← Chapters

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄-၃၆)

Vol. 3 Ch. 34-36

အခန်း (၃၄) - တိုက်ပွဲအရှိန်နှင့်အတူ ပိုမိုသန်မာလာခြင်း

တတိယမြောက် တိုက်ပွဲတွင် ကျောက်ဖေး၏ ပြိုင်ဘက်မှာ အခြားသူမဟုတ်ပေ

စီနီယာအစ်ကိုလောင်ဟူပင် ဖြစ်တော့သည်။

လောင်ဟူသည် ကျောက်ဖေးကို ရင်ဆိုင်ရာတွင် တည်ငြိမ်အေးစက်နေဆဲပင်။ လီကမ်း၏ "စတင်စေ" ဟူသော အမိန့်သံအဆုံး၌ သူသည် ကျောက်ဖေးထံသို့ လျှပ်စီးပမာ တိုးဝင်တိုက်ခိုက်လေတော့သည်။

သူ၏ လှုပ်ရှားမှုများမှာ အလွန်လျင်မြန်ပြီး ပါးနပ်ဖျတ်လတ်လှ၏။

၎င်းမှာ ပျံလွှားရိပ်သိုင်းကွက်၏ အဓိက ကိုယ်ဟန် (၅) မျိုးထဲမှ တစ်ခုဖြစ်သော ပျံလွှားထိုးနှက်ချက်ပင် ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်း လောင်ဟူသည် ကျောက်ဖေး၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး လက်ထဲမှ သစ်သားဓားကို မြှောက်ကာ ကျောက်ဖေး၏ ဦးခေါင်းတည့်တည့်သို့ လေခွဲသံနှင့်အတူ ခုတ်ချလိုက်သည်။

၎င်းမှာ တောင်ဖြိုဓားသိုင်း၏ ပထမအကွက်ဖြစ်သော တောင်ဖြိုကျောက်ခွဲပင် ဖြစ်၏။

လောင်ဟူကဲ့သို့သော အဆင့်ရှိသည့် တပည့်တစ်ဦးမှာ 'ပျံလွှားရိပ်' နှင့် 'တောင်ဖြိုဓား' သိုင်းနှစ်ခုကို ကျွမ်းကျင်စွာ ပေါင်းစပ်အသုံးချနိုင်နေပြီဖြစ်သည်။

ထိုသိုင်းနှစ်ခု ပေါင်းစပ်လိုက်သောအခါ တစ်ခုနှင့်တစ်ခု အားဖြည့်ပေးသကဲ့သို့ ဖြစ်သွားပြီး ၎င်း၏ စွမ်းပကားမှာ အထင်သေး၍ မရနိုင်တော့ပေ။

ကျောက်ဖေးသည် စိမ့်ကနဲ ဖြစ်သွား၏

သို့သော်လည်း ကြိုတင်ပြင်ဆင်ထားသဖြင့် ဓားကို အမြန်မြှောက်ကာ ခုခံလိုက်သည်။

ဓားနှစ်ခု ထိခိုက်မိသံနှင့်အတူ ကျောက်ဖေး၏ လက်မောင်းသည် တုန်ခါသွားပြီး နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်လိုက်ရ၏။

လောင်ဟူ၏ ဓားချက်များသည် ပြင်းထန်လှပြီး ယခင်ပြိုင်ဘက်များနှင့် အလှမ်းကွာလွန်းလှသည်။ ထိုတိုက်စစ်အရှိန်ကြောင့် ကျောက်ဖေးမှာ ခဏတာ ခုခံရန် ခက်ခဲသွားရသည်။

နောက်တစ်စက္ကန့်တွင် လောင်ဟူသည် ဓားသွားကို ဝေ့ယမ်းကာ ကျောက်ဖေး၏ ရင်ဘတ်ဆီသို့ တိုက်ခိုက်ပြန်သည်။

ကျောက်ဖေးသည် ခြေဖျားဖြင့် မြေပြင်ကို ပွတ်ဆွဲကာ ပျံလွှားရိပ်၏ ငါးကွက်ထဲမှ နောက်ထပ် ကိုယ်ဟန်တစ်ခုဖြစ်သော ပျံလွှားလှည့်ကွက်ကို အသုံးပြုလေ၏

သူသည် ပျံလွှားကဲ့သို့ လွှားကနဲခုန်ကာ ဘေးသို့ရှောင်လိုက်ပေသည်။

သို့သော် လောင်ဟူ၏ တိုက်စစ်သည် အဆက်မပြတ်လှဘဲ ဓားရိပ်များမှာ ကျောက်ဖေးကို နောက်ဆုတ်စေကာ ခုခံရုံသက်သက်ဖြစ်အောင် ဖိအားပေးနေတော့သည်။

သို့သော်ငြားလည်း... လောင်ဟူ၏ မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။

ကျောက်ဖေးသည် မျက်နှာသစ်တစ်ဦးဖြစ်သဖြင့် ပြီးခဲ့သည့်လက အဆင့် (၁၀၀) စာရင်းဝင်မဟုတ်ကြောင်း သူသိသည်။

ထို့ကြောင့် သာမန်တပည့်တစ်ဦးဟုသာ မှတ်ယူထားခဲ့၏

သို့သော်လည်း ကျောက်ဖေး၏ အရည်အချင်းမှာ သူနှင့် မတိမ်းမယိမ်း ရှိနေရာ သူ အသာစီးရနေသော်လည်း ကျောက်ဖေးကို အချိန်တိုအတွင်း အနိုင်မတိုက်နိုင်ချေ။

“ငါ အလေးအနက်ထားမှ ဖြစ်တော့မယ်”

ထိုသို့တွေးကာ လောင်ဟူသည် သူ၏ ဓားသိုင်းကို ပိုမိုကြမ်းတမ်း ပြင်းထန်စေပြီး တောင်ဖြိုဓားသိုင်း ခြောက်ကွက်စလုံး၏ အစွမ်းကုန်ကို ထုတ်ဖော်လိုက်တော့သည်။

ကျောက်ဖေးသည် ချက်ချင်းပင် အန္တရာယ်ရှိသော အခြေအနေသို့ ဆိုက်ရောက်သွား၏။

"အဲဒီ ကျောက်ဖေးဆိုတဲ့ တစ်ယောက်က ဘယ်သူလဲ။ လောင်ဟူရဲ့ ဓားချက်တွေကို ဒီလောက်ကြာအောင် ဘယ်လိုတောင့်ခံနေတာလဲ"

"ဒီတစ်ခါ အုပ်စု (၄) ရဲ့ နောက်တစ်ဆင့်တက်မယ့်သူတွေက လောင်ဟူနဲ့ အဲဒီ ကျောက်ဖေးပဲ ဖြစ်မှာပဲ"

"ဟုတ်တယ်... သူက လောင်ဟူကို မယှဉ်နိုင်သေးပေမဲ့ တခြားလူတွေထက်တော့ အများကြီး သာနေတယ်"

ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေကြသော တပည့်များမှာ တအံ့တဩ ဆွေးနွေးနေကြသည်။ ကျောက်ဖေးသည် ရှေ့တွင် လူအချို့ကို နိုင်ခဲ့သော်လည်း သူတို့ သိပ်ဂရုမစိုက်ခဲ့ကြပေ

သို့သော် ယခု လောင်ဟူကဲ့သို့ အစွမ်းထက်သူနှင့် ယှဉ်ပြိုင်နေသည်ကို မြင်ရသောအခါမှသာ ကျောက်ဖေး၏ ကြောက်မက်ဖွယ် အစွမ်းကို အမှန်တကယ် သတိပြုမိသွားကြခြင်းဖြစ်သည်။

စင်မြင့်ပေါ်မှ လီကမ်းသည်လည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။

သူသည် ကျောက်ဖေးကို ကိုယ်တိုင်သင်ကြားပေးခဲ့သူဖြစ်ရာ ကျောက်ဖေး၏ တိုးတက်မှုကို ကောင်းစွာသိသည်။

ဤသည်ကို မြင်ရသောအခါ သူ စိတ်အေးသွားရ၏။

ယခင်က သူနှင့် ချန်ယွမ်ရှန်းတို့သည် ကျောက်ဖေးကို လကုန်ပြိုင်ပွဲတွင် အဆင့် (၁၀၀) အတွင်း ဝင်ရမည်ဟု ရည်မှန်းချက် ပေးခဲ့ကြသည်။

အမှန်အတိုင်းပြောရလျှင် ကျောက်ဖေးအတွက် ထိုအဆင့်သို့ရောက်ရန် အလွန်ခက်ခဲလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြဖူးသည်။

ကျောက်ဖေးသည် ပါရမီထူးသော်လည်း သိုင်းသင်သည်မှာ တစ်လပင်မပြည့်သေးဘဲ အခြေခံလည်း မရှိခဲ့သောကြောင့်ဖြစ်သည်

သူတို့ ထိုသို့ မဖြစ်နိုင်သော ရည်မှန်းချက်ပေးခဲ့ခြင်းမှာ ကျောက်ဖေးကို စိတ်ဓာတ်တက်ကြွစေရန်သာ ဖြစ်သည်။

ကျောက်ဖေး အဆင့် (၁၀၀) အတွင်း ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သူ၏ စွမ်းဆောင်ရည် မဆိုးဝါးလျှင် စုန်မိသားစုနှင့် ချုပ်ဆိုထားသော အစေခံစာချုပ်ကို ဖျက်သိမ်းပေးရန် သူတို့ တိတ်တဆိတ် သဘောတူထားပြီးသားဖြစ်သည်။

ယခုမူ ကျောက်ဖေးသည် အမှန်တကယ်ပင် အောင်မြင်နေလေပြီ။

သူ၏ အစွမ်းသည် လောင်ဟူထက် အနည်းငယ် လိုအပ်နေသေးသော်လည်း အုပ်စု (၄) ထဲတွင်မူ အခြားသူများထက် သိသိသာသာ သာလွန်နေသည်။

အုပ်စုတစ်ခုစီမှ နှစ်ဦး တက်ခွင့်ရမည်ဖြစ်ရာ မထင်မှတ်ထားသည်များ ဖြစ်မလာခဲ့လျှင် ဒုတိယနေရာမှာ ကျောက်ဖေးအတွက်ပင် ဖြစ်သည်။

လူများ ဝေဖန်ဆွေးနွေးနေကြစဉ်အတွင်း

အုပ်စု (၄) ၏ အခြားတိုက်ပွဲများသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

အဆုံး၌ ကျောက်ဖေးနှင့် လောင်ဟူတို့သာ ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်နေကြဆဲပင်။

ယခုအခါ လောင်ဟူသည် ယခင်ကကဲ့သို့ တည်ငြိမ်မနေတော့ပေ။ ဟိန်းဟောက်ကာ ချွေးများလည်း ရွှဲနစ်နေပြီဖြစ်ပြီး သူ၏ အစွမ်းကုန်ကို ထုတ်သုံးနေရကြောင်း သိသာလှ၏။

အံ့ဩစရာကောင်းသည်မှာ ကျောက်ဖေးသည် တိုက်ပွဲကြာလာလေလေ ပိုမို သတ္တိ ရှိလာလေလေ ဖြစ်နေခြင်းပင်။

အစပိုင်းတွင် ခုခံနေရရုံသာ ရှိခဲ့သော်လည်း ယခုအခါ လောင်ဟူကို ပြန်လည် တိုက်စစ်ဆင်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ကျောက်ဖေးသည် လောင်ဟူ၏ တိုက်ကွက်အရှိန်အဟုန်ကို လုံးဝ လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိနိုင်သွား၏

သိုင်းနှစ်မျိုးကို အကောင်းဆုံး ပေါင်းစပ်နိုင်သွားပြီဖြစ်သည်။

ဤကဲ့သို့ မိမိနှင့် အင်အားချင်း မတိမ်းမယိမ်း သို့မဟုတ် မိမိထက် အနည်းငယ်သာသူနှင့် တိုက်ခိုက်ရခြင်းသည် တိုက်ခိုက်ရေးစွမ်းရည် တိုးတက်ရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။

ဤအချိန်၌ လီကမ်းအပါအဝင် ဘေးမှ ကြည့်နေသူများပင် လောင်ဟူနိုင်မည်ဟု အသေအချာ မပြောရဲတော့ပေ။

နောက်ထပ် အသက်ရှူအကြိမ် (၁၀) ကျော်ခန့် အကြာတွင်မူ

ကျောက်ဖေးသည် ပြိုင်ဘက်၏ ဟာကွက်တစ်ခုကို ရုတ်တရက် တွေ့ရှိသွားသည်။

သူသည် ဘေးသို့ လျှပ်ခနဲ ရှောင်တိမ်းလိုက်ပြီး သူ၏ ဘယ်ဘက်လက်သီးဖြင့် လောင်ဟူ၏ ဓားကို ရုတ်တရက် ထိုးနှက်လိုက်လေတော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်လက်ရှိဓားသည် လျှပ်စီးပမာ ခုတ်ချက်တစ်ခု ထွက်ပေါ်လာတော့သည်။

လောင်ဟူသည် သူ၏ဓားကို အလုအယက် ပြန်လည်ကာကွယ်ရန် ကြိုးစားသော်လည်း သူ၏သစ်သားဓားမှာ ကျောက်ဖေး၏ လက်သီးချက်ကြောင့် လွင့်ထွက်လုနီးပါး ဖြစ်နေသဖြင့် ပြန်လည်ရုပ်သိမ်းရန် အချိန်မမီတော့ချေ။

ကျောက်ဖေး၏ ဓားချက်သည် လောင်ဟူ၏ ရင်ဘတ်တည့်တည့်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

"အု... "

လောင်ဟူသည် နာကျင်စွာ ညည်းတွားရင်း နောက်သို့ လေးငါးလှမ်းခန့် အဟုန်ဖြင့် ဆုတ်ခွာသွားရ၏။

သစ်သားဓားဖြစ်၍ အသက်အန္တရာယ်မရှိသော်လည်း ဓားချက်တွင် ပါဝင်သော အတွင်းအားအရှိန်သည် ပြင်းထန်လှသဖြင့် သူ၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားရပြီး အသက်ရှူပင် ကျပ်သွားရရှာသည်။

"ကျောက်ဖေး အနိုင်ရတယ်”

လီကမ်း၏ ဟိန်းထွက်လာသော အသံကြီးက ပြိုင်ပွဲကွင်းတစ်ခုလုံးကို လွှမ်းမိုးသွားသည်။

ကျောက်ဖေးသည် အမောတကောဖြင့် အသက်ကို ခပ်ပြင်းပြင်းရှူရင်း လောင်ဟူကို ဂါရဝပြုကာ ခွန်အားများ ပြန်လည်ဖြည့်တင်းရန် စင်အောက်သို့ ဆင်းလာခဲ့တော့သည်။

ဤပွဲတွင် သူအနိုင်ရခဲ့သော်လည်း ခန္ဓာကိုယ်သည် အတော်ပင် နွမ်းလျနေပြီဖြစ်ရာ အင်အားပြန်ဖြည့်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်သည်။

အခြားတစ်ဖက်တွင်မူ လောင်ဟူသည် သူ၏ရင်ဘတ်ကို ပွတ်သပ်ရင်း မကျေမနပ်သော မျက်နှာထားဖြင့် ကွင်းထဲမှ ထွက်ခွာသွား၏။

အစပိုင်းတွင် ကျောက်ဖေးကို အထင်သေးမိခြင်းကြောင့် တိုက်ပွဲမှာ ကြာရှည်သွားရပြီး ခွန်အားများ အလဟဿ ကုန်ခမ်းခဲ့ရသည်ဟု သူယူဆနေမိသည်။

သို့သော် အရှုံးအနိုင်မှာ ပေါ်လွင်သွားပြီဖြစ်ရာ မည်သို့မျှ ပြောဆိုနေ၍ မရတော့ပေ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက်တွင်မူ ကြည့်ရှုသူများကြားမှ ဝေဖန်သံများ ပေါက်ကွဲထွက်လာတော့သည်။

"လောင်ဟူက တကယ်ပဲ ရှုံးသွားတာလား"

"စီနီယာအစ်ကိုလောင်က ပြီးခဲ့တဲ့လက အဆင့် (၁၀၀) စာရင်းဝင်လေ..."

"ဒီ ကျောက်ဖေး... မဟုတ်ဘူး၊ စီနီယာအစ်ကို ကျောက်ဖေးက သူ့အစွမ်းကို တကယ်ပဲ လျှို့ဝှက်ထားတာပဲ။ အစတုန်းက ငါ လုံးဝကို မရိပ်မိဘူး"

ကျောက်ဖေးသည် တိုက်ပွဲကြာလာလေ ပိုမိုသန်မာလာသည်ကို မြင်ခဲ့ကြသဖြင့် လောင်ဟူရှုံးနိုင်သည်ဟု ခပ်ရေးရေး ထင်ခဲ့ကြ၏

သို့သော်လည်း လက်တွေ့တွင် အဆင့် (၇၀) ကျော် ပါရမီရှင်တစ်ဦး ရှုံးနိမ့်သွားသည်ကို မြင်ရသောအခါ အားလုံးမှာ ထိတ်လန့်အံ့ဩခြင်းကို မရပ်တန့်နိုင်ကြချေ။

"စီနီယာအစ်ကို ကျောက်ဖေး... ရေလေးသောက်ပြီး အနားယူလိုက်ပါဦး။ ဒါက ညီမလေးကိုယ်တိုင် ဖော်စပ်ထားတဲ့ လစန္ဒာပန်းဝတ်မှုန်ပါတဲ့ ဆေးရည်ပါ။ ပင်ပန်းနွမ်းလျတာကို ပြန်ကောင်းစေဖို့ အရမ်းထိရောက်ပါတယ်"

ကျောက်ဖေး ထိုင်၍ အနားယူနေစဉ် အုပ်စုထဲမှ အမျိုးသမီးတပည့်တစ်ဦးက ရေဘူးတစ်ဘူးကို လာရောက်ကမ်းလှမ်းလေသည်။

ကျောက်ဖေး အနည်းငယ် ကြောင်အသွားမိ၏။

ဤမိန်းကလေးသည် လင်းချင်းချင်း ဖြစ်ပြီးပြိုင်ပွဲမစမီက လောင်ဟူ၏ ဘေးတွင် ဝိုင်းဝိုင်းလည်နေကာ မြောက်ပင့်ပြောဆိုရင်း မိမိအား ညှာတာရန် တောင်းဆိုနေခဲ့သူ မဟုတ်ပါလော။

ကျောက်ဖေးမှာ ထိုမြင်ကွင်းကို ကောင်းစွာ မှတ်မိနေသည်။

၎င်းမှာ လင်းချင်းချင်းကို စိတ်ဝင်စား၍မဟုတ်ဘဲ သူ၏ ဦးနှောက်မှာ (၇) ခုရှိနေသဖြင့် သာမန်ထက် (၇) ဆမကသော မှတ်ဉာဏ်စွမ်းအားကြောင့်ပင်

ထို့ကြောင့် သတိထားမိခြင်းသာ ဖြစ်သည်။

လင်းချင်းချင်းသည် ရုပ်ရည်အားဖြင့် သာမန်ထက် အနည်းငယ်သာရုံမျှသာ ရှိ၏။ အခြားသူများမျက်စိတွင် လှပသည်ဟု ထင်ရသော်လည်း ကျောက်ဖေးအတွက်မူ ရင်ခုန်စရာ တစ်ကွက်မျှမရှိပေ။

သူ၏ ယခင်ဘဝ၌ သူသည် ချမ်းသာကြွယ်ဝပြီး ရုပ်ဖြောင့်သော လူကုံထံတစ်ဦးဖြစ်ရာ ကျောင်းသူလေးများမှအစ နာမည်ကြီးအလှမယ်များအထိ ဝိုင်းဝိုင်းလည်ခဲ့ဖူးသူဖြစ်သည်။

သို့သော် ကျောက်ဖေးကိုယ်တိုင် နားလည်ထားသည်မှာ ယခင်ဘဝက မိန်းကလေးများ သူ၏အနားသို့ ကပ်လာခြင်းမှာ ငွေကြေး၏ အရှိန်အဝါကြောင့်သာ ဖြစ်သည်။

ယခုကဲ့သို့ အစွမ်းသတ္တိသာ အရာရာဖြစ်သော သိုင်းလောကကြီးတွင်မူ သူ၏ ကိုယ်ပိုင်အစွမ်းကြောင့် မိန်းကလေးများ၏ အာရုံစိုက်မှုကို ရရှိလာခြင်းမှာ...

တကယ်ကို ခံစားလို့ ကောင်းပေ၏

အခန်း (၃၅) ဒုတိယအဆင့်သို့ တက်လှမ်းခြင်း

ကျောက်ဖေးသည်လည်း အတန်ငယ် ရေဆာနေသဖြင့် မဆိုင်းမတွဘဲ ရေဘူးကို လှမ်းယူလိုက်ကာ ပါးစပ်နှင့် အကွာအဝေးတစ်ခု၌ မြှောက်၍ မော့သောက်လိုက်သည်။

သူသည် ခေါင်းကိုနောက်သို့လှန်ကာ ရေကို အားပါးတရ အကြိမ်ပေါင်းများစွာ မြိုချလိုက်၏။

"ကျေးဇူးပဲ ဂျူနီယာညီမလေး လင်း" ကျောက်ဖေးသည် ရေဘူးကို လင်းချင်းချင်းထံ ပြန်ပေးလိုက်သည်။

"စီနီယာအစ်ကိုကလည်း... ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး"

လင်းချင်းချင်း၏ လှပသောမျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။

သို့သော် သူမအနေနှင့် ကျောက်ဖေးကို ဆက်၍စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူက မျက်စိမှိတ်၍ အနားယူနေသည်ကို သတိပြုမိလိုက်၏။

၎င်းကို မြင်သောအခါ လင်းချင်းချင်းသည် မနှောင့်ယှက်လိုတော့သဖြင့် ရေဘူးလေးကို ပိုက်ကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ဘေးသို့ တိတ်တဆိတ် ဆုတ်ခွာသွားတော့သည်။

ဆယ်မိနစ်ခန့် အနားယူခဲ့၏

ထို့နောက် သိုင်းပြိုင်ပွဲကြီး ပြန်လည်စတင်သည်။

ကျောက်ဖေး၏ ခွန်အားများသည် ထိုအချိန်တွင် အပြည့်အဝ ပြန်မကောင်းသေးသော်လည်း စည်းကမ်းချက်များအရ ဆက်လက်ယှဉ်ပြိုင်ရုံသာ ရှိတော့သည်။

ပြိုင်ပွဲအချိန်ဇယားသည် အလွန်ကျပ်တည်းလှသဖြင့် တပည့်တစ်ဦးချင်းစီကို အနားယူချိန် အလုံအလောက်ပေးရန်မှာ မဖြစ်နိုင်ပေ။

ကံကောင်းထောက်မစွာပင် ကျောက်ဖေး နောက်ထပ်ရင်ဆိုင်ရသည့် ပြိုင်ဘက်များမှာ ထူးထူးခြားခြား သန်မာသူများ မဟုတ်ကြချေ။

သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု အပြည့်အဝ ပြန်မရသေးသော်လည်း သူ၏ အနိုင်ရလဒ်များကိုမူ မထိခိုက်စေခဲ့ပေ

နာရီဝက်မပြည့်မီမှာပင် စတုတ္ထမြောက်အုပ်စု၏ ပွဲစဉ်များ ပြီးဆုံးသွားခဲ့သည်။

ကျောက်ဖေးနှင့် လောင်ဟူတို့ နှစ်ဦးစလုံး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ကြ၏။

၎င်းသည် ကျောက်ဖေးအနေနှင့် ပြိုင်ပွဲ၏ ထိပ်သီး (၁၀၀) စာရင်းဝင်သွားပြီဖြစ်ကြောင်းနှင့် မွန်းလွဲပိုင်းတွင် ကျင်းပမည့် ဒုတိယအဆင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိတော့မည်ဖြစ်ကြောင်း အဓိပ္ပာယ်ရသည်။

စတုတ္ထအုပ်စု လူစုခွဲသွားပြီးနောက် ပဉ္စမအုပ်စုမှ တပည့် (၁၁) ဦး စင်ပေါ်သို့ တက်လာကြသည်။

ပဉ္စမအုပ်စုပြီးနောက် ဆဋ္ဌမအုပ်စု ဆက်လက်ယှဉ်ပြိုင်ကြ၏။

နံနက်ပိုင်း ပွဲစဉ်များ ပြီးဆုံးသွားသော်လည်း ကျောက်ဖေးသည် ပြန်မသွားသေးဘဲ ဘေးမှ ဆက်လက်ကြည့်ရှုနေခဲ့သည်။

သိုင်းကျောင်းမှ တပည့်များအားလုံးသည် တောင်ဖြိုဓားသိုင်းနှင့် ပျံလွှားရိပ်ခြေ လှမ်းတို့ကိုသာ အဓိက လေ့လာကြသူများဖြစ်ရာ ဤကဲ့သို့ အများအပြား ယှဉ်ပြိုင်ကြသည်ကို ကြည့်ရှုခြင်းမှာ ကျောက်ဖေးအတွက် သင်ခန်းစာယူရန်နှင့် အတွေးသစ်များရရန် ကောင်းမွန်သော အခွင့်အရေးတစ်ခုပင် ဖြစ်သည်။

သူသည် နေ့လယ်စာကို စားသောက်ဆောင်

တွင် ခဏသွားစားခဲ့ပြီးနောက်...

မကြာမီမှာပင် မွန်းလွဲပိုင်းသို့ ရောက်ရှိလာတော့သည်။

သိုင်းကျောင်းမှ ထိပ်သီးတပည့် (၁၀၀) သည် ဒုတိယအဆင့်သို့ တက်လှမ်းခဲ့ကြပြီဖြစ်သည်။

ဤအဆင့် ပြိုင်ပွဲကို အမှတ် (၂) လေ့ကျင့်ရေးကွင်းပြင်၌ ကျင်းပသည်။

ထိုအချိန်တွင် အမြင့် နှစ်မီတာကျော်ရှိသော သစ်သားစင်မြင့်သုံးခုကို ကွင်းအတွင်း၌ အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။

စင်မြင့်တစ်ခုချင်းစီမှာ စတုရန်းမီတာ (၂၀) ခန့် ကျယ်ဝန်း၏။

ဤအဆင့်၏ စည်းကမ်းချက်များသည် ယခင်အဆင့်နှင့် ကွဲပြားသည်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် စိန်ခေါ်ပွဲ အမှတ်ပေးစနစ်ပင် ဖြစ်သည်။

တပည့်များသည် မိမိနှစ်သက်ရာ စင်မြင့်သို့ တက်ရောက်ယှဉ်ပြိုင်နိုင်သည်။

အနိုင်ရသူက တစ်မှတ်ရရှိမည်ဖြစ်ပြီး စင်ပေါ်တွင် ဆက်လက်နေခွင့်ရှိကာ ရှုံးနိမ့်သူမှာ စင်ပေါ်မှ ဆင်းပေးရမည်ဖြစ်သည်။

တပည့်တစ်ဦးစီတွင် စင်ပေါ်တက်ရန် အခွင့်အရေး သုံးကြိမ်စီ ရှိသည်။

နောက်ဆုံးတွင် ရရှိသည့် အမှတ်များအပေါ် မူတည်၍ အဆင့်သတ်မှတ်မည် ဖြစ်သည်။

ထိုအခိုက်တွင် ကျပန်းနံပါတ်များ သတ်မှတ်ခြင်း ခံထားရသည့် တပည့် (၁၀၀) တို့မှာ ကွင်းအတွင်း ရပ်နေကြသည်။အချို့မှာ တည်ကြည်လေးနက်နေကြပြီး၊ အချို့မှာ ယှဉ်ပြိုင်ချင်စိတ်ဖြင့် တက်ကြွနေကာ၊ အချို့မှာမူ ဘေးပတ်ဝန်းကျင်ရှိ သူများကို အကဲခတ်ရင်း အတွေးနက်နေကြသည်။

ထိပ်သီး (၁၀၀) စာရင်းဝင်ခြင်း မရှိသည့် အခြားတပည့်များမှာမူ ဘေးမှနေ၍ ဆူညံစွာ အားပေးကြည့်ရှုနေကြ၏။

"ဟင်... ကျောက်ဖေးက တကယ်ပဲ ထိပ်သီး (၁၀၀) ထဲ ပါလာတာလား"

စုန်ယုယောင်သည် ခေါင်းလှည့်ကြည့်လိုက်ရာ သူမ၏ အနောက်ဘက် မလှမ်းမကမ်းတွင် ကျောက်ဖေး ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။

နံနက်ပိုင်းက သူမသည် ကိုယ့်ပွဲအတွက်သာ အာရုံစိုက် ပြင်ဆင်နေခဲ့ရပြီး မွန်းလွဲပိုင်းတွင်လည်း လက်ရည်မြင့်သည့် တပည့်များနှင့် ကြိုတင်မတွေ့ဆုံမိစေရန် လူမှုရေးအရ ဆက်သွယ်မှုများ ပြုလုပ်နေရသဖြင့် အလွန်အလုပ်ရှုပ်နေခဲ့သည်။

ထို့ကြောင့် ကျောက်ဖေး မည်သို့သော ရလဒ်များ ရရှိနေသည်ကို ဂရုမစိုက်နိုင်ခဲ့ပေ။

သူမ၏ အမြင်တွင် ကျောက်ဖေးအနေနှင့် ဒုတိယအဆင့်သို့ တက်နိုင်ရန် အခွင့်အလမ်း မရှိဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

မျှော်လင့်မထားဘဲ

စုန်ယုယောင်၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ယှက်သန်းသွားသည်။

ကျောက်ဖေးသည် သူမ၏ လက်အောက်ခံ သိုင်းသင်တန်းသား ဖြစ်သဖြင့် သူ၏ စွမ်းဆောင်ရည် ကောင်းမွန်လေလေ သူမအတွက် အကျိုးအမြတ် ရရှိလေလေ ဖြစ်သည်။

နောက်ဆုံးတွင် ကျောက်ဖေးရရှိမည့် ဆုလာဘ်များအားလုံးမှာ သူမ၏ လက်ထဲသို့ ရောက်ရှိလာမည် မဟုတ်ပါလေည

ချန်ယွမ်ရှန်းကိုယ်တိုင် စည်းကမ်းချက်များကို ကြေညာပြီးနောက် သိုင်းပြိုင်ပွဲကို တရားဝင် စတင်လိုက်သည်။

စတင်ယှဉ်ပြိုင်ရမည့် တပည့်သုံးဦးကို ချန်ယွမ်ရှန်းက ကျပန်းနှိုက်၍ ရွေးချယ်လိုက်သည်။

ထို့နောက်တွင်မူ လွတ်လပ်စွာ စိန်ခေါ်ယှဉ်ပြိုင်ခြင်း အစီအစဉ် စတင်၏။

"နံပါတ် (၁) စင်မြင့်မှာ စီနီယာအစ်ကို ကျိုးဖု ပဲ။ ငါမှတ်မိသလောက်ဆိုရင် စီနီယာအစ်ကိုက ပြီးခဲ့တဲ့လ ပြိုင်ပွဲမှာ အဆင့် (၅၀) အတွင်း ဝင်ခဲ့တာ"

"စီနီယာမမ စွန်းကလည်း ကံကောင်းလိုက်တာ၊ နံပါတ် (၂) စင်မြင့်ကို ရွေးချယ်ခံရတယ်..."

"နံပါတ် (၃) စင်မြင့်မှာက စီနီယာအစ်ကို လီချင်း ပဲ။ စီနီယာအစ်ကို့ရဲ့ အဆင့်က ပြီးခဲ့တဲ့လမှာ သိပ်မမြင့်ပေမဲ့ လတိုင်း ဒုတိယအဆင့်ကိုတော့ ပုံမှန်တက်နိုင်သူပဲ..."

ဘေးပတ်ဝန်းကျင်ရှိ တပည့်များမှာ ဆူညံစွာ ပြောဆိုနေကြသည်။

၎င်းတို့အတွက်မူ ထိပ်သီး (၁၀၀) စာရင်းဝင်နိုင်သည့် စီနီယာများသည် အားလုံး သန်မာသူများဖြစ်ကြပြီး အများစုမှာလည်း မျက်မှန်းတန်းမိနေသူများ ဖြစ်ကြသည်။

အချို့သော လူသစ်များမှအပ...

ဥပမာအားဖြင့် ကျောက်ဖေးကဲ့သို့သော လူမျိုးမှာ လူတိုင်းအတွက် လုံးဝစိမ်းသက်နေသည့် လူစိမ်းတစ်ဦး ဖြစ်နေတော့သည်။

"စီနီယာအစ်ကို ကျောက်ဖေးက ဒီပြိုင်ပွဲမှာ ဘယ်လောက်အဆင့်ထိ ရမယ်လို့ မင်းထင်လဲ"

"ဟေ့ကောင်... မင်းကလည်း၊ ပြိုင်ပွဲက မစရသေးဘူးလေ..."

"ငါ့အမြင်ပြောရရင် စီနီယာအစ်ကို ကျောက်ဖေးသာ ကြိုးစားရင် အဆင့် (၉၀) မဟုတ်ဘူး... အနည်းဆုံး အဆင့် (၈၀) လောက်ထိတော့ ရနိုင်တယ်"

"ဘယ်လိုပဲဖြစ်ဖြစ်... စီနီယာအစ်ကို ကျောက်ဖေး ပထမဆုံးအကြိမ် ဝင်ပြိုင်တာနဲ့တင် ဒုတိယအဆင့်ထိ ရောက်လာတာကတော့ တကယ့်ကို ချီးကျူးစရာပဲ..."

စွန်းဟူနှင့် အသစ်ဝင်တပည့် ဆယ်ဂဏန်းခန့်မှာ စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။

ကွင်းထဲတွင် ရပ်နေသည့် ကျောက်ဖေးကို ကြည့်ရင်း သူတို့အားလုံး ဂုဏ်ယူနေကြမိ၏။

အထူးသဖြင့် ကျောက်ဖေးသည် အရင်က သူတို့ကို လမ်းညွှန်မှုများစွာ ပေးခဲ့ဖူးသူဖြစ်ရာ ကျောက်ဖေးအနေနှင့် ဤစင်မြင့်ထက်တွင် ပိုမိုခရီးပေါက်ပြီး တပည့်သစ်များအတွက် ဂုဏ်ဆောင်ပေးနိုင်လိမ့်မည်ဟု သဘာဝအတိုင်း မျှော်လင့်နေကြသည်။

သို့သော်လည်း ယနေ့ပြီးဆုံးသွားပါက သူတို့သည် အသစ်ဝင်တပည့် များမဟုတ်တော့ဘဲ သိုင်းကျောင်း၏ ပုံမှန်တပည့်များ ဖြစ်လာကြတော့မည်ဖြစ်သည်။

မှန်ပါသည်... ကျောက်ဖေးကို မနာလိုဖြစ်ကာ ကဲ့ရဲ့လှောင်ပြောင်သူများလည်း ရှိနေသည်။ “ကျောက်ဖေး ဒုတိယအဆင့် တက်လာနိုင်တာက သူ့အတွက် အကန့်အသတ်ပဲ။ သူက လူသစ်တစ်ယောက်လေ၊ ဘယ်လိုလုပ်ပြီး စီနီယာတပည့်ဟောင်းတွေကို ယှဉ်နိုင်မှာလဲ။ ငါ့အထင်တော့ သူ နောက်ပွဲမှာ ရှုံးတော့မှာပဲ"

ထိုစကားကို ကြားသောအခါ စွန်းဟူသည် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားပြီး ဒေါသတကြီး လှည့်ကြည့်ကာ "ကံကောင်းလို့ ဟုတ်လား... မင်းမှာ ဘာအရည်အချင်းမှ မရှိဘဲနဲ့ စီနီယာအစ်ကို ကျောက်ဖေးကို ဒီမှာလာပြီး ရွဲ့ပြောနေတာလား။ တကယ်ကို ရွံဖို့ကောင်းတယ်!"

"သူက စီနီယာအစ်ကို ကျောက်ဖေးကို မနာလိုဖြစ်နေတာ သိသာနေတာပဲ"

"စီနီယာအစ်ကို ကျောက်ဖေး နောက်ပွဲမှာ ရှုံးရင်တောင် မင်းထက် အများကြီး သာပါသေးတယ်။ မင်းက ဘာအခွင့်အရေးရှိလို့ သူ့ကို အထင်သေးနေတာလဲ"

စွန်းဟူ၏ ဘေးမှလူများကလည်း ထပ်တူထပ်မျှ ဝိုင်းဝန်းပြောဆိုကြသည်။

မနာလိုဖြစ်နေသည့် တပည့်သည် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားရာမှ နီမြန်းလာပြီး တဟွန်းဟွန်းနှင့် နှာခေါင်းရှုံ့ကာ တိတ်ဆိတ်သွားတော့သည်။

လုချင်းဝူ၏ မျက်နှာအမူအရာမှာမူ အတန်ငယ် ရှုပ်ထွေးနေ၏။

ယခင်က ကျောက်ဖေးသည် သိုင်းနောက်လိုက်တစ်ဦးဖြစ်နေ၍ သူက ခပ်ခွာခွာနေခဲ့သော်လည်း ယခုမူ ကျောက်ဖေး ဒုတိယအဆင့်သို့ တက်လှမ်းသွားသည်ကို မတတ်သာဘဲ ငေးကြည့်နေရသည်။

စွန်းဟူ၏ ဝမ်းသာအားရ ဖြစ်နေသည့် မျက်နှာကို မြင်ရသည်မှာ သူ့ကို ပို၍ စိတ်မသက်မသာ ဖြစ်စေသည်။

"ထားလိုက်ပါတော့... ငါ နောင်တရစရာ ဘာမှမရှိပါဘူး။ ကျောက်ဖေးက သိုင်းနောက်လိုက် တစ်ယောက်ပဲလေ။ သူ ဘယ်လောက်ပဲ သန်မာနေပါစေ၊ အစေအပါး တစ်ယောက်ပဲ ဖြစ်နေမှာပါပဲ"

လုချင်းဝူသည် မိမိကိုယ်ကို ထိုသို့သာ နှစ်သိမ့်လိုက်တော့သည်။

ဆူညံသံများကြားမှာပင်...

ကွင်းအတွင်းရှိ သစ်သားစင်မြင့် သုံးခုထက်၌ တိုက်ပွဲများ စတင်နေပြီဖြစ်သည်။

ကျောက်ဖေးသည် စင်မြင့်သုံးခုလုံးကို ဝေ့ဝဲကြည့်လိုက်ရာ ထိပ်သီး (၁၀၀) စာရင်းဝင် တပည့်များသည် အမှန်တကယ်ပင် အစွမ်းထက်ကြကြောင်း တွေးမိသွားသည်။

ဤအခိုက်အတန့်တွင် စင်မြင့်သုံးခုပေါ်ရှိ တပည့်ခြောက်ဦးစလုံးမှာ အနည်းဆုံး လောင်ဟူ နှင့် အဆင့်အတန်း တူညီကြသူများ ဖြစ်သည်။

ကျောက်ဖေး၏ အမူအရာမှာ အနည်းငယ် တည်ကြည်လေးနက်သွား၏။

သို့သော် သူ၏ စိတ်အတွင်း၌မူ စမ်းသပ်ယှဉ်ပြိုင်လိုစိတ်နှင့် မျှော်လင့်ချက်များပြည့်နှက်နေသည်။

“အဆင့်မြင့်မြင့် ရ၊ မရ ဆိုတာကတော့ ပြောရခက်တယ်... ငါ အကောင်းဆုံး ကြိုးစားဖို့ပဲ လိုတယ်”

သူသည် ဤကဲ့သို့ သန်မာသော ပြိုင်ဘက်များနှင့် တိုက်ခိုက်ရမည်ကို ပို၍ ရင်ခုန်နေမိသည်။

သန်မာသူများကို ကျော်ဖြတ်ပြီး တိုက်ပွဲများတွင် အနိုင်ရခြင်းက သူ့ကို ပျောက်ဆုံးနေသော စိတ်အားထက်သန်မှုများကို ပြန်လည်ပေးစွမ်းနေသကဲ့သို့ပင်။

မကြာမီမှာပင် နံပါတ် (၁) စင်မြင့်၌ ပထမဆုံး အနိုင်ရရှိသူ ပေါ်ထွက်လာသည်။ လက်ရှိစင်ပေါ်မှ ကျိုးဖုသည် ရှုံးနိမ့်သွားခဲ့၏။

အနိုင်ရသူမှာ ဝမ်မုန့်အမည်ရှိ သိုင်းကျောင်းသားတစ်ဦးဖြစ်ပြီး ထွားကြိုင်းမြင့်မားသည့် ကိုယ်ခန္ဓာ ရှိသည်။

နံပါတ် (၁၇)

ကျောက်ဖေးသည် အနည်းငယ်မျှ မဆိုင်းမတွဘဲ နံပါတ် (၁) စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။

"တပည့်နံပါတ် (၄၅)၊ ကျောက်ဖေး ပါ"

"ကောင်းပြီ... စတင်ကြစို့"

ဒိုင်လူကြီးအဖြစ် တာဝန်ယူထားသူမှာ ရှောင်မျိုးရိုး နည်းပြတစ်ဦး ဖြစ်သည်။

နည်းပြရှောင်သည် သူ၏လက်ထဲရှိ စာရင်းကို ငုံ့ကြည့်ကာ ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာ ကြေညာလိုက်လေတော့သည်။

အခန်း (၃၆) ဆက်တိုက်အနိုင်ရရှိခြင်း

ဝမ်မုန့်သည် ချက်ချင်း တိုက်ခိုက်ခြင်းမပြုဘဲ ကျောက်ဖေးကို ကြည့်ကာ အနည်းငယ် ပြုံးပြလိုက်ပြီး "ဒီဂျူနီယာညီလေး ကျောက်ဖေးက ကြည့်ရတာ နည်းနည်းစိမ်းနေသလိုပဲ... သိုင်းကျောင်းကို ဘယ်တုန်းက ဝင်တာလဲ။ အမှန်အတိုင်းပြောရရင် မင်းကိုမြင်မြင်ချင်း ငါ တော်တော်သဘောကျသွားတယ်။ ငါတို့ပွဲပြီးရင် သွားပြီး အဝသောက်ကြမလား၊ ငါတိုက်ပါ့မယ်... ဘယ်လိုလဲ" ဟု ဆိုသည်။

ကျောက်ဖေးသည် လူအူကြောင်ကြောင် မဟုတ်သဖြင့် ဝမ်မုန့်၏ ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံနှင့် ရိပ်မိလိုက်သည်။

၎င်းမှာ အချိန်ဆွဲပြီး ခွန်အားများ ပြန်လည်စုဆောင်းရန် ကြိုးပမ်းခြင်းသာ ဖြစ်၏။

ကျောက်ဖေးက တည်ငြိမ်စွာ ပြုံးလိုက်ပြီး "စီနီယာအစ်ကို ဝမ်... အချိန်ဖြုန်းမနေပါနဲ့တော့။ တကယ်လို့ စီနီယာ ပင်ပန်းနေပြီဆိုရင်လည်း အခုပဲ အရှုံးပေးလိုက်တာ ပိုကောင်းမယ်၊ ဒါမှ နောက်မှ အရှက်တကွဲ မရှုံးမှာ" ဟု ပြန်ပြောလိုက်သည်။

ဝမ်မုန့်က အားရပါးရ ရယ်မောလိုက်ပြီး "ဒီလှည့်ကွက်က ဂျူနီယာညီလေး ကျောက်ဖေးကို မလှည့်စားနိုင်ဘူးပဲ။ ငါ မင်းကို ပိုပိုပြီး သဘောကျလာပြီ။ စောစောက ပြောသလိုပဲ သေရည်အင်မော်တယ်နန်းတော်မှာ ငါတိုက်မယ်... လိုက်မှာလား၊ မလိုက်ဘူးလား..."

လိုက်မှာဆိုသည့် စကားလုံး လေထဲမှာ ရှိနေသေးစဉ် ဝမ်မုန့်သည် ခန္ဓာကိုယ်ကို ဟန်ပြင်လိုက်ကာ "တောင်ဖြိုကျောက်ခွဲ" ဟု ခေါ်သည့် အားပါသော ဓားကွက်ဖြင့် ကျောက်ဖေးထံသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

ပြိုင်ပွဲစင်မြင့်ထက်တွင် အဆိပ်၊ လက်နက်ပုန်းနှင့် အခြားသော တရားမဝင် နည်းလမ်းများကို မသုံးသရွေ့ အရာအားလုံးမှာ ကိုယ့်အရည်အချင်းနှင့်ကိုယ်သာ ဖြစ်သည်။

ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်း ဟူသည်မျိုး မရှိပေ။

ကျောက်ဖေးမှာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဝမ်မုန့် အနားသို့ မကပ်နိုင်မီမှာပင် သူက ခြေလှမ်းအသာအယာ လှမ်းလိုက်ကာ ပျံလွှားလှည့်ကွက်ကို သုံး၍ ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

ဝမ်မုန့်၏ ဓားသည် ကျောက်ဖေး၏ အဝတ်အစားကိုသာ သီသီလေး ပွတ်တိုက်သွားပြီး ဘာအနာတရမှ မပေးနိုင်ခဲ့ပေ။

ပထမတစ်ချက် လွဲချော်သွားသည်နှင့် ဝမ်မုန့်က ဟန်ချက်ပြင်လိုက်ကာ ကျောက်ဖေး၏ ခါးကို ချက်ချင်းပင် အလျားလိုက် ခုတ်လိုက်ပြန်သည်။

သို့သော် ကျောက်ဖေးက ၎င်းကို ကြိုတင်တွက်ဆထားပြီး ဖြစ်ရာ ဓားကို ကြိုတင်မြှောက်၍ ခုခံလိုက်၏။

ဘန်း

သစ်သားဓားချင်း ရိုက်မိသံသည် တုံးအအနှင့် ထွက်ပေါ်လာသည်။

ကျောက်ဖေး၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး လက်မောင်းတွင် ထုံကျဉ်မှုကို ခံစားလိုက်ရ၏။ သိသာသည်မှာ ဝမ်မုန့်၏ ခွန်အားက သူ့ထက် အနည်းငယ် သာလွန်နေခြင်းပင်။

ကျောက်ဖေးသည် သူ၏ လေထိန်းချုပ် ကျင့်စဉ်ကို တတိယအဆင့်ထိ မြှင့်တင်ထားပြီး သွေးအားကောင်း ကိုယ်ခန္ဓာသန်မာစွပ်ပြုတ်ကို နေ့စဉ် သုံးပန်းကန် သောက်နေသော်လည်း သိုင်းပညာကို လေ့ကျင့်သည်မှာ မကြာသေးသဖြင့် သူ၏ အားအင်နှင့် သွေးလေမှာ လုံလောက်စွာ မတည်ငြိမ်သေးပေ။

ခွန်အားပိုင်းတွင်မူ သူသည် ဝါရင့်တပည့်ဟောင်းများကို အနည်းငယ် အရှုံးပေးရဆဲ ဖြစ်သည်။

ဝမ်မုန့်သည် ပထမတစ်ချက်ဖြင့် အသာစီးရသွားသဖြင့် အကျယ်ကြီး ရယ်မောကာ ကျောက်ဖေးကို အနားမပေးဘဲ တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် တိုက်စစ်ဆင်လာတော့သည်။

ဤကဲ့သို့ ပြိုင်ပွဲမျိုးတွင် အချိန်ဆွဲ တိုက်ခိုက်နေခြင်းသည် အားအင်ကုန်ခမ်းစေသဖြင့် ပညာရှိရာမရောက်ပေ။

ထို့ကြောင့် အမြန်ဆုံး အဆုံးသတ်နိုင်ရန်သာ လိုအပ်သည်။

၎င်းမှာ ဝမ်မုန့် တွက်ဆထားသည့်အတိုင်း ဖြစ်သလို ကျောက်ဖေးကလည်း ထိုအတိုင်းပင် စီစဉ်ထားခြင်းဖြစ်သည်။

သူသည် ဝမ်မုန့်ကို မယှဉ်နိုင်ဘဲ တရွေ့ရွေ့ ဆုတ်ခွာနေရသည့်ပုံစံ ပေါက်နေသော်လည်း အမှန်တကယ်တွင်မူ ဝမ်မုန့်၏ တိုက်ကွက်

တိုင်းကို သူက ကြိုတင်သိမြင်နေခဲ့သည်။

၎င်းမှာ မြင်သည့်အစွမ်းကြောင့် မဟုတ်ဘဲ ဦးနှောက်ခုနစ်ခုပေါင်း၍ တွက်ချက်ထားသည့် ရလဒ်သာ ဖြစ်သည်။

နှစ်ဦးစလုံးသည် ပျံလွှားသိုင်းကျောင်းမှ တပည့်များဖြစ်ပြီး တောင်ဖြိုဓားသိုင်းနှင့် ပျံလွှားရိပ်ခြေလှမ်း တို့ကိုသာ သင်ယူထားကြသူများ ဖြစ်သည်။

ဤသည်ကို မိမိကိုယ်ကိုသိ၊ ရန်သူကိုသိသည်ဟု ဆိုရပေမည်။

သို့သော် ဦးနှောက်ခုနစ်ခု၏ တွက်ချက်နိုင်စွမ်းမှာ ဝမ်မုန့်၏ ဦးနှောက်တစ်ခုတည်းကို အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။

အချိန်တိုအတွင်း ကျောက်ဖေးကို အနိုင်မတိုက်နိုင်သည်ကို မြင်လာပြီး မည်မျှအထိ ပွဲစဉ်ကြာမည်ကို မသိနိုင်တော့ပေ

ဝမ်မုန့်က လှောင်ပြောင်လိုက်သည်။ "ဂျူနီယာညီလေး ကျောက်ဖေးက ငါ့ကို မယှဉ်နိုင်တာ သိသာနေပါပြီ၊ ဒါပေမဲ့ မိန်းမတစ်ယောက်လို လိုက်ပုန်းနေတာက ကြည့်ရတာ အရုပ်ဆိုးလွန်းတယ်မဟုတ်လား။ စောစောစီးစီးပဲ အရှုံးပေးလိုက်တာ ပိုကောင်းမယ်နော်"

ကျောက်ဖေးသည် သူ၏ ရန်စမှုကို တကယ်ပဲ ခံလိုက်ရသည့်အလား

ဆုတ်ခွာမည့်အစား ရှေ့သို့ တိုးလာကာ ဝမ်မုန့်ကို တန်ပြန်တိုက်စစ် ဆင်လိုက်တော့သည်။

ဝမ်မုန့်မှာ အလွန်ပင် ဝမ်းသာသွား၏။

ဘန်း

နှစ်ဖက်စလုံး ပြင်းထန်စွာ ထိပ်တိုက်တွေ့ကြသည်။

ထို့နောက်တွင်မူ နာကျင်စွာ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။

ဤအဖြစ်အပျက်အားလုံးမှာ တစ်စက္ကန့်ပင် မကြာလိုက်ပေ။

ကြည့်ရသည်မှာ ဝမ်မုန့်က ရှေ့သို့ ပြေးတက်လာပြီး ကျောက်ဖေး၏ ဓားသွားထဲသို့ တမင်တကာ တိုးဝင်သွားသည့်အတိုင်းပင်။

"နံပါတ် (၄၅) ကျောက်ဖေး အနိုင်ရပါတယ်"

ဒိုင်လူကြီးဖြစ်သူ နည်းပြရှောင်က နံပါတ် (၁) စင်မြင့်၏ ရလဒ်ကို ချက်ချင်း ကြေညာလိုက်သည်။

သူသည် ကျောက်ဖေးကို အံ့သြတကြီးဖြင့် လှမ်းကြည့်လိုက်မိ၏။

သိုင်းကျောင်းမှ စီနီယာနည်းပြတစ်ဦးဖြစ်သည့် သူတောင်မှ စောစောက အခြေအနေကို အကဲခတ်မှားလုနီးပါး ဖြစ်သွားခဲ့သည်။

ပြန်လည်သုံးသပ်ကြည့်လျှင် ကျောက်ဖေးသည် ဝမ်မုန့်၏ တိုက်ကွက်တိုင်းကို ကြိုတင်တွက်ဆထားခဲ့ခြင်း ဖြစ်သည်။ ဝမ်မုန့်က အမြဲတမ်း အသာစီးရပြီး အဆက်မပြတ် တိုက်စစ်ဆင်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ကျောက်ဖေး ခင်းထားသည့် ထောင်ချောက်ထဲသို့ တရွေ့ရွေ့ တိုးဝင်သွားခြင်းသာ ဖြစ်သည်။

၎င်းမှာ ကြမ်းတမ်းသော ဝံပုလွေတစ်ကောင်သည် မုဆိုး၏ မြူဆွယ်မှုနောက်သို့ လိုက်ရင်း မုဆိုးခင်းထားသည့် ကျော့ကွင်းထဲသို့ တစ်လှမ်းချင်း ကျဆင်းသွားသကဲ့သို့ပင်။

စကားဖြင့်ပြောလျှင် လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာ အလွန်ခက်ခဲလှသည်။

၎င်းသည် တိုက်ပွဲအတွင်း အချိန်ကိုက် တိကျမှုရှိရန် လိုအပ်ရုံသာမက တောင်ဖြိုဓားသိုင်း' နှင့် ပျံလွှားရိပ်ခြေလှမ်းတို့ကိုလည်း အသေးစိတ် အစအဆုံး ကျွမ်းကျင်နှံ့စပ်နေရန် လိုအပ်လှပေတော့သည်။

"ဒီကျောက်ဖေးက သိုင်းကျောင်းမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး ဒီသိုင်းပညာရပ် နှစ်ခုကို နှစ်နဲ့ချီပြီး ကျွမ်းကျင်အောင် လေ့ကျင့်ထားလို့များလား"

သို့သော် နည်းပြရှောင်သည် စိတ်ထဲမှနေ၍ ခေါင်းယမ်းလိုက်မိသည်။

အကယ်၍ ထိုသို့သာဆိုလျှင် သူသည် ကျောက်ဖေးကို အနည်းဆုံးတော့ မှတ်မိနေသင့်သည် မဟုတ်ပါလော

ဝမ်မုန့် ရှုံးနိမ့်သွားပြီးနောက်...

ချက်ချင်းဆိုသလိုပင် အခြားသိုင်းတပည့်တစ်ဦးမှာ နံပါတ် (၁) စင်မြင့်ပေါ်သို့ ခုန်တက်လာသည်။

"တပည့်နံပါတ် (၇၅)၊ ချင်ဟယ်ပါ"

တပည့်များမှာ တစ်ဦးပြီးတစ်ဦး စင်ပေါ်သို့ တက်လာကြသည်။

ကျောက်ဖေးကမူ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်အနိုင်ရနေခဲ့၏။

သူသည် စင်ပေါ်တက်လာသည့် ပြိုင်ဘက် လေးဦးစလုံးကို အောင်မြင်စွာ အလဲထိုးနိုင်ခဲ့ပြီး ရမှတ်လေးမှတ်ကို ပိုင်ဆိုင်သွားပြီဖြစ်သည်။

"ဒီဂျူနီယာညီလေး ကျောက်ဖေး... မဟုတ်ဘူး၊ စီနီယာအစ်ကို ကျောက်ဖေးကတော့ တကယ်ကို ကြမ်းလွန်းတာပဲ။ အရင်က ငါ သူ့ကို ရှုံးခဲ့တာက တကယ်ပဲ မတရားတာမဟုတ်ဘူးပဲ" ဝမ်မုန့်သည် မျက်လုံးများ ပြူးကျယ်သွားကာ မယုံနိုင်စရာကောင်းလောက်အောင်ပင် ပြောလိုက်မိသည်။

သိုင်းကျောင်းများတွင် သိုင်းပညာသင်ယူသည့် အချိန်ကာလထက် အစစ်အမှန် ခွန်အားကိုသာ တန်ဖိုးထားကြသည်။

အကယ်၍ တစ်ဖက်လူက မိမိထက် သန်မာနေပါက "စီနီယာအစ်ကို" သို့မဟုတ် "စီနီယာအစ်မ” ဟု ခေါ်ဝေါ်ရခြင်းမှာ ထိုက်တန်လှပေသည်။

၎င်းမှာ ပျံလွှားသိုင်းကျောင်း တစ်ခုတည်း၏ ထူးခြားချက်မဟုတ်ဘဲ ဤလောကကြီး၏ ယေဘုယျ ထုံးစံတစ်ခုပင် ဖြစ်သည်။

ကျောက်ဖေး၏ ဆက်တိုက်အနိုင်ရမှုများကြောင့် ပွဲကြည့်ပရိသတ် တပည့်များစွာ၏ အသိအမှတ်ပြုမှုကို ရရှိလာခဲ့သည်။

ကျောက်ဖေးကို ရှုံးနိမ့်ခဲ့ဖူးသည့် ဝမ်မုန့်ပင်လျှင် မကျေနပ်ရာမှ ယခုအခါ လေးစားအားကျသည့် အဆင့်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီဖြစ်သည်။

အကြောင်းမှာ သူကိုယ်တိုင်လည်း ဤကဲ့သို့ စွမ်းဆောင်နိုင်မည်မဟုတ်ဟု ယုံကြည်ထားသောကြောင့်ပင်။

"လေးပွဲဆက်တိုက် အနိုင်ရတာလား... ငါတို့သိုင်းကျောင်းက ထူးချွန်တဲ့ တပည့်အနည်းငယ်လောက်ပဲ ဒီလိုလုပ်နိုင်မှာ မလား။ ဒါဆို ဒီစီနီယာအစ်ကို ကျောက်ဖေးက ထူးချွန်တပည့်တွေရဲ့ အဆင့်ကို ရောက်နေပြီလားမသိဘူး"

အခြားတပည့်တစ်ဦးကလည်း မယုံကြည်နိုင်သည့် လေသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါတို့သိုင်းကျောင်းမှာ ဒီလောက် တော်တဲ့လူ ဘယ်တုန်းက ပေါ်လာတာလဲ။ ငါ လုံးဝကို သတိမထားမိပါလား"

"ဟုတ်ပ... ငါလည်း သူ့ကို တစ်ခါမှ မမြင်ဖူးဘူး။ ပြီးခဲ့တဲ့လ ပြိုင်ပွဲမှာလည်း သူ ဒုတိယအဆင့်ထိ တက်နိုင်ခဲ့တာ မဟုတ်ပါဘူး..."

ကျောက်ဖေး၏ စွမ်းဆောင်ရည်ကြောင့် ပရိသတ်ကြားတွင် ပြောစရာစကားများ ဝေဝေဆာဆာ ဖြစ်နေတော့သည်။

လူအုပ်ကြားတွင် ရပ်နေသည့် စွန်းဟူမှာလည်း အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေကာ "အစ်ကိုကျောက်ကတော့ အလန်းကြီးပဲဟေ့” ဟု အော်ဟစ်လိုက်သည်။

သူ၏ အသံသညိ လူအုပ်ကြားတွင် အထူးပင် ကျယ်လောင်နေသဖြင့် လူအများ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့၏။

နံပါတ် (၂) စင်မြင့်ပေါ်မှ စုန်ယုယောင်ပင်လျှင် ဤဘက်သို့ မကြည့်ဘဲ မနေနိုင်တော့ပေ။

"ဟင်... ငါ တစ်ခုခုကို လွဲချော်သွားတာလား"

စုန်ယုယောင် သံသယဝင်သွားသည်။

သူမအနေနှင့် ဆက်၍ စဉ်းစားရန် မအားမီမှာပင် စင်အောက်မှ အခြားပြိုင်ဘက်တစ်ဦး ခုန်တက်လာပြန်သည်။

ထို့ကြောင့်စုန်ယုယောင်သည် အကြည့်ကို လွှဲလိုက်ကာ မိမိရင်ဆိုင်ရမည့် တိုက်ပွဲကိုသာ အာရုံစိုက်လိုက်ရပါတော့သည်။

All Chapters