောက်ဖေးသည် သူ၏ စိတ်လှုပ်ရှားမှုများကို ငြိမ်သက်စေရန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးနောက် လေထိန်းချုပ်အကွက်ကို ဒုတိယအကြိမ်မြောက် စတင်လေ့ကျင့်ပြန်သည်။
သူသည် လေထိန်းချက်အကွက်ကို ထပ်ခါတလဲလဲ ကျင့်ကြံနေ၏။
အကြိမ် (၅) ကြိမ် ဆက်တိုက်ပင်။
လေ့ကျင့်သည့် အကြိမ်တိုင်းတွင်လည်း ခန္ဓာကိုယ်အတွင်းရှိ ချီနှင့် သွေးသားများကို ခဏတာမျှ အာရုံရလိုက်တိုင်း ကျောက်ဖေးမှာ ပိုမိုတက်ကြွလာလေသည်။
မသိလိုက်ခင်မှာပင် အနောက်ဘက်ကောင်းကင်တွင် လခြမ်းကွေးလေး ထွက်ပေါ်လာခဲ့ပြီ။
နံပါတ် (၂) လေ့ကျင့်ရေးကွင်းတွင်မူ ဒါဇင်နှင့်ချီသော သင်တန်းသားတို့သည် ကြွေးကြော်သံများ၊ လက်ဝှေ့ထိုးသံများဖြင့် ကြိုးစားပမ်းစား လေ့ကျင့်နေကြဆဲပင်။
ထိုစဉ် ကျောက်ဖေးသည် ရုတ်တရက် အတွေးတစ်ခုဝင်လာပြီး လေ့ကျင့်မှုကို ရပ်တန့်
လိုက်သည်။
သူသည် အနားတွင် တောင်ဖြိုလက်သီး ၃၆ ကွက်ကို အပတ်တကုတ် လေ့ကျင့်နေသော စွန်းဟူကို လှည့်ပြောလိုက်သည် - “ငါ ကိစ္စလေးတစ်ခုရှိလို့ အခု သွားတော့မယ်။”
“ကောင်းပြီလေ။”
စွန်းဟူက လှည့်၍ ပြန်ထူးလိုက်သည်။
ထို့နောက် ကျောက်ဖေးသည် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာလာပြီး သိုင်းကျောင်းပြင်ပသို့ လှမ်းလာခဲ့သည်။
လမ်းမပေါ်တွင် သွားလာသူ မရှိသလောက် ရှားပါးလှသည်။
ယခုခေတ်သည် ယခင်ကကဲ့သို့ ခေတ်မီလူ့အဖွဲ့အစည်းမဟုတ်ဘဲ နေဝင်လျှင် အနားယူလေ့ရှိသော ရှေးခေတ်ကာလဖြစ်သည့်အပြင် ဤနေရာသည် ကျန်းလင်းခရိုင်၏ စည်ကားရာ ဗဟိုချက်လည်း မဟုတ်ပေ။
ကျောက်ဖေးသည် ညကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ပြီး မြို့၏ အနောက်ဘက်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။
ကျန်းလင်ခရိုင်၏ အနောက်ဘက်ခြမ်း...
ယခုအချိန်တွင် ကျိုးပေါ်၏ အိမ်ရှေ့၌ လူတစ်စု ရှိနေသည်။
ဝံပုလွေနက်ဂိုဏ်းဝင် ဒါဇင်ကျော်ခန့်သည် ဓားများကိုယ်စီ ကိုင်ဆောင်ကာ လူမိုက်ဆန်ဆန် ရပ်နေကြ၏။
ဝေးလံသော လမ်းကြားထိပ်မှ ဖြတ်သွားဖြတ်လာသူတို့မှာ ထိုမြင်ကွင်းကို မြင်သည်နှင့် ကြောက်လန့်တကြား လမ်းလွှဲသွားကြလေသည်။
ဒုန်း... ဒုန်း... ဒုန်း
မျောက်ရူးသည် ရှေ့သို့ တက်လာပြီး သူ၏ လက်သီးများဖြင့် တံခါးကို ဟိန်းဟောက်ကာ ထုရိုက်လိုက်သည်။
သို့သော် ခေတ္တမျှ စောင့်သော်လည်း ခြံဝင်းအတွင်းမှ မည်သည့်အသံမျှ ထွက်မလာပေ။
“အစ်ကိုကြီး ရှန်၊ ဟိုကောင် ကျိုးပေါ် ကြောက်လွန်းလို့ တံခါးမဖွင့်ရဲတာ ထင်တယ်...”
မျောက်ရူးက မျက်နှာတွင် အမာရွတ်ဖြင့် ထွားကြိုင်းသော ခေါင်းဆောင်ဖြစ်သူကို လှည့်ပြောလိုက်သည်။
ကျိုးပေါ်တို့ ဇနီးမောင်နှံမှာ ကျေးလက်သို့ တိမ်းရှောင်သွားပြီဖြစ်ကြောင်း သူတို့ မသိကြသေးပေ။
“ဖယ်စမ်း”
မျောက်ရူး စကားမဆုံးမီမှာပင် အမာရွတ်နှင့် လူသန်ကြီး ဟူရှန်က စိတ်မရှည်စွာဖြင့် ဘေးသို့ တွန်းထုတ်လိုက်ရာ မျောက်ရူးမှာ ပက်လက်လန်မတတ် ဖြစ်သွားသည်။
ဟူရှန်သည် မျောက်ရူးကို အထင်မကြီးပေ။
သူသည် ညီအစ်ကိုများဖြင့် သောက်စားပျော်ပါးနေစဉ် ဂိုဏ်းချုပ်က ဤမျောက်ရူး ဖန်တီးထားသော ပြဿနာကို ရှင်းလင်းရန် ခိုင်းစေခဲ့သဖြင့် ဒေါသအလွန်ထွက်နေခြင်း ဖြစ်သည်။
ဟူရှန်က မျောက်ရူးကို စူးစိုက်ကြည့်လိုက်ပြီး ရှေ့သို့တက်ကာ တံခါးကို ကန်လိုက်သည်။
ဘုန်း
တံခါးကြီး သိသိသာသာ တုန်ခါသွားသော်လည်း
ရှက်စရာကောင်းသည်မှာ တံခါးသည် အလွန်ခိုင်ခံ့နေသဖြင့် ထိုကန်ချက်ဖြင့် ပွင့်မသွားခြင်းပင်။
နောက်ကွယ်ရှိ ဝံပုလွေနက်ဂိုဏ်းသားများထဲမှ တစ်ဦးမှာ မနေနိုင်ဘဲ တိုးတိုးလေး ရယ်မောလိုက်မိသည်။
ဟူရှန်က ဒေါသတကြီး လှည့်ကြည့်လိုက်သောအခါမှ အားလုံးက မျက်နှာကို ချက်ချင်း တည်လိုက်ကြ၏။
ဟူရှန်မှာ အရှက်ရသွားသဖြင့် ဆဲဆိုကာ အားကုန်သုံး၍ ထပ်မံကန်လိုက်ပြန်သည်။
ဂျွမ်းခနဲ အသံနှင့်အတူ တံခါးမင်းတုတ် ကျိုးသွား၏
တံခါးချပ်ကြီး နှစ်ဖက်စလုံး ဘုန်းခနဲ ပွင့်ထွက်သွားလေသည်။
ဟူရှန် ဦးဆောင်သော ဝံပုလွေနက်ဂိုဏ်းသား ဒါဇင်ကျော်တို့သည် ခြံဝင်းအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြတော့သည်။
ဟူရှန်သည် သူ၏ဂိုဏ်းသားငါးယောက်ကို ရှေ့ခြံတွင် အစောင့်ချထားခဲ့ပြီးနောက် ကျန်လူစုသည် တံခါးကို ဖြတ်ကျော်ကာ နောက်ဖေးခြံဝင်းအတွင်းသို့ ချဉ်းနင်းဝင်ရောက်ခဲ့ကြသည်။
မျောက်ရူးက အရှေ့ဘက်ဆောင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည် “အစ်ကိုကြီးရှန်၊ ဟိုကောင် ကျိုးပေါ်နဲ့ သူ့မိန်းမ အိပ်တဲ့အခန်းက အဲဒါပဲ။”
“သွားဖမ်းကြစမ်း။”
ဟူရှန်က အေးစက်သောမျက်နှာဖြင့် အမိန့်ပေးလိုက်သည်။
သူသည် မျောက်ရူးဖန်တီးထားသော ဤပြဿနာအရှုပ်အထွေးကို အမြန်ဆုံးအဆုံးသတ်ပြီး အရက်ပြန်သောက်ချင်နေပြီဖြစ်သည်။
ဂိုဏ်းသားနှစ်ယောက်သည် အရှေ့ဘက်ဆောင်ဆီသို့ အရှိန်ဖြင့်လှမ်းသွားကြပြီး မျောက်ရူးကလည်း ရှေ့ဆုံးမှဦးဆောင်ရန် ကိုယ်တိုင်ဆန္ဒပြုကာ ပြေးထွက်သွားသည်။
ဝုန်း…ကျယ်လောင်သောအသံနှင့်အတူ တံခါးမှာ ကန်ဖွင့်ခြင်းခံလိုက်ရသည်။
မျောက်ရူးက ယုတ်မာသောအပြုံးဖြင့် ပထမဆုံးဝင်သွားရင်း - “ကျိုးပေါ်... မင်း တံခါးမဖွင့်ရုံနဲ့ ငါတို့ ရှာမတွေ့ဘူး ထင်နေလား...”
အခန်းတွင်း၌ မီးရောင်မရှိဘဲ မှောင်အတိကျနေသည်။
မျောက်ရူးသည် သူ၏ရှေ့တည့်တည့်တွင် ရပ်နေသော လူရိပ်တစ်ခုကို ဝေဝေဝါးဝါး မြင်လိုက်ရ၏။
သူ သတိမမူမိခင်မှာပင် ထိုလူရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ရှေ့သို့တိုးဝင်လာပြီး မျောက်ရူး၏မျက်နှာတည့်တည့်ကို အားပြင်းသောလက်သီးဖြင့် ထိုးနှက်လိုက်လေသည်။
“အား”
မျောက်ရူးသည် အော်ဟစ်လျက် ခေါင်းနောက်သို့လန်ကာ သွေးများနှင့်အတူ ကျိုးသွားသောသွားများကိုပါ ထွေးထုတ်လိုက်ရပြီး တံခါးအပြင်ဘက်သို့ ယိုင်ထွက်သွားတော့သည်။
ကျန်ရှိသော ဂိုဏ်းသားနှစ်ယောက်မှာ ထိတ်လန့်သွားကြပြီး တစ်ယောက်က ထိုလူရိပ်ထံသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
လူတိုင်း အံ့အားသင့်သွားရသည်မှာ ထိုလူရိပ်သည် သေခြင်းတရားကို မကြောက်သကဲ့သို့ နောက်မဆုတ်ဘဲ ဓားသွားရှိရာသို့ပင် တိုးဝင်လာခြင်းဖြစ်သည်။
ဓားကိုင်ထားသော ဂိုဏ်းသားမှာ ကြောင်အသွားသော်လည်း သူ၏လှုပ်ရှားမှုကို ပြောင်းလဲရန် အချိန်မမှီတော့ပေ။
ဖူး
ရှည်လျားသောဓားသည် ထိုလူရိပ်၏ ပခုံးပေါ်သို့ ကျရောက်သွားသည်။
သို့သော် ထိုအခွင့်အရေးကို အသုံးချကာ လူရိပ်သည် ဓားကိုင်ထားသော ဂိုဏ်းသားအနားသို့ ရောက်ရှိနေပြီဖြစ်သည်။
ဤအချိန်တွင် ခြံဝင်းပြင်ပမှ လရောင်ကြောင့် ထိုလူရိပ်၏ ဦးခေါင်းကို အဝတ်နက်ဖြင့် စည်းနှောင်ထားပြီး မျက်လုံးနှစ်လုံးသာ ဖော်ထားသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
မှန်ပေသည်၊ ဤလူရိပ်မှာ ကျောက်ဖေး၏ ကိုယ်ပွားပင် ဖြစ်သည်။
ဓားဖြင့်ခုတ်ပိုင်းခြင်းခံရသော်လည်း ကိုယ်ပွါးသည် နာကျင်မှုမရှိသကဲ့သို့ မျက်တောင်တစ်ချက်ပင် မခတ်ပေ။
သူသည် ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲလိုက်သယောင် ဟန်ချက်ပြင်ကာ လက်ဝဲလက်ယာ လက်သီးများကို မုန်တိုင်းအလား ရမ်းခါလျက် ဓားကိုင်ဂိုဏ်းသား၏ ဦးခေါင်းကို ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
“အား……”
ဓားကိုင်ဂိုဏ်းသား၏ အော်ဟစ်သံမှာ လက်သီးချက်များအောက်တွင် ရုတ်တရက် ပြတ်တောက်သွားပြီး သတိလစ်မေ့မြောကာ လဲကျသွားသည်။
သူ၏လက်ထဲရှိ ဓားရှည်မှာလည်း မြေပြင်ပေါ်သို့ ဂလွမ်ခနဲ အသံနှင့်အတူ ကျသွားလေသည်။
ကိုယ်ပွားသည် ငုံ့လျှက် ထိုဓားရှည်ကို ကောက်ယူကာ ဝံပုလွေနက်ဂိုဏ်း၏ အခြားအဖွဲ့ဝင်တစ်ဦးကို ခုတ်ပိုင်းလိုက်ပြန်သည်။
ကျောက်ဖေးသည် တောင်ဖြိုလက်သီး ၃၆ ကွက်ကို အဆင့်မြင့်မြင့် တတ်မြောက်ထားသော်လည်း
စစ်မှန်သော သိုင်းပညာရှင်နယ်ပယ်သို့ မရောက်သေးပေ။
လက်ရှိတိုက်ပွဲအဆင့်တွင် ဓားတစ်လက်သည် လက်သီးထက် ပို၍သေစေနိုင်သည်မှာ အထင်အရှားပင်။
ကျောက်ဖေးသည် ဓားသိုင်းပညာကို မသင်ယူရသေးသော်လည်း
တောင်ဖြိုလက်သီး ၃၆ ကွက်၏ အရှိန်အဟုန်မြှင့်တင်နည်းကို ကျွမ်းကျင်ထားပြီးဖြစ်သည်။ ထို့ကြောင့် လက်သီးသိုင်း၏ အင်အားထုတ်ဖော်ပုံကို လက်နက်များတွင် အသုံးချကာ ပိုမိုပြင်းထန်ပြီး အစွမ်းထက်သော တိုက်ခိုက်မှုကို ပြုလုပ်နိုင်
ခြင်း ဖြစ်သည်။
သို့သော် ကျန်ရှိနေသော ဂိုဏ်းသားတစ်ယောက်မှာ သတိပြန်ဝင်လာသည်။ သူသည် ကိုယ်ပွားက ဓားကောက်ယူရန် ပြင်စဉ်တွင် အခွင့်ကောင်းယူကာ အရင်ဦးအောင် ခုတ်ချလိုက်သည်။
ကိုယ်ပွားသည် ရှောင်တိမ်းခြင်းမရှိဘဲ ခေါင်းကို အနည်းငယ်စောင်းပေးကာ ဓားသွားကို သူ့ထံသို့ ကျရောက်စေခဲ့သည်
ဓားရှည်သည် ကိုယ်ပွား၏ နားရွက်တစ်ဝက်ကို ဖြတ်တောက်ပစ်လိုက်ပြီးနောက် ဘယ်သည်ပခုံးပေါ်သို့ ကျရောက်သွားရာ ဒဏ်ရာမှာ လည်ပင်းခြေရင်းနှင့် ၄-၅ စင်တီမီတာခန့်သာ ဝေးတော့သည်။
ထို့နောက်တွင်မူ သူသည် ပြိုင်ဘက်ထက် တစ်စက္ကန့်မျှသာ နောက်ကျလျက်
ကိုယ်ပွားသည်လည်း သူ၏ဓားရှည်ကို ပြိုင်ဘက်ထံသို့ ဝှေ့ယမ်းလိုက်သည်။
မျက်နှာချင်းဆိုင်ရှိ ဂိုဏ်းသားမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။ သူ၏ဘဝသက်တမ်းတစ်လျှောက်တွင် မိမိအသက်ကို ဤမျှအထိ တန်ဖိုးမထားသောလူမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။
သူသည် ဓားကို ပြန်ရုတ်ရန်ပင် အချိန်မရတော့ဘဲ ဓားကို လွှတ်ချကာ အသည်းအသန် နောက်ဆုတ်လိုက်ရသည်။
သို့သော်လည်း ရှောင်တိမ်းရန် အချိန်မမှီခဲ့ဘဲ ကိုယ်ပွား၏ ဓားချက်မှာ သူ၏ရင်ဘတ်ကို နက်ရှိုင်းစွာ ခုတ်ဖြတ်သွားလေသည်။
“အား……”
ဂိုဏ်းသားမှာ စူးရှစွာ အော်ဟစ်လိုက်ရသည်။
ကိုယ်ပွားသည် ရှေ့သို့ တစ်ဝက်ခန့် တိုးဝင်ကာ ထိုဂိုဏ်းသား၏ လည်ပင်းကို နောက်ထပ်တစ်ကြိမ် ရက်စက်စွာ ခုတ်ပိုင်းလိုက်
ပြန်သည်။
အင်အားသည် ပြင်းထန်လွန်းသဖြင့် ဓားသွား၏ တစ်ဝက်ကျော်မှာ လည်ပင်းအတွင်းသို့ နစ်
ဝင်သွားတော့သည်။
ဓားသွားကြားမှ သွေးပူများ ပန်းထွက်လာ၏။
ထိုဂိုဏ်းသား၏ အော်သံမှာ ရုတ်တရက် ရပ်တန့်သွားပြီး ငရဲမင်းထံသို့ တန်းတန်းမတ်မတ် ခရီးဆက်သွားလေတော့သည်။
အတိုချုပ်ဆိုရသော် ဤဖြစ်ရပ်အားလုံးမှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။
ခြံဝင်းအတွင်းရှိ ကျန်ရှိသော ဝံပုလွေနက်ဂိုဏ်းသားများသည် တံခါးဝတွင် မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် ဆွံ့အမှင်တက်သွားကြသည်။
လောကဓံမုန်တိုင်းများစွာကို ဖြတ်သန်းခဲ့ဖူးသည်ဟု မိမိကိုယ်ကိုယ် ဂုဏ်ယူနေသော ဟူရှန်ပင်လျှင် ဤအချိန်တွင် ကျောရိုးတစ်လျှောက် စိမ့်တက်လာသော အအေးဓာတ်ကို ခံစားလိုက်ရလေတော့သည်။