← Chapters

ချန်ရှန်း၏ တောင်းဆိုချက်

Vol. 18 Ch. 242

ချန်ရှန်း၏ တောင်းဆိုချက်

Vol. 18 Ch. 242

စုမင် ချက်ချင်း ပြန်အဖြေမပေးပဲ ချန်ရှန်းကို စိုက်ကြည့် နေလိုက်သည်။ သူ့မျက်လုံးများ ထဲတွင် စူးရှတောက်ပသော အကြည့်တစ်ခု ရှိနေခဲ့သည်။ ချန်ရှန်းတစ်ယောက် စုမင်၏ ထိုအကြည့်ကို မြင်လိုက်သောအခါ သူမကို ထွင်းဖောက် မြင်ခံလိုက်ရပြီး သူမ၏ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်များကို ထုတ်ဖော်ခံလိုက်ရသည်ဟု ခံစားလိုက်ရ၏။

ချန်ရှန်း တုန်ယင်သွားပြီး စုမင်မျက်လုံးများထဲသို့ မကြည့်ရဲတော့သဖြင့် ခေါင်းကို ငုံ့ပစ်လိုက်ကာ နောက်သို့လည်း ခြေလှမ်းအနည်းငယ်ခန့် ထပ်ဆုတ်လိုက်သည်။

“ပြောပါ။ ငါ စဉ်းစားကြည့်ပါ့မယ်” စုမင်က တည်ငြိမ်အေးဆေးစွာ ပြောသည်။

“တစ်ကယ်လို့ တစ်ကယ်လို့ ဆရာဦးလေးစုကသာ ကူညီဖို့ ဆန္ဒရှိမယ်ဆိုရင်၊ အဲဒါက သေချာပေါက် အလုပ်ဖြစ်မှာပါ...”

ချန်ရှန်း သူမ၏ အောက်နှုတ်ခမ်းကိုကိုက်လိုက်သည်။ သူမ၏ ယခုအသွင်အပြင်သည်  သူမ၏ အမျိုးသမီးဆန်သော စရိုက်လက္ခဏာများကို ပိုမိုထုတ်ဖော် ပြသနေခဲ့သည်။

“ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ ဆရာဦးလေးစု... ညသန်းခေါင်မှာ ဆရာဦးလေး စွန်းတဟူ ငါ့အခန်းကို လာလာချောင်းနေတာ ရပ်အောင်လုပ်ပေးပါ... အဲဒါ ငါ့အတွက် တစ်ကယ် အဆင်မပြေလို့ပါ...” ချန်ရှန်းသည် သူမ၏တောင်းဆိုချက်ကို လိမ္မာပါးနပ်သော အပြုအမူဖြင့် ခပ်တိုးတိုး ပြောဆိုလိုက်သည်။ စကားပြောပြီးသည်နှင့် ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး စုမင်ကို ဦးညွှတ်လိုက်သည်။

“ကျေးဇူးပြုပြီး ငါ့ကိုကူညီပေးပါ ဆရာဦးလေးစု...”

စုမင်၏ မျက်နှာအမူအရာက ချက်ချင်း ထူးဆန်းသွားရသည်။ ဖြစ်နိုင်ချေများစွာကို သူစဉ်းစား ထားခဲ့သော်လည်း ဤအရာအတွက် ချန်ရှန်းသူ့ကို သစ်သားတုံးများနှင့် အကြောမျှင်များ ပေးခဲ့ခြင်း ဖြစ်လိမ့်မည်ဟုတော့ မျှော်လင့်မထားမိပေ။

လူတို့၏ နှလုံးသားများထဲတွင် ဟူကျီစိတ်ဒဏ်ရာများ မည်မျှပေးခဲ့သည်ကို ဤအရာ တစ်ခုတည်းမှပင် တွေ့မြင်နိုင်ချေသည်။

မိမိကို နဝမတောင်ထွတ်မှနေ၍ ဤနေရာသို့ခေါ်လာခဲ့ပြီး ဟူကျီအိပ်ပျော်သွားခဲ့ချိန်အထိ ဖြစ်ပျက်ခဲ့သော အရာများကို ပြန်လည် သတိရလိုက်မိသောအခါ စုမင် ခြောက်ကပ်ကပ်သာ ရယ်မောလိုက်မိ၏။

စုမင် ခဏတာတုန့်ဆိုင်းနေပြီးမှ သူ့အတွေးများကို ထုတ်ဖော် ပြောဆိုလိုက်သည်။ “ငါ သူ့ကိုဖြောင်းဖျဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်။ ဒါပေမဲ့ အောင်မြင်လိမ့်မယ်လို့တော့ ငါမင်းကို ကတိမပေးနိုင်ဘူး”

ညအချိန်တွင် သူ့လှုပ်ရှားမှုတိုင်းအား တစ်စုံတစ်ယောက်က စောင့်ကြည့် နေလိမ့်မည်ကို သူလည်း သဘောကျလိမ့်မည် မဟုတ်ပေ။ အစ်ကိုနှစ်ကို ချောင်းကြည့်နေခဲ့စဉ်က ဟူကျီ မျက်နှာထက်ရှိ ထူးဆန်းသောအပြုံးကို ပြန်လည် သတိရလိုက်မိချိန်တွင် တစ်ခြားသူများကို ချောင်းနေစဉ်၌လည်း ဟူကျီမျက်နှာထက်တွင် ထိုကဲ့သို့ ထူးဆန်းသော အပြုံးမျိုး ရှိနေလိမ့်မည် ဖြစ်ကြောင်း ခက်ခက်ခဲခဲတွေးကြည့်ရန်ပင် မလိုပေ။

စုမင် ချန်ရှန်းကို သနားစွာကြည့်လိုက်မိသည်။ စုမင်စကားများကို ကြားလိုက်သောအခါ သူမမျက်နှာထက်၌ ကျေးဇူးတင်မှုများ ပေါ်လာခဲ့သည်။ ထိုကျေးဇူးတင်မှုသည် ဟန်လုပ်နေခြင်း မဟုတ်ပဲ နှလုံးသားထဲမှ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ဟူကျီ၏ အကြိမ်ကြိမ် အနှောင့်ယှက် ပေးမှုကြောင့် သူမခံစားခဲ့ရသည်များကို ထုတ်ဖော်ပြသလျက် ရှိသည်။

ညအချိန်တွင် သူမအတွက် အိပ်မက်ဆိုးတစ်ခုသဖွယ် တည်ရှိမှု တစ်ခုဖြစ်သော ဟူကျီကို ဖယ်ရှားပစ်ရန်မှာ ယခုအချိန်တွင် ချန်ရှန်းအတွက် အရေးကြီးဆုံး အရာပင်ဖြစ်သည်။

သူမ၏ ကျေးဇူးတင်မှုနှင့် လေးစားမှုများကြားမှာပင် စုမင်ခန်းမအပြင်သို့ ပြန်လည် လျှောက်ထွက်လာခဲ့သည်။ ချန်ရှန်းသည် စုမင်နောက်မှ လိုက်ပါလာပြီး စုမင်ကို လေးနက်စွာ ဦးညွှတ် လိုက်သည်။ သူမ မျက်လုံးများအတွင်းရှိ စိတ်အားထက်သတ်သော အမူယာကြောင့် သိပ်မဝေးသော နေရာတွင် ဟောက်နေသည့် ဟူကျီကို စုမင်အလိုအလျောက် လှမ်းကြည့်လိုက်မိချေသည်။

“ငါ အကောင်းဆုံး ကြိုးစားပါ့မယ်”

စုမင် ချန်ရှန်းကို ခေါင်းညိတ်ပြပြီး ဟူကျီထံ လျှောက်သွား လိုက်သည်။ ဟူကျီကို ချီလိုက်ပြီးသည်နှင့် လေထဲသို့ ခြေတစ်လှမ်းလှမ်းကာ အလင်းတန်း တစ်ခုအသွင်ဖြင့် နဝမတောင်ထွတ်ထံ ပြန်လည်ဦးတည်လိုက်သည်။

ကျီချဲ နောက်မှ အလျင်အမြန် လိုက်သွားလိုက်ပြီး သူ့ရှေ့မှ စုမင်နောက်ကျောကို ငေးကြည့် လိုက်မိကာ သူ့မျက်လုံးများထဲ၌ ဆုံးဖြတ်ချက်ချမှုများ ပေါ်လာခဲ့သည်။

စုမင်နှင့် ကျီချဲတို့သည် ခဏအကြာမှာပင် နဝမတောင်ထွတ်ထံ ပြန်လည် ရောက်ရှိ လာခဲ့ကြသည်။ လမ်းတွင် အေးခဲကောင်းကင်ကလန်မှ တပည့်အချို့နှင့် စုမင်တွေ့ဆုံခဲ့သော်လည်း ထိုလူများသည် စုမင်ကိုတွေ့ကာ မည်သူမှန်း သတိပြုလိုက်မိသည်နှင့် ချက်ချင်းရပ်တန့်ကာ လက်သီးလက်ဝါး ထပ်ပြီး နှုတ်ဆက်ကြချေသည်။ စုမင် ထွက်ခွာသွားသော အခါမှသာ သူတို့ ပြန်လည်လှုပ်ရှား ကြလေသည်။

စုမင်အား ‘ဆရာဦးလေး စု’ဟု ခေါ်သူများသည် များများစားစား မဟုတ်သော်လည်း သူယခင်က ဆက်ဆံခံခဲ့ရသည်နှင့် ယှဉ်လျှင် အလွန်အမင် ကွဲပြားသွားပြီ ဖြစ်သည်။

ဘေးတွင်ရပ်နေကာ ဘာဖြစ်နေမှန်းနားမလည်သော လူအချို့သည်လည်း တစ်ခြားလူများကို အလျင်အမြန် ခပ်တိုးတိုး မေးလိုက်ကြသည်။ သူတို့ အဖြေပြန်ရလိုက်ချိန်တွင် သူတို့မျက်နှာများ ထက်၌ မယုံကြည်မှုများ ဖြစ်ပေါ်လာခဲ့ပြီး စုမင်ကိုကြည့်သော သူတို့ အကြည့်များကလည်း ကွဲပြားခြားနား သွားခဲ့ပေလိမ့်မည်။

စုမင်မျက်စိရှေ့သို့ နဝမတောင်ထွတ်ပေါ်လာချိန်တွင် သူနှင့်ကျီချဲတို့ ဟူကျီ၏ လိုဏ်ဂူသို့ အလျင်အမြန် ရောက်ရှိသွားကြသည်။ စုမင် လိုဏ်ဂူအပြင်တွင် ဆင်းသက်လိုက်ပြီး ဟူကျီကို အတွင်းသို့သယ်လာကာ သူအိပ်လေ့ရှိသည့်နေရာ၌ နေရာချထားပေးလိုက်သည်။

ကျယ်လောင်စွာ ဟောက်နေသော ဟူကျီကို ကြည့်လိုက်မိချိန်တွင် စုမင်မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဘေးမှ ဝိုင်တစ်အိုးကို ဆွဲယူလိုက်ပြီး ဟူကျီ လက်လှမ်း မီနိုင်မည့်နေရာတွင် ထားပေးကာ လှည့်ထွက်လိုက်သည်။

ကျီချဲသည် လိုဏ်ဂူအပြင်တွင် လေးလေးစားစား ရပ်နေခဲ့သည်။ စုမင်ထွက်လာသည်ကို မြင်သောအခါ သူသည် ပေးလာမည့်အမိန့်ကို စောင့်နေဟန်ဖြင့် ချက်ချင်း ခေါင်းငုံ့လိုက်သည်။

“မူလကတော့ ငါ တကယ် မင်းကို ဆေးရည်အဖြစ် ပြောင်းချင်ခဲ့တာ”

စုမင်အကြည့်က ကျီချဲအပေါ်သို့ ရောက်လာသည်။

ကျီချဲ ငြိမ်သက်သွားရသည်။ ခေါင်းငုံ့ကာ ရပ်နေရင်းဖြင့် သူ့မျက်နှာထက်၌ အထိတ်တလန့် အမူအရာမျိုးလည်း ဖြစ်ပေါ်လာခဲ့ရချေသည်။

“ဒါပေမဲ့ မင်းငါ့ဆီကို သေခါနီး လူနှစ်ယောက် ယူလာပေးနိုင်မယ်ဆိုရင်၊ ငါ အဲအတွေးကို ဖယ်ရှားလိုက်မယ်” စုမင်က အေးအေးဆေးဆေး ပြောသည်။

သူ ဆုံးဖြတ်ချက် ချထားပြီးဖြစ်သည်။ အေးခဲ ကောင်းကင်ကလန်၏ နဝမတောင်ထွတ်၌ ရှိနေချိန်တွင် သူ့တွင် အရေးကြီးဆုံးအရာမှာ လေ့ကျင့်ဖို့ပင်ဖြစ်သည်။

သူ့ကိုယ်သူ သန်မာအောင်လုပ်ရမည်။ သို့မှသာလျှင် သူ စစ်မာရှင်းကို ရေတိုသာမက ရေရှည်ပါ အနိုင်ရနိုင်မည် ဖြစ်ပြီး ကောင်းကင်မြူခိုး အတားအဆီးမှ ထွက်ကာ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေမှ ထွက်သွားနိုင်ပေလိမ့်မည်။

ဤအရာများအားလုံးအတွက် သူအစွမ်းထက်ရန် လိုအပ်သည်။

စစ်မာရှင်းနှင့်တိုက်ပွဲသည် သရေကျဟန်ပေါ်သော်လည်း အမှန်တကယ်တွင် ထိုတိုက်ပွဲ၌ သူရှုံးနိမ့်ခဲ့ကြောင်း စုမင်သိနေသည်။ သူ့ဆရာသာ ဝင်ရောက်စွက်ဖက်ခြင်း မပြုပဲ ဓားချက်အတွင်းရှိ စွမ်းအားကမ္ဘာကို ပုံတူကူးနိုင်ရန် အချိန်လုံလောက်စွာ မရခဲ့ပါက ထိုဓားချက် ကျလာချိန်တည်းက သူသေချာပေါက် ရှုံးနိမ့်သွားရပေလိမ့်မည်။

ထျန်းရှဲ့ကျီ၏ အကူအညီနှင့်ပင် အကြင်နာမဲ့ မာန်မျိုးစေ့ ကြီးမြတ်သောပညာရပ်ကို စစ်မာရှင်း ဖော်ထုတ်လိုက်ချိန်က ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်ကို သူခံစားနေခဲ့ရဆဲပင် ဖြစ်သည်။ ထို့အပြင် ၎င်းအန္တရာယ်သည် သူ၏ လက်ရှိစွမ်းအားနှင့် ဖြေရှင်းနိုင်သည့် အရာမျိုးလည်း မဟုတ်ပေ။

သူ့တွင် အစ်ကိုကြီးပေးထားသည့် မထုတ်သုံးရသေးသော ရတနာတစ်ခု ရှိသေးသည် ဆိုသော်လည်း ထိုပစ္စည်းသည် ပြင်ပမှ အရာဝတ္ထုတစ်ခုဟု ယူဆ၍ရဆဲဖြစ်ပြီး သူ၏ကိုယ်ပိုင် စွမ်းအားမဟုတ်ပေ။

ဤအရာများ အားလုံးကြောင့် သူ့ခွန်အားက အားနည်းနေဆဲ ဖြစ်ကြောင်း စုမင် ရှင်းရှင်းလင်းလင်း နားလည် သွားမိသည်... သူ၏ ယခုလက်ရှိအခြေအနေနှင့် အိမ်ကိုပြန်နိုင်ဖို့ ဝေး၍ ကောင်းကင်မြူခိုး အတားအဆီးမှပင် ထွက်ခွာနိုင်လိမ့်ဦးမည် မဟုတ်ပေ။ ထို့အပြင် အေးခဲကောင်းကင် ကလန်ထဲတွင် အချိန်ကောင်းတစ်ခု ပိုင်ဆိုင်ဖို့ပင် မဖြစ်နိုင်သေးပေ။

အပြန်လမ်း တစ်လျှောက်လုံးတွင် ထိုအတွေးများသည်သာ စုမင်ခေါင်းထဲ၌ တဝဲလည်လည် ဖြစ်နေခဲ့သည်။

“ဆရာဦးလေးစု၊ သေခါနီးလူတွေ ရဖို့ဆိုတာ သိပ်မခက်ခဲပါဘူး။ သုံးနှစ်အတွင်းမှာ မယုံနိုင်လောက်အောင် အစွမ်းရှိတဲ့ သက်ရှိအလောင်းနှစ်ခုကို မင်းအတွင် ယူလာပေးပါ့မယ်လို့ ငါကတိပေးပါတယ်”

“ကောင်းကင်မြူခိုး အတားအဆီးအပြင်က လူရိုင်းတွေဆိုရင် အကောင်းဆုံး ရွေးချယ်မှုပဲ” ကျီချဲက လေးလေးစားစားဖြင့် အလျင်အမြန်ပြောဆိုလိုက်သည်။

ကျီချဲပြောနေချိန်တွင် စုမင်သည် သူ့ကို ကျောခိုင်းလျက် အဝေးသို့ လျှောက်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ဘာကိုမှမကြားဟန်ဖြင့် ရှေ့ဆက်လျှောက်နေသောကြောင့် ထိုအရာက ကျီချဲကို ပိုမိုစိတ်လှုပ်ရှားကာ စိုးရိမ်ပူပန်လာစေသည်။ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့မည့် အချိန်တွင် စုမင်၏ ဖြည်းညှင်းသောအသံက သူ့နားထဲသို့ ရောက်လာခဲ့သည်။

“ညကျရင် ငါ့ဂူကိုစောင့်ပေးဖို့ လူမရှိဘူးဖြစ်နေတယ်။ မင်း လိုက်ချင်ရင် လိုက်ခဲ့လို့ရတယ်”

ကျီချဲသည် ပြန်ဖြေလိုက်ချိန်မှာပင် ရှေ့သို့ လျှောက်သွားလိုက်ပြီ ဖြစ်ကာ စုမင်နောက်မှ ချက်ချင်း လိုက်သွားလိုက်သည်။ သူတို့သည် ဟူကျီ၏နေရာမှ ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားကြသည်။

စုမင် သူ့လိုဏ်ဂူသို့ ပြန်လာခဲ့သည်။ ထိုရိုးရှင်းသော လိုဏ်ဂူလေးသည် သူ့မျက်လုံးထဲ၌ ယခုတော့ ကွဲပြားခြားနားနေခဲ့သည်။ ထိုနေရာတွင် နွေးထွေးသော အရိပ်အယောင် အနည်းငယ် ရှိနေပြီး အိမ်ဟူသော ခံစားမှုတစ်ခုပင် ရှိနေခဲ့ချေသည်။

လိုဏ်ဂူအပြင်မှစင်မြင့်ကို အပင်များဖြင့် ဖုံးအုပ်နေခဲ့သည်။ သို့သော် စင်မြင့်ပေါ်တွင်  မည်သည့်အပင်မှမရှိသော ကွက်လပ်နေရာသေးသေးလေးတစ်ခု ကျန်ရှိနေသည်။ ထိုနေရာသည် သူတရားထိုင်ရန် ချန်ထားပေးဖို့ အစ်ကိုနှစ်အား စုမင် တောင်းဆိုထားခဲ့သော နေရာလေးပင် ဖြစ်သည်။

အစိမ်းရောင် မြက်တို့သည် လေအေးများထဲတွင် ယိမ်းထိုးနေကြသည်မှာ ဤအေးခဲသော ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်နိုင်ရန် ကြိုးစားနေကြသကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့အထဲတွင် ခံနိုင်ရည်ရှိသော အသက်စွမ်းအားတစ်ခု ရှိနေပြီး ထိုအပင်များကို ကြည့်လိုက်မိချိန်တွင် အစ်ကိုနှစ်ကို မြင်နေရသည်ဟုပင် ဝိုးတဝါး ခံစားလိုက်မိချေသည်။

အစ်ကိုနှစ်သည် နဝမတောင်ထွတ်၏ နေရာအများစုတွင် အဘယ်ကြောင့် အပင်များစွာ စိုက်ပျိုးခဲ့ရခြင်းကို သူရုတ်တရက် နားလည်သွားမိသည်။ အစ်ကိုနှစ်သည် နဝမတောင်ထွတ်ကို မိမိအိမ်ကဲ့သို့ သဘောထားခြင်းကြောင့် ဖြစ်ပြီး ဤတောင်ထဲတွင် သူ့တည်ရှိမှုသည် အပင်များကဲ့သို့ပင် ဖြစ်သည်။ နေရာတစ်ခုတွင် သူ့အပင်များ ပေါက်ရောက်နိုင်သရွေ့ ထိုနေရာကို သူကာကွယ်စောင့်ရှောက်သော နယ်မြေအဖြစ် တံဆိပ်ကပ်ထားသကဲ့သို့ပင်...

ဤနေရာကိုပင် ဥပမာကြည့်၍ရသည်။ ဤနေရာသို့ သူရောက်မလာခင်က မည်သည့်အပင်မှ ရှိနေခဲ့သော်လည်း စုမင် သူ့လိုဏ်ဂူတည်ဆောက်ပြီးချိန်တွင် အစ်ကိုနှစ်သည် ဤနေရာအား သူ့အပင်များနှင့် ဖုံးလွှမ်းလိုက်ချေသည်။

အပင်များနှင့် ပန်းများ လေထဲ၌ယိမ်းထိုးနေချိန်တွင် နှလုံးသားကို နွေးထွေးစေသော ခံစားချက် တစ်ခုသည်လည်း စုမင်နှလုံးသားထဲ၌ စီးမြောသွားသည်။ သူ အပြုံးလေးတစ်ခုဖြင့် ထိုင်ချလိုက်ပြီး အပင်များကို ကြည့်မိသည်။ ဤအရာသည် သူတောင်ပိုင်းအရုဏ်ဦး ကုန်းမြေသို့ ရောက်ခဲ့ပြီးချိန်မှစ၍ ခံစားရသည့် နွေးထွေးမှုပင် ဖြစ်သည်။

သူ့မျက်နှာထက်ရှိ အပြုံးသည် သူနက်မှောင်တောင်၌ ရှိနေခဲ့စဉ်က ခံစားခဲ့ရသော နွေးထွေးမှု၏ ရောင်ပြန်ဟပ်မှုတစ်ခုပင်။ ထိုအရာသည် စုမင်နှလုံးသားထဲတွင် ဖုံးကွယ် သိမ်းဆည်း ခံထားခဲ့ရသော်လည်း ယခုတော့ သူ့နှုတ်ခမ်းများထက်၌ နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့ချေပြီ။

မနီးမဝေးတွင် ကျီချဲသည် စုမင်အား လေးစားစွာဖြင့် မမှိတ်မသုန် စိုက်ကြည့်နေခဲ့ပြီး စုမင်မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ချိန်တွင် ဝေခွဲမရဖြစ်သွားခဲ့သည်။ သူ့အရှေ့မှလူသည် စစ်မာရှင်းကို ဆန့်ကျင် တိုက်ခိုက်နိုင်သော စွမ်းအားလုံလောက်စွာရှိသည့်၊ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နေသည့် သူလေးစားနေရသော ဆရာဦးလေးစု မဟုတ်တော့ပဲ ယခုမှ အရွယ်ရောက်လာသည့် အမျိုးသားငယ်လေး တစ်ဦးကဲ့သို့ပင် ဖြစ်သည်။

သို့သော် ထိုဝေခွဲမရ စိတ်ရှုပ်ထွေးမှုသည် ခဏတာသာ ကြာမြင့်ခဲ့သည်။ စုမင် မတ်တတ် ပြန်ရပ်လိုက်ချိန်တွင် မျက်နှထက်ရှိ အပြုံးသည် ပျောက်ကွယ် သွားခဲ့ပြီဖြစ်ကာ ကျီချဲ၏ အထင်အမြင် မှားယွင်းနေသလား ဟူသော ခံစားချက်သည်လည်း ချက်ချင်း ပျောက်ကွယ် သွားခဲ့ရသည်။

အရွယ်ရောက်ခါစ ယောကျ်ားပျိူက မရှိတော့ပေ။ တည်ငြိမ်အေးဆေးသော အမူအရာများ အောက်တွင် သတ်ဖြတ်လိုသည့် အရှိန်အဝါတစ်ခုရှိသော ပုံမှန် ဆရာဦးလေးစုသာ ကျန်ရှိနေတော့သည်။

“ငါ အမိန့်မပေးပဲ လိုဏ်ဂူထဲဝင်မလာနဲ့။ အပြင်မှာပဲနေပြီး အမိန့်ကိုစောင့်နေ”

တံခါးမရှိသည့် လိုဏ်ဂူထံသို့ လျှောက်သွားနေသော စုမင်၏ အေးစက်စက် အသံက ကျီချဲနားထဲ ရောက်လာခဲ့သည်။

“အင်း”

ကျီချဲ ချက်ချင်းပင် လေးလေးစားစား လိုက်နာလိုက်သည်။ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာ လေကာသည့် နေရာတစ်ခုတွင် ထိုင်ချလိုက်သည်။ သူ့မျက်လုံးများထဲတွင် ဖြစ်ပေါ်နေခဲ့သော မသေချာမရေရာ စိတ်ရှုပ်ထွေးနေဟန် များသည်လည်း  ဆုံးဖြတ်ချက် ချလိုက်ဟန်များဖြင့် အလျင်အမြန် အစားထိုးသွားခဲ့သည်။

‘သုံးနှစ်... ဒီသုံးနှစ်က ငါ့အတွက် ဘေးဥပဒ်တစ်ခုမဟုတ်ပဲ... အခွင့်အလမ်းတစ်ခုတောင် ဖြစ်နိုင်တယ်... အဲလိုပဲ မျှော်လင့်ကြတာပေါ့’

ကျီချဲ မျက်လုံးများကို မှိတ်ကာ တရားထိုင်သည့် အခြေအနေထဲသို့ နစ်မြုပ်သွားခဲ့သည်။

သို့သော် သူ့စိတ်သည် ပတ်ဝန်းကျင်ကို သတိထားနေဆဲပင် ဖြစ်သည်။ အစောင့်အရှောက် တစ်ယောက်ဆိုမှတော့  သူ့တာဝန်ကို လုပ်ဆောင် ရပေလိမ့်မည်။

စုမင်သည်လည်း လိုဏ်ဂူအတွင်း ထိုင်နေခဲ့သည်။

အပြင်ဘက်တွင် ကောင်းကင်သည် တစ်ဖြည်းဖြည်း မည်းမှောင် လာချေပြီ။ အဖြူရောင်သစ်သား ဒြပ်ထုအပိုင်းအစများကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်ပြီး သားရဲအကြောမျှင်ကိုလည်း ထုတ်ယူလိုက်ကာ သူ့ရှေ့၌ ချထားလိုက်သည်။

အကြောမျှင်တွင် အလွန်အမင်း ဆွဲဆန့်နိုင်စွမ်း ရှိသည်။ အကြောမျှင်၏ အပိုင်းသေးသေးလေးကို သူကိုင်ထားလျှင်ပင် ထိုအရာကို မယုံနိုင်ဖွယ် အရွယ်အစားအထိ သူဆွဲဆန့်၍ ရနေဆဲ ဖြစ်သည်။

အဖြူရောင် သစ်သားဒြပ်ထု အပိုင်းအစများသည် အလျားတူ၊ အရွယ်တူ ဖြတ်ထားကြခြင်း မဟုတ်ပေ။ အချို့ကရှည်လျားပြီး အချို့က တိုတိုတုတ်တုတ်ပင်။ အချို့သည် လက်သုံးချောင်း အမြင့်ခန့်ရှိပြီး အချို့က လက်နှစ်ချောင်းအမြင့်ခန့် ဖြစ်သည်။ စုမင် ထိုသစ်သားစများကို ငေးကြည့်ရင်း ခဏတာ ငြိမ်သက်နေမိပြီးမှ လက်နှစ်ဖက်ကို အလျင်အမြန် မြှောက်ကာ သစ်သားစတစ်ခုကို ဆွဲယူလိုက်သည်။ သူ့လက်တစ်ချက် လှည့်လိုက်သည်နှင့် သစ်သား အပိုင်းအစများက လေထဲသို့လွင့်ပျံသွားကြသည်။ ခဏအကြာတွင် သူ ထိုသစ်သားစကို ပြန်ချထားလိုက်ပြီး နောက်တစ်ခုကို ကောက်ယူလိုက်သည်။

အချိန်အတော်ကြာပြီးနောက် စုမင် သစ်သားများအားလုံးကို ဖြတ်တောက်ပြီးချိန်တွင် သစ်သား အပိုင်းအစကိုးခုက သူ့ရှေ့၌ လဲလျောင်းလျက် ရှိသည်။ ထိုသစ်သားတုံးများ အားလုံးသည် လက်မောင်းခန့် ရှည်လျားပြီး လက်ငါးချောင်းခန့် အကျယ်ရှိကာ အမြင့်က လက်နှစ်ချောင်းစာခန့် ဖြစ်သည်။ သူတို့အားလုံးသည် တူညီကြပြီး အဖြူရောင်များ ဖြစ်သည်။ တစ်ချက်ကြည့်ရုံနှင့်တော့ ၎င်းတို့သည် သစ်သားလား၊ အဖြူရောင် ကျောက်စိမ်းများလား ဆိုသည်ကို ခွဲခြားနိုင်ရန် ခက်ခဲပေလိမ့်မည်။

ထိုသစ်သားတုံးကိုးခုကို အတူတကွ ထားပြီးချိန်တွင် စုမင်ရှေ့၌ ကြီးမားသော ပုံဆွဲရန် အပြားချပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။ သစ်သားတုံးများ ကြားတွင် အက်ကြောင်း ငါးခုခန့် ရှိသော်လည်း သူအားသုံးပြီးဖိလိုက်သည်နှင့် ၎င်းတို့ကို သူဖုံးကွယ်နိုင်လိမ့်မည်ဖြစ်သည်။

ထို့နောက် စုမင် သားရဲအကြောမျှင်ကို ယူလိုက်ပြီး သူ့မျက်ခုံး အလယ်၌ အစိမ်းဖျော့ဖျော့ အလင်းတစ်ခု တောက်ပလာခဲ့သည်။ ဓားမြှောင်ငယ်လေး ပေါ်ထွက်လာကာ သားရဲအကြောမျှင်ကို အပိုင်းများစွာ ဖြတ်တောက်လိုက်ပြီး ၎င်းအား သစ်သားတုံးများကို ချည်နှောင်ရန် စုမင်၎င်းတို့ကို အသုံးပြုလိုက်သည်။ အကြောမျှင်၏ ပုံသွင်း၍ရသော ပြောင်းလဲပြင်လွယ် ရှိမှုကြောင့် ပုံဆွဲသားရန် အချပ်ပေါ်ရှိ အက်ကြောင်းများက ပျောက်ကွယ် သွားခဲ့သည်။ သို့သော် ဤပုံဆွဲကားချပ်ကို ဖိအားပေး၍ သားရဲအရေကဲ့သို့ လိပ်လိုက်မည်ဆိုလျှင်တော့ ၎င်းသည် ဖိအားအောက်တွင် ဒုလုံးရှည် (ဆလင်ဒါ) တစ်ခုအဖြစ် ပြောင်းလဲ သွားပေလိမ့်မည်။

***

All Chapters