← Chapters

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း (၂၈-၃၀)

Vol. 2 Ch. 28-30

အခန်း ၂၈ - ဓားသိုင်းနှင့် ကိုယ်ဖော့ပညာ

ထိုနေ့ရက်များကား တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

ကျောက်ဖေးသည် ခန္ဓာကိုယ်ကြံ့ခိုင်စေပြီး သွေးအားကောင်းစေသည့် ဆေးရည်ကို တစ်နေ့လျှင် သုံးကြိမ်၊ နံနက်၊ နေ့လယ်၊ ည တစ်ခွက်စီ သောက်သုံးနေခဲ့သည်။

နံနက်စာ၊ နေ့လယ်စာနှင့် ညစာများတွင် ပါဝင်သည့် ဆေးရည်များအပြင် ကျန်ရှိသည့်ပမာဏကို စွန်းဟူကပင် စိုက်ထုတ်ကျွေးမွေးထားခြင်း ဖြစ်သည်။

ဤမျှအထိ သုံးဖြုန်းနိုင်မှုမှာ သူဌေးသား စွန်းဟူကဲ့သို့သော ချမ်းသာကြွယ်ဝသည့် လူငယ်များ၏ အသုံးအနှုန်းမျိုးနှင့်ပင် ရင်ဘောင်တန်းနေပြီ ဖြစ်သည်။

နေ့စဉ်နေ့တိုင်း သွေးအားကောင်းစေသည့် ဆေးရည်ကြမ်းများ၏ အာဟာရကို အပြည့်အဝရရှိနေသဖြင့် ကျောက်ဖေး ကိုယ်ခန္ဓာမှာ ပိုမိုသန်စွမ်းကြံ့ခိုင်လာခဲ့သည်။

ငါးရက်မြောက်သောနေ့တွင် ကျောက်ဖေး၏ စိတ်ဝိညာဉ်စွမ်းအားသည် အထွတ်အထိပ်သို့ တစ်ဖန်ရောက်ရှိသွားပြန်ပြီး ခြောက်ခုမြောက်သော ကိုယ်ပွါးကို အောင်မြင်စွာ ဆင့်ခေါ်နိုင်ခဲ့လေသည်။

ကျောက်ဖေးသည် ထိုခြောက်ခုမြောက် ကိုယ်ပွားကို သူငှားရမ်းထားသည့် အခန်းသုံးခန်းအနက် တစ်ခန်းထဲတွင် ထားရှိလိုက်၏။

ယခုအခါ ကိုယ်ပွားခြောက်ခုနှင့်အတူ တစ်ပြိုင်နက်တည်း ကျင့်ကြံနေပြီဖြစ်ရာ သိုင်းပညာအပေါ် သူ၏နားလည်သဘောပေါက်မှုမှာ နှစ်ဆမျှ တိုးတက်လာခဲ့သည်။

နောက်ထပ် နှစ်ရက်မျှ ကုန်ဆုံးသွားသောအခါ ဒုတိယအကြိမ်မြောက် သိုင်းပြိုင်ပွဲကျင်းပရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း လီကမ်းသည် ကျောက်ဖေးထံသို့ လာရောက်ကာ ဤကဲ့သို့ သေးငယ်သော ပြိုင်ပွဲငယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုအပ်ကြောင်းနှင့် လကုန်တွင် ကျင်းပမည့် ပြိုင်ပွဲကြီးအတွက်သာ အာရုံစိုက်ပြင်ဆင်ထားရန် ပြောကြားလာခဲ့သည်။

ယင်းအတွက် အစားထိုးကုစားမှုအနေဖြင့် ပြိုင်ပွဲပြီးဆုံးပါက သိုင်းသင်တန်းကျောင်း၏ အမှတ် ၁၀ မှတ်ကို ကျောက်ဖေးထံ တိုက်ရိုက်ချီးမြှင့်မည်ဖြစ်သည်။

ကျောက်ဖေးအနေဖြင့်လည်း ကန့်ကွက်ရန် အကြောင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် သူသည် ပြိုင်ပွဲဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ထို ၁၀ မှတ်မှာ နောက်ဆုံးတွင် သူ၏လက်ထဲသို့ ရောက်ရှိလာမည်မဟုတ်သောကြောင့်ပင်။

သူသည် စုန်ယုယောင်၏ လက်အောက်ခံ သိုင်းနောက်လိုက်တစ်ဦးသာ ဖြစ်နေသေးသရွေ့ စုန်ယုယောင်တောင်းဆိုလာသည့် သိုင်းကျောင်းအမှတ်များကို ငြင်းဆန်ပိုင်ခွင့် မရှိပေ။

လေ့ကျင့်ရေးကွင်းအမှတ် (၂)

လီကမ်းသည် ကျောက်ဖေးကို တောင်ဖြိုလက်သီးပုံစံ ၃၆ မျိုးအား တစ်စုံစာ လေ့ကျင့်ပြသခိုင်းလေသည်။

လေ့ကျင့်ရေးကွင်းအတွင်း ကျောက်ဖေးလက်သီးချက်များမှာ လေပြင်းမုန်တိုင်းကဲ့သို့ အဟုန်ပြင်းလှ၏။ လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း လေထုကို ဖြတ်သန်းသွားသည့် အသံများမှာ ဟိန်းထွက်နေပြီး လေထုကြီးကိုပင် ဆုတ်ဖြဲပစ်နိုင်တော့မယောင် ထင်မှတ်ရသည်။

သူ၏ လှုပ်ရှားမှုများသည် စီးဆင်းနေသော ရေကဲ့သို့ ငြိမ့်ညောင်းလှပနေပြီး လက်သီးကွက်တိုင်းမှာလည်း တိကျပြတ်သားလှသည်။ သိမ်မွေ့နက်နဲသော အပြောင်းအလဲများကိုပင် ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ဘေးတွင် ရပ်ကြည့်နေသော လီကမ်း မျက်ဝန်းများထဲတွင် ချီးကျူးဂုဏ်ယူမှုများ ပိုမိုတောက်ပလာခဲ့သည်။

သူက ခေါင်းတညိတ်ညိတ်ဖြင့် ပြောလိုက်သည်မှာ “ ကောင်းပြီ... မင်းဟာ အခုဆိုရင် တောင်ဖြိုလက်သီးပုံစံ ၃၆ မျိုး'ကို အတော်လေးကို အဆင့်မြင့်မြင့် ပိုင်နိုင်နေပြီ။ ဒါပေမဲ့ ဒီအခြေခံလက်သီးကွက်တစ်ခုတည်းနဲ့တင် လကုန်မှာရှိမယ့် ပြိုင်ပွဲကြီးကို ရင်ဆိုင်ဖို့ဆိုတာ မလုံလောက်သေးဘူး"

လီကမ်း လေသံကို ကြားလိုက်ရသည်နှင့် ကျောက်ဖေးချက်ချင်းပင် ဝမ်းသာသွားခဲ့သည်။

ဒါဆိုရင်...

မျှော်လင့်ထားသည့်အတိုင်းပင် လီကမ်း ဆက်လက်ပြောကြားခဲ့သည်မှာ “ငါတို့ ပျံလွှားသိုင်းသင်တန်းကျောင်းမှာ တပည့်တွေကို အဓိက သိုင်းပညာနှစ်ရပ် သင်ကြားပေးတယ်။ တစ်ခုက ပျံလွှားကိုယ်ဖော့ပညာဖြစ်ပြီး နောက်တစ်ခုကတော့ တောင်ခွဲဓားသိုင်းပဲ”

"ကျန်းလင်းခရိုင်က ထိပ်တန်းသိုင်းကျောင်း လေးကျောင်းထဲမှာ ငါတို့ကျောင်းက ကိုယ်ဖော့ပညာမှာ အကျော်ကြားဆုံးပဲ။ ဒီ ပျံလွှားရိပ် ကိုယ်ဖော့ပညာက တကယ့်ကို ထူးခြားဆန်းပြားတဲ့ ပညာရပ်တစ်ခုပဲ”

“အဲဒီပညာကို အဆင့်မြင့်မြင့် တတ်မြောက်သွားပြီဆိုရင် ပျံလွှားငှက်တစ်ကောင်လို လျင်မြန်လာမယ်၊ လေလိုပဲ မြန်မြန်ဆန်ဆန် သွားလာနိုင်မယ်။ အိမ်ခေါင်မိုးတွေပေါ်ကနေ ကျော်ဖြတ်တာ၊ တံတိုင်းတွေပေါ် လမ်းလျှောက်တာတွေက အသေးအဖွဲပဲ ဖြစ်သွားလိမ့်မယ်။ တခြားသိုင်းကွက်တွေနဲ့သာ ပေါင်းစပ်လိုက်ရင် ပိုပြီးတော့တောင် ထိရောက်မှုရှိဦးမှာ"

"နောက်ထပ် ပညာရပ်တစ်ခုကတော့ တောင်ခွဲဓားသိုင်းပဲ"

"ဒီတောင်ခွဲဓားသိုင်းဆိုတာ တောင်ဖြိုလက်သီး ၃၆ မျိုးရဲ့ မူလပင်မ အဆက်အနွယ်ပဲ။”

“အတိအကျ ပြောရရင် တောင်ဖြိုလက်သီးဆိုတာ အမှန်တော့ တောင်ခွဲဓားသိုင်းကနေ ဆင်းသက်လာတာ။ လက်သီးကွက်တွေလိုပဲ ဒီဓားသိုင်းဟာလည်း အင်အားကို အဓိကသုံးပြီး နည်းစနစ်တွေကို ချိုးနှိမ်တာ ဖြစ်တယ်။ သူ့ရဲ့ အားမာန်က ပြင်းထန်ပြီး ဘယ်သူမှ တားဆီးလို့မရတဲ့ အရှိန်အဝါမျိုး ရှိတယ်"

"ငါတို့ကျောင်းမှာတော့ တပည့်အသစ်တွေကို အခြေခံခိုင်မာစေဖို့ တောင်ဖြိုလက်သီးကို အရင်သင်ပေးလေ့ရှိတယ်။ လက်သီးကွက်ကို အဆင့်တစ်ခုအထိ ကျင့်ကြံပြီး စစ်ဆေးမှုကို အောင်မြင်ပြီဆိုမှ တောင်ခွဲဓားသိုင်းကို ဆက်သင်ခွင့်ရတာ။ အခု မင်းက လက်သီးကွက်တွေကို တော်တော်လေး ပိုင်နိုင်နေပြီဆိုတော့ ဓားသိုင်းသင်ယူတဲ့အခါ ပိုလွယ်ကူလိမ့်မယ်။ မင်းအတွက် စစ်ဆေးမှုတွေ မလိုတော့ဘူး။ ငါ အခုကစပြီး တောင်ခွဲဓားသိုင်းကို တိုက်ရိုက်သင်ပေးမယ်။ မင်း သင်ယူချင်ရဲ့လား”

ကျောက်ဖေးသည် ဝမ်းသာအားရ ဖြစ်သွားကာ ချက်ချင်းပင် လက်နှစ်ဖက်ကို ဆုပ်ကူကာ ဂါရဝပြုရင်း “ ကျွန်တော့်ကို တောင်ခွဲဓားသိုင်း သင်ကြားပေးပါ ဆရာ၊ ကျွန်တော် သေချာပေါက် ကြိုးစားအားထုတ် ကျင့်ကြံပါ့မယ်" ဟု ဆိုလိုက်လေသည်။

အမှန်စင်စစ် သူသည် လက်နက်ကိုင်ဆောင်ရသည့် သိုင်းပညာကို သင်ယူချင်နေသည်မှာ ကြာပြီဖြစ်သည်။

လက်သီးကွက်များက ကောင်းမွန်သည်မှာ မှန်သော်လည်း တကယ့်တိုက်ပွဲများတွင် လက်နက်ကိုင်ဆောင်ထားခြင်းက ပို၍ အကျိုးရှိစေသည်။

မည်မျှပင် ခန္ဓာကိုယ်ကို သံမဏိကဲ့သို့ ကျင့်ကြံထားပါစေဦးတော့၊ သွေးသားခန္ဓာကိုယ်သည် ထက်မြက်လှသော ဓားသွားကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

လီကမ်းသည် ကျေနပ်စွာ အားရပါးရ ရယ်မောလိုက်ပြီး “ ကောင်းပြီ... ဒါဆိုရင် သေချာကြည့်ထားပေတော့"

ထို့နောက် သူသည် ဘေးရှိ လက်နက်စင်ပေါ်မှ သစ်သားဓားတစ်လက်ကို ယူလိုက်ကာ လေ့ကျင့်ရေးကွင်း၌ စတင်ပြသလေတော့သည်

"တောင်ခွဲဓားသိုင်းမှာ ပုံစံ ၆ မျိုး ရှိတယ်”

"ပထမဆုံး တစ်ကွက်ကတော့ တောင်ဖြိုကျောက်ခွဲလို့ ခေါ်တယ်။ ဒီအကွက်က ပြိုင်ဘက်ကို အရှိန်အဝါနဲ့ ဖိနှိပ်ဖို့ အဓိကထားတယ်။ ဓားသွားက အထက်ကနေ အောက်ကို အင်အားအလုံးအရင်းနဲ့ ပိုင်းချလိုက်တာ..."

လီကမ်းသည် ဓားကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာဆုပ်ကိုင်ကာ ဦးခေါင်းထက်သို့ မြှောက်တင်လိုက်ပြီးနောက် ပြင်းထန်သော အရှိန်ဖြင့် အောက်သို့ ပိုင်းချလိုက်၏။

လက်ထဲတွင် ရှိနေသည်မှာ သစ်သားဓားမျှသာ ဖြစ်သော်လည်း ဓားချက်က လေထုကို ခွင်းသွားသည့်အသံမှာ ဝုန်းခနဲ မြည်ဟည်းသွားပြီး လေလှိုင်းများပင် ထန်သွားကာ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းသတ္တိကို ထင်ရှားစွာ ပြသနေလေတော့သည်။

ကျောက်ဖေးမှာ ထိုမြင်ကွင်းကြောင့် စိတ်ထဲတွင် များစွာ တုန်လှုပ်အံ့သြသွားရလေသည်။

သူသည်လည်း လက်နက်စင်ပေါ်မှ သစ်သားဓားတစ်လက်ကို ကောက်ယူလိုက်ပြီး လီကမ်း၏ လမ်းညွှန်မှုအောက်တွင် ဆရာ့လှုပ်ရှားမှုများကို စတင်အတုယူ ကျင့်ကြံလေတော့သည်။

ဤဓားသိုင်းမှာ ကြည့်ရသည်မှာ ရိုးရှင်းပြီး လှုပ်ရှားမှုများမှာလည်း ရှုပ်ထွေးခြင်း မရှိလှပေ။ သို့သော်လည်း စစ်မှန်သော လျှို့ဝှက်ချက်မှာ အားစိုက်ထုတ်ပုံ နည်းစနစ်တွင်သာ ရှိနေသည်။ အကယ်၍ အသေးစိတ်အချက်အလက် တစ်ခုခု လွဲချော်သွားပါက ဓားသိုင်း၏ မူလရည်ရွယ်ချက်နှင့် များစွာ ဝေးကွာသွားပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ကျောက်ဖေး၏ တောင်ဖြိုလက်သီးပုံစံ ၃၆ မျိုးမှာ အဆင့်မြင့်မားသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏

ဓားသိုင်းနှင့် လက်သီးသိုင်းသည် မူလအခြေခံ အဆက်အနွယ်တူညီကြပြီး အားထုတ်ပုံ နည်းစနစ်များတွင်လည်း တူညီသည့်အချက်များစွာ ရှိသည်။ သို့သော်လည်း ဓားသိုင်းမှာ ပိုမိုနက်နဲပြီး ဆန်းပြားလှ၏။

ထို့အပြင် ဘေးမှနေ၍ လီကမ်းသည် အသေးစိတ် လမ်းညွှန်ပြသပေး၏

ကျင့်စဉ်အချို့ကို လေ့ကျင့်ပြီးနောက်တွင် ကျောက်ဖေးသည် ဓားသိုင်း၏ လျှို့ဝှက်ချက်များကို တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အပြင်လောက၌ ပျံ့နှံ့ရောက်ရှိနေသော ကိုယ်ပွား ခြောက်ခုစလုံးသည်လည်း လေထိန်းချုပ် ကျင့်ကြံနေမှုကို ချက်ချင်းရပ်တန့်လိုက်ကြသည်။

၎င်းတို့အားလုံးသည် ဓားသိုင်းကျင့်ကြံခြင်းသို့ ပြောင်းလဲလိုက်ကြ၏။

မြို့တွင်းရှိ ကိုယ်ပွား လေးခုမှာ ဝံပုလွေနက်ဂိုဏ်း အဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိထားသည့် ဓားရှည်များကို ကိုင်စွဲလိုက်ကြသည်။

သူတို့သည် တောင်ဖြိုကျောက်ခွဲ အကွက်ကို အခါခါ အထပ်ထပ် လေ့ကျင့်နေကြပြီး ဓားသွားများက လေထုကို ခွင်းသွားသည့်အသံမှာ ပြင်းထန်လှသော အရှိန်အဝါတို့ဖြင့် ပြည့်

နှက်နေသည်။

တစ်ဖက်တွင်လည်း မြို့ပြင်တောင်ပေါ်တွင် နေထိုင်သော ကိုယ်ပွားသည် ဓားရှည်အစား သစ်သားတုတ်တစ်ချောင်းကို အသုံးပြုနေ၏။ သစ်သားတုတ်ကို ဝှေ့ယမ်းလိုက်တိုင်း လေတိုးသံများမှာ တဝီဝီ မြည်ဟည်းနေတော့သည်။

မိုးကုတ်စက်ဝိုင်းဆီသို့ ဦးတည်နေသည့် မိုးမခရွာရှိ ကိုယ်ပွားမှာလည်း လက်ထဲရှိ ဆေးဘက်ဝင်အပင်များကို ချထားလိုက်ပြီး ဘေးနားရှိ တံမြက်စည်းတစ်ချောင်းကို ကောက်

ကိုင်လိုက်သည်။

ကြည့်ရသည်မှာ ရယ်စရာကောင်းနေသော်လည်း ထိုကိုယ်ပွား၏ မျက်နှာမှာမူ တကယ့်ဓားအစစ်ကို ကိုင်ထားသကဲ့သို့ အလွန်ပင် တည်ကြည်လေးနက်နေပေသည်။

ကိုယ်ပွား ခြောက်ခုစလုံး တစ်ပြိုင်နက်တည်း ကျင့်ကြံနေကြခြင်း ဖြစ်သည်။ ၎င်းတို့ အသုံးပြုသည့် လက်နက်များမှာ ကွဲပြားနေသော်လည်း ဓားသိုင်းအပေါ် နားလည်သဘောပေါက်မှုမှာမူ မူလကိုယ်ခန္ဓာ၏ သိမြင်မှုနှင့် တိုက်ရိုက်ဆက်နွယ်နေသဖြင့် ကျင့်ကြံမှု ထိရောက်မှုမှာ အလွန်ပင် မြင့်မားလှပေသည်။

သိုင်းသင်တန်းကျောင်း၏ လေ့ကျင့်ရေးကွင်းတွင်...

ကျောက်ဖေး၏ လှုပ်ရှားမှုများမှာ အစပိုင်းတွင် အနည်းငယ် ယောင်နန ဖြစ်နေသော်လည်း အကြိမ်ကြိမ် လေ့ကျင့်ပြီးနောက်တွင် ပိုမို ကျွမ်းကျင်ပိုင်နိုင်ကာ စီးဆင်းမှုမှာလည်း ချောမွေ့လာသည်ကို မြင်တွေ့ရသည်။

လီကမ်း မျက်နှာသည် အံ့သဩမှင်သက်ခြင်းများဖြင့် ပြည့်နှက်နေ၏။

သူသည် ကျောက်ဖေး၏ ပါရမီကို သိရှိထားသော်လည်း အသစ်အဆန်း သိုင်းပညာရပ်များကို သင်ယူရာတွင် ဤမျှအထိ လျင်မြန်စွာ တိုးတက်နေသည်ကို မြင်ရတိုင်း မယုံနိုင်စရာ ဖြစ်နေရဆဲပင်။

"ဒီကောင်လေးရဲ့ သိုင်းပါရမီက အရင်ကထက်တောင် ပိုမြင့်လာသလိုပဲလား" ဟု လီကမ်းတစ်ဦးတည်း တွေးတောနေမိသည်။

သို့သော်လည်း သူက ထိုအရာမှာ သူ၏ စိတ်ကူးယဉ်မှုသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်

လိုက်သည်။

အဘယ်ကြောင့်ဆိုသော် လူတစ်ဦး၏ ပါရမီဆိုသည်မှာ မွေးရာပါ သတ်မှတ်ပြီးသားဖြစ်ရာ အကြောင်းရင်းမရှိဘဲ မည်သို့ တိုးတက်လာနိုင်ပါမည်နည်း။

သို့သော် သူ မသိရှိသည်မှာ သူ၏ အမြင် မမှားယွင်းခဲ့ခြင်းပင်။

ကျောက်ဖေးသိုင်းကျောင်းသို့ စတင်ဝင်ရောက်စဉ်က သူ၌ ကိုယ်ပွား ငါးခုသာ ရှိခဲ့ပြီး မူလကိုယ်ခန္ဓာနှင့်ဆိုလျှင် ဦးနှောက် ခြောက်လုံး ရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါမူ ကျောက်ဖေးတွင် ကိုယ်ပွားတစ်ခု ထပ်တိုးလာခဲ့ချေပြီ။

သူ၏ သင်ယူနိုင်စွမ်းမှာ မူလထက် ခြောက်ဆမှ ခုနစ်ဆအထိ တိုးတက်သွားခဲ့ခြင်းဖြစ်ရာ တိုးတက်မှုရှိနေသည်မှာ ဧကန်မလွဲပင်။

ဤဓားသိုင်းကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်တွင် ကျောက်ဖေးသည် ၎င်း၏ အနှစ်သာရ အစအနအချို့ကို တဖြည်းဖြည်း ဆုပ်ကိုင်မိလာခဲ့သည်။

ဤသည်မှာ ဓားသိုင်း၏ အခြေခံ အားထုတ်ပုံ နည်းစနစ်များကို အကြမ်းဖျင်း ပိုင်နိုင်သွားပြီဟု အဓိပ္ပာယ်ရပေသည်။

နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ မိမိ၏ စွမ်းရည်များကို အချိန်ပေး၍ ကြိုးစားပွတ်တိုက် သန့်စင်ရန်နှင့် အားထုတ်ပုံ နည်းစနစ်များကို ပိုမို နက်နက်နဲနဲ နားလည်သဘောပေါက်ကာ ဓားသိုင်းကို တိုက်ခိုက်မှုဗီဇအတွင်းသို့ ပေါင်းစပ်ထည့်သွင်းရန်သာ ဖြစ်တော့သည်။ ဤအရာမှာ သူ၏ ကြိုးစားမှုအပေါ်တွင်သာ အဓိက မူတည်ပေသည်

ဆိုရိုးစကားတစ်ခု ရှိသည်မဟုတ်ပါလော...ဆရာဆိုသည်မှာ တံခါးဝသို့ လမ်းပြရုံသာ တတ်နိုင်ပြီး ကျင့်ကြံမှုမှာမူ မိမိကိုယ်တိုင်ပေါ်တွင်သာ မူတည်သည်

ပိုမို နက်နဲသော သိမြင်မှုများမှာ ဆရာက မည်မျှပင် ပြောကြားပါစေ၊ တပည့်ကိုယ်တိုင် လက်တွေ့ခံစား သိရှိခြင်းကဲ့သို့ မည်သို့မျှ မလေးနက်နိုင်ပေ။

ဤသည်မှာ တစ်စုံတစ်ဦးကို ရေကူးသင်ပေးခြင်းနှင့် တူညီလှသည်။ လမ်းညွှန်ပြသသူက မည်မျှပင် အသေးစိတ် ရှင်းပြပါစေဦးတော့၊ တပည့်ဖြစ်သူက ရေထဲသို့ ကိုယ်တိုင်ဆင်း၍ လက်တွေ့ မစမ်းသပ်ပါက မည်သို့မျှ ဟန်ချက်ထိန်းရမည်ကို သော်လည်းကောင်း၊ မည်သို့ လက်ပစ်ကူးကာ အသက်ရှူရမည်ကို သော်လည်းကောင်း လေ့လာနိုင်မည် မဟုတ်ပေ။

ရေ၏ ပင့်တင်အားနှင့် ခုခံအားကို ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်မှသာလျှင် ရေကူးနည်းစနစ်များကို ပိုင်နိုင်စွာ တတ်မြောက်နိုင်မည် ဖြစ်ပေတော့သည်။

အခန်း ၂၉ - လက်တွေ့တိုက်ပွဲ လေ့ကျင့်ခန်း

"ကောင်းပြီ... မင်းက ပထမဆုံးတစ်ကွက်ဖြစ်တဲ့ တောင်ဖြိုကျောက်ခွဲကို အခြေခံအားဖြင့် ပိုင်နိုင်သွားပြီ။ နောက်တစ်ကွက်ကတော့ စစ်သည်တစ်ထောင်ကို အလဲထိုးခြင်းလို့ ခေါ်တယ်။ ဒီကွက်က ဝှေ့ယမ်းပိုင်းချတဲ့ အရှိန်နဲ့ ရန်သူ့ရဲ့ ခံစစ်ကို ဖောက်ထွင်းဖို့ အဓိကထားတာ။ ရန်သူအများအပြားကို တစ်ပြိုင်နက်တည်း ရင်ဆိုင်တဲ့အခါမှာ အရမ်းကို ထိရောက်တဲ့ ကွက်မျိုးပဲ..."

တစ်နာရီခန့် ကြာပြီးနောက် လီကမ်းသည် သစ်သားဓားကို တစ်ဖန်ပြန်လည်ကိုင်စွဲလိုက်ပြန်သည်။

ကျောက်ဖေးသည်လည်း မျက်တောင်မခတ်တမ်း စိုက်ကြည့်၍ လေ့လာနေခဲ့၏။

တစ်ဦးက စိတ်ရှည်လက်ရှည် သင်ကြားပေးပြီး ကျန်တစ်ဦးကလည်း မနားတမ်း ကြိုးစားအားထုတ်နေကြ၏

အချိန်များကား သတိမထားမိဘဲ ကုန်ဆုံးသွားခဲ့သည်။

ဧပြီလလယ်၏ နေရောင်ခြည်မှာ တဖြည်းဖြည်း ပြင်းထန်လာခဲ့၏

နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာချေပြီ

ကျောက်ဖေးသည် ဓားသိုင်းပုံစံ ခြောက်မျိုးစလုံးကို တတ်မြောက်သွားချိန်တွင် တစ်ကိုယ်လုံး၌ ချွေးများဖြင့် ရွှဲနစ်နေခဲ့ပြီ ဖြစ်သည်။

ကျောက်ဖေးသည် ထိုဓားသိုင်း ခြောက်မျိုးစလုံးကို ချောမွေ့စွာနှင့် တစ်ဆက်တည်း ကစားပြနိုင်သည်ကို ကြည့်ရှုပြီးနောက်

လီကမ်းသည် စိတ်ထဲမှ ကျေနပ်နေ၏

သူ ခေါင်းမငြိမ့်ဘဲ မနေနိုင်ပေ

"မဆိုးဘူး... မင်းက ဒီတောင်ခွဲဓားသိုင်းကို အခြေခံအားဖြင့် တတ်မြောက်သွားပြီ။ ဒါပေမဲ့ ဆက်ပြီးတော့ လေ့ကျင့်နေဖို့တော့ လိုသေးတယ်။ နောက်ရက်အနည်းငယ်ကြာလို့ မင်း ဒီဓားသိုင်းကို ပိုပြီး ကျွမ်းကျင်လာပြီဆိုရင် ငါ မင်းကို ပျံလွှားကိုယ်ဖော့ပညာ သင်ပေးမယ်"

"ကျေးဇူးတင်ပါတယ် ဆရာ"

လီကမ်း ထွက်ခွာသွားပြီးနောက်တွင်လည်း ကျောက်ဖေးသည် ဓားသိုင်းလေ့ကျင့်ခြင်းထဲတွင်သာ အာရုံနစ်ဝင်နေခဲ့သည်။

သူသည် မိမိ၏ ဓားသိုင်းစွမ်းရည် တိုးတက်လာမှုကို အချိန်တိုင်းလိုလို ခံစားနေရပြီး ထိုခံစားချက်မှာ သူ့အတွက် အလွန်ပင် စွဲမက်ဖွယ်ကောင်းလှသည်။

လေ့ကျင့်ရေးကွင်း၏ အခြားတစ်ဖက် ကျောက်ဖေးနှင့် မနီးမဝေးတွင်မူ

"အား... မင်း... မင်း ငါ့မျက်နှာကို ဘာလို့ ထပ်ရိုက်ပြန်တာလဲ..." ချန်မင်သည် နာကျင်စွာ အော်ဟစ်နေရှာသည်။

ယခုအခါ သူ၏ တစ်ကိုယ်လုံးတွင် ဖူးယောင်ညိုမဲနေသည့် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး မူလရုပ်သွင်ကိုပင် မှတ်မိရန် ခဲယဉ်းလှပေသည်။

သူ စကားပြောနေစဉ်မှာပင် စွန်းဟူ လက်သီးချက်က ချန်မင် ရင်ဘတ်သို့ ကျရောက်သွားပြန်သဖြင့် သူ နောက်သို့ ယိုင်ထွက်သွားရသည်။

"ဟားဟားဟား..."

စွန်းဟူက လှောင်ပြောင်ရယ်မောရင်း - "မင်းပြောတာက အဓိပ္ပာယ်မရှိလိုက်တာ။ မျက်နှာကို မရိုက်ရဘူးလို့ ဘယ်သူက သတ်မှတ်ထားလို့လဲ။ တစ်ယောက်ယောက်က မင်းကို သတ်ဖို့ ကြိုးစားလာရင် လက်နက်မသုံးပါနဲ့လို့ မင်း တားလို့ရမှာမို့လို့လား"

ယခုရက်ပိုင်းအတွင်း ကျောက်ဖေး၏ စိတ်ရှည်စွာ လမ်းညွှန်မှုကြောင့် စွန်းဟူသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး တောင်ဖြိုလက်သီးပုံစံ ၃၆ မျိုး၏ အားထုတ်ပုံနည်းစနစ်အချို့ကို တဖြည်းဖြည်း ပိုင်နိုင်လာခဲ့သည်။

အစပိုင်းတွင် သူသည် ချန်မင်အပေါ် အသာစီး အနည်းငယ်သာ ရခဲ့သော်လည်း ယခုအခါတွင်မူ သိသိသာသာကို အပြတ်အသတ် အနိုင်ရနေပြီဖြစ်သည်။

အားထုတ်ပုံ နည်းစနစ်ကို သိရှိနားလည်ပါက တူညီသော လက်သီးချက်ဖြစ်သော်လည်း ၁၀၀ ရာခိုင်နှုန်းထက်မကသော အစွမ်းသတ္တိကို ထွက်ပေါ်လာစေနိုင်သည်။

ချန်မင်မှာ စိတ်ထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး ကျောက်ဖေးကိုလည်း ပိုမိုမုန်းတီးလာခဲ့သည်။

သို့သော်လည်း စကားထပ်ပြောမိလျှင် အာရုံလွတ်သွားပြီး ပိုမိုအနှက်ခံရမည်ကို စိုးရိမ်သဖြင့် ဘာမှမပြောရဲတော့ပေ။

ယခင်က စုန်ယုယောင်သည် ကျောက်ဖေးကို ချန်မင်အား သင်ကြားပေးရန် အမိန့်ပေးခဲ့ဖူးသည်။

သို့သော် ကျောက်ဖေးမှာ တစ်နေ့လျှင် အနည်းငယ်မျှသာ လမ်းညွှန်ပေးပြီး ကျန်အချိန်အများစုကိုမူ လက်တွေ့လေ့ကျင့်ရန်ဟုဆိုကာ စွန်းဟူနှင့် ယှဉ်ပြိုင်ခိုင်းထားခြင်း ဖြစ်သည်။

သူတို့က တိုက်ခိုက်ခြင်းသည် လက်သီးသိုင်းကို အကောင်းဆုံး လေ့ကျင့်ပေးနိုင်သည့် နည်းလမ်းဖြစ်သည်ဟုပင် ဆင်ခြေပေးထားကြသေးသည်။

ထို့ကြောင့် ချန်မင်သည် စွန်းဟူအတွက် လက်သီးသိုင်းလေ့ကျင့်ရာတွင် အသုံးပြုသည့် လူသားပစ်မှတ်တစ်ခု ဖြစ်လာခဲ့ရသည်။

နေ့စဉ်နေ့တိုင်း စွန်းဟူ၏ ထိုးမှုကြောင့် သူ၏မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ မည်သည့်အခါမျှ မပျောက်ကင်းနိုင်တော့ပေ။

ကျောက်ဖေးသည် ဤအခွင့်အရေးကို အသုံးချကာ မိမိကို လက်စားချေနေခြင်းဖြစ်သည်ဟု ချန်မင်က ပြင်းထန်စွာ သံသယဝင်နေမိသည်။

သို့သော်လည်း သူ ဝန်ခံရမည်မှာ နေ့စဉ်အနှက်ခံရသည့် ဖိအားအောက်တွင် ဝေဒနာနည်းပါးစေရန်အတွက် သူသည် လက်သီးသိုင်းကို အသေအလဲ လေ့လာခဲ့ရခြင်းပင်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ၏ လက်သီးသိုင်းမှာ သိသိသာသာ တိုးတက်လာသည်ကို သူကိုယ်တိုင် ခံစားမိသည်။

သို့သော် မေးစရာရှိသည်မှာ... ဤအရာက ကျောက်ဖေး လမ်းညွှန်မှုနှင့် ဘာဆိုင်သနည်း။

“ထိုအမင်္ဂလာကောင် ကျောက်ဖေးက ပါးစပ်ကသာ ပြောနေပြီး လက်တွေ့ဘာမှ မလုပ်ပေးခဲ့ဘူး။ ငါ့ကို တကယ့်လမ်းညွှန်မှုမျိုး တစ်ခါမှ မပေးခဲ့ဖူးဘူး”

ညနက်ပိုင်းအချိန်...

ကောင်းကင်ယံတွင် လမင်းကြီးမှာ တောက်ပစွာ သာယာနေ၏။

ခေါင်းတွင် အနက်ရောင်ပုဝါ စည်းနှောင်ထားပြီး ဓားရှည်တစ်လက်ကိုကိုင်စွဲထားသည့် ကိုယ်ပွားတစ်ခုသည် ကျိုးပေါ် အိမ်ရှေ့တွင် ပေါ်လာခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ကျောက်ဖေးသည် ဤနေရာကို ယာယီစွန့်ခွာသွားခဲ့ကတည်းက

ဤအိမ်ကြီးကို ဝံပုလွေနက်ဂိုဏ်းက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

၎င်းတို့က ထိုနေရာကို ကျိုးပေါ်ထံမှ ငှားရမ်းထားသည်ဟု လူသိရှင်ကြား ကြေညာထားသော်လည်း

အမှန်စင်စစ်မှာ သိမ်းပိုက်ထားခြင်းသာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျန်းလင်းခရိုင်သည် မဟာကျိုးမင်းဆက်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသေးရာ ဥပဒေမဲ့လွန်း၍တော့ မရပေ။

ကျောက်ဖေး ကိုယ်ပွားသည် အိမ်ကြီး၏ ရှေ့တွင် ရပ်နေပြီး သူ၏ အေးစက်သော မျက်ဝန်းများဖြင့် ရှေ့ရှိ အဆောက်အအုံကို ဝေ့ဝဲကြည့်လိုက်သည်။

ယနေ့ညတွင် သူ ဤနေရာသို့ လာရခြင်း၏ ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းပါသည်။

ယင်းမှာ မိမိ၏ ဓားသိုင်းကို လက်တွေ့တိုက်ပွဲဖြင့် အကဲစမ်းရန်နှင့်

မိမိ၏ နယ်မြေကို လာရောက်သိမ်းပိုက်ထားသည့်အတွက် အတိုးအချို့ ပြန်လည်တောင်းယူရန်ပင် ဖြစ်သည်။

သူသည် မိမိ၏ နယ်မြေကို ဝံပုလွေနက်အဖွဲ့အား အလကားပေးထားရန် မည်သည့်အခါမျှ စိတ်ကူးမရှိခဲ့ပေ

ကိုယ်ပွားသည် ရှေ့သို့တက်လှမ်းလိုက်ပြီး မည်သည့်စကားမျှ မဆိုဘဲ တံခါးကြီးကို ကန်ဖွင့်လိုက်လေသည်။

ခြံဝင်းအတွင်းရှိ တံခါးမှာ ဟဟလေး ပွင့်သွားခဲ့၏။

ဝံပုလွေနက်ဂိုဏ်းမှ အဖွဲ့ဝင်အချို့သည် ခြံဝင်းအတွင်း၌ အရက်သောက်၊ အသားစားကာ ပျော်ပါးနေကြသည်။

ရုတ်တရက် "ဝုန်း" ကနဲ အသံနှင့်အတူ တံခါးကြီး ပွင့်ထွက်သွား၏

ဂိုဏ်းသားအားလုံး လန့်ဖျပ်သွားကြသည်။

"ဘယ်သူလဲကွ"

"ငါတို့ ဝံပုလွေနက်ဂိုဏ်းရဲ့ နေရာကို လာပြီး ပြဿနာရှာရဲတာလား၊ မင်း သေချင်နေပြီ ထင်တယ်"

ထိုလူအုပ်စုမှာ ဒေါသတကြီးဖြင့် ဝိုင်းအုံလာကြလေတော့သည်။

ဂိုဏ်းသားတစ်ဦးသည် အရက်နံ့များ ထောင်းထောင်းထနေလျက် ဓားရှည်တစ်လက်ကို ဆွဲကိုင်ကာ ကိုယ်ပွားရှိရာသို့ အရှိန်

ပြင်းပြင်းဖြင့် လျှောက်လှမ်းလာခဲ့သည်။

"ဟေ့ကောင်... အခုချက်ချင်း ဒူးထောက်ပြီး အသနားခံတာက မင်းအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်။ ငါ့ကိုသာ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ရင် မင်းကို ညှာညှာတာတာ ဆက်ဆံပေးမယ်..."

သို့သော် ကျောက်ဖေး ကိုယ်ပွားမှာမူ ထိုကဲ့သို့ အပိုစကားများကို ပြောဆိုနေမည်မဟုတ်ပေ။

ရန်သူအနားသို့ ရောက်ရှိလာသည်နှင့် သူသည် ဓားကို ဝှေ့ယမ်းကာ ချက်ချင်းပင် တိုက်ခိုက်လိုက်တော့သည်။

တောင်ခွဲဓားသိုင်း၊ ပထမပုံစံ - တောင်ဖြိုကျောက်ခွဲ

ရှူး

လရောင်အောက်တွင် အေးစက်သော ဓားအလင်းတန်းတစ်ခု ဝင်းခနဲ လက်သွားပြီး ဓားသွားမှာ အထက်မှ အောက်သို့ ဒေါင်လိုက်ပိုင်းချလိုက်ရာ ထိုဂိုဏ်းသား၏ ဦးခေါင်းတည့်တည့်သို့ ကျရောက်သွားခဲ့သည်။

ဂိုဏ်းသားမှာ ပျာပျာသလဲ ဓားကိုမြှောက်၍ ခုခံရန် ကြိုးစားသော်လည်း တစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ချွမ်ခနဲ အသံနှင့်အတူ သွေးများမှာ နေရာအနှံ့ ပန်းထွက်သွားခဲ့၏။

ဓားချက်မှာ ခေါင်းပြတ်ထွက်သွားစေရန် အရှိန်မပါသော်လည်း ဓားအတွင်း၌ ပါဝင်နေသော ပြင်းထန်လှသည့် အင်အားကြောင့် ထိုသူ၏ ဦးခေါင်းမှာ အောက်သို့ ငိုက်ကျသွားရသည်။

ဂိုဏ်းသားမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ မျက်လုံးများ ပြူးထွက်လျက် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။

ကိုယ်ပွါးသည် မျက်မှောင်ကြုတ်လိုက်မိ၏။

ပြိုင်ဘက်မှာ အလွန်ပင် အားနည်းလွန်းလှသည်။ ဓားတစ်ချက်တည်းဖြင့် အလွယ်တကူ အလဲထိုးနိုင်ခဲ့သဖြင့် သူ၏ ကိုယ်ပူလေ့ကျင့်ခန်းပင် မပြီးမြောက်သေးပေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ၏ ဓားသိုင်းကို မည်သို့ မြှင့်တင်နိုင်ပါမည်နည်း။

ကိုယ်ပွားက ချက်ချင်းပင် အော်ဟစ်လိုက်သည်မှာ - "အားနည်းလွန်းတယ်။ အားလုံး တစ်ပြိုင်နက်တည်း လာခဲ့ကြစမ်း”

ကျန်ရှိနေသော ဂိုဏ်းသား သုံးဦးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အရက်ရှိန်များပင် ချက်ချင်း ပြယ်သွားခဲ့သည်။

သူတို့သည် ကျောက်ဖေးပြောသမျှကို နားထောင်မနေတော့ဘဲ ခြံဝင်းအတွင်းဘက်သို့ အသေအလဲ ထွက်ပြေးကြလေတော့သည်။

ပြေးနေရင်းမှလည်း အော်ဟစ်နေကြသည်မှာ

"အကာအကွယ်ပေးသူ ကျိုး၊ လူသတ်မှု ဖြစ်နေပြီဗျို့၊ ကယ်ပါဦး”

ကိုယ်ပွားသည် ထိုလူအုပ်နောက်သို့ လိုက်လံကာ ဓားတစ်ချက်ဖြင့် နောက်ထပ် တစ်ဦးကို အဆုံးစီရင်လိုက်ပြန်သည်။

ထိုစဉ်မှာပင် ဝတ်စုံမသပ်မရပ်ဖြင့် ထိပ်ပြောင်ပြောင်၊ ဗလတောင့်တောင့် လူတစ်ဦးသည် ကျိုးပေါ် အိပ်ခန်းထဲမှ ဓားရှည်တစ်လက်ကို ဆွဲကိုင်ကာ ပြေးထွက်လာခဲ့သည်။

၎င်းတို့မှာ အိပ်ပျော်နေစဉ် ရုတ်တရက် လန့်နိုးလာခြင်း ဖြစ်သည်မှာ ထင်ရှားလှ၏။

အသက်ဘေးမှ လွတ်မြောက်လာသည့် ဂိုဏ်းသားနှစ်ဦးသည် ထိုထိပ်ပြောင်ကြီးကို မြင်လိုက်ရသောအခါ အားကိုးရာ ရသွားသကဲ့သို့ ဖြစ်သွားကြသည်။

ဤထိပ်ပြောင်ဗလကြီးသည် ကျောက်သုန်းလေ့၏ လက်ရုံး ဖြစ်သော အကာအကွယ်ပေးသူ သုံးဦးအနက် တစ်ဦးဖြစ်သည့် ကျိုးထောင်ပင် ဖြစ်သည်။

ကျောက်ဖေးပျောက်ကွယ်သွားကတည်းက ကျောက်သုန်း​လေ့သည် စုံစမ်းစစ်ဆေးမှုများကို မရပ်တန့်ခဲ့သော်လည်း မည်သည့်သဲလွန်စမျှ မရရှိခဲ့ပေ။

သူသည် ကျိုးထောင်ကို ဤနေရာတွင် ထားရှိခြင်းမှာ "ငါးစာချ၍ စောင့်ဆိုင်းခြင်း" သဘောပင် ဖြစ်သည်။

ကျိုးထောင်သည် အခန်းထဲမှ ပြေးထွက်လာသည်နှင့် မိမိ၏ လူနှစ်ဦးမှာ ထိတ်လန့်တကြား ပြေးလာသည်ကို မြင်လိုက်ရသည်။

သူတို့ကို လိုက်လံတိုက်ခိုက်နေသူမှာ ခေါင်းတွင် အနက်ရောင်ပုဝါ စည်းနှောင်ထားပြီး သတ်ဖြတ်လိုသော မျက်ဝန်းအစုံသာ ပေါ်ထွက်နေ၏။ သူသည် သူတို့၏ ခေါင်းဆောင် စုံစမ်းနေသည့် လူသတ်သမား ဖြစ်နေနိုင်ပါသလော

"ဟေ့ကောင်... မင်းက ငါတို့ ဝံပုလွေနက်ဂိုဏ်းမှာ လာပြီး ပြဿနာရှာရဲတယ်ပေါ့။ ငါ မင်းကို စောင့်နေတာ ကြာပြီကွ”

စကားမဆုံးသေးခင်မှာပင် ကျိုးထောင်သည် သူ၏ ဓားရှည်ကို မြှောက်ကာ ကျောက်ဖေး ကိုယ်ပွားဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်တိုက်ခိုက်လေတော့သည်။

သူ၏ ဓားသိုင်းသည် ရက်စက်လှပြီး ဓားသွားက လေထုကို ဖြတ်သန်းသွားသည့် အသံမှာ တစီစီ မြည်နေကာ သာမန်ဂိုဏ်းသားများထက် များစွာ သာလွန်ကြောင်း ပြသနေသည်။

ဤသည်ကို မြင်သောအခါ ကိုယ်ပွား၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ လက်သွားခဲ့သည်။

ဤကဲ့သို့သော ပြိုင်ဘက်မျိုးကိုသာ သူ အလိုရှိနေခြင်း ဖြစ်သည်

သူသည် တွန့်ဆုတ်မနေဘဲ ရှေ့သို့ တိုးဝင်လိုက်ရာ ကျိုးထောင် ဓားနှင့် ထိတွေ့မိပြီး နားကွဲလုမတတ် သတ္တုချင်း ထိခိုက်သံ ထွက်ပေါ်လာခဲ့သည်။

ကိုယ်ပွားမှာ သူ၏ လက်မောင်းတစ်ခုလုံး ထုံကျဉ်သွားသည်ကို ခံစားလိုက်ရ၏။

သို့သော် သူ အသက်ပင် ဝဝမရှူရသေးမီမှာပင်...

ကျိုးထောင်က ဟိန်းဟောက်လိုက်ပြီး ဓားကွက်ကို ပြောင်းလဲကာ ကိုယ်ပွား၏ လည်ပင်းကို ဦးတည်၍ ဝှေ့ယမ်းပိုင်းချလိုက်ပြန်သည်။

ကိုယ်ပွားမှာလည်း လျင်မြန်စွာပင် ဓားကို မြှောက်ကာ ပြန်လည်ခုခံရ၏။

ချွမ် ချွမ် ချွမ်

လက်နက်ချင်း ထိခိုက်သံများမှာ မပြတ်တမ်း ထွက်ပေါ်နေပြီး မီးပွားများမှာလည်း နေရာအနှံ့ လွင့်စင်နေသည်။

အကြိမ်ပေါင်းများစွာ ယှဉ်ပြိုင်ပြီးနောက်တွင် ကျိုးထောင်မှာ တိုက်ပွဲဝင်လေ ပိုမိုသန်မာလာလေ ဖြစ်ကာ သူ၏ ဓားသိုင်းမှာလည်း အဟုန်မပြတ် စီးဆင်းနေသဖြင့် ကိုယ်ပွါးသည် ပြန်လည်တိုက်စစ်ဆင်ရန် အခွင့်အရေး မရဘဲ နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာနေရတော့သည်။

ဘေးတွင် ကြည့်နေသည့် ဂိုဏ်းသားနှစ်ဦးမှာလည်း စိတ်သက်သာရာရသွားကာ

ကျိုးထောင် အတွက် အားပေးအော်ဟစ်နေကြသည်။

ကျိုးထောင်က ရက်စက်စွာ ပြုံးလိုက်ရင်း "ဟေ့ကောင်... မင်း အခု လက်နက်ချပြီး ငါနဲ့အတူ ဂိုဏ်းချုပ်ဆီကို လိုက်ခဲ့မယ်ဆိုရင် အသက်ချမ်းသာရာ ရနိုင်သေးတယ်။ မဟုတ်ရင်တော့ ဒီနေ့ဟာ မင်းရဲ့ သေနေ့ပဲ"

ကိုယ်ပွားက လှောင်ပြောင်လိုက်သည်မှာ "မင်းလို ထိပ်ပြောင်ငတုံးက ဘာတွေ လာပြောနေတာလဲ။ ဘယ်သူနိုင်မလဲ ဆိုတာ မသေချာသေးဘူးကွ"

"မင်းက သေခါနီးနေတာတောင် စကားများနေသေးတယ်ပေါ့။ ငါ မင်းကို အခုချက်ချင်း ငရဲမင်းဆီ ပို့ပေးလိုက်မယ်"

ကျိုးထောင်သည် ဒေါသတကြီးဖြင့် ပိုမိုပြင်းထန်စွာ တိုက်ခိုက်လေတော့သည်။

ကိုယ်ပွားမှာ ခေတ္တမျှ အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားသော်လည်း

ကျောက်ဖေးမှာမူ စိတ်ထဲတွင် လျှို့ဝှက်စွာ ဝမ်းမြောက်နေမိသည်။

ဤသည်မှာ သူ အလိုရှိသော ရလဒ်ပင် ဖြစ်သည်။

ပြိုင်ဘက်က ပိုမိုစွမ်းဆောင်နိုင်လေလေ၊ သူ့အတွက် ပိုမိုကောင်းမွန်သော လေ့ကျင့်မှု အခွင့်အလမ်းများကို ရရှိလေလေ ဖြစ်ပေလိမ့်မည်။

ပြိုင်ဘက်သည် အလွန်အမင်းလည်း အစွမ်းထက်နေ၍လည်း မဖြစ်ပေ။

မဟုတ်ပါက ဓားချက်အနည်းငယ်ဖြင့်ပင် မိမိ၏ ကိုယ်ပွားကို သတ်ပစ်နိုင်ကာ လေ့ကျင့်မှုမှာ အရာထင်မည် မဟုတ်ပေ။

ယခု အကာအကွယ်ပေးသူ ကျိုး၏ အစွမ်းမှာ သူထက် အနည်းငယ်သာ သာလွန်နေသဖြင့် တကယ့်ကို အနေတော်ပင် ဖြစ်တော့သည်။

အခန်း ၃၀ - ဓားသိုင်းအခြေခံနှလုံးသား

ကျိုးထောင်၏ ပြင်းထန်လှသော တိုက်စစ်များအောက်တွင် ကိုယ်ပွါးသည် အသာစီးမရဘဲ ဆက်တိုက် ဆုတ်ခွာနေရသည်။

သို့သော် ထိုအချိန်၌ပင် ကျောက်ဖေး၏ စိတ်ဝိညာဉ် ခုနစ်ဖြာစလုံးသည် တပြိုင်နက်တည်း အလုပ်လုပ်နေပြီး တိုက်ပွဲအတွေ့အကြုံများကို အဆက်မပြတ် သုံးသပ်နေ၏။

မိမိ၏ ဓားကွက်များတွင် မည်သည့်အားနည်းချက်ရှိသနည်း၊ ပြိုင်ဘက်၏ ဓားသိုင်းတွင် မည်သည့် ဟာကွက်များ ရှိသနည်း။

သို့မဟုတ် ပြိုင်ဘက်၏ တိုက်ကွက်က ထိရောက်မှုရှိနေလျှင် ၎င်း၏ အားသာချက်ကို အတုယူ၍ ရနိုင်မလား။

သို့မဟုတ် မိမိဘက်မှ အခြားတစ်မျိုး ပြောင်းလဲတိုက်ခိုက်လျှင် ပို၍ အစွမ်းထက်နိုင်မလား။

ဤကဲ့သို့သော သေရေးရှင်ရေး တိုက်ပွဲမျိုးတွင် သာမန်လူတစ်ယောက်အဖို့ စိတ်ကို နှစ်ခွခွဲထားရန် မဖြစ်နိုင်ပေ။

အာရုံစိုက်မှု အနည်းငယ် လွဲချော်သွားသည်နှင့် အသက်ဆုံးရှုံးနိုင်သောကြောင့် ဖြစ်သည်။

လူအများစုသည် တိုက်ပွဲပြီးဆုံးသွားမှသာ ပြန်လည်အောက်မေ့ပြီး သင်ခန်းစာ ယူနိုင်ကြသည်။

သို့သော် ကျောက်ဖေးမှာမူ ထူးခြားလှသည်။ သူသည် တိုက်ပွဲအတွင်းမှာပင် အချိန်နှင့်တပြေးညီ အတွေ့အကြုံများကို စုဆောင်းကာ လျင်မြန်စွာ ပြုပြင်ပြောင်းလဲနေသူ ဖြစ်သည်။ ဤသို့သော တိုက်ပွဲတွင်း သင်ယူမှုစွမ်းရည်မှာ တိုက်ပွဲပြီးမှ ပြန်လည်သုံးသပ်ခြင်းထက် အဆပေါင်းများစွာ သာလွန်လှ၏။

တိုက်ပွဲကြာလာသည်နှင့်အမျှ တစ်ဖက်မှ ကျိုးထောင်းသည် ပို၍ ထိတ်လန့်လာရသည်။

အစပိုင်းတွင်မူ ဤကိုယ်ပွါး သည် မိမိ၏ အရည်အချင်းကို မသိဘဲ ရမ်းကားနေသော အရူးတစ်ယောက်ဟုသာ ထင်ခဲ့ပြီး ဆယ်ကွက်အတွင်း သတ်ပစ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ကိုယ်ပွါး သည် ကျဆုံးမသွားသည့်အပြင်... တစ်စထက်တစ်စ ပို၍ သန်မာလာနေသည် မဟုတ်ပါလော

အစောပိုင်းက လုံးဝ ခံစစ်သက်သက်သာ ကစားနိုင်ခဲ့ရာမှ

မကြာမီမှာပင် ခံစစ်နှင့်အတူ တန်ပြန်တိုက်စစ် တစ်ကွက်၊ နှစ်ကွက် ပြန်လည် ထိုးနှက်လာနိုင်ခဲ့သည်။

ယခုမူ နှစ်ဦးသား အပြန်အလှန် အကြိတ်အနယ် ရှိလာကာ အခြေအနေမှာ တန်းတူပင် ဖြစ်နေချေပြီ။

"တောက်... ဒီကောင်က ဘယ်လိုဖြစ်ပြီး တိုက်လေ သန်မာလေ ဖြစ်နေရတာလဲ"ကျိုးထောင်း၏ စိတ်ထဲတွင် သံသယများ ပြည့်နှက်လာပြီး နဖူး၌ ချွေးစေးများ ပြန်လာသည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက မိမိဘက်မှ မမျှော်လင့်ဘဲ ရှုံးနိမ့်သွားနိုင်သည်ဟု သူ ရိပ်မိလာ၏။

ဤအတွေးဝင်လာသည်နှင့် ကျိုးထောင်သည် ဆုတ်ခွာရန် စတင် စဉ်းစားမိသွားသည်။

ထိုသို့ အာရုံ အနည်းငယ် လွင့်သွားသည့် ခဏချင်းမှာပင် ကိုယ်ပွါးသည် အခွင့်အရေးကို အရမိဖမ်းဆွဲကာ ကျိုးထောင် ဟာကွက်ဆီသို့ ရုတ်တရက် ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

ဤဓားချက်မှာ ပြင်းထန်လှပြီး လေထုကို ဖြတ်သန်းသွားသော အသံမှာပင် စူးရှလှ၏။

ခဏချင်းအတွင်းမှာပင်...

သွေးများ ပန်းထွက်သွားတော့သည်။

"အား..."

ကျိုးထောင် ညာလက် ပြတ်တောက်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူ၏ ပြတ်တောက်သွားသော လက်သည် ဓားကို မြဲမြံစွာ ဆုပ်ကိုင်ထားလျက်ပင် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျသွားတော့၏။

ကိုယ်ပွါးသည် ကျိုးထောင်ကို ကန်ထုတ်လိုက်ပြီးနောက် ဓားဦးဖြင့် ကျိုးထောင် လည်ပင်းကို ချိန်ရွယ်ကာ ကပ်ထားလိုက်သည်။

ပြတ်တောက်သွားသော လက်မောင်းကို ဘယ်ဘက်လက်ဖြင့် မြဲမြံစွာ ဖိထားသော ကျိုးထောင်မှာ တုန်တုန်ရင်ရင်ဖြစ်ကာ မျက်နှာတစ်ခုလုံး ပြာနှမ်းနေလေပြီ။

ကိုယ်ပွါးသည် သူ့ကို အေးစက်စွာ စိုက်ကြည့်နေပြီး ဓားသွားပေါ်မှ သွေးများမှာ တစက်စက် ကျနေဆဲဖြစ်သည်။

ရလဒ်က အဖြေထွက်သွားပြီ။

အကယ်၍ ကိုယ်ပွါးသာ အသက်ကို ယူချင်ပါက လက်ဖျောက်တစ်ချက်တီးသကဲ့သို့ လွယ်ကူလှသည်။

အမှန်စင်စစ် ကျောက်ဖေးသည် အနည်းငယ် နောင်တရနေမိ၏။

ခုနက တိုက်ကွက်ကို အနည်းငယ် လျှော့လိုက်သင့်သည်။

အကယ်၍ တိုက်ပွဲသာ ဆက်ဖြစ်နေပါက သူ၏ ဓားသိုင်းပညာကို ပို၍ လေ့ကျင့်နိုင်ဦးမည် မဟုတ်ပါလား။

"ကျိုး... ကာကွယ်သူ ကျိုး”

ခြံဝင်းအတွင်းရှိ ဂိုဏ်းသားနှစ်ဦးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသော်လည်း အနားသို့ မကပ်ရဲကြပေ။

သူတို့သည် ခုနကတင် ကျိုးထောင်အတွက် အားပေးတိုက်တွန်းနေကြသော်လည်း အခြေအနေက ဤမျှ ရုတ်ချည်း ပြောင်းလဲသွားလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြဆပ

ကျောက်ဖေး၏ ကိုယ်ပွါး က တည်ငြိမ်စွာ ဆိုလိုက်သည်။ “ဟူရှန်က အသက်ဖိုးပေးပြီး ရွေးခဲ့ရတယ်ဆိုတာ မင်း ကြားဖူးမှာပေါ့?"

ကျိုးထောင်သည် မျက်နှာပျက်ပျက်ဖြင့် ခေါင်းငြိမ့်ပြကာ “ ကြား... ကြားဖူးပါတယ်..."

အမှန်တော့ သူ ကြားဖူးရုံမျှမကပေ။

ဟူရှန်၏ မိသားစုသည် သူ့ကို သေမင်းလက်မှ ပြန်လည် ရွေးထုတ်နိုင်ရန် တစ်သက်လုံး စုဆောင်းထားသမျှ ငွေကြေးအကုန်နီးပါး သုံးစွဲခဲ့ရသည်မှာ မြို့ထဲတွင် လူပြောအများဆုံး သတင်း ဖြစ်နေသည်။ ဟူရှန်သည်လည်း လူရယ်စရာ ဖြစ်ခဲ့ရ၏။

ယခင်က ကျောက်သုန်းလေ့မှလွဲ၍ မည်သူ့ကိုမှ အထင်မကြီးဘဲ ရမ်းကားခဲ့သော ဟူရှနသည် ယခုအခါ ခေါင်းမဖော်နိုင်အောင် ဖြစ်နေရသည်။

သူ၏ ဂိုဏ်းသားများပင် လူကြားထဲ မျက်နှာမပြရဲတော့ချေ။

မိမိသည်လည်ဍ ဟူရှန်ကဲ့သို့ လူပြက်ဖြစ်ရတော့မည်ဟူသော အတွေးက ကျိုးထောင်ကို အလွန် နာကျင်စေသည်။

သို့သော် ယခုအခြေအနေတွင် ရွေးချယ်စရာ မရှိတော့ပေ။

ကိုယ်ပွါးက ဆက်ပြောသည်။ “အဲဒါကို သိနေရင် ငါ စကားအများကြီး ပြောဖို့ မလိုတော့ဘူး။ မင်းရဲ့ အသက်ကို ဘယ်လောက်နဲ့ ဝယ်မလဲ?"

"သုံး... သုံးရာ... ငွေစင် သုံးရာပါ..."

သုံးရာ? မင်းအသက်က အဲဒီလောက်ပဲ တန်တယ်လို့ ထင်နေတာလား?

ကိုယ်ပွါး၏ မျက်လုံးများ အေးစက်သွားပြီး ဓားကို အနည်းငယ် ဖိလိုက်ရာ ကျိုးထောင်၏ လည်ပင်းမှ သွေးစအချို့ ထွက်လာသည်။

ကျိုးထောင်သည် ကြောက်လန့်တကြားဖြင့် စကားကို ချက်ချင်း ပြောင်းလိုက်ရ၏။ “ငါးရာ... ငါးရာပါ၊ ကျွန်တော့်အသက်ကို ငွေစင် ငါးရာနဲ့ ဝယ်ပါရစေ”

"ငါ့ကို လှည့်စားဖို့တော့ မကြိုးစားနဲ့"

"မကြိုးစားပါဘူး... အသက်နဲ့ လောင်းကြေး မထပ်ရဲပါဘူး..."

ကိုယ်ပွါးက ခေါင်းငြိမ့်ပြလိုက်ပြီး ဘေးမှ ဂိုဏ်းသားတစ်ဦးကို လက်ညှိုးထိုးကာ ကျိုးထောင် အိမ်သို့ ငွေသွားယူရန် လမ်းပြခိုင်းလိုက်သည်။

ကျန်ရှိနေသော အခြား ဂိုဏ်းသားတစ်ဦးမှာမူ မိမိကို လွှတ်ပေးတော့မည်ဟု ထင်ကာ သက်ပြင်းချရင်း ဂိုဏ်းချုပ် ကျောက်သုန်းလေ့ထံ မည်သို့ သတင်းပို့ရမည်ကို ကြံစည်နေလေသည်။

သို့သော် ကျောက်ဖေးသည် ထိုသူ၏ အနားမှ ဖြတ်သွားစဉ် ရုတ်တရက် ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။

အေးစက်သော အလင်းတန်း တစ်ချက်အောက်တွင် ထိုသူ၏ လည်ပင်းသည် ခဏချင်းအတွင်း ပြတ်တောက်သွားတော့၏

ထိုဂိုဏ်းသားသည် သူ၏ လည်ပင်းကို ဆုပ်ကိုင်လျက် ကျောက်ဖေးကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီးနောက် သွေးအိုင်အတွင်းသို့ လဲကျ သေဆုံးသွားလေသည်။

ကျိုးထောင်နှင့် ကျန်ရှိနေသော ဂိုဏ်းသားမှာ ထိတ်လန့်သွားကြသည်။

"လမ်းပြဖို့က တစ်ယောက်ဆို လုံလောက်ပြီ"

ကိုယ်ပွါးက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့ပါ... အရှင်ပြောတာ အမှန်ပါပဲ"

ကျိုးထောင်သည် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရပြီး ပြတ်တောက်သွားသော လက်မောင်းမှ နာကျင်မှုကိုပင် ခဏတာ မေ့သွားရလောက်အောင် ကြောက်ရွံ့နေတော့သည်။

ကျန်ရစ်သူ ဂိုဏ်းသားသည်လည်း တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာပြီး ခုနကမှ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်ပေါက်ခဲ့သည့် မသင့်တော်သော အတွေးဆိုးများကို ချက်ချင်းပင် ရိုက်ချိုးလိုက်တော့သည်။

ဤမျှ ရက်စက်ကြမ်းကြုတ်သော ပုဂ္ဂိုလ်မျိုးနှင့် တွေ့လျှင် သူခိုင်းသမျှကိုသာ နာခံနေခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

"အရှင်ရယ်... ထပ်ပြီးတော့ ပြဿနာ မရှာပါနဲ့တော့..." ဟုသာ စိတ်ထဲမှ တောင်းပန်နေမိတော့သည်။

ထိုအချိန်မှစ၍ အရာအားလုံး ချောမွေ့သွားခဲ့သည်။

ကျိုးထောင်း၏ ဇနီးမယား နှစ်ဦးမှာမူ အိမ်တော်အတွင်း ငိုယိုအော်ဟစ်ကာ ဖရိုဖရဲ ဖြစ်နေကြ၏။

ကိုယ်ပွါးသည် ငွေစင် ငါးရာကို ရရှိပြီးနောက် ကတိအတိုင်း ကျိုးထောင်းကို ပြန်လွှတ်ပေးခဲ့သည်။

အမှန်စင်စစ် ကျိုးထောင်ကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားသော ဝံပုလွေနက်ဂိုဏ်း၏ ခေါင်းဆောင်တစ်ဦးကို သတ်ပစ်လိုက်လျှင်ပင် အပြစ်ရှိသည်ဟု ခံစားရမည်မဟုတ်ပေ။

သို့သော်လည်း လူတစ်ဦးသည် မိမိ၏ ဂုဏ်သိက္ခာကို အလွယ်တကူ မဖျက်ဆီးသင့်ပေ။

ကတိတည်မှသာလျှင် သူတစ်ပါး၏ ယုံကြည်မှုကို ရရှိနိုင်မည် ဖြစ်သည်။

သို့မှသာ နောင်တစ်ချိန်တွင် အခြားသော ဂိုဏ်းစတားများသို့မဟုတ် ဝံပုလွေနက်ဂိုဏ်းထံမှ ကျင့်စဉ်အရင်းအမြစ်များကို ဆက်လက် ခြွေယူနိုင်မည် မဟုတ်ပါလော

ကျောက်ဖေးအတွက်မူ ယနေ့ညသည် အလွန် အောင်မြင်သော ညတစ်ည ဖြစ်ခဲ့သည်။

ငွေစင် ငါးရာရရှိခြင်းမှာ ဒုတိယအချက်သာ ဖြစ်၏။

အဓိက အကျိုးအမြတ်မှာ သူ၏ တောင်ဖြိုဓားသိုင်းတိုးတက်သွားခြင်း ဖြစ်သည်။

သူသည် ဤဓားသိုင်း၏ အခြေခံကို ကျွမ်းကျင်စွာ ဆုပ်ကိုင်နိုင်ခဲ့ပြီး တိုက်ကွက်တိုင်းသည် သဘာဝအလျောက် ဗီဇကဲ့သို့ ဖြစ်လာကာ တိုက်ပွဲအတွင်း အားစိုက်စရာမလိုဘဲ လိုသလို ထုတ်သုံးနိုင်လာပြီ ဖြစ်သည်။

သို့သော် ဤသည်မှာ အစပြုခြင်းသာ ရှိသေးသည်။

တောင်ဖြိုဓားသိုင်းသည် အင်အားအလုံးအရင်းဖြင့် အတတ်ပညာကို ဖိနှိပ်သော ပြင်းထန်သည့် ဓားသိုင်းအမျိုးအစား ဖြစ်သည်။ တိုက်ကွက်တစ်ခုချင်းစီတိုင်းက အားအင်အမြောက်အမြား လိုအပ်သဖြင့် သာမန် ကိုယ်ခံပညာရှင်များအဖို့ တိုက်ပွဲရှည် ဆင်နွှဲရန် ခက်ခဲလှသည်။

လီကမ်း ပြောကြားချက်အရ မိမိအင်အား၏ ဆယ်ပုံကိုးပုံခန့်ကိုသာ အသုံးပြုပြီး အပြည့်အဝ ပြင်းအားထွက်ပေါ်လာအောင် တိုက်ခိုက်

နိုင်မှသာ အဆင့်ငယ်အောင်မြင်မှုဟု သတ်မှတ်နိုင်သည်။

အကယ်၍ အင်အား ရှစ်ပုံခန့်ဖြင့် အစွမ်းကုန် ပြင်းအားကို ဖန်တီးနိုင်လျှင်မူ ဓားသိုင်းပညာရှင်တစ်ဦး ဖြစ်လာချေပြီ။

အကျဉ်းချုပ်ရလျှင် ဤသည်မှာ အားအင်အနည်းဆုံး သုံးစွဲပြီး အပြင်းထန်ဆုံး စွမ်းအားကို မည်သို့ ထိန်းချုပ်ထုတ်ယူရမည်ဟူသော အားသုံးနည်း နည်းစနစ်ပင် ဖြစ်သည်။

တိုက်ကွက်တစ်ခုချင်းစီတွင် သက်သာသွားသော အားအင်သည် အနည်းငယ်မျှသာ ထင်ရသော်လည်း တိုက်ပွဲရှည် ဆင်နွှဲရသည့်အခါတွင်မူ ထိုစုဆောင်းမိသော အားအင်မှာ အလွန်ပင် အရေးပါလာပေသည်။

ယခုအခါ ဓားသိုင်းအခြေခံကို ပိုင်နိုင်သွားပြီဖြစ်၏

ကျောက်ဖေးသည် သူ၏ ကိုယ်ပွါး ခြောက်ခုကိုလည်း နေရာပြန်လည် ချထားလိုက်ချေသည်။

မြို့ပြင်ရှိ ကိုယ်ပွါး နှစ်ခုကို ဓားသိုင်း ဆက်လက် လေ့ကျင့်စေပြီး မြို့တွင်းရှိ ကိုယ်ပွါး လေးခုကိုမူ လေဟုန်စီး အနေအထားကိုသာ အဓိက လေ့ကျင့်စေသည်။

သူ၏ လေထိန်းချုပ်ကျင့်စဉ်မှာ ယခုအခါ ဒုတိယအဆင့်ဖြစ်သော လေလှိုင်းထန်ခြင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အကယ်၍ တတိယအဆင့် "လေငြိမ်သက်ခြင်း"သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပါက သူ၏ အသွေးအသားနှင့် ချီမြှင့်တင်မှုကို ပိုမို မြန်ဆန်စေမည် ဖြစ်ပြီး နဝမအဆင့် ကိုယ်ခံပညာရှင် နယ်ပယ်သို့ အမြန်ဆုံး ဝင်ရောက်နိုင်မည် ဖြစ်သည်။

ကိုယ်ခံပညာ တိုက်ကွက်များသည် တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော်လည်း သွေးနှင့် ချီသည်သာ ကိုယ်ခံပညာရှင်တစ်ဦး၏ အခြေခံအုတ်မြစ် ဖြစ်ပေသည်။

မျက်တောင်တစ်ခတ်အတွင်း နှစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် ဒုတိယအကြိမ်မြောက် တပည့်သစ်ချင်း ယှဉ်ပြိုင်ပွဲ စတင်လေပြီ။

နံနက်စောစောတွင် တပည့်သစ် ခြောက်ဆယ့်သုံးဦးစလုံး လေ့ကျင့်ရေးကွင်း အမှတ် (၂) သို့ စုရုံးရောက်ရှိလာကြသည်။

သို့သော် အားလုံးက ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည့်အခါ ကျောက်ဖေးကို မတွေ့ရသဖြင့် အံ့အားသင့်သွားကြသည်။

စွန်းဟူမှာလည်း စီနီယာအစ်ကို ကျောက်ဖေး တစ်ယောက် အိပ်ပျော်နေပြန်ပြီလားဟု စိတ်ပူနေမိ၏။

ခေတ္တအကြာတွင် လီကမ်း ရောက်ရှိလာပြီး ကြေညာလိုက်သည်မှာ “ ကျောင်းအုပ်ရဲ့ အထူးခွင့်ပြုချက်အရ ကျောက်ဖေးက ဒီပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပြီ၊ သူ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူး"

တပည့်များမှာ ခဏတာ မှင်သက်သွား၏

ထို့နောက် အားလုံးက သက်ပြင်းချကာ ဝမ်းသာသွားကြတော့သည်။

အထူးသဖြင့် ပြီးခဲ့သည့် ပြိုင်ပွဲတွင် အဆင့်ကောင်းခဲ့သော တပည့်သစ်များမှာ မျက်နှာများ ဝင်းပသွားကြ၏။

ကျောက်ဖေးသာ မပါဝင်လျှင် ဤပြိုင်ပွဲ၌ သူတို့သည် ပထမနေရာအတွက် ယှဉ်ပြိုင်ရန် အခွင့်အရေး ရသွားပြီ မဟုတ်ပါလော

ထိုနေရာရှိ အခြေအနေမှာ ချက်ချင်းပင် မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတော့သည်။

All Chapters