အခန်း (၅၈-၆၀)
Vol. 4 Ch. 58-60
အခန်း (၅၈) နေရာတင် ဈေးတက်တာလား? ငါ ဒါကို သည်းမခံနိုင်ဘူး
ကျောက်ဖေးသည် လီချင်းကို လေဟုန်စီးကျင့်စဉ်၏ အခြေခံကိုယ်ဟန်အနေအထား အချို့ကို သင်ကြားပေးလိုက်သည်။
ထို့နောက် လီချင်းက စက္ကူနှင့် ကလောင်ကို ယူဆောင်လာကာ ကိုယ်ဟန်အနေအထားများနှင့် ပြောင်းလဲပုံများအားလုံးကို စက္ကူပေါ်တွင် အရုပ်ကြမ်းလေးများဖြင့် မှတ်တမ်းတင်လိုက်သည်။
ဤသို့လုပ်ခြင်းဖြင့် လီချင်းအနေဖြင့် နောက်တစ်ကြိမ် ပြန်မမေ့တော့ပေ။
အခြေခံကိုယ်ဟန်များကို မည်သို့လေ့ကျင့်ရမည်ကို ကျောက်ဖေးအား ထပ်ခါတလဲလဲ မေးနေရလျှင် အတော်လေး အလုပ်ရှုပ်စရာ ကောင်းပေလိမ့်မည်။
ထို့ထက် ပိုအရေးကြီးသည်မှာ မိမိကိုယ်ပိုင် နားလည်မှုဖြင့် သင်ယူမှတ်သားခြင်းက ရိုးရာနှုတ်တိုက်သင်ကြားခြင်းထက် ပို၍ ထိရောက်မှုရှိခြင်းပင်။
"သိုင်းပညာလေ့ကျင့်ရတာ မင်းထင်သလောက် မခက်ပါဘူး။ နောက်ပြီး အာချင်း... မင်းက တကယ်တော့ အရမ်းတော်တဲ့သူလို့ ငါထင်တယ်၊ အခု ဒီအခြေခံတွေကို အရင်မှတ်ထားလိုက်ဦး။"
"ငါ အရင်က ပြောခဲ့တာကိုတော့ မှတ်ထားဦး၊ လေ့ကျင့်တာနဲ့ မှတ်သားတာကို တစ်ပြိုင်တည်း လုပ်ရမယ်။ လက်တွေ့မလုပ်ဘဲ အလွတ်ကျက်နေတာမျိုး လုံးဝမဖြစ်စေနဲ့။"
ကျောက်ဖေးက ပြောပြီးနောက် လီချင်း၏ ပုခုံးကို ပုတ်ကာ သူ၏အခန်းထဲသို့ ပြန်ရန် လှည့်ထွက်ခဲ့သည်။
လီချင်းသည် သူဆွဲထားသော ပုံစံများကို ဘက်ပေါင်းစုံမှ ကြည့်နေပြီး သူ၏မျက်ဝန်းများသည် ကြယ်တာရာများ ပြည့်နှက်နေသကဲ့သို့ တောက်ပနေသည်။
ကျောက်ဖေးသည် ထောင်ဖန်းမင်ကဲ့သို့ ရိုးရာနည်းလမ်းဖြစ်သော ရိုက်နှက်ဆုံးမခြင်းကို မသုံးဘဲ အားပေးမှုကိုသာ သုံးခဲ့သဖြင့် "ငါက တကယ်တော့ မအဘူးပဲ" ဟု လီချင်းကို ခံစားရစေသည်။
သူသည် သိုင်းပညာကို အမြဲတမ်း တောင့်တခဲ့သူဖြစ်ရာ ဤကဲ့သို့သော တစ်ခါမျှမကြုံဖူးသည့် သင်ကြားမှုပုံစံက သူ၏သိုင်းပညာအပေါ် စိတ်ဝင်စားမှုကို အကြီးအကျယ် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
အခန်းထဲသို့ ပြန်ရောက်သောအခါ။
ကျောက်ဖေးသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ နှလုံးသားငါးပါး ကောင်းကင်မူကိုယ်ဟန်ကို ယူလိုက်သည်။
နှလုံးသားငါးပါး (သို့မဟုတ်) အချက်ငါးချက်ဆိုသည်မှာ လက်ဖဝါးနှစ်ဖက်ရှိ လောင်ကုန်းအမှတ်၊ ခြေဖဝါးနှစ်ဖက်ရှိ ယုံချွမ်း အမှတ်နှင့် နှဖူးအလယ်ရှိ ပိုင်ဟွေ့အမှတ်တို့ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ ဓာတ်ကြီးငါးပါး စွမ်းအားကို အာရုံခံရန် အသုံးပြုခြင်းဖြစ်သည်။
တစ်စုံတစ်ယောက်၏ ကျင့်စဉ်အဆင့် နက်ရှိုင်းလာပြီး အဆင့်တစ်ခုသို့ ရောက်ရှိကာ ခန္ဓာကိုယ်ထဲတွင် ဓာတ်ကြီးငါးပါး ချီ စွမ်းအင်များ ရှိလာပါက တောင့်တင်းသော ကိုယ်ဟန်အနေအထားများ၏ ချည်နှောင်မှုမှ တဖြည်းဖြည်း ကင်းလွတ်လာနိုင်သည်။
'နှလုံးသားငါးပါး ကောင်းကင်မူ' အနေအထားသည် နားထောင်ရသည်မှာ လွယ်ကူသော်လည်း အစပျိုးသူတစ်ယောက်အနေဖြင့် အတော်လေး အဆင်မပြေဘဲ ခိုးလိုးခုလု ဖြစ်နေဆဲပင်။
ကံကောင်းသည်မှာ ကျောက်ဖေးသည် သိုင်းပညာတွင် အောင်မြင်မှုအချို့ ရှိထားသဖြင့် သူ၏ ကြွက်သားနှင့် အရိုးအဆစ်များမှာ ပိုမိုပျော့ပျောင်းနေခြင်းဖြစ်သည်။
နောက်တစ်ဆင့်အနေဖြင့် စိတ်ကို ကြည်လင်အောင် ထားရမည်။
ဤအဆင့်သည်လည်း ကျောက်ဖေးအတွက် မခက်ခဲပေ။
သို့သော် နောက်တစ်ဆင့်သို့ ကူးပြောင်းသည့်အခါတွင်မူ သူသည် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်ကြီးငါးပါး စွမ်းအားဆိုသည်ကို လုံးဝ အာရုံမခံနိုင် ဖြစ်နေသည်။
ကိုယ်တွင်းစွမ်းအင် ကျင့်ကြံသည့် နည်းလမ်းမှာ ကျောက်ဖေး အရင်က လေ့ကျင့်ခဲ့သည့် သိုင်းပညာနှင့် အတော်လေး ကွာခြားသည်။
သွေးနှင့်ချီအင်အားဆိုသည်မှာ အလွန်လျှို့ဝှက်နက်ရှိုင်းပြီး ဖော်ပြရန် ခက်ခဲသည်ဟု ကျောက်ဖေး အရင်က ထင်ခဲ့ဖူးသည်။
သို့သော် အနည်းဆုံးတော့ သွေးချီအင်အားဆိုသည်မှာ လူ့ခန္ဓာကိုယ်ထဲတွင် ရှိနှင့်ပြီးသား အရာဖြစ်သည်။
သိုင်းပညာရှင်ဖြစ်စေ၊ သာမန်လူဖြစ်စေ လူတိုင်းတွင် ရှိနေပြီး ကွာခြားချက်မှာ သွေးချီ၏ သန်စွမ်းမှုသာ ဖြစ်သည်။
သို့သော် သွေး ချီနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်ကြီးငါးပါး စွမ်းအားမှာ ပို၍ပင် လျှို့ဝှက်နက်ရှိုင်းလှပြီး စိတ်ကူးယဉ်ဆန်သော အရာတစ်ခုနှင့် ပိုတူနေသည်။
သွေးချီအင်အားသည် အတွင်းဘက်သို့ ဦးတည်နေ၏
သို့သော်လည်း ဓာတ်ကြီးငါးပါး စွမ်းအားမှာမူ အပြင်ဘက်သို့ ဦးတည်နေသည်။
အကယ်၍ ကျောက်ဖေးအနေဖြင့် ဤကမ္ဘာတွင် မိစ္ဆာနတ်ဆိုးများနှင့် သရဲတစ္ဆေများ ရှိကြောင်း အတည်မပြုရသေးပါက ထိုကဲ့သို့သော လျှို့ဝှက်ဆန်းကြယ်သည့် ကျင့်ကြံခြင်းစွမ်းအင်များ အမှန်တကယ် ရှိမရှိကို သံသယဝင်မိပေလိမ့်မည်။
ခဏကြာပြီးနောက် ဘာမှ ထူးခြားမလာသဖြင့် ကျောက်ဖေးသည် အနားယူရန်သာ လှဲချလိုက်တော့သည်။
သူသည် တစ်ညလုံး မအိပ်ရသေးပေ။
နီညိုရောင် မေပယ်ကျေးရွာ
ရွာပြင်တောင်ခြေရှိ မာရှန်းကူ နေအိမ်၊
နောက်ဖေးခြံဝင်း ဧည့်ခန်းမ။
မာရှန်းကူးသည် ဧည့်ခန်းတွင် ခပ်မတ်မတ် ထိုင်နေပြီး သူမ၏မျက်နှာမှာ အတော်လေး ပျက်ယွင်းနေသည်။ မူလကတည်းက ရုပ်ဆိုးလှသော သူမ၏ မျက်နှာအိုကြီးသည် ယခုအခါ ပို၍ပင် ကြည့်မကောင်း ဖြစ်နေတော့သည်။
"ငွေဒင်္ဂါး သုံးရာ၊ သုံးရာ တိတိ ဖြစ်ရမယ်၊ တစ်ပြားတောင် လျော့လို့မရဘူး”
"နောက်လာမဲ့ မန္တန်က ငါ့ရဲ့ အဖိုးတန်ဆုံး နည်းပညာဆိုတာ မင်းတို့ သိထားသင့်တယ်..."
မာရှန်းကူက ပြတ်ပြတ်သားသား ပြောလိုက်သည်။
သူမသည် အစကတော့ သာမန်ရိုးရာ မှော်အတတ်လေး တစ်ခုခုကို ပစ်ပေးလိုက်ရုံဖြင့် ကျောက်ဖေးအနေဖြင့် တစ်လ၊ နှစ်လလောက် သင်ယူရမည်ဖြစ်ပြီး သူမကတော့ ငွေရာချီကို အလကားနီးပါး ရမည်ဟု တွေးခဲ့ခြင်းဖြစ်သည်။
သို့သော် ဒုတိယမြောက်နေ့ မကုန်ဆုံးသေးမီမှာတင်
ကျောက်ဖေးသည် သူမ၏ ပညာရပ်အတော်များများကို တတ်မြောက်သွား၏
ဝိညာဉ်ငြိမ်သက်ခြင်း ဂါထာနှင့် ယင်ဓာတ်စု ဆောင်းခြင်း ဂါထာတို့အပြင် အခြားသော ရိုးရာမှော်အတတ် အတော်များများကိုပါ သူ တတ်သွားခဲ့ပြီ ဖြစ်သည်။
အခြားသော နည်းလမ်းတစ်ခုမှာ မှန်နားထောင်ခြင်း အတတ်ဖြစ်ပြီး ယင်းအတွက် လူသေ၏အရိပ် ထင်ဖူးသော ကြေးမှန်တစ်ချပ် လိုအပ်သည်။ သန်းခေါင်ယံအချိန်တွင် လမင်း၏အလင်းအား မှန်ဖြင့်ခံယူကာ နံရံပေါ်သို့ ထိုးဟပ်စေပြီး ဂါထာကို ရွတ်ဆိုရသည်။ ထိုလရောင်ခြည်၏ ပြောင်းလဲမှုများကို ကြည့်ရှုခြင်းဖြင့် အနီးနားရှိ တစ္ဆေနှင့် ဝိညာဉ်များ၏ တည်နေရာကို သိရှိနိုင်ပေသည်။
နောက်ထပ်နည်းလမ်းတစ်ခုဖြစ်သော ဆန်မေးခြင်းအတတ်တွင်မူ ကြမ်းတမ်းသော ကြွေပန်းကန်လုံးတစ်လုံး၊ ကောက်ညှင်းဆန်အစိမ်းနှင့် အဝါရောင် စာဂါထာစက္ကူတို့ လိုအပ်သည်။ ဆန်စေ့များကို ရှစ်ကွက်ပုံစံဖြန့်ကြဲပြီးနောက် ဂါထာကို မီးရှို့ကာ ဆန်စေ့များ၏ အရောင်ပြောင်းလဲမှုကို ကြည့်ရသည်။ ဆန်စေ့များ မည်းသွားပါက နိမိတ်မကောင်းဟု ယူဆပြီး၊ နီသွားပါကမူ အလွန်ကြမ်းတမ်းသော ဘေးဒုက္ခဟု သတ်မှတ်သည်။
ထို့အပြင် ဖိနပ်ဖြင့် ဝိညာဉ်ရိုက်ချက်နှင့် တံမြက်စည်းဖြင့် တံခါးပိတ်ခြင်းကဲ့သို့သော ရိုးရာမှော်အတတ်များကိုမူ ကျောက်ဖေးက ယခင်ကတည်းက တတ်မြောက်ထားပြီးဖြစ်ရာ မာရှန်းကူးထံမှ သင်ယူရန် မလိုအပ်ပေ။
အမှန်အတိုင်းပြောရလျှင် ရိုးရာမှော်အတတ်ပိုင်းတွင် ထောင်ဖန်းမင်သည် မာရှန်းကူးထံထက်ပင် ပို၍ကျွမ်းကျင်သလို သူတတ်မြောက်ထားသော ဂါထာအရေအတွက်မှာလည်း ပိုမိုများပြားသည်။
မာရှန်းကူးမှာမူ သူမအနေဖြင့် အကြီးအကျယ် အရှုံးပေါ်နေပြီဟု ခံစားနေရသည်။ ဤမျှ မြန်မြန်ဆန်ဆန် တတ်မြောက်သွားမည်မှန်း သိခဲ့လျှင် တစ်လ သင်တန်းကြေး ငွေဒင်္ဂါး ၆၀ နှင့် ဘယ်သောအခါမှ သဘောတူမည်မဟုတ်ပေ။
ငွေ ၁၀၀ ပေးလျှင်ပင် သူမ လက်ခံမည်မဟုတ်ပေ
ကျောက်ဖေး ကိုယ်ပွါးက ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်ကာ "ကောင်းပြီလေ၊ ဒါဆို ငွေ ၃၀၀ ပေါ့။ ကျွန်တော် အခု ငွေ ၁၀၀ အရင်ပေးမယ်၊ ကျန်တာကိုတော့ အကုန်တတ်သွားမှ ပေးမယ်" ဟု ဆိုလိုက်သည်။
ငွေဒင်္ဂါး ၃၀၀ ဆိုသည်မှာ အမှန်တကယ်ပင် ဈေးကြီးလှသည်။
သို့သော် မာရှန်းကူး၏ ပညာသည် လူသိများသော 'သရဲမွေးခြင်း' အတတ်ဖြစ်သည်။
ကျောက်ဖေး၏ အမြင်တွင်မူ သရဲကလေးများ မွေးမြူသည့် အတတ်သည် သိက္ခာရှိသော ပညာရပ်မဟုတ်သော်လည်း စစ်မှန်သော မှော်ပညာနှင့် အနီးစပ်ဆုံးတူသည့် ပညာဖြစ်သည်။
ဖိနပ်ဖြင့်ရိုက်ခြင်း၊ တံမြက်စည်းဖြင့် တံခါးပိတ်ခြင်းနှင့် မှန်ဖြင့်နားထောင်ခြင်းတို့မှာ မှော်အတတ်ဟု အမည်တပ်ထားသော်လည်း ကျောက်ဖေးအတွက်မူ ၎င်းတို့သည် မျိုးဆက်တစ်ခုမှ တစ်ခုသို့ လက်ဆင့်ကမ်းလာသည့် သင်ခန်းစာနှင့် အတွေ့အကြုံများသာ ဖြစ်သည်။
တစ်လ ငွေ ၆၀ နှင့် မာရှန်းကူး၏ လျှို့ဝှက်ပညာရပ်များကို သင်ယူနိုင်လိမ့်မည်ဟု ကျောက်ဖေး မမျှော်လင့်ထားခဲ့ပေ။
ကျောက်ဖေး ချက်ချင်းသဘောတူလိုက်
သည်ကို မြင်သောအခါ မာရှန်းကူးမှာ နောင်တရသွားပြန်သည်။
ငါ ဈေးနည်းနည်းများ လျှော့တောင်းမိသွားလား?
"မဟုတ်သေးဘူး၊ ငွေ ၃၀၀ နဲ့ မရဘူး။ နောက်ထပ် ၁၀၀ ထပ်ပေါင်း၊ ၄၀၀ ပေးမှ ငါသင်ပေးမယ်" မာရှန်းကူးက ချက်ချင်းပင် စကားကို ပြောင်းလဲလိုက်သည်။
"ခင်ဗျားက ဈေးကို စိတ်ကြိုက်လျှောက်တင်လို့ ရတယ်လို့ ထင်နေတာလား? ကျွန်တော့်ကို အလွယ်တကူ ကစားလို့ရတဲ့သူလို့ ထင်နေတာလား?"
ကျောက်ဖေး၏ မျက်လုံးများက အေးစက်သွားကာ ထိုင်ခုံမှ မတ်တပ်ထရပ်လိုက်သည်။
ဤအဘွားကြီးမှာ...
အကယ်၍ တိုက်ခိုက်ကြမည်ဆိုလျှင် ကျောက်ဖေးအနေဖြင့် သူမ ဂါထာမရွတ်နိုင်ခင် လက်သီးတစ်ချက်တည်းနှင့် အသေသတ်
နိုင်သည်။
ကျောက်ဖေးထံမှ ထွက်ပေါ်လာသော ထက်ရှသည့် အငွေ့အသက်များကို ခံစားမိလိုက်သောအခါ မာရှန်းကူး၏ မျက်နှာမှာ တောင့်တင်းသွားသည်။
"မင်း... မင်း ဘာလုပ်မလို့လဲ?"
"ကျွန်တော် ဘာမှမလုပ်ချင်ပါဘူး၊ ခင်ဗျား ပြောထားတဲ့အတိုင်း ကတိတည်စေချင်ရုံပါပဲ။"
ကျောက်ဖေးသည် မာရှန်းကူးကို အေးစက်စွာ စိုက်ကြည့်နေသဖြင့် သူမသည် ပို၍ စိတ်မသက်မသာ ဖြစ်လာကာ မျက်လုံးများကလည်း တံခါးဘက်သို့ ခဏခဏ ဝေ့ဝဲကြည့်နေမိသည်။
သို့သော် သူမတွင် ယုံကြည်မှုမရှိပေ။ သူမ၏ အစေခံနှစ်ယောက်သည် လယ်ယာလုပ်ငန်းအချို့ တတ်မြောက်ထားသော်လည်း ရှေ့မှလူငယ်ကဲ့သို့ အရှိန်အဝါမျိုး လုံးဝမရှိချေ။
သူမ၏ ပညာရပ်များသည်လည်း လူမြင်ကွယ်ရာတွင်သာ ဒုက္ခပေးရန် ကောင်းသော်လည်း လက်တွေ့တွင်မူ အသုံးမဝင်လှပေ။
ဧည့်ခန်းမကြီးမှာ သေလူကဲ့သို့ တိတ်ဆိတ်သွားပြီး လေထုမှာ အလွန်တရာ တင်းမာလာသည်။
ခဏအကြာတွင် မာရှန်းကူးမှာ အလျော့ပေးရန်သာ ရွေးချယ်လိုက်ရတော့သည်။ သူမ၏လေသံမှာ အနည်းငယ် ပျော့ပြောင်းသွားကာ - "ငွေ ၃၀၀ ဆိုလည်း ၃၀၀ ပေါ့၊ ငါကတိပေးပါတယ်..."
ကျောက်ဖေးသည် အိတ်ထဲမှ ငွေစက္ကူကို အေးစက်စွာ ထုတ်ယူကာ ၁၀၀ ကို ရေတွက်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။
"သင်ယူပြီးသွားရင် နောက်ထပ် ၂၀၀ ပေးမယ်။မာရှန်းကူး... ကျွန်တော် စကား ထပ်မပြောင်းချင်တော့ဘူး။ အကယ်၍ သဘောတူတယ်ဆိုရင် အခုပဲ စလိုက်ရအောင်။"
"သဘောတူတယ်၊ သဘောတူတယ်လေ။"
မာရှန်းကူးသည် သက်ပြင်းတစ်ချက်ချကာ ငွေစက္ကူကို ကောက်ယူပြီး သေချာစစ်ဆေးနေတော့သည်။ အမှန်အတိုင်းပြောရလျှင် သူမသည် ငွေ ၃၀၀ အထိ ရအောင် ဈေးတင်ပြောလိုက်ခြင်းသာ ဖြစ်သည်။
အမြတ်ရလျှင်ပင် တော်လှပြီ မဟုတ်ပါလော
ကျောက်ဖေး၏ စိုက်ကြည့်မှုသည် သူမကို ရေခဲဂူထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားရစေသည်။
တကယ်တော့... ရသင့်သလောက်ရတုန်း ရပ်လိုက်တာကပဲ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အခန်း (၅၉) - ယင်ကလေးငယ်အား ထိန်းချုပ်ခြင်းအတတ်
မာရှန်းကူးအသုံးပြုသည့် သရဲကလေးများ မွေးမြူသည့် နည်းလမ်းကို ယင်ထုံယုလင်ရှု သို့မဟုတ် "ယင်ကလေးငယ်ဖြင့် ဝိညာဉ်ထိန်းချုပ်ခြင်း အတတ်" ဟု ခေါ်ဆိုသည်။
အရွယ်မရောက်သေးသည့် ကလေးငယ်များသည် စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သေးဘဲ ထိန်းချုပ်ရ လွယ်ကူသောကြောင့် အဓိက ပစ်မှတ်များ ဖြစ်ကြသည်။
မတော်တဆ သေဆုံးခဲ့ရသည့် ရန်ငြိုးကြီးသော ဝိညာဉ်များသည် အညှိုးအတေး အကြီးဆုံးနှင့် စွမ်းအားအရှိဆုံး ဖြစ်၏
သို့သော်လည်း ထိုသို့သော "သရဲကလေးငယ်" များကို ထိန်းချုပ်ရန်မှာ မလွယ်ကူပေ။
အမှားအယွင်း တစ်စုံတစ်ရာ ရှိခဲ့ပါက ၎င်းတို့၏ သခင်ကိုပင် ပြန်လည် တိုက်ခိုက်တတ်ကြသည်။
ထို့ကြောင့် ထိုဝိညာဉ်များကို ထောင်ချောက်အတွင်းသို့ မျှားခေါ်ဖမ်းဆီးရန်အတွက် ၎င်းတို့ လူဘဝက ကြိုက်နှစ်သက်ခဲ့သည့် ကစားစရာများ၊ မုန့်များ သို့မဟုတ် အစားအသောက်များကို အသုံးပြုရသည်။
ထို့နောက် မိမိ၏ သွေးနှင့် ဝိညာဉ်ကို အသုံးပြုကာ ကတိသစ္စာပြုရသည်။
၎င်းနောက်တွင်မှ ပုံမှန် ဝတ်ပြုပူဇော်ခြင်းနှင့် တင်ဆက်ခြင်းများကို ပြုလုပ်ရခြင်း ဖြစ်သည်။
ရန်ငြိုးကြီးသော ဝိညာဉ်တစ်ခုကို "ဝိညာဉ်ကလေးငယ်" အဖြစ် သန့်စင်ပြီးပါက ၎င်းတွင် စွမ်းရည်နှစ်မျိုး ရှိလာသည်။ ၎င်းတို့မှာ
ပူးကပ်ခြင်းနှင့် အိပ်မက်ပေးခြင်းတို့ ဖြစ်ကြသည်။
အဆင့်နိမ့် ယင်ကလေးငယ်သည် အားနည်းသော်လည်း စက္ကူရုပ်များ သို့မဟုတ် စက္ကူမြင်းများကို ပူးကပ်၍ လှုပ်ရှားစေနိုင်သည်။
အင်အား တိုးလာပါက အလောင်းများကို ပူးကပ်နိုင်သည်။
ထို့အပြင် သက်ရှိများကိုလည်း ပူးကပ်နိုင်သည်။ ၎င်းသည် လူတစ်ယောက်၏ အသက်ကို တိုက်ရိုက် မခြွေယူနိုင်သော်လည်း ထိုသူကို ယင်စွမ်းအင်များ ဖုံးလွှမ်းသွားစေပြီး နာတာရှည် ရောဂါဝေဒနာ ခံစားရစေရန် လုံလောက်ပေသည်။
သို့သော် ပူးကပ်ခံရမည့်သူသည် သွေးနှင့် ချီ ပြည့်ဝနေသော ကိုယ်ခံပညာရှင် ကဲ့သို့သော "ယန်" စွမ်းအင် အလွန်တရာ ကြီးမားသူ ဖြစ်ပါက ယင်ကလေးငယ်ကို လောင်ကျွမ်းစေနိုင်
သဖြင့် ၎င်းတို့သည် အနားသို့ မကပ်ရဲကြချေ။
အိပ်မက်ပေးခြင်းအတတ်မှာမူ ဝိညာဉ်ကလေးငယ်ကို တစ်စုံတစ်ယောက်၏ အိပ်မက်ထဲသို့ စေလွှတ်ကာ ထိုသူ၏ စိတ်ကူးများကို ချောင်းမြောင်းခြင်း၊ လှည့်စားခြင်း သို့မဟုတ် ခြောက်လှန့်ခြင်းများ ပြုလုပ်ခြင်း ဖြစ်သည်။
ဤအတတ်၏ အသုံးဝင်ပုံများသည် ဖော်ပြ၍ပင် မကုန်နိုင်အောင် များပြားလှသည်။
မာရှန်းကူးသည်လည်း ဤအတတ်ပညာကို အသုံးပြု၍ပင် များပြားလှသော စည်းစိမ်ချမ်းသာများကို စုဆောင်းခဲ့ခြင်း ဖြစ်သည်။
ညစာစားပြီး ခေတ္တအနားယူပြီးနောက် သန်းခေါင်ယံအချိန်သို့ ရောက်ရှိလာခဲ့သည်။
မာရှန်းကူးသည် ကျောက်ဖေးကို ခေါ်ဆောင်၍ တောင်ကြားရှိ လူသူကင်းမဲ့သော သုသာန်သို့ ထွက်ခွာလာခဲ့သည်။
ဤနေရာသည် မေပယ်ရွာနှင့် အနီးအနားရှိ အခြားရွာတစ်ရွာတို့ ပေါင်းစပ်အသုံးပြုသော သုသာန်ဖြစ်သည်။
မိသားစုဝင် အဆက်အနွယ် ဂူဗိမာန်များ မရှိသူများ၊ အိမ်ခြေရာမဲ့များ၊ သူစိမ်းများ၊ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသူများ၊ မတော်တဆ သေဆုံးသူများ သို့မဟုတ် ပြစ်မှုကျူးလွန်ထားသဖြင့် ဘိုးဘွားပိုင် မြေတွင် မြှုပ်နှံခွင့်မရှိသူများအားလုံးကို ဤနေရာ၌ မြှုပ်နှံကြသည်။
ဖြူဖျော့သော လရောင်သည် မှောင်မိုက်သော တိမ်တိုက်များကို ခွဲထွက်ကာ အမှတ်အသားမရှိသော၊ ခြုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသည့် ဂူသင်္ချိုင်းများပေါ်သို့ ကျရောက်နေသည်။
ထိုမြင်ကွင်းမှာ တကယ့်ကို ကျောချမ်းဖွယ်ရာ ကောင်းလှသည်။
"တွေ့လား? ဟိုမှာပဲ။"
မာရှန်းကူးသည် မလှမ်းမကမ်းရှိ ကောက်ကောက်ကွေးကွေး သစ်ပင်တစ်ပင်ကို ညွှန်ပြလိုက်သည်။
ထိုနေရာတွင် သေးငယ်သော မြေပုံအသစ်လေး တစ်ခု ရှိနေသည်။
အနီးနားရွာမှ လျူမျိုးရိုးရှိသော မိသားစုသည် မကြာသေးမီက နှစ်နှစ်ခွဲအရွယ် သမီးငယ်လေးတစ်ဦး ဆုံးရှုံးခဲ့ရသည်။
ဤကဲ့သို့သော သတင်းအချက်အလက်မျိုးသည် မာရှန်းကူး၏ နားနှင့် မျက်စိကို မလွတ်နိုင်ပေ။
ဤသတင်းကိုပင် မာရှန်းကူးက ကျောက်ဖေးထံသို့ ငွေဒင်္ဂါး သုံးပြားဖြင့် ပြန်လည်ရောင်းချထားခြင်း ဖြစ်သည်။
ငွေမက်သော ထိုအမိအိုကြီးသည် မည်သူ့ကိုမျှ အလကား အကျိုးအမြတ် ပေးမည့်သူ မဟုတ်ပေ။
ကျောက်ဖေး ကိုင်ဆောင်ထားသည့် သရဲဖမ်းကိရိယာ အစုံလိုက်ဖြစ်သော နံ့သာတိုင်၊ ဖယောင်းတိုင်၊ ငွေစက္ကူနှင့် ကျူလစ်သစ်သား ရုပ်ထုတို့ကိုပင် ငွေဒင်္ဂါး ငါးပြားဖြင့် သူမထံမှ ငှားရမ်းထားရခြင်း ဖြစ်သည်။
ကျောက်ဖေး မြေပုံအသစ်ဆီသို့ တဖြည်းဖြည်း လျှောက်သွားသည်ကို ကြည့်ရင်း မာရှန်းကူးက မဝံ့မရဲဖြင့် ပြောလိုက်သည်။
"မင်း ငါ့အကူအညီ တကယ်မလိုဘူးလား? ငါက ဒါမျိုးလုပ်တာ အတွေ့အကြုံ အများကြီးရှိတယ်။ အခုမှ မွေးဖွားလာတဲ့ ယင်ဝိညာဉ်တွေက သိပ်နုနယ်တာ၊ မင်း သတိမထားရင် ဝိညာဉ်က လုံးဝ ပျက်စီးသွားနိုင်တယ်နော်။"
"မလိုဘူး။"
ကျောက်ဖေးက လှည့်ပင်မကြည့်ဘဲ အေးစက်စွာ ငြင်းပယ်လိုက်သည်။
သူသာ သဘောတူလိုက်ပါက မာရှန်းကူးသည် အပေးအယူတစ်ခု ထပ်လုပ်မည်ဖြစ်ပြီး သူမသည် အလကား ကူညီမည့်သူ မဟုတ်ကြောင်း သူ ကောင်းကောင်းသိသည်။
အမှန်စင်စစ် ကျောက်ဖေးသည် ငွေအနည်းငယ်ကို ဂရုမစိုက်ပေ။
သူ တကယ်တန်ဖိုးထားသည်မှာ ဤကဲ့သို့ လက်တွေ့လေ့ကျင့်ရန် ရှားပါးသော အခွင့်အရေးကိုသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ၊ ဤငွေများအားလုံးသည် ဝံပုလွေနက်ဂိုဏ်းထံမှ ရထားခြင်းဖြစ်သဖြင့် သူ နှမြောခြင်း မရှိပေ။
ငွေကုန်သွားလျှင်လည်း ထိုဂိုဏ်းထံမှ ထပ်မံ သွားရောက်ယူရုံသာ ရှိသည်။
ဤကဲ့သို့ ဥပဒေနှင့် ကိုယ်ကျင့်တရား ပျက်ပြားနေသော ကမ္ဘာတွင် ဝံပုလွေနက်ဂိုဏ်းကဲ့သို့သော ဂိုဏ်းစတားများမှာ မနည်းလှပေ။
ထို့အပြင် အန္တရာယ်များကို ဖယ်ရှားပေးရခြင်းမှာ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုလည်း ရှိသည်။
ကျောက်ဖေးသည် အုတ်ဂူအနီးသို့ ရောက်သောအခါ မီးခတ်ကျောက်ကို ထုတ်၍ နံ့သာတိုင် သုံးတိုင်ကို ထွန်းကာ ဂူရှေ့တွင် ထိုးစိုက်လိုက်သည်။
ထို့နောက် မုန့်အချို့၊ လက်ခုပ်သံပေးသည့် ကစားစရာ တစ်ခုနှင့် သုံးလက်မခန့်ရှိသော သစ်သားအရုပ်လေး တစ်ရုပ်ကို ချထားလိုက်သည်။
ထိုအရုပ်လေးကို နှစ်ပေါင်းတစ်ရာသက်တမ်းရှိသော ကျူလစ်သစ်သား၏ အနှစ်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
၎င်းကို မြို့ပေါ်ရှိ လက်သမားတစ်ဦးအား မာရှန်းကူးကိုယ်တိုင် ထုလုပ်ခိုင်းစေခဲ့ပြီး လျှို့ဝှက်နည်းလမ်းဖြင့် သန့်စင်ထားခြင်း ဖြစ်သည်။
လေလွင့်ဝိညာဉ်တစ်ခုသည် အင်အားမရှိဘဲ မရဏကမ္ဘာသို့ မဝင်ရောက်နိုင်ပါက ပြင်ပလောကတွင် လေပြင်းတိုက်ခြင်း သို့မဟုတ် ပူပြင်းသော နေရောင်ခြည်တို့ကြောင့် အလွယ်တကူ ပျက်စီးကွယ်ပျောက်သွားနိုင်သည်။
လူသားများက ခံနိုင်ရည်ရှိသော်လည်း ဝိညာဉ်များမှာမူ အလွန်နုနယ်လှသည်။
အသစ်စက်စက် သေဆုံးထားသော တစ္ဆေတစ်ကောင်သည် လေပြည်အေးလေး တိုက်ခတ်ရုံဖြင့်ပင် လွင့်စင်ပျက်စီးသွားနိုင်သည်။
ထို့ကြောင့် ရန်ငြိုးရှိသော ဝိညာဉ်များသည် ယင်စွမ်းအင်များ စုဝေးရာ ကျူလစ်သစ်ပင် ကဲ့သို့သော နေရာများတွင် ကပ်တွယ်နေထိုင်ကာ ယင်စွမ်းအင်ကို စုပ်ယူ၍ မိမိကိုယ်ကို အားဖြည့်တတ်ကြသည်။
ကျောက်ဖေးသည် ပစ္စည်းသုံးမျိုးကို တြိဂံပုံစံဖြင့် စနစ်တကျ စီမံချထားလိုက်လေသည်။
သူက မန္တန်များကို စတင်ရွတ်ဆိုတော့သည် - "ကောင်းကင်ဘုံ ဝိညာဉ်များ၊ မြေကမ္ဘာ ဝိညာဉ်များ၊ မရဏဘုံသို့ လမ်းဖွင့်ပေးကြပါ၊ ဤလက်ဆောင်ကို အသင်တို့အား ဆက်သပါ၏..."
၎င်းသည် မရဏကမ္ဘာမှ ဝိညာဉ်များဆီ ပစ္စည်း ပေးပို့ပူဇော်သည့်အခါ အသုံးပြုသော ထုံးတမ်းစဉ်လာ မန္တန်တစ်ခု ဖြစ်၏
ကျောက်ဖေး ငါးကြိမ်မြောက် ရွတ်ဆိုပြီးသည့်အခါမှာတော့ နံ့သာတိုင် သုံးတိုင်က တက်လာသော အငွေ့များသည် အမျှင်တန်းလေးတစ်ခုအဖြစ် စုစည်းသွားပြီး ဂူသင်္ချိုင်းဆီသို့ လွင့်ပါးသွားခဲ့ချေသည်။
၎င်းမှာ သေဆုံးသွားသူ၏ ဝိညာဉ်က ပူဇော်သက္ကာပြုထားသော နံ့သာငွေ့ကို စတင်ခံယူနေပြီ ဖြစ်ကြောင်း ပြသနေသည့် နိမိတ်
လက္ခဏာပင်တည်း။
ကျောက်ဖေးသည် ဆိုင်းငံ့ခြင်းမရှိဘဲ ပေသုံးဆယ်ခန့် အကွာအဝေးသို့ ချက်ချင်းပင် ဆုတ်ခွာလိုက်ပြီးလျှင် မာရှန်းကူးနှင့်အတူ အခြားသော ဂူသင်္ချိုင်းတစ်ခု၏ နောက်ကွယ်၌ ကိုယ်ရောင်ဖျောက် ပုန်းကွယ်နေလိုက်ကြသည်။
ထို့နောက် သူသည် မိမိ၏ အိတ်ကပ်အတွင်းမှ ဝိညာဉ်ကြည့်ရေစင်ထည့်သွင်းထားသော ကြွေပုလင်းငယ် ကလေးကို ထုတ်ယူလိုက်၏။
ဝိညာဉ်ကြည့်ရေစင် ဟုလည်း လူသိများကြသော ဤဆေးရည်ကို နွားမျက်ရည်၊ သုသာန်မြေမှ နှင်းရည်နှင့် သစ်သားပြာတို့ကဲ့သို့သော ထူးခြားသည့် ပစ္စည်းများဖြင့် ဖော်စပ်ထားခြင်း ဖြစ်သည်။
၎င်းကို မျက်ခွံပေါ်၌ သုတ်လိမ်းလိုက်ပါက ခေတ္တခဏမျှသော အချိန်ကာလအတွင်း ဝိညာဉ်လောကသားများကို မြင်တွေ့နိုင်စွမ်းသော အာရုံခံစားမှုကို ရရှိစေသည်။
ကျောက်ဖေးသည် ဤဖော်စပ်နည်းကို မာရှန်းကူးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်၏
ကျောက်ဖေးသည် မာရှန်းကူးထံမှ သင်ယူတတ်မြောက်ထားပြီး ဖြစ်သော်လည်း ကိုယ်တိုင်ဖော်စပ်ရန် အချိန်ကုန်ခံလိုခြင်း မရှိပေ
ကျောက်ဖေးသည် မိမိ၏ လက်ညှိုးကို ဆေးရည်အတွင်း နှစ်လိုက်ပြီးနောက် မျက်ခွံပေါ်သို့ အသာအယာ ပွတ်သပ်လိုက်ရာ အေးမြသော ခံစားမှုတစ်ခု တိုးဝင်လာလေသည်။
သူ မျက်လုံးများကို ပြန်လည်ဖွင့်ကြည့်လိုက်၏
မြင်ကွင်းတစ်ခုလုံး၌ ပါးလွှာသော မြူခိုးလွှာကလေးတစ်ခု ဖုံးလွှမ်းသွားသကဲ့သို့ ခံစားလိုက်ရ၏။
ကျောက်ဖေးသည် ထိုမြူခိုးလွှာကလေး ပျက်ပြယ်သွားပြီး ဆေးအာနိသင် ကုန်ဆုံးသွားမည်ကို စိုးရိမ်သဖြင့် မျက်တောင်မခတ်မိစေရန် အထူးပင် သတိထားနေရသည်။
သူတို့နှစ်ဦးသည် ဂူနောက်ကွယ်မှနေ၍ သတိကြီးစွာဖြင့် ချောင်းမြောင်းကြည့်ရှုနေကြသည်။
လူသားတို့သည် တစ္ဆေဝိညာဉ်များကို ကြောက်ရွံ့ကြသည်ဟု ဆိုသော်လည်း အမှန်စင်စစ်တွင်မူ ဝိညာဉ်များက လူသားတို့ကို ပို၍ပင် ကြောက်ရွံ့ကြလေသည်။
လူသားတို့၏ ခန္ဓာကိုယ်တွင် တည်ရှိသော ပြင်းထန်လှသည့် ယန်စွမ်းအင်များကြောင့် အသစ်စက်စက် သေဆုံးထားသော ဝိညာဉ်နုနယ်ကလေးများသည် လူသားတို့၏ အနားသို့ ချဉ်းကပ်ရန် အလွန်ပင် ဝံ့ရဲကြသည် မဟုတ်ပေ။
ခေတ္တမျှ ငြိမ်သက်စွာ စောင့်ဆိုင်းပြီးနောက်တွင်မူ
ကျောက်ဖေးသည် ဂူသင်္ချိုင်းအသစ်ကလေးအတွင်းမှ ပန်းပွင့်ရုပ်ကလေးများပါသော ဂါဝန်ကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦး ထွက်ပေါ်လာပြီး ပူဇော်ထားသော အရာများကို ကောက်ယူကာ တမြုံ့မြုံ့ဖြင့် စားသောက်နေတော့သည်ကို တွေ့ရ၏။
ထူးခြားသည်မှာ လူသားတို့ မြင်ကွင်းတွင်မူ မုန့်များသည် လျော့ပါးသွားခြင်း မရှိသလို၊ ကစားစရာမှာလည်း လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိမနေခြင်းပင် ဖြစ်သည်။
ခဏအကြာ၌ နံ့သာတိုင် သုံးတိုင်မှာ လောင်ကျွမ်း၍ ကုန်ဆုံးလုနီးအချိန်သို့ ရောက်သောအခါ ထိုမိန်းကလေးငယ်သည် မီးခိုးငွေ့တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး သစ်သားအရုပ်ကလေးအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွား လေတော့သည်။
"အောင်မြင်ပြီ"
ကျောက်ဖေး၏ မျက်ဝန်းအစုံသည် ဝမ်းမြောက်မှုကြောင့် တောက်ပသွားပြီး ဂူနောက်ကွယ်မှ ပြေးထွက်ကာ ထိုအရုပ်ကလေးကို အပိုင်ဖမ်းဆုပ်လိုက်သည်။ ထို့နောက် အလောင်းဆီဖြင့် စိမ်ထားသော လျှော်ကြိုးနုကို အသုံးပြုကာ ဘယ်ဘက်သို့ သုံးပတ်၊ ညာဘက်သို့ သုံးပတ် စနစ်တကျ ချည်နှောင်လိုက်၏။
ယခုအခါ ဝိညာဉ်ကို ဖမ်းဆီးရမိပြီဖြစ်ရာ နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်မှာ ၎င်းကို သန့်စင်ပြီးလျှင် ဝိညာဉ်ကလေးငယ်အဖြစ် လေ့ကျင့်ပေးရန်သာ ကျန်ရှိတော့သည်။
"ဒီကလေးရဲ့ ပါရမီကတော့ တကယ့်ကို အံ့မခန်းပါပဲလား"
မာရှန်းကူးပင်လျှင် အံ့ဩမဆုံး ဖြစ်နေရရှာသည်။
ယခင်က သူမသည် ဤကဲ့သို့သော အောင်မြင်မှုမျိုး ရရှိရန် ခြောက်လကျော်မျှ အချိန်ယူ၍ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရ၏
သို့သော်လည်း ဤကောင်လေးမှာမူ ပထမဆုံးအကြိမ် လက်တွေ့စမ်းသပ်မှုမှာပင် အောင်မြင်မှု ရရှိသွားခဲ့ပြီ ဖြစ်သည်။
မားရှန်းကူးသည် ဖားလိုလို ငါးလိုလို မျက်နှာပေးမျိုးဖြင့် အပြေးအလွှား ရောက်ရှိလာကာ "မင်း ယင်ဝိညာဉ်ကို ဖမ်းမိသွားပြီဆိုတော့ ကျန်တဲ့ သန့်စင်ထိန်းကျောင်းတဲ့ အပိုင်းကလည်း မင်းအတွက် မခဲယဉ်းတော့ပါဘူး။ အဲဒီတော့... အစောက ပြောထားတဲ့ ငွေဒင်္ဂါးနှစ်ရာ ကိစ္စကို ဘယ်လို စီစဉ်ကြမလဲ" ဟု ဆိုလေသည်။
ကျောက်ဖေးသည် သူ၏ အိတ်ကပ်အတွင်းမှ ငွေစက္ကူအချို့ကို ထုတ်ပေးလိုက်ရင်း
"ဒါက ငွေတစ်ရာ၊ ကျန်တဲ့ တစ်ရာကိုတော့ သန့်စင်တဲ့ အလုပ် ပြီးစီးတဲ့အခါ ပေးချေပါ့မယ်။ ဒါပေမဲ့ အခုတော့ နတ်သမီးရဲ့ ဒီအဖိုးတန်တဲ့ နေရာလေးကို ခဏလောက် ငှားရမ်း အသုံးပြုခွင့်ပေးပါဦး" ဟု ပြန်လည် ပြောကြားလိုက်သည်။
"ရပါတယ်... ရပါတယ်... ဘာမှ အားနာမနေပါနဲ့"
မာရှန်းကူးသည် လက်ခံရရှိသော ငွေစက္ကူများကို ရေတွက်ရင်း ဝမ်းသာအားရ ပြုံးဖြီးနေတော့သည်။
ကျောက်ဖေးသည် ကြွယ်ဝချမ်းသာသူတစ်ဦး ဖြစ်သဖြင့် သူမ၏ နေအိမ်၌ ကြာရှည်စွာ နေထိုင်လေလေ၊ သူမအတွက် ငွေကြေး ပိုမိုညှစ်ယူရန် အခွင့်အလမ်း ပိုများလေလေ ဖြစ်သည်ဟု တွေးတောကာ ကျေနပ်နေမိတော့သည်။
အခန်း (၆၀) သေခြင်းနှင့် ရှင်ခြင်းကြားမှ အလင်းပွင့်ခြင်း
ထိုညသည်လည်း မှောင်မိုက်နေဆဲပင်။
ပိုင်ဖန်းမြို့၏ အရှေ့ဘက် မိုင်အနည်းငယ်အကွာရှိ တိတ်ဆိတ်ငြိမ်သက်သော မြစ်ကမ်းဘေး တစ်နေရာ။
မြစ်၏ ဘယ်ဘက်ကမ်းဘေးတွင် ထူထပ်သော တောအုပ်ကြီး ရှိနေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်နေသဖြင့် မြစ်အတွင်းမှ လှေတစ်စင်း ဖြတ်သန်းသွားလျှင်ပင် ဤနေရာ၌ ဘာဖြစ်ပျက်နေသည်ကို သတိပြုမိရန် မလွယ်ကူပေ။
ကျောက်ဖေးသည် တောအုပ်အစပ်တွင် ရပ်နေရင်း သူ၏ ကိုယ်ပွားသုံးခုကို ဆင့်ခေါ်လိုက်ပြီး ၎င်းတို့ကို အဝတ်အစားမပါဘဲ မြစ်ထဲသို့ ဆင်းရန် ညွှန်ကြားလိုက်သည်။
နေ့လယ်ပိုင်းက ထောင်ဖန်းမင်းပြောပြခဲ့သည်ကို သူ မှတ်မိနေသေးသည်။ ဓာတ်ကြီးငါးပါးသည် ဤကမ္ဘာလောက၏ နေရာတိုင်းတွင် တည်ရှိနေပြီး နေရာတိုင်း၌ ခံစားသိရှိနိုင်သည်ဟု ဆိုသည်။
ခရီးသွားလာခြင်း၊ ရှုခင်းကြည့်ခြင်း၊ တောရွာများတွင် စိုက်ပျိုးရေးလုပ်ခြင်း သို့မဟုတ် နေ့စဉ် စားသောက်နေထိုင်ခြင်းတို့မှတစ်ဆင့် ဓာတ်ကြီးငါးပါး၏ သဘောတရားကို သိမြင်နားလည်နိုင်သည်။
ဤနည်းလမ်းသည် နူးညံ့သိမ်မွေ့ပြီး အဓိကကျသော ကျင့်စဉ်လမ်းစဉ် ဖြစ်သော်လည်း ဓာတ်ကြီးငါးပါး၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သဘောပေါက်ရန် အချိန်အတော်ကြာ တည်ဆောက်ယူရလေ့ရှိသည်။
သို့သော်လည်း ထူးခြားသော ဉာဏ်ရည်ဉာဏ်သွေးရှိသူများ သို့မဟုတ် ကြီးမားသော ကံကြမ္မာအလှည့်အပြောင်းနှင့် ကြုံတွေ့ရသူများသည် ရုတ်တရက် အလင်းပွင့်သွားကာ အချိန်တိုအတွင်း နက်နဲသော အမှန်တရားကို သိမြင်သွားတတ်ကြသည်။
ထို့ကြောင့် ရှေးဟောင်းဒဏ္ဍာရီများထဲတွင် "တစ်ညအတွင်း အလင်းပွင့်ခြင်း" ဟူသော ဇာတ်လမ်းများ ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထို့အပြင်...ဒဏ္ဍာရီများအရ အခြားသော အစွန်းရောက်သည့် နည်းလမ်းတစ်ခုလည်း ရှိသေးသည်။
၎င်းမှာ သေခြင်းနှင့် ရှင်ခြင်းကြား အချိန်ပိုင်းလေးအတွင်း ဓာတ်ကြီးငါးပါး၏ အနှစ်သာရနှင့် ထိတွေ့ခြင်းဖြင့် ထိုနက်နဲသော လျှို့ဝှက်ချက်ကို ရုတ်တရက် နားလည်သွားနိုင်သည့် အခွင့်အလမ်း ပိုများခြင်းပင် ဖြစ်သည်။
ဤနည်းလမ်းသည် မည်သည့်နေရာမှ စတင်ခဲ့မှန်း မသိရသော်လည်း အဓိက ကျင့်စဉ်လမ်းစဉ်ကို လိုက်နာသူများကမူ ၎င်းကို အဓိပ္ပာယ်မရှိသော၊ လူငယ်များကို လမ်းမှားရောက်စေသော နည်းလမ်းအဖြစ် ရှုံ့ချကြသည်။
အကြောင်းမှာ လူ့အသက်သည် တစ်ချောင်းတည်းသာ ရှိသောကြောင့် ဖြစ်သည်။
ကံမကောင်းပါက သေဆုံးခြင်း သို့မဟုတ် ဝိညာဉ်ပါ ချုပ်ငြိမ်းခြင်းတို့နှင့် ကြုံတွေ့ရနိုင်သည်။
မည်သူမျှ မိမိအသက်ကို အပျော်အပျက် မကစားဝံ့ကြပေ။
သေခြင်းရှင်ခြင်း အခြေအနေများတွင် အလင်းပွင့်သွားသည့် သာဓကအချို့ ရှိခဲ့ဖူးသော်လည်း ၎င်းတို့မှာ အလွန်ပင် ရှားပါးလှသဖြင့် တိုက်ဆိုင်မှုသက်သက်လား ဆိုသည်ကို မည်သူမျှ အတည်မပြုနိုင်ကြချေ။
ကျောက်ဖေးသည် ဤအကြောင်းကို ပြောပြစဉ်က ထောင်ဖန်းမင်၏ မျက်နှာတွင် ပေါ်လာသော နာကျင်မှုအရိပ်အယောင်ကို အထင်အရှား မှတ်မိနေသေးသည်။
လွန်ခဲ့သော အနှစ် ၂၀ ကျော်က ထောင်ဖန်းမင်၏ တပည့်တစ်ဦးသည် ဤကဲ့သို့သော လွဲမှားသည့် ယုံကြည်ချက်ဖြင့် မြေဓာတ်ကို နားလည်နိုင်ရန် သူ့ကိုယ်သူ မြေကြီးထဲ မြှုပ်နှံခိုင်းခဲ့သည်။
ရလဒ်မှာမူ...
ပြန်လည်တူးဖော်သည့်အခါ အသက်ရှူကျပ်၍ သေဆုံးနေသော အလောင်းတစ်ခုကိုသာ ရရှိခဲ့သည်။
ထို့ကြောင့် ထောင်ဖန်းမင်က ကျောက်ဖေးကို ထပ်ခါတလဲလဲ သတိပေးခဲ့သည်။
မည်သို့သော ကျင့်စဉ်မျိုးကို ကျင့်သည်ဖြစ်စေ အလျင်စလို မဖြစ်ရန်နှင့် မိမိကိုယ်ကိုယ် အန္တရာယ်တွင်းထဲသို့ ဘယ်သောအခါမှ မတွန်းပို့ရန် ဖြစ်သည်။
သို့သော် ထောင်ဖန်းမင် မသိသည်မှာ ကျောက်ဖေးတွင် ကိုယ်ပွားရှိနေပြီး သူအကြောက်ဆုံးအရာမှာ သေခြင်းမဟုတ်ဆိုသည့် အချက်ပင်။
ကျောက်ဖေး ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ထိုအစွန်းရောက်နည်းလမ်းများ၏ မှန်ကန်မှုကို စမ်းသပ်ရန်နှင့် ရေဓာတ်ကို နားလည်နိုင်ရန် ကြိုးစားခြင်း ဖြစ်သည်။
ဓာတ်ကြီးငါးပါး ဝိညာဉ်ကျင့်စဉ်တွင် ကျင့်ကြံရမည့် အစီအစဉ် အသေအချာ မရှိပေ။
မိမိနှင့် သင့်တော်သည့် ဓာတ်တစ်ခုကို အခြေခံအဖြစ် ရွေးချယ်နိုင်ပြီး ဓာတ်ကြီးငါးပါး အပြန်အလှန် အထောက်အကူပြုခြင်းနိယာမအတိုင်း ကျင့်ကြံပါက အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် အကျိုးကျေးဇူးနှစ်ဆ ရရှိနိုင်သည်။
ဥပမာအားဖြင့် ထောင်ဖန်မင်းသည် သစ်သားဓာတ်စွမ်းအားကို ကျင့်ကြံရာတွင် သိသာသော တိုးတက်မှု ရရှိရန် အနှစ် ၂၀ ကျော် အချိန်ယူခဲ့ရသည်။
ဓာတ်ကြီးငါးပါး နိယာမအရ သစ်သည် မီးကိုဖြစ်စေ၏ မီးသည် မြေကိုဖြစ်စေ၏ မြေသည် သတ္တုကိုဖြစ်စေ၏ သတ္တုသည် ရေကိုဖြစ်စေ၏ ရေသည် သစ်ကို ပြန်လည်ဖြစ်စေသည်။
သို့သော် ထောင်ဖန်းမင်သည် ကံကောင်းထောက်မစွာဖြင့် မီးဓာတ်ကို မနားလည်ခင်မှာပင် မြေဓာတ်ကို အမှတ်မထင် နားလည်သွားခဲ့သည်။
ဓာတ်နှစ်မျိုးကို နားလည်ပြီးနောက်တွင်မှ သူသည် ကျင့်စဉ်၏ ဒုတိယအဆင့်သို့ မနည်း တိုးဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကံဆိုးသည်မှာ အသုံးမဝင်ခဲ့ပေ
သူ၏ အတွင်းအားများကို တစ်သက်လုံး ကျင့်ကြံခဲ့သော်လည်း သာမန်လူထက် အနည်းငယ်မျှ ပို၍ စိတ်ကြည်လင်ရုံမှအပ ထူးခြားမှု မရှိခဲ့ချေ။
မြစ်ရေသည် အရာဝတ္ထုများကို ပင့်တင်ပေးနိုင်သော အားရှိသည်။
ကိုယ်ပွားသုံးခုသည် ကမ်းခြေတွင် ကျောက်တုံးတစ်တုံးစီကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုကျောက်တုံးများကို ဖက်တွယ်လျက် ရေအောက်ခြေသို့ တစ်ဦးပြီးတစ်ဦး နစ်မြုပ်သွားကြသည်။
ပထမဆုံး ကိုယ်ပွားသည် မြစ်အောက်ခြေသို့ ရောက်သောအခါ တင်ပျဉ်ခွေထိုင်၍ ရေစီးကြောင်း၏ ထိတွေ့မှုကို ခံယူလိုက်သည်။
တစ်မိနစ်မပြည့်ခင်မှာပင် သူ၏ အဆုတ်ထဲ၌ အောက်ဆီဂျင် ပြတ်လပ်လာသည်။
နှစ်မိနစ်အတွင်း အောက်ဆီဂျင် ပြတ်လပ်မှု ဝေဒနာမှာ ပို၍ ဆိုးရွားလာပြီး အမြင်အာရုံများ မှောင်မိုက်လာကာ သေခြင်းတရားကို ကြောက်ရွံ့စိတ်များ ပြင်းထန်စွာ ပေါ်ပေါက်လာသည်။
ကျောက်ဖေးသည် ထိုကြောက်ရွံ့မှုကို ပယ်ဖျောက်မပေးခဲ့ဘဲ လူတစ်ယောက် သေခါနီးတွင် ကြုံတွေ့ရမည့် အခြေအနေကို အရှိအတိုင်း ခံစားစေခဲ့သည်။
သို့သော် ကိုယ်ပွား၏ သိစိတ်မှာမူ ထူးထူးခြားခြား ကြည်လင်နေဆဲပင် ဖြစ်သည်။
၎င်းသည် ကိုယ်ပွားရှိခြင်း၏ ထူးခြားသော အားသာချက် ဖြစ်သည်။
သေခါနီးတွင်ပင် အတွေးအာရုံများ ရှုပ်ထွေးသွားခြင်း မရှိချေ။
ထိုကိုယ်ပွားသည် သေဆုံးသွားသည့် အချိန်အထိ ပတ်ဝန်းကျင်ရှိ ရေစီးဆင်းမှုကို အသည်းအသန် အာရုံခံစားရင်း ရေဓာတ်၏ စွမ်းအားကို နားလည်ရန် ကြိုးစားနေခဲ့သည်။
ဒုတိယ ကိုယ်ပွားမှာမူ ကျောက်တုံးကို ဖက်တွယ်ရင်း ရေစီးကြောင်းကို ဆန်တက်ရန် ကြိုးစားနေသည်။
ရေ၏ တွန်းကန်အားကို အံတုရင်း သူ၏ ကြွက်သားများ တင်းမာနေသည်။
ရေစီးကြောင်းသည် ဓားတစ်စင်းကဲ့သို့၊ သို့မဟုတ် တုံးနေသော ဓားမြှောင်တစ်ခုကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ပွတ်တိုက်ဖြတ်သန်းနေသည်။
"ရေမှာ ပုံသေ ပုံသဏ္ဌာန် မရှိဘူး... ဒါပေမဲ့ ကျောက်သားကိုတောင် ထိုးဖောက်နိုင်စွမ်း ရှိတယ်..."
ထိုကိုယ်ပွား သေဆုံးသွားသည့် အခိုက်အတန့်တွင် ကျောက်ဖေးသည် ဝေဝေဝါးဝါး သိမြင်မှုတစ်ခုကို ရုတ်တရက် ရရှိလိုက်သည်။
တတိယ ကိုယ်ပွားမှာမူ တစ်ကိုယ်လုံးကို ဖြေလျှော့ထားပြီး ရေအလယ်တွင် ပေါလောပေါ်နေသည်။
ရေစီးကြောင်းအတိုင်း မျောပါနေသော အလောင်းတစ်ခုကဲ့သို့ပင်...။
သူ၏ အသိစိတ်အာရုံသည် မြစ်ရေနှင့် တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရေအောက်တွင် ငါးများကူးခတ်နေသည့် လှုပ်ရှားမှုကို ကြားနေရသလို၊ မြစ်အောက်ခြေရှိ နုန်းမြေများ၏ သိမ်မွေ့သော စီးဆင်းမှုကိုလည်း အာရုံခံမိနေသည်။
ထိုအခိုက်အတန့်တွင် သူသည် မြစ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားသလို၊ မြစ်နှင့် ခွဲခြား၍မရအောင် ဖြစ်တည်နေတော့သည်။
"အမြင့်မြတ်ဆုံးသော ကောင်းမှုတရားက ရေနှင့်တူ၏... ရေသည် အရာခပ်သိမ်းကို အကျိုးပြုသော်လည်း မည်သူနှင့်မျှ အားပြိုင်ငြင်းခုံခြင်း မရှိ..."
ကျောက်ဖေး၏ စိတ်ထဲတွင် ဝေဝေဝါးဝါး အသိတစ်ခု ရလာခဲ့သည်။
ဆယ်မိနစ်ခန့် ကြာတိုင်း ကိုယ်ပွားအသစ်တစ်ခုကို ဆင့်ခေါ်ပြီး မြစ်ကမ်းဘေးမှ ရေထဲသို့ ဆင်းခိုင်းသည်။
ကိုယ်ပွားတစ်ခု ရေထဲဆင်းသွားတိုင်း ရှေ့ကကိုယ်ပွားမှာ သေဆုံးသွားခဲ့ပြီဟု အဓိပ္ပာယ်ရသည်။
သေခြင်းတရားကို ကြောက်ရွံ့ခြင်းသည် ကြီးမားလှသော်လည်း ၎င်းသည် လူ့ခန္ဓာကိုယ်၏ အကြီးမားဆုံးသော စွမ်းအင်များကို အမှန်တကယ်ပင် ပွင့်ထွက်လာစေနိုင်သည်။
ကိုယ်ပွားတိုင်းက ကျောက်ဖေးအတွက် အသိဉာဏ်အလင်း မပေးနိုင်သော်လည်း ပျမ်းမျှအားဖြင့် သုံးခုလျှင် တစ်ခုခန့်က ကျောက်ဖေးကို ထိုးထွင်းသိမြင်မှု အချို့ ပေးစွမ်းနိုင်သည်။
ဤအချက်က သေခြင်းရှင်ခြင်းနှင့် ရင်ဆိုင်ရရုံဖြင့် အလင်းပွင့်ရန် မသေချာကြောင်း ဖော်ပြနေသည်။
၎င်းမှာ ဖြစ်နိုင်ခြေအပေါ်တွင်လည်း မူတည်နေသည်။
ကျောက်ဖေးသည် ကိုယ်ပွား ခုနစ်ခုအထိ ဆင့်ခေါ်နိုင်ပြီး သာမန်လူထက် ရှစ်ဆမကသော နားလည်သဘောပေါက်မှု စွမ်းရည်ရှိသောကြောင့်သာ ဤရလဒ်ကို ရရှိခြင်း ဖြစ်သည်။
သာမန်လူများအတွက်မူ သေခြင်းနှင့် ရှင်ခြင်းကြားတွင် အလင်းပွင့်နိုင်ခြေမှာ သိသိသာသာ နိမ့်ပါးလွန်းလှသည်။
ကိုယ်ပွားများ၏ စတေးမှုမှတစ်ဆင့် ကျောက်ဖေးသည် ဒုတိယမြောက် အစွန်းရောက်ကျင့်စဉ်မှာ အမှန်တကယ်ပင် လုပ်ဆောင်၍ရကြောင်း အောင်မြင်စွာ သက်သေပြနိုင်ခဲ့သည်။
သို့သော် ထောင်ဖန်းမင် ပြောခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံရပေမည်။
သူကဲ့သို့ ကိုယ်ပွားမရှိသော သာမန်လူတစ်ယောက်အတွက် ဤနည်းလမ်းဖြင့် ကျင့်ကြံခြင်းမှာ သေတွင်းထဲသို့ ကိုယ့်ကို
ကိုယ် ပစ်ချခြင်းနှင့် အတူတူပင် ဖြစ်သည်။
သူသည် အသိဉာဏ်အလင်းများကို အဆက်မပြတ် ရရှိနေသည်။
ဤအချက်က ကျောက်ဖေးကို အတိုင်းထက်အလွန် ပျော်ရွှင်စေသည်။
သူသည် ကမ်းခြေရှိ ကျောက်တုံးကြီးတစ်ခုပေါ်တွင် နှလုံးသား ငါးခု ကောင်းကင် မျက်နှာမူပုံစံဖြင့် တင်ပျဉ်ခွေ ထိုင်လိုက်
သည်။
ဤအချိန်တွင် သူ၏ စိတ်အာရုံသည် လုံးဝ လွတ်လပ်ငြိမ်သက်သွားပြီး ဗီဇစိတ်အတိုင်းသာ ကိုယ်ပွားများကို ဆင့်ခေါ်နေတော့သည်။
ဘယ်အချိန်မှာ စတင်ခဲ့သည်ကို မသိသော်လည်း လေထုထဲတွင် ရေပြာရောင် အလင်းစက်လေးများ ကုဋေကုဋာ ရှိနေသည်ကို သူ ရုတ်တရက် မြင်လိုက်ရသည်။
မြစ်နှင့် နီးကပ်လေလေ အလင်းစက်များမှာ ပို၍ စိပ်လေလေ ဖြစ်သည်။
ကျယ်ပြောလှသော အပြာရောင် အလင်းစက်တန်းကြီးသည် မြစ်ရေစီးကြောင်းအတိုင်း စီးဆင်းနေပြီး အဆုံးအစမရှိသော အပြာရောင် နဂါးငွေ့တန်းကြီးသဖွယ် ဖြစ်နေသည်။
ထိုမြင်ကွင်းမှာ တကယ့်ကို အံ့မခန်း ခမ်းနားလှပေသည်။
ကျောက်ဖေးသည် အလွန်တရာ တုန်လှုပ်အံ့ဩသွားရသည်။
"ဒါ... ဒါက ရေဓာတ်ရဲ့ စွမ်းအားပဲ။"
ရေဓာတ်စွမ်းအားကို အာရုံခံမိလိုက်သည့် အခိုက်အတန့်မှာပင် သူ၏ ခန္ဓာကိုယ်သည် ချုပ်နှောင်ထားသော အနှောင်အဖွဲ့များမှ လွတ်မြောက်သွားသကဲ့သို့ ခံစားရပြီး သူ၏ စိတ်အာရုံက ထိုအပြာရောင် အလင်းစက်များကို ဖမ်းယူကာ ခန္ဓာကိုယ်အတွင်းသို့ ဆွဲသွင်းလိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ စီးဆင်းနေသော ရေလွှာများဖြင့် အထပ်ထပ် ဆေးကြောသန့်စင်ခံနေရသကဲ့သို့ အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။
အချိန် မည်မျှ ကုန်ဆုံးသွားသည်ကို မသိလိုက်ချေ။
ကျောက်ဖေးသည် ပြင်းထန်သော ညှီစို့စို့ အနံ့ဆိုးတစ်ခုကို ရုတ်တရက် ရရှိလိုက်သည်။
သူ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ကောင်းကင်မှာ လင်းကြက်တွန်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့ရှေ့က မြင်ကွင်းသည် ယခင်ကထက် ပို၍ ကြည်လင်နေသည်။
အရင်က အရာဝတ္ထုများကို ပါးလွှာသော အမြှေးပါးတစ်ခုခြား၍ ကြည့်နေရသလို ဖြစ်ခဲ့သော်လည်း ယခုအခါ ထိုအမြှေးပါးကို ဖောက်ထွက်သွားနိုင်ပြီ ဖြစ်သည်။
နတ်ဘုရား ဒဏ္ဍာရီများထဲတွင် ကျင့်ကြံသူများသည် တစ်ထိုင်တည်းနှင့် အလင်းပွင့်သွားတတ်ကြပြီး ၎င်းမှာ ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်ချီ၍ ကြာမြင့်တတ်သည်ဟု ကြားဖူးခဲ့သည်။
ယခုမှပင် ထိုအလင်းပွင့်ခြင်း၏ အရသာမှာ ဖော်ပြ၍မရနိုင်လောက်အောင် နက်နဲကြောင်း သူ နားလည်သွားတော့သည်။
ကျောက်ဖေး ငုံ့ကြည့်လိုက်သည့်အခါ သူ၏ တစ်ကိုယ်လုံးမှာ မည်းနက်သော အညစ်အကြေးများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။
ခုနက သူရရှိသည့် ညှီစို့စို့ အနံ့မှာ ဤအညစ်အကြေးများထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
"ဒါက ဒဏ္ဍာရီထဲက ရိုးတွင်းခြင်ဆီ ဆေးကြောခြင်းနဲ့ ခန္ဓာကိုယ် သန့်စင်
ခြင်းလား?"
ကျောက်ဖေးမှာ အံ့အားသင့်သွားပြီးနောက် ဝမ်းသာအားရ ဖြစ်သွားသည်။
သူ၏ ခန္ဓာကိုယ်အတွင်းတွင် အမြဲရှိနေသော သိမ်မွေ့လှသည့် ချီနှင့် သွေး၏ စွမ်းအားများကို ခံစားနေရသည်။
ယခုအချိန်တွင် သူသည် လေဟုန်စီးကျင့်စဉ်ကို ကျင့်ကြံနေခြင်း မဟုတ်ဘဲ သာမန် အခြေအနေမှာတင် ထိုစွမ်းအားများကို ခံစားနေရခြင်း ဖြစ်သည်။
ဤသို့ဆိုလျှင် သူသည် အဆင့် (၉) သိုင်းသမားအဖြစ်သို့ ချိုးဖျက်ဝင်ရောက်ရန် မဝေးတော့ပြီ မဟုတ်ပါလော
ကျောက်ဖေးသည် ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး လေဟုန်စီးကျင့်စဉ်ကို ယူကာ ဖြည်းညှင်းစွာ ကျင့်ကြံကြည့်သည်။
ယခုတစ်ကြိမ်တွင် သူ၏ ခန္ဓာကိုယ်အတွင်း ချီနှင့် သွေးစီးဆင်းမှုကို ယခင်ကထက် ပို၍ ထင်ရှားပြတ်သားစွာ အာရုံခံမိနေသည်။
ပထမ လှုပ်ရှားမှုမှ စတင်ကာ စတုတ္ထ လှုပ်ရှားမှု၏ တစ်ဝက်ခန့်အထိ ရောက်ရှိမှသာ ထိုစွမ်းအားများကို အာရုံခံစားမိမှုသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
တစ်နည်းအားဖြင့်ဆိုသော် သူသည် အချိန်မရွေး၊ နေရာမရွေး အဆင့် (၉) ကို ရောက်ရှိနိုင်ပြီ ဖြစ်ပေသည်