အခန်း (၃၁-၃၃)
Vol. 3 Ch. 31-33
အခန်း ၃၁ - လေငြိမ်သက်ခြင်း
လေ့ကျင့်ရေးကွင်းအမှတ် (၂) တွင် မည်မျှပင် ပြိုင်ဆိုင်မှု ပြင်းထန်နေပါစေ ကျောက်ဖေးကမူ အေးစက်တည်ငြိမ်နေခဲ့သည်။
ဤပြိုင်ပွဲတွင် ပါဝင်ရန် မလိုခြင်းကြောင့် သူသည် အချိန်များစွာကို သက်သာစေခဲ့၏။
နံနက်စာအဖြစ် သွေးအားဖြည့်ပြီး ခန္ဓာကိုယ်ကို သန်မာစေသော ဆေးစွပ်ပြုတ်တစ်ခွက် သောက်သုံးလိုက်၏
ထို့နောက်သူသည် လေ့ကျင့်ရေးကွင်းအမှတ် (၁) သို့ တိုက်ရိုက်သွားကာ လေထိန်းချုပ်ကျင့်စဉ်ကိုသာ အာရုံစိုက် လေ့ကျင့်လေတော့သည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီအင်အားတို့သည် ဒီရေအလား တိုးဝင်လာပြီးနောက် ကျောက်ဖေး၏ ပတ်ပတ်လည်တွင် မမြင်နိုင်သော လေဝဲဂယက်တစ်ခု စတင်ဖြစ်ပေါ်လာသည်။ ထိုလေပြင်းမှာ တဖြည်းဖြည်း အရှိန်ရလာပြီး ဝတ်ရုံစများနှင့် ဆံဖျားများကို တဖျတ်ဖျတ် လွင့်ခါစေ၏။
ကျောက်ဖေးသည် မျက်လုံးကို အသာအယာမှိတ်လျက် မိမိခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးနှင့် ချီအလျဉ်ကို အာရုံခံစားမှုထဲ၌ လုံးဝနှစ်မြှုပ်ထားလိုက်သည်။
လေထိန်းချုပ်ကျင့်စဉ်၏ တတိယအဆင့်ဖြစ်သော
လေငြိမ်သက်ခြင်းတွင် လေသည် အဆင်းသဏ္ဌာန်မဲ့စွာ ထွက်ပေါ်လာပြီး အစအနမကျန် ပျောက်ကွယ်သွားရမည်
ဟူသော အနက်ကို အလေးပေးထား၏။
လွန်ခဲ့သော အချိန်များအတွင်း သူ ကိုယ်ပွါးများသည် နေ့မနား ညမနား လေ့ကျင့်ပေးခဲ့မှု၏
ထို့ကြောင့် ကျောက်ဖေးသည် ပထမအဆင့်ဖြစ်သော လေတိုက်ခြင်းနှင့် ဒုတိယအဆင့် လေလှိုင်းထခြင်းတို့တွင် ခိုင်မာသော အခြေခံကို ရရှိထားပြီး ဖြစ်သည်။ ယခုအခါတွင်မူ သူသည် သွေးနှင့် ချီအင်အားတို့ကို အစွမ်းကုန် စုစည်းကာ လေငြိမ်သက်ခြင်း အခြေအနေသို့ ရောက်ရှိရန် ကြိုးပမ်းနေခြင်း ဖြစ်၏။
လေ့ကျင့်မှု တစ်ကြိမ်ပြုတိုင်း ကျောက်ဖေးသည် မိမိ၏ ချီနှင့် သွေးတို့မှာ ပိုမိုပြည့်ဝလာသည်ဟု ခံစားရပြီး နွေးထွေးသော စီးကြောင်းတစ်ခုက ကိုယ်လက်အင်္ဂါ တစ်ခုလုံးသို့ စီးဆင်းသွားသကဲ့သို့ ရှိသည်။
သူ၏ အသက်ရှူနှုန်းသည်လည်း တဖြည်းဖြည်း နက်ရှိုင်းလာကာ ထွက်သက်ဝင်သက်တိုင်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ လေထုနှင့် တစ်သားတည်း ဖြစ်သွားလေတော့သည်။
တဖြည်းဖြည်းနှင့် သွေးနှင့် ချီတို့၏ စီးဆင်းမှုမှာ အရှိန်အဟုန် မြင့်တက်လာ၏။
ပတ်ပတ်လည်ရှိ လေသည်လည်း ပိုမိုအားကောင်းလာပြီး ဝတ်ရုံများသည် လေထဲ၌ လှိုင်းထနေသကဲ့သို့ ရှိနေသည်။
သို့သော် ခဏအကြာတွင် ထိုမမြင်နိုင်သော လေထုမှာ ရုတ်တရက် လျင်မြန်စွာ လျော့ပါးသွားသည်။
ကျောက်ဖေး၏ ဝတ်ရုံများသည် လေထဲတွင် လွင့်ခါခြင်း မရှိတော့ဘဲ ဆံဖျားများပင် ငြိမ်သက်သွားခဲ့၏။
ဆန့်ကျင်ဘက်အနေဖြင့် ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီတို့၏ စီးဆင်းမှုနှုန်းသည် အမြင့်ဆုံးအမှတ်သို့ ရောက်ရှိသွားသည်။
ကျောက်ဖေးသည် ခန္ဓာကိုယ်အနှံ့ လှည့်ပတ်နေသော သွေးနှင့် ချီတို့၏ နွေးထွေးမှုကို ဝေဝေဝါးဝါး အာရုံခံနိုင်လာသည်။
လေထိန်းချုပ်ကျင့်စဉ်၏ တတိယအဆင့်- လေငြိမ်သက်ခြင်း
ထိုသို့ဖြင့် အောင်မြင်မှုမှာ သဘာဝအလျောက် ရောက်ရှိလာခဲ့၏။
ကျောက်ဖေး၏ နှလုံးသားမှာ ပီတိများဖြင့် ပြည့်နှက်သွား၏
သို့သော်လည်း အလွန်အမင်း အံ့သြခြင်းမျိုးတော့ မရှိပေ။
အကြောင်းမှာ လွန်ခဲ့သော အချိန်တိုအတွင်းက မြို့ထဲရှိ သူ၏ ကိုယ်ပွါးတစ်ခုသည် ဤတတိယအဆင့်သို့ အရင်ရောက်ရှိခဲ့ပြီး ဖြစ်သောကြောင့်တည်း။
ကိုယ်ပွားထံမှ ရရှိသော ကျင့်စဉ်အတွေ့အကြုံများကြောင့် အစစ်အမှန်ခန္ဓာကိုယ်အနေဖြင့် ဤအဆင့်သို့ ရောက်ရှိရန်မှာ သေချာပေါက် ဖြစ်လာမည့် ကိစ္စသာ ဖြစ်သည်။
သူ၏ စိတ်လှုပ်ရှားမှုကြောင့် ခဏတာ ငြိမ်သက်သွားသော လေပြင်းမှာ ရုတ်တရက် ပြန်လည် ထွက်ပေါ်လာပြီး ဝတ်ရုံစများကို လွင့်ပျံစေပြန်သည်။
ကျောက်ဖေးသည် ချက်ချင်းပင် စိတ်ကို ပြန်လည် စုစည်းလိုက်၏။
ခဏအကြာတွင်မှ လေပြင်းမှာ အစအနမကျန် ကွယ်ပျောက်သွားတော့သည်။
သူသည် တတိယအဆင့်သို့ စတင်ဝင်ရောက်ကာစ ဖြစ်သဖြင့် အခြေအနေမှာ မတည်ငြိမ်သေးပေ။ အနည်းငယ် ဂရုမစိုက်မိပါက ဒုတိယအဆင့်သို့ ပြန်လည် ကျဆင်းသွားနိုင်ချေ ရှိသည်။
ဤအဆင့်သို့ ရောက်ရှိပြီးနောက် သွေးနှင့် ချီကို သန့်စင်သည့် စွမ်းဆောင်ရည်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်။
ခန္ဓာကိုယ်အနှံ့ သွေးနှင့် ချီများ လှည့်ပတ်စီးဆင်းမှုကြောင့် နွေးထွေးမှုမှာ အဆက်မပြတ် ဖြစ်ပေါ်နေ၏။
ခဏတာမျှ ကျောက်ဖေးသည် မိမိခန္ဓာကိုယ်အတွင်းရှိ သွေးနှင့် ချီစွမ်းအားများ ကိန်းအောင်းနေမှုကို ထင်ထင်ရှားရှား အာရုံခံမိလိုက်သည်။
ထိုအရာကား ဖော်ပြ၍ မရနိုင်လောက်အောင် နက်နဲလှ၏။
ယေဘုယျအားဖြင့် ကိုယ်ခံပညာရှင်တစ်ဦးသည် နဝမအဆင့်သို့ ပေါက်မြောက်သွားပါက မိမိခန္ဓာကိုယ်ရှိ သွေးနှင့် ချီစွမ်းအားကို အချိန်မရွေး အာရုံခံနိုင်ပြီး အသုံးပြုနိုင်မည် ဖြစ်သည်။
ကျောက်ဖေးမှာမူ ကျင့်ကြံနေသည့် အချိန်၌သာ ထိုစွမ်းအားကို ခဏတာ အာရုံခံနိုင်ခြင်း ဖြစ်သော်လည်း ဤသည်မှာ သူသည် နဝမအဆင့် သိုင်းပညာရှင်တစ်ဦး၏ တံခါးခုံသို့ ခြေတစ်လှမ်း လှမ်းဝင်လိုက်ပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။
စစ်မှန်သော သိုင်းပညာရှင်ဖြစ်ရန်မှာ ကြိုးစားအားထုတ်မှု အနည်းငယ်သာ လိုတော့သည်။ သွေးနှင့် ချီစွမ်းအားကို ပိုမိုခိုင်မာအောင် ပြုစုပျိုးထောင်ပြီး ပုံဖော်နိုင်သည်နှင့် သူသည် နဝမအဆင့် သိုင်းပညာရှင်တစ်ဦး ဖြစ်လာပေတော့မည်။
လောကတွင် သိုင်းပညာ လေ့ကျင့်သူ များစွာရှိသော်လည်း ပါရမီ သို့မဟုတ် အခြားသော အကြောင်းရင်းများကြောင့် ဤတံခါးခုံကို မကျော်ဖြတ်နိုင်ဘဲ စစ်မှန်သော သိုင်းသမား မဖြစ်နိုင်ကြသူများ ဒုနဲ့ဒေး ရှိသည်။
ဥပမာအားဖြင့် ကျောက်ဖေး တွေ့ခဲ့သော ဟူရှန်းနှင့် ကျိုးထောင်တို့ကဲ့သို့ လူမျိုးများ ဖြစ်၏။
သူတို့၏ ကျွမ်းကျင်မှုကို ကြည့်ခြင်းအားဖြင့် ဆယ်စုနှစ်တစ်ခုမက လေ့ကျင့်ခဲ့သော်လည်း စစ်မှန်သော သိုင်းပညာရှင်များ မဟုတ်ကြသေးပေ။
ပျံလွှား ကိုယ်ခံပညာသင်တန်းကျောင်းတွင် တပည့်ပေါင်း ၅၀၀ ကျော်ရှိသော်လည်း ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၀ ရာခိုင်နှုန်းခန့်သာ သိုင်းပညာရှင်များ ဖြစ်လာနိုင်ကြသည်။
ဤသည်မှာလည်း သူတို့၌ သင်တန်းတက်နိုင်သော ငွေကြေးနှင့် အားဖြည့်ဆေးများ ဝယ်ယူနိုင်သော အရင်းအနှီး ရှိသောကြောင့် ဖြစ်သည်။
သင်တန်းကြေးပင် မတတ်နိုင်သော သာမန်လူများကိုထားအုံး
ကြိုးစားသော သူများအတွက်မူ တစ်နှစ်ပတ်လုံး အလုပ်လုပ်သော်လည်း အားဖြည့်စွပ်ပြုတ်တစ်ခွက်ပင် ဝယ်မသောက်နိုင်ကြပေ။
ကျောက်ဖေးသည် ထိုအချက်ကို တွေးတောမိရင်း ဤကမ္ဘာ၏ ကျင့်ကြံခြင်းလမ်းစဉ်သည် သူ၏ အရင်ဘဝက ပညာသင်ကြားရသည်ထက် အဆပေါင်းများစွာ ခက်ခဲကြောင်း သဘောပေါက်လိုက်သည်။
“ဆင်းရဲလျှင် စာပေသင်၍၊ ချမ်းသာလျှင် သိုင်းသင်သည်"ဟူသော စကားမှာ အချည်းနှီး မဟုတ်ပေ။
သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ နေမင်းသည် အရှေ့ဘက်၌ မြင့်တက်နေဆဲဖြစ်၏
မွန်းမတည့်သေးပေ။
လေ့ကျင့်ရေးကွင်း (၂) ရှိ ပြိုင်ပွဲသည် ဆက်လက် ရှိနေဦးမည် ဖြစ်သည်။
ကျောက်ဖေးသည် နေ့လယ်စာ စားရန် မလောဘဲ ခန္ဓာကိုယ်အတွင်း သွေးအားဖြည့်စွပ်ပြုတ်၏ အာနိသင် ကျန်ရှိနေဆဲတွင် လေထိန်းချုပ်ကျင့်စဉ်လေ့ကျင့်မှုကို ဆက်လက် ပြုလုပ်နေခဲ့သည်။
ပထမအချက်မှာ မိမိ၏ သွေးနှင့် ချီအင်အား ကို အရှိန်အဟုန်မပြတ် သန့်စင်ရန် ဖြစ်သည်၊ ဒုတိယအချက်မှာမူ ယခုလေးတင် ဖောက်ထွက်အောင်မြင်ခဲ့သော လေငြိမ်သက်ခြင်းနယ်ပယ်ကို အခြေခိုင်အောင် ပြုလုပ်ရန် အခွင့်ကောင်းပင် ဖြစ်ပေသည်။
မကြာမီတွင် အဝေးမှ လူရိပ်တစ်ခု ချဉ်းကပ်လာရာ ၎င်းမှာ စုန်ယုယောင်ပင် ဖြစ်သည်။
"မင်း ဒီပြိုင်ပွဲကနေ ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်လိုက်တယ်လို့ ကြားတယ်?"
စုန်ယုယောင်၏ မျက်နှာမှာ မနှစ်မြို့ဖွယ် ဖြစ်နေပြီး တွေ့သည်နှင့် ကျောက်ဖေးကို အေးစက်စွာ မေးခွန်းထုတ်လေတော့သည်။
ကျောက်ဖေးကလည်း သူမ၏ ဆိုလိုရင်းကို ချက်ချင်းနားလည်ကာ ပြန်လည်ရှင်းပြလိုက်၏။ “ဆရာကြီး လီက ကျွန်တော့်ကို ဒီပြိုင်ပွဲသေးသေးလေးမှာ ပါဝင်ဖို့ မလိုဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ သခင်မလေး၊ ကျောင်းက ကျွန်တော့်ကို လျော်ကြေးအနေနဲ့ ရမှတ် ၁၀ မှတ် ပေးပါတယ်၊ အဲဒါကို သခင်မလေးရဲ့ အကောင့်ထဲကို ကျွန်တော် ဒီမနက်ပဲ လွှဲပေးလိုက်ပါပြီ။"
သူသည် စုန်ယုယောင်ကို အလွန်မုန်းတီးပေ၏
သို့သော်လည်း လကုန်လျှင် လွတ်လပ်ခွင့်ရတော့မည် ဖြစ်၏ ယခုအချိန်တွင် ရမှတ်အနည်းငယ်အတွက်နှင့် သူမကို ရန်စရန် မသင့်ဟု တွေးတောကာ သည်းခံနေခြင်း ဖြစ်သည်။
"ဟင်း... ဒါဆိုရင်လည်း တော်သေးတာပေါ့။"
စုန်ယုယောင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း မျက်နှာမှာ သိသိသာသာ ပြေလျော့သွားသည်။
သို့သော် သူမက ဆက်၍ သတိပေး၏။ "နောက်တစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ရင် ငါ့ကို ကြိုတင် အစီရင်ခံရမယ်။"
"ဟုတ်ကဲ့ပါ၊ နောက်ဆို သတိထားပါ့မယ်။"
"ဒါနဲ့ ကျောင်းက မင်းကို ၁၀ မှတ်ပဲ လျော်ကြေးပေးတာလား၊ တခြားရော ဘာရှိသေးလဲ?"
စုန်ယုယောင်က သံသယဖြင့် ထပ်မေးပြန်သည်။
သူမက ဆက်၍ ခြိမ်းခြောက်၏။ "မမေ့နဲ့၊ မင်းဟာ စုန်မိသားစုရဲ့ လက်အောက်ခံ တစ်ယောက်ပဲ။ မင်းရတဲ့ ဆုလာဘ်မှန်သမျှဟာ ငါနဲ့ပဲ ဆိုင်တယ်။ မင်း ငါ့ကို ကွယ်ဝှက်ထားတာ သိရင် ဘာဖြစ်မလဲဆိုတာ မင်းသိမှာပါ။"
ကျောက်ဖေးက ခေါင်းငုံ့လျက် "ကျွန်တော်မျိုး မလိမ်ရဲပါဘူး။ ဆရာကြီး လီက ကျွန်တော့်ကို လကုန်မှာရှိမယ့် ပြိုင်ပွဲကြီးအတွက် အာရုံစိုက်ပြင်ဆင်စေချင်လို့ ဒီပြိုင်ပွဲက နုတ်ထွက်ခိုင်းတာပါ။ ပြိုင်ပွဲကြီးမှာ ရလဒ်ကောင်းရင် ကျောင်းကနေ ရမှတ်တွေ အများကြီး ထပ်ပေးမယ်လို့ ပြောပါတယ်။"
ထိုစကားကို ကြားသောအခါ စုန်ယုယောင်၏ မျက်လုံးထဲတွင် လောဘရိပ်များ ဖြတ်ပြေးသွားပြီး လေသံမှာလည်း ပျော့ပျောင်းသွားသည်။
"သြော်... ဒါဆိုရင်လည်း မင်း ကြိုးစားလှည့်ဦး။ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့၊ မဟုတ်ရင်တော့ မင်းကို ငါ အလွတ်ပေးမှာ မဟုတ်ဘူး။"
ကျောက်ဖေးက "သခင်မလေးရဲ့ မျှော်လင့်ချက်အတိုင်း အစွမ်းကုန် ကြိုးစားပါ့မယ်"
အပိုစကားများကို မျက်နှာသေဖြင့် ပြောလိုက်သည်။
သူ၏ ဦးစားပေးမှာ စုန်ယုယောင်ကို စိတ်အေးအောင် ထားခြင်းဖြင့် လကုန်အထိ အနှောင့်အယှက် မဖြစ်စေရန်သာ ဖြစ်သည်။
"မင်းရဲ့ လမ်းညွှန်မှုကြောင့် ချန်မင်လည်း ဒီပြိုင်ပွဲမှာ ထိပ်တန်း ၁၀ ယောက်စာရင်း ဝင်သွားပြီ။ လကုန်ပြိုင်ပွဲမှာ မင်းသာ ရလဒ်ကောင်းရင် မင်းကို ငါ ရာထူးတိုးပေးပြီး စုန်မိသားစုရဲ့ အထက်တန်းအစေခံ ကာကွယ်ရေးအဖွဲ့ထဲ ထည့်ပေးမယ်။ မင်းသာ ကောင်းကောင်း အလုပ်ကျွေးပြုရင် မင်းကို အိမ်ဖော်တစ်ယောက်နဲ့ အိမ်ထောင်ချပေးမယ်။ ဒါမှ မင်းရဲ့ သားစဉ်မြေးဆက်တွေက စုန်မိသားစုကို ကျွန်ခံသွားနိုင်မှာ”
ထိုစကားကို ကြားလိုက်ရချိန်တွင် ကျောက်ဖေး၏ ရင်ထဲ၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပေါက်ကွဲထွက်မတတ် ဖြစ်သွားသည်။
မိမိသာမက မိမိ၏ သားစဉ်မြေးဆက်ကိုပါ ကျွန်ပြုရန် ကြံစည်နေခြင်းကို သူ ဘယ်
သောအခါမှ ခွင့်မလွှတ်နိုင်ပေ။
သို့သော် သူ၏ မျက်နှာတွင်မူ ဝမ်းသာသွားဟန်ကို အတုအယောင် လုပ်ပြလိုက်၏
"သခင်မလေးရဲ့ ချီးမြှင့်မှုအတွက် ကျေးဇူးတင်လှပါတယ်ခင်ဗျာ။"
"အေး... အစွမ်းကုန် ကြိုးစားစမ်း။"
စုန်ယုယောင်သည် ကျန်းဖေးပုခုံးကိုပုတ်ရင်း ကျေနပ်စွာ လှည့်ထွက်သွား၏
သူမ ပျံလွှား သင်တန်းကျောင်းသို့ ရောက်ရှိလာခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ကျောက်ဖေးသည် သူမ စိတ်အကျေနပ်ရဆုံးသော တပည့်တစ်ဦးဖြစ်ပေသည်။
ကျောက်ဖေးသည် ပါရမီထူးချွန်ပြီး ကျင့်စဉ်တိုးတက်မှုနှုန်း မြန်ဆန်ရုံသာမက ရုပ်ရည်မှာလည်း ကြည့်ကောင်းလွန်းလှသဖြင့် သူမ၏ မျက်စိထဲတွင် အမြင်မတော်စရာဟူ၍ တစ်ကွက်မျှမရှိပေ။
"အနာဂတ်မှာလည်း ဒီလိုပဲ ဆက်ပြီး အစွမ်းပြနိုင်မယ်ဆိုရင်တော့... သူ့ကို နည်းနည်းပါးပါး ပြုစုပျိုးထောင်ပေးပြီး ငါ့ဘေးနားမှာ သစ္စာရှိတဲ့ ခွေးကောင်းတစ်ကောင်လို ထားရကျိုးနပ်မှာပဲ"
စုန်ယုယောင်သည် စိတ်ထဲမှ ရေရွတ်ရင်း ကျောခိုင်းလှည့်ထွက်သွားလေသည်။
စုန်ယုယောင် ထွက်ခွာသွားပြီးနောက်တွင်မူ
ကျောက်ဖေး၏ မျက်နှာမှာ ပြာနှမ်းအေးစက်လျက်ရှိနေဆဲပင်။
သူသည် လေထိန်းချုပ်ခြင်းကျင့်စဉ်ကိုသာ အာရုံစိုက်၍ ဆက်လက်လေ့ကျင့်နေတော့သည်။
သူ့အတွက်မူ လက်ရှိအချိန်၌ အရေးကြီးဆုံးအရာမှာ အစွမ်းအစ မြင့်မားလာစေရန်သာ ဖြစ်၏။
လုံလောက်သော အစွမ်းသတ္တိရှိသူများသာလျှင် မိမိ၏ ကံကြမ္မာကို မိမိကိုယ်တိုင် စီရင်ပိုင်ခွင့်ရှိသည်မဟုတ်ပါလော
စုန်ယုယောင်၏ ခြိမ်းခြောက်မှုများနှင့် မက်လုံးပေးမှုများမှာမူ... သူ့အတွက် လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ပင် အနှစ်သာရကင်းမဲ့လှပေတော့သည်။
အခန်း ၃၂ - ပျံလွှားအရိပ် ကျင့်စဉ်
ပြိုင်ပွဲငယ်လေး ပြီးဆုံးသွားပြီးနောက် ထိုနေ့မွန်းလွဲပိုင်းတွင် လီကမ်းသည် ကျောက်ဖေးကို လေ့ကျင့်ရေးကွင်းအမှတ် (၃) သို့ ခေါ်ဆောင်သွားခဲ့သည်။
ပျံလွှား ကိုယ်ခံပညာသင်တန်းကျောင်းတွင် လေ့ကျင့်ရေးကွင်း (၁)၊ (၂) နှင့် (၃) ဟူ၍ သုံးခုရှိ၏
ဤတတိယမြောက် လေ့ကျင့်ရေးကွင်းသည် ပထမနှစ်ခုနှင့် ကွဲပြားခြားနားလှ၏။
ကွင်း၏ အစိတ်အပိုင်း အနည်းငယ်တွင် အနိမ့်အမြင့် မတူညီသော မက်မွန်ပွင့်တိုင်များကို စနစ်တကျ စိုက်ထူထားသည်။
ကျန်ရှိသော နေရာများတွင်လည်း ကုန်းစောင်းများ၊ မြင့်မားသော တံတိုင်းများ၊ ကြိုးတန်းများ၊ ရွှံ့ကျင်းများနှင့် ဂူများကဲ့သို့သော အတားအဆီး အမျိုးမျိုးဖြင့် ပြည့်နှက်နေ၏။
ထိုအချိန်တွင် ကျောင်းတော်သား အများအပြားသည် ကွင်းအတွင်း၌ တစ်ဦးကိုတစ်ဦး လိုက်လံဖမ်းဆီးခြင်း၊ ရှောင်တိမ်းခြင်းနှင့် ခန္ဓာကိုယ်ကို လှပစွာ လှည့်ပတ်ကစားခြင်းများ ပြုလုပ်နေကြရာ ကြည့်ရသည်မှာ မျက်စိပွေလောက်စရာပင်။
ကျောက်ဖေးသည် ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
အကြောင်းမှာ လီကမ်းသည် သူ့ကို ပျံလွှားရိပ် ကျင့်စဉ်ကို သင်ကြားပေးတော့မည် ဖြစ်သောကြောင့်တည်း။
ဤကျင့်စဉ်သည် ကိုယ်ဖော့အတတ်ပညာတွင် အလွန်ကျော်ကြားပြီး ပျံလွှားကိုယ်ခံပညာကျောင်းဟူသော အမည်မှာလည်း ဤကျင့်စဉ်ကို အစွဲပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။
လီကမ်းက ရှင်းပြ၏။ "ပျံလွှားရိပ် ကျင့်စဉ်ရဲ့ အဓိက အနှစ်သာရကတော့ ပျံလွှားငှက်တစ်ကောင်လို ပေါ့ပါးရမယ်၊ လေပြင်းတစ်ခွန်းလို လျင်မြန်ရမယ် ဆိုတာပဲ။"
"ဒီအတတ်ပညာက တိုက်ပွဲထဲမှာ လျင်လျင်မြန်မြန် ရှောင်တိမ်းနိုင်ရုံတင်မကဘဲ ခက်ခဲတဲ့ မြေမျက်နှာသွင်ပြင်တွေမှာပါ မြေပြန့်မှာ လမ်းလျှောက်နေသလိုမျိုး သွားလာနိုင်စေတယ်။ ခရီးဝေး နှင်တဲ့နေရာမှာ အကောင်းဆုံးမဟုတ်ပေမဲ့ တခြားကိုယ်ဖော့ကျင့်စဉ်တွေထက်တော့ အများကြီး သာလွန်တယ်။ ခရီးသွားတဲ့အခါ မင်းရဲ့ ဒုက္ခတော်တော်များများကို ပြေပျောက်စေလိမ့်မယ်။"
ကျောက်ဖေးက ရိုသေစွာဖြင့် "ဆရာကြီး လီ၊ လမ်းညွှန်ပြသပေးပါဦးခင်ဗျာ" ဟု ဆိုလိုက်သည်။
လီကမ်းက ခေါင်းညိတ်ပြပြီး "အရင်ဦးဆုံး ပျံလွှားရိပ်ကျင့်စဉ်ရဲ့ အခြေခံခြေလှမ်းတွေကို ငါ ပြပေးမယ်။ သေချာကြည့်ထား" ဟု ပြောလေ၏
လျင်မြန်သော လှုပ်ရှားမှုဖြင့် အနီးရှိ မက်မွန်ပွင့်တိုင်များပေါ်သို့ ပျံလွှားငှက်တစ်ကောင်အလား ခုန်တက်လိုက်သည်။
ထို့နောက် ခြေချောင်းထိပ်လေးများဖြင့် မက်မွန်ပွင့်တိုင်ကို အသာအယာ တို့ထိကာ ပျံလွှားတစ်ကောင် ဟိုဒီကူးသန်းသကဲ့သို့ တိုင်တစ်ခုမှ တစ်ခုသို့ မျက်စိတစ်မှိတ်အတွင်း ကူးပြောင်းသွား၏။ သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် သဘာဝကျပြီး စီးဆင်းမှု ရှိလှသည်။
"ပျံလွှားရိပ်ကျင့်စဉ်ရဲ့ အခြေခံခြေလှမ်းတွေက ပေါ့ပါးခြင်း၊ ဖျတ်လတ်ခြင်း၊ လျင်မြန်ခြင်းဆိုတဲ့ စကားလုံး သုံးလုံးပေါ်မှာ အခြေခံထားတယ်"
လီကမ်းက လက်တွေ့ပြသရင်း ရှင်းပြသည်။ "ပေါ့ပါးခြင်းဆိုတာ လှုပ်ရှားမှုမှာ အသံမထွက်ဘဲ ငှက်မွေးတစ်မျှင် မြေပေါ်ကျသလို ငြိမ်သက်နေတာကို ဆိုလိုတယ်”
“ဖျတ်လတ်ခြင်းဆိုတာကတော့ ဘယ်လို ခက်ခဲတဲ့ နေရာမျိုးမှာမဆို လွတ်လပ်စွာ သွားလာနိုင်တာကို ပြောတာ”
“လျင်မြန်ခြင်းဆိုတာကတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အန္တရာယ်ကနေ ချက်ချင်း လွတ်မြောက်နိုင်စွမ်းရှိတာပဲ”
ကျောက်ဖေးသည် လီကမ်း၏ လှုပ်ရှားမှုများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
သူမြင်တွေ့နေရသော မြင်ကွင်းများကို ကျန်ရှိသော ကိုယ်ပွားခြောက်ခု၏ စိတ်အာရုံထဲ၌ တစ်ပြိုင်နက်တည်း ဖော်ပြနေ၏
ဦးနှောက်ခုနစ်လုံး တစ်ပြိုင်တည်း အလုပ်လုပ်နေပြီး သာမန်လူထက် ခုနစ်ဆသာလွန်သော မှတ်ဉာဏ်စွမ်းအားဖြင့် လှုပ်ရှားမှုတိုင်းကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာ၍ မှတ်သားနေလေသည်။
လီကမ်းသည် မက်မွန်ပွင့်တိုင်များပေါ်တွင် လှပကျော့ရှင်းစွာ ကခုန်နေပြီး လှုပ်ရှားမှုတိုင်းမှာ စွမ်းအားနှင့် အလှတရားတို့ ပေါင်းစပ်နေ၏။
မကြာမီတွင် သူသည် တိုင်ပေါ်မှ အသာအယာ ခုန်ဆင်းလာခဲ့သည်။
"ငါ အခုသင်ပေးတာတွေကို မင်း မှတ်မိရဲ့လား?"
အကယ်၍ ဤတပည့်သည် သာမန်တပည့်သာဆိုလျှင် လီကမ်းသည် ဤမေးခွန်းမျိုးကို ဘယ်သောအခါမှ မေးမည်မဟုတ်သလို လေ့ကျင့်ရေးကွင်း (၃) သို့လည်း တိုက်ရိုက်ခေါ်လာမည် မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ဤအခြေခံခြေလှမ်းများကို သင်ကြားရန်ပင် အနည်းဆုံး သုံးရက်မှ ငါးရက်အထိ အချိန်ယူရလေ့ရှိသောကြောင့် ဖြစ်သည်။
သို့သော် ကျောက်ဖေး၏ အခြေအနေမှာ ထူးခြားလှ၏။
ကျောက်ဖေး၏ မှတ်ဉာဏ်စွမ်းအားသည် ကြောက်ခမန်းလိလိပင် ဖြစ်သည်။ မည်သည့် လှုပ်ရှားမှုကိုမဆို တစ်ကြိမ်၊ နှစ်ကြိမ် ပြရုံဖြင့် အမှားအယွင်းမရှိ လိုက်လံတုပနိုင်စွမ်း ရှိသည်။
ထို့ကြောင့် သူ့ကို သာမန်တပည့်များကဲ့သို့ သင်ကြား၍ မရပေ။
ကျောက်ဖေးက အနည်းငယ် တုံ့ဆိုင်းဟန်ဖြင့် "မှတ်မိတယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ မှန်မမှန်တော့ မသိသေးဘူးခင်ဗျာ။ တချို့နေရာတွေ လွဲနေမလားလို့ပါ" ဟု ပြန်ဖြေလိုက်သည်။
လီကမ်းက ပြုံးလျက် "ရပါတယ်၊ ငါပြထားတဲ့ အခြေခံခြေလှမ်းတွေအတိုင်း မင်းဘာသာမင်း စမ်းကြည့်လိုက်။ မှားတာရှိရင် ငါ ပြင်ပေးမယ်" ဟု ဆို၏။
“ ဟုတ်ကဲ့”
ကျောက်ဖေးက ခေါင်းငြိမ့်လိုက်၏
ကျောက်ဖေးသည် အသက်ကို ဝဝရှူလိုက်ပြီး လီကမ်း ပြုလုပ်ခဲ့သည့်အတိုင်း ရှေ့ရှိ မြင့်မားသော မက်မွန်ပွင့်တိုင်ပေါ်သို့ ခုန်တက်လိုက်သည်။
ဤတိုင်၏ ထိပ်ပိုင်း မျက်နှာပြင်သည် အလွန်သေးငယ်ပြီး သာမန်အမျိုးသားတစ်ဦး ခြေထောက် အရွယ်အစား၏ သုံးပုံတစ်ပုံပင် မရှိပေ။
ကျောက်ဖေး၏ အရှိန်မှာ အနည်းငယ် ပြင်းသွားခဲ့သည်။
ညာဘက်ခြေထောက်ဖြင့် တိုင်ပေါ်သို့ နင်းလိုက်သည်နှင့် ခန္ဓာကိုယ်မှာ ရှေ့သို့ ကိုင်းသွားပြီး ဟန်ချက်ပျက်ကာ တိုင်ပေါ်မှ ပြုတ်ကျသွားလေသည်။
အကယ်၍ သူ၏ တောင်ဖြိုလက်သီးသည် အဆင့်မြင့်မရောက်သေးဘဲ အောက်ပိုင်း မခိုင်မာပါက မျက်နှာနှင့် မြေကြီးနှင့် စုံပစ်မိသွားနိုင်၏
ကျောက်ဖေးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွား၏
သို့သော်လည်း လီကမ်းက ရယ်မောကာ "ဒါ ပထမဆုံးအကြိမ်ဆိုတော့ မက်မွန်ပွင့်တိုင်နဲ့ မရင်းနှီးတာ သဘာဝပါပဲ။ နောက်တစ်ခါ ထပ်စမ်းကြည့်" ဟု အားပေးလိုက်သည်။
“ဟုတ်ကဲ့”
ကျောက်ဖေးက တုံ့ပြန်လေ၏
ဒုတိယအကြိမ်တွင် ကျောက်ဖေးသည် ပို၍ ဂရုစိုက်ကာ အရှိန်ကို ထိန်းချုပ်လိုက်ရာ ညာဘက်ခြေထောက်ဖြင့် တိုင်ပေါ်တွင် အောင်မြင်စွာ ရပ်နိုင်ခဲ့သည်။
ထို့နောက် လီကမ်း သင်ပေးသည့်အတိုင်း ကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းကာ ဘယ်ဘက်ခြေဖြင့် နောက်တိုင်တစ်ခုကို လှမ်းနင်းလိုက်သည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ကျောက်ဖေးသည် ယိမ်းယိုင်နေပြီး လီကမ်းကဲ့သို့ ကျော့ရှင်းမှု မရှိသေးဘဲ တိုင်ပေါ်မှ ထပ်မံ ပြုတ်ကျလုနီးပါး ဖြစ်သွားပြန်သည်။
"စိတ်မလောနဲ့။ ပျံလွှားရိပ်ကျင့်စဉ်က တဖြည်းဖြည်းချင်း တိုးတက်လာရမဲါ ကျင့်စဉ်မျိုးပဲ" ဟု လီကမ်းက စိတ်ရှည်စွာ လမ်းညွှန်သည်။
"အခြေခံခြေလှမ်းတွေကို အရင်ဆုံး ကျင့်ပါ၊ တိုင်တွေရဲ့ အကွာအဝေးနဲ့ အမြင့်ကို အသားကျသွားမှ ပိုခက်ခဲတဲ့ လှုပ်ရှားမှုတွေကို စမ်းကြည့်ရမယ်။"
ကျောက်ဖေးသည် အသက်ရှူနှုန်းကို ပြန်ညှိကာ အာရုံစိုက်၍ ခြေလှမ်းများကို ဖြည်းဖြည်းချင်း လှမ်းကြည့်သည်။
လှုပ်ရှားမှုများသည် တောင့်တင်းနေဆဲ ဖြစ်သော်လည်း အရင်ကထက် သိသိသာသာ ကောင်းမွန်လာ၏။
လီကမ်းက ဘေးမှနေ၍ - "ခြေချောင်းထိပ်လေးတွေရဲ့ အားကို သတိထားပါ၊ အသာအယာ နင်းပါ၊ ဟန်ချက်ညီဖို့က အရေးကြီးဆုံးပဲ..." ဟု သင်ကြားပေးနေသည်။
လီကမ်း၏လမ်းညွှန်မှုနဲ့အတူ ကျောက်ဖေးငည် ချိန်ညှိနိုင်လာခဲ့သည်။
မနားတမ်း လေ့ကျင့်ပြီးနောက် ကျောက်ဖေး၏ လှုပ်ရှားမှုများမှာ တဖြည်းဖြည်း တည်ငြိမ်လာပြီး ခြေလှမ်းများသည်လည်း ပို၍ ဖျတ်လတ်လာသည်။
လီကမ်း၏ မျက်လုံးများထဲတွင် အံ့သြချီးမွမ်းရိပ်များ ပြည့်နှက်နေ၏။
ဤကလေး၏ နားလည်နိုင်စွမ်းသည် တကယ်ပင် ထူးခြားလှပေသည်။ ကိုယ်ခံပညာ သင်ကြားရန် အသက်အရွယ် အနည်းငယ် ကြီးနေပြီ ဖြစ်သော်လည်း နောင်တစ်ချိန်တွင် ကြီးကျယ်သော အောင်မြင်မှုများ ရရှိနိုင်ပေသည်။
အနည်းဆုံးတော့ ကျောက်ဖေးသည် သူ့ကဲ့သို့ နည်းပြထက်တော့ သာလွန်မည်သာ
လီကမ်းသည် တစ်ဖက်တွင်လည်း နှမြောတသ ဖြစ်မိသည်။ အကယ်၍ ကျောက်ဖေးသာ ဆယ်နှစ်ခန့် စော၍ သိုင်းပညာ သင်ယူခွင့် ရခဲ့ပါက မည်မျှ ကောင်းလေမည်နည်း
နာရီဝက်ခန့် လေ့ကျင့်ပြီးနောက်တွင်မူ
လီကမ်း၏ ဝေဖန်တတ်သော မျက်လုံးများပင် ကျောက်ဖေး၏ ခြေလှမ်းများတွင် အမှားရှာမရတော့ပေ။
"ကောင်းပြီ၊ မင်း အခြေခံခြေလှမ်းတွေကို အချိန်တိုအတွင်းမှာ ရသွားပြီ။ အခု အရှိန်ကို နည်းနည်း ထပ်မြှင့်ကြည့်၊ ဒါပေမဲ့ ဟန်ချက်မပျက်စေနဲ့။ ဟန်ချက်မထိန်းနိုင်တော့ဘူး ထင်ရင် အရှိန်မတင်နဲ့ဦး"
ကျောက်ဖေးသည် ညွှန်ကြားချက်အတိုင်း အရှိန်ကို တဖြည်းဖြည်း မြှင့်တင်လိုက်သည်။
ဟန်ချက်ပျက်လုနီးပါး ဖြစ်တိုင်း အရှိန်ပြန်လျှော့ကာ ခြေလှမ်းများကို ပြန်ညှိ၏။
ထိုသို့ အဆင့်ဆင့် လေ့ကျင့်ရင်း ကျောက်ဖေး၏ အရှိန်မှာ ပိုမိုမြန်ဆန်လာပြီး သူ၏ ပုံရိပ်မှာလည်း ပို၍ ဖျတ်လတ် ပေါ့ပါးလာလေတော့သည်။
အခန်း (၃၃) - လကုန်ရက် အကြီးစား သိုင်းပြိုင်ပွဲ
ကျောက်ဖေးသည် ကျင့်စဉ်လောကထဲတွင် နစ်ဝင်နေမိရာ အချိန်ကုန်မှန်းပင် မသိလိုက်ချေ။
ညဦးယံအချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို
လီကမ်းက သတိပေးမှသာ သတိပြန်ဝင်လာတော့သည်။
"ဒီနေ့အတွက်တော့ ဒီမှာတင် ရပ်ကြရအောင်။ မနက်ဖြန်ကျမှ ပျံလွှားရိပ်သိုင်းကွက်ရဲ့ သီးခြားခြေလှမ်း (၅) ကွက်ကို ဆက်သင်ပေးမယ်"
"တကယ်တော့ နောက်ဆုံးခြေလှမ်း (၅) ကွက်ဆိုတာ ဒီနေ့ မင်းကိုသင်ပေးခဲ့တဲ့ အခြေခံခြေလှမ်းတွေရဲ့ အစီအစဉ်အပြောင်းအလဲနဲ့ ပေါင်းစပ်မှုတွေပဲ။ အခြေခံကို ပိုင်နိုင်သွားပြီဆိုရင် နောက်ပိုင်းကွက်တွေက မင်းအတွက် မခက်ခဲတော့ပါဘူး"
ထိုသို့ပြောပြီးနောက် လီကမ်းသည် ခပ်တိုးတိုး ရယ်မောလိုက်၏။
သာမန်သိုင်းတပည့်များအတွက် 'ပျံလွှားရိပ်' သိုင်းကွက်ကို တတ်မြောက်ရန်မှာ လွယ်ကူလှသည်မဟုတ်ပေ
သို့သော် ကျောက်ဖေးကဲ့သို့သော ပါရမီရှင်တစ်ဦးအတွက်မူ ခက်ခဲသည်ဟု မည်သို့ဆိုနိုင်ပါမည်နည်း။
လီကမ်း ထွက်ခွာသွားပြီးနောက် ကျောက်ဖေးသည် ထမင်းစားဆောင်သို့သွားကာ သွေးအားကောင်းစေပြီး ခန္ဓာကိုယ်ကို သန်မာစေသော ဆေးစွပ်ပြုတ်တစ်ခွက်ကို သောက်သုံးလိုက်သည်။
ထို့နောက် အမှတ် (၃) လေ့ကျင့်ရေးကွင်းသို့ ပြန်သွားကာ မက်မွန်ပွင့်တိုင်များပေါ်တွင် ပျံလွှားရိပ်သိုင်းကွက်၏ အခြေခံခြေလှမ်းများကို ဆက်လက်လေ့ကျင့်နေခဲ့သည်။
သိုင်းဂိုဏ်းသို့ ရောက်လာသည့်အချိန်မှစ၍ ကျောက်ဖေးသည် မိမိကိုယ်မိမိ ပျင်းရိသူတစ်ဦးမဟုတ်ကြောင်း သိလိုက်ရသည်။
ယခင်ဘဝ၌မူ သူသည် ရည်မှန်းချက်မရှိ၊ စိတ်ဝင်စားစရာလည်း မရှိခဲ့ဘဲ စားသောက်ပျော်ပါးရင်း သေမည့်ရက်ကို စောင့်နေသည့် ပျင်းရိသူတစ်ဦးဟု သူတစ်ပါးမျက်လုံးတွင် မြင်ခဲ့ကြသည်။
သို့သော် ဤကမ္ဘာ၏ သိုင်းပညာနှင့် ထိတွေ့ခွင့်ရသောအခါမှသာ သူသည် စိတ်အားထက်သန်မှုကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် မိမိကိုယ်စား ကျင့်ကြံပေးနေသော ကိုယ်ပွားအမြောက်အမြားရှိနေခြင်းက အချိန်တိုင်း တိုးတက်မှုကို ခံစားရစေပြီး စိတ်လှုပ်ရှားမှုကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့သည်။
“ဒီကမ္ဘာမှာ နတ်ဆိုးတွေ၊ မိစ္ဆာတွေနဲ့ နတ်ဘုရားတွေ ရှိမရှိဆိုတာပဲ မသိရသေးတာ”
“ငါ့ရဲ့ ပါရမီက ကောင်းဖို့ပဲ မျှော်လင့်ရတာပဲ”
ကုန်လွန်ခဲ့သော ရက်များအတွင်း ကျောက်ဖေးသည် နေ့ဘက်တွင် ချီနှင့်သွေးသားကျင့်စဉ်ဖြစ်သော လေထိန်းချုပ်ကျင့်စဉ်ကို အာရုံစိုက်လေ့ကျင့်ပြီ ညဘက်တွင်မူ အမှတ် (၃) လေ့ကျင့်ရေးကွင်း၌ ပျံလွှားရိပ်ကို လေ့ကျင့်ခဲ့သည်။
ကျောက်ဖေးကိုယ်တိုင် လေ့ကျင့်ချိန် နည်းပါးသော်လည်း
သူ့အတွက် နေ့ညမပြတ် မမောမပန်း လေ့ကျင့်ပေးနေသော ကိုယ်ပွား (၆) ခု ရှိနေသည်။
ထို့ကြောင့်ပင် သူ၏ ကိုယ်ဖော့ပညာမှာ အံ့မခန်း မြန်ဆန်စွာ တိုးတက်လာခဲ့လေသည်။
မသိမသာဖြင့် ဧပြီလ (၃၀) ရက်သို့ ရောက်ရှိလာခဲ့ပြီ။
ကျောက်ဖေးသည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် ပျံလွှားရိပ်၏ အခြေခံများကို အကုန်အစင် ပိုင်နိုင်နေခဲ့ပြီဖြစ်၏။
ယနေ့တွင်မူ လကုန်ရက် အကြီးစားပြိုင်ပွဲကြီး စတင်လေပြီ။
ပြိုင်ပွဲကို တစ်နေကုန် ကျင်းပမည်ဖြစ်ပြီး နံနက်၊ မွန်းလွဲနှင့် ညနေပိုင်းဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားထားသည်။
ဤပြိုင်ပွဲတွင် သိုင်းဂိုဏ်းသားအားလုံး ပါဝင်ရမည်ဖြစ်ရာ သိုင်းဂိုဏ်း၏ တပည့် (၅၀၀) ကျော်ကြောင့် ပြိုင်ပွဲစနစ်သည် သေးငယ်သော ပြိုင်ပွဲများနှင့်မတူဘဲ အလွန်ကျစ်လျစ်လှသည်။
နံနက်ပိုင်းတွင် အုပ်စုအဆင့် ပွဲစဉ်များကို ကျင်းပမည်ဖြစ်သည်။
တပည့်အားလုံးကို အုပ်စု (၅၀) ခွဲထားပြီး အုပ်စုတစ်ခုစီတွင် လူ (၁၀) ယောက်မှ (၁၂) ယောက်အထိ ပါဝင်သည်။
တရားမျှတမှုရှိစေရန် အုပ်စုခွဲရာတွင် အစီအစဉ်တကျ ပြုလုပ်ထားသည်။
ယခင်လက အဆင့်မြင့်ရရှိခဲ့သူများကို အုပ်စုအသီးသီးသို့ ခွဲထုတ်လိုက်ပြီး ကျန်ရှိသူများကိုမူ ကျပန်းစနစ်ဖြင့် တွဲပေးလိုက်ခြင်းဖြစ်သည်။
၎င်းမှာ အဆင့်မြင့်တပည့် အချင်းချင်း အုပ်စုတစ်ခုတည်းတွင် ဆုံပြီး စောစီးစွာ ပြုတ်ထွက်သွားခြင်းမျိုး မဖြစ်စေရန် စီစဉ်ထားခြင်းပင်။
အုပ်စုခွဲပြီးနောက်တွင်မူ
အလှည့်စနစ်ဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယှဉ်ပြိုင်ရသည်။
နိုင်ပွဲတစ်ပွဲလျှင် (၁) မှတ် ရရှိမည်ဖြစ်၏
အုပ်စုတစ်ခုစီမှ ရမှတ်အများဆုံး (၂) ဦးစီသည် မွန်းလွဲပိုင်းတွင် ကျင်းပမည့် ရှုံးထွက်ပွဲစဉ်များသို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
ဆိုလိုသည်မှာ တပည့် (၅၀၀) ကျော်အနက် အစွမ်းအထက်ဆုံး (၁၀၀) သာ မွန်းလွဲပိုင်းပြိုင်ပွဲသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
ဂိုဏ်း၏ စည်းကမ်းအရ အဆင့် (၁၀၀) အတွင်း ဝင်သူတိုင်း ဂိုဏ်း၏ ဆုမှတ်များကို ရရှိကြမည်ဖြစ်သည်။
ပါဝင်သူ များပြားလွန်းသဖြင့် အုပ်စုပတ်လည်ပွဲစဉ်များမှာ အချိန်အကြာဆုံးဖြစ်သည်။
အုပ်စုစာရင်းကို မနေ့က ညနေပိုင်းကတည်းက ကြေညာထားခဲ့ပြီး ဖြစ်သည်။
ပြိုင်ပွဲကြီးမှာ ယနေ့ နံနက်အစောပိုင်းတွင် စတင်မည်ဖြစ်၏
တပည့်အများစုသည် မိုးမလင်းမီကတည်းက ထမင်းစားဆောင်တွင် နံနက်စာ သုံးဆောင်နေကြပြီဖြစ်သည်။
ကျောက်ဖေးသည် အမှတ် (၁) လေ့ကျင့်ရေးကွင်းတွင် ရပ်နေ၏။
သူသည် အုပ်စု (၄) တွင် ကျရောက်ခဲ့သည်။
သူတို့အုပ်စုတွင် စုစုပေါင်း (၁၀) ဦး ပါဝင်သည်။
ဂိုဏ်းက တမင်စီစဉ်ခြင်းလော သို့မဟုတ် တိုက်ဆိုင်မှုလော မသိရသော်လည်း အုပ်စု (၄) မှ (၆) အထိကို တာဝန်ယူရသော ဒိုင်လူကြီးမှာ သိုင်းဆရာ လီကမ်းပင် ဖြစ်နေတော့သည်။
ထုံးစံအတိုင်း သိုင်းဆရာသည် ရှေ့ဆုံးမှနေ၍ ပြိုင်ပွဲစည်းကမ်းများကို ကြေညာနေ၏။ တစ်ဖက်လူက အရှုံးပေးလျှင် ဆက်လက်မတိုက်ခိုက်ရန်နှင့် အသက်အန္တရာယ် မပြုရန် စသည့် သတိပေးချက်များကို ရှင်းပြနေသည်။
အောက်ရှိ တပည့်များမှာလည်း အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြလေတော့သည်။
အသစ်ဝင်လာသော တပည့်များမှလွဲ၍ ကျန်သူအများစုသည် ပြိုင်ပွဲအတွေ့အကြုံရှိပြီးသူများ ဖြစ်ကြသဖြင့် စည်းကမ်းချက်များကို ကောင်းစွာသိရှိပြီး ဖြစ်ကြသည်။
ထို့ကြောင့် သိုင်းဆရာ၏ စကားပလ္လင်ခံနေမှုများကို နားထောင်ရန် မလိုအပ်ဟု ယူဆနေကြ၏။
"ဟူး... ဒီတစ်ခါတော့ ငါကံဆိုးတာပဲ။ စီနီယာအစ်ကို လောင်နဲ့ တစ်အုပ်စုတည်း ကျနေတယ်"
"ညီမလေးကတော့ စီနီယာအစ်ကိုလောင်ကို မယှဉ်နိုင်မှန်း သိပါတယ်။ ခဏနေရင် စီနီယာအစ်ကိုလောင်အနေနဲ့ ညှာတာပေးဖို့ မျှော်လင့်ပါတယ်နော်။ ကြိုတင်ပြီး ကျေးဇူးတင်ပါတယ်ရှင်"
"ငါမှတ်မိသလောက်ဆို စီနီယာအစ်ကိုလောင်က ပြီးခဲ့တဲ့လက အဆင့် (၇၀) ကျော် ချိတ်ခဲ့တာမလား။ ကြည့်ရတာ ဒီအုပ်စုရဲ့ အောင်နိုင်သူနေရာတစ်ခုကတော့ သူပဲ ဖြစ်ဦးမှာပါပဲ..."
အုပ်စု (၄) မှ တပည့်များသည်လည်း အချင်းချင်း တိုးတိုးတိတ်တိတ် ရေရွတ်နေကြသည်။
ကျောက်ဖေးသည် သိုင်းဆရာ၏ စည်းကမ်းချက်များကို နားထောင်နေရင်း စီနီယာအစ်ကိုလောင်ဆိုသူကို လှမ်းကြည့်လိုက်၏။
ထိုသူမှာ အရပ်ရှည်ပြီး ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း အေးစက်ခက်ထန်သော အရှိန်အဝါတစ်ခု ရှိနေသည်။
သူသည် ဘေးပတ်ဝန်းကျင်မှ မြောက်ပင့်ပြောဆိုမှုများကို အနည်းငယ် ခေါင်းညိတ်ရုံမျှသာ တုံ့ပြန်လေသည်။
“သူက ပြီးခဲ့တဲ့လက အဆင့် (၇၀) ကျော်ဆိုတော့ အစွမ်းက သေချာပေါက် အထင်သေးလို့မရဘူး။ ငါသူနဲ့တွေ့ရင်တော့ နည်းနည်း သတိထားရမယ်”
ကျောက်ဖေး စိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော် သူ၏ စိတ်ထဲတွင် မျှော်လင့်ချက်အချို့လည်း ရှိနေ၏။
ဤပြိုင်ပွဲတွင် မည်မျှအထိ ခရီးပေါက်မည်ကို မသိနိုင်သော်လည်း ၎င်းသည် သူ၏ လက်တွေ့တိုက်ခိုက်ရေး အတွေ့အကြုံကို မြှင့်တင်ရန် အခွင့်အရေးကောင်းတစ်ခုပင် ဖြစ်သည်။
ကျောက်ဖေးသည် စကားဝိုင်းထဲသို့ ဝင်မပါဘဲ ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။
မည်သူကမျှလည်း သူ့ကို ဂရုမပြုမိကြချေ။
သိုင်းဂိုဏ်းသားများသည် လွန်ခဲ့သောပြိုင်ပွဲမှ အဆင့် ၁၀၀အတွင်းဝင်သည့် အစွမ်းထက်သော စီနီယာအကို အမများကိုသာ မှတ်မိနေကြ၏
ကျောက်ဖေးကဲ့သို့ မျက်နှာသစ်တစ်ဦးကိုမူ အားနည်းသူတစ်ဦးအဖြစ်သာ သတ်မှတ်ထားကြပုံရသည်။
မကြာမီ သိုင်းဆရာ စည်းကမ်းချက်များ ပြောကြားပြီးနောက် ပြိုင်ပွဲကို တရားဝင် စတင်လိုက်တော့သည်
အုပ်စု (၄) ၏ ပွဲစဉ်ဇယားမှာ လျင်မြန်စွာ ထွက်ပေါ်လာ၏။
လူ (၁၀) ဦးဖြစ်သဖြင့် ပွဲစဉ် (၅) ခု ပြိုင်တူယှဉ်ပြိုင်ရပြီး ပွဲတိုင်းပြီးလျှင် ခေတ္တအနားယူကာ အလှည့်ကျ ဆက်လက်ယှဉ်ပြိုင်ရမည်
ဖြစ်သည်။
ဆိုလိုသည်မှာ လူတစ်ဦးလျှင် (၉) ပွဲ တိုက်ခိုက်ရမည် ဖြစ်သည်။
အုပ်စု (၄) ပြီးလျှင် အုပ်စု (၅) နှင့် (၆) တို့က အစဉ်လိုက် ယှဉ်ပြိုင်ရမည်။
ကျောက်ဖေး၏ ပထမဆုံးပြိုင်ဘက်မှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်တစ်ဦးဖြစ်ပြီး အမည်မှာ ဝမ်ဟိုင်ဖန်းဖြစ်သည်။
ကျောက်ဖေးသည် မျက်နှာသစ်တစ်ဦးဖြစ်သည်ကို မြင်သောအခါ ဝမ်ဟိုင်ဖုန်းက အထင်သေးဟန်ဖြင့် ပြုံးလျက် “ညီလေး... အချိန်မကုန်အောင် မြန်မြန်ပဲ ဇာတ်သိမ်းရအောင်။ မင်း မယှဉ်နိုင်ဘူးလို့ ထင်ရင် စောစောလေး အရှုံးပေးလိုက်တာက ပိုကောင်းလိမ့်မယ်"
ကျောက်ဖေးကမူ တည်ငြိမ်စွာဖြင့် "ကျွန်တော် အရှုံးမပေးပါဘူး" ဟုသာ တိုတိုတုတ်တုတ် ပြောလိုက်သည်။
သူများများစားစား မပြောပေ
သူသည် ချက်ချင်းပင် တောင်ဖြိုဓားသိုင်းကွက်၏ အဖွင့်အနေအထားကို ယူလိုက်၏။
လီကမ်းက "စတင်စေ" ဟု အချက်ပေးလိုက်သည်နှင့်
ပွဲစဉ် (၅) ခုစလုံး ပြိုင်တူ စတင်လေတော့သည်။
ဝမ်ဟိုင်ဖန်းက ပထမဆုံး စတင်တိုက်ခိုက်လိုက်ပြီး သူသည် ကျောက်ဖေးကို နှစ်ပိုင်းပြတ်သွားစေမည့်အလား ပြင်းထန်စွာ ခုတ်ချလိုက်၏။
အသုံးပြုထားသည်မှာ သစ်သားဓားများ ဖြစ်သော်လည်း လေထုကို ဖြတ်သန်းသွားသော အသံမှာ တရွှီရွှီမြည်ဟီးနေပြီး အရှိန်အဝါမှာမူ အစစ်အတိုင်း ထိရှစေသည်။
ကျောက်ဖေးသည် စိတ်ကို တည်ငြိမ်စွာထားလျက် ခြေဖျားဖြင့် မြေပြင်ကို ခပ်ဖွဖွကန်ကာ ပျံလွှားရိပ် သိုင်းကွက်ဖြင့် ပါးနပ်စွာ ရှောင်တိမ်းလိုက်သည်။
သစ်သားဓားဦးသည် သူ၏ အဝတ်စကိုသာ သီသီလေးလွဲသွားပြီး သူ့ကို အနည်းငယ်မျှ မထိခိုက်စေခဲ့ချေ။
ဝမ်ဟိုင်ဖန်းမှာ အံ့ဩသွားပြီး "အာ့..." ဟု ရေရွတ်လိုက်မိသည်။
ကျောက်ဖေး၏ ကိုယ်ဖော့ပညာမှာ ဤမျှ ကျွမ်းကျင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ထို့နောက် သူသည် နည်းဗျူဟာပြောင်းကာ တောင်ဖြိုဓားသိုင်း၏ ဒုတိယကွက်ဖြစ်သော
စစ်သည်တစ်ထောင်ကို သုတ်သင်ခြင်းဖြင့် ကျောက်ဖေး၏ ခါးဆီသို့ ဦးတည်ကာ ဝေ့ယမ်းတိုက်ခိုက်လိုက်ပြန်သည်။
ကျောက်ဖေးသည် ဆက်လက်ရှောင်တိမ်းရင်း လက်ပြန်ဓားချက်ဖြင့် ဝမ်ဟိုင်ဖန်း ရင်ဘတ်ဆီသို့ လျှပ်စီးကဲ့သို့ တုံ့ပြန်လိုက်သည်။
ဝမ်ဟိုင်ဖန်းမှာ ဓားဖြင့် အလုအယက် ကာကွယ်လိုက်ရ၏။
သစ်သားဓားနှစ်ခု ထိခိုက်သံနှင့်အတူ နှစ်ဦးစလုံး၏ လက်မောင်းများ ထုံကျင်သွားသည်။
သို့သော် ကျောက်ဖေးသည် ဓားမှတစ်ဆင့် ရရှိလာသော အရှိန်ကို အသုံးချကာ ကိုယ်ဟန်ကို ချက်ချင်းပြောင်းလဲလိုက်သည်။
မျက်တောင်တစ်ခတ်အတွင်း ဓားချက်များသည် အဆက်မပြတ် ထွက်ပေါ်လာပြီး ဝမ်ဟိုင်ဖန်းမှာ ခုခံရင်းနှင့်ပင် အကျပ်ရိုက်လာတော့သည်။
သိုင်းကွက် (၆) ကွက်ခန့်အကြာတွင် ဝမ်ဟိုင်ဖန်းသည် ကာကွယ်ရန် မတတ်နိုင်တော့ဘဲ ကျောက်ဖေး၏ ဓားချက်သည် သူ၏ ညာဘက်လက်မောင်းကို ထိမှန်သွားတော့သည်။
သစ်သားဓားဖြစ်သဖြင့် လက်ပြတ်မသွားသော်လည်း အရှိန်ကြောင့် နာကျင်မှုသည် အရိုးထိအောင် ခံစားလိုက်ရသဖြင့်
ဝမ်ဟိုင်ဖန်း လက်ထဲမှ ဓားမှာ လွင့်ထွက်သွားလေသည်။
"ကျောက်ဖေး အနိုင်ရတယ်”
လီကမ်း၏ ကျယ်လောင်သော ကြေညာသံ ထွက်ပေါ်လာသည်။
ကျောက်ဖေးသည် ဝမ်ဟိုင်ဖန်းကို လက်အုပ်ချီ နှုတ်ဆက်ကာ စင်ပေါ်မှ ဆင်းလာခဲ့သည်။
သူ့စိတ်ထဲတွင်လည်း လျှို့ဝှက်စွာ ကျေနပ်နေမိ၏ “ပျံလွှားရိပ် သိုင်းကွက်က တကယ်ကို အသုံးဝင်တာပဲ။ တောင်ဖြိုဓားသိုင်းနဲ့ ပေါင်းစပ်လိုက်ရင် ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အများကြီး မြင့်တက်သွားတာပဲ”
အကယ်၍ သူသာ ဤကိုယ်ဖော့ပညာကို မတတ်မြောက်ထားပါက ဝမ်ဟိုင်ဖန်းနှင့် အင်အားချင်းယှဉ်ကာ ခက်ခက်ခဲခဲ တိုက်ခိုက်ရမည်မှာ သေချာပေသည်။
အနိုင်ရလျှင်ပင် ဤမျှ လွယ်ကူချောမွေ့လိမ့်မည် မဟုတ်ပေ။