အခန်း (၂၅-၂၇)
Vol. 2 Ch. 25-27
အခန်း ၂၅ - အသက်ချင်းလဲခြင်း
ကိုယ်ပွား၏ ဦးခေါင်းကို အဝတ်နက်ဖြင့် စည်းနှောင်ထား၏
ထိုပုံစံက သူ၏ တုန်လှုပ်ဖွယ်ရာ ကောင်းလှသော အရှိန်အဟုန်ကို ပို၍ပင် ထင်ရှားစေသည်။
သူသည် ခြံဝင်းအတွင်းရှိ ဟူရှန်နှင့် ကျန်လူများကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏
ထို့နောက် ဘေးရှိ အခြားအခန်းတစ်ခုအတွင်းသို့ ယိုင်ထိုးကာ ဝင်ရောက်သွားလေသည်။
ထိုအခါမှ ခြံဝင်းအတွင်းရှိ ဝံပုလွေနက်ဂိုဏ်းသားများမှာ သတိပြန်ဝင်လာကြသည်။
“အစ်ကိုကြီးရှန့်၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ” ဂိုဏ်းသားတစ်ဦးက သွားရိုက်သံ တတောက်တောက်ဖြင့် မေးလိုက်သည်။
ဟူရှန်က သွားကို ကြိတ်ကာ - “သူ ဒဏ်ရာရနေပြီ၊ ငါတို့မှာ လူအများကြီး ရှိသေးတာပဲ... ဘာကြောက်စရာရှိလဲ။ လိုက်ကြစမ်း၊ သူ သေသေ ရှင်ရှင် ဒီနေ့ သူ့ကို ဖမ်းမိမှဖြစ်မယ်။”
အခြေအနေမှာ မျောက်ရူး၏ ကိစ္စသက်သက် မဟုတ်တော့ပေ။
လူသေဆုံးမှု ဖြစ်သွားပြီပင်
လူသတ်သမားကို မဖမ်းမိပါက ဂိုဏ်းသို့ ပြန်ရောက်လျှင် ရှင်းပြရန် ခက်ခဲပေလိမ့်မည်။
ရှေ့ခြံတွင် အစောင့်ချထားသော ငါးယောကအပြင် ဟူရှန်၏ အနားတွင် ဒဏ်ရာမရသေးသူ ခြောက်ယောက် ရှိနေသေးသည်။
ဟူရှန်၏ စကားကို ကြားသော်လည်း
ထိုခြောက်ယောက်မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရှေ့ဆုံးမှ တက်ရန် တွန့်ဆုတ်နေကြသည်။
လူသတ်သမားမှာ ဒဏ်ရာပြင်းထန်ပုံရသော်လည်း အသေခံကာ နောက်ဆုံးလက်ကျန်အင်အားဖြင့် ပြန်လည်တိုက်ခိုက်လာမည်ကို မည်သူက အာမခံနိုင်သနည်း။
သူ့အသက်ထက် မိမိအသက်က ပိုအရေးကြီးသည်ဟူသော အတွေးမှာ လူတိုင်း၏ ရင်ထဲတွင် ရှိနေ၏။
ဟူရှန်၏ မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်သွားပြီး လူနှစ်ယောက်ကို လက်ညှိုးထိုးလိုက်သည် - “ဟေး... အမည်းကောင်နဲ့ သံခေါင်း၊ မင်းတို့နှစ်ယောက် အရင်ဝင်သွားစမ်း။”
အမည်ခေါ်ခံရသော ဂိုဏ်းသားနှစ်ဦးမှာ မျက်နှာများ ချက်ချင်း ဖြူလျော့သွားကြသည်။
သို့သော် အားလုံး၏ ရှေ့တွင် ဟူရှန်၏ အမိန့်ကို မဖန်ဆန်ရဲကြပေ
စိတ်တင်းကာ အခန်းတွင်းသို့ ဦးတည်လျှောက်သွားရတော့သည်။
ကျန်လူများကမူ အနောက်မှ အနည်းငယ်ခွာ၍ ဖြည်းညှင်းစွာ လိုက်လာကြ၏
ဟူရှန်က အနောက်ဆုံးမှ အခြေအနေကို ကြည့်နေ၏။
အမည်းကောင်က သူ၏ ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ထားပြီး သံခေါင်းကမူ ပုဆိန်တိုတစ်လက်ကို ကိုင်ထားသည်။
အခန်းတံခါးမှာ ဟဟလေး ပွင့်နေ၏။
အမည်းကောင်က တံခါးကို ကန်ဖွင့်လိုက်ပြီး မှောင်အတိကျနေသော အခန်းတွင်းသို့ အော်ဟစ်လိုက်သည် - “အတွင်းကကောင် နားထောင်စမ်း၊ အခုချက်ချင်း ထွက်လာပြီး အညံ့ခံရင် မင်းအသက်ကို ချမ်းသာပေးမယ်။”
သို့သော် ပြန်လည်ရရှိလာသော အဖြေမှာ တိတ်ဆိတ်မှုသာ ဖြစ်သည်။
ဒဏ်ရာရထားသူတစ်ဦး၏ ပြင်းထန်သော အသက်ရှူသံကိုသာ ဝေဝေဝါးဝါး ကြားနေရ၏။
အမည်းကောင်နှင့် သံခေါင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ဘယ်နှင့်ညာ ခွဲကာ အခန်းတွင်းသို့ လှမ်းဝင်လိုက်ကြသည်။
သူတို့သည် အသံလာရာဘက်သို့ ချက်ချင်း ကြည့်လိုက်ကြသည်။
အလင်းရောင် မှိန်ပျပျအောက်တွင် နံရံထောင့်ကို မှီ၍ ထိုင်နေသော လူရိပ်တစ်ခုကို အမှန်တကယ် တွေ့လိုက်ရ၏။
ထိုအခါမှ အမည်းကောင်နှင့် သံခေါင်းတို့ စိတ်အနည်းငယ် လျော့သွားသည်။
ရန်သူကို မြင်နေရခြင်းက တော်သေးသည်၊အမှောင်ထဲတွင် ရန်သူက မည်သည့်နေရာမှ ချောင်းမြောင်း တိုက်ခိုက်လာမည်ကို မသိရခြင်းကသာ ပို၍ ကြောက်စရာကောင်းခြင်း ဖြစ်သည်။
“လက်နက်ချပြီး ထွက်လာစမ်း... ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးနိုင်တယ်” အမည်းကောင်က တစ်ဖက်လူကို အေးစက်စွာ အော်ပြောလိုက်သည်။
သို့သော် အဝတ်နက်ဝတ်ထားသူမှာ မလှုပ်မယှက်ဘဲ ထိုင်လျက် အသက်ကိုသာ ပြင်းပြင်းရှူနေ၏။
“ကျေးဇူးကန်းတဲ့ကောင်”
သံခေါင်းက နှာခေါင်းရှုံ့လိုက်ပြီး ထိုလူရိပ်အနားသို့ ခြေလှမ်းကျဲကျဲဖြင့် တိုးသွားသည်။
ထိုစဉ်မှာပင်...
ရုတ်တရက် သူ၏ ဦးခေါင်းအနောက်ဘက်မှ လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။
သံခေါင်း တစ်ခုခုမှားနေပြီဟု သိလိုက်သော်လည်း လှည့်ကြည့်ရန် အချိန်မရတော့ပေ။
တံခါးအကွယ်မှ ဓားတစ်လက်သည် သူ၏ ဦးခေါင်းနောက်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့ပြီဖြစ်သည်။
သူ့အမည်မှာ သံခေါင်းဟု ဆိုသော်လည်း သူ၏ ဦးခေါင်းမှာ အမှန်တကယ် သံဖြင့် လုပ်ထားခြင်း မဟုတ်ပေ။ အားပါလှသော ဓားချက်သည် သူ၏ ဦးခေါင်းအတွင်းသို့ နက်ရှိုင်းစွာ ဝင်သွားတော့သည်။
သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သွေးများ ပန်းထွက်လာ၏။
သူသည် ဤကဲ့သို့ ထူးဆန်းသော နည်းလမ်းဖြင့် သေရမည်ကို မယုံကြည်နိုင်သကဲ့သို့ မျက်လုံးအပြူးသားဖြင့် လဲကျသွားလေသည်။
အနားတွင် ရပ်နေသော အမည်းကောင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း မှင်တက်သွားသည်။
ထို့နောက် သံခေါင်း၏ ဦးခေါင်းမှ သွေးစွန်းနေသော ဓားသွားကို ပြန်လည်ဆွဲထုတ်လိုက်ပြီး သူ့ထံသို့ လှည့်၍ ခုတ်ပိုင်းလာသည်ကို မြင်လိုက်ရ၏။
“အား……”
အမည်းကောင်မှာ လန့်ဖျပ်ကာ အော်ဟစ်လိုက်ပြီး သူ၏ ဓားရှည်ကို အမြန်မြှောက်၍ ကာကွယ်လိုက်သည်။
ဂလွမ်.. နှစ်ဖက်ဓားချင်း ရိုက်ခတ်မိရာ အမှောင်ထဲတွင် မီးပွားများ လွင့်စင်သွားသည်။
ကျောက်ဖေးသည် ဓားသိုင်မတတ်သော်လည်း ကိုယ်ပွားသည် တောင်ဖြိုလက်သီး ၃၆ ကွက်၏ အင်အားထုတ်ဖော်ပုံကို ဓားချက်တွင် ထည့်သွင်းထားသဖြင့် ဤတိုက်ခိုက်မှုမှာ အလွန်လေးလံပြင်းထန်လှသည်။ အမည်းကောင်မှာမူ ထိတ်လန့်တကြား ကာကွယ်ရခြင်းဖြစ်၍ သူ၏ အင်အား ၅၀-၆၀ ရာခိုင်နှုန်းခန့်သာ ထုတ်သုံးနိုင်ခဲ့သည်။
အမည်းကောင်၏ ဓားရှည်မှာ အလွယ်တကူပင် နောက်သို့ လန်ထွက်သွားပြီး ဓားကျောသည် သူ၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်မိသွားသည်။
“အား...” အမည်းကောင်မှာ နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ ယိုင်ထွက်သွားသည်။
သူ ခြေလှမ်းမတည်မီမှာပင် ကိုယ်ပွားသည် အရိပ်တစ်ခုကဲ့သို့ ကပ်ပါလာပြီး ဓားအလင်းတစ်ချက်နှင့်အတူ နောက်ထပ် ဓားချက်တစ်ခု ကျရောက်လာပြန်သည်။
အမည်းကောင်က အသည်းအသန် ထပ်မံကာကွယ်သော်လည်း သူ၏လက်မှာ ထုံကျင်နေသဖြင့် လှုပ်ရှားမှု နှေးကွေးသွားခဲ့သည်။
ဖူး
အေးစက်သော ဓားသွားသည် သူ၏ လည်ပင်းကို ဖြတ်သန်းသွားပြီး သွေးများ ချက်ချင်း ပန်းထွက်လာတော့သည်။
အမည်းကောင်၏ မျက်လုံးများ ပြူးကျယ်သွားကာ လက်ထဲမှ ဓားမှာလည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူသည် လည်ပင်းကို ဆုပ်ကိုင်လျက် တစ်ခုခုပြောရန် ကြိုးစားသော်လည်း အသက်ရှူသံအချို့သာ ထွက်ပေါ်လာပြီး အသက်မဲ့စွာ လဲကျသွားလေတော့သည်။
ကိုယ်ပွားသည် ခေတ္တမျှပင် မရပ်နားဘဲ တံခါးဝတွင် ကြည့်နေသော ကျန်ဂိုဏ်းသားနှစ်ဦးထံသို့ ခုန်အုပ်လိုက်သည်။
ထိုနှစ်ယောက်သည် ထိတ်လန့်မှုမှ သတိပြန်ဝင်လာစဉ်မှာပင် သေမင်းတမန် ရောက်လာသည်ကို မြင်လိုက်ရသဖြင့် လှည့်၍ ထွက်ပြေးကြတော့သည်။
အမှန်စင်စစ် သူတို့သည် ထွက်မပြေးဘဲ ခုခံပါက အချိန်အနည်းငယ် ပို၍ ဆွဲထားနိုင်ဦးမည် ဖြစ်သည်။
ယခုကဲ့သို့ ထွက်ပြေးခြင်းမှာမူ သူတို့၏ ကျောပြင်ကို ကိုယ်ပွား၏ ဓားသွားရှေ့သို့ တည့်တည့်အပ်လိုက်ခြင်းပင်။
ကိုယ်ပွားသည် ခုန်တက်ကာ ခြေနှစ်လှမ်းအတွင်း မှီသွားပြီး ဓားဖြင့် အားကုန်လွှဲ၍ ခုတ်ချလိုက်ရာ ဝံပုလွေနက်ဂိုဏ်းသားတစ်ဦးမှာ နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားသည်။
ကျန်တစ်ဦးမှာမူ ဒဏ်ရာမရဘဲ လွတ်မြောက်သွားသော်လည်း အလွန်အမင်း ကြောက်လန့်တုန်ရီနေ၏။
ဟူရှန်၏ မျက်နှာမှာ ပြာနှမ်းသွားသည်။
မျက်တောင်တစ်ခတ်အတွင်း သူ၏ လူသုံးယောက် ထပ်မံ ဆုံးရှုံးသွားရခြင်း ဖြစ်သည်။
ဒေါသနှင့်အတူ သူ၏ ရက်စက်ကြမ်းကြုတ်သော စရိုက်မှာ ပေါ်ထွက်လာတော့သည်။
“တောက် အားလုံး ဝိုင်းတိုက်ကြစမ်း၊ သူ့ကို သတ်ပစ်”
ဟူရှန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ဤအချိန်တွင် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ဘဲ ကိုယ်ပွားကလည်း ဓားကို ကိုင်ဆွဲလျက် သူတို့ထံသို့ တိုးဝင်လာခဲ့ပြီဖြစ်သည်။
ကျန်ရှိနေသော ဂိုဏ်းသားများမှာလည်း ရပ်တန့်လိုက်ကြပြီး ဟူရှန်နှင့်အတူ ရင်ဆိုင်ရန် ပြင်လိုက်ကြသည်။
ပြိုင်ဘက် လေးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်ရသော်လည်း ကိုယ်ပွား၏ မျက်နှာတွင် ကြောက်ရွံ့မှု သို့မဟုတ် တွန့်ဆုတ်မှု အလျဉ်းမရှိပေ။
စက္ကန့်ပိုင်းအတွင်းမှာပင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ စတင်လေတော့သတည်း။
ရွှမ်... ရွှမ်... ရွှမ်
ဓားရှည်လေးလက်သည် ကိုယ်ပွားထံသို့ တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့သည်။ အထူးသဖြင့် ဟူရှန် ၏ ဓားချက်မှာ အလွန်ပင် ကောက်ကျစ်လှပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှကာ ကိုယ်ပွား၏ ပေါင်တည့်တည့်ကို ပစ်မှတ်ထား၍ ခုတ်ပိုင်းလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ကိုယ်ပွားသည် အရာအားလုံးကို လျစ်လျူရှုထားပြီး အရေးကြီးသော အချက်အချာကျသည့် နေရာအချို့ကိုသာ အနည်းငယ် ရှောင်တိမ်းလိုက်ကာ ဓားချက်လေးခုစလုံးကို မိမိခန္ဓာကိုယ်ပေါ်သို့ အကျခံလိုက်လေသည်။
အသားထဲသို့ ဓားဝင်သွားသည့် အသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကိုယ်ပွား၏ ကိုယ်ပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာများ ချက်ချင်း ထွက်ပေါ်လာကာ သွေးများ ပန်းထွက်လာတော့သည်။
ထိုအချိန်မှာပင် ကိုယ်ပွား၏ ဓားရှည်သည်လည်း ကျရောက်သွားပြီး ဂိုဏ်းသားတစ်ဦးကို ခုတ်လဲပစ်လိုက်သည်။
ထိုမျှနှင့် မရပ်တန့်ဘဲ ကိုယ်ပွားသည် ဓားကို ပြန်သိမ်းကာ အလျားလိုက် နောက်ထပ် တစ်ချက် ထပ်မံခုတ်လိုက်ပြန်ရာ ဒုတိယမြောက် ဂိုဏ်းသား၏ လည်ပင်းကိုပါ ပြတ်
တောက်သွားစေခဲ့သည်။
ဤသည်မှာ မိမိအသက်နှင့် ပြိုင်ဘက်အသက်ကို လဲလှယ်သော တိုက်ပွဲပင် ဖြစ်သည်။ ပြင်းထန်သည်ဟူသော စကားလုံးမှာပင် ဤအခြေအနေကို ဖော်ပြရန် မလုံလောက်တော့ပေ။
ဝံပုလွေနက်ဂိုဏ်း၏ ကျန်ရှိနေသော အဖွဲ့ဝင်နှစ်ဦးမှာမူ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့သည် အကြိမ်ကြိမ် နောက်ဆုတ်သွားမိ၏။
လောကအလယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း ဤမျှအထိ ရက်စက်ပြီး အသက်ကို ပဓာနမထားသော လူစားမျိုးကို သူတို့ တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ဟူရှန်ပင်လျှင် ကျောရိုးတစ်လျှောက် စိမ့်တက်လာသော အအေးဓာတ်ကို ခံစားလိုက်ရသည်။
ဒီလို ရက်စက်တဲ့ လူမိုက်က ဘယ်ကနေ ပေါ်လာတာလဲ... ဘယ်လိုဖြစ်လို့ သေမှာကို ဒီလောက်တောင် မကြောက်ရတာလဲ
သို့သော်လည်း သူသည် ဓားကို ကိုင်ဆောင်ရာတွင် တုံ့ဆိုင်းနေခြင်း မရှိပေ။
အခွင့်ကောင်းကို အမိအရဖမ်းဆွဲကာ ကိုယ်ပွား၏ ဘယ်ဘက်လက်ကို ဓားတစ်ချက်တည်းဖြင့် ဖြတ်တောက်ပစ်လိုက်သည်။
ဓားရှိန်မှာ မရပ်တန့်ဘဲ ကိုယ်ပွား၏ ဘယ်ဘက်ခါးတွင်ပါ နက်ရှိုင်းသော ဒဏ်ရာတစ်ခုကို ထပ်မံဖြစ်ပေါ်စေခဲ့သည်။
ကိုယ်ပွားမှာ ယိုင်ထိုးသွားသော်လည်း နာကျင်မှုကို လျစ်လျူရှုကာ လှည့်ထွက်လိုက်ပြီး ဒဏ်ရာဗရပွဖြင့် အနောက်ဘက်ရှိ အခန်းတွင်းသို့ ထော့နဲ့ထော့နဲ့ ပြေးဝင်သွားတော့သည်။
“ပြေးချင်သေးတာလား”
ဟူရှန်က ဟိန်းဟောက်ကာ နောက်မှ လိုက်လံတိုက်ခိုက်ပြီး ကိုယ်ပွား၏ ကျောပြင်ကို ရက်စက်စွာ ခုတ်ပိုင်းလိုက်ပြန်သည်။
ကျောပြင်ကို ကျရောက်လာသော ဓားချက်၏ တွန်းအားကို အသုံးချကာ ကိုယ်ပွားသည် ရှေ့သို့ ခုန်တက်လိုက်ရာ လေထဲတွင် နှစ်မီတာ၊ သုံးမီတာခန့် ဝဲပျံသွားပြီး အခန်းတွင်းသို့ ကျရောက်သွားလေသည်။
မှိန်ပျပျ အလင်းရောင်အောက်တွင် ကိုယ်ပွားသည် မြေပြင်ပေါ်၌ မှောက်လျက်သား လဲကျနေပြီး မည်သည့်လှုပ်ရှားမှုမျှ မရှိတော့သဖြင့် သေဆုံးသွားပြီဟုပင် ထင်ရပေသည်။
ဟူရှန်သည် အသက်ကို ပြင်းပြင်းရှူနေရပြီး နဖူးမှ ချွေးအေးများကို သုတ်လိုက်ရ၏။ သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ကျန်ရှိနေဆဲပင်။
အမှန်အတိုင်းဆိုရလျှင် ပြိုင်ဘက်၏ ခွန်အားမှာ မနိမ့်လှသော်လည်း အလွန်အမင်း မြင့်မားနေသည်မျိုးလည်း မဟုတ်ပေ။
ဟူရှန်အနေဖြင့် သူ၏ ခွန်အားမှာ ပြိုင်ဘက်ထက် သာလွန်သည်ဟု ယုံကြည်သည်။
သို့သော် ပြိုင်ဘက်၏ အသက်ချင်းလဲ၍ တိုက်ခိုက်သော ပုံစံသည် သူ့ကို အမှန်တကယ်ပင် တုန်လှုပ်သွားစေခဲ့သည်။
အကယ်၍ နောက်တစ်ကြိမ် ထပ်မံရွေးချယ်ခွင့်ရပါက ဤကဲ့သို့ အသက်ကို အပေါင်ဆုံးကာ ရက်စက်တတ်သော လူစားမျိုးကို သူ ဘယ်တော့မှ အလွယ်တကူ ရန်စလိမ့်မည် မဟုတ်ပေ။
ဤသို့တွေးမိသည်နှင့် ဟူရှန်သည် မြေပြင်ပေါ်တွင် သတိလစ်နေဆဲဖြစ်သော မျောက်ရူးကို ဒေါသတကြီး စိုက်ကြည့်လိုက်မိလေတော့သည်။
အခန်း (၂၆) ငွေဖြင့် အသက်ရွေးခြင်း
ဟူရှန်သည် အခန်းတွင်းသို့ အလွန့်အလွန် သတိထားကာ ဝင်ရောက်လာခဲ့သည်။
၎င်း၏ အမြင်တွင် တစ်ဖက်လူသည် ထိုမျှ ပြင်းထန်သော ဒဏ်ရာများနှင့် ကံကောင်းထောက်မစွာ မသေဆုံးသေးလျှင်ပင် အပြင်းအထန် ဒဏ်ရာရရှိထားမည်ဖြစ်ရာ ပြန်လည်ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
သို့သော်လည်း သူသည် နိုးနိုးကြားကြားရှိနေဆဲပင်။
ကိုယ်ပွား၏ ဘေးနားသို့ ရောက်ရှိလာသည်နှင့်
ဟူရှန်၏ မျက်ဝန်းများတွင် ဒေါသအရိပ်အယောင်များ ဖြတ်သန်းသွားပြီး လက်ရှိ ကိုင်ဆောင်ထားသော ဓားရှည်အား မြှောက်ကာ ကိုယ်ပွား၏ လည်ပင်းဆီသို့ အားကုန်လွှဲ၍ ပိုင်းချလိုက်လေသည်။
တစ်ဖက်လူသည် သေဆုံးနေလောက်ပြီ ဖြစ်သော်လည်း
ဦးခေါင်းကို ဖြတ်တောက်လိုက်မှသာ သူ၏ စိတ်နှလုံး အေးချမ်းပေလိမ့်မည်။
သို့သော် ထိုစဉ်မှာပင် သူ၏ နောက်ကျောဘက်မှ လေတိုးသံတစ်ခု ပေါ်ထွက်လာသည်။
ဟူရှန်သည် ထိတ်လန့်တုန်လှုပ်သွားပြီး ရှေ့သို့ အသည်းအသန် ပြေးထွက်လိုက်သော်လည်း
တစ်လှမ်းမျှ နောက်ကျသွားခဲ့ချေပြီ။
တံခါးနောက်ကွယ်တွင် ပုန်းကွယ်နေသော အခြားသော ကိုယ်ပွားတစ်ခုက ဓားဖြင့် ဟူရှန်၏ ကျောပြင်အား ပိုင်းဖြတ်လိုက်ခြင်းပင်။
"အား... နောက်တစ်ယောက် ရှိသေးတာလား..." ဟူရှန်သည် စူးရှစွာ အော်ဟစ်လိုက်မိသည်။
သူ့နောက်မှ ကိုယ်ပွားသည် အနားသို့ တိုးကပ်လာပြီး ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်၏
ထိုစဉ်မှာပင် ဟူရှန်သည် မြေပြင်ပေါ်၌ လူးလွန့်ကာ ဗီဇအရ အော်ဟစ် အသနားခံတော့သည်။
"သခင်ကြီး... အသက်ကို ချမ်းသာပေးပါ... ချမ်းသာပေးပါ..."
ကိုယ်ပွားက အေးစက်စွာ ပြောလိုက်သည်။
"ငါ မင်းကို ချမ်းသာပေးလို့ရတယ်၊ ဒါပေမဲ့ မင်းရဲ့ အသက်ကို ငွေနဲ့ ပြန်ရွေးရမယ်။ မင်းရဲ့ ဒီခွေးအသက်အတွက် ဘယ်လောက် ပေးနိုင်မလဲ"
"ငွေစင် ငါးရာပါ့၊ ကျွန်တော့်အိမ်မှာ ငွေစင် ငါးရာကျော်ရှိပါတယ်၊ အကုန်လုံး ပေးပါ့မယ်ကျွန်တော့်အသက်ကိုပဲ ချမ်းသာပေးဖို့ တောင်းပန်ပါတယ် သခင်ကြီး”
ဟူရှန်သည် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်မိသကဲ့သို့ သူ၏ လျှို့ဝှက်ချက်အားလုံးကို ဝန်ခံပြောဆိုလိုက်တော့သည်။
ကိုယ်ပွားသည် ဟူရှန်၏ ဆံပင်ကို ဆွဲ၍ အခန်းထဲမှ အပြင်သို့ တရွတ်တိုက် ဆွဲထုတ်လာခဲ့သည်။
ဟူရှန်သည် ကိုယ်ပွားအား အမျက်ထွက်စေပြီး တစ်ချက်တည်းဖြင့် အသက်ပျောက်သွားမည်ကို စိုးရိမ်သဖြင့် မရုန်းကန်ဝံ့ပေ။
ခြံဝင်းအတွင်း ကျန်ရှိနေသော ဂိုဏ်းသားနှစ်ဦးမှာ ထိုမြင်ကွင်းကို မြင်လျှင် မြင်ချင်း ကြောက်လန့်လွန်းသဖြင့် မြေပြင်ပေါ်သို့ ပြိုလဲလုမတတ် ဖြစ်သွားကြသည်။
တစ်ပုံစံတည်းသော အရပ်အမောင်း၊ ကိုယ်အလေးချိန်နှင့် အမည်းရောင် ခေါင်းစွပ်များကို ဝတ်ဆင်ထား၏
ထိုသူမှာ ခုနက သေမင်းတမျှ ကြောက်မက်ဖွယ်ကောင်းသော သူပင် မဟုတ်ပါလော။
သေမင်းတမျှ သတ်ဖြတ်နေသော ထိုသူသည် ဘယ်ဘက်လက် ဖြတ်တောက်ခံရပြီး ဒဏ်ရာအပြင်းအထန် ရထားသည်မှာ သေချာပါလျက် ယခုမူ မည်သို့ကြောင့် မျက်တောင်တစ်ခတ်အတွင်း ကျန်းမာသန်စွမ်းစွာ ပြန်လည်ပေါ်ပေါက်လာရသနည်း။
ဤသူမှာ လူလော သို့မဟုတ် တစ္ဆေလော။
ကိုယ်ပွားက ထိုသူတို့အား လျစ်လျူရှုကာ အေးစက်စက် အမိန့်ပေးလိုက်သည်။ “မင်းတို့ လူတွေကို ငွေသွားယူခိုင်းလိုက်။ ငွေစင် ငါးရာ... တစ်ကျပ် လိုတာနဲ့ မင်းရဲ့ အသားကို တစ်ကျပ်စီ လှီးပစ်မယ်"
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ..."
ဟူရှန်က တုန်တုန်ယင်ယင်ဖြင့် သဘောတူလိုက်ပြီး ခြံထဲရှိ တပည့်နှစ်ဦးကို လှမ်းအော်ပြောလေသည်။ "ဘာရပ်ကြည့်နေကြတာလဲ၊ ငါ့အိမ်ကို အမြန်သွား၊ ငါ့မိန်းမဆီကနေ အသက်ရွေးဖို့ ငွေသွားယူကြစမ်း”
နောက်လိုက်နှစ်ဦးမှာ တုန်တုန်ရီရီဖြင့် သဘောတူလေ၏
ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ကိုယ်ပွား၏ ဟန့်တားသံကြောင့် တုန်လှုပ်သွားကြသည်။
ကိုယ်ပွားက ဆက်လက်၍ “မင်းတို့ရဲ့ အပေါင်းအပါတွေ အကုန်လုံးကို ခေါ်သွားကြ၊ အရှင်ပဲဖြစ်ဖြစ် အသေပဲဖြစ်ဖြစ်၊ မျောက်ရူးလို့ ခေါ်တဲ့တစ်ယောက်ကလွဲလို့ အကုန်ခေါ်သွား။
“ ဪ... ဒါနဲ့ မျောက်ရူးရဲ့ ယောက်ဖက ဝံပုလွေနက်ဂိုဏ်းရဲ့ ခေါင်းဆောင်တစ်ယောက် ဆိုတာ ဟုတ်သလား"
ဟူရှန်က အလျင်အမြန် ပြန်ဖြေသည်။ “မှန်ပါတယ်၊ မျောက်ရူးရဲ့ ညီမက ကျွန်တော်တို့ ဂိုဏ်းချုပ် ကျောက်သုန်းလေ့ရဲ့ မယားငယ်ပါ"
ကိုယ်ပွားက ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒါဆို ကျောက်သုန်းလေ့ဆီကိုလည်း စကားပါးလိုက်၊ သူ့ယောက်ဖ အသက်ကို ရွေးချင်ရင် ငွေစင် တစ်ထောင် အမြန်ဆုံး ယူလာခဲ့လို့"
ဂိုဏ်းသားနှစ်ဦးသည် မငြင်းဆန်ဝံ့ဘဲ အရှေ့ခြံဝင်းမှ စောင့်နေသော လူငါးဦးကို ခေါ်ကာ သေဆုံးသူနှင့် ဒဏ်ရာရသူများကို တရွတ်တိုက် ဆွဲယူ၍ ထွက်ခွာသွားကြတော့သည်။
မြို့အနောက်ဘက် အရှေ့လမ်းရှိ ခြံဝင်းကြီးတစ်ခုအတွင်း။
ကျောက်သုန်းလေ့သည် သူ၏ မယားငယ်နှစ်ဦးကို ဖက်လှဲတကင်းဖြင့် ကာမစည်းစိမ် ခံစားနေ၏
ထိုစဉ် တံခါးကို အတင်းအဓမ္မ လာရောက်ခေါက်သံကြောင့် လန့်နိုးသွားခဲ့သည်။
အပြင်ဘက်ရှိ နောက်လိုက်တစ်ဦးက အရေးကြီးကိစ္စ တင်ပြရန်ရှိကြောင်း ပြောကြားလာသည်။
ကောင်းခန်းရောက်ခါနီးမှ အနှောင့်အယှက် ခံရသဖြင့် ကျောက်သုန်းလေ့ မျက်နှာသည် မည်းမှောင်သွားကာ ဟိန်းဟောက်လိုက်သည်။ “ဘာအရေးကြီးတဲ့ ကိစ္စလဲ၊ငါ အလုပ်ရှုပ်နေတာ မသိဘူးလား”
တံခါးအပြင်ဘက်မှ လူက တုန်ရီသောအသံဖြင့် ပြန်ပြောသည်။
"သခင်ကြီး... အကြီးအကျယ် ပြဿနာတက်ပါပြီ။ အစောင့်အကြပ် ဟူရှန်တို့အဖွဲ့ ကျိုးပေါ်ရဲ့ အိမ်ကို ပြန်သိမ်းဖို့ သွားတာမှာ တိုက်ခိုက်ခံရပြီး ညီနောင်အချို့ သေကြေဒဏ်ရာရကုန်ပါပြီ။ တစ်ဖက်လူက မျောက်ရူးကို ဖမ်းထားပြီး အသက်ရွေးဖို့ ငွေစင် တစ်ထောင် တောင်းနေပါတယ်”
"ဘာ” ကျောက်သုန်းလေ့သည် ခုတင်ပေါ်မှ ရုတ်တရက် ထထိုင်လိုက်ပြီး မျက်နှာ ဖြူလျော်သွားသည်။
ဘေးမှ မယားငယ်ကို တွန်းဖယ်ကာ အဝတ်အစားများကို အလျင်အမြန် ကောက်စွပ်၍ အပြင်သို့ ပြေးထွက်လာခဲ့သည်။
တံခါးပွင့်သည်နှင့် ကျောက်သုန်းလေ့သည် နောက်လိုက်၏ ကော်လာကို ဆွဲကာ ဒေါသတကြီး မေးမြန်းတော့သည်။
"တကယ်တမ်း ဘာဖြစ်တာလဲ။ ဟူရှန်နဲ့ လူတစ် ဒါဇင်ကျော်က ဘယ်လိုလုပ် ရှုံးနိမ့်ရတာလဲ။ တစ်ဖက်မှာ လူဘယ်နှယောက် ရှိလို့လဲ"
နောက်လိုက်မှာ ကြောက်လန့်တုန်ရီစွာဖြင့်ပင်...
"သခင်ကြီးကို တင်ပြရရင်... အနည်းဆုံး လူအနည်းငယ် ရှိပုံရပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရပါဘူး။ ဟူရှန် အဖမ်းခံထားရပြီး သူ့မိသားစုကတော့ ငွေယူပြီး ရွေးဖို့ သွားကြပါပြီ..."
ကျောက်သုန်းလေ့သည် သူ၏ လက်ကို လွှတ်လိုက်ပြီး မျက်နှာမှာ အလွန်ပင် တင်းမာခက်ထန်နေသည်။
ဟူရှန်သည် စစ်မှန်သော ကိုယ်ခံပညာရှင် တစ်ဦး မဖြစ်သေးသော်လည်း သူ၏ အမာခံ လက်ရုံးသုံးဦးအနက် တစ်ဦးဖြစ်ရာ ခွန်အားမှာ မသေးလှပေ။
ဤတစ်ကြိမ်တွင် လူတစ်ဒါဇင်ကျော်နှင့် သွားပါလျက်နှင့် တစ်ဖက်လူကို မယှဉ်နိုင်ခဲ့ချေ။
ဖြစ်နိုင်သည်မှာ... တစ်ဖက်လူသည် စစ်မှန်သည့် ကိုယ်ခံပညာရှင်တစ်ဦး ဖြစ်နေခြင်းလော။
ဤအချက်က ကျောက်သုန်းလေ့အား အကျပ်ရိုက်စေသည့် အခြေအနေသို့ ရောက်ရှိသွားစေတော့သည်။
သူသည် အဆင့် (၉) သိုင်းပညာရှင်တစ်ဦး ဖြစ်သော်လည်း ထိုအဆင့်မှာ သိုင်းလောက၏ အနိမ့်ဆုံးအဆင့်မျှသာ ဖြစ်သည်။ ထို့ပြင် မကြာသေးမီနှစ်များအတွင်း ကာမဂုဏ်အာရုံများ၌သာ ပျော်ပါးနေခဲ့သဖြင့် သူ၏ သိုင်းပညာရပ်များမှာလည်း သံချေးတက်ကာ တုံးအလာခဲ့ချေပြီ။
ဤသည်မှာ မိမိအိမ်တွင်းရေးကို မိမိဘာသာသာ သိရှိနိုင်သော အရှက်ရဖွယ် ကိစ္စရပ်တစ်ခုပင်။
အကယ်၍ တစ်ဖက်လူသည် စစ်မှန်သော သိုင်းပညာရှင်တစ်ဦး ဖြစ်နေပါက သို့မဟုတ် ထိုနေရာတွင် သိုင်းပညာရှင်များ ရှိနေပါက ဖြေရှင်းရန် အလွန်ပင် ခက်ခဲပေလိမ့်မည်။
ကျောက်သုန်းလေ့ ခန့်မှန်းရခက်သော မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ သူ၏နောက်လိုက်က သတိထား၍ တင်ပြလိုက်သည်။
"သခင်ကြီး... ဟူရှန်ရဲ့ မိသားစုကတော့ သူ့ကိုရွေးဖို့ ငွေယူသွားကြပါပြီ။ ဟူရှန် ပြန်လာတာကို စောင့်ပြီး အကျိုးအကြောင်း သေချာမေးမြန်းပြီးမှ ဆုံးဖြတ်ချက်ချရင် မကောင်းဘူးလားခင်ဗျာ"
ကျောက်သုန်းလေ့သည် ထိုစကားကို သဘောတူသဖြင့် ခေါင်းညိတ်ကာ “ကောင်းပြီ... ဒါဆိုရင် ဟူရှန် ပြန်လာတာကို အရင်စောင့်ကြတာပေါ့..."
သူ၏ စကားပင် မဆုံးသေးချေ။
အခန်းထဲမှ လှပချောမောသော မယားငယ်တစ်ဦးသည် အဝတ်အစားများ ဖရိုဖရဲဖြစ်လျက် ပြေးထွက်လာကာ ကျောက်သုန်းလေ့၏ ခြေထောက်ကို ဖက်တွယ်၍ ငိုယိုအသနားခံတော့သည်။
"သခင်ကြီး... ကျွန်မရဲ့ မောင်လေးကို ကယ်ပေးပါဦး သူက ကျွန်မရဲ့ တစ်ဦးတည်းသော မောင်လေးပါ”
ဤမယားငယ်မှာ မျောက်ရူး၏ အစ်မပင် ဖြစ်သည်။
သူမသည် အခန်းထဲ၌ ရှိနေစဉ် အပြင်ဘက်မှ နောက်လိုက်များ၏ တင်ပြချက်ကို ကြားသိသွားခြင်းပင်။
ကျောက်သုန်းလေ့သည် ထိုမယားငယ်အား ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
"မင်းရဲ့ အသုံးမကျတဲ့ မောင်လေးကြောင့် ငါ့ရဲ့ ဂိုဏ်းသားညီနောင်တွေ အသက်ဆုံးရှုံးကုန်ပြီ။ ငါက သူ့ကို အပြစ်မယူတာတောင် အတော်လေး သဘောထားကြီးနေပြီ၊ အခု မင်းက အဲဒီအသုံးမကျတဲ့ကောင်ကို ငွေကုန်ခံပြီး သွားရွေးခိုင်းနေတာလား"
မယားငယ်မှာ မြေပြင်ပေါ်သို့ လွင့်စင်သွားကာ အဝတ်အစားများ ပြေလျော့လျက် မျက်ရည်စက်လက်ဖြင့် ငိုကြွေးနေသော်လည်း ထပ်မံ၍ အသံမထွက်ဝံ့တော့ချေ။
ကျောက်သုန်းလေ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏ နောက်လိုက်များအား အမိန့်ပေးလိုက်သည်။ “ဟူရှန် ပြန်ရောက်တာနဲ့ ငါ့ဆီ ချက်ချင်း ခေါ်လာခဲ့”
မကြာမီမှာပင် ဟူရှန်သည် အခန်းထဲ ရောက်လာ၏
မျက်နှာဖြူလျော်လျက် ခန္ဓာကိုယ်တစ်ခုလုံးတွင် ပတ်တီးများ ပတ်ထားပြီး တွဲခေါ်လာခြင်း ခံရသည်။
ကျောက်သုန်းလေ့က သူ့ကို အေးစက်စက် ကြည့်ကာ မေးမြန်းလိုက်သည်။ “ တစ်ဖက်လူတွေက ဘယ်သူတွေလဲ။ လူဘယ်နှယောက် ရှိသလဲ။ သူတို့ရဲ့ အစွမ်းက ဘယ်လောက်ရှိသလဲ"
ဟူရှန်၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေလျက်
"သခင်ကြီး... သူတို့က စုစုပေါင်း သုံးယောက်လောက် ရှိပါတယ်။ ဘယ်က လာသလဲဆိုတာတော့ မသိပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ခွန်အားက... သိပ်မကြီးမားပါဘူး။ ပြောရရင် ကျွန်တော့်ထက်တောင် နိမ့်ပါသေးတယ်"
ထိုစကားကို ကြားလျှင် ကျောက်ဖေးသည် ဒေါသအလွန်ထွက်သွားသဖြင့် ဟူရှန်၏ မျက်နှာကို ရိုက်ပစ်ချင်စိတ် ပေါက်သွားကာ ဟိန်းဟောက်လိုက်ပြန်သည်။
"မင်းထက် နိမ့်တယ် ဟုတ်လား? မင်းထက် အစွမ်းနည်းတယ် ဟုတ်လား? ဟမ်ဒါဆို မင်းက ဘယ်လိုဖြစ်လို့ သူတို့လက်ထဲမှာ အဖမ်းခံနေရတာလဲ"
ဤကဲ့သို့ အရေးကြီးသော အချိန်တွင်ပင် ဟူရှန်သည် မိမိကိုယ်မိမိ အမွှမ်းတင်ရန် ကြိုးစားနေဆဲပင်။
ဟူရှန်က အလျင်အမြန် ရှင်းပြသည်။ “သူတို့က အစွမ်းမထက်ပေမဲ့ တိုက်ခိုက်တဲ့အခါ ရူးသွပ်နေတဲ့ လူသတ်သမားတွေလိုပါပဲ။ ကျွန်တော်က သတိလက်လွတ် ဖြစ်သွားလို့ သူတို့ရဲ့ ချောင်းမြောင်း တိုက်ခိုက်တာကို ခံလိုက်ရတာပါ..."
ဟူရှန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက်
ကျောက်သုန်းလေ့ မျက်နှာရိပ်မှာ အနည်းငယ် ပြေလျော့သွားသည်။
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူသည် စစ်မှန်သော သိုင်းပညာရှင် မဟုတ်လျှင်ပင် တော်သေးသည်ဟု သူက တွေးလိုက်မိသည်။
"ညီနောင်တွေအားလုံးကို စုရုံးလိုက်စမ်း၊ လက်နက်တွေ အကုန်ယူခဲ့ကြ။ အဲဒီ ရောင့်တက်နေတဲ့ ကောင်တွေကို ငါကိုယ်တိုင် သွားတွေ့မယ်၊ တောက်... ငါ ရဲ့ နယ်မြေထဲမှာ လာပြီး ရမ်းကားရဲတယ်ပေါ့၊ သေချင်နေတာပဲ”
"ဟုတ်ကဲ့ပါ သခင်ကြီး"
လက်အောက်ငယ်သားများက အမိန့်ကိုနာခံလေ၏
နာရီဝက်ခန့်အကြာတွင်
ကျောက်သုန်းလေ့သည် လူအင်အား တစ်ရာကျော်ကို ဦးဆောင်ကာ ထိုအိမ်ဆီသို့ ခမ်းနားကြီးကျယ်စွာ ချီတက်သွားတော့သည်။
သို့သော်လည်း အိမ်တစ်အိမ်လုံးကို နှံ့စပ်အောင် ရှာဖွေပြီးနောက်တွင်မူ မြေပြင်ပေါ်ရှိ သွေးကွက်အချို့နှင့် မျောက်ရူး၏ အလောင်းမှလွဲ၍ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရတော့ချေ။
ဤနေရာမှာ လူသူကင်းမဲ့သွားသည်မှာ သိသာလှသည်။
ကျောက်သုန်းလေ့သည် ဒေါသအမျက်ချောင်းချောင်း ထွက်သွားကာ အော်ဟစ်လိုက်သည်။ "စုံစမ်းကြ၊ အကုန်စုံစမ်းစမ်း၊ မြေလှန်ပြီး ရှာရင်တောင်မှ အဲဒီကောင်တွေကို ငါမတွေ့တွေ့အောင် ရှာမယ်”
အခန်း (၂၇) ပထမအကြိမ် သတိပေးချက်
ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျောက်ဖေးသည် သိုင်းသင်တန်းကျောင်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ဤခရီးစဉ်အတွင်း သူသည် ငွေစင်ငါးရာခန့် အမြတ်အစွန်းရရှိခဲ့ရာ ၎င်းမှာ သွေးအားကောင်းစေပြီး ခန္ဓာကိုယ်သန်စွမ်းစေသည့် ဆေးရည် ပုလင်းပေါင်း ၅၀ ခန့် သောက်သုံးရန် လုံလောက်သော ပမာဏပင်။
အမှန်တကယ်ပင် လူသတ်လုယက်ခြင်းမှာ ငွေရှာရန် အမြန်ဆုံးနည်းလမ်း ဖြစ်ပေသည်။
နှမြောစရာကောင်းသည်မှာ မျောက်ရူးသည် တန်ဖိုးမရှိလှသဖြင့် တစ်ဖက်လူက လာရောက်မရွေးချယ်ခဲ့ခြင်းပင်။
ကျောက်ဖေး၏ ကိုယ်ပွားသည် ခြံဝင်းအတွင်း၌ အတော်ကြာအောင် စောင့်ဆိုင်းခဲ့သော်လည်း ဝံပုလွေနက်ဂိုဏ်းဘက်မှ မျောက်ရူးအား လာရောက်ရွေးချယ်ခြင်း မရှိသလို ဈေးဆစ်ရန်ပင် လူလွှတ်ခြင်း မရှိခဲ့ပေ။
ထိုအခါမှသာ ကျောက်ဖေးသည် တစ်ဖက်လူအနေဖြင့် ဤကဲ့သို့ အခြေခံအဆင့် လူမိုက်တစ်ယောက်ကို အသက်ကယ်ရန် ရည်ရွယ်ချက်မရှိကြောင်း သဘောပေါက်သွားတော့သည်။
သို့ဖြစ်ရာ သူသည်လည်း ယဉ်ကျေးနေရန် မလိုတော့ပေ။
မကောင်းမှုပေါင်းစုံ ကျူးလွန်ထားသော မျောက်ရူးမှာ သေထိုက်သူပင် ဖြစ်သည်။
ကျောက်ဖေးသည် ကိုယ်ပွားသုံးခုကို ဖျက်ဆီးကာ ငွေစင်ငါးရာအား ယူဆောင်၍ သိုင်းကျောင်းသို့ တိုက်ရိုက်ပြန်လာခဲ့သည်။
တိုက်ပွဲမှာ အားရကျေနပ်စရာ ကောင်းသော်လည်း ကျောက်ဖေးသည် မိမိ၏ စွမ်းဆောင်ရည်ကို မိမိကိုယ်တိုင် ကောင်းစွာ သိရှိထားဆဲပင်။
ဝံပုလွေနက်ဂိုဏ်း၏ အစောင့်အကြပ် ဟူရှန်သည်ပင် သူတို့ထက် ခွန်အားသာလွန်စပြုနေပြီ ဖြစ်သည်။
ဟူရှန်၏ အထက်တွင်ရှိသော ဂိုဏ်းချုပ် ကျောက်သုန်းလေ့မှာမူ အဆင့် (၉) သိုင်းပညာရှင် တစ်ဦးပင် မဟုတ်ပါလော။
မိမိ၏ ကိုယ်ပွားသုံးခုလုံး အသက်နှင့်လဲ၍ တိုက်ခိုက်လျှင်ပင် အဆင့် (၉) သိုင်းပညာရှင်တစ်ဦးကို ယှဉ်နိုင်ရန် အလှမ်းဝေးနေပါသေးသည်။
ထို့ထက်မက ဂိုဏ်းချုပ်၏ အထက်တွင် ဒုတိယဂိုဏ်းချုပ် နှစ်ဦးနှင့် ဂိုဏ်းချုပ်ကြီး တစ်ဦးရှိနေပြီး ၎င်းတို့ သုံးဦးစလုံးမှာ အဆင့် (၈) သိုင်းပညာရှင်များ ဖြစ်ကြသည်။
ဝံပုလွေနက်ဂိုဏ်း၏ ခွန်အားနှင့် ပတ်သက်သော အချက်အလက်အားလုံးကို ကျောက်ဖေးသည် ဟူရှန်အား စစ်ဆေးမေးမြန်းခြင်းဖြင့် ရရှိခဲ့ခြင်းပင်။
သို့သော်လည်း ကျောက်ဖေးသည် အလျင်မလိုပေ။
ဝံပုလွေနက်ဂိုဏ်းသည် ကြီးမားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် ထွက်ပြေးသွားမည် မဟုတ်ပေ။
သူ၏ ခွန်အားမှာလည်း နောင်တွင် ပိုမိုတိုးတက်လာဦးမည်သာ။
တစ်နေ့နေ့တွင် ဝံပုလွေနက်ဂိုဏ်းအား အမြစ်ပြတ် ချေမှုန်းပစ်မည်ဟု သူ ဆုံးဖြတ်ထားသည်။
ထို့ပြင် ငွေကြေးအကျိုးအမြတ်သာမက ဤခရီးစဉ်သည် သူ၏ သိုင်းပညာကိုလည်း အကြီးအကျယ် တိုးတက်စေခဲ့သည်။
တိုက်ပွဲအတွင်း ကိုယ်ပွားသည် အင်အားထုတ်လွှတ်ပုံ နည်းစနစ်များကို အဆက်မပြတ် ပြင်ဆင်မွမ်းမံခဲ့ရာ တောင်ဖြိုလက်သီး ၃၆ ကွက်၏ စွမ်းပကားကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။
ယခုအခါ သူသည် တောင်ဖြိုလက်သီးအား အလွန်နက်နဲသော အဆင့်အထိ ကျွမ်းကျင်ပိုင်နိုင်သွားပြီ ဖြစ်သည်။
စစ်မှန်သော တိုက်ပွဲများ၊ အထူးသဖြင့် အသက်နှင့်လဲရသော တိုက်ပွဲများသည် သိုင်းပညာကို သွေးပေးရန်နှင့် လူသား၏ အောင်းနေသော စွမ်းပကားများကို ထုတ်ဖော်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
ဤစွမ်းရည်များ အားလုံးသည် ကျောက်ဖေးအတွက် အဖိုးတန်သော အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှုများ ဖြစ်လာခဲ့သည်။
"ဒါပေမဲ့ မနက်ဖြန်ကျရင် ကိုယ်ပွားတွေ လေ့ကျင့်ဖို့ မြို့ထဲမှာ အိမ်အချို့ ထပ်ငှားဦးမှ ဖြစ်မယ်"
ကျောက်ဖေးတစ်ယောက်တည်း တွေးတောနေမိသည်။
ကျိုးပေါ်၏ နေအိမ်မှာ လူသိရှင်ကြား ဖြစ်သွားပြီဖြစ်ရာ ကျောက်ဖေးအနေဖြင့် ဝံပုလွေနက်ဂိုဏ်းကို မကြောက်သော်လည်း အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်မိသည်။
အကယ်၍ ထိပ်တိုက်ရင်ဆိုင်ရပါက ကိုယ်ပွားများ မည်မျှပင် သေဆုံးပါစေ သူ့အတွက် နစ်နာစရာ မရှိဘဲ ဝံပုလွေနက်ဂိုဏ်းသာ ဒုက္ခရောက်မည် ဖြစ်၏
သို့သော်လည်း သူသည် ထိုဂိုဏ်းနှင့် နေ့စဉ် အသေးအဖွဲ ကိစ္စရပ်များဖြင့် အချိန်ကုန်မခံချင်ပေ။
သူသည် ဝံပုလွေနက်ဂိုဏ်းကို ရေရှည် အရင်းအမြစ်ပင်လယ် တစ်ခုကဲ့သို့ သဘောထားရန် စီစဉ်ထားသည်။
ငွေလိုသည့်အခါ သွားရောက်လုယက်ပြီး တိုက်ပွဲအတွေ့အကြုံ လိုသည့်အခါ သွားရောက်ရင်ဆိုင်မည် ဖြစ်သည်။
များသောအားဖြင့် ကိုယ်ပွားများကို အနှောင့်အယှက်မရှိ သိုင်းကျင့်ခိုင်းပြီး မိမိ၏ အဓိက ခန္ဓာကိုယ်အား အဆင့်တက်နိုင်ရန် ကူညီပေးစေမည်ဖြစ်သည်။
အဆောင်သို့ ပြန်ရောက်သောအခါ ကျောက်ဖေးသည် အနံ့အသက်မကောင်းသော အခန်းထဲ၌ မိနစ်အနည်းငယ်ခန့် အတင်းအကျပ် အိပ်စက်လိုက်သည်။
ကိုယ်ပွားသုံးခုလုံး အလုပ်မရှိဘဲ ငြိမ်သက်နေသည်ဟု တွေးမိတိုင်း သူ၏ စိတ်ထဲတွင် မအေးမချမ်း ဖြစ်နေမိသည်။
အချိန်ဖြုန်းနေသကဲ့သို့ ခံစားရ၏
ထို့ကြောင့် နောက်တစ်နေ့ နံနက်စောစောတွင်
ကျောက်ဖေးသည် မအောင့်နိုင်တော့ဘဲ သိုင်းကျောင်းပြင်ပသို့ ပြေးထွက်လာခဲ့သည်။ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ပွဲစားအချို့၏ အကူအညီဖြင့် အိမ်သုံးလုံးအား ငှားရမ်းလိုက်၏။
ဤအိမ်သုံးလုံးအတွက် တစ်လလျှင် စုစုပေါင်း ငှားရမ်းခ ငွေစင်ငါးခုပင် မပြည့်ချေ။
အဝတ်အစား အချို့ကိုလည်း ငွေတစ်ဆယ်၊ နှစ်ဆယ်ခန့်ဖြင့် ဝယ်ယူလိုက်သည်။
ကျောက်ဖေး၏ အိတ်ကပ်ထဲတွင် ငွေစင်ငါးရာ ရှိနေပြီ ဖြစ်သဖြင့် ဤကဲ့သို့ "ငွေအနည်းငယ်" ကို ဂရုမစိုက်တော့ပေ။
အိမ်ငှားပြီးသည်နှင့် သူသည် ကိုယ်ပွားသုံးခုကို အိမ်ထဲတွင် နေရာချကာ လေထိန်းချုပ် အနေအထားကိုသာ အာရုံစိုက် ကျင့်ကြံရန် အမိန့်ပေးလိုက်သည်။သို့မှသာ တတိယအဆင့်ဖြစ်သော လေငြိမ်သက်ခြင်းဆီသို့ အမြန်ဆုံး အဆင့်တက်လှမ်းနိုင်မည် မဟုတ်ပါလော။
ဤသို့ စီစဉ်ဆောင်ရွက်ပြီးနောက် ကျောက်ဖေးသည် နောက်ဆုံးတွင် စိတ်အေးလက်အေး ရှိသွားတော့သည်။
သိုင်းသင်တန်းကျောင်းသို့ ပြန်ရောက်၍ နံနက်စာ စားသောက်ပြီးသောအခါ သွေးအားကောင်းစေပြီး ခန္ဓာကိုယ် သန်စွမ်းစေသည့် ဆေးရည်တစ်ခွက်ကို သောက်သုံးလိုက်၏။
ထို့နောက် နံပါတ် (၂) လေ့ကျင့်ရေးကွင်းသို့ တိုက်ရိုက်သွားရောက်ကာ လေထိန်းချုပ်အနေအထားကို စတင်ကျင့်ကြံလေသည်။
သူသည် တောင်ဖြိုလက်သီး ၃၆ ကွက်ကို အစဉ်တစိုက် ကျွမ်းကျင်ပြီးသားဖြစ်ရာ ဤသိုင်းပညာအတွက် အချိန်အများကြီး ပေးရန်မလိုတော့ချေ။ ဆရာ လီကမ်းကလည်း သူ့ကို ကွက်သစ်အသစ်များ မသင်ပေးသေးပေ
ဤကာလအတွင်း ကျောက်ဖေးသည် လေထိန်းကျင့်စဉ်ကိုသာ အာရုံစိုက်ပြီး မိမိ၏ ချီနှင့် သွေးကြောများကို သန့်စင်စေကာ အဆင့် (၉) သိုင်းပညာရှင်အဆင့်သို့ အမြန်ဆုံး တက်လှမ်းနိုင်ရန် ကြိုးပမ်းနေခဲ့သည်။
သူ၏ အတွင်းအားများ တိုးဝင်လာသည်နှင့်အမျှ ကျောက်ဖေး၏ ပတ်ဝန်းကျင်တွင် မမြင်နိုင်သော လေလှိုင်းများ ဝန်းရံလာပြီး ဝတ်စုံနှင့် ဆံပင်များသည် လေထဲ၌ လွင့်ပျံနေသည်မှာ နတ်ဒေဝါတစ်ပါးအလား ထင်မှတ်ရပြှး ဘေးလူများ၏ မနာလိုဖွယ် အကြည့်များကို ဖမ်းစားထားလေသည်။
ကျောက်ဖေးသည် မိမိခန္ဓာကိုယ်အတွင်း စုစည်းလာသော ချီဓာတ်ကို အာရုံစိုက်ရင်း မသိမသာပင် စိတ်နှစ်ကိုယ်နှစ် နှစ်မြှုပ်ထားမိသည်။
"ကျောက်ဖေး... သခင်မလေးက မင်းကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ်"
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ ယင်ကောင်တစ်ကောင်ကဲ့သို့ စိတ်
အနှောင့်အယှက်ပေးတတ်သော ချန်မင်းသည် ကျောက်ဖေး၏ ရှေ့မှောက်သို့ ရောက်ရှိလာပြန်သည်။
သူသည် ကျောက်ဖေးအား မောက်မာဝင့်ကြွားသော အကြည့်ဖြင့် ကြည့်နေ၏။
မနေ့ညက သူတစ်ညလုံး စောင့်ခဲ့သော်လည်း စုန်ယုယောင်ပေါ်မလာခဲ့ပေ။
ယနေ့နံနက်တွင်မှ စုန်ယုယောင်ပြန်ရောက်လာသည်ကို ချန်မင်းမြင်လိုက်ရခြင်းပင်။
သူသည် စုန်ယုယောင်ရှေ့တွင် ဒူးထောက်ကာ ကျောက်ဖေးသည် သခင်မလေး၏ အမိန့်ကို မနာခံကြောင်းနှင့် သူ့ကို လမ်းညွှန်ပြသရန် ငြင်းဆန်ကြောင်း ချဲ့ကားတိုင်တန်းခဲ့သည်။
သူ တိုင်တန်းနေစဉ်အတွင်း စုန်ယုယောင် ၏ ဒေါသထွက်နေသော မျက်နှာကို ပြန်လည်မြင်ယောင်ရင်း ချန်မင်သည် မပြုံးဘဲ မနေနိုင်အောင် ဖြစ်နေမိသည်။
ဤတစ်ကြိမ်တွင် ကျောက်ဖေးတစ်ယောက် ကောင်းကောင်းခံရကာ စုန်ယုယောင်မှ သူ့ကို သေလုမတတ် ရိုက်နှက်လျှင် ပိုကောင်းမည်ဟုတွေးနေလေသည်။
ကျောက်ဖေးသည် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
ထို့နောက် ရုတ်တရက်ဆိုသလို ခြေလှမ်းကျဲလိုက်ပြီး ချန်မင်၏ ဝမ်းဗိုက်ကို ကန်ထုတ်လိုက်တော့သည်။
"အား..."
ချန်မင်သည် တစ်မီတာကျော်ခန့် လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ အော်ဟစ်လိုက်မိသည်။
သူသည် ဝမ်းဗိုက်ကို လက်ဖြင့်အုပ်ကာ ကျောက်ဖေးကို မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်ရင်း တုန်ရီသောအသံဖြင့် ဆိုသည် “မင်း... မင်း ငါ့ကို ရိုက်ရဲတယ်ပေါ့?"
ကျောက်ဖေးက အေးစက်စက် ပြောလိုက်သည်။ “ဒါက ပထမအကြိမ် သတိပေးတာပဲ။ နောက်တစ်ခါ ငါကျင့်ကြံနေတာကို လာနှောင့်ယှက်ရဲရင် ဒီလောက်နဲ့ တင်မှာမဟုတ်ဘူး"
ကျောက်ဖေး၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသောအခါ ချွေးစေးများ ပြန်လာသည့် ချန်မင်းသည် တစ်ခွန်းမျှ မဟဝံ့တော့ဘဲ ခေါင်းငုံ့ကာ မနည်းထရပ်လိုက်ရသည်။
ထို့နောက် ကျောက်ဖေးသည် ချန်မင်၏ နောက်မှလိုက်ကာ သီးသန့်အဆောင်တွဲများဆီသို့ ဦးတည်သွားတော့သည်။
ကျောက်ဖေးသည် ချန်မင်းကို အရေးမစိုက်သော်လည်း သူ့ကို အနည်းငယ် စိတ်
အနှောင့်အယှက် ဖြစ်စေသည်မှာ...စုန်ယုယောင်ပင်။
မည်သို့ပင်ဖြစ်စေ သူ၏ လက်ရှိ အဆင့်အတန်းမှာ စုန်ယုယောင်၏ လက်အောက်ခံ သိုင်းသင်တန်းသားတစ်ဦး ဖြစ်နေဆဲ မဟုတ်ပါလော။
ကျောက်ဖေးသည် စုန်ယုယောင်၏ ခြံဝင်းအတွင်းသို့ ဝင်လိုက်သည်နှင့် သူမသည် ကုလားထိုင်ပေါ်၌ ထိုင်ကာ မည်းမှောင်သော မျက်နှာဖြင့် စောင့်ကြိုနေသည်ကို တွေ့လိုက်ရသည်။
ကျောက်ဖေးဝင်လာသည်ကို မြင်သည်နှင့် စုန်ယုယောင်က ချက်ချင်းပင် မေးခွန်းထုတ်တော့သည်။ “ကျောက်ဖေး... ငါက မင်းကို ချန်မင်ကို သင်ပြပေးဖို့ ပြောထားတာကို ဘာလို့ မလုပ်တာလဲ။ ငါ့ရဲ့ စကားက မင်းအပေါ်မှာ အာဏာမသက်ရောက်တော့ဘူးလား"
ကျောက်ဖေးက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ “ဘာကြောင့် အဲဒီလို ပြောရတာလဲ သခင်မလေး။ ချန်မင်က ကျွန်တော့်စကားကို နားမထောင်တာ၊ ဒုက္ခမခံနိုင်တာက သိသာနေတာပဲ။ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် ကျွန်တော် ဘယ်လောက်ပဲ သင်ပေးပေး သူက တိုးတက်လာမှာ မဟုတ်ဘူး။ အဲဒီအစား ကျွန်တော့်ကိုပဲ လာမဲ့ပြိုင်ပွဲမှာ ပထမရဖို့ အဟန့်အတား ဖြစ်စေမှာပါ"
ချန်မင်၏ မျက်နှာမှာ ပျက်သွားပြီး အလျင်အမြန် ပြန်ပြောသည်။
"သခင်မလေး... သူ့ရဲ့ မဟုတ်ကဟုတ်ကတွေ နားမယောင်ပါနဲ့၊ ကျွန်တော် လုံးဝ မပျင်းခဲ့ပါဘူး၊ သူကသာ ကျွန်တော့်ကို သေချာမသင်ပေးတာပါ”
ကျောက်ဖေးက နှာခေါင်းရှုံ့လိုက်ကာ “ဒါဆိုရင် သခင်မလေးကို ပြောပြလိုက်လေ၊ မနေ့က ငါ အခါတစ်ဆယ် လေ့ကျင့်ခိုင်းထားတဲ့ တောင်ဖြိုလက်သီး ၃၆ ကွက်ကို မင်း ဘယ်နှခါ လေ့ကျင့်ခဲ့သလဲဆိုတာ"
ချန်မင်၏ မျက်နှာမှာ နီမြန်းသွားသည်။ “ဒါက... ငါက မလေ့ကျင့်ချင်လို့လား? ငါ လေ့ကျင့်ချင်တဲ့အချိန်ကျတော့ မင်းက ထမင်းစားနေတာလေ။ ငါ လေ့ကျင့်ရင်တောင် မင်းမှ မမြင်တာ၊ ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ။ မင်းက သခင်မလေးရဲ့ စကားကို နားမထောင်ဘဲ တမင် ဆင်ခြေပေးနေတာပဲ"
"မင်းက တကယ့်ကို အူတူတူ အတတ အကောင်ပဲ”
ကျောက်ဖေးက တစ်ခွန်းမျှ မညှာမတာ ဆူပူလိုက်သည်။ “ငါ မင်းကို လက်သီးကျင့်ခိုင်းတာက မင်းရဲ့ သိုင်းကွက်တွေ ယဉ်ပါးသွားအောင်လို့ပဲ။ နောက်ပြီး ငါက ထမင်းစားတာ အရမ်းမြန်တယ်၊ မင်း လက်သီးနှစ်ခါလောက် ကျင့်ပြီးတာနဲ့ ငါပြန်လာပြီ။ ဒါပေမဲ့ ငါပြန်လာတော့ မင်းကို ဘယ်နေရာမှာမှ ရှာမတွေ့ဘူး။ ငါ မင်းကို နေရာအနှံ့ လိုက်ရှာခဲ့သေးတယ်။ မင်းကသာ ပျင်းရိနေပြီးတော့ အခုမှ ငါ့ကို အရင် လာစွပ်စွဲရဲတယ်ပေါ့လေ"
"ငါ... ငါက..."
ကျောက်ဖေး၏ ယုတ္တိရှိလှသော စကားများကြောင့် ချန်မင်းမှာ စကားမဲ့သွားရသည်။
သူသည် လုံးဝ မလေ့ကျင့်ဘဲ စုန်ယုယောင်ထံသို့ တိုက်ရိုက်သွားကာ တစ်ညလုံး စောင့်ဆိုင်းပြီး တိုင်တန်းခဲ့သည်ဟု ဝန်ခံရန် အလွန်ပင် ရှက်ရွံ့နေလေသည်။
အမှန်အတိုင်း ပြောရလျှင် ကျောက်ဖေးတွင် သူ၏ ကိုယ်ပွားငါးခုနှင့် အဓိကခန္ဓာကိုယ်အပါအဝင် စုစုပေါင်း ဦးနှောက် ခြောက်ခုဖြင့် အလုပ်လုပ်နေခြင်း ဖြစ်သည်။
ယုတ္တိဗေဒအရ ပြောရလျှင် ချန်မင်နှစ်ယောက်ပေါင်းလျှင်ပင် သူ့ကို စကားနိုင်လုရန် မဖြစ်နိုင်ချေ။
ထိုစကားများကို ကြားပြီးနောက် စုန်ယုယောင်၏ မျက်နှာသည် အလွန်အမင်း မည်းမှောင်သွားသည်။ သူမသည် ထရပ်လိုက်ကာ ချန်မင်ကို ကန်ထုတ်လိုက်ပြီး တရစပ် ရိုက်နှက်တော့သည်။
သူမသည် အမှန်တရားကို စုံစမ်းရန် စိတ်မပါသလို၊ ဘာစကားမှလည်း ထပ်မကြားချင်တော့ပေ။
ချန်မင်ကို ဆုံးမပြီးနောက် စုန်ယုယောင်သည် ကျောက်ဖေးဘက်သို့ လှည့်ကာ သတိပေးသံဖြင့် ဆိုသည်။
"ကျောက်ဖေး... မင်း ဘယ်လိုနည်းလမ်းပဲ သုံးသုံး၊ ချန်မင်ကို ပြိုင်ပွဲမှာ ထိပ်တန်း ဆယ်ယောက်စာရင်းထဲ ရောက်အောင် လုပ်ပေးရမယ်။ အကယ်၍ သူသာ ရှုံးနိမ့်သွားခဲ့ရင် ငါ မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး၊ နားလည်လား"
ကျောက်ဖေးက ခေါင်းညိတ်ကာ ရိုရိုသေသေ ပြန်ဖြေလိုက်သည်။ “စိတ်ချပါ သခင်မလေး၊ ကျွန်တော် အစွမ်းကုန် လမ်းညွှန်ပေးပါ့မယ်"
အမှန်စင်စစ် သူသည် ထိုကိစ္စကို လုံးဝ ဂရုမစိုက်ပေ။
ချန်မင်ကဲ့သို့သော သူကို အစွမ်းကုန် သင်ပြလျှင်ပင် အချိန်တိုအတွင်း ပြောင်းလဲသွားရန် ခက်ခဲပေလိမ့်မည်။
စုန်ယုယောင်၏ ခြိမ်းခြောက်မှုကိုလည်း ကျောက်ဖေးစိတ်ထဲ မထားပေ
ယခုအခါ သူသည် ဆရာများ၏ အားကိုးယုံကြည်မှုကို ရရှိထားပြီး ဖြစ်သည်။
စုန်ယုယောင်အနေဖြင့် အသေးအဖွဲ ကိစ္စရပ်များတွင် သူ့ကို ဒုက္ခပေးနိုင်သော်လည်း၊ အကယ်၍ သူမက သူ့ကို သတ်ဖြတ်ရန်ကဲ့သို့သော အလွန်အကျွံ ကိစ္စရပ်များ ပြုလုပ်ရန် ကြံစည်ပါက ဆရာများနှင့် ကျောင်းအုပ်ကြီးက ငြိမ်ကြည့်နေမည် မဟုတ်ကြောင်း သူယုံကြည်သည်။
သူသာ အဆင့် (၉) သိုင်းပညာရှင် ဖြစ်လာသည်နှင့် စုန်ယုယောင်ကို ဂရုစိုက်နေရန်ပင် မလိုတော့ချေ။
လာမည့် ပြိုင်ပွဲငယ်အတွက် ရှစ်ရက်၊ ကိုးရက်ခန့် လိုသေးရာ ထိုအချိန်သည် လုံလောက်သော အချိန်ပင် ဖြစ်ပေတော့သည်။