အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အခန်း (၄၃) ကိုယ်ပွါးခုနစ်ယောက်
မေလသို့ ရောက်ရှိလာသည်နှင့်အမျှ ရာသီဥတုမှာလည်း တဖြည်းဖြည်း ပိုမိုပူပြင်းလာခဲ့သည်။
လေ့ကျင့်ရေးကွင်းအတွင်း၌ အမြဲလိုလို ချွေးနံ့များ နံစော်နေသော်လည်း အချိန်အနည်းငယ် ကြာပြီးနောက်တွင်မူ ကျင့်သားရသွားကာ ထူးခြားသည်ဟု မခံစားရတော့ချေ။
ပြီးခဲ့သည့်အကြိမ်က စုန်ယုယောင်၏ တောင်းဆိုချက်ကို ကျောက်ဖေးက ငြင်းပယ်ခဲ့ပြီးနောက် သူမသည် အလွယ်တကူ လက်မလျှော့ဘဲ ကျောက်ဖေးထံသို့ အကြိမ်ကြိမ် လာရောက်ကာ နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ခဲ့သေးသည်။
နောက်ဆုံးအကြိမ်တွင်မူ သူတို့နှစ်ဦးမှာ လူပုံအလယ်၌ပင် လက်ပါသည်အထိ ဖြစ်ခဲ့ကြ၏။
သို့သော် စုန်ယုယောင်သည် ကောင်းကျိုးမရခဲ့ချေ။ ကျောက်ဖေး၏ ရက်စက်လှသော လက်သီးချက်ကြောင့် သူမ၏ ရှေ့သွားတစ်ဝက်ခန့်မှာ ကျိုးထွက်သွားခဲ့ရသည်။
ထိုအချိန်မှစ၍ ကျောက်ဖေးသည် အေးအေးချမ်းချမ်းဖြင့် ကျင့်ကြံခွင့် ရရှိတော့သည်။
သူသည် နေ့စဉ် လေဟုန်စီးကျင့်စဉ်ကို အာရုံစိုက် လေ့ကျင့်လျက် ချီနှင့် သွေးသန့်စင်ခြင်းကို အားသွန်ခွန်စိုက် ပြုလုပ်ကာ နဝမအဆင့် သိုင်းသမားနယ်ပယ်သို့ အမြန်ဆုံး ရောက်ရှိရန် မျှော်လင့်နေခဲ့သည်။
နေ့စဉ် ဓာတ်စာသောက်ခြင်းကိုလည်း တစ်ရက်မျှ မပြတ်ခဲ့ချေ။ နံနက်၊ နေ့လယ်၊ ည ဟူ၍ တစ်နေ့လျှင် သုံးကြိမ် မှန်မှန် သောက်သုံးခဲ့သည်။
၎င်းပြင် သူ၏ ဓာတ်စာမှာလည်း အစောပိုင်းက သုံးစွဲခဲ့သော သွေးအားဖြည့် ကိုယ်ခန္ဓာသန်မာ စွပ်ပြုတ်မှသည် နဂါးကျား အရိုးသန်မာစွပ်ပြုတ် အဆင့်သို့ ပြောင်းလဲ တိုးတက်လာခဲ့သည်။
ကျောက်ဖေးသည် သိုင်းကျောင်းအမှတ် ၁၀၀ ကို အသုံးပြု၍ သွေးဝိညာဉ်ဆေးလုံးနှစ်လုံးကိုပင် အထူးလဲလှယ်ခဲ့သေးသည်။
ဤသို့ဖြင့် ရက်ပေါင်း နှစ်ဆယ်ကျော် ကုန်ဆုံးသွားခဲ့သည်။
ထိုကာလအတွင်း ကျောက်ဖေးသည် သူ၏ ကိုယ်ပွားတစ်ဦးကို ထပ်မံတိုးပွားနိုင်ခဲ့ရာ ယခုအခါ စုစုပေါင်း ကိုယ်ပွား (၇) ယောက် ရှိနေပြီ ဖြစ်သည်။
ကျောက်ဖေး သတိထားမိသည်မှာ ကိုယ်ပွားများ တိုးပွားလာသည့်နှုန်းမှာ အချိန်ကြာလာသည်နှင့်အမျှ နှေးကွေးသွားခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ခန္ဓာကိုယ် သန်စွမ်းလာသည်နှင့်အမျှ ကိုယ်ပွားများ ထွက်ပေါ်လာမှုမှာ ပိုမိုမြန်ဆန်လာသကဲ့သို့ ရှိနေသည်။
၎င်းမှာ သူ၏ သွေး၊ ချီတိုးတက်လာမှုနှင့် ဆက်စပ်နေနိုင်သည်ဟု ကျောက်ဖေး ခန့်မှန်းမိ၏
သို့သော်လည်း သေချာရေရာခြင်းမူ မရှိသေးချေ။
သို့သော် မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူ့အတွက် ကောင်းသော လက္ခဏာပင် ဖြစ်သည်။
ထိုနေ့နံနက်တွင်...
ကျောက်ဖေးသည် ရင်ပြင်၌ ရပ်လျက် လေဟုန်စီးကျင့်စဉ်ကို လေ့ကျင့်နေသည်။
သူ၏ အနေအထားလေ့ကျင့်မှုသည် တတိယအဆင့်ဖြစ်သော လေငြိမ်သက်ခြင်းသို့ ရောက်ရှိနေပြီဖြစ်ကာ နေ့စဉ်လေ့ကျင့်မှုများကြောင့် ပိုမိုခိုင်မာလာခဲ့သည်။
သွေးနှင့်ချီ သန့်စင်မှု၏ ထိရောက်မှုမှာလည်း လေဟုန်စီးအနေအထားမှ ပေးစွမ်းနိုင်သော အကန့်အသတ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ။
ယခုအခါ ကျောက်ဖေးသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များ၏ တည်ရှိမှုကို ရှင်းလင်းစွာ ခံစားနေရသည်။
ထိုသွေးနှင့်ချီများသည် သူ၏ ပုံစံပြောင်းလဲမှုနှင့်အတူ ခန္ဓာကိုယ်အတွင်း၌ နွေးထွေးပြီး အသက်ဝင်နေသော နဂါးတစ်ကောင်ကဲ့သို့ အဆက်မပြတ် စီးဆင်းလှုပ်ရှားနေ၏။
လီကမ်းပြောခဲ့သလိုပင် သွေးနှင့်ချီ အစွမ်းမှာ စကားဖြင့် ဖော်ပြ၍မရဘဲ ကိုယ်တိုင်သာ ခံစားသိရှိနိုင်သော အရာဖြစ်သည်။
သို့သော် ကျောက်ဖေးသည် လေဟုန်စီးကျင့်စဉ်၏ တတိယမြောက် လှုပ်ရှားမှုကို အဆုံးသတ်၍ စတုတ္ထမြောက် လှုပ်ရှားမှုသို့ ကူးပြောင်းရန် ပြင်လိုက်စဉ်မှာပင် သူ၏ သွေးနှင့်ချီအပေါ် ခံစားသိရှိမှုမှာ ရုတ်တရက် ကျဆင်းသွားတော့သည်။
စတုတ္ထကွက်ကို စတင်ပြီး ဆယ်စက္ကန့်ပင် မပြည့်မီမှာပင် သွေးနှင့်ချီ တည်ရှိမှုကို မခံစားရတော့ချေ။
လေဟုန်စီးကျင့်စဉ် တစ်ပတ်ပြည့်အောင် လေ့ကျင့်ပြီးနောက်
ကျောက်ဖေးသည် မတ်တပ်ရပ်လိုက်ကာ သက်ပြင်းတစ်ချက် ချမိသည်။
ကျောင်းသို့ ရောက်ရှိလာပြီးနောက် သူသည် သိသာထင်ရှားသော တိုးတက်မှုများကို ရရှိခဲ့သည်။
အထူးသဖြင့် သွေးနှင့်ချီကို အချောကိုင်နိုင်မှုပင် ဖြစ်သည်။
ပြီးခဲ့သည့်လက သွေးနှင့်ချီကို ခဏတာမျှသာ ခံစားနိုင်ခဲ့သော်လည်း ယခုအခါ တတိယမြောက် လှုပ်ရှားမှုအထိ ထိန်းသိမ်းထားနိုင်ပြီ ဖြစ်သည်။
လေဟုန်စီးကျင့်စဉ်က်၏ ပြည့်စုံသော ပုံစံတွင် လှုပ်ရှားမှု (၅) မျိုး ရှိသည်။
လီကမ်း၏ အဆိုအရ သွေးနှင့်ချီကို အာရုံခံနိုင်စွမ်းမှာ ထို (၅) မျိုးစလုံး ပြီးဆုံးသည်အထိ တည်မြဲနေပါက နဝမအဆင့် သိုင်းသမားနယ်ပယ်သို့ ရောက်ရှိပြီဟု ဆိုနိုင်သည်။
သို့သော် ကျောက်ဖေးကို စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ သူသည် အတားအဆီး တစ်ခုသို့ ရောက်ရှိနေပြီဟု ခံစားနေရခြင်းပင်။
အထူးသဖြင့် ပြီးခဲ့သည့် နှစ်ရက်အတွင်း သွေးဝိညာဉ်ဆေးလုံး မရှိတော့သည့်နောက် သွေးနှင့်ချီ တိုးတက်မှုမှာ အလွန်အမင်း နှေးကွေးသွားခဲ့သည်။
ကျောက်ဖေးကိုယ်တိုင်လည်း သိရှိထားပါသည်။
သူ၏ တိုးတက်မှုသည် လေဟုန်စီးကျင့်စဉ် တတိယအဆင့်ကြောင့်သာမက အဖိုးတန် ဓာတ်စာများနှင့် သွေးဝိညာဉ်ဆေးလုံးများ၏ အကူအညီကြောင့်လည်း ပါဝင်နေသည်။
သိုင်းသမားများအတွက် ငွေကြေး၊ အပေါင်းအသင်း၊ နည်းစနစ်နှင့်
ကျင့်စဉ်အရင်းအမြစ်များမှာ အမှန်တကယ်ပင် မရှိမဖြစ် လိုအပ်လှသည်။
ပြဿနာမှာ ယခုအခါ သွေးအားဖြည့် ကိုယ်ခန္ဓာကိုယ်သန်မာစွပ်ပြုတ်သည် သူ့အတွက် အကျိုးသက်ရောက်မှု မရှိသလောက် ဖြစ်နေပြီး၊ နဂါးကျား အရိုးသန်မာစွပ်ပြုတ်မှာလည်း အနည်းငယ်သာ ပိုကောင်းတော့သည်။
သွေးဝိညာဉ်ဆေးလုံးသည် ထိရောက်မှုရှိသော်လည်း ယခုလအတွက် သူ၏ သိုင်းကျောင်းအမှတ်များမှာ ကုန်ဆုံးသွားပြီဖြစ်သည်။
နောက်လတွင် ပြိုင်ပွဲ၌ ပထမ ထပ်မံရလျှင်ပင် အမှတ် (၁၅၀) သည် ဆေးလုံး (၃) လုံးစာအတွက်သာ လုံလောက်မည်ဖြစ်သည်။
အခြားတပည့်များအဖို့မူ တစ်လလျှင် ဆေးလုံး (၃) လုံး ရရှိပါက အတိုင်းမသိ ဝမ်းသာကြမည်ဖြစ်၏
သို့သော်လည်း ကျောက်ဖေးမှာမူ ထိုမျှနှင့် အားမရနိုင်ချေ။
သူသည် အတားအဆီးနှင့် အဘယ်ကြောင့် စောစီးစွာ တွေ့ရသနည်းဟူသော အကြောင်းရင်းကိုလည်း နားလည်ထားသည်။ ၎င်းမှာ သူသည် သိုင်းပညာကို အသက်ကြီးမှ စတင်လေ့ကျင့်ခဲ့သောကြောင့် ဖြစ်သည်။
ပုံမှန်အားဖြင့် သိုင်းပညာကို စောစီးစွာ လေ့ကျင့်သူများသည် အတားအဆီးများနှင့် တွေ့ရခဲပြီး သိုင်းသမားနယ်ပယ်သို့ ချောမွေ့စွာ ဝင်ရောက်နိုင်ကြသည်။
သမိုင်းတစ်လျှောက် အတွေ့အကြုံများအရ သိုင်းပညာသင်ယူရန် အကောင်းဆုံး အသက်မှာ (၁၀)နှစ်ဝန်းကျင်နှင့် (၁၅) နှစ်အောက် ဖြစ်သည်။
စောလွန်းလျှင်လည်း အခြေခံကို ထိခိုက်စေနိုင်၏
သို့သော်လည်း နောက်ကျလွန်းပြန်လျှင်လည်း အရိုးအဆစ်များ ခိုင်မာသွားပြီဖြစ်၍ သွေးစွမ်းအင် သန့်စင်ရန် ခက်ခဲသွားတတ်သည်။
ကျောက်ဖေးမှာ အသက် (၂၄ - ၂၅) ဝန်းကျင် ရှိနေပြီဖြစ်ရာ ခန္ဓာကိုယ်၏ အခြေခံမှာ တည်ငြိမ်နေပြီ ဖြစ်သည်။
သူ၏ လက်ရှိ အားထုတ်မှုမှာ ဆောက်လုပ်ပြီးသား အိမ်အိုကြီးတစ်လုံးကို အသစ်ပြန်လည် ပြုပြင်နေရသကဲ့သို့ပင်။
ပိုမိုအားကောင်းသော သွေးနှင့်ချီများကို လက်ခံနိုင်ရန်အတွက် အခြေခံမှစ၍ ပြန်လည် ပြုပြင်ပြောင်းလဲနေရသဖြင့် အတားအဆီးများနှင့် ကြုံတွေ့ရရန် ပိုမိုလွယ်ကူနေခြင်း ဖြစ်ပေတော့သည်။
ဤအတားအဆီးကိုသာ ကျော်ဖြတ်နိုင်ပါက အသက်အရွယ်ကွာဟချက်သည် များစွာလျော့ပါးသွားမည်ဖြစ်ပြီး ကျောက်ဖေးအနေဖြင့် အခြားသိုင်းသမားများနှင့် တန်းတူအမှတ်တွင် ပြန်လည်ရပ်တည်နိုင်မည်ဖြစ်သည်။
သူ၏ဦးနှောက် (၈) ခု မူလကိုယ်နှင့် ကိုယ်ပွား ၇ ယောက်သည် ဤပြဿနာကို ဖြေရှင်းရန် တပြိုင်နက်တည်း ဝိုင်းဝန်းစဉ်းစားကြလေသည်။
"တစ်ဆင့်ချင်း တက်လှမ်းနေရတာက အရမ်းနှေးလွန်းတယ်။ ငါ ကျောင်းတော်ကနေ ခဏထွက်ပြီး ပြင်ပလောကမှာ အခွင့်အရေး ရှာသင့်ပြီထင်တယ်"
ကျောက်ဖေး၏ စိတ်ထဲတွင် အတွေးသစ်တစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာသည်။
ယခုအခါ ပျံလွှားသိုင်းကျောင်းတော်တွင် ဆက်နေရန်မှာ သူ့အတွက် အဓိပ္ပာယ် များစွာမရှိတော့ချေ။
သူသည် တောင်ဖြိုဓားသိုင်းနှင့် ပျံလွှားရိပ်သိုင်း နှစ်ခုစလုံးကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည်။
အထူးသဖြင့် ပျံလွှားရိပ်သိုင်းပင် ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ကျောက်ဖေးသည် သူ၏ကိုယ်ပွားများကို အားလပ်ချိန်တိုင်း ကောင်းကင်ယံရှိ ငှက်များ၏ ပျံသန်းမှုကို လေ့လာရန် ခိုင်းစေခဲ့သည်။
ကောင်းကင်ရှိ ငှက်တိုင်းသည် ပျံလွှားငှက်များ မဟုတ်ကြသော်လည်း ငှက်ချင်းတူသဖြင့် ပျံသန်းမှု အခြေခံမှာ ဆင်တူကြလိမ့်မည်ဟု သူ ယုံကြည်သည်။
ကျောက်ဖေးသည် သိုင်းပညာကို နောက်ကျမှ စတင်ခဲ့သည်ဆိုသော်လည်း အခြားသော ကဏ္ဍများတွင်မူ သာမန်လူထက် (၇) ဆ၊ (၈) ဆမက သာလွန်နေပြီး ဤကွာဟချက်မှာ ကိုယ်ပွားများ တိုးလာသည်နှင့်အမျှ ပိုမိုကြီးမားလာမည်ဖြစ်သည်။
သာမန်လူထက် (၈) ဆ သာလွန်သော နားလည်သဘောပေါက်မှု စွမ်းအားဖြင့် ကျောက်ဖေးသည် တစ်နေ့ခင်းအတွင်းမှာပင် သိုင်း၏အနှစ်သာရ အလင်းတန်းတစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့သည်။
ပျံလွှားရိပ်သိုင်း၏ အနှစ်သာရကို ရရှိသွားခြင်းသည် အဆင့်မြင့် အောင်မြင်မှု နယ်ပယ်သို့ အမှန်တကယ် ခြေချလိုက်ခြင်းပင်။
ကျောက်ဖေးအနေဖြင့် ကျောင်းတော်၌ ဆက်နေလျှင်ပင်
ထိုဆရာများမှာ သူ့အား ဤသိုင်းနှစ်ခုနှင့် ပတ်သက်၍ ထပ်မံသင်ကြားပေးနိုင်စွမ်း မရှိတော့ချေ။
အများဆုံးရှိလှလျှင် လကုန်တိုင်း ကျင်းပသည့် ပြိုင်ပွဲတွင် ပါဝင်၍ သွေးဝိညာဉ်ဆေးလုံး (၃) လုံး ရယူရန်သာ ရှိတော့သည်။
သူ အလုပ်ရှုပ်နေပါကလည်း ကိုယ်ပွားတစ်ဦးကို သူ့ကိုယ်စား လွှတ်၍ ပြိုင်ခိုင်းရုံသာ ရှိသည်။
ဦးနှောက် (၈) ခု၏ အကျိုးအပြစ် ခွဲခြမ်းစိတ်ဖြာမှုများအပြီးတွင် ကျောက်ဖေးသည် လျင်မြန်စွာ ဆုံးဖြတ်ချက် ချလိုက်
တော့သည်။
သူသည် ကျင့်ကြံခြင်းကို ရပ်နားလိုက်ပြီး ကျောင်းစားသောက်ဆောင်၌ ဝအောင်စားကာ လီကမ်းထံ သွားရောက်၍ အခြေအနေကို ရှင်းပြခဲ့သည်။
သူသည် အကြောင်းပြချက်အဖြစ် ပြင်ပလောကသို့ ထွက်၍ ပျံလွှားအရိပ်သိုင်း၏ အနှစ်သာရကို ပိုမိုနားလည်အောင် ကျင့်ကြံလိုကြောင်းနှင့် သိုင်းအဆင့် တိုးတက်လိုကြောင်း ပြောကြားခဲ့သည်။
ဤအကြောင်းပြချက်မှာ အလွန်ခိုင်လုံလှပြီး သိုင်းသမားများအဖို့ အတားအဆီးနှင့် ကြုံတွေ့ရချိန်တွင် ခရီးလှည့်လည်၍ အလင်းပွင့်အောင် လုပ်ဆောင်ခြင်းမှာ ထုံးစံပင် ဖြစ်သည်။
လီကမ်းက သူ့ကို မတားမြစ်ခဲ့သော်လည်း ကျန်းလင်းခရိုင်နှင့် သိပ်မဝေးသော နေရာများသို့သာ သွားရန်နှင့် အန္တရာယ်နှင့် ကြုံပါက မဆင်မခြင် မလုပ်ဆောင်ရန် သတိပေးခဲ့သည်။
ကျောက်ဖေးကလည်း အားလုံးကို သဘောတူခဲ့သည်။
သူ၌ ယခုအခါ ကိုယ်ပွား (၇) ယောက် ရှိနေပြီဖြစ်ရာ အမှန်တကယ် အန္တရာယ်ရှိပါက ကိုယ်ပွားတစ်ခုကို အစားထိုး နိုင်၏
လိုအပ်လျှင် ကိုယ်ပွားကို ရှေ့တော်ပြေးအဖြစ် စေလွှတ်၍ စူးစမ်းခိုင်းနိုင်သည်။
သို့သော်လည်း လိုအပ်သည့်အခါတွင် ဂရုစိုက်ရမည်ဖြစ်ပြီး ဟန်ချက်ညီညီ လုပ်ဆောင်ရန် လိုအပ်ကြောင်း သူ နားလည်ထားသည်။
လီကမ်းကို နှုတ်ဆက်ပြီးနောက် ကျောက်ဖေးသည် နံပါတ် (၂)လေ့ကျင့်ရေးကွင်းကို ဖြတ်သန်းလာခဲ့သည်။
ထိုစဉ် ချွေးသံရဲရဲဖြင့် ကြိုးစားလေ့ကျင့်နေသော စွန်းဟူကို တွေ့လိုက်ရ၏။
ကျောက်ဖေး၏ လမ်းညွှန်မှုအောက်တွင် စွန်းဟူမှာ လွန်ခဲ့သော ကာလအတွင်း သိသိသာသာ တိုးတက်လာခဲ့ပြီး တောင်ဖြိုဓားသိုင်းနှင့်
ပျံလွှားရိပ်သိုင်းတို့၏ အခြေခံကို ရရှိနေပြီ ဖြစ်သည်။
ဆရာက တံခါးဝအထိ လမ်းပြပေးနိုင်သော်လည်း လက်တွေ့ကျင့်ကြံရန်မှာ မိမိအပေါ်၌သာ မူတည်သည်။
စွန်းဟူအနေဖြင့် အခြေခံရသွားပြီဖြစ်ရာ နောက်ပိုင်းတွင် ကိုယ်တိုင်လေ့ကျင့်မှုနှင့် နားလည်မှုအပေါ်တွင်သာ အဓိက တည်
တော့သည်။
ကျောက်ဖေးသည် စွန်းဟူကို အကြံပြုချက်အချို့ ပေးလိုက်ပြီးနောက် - "ငါ ခဏလောက် မြို့ပြင်ထွက်သွားမယ်၊ ပြိုင်ပွဲကျရင်တော့ ပြန်လာခဲ့မယ်။ တစ်ခုခုရှိရင် ငါပြန်လာမှ ပြောကြတာပေါ့" ဟု ဆိုလိုက်သည်။
စွန်းဟူမှာ စိုးရိမ်စိတ်ဖြင့် - "စီနီယာအစ်ကို... မြို့ပြင်မှာ စုန်မိသားစုက စောင့်နေမှာကို မကြောက်ဘူးလား..." ဟု သတိပေးလိုက်သည်။
"ဟဟ... စိတ်မပူပါနဲ့၊ စုန်မိသားစုလောက်ကို ကြောက်ပြီး အိမ်ထဲကနေ မထွက်ရဲလောက်အောင် ငါက သူရဲဘောမကြောင်ပါဘူး"
ထိုသို့ပြောပြီးနောက် ကျောက်ဖေးသည် လက်ဝေ့ယမ်းကာ လှည့်ထွက်လာခဲ့တော့သည်။
စွန်းဟူအား ထပ်မံ၍ ရှင်းပြနေရန် မလိုတော့ပေ။
အခန်း ၄၄ ဆုတော်ငွေအမိန့်တော်စာ
နေအိမ်အခန်းသို့ ပြန်ရောက်သောအခါ ကျောက်ဖေးသည် လွန်ခဲ့သောရက်အနည်းငယ်ကမှ ဝယ်ယူထားသည့် အပြာနုရောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။
ထို့နောက် သူ၏ဓားရှည်ကို လက်နက်အဖြစ် ဆွဲကိုင်ကာ ကိုယ်ခံပညာသင်တန်းကျောင်းမှ ထွက်ခွာလာခဲ့၏။
ဤဝတ်စုံမှာ သူအပြင်ထွက်ရန်အတွက် သီးသန့်ပြင်ဆင်ထားခြင်းဖြစ်သည်။ ပေါ့ပါးသော အထည်သားဖြင့် ချုပ်လုပ်ထားသဖြင့် လှုပ်ရှားရလွယ်ကူစေပြီး အရောင်မှာလည်း သိသိသာသာ ထင်ပေါ်ခြင်းမရှိသောကြောင့် ရှုပ်ထွေးသော ပတ်ဝန်းကျင်များတွင် ကိုယ်ယောင်ဖျောက်ရန် သင့်တော်လှသည်။
သူသည် ဤကဲ့သို့သော ဝတ်စုံမျိုးကို မြို့ထဲရှိ အပ်ချုပ်ဆိုင်များတွင် တစ်ဒါဇင်ကျော်ခန့် အထူးမှာယူချုပ်လုပ်ထားခြင်းဖြစ်သည်။
ပျမ်းမျှအားဖြင့် ကိုယ်ပွါးတစ်ယောက်လျှင် ဝတ်စုံနှစ်စုံ၊ သုံးစုံခန့် ရရှိမည်ဖြစ်သည်။
အမှန်စင်စစ် သိုင်းပညာသင်တန်းကျောင်း၏ ယူနီဖောင်းများမှာ အလွန်သိသာလွန်းလှသည်။ လူတစ်ယောက် လမ်းပေါ်ထွက်လာသည်နှင့် မည်သည့်နေရာက လာသနည်းဆိုသည်ကို တန်းခွဲခြားနိုင်ပေသည်။
ထိုသို့ဖြစ်ပါက အချို့သောကိစ္စရပ်များကို လုပ်ဆောင်ရန် အဆင်မပြေနိုင်ပေ။
သင်တန်းကျောင်းအုပ်ကြီး ချန်ယွမ်ရှန်းနှင့် လီကမ်းအပါအဝင် နည်းပြအချို့မှာ သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံကြသဖြင့် သူသည် ကျောင်းအတွက် အကြောင်းမဲ့ ပြဿနာမရှာချင်ပေ။
ကျောက်ဖေးသည် လေခွဲဓားကို ခါးတွင်ချိတ်ကာ ဓားမြှောင်တစ်စင်းကိုလည်း အိတ်ကပ်ထဲတွင် လျှို့ဝှက်ထည့်ထားလိုက်ရာ သူ၏ပုံစံမှာ ကျွမ်းကျင်ထက်မြက်ပုံ ပေါက်နေတော့သည်။
ထို့အပြင် သူ၏ ချောမောသော ရုပ်ရည်ကြောင့် ဓားသမားလူငယ်လေးတစ်ဦးနှင့်ပင် တူနေတော့၏။
"ဒါက ငါ့ရဲ့ အရင်ဘဝက ရိုက်ကူးတဲ့ သိုင်းကားထဲက အခန်းတစ်ခန်းသာဆိုရင် သေချာပေါက် မင်းသားပဲ"
တစ်ခုတည်းသော အားနည်းချက်မှာ သူ၏ဆံပင်များ အရှည်ကြီး မပေါက်သေးခြင်းပင်။
ကျောက်ဖေး စတင်ရောက်ရှိလာစဉ်က ကတုံးနီးပါး ဆံပင်တိုတိုသာ ရှိသော်လည်း ယခု နှစ်လခန့်အကြာတွင်မူ သူ၏ဆံပင်မှာ ဦးခေါင်းနောက်စေ့ကို ဖုံးအုပ်နိုင်ရုံမျှသာ ရှိသေးသည်။
ဤကမ္ဘာတွင် ဆံပင်တိုတိုထားခြင်းသည် ခေတ်စားခြင်းမရှိသော်လည်း အချို့သော သိုင်းသမားများမှာမူ လှုပ်ရှားရလွယ်ကူစေရန် ဆံပင်တိုတို ညှပ်ထားတတ်ကြသည်။
အရုဏ်တက်ပြီးနောက် လမ်းမများပေါ်တွင် တဖြည်းဖြည်း စည်ကားလာသည်။
လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ပုခက်ဖြင့်ထမ်းကာ လမ်းတကာလှည့်လည် ရောင်းချနေသော ဈေးသည်များ၊ ထင်းနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသော မြည်းလှည်းများကို မြို့ထဲသို့ မောင်းနှင်လာသည့် လယ်သမားများနှင့် ဈေးသို့ အလျင်အမြန် သွားနေကြသည့် ဈေးခြင်းတောင်း ကိုင်ထားသော အမျိုးသမီးများကို မြင်တွေ့ရသည်။
လမ်းဘေးရှိ ဆိုင်ခန်းများလည်း တစ်ခုပြီးတစ်ခု ပွင့်လာကြကာ ဆိုင်အကူများသည် ဆိုင်ရှေ့မျက်နှာစာကို သန့်ရှင်းရေးလုပ်ခြင်း၊ ကုန်ပစ္စည်းများ ခင်းကျင်းခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြပြီး သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းတစ်ခုကို ဖန်တီးနေကြသည်။
ကျောက်ဖေးသည် သင်တန်းကျောင်းမှ ထွက်လာပြီး ခရိုင်ရုံးဆီသို့ တန်းတန်းမတ်မတ် ဦးတည်လိုက်သည်။
လူအင်အား မလုံလောက်မှုကြောင့် ရုံးသည် သိုင်းသမားများအတွက် ဆုတော်ငွေအမိန့်တော်စာအချို့ကို ထုတ်ပြန်လေ့ရှိကြောင်း သူ စုံစမ်းသိရှိထားသည်။
ဤတာဝန်များသည် အမျိုးမျိုးရှိပြီး အများစုမှာ ထွက်ပြေးနေသော ရာဇဝတ်ကောင်များကို ဖမ်းဆီးခြင်း၊ ဓားပြများကို နှိမ်နင်းခြင်း သို့မဟုတ် အမှုစုံစမ်းစစ်ဆေးရာတွင် မြို့တော်ရုံးကို ကူညီခြင်း စသည့် အန္တရာယ်ရှိသော အလုပ်များ ဖြစ်ကြသည်။
သို့သော်လည်း ရုံးမှ ပေးအပ်သော တာဝန်များသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးအမြတ်အတွက် များစွာမရရှိတတ်ပေ။
တာဝန်ပြီးမြောက်၍ ရရှိလာသော ဆုကြေးငွေများကို လောဘကြီးသော အရာရှိများက ခိုးယူဖြတ်တောက်ခြင်းမှာပင် ထုံးစံတစ်ခုလို ဖြစ်
နေသည်။
ထို့ကြောင့် ဤဆုတော်ငွေတာဝန်များကို လက်ခံသူ အလွန်နည်းပါးလှသည်။
အများစုမှာ နာမည်ဂုဏ်သတင်း ရရှိရန်အတွက်သာ ဤတာဝန်များကို လက်ခံကြခြင်းဖြစ်သည်။
ကျောက်ဖေးသည် ဆုကြေးငွေကြောင့် လာခြင်းမဟုတ်ဘဲ ဆုတော်ငွေတာဝန်၏ ပါဝင်အကြောင်းအရာကြောင့်သာ လာခဲ့ခြင်းဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် သူ၏လက်ထဲတွင် ငွေစင် ၈၀၀ ကျော် ရှိနေသေးပြီး သုံးစွဲရန် အချိန်မရသေးပေ။
ကျန်းလင်းခရိုင်သည် ဝေးလံခေါင်သီသော မြို့ငယ်လေးဖြစ်သဖြင့် ကျင့်စဉ်အရင်းအမြစ်များ ရှားပါးလှသည်။
အဓိက ကိုယ်ခံပညာသင်တန်းကျောင်းကြီး လေးခုမှာပင် သွေးဝိညာဉ်ဆေးသည် အမြင့်ဆုံးအဆင့် ဖြစ်နေပြီဖြစ်သည်။
သင်တန်းကျောင်းတွင် ယခုအချိန်ထိ သွေးဝိညာဉ်ဆေးလုံးသာလျှင် ကျောက်ဖေးအတွက် ထိရောက်မှုရှိသည်။
ကံမကောင်းစွာဖြင့် သွေးဝိညာဉ်ဆေးလုံးများကို ငွေဖြင့် ဝယ်ယူ၍မရနိုင်ပေ။
ကျန်းလင်းခရိုင်ရှိ ကိုယ်ခံပညာသင်တန်းကျောင်းများမှာ ညံ့ဖျင်းသည်ဟု မဆိုလိုပေ
သင်တန်းကျောင်းရှိ အရင်းအမြစ်များသည် လူအများစုအတွက် လုံလောက်မှုရှိပါသည်။
အခြေခံအားဖြင့် သင်တန်းကျောင်းကြီး လေးခုသည် နှစ်စဉ် ကိုယ်ခံပညာရှင်ငါးဦး၊ ခြောက်ဦးခန့်ကို တသမတ်တည်း လေ့ကျင့်ပေးနိုင်စွမ်း ရှိကြသည်။
မျိုးနွယ်စုဝင်များသည် သင်တန်းကျောင်း၏ အရင်းအမြစ်များကို အားကိုးခြင်းဖြင့် နဝမအဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်ကြသည်။
အဓိက ပြဿနာမှာ ကျောက်ဖေးသည် ကိုယ်ခံပညာသင်ယူရန် အသက်အရွယ်ကြီးလွန်းနေပြီဖြစ်ပြီး လေ့ကျင့်မှုနှုန်း နှေးကွေးခြင်းကို စိတ်တိုင်းမကျခြင်းပင်ဖြစ်သည်။
ဆယ်ကျော်သက်အရွယ်ကတည်းက စတင်သင်ယူခဲ့သော စုန်ယုယောင်ကဲ့သို့သော သူများနှင့် နှိုင်းယှဉ်ပါက သူသည် စစ်မှန်သော ကိုယ်ခံပညာရှင်အဆင့်သို့ အမြန်ဆုံးရောက်ရှိစေရန် ပိုမိုကောင်းမွန်သော ကျင့်စဉ်
အရင်းအမြစ်များ လိုအပ်နေသည်။
ကျန်းလင်းခရိုင်၏ အရှေ့ဘက် မိုင်ပေါင်းရာချီအကွာတွင် ကျန်းယွဲ့ ဟုခေါ်သော မြို့ကြီးတစ်မြို့ ရှိသည်ဟု ဆိုကြသည်။
ထိုနေရာတွင် ဆေးလုံးများကို အထူးပြုရောင်းချသော ဆိုင်များရှိပြီး ဂိုဏ်းအတော်များများလည်း အခြေစိုက်ကြသည်။
ကျောက်ဖေးသည် ကျန်းယွဲ့မြို့သို့ သွားရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။
အကယ်၍ မမျှော်လင့်ထားသော အခက်အခဲများ မရှိခဲ့ပါက ယခုလကုန်တွင် ကျင်းပမည့် ပြိုင်ပွဲပြီးနောက် လာမည့်လတွင် သူ ခရီးထွက်မည်ဖြစ်သည်။
ခရိုင်ရုံးသည် မြို့လယ်ခေါင်တွင် တည်ရှိပြီး အပြာရောင်အုတ်ခဲများဖြင့် ဆောက်လုပ်ထားသည့် ခန့်ညားထည်ဝါသော အဆောက်အအုံဖြစ်၏
တံခါးဝတွင် ကျောက်ခြင်္သေ့နှစ်ကောင် ရှိနေသဖြင့် ပို၍ပင် တည်ကြည်လေးနက်ပုံ ပေါက်နေသည်။
ရဲမက်နှစ်ဦးသည် ကျောက်ခြင်္သေ့ဘေးတွင် ရပ်နေကြပြီး ဖြတ်သန်းသွားလာသူများကို ပျင်းရိစွာ ကြည့်ရှုနေကြသည်။
ကျောက်ဖေးသည် ရုံးဝင်ပေါက်သို့ လျှောက်သွားကာ လက်အုပ်ချီနှုတ်ဆက်ရင်း မေးမြန်းလိုက်သည်။
"လေးစားအပ်တဲ့ အရာရှိကြီးတို့... ကျွန်တော် ဆုတော်ငွေတာဝန်တစ်ခု လက်ခံချင်လို့ပါ။ ဘယ်နေရာမှာ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရမလဲဆိုတာ လမ်းညွှန်ပေးပါဦးခင်ဗျာ။"
ရဲမက်နှစ်ဦးမှာ အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ကြသည်။
သာမန်အားဖြင့် သိုင်းပညာရှင်များမှာ ခရိုင်ရုံးသို့လာပြီး တာဝန်လက်ခံလေ့ရှိသည်မှာ ရှားပါးလှသော်လည်း ယနေ့တွင်မူ ဤမျှစောစောစီးစီး ရောက်ရှိလာသူရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း ကျောက်ဖေး၏ ခါးတွင်ချိတ်ထားသော ဓားရှည်နှင့် ထူးခြားသော အရှိန်အဝါကို မြင်လိုက်ရသောအခါ မြို့ထဲရှိ မျိုးနွယ်စုကြီးတစ်ခုခုမှ နာမည်ကျော်ကြားလိုသဖြင့် ထွက်လာသော သခင်လေးတစ်ဦးဟု သူတို့ ယူဆလိုက်ကြသည်။
ထိုအခါ သူတို့၏ ပျတ်ပျတ်လတ်လတ် ပုံစံများ ချက်ချင်းပျောက်ကွယ်သွားပြီး ရဲမက်တစ်ဦးက ယဉ်ကျေးစွာဖြင့် ဖြေကြားပေးလိုက်၏။
"ဆုတော်ငွေအမိန့်တော် တာဝန်ကို လက်ခံချင်ရင်တော့ ရုံးထဲက ဆုတော်ငွေဌာနမှာ မှတ်ပုံတင်ရပါမယ်။ ပင်မတံခါးကနေ ဝင်သွားပြီး ဘယ်ဘက်ကို ကွေ့လိုက်ပါ၊ ခြေလှမ်း ၃၀ လောက် လျှောက်ရင် ရောက်ပါပြီ"
ကျောက်ဖေးက ကျေးဇူးတင်စကားဆိုကာ ရုံးအတွင်းသို့ ဝင်ရောက်ခဲ့သည်။
ရှေ့ကွင်းပြင်ကို ဖြတ်ကျော်ပြီးနောက် ရဲမက်ညွှန်ကြားသည့်အတိုင်း "ဆုတော်ငွေဆောင်" ဟု ဆိုင်းဘုတ် တပ်ထားသော အဆောက်အအုံသို့ ရောက်လာခဲ့၏။
အခန်းအတွင်းတွင် ဖိုင်တွဲများ ပုံစံတောင်လိုပုံနေသော စားပွဲရှည်ကြီးတစ်ခုရှိပြီး၊ မီးခိုးရောင်ဆံပင်နှင့် အပြာရောင်ဝတ်စုံဝတ် အိုမင်းနေသည့် စာရေးကြီးတစ်ဦးမှာ စားပွဲပေါ်တွင် မှောက်လျက် အိပ်မောကျနေသည်။
ကျောက်ဖေး ရှေ့သို့တိုးကာ စားပွဲကို ခေါက်လိုက်၏။
ဒေါက်... ဒေါက်... ဒေါက်...
ကျယ်လောင်သော အသံများကြောင့် စာရေးကြီး နိုးလာတော့သည်။
"မင်းက... ဘယ်သူလဲ..."
"ကျွန်တော် ဆုတော်ငွေတာဝန် လက်ခံဖို့ လာတာပါ"
"အော်... အေးအေး... ခဏစောင့်ဦး"
စာရေးကြီးသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်ရင်း စားပွဲပေါ်တွင် ခဏမျှ ဟိုဟိုဒီဒီ ရှာဖွေပြီးနောက် စာအုပ်ငယ်တစ်အုပ်ကို အမြန်ထုတ်ပေးလိုက်သည်။
"မျဉ်းမတားရသေးတဲ့ တာဝန်တွေက ဘယ်သူမှ မပြီးမြောက်သေးတဲ့ တာဝန်တွေပဲ။ ကြည့်ကြည့်ဦး... ဘယ်တာဝန်ကို ယူချင်လဲလို့..."
စကားပင် မဆုံးသေးမီ စာရေးကြီးမှာ နောက်ထပ် သမ်းဝေမှုတစ်ခုကို မအောင့်နိုင်ဘဲ ပြုလုပ်လိုက်ပြန်သည်။
ကျောက်ဖေးသည် စာအုပ်ကိုယူ၍ စာမျက်နှာများကို လှန်လှောကြည့်ရှုလိုက်ရာ စာအုပ်ငယ်ထဲတွင် တာဝန်ပေါင်း တစ်ဒါဇင်ကျော်ရှိပြီး အများစုမှာ ရာဇဝတ်ကောင်များကို လိုက်လံဖမ်းဆီးရသည့် အလုပ်များဖြစ်သဖြင့် ကျောက်ဖေး ကျော်ဖတ်လိုက်သည်။
တာဝန်နှစ်ခုကသာ သူ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ပထမတာဝန်သည် ကျန်းလင်းခရိုင်၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာတွင်ရှိသော နွားခေါင်းတောင်ဟုခေါ်သည့် နေရာအကြောင်းဖြစ်သည်။
ပြီးခဲ့သည့်လက ကုန်သည်အဖွဲ့တစ်ဖွဲ့ ဖြတ်သန်းသွားစဉ် ညဘက်တွင် လူနှစ်ဦး ပျောက်ဆုံးသွားခဲ့သည်။ ကုန်သည်အဖွဲ့ဝင်များကမူ ၎င်းတို့သည် မိစ္ဆာတစ်ကောင်နှင့် တိုးခဲ့ခြင်းဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့ကြသည်။
လူနှစ်ဦးမှာ တောအုပ်ထဲတွင် အစွယ်ကြီးများဖြင့် မိစ္ဆာတစ်ကောင် ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်ဟု ဆိုသည်။
နောက်ပိုင်းတွင် ခရိုင်အစိုးရက စုံစမ်းစစ်ဆေးရန် ရဲမက်များ စေလွှတ်ခဲ့သော်လည်း မည်သည့်သဲလွန်စမျှ မတွေ့ရှိခဲ့ဘဲ ပျောက်ဆုံးသူကိုလည်း ပြန်မတွေ့ခဲ့ရပေ။
ဒုတိယတာဝန်သည် မြို့၏ အနောက်ဘက် မိုင်အနည်းငယ်အကွာတွင်ရှိသော မြေဝါရွာအကြောင်း မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့်လကတည်းက မြေဝါရွာရှိ ဘိုးဘွားခန်းမတွင် ဝိညာဉ်ခြောက်လှန့်မှုများ ရှိနေပြီး ရွာသားများထံမှ ပူဇော်သက္ကာများကို တောင်းဆိုသည့် အသံများ ထွက်ပေါ်နေသည်။
အကယ်၍ မပူဇော်ပါက နောက်တစ်နေ့တွင် ရွာသားအချို့သည် ပူးကပ်ခြင်းခံရကာ ရူးသွပ်ပြီး ပစ္စည်းများကို ရိုက်ခွဲခြင်း သို့မဟုတ် မိမိကိုယ်ကို သတ်သေရန် ကြိုးစားခြင်းများ သေချာပေါက် ဖြစ်ပွားတတ်သည်။
မြေဝါရွာသားများသည် အလွန်စိတ်အနှောင့်အယှက် ဖြစ်ရသဖြင့် ခရိုင်သို့ အကြောင်းကြားရန်မှတစ်ပါး အခြားနည်းလမ်းမရှိတော့ပေ။
လွန်ခဲ့သော လေးရက်ခန့်က ခရိုင်ရုံးမှ မှော်ဆရာမတစ်ဦးကို သွားရောက်ကြည့်ရှုရန် ဖိတ်ကြားခဲ့သည်။
သို့သော်လည်း မနေ့က သတင်းပြန်ကြားချက်အရ ထိုမှော်ဆရာမသည် ဘိုးဘွားခန်းမတွင် တစ်ညအိပ် တည်းခိုခဲ့ပြီးနောက် နောက်တစ်နေ့တွင် ရွာသားများက သူမအား... သေဆုံးလျက်သား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
အခန်း ၄၅ - ဘိုးဘွားခန်းမမှ ထူးဆန်းသော ဖြစ်ရပ်များ
မြေဝါရွာ?
ကျောက်ဖေးသည် ထိုရွာအမည်နှင့် တော်တော်လေး ရင်းနှီးနေသည်။
သူ၏ ထူးခြားသော မှတ်ဉာဏ်စွမ်းအားကြောင့် ကျန်းလင်းခရိုင်သို့ မရောက်မီ သူ ပထမဆုံး ခြေချမိခဲ့သည့် လူနေအိမ်ခြေစုမှာ မြေဝါရွာဖြစ်ကြောင်း သဘာဝကျကျပင် မှတ်မိနေသည်။
ထိုရွာတွင်ပင် မုဆိုး ဝမ်သာရှန်းနှင့် သူ စတင်ဆုံတွေ့ခဲ့ခြင်း မဟုတ်ပါလော။
"ကျွန်တော် ရွေးချယ်ပြီးပြီ၊ မြေဝါရွာ တာဝန်ကိုပဲ ယူမယ်"
ကျောက်ဖေးက စာရေးကြီးကို ပြောလိုက်သည်။
သူ အစိုးရရုံးသို့ ဆုတော်ငွေတာဝန် လာရောက်လက်ခံရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သရဲ၊ ဝိညာဉ်လောကနှင့် ပတ်သက်သည့် အရာများကို ထိတွေ့ဆက်ဆံလို၍ ဖြစ်သည်။
ဒေသန္တရ အစိုးရဖြစ်သည့်အားလျော်စွာ အနီးအနားတွင် ဖြစ်ပျက်သမျှကို ဖုံးကွယ်ထား၍မရဘဲ လိုအပ်သော သတင်းအချက်အလက် အစုံအလင် ရှိနေမည်မှာ အမှန်ပင်။
ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက ကျောက်ဖေးသည် နတ်ဘုရားများ၊ အင်မော်တယ်များ၊ တစ္ဆေများနှင့် မိစ္ဆာများအကြောင်း ဒဏ္ဍာရီပေါင်းများစွာကို ကြားဖူးခဲ့သော်လည်း သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံဖူးခြင်း မရှိသေးပေ။
ဘေးပတ်ဝန်းကျင်မှ လူများက မည်မျှပင် အဟုတ်အမှန်ဖြစ်ကြောင်း အလေးအနက် ပြောဆိုနေကြပါစေ၊ ကျောက်ဖေးကမူ သံသယရှိနေဆဲပင်။
ထို့ကြောင့် သူကိုယ်တိုင် မျက်မြင်တွေ့ရှိရန် လိုအပ်သည်။
အကယ်၍ ဤကမ္ဘာတွင် တစ္ဆေနှင့် မိစ္ဆာများ အမှန်တကယ် ရှိနေပါက ထိုအရာများနှင့် သက်ဆိုင်သည့် နတ်ဘုရားများလည်း ရှိနေပေလိမ့်မည်။ ထူးခြားဆန်းပြားသော သတ္တဝါများပင် မိစ္ဆာအဖြစ် ကျင့်ကြံနိုင်ပါက အသိဉာဏ်အမြင့်ဆုံးဖြစ်သည့် လူသားများအနေဖြင့် အင်မော်တယ်အဖြစ် မကျင့်ကြံနိုင်စရာ အကြောင်းမရှိပေ။
အကယ်၍ အမှန်တကယ်သာ ရှိနေမည်ဆိုလျှင်...
၎င်းသည် ပြီးပြည့်စုံသော အခွင့်အရေးပင်။
ကိုယ်ခံပညာ လေ့ကျင့်ခြင်းအပြင် အင်မော်တယ်လမ်းစဉ်ကိုလည်း ရှာဖွေပြီး အခြားလမ်းကြောင်းတစ်ခုသို့ လိုက်လှမ်းနိုင်မည်
ဖြစ်သည်။
အဆုံးစွန်တော့ ကိုယ်ခံပညာ မည်မျှပင် မြင့်မားပါစေ၊ အနှစ်တစ်ရာအကြာတွင် မြေကြီးထဲသို့သာ ရောက်သွားရမည် မဟုတ်ပါလော။
အင်မော်တယ်အဆင့်သို့ တက်လှမ်းပြီး ပူပန်မှုကင်းသော ဘဝကို ပိုင်ဆိုင်ရခြင်းနှင့် မည်သို့ နှိုင်းယှဉ်နိုင်ပါမည်နည်း။
"မြေဝါရွာ? ဟူး..."
စာရေးကြီးသည် လန့်ဖျပ်သွားပြီး ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွားတော့သည်။ "မြေဝါရွာက နတ်ဝိညာဉ်တွေနဲ့ ပတ်သက်နေတာနော်။ မင်း တကယ်ပဲ... ဒီတာဝန်ကို ယူချင်တာ သေချာရဲ့လား"
ထူးချွန်သော သိုင်းပညာရှင်များပင် ဝိညာဉ်လောကကို ရိုသေမှုထားသော်လည်း ခပ်ကွာကွာတွင်သာ နေလေ့ရှိကြသည်။
ကိုယ်ခံပညာ မည်မျှပင် ကျင့်ကြံပါစေ၊ လူသားအတိုင်းအတာအတွင်း၌သာ ရှိနေသေးသည်။
ဝိညာဉ်လောကနှင့် ပတ်သက်သည့် ကိစ္စရပ်များသည် အမြဲတမ်း ရှင်းပြရန် ခက်ခဲလှသည်။
မိစ္ဆာများကို နှိမ်နင်းပြီး တရားသောလမ်းကို ကာကွယ်နိုင်သည့် အစွမ်းထက်သော သိုင်းသမားများ ရှိသော်လည် မိစ္ဆာနှင့် ထူးဆန်းသော သတ္တဝါများလက်တွင် အသက်ဆုံးရှုံးခဲ့ရသည့် သိုင်းသမားများမှာလည်း မရေမတွက်နိုင်အောင် ရှိပေသည်။
ကျောက်ဖေးက ခေါင်းညိတ်ကာ "သေချာပါတယ်" ဟု ဆိုလိုက်သည်။
"ဒါပေမဲ့... မြေဝါရွာမှာ မိစ္ဆာတွေ တကယ်ရှိနေနိုင်တယ်၊ ပြီးတော့ ဒီတာဝန်က ငွေစင် ၃၀ ပဲ ပေးတာလေ..."
စာရေးကြီးက ဖျောင်းဖျရန် ကြိုးစားနေဆဲပင်။
သူ့ရှေ့တွင်ရှိသော လူငယ်လေးသည် ငယ်ရွယ်သေးပြီး အနည်းဆုံးတော့ အသက်ရှင်နေသင့်သေးသည်ဟု သူ တွေးနေမိသည်။ ထိုမှော်ဆရာမတောင်မှ...။
သို့သော်လည်း ကျောက်ဖေးက ခိုင်ခိုင်မာမာ ဆုံးဖြတ်ထား၏
နောက်ဆုံးတွင် စာရေးကြီးမှာ သက်ပြင်းချကာ "ဒါဆိုရင် ဒီစာရွက်ပေါ်မှာ လက်မှတ်ထိုးလိုက်ပါ။ တာဝန်ပြီးသွားရင် ဒီစာရွက်ကို ပြပြီး ဆုကြေးငွေ ထုတ်ယူနိုင်ပါတယ်" ဟု ဆိုလိုက်သည်။
ကျောက်ဖေးသည် စာရွက်ကိုယူ၍ ဂရုတစိုက်ဖတ်ရှုပြီးနောက် သူ၏အမည်ကို လက်မှတ်ရေးထိုးလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ကျောက်ဖေးသည် ရုံးထဲမှ ထွက်လာခဲ့သည်။
အချိန်မှာ စောသေးသည်။
ကျောက်ဖေးသည် သူ၏ အရင်ဘဝက ၂၄ နာရီစနစ်ဖြင့် တွက်ချက်လေ့ရှိ၏
ယခုအချိန်မှာ နံနက် ၈ နာရီ သို့မဟုတ် ၉ နာရီခန့် ရှိမည်ဟု ခန့်မှန်းလိုက်သည်။
သူသည် ချက်ချင်း ခရီးမထွက်သေးပေ။
မြို့အနောက်ဘက်ရှိ မြည်းနှင့် မြင်းဈေးသို့သွားကာ ငွေစင် ၁၀ ကျပ်ကျော်ဖြင့် မြင်းတစ်ကောင် ဝယ်ယူလိုက်သည်။
ဤကမ္ဘာတွင် မော်တော်ကားများ မရှိသဖြင့် မိုင်ပေါင်းများစွာ ဝေးကွာသော ခရီးကို မြင်းစီး၍သာ သွားရန် သူ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် မြို့အနောက်ဘက်ရှိ သူ ငှားရမ်းထားသော အခန်းသို့သွားကာ သူ၏ ကိုယ်ပွါးအတွက် ကြိုတင်ပြင်ဆင်ထားသော အထုပ်အပိုးများကို ယူဆောင်လိုက်သည်။
ထိုအထုပ်ထဲတွင် အဝတ်အစား အစုံအလင် ပါရှိသည်။
ကျောက်ဖေးကိုယ်တိုင် ဝတ်ဆင်ရန် မဟုတ်ဘဲ နောက်ပိုင်းတွင် ထွက်ပေါ်လာမည့် သူ၏
ကိုယ်ပွါးဝတ်ဆင်ရန် ဖြစ်သည်။
စနစ်သည် အရာအားလုံး ကောင်းမွန်သော်လည်း ကိုယ်ပွါးကို ဆင့်ခေါ်လိုက်တိုင်း ကိုယ်လုံးတီးဖြင့် ထွက်ပေါ်လာခြင်းက ကျောက်ဖေးအတွက် အတော်လေး ခေါင်းခဲစရာ ဖြစ်နေသည်။
နောင်တစ်ချိန်တွင် ဤပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှိမရှိကိုမူ သူ မသိသေးပေ။
မြေဝါရွာသည် ကျန်းလင်းခရိုင်၏ အနောက်ဘက် မိုင် ၂၀ ခန့်အကွာတွင် တည်ရှိသည်။
တောင်တန်းများကို နောက်ခံပြု၍ ရေကြည်ရာမျက်နှာစာတွင် တည်ရှိသဖြင့် ရွာ၏တည်နေရာမှာ အချက်အချာကျသည်ဟု ဆိုရမည်။
သို့သော် ရွာ၏ပုံစံမှာမူ ခေတ်နောက်ကျနေပြီး အိမ်အများစုမှာ ရွှံ့အုတ်၊ သက်ငယ်မိုးအိမ်များသာ ဖြစ်ကြသည်။
ကျောက်ဖေးအတွက် ဤနေရာသည် အစိမ်းသက်သက်မဟုတ်ပေ။
သို့သော်လည်း လွန်ခဲ့သော နှစ်လခန့်က ရိုင်းစိုင်းစုတ်ပြတ်သော ပုံစံဖြင့် ရောက်ရှိခဲ့သည့် ကျောက်ဖေးကို ရွာသားများ မှတ်မိခြင်း မရှိကြတော့ပေ။
ခါးတွင် ဓားရှည်ချိတ်ကာ မြင်းတစ်ကောင်ဖြင့် ခန့်ညားထည်ဝါစွာ ရောက်ရှိလာသော သူ့ကိုမြင်လျှင် ရွာသားများမှာ လန့်ဖျပ်သွားကြသည်။
"မင်းတို့ရွာက မိစ္ဆာကို နှိမ်နင်းဖို့ ခရိုင်အစိုးရက ငါ့ကို လွှတ်လိုက်တာ"
မီတာတစ်ရာခန့် အကွာအဝေးမှပင် ကျောက်ဖေးက သူ၏ဝိသေသကို ကျယ်လောင်စွာ ကြေညာလိုက်သည်။
ရွာထိပ်ရှိ ရွာသားများသည် စိတ်အေးသွားကြပြီး သတင်းပို့ရန် အပြေးအလွှား သွားကြတော့သည်။
မကြာမီမှာပင် ဆံပင်ဖြူဖြူနှင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးသည် လူအုပ်ကြီးကို ဦးဆောင်ကာ ကြိုဆိုရန် ထွက်လာခဲ့၏။
"နှုတ်ခွန်းဆက်သပါတယ် အရာရှိမင်း... ကျွန်တော်က မြေဝါရွာရဲ့ ရွာသူကြီး ဝမ်အာဟယ်ပါ"
ရွာသူကြီး ဝမ်အာဟယ်သည် ကျောက်ဖေးကို မြင်သောအခါ အလွန်ဝမ်းသာသွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကမှ မှော်ဆရာမတစ်ဦး သေဆုံးသွားသဖြင့် ရွာသားများမှာ ထိတ်လန့်တုန်လှုပ်နေကြစဉ် မြို့တော်က နောက်တစ်ယောက်ကို အမြန်စေလွှတ်ပေးလိုက်ခြင်းကြောင့်ဖြစ်သည်။
ခရိုင်ရုံးအနေဖြင့် မှော်ဆရာမထက် ညံ့ဖျင်းသူတစ်ဦးကို သေတွင်းသို့ လွှတ်မည်မဟုတ်ဟု သူတို့ တွေးဆမိကြသည်။
ကျောက်ဖေးသည် ငယ်ရွယ်သော်လည်း အရှိန်အဝါရှိပြီး ယုံကြည်အားကိုးထိုက်သော ပုံစံရှိသည်။
ကျောက်ဖေးက လက်ကာပြလိုက်ပြီး "အားနာမနေပါနဲ့၊ ကျွန်တော်က အစိုးရအရာရှိ မဟုတ်ပါဘူး။ ကျောက်ဖေးလို့ပဲ ခေါ်ပါ" ဟု ပြောလိုက်၏
ဝမ်အာဟယ်ကလည်း ခေါ်ဝေါ်ပုံကို ချက်ချင်း ပြောင်းလဲလိုက်သည်။
"သခင်လေးကျောက်... ရွာထဲကို အရင်ဝင်ပြီးမှ စကားပြောကြတာပေါ့..."
ကျောက်ဖေး ခေါင်းညိတ်ပြလိုက်၏
ရွာသားအချို့က ကျောက်ဖေး၏ မြင်းကို ကူညီထိန်းကျောင်းပေးပြီး နောက်မှ လိုက်ပါလာကြသည်။
ရွာသူကြီးအိမ်သို့ ရောက်သောအခါ ဝမ်အာဟယ်သည် ကျောက်ဖေးကို ဧည့်ခံရန်အတွက် စားသောက်ဖွယ်ရာများ ပြင်ဆင်ရန် ရွာသားများကို ညွှန်ကြားတော့သည်။
ကျောက်ဖေးလည်း မငြင်းသာတော့ဘဲ သူတို့အစီအစဉ်အတိုင်း လွှတ်ထားလိုက်ရသည်။
အစားအသောက်များ မရောက်မီမှာပင်
ဝမ်အာဟယ်သည် ကျောက်ဖေးအား ဝိုင်တစ်ခွက် ငှဲ့ပေးကာ ပူပန်သော မျက်နှာထားဖြင့် အကြောင်းစုံကို ပြောပြတော့သည်။
"ဒီဘိုးဘွားခန်းမက ခြောက်လှန့်မှုက ကျွန်တော်တို့ကို ဒုက္ခပေးနေတာ တစ်လကျော်ပါပြီ။ ရွာသားတွေလည်း ရူးမတတ် ဖြစ်နေကြရတယ်။ အတော်များများကတော့ တခြားဆွေမျိုးတွေဆီ ထွက်ပြေးခိုလှုံနေကြပြီ၊ ဒါပေမဲ့ မြေဝါရွာက ကျွန်တော်တို့ရဲ့ အမြစ်တွယ်ရာဆိုတော့ အားလုံးကတော့ စွန့်ခွာသွားလို့ မရဘူးလေ”
“အကြောင်းစုံကတော့ ပြီးခဲ့တဲ့လက စတာပါ..."
ပြီးခဲ့သည့်လအစပိုင်းတွင် မြေဝါရွာသားများသည် ဘိုးဘွားပူဇော်
ပွဲကို သုံးရက်ဆက်တိုက် ကျင်းပခဲ့ကြသည်
ပွဲပြီးသွားပြီးနောက် တစ်ရက်တွင်
ဘိုးဘွားခန်းမအနားမှ ဖြတ်သွားသော ရွာသားတစ်ဦးသည် အတွင်းဘက်မှ ငိုသံလိုလို၊ ရယ်သံလိုလို ထူးဆန်းသောအသံများကို ကြားလိုက်ရသည်။
ခန်းမထဲတွင် လူရှိနေသည်အထင်ဖြင့် ဝင်ကြည့်သောအခါ ပူဇော်သက္ကာများ တင်ထားသည့် စားပွဲသည် ဖရိုဖရဲ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ရွာသားက သန့်ရှင်းရေးလုပ်ရန် ပြင်လိုက်စဉ်မှာပင် နောက်ဘက်မှ အသံတစ်ခု ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်သောအခါ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အရပ်ပုပု အဖိုးအိုတစ်ဦးကို တွေ့လိုက်ရပြီး သူက မြေဝါရွာသားများ၏ ဘိုးဘေးဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့အပြင် နောက်ရက်များတွင်လည်း သူ့အတွက် ပူဇော်သက္ကာများ ဆက်လက်ပြင်ဆင်ပေးရန် တောင်းဆိုခဲ့သည်။
အစပိုင်းတွင် ရွာသားများက ယုံကြည်ခဲ့ကြသော်လည်း ရက်ကြာလာသည်နှင့်အမျှ တစ်ခုခုမှားနေပြီဖြစ်ကြောင်း သတိပြုမိလာကြသည်။
ထိုဘိုးဘေးဆိုသူမှာ သစ်သီးဝလံနှင့် ပေါက်စီများအပေါ် စိတ်တိုင်းမကျတော့ဘဲ ပိုမိုကောင်းမွန်သော အရာများ၊ နောက်ဆုံးတွင် လတ်ဆတ်သော သွေးများကိုပင် ပူဇော်ရန် တောင်းဆိုလာတော့သည်။
အကယ်၍ မပူဇော်ပါက နောက်တစ်နေ့တွင် ရွာသားအချို့သည် ဝိညာဉ်ပူးကပ်ခံရပြီး ရူးသွပ်ခြင်း သို့မဟုတ် မိမိကိုယ်ကိုယ် သတ်သေရန် ကြိုးစားခြင်းများ ဖြစ်ပွားလာတော့သည်။
ဝမ်အာဟယ်က အကြောင်းအရာများကို အသေးစိတ် ပြောပြနေစဉ်မှာပင်
အစားအသောက်များ ရောက်လာခဲ့သည်။
ကျောက်ဖေးက ဆက်လက်၍ "ခရိုင်ရုံးက မှော်ဆရာမတစ်ယောက် လွှတ်ခဲ့တယ် မဟုတ်လား၊ သူက ဘယ်လိုသေသွားတာလဲ" ဟု မေးမြန်းလိုက်သည်။
"အဲဒါက နတ်မိမယ်ချောင်ပါ။ သူက အဲဒီနေ့က ဘိုးဘွားခန်းမမှာ ယဇ်ပလ္လင်ဆောက်ပြီး ဟိုဘက်ကလူနဲ့ အကျိုးအကြောင်း ပြောကြည့်မယ်၊ အေးအေးဆေးဆေး ပြောလို့မရမှ ဖိအားပေးမယ်လို့ ပြောခဲ့တာပဲ။ အသေးစိတ်တော့ ကျွန်တော်တို့လည်း မသိဘူး..."
"နောက်နေ့မနက် ကျွန်တော်တို့ သွားကြည့်တဲ့အချိန်မှာ နတ်မိမယ်ချောင်က သေနေပါပြီ။ သူ့ရဲ့ လည်ပင်းမှာ အပေါက်နှစ်ပေါက် အကိုက်
ခံထားရတယ်..."
ထိုသို့ပြောရင်း ဝမ်အာဟယ်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လာပြီး ခန္ဓာကိုယ်မှာလည်း အနည်းငယ် တုန်ယင်နေသည်။
ဝိုင်အနည်းငယ် သောက်ပြီးနောက်
ဝမ်အာဟယ်က ကျောက်ဖေးအား ဤခြောက်လှန့်မှုကို မည်သို့ဖြေရှင်းမည်နည်းဟု မေးမြန်းလာသည်။
ကျောက်ဖေးက တည်ငြိမ်စွာဖြင့်ပင် "ဒီည ကျွန်တော် ဘိုးဘွားခန်းမမှာပဲ အိပ်မယ်၊ တကယ်ပဲ တစ္ဆေတွေရဲ့ လက်ချက်လားဆိုတာ ကြည့်ရတာပေါ့" ဟု ဆိုလိုက်သည်။
ဝမ်အာဟယ်မှာ လန့်ဖျပ်သွားပြီး လက်ကာပြကာ တားမြစ်တော့သည်။ "သခင်လေးကျောက်... ဒါတော့ မဖြစ်ဘူးလေ။ နတ်မိမယ်ချောင်တောင် အန္တရာယ်ဖြစ်သွားတာ၊ သခင်လေးတစ်ယောက်တည်း သွားတာက အရမ်း စိုးရိမ်စရာကောင်းတယ်..."
ကျောက်ဖေးကမူ "ရပါတယ်၊ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ်" ဟုသာ ပြန်ပြောလိုက်သည်။
ကျောက်ဖေးက ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည်ကို မြင်သောအခါ
ဝမ်အာဟယ်လည်း ထပ်မံမတားတော့ဘဲ သဘောတူလိုက်ရတော့သည်။