အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အခန်း (၄၉) အင်မော်တယ်လမ်းစဉ်အား ရှာဖွေခြင်းနှင့် တာအိုထံ ချဉ်းကပ်ခြင်း
ညဉ့်အမှောင်သည် ရှည်လျားဆဲဖြစ်ပြီး အရုဏ်ဦးနှင့် ဝေးကွာနေသေးသည်။
ကျောက်ဖေး၏ ကိုယ်ပွားများသည် အချိန်ကို အလဟဿ မဖြုန်းတီးကြပေ။ သူတို့သည် မြွေပါပေးသည့် ညွှန်ကြားချက်များအတိုင်း တောရိုင်းတိရစ္ဆာန်တို့၏ ပုံသဏ္ဌာန်အမျိုးမျိုးကို အတုယူကာ နေနှင့်လ၏ အဆီအနှစ်ကို စုပ်ယူနိုင်ရန် ကြိုးပမ်းနေကြသည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိလိုက်ရပေ။
အခန်းတွင်း၌ တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားလေသည်။
မြွေပါသည် နားကိုစွင့်ကာ အချိန်အတော်ကြာအောင် နားထောင်နေပြီးမှ သတိကြီးစွာဖြင့် စတင်လှုပ်ရှားသည်။
၎င်းသည် ကိုယ်ကို လိပ်လိုက်၊ ခေါင်းကို ထောင်လိုက်ဖြင့် အကြိမ်ကြိမ် တွန့်လိမ်လှုပ်ရှားရင်း ၎င်း၏ကိုယ်ပေါ်ရှိ လျှော်ကြိုးများကို သွားများဖြင့် တစ်ချောင်းချင်း ကိုက်
ဖြတ်လိုက်သည်။
ထို့နောက် ဖျတ်လတ်သော အရှိန်ဖြင့် စားပွဲပေါ်သို့ လွှားကနဲ ခုန်တက်သွား၏။
၎င်းသည် စားပွဲပေါ်တွင် မတ်တပ်ရပ်လျက် ခုတင်ပေါ်၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကျောက်ဖေးကို ကြည့်လိုက်သည်။
မြွေပါဝိညာဉ်၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သို့သော် အတော်ကြာ တွေဝေနေပြီးနောက်တွင်မူ မည်သည့်လှုပ်ရှားမှုကိုမျှ ရမ်းသန်းမလုပ်ရဲပေ။
၎င်းသည် စားပွဲပေါ်မှ ခုန်ဆင်းကာ ပြတင်းပေါက်ဆီသို့ အပြေးလှမ်းလိုက်သည်။
ယခင်က ဘိုးဘွားခန်းမ၌ ကျောက်ဖေး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရစဉ်က ကျောက်ဖေး၏ အစွမ်းထက်မှုကို မြွေပါသည်
ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ဖူးသည်။
သူသည် မြွေပါ၏ အိပ်မွေ့ချမှိုင်းလုံးကို မကြောက်ရုံသာမက ဒဏ္ဍာရီလာ ကိုယ်ပွားဖန်တီးခြင်းအတတ်ကိုပါ ပိုင်ဆိုင်ထားသူ မဟုတ်ပါလော
အဘယ်ကြောင့်ဆိုသော် မြွေပါသည် ကျောက်ဖေးနှင့် တစ်ပုံစံတည်းတူသော ကိုယ်ပွား အနည်းဆုံး သုံးခုကို မြင်ခဲ့ရသောကြောင့် ဖြစ်သည်။
ထိုကိုယ်ပွါးများသညါ မျက်နှာကို အဝတ်နက်ဖြင့် အုပ်ထားသဖြင့် ရုပ်ရည်ကို မမြင်ရသော်လည်း၊ ဝိညာဉ်အဆင့်သို့ ရောက်နေပြီဖြစ်သော
မြွေပါ၌ သာမန်ထက်ထူးကဲသော အနံ့ခံအာရုံ ရှိပေသည်။
ထိုကိုယ်ပွားများဆီမှ ရရှိသော လူသားရနံ့သည် ကျောက်ဖေး၏ ရနံ့နှင့် လုံးဝကြီး မတူညီသော်လည်း ထိုသူမှာ တစ်ဦးတည်းသောသူ ဖြစ်ကြောင်း မြွေပါက အတတ်သိနေသည်။
ဤလူသည် အစွမ်းအစ မည်မျှ ဖုံးကွယ်ထားသည်ကို မြွေပါဝိညာဉ် လုံးဝခန့်မှန်း၍ မရနိုင်တော့ပေ။
ခုတင်ပေါ်တွင် အိပ်ပျော်နေသူသည် အစစ်အမှန် မဟုတ်ဘဲ ကိုယ်ပွားတစ်ခုသာ ဖြစ်နေနိုင်သည်ဟုပင် တွေးတောမိသည်။
ရိုက်နှက်ခံခဲ့ရသည့်အတွက် ဒေါသထွက်မိသော်လည်း အသက်နှင့်ရင်းရမည့် စွန့်စားမှုကိုမူ မပြုဝံ့ပေ။
“အသက်ရှင်ဖို့အတွက် ဒီကနေ အမြန်ဆုံး ထွက်ပြေးရမယ်။”
အသက်ဘေးနှင့် ကြုံလာလျှင် မြွေပါဝိညာဉ်သည် အလွန်ပင် ဦးနှောက်ပြေးသူ ဖြစ်သည်။
တစ်ခါက ၎င်း၏ အသိဉာဏ်မဲ့သော သူငယ်ချင်းတစ်ကောင်သည် မည်သည့်စကားမျှ မချန်ခဲ့ဘဲ အစအနမကျန် ပျောက်
ကွယ်သွားဖူးသည်ကို သတိရမိသည်။
သို့သော်လည်း မြွေပါသည် ပြတင်းပေါက်ဘောင်ပေါ်သို့ ခုန်တက်လိုက်စဉ်မှာပင်...
၎င်း၏ ဦးခေါင်းထက်မှ ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်ကို သွားမလို့လဲ?"
"ကျိ... ကျိ..."
မြွေပါသည် ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထွက်သွားကာ ခြေချော်ပြီး ပြတင်းပေါက်မှ အတွင်းဘက်သို့ ဘုန်းကနဲ ပြန်ပြုတ်ကျသွားသည်။
မျက်နှာတွင် အဝတ်နက်စည်းထားသော ခေါင်းတစ်ခုက ပြတင်းပေါက်မှ ငုံ့ကြည့်ကာ သတိပေးလိုက်၏။
"အတွင်းမှာပဲ ငြိမ်ငြိမ်လေးနေစမ်း၊ မဟုတ်ရင် မင်းခြေထောက်တွေကို ငါချိုးပစ်မယ်”
"ကျိ... ကျိ..."
မြွေပါသည် အကူအညီမဲ့စွာဖြင့် ကြမ်းပြင်ပေါ်တွင် ခွေယောင်းကာ တုန်တုန်ယင်ယင် ဖြစ်နေရှာတော့သည်။
မသိလိုက်ပါဘဲနှင့် ညဉ့်နက်သန်းခေါင် အချိန်သည် ကုန်လွန်သွားခဲ့ပြီ။
ကောင်းကင်ယံ၌ အရုဏ်အလင်းရောင် စတင်ယှက်သန်းလာသည်။
ကျောက်ဖေးသည် ၎င်း၏ကိုယ်ပွားထံမှ သတင်းပေးချက်ကြောင့် စောစီးစွာ နိုးလာခဲ့သည်။
မြွေပါသည် ခုတင်ဘေးတွင် ခွေယောင်းနေဆဲဖြစ်ပြီး ကျောက်ဖေး နိုးလာသည်ကို မြင်သောအခါ မောပန်းနွမ်းနယ်နေသော အကြည့်ဖြင့် တိုးတိုးလေး အော်ရှာသည်။
မှတ်သားဖွယ်ရာတစ်ခုမှာ
ယမန်နေ့ညက ကိုယ်ပွားအများအပြားသည် ကျင့်စဉ်ကို အကြိမ်ကြိမ် ကြိုးစားခဲ့ကြသော်လည်း ပါရမီအားနည်းခြင်းကြောင့်လော သို့မဟုတ် လူနှင့် တိရစ္ဆာန်ချင်း မတူညီခြင်းကြောင့်လော မသိပေ.. မည်သို့ပင် ကြိုးစားစေကာမူ နေလအဆီအနှစ်ကို စုပ်ယူနိုင်စွမ်း မရှိခဲ့ပေ။
စုပ်ယူဖို့ မဆိုထားနှင့်၊ မည်သည့် ခံစားချက်မျှပင် မရှိခဲ့ခြင်း ဖြစ်သည်။
မြွေပါ၏ ပင်ကိုယ်စွမ်းရည်ဖြစ်သော အိပ်မွေ့ချထုတ်လွှတ်ခြင်းနှင့် ထင်ယောင်ထင်မှားဖြစ်စေခြင်း အတတ်ကိုလည်း လုံးဝသင်ယူ၍ မရနိုင်ပေ။
မြွေပါကိုယ်တိုင်ကလည်း ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ဘဲ၊ ၎င်းအနေဖြင့် အိပ်မွေ့ချဓာတ်ငွေ့ကို ထုတ်လိုလျှင် စွမ်းအင်စုရပ်အတွင်းရှိ စွမ်းအင်ဝဲဂယက်ကို လှည့်ပတ်ပြီး ပါးစပ်မှ မှုတ်ထုတ်လိုက်ရုံသာ ဖြစ်သည်ဟု ဆိုသည်။
လူနှင့် မိစ္ဆာသည် လမ်းစဉ်ချင်း မတူညီသောကြောင့် ကျောက်ဖေးလည်း ဇွတ်အတင်း မကြိုးစားတော့ပေ။
သူသည် တံခါးကို ဖွင့်လိုက်ပြီးနောက် လှည့်မကြည့်ဘဲ လက်ယမ်းပြလိုက်၏
ကိုယ်ပွားတစ်ခုက မြွေပါကို ဖမ်းယူ၍ ပျောက်ကွယ်သွားတော့သည်။
ကျောက်ဖေး တံခါးပြင်ပသို့ ခြေလှမ်းလိုက်
သည်နှင့် မီတာတစ်ရာခန့်အကွာတွင် ဝမ်အာဟယ်ဦးဆောင်သော ရွာသားအုပ်ကြီးကို တွေ့လိုက်ရသည်။
အချို့ရွာသားများသည် သစ်သားတုတ်များ၊ ပေါက်တူးများ၊ မီးဖိုချောင်သုံးဓားများ ကိုင်ဆောင်ထားကြပြီး အချို့မှာ သံချေးတက်နေသော ဓားဟောင်းများကိုင်ကာ အားတက်သရော ရှိနေကြသည်။
လူတိုင်းနီးပါး လက်နက်ကိုယ်စီနှင့် ဖြစ်သဖြင့် ကြည့်ရသည်မှာ ခန့်ညားထည်ဝါလှသည်။
သို့သော် သူတို့၏ မျက်နှာအမူအရာကို အနီးကပ်ကြည့်မည်ဆိုလျှင်မူ လူတိုင်း၏ ရင်ထဲ၌ ကြောက်ရွံ့တုန်လှုပ်နေကြသည်ကို တွေ့နိုင်ပေသည်။
ခြေလှမ်းတိုင်းမှာ လေးလံလှပြီး နောက်ခြေလှမ်းသည် ရှေ့ခြေလှမ်းထက် ပို၍နှေးကွေးနေသည်။
ကျောက်ဖေးကို မြင်လိုက်ရမှသာ သူတို့အားလုံး သက်ပြင်းချနိုင်ကြတော့သည်။
ဝမ်အာဟယ်သည် ရွာသားအုပ်ကြီးကို ဦးဆောင်ကာ အပြေးအလွှား လာရောက် နှုတ်ဆက်၏။
"သခင်လေးကျောက်... ဘာမှမဖြစ်ဘူးနော်? တော်သေးတာပေါ့ဗျာ။"
ဝမ်အာဟယ်သည် ဝမ်းသာအားရ ဖြစ်နေသော်လည်း ချက်ချင်းပင် စိုးရိမ်တကြီး မေးမြန်းလေသည်။ "သခင်လေးကျောက်... မနေ့ညက ဘိုးဘွားခန်းမမှာ... ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာ သိပါရစေ... ကိစ္စတွေ အဆင်ပြေပြေ ပြီးသွားပြီလားဗျ?"
ဤနေရာသည် ဘိုးဘွားခန်းမနှင့် သိပ်မဝေးလှပေ
ဘိုးဘွားခန်းမအတွင်းရှိ ထိုအရာကြားသွားမည်ကို စိုးရိမ်၍ ဝမ်အာဟယ်မှာ စကားကိုပင် ပွင့်ပွင့်လင်းလင်း မပြောရဲရှာပေ။
ကျောက်ဖေးက ခပ်မှိန်မှိန် ပြုံးလိုက်ပြီး "စိတ်မပူပါနဲ့၊ အထဲက တစ္ဆေမိစ္ဆာကို နှင်ထုတ်လိုက်ပြီ။ သူ ဒီရွာကို နောက်ထပ် ဒုက္ခပေးတော့မှာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည်နှင့် ရွာသားများမှာ ဝမ်းသာအားရ ဟစ်ကြွေးကြတော့သည်။
သတ္တိကောင်းသော လူငယ်အချို့သည် ဘိုးဘွားခန်းမ တံခါးဝအထိ သွား၍ အထဲသို့ ချောင်းကြည့်ကြ၏။
သို့သော် အချို့သော ရွာသားများမှာမူ လုံးဝမယုံကြည်သေးဘဲ သံသယရှိနေကြဆဲ ဖြစ်သည်။
သူတို့က ယနေ့ညကို စောင့်ကြည့်ရန် ဆုံးဖြတ်ထားကြ၏။ မည်သည့်ထူးခြားမှုမျှ မရှိမှသာ ဤအရေးကိစ္စ အမှန်တကယ် ပြီးမြောက်သွားပြီဟု လက်ခံနိုင်ကြမည် ဖြစ်သည်။
ကျောက်ဖေးကမူ သူတို့ ယုံသည်မယုံသည်ကို ဂရုမစိုက်ပေ။
မည်သို့ပင်ဆိုစေ သူ၏ တာဝန်မှာ ပြီးမြောက်သွားပြီ မဟုတ်ပါလော
မိစ္ဆာတစ်ကောင်ကို ဖမ်းမိပြီး မြွေပါဝိညာဉ်ထံမှ သတင်းအချို့ ရရှိခဲ့သဖြင့် ဤခရီးမှာ တန်သည်ဟု ဆိုရမည်။
အရေးအကြီးဆုံးအချက်မှာ ဤကမ္ဘာ၌ သဘာဝလွန် အစွမ်းများ အမှန်တကယ် တည်ရှိနေကြောင်း သူ အတည်ပြုနိုင်ခဲ့ခြင်းပင်။
ဤအချက်ကပင် သူ၏ အနာဂတ် ရည်မှန်းချက်ပန်းတိုင်ကို အသစ်တစ်ဖန် သတ်မှတ်စေခဲ့သည်
၎င်းမှာ အင်မော်တယ်လမ်းစဉ်ကို ရှာဖွေခြင်းနှင့် အလင်းဓာတ်ရရှိရန် ကျင့်ကြံခြင်းပင် ဖြစ်သည်။
သို့သော် ထိုသို့မလုပ်ဆောင်မီ ကိုယ်ခံပညာ လေ့ကျင့်ခြင်းကိုလည်း စွန့်လွှတ်၍ မရပေ။
ကိုယ်ပွားများစွာ ရှိနေသဖြင့် အလုပ်များလွန်မည်ကို သူ မစိုးရိမ်တော့ပေ
ဟွမ်နီရွာမှာ ဆင်းရဲလွန်းသဖြင့် ရွာသားများသည် ကျောက်ဖေးကို ကျေးဇူးဆပ်ရန် ရွှေငွေရတနာများ မပေးနိုင်ကြပေ။
ထို့ကြောင့် သူတို့သည် သိုးတစ်ကောင်ကို အထူးတလည် သတ်ဖြတ်၏
အကောင်းဆုံး ဝိုင်နှင့် အစားအစာများဖြင့် ကျောက်ဖေးကို တည်ခင်းဧည့်ခံကြသည်။
ကျေနပ်စွာ စားသောက်ပြီးနောက် မွန်းတည့်ချိန်သို့ နီးကပ်လာသည်။
ကျောက်ဖေးသည် ဝမ်အာဟယ်၏ ဆက်လက်တည်းခိုရန် ဖိတ်ခေါ်မှုကို ငြင်းပယ်ကာ မြင်းပေါ်တက်၍ ရွာမှ ထွက်ခွာခဲ့လေသည်။
ပိုင်ဖန်းမြို့သည် မြစ်ကြောင်းတစ်လျှောက် တည်ရှိပြီး လမ်းမများကို အပြာရောင် ကျောက်ပြားများဖြင့် ခင်းကျင်းထားသည်။
မြို့လေးတွင် သင်္ဘောဆိပ်ကမ်းငယ်တစ်ခုရှိပြီး ကုန်သည်လှေများစွာ ဆိုက်ကပ်ကာ ကုန်စည်များ အတင်အချ ပြုလုပ်လျက် ရှိသည်။
သင်္ဘောဆိပ်မှာ မကြီးမားသော်လည်း တောင်နှင့်မြောက် ကုန်သွယ်သွားလာသူတို့ နားခိုရာဖြစ်သဖြင့် သာမန်ဈေးမြို့များထက် ပိုမိုစည်ကားသည်။
ကျောက်ဖေးသည် သူ၏မြင်းကို ဆွဲကာ လမ်းမတစ်လျှောက် လျှောက်လာစဉ် မြင်းခွါသံသည် ကျောက်ပြားများပေါ်၌
မြည်ဟီးနေသဖြင့် လမ်းသွားလမ်းလာတို့၏ အကြည့်ကို မကြာခဏ ဆွဲဆောင်နေသည်။
သို့သော် သူ၏ခါးတွင် ဓားတစ်လက် ပါရှိပြီး ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသဖြင့် သာမန်လူများကမူ သူ့ကို ရန်မစရဲကြပေ။
ထောင်ဖန်းမင်ဆိုသူမှာ ပိုင်ဖန်းမြို့တွင် အတော်ပင် နာမည်ကြီးသည်။
မြို့ငယ်လေးဖြစ်သဖြင့် အနည်းငယ် အရည်အချင်းရှိရုံနှင့်ပင် လူသိများလွယ်ပေသည်။
လမ်းတစ်လျှောက် မေးမြန်းစုံစမ်းပြီးနောက် ကျောက်ဖေးသည် မြို့၏ အနောက်ဘက်အစွန်ရှိ "ထောင်ကျီ ခေါင်းတလားဆိုင်" ကို ရှာတွေ့ခဲ့သည်။
ဆိုင်မှာ သေးငယ်လှပြီး အထဲတွင် အမည်းရောင် ဆေးသုတ်ထားသော သစ်သားခေါင်းတလား အနည်းငယ်ကိုသာ တွေ့ရသည်။
ဆိုင်ပြင်ပရှိ ကုလားထိုင်တစ်ခုပေါ်တွင် ဆံပင်ဖြူဖြူနှင့် အဘိုးအိုတစ်ဦးက ဆေးတံကို တဖွာဖွာ သောက်ရင်း အေးအေးလူလူ ထိုင်နေ၏။
"ဆရာကြီး ထောင်ဖန်းမင်ပါလားခင်ဗျာ?" ကျောက်ဖေး မြင်းပေါ်မှဆင်းကာ လက်အုပ်ချီ၍ နှုတ်ဆက်လိုက်သည်။
အဘိုးအိုက မျက်ခွံကို ပင့်ကြည့်ကာ ကျောက်ဖေးကို အထက်အောက် အကဲခတ်လိုက်ပြီး "ဟုတ်တယ်၊ ငါပဲ။ ဧည့်သည်က ခေါင်းတလား ကြည့်မလို့လား၊ ဒါမှမဟုတ် တခြားကိစ္စ ရှိလို့လား?"
ကျောက်ဖေးက မဆိုင်းမတွဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။ "ကျွန်တော့်နာမည် ကျောက်ဖေးပါ။ ဆရာကြီထောင်က အင်မော်တယ်မှော်အတတ်တွေမှာ ကျွမ်းကျင်တယ်လို့ ကြားသိရလို့ သင်ယူခွင့်ရဖို့ အထူးတလည် လာခဲ့တာပါ"
"ဟားဟား၊ မင်းက တော်တော်လေး ပွင့်လင်းတာပဲ လူငယ်။ တခြားသူတွေလို စကားကို ကွေ့ပတ်မနေဘူးပဲ"
ထောင်ဖန်းမင်က ရယ်မောလိုက်ရာ ဆေးလိပ်ကြောင့် ဝါကျင့်ကျင့်ဖြစ်နေသော သွားအနည်းငယ် ပေါ်လာသည်။ "ဒါပေမဲ့ မင်း ငါ့ကို အထင်ကြီးလွန်းနေပြီ။ ဒီအဖိုးကြီးက ဘယ်လို မှော်အတတ်၊ ဘယ်လို နတ်ဘုရားအတတ်ကိုမှ မသိပါဘူး။ နိမ့်ကျတဲ့ လောကီအောက်လမ်း ပညာအချို့ကိုပဲ သိတာပါ"
အခန်း (၅၀) သင်ယူလိုစိတ်ရှိလျှင် ငါသင်ပေးမည်
ထောင်ဖန်းမင်အတွက်မူ ဤသို့သော အခြေအနေမျိုးမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
နှစ်စဉ်နှစ်တိုင်းလိုလိုပင် ကျောက်ဖေးကဲ့သို့သော လူငယ်တစ်ဦး နှစ်ဦးသည် သူ၏အတတ်ပညာများကို သင်ယူရန် မျှော်လင့်ချက်အပြည့်ဖြင့် ရောက်ရှိလာတတ်ကြသည်။
သို့သော် ထိုသူတို့သည် မျှော်လင့်ချက်ဖြင့် လာကြသော်လည်း စိတ်ပျက်လက်ပျက်ဖြင့်သာ ပြန်သွားကြရစမြဲ။
အင်မော်တယ်ကျင့်စဉ်များ?
နတ်ဘုရားမှော်အတတ်များ?
ဟက်... အကယ်၍ သူသာ ထိုအတတ်ပညာများကို အမှန်တကယ် တတ်မြောက်ထားပါက အပူအပင်ကင်းစွာဖြင့် နေထိုင်နေသည်မှာ ကြာပြီဖြစ်သည်။ အဘယ်ကြောင့် ဤနေရာတွင် ဘဝတစ်ဝက်ကျော်အောင် ခေါင်းတလားဆိုင် ဖွင့်ထားပါမည်နည်း။
ကျောက်ဖေးက ရိုးသားစွာဖြင့် ဆိုလိုက်သည်။ "ဆရာကြီးထောင် သိထားတဲ့ အတတ်ပညာတွေကို ကျွန်တော် လုံးဝမသိပါဘူး။ ကျွန်တော်က ဒီလမ်းစဉ်ကို ကြည်ညိုမြတ်နိုးတာ ကြာပါပြီ။ ဘယ်လိုပညာပဲဖြစ်ဖြစ် သင်ယူဖို့ အသင့်ပါပဲ"
"ဆရာကြီးအနေနဲ့ ကျွန်တော့်ကို လမ်းပြပေးဖို့ ဝန်မလေးပါနဲ့လို့ပဲ တောင်းဆိုချင်ပါတယ်"
"သင်တန်းကြေး ဘယ်လောက်ပေးရမလဲ၊ ဒါမှမဟုတ် တပည့်အဖြစ် အလုပ်အကျွေးပြုရမလဲ... ဘယ်လို စည်းကမ်းချက်ပဲရှိရှိ ဆရာကြီး တောင်းဆိုနိုင်ပါတယ်"
ကျောက်ဖေး၏ ရိုးသားဖြူစင်မှုကို မြင်သောအခါ ထောင်ဖန်းမင်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး-
"သင်တန်းကြေးလည်း မလိုပါဘူး၊ တပည့်အဖြစ် ခံယူနေဖို့လည်း မလိုပါဘူး။ ဒါတွေဟာ မကောင်းဆိုးဝါးတွေကို နှင်ထုတ်ဖို့နဲ့ ဝိညာဉ်ခေါ်ဖို့လောက်ပဲ သုံးလို့ရတဲ့ လောကီပညာရပ်တွေပါ။ မင်းမှာ သင်ယူဖို့ စိတ်ရှည်သည်းခံမှု ရှိတယ်ဆိုရင် ငါသင်ပေးတာ ဘာမှမမှားပါဘူး"
"နောင်တစ်ချိန်မှာ ဒီပညာတွေနဲ့ တခြားသူတွေကို ကူညီပေးနိုင်မယ်ဆိုရင် ဒါဟာ ငါ့အတွက် ကုသိုလ်ကောင်းမှု တစ်ခုပါပဲ"
"ကျေးဇူးတင်ပါတယ် ဆရာကြီး"
ကျောက်ဖေးမှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။
အစကမူ ထောင်ဖန်းမင်သည် စည်းကမ်းချက်အချို့ သတ်မှတ်လိမ့်မည် သို့မဟုတ် စမ်းသပ်မှုအချို့ ပြုလုပ်လိမ့်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
မမျှော်လင့်ဘဲ အဘိုးအိုမှာ ဤမျှ သဘောထားကြီးလှသဖြင့် ကျောက်ဖေး၏ ရင်ထဲ၌ ကြည်ညိုစိတ်များ တိုးပွားသွားရသည်။
အမှန်စင်စစ် ကျောက်ဖေးအနေဖြင့် တပည့်အဖြစ် ခံယူရန်လည်း ဝန်မလေးပေ။ သူ၏ စိတ်ကူးထဲတွင်မူ ဆရာဟူသည် လမ်းပြပေးသူသာ ဖြစ်သည်။
နောင်အနာဂတ်တွင် ကိုယ်ခံပညာဖြစ်စေ၊ အင်မော်တယ်လမ်းစဉ်ဖြစ်စေ ပိုမိုမြင့်မားသော ပညာရပ်များအတွက် ဆရာသခင် အများအပြားကို ရှာဖွေရဦးမည် ဖြစ်သည်။
ထောင်ဖန်းမင်က ဆက်၍ပြောသည်။ "ဒါပေမဲ့ ငါ မင်းကို တစ်ခုတော့ အရင်သတိပေးရမယ်။ ငါတို့ရဲ့ အလုပ်က ပြင်ပလူတွေ ထင်သလို ခမ်းနားကြီးကျယ်တာမျိုး လုံးဝမဟုတ်ဘူး။ မှော်အတတ်ကို တတ်သွားတာနဲ့ လေကိုအမိန့်ပေး၊ မိုးကိုခေါ်ယူပြီး မိစ္ဆာတွေကို နှိမ်နင်းနိုင်မယ်လို့ မထင်လိုက်နဲ့။ မင်း မှားသွားလိမ့်
မယ်”
"ငါ့ဆီမှာ လေမိုးခေါ်နိုင်တဲ့ တန်ခိုးစွမ်းအားတွေ မရှိဘူး။ ဒီအဖိုးကြီး သိတာဆိုလို့ လူသေတွေကို ရေချိုးအဝတ်လဲပေးတဲ့အခါ ရွတ်ဖတ်ရတဲ့ ဝင်စားခြင်း ဂါထာရယ်၊ နောက်ပြီး ကြောက်လန့်နေတဲ့ ကလေးတွေကို ဝိညာဉ်ပြန်ခေါ်ပေးဖို့ ကြက်သွေး၊ ခွေးသွေးတွေနဲ့ အင်းစာရွက် ရေးဆွဲတဲ့ အရပ်သုံး နည်းလမ်းတွေပဲ ရှိတယ်..."
"ဟဲဟဲ..."
ထောင်ဖန်းမင်သည် ရယ်မောလိုက်သော်လည်း သူ၏ မျက်နှာအမူအရာမှာ အတန်ငယ် ရှုပ်ထွေးသွားသည်။ "ဒါ့အပြင် ငါတို့အလုပ်က လူသေတွေ၊ ဝိညာဉ်တွေနဲ့ အမြဲ ထိတွေ့နေရတာ။ သေကံမလှတဲ့ လူသေအလောင်းတွေကို သွားသယ်ဖို့ ညဉ့်သန်းခေါင်ယံမှာ ခေါ်တာမျိုးကိုလည်း ခံရတတ်တယ်။ တကယ်လို့များ ရန်ငြိုးကြီးတဲ့ ဝိညာဉ် ခြောက်လှန့်နေတဲ့ အိမ်မျိုးနဲ့ တိုးရင် သတိမထားမိတာနဲ့ အသက်ဆုံးသွားနိုင်တယ်"
ပြောရင်းနှင့် သူ၏ အပေါ်အင်္ကျီကို ဆွဲဟပြလိုက်သည်။
၎င်း၏ ရင်ဘတ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အမာရွတ်တစ်ခု ရှိနေပြီး နှလုံးသား၏ ဘေးအနားတွင် တည်ရှိသည်။
"မြင်လား? ဒါက လွန်ခဲ့တဲ့ သုံးနှစ်က ကြိုးဆွဲချသေတဲ့ ဝိညာဉ်တစ်ခုကို ဖြေရှင်းတုန်းက ရခဲ့တဲ့ ဒဏ်ရာပဲ။ အဲဒီညက ငါသာ အလျင်အမြန် မရှောင်နိုင်ခဲ့ရင် အခုအချိန်မှာ ဒီခေါင်းတလားထဲ လဲလျောင်းနေရမှာက ငါကိုယ်တိုင်ပဲ ဖြစ်နေလိမ့်မယ်"
ထို့နောက် ထောင်ဖန်းမင်သည် ထောင့်တစ်နေရာရှိ အင်းစာရွက်များနှင့် မှော်ပစ္စည်းများ ထည့်ထားသော သစ်သားသေတ္တာကို ညွှန်ပြကာ “ဒီပစ္စည်းတွေက ကြည့်ရတာ လျှို့ဝှက်ဆန်းကြယ်နေပေမဲ့၊ တကယ်တော့ ဒါတွေက ငါတို့ရဲ့ ဘိုးဘွားတွေ အသက်နဲ့ရင်းပြီး ရခဲ့တဲ့ အတွေ့အကြုံတွေပဲ။ ငါ့ဘဝ တစ်လျှောက်လုံးမှာ တပည့် ဆယ်ယောက်ထက်မနည်း သင်ပေးခဲ့ဖူးတယ်။ မင်းလိုပဲ ငါ့နာမည်ကို ကြားလို့ လာကြတဲ့သူတွေ နှစ်တိုင်း ရှိတယ်။ ဒါပေမဲ့ နောက်ဆုံးအထိ ဘယ်နှစ်ယောက် တောင့်ခံနိုင်သလဲဆိုတာ ငါတောင် မမှတ်မိတော့ဘူး"
အဘိုးအိုသည် ပြန်လည်ထိုင်လိုက်ပြီး သူ၏ အသံမှာလည်း ပျော့ပျောင်းသွားသည်။ "လူငယ်... မင်းက အရမ်းငယ်သေးတာ ငါမြင်ပါတယ်။ မင်းက ဆန်းသစ်တာကိုပဲ လိုချင်တာဆိုရင်တော့ ဒီစိတ်ကူးကို အမြန်ဆုံး စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ။ ဒီအတတ်ပညာက သင်ရတာ ပျင်းစရာကောင်းသလို အန္တရာယ်လည်း များတယ်။ နှစ်အတော်ကြာ သင်ယူရင်တောင် ဘာအောင်မြင်မှုမှ ရချင်မှရမယ်။ ဒါက မင်းကို မသေမျိုး ဖြစ်မလာစေသလို၊ ချမ်းသာအောင်လည်း မလုပ်ပေးနိုင်ဘူး"
"ဒါတွေကို သင်နေမဲ့အစား မင်းရဲ့ ကိုယ်ခံပညာကိုပဲ စနစ်တကျ လေ့ကျင့်တာ ပိုကောင်းပါလိမ့်မယ်"
ထိုစကားများကို ကြားရသော်လည်း ကျောက်ဖေး၏ မျက်နှာမှာ ပြောင်းလဲခြင်း မရှိပေ။ သူက ရိုးသားစွာဖြင့်ပင်- "ကျွန်တော် အများကြီး သိသွားပါပြီ။ ဒါပေမဲ့ ဆရာကြီး ပြောတဲ့အချက်တွေကပဲ ကျွန်တော် သင်ယူချင်နေတဲ့အရာတွေ ဖြစ်နေလို့ပါ" ဟု ဆိုလိုက်သည်။
သူတို့နှစ်ဦး စကားပြောနေစဉ်
လမ်းမပေါ်မှ အသက် ၁၅၊ ၁၆ နှစ်အရွယ်၊ တောင့်တင်းဖြတ်လတ်သော မျက်နှာထားရှိသည့် လူငယ်လေးတစ်ဦး သူတို့ထံသို့ လျင်မြန်စွာ လျှောက်လာသည်။
ထိုလူငယ်သည် သန်မာထွားကြိုင်းပြီး လက်ထဲတွင် မြေအိုးတစ်လုံးနှင့် ဆေးမြစ်အချို့ ထည့်ထားသော ခြင်းတောင်းတစ်လုံး ပါလာသည်။
ထိုမြေအိုးဆီမှ ခပ်ဖျော့ဖျော့ သွေးညှီနံ့တစ်ခု ထွက်ပေါ်နေသည်။
ထိုလူငယ်သည် ကျောက်ဖေးကို တစ်ချက်ကြည့်လိုက်ပြီးမှ ထောင်ဖန်းမင်ကို ဦးညွှတ်ကာ အစီရင်ခံသည်။ "ဆရာ... ဆရာခိုင်းထားတဲ့ ခွေးနက်သွေးကို ကျွန်တော် ဝယ်လာခဲ့ပါပြီ။ နောက်ပြီး ဆရာ့အတွက် ဆေးလည်း ပါလာပါတယ်။ သမားတော်လျူက ပြောတယ်၊ ဒီဆေးကို မီးအေးအေးနဲ့ နှစ်နာရီကြာအောင် ကျိုရမယ်တဲ့"
ထောင်ဖန်းမင်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ကျောက်ဖေးနှင့် မိတ်ဆက်ပေးလိုက်သည်။ "ဒါက ငါ့တပည့် လီချင်းတဲ့။"
ထို့နောက် ထိုလူငယ်ကို ပြောလိုက်သည်။ "သူ့နာမည်က ကျောက်ဖေး။ ငါ့ဆီမှာ ပညာသင်ဖို့ အဝေးက လာတာ။ သူက မင်းထက် အသက်ကြီးတာမို့လို့ နောင်ဆိုရင် စီနီယာအစ်ကိုကျောက် လို့ပဲ ခေါ်လိုက်"
"စီနီယာအစ်ကိုကျောက်..." လီချင်းက ကျောက်ဖေးကိုကြည့်ကာ ပြုံးပြသည်။ သူ၏ အမူအရာမှာ အလွန်ပင် ရိုးသားဖြူစင်လှသည်။
ကျောက်ဖေးကလည်း ယဉ်ကျေးစွာဖြင့် "ညီလေးလီချင်း... အားနာမနေပါနဲ့" ဟု ပြန်လည်နှုတ်ဆက်လိုက်သည်။
ထို့နောက် ထောင်ဖန်းမင်က ညွှန်ကြားလိုက်၏။ "အာချင်း... နောက်ဖေးကိုသွားပြီး ဆေးအရင်ကျိုလိုက်ဦး၊ ပြီးရင် ကျောက်ဖေး တည်းခိုဖို့အတွက် ဧည့်ခန်းကိုလည်း သေချာပြင်ဆင်ပေးလိုက်"
လီချင်း ထွက်သွားပြီးနောက်...
ထောင်ဖန်းမင်က သက်ပြင်းတစ်ချက်ချကာ- "မြင်တယ်မလား? ဒါ ငါ့ရဲ့ လက်ရှိတပည့်ပဲ။ သူ ဆယ့်တစ်နှစ်သားကတည်းက ငါ့နောက်လိုက်လာတာ၊ အခုဆို သုံးနှစ်တောင် ရှိပြီ။ ဒါပေမဲ့ အရိုးရှင်းဆုံးဖြစ်တဲ့ စိတ်ငြိမ်အင်းတောင် အခုထိ သေချာမရေးတတ်သေးဘူး။ ဒါပေမဲ့ ဒီကလေးက ဘဝကံမကောင်းရှာပါဘူး၊ သူ့မိဘတွေက ငတ်မွတ်ခေါင်းပါးဘေးမှာ သေဆုံးသွားခဲ့ကြတာ။ ငါ့တပည့်က ဘယ်လောက်ပဲ ထုံထုံအအဖြစ်ပါစေ... ငါက သူ့ကို နှင်ထုတ်လို့မှမရတာ၊ ဟုတ်တယ်မလား?"
ကျောက်ဖေးက "ဆရာကြီးက သဘောထားကြီးလှပါတယ်။ ဒါပေမဲ့ ညီလေးအာချင်းက ဖြူစင်တဲ့နှလုံးသား ရှိတာမို့ နောင်တစ်ချိန်မှာ ဆရာကြီးရဲ့ အမွေကို ဆက်ခံနိုင်မှာ အသေအချာပါပဲ" ဟု ဆိုလိုက်သည်။
ထောင်ဖန်းမင်က လက်ယမ်းပြကာ- "ကောင်းပြီလေ၊ မင်းက ဒီလို ကံမကောင်းတာတွေနဲ့ ပတ်သက်ရတဲ့ ခက်ခဲတဲ့အလုပ်ကို သင်ယူဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့လည်း ငါသင်ပေးပါ့မယ်။ အခုတော့ နောက်ဖေးကိုသွားပြီး အာချင်းကို အရင်ကူညီပေးလိုက်ဦး"
"နောင်ဆိုရင် အခြေခံဗဟုသုတတွေကို အာချင်းဆီမှာ မေးမြန်းနိုင်တယ်။ ငါ့တပည့်က သင်ယူတာ နှေးပေမဲ့ သူရဲ့ အခြေခံပညာတွေကတော့ တော်တော်လေး ခိုင်မာပါတယ်"
ကျောက်ဖေးက ပြုံး၍ ခေါင်းညိတ်ကာ မြင်းကို ချည်နှောင်ပြီး နောက်ဖေးဘက်သို့ လှည့်ထွက်ခဲ့သည်။
နောက်ဖေးဝင်းသည် စတုရန်းမီတာ ငါးဆယ်ခန့် ကျယ်ဝန်းပြီး တစ်ဖက်တွင် သက်ငယ်မိုးထားသော တဲအိမ်လေးတစ်ခု ရှိသည်။ တဲအောက်၌ သစ်တုံးအများအပြားနှင့် မပြီးပြတ်သေးသော ခေါင်းတလားတစ်ခုကို တွေ့ရသည်။
ကျောက်ဖေးသည် ဧည့်ခန်းရှိရာ အရှေ့ဘက်ဆောင်သို့ ဝင်လာခဲ့သည်။
ဧည့်ခန်းထဲတွင် သစ်သားခုတင် သုံးလုံးရှိပြီး ထိုခုတင်များကပင် အခန်း၏ ထက်ဝက်ကျော်ကို နေရာယူထားသည်။
လီချင်းသည် ပြတင်းပေါက်ဘေးရှိ ခုတင်ပေါ်တွင် ဒူးထောက်ကာ အိပ်ရာခင်းများကို ပြင်ဆင်နေသည်။
ခြေသံကြားသဖြင့် လှည့်ကြည့်ကာ ပြုံးလိုက်ပြီး "စီနီယာအစ်ကိုကျောက်... ဒါ အစ်ကို့အတွက်ပါ။ အိပ်ရာခင်းတွေကို နေလှန်းထားတာမို့ မှိုနံ့လုံးဝမရှိဘူးလို့ အာမခံပါတယ်"
နံရံဘက်က ခုတင်ကို ညွှန်ပြကာ "ဒါက ကျွန်တော့်ခုတင်ပါ။ ဒါနဲ့... ဆရာက ပြောဖူးတယ်၊ ကျွန်တော်က ညဘက်ဆိုရင် ဟောက်တတ်တယ်တဲ့။ အစ်ကို စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်"
လီချင်းက အားနာစွာ ဆိုသည်။
ကျောက်ဖေးက ရယ်မောကာ- "ဒါက ထူးဆန်းလို့လား? ငါ သိုင်းသင်တန်းမှာတုန်းက အဆောင်တစ်ခုထဲမှာ ဆယ်ယောက်ကျော် အတူအိပ်ခဲ့ရတာ။ အဲဒီထဲမှာ မဟောက်တဲ့သူ ဘယ်နှစ်ယောက် ရှိမှာမို့လို့လဲ? တကယ်တော့ ငါက ဟောက်သံမကြားရရင်တောင် မအိပ်တတ်တော့ဘူး"
ထိုစကားကြောင့် လီချင်း၏ မျက်လုံးများ တောက်ပသွားကာ စိတ်ဝင်တစား မေးလေတော့သည်။ "စီနီယာအစ်ကိုကျောက်က သိုင်ရသင်တန်းမှာ တက်ခဲ့တာလား? ဘယ်သင်တန်းလဲ၊ ပြီးတော့ ဘာပညာတွေ သင်ခဲ့တာလဲ?"
ကျောက်ဖေးက "မင်း 'ပျံလွှားသိုင်းပညာကျောင်းကို သိလား?" ဟု မေးလိုက်သည်။
လီချင်းက ခေါင်းကို အကြိမ်ကြိမ် ညိတ်ကာ "သိတာပေါ့၊ သိတာပေါ့။ အဲဒါ ကျန်းလင်းခရိုင်ရဲ့ အဓိက ကိုယ်ခံပညာသင်တန်းကျောင်း လေးခုထဲက တစ်ခုပဲ။ ပျံလွှားအကယ်ဒမီက ပျံလွှားရိပ် ကိုယ်ဖော့ပညာကြောင့် နာမည်ကြီးသလို၊ တောင်ဖြိုဓားသိုင်းလည်း ရှိတယ်လေ"
ကျောက်ဖေးက "မှန်တယ်၊ အဲဒီပညာတွေကို ငါ အဲဒီမှာ သင်ခဲ့တာပဲ" ဟု ဆိုသည်။
လီချင်းက အားကျသော အကြည့်ဖြင့်- "နှမြောစရာပဲ၊ ကျွန်တော်က သင်တန်းကြေး မတတ်နိုင်သလို ဆရာ့ကိုလည်း ပြုစုစောင့်ရှောက်ရဦးမှာ။ မဟုတ်ရင် ကျွန်တော်
လည်း ကိုယ်ခံပညာ သင်ချင်မိတယ်"
ကျောက်ဖေးက စိတ်ထဲမှ ပြုံးမိသည်။
သူနှင့် လီချင်းမှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေကြသည်။
သူက မှော်အတတ်ကို သင်ချင်ပြီး လီချင်းကမူ ကိုယ်ခံပညာကို လေ့ကျင့်ချင်နေသည်။
ခဏမျှ စဉ်းစားပြီးနောက် ကျောက်ဖေးက"ဒါက လွယ်ပါတယ်၊ နောင်ကျရင် ငါ မင်းကို ပြန်သင်ပေးမယ်လေ" ဟု ဆိုလိုက်သည်။
ပျံလွှားအကယ်ဒမီတွင် တပည့်များက ပညာကို ပြင်ပသို့ ပေးဝေခြင်း မပြုရန် တားမြစ်ထားသော်လည်း အချိန်တန်လျှင် သူကိုယ်တိုင် အကယ်ဒမီသို့ သွား၍ လီချင်းအတွက် သင်တန်းကြေး ပေးသွင်းကာ သူ၏အမည်အောက်တွင် တရားဝင် မှတ်ပုံတင်ပေးနိုင်သည်။
ကျောက်ဖေးသည် လေဟုန်စီးအနေအထား၊ တောင်ဖြိုဓားသိုင်းနှင့် ပျံလွှားရိပ်အတတ်တို့တွင် ကျွမ်းကျင်မှု အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ လီချင်းကို ဘာအတားအဆီးမျှ မရှိဘဲ နည်းပြများကဲ့သို့သင်ပေးရန်မှာ အခက်အခဲ မရှိပေ။
လီချင်းနှင့် တွေ့ဆုံသည်မှာ မကြာသေးသော်လည်း ဤလူငယ်လေး၏ ရိုးသားမှုကို ကျောက်ဖေးက သဘောကျမိသည်။
"တကယ်လား? ဝမ်းသာလိုက်တာ၊ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကျောက်”လီချင်းမှာ ပျော်လွန်းသဖြင့် အော်ဟစ်မိတော့သည်။
"ဟဲဟဲ... ငါတို့က အတူတူ သင်ယူနေကြတဲ့ သူတွေပဲ၊ အားနာမနေပါနဲ့။ ဒါ့အပြင် ငါကလည်း မင်းဆီကနေ အကြံဉာဏ်တွေ တောင်းရဦးမှာမို့ အချိန်တန်ရင် မင်းလည်း လျှို့ဝှက်မထားနဲ့ဦးနော်"
"မဖြစ်နိုင်တာ စီနီယာအစ်ကိုရယ်။ အစ်ကို သင်ယူချင်တာမှန်သမျှ ကျွန်တော် သိတာဆိုရင် အကုန်ပြောပြမှာပါ။ ဒါပေမဲ့ ဆရာကတော့ အမြဲပြောတယ်၊ ကျွန်တော်က ဉာဏ်ထိုင်းတော့ အစ်ကို့ကို သေချာသင်ပေးနိုင်ပါ့မလားလို့ စိုးရိမ်နေတာ..."
သူတို့နှစ်ဦးသည် အတန်ကြာအောင် ရယ်ရယ်မောမော စကားပြောနေကြသည်။
အိပ်ရာကိုလည်း အလျင်အမြန် ပြင်ဆင်ပြီးသွားကြသည်။
ထိုခဏအတွင်းမှာပင် သူတို့နှစ်ဦးကြားရှိ ရင်းနှီးမှုမှာ ပိုမိုခိုင်မာလာခဲ့လေသည်။
အခန်း ၅၁ - အရာရာကို အသုံးချခြင်း
အခန်းထဲတွင် နေရာတကျ သန့်ရှင်းရေးလုပ်ပြီးနောက် လီချင်းသည် ကျောက်ဖေး ခေါ်ဆောင်လာသော မြင်းကို နေရာချထားပေးရန် အလုပ်ရှုပ်သွားလေသည်။
ကျောက်ဖေးသည် ထောင်ဖန်းမင်ကို နှုတ်ဆက်ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။
ပိုင်ဖန်းမြို့သည် အဓိက လမ်းဆုံလမ်းခွပေါ်တွင် တည်ရှိသောကြောင့် စီးပွားရေး အငွေ့အသက် အလွန်အားကောင်းသည်။ ကျန်းလင်းခရိုင်ကို မယှဉ်နိုင်သော်လည်း သာမန်မြို့ငယ်လေးများ ထက်စာလျှင် လုပ်ငန်းမျိုးစုံ ပိုမိုစည်ကားလှသည်။
ကျောက်ဖေးသည် ဒေသခံအချို့ကို စုံစမ်းမေးမြန်းပြီးနောက် မြို့၏ အရှေ့ဘက်ခြမ်းရှိ အိမ်တစ်လုံးကို အလွယ်တကူ ငှားရမ်းနိုင်ခဲ့သည်။
ထို့နောက် သူသည် မြို့ပြင်သို့ ထွက်ခွာသွားသည်။
မြို့နှင့် မလှမ်းမကမ်းရှိ တောင်တန်းများအတွင်း၌ သူသည် သူ၏ ကိုယ်ပွားထံမှ မြွေပါကို ပြန်လည်ရယူလိုက်သည်။
ထို့နောက် ကျောက်ဖေးသည် အခြားသော ကိုယ်ပွားသုံးဦးကို မြို့အရှေ့ဘက်ခြမ်းတွင် ငှားရမ်းထားသော အိမ်၌ ခေတ္တနေရာချထားခဲ့သည်။
၎င်းအပြင် အခြားသော ရည်ရွယ်ချက်တစ်ခုအတွက် သူ စေလွှတ်လိုက်သည့် ကိုယ်ပွားတစ်ခုလည်း ရှိသေးသည်။
သူသည် ဤသို့ဖြင့် ဟိုပြေးဒီလွှား လုပ်ကိုင်နေရင်း အတော်အတန် အလုပ်ရှုပ်သွားရသည်။
ကျောက်ဖေး ခေါင်းတလားဆိုင်သို့ ပြန်ရောက်လာချိန်တွင် ညနေစောင်းနေပြီဖြစ်သည်။
သို့သော် ဤသည်မှာလည်း ကျောက်ဖေး၏ အခက်အခဲပင်။
ကိုယ်ပွားများသည် သူနှင့် တစ်ပုံစံတည်း တူနေသဖြင့် လူအများကြားတွင် နှစ်ဦးလုံး တစ်ပြိုင်နက် ပေါ်ထွက်လာရန် အလွန်ပင် အဆင်မပြေပေ။
သူ့တွင် ကိုယ်ပွားရှိကြောင်း အသိနိုင်ဆုံးမှာ ဤမြွေပါသာ ဖြစ်သည်။
ထို့ကြောင့် ကျောက်ဖေးသည် အစကတည်းက ဤမြွေပါကို အသက်ရှင်လျက် အကြာကြီးထားရန် စိတ်မကူးထားပေ။
အထူးသဖြင့် ဤမြွေပါသည် သူ့အပေါ် ရန်ငြိုးထားရှိသည်။
၎င်း၏ ရန်ငြိုးကို ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်ဟု ထင်မှတ်ကာ ကျောက်ဖေးရှေ့တွင် အညံ့ခံဟန်ဆောင်နေ၏
သို့သော်လည်း တိရစ္ဆာန်တစ်ကောင်၏ အကြံအစည်ကို ကျောက်ဖေးက မည်သို့လျှင် သတိမထားမိဘဲ ရှိပါမည်နည်း။
မြွေပါသည် လောလောဆယ်တွင် သူ့အတွက် အသုံးဝင်မှု အနည်းငယ်ရှိနေသေးသဖြင့်သာ ချန်ထားခြင်း ဖြစ်သည်။
ထောင်ဖန်းမင်နှင့် သူ၏ တပည့် လီချင်းတို့သည် နောက်ဖေးခြံထဲတွင် ညစာစားနေကြသည်။
"အစ်ကိုကြီးကျောက် ပြန်လာပြီလား၊ လာ၊ ထမင်းစားရအောင်”
လီချင်းသည် ကျောက်ဖေးကို မြင်သောအခါ ထမင်းခူးပေးရန် အမြန်ထလိုက်သည်။
ဤလူငယ်သည် သဘာဝအတိုင်းပင် တက်ကြွဖော်ရွေသူ ဖြစ်သည်။
အထူးသဖြင့် ယနေ့မွန်းလွဲပိုင်းက ကျောက်ဖေးက သူ့ကို သိုင်းပညာသင်ပေးမည်ဟု ပြောလိုက်သဖြင့် ပို၍ပင် တက်ကြွနေပြီး အလွန်အမင်းပင် ပြာပြာသလဲ ရှိနေတော့သည်။
ထောင်ဖန်းမင်သည် ကျောက်ဖေး သယ်လာသော မြွေပါကို ကြည့်ကာ အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်း ဘယ်လိုဖြစ်တာလဲ? အပြင်ထွက်သွားပြီး မြွေပါတစ်ကောင် ပြန်သယ်လာတာလား?"
သူ၏ ဗီဇအရ ကျောက်ဖေးလက်ထဲရှိ မြွေပါသည် တစ်ခုခု ထူးခြားနေကြောင်း သူ ဝေဝေဝါးဝါး ခံစားမိသည်။
ကျောက်ဖေးက ပြုံးလျက် ရှင်းပြသည် "ကျွန်တော် အရင်က အာချင်း ပြောတာ ကြားဖူးတယ်၊ ကျွန်တော်တို့ အလုပ်မှာ ကြက်သွေးနဲ့ ခွေးနက်သွေးကို သုံးတာဟာ အဲဒီတိရစ္ဆာန်
နှစ်မျိုးမှာ ယန်စွမ်းအင် ကြွယ်ဝလို့လို့ သိရပါတယ်”
“ ဒါ့အပြင် ဝိညာဉ်သတ္တဝါတွေရဲ့ သွေးကိုလည်း သုံးလို့ရတယ် မလား?"
"ဝိညာဉ်သတ္တဝါတွေရဲ့ သွေးထဲမှာ သာမန်တိရစ္ဆာန်တွေထက် ဝိညာဉ်စွမ်းအား အဆပေါင်းများစွာ ပိုပါဝင်နေတော့ အကျိုးသက်ရောက်မှုကလည်း ပိုကောင်းမှာပဲလေ။"
"မင်းပြောချင်တာက ဒီမြွေပါက... ကျင့်စဉ်အောင်ပြီး ဝိညာဉ်စွမ်းအားရနေတာလား?"
ထောင်ဖန်းမင်သည် ကျောက်ဖေး၏ စကားအဓိပ္ပာယ်ကို သဘောပေါက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ ရုတ်တရက် မတ်တပ်ရပ်လိုက်မိသည်။
"ဘာ? ဝိညာဉ်စွမ်းအားရနေတဲ့ မြွေပါလား? မိစ္ဆာလား? ဘီလူးလား?" ထမင်းခူးနေသော လီချင်းမှာလည်း လန့်သွားပြီး လက်ထဲမှ ပန်းကန်လုံးပင် ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
သူသည် ဆရာဖြစ်သူနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ပြီး သရဲတစ္ဆေငယ်များနှင့် မိစ္ဆာအချို့ကို ကိုင်တွယ်ခဲ့ဖူးသော်လည်း အများအားဖြင့် မောင်းထုတ်ရုံသာ တတ်နိုင်သည်။
မိစ္ဆာတစ်ကောင်ကို အရှင်လတ်လတ် ဖမ်းမိလာသည်ကို မြင်ဖူးသည်မှာ ဤသည်မှာ ပထမဆုံးပင် ဖြစ်သည်။
ထောင်ဖန်းမင်သည်လည်း တစ်သက်လုံး သရဲတစ္ဆေများစွာကို ဖမ်းဆီးခဲ့ဖူးသော်လည်း မိစ္ဆာနှင့် ပတ်သက်လာလျှင်မူ သူ၏ ငယ်စဉ်အခါက တပည့်အချို့၏ အကူအညီဖြင့် မြွေမိစ္ဆာတစ်ကောင်ကိုသာ ဖမ်းဆီးနိုင်ခဲ့ဖူးသည်။
ကျောက်ဖေးက ခေါင်းညိတ်ပြပြီး မြွေပါကို ဘေးသို့ ပစ်ချလိုက်သည်။
မြွေပါသည် ကျောက်ဖေး၏ ခြေရင်းတွင် နာခံစွာ ဝပ်နေလေသည်။
ဟွမ်နီကျေးရွာမှ ထွက်လာပြီးနောက် ၎င်းသည် အကြိမ်ပေါင်းများစွာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း အဖမ်းခံရပြီး သင်ခန်းစာ ကောင်းကောင်းရခဲ့သည်။ ၎င်း၏ နောက်
ခြေထောက် နှစ်ဖက်လုံးမှာ ကျောက်ဖေးကိုယ်ပွားများ၏ ရိုက်နှက်မှုကြောင့် ကျိုးသွားခဲ့ပြီး ယခုအခါ မတ်တပ်ပင် မရပ်နိုင်တော့ပေ။
ယခုအခါ ၎င်းသည် ကျောက်ဖေးကို အမှန်တကယ် ကြောက်ရွံ့သွားပြီး ထပ်မံထွက်ပြေးရန် မဝံ့တော့ပေ။
ကျောက်ဖေးက ဆက်လက်ရှင်းပြသည် - "အရင်က သူငယ်ချင်းအချို့နဲ့အတူ ဒီမြွေပါကို ဖမ်းမိခဲ့တာပါ။ အဲဒီတုန်းက မြွေပါက သူ့ကို အသက်ချမ်းသာပေးဖို့ တောင်းပန်ခဲ့တယ်။
“အမှန်အတိုင်းပြောရရင် ကျွန်တော့်တစ်သက်မှာ မိစ္ဆာတစ်ကောင်ကို မြင်ဖူးတာ ဒါပထမဆုံးပဲ။ ဒါကြောင့် ထူးဆန်းလို့ ဘေးမှာ သိမ်းထားလိုက်တာ။”
“သူ မကောင်းတာအချို့ လုပ်ခဲ့ဖူးပေမဲ့ လူ့အသက်ကိုတော့ တိုက်ရိုက်သတ်ဖြတ်ဖို့ မဝံ့ရဲပါဘူး။"
ထိုအခါမှ ကျောက်ဖေးက မြွေပါကို ကြိမ်းမောင်းလိုက်သည်။ "ဆွံ့အချင်ယောင် ဆောင်မနေနဲ့တော့၊ သခင်ကြီးနဲ့ ညီလေးအာချင်းကို အမြန်ဦးချနှုတ်ဆက်စမ်း။"
မြွေပါသည် မတတ်သာတော့ဘဲ နောက်ခြေထောက်များမှ နာကျင်မှုကို အောင့်အီးကာ လူတစ်ယောက်ကဲ့သို့ တစ်ကိုယ်လုံးကို မတ်မတ်ဆန့်ထုတ်၍ ထောင်ဖန်းမင်နှင့် လီချင်းတို့ကို လက်အုပ်ချီကာ ဂါရဝပြုလိုက်ရတော့သည်။
"နှိမ့်ကျလှတဲ့ ကျွန်တော် ဟွမ်ဝူက သခင်ကြီးနဲ့ ညီလေးအာချင်းကို ဂါရဝပြုပါတယ်ခင်ဗျာ။"
ဟွမ်ဝူ... ၎င်းသည် မြွေပါ၏ အမည်ပင် ဖြစ်သည်။
ကျောက်ဖေးလည်း ယခုမှပင် ၎င်း၏အမည်ကို သိရခြင်းဖြစ်သည်။
တိရစ္ဆာန်တစ်ကောင်ဖြစ်ပြီး လူအမည်ရှိနေသည်မှာ မသင့်တော်ဟု သူ၏ ပထမဆုံးအာရုံတွင် ခံစားလိုက်ရသည်။
"သူက တကယ်ပဲ လူစကားပြောနိုင်တာပဲ၊ တကယ့်မိစ္ဆာကြီးပဲ” လီချင်းက အံ့ဩတကြီး ရေရွတ်မိသည်။
သတ္တဝါတစ်ကောင်သည် မိစ္ဆာဟုတ်မဟုတ်ကို လူစကားပြောနိုင်ခြင်း ရှိမရှိဖြင့် ဆုံးဖြတ်လေ့ရှိသည်။
သာမန်တိရစ္ဆာန်တစ်ကောင်သာဆိုလျှင် မည်မျှပင် ထူးခြားဆန်းပြားနေပါစေ၊ လူစကားကိုမူ မည်သည့်အခါမျှ ပြောနိုင်မည်မဟုတ်ပေ။
ထောင်ဖန်းမင်သည် မျက်မှောင်အနည်းငယ်ကြုတ်ကာ ကျောက်ဖေးကို ဘေးသို့ ခေါ်ထုတ်သွားသည်။
သူသည် မြွေပါကို ကြည့်ကာ လေသံနှိမ့်၍ သတိပေးလိုက်သည်။
"မြွေပါတွေဆိုတာ ရန်ငြိုးအထားဆုံး သတ္တဝါတွေကွ၊ ပြီးတော့ မင်းက သူ့ကို အတင်းအကျပ် အနိုင်ယူပြီး ဖမ်းလာတာဆိုတော့ သူ မင်းအပေါ်မှာ ရန်ငြိုးသေချာပေါက် ရှိနေလိမ့်မယ်။"
"သူက အညံ့ခံနေတဲ့ပုံ ပေါက်နေပေမဲ့ သူ့မျက်လုံးထဲမှာ မကောင်းတဲ့အကြံတွေ ရှိနေတာကို ငါ မြင်နေရတယ်”
“နောင်တစ်ချိန် အခွင့်သာရင် သူ မင်းကို သေချာပေါက် ကလဲ့စားချေလိမ့်မယ်။ အကယ်၍ မင်း သူ့ကို အပြည့်အဝ ထိန်းချုပ်နိုင်တယ်လို့ မသေချာရင်တော့ သူ့ကို အမြန်ဆုံး ရှင်းပစ်ဖို့ ငါ အကြံပြုချင်တယ်။"
ထောင်ဖန်းမင် သတိပေးချက်မှာ စေတနာနှင့်ဖြစ်ကြောင်း ကျောက်ဖေး နားလည်
ပါသည်။
အမှန်အတိုင်းပြောရလျှင် သူသည် မြွေပါ၏ ကလဲ့စားချေမှုကို မကြောက်ပေ
သူ ဂရုစိုက်ရမည့် တစ်ခုတည်းသော အချက်မှာ မြွေပါမှတစ်ဆင့် သူ၏ ကိုယ်ပွားလျှို့ဝှက်ချက်များ ပေါက်ကြားသွားမည်ကိုသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ သူ၏ နောက်ဆုံးရည်မှန်းချက်နှင့် ထောင်ဖန်းမင် ရည်မှန်းချက်မှာ အတူတူပင်။
ဤတိရစ္ဆာန်ကို အသက်ရှင်လျက် အကြာကြီး ထား၍မဖြစ်ပေ။
ကျောက်ဖေးက ခေါင်းညိတ်ကာ "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး။ ကျွန်တော် သူ့ကို ခေါ်လာရတဲ့ အဓိက အကြောင်းရင်းကတော့ ဒီမိစ္ဆာကို အသုံးချပြီး လေ့ကျင့်ဖို့နဲ့ မိစ္ဆာတွေကို ကိုင်တွယ်တဲ့ နည်းလမ်းတွေကို အမြန်ဆုံး ကျွမ်းကျင်လာစေဖို့ပါ။"
ဘာမှမရှိဘဲ စိတ်ကူးဖြင့် လေ့ကျင့်ခြင်းထက် အရှင်လတ်လတ် ပစ်မှတ်တစ်ခုထား၍ လေ့ကျင့်ခြင်းက ပို၍ ထိရောက်မှုရှိသည်မှာ ထင်ရှားသည်။
ယခင်ဘဝက မူလတန်းမှ တက္ကသိုလ်အထိ နှစ်ပေါင်းများစွာ ပညာသင်ကြားခဲ့ရသူဖြစ်သဖြင့် သင်ယူမှုစွမ်းရည် မည်သို့မြှင့်တင်ရမည်ကို ကျောက်ဖေးက ကောင်းစွာ နားလည်ထားသည်။
၎င်းအပြင် မိစ္ဆာတစ်ကောင်ဖြစ်သဖြင့် မြွေပါ၏ သားမွေးနှင့် အသားတို့သည်လည်း သာမန်ထက် ထူးကဲမည်ဖြစ်ရာ အကျိုးရှိရှိ အသုံးချနိုင်ပေလိမ့်မည်။
ထောင်ဖန်းမင်သည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြောသည် - "မင်းရဲ့ နည်းလမ်းက တော်တော်လေးကို ပါးနပ်တာပဲ။ အခုလို ပြောလိုက်တော့ ငါတောင် ဒီမြွေပါပေါ်မှာ လေ့ကျင့်ချင်စိတ် ပေါက်လာပြီ။"
သူ၏ ငယ်စဉ်အခါက တပည့်အချို့နှင့်အတူ မြွေမိစ္ဆာတစ်ကောင်ကို ဖမ်းမိခဲ့စဉ်ကမူ သူသည် ချက်ချင်းပင် ထိုမြွေကို သူဌေးတစ်ဦးထံ ရောင်းချပြီး ပိုက်ဆံရဖို့ကိုသာ စဉ်းစားခဲ့မိသည်။
လူငယ်များ၏ ဉာဏ်ရည်ထက်မြက်မှုကတော့ တကယ်ကို ချီးကျူးရမည်ပင်။
ညစာစားပြီးနောက်။
ထောင်ဖန်းမင်သည် သူ၏ ပထမဆုံး တရားဝင် သင်ကြားမှုကို စတင်လိုက်သည်။"အခု ငါတို့မှာ ဟွမ်ဝူ ရှိနေပြီဆိုတော့၊ ငါ မင်းကို ပထမဆုံးအနေနဲ့ မျက်လှည့်ပြနည်းတစ်မျိုးကို အရင်သင်ပေးမယ်။ မြွေပါလို မိစ္ဆာတွေက လူတွေကို လှည့်စားဖို့ မျက်လှည့်အတတ်တွေမှာ ကျွမ်းကျင်ကြတယ်။ အကယ်၍ မင်း ဒီနည်းလမ်းကို သုံးရင် သူတို့ကို အလွယ်တကူ ကိုင်တွယ်နိုင်လိမ့်မယ်။"
"ဒီဂါထာကို ဖိနပ်နဲ့ ဝိညာဉ်ရိုက်ချက်လို့ ခေါ်တယ်..."
ကျောက်ဖေးသည် စကားတစ်လုံးမကျန် အလွန်အမင်း အာရုံစိုက်ကာ နားထောင်နေသည်။
လီချင်းမှာမူ ဤအရာများကို သင်ယူပြီးခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထို့ကြောင့် သူသည် စားပွဲပေါ်တွင် မှောက်လျက်၊ စိတ်ပျက်လက်ပျက် အမူအရာဖြင့် စုတ်တံကိုကိုင်ကာ အဆောင်လက်ဖွဲ့များကို ဆွဲရန် လေ့ကျင့်နေတော့သည်။