← Chapters

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇) ဘာဖြစ်ဖြစ် သူက ငါခွေးပဲ

တိုက်ပွဲအတော်များများ ဆင်နွှဲပြီးနောက်...

အထူးသဖြင့် သိုင်းပညာတူညီသော တပည့်အချင်းချင်း ယှဉ်ပြိုင်ရသည့်အခါ

ကျောက်ဖေးသည် တောင်ဖြိုဓားသိုင်းနှင့် ပျံလွှားရိပ်ခြေလှမ်း အပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ သိသိသာသာ ပိုမိုနက်ရှိုင်းလာသည်ဟု ခံစားရသည်။

သူ၏ တောင်ဖြိုဓားသိုင်းသည် မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ရာ ယခုအခါ နောက်ထပ် ခြေလှမ်းတစ်လှမ်း တိုးတက်သွားခြင်းပင် ဖြစ်သည်။

ပျံလွှားရိပ်ခြေလှမ်း နှင့် ပတ်သက်၍မူ ကျောက်ဖေးသည် လွန်ခဲ့သော နှစ်ရက်ခန့်ကမှ စတင်သင်ယူခဲ့ခြင်း ဖြစ်သည်။

အခြေခံအဆင့်ဟု ဆိုရာ၌ ပျံလွှားရိပ်ခြေလှမ်း၏ အခြေခံလှုပ်ရှားမှု ငါးမျိုးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး တိုက်ပွဲတွင် ထည့်သွင်းအသုံးချနိုင်ခြင်းကို ဆိုလိုသည်။

အကယ်၍ ဤကိုယ်ဖော့သိုင်းပညာကို အသင့်အတင့် အဆင့်ထိ တတ်မြောက်သွားပါက ထိုကွဲပြားသော လှုပ်ရှားမှု ငါးမျိုးကို စိတ်ကြိုက် ပေါင်းစပ်အသုံးပြုနိုင်ကာ တိုက်ပွဲအတွင်း ရန်သူက ခန့်မှန်းရခက်အောင် လှုပ်ရှားနိုင်မည်ဖြစ်သည်။

၎င်းသည် ပျံလွှားရိပ်ခြေလှမ်းကို အပြည့်အဝ ကျွမ်းကျင်ပြီး နှံ့စပ်အောင် နားလည်ထားရန် လိုအပ်သည်။

ကျွမ်းကျင်အဆင့်သို့ ရောက်ရှိရန်မူ ဤသိုင်းပညာကို မိမိ၏ ဗီဇအထိ စိမ့်ဝင်နေအောင် လေ့ကျင့်ပြီး ၎င်း၏ စစ်မှန်သော အနှစ်သာရကို သဘောပေါက်နားလည်ရန် လိုအပ်၏

ထိုစစ်မှန်သော အနှစ်သာရဆိုသည်မှာ သိုင်းရသပင် ဖြစ်သည်။

၎င်းကို စကားဖြင့် ရှင်းပြရန် ခက်ခဲလှ၏

သို့သော်လည်း တစ်ကြိမ်တစ်ခါ ကျွမ်းကျင်သွားပါက ကိုယ်တိုင် သဘာဝအလျောက် ခံစားသိရှိသွားမည်ဖြစ်သည်။

လီကမ်းအပါအဝင် ပျံလွှားရိပ်ခြေလှမ်းကို ကျွမ်းကျင်သွားသည့် သိုင်းကျောင်းမှ နည်းပြများသည် ပျံလွှားငှက်များ၏ လှုပ်ရှားမှုကို လေ့လာခြင်းဖြင့် ထိုးထွင်းသိမြင်မှုကို ရရှိခဲ့ကြခြင်း ဖြစ်သည်။

မည်မျှအထိ နားလည်နိုင်မည်၊ မည်မျှကြာအောင် လေ့ကျင့်ရမည် ဆိုသည်မှာ တစ်ဦးချင်းစီ၏ ဉာဏ်ရည်ထိုးထွင်းမှုပေါ်တွင်သာ မူတည်သည်။

ဤအတွေ့အကြုံများမှာ ပျံလွှားသိုင်းကျောင်း၏ ရှေးယခင် မျိုးဆက်များက စုစည်းပေးခဲ့သော အနှစ်သာရများ ဖြစ်သည်။

လီကမ်းသည် ကျောက်ဖေးကို ဤသိုင်းပညာ သင်ကြားပေးစဉ်ကပင် အထက်ပါအချက်များကို ပြောပြခဲ့ဖူးသည်။

ထိုအချိန်တွင် ကျောက်ဖေးသည် သူ၏ ပျံလွှားရိပ်ခြေလှမ်းမှာ ကျွမ်းကျင်အဆင့်သို့ ရောက်ရှိရန် တဖြည်းဖြည်း နီးကပ်လာနေပြီဟု ခံစားနေရသည်။

မကြာမီမှာပင် ကျောက်ဖေးသည် နောက်ထပ် ပြိုင်ဘက်တစ်ဦးကို အနိုင်ရရှိသွားခဲ့သည်။

ယခုဆိုလျှင် သူသည် ငါးပွဲဆက်တိုက် အနိုင်ရရှိသွားပြီ ဖြစ်သည်။

ကျောက်ဖေးသည် လက်ကိုမြှောက်ကာ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။

တိုက်ပွဲအတွင်း ပြိုင်ဘက်များနှင့် ထိပ်တိုက်ရင်ဆိုင် တိုးခြင်းကို သူက တမင်တကာ ရှောင်ရှားခဲ့သော်လည်း အားအင်ကုန်ခမ်းမှုကိုမူ ရှောင်လွှဲ၍ မရနိုင်ပေ။

ထိုစဉ်မှာပင် အေးစက်သော မျက်နှာပေးနှင့် အရပ်ရှည်ရှည် လူငယ်တစ်ဦး စင်ပေါ်သို့ ခုန်

တက်လာသည်။

"တပည့်နံပါတ် (၉)၊ လင်းဖန်းပါ"

ထိုခပ်တည်တည်လူငယ်သည် ဘေးတွင်ရှိနေသော နည်းပြရှောင်ကို ဦးညွှတ်နှုတ်ဆက်လိုက်၏။

ဤလူငယ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပရိသတ်ကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

"ဒါ စီနီယာအစ်ကို လင်းဖန်းပဲ၊ သူက ပြီးခဲ့တဲ့လ ပြိုင်ပွဲမှာ အဆင့် (၈) ချိတ်ခဲ့တဲ့ ထူးချွန်တပည့်လေ၊ သူတောင် စင်ပေါ်တက်လာပြီလား”

"စီနီယာအစ်ကို ကျောက်ဖေး သန်မာတယ်ဆိုတာ ငါဝန်ခံပါတယ်၊ ဒါပေမဲ့ သူ စီနီယာအစ်ကို လင်းဖန်းကိုတော့ လုံးဝယှဉ်နိုင်မှာ မဟုတ်ဘူး"

"ဟုတ်တယ်... စီနီယာအစ်ကို လင်းဖန်းရဲ့ ခွန်အားက တခြားလူတွေနဲ့ အဆင့်အတန်းချင်း ကွာလွန်းတယ်။ ကျောက်ဖေး ဘယ်လောက်ပဲ တော်နေပါစေ၊ ဒီတစ်ခါတော့ ဒီမှာတင် ရပ်တန့်သွားရတော့မှာပဲ...”

ပွဲကြည့်တပည့်များမှာ တဝုန်းဝုန်းနှင့် ဝေဖန်ဆွေးနွေးနေကြသည်။

ကျောက်ဖေး၏ အမူအရာသည်လည်း အနည်းငယ် တည်ကြည်သွား၏။

သူသည်လည်း ပရိသတ်ကြားမှ တိုးတိုးဖော်ဖော် ပြောသံများကို ကြားလိုက်ရသည်။

ထူးချွန်တပည့်ဆိုသည့် ဘွဲ့မှာ အမြဲတမ်း သတ်မှတ်ထားခြင်း မဟုတ်ဘဲ လစဉ်ပြိုင်ပွဲများတွင် ထိပ်သီး (၁၀) ဦးစာရင်းဝင်သူများသာ ရရှိခြင်းဖြစ်သည်။

လင်းဖန်းသည် ပြီးခဲ့သည့်လက အဆင့် (၁၀) အတွင်း ဝင်ထားသူဖြစ်ရာ သူ၏ ခွန်အားကို လျှော့တွက်၍ မရပေ။

လင်းဖန်း၏ အကြည့်များသည် ဓားတစ်စင်းကဲ့သို့ ကျောက်ဖေးကို ဝေ့ဝဲကြည့်လိုက်ပြီး "ဂျူနီယာညီလေး ကျောက်ဖေး... မင်းရဲ့ စွမ်းဆောင်ရည်က တော်တော်လေး ကောင်းမွန်ပါတယ်။ ဒါပေမဲ့ မင်း ငါနဲ့ လာတွေ့တာကတော့ ကံဆိုးတာပဲ။ ဒီပွဲက မင်းအတွက် နောက်ဆုံးပွဲ ဖြစ်သွားလိမ့်မယ်" ဟု အေးစက်စွာ ပြောလိုက်သည်။

ကျောက်ဖေးက တည်ငြိမ်စွာပင် "ရလဒ်ကတော့ မသေချာသေးပါဘူး... အစစ်အမှန် ယှဉ်ပြိုင်ကြည့်ပြီးမှပဲ သိရမှာပါ" ဟု ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လင်းဖန်းသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီးနောက် မထီမဲ့မြင် ပြုံးလိုက်ကာ "ဘဝင်မြင့်လှချည်လား၊ ကောင်းပြီလေ... ဒါဆိုရင် ငါ့ရဲ့ စွမ်းအားကို မင်းကို ပြရသေးတာပေါ့”

"မင်းကို ဆယ်ကွက်အတွင်း ငါ အလဲထိုးပြမယ်”

နည်းပြရှောင်က ပြိုင်ပွဲစတင်ရန် ကြေညာလိုက်သည်နှင့်...

လင်းဖန်းသည် စကားအပို မပြောတော့ဘဲ ပထမဆုံး တိုက်စစ်ကို စတင်လိုက်သည်။

သူ၏ ဓားချက်မှာ အလွန်ပင် ထက်မြက်လှပြီး လှုပ်ရှားမှုများသည်လည်း အလွန်လျင်မြန်လှရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ဓားသည် ကျောက်ဖေး၏ ဦးခေါင်းထက်သို့ ကျရောက်လာတော့သည်။

ကျောက်ဖေးသည် ၎င်းကို ကြိုတင်တွက်ဆထားပြီး ဖြစ်ရာ ပျံလွှားရိပ်ခြေလှမ်းကို သုံး၍ ဘေးသို့ ရှောင်လိုက်သဖြင့် ပြိုင်ဘက်၏ တိုက်ကွက်မှာ သီသီလေး လွဲချော်သွားသည်။

သို့သော် လင်းဖန်းသည် ပျံလွှားလှည့်ကွက်ကို သုံး၍ ကျောက်ဖေးဘက်သို့ လျင်မြန်စွာ ပြန်လှည့်လာသည်။

ထို့နောက် နောက်ထပ် ဓားချက်တစ်ချက်ကို အစောင်းအတိုင်း ခုတ်ချလိုက်ပြန်၏။

လင်းဖန်း၏ ပျံလွှားရိပ်ခြေလှမ်းသည် အသင့်အတင့် အဆင့်သို့ သိသိသာသာ ရောက်ရှိနေပြီဖြစ်ရာ လှုပ်ရှားမှုများ ပျော့ပျောင်းညင်သာသည့် နေရာတွင် ကျောက်ဖေးထက် သာလွန်နေသည်။

သူ၏ အဆက်မပြတ် တိုက်စစ်များအောက်

တွင် ကျောက်ဖေးသည် ထပ်ခါတလဲလဲ ဆုတ်ခွာနေရတော့သည်။

၎င်းမှာ ကျောက်ဖေးက အားနည်းချင်ဟန် ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် ဆုတ်ခွာနေရခြင်း ဖြစ်ပြီး အဆက်မပြတ် ရှောင်တိမ်းနေရသဖြင့် တန်ပြန်တိုက်စစ်ဆင်

ရန် အခွင့်အရေး လုံးဝမရရှိပေ။

တိုက်ပွဲစတင်သည်နှင့် ကျောက်ဖေးမှာ အရေးနိမ့်သည့် အခြေအနေသို့ ရောက်သွားခဲ့သည်။

သို့သော်လည်း ကျောက်ဖေးမှာ လုံးဝ တည်ငြိမ်နေဆဲဖြစ်သည်။

ဦးနှောက်ခုနစ်ခုသည် တစ်ပြိုင်နက်တည်း အလုပ်လုပ်နေပြီး လင်းဖန်း၏ တိုက်စစ်စည်းချက်နှင့် လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရင်း သူ၏ တိုက်ကွက်များကြားမှ အားနည်းချက်များကို အဆက်မပြတ် ရှာဖွေနေသည်။

ရုတ်တရက် ကျောက်ဖေးသည် အခွင့်အရေးကို ဖမ်းဆွဲလိုက်ကာ ဘေးသို့ ကိုယ်ကိုလှည့်၍ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာပင် သူ၏ သစ်သားဓားဖြင့် လင်းဖန်း၏ နံဘေးဆီသို့ ထိုးနှက်လိုက်သည်။

သို့သော် လင်းဖန်း၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်လှသဖြင့် သူ၏ ဓားကို ပြန်လှည့်ကာ အလွယ်တကူပင် ကာကွယ်လိုက်နိုင်၏။

ကျောက်ဖေးမှာ ခုခံသည့် အနေအထားသို့ ထပ်မံဆုတ်ခွာလိုက်ရပြန်သည်။

လင်းဖန်း၏ လှုပ်ရှားမှု စွမ်းရည်မှာ ကျောက်ဖေးထက် သာလွန်နေပြီး သူပြသလေ့ရှိသော အားနည်းချက်များသည်လည်း ခဏချင်းအတွင်း ပျောက်ကွယ်သွားတတ်သည်။

အကယ်၍ ထိုအားနည်းချက်ကို အမိအရ မဖမ်းဆွဲနိုင်ပါက ၎င်းသည် အားနည်းချက် ဖြစ်၊ မဖြစ်မှာ အရေးမကြီးတော့ပေ။

တစ်ဖက်က တိုက်စစ်ဆင်ပြီး ကျန်တစ်ဖက်က အဆက်မပြတ် ဆုတ်ခွာနေရင်းဖြင့် ဆယ်ကွက်ပြည့်တော့မည့် အခြေအနေသို့ ရောက်လာသည်။

လင်းဖန်းသည် မျက်မှောင်ကြုတ်လိုက်ကာ သူ၏ အမူအရာမှာ အနည်းငယ် တင်းမာသွား၏။

လင်းဖန်းအနေနှင့် ကျောက်ဖေးသည် ငါးပွဲဆက်တိုက် ယှဉ်ပြိုင်ထားရသဖြင့် အားအင်များစွာ ကုန်ခမ်းနေမည်ဟု ယုံကြည်ထားခဲ့သည်။

“ငါ့ရဲ့ ခွန်အားနဲ့ဆိုရင် အလွယ်တကူ အနိုင်ရသင့်တာပဲ”

သို့သော်လည်း တိုက်ပွဲသည် အနိုင်အရှုံး မသဲကွဲဘဲ အချိန်ကြာမြင့်လာနေခဲ့ပြီ ဖြစ်သည်။

တိုက်ပွဲသည် တဖြည်းဖြည်းနှင့် အချိန်ဆွဲတိုက်ရသည့် အခြေအနေသို့ ပြောင်းလဲလာရာ အထူးသဖြင့် ကြည့်ရှုသူ ပရိသတ်အများအပြား ရှိနေခြင်းက သူ့ကို ပို၍ အရှက်ရစေသည်။

သူသည် အမြဲတမ်း ဘဝင်မြင့်တတ်သူတစ်ဦး ဖြစ်သည်။

ထို့ပြင် လူအများရှေ့တွင် "ဆယ်ကွက်အတွင်း အလဲထိုးပြမယ်" ဟု ကြွေးကြော်ထားခဲ့သည် မဟုတ်ပါလော

လက်ရှိ အခြေအနေကို သူ မည်သို့ သည်းခံနိုင်မည်နည်း။

စိတ်မရှည်မှုနှင့်အတူ ဒေါသအနည်းငယ် ရောယှက်လာရာ လင်းဖန်း၏ တိုက်စစ်များမှာ ပိုမိုပြင်းထန်ကြမ်းတမ်းလာပြီး အဆက်မပြတ် ဖိအားပေး တိုက်ခိုက်လာတော့သည်။

သို့သော် လင်းဖန်း၏ စိတ်နေစိတ်ထား ပြောင်းလဲသွားခြင်းကြောင့်ပင် သူ၏ ဓားကွက်များသည် မူလကရှိခဲ့သော တည်ငြိမ်မှုနှင့် တိကျမှုတို့ လျော့ပါးသွားခဲ့ရသည်။

တိုက်စစ်က ပြင်းထန်သော်လည်း ဟာကွက်များသည်လည်း တစ်ပြိုင်နက်တည်း တိုးပွားလာခဲ့၏။

လင်းဖန်းက တောင်ဖြိုခုတ်ချက်ကို အားပါပါ အသုံးပြု၍ သူ၏ သစ်သားဓားဖြင့် ကျောက်ဖေးကို အလျားလိုက် ခုတ်ပိုင်းလိုက်စဉ် ကျောက်ဖေးနှင့် အလွန်နီးကပ်သွားခဲ့သည်။

ကျောက်ဖေးသည် သူ၏ ဘယ်ဘက်လက်သီးကို အားဖြင့် ထိုးနှက်လိုက်ရာ လင်းဖန်း၏ ဓားကို ထိမှန်သွားပြီး သစ်သားဓားမှာ လမ်းကြောင်း လွဲသွားခဲ့သည်။

ထိုအချိန်မှာပင် သူ၏လက်ထဲရှိ သစ်သားဓားသည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားပြီး လင်းဖန်း၏ နံဘေးဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။

ဘုန်း

သစ်သားဓားသည် လင်းဖန်း၏ နံရိုးကို ပြင်းထန်စွာ ထိမှန်သွားသဖြင့် သူသည် အရှိန်ဖြင့် နောက်သို့ လွင့်ထွက်သွားကာ စင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။

"ကျောက်ဖေး အနိုင်ရပါတယ်”

နည်းပြရှောင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

ပွဲကြည့်ပရိသတ်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ စီနီယာအစ်ကို လင်းဖန်းက တကယ်ပဲ ရှုံးသွားတာလား။ ငါ အိပ်မက်မက်နေတာလား"

"စီနီယာအစ်ကို လင်းဖန်းက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ သူက ပြီးခဲ့တဲ့လက အဆင့် (၈) ချိတ်ထားတဲ့ ထူးချွန်တပည့်လေ”

"ဟွန်းဟွန်း... ဒီရလဒ်မျိုး ထွက်လာလိမ့်မယ်လို့ ဘယ်သူက ကြိုတွက်နိုင်မှာလဲ"

စင်အောက်ရှိ တပည့်များမှာ တအံ့တဩ ပြောဆိုနေကြပြီး ကျောက်ဖေးကို ကြည့်သည့် အကြည့်များသည်လည်း တုန်လှုပ်ချောက်ချားမှုနှင့် အံ့သြလေးစားမှုတို့ဖြင့် ပြည့်နှက်

နေသည်။

လင်းဖန်းမှာမူ နံရိုးကို ဖိထားရင်း အသက်ဝဝရှူနိုင်ရန် အတော်လေး ကြိုးစားလိုက်ရသည်။

သူ၏ မျက်နှာသည် အလွန်အမင်း ဖြူဖျော့နေပြီး မျက်လုံးများထဲတွင်လည်း နာကျည်းချက်များဖြင့် ပြည့်နေ၏။

တစ်ပွဲလုံး အသာစီးရနေခဲ့ပါလျက်နှင့် နောက်ဆုံးမှ အမှားတစ်ခုကြောင့် ကျောက်ဖေးကို ရှုံးနိမ့်ခဲ့ရသည်

သူ မည်သို့ ကျေနပ်နိုင်မည်နည်း။

ဘေးတွင်ရပ်နေသည့် နည်းပြရှောင်ကမူ စိတ်ထဲမှနေ၍ ခေါင်းယမ်းလိုက်မိသည်။

လင်းဖန်းသည် သန်မာသော်လည်း စိတ်မြန်လွန်းသည်။

အကယ်၍သာ သူသည် စနစ်တကျနှင့် တည်တည်ငြိမ်ငြိမ် တိုက်ခိုက်ခဲ့ပါက အနိုင်ရရန် အခွင့်အလမ်း အလွန်များနေခဲ့ခြင်း ဖြစ်သည်။

သို့သော် စိတ်လိုက်မာန်ပါ လုပ်မိလိုက်ခြင်းကြောင့် ကောင်းမွန်သော အခြေအနေကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။

ထိုအချိန်တွင် ဒုတိယစင်မြင့်အောက်၌...

စုန်ယုယောင်သည် လေးပွဲဆက်တိုက် ယှဉ်ပြိုင်ခဲ့သော်လည်း ပဉ္စမမြောက် ပြိုင်ဘက်နှင့် တွေ့ဆုံချိန်တွင် အားအင်ကုန်ခမ်းမှုကြောင့် ရှုံးနိမ့်သွားခဲ့သည်။

သူမ စင်အောက်သို့ ရောက်လာချိန်တွင် ဆူညံသံများကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ကျောက်ဖေးက လင်းဖန်းကို အနိုင်ယူလိုက်သည်ကို တွေ့လိုက်ရ၏။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... လင်းဖန်းက ကျောက်ဖေးကို ရှုံးသွားတယ် ဟုတ်လား"

စုန်ယောင်ယု၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ အံ့သြတုန်လှုပ်ခြင်းအကြောင်း ပြောရမည်ဆိုလျှင် သူမသည် ဤနေရာတွင် အံ့သြဆုံးသူ ဖြစ်ပေလိမ့်မည်။

လင်းဖန်း၏ အစွမ်းကို သူမ ကောင်းကောင်းသိသည်။ သူသည် သိုင်းကျောင်း၏ ထိပ်သီး (၁၀) ဦးဝင် ထူးချွန်တပည့် ဖြစ်သည်။

ကျောက်ဖေးမှာမူ ယခုလမှ ပျံလွှားသိုင်းကျောင်းသို့ ဝင်ရောက်လာသူသာ ဖြစ်သည်။

အဆင့်အတန်းအရ ပြောရလျှင် ကျောက်ဖေးမှာ တရားဝင်တပည့်ပင် မဟုတ်သေးဘဲ အသစ်ဝင်တပည့်တစ်ဦးသာ ရှိသေးသည်။

"သူက ဘယ်တုန်းက ဒီလောက်တောင် သန်မာသွားတာလဲ"

စုန်ယုယောင်သည် အတိတ်ကို ပြန်လည်စဉ်းစားကြည့်သည်။

သို့သော် မကြာမီမှာပင် သူမသည် ကျောက်ဖေးနှင့် ပတ်သက်၍ ဘာမှမသိခဲ့ကြောင်း သတိပြုမိသွားသည်။

ပို၍ တိတိကျကျ ပြောရလျှင် သူမသည် ကျောက်ဖေးကို အစကတည်းက အလေးအနက် မထားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ပြိုင်ပွဲတွင် ကျောက်ဖေးက တပည့်သစ်များကြား ပထမရခဲ့စဉ်ကပင် သူမ၏ မျက်လုံးထဲ၌ သူသည် အရည်အချင်းရှိသည့် ခွေးတစ်ကောင်မျှသာ ဖြစ်ခဲ့သည်။

သို့သော် ယခုမူ...

အခြေအနေများသည် သူမ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်နေပြီဟု စုန်ယောင်ယု ခပ်ရေးရေး ခံစားလိုက်ရသည်။

သို့သော် သူမသည် ချက်ချင်းပင် စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်၏။

"နင် ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ပါစေ... နင်က ငါ့ရဲ့ခွေးပဲ၊ ငါ့ကိုပဲ အမြဲတမ်း နာခံနေရမှာ”

အခန်း (၃၈) လင်းဖန်း၏ ဒုတိယအကြိမ် ရှုံးနိမ့်မှု

ကွင်းပြင်ပရှိ စင်မြင့်ထက်တွင်...

ချန်ယွမ်ရှန်းနှင့် နည်းပြအချို့မှာလည်း ထိုအချိန်တွင် ဤအကြောင်းကို ဆွေးနွေးနေကြသည်။

"နည်းပြလီ... ဒီကျောက်ဖေးဆိုတဲ့ကလေးက တကယ်ပဲ ဒီလထဲမှ သိုင်းကျောင်းကို ရောက်လာတာလား။ ပြီးတော့ ကျောင်းကိုစရောက်တုန်းက သူ့မှာ ဘာသိုင်းပညာအခြေခံမှ မရှိတာ တကယ်ပဲ သေချာလို့လား"

နည်းပြတစ်ဦးက မယုံကြည်နိုင်သော မျက်နှာပေးဖြင့် မေးလိုက်သည်။

လီကမ်းက ခေါင်းညိတ်ပြုံးပြရင်း "ဒါပေါ့...ကျွန်တော်က ဒီလိုကိစ္စမျိုး လိမ်ပြောပါ့မလား" ဟု ဆိုသည်။

"ဟွန်းဟွန်း... တစ်လအတွင်းမှာတင် ထူးချွန်တပည့်တစ်ယောက်ကို အနိုင်ယူနိုင်တဲ့အထိ ရောက်လာတယ်ဆိုတော့ ဒီလိုပါရမီမျိုးက တကယ်ကို မယုံနိုင်စရာပဲ”

"ဟုတ်တယ်..."

"နည်းပြလီ... ကျွန်တော်တော့ ပြောရဦးမယ်၊ ခင်ဗျားတော့ ဒီတစ်ခါ တကယ်ကို ရတနာတစ်ပါး ရလိုက်တာပဲ”

တစ်ဦးက မနာလိုရိပ်သန်းနေသော အသံဖြင့် လီကမ်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။

နည်းပြများပီပီ မည်သူက တပည့်ကောင်းအနည်းငယ်ကို မလေ့ကျင့်ပေးချင်ဘဲ နေမည်

နည်း။

နောင်တစ်ချိန်တွင် ဤတပည့်များ သိုင်းကျောင်းမှဆင်း၍ ဇာတ်စင်မြင့်ပေါ်တွင် နာမည်ကျော်ကြားလာပါက နည်းပြများအနေနှင့်လည်း ဂုဏ်သတင်းကျော်စောကာ နာမည်ရော အကျိုးအမြတ်ပါ ရရှိမည်ဖြစ်သည်။

လောကအလယ်တွင်လည်း လေးစားသမှု ခံရပေမည်။

ယခုအခါ အိုမင်းမစွမ်းဖြစ်နေ၍ စာမသင်နိုင်တော့သော စီနီယာနည်းပြကြီးများသည်ပင် ယခုတိုင် လေးစားခံနေရဆဲ မဟုတ်ပါလော

၎င်းမှာ သူတို့အားလုံး ထူးချွန်သော တပည့်များကို သင်ကြားပေးခဲ့ဖူးသောကြောင့်ပင်။

ကျယ်ကျယ်ပြန့်ပြန့် တွေးကြည့်မည်ဆိုလျှင်..

ဤသို့ အမြော်အမြင်ရှိသူများသည် အနာဂတ်တွင် သိုင်းကျောင်းအတွက် အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးနိုင်သလို၊ သိုင်းကျောင်း၏ မဏ္ဍိုင်ကြီးများပင် ဖြစ်လာနိုင်ကြသည်။

ကျန်းလင်းခရိုင်ရှိ သိုင်းကျောင်းကြီး လေးကျောင်းသည် သမိုင်းတစ်လျှောက် တပည့်ပေါင်းများစွာ မွေးထုတ်ပေးခဲ့ခြင်းကပင် ၎င်းတို့ ယနေ့တိုင် ခိုင်မြဲနေရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။

အရာရှိများပင်လျှင် တစ်ခါတစ်ရံ ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် သိုင်းကျောင်းများနှင့် ကြိုတင်တိုင်ပင်ကြရသည်။

သို့သော် ထူးချွန်သော တပည့်တစ်ဦးကို လေ့ကျင့်ပေးရန်မှာ မလွယ်ကူပေ။

သိုင်းကျောင်းတွင် ယခုအခါ တပည့်ပေါင်း (၅၀၀) ကျော်ရှိနေ၏

သို့သော်လည်း နှစ်စဉ်နှစ်တိုင်း အောင်မြင်စွာ ကျောင်းဆင်းနိုင်သူမှာ လက်ချိုးရေတွက်ရုံမျှသာ ရှိသည်။

လူအများစုသည် သူတို့၏ စိတ်နေစိတ်ထားကြောင့်သော်လည်းကောင်း၊ မျှော်လင့်ချက်မမြင်၍ သော်လည်းကောင်း ခဏတာ လေ့ကျင့်ပြီးနောက် ကျောင်းမှ ထွက်သွားကြသည်သာ များသည်။

ထိုအခိုက်တွင် ဘေးပတ်ဝန်းကျင်ရှိ နည်းပြများ၏ မနာလိုအားကျနေသော အကြည့်များကို သတိပြုမိလိုက်၏

လီကမ်း၏ မျက်နှာတွင် ဂုဏ်ယူရိပ်များ ယှက်သန်းသွားပြီး "ကျောက်ဖေးရဲ့ သိုင်းပါရမီက ထူးချွန်လှပါတယ်။ ဒီနေ့ သူရရှိတဲ့ အောင်မြင်မှုတွေက သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ မကင်းပါဘူး။ ကျွန်တော်ကတော့ သူ့ကို နည်းနည်းပါးပါး လမ်းညွှန်ပေးရုံတင်ပါ" ဟု ပြုံး၍ ဆိုသည်။

ဘေးမှလူများက ခေါင်းညိတ်ကြသော်လည်း တစ်ဦးကမူ ရုတ်တရက် သက်ပြင်းချကာ "နှမြောစရာပဲ... ဒီကလေးသာ နည်းနည်းလောက် ပိုငယ်ဦးမယ်ဆိုရင် ပိုကောင်းမှာပဲ" ဟု ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ လူတိုင်းမှာ နှမြောတသဖြစ်သွားကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျောက်ဖေး၏ အသက်အရွယ်ကြီးရင့်မှုနှင့် သိုင်းပညာစတင်ရန် အချိန်နှောင်းသွားမှုမှာ ငြင်းပယ်၍မရသော အားနည်းချက်များ ဖြစ်သည်။

သူတို့အဖွဲ့ ခဏမျှ ဆက်လက်စကားပြောနေကြ၏

ထို့နောက် လီကမ်းက ချန်ယွမ်ရှန်းဘက်သို့ လှည့်ကာ တိုးတိုးလေး မေးလိုက်သည်။ “ဆရာကြီး... စုန်မိသားစုဆီက ကျောက်ဖေးရဲ့ အစေခံစာချုပ်ကို ပြန်တောင်းပြီးပြီလား။ မတောင်းရသေးဘူးဆိုရင် ကျွန်တော့်ကိုပဲ ကိုယ်တိုင် ကိုင်တွယ်ခွင့်ပေးပါလား"

ချန်ယွမ်ရှန်းက ပြုံးလျက် လက်ကာပြလိုက်ပြီး "မလိုပါဘူး... ငါ လူတစ်ယောက်ကို ခိုင်းထားပြီးပြီ။ ဒီပြိုင်ပွဲပြီးရင် အဲ့ဒီစာချုပ်ကို ကျောက်ဖေးဆီ ဆုလာဘ်အဖြစ် ပြန်ပေးလိုက်မယ်။ ဒီလိုပါရမီရှင်မျိုးကို... သူတစ်ပါးရဲ့ အစေခံအဖြစ် အချုပ်အနှောင်

ခံထားလို့ ဘယ်ဖြစ်ပါ့မလဲ"

လီကမ်းမှာ သက်ပြင်းချနိုင်သွားပြီး "ဆရာကြီးက တကယ်ကို အမြော်အမြင်ရှိတာပဲ၊ ကျောက်ဖေးသာ ဒါကို သိရင် တကယ်ကို ကျေးဇူးတင်နေမှာပဲ" ဟု ရယ်မောကာ ပြောလိုက်သည်။

ချန်ယွမ်ရှန်း၏ အကြည့်များသည် စင်ပေါ်ရှိ ကျောက်ဖေးထံသို့ ပြန်လည်ရောက်ရှိသွားပြီး မျက်လုံးများထဲတွင် ချီးကျူးရိပ်များဖြင့် ပြည့်နှက်နေတော့သည်။

နံပါတ် (၁) စင်မြင့်ပေါ်တွင်...

ထူးချွန်တပည့် လင်းဖန်းကို အနိုင်ယူပြီးနောက် ကျောက်ဖေးသည် နောက်ထပ် စိန်ခေါ်သူကိုလည်း ထပ်မံအနိုင်ယူလိုက်ပြန်သည်။

ယခုဆိုလျှင် ကျောက်ဖေးသည် ခုနစ်ပွဲစလုံးကို အောင်မြင်စွာ အနိုင်ရရှိထားပြီ ဖြစ်သည်။

ဤသို့သော တောက်ပသည့် စံချိန်ကြောင့်

ထိုနေရာတွင်ရှိနေသည့် ထူးချွန်တပည့်များပင် သတိမထားမိဘဲ မနေနိုင်တော့ပေ။

သို့သော်လည်း ကျောက်ဖေး၏ အခြေအနေမှာ ထိုအချိန်တွင် မကောင်းလှတော့ပေ။

သူသည် စင်ပေါ်တွင် အမောတကော ရပ်နေရပြီး ကောင်းကင်ယံမှ ပူပြင်းလှသော နေရောင်ခြည်ကြောင့် တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေသည်။

တိုက်ပွဲတိုင်းတွင် သူ၏ အားအင်ကို ချွေတာရန် ကြိုးစားခဲ့သော်လည်း အဆက်မပြတ် ပြင်းထန်လှသော တိုက်ပွဲများက သူ့ကို ပင်ပန်းနွမ်းနယ်စေခဲ့ပြီ ဖြစ်သည်။

ထိုစဉ်မှာပင် နောက်ထပ် လူတစ်ဦး စင်ပေါ်သို့ ခုန်တက်လာသည်။

ထိုသူမှာ အခြားသူမဟုတ်...

ကျောက်ဖေးလက်တွင် ရှုံးနိမ့်ခဲ့ဖူးသော ထူးချွန်တပည့် လင်းဖန်းပင် ဖြစ်သည်။

သူ၏ မျက်နှာမှာ မှောင်မှောင်မှိုင်မှိုင်ဖြစ်နေပြီး မျက်လုံးများထဲတွင် နာကျည်းချက်နှင့် ဒေါသများ ပြည့်နှက်နေသည်။

လင်းဖန်းသည် စင်အောက်၌ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် လူတစ်ဦးတည်းကို နှစ်ကြိမ်ဆက်တိုက် စိန်ခေါ်ခွင့်မရှိဟူသော စည်းမျဉ်းရှိသော်လည်း လင်းဖန်းက ယခင်အချီတွင်မှ စင်ပေါ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

"ကျောက်ဖေး*.. အရင်တစ်ခေါက်က ငါပေါ့ဆသွားလို့ပါ။ ဒီတစ်ကြိမ်တော့ မင်းကို ငါအခွင့်အရေး ထပ်မပေးတော့ဘူး”

လင်းဖန်းက အေးစက်စက်ပြောဆိုရင်း လက်ထဲမှ သစ်သားဓားကို တင်းတင်းဆုပ်ကိုင်ကာ ကျောက်ဖေးထံသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်သည်။

ကျောက်ဖေးသည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်းရှူလိုက်ရင်း စိတ်ကို တည်ငြိမ်အောင် ကြိုးစားနေ၏။

သူသည် အပိုစကားတစ်ခွန်းမှ မပြောဘဲ မိမိ၏ကုန်ခမ်းလုနီးပါးဖြစ်နေသော အင်အားများကို ပြန်လည်စုစည်းနိုင်ရန် ရသမျှအချိန်အတွင်း အစွမ်းကုန် အားထုတ်နေတော့သည်။

စင်အောက်ရှိ တပည့်များအပါအဝင် ပရိသတ်အားလုံးသည် လင်းဖန်းစင်ပေါ်သို့ ပြန်တက်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြသည်။

"စီနီယာအစ်ကို လင်းဖန်းစင်ပေါ် ပြန်တက်လာပြီပဲ။ ပြီးခဲ့တဲ့တိုက်ပွဲက အရှက်ကွဲခဲ့တာကို ဆေးကြောချင်ပုံရတယ်"

"ဟဲဟဲ... စီနီယာအစ်ကို ကျောက်ဖေးက အခုဆို ခုနစ်ပွဲဆက်တိုက် တိုက်ခိုက်ထားရတာလေ။ အခုလိုအချိန်မှာ စီနီယာအစ်ကို ကျောက်ဖေးကို အနိုင်ယူနိုင်ခဲ့ရင်တောင် ဒါဟာ သူတစ်ပါး အခြေအနေမဟန်တာကို အခွင့်ကောင်းယူတာပဲ မလား?"

"မှန်တယ်... တကယ်လို့ အရှက်ကွဲတာကို ဆေးကြောချင်တယ်ဆိုရင် စီနီယာအစ်ကို ကျောက်ဖေးအင်အားပြန်ပြည့်တဲ့အထိ စောင့်ပြီးမှ တိုက်သင့်တာပေါ့"

ပွဲကြည့်စင်အောက်တွင် ဆူညံပွက်လောရိုက်သွားသည်။

စုစုပေါင်း စင် သုံးခုရှိသည့်အနက် ယခုအချိန်တွင် နံပါတ် (၁) စင်မြင့်သည် လူအများစု၏ အာရုံစိုက်မှုကို ရရှိနေသည်။

နည်းပြရှောင်၏ ကြေညာချက်နှင့်အတူ

တိုက်ပွဲသည် တစ်ကျော့ပြန် စတင်လေပြီ။

လင်းဖန်းသည် မည်သည့်ကရုဏာမျှမထားဘဲ ပြင်းထန်သော တိုက်စစ်ကို ချက်ချင်းဆင်နွှဲတော့သည်။

ဓားချက်များသည် လေတိုးသံ တဝီဝီနှင့်အတူ တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ကျရောက်လာပြီး ကျောက်ဖေးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေတော့မည့်အတိုင်းပင်။

လင်းဖန်းသည် စတင်ကတည်းက သူ၏အစွမ်းကုန်ကို ထုတ်သုံးနေသည်မှာ သိသာလှသည်။

ဤအချိန်တွင် ကျောက်ဖေး၏ အင်အားမှာ အတော်ပင် ကုန်ခမ်းနေပြီ ဖြစ်သော်လည်း ယခင်အကြိမ်က လင်းဖန်းနှင့် ရင်ဆိုင်ခဲ့ရစဉ်ကထက် သူ၏ခွန်အားမှာ ပိုမိုတိုးတက်လာခဲ့သည်။

ပျံလွှားငှက် အရိပ်သိုင်းနှင့် တောင်ဖြိုဓားသိုင်းတို့၏ ပေါင်းစပ်မှုသည် ပိုမိုစေ့စပ်သေချာလာပြီး လှုပ်ရှားမှုများမှာ ပျံလွှားငှက်ကဲ့သို့ လျင်မြန်ကာ ဓားချက်များမှာလည်း လေပွေကဲ့သို့ ထက်မြက်လှသည်။

ရုပ်ပိုင်းဆိုင်ရာအရ အားအင်ကုန်ခမ်းနေသော်လည်း လင်းဖန်း၏ တိုက်စစ်များကို သူ အနိုင်နိုင် ခုခံနိုင်နေဆဲပင်။

မကြာမီအချိန်အတွင်းမှာပင် သူတို့နှစ်ဦးသည် ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် ပြင်းထန်စွာ ယှဉ်ပြိုင်နေကြသည်။

ပရိသတ်ထဲရှိ တပည့်များမှာလည်း ကျောက်ဖေးအတွက် စိုးရိမ်တကြီးဖြင့် ရင်တထိတ်ထိတ် စောင့်ကြည့်နေကြ၏။

"ကျောက်ဖေးရဲ့ အခြေအနေက အရင်ကလောက် မကောင်းတော့တာ ထင်ရှားနေတာပဲ။ သူ ဆက်ပြီး တောင့်ခံနိုင်ပါဦးမလား?"

"လင်းဖန်းက ဒီတစ်ခါ အစွမ်းကုန် တိုက်နေတာဆိုတော့ ကျောက်ဖေး*အတွက် ပြန်နိုင်ဖို့က ခက်ခဲလိမ့်မယ်"

"ဒါပေမဲ့ ဒီလောက်အထိ တောင့်ခံထားနိုင်တာကိုက စီနီယာအစ်ကို ကျောက်ဖေးက အံ့ဩစရာကောင်းအောင် လုပ်ပြနိုင်ခဲ့တာပါ”

လူအများ ဝေဖန်ပြောဆိုနေကြစဉ်မှာပင် ကျောက်ဖေးသည် ရုတ်တရက် အော်ဟစ်လိုက်ပြီး လင်းဖန်း၏ ကာကွယ်ရေး အားနည်းချက်ကို အခွင့်ကောင်းယူကာ ပြိုင်ဘက်၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ဓားဖြင့် ခုတ်ပိုင်းလိုက်လေသည်။

လင်းဖန်းသည် ကာကွယ်ရန် ဓားကို အလောတကြီး မြှောက်လိုက်သော်လည်း ကျောက်ဖေး၏ ဓားချက်မှာ မြန်ဆန်လွန်းလှသဖြင့် တုံ့ပြန်ရန် အချိန်မမီတော့ပေ။

ဘုန်း

သစ်သားဓားသည် လင်းဖန်း၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားပြီး အရှိန်ကြောင့် သူသည် နောက်သို့ ယိုင်လဲသွားကာ စင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

ပရိသတ်များထံမှ အောင်ပွဲခံ အော်ဟစ်သံများ လျှံထွက်လာတော့သည်။

လင်းဖန်းသည် ရင်ဘတ်ကို ဖိထားရင်း မျက်နှာတွင် အရှုံးကြီး ရှုံးနိမ့်သွားသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။

သူ အစွမ်းကုန် ကြိုးစားပါသော်လည်း ကျောက်ဖေးကို ထပ်မံရှုံးနိမ့်ရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

ထို့အပြင် ဤသည်မှာ ကျောက်ဖေးအားအင် ကုန်ခမ်းနေသည့် အခြေအနေတွင်ပင် သူ ဒုတိယအကြိမ်မြောက် ရှုံးနိမ့်ရခြင်း ဖြစ်သည်။

နည်းပြရှောင်က ရလဒ်ကို မကြေညာမီမှာပင်

လင်းဖန်းသည် အရှက်ရလွန်းသဖြင့် မျက်နှာကို လက်ဖြင့်အုပ်ကာ စင်ပေါ်မှ ခုန်ဆင်းသွားတော့သည်။

ပရိသတ်များ၏ အကြည့်များသည် သူ့အပေါ် ပူလောင်စေသည့်အလား ခံစားနေရသဖြင့် အမြဲတမ်း မောက်မာတတ်သော လင်းဖန်းအဖို့ ဤနေရာတွင် ဆက်နေရန် မျက်နှာမရှိတော့ပေ။

"ကျောက်ဖေးအနိုင်ရရှိသည်”

နည်းပြရှောင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

ပရိသတ်များ၏ အားပေးသံများမှာ ပိုမိုဆူညံလာသည်။

အခြားစင်မြင့်နှစ်ခုတွင် တိုက်ခိုက်နေကြသည့် တပည့်များပင်လျှင် စိတ်ပျံ့လွင့်သွားကြပြီး ဤဘက်သို့ လှည့်ကြည့်မိကြလေတော့သည်။

အခန်း (၃၉) စုန်ယောင်ယုနှင့် မျက်နှာပျက်ရခြင်း

နံပါတ် (၁) စင်မြင့်ထက်တွင် ကျောက်ဖေးသည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေရသည်။

လင်းဖန်းကို ဒုတိယအကြိမ် ထပ်မံအနိုင်ယူနိုင်ခဲ့သော်လည်း

ယခုအချိန်တွင် သူ၏အင်အားမှာ အဆုံးစွန်ထိ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဟု ခံစားနေရသည်။

သစ်သားဓားကို ကိုင်ထားသော သူ၏လက်မောင်းပင်လျှင် အနည်းငယ် တုန်ယင်နေ၏။

ဤသည်မှာ ကြွက်သားများကို အလွန်အကျွံ အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ကြွက်တက်သည့် လက္ခဏာပင် ဖြစ်သည်။

သို့သော်ငြားလည်း တိုက်ပွဲက မပြီးဆုံးသေးပေ။

ပြိုင်ပွဲ၏ ဒုတိယအဆင့်ဖြစ်သော စင်မြင့်ပတ်လည် အမှတ်ပေးပွဲတွင် အလယ်၌ အနားယူရမည်ဟူသော စည်းမျဉ်းမရှိချေ။

ဤသည်မှာ ကျောက်ဖေး တစ်ဦးတည်းအတွက် မဟုတ်ဘဲ အားလုံးအတွက်လည်း အတူတူပင်ဖြစ်သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အခြားတပည့်တစ်ဦး စင်ပေါ်သို့ ခုန်တက်လာပြန်သည်။

"နံပါတ် ၁၉၊ ကျန်းမုံ"

ကျန်းမုံသည် အရပ်အမောင်း မြင့်မားကာ ထွားကြိုင်းသန်မာသူဖြစ်သည်။ သူသည် ကျောက်ဖေးကို ကြည့်ပြီး သွားဖြဲပြလိုက်ရာ ရိုးသားဖြူစင်သော အသွင်အပြင်ရှိသည်။

နည်းပြရှောင်က ပွဲစတင်ကြောင်း ကြေညာလိုက်သည်။

ကျန်းမုံသည် စကားတစ်ခွန်းမှ မဆိုဘဲ ရှေ့သို့ ပြေးဝင်ကာ ချက်ချင်း တိုက်စစ်ဆင်

တော့သည်။

ကျောက်ဖေး၏ ရှစ်ပွဲဆက်တိုက် အနိုင်ရမှုကို သူလေးစားမိသော်လည်း ယခုသည် တရားမျှတမှုအကြောင်း ပြောနေရမည့်အချိန် မဟုတ်ပေ။ ပြိုင်ပွဲ၏ အဆင့်သတ်မှတ်ချက်မှာ အလွန်အရေးကြီးသဖြင့် အနိုင်ရရှိရန် ရသမျှ အခွင့်အရေးကို သူအရယူရမည်သာ ဖြစ်သည်။

ကျောက်ဖေးသည် အသက်ကို ပြင်းပြင်းရှူကာ မိမိကိုယ်ကိုယ် ပြန်လည်ထိန်းညှိရန် ကြိုးစားရင်း အနိုင်နိုင် ပြန်လည်ခုခံနေရသည်။

အပြန်အလှန် တိုက်ခိုက်မှု အနည်းငယ်အကြာတွင်

ကျောက်ဖေးသည် ဟန်ချက်ပျက်သွားကာ လက်ထဲမှ သစ်သားဓားသည်လည်း အရှိန်ဖြင့် လွင့်ထွက်သွားတော့သည်။

ကျန်းမုံက ဟိန်းဟောက်ကာ ရှေ့သို့ တိုးဝင်လာသည်ကို မြင်သောအခါ

ကျောက်ဖေးသည် ပြတ်ပြတ်သားသားပင် အရှုံးပေးလိုက်သည်။

ဤသည်မှာ ပညာရှိသော ဆုံးဖြတ်ချက်တစ်ခုပင်။

သူသည် အစွမ်းကုန် ကြိုးစားကာ ဆက်လက်တောင့်ခံနိုင်ဦးမည် ဆိုသော်လည်း ထူးခြားလာမည် မဟုတ်ပေ။

လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရ တိုက်ပွဲအဆုံးထိ သူတောင့်ခံနိုင်ရန် မဖြစ်နိုင်တော့ချေ။

ဤသည်မှာ ကိုယ်ခံပညာ ယှဉ်ပြိုင်ပွဲသာ ဖြစ်ပြီး အသေအလဲ တိုက်ပွဲမဟုတ်ပေ။

စင်ပေါ်မှ ဆင်းကာ ခဏတာ အနားယူပြီး နောက်ထပ်စိန်ခေါ်မှုများအတွက် အင်အားပြန်လည် စုဆောင်းခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

တပည့်တစ်ဦးစီတွင် စင်ပေါ်တက်၍ စိန်ခေါ်ရန် အခွင့်အရေး သုံးကြိမ်စီ ရှိကြသည်။

ကျောက်ဖေးသည် အခွင့်အရေး တစ်ကြိမ်ကို အသုံးပြုလိုက်ပြီ ဖြစ်သော်လည်း နှစ်ကြိမ် ကျန်ရှိနေသေး၏။

နောက်ဆုံး အဆင့်သတ်မှတ်ချက်များကို တပည့်တစ်ဦးချင်းစီ ရရှိထားသော စုစုပေါင်း အနိုင်ရရှိမှု အမှတ်များအပေါ် မူတည်၍ သတ်မှတ်မည်ဖြစ်သည်။

"ကျန်းမုံ အနိုင်ရသည်”ဟု နည်းပြက ကြေညာလိုက်သည်။

"စီနီယာအစ်ကို ကျောက်ဖေး... ကျွန်တော့်ကို အလျှော့ပေးလို့ ကျေးဇူးတင်ပါတယ်" ဟု ကျန်းမုံက လက်အုပ်ချီ နှုတ်ဆက်ရင်း ကျောက်ဖေးအပေါ် လုံလောက်သော လေးစားမှုကို ပြသလိုက်သည်။

သူ အနိုင်ရရှိခဲ့သော်လည်း မိမိ၏ အရည်အချင်းကြောင့်သာ အနိုင်ရခဲ့သည်ဟု သူ မယုံကြည်ပေ။

ကျောက်ဖေးက ပြန်လည်နှုတ်ဆက်ကာ စင်ပေါ်မှ ဆင်းလာခဲ့သည်။

ရှုံးနိမ့်ခဲ့သော်လည်း သူ၏ ရှုံးနိမ့်မှုမှာ ဂုဏ်သိက္ခာရှိလှသဖြင့် အားလုံး၏ အားပေးချီးကျူးသံများကို ရရှိခဲ့သည်။

"စီနီယာအစ်ကို ကျောက်ဖေး... အစ်ကို တကယ်ကို တော်တာပဲ”

"စီနီယာအစ်ကို ကျောက်ဖေး..."

တပည့်အုပ်စုကြီးက သူ့ကို ဝိုင်းအုံလာကာ ချီးမွမ်းစကားများ ဆိုကြသည်။

တစ်ယောက်သောသူက "စီနီယာအစ်ကို ကျောက်ဖေး... ဒီည ကျွန်တော် ဒကာခံပါရစေ၊ စားသောက်ဆိုင်ကို သွားပြီး ဗိုက်ကားအောင်စား၊ မူးအောင် သောက်ကြတာပေါ့”ဟု ဖိတ်ခေါ်လိုက်သည်။

ကျောက်ဖေးသည် ထိုသူကို မသိပေ။ သူပြန်လည် စကားမပြောမီမှာပင် အခြား မရင်းနှီးသော တပည့်တစ်ဦးက ရင်းရင်းနှီးနှီး ချဉ်းကပ်လာပြန်သည်။ "စီနီယာအစ်ကို ကျောက်ဖေး... နတ်မိမယ်မူးယစ်စားသောက်ဆိုင်က အစားအသောက်တွေက သိပ်မကောင်းပါဘူး။ မြို့အနောက်ဘက်မှာ အသစ်ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်၊ အစားအသောက်က တကယ် ရှယ်ပဲ။ ဒီည ကျွန်တော့်အစီအစဉ်နဲ့ သွားကြစို့”

ခွန်အားကြီးသူကသာ အရာရာကို လွှမ်းမိုးသည့် ဤလောကတွင် အစွမ်းသတ္တိသည် လူတစ်ဦး၏ လူမှုအဆင့်အတန်းကို ဆုံးဖြတ်လေ့ရှိသည်။

သန်မာသူနှင့် ရင်းနှီးအောင် ကြိုးစားခြင်းမှာ လူ့သဘာဝပင် ဖြစ်သည်။

အမျိုးသမီးတပည့် အချို့မှာလည်း ရှက်သွေးဖြာနေသော မျက်နှာများဖြင့် ၎င်းတို့၏ ရေဗူးများကို ကျောက်ဖေးထံ ကမ်းပေးကြသည်။

ကျောက်ဖေးသည် မူလကပင် ရုပ်ရည်ချောမောသူ ဖြစ်သည့်အပြင် ယခုကဲ့သို့ ထူးချွန်သော အရည်အချင်းများကို ပြသလိုက်သောအခါ အမျိုးသမီးတပည့် အများအပြား၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်းဖြစ်သည်။

ကျောက်ဖေး အနည်းငယ် စိတ်ရှုပ်ထွေးနေစဉ်မှာပင် လေ့ကျင့်ရေးကွင်း အပြင်ဘက်မှ ရင်းနှီးသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ "စီနီယာအစ်ကို ကျောက်ဖေး ဒီမှာ”

ကျောက်ဖေး လှည့်ကြည့်လိုက်၏

စွန်းဟူသည် ကွင်းပြင်အပြင်ဘက်တွင် ရပ်ကာ သူ့ကို လက်ဝှေ့ယမ်းပြနေသည်ကို တွေ့ရသည်။ သူ၏လက်ထဲတွင်လည်း အငွေ့တထောင်းထောင်း ထွက်နေသော အနုစိတ်လှပသည့် ကြွေပန်းကန်လုံးတစ်လုံးကို ကိုင်ထား၏။

ကျောက်ဖေးသည် ထိုအခွင့်အရေးကို အသုံးချကာ ဝိုင်းအုံနေသူများကို ငြင်းပယ်လိုက်ပြီး စွန်းဟူထံသို့ အမြန်လျှောက်သွားတော့သည်။

ဤသည်မှာ စွန်းဟူ ထမင်းစားဆောင်မှ အမြန်သွားယူလာပေးသော "သွေးအားဖြည့် ကိုယ်ခန္ဓာသန်မာ စွပ်ပြုတ်" ပင် ဖြစ်သည်။

ကျောက်ဖေးနှင့် စွန်းဟူတို့မှာ ယခုရက်ပိုင်းအတွင်း အတော်ပင် ရင်းနှီးနေကြပြီ ဖြစ်သဖြင့် အပိုအားနာနေရန် မလိုတော့ပေ။

စွပ်ပြုတ်တစ်ပန်းကန်လုံးကို သောက်လိုက်ပြီးနောက် ကျောက်ဖေးသည် သူ၏ရင်ဘတ်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ နွေးထောင်သော ခံစားချက် ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။

လက်ခြေများ၏ နာကျင်ကိုက်ခဲမှုနှင့် ရောင်ရမ်းမှုများမှာလည်း သိသိသာသာ သက်သာသွားခဲ့သည်။

“ဒီသွေးအားဖြည့် ကိုယ်ခန္ဓာသန်မာစွပ်ပြုတ်က တကယ်ကို ကောင်းတာပဲ။ ငါ့အရင်ဘဝက တရုတ်တိုင်းရင်းဆေးတွေထက် အများကြီး ပိုထိရောက်တယ်။ ဒါကို ဘယ်လိုများ ဖော်စပ်ထားလဲ မသိဘူး”

ပျံလွှားငှက် ကိုယ်ခံပညာကျောင်းတွင် သွေးအားဖြည့် ကိုယ်ခန္ဓာသန်မာစွပ်ပြုတ်အပြင် ပိုမိုထိရောက်သော "နဂါးကျား အရိုးသန်မာစွပ်ပြုတ်" ဟူ၍လည်း ရှိသေးသည်။

နဂါးကျား အရိုးသန်မာစွပ်ပြုတ်သည် တစ်နေ့လုံး ရနိုင်သော သွေးအားဖြည့်စွပ်ပြုတ်နှင့် မတူဘဲ နံနက်ခင်းတွင်သာ အကန့်အသတ်ဖြင့် ရရှိနိုင်သည်။

သို့သော် ထိုစွပ်ပြုတ်သည် အလွန်ဈေးကြီးပြီး တစ်ပန်းကန်လျှင် ငွေစ ၅၀ နှင့် ကိုယ်ခံပညာ အမှတ်အချို့ ပေးဆောင်ရပေသည်။

ငွေကြေးမသုံးစွဲလိုပါကလည်း ကိုယ်ခံပညာကျောင်းအမှတ် ၂ မှတ်ဖြင့် နဂါးကျား အရိုးသန်မာစွပ်ပြုတ်တစ်ပန်းကန်နှင့် လဲလှယ်

နိုင်သည်။

တစ်နည်းအားဖြင့်ဆိုသော်...

ကျောင်းအမှတ်မရှိလျှင် ပိုက်ဆံရှိသော်လည်း ဝယ်ယူ၍မရနိုင်ပေ။

စွပ်ပြုတ်သောက်ပြီးနောက် ကျောက်ဖေးသည် မြေကွက်လပ်တစ်ခုသို့ လျှောက်သွားကာ လေဟုန်စီးကျင့်စဉ်ကို စတင်လေ့ကျင့်တော့သည်။ ဆေးအာနိသင်ကို အသုံးချ၍ မိမိ၏ သွေးလေအင်အား ပြန်လည်ပြည့်ဝလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

သို့သော် လေဟုန်စီး လေ့ကျင့်မှု တစ်ပတ်မပြည့်သေးမီမှာပင်

ကျောက်ဖေးကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသော အသံတစ်ခု နောက်ဘက်မှ ထွက်ပေါ်လာသည်။

"ကျောက်ဖေး... မင်းရဲ့စွမ်းဆောင်ရည်က ငါ့ကို တကယ်ပဲ အံ့အားသင့်စေတယ်၊ ဒါပေမဲ့ ငါလည်း အရမ်းကျေနပ်မိပါတယ်"

စုန်ယုယောင်က ကျောက်ဖေးကို အံ့သြရိပ်များဖြင့် ကြည့်နေသည်။

ယခုအချိန်တွင် သူမ၏ နဖူး၌ ချွေးများစိုနေပြီး အနည်းငယ် အမောဖောက်နေပုံရရာ စင်ပေါ်မှ ဆင်းလာကာစ ဖြစ်ပုံရသည်။

ကျောက်ဖေးသည် လှည့်ကြည့်လိုက်ပြီး လေဟုန်စီးကွက် ပုံစံမပျက်စေဘဲ စုန်ယုယောင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

စုန်ယုယောင်ကတော့ ရပ်မနား စကားဆက်ပြောနေလေသည်။

"ဒီတစ်ခေါက် မင်း အဆင့် ၅၀ အတွင်း ဝင်နိုင်ရင် ငါ့ရဲ့ စုန့်မိသားစု အစောင့်တပ်ဖွဲ့ထဲကို မင်းကို ဝင်ခွင့်ပေးမယ်”

“ တကယ်လို့ အဆင့် ၄၀ အတွင်း ဝင်ခဲ့ရင်တော့... အင်း... အတိုချုပ်ပြောရရင် မင်းရဲ့ အဆင့်သတ်မှတ်ချက် မြင့်လေလေ၊ ငါပေးမယ့် အကျိုးခံစားခွင့်တွေက ပိုများလေလေပဲ”

“ကောင်းကောင်း ကြိုးစားစမ်းပါ၊ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့”

စုန်ယုယောင်သည် ကျောက်ဖေးကို မည်သည့်ဆုလာဘ် ပေးရမည်ဟုပင် သေချာမဆုံးဖြတ်ရသေးပေ။

ထို့ပြင် သူမသည် ကျောက်ဖေးကို အိမ်စောင့်တပ်ဖွဲ့ထဲ ထည့်ပေးမည်ဟု ကတိပေးခဲ့ဖူးသည်ကိုလည်း မေ့လျော့နေပုံရသည်။

စုန်ယုယောင်စကားပြောနေပုံမှာ ကျောက်ဖေးကို ကြီးမြတ်လှသော ကျေးဇူးတော် ချီးမြှင့်နေသည့်အလား မောက်မာသော အမူအရာဖြင့် အထက်စီးမှ ကြည့်နေခြင်းဖြစ်သည်။

သို့သော် ကျောက်ဖေးကတော့ မျက်လုံးကို တဝက်မှိတ်ထားရင်း လေဟုန်စီးကွက်အတိုင်းသာ ဆက်လက်ကျင့်ကြံနေသည်။

ကျေးဇူးတင်စကားဆိုရန် စိတ်ကူးပင် ရှိပုံမရချေ။

ဤသည်ကို မြင်သောအခါ စုန်ယုယောင်မှာ ဒေါသလှိုင်းများ ထကြွလာတော့သည်။

"ဟေ့ မင်းရဲ့သခင်က စကားပြောနေတာကို ခွေးတစ်ကောင်လို မင်းက လျစ်လျူရှုနေတာလား? ကျောက်ဖေး... ငါပြောတာ ကြားရဲ့လား”

စုန်ယုယောင်က ခက်ထန်သောအသံဖြင့် အဖြေတောင်းလိုက်သည်။

ဤတစ်ကြိမ်တွင်တော့ ကျောက်ဖေးက မှိတ်ထားသော မျက်ခွံများကို ဖွင့်လိုက်ပြီး "ကြားတယ်" ဟူသော စကားသုံးခွန်းကိုသာ ခပ်အေးအေး ပြောလိုက်သည်။

သူ၏ ဂရုမစိုက်သော အမူအရာမှာ စုန်ယုယောင်၏ ဒေါသမီးကို လောင်စာထည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

"နင်လို ကောင်စုတ်... ငါ နင့်ကို ဆုံးမစာ မပေးတာ ရက်အနည်းငယ် ကြာသွားလို့ နင့်ကိုယ်နင် ဘယ်သူလဲဆိုတာ မေ့သွားပြီထငတယ်”

စုန်ယုယောင်က လက်ကို မြှောက်ကာ ကျောက်ဖေး၏ ပါးကို ရိုက်ရန် ရွယ်လိုက်သည်။

ခွေးတစ်ကောင်ထက်ပင် နိမ့်ကျသော အစေခံတစ်ယောက်က သူမရှေ့တွင် ဤသို့ မောက်မာပြဝံ့သည်လား?

သူမသည် တစ်ခါမျှ ဤသို့ အစော်ကားမခံခဲ့ရဖူးပေ။

ဖြန်း

ရိုက်ချက် ကျရောက်လာတော့မည့် အချိန်တွင် ကျောက်ဖေးသည် ကျင့်ကြံမှုကို ရပ်တန့်ကာ ရှောင်တိမ်းလိုက်ရသည်။

"နင်လိုကောင်က... တကယ်ပဲ ရှောင်ဝံ့တယ်ပေါ့လေ?"

စုန်ယုယောင်၏ နှုတ်ခမ်းများမှာ ဒေါသကြောင့် တုန်ယင်နေ၏။

ကျောက်ဖေး၏ မျက်နှာမှာ အေးစက်သွားပြီး "စုန်ယုယောင်... တိုက်ချင်ရင် နောက်မှ စင်ပေါ်မှာ တိုက်ကြတာပေါ့။ ဒီမှာ ဘာလို့ အားအင်တွေ ဖြုန်းတီးနေမှာလဲ?" ဟု ပြန်လည်ချေပလိုက်သည်။

ကျောက်ဖေး၏ စကားကြောင့် စုန်ယုယောင်မှာ ခေတ္တမျှ ဆွံ့အသွားသည်။

သူမ၏ မျက်နှာမှာ ဖြူဖျော့ရာမှ တဖြည်းဖြည်း နီမြန်းလာကာ အကြီးအကျယ် ဒေါသထွက်သွားလေတော့သည်။

"ကောင်းပြီ... ကောင်းပြီ”

စုန်ယုယောင်သည် ဒေါသကြောင့် ရယ်မောလိုက်ရင်း "နင်လိုကောင်ကတော့ သေဖို့သာ ပြင်ထားတော့။ နင် သေရမယ်လို့ ငါပြောနေတာ။ မဟုတ်သေးဘူး... နင်ကို မသေ မရှင်

ဖြစ်အောင် လုပ်ပစ်မယ်..နင့်ကို အရှင်လတ်လတ် အရေခွံခွာပြီး အသားတွေကို တစ်စစီ လှီးဖြတ်ပစ်မယ်လို့ ငါ ကျိန်ဆိုတယ်..."

စုန်ယုယောင်သည် အလွန်ရက်စက်ကြမ်းကြုတ်သော စကားလုံးများကို ဆိုလေသည်။

သူမ၏ စရိုက်အရ ဤသည်မှာ စကားသက်သက် မဟုတ်ဘဲ အမှန်တကယ် လုပ်ဆောင်မည့် အကြံပင် ဖြစ်သည်။

အရှက်မရှိသော ဟန်ဆောင်မှုများကို ဖယ်ခွာပြီးသား ဖြစ်နေသဖြင့်...

ကျောက်ဖေးကလည်း သူမကို သည်းခံမနေတော့ပေ။ သူသည် မိမိ၏ ဒေါသကို အောင့်အီးတတ်သူ မဟုတ်သလို စုန်ယုယောင်ကိုလည်း မိမိရှေ့တွင် ဤမျှ ရိုင်းစိုင်းခွင့် ပေးမည်

မဟုတ်ချေ။

"ထွက်သွားစမ်း”

ကျောက်ဖေးက ခြေထောက်ကို မြှောက်ကာ စုန်ယုယောင်ကို ကန်ထုတ်လိုက်သည်

အမှန်စင်စစ် စုန့်ယောင်ယုသည် အရည်အချင်း မညံ့ဖျင်းဘဲ ပြီးခဲ့သည့်လက ထိပ်သီးတပည့် ဆယ်ဦးစာရင်းဝင် ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူမက လုံးဝ အဆင်သင့် မဖြစ်ခဲ့ပေ။

အစေခံတစ်ယောက်က သူမကို တိုက်ခိုက်ဝံ့လိမ့်မည်ဟု သူမ အိမ်မက်ပင် မမက်ခဲ့ဖူးချေ။

သူမသည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ကာ နာကျင်စွာ ညည်းတွားလိုက်ရသည်။

"နင်... နင်က နင့်ရဲ့ အထက်လူကြီးကို အာခံရဲတယ်ပေါ့?”

စုန်ယုယောင်သည် ဝမ်းဗိုက်ကို ဖိထားရင်း သူမ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုနှင့် ဒေါသများ ပြည့်နှံ့နေသည်။

သူမသည် ရူးသွပ်သွားသည့်အလား ကျောက်ဖေးကို အသေအလဲ တိုက်ခိုက်ရန် ခုန်ထလိုက်သည်။

ထိုစဉ်မှာပင်...

လူရိပ်တစ်ခု လျင်မြန်စွာ ရောက်ရှိလာပြီး သူတို့နှစ်ဦးကြားတွင် ပိတ်ဆို့လိုက်သည်။

ထိုသူမှာ ကိုယ်ခံပညာကျောင်းမှ နည်းပြ လီကမ်းပင် ဖြစ်သည်။

"ပြိုင်ပွဲအတွင်းမှာ ပုဂ္ဂိုလ်ရေးအရ ခိုင်ရန်ဖြစ်ပွားတာကို ပြတ်ပြတ်သားသား တားမြစ်ထားတယ်၊ မကျေနပ်တာရှိရင် စင်ပေါ်မှာ ရှင်းကြ၊ မဟုတ်ရင် ငါ့ရဲ့ ရက်စက်မှုကို မင်းတို့ ခံစားရလိမ့်မယ်”

စုန်ယုယောင်က အော်ဟစ်လိုက်သည် "နည်းပြလီ... ဖယ်ပေးစမ်းပါ။ ဝက်နဲ့ ခွေးထက်တောင် နိမ့်ကျတဲ့ အစေခံက ကျွန်မကို လက်ဖျားနဲ့ ထိရဲတယ်။ သူ ဒီအတွက် ပေးဆပ်ရမယ်”

လီကမ်းက သူမကို အေးစက်စက် ကြည့်ကာ ပြင်းထန်စွာ ပြောလိုက်သည် "စုန်ယုယောင်... ဒါဟာ ပျံလွှားငှက် ကိုယ်ခံပညာကျောင်းပဲ၊ မင်းတို့ စုန်မိသားစုရဲ့ နောက်ဖေးခြံ မဟုတ်

ဘူး။ နောက်ထပ် ပြဿနာရှာဦးမယ်ဆိုရင် ပြိုင်ပွဲကနေ ထုတ်ပယ်ပစ်မယ်၊ ငါ့ကို အပြစ်မတင်နဲ့”

စုန်ယုယောင်မှာ တုန်ယင်သွားပြီး သူမ၏ ရူးသွပ်မှုများမှာ အနည်းငယ် ပြန်လည်

တည်ငြိမ်သွားသည်။

သူမသည် ကျောက်ဖေးကို အငြိုးအတေးကြီးစွာဖြင့် စိုက်ကြည့်ရင်း "ကောင်းပြီ... ကောင်းပြီ ကျောက်ဖေး၊ ပြိုင်ပွဲပြီးတာနဲ့ နင် သေဖို့သာ ပြင်ထားတော့၊ စောင့်ကြည့်နေလိုက်”ဟု ကြိမ်းဝါးလိုက်လေတော့သည်။

All Chapters