အခန်း (၅၂-၅၄)
Vol. 4 Ch. 52-54
အခန်း ၅၂ - နောက်ပြန်ပင် ရွတ်ဆိုနိုင်သည်
ထောင်ဖန်းမင်သင်ကြားပေးသော အရပ်သုံး နည်းလမ်းများသည် ရိုးရှင်းပုံရပြီး အမှန်တကယ်လည်း အသုံးပြုရ လွယ်ကူလှသည်။
၎င်း၏ လုပ်ဆောင်ပုံနှင့် ဂါထာအသံထွက်ကို မှန်ကန်အောင် သိထားရုံဖြင့် နောက်ကွယ်က သဘောတရားများကို နားမလည်သည့်တိုင် သာမန်လူတစ်ယောက်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ထိရောက်မှု ရှိစေနိုင်သည်။
ကျောက်ဖေး၏ ဉာဏ်ရည်ဖြင့်ဆိုလျှင် တစ်ကြိမ်ကြည့်ရုံဖြင့် အလွယ်တကူ သင်ယူနိုင်ခဲ့သည်။
နောက်တစ်ဆင့်မှာမူ လက်တွေ့လေ့ကျင့်ခန်းပင်။
တစ်မီတာကျော်အကွာတွင် ရပ်နေသော မြွေပါသည် ပါးစပ်ကိုဟကာ ဝါဖျော့ဖျော့ မီးခိုးငွေ့တစ်သုတ်ကို ကျောက်ဖေးထံသို့ မှုတ်ထုတ်လိုက်သည်။
ကျောက်ဖေး၏ မျက်စိရှေ့တွင် ဝေဝါးသွားပြီး မြင်ကွင်းတစ်ခုလုံး ရုတ်တရက် ပြောင်းလဲသွားတော့သည်။
မျက်နှာအပြာရောင်နှင့် အစွယ်တပြူးပြူး၊ သံခက်ရင်းကို ကိုင်ဆောင်ထားသော ဘီလူးတစ်ကောင်သည် သူ့ရှေ့တွင် ပေါ်လာပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ဟာလာဟင်းလင်း ဖြစ်သွားပြီး ထောင်ဖန်းမင်၏ အရိပ်အယောင်ပင် မရှိတော့ပေ။
သို့သော်လည်း အမြင်မှားမှုများကို ကြုံတွေ့နေရသော်လည်း ကျောက်ဖေး၏ အသိစိတ်ကိုမူ မထိခိုက်စေခဲ့ပေ
သူ ဘာလုပ်ရမည်ကို ကျောက်ဖေး ကောင်းကောင်း မှတ်မိနေသည်။
သူသည် ကိုယ်ကိုကိုင်းကာ ဘယ်ဘက်လက်ဖြင့် ညာဘက်ဖိနပ်ကို ချွတ်လိုက်ပြီး ၎င်းကို ကျောနောက်တွင် ကိုင်ထားလိုက်သည်။
ထို့နောက် ဂါထာကို ရွတ်ဆိုလိုက်သည် “ယန်က ယင်ကို နင်းတယ်၊ ယင်က ကိုယ်ဖျောက်တယ်၊ အဲဒီအတိုင်း ဖြစ်စေသတည်း”
သူသည် ထိုစကားလုံးများကို ရွတ်ဆိုရင်း မိမိ၏ အရိပ်ကို ဖိနပ်ဖြင့် ရိုက်ချလိုက်သည်။
ဖုတ်
မမြင်ရသော အင်အားတစ်ခု အလုပ်လုပ်နေပုံရသည်။
ရှေ့က ဘီလူးငယ်သည် ရုတ်တရက် ဝေဝါးသွားပြီး ထောင်ဖန်းမင်၏ ပုံရိပ်မှာလည်း သူတို့ဘေးတွင် ဝေဝေဝါးဝါး ပေါ်လာသည်။
ဖြတ်၊ ဖြတ်၊ ဖြတ်.
ကျောက်ဖေးသည် ဆယ်ကြိမ်ထက်မနည်း ဆက်တိုက် ရိုက်ချလိုက်သည်။
အမြင်မှားမှုများသည် တဖြည်းဖြည်း ပိုမိုဝေဝါးလာပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
ကျောက်ဖေးက အံ့ဩတကြီးဖြင့် ဆိုသည် "ဆရာကြီးသာ မသင်ပေးဘူးဆိုရင် မျက်လှည့်တွေကို ဖျက်ဖို့ ဒီလောက်ရိုးရှင်းတဲ့ နည်းလမ်းရှိမယ်လို့ ကျွန်တော် တကယ် မထင်ထားမိဘူး။"
ပို၍ အရေးကြီးသည်မှာ ဤကဲ့သို့သော အရပ်သုံး မန္တန်များသည် မည်သည့် ဝိညာဉ်စွမ်းအားမှ မလိုအပ်ဘဲ သာမန်လူများပင် အသုံးပြုနိုင်သည်။
အရာရာတွင် အကောင်းနှင့် အဆိုး ဒွန်တွဲနေမြဲပင်
ဤအရပ်သုံးဂါထာများသည် ရိုးရှင်းပြီး အားစိုက်စရာ မလိုသော်လည်း ၎င်းတို့၏ အာနိသင်သည် အစစ်အမှန် ဂါထာမန္တန်များထက် များစွာ အားနည်းလှသည်။
သရဲတစ္ဆေငယ်များနှင့် မိစ္ဆာငယ်များကို ကိုင်တွယ်ရန် အဆင်ပြေသော်လည်း အစွမ်းထက်သော မိစ္ဆာကြီးများကိုမူ ထိရောက်မှု ရှိမည်မဟုတ်ပေ။
ခုနက မြွေပါဆိုလျှင်လည်း ကျောက်ဖေးထံသို့ အိပ်မွေ့ချမှုန့် အနည်းငယ်သာ မှုတ်ထုတ်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ၎င်းသာ မြူခိုးများကို ဆက်တိုက် ထုတ်လွှတ်နေမည်ဆိုလျှင် ကျောက်ဖေးအနေဖြင့် ဤမျှလွယ်လွယ်ကူကူနှင့် အမြင်မှားမှုကို ဖျက်နိုင်မည်မဟုတ်သည်မှာ သေချာသည်။
သူ့ဘေးရှိ မြွေပါမှာမူ မျက်လုံးများ ကလည်ကလည်ဖြင့် ကျောက်ဖေးကို ကြည့်နေပြီး ရင်ထဲတွင် သံသယများ တိုးလာသည်။
“ဒီလူက ငါ့ရဲ့ အဆိပ်ငွေ့ကိုလည်း မကြောက်ဘဲနဲ့ ဘာလို့ ဒီလို အသေးအဖွဲ လှည့်ကွက်တွေကို အပင်ပန်းခံ သင်နေရတာလဲ? “
“ဒီကောင် အားယားနေလို့လား? “
“ဒါမှမဟုတ် သူက ငါထင်သလောက် အစွမ်းမထက်တာလား?”
၎င်းသည် စိတ်ထဲတွင် မည်မျှပင် ခန့်မှန်းတွေးတောနေပါစေ ကျိုးကြောင်းဆီလျော်သော အမှန်တရားကိုမူ မည်သည့်
အခါမျှ တွေးမိမည်မဟုတ်ပေ။
ကျောက်ဖေး၏ အကြည့်ကို သတိထားမိသည်နှင့် မြွေပါသည် ချက်ချင်းပင် အညံ့ခံသော အမူအရာသို့ ပြန်ပြောင်းလိုက်သည်။
"ဒီနည်းလမ်းက ကြမ်းတမ်းတယ်လို့ ထင်ရပေမဲ့ တကယ်တော့ ယင်နဲ့ယန် သဘောတရားတွေနဲ့ ကိုက်ညီနေတယ်"
ထောင်ဖန်းမင်က ဆိုသည်။ "ပြီးတော့ မင်း အမြဲမှတ်ထားရမှာက ငါသင်ပေးတဲ့ အရပ်သုံးပညာတွေက ပစ္စည်းကိရိယာအပေါ် သုံးပုံ၊ သတ္တိအပေါ် ခုနစ်ပုံ မူတည်တယ်။ သရဲ ဒါမှမဟုတ် မိစ္ဆာတွေနဲ့ တွေ့တဲ့အခါ မင်းက ပိုကြောက်လေ မင်းရဲ့ စွမ်းအင်တွေ အားနည်းလေဖြစ်ပြီး သူတို့က ပိုပြီး သောင်းကျန်းလာလေပဲ။"
"ကဲ... အာချင်း၊ မင်းလည်း တစ်ခေါက်လောက် စမ်းကြည့်ဦးမလား?"
သူသည် ရခဲသော ဤအခွင့်အရေးတွင် သူ၏တပည့်ကို လေ့ကျင့်ပေးရန် ငြင်းဆိုမည် မဟုတ်ပေ။
"ဟုတ်ကဲ့ ဆရာ" လီချင်းသည် စိတ်ဝင်တစားဖြင့် ချက်ချင်း ထလာသည်။
သူသည် ဖိနပ်ဖြင့် ဝိညာဉ်ရိုက်ချက်အတတ်ကို သင်ယူခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လက်တွေ့အသုံးချရန် အခွင့်အရေး မရခဲ့ဖူးချေ။
ဘေးက ကြည့်နေရသည်မှာ ကြာပြီဖြစ်ရာ ယခု သူ့အလှည့်ရောက်သောအခါ မည်သို့လျှင် မတက်ကြွဘဲ ရှိပါမည်နည်း။
အာချင်း လေ့ကျင့်ပြီးနောက်။
ထောင်ဖန်းမင်သည် ကျောက်ဖေးကို နောက်ထပ် အရပ်သုံး ပညာရပ် နှစ်မျိုး ထပ်မံ သင်ကြားပေးခဲ့သည်။
တစ်ခုမှာ တံမြက်စည်းဖြင့် တံခါးပိတ်ခြင်းဖြစ်သည်။
၎င်းအတွက် အနည်းဆုံး တစ်နှစ်ခန့် အသုံးပြုထားသော ဝါးတံမြက်စည်း အဟောင်းတစ်ချောင်းနှင့် ကြက်သွေးစိမ်ထားသော မှင်ကြိုးများ လိုအပ်သည်။
လုပ်ဆောင်ပုံသည် တံမြက်စည်းကို တံခါးဝတွင် ပြောင်းပြန်ထောင်ထားပြီး ဂါထာရွတ်ဆိုရခြင်း ဖြစ်သည်။
ထို့နောက် တံမြက်စည်းလက်ကိုင်ကို မှင်ကြိုးဖြင့် ခုနစ်ပတ် ပတ်ရသည်။
ဤနည်းလမ်းသည် ရိုးရှင်းသော ယင်နှင့်ယန် အခိုးအငွေ့ဆိုးများကို ခုခံနိုင်သည့် ဘေးရန်ကာကွယ်နည်း တစ်မျိုးဖြစ်သည်။
အခြားပညာရပ်တစ်ခုမှာမူ သီးနှံငါးမျိုးဖြင့် သရဲနှင်ခြင်းဖြစ်သည်။
ဆန်၊ ကောက်ညှင်းဆန်၊ ဆန်နက်၊ ဆန်ဝါနှင့် ပဲစိမ်း ဟူသော သီးနှံငါးမျိုးကို ကြိုတင်
ပြင်ဆင်ထားရမည်။
အသုံးပြုလိုလျှင် ထိုသီးနှံများကို ဆုပ်ယူ၍ မိစ္ဆာငယ်ထံသို့ ပစ်ပေါက်ကာ "ကွဲစေ”ဟု အော်ဟစ်လိုက်ပါက မိစ္ဆာငယ်ကို ထိခိုက်ဒဏ်ရာ ရစေနိုင်သည်။
ဤနည်းလမ်းသည် အထူးသဖြင့် ဝိညာဉ်ဆိုးများကို ကိုင်တွယ်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
သို့သော် သာမန်သီးနှံများကို အသုံးပြုခြင်းသည် အနိမ့်ဆုံးအဆင့်ရှိ လွင့်ပါးနေသော ဝိညာဉ်များကို တိုက်ခိုက်ရာ၌သာ အသုံးဝင်သည်။ ၎င်း၏ အားသာချက်မှာ ရိုးရှင်းပြီး အသုံးပြုရလွယ်ကူသဖြင့် အရွယ်သုံးပါးမရွေး အသုံးပြုနိုင်ခြင်းပင် ဖြစ်သည်။
ကျောက်ဖေးသည် ရိုးရှင်းသော အရပ်သုံးဂါထာအချို့ကို တစ်ကြိမ်ဖတ်ရုံဖြင့် အလွတ်မှတ်မိသွားသည်။
ကံဆိုးသည်မှာ ဤနေရာတွင် မြွေပါဝိညာဉ်သာရှိပြီး ကျောက်ဖေး လက်တွေ့လေ့ကျင့်ရန် သရဲတစ္ဆေများ မရှိခြင်းပင်။
ကျောက်ဖေးသည် ဤအရပ်သုံး လှည့်ကွက်များကို ပထမဆုံး သင်ယူရသောအခါ အရာအားလုံးကို အလွန်ဆန်းသစ်သည်ဟု ခံစားရသည်။
သို့သော် ထောင်ဖန်းမင်ပြောခဲ့သလိုပင် ဤနည်းလမ်းများအားလုံးမှာ အထောက်အကူပြုပစ္စည်းများ လိုအပ်သည်ကို သူ သတိပြုမိလိုက်သည်။
ဥပမာ ဖိနပ်ဖြင့် ဝိညာဉ်ရိုက်ချက်ဆိုလျှင် ဖိနပ်ချွတ်ရုံဖြင့် အသုံးပြုနိုင်သည်။ သီးနှံငါးမျိုးဖြင့် မိစ္ဆာနှင်ခြင်းမှာမူ အနည်းငယ် အလုပ်ရှုပ်သော်လည်း ဈေးသို့သွားကာ သီးနှံများကို အလွယ်တကူ ဝယ်ယူစုဆောင်းထားနိုင်သည်။
သို့သော် တံမြက်စည်းဖြင့် တံခါးပိတ်သည့် နည်းလမ်းမှာမူ အနည်းငယ် အခက်အခဲရှိသည်။
မှင်ရည်ကို ကြက်သွေးစိမ်ရန်မှာ ကိစ္စမရှိသော်လည်း တစ်နှစ်ကျော် အသုံးပြုထားသော ဝါးတံမြက်စည်းကိုမူ အထူးတလည် ရှာဖွေရပေလိမ့်မည်။
ထောင်ဖန်းမင်၏ အဆိုအရ ဤအရာများသည် အခြေခံအကျဆုံး အရပ်သုံးပညာရပ်များဖြစ်ပြီး ပြင်ဆင်ရန်လည်း မခက်ခဲလှပေ။
အမှန်အတိုင်းပြောရလျှင် ဤသည်မှာ ကျောက်ဖေး မျှော်လင့်ထားသည်နှင့် အတော်လေး ကွာခြားနေသည်။
သူသည် ပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်စရာမလိုဘဲ လက်ဟန်ခြေဟန်ပြကာ ဂါထာရွတ်ဆိုရုံဖြင့် လေထဲတွင်ပင် အစွမ်းပြနိုင်သော မှော်ပညာမျိုးကို ပို၍ သင်ယူချင်
သည်။
အခြားဥပမာတစ်ခုမှာ ဝိညာဉ်ကလေးငယ်များကို မွေးမြူခြင်း ဖြစ်သည်။ တစ်ကြိမ် တတ်မြောက်သွားပါက အစဉ်တစိုက် အသုံးပြုနိုင်သည်။
သို့မဟုတ် ယခု လီချင်း လေ့ကျင့်နေသကဲ့သို့ အဆောင်လက်ဖွဲ့များ ရေးဆွဲခြင်း ဖြစ်သည်။ အဆောင်စာရွက်ကို ရေးဆွဲပြီးပါက ကိုယ်နှင့်မကွာ လွယ်ကူစွာ သယ်ဆောင်သွားနိုင်သည်။
သို့သော်လည်း အနိမ့်စား အရပ်သုံးပညာရပ်များတွင် အားနည်းချက်များစွာရှိပြီး အာနိသင်မှာလည်း ပျမ်းမျှလောက်သာရှိသော်လည်း ကျောက်ဖေးသည် အလွန်ပင် ဝီရိယရှိရှိ လေ့လာခဲ့သည်။
ထောင်ဖန်းမင်သည် ပညာရပ် သုံးမျိုးကို သင်ကြားပေးပြီးနောက် ရပ်နားရန် ပြင်လိုက်သည်။
ကျောက်ဖေးမှာ အားမရသေးဘဲ အမြန်ပင် ပြောလိုက်သည် - "စောပါသေးတယ် ဆရာကြီး၊ ကျွန်တော့်ကို နောက်ထပ် ပညာရပ်အချို့ ထပ်သင်ပေးပါဦး။"
ထောင်ဖန်းမင်သည် သူ၏မေးစေ့မှ မုတ်ဆိတ်မွေးအနည်းငယ်ကို ပွတ်သပ်ရင်း ရယ်မောလိုက်သည် - "ဟဲဟဲ... မင်းတို့ လူငယ်တွေက ရည်မှန်းချက် အရမ်းကြီးကြတာပဲ”
“ဒါပေမဲ့ မင်း သိထားရမှာက တစ်ခါတည်းနဲ့ အများကြီးကို ဝါးစားလို့မရဘူး ဆိုတာပဲ။ ဒီဂါထာသုံးမျိုးက ရိုးရှင်းပုံရပေမဲ့ ကျွမ်းကျင်ဖို့အတွက် အမြဲတမ်း လေ့ကျင့်နေရမယ်။ ရိုးရှင်းတဲ့အရာတွေကို အရင်ဆုံး ကျွမ်းကျင်အောင်
လုပ်မှ နောင်မှာ မေ့မသွားမှာ။"
ဤသည်မှာ သူ၏ ကိုယ်တွေ့အတွေ့အကြုံအရ ပြောခြင်းဖြစ်သည်။
တစ်ကြိမ်တည်းနှင့် အများကြီးသင်ယူလျှင် နားလည်သဘောပေါက်ရန် အချိန်ပိုပေးရမည်ဖြစ်ရာ တဖြည်းဖြည်းချင်း သင်ယူခြင်းက ပိုကောင်းသည်ဟု သူ ယူဆသည်။
ပိုမိုနက်နက်ရှိုင်းရှိုင်း လေ့လာလေ၊ မေ့သွားရန် အခွင့်အလမ်း နည်းလေပင်။
သို့သော် ကျောက်ဖေးကို သာမန်လူတစ်ယောက်၏ စံနှုန်းဖြင့် တိုင်းတာ၍ မရနိုင်ပေ။
သူက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည် "အမှန်အတိုင်း ပြောရရင် ဆရာကြီး... ကျွန်တော် အဲဒါတွေကို ကျွမ်းကျင်သွားပါပြီ။"
"မင်းလို လူငယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး..."
ထောင်ဖန်းမင်သည် မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်ပြီး ဆက်လက်၍ ဆုံးမရန် ပြင်လိုက်စဉ်မှာပင်
ကျောက်ဖေးက ဂါထာကို ရွတ်ဆိုပြလိုက် တော့သည် "အမိန့်တော်က အရေးကြီးတယ်၊ ဖြောင့်မတ်တဲ့တံခါးကို စောင့်ရှောက်ပြီး ထိန်းသိမ်းထားပါ၊ မကောင်းတဲ့ ဝိညာဉ်တွေနဲ့ ယုတ်ညံ့တဲ့ လမ်းကြောင်းတွေကို ဖယ်ရှားပစ်ပါ... မြို့တော်ကို ကမ္ဘာလောကပေါင်းများစွာကို ဆက်သွယ်ပေးတဲ့ ကြိုးတစ်မျှင်အဖြစ် ဖန်တီးလိုက်တယ်၊ လူသားတွေက နတ်ဘုံနတ်နန်းကို ဆင်းသက်လာကြတယ်၊ မြေပြင်က ဝိညာဉ်စွမ်းအားရှိပြီး ကောင်းကင်ယံက ကြည်လင်နေတယ်”
ကျောက်ဖေးက တစ်ခါတည်းနှင့် အကုန်ရွတ်ဆိုပြပြီးနောက်...
ထောင်ဖန်းမင်မှာ အသိပြန်ဝင်လာပြီး မျက်မှောင်ကြုတ်ကာ ပြောသည် - "မင်း ဘာတွေ ရွတ်နေတာလဲ? ကြားဖူးသလိုလိုတော့ ရှိသားပဲ။"
ကျောက်ဖေးက ရယ်မောကာ - "ဒါက ဆရာကြီး သင်ပေးတဲ့ တံမြက်စည်းနဲ့ တံခါးပိတ်တဲ့ ဂါထာလေ၊ ဆရာကြီးနဲ့ ရင်းနှီးနေမှာပေါ့။"
ထျောင်ဖန်းမင်က မကျေမနပ်ဖြင့် "အဓိပ္ပာယ်မရှိတာ၊ ဒါက ဘယ်လိုလုပ် တံမြက်စည်း တံခါးပိတ်ဂါထာ ဖြစ်မှာလဲ? မင်းက ငါပြောတာနဲ့ လုံးဝမတူဘဲ ဟုတ်နိုးနိုးနဲ့ လျှောက်ပြောနေတာပဲ”
ထောင်ဖန်းမင်က လီချင်းကို ဉာဏ်ထိုင်းသည်ဟု အမြဲအပြစ်တင်လေ့ရှိသော်လည်း ယခုအခြေအနေကို ချက်ချင်း သဘောပေါက်သွားသူမှာ လီချင်းပင် ဖြစ်သည်။
သူက အံ့အားသင့်စွာဖြင့် ပြောသည် - "ဆရာ... ခုနက အစ်ကိုကြီးကျောက် ရွတ်လိုက်တာက ဂါထာကို နောက်ပြန်ရွတ်လိုက်တာ ထင်တယ်ဗျ။"
"ဟင်း..."
ထောင်ဖန်းမင်သည် မသိစိတ်ဖြင့် အသက်ရှူအောင့်သွားမိသည်။
ပြန်စဉ်းစားကြည့်လိုက်တော့ အမှန်တကယ်ပင် ဖြစ်နေသည်။
"ငါ့ကို နောက်တစ်ခေါက် ပြန်ရွတ်ပြစမ်း" ထောင်ဖန်းမင်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။
ကျောက်ဖေးက ပြုံးလျက် ပြန်လည်ရွတ်ဆိုပြသည် “ အမိန့်တော်က အရေးကြီးတယ်၊ ဖြောင့်မတ်တဲ့တံခါးကို စောင့်ရှောက်ပြီး ထိန်းသိမ်းထားပါ၊ မကောင်းတဲ့ ဝိညာဉ်တွေနဲ့ ယုတ်ညံ့တဲ့ လမ်းကြောင်းတွေကို ဖယ်ရှားပစ်ပါ... လူသားတွေက နတ်ဘုံနတ်နန်းကို ဆင်းသက်လာကြတယ်၊ မြေပြင်က ဝိညာဉ်စွမ်းအားရှိပြီး ကောင်းကင်ယံက ကြည်လင်နေတယ်”
မှန်ကန်သော ဂါထာမှာ - " ကောင်းကင်ယံက ကြည်လင်တယ်၊ မြေပြင်က သန့်ရှင်းတယ်၊ ကောင်းကင်ဘုံက ဆရာသခင်တွေ လူ့ဘုံကို ဆင်းသက်လာကြတယ်။ အမျှင်ပေါင်းတစ်ထောင်က နယ်နိမိတ်ကို ဖန်တီးတယ်၊ အမျှင်ပေါင်းတစ်သောင်းက မြို့တော်ကို တည်ဆောက်တယ်... အဲဒီအတိုင်း ဖြစ်စေသတည်း”ဖြစ်သည်။
ထောင်ဖန်းမင်သည် ကျောက်ဖေးကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိသည်။
ခဏအကြာတွင် သူသည် ကျောက်ဖေးကို အထင်သေးမိခဲ့ကြောင်း သဘောပေါက်သွားသည်။
ရှေ့ပြန်နောက်ပြန် ရွတ်ဆိုနိုင်သည့် ဤကဲ့သို့သော စွမ်းရည်မျိုးမှာ သူ၏ တပည့်ညံ့ လီချင်းသာမက သူကိုယ်တိုင်ပင် မလုပ်နိုင်သည့် အရာဖြစ်သည်။
"မင်း... မင်း ဒါကို အရင်က သင်ဖူးတာလား?"
အတန်ကြာ စဉ်းစားပြီးနောက်
ထောင်ဖန်းမင်က မမေးဘဲ မနေနိုင်တော့ပေ။
ကျောက်ဖေးက သူ၏ စွမ်းရည်ကို မဖုံးကွယ်တော့ဘဲ ခပ်ပြုံးပြုံးဖြင့် ပြောသည် - "ကျွန်တော် မသင်ဖူးပါဘူး၊ ဒါပေမဲ့ ကျွန်တော်က မှတ်ဉာဏ်ကောင်းပြီး အရာရာကို အမြန်သင်ယူနိုင်လို့ပါ။"
"အကယ်၍ ဆရာကြီး မယုံဘူးဆိုရင် ပိုပြီးခက်ခဲတဲ့ ဂါထာတစ်ခု သင်ပေးကြည့်ပါလား။ ကျွန်တော် လိမ်နေသလားဆိုတာ စမ်းကြည့်ရင် သိရမှာပေါ့။"
ကျောက်ဖေး၏ ယုံကြည်မှုအပြည့်ရှိသော အမူအရာကို မြင်သော်
ထောင်ဖန်းမင်သည် အလေးအနက် ခေါင်းညိတ်ကာ ပြောလိုက်သည် - "ကောင်းပြီ၊ ဒါဆိုရင် ငါ မင်းကို အဆောင်လက်ဖွဲ့ ရေးဆွဲနည်း သင်ပေးမယ်။ မင်း ဘယ်လောက်အထိ သင်ယူနိုင်မလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့။"
အခန်း (၅၃) ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ
လီချင်းက စက္ကူနှင့် ကလောင်တံကို အမြန်ယူဆောင်လာခဲ့သည်။
ဤအချိန်တွင် ဝင်လုဆဲဆဲ နေရောင်ခြည်သည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားပြီး ကောင်းကင်ယံမှာ ပို၍ မှောင်ရီပျိုးလာလေပြီ။
လီချင်းက ဆီမီးခွက်တစ်လုံးကို ထပ်မံထွန်းညှိလိုက်သည်။
"ကဲ... အခု ငါမင်းကို ဝိညာဉ်ငြိမ်သက်ခြင်း အဆောင်ဘယ်လိုရေးဆွဲရမလဲဆိုတာ သင်ပေးမယ်၊ ဒီအဆောင်က လန့်ဖျပ်သွားတဲ့ ဝိညာဉ်ကို ပြန်လည်တည်ငြိမ်စေတဲ့ အာနိသင်ရှိတယ်...”
"ဥပမာပြောရရင် တစ်ယောက်ယောက်က ညဘက်လမ်းလျှောက်ရင်း လန့်သွားတာမျိုး ဒါမှမဟုတ် မိစ္ဆာအငွေ့အသက်တွေနဲ့ ထိတွေ့မိလို့ ဝိညာဉ်မတည်မငြိမ် ဖြစ်သွားတာမျိုးမှာ ဒီအဆောင်ကို သုံးလို့ရတယ်..."
"အဆောင်ရေးတဲ့ မှင်ကတော့ အဓိကအားဖြင့် ဟင်္သာပြဒါးကို သုံးရတယ်၊ အဲဒီထဲမှာ အစွမ်းထပ်တိုးဖို့အတွက် တခြားပစ္စည်းတွေကိုလည်း ရောစပ်ရသေးတယ်။ ဥပမာ- ငါ့ဆီက ဒီမှင်ထဲမှာ သုံးနှစ်ထက်မနည်း သက်တမ်းရှိတဲ့ ကြက်ဖသွေး ပါဝင်တယ်။ ကြက်ဖတွေမှာ အားကောင်းတဲ့ 'ယန်' စွမ်းအင်ရှိတယ်၊ အဲဒါက အဆောင်ပေါ်မှာ ယန်စွမ်းအင် တစ်စွန်းတစ်စ ထပ်ဖြည့်ပေးနိုင်တာပေါ့..."
"အဆောင်ရေးဆွဲတဲ့ ဖြစ်စဉ်မှာ အာရုံစူးစိုက်မှုနဲ့ တည်ငြိမ်မှုက အရေးအကြီးဆုံးပဲ။ ကလောင်တံက စက္ကူပေါ်ကို ထိလိုက်တာနဲ့ တစ်ချက်တည်းနဲ့ အဆုံးထိ ဆွဲရမယ်၊ ကြားထဲမှာ ဘယ်လိုတုံ့ဆိုင်းမှုမျိုးမှ မရှိရဘူး။ အကယ်၍ မင်းက နည်းနည်းလေးပဲ လက်တွန့်သွားရင်တောင် အားထုတ်ခဲ့သမျှ အကုန်အလဟဿ ဖြစ်သွားလိမ့်မယ်..."
"ဒါပေမဲ့ စသင်တဲ့လူတွေကတော့ စိတ်ကူးစိတ်သန်းတွေ များနေတတ်ပြီး တရားဝင်တဲ့ အခြေအနေထဲကို ရောက်ဖို့ ခက်ခဲတတ်ကြတယ်။ အဲဒီအခါမှာ သူတို့အတွက် အထောက်အကူဖြစ်စေဖို့ စိတ်တည်ငြိမ်ဂါထာကို စိတ်ထဲကနေ တိုးတိုးလေး ရွတ်ဆိုနိုင်တယ်..."
"ငါရွတ်ပြတာကို နားထောင်ဦး... ရေခဲပြင်
နှစ်ထောင်ပေါင်းများစွာ အေးစက်ငြိမ်သက်နေသကဲ့သို့ ခပ်သိမ်းသော အရာတို့ ဆိတ်သုဉ်းစေ၊စိတ်နှလုံးလည်း တည်ငြိမ်အေးချမ်းရမည်၊ ငါ၏ ဝိညာဉ်၌ ငါတစ်ဦးတည်းကိုသာ ရှုမှတ်ပါ”
ထောင်ဖန်းမင်သည် အဆောင်ရေးဆွဲခြင်း၏ အခြေခံအချက်အလက်များကို တစ်ခုချင်း ရှင်းပြပြီးနောက် ကလောင်တံကို စတင် ကိုင်မြှောက်လိုက်သည်။
သူသည် လက်ကောက်ဝတ်ကို ခဏမျှ လှုပ်ရှားလိုက်ရုံဖြင့် အံ့ဩဖွယ်ရာ မြန်ဆန်မှု၊ ကျွမ်းကျင်မှုတို့ဖြင့် ကလောင်ကို ဝေ့ယမ်းလိုက်ရာ ရှုပ်ထွေးလှသော အဆောင်သင်္ကေတတစ်ခု ချက်ချင်း ပုံပေါ်လာသည်။
အစောပိုင်းက စကား အရှည်ကြီး ရှင်းပြခဲ့သော်လည်း အဆောင်ကို လက်တွေ့ရေးဆွဲသည့် အချိန်မှာ လေးငါးစက္ကန့်မျှသာ ကြာမြင့်လေသည်။
ထောင်ဖန်းမင်က သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီးနောက် ကျောက်ဖေးကို လှည့်ကြည့်ကာ "အဆောင်တစ်ခုကို အောင်မြင်အောင် ဆွဲနိုင်တိုင်း ဆွဲတဲ့လူရဲ့ အသက်ဓာတ်နဲ့ စိတ်ဝိညာဉ်စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ကုန်ဆုံးစေတယ်။ ဒါကြောင့် မင်းကိုယ်မင်း သိရမယ်၊ ဘယ်တော့မှ လောဘမကြီးနဲ့။ ဒီဝိညာဉ်ငြိမ်သက်ခြင်း အဆောင်ကိုပဲ ကြည့်ဦး၊ သာမန်လူတစ်ယောက်ရဲ့ အသက်ဓာတ်စွမ်းအင်က တစ်နေ့ကို ဆယ်ခုလောက်ပဲ အများဆုံး ဆွဲနိုင်တာ"
သူ ခဏမျှ ရပ်တန့်သွားပြီးနောက် မေးလိုက်သည်မှာ - "ငါအခု သင်ပေးလိုက်တာတွေထဲက မင်းဘယ်လောက် မှတ်မိလဲ"
ကျောက်ဖေးက "ကျွန်တော် အကုန်နီးပါး မှတ်မိပါတယ်" ဟု ဆိုသည်။
"မင်းအကုန်လုံးကို မှတ်မိတယ် ဟုတ်လား"
ထောင်ဖန်းမင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ကျောက်ဖေးက ခေါင်းညိတ်ပြလျက် "ဟုတ်ကဲ့ပါ၊ အကယ်၍ မှားယွင်းနေတဲ့ အသေးစိတ်အချက်အလက်တွေ ရှိရင်လည်း ဆရာ့အနေနဲ့ လမ်းညွှန်ပေးပါဦးခင်ဗျာ"
ထောင်ဖန်းမင်က မယုံကြည်နိုင်သော အကြည့်ဖြင့် "ဒါဆိုရင် စိတ်တည်ငြိမ်ဂါထာကို အရင်ဆုံး ရွတ်ပြစမ်း" ဟု ဆိုလိုက်သည်။
ကျောက်ဖေးက စတင်ရွတ်ဆိုတော့သည် - "ရေခဲပြင်သည် နှစ်ထောင်ပေါင်းများစွာ အေးစက်ငြိမ်သက်နေသကဲ့သို့ ခပ်သိမ်းသော အရာတို့ ဆိတ်သုဉ်းစေ၊ စိတ်နှလုံးသည် တည်ငြိမ်အေးချမ်းရမည်၊ ငါ၏ ဝိညာဉ်၌ ငါ့ကိုယ်ငါသာ ရှုမှတ်ပါ..."
တစ်ပုဒ်လုံးမှ စကားလုံး တစ်ရာပင် မပြည့်သောစိတ်ငြိမ်ဂါထာသည် ကျောက်ဖေးအတွက်တော့ အပန်းမကြီးလှပေ။
သာမန်လူထက် ရှစ်ဆမျှ သာလွန်သော မှတ်ဉာဏ်စွမ်းအားနှင့်ဆိုလျှင် ဤသည်မှာ ကလေးကစားစရာမျှသာ ဖြစ်သည်။
ဘေးတွင် ရပ်နေသော လီချင်းမှာမူ အံ့အားသင့်လွန်းသဖြင့် မိတော့သည် - "ဆရာ... အစ်ကိုကျောက်က... သူ တစ်လုံးမှ မမှားဘဲ မှတ်မိနေတာပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ”
သူ အဆောင်ရေးနည်း စသင်စဉ်က အချိန်ကို မအောင့်အီးနိုင်ဘဲ ပြန်လည်အမှတ်ရမိသွားသည်။
စိတ်ငြိမ်ဂါထာကို မနည်းမှတ်မိအောင် တစ်နေ့လုံး အချိန်ပေးခဲ့ရသည်။
ထို့နောက် တစ်ရေးအိပ်လိုက်ရာ နောက်နေ့တွင် တော်တော်များများ ပြန်မေ့ကုန်သည်။ ဤသို့ဖြင့် သုံးရက်ကျော်လောက် ကြိုးစားမှသာလျှင် ထိုဂါထာကို အတည်တကျ မှတ်မိခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖေး၏ ရွတ်ဆိုမှုမှာမူ အလွန်ပင် ချောမွေ့နေပြီး တစ်ချက်ကလေးမျှ တုံ့ဆိုင်းခြင်း၊ ထစ်ငေါ့ခြင်း မရှိပေ။
သူသည် တစ်ကြိမ်တည်းသာ နားထောင်ခဲ့ရသည် မဟုတ်ပါလော
ထောင်ဖန်းမင်သည် စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းထားရင်း ဟန်မပျက်ဘဲ နှာခေါင်းရှုံ့ကာ ဆိုလိုက်သည် - "ဂါထာတစ်ခုတည်း မှတ်မိနေတာ ဘာထူးမှာလဲ၊ အရေးကြီးတာက လက်တွေ့ဆွဲနိုင်ဖို့ပဲ"
"ဆရာ့အနေနဲ့ လမ်းညွှန်ပြသပေးပါဦး"
ကျောက်ဖေးက အချိန်မဆွဲတော့ဘဲ ကလောင်တံကို တိုက်ရိုက်ကောက်ကိုင်လိုက်သည်။
ထောင်ဖန်းမင် ပြောခဲ့သလိုပင်။
အဆောင်မဆွဲမီ စိတ်ကို အာရုံစူးစိုက်ပြီး တည်ငြိမ်အောင် ထားရမည်ဖြစ်ကာ အာရုံမပျံ့လွင့်စေရပေ။
ဤအချက်မှာ ကျောက်ဖေးအတွက်တော့ အလွန်ပင် လွယ်ကူနေသည်။
မူလကိုယ်ခန္ဓာနှင့် ကိုယ်ပွားခန္ဓာကိုယ်တို့သည် အတွေးနှင့် ခံစားချက်များကို အတူတကွ မျှဝေခံစားကြသည်။
သူသည် သူ၏အတွေးများကို ကိုယ်ပွား၏ ဦးနှောက်ထဲသို့ လုံးလုံးလျားလျား လွှဲပြောင်းပေးလိုက်ရုံဖြင့် သူ၏ မူလစိတ်မှာ ချက်ချင်းပင် လဟာပြင်ကဲ့သို့ ဗလာဖြစ်သွားတော့သည်။
ထို့နောက် ကျောက်ဖေးသည် အပြည့်အဝ အာရုံစိုက်ထားသည့် အခြေအနေသို့ ရောက်ရှိသွားသည်။
သို့သော်လည်း သင်္ကေတများကို အမှန်တကယ် စတင်ရေးဆွဲသည့်အခါတွင်မူ သူသည် ခဏခဏ ရပ်တန့်နေရဆဲပင်။
ထောင်ဖန်းမင်၏ ချောမွေ့လှပသော အဆောင်ရေးဆွဲသည့် နည်းစနစ်ကို ထားအုံး။ တစ်ခုလုံး ရေးဆွဲရန် လေးငါးစက္ကန့်သာ ကြာသော်လည်း ၎င်းမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု၏ ရလဒ်ဖြစ်သည်။
ထို့အပြင် အဆောင်ရေးဆွဲရန် သင်ယူခြင်းသည် စာလုံးရေးရန် သင်ယူခြင်းထက် များစွာ ပိုမိုခက်ခဲသည်။
၎င်း၏ သင်္ကေတဖွဲ့စည်းပုံမှာ အလွန်ပင် ရှုပ်ထွေးပြီး ဦးခေါင်း၊ ဝမ်းဗိုက်၊ အနှစ်သာရနှင့် ခြေထောက်ဟူ၍ အစိတ်အပိုင်းများ ပါဝင်ကာ အလွှာတစ်ခုချင်းစီကို အဆင့်ဆင့် စနစ်တကျ စီစဉ်ထားခြင်းဖြစ်သည်။
ကြည့်လိုက်ရုံနှင့်ပင် မျက်စိလည်စရာ ကောင်းလှသည်။
ထို့ကြောင့်ပင် လူတို့က ဖတ်မရသော လက်ရေးများကို အဆောင်ရေးထားသလားဟု တင်စားပြောဆိုကြခြင်း ဖြစ်သည်။
အနည်းငယ် ထစ်ငေါ့ပြီး ခက်ခဲနေသော်လည်း ကျောက်ဖေးသည် တစ်မိနစ်ကျော်အတွင်းမှာပင် ဝိညာဉ်ငြိမ်သက်ခြင်း အဆောင်တစ်ခုကို ပြီးမြောက်အောင် ဆွဲနိုင်ခဲ့သည်။
သို့သော်လည်း တစ်ချက်တည်းနှင့် အဆုံးထိ မဆွဲနိုင်ခဲ့သောကြောင့် ဤအဆောင်မှာ သဘာဝအတိုင်းပင် ကျရှုံးမှုသာ ဖြစ်သည်။
ဘေးတွင် ရပ်ကြည့်နေသော ဆရာတပည့် နှစ်ဦးမှာမူ အသိပြန်ဝင်လာကြသည်။
လီချင်းက စကားပင် ထစ်နေရှာသည် "အစ်ကိုကျောက်... အစ်ကိုကျောက်၊ အစ်ကို ဒါကို အရင်က တကယ် မလေ့လာဖူးဘူးလား"
သူသည် ဝိညာဉ်ငြိမ်သက်ခြင်း အဆောင်ကို မနည်းသင်ယူခဲ့ရသည်မှာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ယခုအချိန်ထိပင် သူ၏ အောင်မြင်နှုန်းမှာ ငါးပုံတစ်ပုံပင် မရှိသေးပေ။
လူတစ်ဦးနှင့် တစ်ဦးကြားက ကွာခြားချက်က တကယ်ပဲ ဒီလောက်တောင် ကြီးမားရသလား။
ထောင်ဖန်းမင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ကျောက်ဖေးကို အမှားပြင်ပေးရန် ပြင်လိုက်သည်။
သို့သော်လည်း ကျောက်ဖေးက မျက်မှောင်ကြုတ်လျက် - "ဒီနားမှာ တစ်ခုခုတော့ မှားနေသလိုပဲ..."
ထို့နောက် သူက ကလောင်ကို ပြန်ကိုင်ကာ အဆောင်စက္ကူပေါ်တွင် ပြုပြင်မှုအချို့ ပြုလုပ်လိုက်သည်။
ကျောက်ဖေးသည် ထောင်ဖန်းမင် ဆွဲထားသည့် အဆောင်နှင့် နှိုင်းယှဉ်ကြည့်ရာ သူက အဆောင်တစ်ခုလုံးကို အဆုံးထိ ဆွဲနိုင်ခဲ့သော်လည်း အသေးစိတ် အချက်အလက်များတွင် အနည်းငယ် ကွဲပြားနေသည်ကို တွေ့ရှိခဲ့သည်။
ဥပမာ- မျဉ်းကြောင်းအချို့၏ အကွေးအဆန့်နှင့် အရှည်အတို ကိစ္စရပ်များ ဖြစ်သည်။
ကျောက်ဖေးက မိမိဘာသာ ပြန်လည်ပြုပြင်နိုင်သည်ကို မြင်တွေ့ရရုံသာမက ထိုပြုပြင်မှုများမှာလည်း တိကျမှန်ကန်နေသည်ကို တွေ့ရသောအခါ
ထောင်ဖန်းမင်၏ မနည်းတည်ငြိမ်အောင် ထိန်းထားရသော စိတ်အာရုံသညါ နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ ရိုက်ခတ်ခြင်း ခံလိုက်ရပြန်သည်။
ပြုပြင်ပြီးနောက် ကျောက်ဖေးက အားနာစွာဖြင့် "ကျွန်တော် အစက ကိုယ့်ကိုကိုယ် ယုံကြည်မှု လွန်ကဲသွားခဲ့တာပါ။ အဆောင်ဆွဲတာ ပထမဆုံးအကြိမ် ဖြစ်လို့ လက်မယဉ်သေးလို့ပါ၊ ဆရာထောင်... ကျွန်တော့်ကို နောက်တစ်ခေါက် ထပ်ဆွဲခွင့်ပြုပါဦး"
ထောင်ဖန်းမင် စကားပြောရန် ပြင်လိုက်သော်လည်း သူ၏စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်ဆို့သွားတော့သည်။
“ကောင်းပြီလေ... ငါမင်းကို အထင်သေးခဲ့မိတာ ဝန်ခံပါတယ်...”
"ဒါပေမဲ့... ကျေးဇူးပြုပြီး ဟန်မဆောင်ပါနဲ့တော့လား"
သူ့စိတ်ခံစားချက်တွေကို ပြန်မစုစည်းနိုင်ခင်မှာပဲ ကျောက်ဖေးက နောက်ထပ်
အဆောင်စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်ပြန်ပြီဖြစ်သည်။
ဒုတိယအကြိမ် အဆောင်ရေးဆွဲရာတွင် သူသည် လုံးဝအပြစ်ပြောစရာမရှိအောင် ချောမွေ့နေပြီး အသေးစိတ် အချက်အလက်လေးတွေအထိ အကွက်စေ့စေ့ ရေးဆွဲနိုင်ခဲ့သည်။
သို့သော်လည်း ရေးဆွဲနေစဉ်အတွင်း အလယ်လောက်၌ အနည်းငယ် တုံ့ဆိုင်းသွားမိသဖြင့် အသက်ရှူသွင်းမှုအရှိန်မှာ ပြတ်တောက်သွားရသည်။
ထို့ကြောင့် ဒုတိယအကြိမ် ကြိုးစားမှုသည်လည်း ကျရှုံးမှုဖြင့်သာ ထပ်မံအဆုံးသတ်သွားခဲ့ရပြန်သည်။
ကျောက်ဖေးက သက်ပြင်းချလျက် "အဆောင်ရေးဆွဲတာက တကယ်ပဲ အာရုံစူးစိုက်မှု အပြည့်အဝရှိဖို့ လိုတာပဲ။ အင်း... ကျွန်တော် ထပ်ရှုံးပြန်ပြီ" ဟု ဆိုလိုက်သည်။
လီချင်းကတော့ မအောင့်အီးနိုင်ဘဲ "အစ်ကိုကျောက်ရာ... အစ်ကို တကယ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တာပါ”ဟု လှမ်းအော်ပြောမိသည်။
ဤအခြေအနေထိ ရောက်နေပါလျက် ကျောက်ဖေးက ဘာကိုများ မကျေမနပ်ဖြစ်နေရသလဲဆိုသည်ကို သူ နားမလည်နိုင်တော့ပေ။
အကယ်၍သာ သူသာဆိုလျှင် ဝမ်းသာလွန်းသဖြင့် သုံးရက်သုံးညတိုင်တိုင် အိပ်ပျော်နိုင်မည်မဟုတ်ချေ။
ရှေ့က နှစ်ကြိမ်ကြုံခဲ့ရသော သင်ခန်းစာများကို ယူပြီးနောက် ကျောက်ဖေးသည် ကလောင်တံကို တစ်ဖန်ပြန်ကိုင်ကာ တတိယအကြိမ်မြောက် အဆောင်ရေးဆွဲခြင်းကို စတင်လိုက်သည်။
ဆယ်စက္ကန့်ခန့် ကြာပြီးနောက်တွင်မူ ဝိညာဉ်ငြိမ်သက်ခြင်း အဆောင် တစ်ခုကို တစ်ချက်တည်းနှင့် အဆုံးထိ အောင်မြင်စွာ ရေးဆွဲနိုင်ခဲ့လေပြီ။
အဆောင်ရေးဆွဲခြင်း ပြီးဆုံးသွားသည့်အခါ သူ၏ အသက်ဓာတ်စွမ်းအင်နှင့် စိတ်ဝိညာဉ် တစ်စွန်းတစ်စ ကုန်ဆုံးသွားသလို ကျောက်ဖေး သိသိသာသာ ခံစားလိုက်ရသည်။
“အကယ်၍ ငါသာ အဆက်မပြတ် ဆက်တိုက်ဆွဲနေမယ်ဆိုရင် တစ်ခါတည်းနဲ့ ဆယ့်နှစ်ခု၊ ဆယ့်သုံးခုလောက်တော့ ဆွဲနိုင်
မယ်လို့ ခန့်မှန်းရတာပဲ။”
သို့သော် ကျောက်ဖေးက ပြန်လည်စဉ်းစားမိသည်။
“ဘာပဲဖြစ်ဖြစ် ငါ့မှာ ကိုယ်ပွားရှိတာပဲ။”
ကိုယ်ကိုတိုင်၏ အသက်ဓာတ်စွမ်းအင်တွေ မကုန်ဆုံးအောင် ကိုယ်ပွားကိုပဲ အဆောင်တွေ ရေးခိုင်းလို့ရသည်။ ထို့အပြင် ကိုယ်ပွားကိုလည်း အချိန်မရွေး ပြန်လည် အဆင့်မြှင့်တင်နိုင်သေးသည်။ လိုအပ်သည့် ပစ္စည်းကိရိယာများသာ အလုံအလောက်ရှိပါက ကိုယ်ပွားကို အဆောင်တွေ အဆက်မပြတ် ထုတ်လုပ်ခိုင်းထားနိုင်ပေလိမ့်မည်။
“ဒါနဲ့... ဒီအဆောင်တွေရဲ့ ဈေးကွက်ပေါက်ဈေးက ဘယ်လောက်ရှိမလဲ။”
ရုတ်တရက်ဆိုသလို ကျောက်ဖေးသည် ငွေရှာရန် လမ်းစတစ်ခုကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထောင်ဖန်းမင်က စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်ပြီး သက်ပြင်းအရှည်ကြီး ချကာ မေးလိုက်သည်မှာ - "မင်း အရင်က အဆောင်ရေးနည်းကို တကယ်ပဲ မသင်ဖူးတာ သေချာလား"
ကျောက်ဖေးက ခေါင်းခါပြလျက် "တခြားလူတွေ ဆွဲတာကိုပဲ မြင်ဖူးတာပါ၊ ဘယ်သူ့ဆီမှာမှ မသင်ဖူးပါဘူး"
ထောင်ဖန်းမင်သည် အတော်ကြာအောင် တိတ်ဆိတ်သွားသည်။ ခေတ္တမျှ ကြာပြီးနောက်တွင်မူ သူက သက်ပြင်းချလျက် - "ငါ့ဘဝ သက်တမ်းတစ်လျှောက်လုံး နေလာခဲ့တာ... ဒီနေ့မှပဲ တကယ့်ပါရမီရှင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိတော့တယ်။ ငါ စောစောက မင်းကို တကယ်ပဲ အထင်သေးခဲ့မိတာပါ"
သူက လီချင်းဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည် "သွား... ငါ သိမ်းထားတဲ့ ကျောက်စိမ်းနီအရက်အိုးကို သွားထုတ်ခဲ့ချေ"
လီချင်းက ဇဝေဇဝါဖြင့် မေးလိုက်သည် "ဆရာက ကျောက်စိမ်းနီ လက်ဖက်ရည် သောက်ချင်လို့လား? ဒါမှမဟုတ် ဒီနေ့ ဆရာ့အတွက် ထူးထူးခြားခြား ဝမ်းသာစရာကိစ္စများ ရှိလို့လားခင်ဗျ?"
သူ မှတ်မိသလောက်ဆိုလျှင် ထောင်ဖန်းမင်သည် သူ အမြတ်တနိုး သိမ်းဆည်းထားသော အရက်ကို အလွန်ထူးခြားသည့် ပျော်ရွှင်စရာ ကိစ္စများရှိမှသာ ထုတ်သောက်လေ့ရှိပြီး တစ်နှစ်မှ အနည်းငယ်မျှသာ ရှိတတ်သည်။
ယခုမူ အရက်တစ်အိုးလုံးကို ယူခိုင်းနေသည်ပင်။ ဘယ်လောက်တောင် ပျော်စရာကောင်းနေလို့ပါလိမ့်။
ထောင်ဖန်းမင်က အားရပါးရ ရယ်မောလိုက်ပြီး "ဒီဘဝမှာ ကျောက်လို ပါရမီရှင်တစ်ယောက်နဲ့ ဆုံတွေ့ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ဒီလိုကိစ္စမျိုးက အဝသောက်ပြီး အောင်ပွဲခံသင့်တာ မဟုတ်ဘူးလား"
"အမြန်သွားစမ်းပါ၊ သွား... စကားများမနေနဲ့တော့"
"ဟုတ်ကဲ့ပါ ဆရာ”
လီချင်းက ပြန်ထူးပြီးနောက် အမြန်ပင် ထွက်ခွာသွားတော့သည်။
အခန်း (၅၄) မာရှန်းကူး
ပိုင်ဖန်းမြို့၏ အနောက်မြောက်ဘက် မိုင် ၈၀ ခန့်အကွာတွင် ဟုန်ဖုန်းကျေးရွာဟု အမည်ရသော တောင်ခြေရွာလေးတစ်ရွာ ရှိလေသည်။
အနီးနားရှိ တောင်ကုန်းများပေါ်တွင် မေပယ်ပင်များအလွန်ပေါများသဖြင့် ထိုအမည်တွင်ခြင်း ဖြစ်သည်။
ယနေ့တွင်မူ မှောင်ရီပျိုးစအချိန်၌ ကျောက်ဖေး၏ ကိုယ်ပွားသည် ဖုန်တောထဲမှ ခရီးပန်းလာသည့်ဟန်ဖြင့် ဤရွာသို့ ရောက်ရှိလာခဲ့သည်။
ရွာထိပ်ရှိ ညောင်ပင်ကြီးအောက်တွင် ရွာသားအချို့ ထိုင်၍ စကားစမြည် ပြောဆိုနေကြသည်။
သူစိမ်းတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်သောအခါ သူတို့က စကားဖြတ်လိုက်ကြပြီး သတိကြီးစွာဖြင့် လှမ်းကြည့်ကြလေသည်။
ဤကဲ့သို့ ဝေးလံခေါင်ဖျားသော ရွာလေးများသို့ ပြင်ပလူ လာရောက်ခဲလှသည်၊ ယခုကဲ့သို့ ညဉ့်နက်ခါနီးအချိန်မျိုးတွင် ဆိုပါက ပို၍ပင် ထူးဆန်းနေတော့သည်။
ကျောက်ဖေးကလည်း သူတို့ ဘာကို စိုးရိမ်နေသည်ကို ကောင်းကောင်းသိသည်။
ထို့ကြောင့် မီတာအနည်းငယ်အကွာမှာပင် ခြေလှမ်းကို ရပ်တန့်လိုက်၏။
"ကျွန်တော့်မှာ ပြောစရာ ကိုယ်ရေးကိုယ်တာကိစ္စလေး ရှိလို့ပါ၊ ခင်ဗျားတို့ရွာက နတ်သမီးမာဆီကို လာတာပါ။ သူ့အိမ်ကို ဘယ်လိုသွားရမလဲဆိုတာ လမ်းညွှန်ပေးလို့ ရမလားခင်ဗျာ"
"နတ်သမီးမာကို ရှာတာလား... သူက ရွာထဲမှာ အမြဲမနေဘူး။ ဟိုဘက်ကိုသွား၊ အဲဒီလမ်းအတိုင်းသာ တောက်လျှောက်လိုက်သွားလိုက်"
ရွာသားတစ်ဦးက လမ်းညွှန်ပြသလိုက်သည်။
"ကျေးဇူးတင်ပါတယ်ဗျာ"
ကျောက်ဖေးက လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး သူတို့ကို ဆက်လက် မနှောင့်ယှက်တော့ဘဲ လှည့်ထွက်လာခဲ့သည်။
ဟွမ်နီကျေးရွာတွင် ရှိစဉ်က ကျောက်ဖေးသည် မြွေပါနတ်ဆိုးထံမှ ထောင်ဖန်းမင်အကြောင်းကို စုံစမ်းသိရှိခဲ့ရသည်။
သို့သော် သူသည် နည်းလမ်းတစ်ခုတည်းကိုပဲ အားမကိုးခဲ့ပေ
ဟွမ်နီကျေးရွာမှ ထွက်ခွာလာပြီး မကြာမီမှာပင် ကျောက်ဖေးသည် ဆန့်ကျင်ဘက်အရပ်သို့ ခရီးနှင်ရန် ကိုယ်ပွားတစ်ခုကို စေလွှတ်ခဲ့သည်။
လမ်းခရီးတစ်လျှောက်တွင် ထိုကိုယ်ပွားသည် တွေ့သမျှလူတိုင်းကို အခွင့်အရေးရလျှင် ရသလို စုံစမ်းမေးမြန်းခဲ့သည်။
ယနေ့မွန်းလွဲပိုင်းက
လမ်းဘေးလက်ဖက်ရည်ဆိုင်တစ်ခု၌ သောက်နေစဉ် ဟုန်ဖုန်းကျေးရွာ၌ မာရှန်းကူး အမည်ရသော မှော်ဆရာမတစ်ဦး ရှိကြောင်း ဆိုင်ရှင်ပြောသည်ကို ကျောက်ဖေး ကြားလိုက်ရသည်။
ဤနတ်သမီးမာသည် အလွန်ပင် စွမ်းအားကြီးပြီး နတ်ဆိုးများကို နှင်ထုတ်နိုင်ကာ မိစ္ဆာဝိညာဉ်များကို နှိမ်နင်းနိုင်သည်ဟု ဆိုကြသည်။ မိုင်တစ်ရာခန့် ဝေးသော ကျန်းလင်းခရိုင်မှ သူဌေးကြီးများပင်လျှင် သူမ၏ အကူအညီကို လာရောက် တောင်းခံကြရသည်။
သို့သော် မာရှန်းကူး၏ အကူအညီကို ရရှိရန်မှာ မလွယ်ကူပေ၊ သူမကို စည်းရုံးနိုင်ရန် ငွေအမြောက်အမြား အသုံးပြုရမည်ဖြစ်သည်။
ကျောက်ဖေးအတွက်မူ ငွေနှင့် ဖြေရှင်းနိုင်သော ကိစ္စများမှာ အရှင်းလင်းဆုံးနှင့် အလွယ်ကူဆုံး ကိစ္စများသာ ဖြစ်သည်။ ယခု ဤကိုယ်ပွားထံတွင် ငွေစက္ကူ ခြောက်ရာကျော် ပါရှိပြီး
၎င်းမှာ ကျောက်ဖေးပိုင်ဆိုင်မှု၏ ထက်ဝက်နီးပါး ဖြစ်သည်။
ရွာသားများ လမ်းညွှန်သည့်အတိုင်း ကျောက်ဖေးသည် တောင်ပတ်လမ်းအတိုင်း လျှောက်လာခဲ့ရာ မေပယ်နီတောအုပ်ကို ဖြတ်ကျော်ပြီးနောက် ဆယ်မိနစ်ခန့်အကြာတွင် ရှေ့၌ တောင်ခြေရှိ ခြံဝင်းကြီးတစ်ခုကို မြင်လိုက်ရသည်။
အုတ်တံတိုင်း မြင့်မြင့်၊ အစိမ်းရောင် အမိုးပြားများဖြင့် ဝင်ပေါက်နှစ်ခု၊ ထွက်ပေါက်နှစ်ခုရှိသော အိမ်ကြီးအိုကြီး ဖြစ်သည်။
ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော စံအိမ်မျိုးကို ကျန်းလင်းခရိုင်ထဲတွင် တွေ့ရလေ့ရှိသော်လည်း ဤကဲ့သို့ ဝေးလံသော တောင်တန်းရွာလေးတွင်မူ သူဌေးအနည်းငယ်သာ ဆောက်လုပ်နိုင်မည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ဤအချိန်တွင် ခြံဝင်းတံခါးသည် တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး တံခါးပေါ်တွင် အဆောင်သင်္ကေတများ ထုဆစ်ထားသော တိရစ္ဆာန်အရိုးခြောက်အချို့ကို ချိတ်ဆွဲထားသည်။
အိမ်ခေါင်မိုးအောက်တွင်မူ ကြေးမုံပြင်တစ်ခု ချိတ်ဆွဲထားပြီး ၎င်း၏မျက်နှာပြင်သည် ထူးဆန်းသော အပြာရောင်အလင်းတန်းများ တလက်လက် တောက်ပနေသည်။
ကြည့်လိုက်ရုံနှင့်ပင် ခြောက်ချားစရာ ကောင်းလှသည်။
၎င်းကို ဘာအတွက် အသုံးပြုသည်ကိုမူ ကျောက်ဖေး အတိအကျ မသိရပေ။
သူသည် ကြေးမုံပြင်ပေါ်မှ ထုဆစ်ထားသည်များကို သေချာစွာ စစ်ဆေးကြည့်ပြီးနောက် ရှေ့သို့လှမ်းကာ တံခါးကို ခေါက်
လိုက်သည်။
ခဏမျှ စောင့်ဆိုင်းပြီးနောက် အတွင်းမှ ခြေသံများ ကြားလိုက်ရပြီး ခြံဝင်းတံခါးမှာ ကျွိကနဲ ပွင့်လာသည်။
တံခါးလာဖွင့်သူသည် အပြာရောင် ဝတ်စုံဝတ်ထားသော အိမ်စေဝတ်စုံနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ပိန်ပိန်ပါးပါးနှင့် သာမန်ရုပ်ရည်မျိုးသာ ရှိသည်။
ကျောက်ဖေးက လက်အုပ်ချီနှုတ်ဆက်ကာ "ကျွန်တော့်နာမည် ကျောက်ဆန်းပါ၊ ဒီမှာ နတ်သမီးမာနေပါသလားခင်ဗျာ" ဟု မေးလိုက်သည်။
လူလတ်ပိုင်း အမျိုးသားက "သခင်လေးကျောက်ကိုး... ကျွန်တော်က နတ်သမီးရဲ့ အိမ်တော်ထိန်းပါ။ ခဏလောက် စောင့်ပေးပါဦး၊ ကျွန်တော် သွားပြီး အကြောင်းကြားပေးပါ့မယ်" ဟု ပြောသည်။
ကျောက်ဖေးက "ဒုက္ခပေးမိပြီ" ဟု ဆိုလိုက်သည်။
သူသည် တံခါးအပြင်တွင် ငါးမိနစ်၊ ခြောက်မိနစ်ခန့် စောင့်ဆိုင်းပြီးနောက် အိမ်တော်ထိန်း ပြန်ထွက်လာသည်။
"နတ်သမီးက တွေ့ဖို့ သဘောတူလိုက်ပါပြီ။ သခင်လေးကျောက်၊ ကျွန်တော့်နောက်က လိုက်ခဲ့ပါ"
ကျောက်ဖေး ခေါင်းညိတ်လိုက်ပြီး အိမ်တော်ထိန်းနောက်မှ လိုက်သွားသည်။
မကြာမီမှာပင် ရှေ့ခြံဝင်း၏ ခန်းမဆောင်ကြီးအတွင်း၌ မာရှန်းကူးနှင့် တွေ့ဆုံရလေသည်။
သူမသည် ပုကွကွနှင့် အရေပြားများ တွန့်ရှုံ့နေသော အဘွားအိုတစ်ဦး ဖြစ်သည်။
သူမသည် တောက်ပြောင်လှပသော ဖဲကတ္တီပါ ဝတ်ရုံကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် ပုလဲကုံး၊ ဆံပင်တွင် ရွှေဆံထိုး၊ ငွေဆံထိုးများ ဆင်ယင်ထားရာ သူဌေးဟန် ပေါက်နေသည်။
"ဘာကိစ္စနဲ့ လာတာလဲ" ဟု မာရှန်းကူးက မေးသည်။
သူမ၏ အသံသည် ခြောက်ကပ်ပြီး အက်ကွဲနေရာ နားထောင်ရသည်မှာ အနည်းငယ် အဆင်မပြေလှပေ။
ကျောက်ဖေးက လက်အုပ်ချီလျက် "ကျွန်တော့်နာမည် ကျောက်ဆန်းပါ၊ နတ်သမီးမှာ စွမ်းအားကြီးတဲ့ မှော်ပညာတွေ ရှိတယ်လို့ ကြားရလို့ ဒီနေ့ နတ်သမီးဆီကနေ ပညာအချို့ သင်ယူချင်လို့ လာခဲ့တာပါ"
ဤနေရာသည် ပိုင်ယွန်းမြို့နှင့် မိုင်တစ်ရာနီးပါး ဝေးကွာသော်လည်း ကျောက်ဖေးက ကြိုတင် ကာကွယ်သည့်အနေဖြင့် နာမည်အတုကိုသာ ပေးလိုက်သည်။
"အို... မင်းက ငါ့ဆီက ပညာသင်ချင်တာလား"
မာရှန်းကူးသည် ဤစကားကို ကြားသောအခါ အံ့အားသင့်သွားသည်။
ပုံမှန်အားဖြင့် လူတွေက သူမဆီကို သရဲဖမ်းဖို့၊ နတ်ဆိုးနှင်ဖို့ ဒါမှမဟုတ် လူပုံအလယ်၌ လုပ်လို့မရသည့် ကိစ္စများအတွက်ပဲ လာတတ်ကြသည်။
ပညာသင်ယူရန် လာသူမှာမူ အလွန်ရှားပါးလှသည်။
ကျောက်ဖေးက ပြုံးလျက် "ဒါပေါ့... နတ်သမီးအနေနဲ့ ကျွန်တော့်ကို အလကား သင်ပေးရမှာ မဟုတ်ပါဘူး၊ ကျွန်တော် သင်တန်းကြေး ပေးဖို့ အဆင်သင့်ပါပဲ" ဟု ဆိုလိုက်လေသည်။
"အို... မင်းက သင်တန်းကြေး ဘယ်လောက်ပေးနိုင်လို့လဲ"
သင်တန်းကြေးဆိုသည့် စကားလုံးကို ကြားလိုက်ရုံမျှဖြင့် မာရှန်းကူးသည် သိသိသာသာ တက်ကြွသွားပြီး ကိုင်းညွတ်နေသော သူမ၏ ကျောပြင်ကိုပင် အနည်းငယ် မတ်လိုက်မိသည်။
ကျောက်ဖေးက "တစ်လကို ငွေစင် ငါးဆယ်ကျပ်ပါ" ဟု ပြောလိုက်သည်
"ငါးဆယ်ကျပ်?"
မာရှန်းကူး၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသော်လည်း သူမကိုယ်သူမ အမြန်ပြန်ထိန်းလိုက်သည်။
သူမ၏ မှုန်ရီနေသော မျက်လုံးအစုံမှာ ကစားသွားပြီး - "ငါးဆယ်ကျပ်ဆိုတာ နည်းလွန်းမနေဘူးလား"
"ဒါက... ငါးဆယ်ကျပ်ဆိုတာ တကယ်တော့ အများကြီးပါပဲ။ ကျန်းလင်းခရိုင်ထဲက သိုင်းကျောင်းတွေတောင် တစ်လကို သင်တန်းကြေး တစ်ဆယ်ပဲ ယူကြတာပါ။ ကျွန်တော်က ပိုက်ဆံမသုံးချင်တာ မဟုတ်ပါဘူး၊ ဒါထက် ပိုသွားရင်တော့ ကျွန်တော် သင်တန်းကြေး မတတ်နိုင်တော့မှာ စိုးလို့ပါ"
ကျောက်ဖေးက မျက်နှာပျက်ဟန်ဆောင်ကာ ခါးသက်သက် အပြုံးဖြင့် ဆိုလိုက်သည်။
သူ့ထံတွင် ငွေစက္ကူ ခြောက်ရာကျော် ပါရှိနေသဖြင့် မာရှန်းကူး ဈေးတင်မည်ကို သူ မကြောက်ပေ။
သို့သော် မာရှန်းကူး၏ အတောမသတ်နိုင်သော လောဘနှင့် အဆမတန် တောင်းဆိုမှုများကိုမူ သူ သတိထားရမည်ဖြစ်သည်။
မဟုတ်ပါက သင်တန်းကြေးကိစ္စနှင့်တင် အချိန်ကုန် လူပန်းဖြစ်နေရပေလိမ့်မည်။
မာရှန်းကူးသည် သူမ၏ ရှည်လျားချွန်ထက်သော လက်ချောင်းလေးများဖြင့် စားပွဲကို ခဏမျှ တတောက်တောက် ခေါက်နေပြီးမှ နှေးကွေးစွာ ပြောလိုက်သည် "ကောင်းပြီလေ... မင်းရဲ့ စိတ်ရင်းကို ကြည့်ပြီး ငါ အရမ်းကြီး မယူတော့ပါဘူး။ ခြောက်ဆယ်ကျပ်... အဲဒါ အနည်းဆုံးပဲ"
"ကောင်းပါပြီ၊ ဒါဆို ခြောက်ဆယ်ကျပ်ပဲ ထားလိုက်ကြတာပေါ့"
ကျောက်ဖေး သက်ပြင်းတစ်ချက် ချလိုက်သည်။
ချက်ချင်းပင် သူ၏ အိတ်ကပ်ထဲမှ ငါးဆယ်တန် ငွေစက္ကူတစ်ရွက်နှင့် ဆယ်ကျပ်တန် ငွေတုံးတစ်တုံးကို ထုတ်ပေးလိုက်၏။
"ဒါက ပထမလအတွက် သင်တန်းကြေးပါ"
မာရှန်းကူး၏ မျက်နှာမှာ ရုတ်တရက် ပြုံးရွှင်သွားပြီး သူမ၏ တွန့်ရှုံ့နေသော မျက်နှာသည် ဂန္ဓမာပန်းအိုကြီးတစ်ပွင့် ပွင့်လာသကဲ့သို့ ဖြစ်သွားရာ ကျောက်ဖေးအဖို့ ကြည့်ရသည်မှာပင် ရွံရှာမိသွားသည်။
သူမသည် ငွေစက္ကူနှင့် ငွေတုံးများကို သူမ၏ ရင်ခွင်ထဲသို့ အမြန်ဆွဲထည့်လိုက်ပြီး တဟားဟား ရယ်မောကာ - "ကောင်းပြီ၊ ဒီနေ့ကစပြီး ငါ မင်းကို ပညာသင်ပေးမယ်၊ ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားရမယ်... ငါက သင်ပေးနိုင်ပေမဲ့ မင်း တကယ်တတ်မတတ်၊ ဘယ်လောက်ထိ သင်ယူနိုင် မလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်
"စိတ်ချပါ၊ ကျွန်တော် နားလည်ပါတယ်"
ကျောက်ဖေးက ဆက်ပြောသည် - "ဒါဆိုရင် နတ်သမီးခင်ဗျာ... ကျွန်တော်တို့ကို အခုပဲ စပြီး သင်ပေးလို့ ရမလား"
"အခုပဲ စမလို့လား"
မာရှန်းကူးမှာ အံ့အားသင့်သွားပြီးမှ ရယ်မောကာ -"မင်း ဒီလောက်လောနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ကောင်းပြီလေ... ငါ မင်းကို ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်ရေးနည်းကို အရင်ဆုံး သင်ပေးမယ်"
"ဒီဝိညာဉ်ငြိမ်သက်ခြင်းအဆောင်က ဝိညာဉ်ကို ကာကွယ်ပေးနိုင်တယ်။ ကိုယ်နဲ့ မကွာ ဆောင်ထားမယ်ဆိုရင် သရဲတစ္ဆေတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပေးနိုင်သလို မိစ္ဆာအငွေ့အသက်တွေနဲ့ လူသတ်လိုတဲ့ အငွေ့အသက် တွေကိုပါ တွန်းလှန်ပေးနိုင်တယ်။ အစွမ်းကတော့ အံ့မခန်းပဲ..."
မာရှန်းကူးမှာ ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်၏ အာနိသင်များကို ကျောက်ဖေးအနေဖြင့် သင်ယူခွင့်ရခြင်းမှာပင် ထူးခြားလှသည့်အလား ကြွားလုံးထုတ်နေတော့သည်။
သို့သော် ကျောက်ဖေး တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။
မာရှန်းကူးက ဝိညာဉ်ငြိမ်သက်ခြင်းအဆောင်အကြောင်း ရေးသားထားသော စာအုပ်ငယ်လေးကို သူ့ထံ ပစ်ပေးလိုက်ရာ ကျောက်ဖေး ချက်ချင်းလှန်ကြည့်လိုက်ပြီးနောက် အဖြေကို ရှာတွေ့သွားသည်။
“တောက်... ဒီဝိညာဉ်ငြိမ်သက်ခြင်းအဆောင်က ထောင်ဖန်းမင် သင်ပေးခဲ့တဲ့ အဆောင်နဲ့ အတူတူပဲ မလား”
တစ်ဖက်ရှိ ပိုင်ဖန်းမြို့တွင်မူ ကျောက်ဖေး၏ မူလကိုယ်ထည်သည် ထိုအဆောင်ကို ယခုလေးတင် တတ်မြောက်ထားခြင်း ဖြစ်သည်။
မာရှန်းကူးက ခပ်ပြုံးပြုံးဖြင့် ပြောသည် "အိမ်ထိန်းကို မင်းအတွက် ဧည့်ခန်းတစ်ခု အရင်စီစဉ်ခိုင်းလိုက်မယ်။ ပြန်ရောက်ရင် အဆောင်သင်္ကေတတွေကို အလွတ်မှတ်ထားလိုက်ဦး။ မင်း မှတ်မိပြီဆိုမှ ငါ့ဆီပြန်လာခဲ့၊ အဲဒီအခါကျမှ ဒီအဆောင်ကို ဘယ်လိုရေးဆွဲရမလဲဆိုတာ ငါ လက်တွေ့သင်ပေးမယ်"
သူမ၏ အမြင်တွင် အဆောင်ရေးဆွဲခြင်းမှာ မလွယ်ကူပေ။
ဤအဆောင်စာအုပ်ပါ အကြောင်းအရာများကို အလွတ်မှတ်မိရန်ပင် အနည်းဆုံး ရက်အနည်းငယ် ကြာနိုင်သည်ဟု ယူဆထားသည်။
ကျောက်ဖေးအနေဖြင့် ဤအဆောင်ကို တစ်လ၊ နှစ်လအတွင်း တတ်မြောက်သွားလျှင်ပင် တော်တော်လေး အစွမ်းထက်သည်ဟု ဆိုရမည်။
ထိုအခါကျလျှင် နောက်တစ်လအတွက် သင်တန်းကြေး ထပ်တောင်း၍ ရဦးမည်ဖြစ်ရာ စုစုပေါင်း ငွေတစ်ရာ့နှစ်ဆယ်ခန့် ရနိုင်ပေလိမ့်မည်။
မာရှန်းကူးသည် တွေးရင်းဖြင့်ပင် အလွန်တရာ ကျေနပ်နေ၏
သူမ၏ မျက်နှာပေါ်မှ အပြုံးမှာ ပို၍ပင် တောက်ပြောင်လာတော့သည်။