ထူးဆန်းသော တုတ်ချောင်းပိုးကောင်
Vol. 18 Ch. 243
စုမင် သူဖန်တီးထားသော ပုံဆွဲကားချပ်ကို ကြည့်လိုက်ပြီး ညာလက်ကို မြှောက်ကာ ၎င်းကားချပ်ပေါ်သို့ ညင်ညင်သာသာ ဆွဲသားလိုက်သည်။ ကားချပ်သည် ချောမွေ့နေပြီး ၎င်းအပေါ်တွင် မည်သည့် ကြမ်းတမ်းမှု အရိပ်အယောင်ကိုမှ သူမခံစားမိပေ။
“အခုကစလို့ လောကကြီးထဲက ဖန်တီးမှု စည်းမျဉ်းတွေကို ငါနားလည်နိုင်ဖို့ မင်းငါ့ကို ကူညီပေးရတော့မယ်...” စုမင် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။
အပြင်ဘက်မှ ကမ္ဘာလောကသည် မှောင်မည်း နေခဲ့ချေပြီ။ လေအေးများသည် စုမင်လိုဏ်ဂူ အပြင်ဘက်ရှိ စင်မြင့်ကို ဖြတ်သန်းတိုက်ခတ်သွားသည်။ လေအချို့သည် လိုဏ်ဂူထဲသို့ပင် ဝင်ရောက်လာပြီး စုမင်ဆံပင်ကို ပင့်တင် တိုက်ခတ်သွားကြသည်။
စုမင် မျက်လုံးများကို ပိတ်ထားခဲ့သည်။ သူသည် မည်သည့် ထိုးထွင်းသိမြင်မှု အခြေအနေမျိုးကို မဆို ရောက်ရှိနိုင်ရန် ကြိုးစားနေခြင်း မဟုတ်သလို ကျင့်ကြံမှုထဲတွင် နစ်မြုပ်နေခြင်းလည်း မဟုတ်ပေ။ သူ့စိတ်က ဗလာ ဖြစ်နေခဲ့ခြင်းပင်။ သို့သော် သူ၏ ဗလာစိတ်ထဲတွင် မိန်းကလေးတစ်ဦးက တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့သည်။
မိန်းကလေးတွင် လှပသော အပြုံးတစ်ခုရှိပြီး သူမမျက်လုံးများက တောက်ပနေသဖြင့် မြင်လိုက် ရသူတိုင်းသည် သူမအလှကြောင့် ဆွဲဆောင်ခံလိုက်ရမည် ဖြစ်သည်။ မိန်းကလေး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ရှင်းလင်းလာသည်နှင့်အမျှ သူမထံတွင် အရိုင်းဆန်ဆန် အလှတရား တစ်ခုကိုလည်း တွေ့မြင်နိုင်ချေသည်။
သူမသည် ပိတ်လှောင်ခံရမှုကို ငြင်းဆန်ပြီး သဘာဝတရားကြီးနှင့် လိုက်ဖက်ညီကာ ဆွဲဆောင်နိုင်သော မွှေးရနံ့များဖြင့် တောထဲတွင် ခေါင်းမာစွာ ကြီးပြင်းလာသော ပန်းလေး တစ်ပွင့်လိုပင်။
သူမသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ အပြုံးလေးတစ်ခုဖြင့် စုမင်ကို ကြည့်နေခဲ့သည်။
“ပိုင်လင်း... ပိုင်စု...” စုမင် ဗလုံးဗထွေး ရေရွတ်မိ၏။ မျက်လုံးများကို ပိတ်ထားရင်းမှပင် ညာလက်ကို မြှောက်ကာ လက်ချောင်းကို စုတ်တံအဖြစ်သုံးလျက် ပုံဆွဲကားချပ်ပေါ်၌ စတင် ဆွဲသားလိုက်သည်။
စုတ်ချက် တစ်ချက်စီတိုင်းတွင် ကားချပ်ပေါ်၌ ပုံရိပ်ယောင် မျဉ်းကြောင်းတစ်ခု ဖြစ်ပေါ် လာသည်။ ထိုပုံရိပ်ယောင် မျဉ်းကြောင်းသည် အခြားသူများအတွက် ပုံသဏ္ဌာန် မရှိပုံပေါ်ပြီး သူတို့အနေနှင့် မြင်နိုင်လိမ့်မည် မဟုတ်ပေ။ စုမင်သည် စုတ်တံမရှိပဲ သူ့လက်ချောင်းများဖြင့်သာ ဆွဲသားနေသဖြင့် မည်သည့်သင်္ကေတ လက္ခဏာမျိုးမှ မကျန်ရစ်ခဲ့ပုံ ပေါ်၏။
စုမင်သည် ဆွဲသားရန် သူ့နှလုံးသားကို အသုံးပြုနေခြင်းဖြစ်၍ ကားချပ်ပေါ်သို့ သူ့လက်ချောင်း ဖြတ်သန်း သွားချိန်တိုင်းတွင် သူဆွဲသားခဲ့သောအရာကို အတိအကျ မြင်နေရပေသည်။ ပိုမို၍ အတိအကျ ပြောရမည်ဆိုလျှင် သူ့စိတ်ထဲတွင် မြင်သော အရာကို သူဆွဲသားနေခြင်း ဖြစ်သည်။ သူသည် ခံစားချက်တစ်ခု၊ အရှိန်အဝါတစ်ခုကို ဆွဲသားနေခြင်းဖြစ်ပြီး ထိုအရာသည် သာမန်မျက်စိဖြင့် မြင်နိုင်သောအရာမျိုး မဟုတ်ပေ။
အချိန်တို့ တဖြည်းဖြည်း ကုန်လွန်သွားသည်။ ညအချိန်တွင် လေအေးများထံမှ လေတိုးသံများက ပိုမိုပြင်းထန် လာသော်လည်း လိုဏ်ဂူကမူ တိတ်ဆိတ်နေဆဲပင်ဖြစ်သည်။ တစ်ခုတည်းသော အသံသည် ပုံဆွဲကားချပ်ပေါ်တွင် စုမင်၏ သူ့လက်ချောင်းဖြင့် ထပ်ခါထပ်ခါ ရေးဆွဲနေသော အသံပင် ဖြစ်သည်။ သို့သော် ထိုအသံသည် လေတိုးသံနှင့် ယှဉ်လျင် အလွန်တိုးလျသဖြင့် ကြားရန်မဖြစ်နိုင်ပေ။
တစ်ညတာ ကုန်လွန်သွားသည်။ မိုးကုပ်စက်ဝိုင်းဆီမှ နေထွက်လာချိန်တွင် စုမင် ညာလက်သည် လှုပ်ရှားနေရာမှ ရပ်တန့်သွားပြီး သူ့မျက်လုံးများ ပြန်ပွင့်လာခဲ့သည်။
ပုံဆွဲကားချပ်ကို သူကြည့်လိုက်သည်။ အခြားသူများ အတွက်တော့ ဤပုံစွဲကားချပ်သည် ယမန်နေ့ညက ကားချပ်နှင့် မည်သည့်ကွဲပြားခြားနားမှုမျိုးမှ ရှိနေမည်မဟုတ်ပေ။ ထိုအရာသည် ဗလာဖြစ်နေဆဲပင်။ သို့သော် စုမင်မျက်လုံးထဲတွင်တော့ ထိုပုံဆွဲ ကားချပ်ပေါ်၌ မိန်းကလေးတစ်ဦး ရှိနေခဲ့သည်။
ထိုမိန်းကလေးသည် အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး သူမမျက်နှာထက်၌ လှပသောအပြုံးတစ်ခု ရှိနေခဲ့သည်။ သူမသည် အသက်ဝင်နေဟန် ပေါ်သော်လည်း သူမ၌ မျက်လုံးများ ရှိမနေခဲ့ပေ။
စုမင် ခဏတာ ငြိမ်သက်နေပြီးမှ ညာလက်ကို မြှောက်ကာ မိန်းကလေး၏ မျက်လုံးများ ရှိသင့်သောနေရာ၌ စုတ်ချက် အနည်းငယ် ဆွဲသားလိုက်သည်။ ချက်ချင်းပင် ပုံဆွဲကားချပ်ပေါ်ရှိ မိန်းကလေး၌ မျက်လုံးများ ရှိလာခဲ့သည်။ ထိုမျက်လုံးများသည် ဆွဲဆောင်မှုရှိစွာ စူးရှ တောက်ပနေပြီး ထိုစူးရှတောက်ပမှုများ အတွင်းတွင် စက်ဆုပ်ရွံရှာမှုများ ပါဝင်နေသဖြင့် သူမ၏ အမူအကျင့်ပုံစံကို လုံးဝပြောင်းလဲသွားစေသည်။ သူမသည် စုမင်ကို မေးခွန်းထုတ်နေပုံ ပေါ်နေချေသည်။
“သူမက... ပိုင်စုပဲ” စုမင် သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်မိသည်။
သူ့မျက်လုံးများထဲတွင် တိတ်ဆိတ်ငြိမ်သက်မှုများ ရှိနေဆဲပင်ဖြစ်ပြီး အနှောင့်အယှက် ဖြစ်သွားပုံ မပေါ်ပေ။ သူသည် ပုံဆွဲကားချပ်ပေါ်ရှိ မိန်းကလေးကို အချိန်ကြာမြင့်စွာ စိုက်ကြည့် နေခဲ့ပြီးမှ ပုံဆွဲကားချပ်ကို ညာလက်ဖြင့် ထိလိုက်သည်။
ပုံဆွဲကားချပ်သည် ချက်ချင်းတုန်ခါသွားပြီး ကားချပ်၏ မျက်နှာပြင်မှ သစ်သားအမှုန့် အလွှာပါးလေး တစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် ပင့်တင်ခံလိုက်ရသော မျက်နှာကာ တစ်ခုနှင့်တူပြီး ၎င်းသည် ကားချပ်ပေါ်တွင် သူဆွဲသားခဲ့သော အဖြူရောင်ပုံရိပ်လေးပင် ဖြစ်သည်။
သစ်သားမှုန့်များ ထွက်ပေါ်လာချိန်တွင် ပြင်ပမှလေအေးများ ဝင်ရောက်လာသဖြင့် အမှုန့်များကို ပြန့်ကျဲ သွားစေခဲ့သည်။
သစ်သားမှုန့်များ ပျောက်ကွယ် သွားသောအခါ ပုံဆွဲကားချပ်သည်လည်း ဗလာ အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး မိန်းကလေး အရိပ်အယောင်တို့ မကျန်ရှိတော့ပေ။
ထိုအရာသည် စုမင်နှလုံးသားကဲ့သို့ပင် ဖြစ်သည်။ အေးချမ်းသောစိတ်နှင့် တစ်ညတာခန့် ပုံဆွဲသားပြီးချိန်တွင် တူညီသော မျက်နှာလေးကြောင့် ဖြစ်ပေါ်ခဲ့ရသော ထိတ်လန့် တုန်လှုပ်မှုများသည် လေကဲ့သို့ ပျောက်ကွယ် သွားခဲ့ချေပြီ။ တုန်လှုပ်မှုသည် သူ့နှလုံးသားကို ဘယ်တော့မှ သက်ရောက်မှုရှိတော့မည် မဟုတ်ပေ။
အပြင်ဘက်တွင် လင်းထိန်နေပြီဖြစ်သည်။ နေရောင်ခြည်သည် ဝင်ပေါက်ကို ဖြတ်၍ လိုဏ်ဂူ အတွင်းသို့ ဖြာကျနေသည်။ အလင်းရောင်သည် စုမင်ရှေ့ သုံးပေခန့်အကွာ၌ ရပ်တန့်နေသည်။ သို့သော် သူထိုင်နေသောနေရာသည်တော့ အမှောင်ထုထဲတွင် ရှိနေဆဲဖြစ်သည်။
စုမင် တိတ်ဆိတ်စွာဖြင့် ပုံဆွဲကားချပ်ကို မြေပြင်ပေါ်ချလိုက်သည်။ သူ့မျက်လုံးများထဲတွင် စူးရှသော အကြည့်တစ်ခု ဖြစ်ပေါ်လာပြီး ဟန်တောင်တန်းခေါင်းလောင်းကို ထုတ်ယူလိုက်သည်။ ခေါင်းလောင်း ပေါ်လာသည်နှင့် မြည်ဟည်းဆူညံများသည်လည်း ၎င်းအတွင်းမှ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ တုတ်ချောင်းပုံပိုးကောင်ငယ်သည် အတွင်း၌ ရုန်းကန်နေဆဲ ဖြစ်ပြီး လွန်မြောက်ရန် ကြိုးစားနေသည်မှာ ထင်ရှားနေချေသည်။
စုမင် ခေါင်းလောင်းကို ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများအတွင်း၌ အေးစက်သည့် အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူစစ်မာရှင်းနှင့် တိုက်ခိုက်ခဲ့စဉ်က ထိုဓားချက်မှ လောက၏ စွမ်းအားကို နားလည်နိုင်ခဲ့သည့်အပြင် အခြားအရာတစ်ခုလည်း ရရှိလာခဲ့သေးသည်။ ထိုအရာသည်... ဟန်တောင်တန်း ခေါင်းလောင်းအတွင်းမှ ပိုးကောင်ငယ်ပင်ဖြစ်သည်။
သူ့အတွက်တော့ ဤသတ္တဝါသည် ထူးဆန်းသော ပိုးကောင်တစ်မျိုးနှင့် တူသော်လည်း ဤအရာသည် မြွေတစ်ကောင်ဟု စစ်မာရှင်းက ပြောခဲ့သည်။ စုမင်တွင် ထိုအကြောင်းကိုစဉ်းစားရန် အချိန်မရှိခဲ့ပေ။ သို့သော် ယခုတော့ တည်ငြိမ် အေးဆေးနေသဖြင့် သူညာလက်ကိုမြှောက်ကာ သူ့ရှေ့မှ လှုပ်ခါနေသော ဟန်တောင်တန်း ခေါင်းလောင်းကို အသာအယာ ပုတ်လိုက်သည်။
သူလက်ဖြင့် ပုတ်လိုက်သောအခါ လေထဲသို့ ခေါင်းလောင်းသံများ ပဲ့တင် ထပ်ထွက်ပေါ် လာသော်လည်း အပြင်သို့ ပျံ့နှံ့မသွားခဲ့ပေ။ ၎င်းတို့သည် ခေါင်းလောင်းထဲတွင်သာ အချိန်အတော်ကြာ ပဲ့တင်ထပ်နေခဲ့သည်။ ခေါင်းလောင်းသံ ဆက်မြည်နေသည်နှင့်အမျှ ခေါင်းလောင်း အတွင်းမှ စူးရှစွာစီကနဲ အော်သံများ ထွက်ပေါ်နေခဲ့သည်။ ပိုးကောင်ငယ်၏ ရုန်းကန်မှုသည် အလျင်အမြန် အားပျော့လာသော်လည်း ၎င်းက ခေါင်းလောင်းကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။
နောက်ထပ် အမွှေးတိုင် တစ်တိုင်ထွန်းစာအချိန်ခန့် စုမင် ထပ်စောင့်နေခဲ့သည်။ ခေါင်းလောင်း အတွင်းမှ ပိုးကောင်လေး ဆက်လက် မရုန်းကန်နိုင်တော့ပဲ မယုံနိုင်လောက်အောင် အားနည်းသော အော်သံများ ထွက်ပေါ်လာချိန်တွင် စုမင် ဟန်တောင်တန်း ခေါင်းလောင်းကို လက်တစ်ချောင်းဖြင့် ညွှန်ပြလိုက်သည်။ ခေါင်းလောင်းက ချက်ချင်း စတင် ကြီးထွားလာသည်။ ၎င်း ၁၀ပေခန့် အရွယ်သို့ ရောက်သည်နှင့် စုမင်မျက်လုံးများက တောက်ပသွားပြီး သူ့ညာလက်ဖြင့် ထူးဆန်းသော လက်ဟန် အမူအရာတစ်ခု ပြုလုပ်လိုက်သည်။
ဤအရာသည် ဟန်တောင်တန်းခေါင်းလောင်းကို သူ့ကိုယ်ပိုင်အဖြစ် သိမ်းယူပြီးနောက်တွင် သူ့ခေါင်းထဲတွင် ပေါ်လာသော ခေါင်းလောင်းကိုထိန်းချုပ်ရန် နည်းလမ်း အချို့ထဲမှ တစ်ခုဖြစ်သည်။ ထိုထူးဆန်းသော လက်ဟန်အမူအရာကို ပြုလုပ်ပြီးသည်နှင့် စုမင်ညာလက်ကို ရှေ့သို့ ညင်သာစွာ တွန်းလိုက်သည်။
ဟန်တောင်တန်း ခေါင်းလောင်းက ချက်ချင်းတုန်ခါသွားသည်။ တဖြည်းဖြည်းနှင့် ၎င်း၏ မျက်နှာပြင်ပေါ်တွင် ဂယက်များ ထလာပြီး ခေါင်းလောင်းသည် ထွင်းဖောက် မြင်နိုင်လာကာ အတွင်း၌ ချိပ်ပိတ်ထားသော ပိုးကောင်ငယ်ကို စုမင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်းသည် သူလိုချင်သည့် အချိန်တွင် မယုံနိုင်လောက်ဖွယ်အားမျိုးနှင့် ပေါက်ကွဲ သွားနိုင်သကဲ့သို့ ခန္ဓာကိုယ်ကို လေးကိုင်း တစ်ခုအသွင် ကွေးညွှတ်ထားခဲ့၏။
၎င်း၏ ခန္ဓာကိုယ်တွင် ထိခိုက် ဒဏ်ရာရထားသော အရိပ်အယောင်မျိုး ရှိမနေပေ။ ၎င်းသည် အခွင့်အလမ်းကို စောင့်နေဟန်ဖြင့် မျက်လုံးများထဲတွင် တုန်လှုပ်ဖွယ် အေးစက်စက် အကြည့် တစ်ခုပင် ရှိနေသေးသည်။
အခွင့်အရေးဖြစ်သွားလျှင် ကောင်းမည် ဖြစ်သော်လည်း ၎င်းသည် အားအင်ပြည့်ဝနေပြီး စူးရှ တောက်ပနေသော မျက်လုံးများဖြင့် တိုက်ခိုက်ရန် အခွင့်အလမ်းကို စောင့်နေရင်း သူ့ပါးစပ်မှ အားနည်းသံများ ပြုလုပ်နေခဲ့သည်ကို စုမင်က မျက်မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
‘ဉာဏ်ကောင်းလိုက်တဲ့ ပိုးကောင်’
စုမင် မျက်လုံးများက တောက်ပသွားပြီး ထိုပိုးကောင်ပိုင်ဆိုင်ထားသော ဉာဏ်ရည်ကြောင့် အေးစက်စက် လှောင်ပြောင် လိုက်မိသည်။ ထို့နောက် ခေါင်းလောင်းကို ညာလက်ဖြင့် အကြိမ်အနည်းငယ် ပုတ်လိုက်ရာ ခေါင်းလောင်းအတွင်း၌ မြည်ဟည်းသံများ ပဲ့တင်ထပ်သွားစေပြီး အသံလှိုင်းများစွာ ပျံနှံ့သွားစေသည်။
ပိုးကောင်၏ မျက်နှာသည် ချက်ချင်း တွန့်လိမ်သွားသော်လည်း တိုက်ခိုက်မှုများအားလုံးကို ကြံ့ကြံ့ခံနိုင်ခဲ့၏။ အဆုံးတွင် အော်ဟစ်သံများက လုံးဝ တိတ်ဆိတ် သွားခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ပိုးကောင်အသက်ရှင်၊ မရှင်ကို ဤအော်ဟစ်သံများအား သုံး၍ ဆုံးဖြတ်မည် ဆိုပါက သူတို့သည် ဤပိုးကောင် သေဆုံးသွားပြီဟုပင် တွေးတောမိကြမှာဖြစ်သည်။
သို့သော် ထိုပိုးကောင်လေးသည် အတန်ငယ် တုန်ယင်နေသော်လည်း အချိန်မရွေး တိုက်ခိုက်နိုင်ရန် အဆင်သင့်ဖြစ်နေသော အနေအထားဖြင့် ကိုယ်ကို ကွေးညွှတ်ထားဆဲ ဖြစ်ကြောင်း စုမင်က ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ၎င်း၏ ရက်စက် ကြမ်းကြုတ်သွေးဆာမှုကို ဖော်ပြနေသော စိမ်းစိမ်းဝါးဝါးအကြည့်သည် အနည်းငယ်ပင် လျော့နည်းသွားခြင်း မရှိပဲ ထိုအစား နာကျင်မှုအလယ်၌ ပိုမို၍ပင် သန်မာလာခဲ့သေးသည်။
ဤမြင်ကွင်းသည် စုမင်ကိုပင် လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။
“စစ်မာရှင်းက ဒီသတ္တဝါကို သူ့လက်အောက်ခံ ဖြစ်လာအောင် ဘယ်လိုများ လုပ်ခဲ့တာလဲ” စုမင် တီးတိုး ရေရွတ်မိ၏။
ဤသတ္တဝါ၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် ၎င်းကို ကြိုးစားပြီး အောင်နိုင်ခြင်းသည် ကြီးမားသော အလုပ်တစ်ခု ဖြစ်သည်မှာ ထင်ရှားနေပေသည်။
“ဒီပိုးကောင်ရဲ့ အကန့်အသတ်က ဘယ်လောက်လဲဆိုတာ ကြည့်ကြသေးတာပေါ့”
စုမင်မျက်လုံးများက အေးစက်သွားခဲ့သည်။ သူ ညာလက်ကို မြှောက်လိုက်သော်လည်း ဤတစ်ကြိမ်တော့ ခေါင်းလောင်းကို အသာအယာ ပုတ်လိုက်ခြင်းမဟုတ်ပေ။
ထိုအစား ခေါင်းလောင်းကို လက်သီးနှင့်ထိုးလိုက်ခြင်းဖြစ်သည်။
လက်သီးချက် ကျရောက်သွားသည်နှင့် တုန်ခါမြည်ဟည်းသံများသည် ၎င်းတို့၏ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ကျယ်လောင်သော အသံများသည် ခေါင်းလေါင်းအပြင်တွင် အားပျော့သော်လည်း ခေါင်းလောင်းအတွင်း၌မူ အလွန်အမင်းအစွမ်းထက်ပြီး ၎င်းအသံများသည် ရူးသွပ်ဖွယ် အားတစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။
ပိုးကောင်ငယ်သည် ချက်ချင်း အပြင်းအထန် တုန်ယင်သွားသည်။ ၎င်း၏ ကွေးညွှတ်နေသော ခန္ဓာကိုယ်သည် ဖိအားကို တောင့်မခံနိုင်တော့ဟန်ဖြင့် တဖြည်းဖြည်း လျော့ရဲလာပြီး အဆုံးတွင် လုံးဝပြန်လည် ဖြောင့်တန်း သွားတော့သည်။ သို့သော် ၎င်းသည် စူးရှစွာ အော်ဟစ်နေဆဲဖြစ်သည်။
အော်ဟစ်နေရင်းမှပင် ၎င်းခန္ဓာကိုယ်က အက်ကွဲလာပြီး သွေးကဲ့သို့ အဖြူရောင် အရည်များ ထွက်ပေါ်လာသည်။ ၎င်း၏ အမူအရာသည်ပင် ချက်ချင်း အားလျော့သွားပြီး အတောင်ပံများသည်ပင် ဘေးနှစ်ဖက်သို့ ကျဆင်းသွားသည်။ သို့သော် ၎င်း၏ မျက်လုံးများထဲမှ ရက်စက် ကြမ်းကြုတ်မှုသည်တော့ အနည်းငယ်ပင် ပျောက်ကွယ် မသွားခဲ့ချေ။ ရူးသွပ်သွားဟန်ဖြင့် ရက်စက်ကြမ်းကြုတ်ဟန်များက ပိုမို၍ပင် သန်မာလာသေးသည်။
၎င်း၏ မျက်လုံးများအတွင်းရှိ ရက်စက်မှုသည် ပိုမိုပြင်းထန်လာခဲ့သည်။ အကယ်၍ သူသာ အခွင့်အရေးရ၍ ထွက်ပြေးလွတ်မြောက်သွားပါက သူ့အား အလွန်ဆင်းရဲ ဒုက္ခခံစားရစေခဲ့သော လူကို ဒေါသတကြီး အပြစ်ပေးမည့် ပုံစံမျိုးပင်ဖြစ်သည်။
စုမင်အမူအရာသည် တည်ငြိမ်နေဆဲ ဖြစ်ပြီး ညာလက်ကို မြှောက်ကာ ဟန်တောင်တန်း ခေါင်းလောင်းကို နောက်တစ်ကြိမ် ရိုက်ချလိုက်ပြန်သည်။ ခေါင်းလောင်း အတွင်းမှ မြည်ဟည်းသံများက ပိုမို တိုးပွားလာပြန်သည်။ ဤခေါင်းလောင်းသံများ အောက်တွင် ပိုးကောင်ငယ်၏ အတောင်ပံနှစ်ခုသည် အစိတ်အပိုင်း နှစ်ခုအဖြစ် ပြဲထွက်သွားခဲ့ကြသည်။ ပိုးကောင်ငယ်သည် ပြိုကွဲလုနီးပါး ဖြစ်နေသောပုံနှင့် အဆက်မပြတ်တုန်ယင်နေခဲ့သည်။ သွေးများစွာ ထွက်နေပြီး ရွှံ့အိုင်တစ်ခုထဲတွင် လဲလျောင်းနေသကဲ့သို့ပင်။ ၎င်း၏ဘဝသည် အဆုံးသတ်လုနီးပါး ဖြစ်နေသောပုံစံနှင့် ၎င်းထံတွင် ခွန်အားအရိပ်အမြွက်ပင် ကျန်ရှိမနေတော့ပေ။
သို့သော် ၎င်း၏မျက်လုံးထဲတွင် အရှုံးပေးလိုသော၊ နှိမ့်ချသော မည်သည့် အရိပ်အယောင်ကိုမှ စုမင်မတွေ့ရပေ။ အသက်ရှင်နေသမျှ ကာလပတ်လုံး ပျောက်ကွယ်သွားမည့်ပုံ မပေါ်သော တောက်လောင်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကိုသာ သူတွေ့နေရ၏။
စုမင် ညာလက်ကို တတိယအကြိမ်အဖြစ် မြှောက်လိုက်သည်။ သူသာ ခေါင်းလောင်းကို ဤတစ်ကြိမ် ရိုက်ချလိုက်မည်ဆိုလျှင် ပိုးကောင်ငယ်သည် ချက်ချင်းသေဆုံး သွားလိမ့်မည် ဖြစ်ကြောင်း သူသိနေခဲ့သည်။ အဆုံးတွင်တော့ ထိုပိုးကောင်ငယ်သည် စုမင်ကိုပင် ထိတ်လန့်စေခဲ့သည့် ထူးခြားသောအမြန်နှုန်းနှင့် ထိုးဖောက်နိုင်သော စွမ်းရည်တို့ ရှိသော်လည်း ခံနိုင်ရည်တော့ ရှိမနေခဲ့ပေ။
ခဏတာ ငြိမ်သက်နေပြီးနောက် စုမင်လက်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်ပြီး ဟန်တောင်တန်း ခေါင်းလောင်းအတွင်းမှ ပိုးကောင်ငယ်ကို ကြည့်လိုက်မိသည်။ ပိုးကောင်ငယ်၏ မျက်လုံးများအတွင်းမှ ရက်စက် ကြမ်းကြုတ်မှုများကိုသာ သူမြင်နေရခြင်းမဟုတ်ပဲ ၎င်း၏ သူ့ဆရာ စစ်မာရှင်းအပေါ် သစ္စာရှိမှုကိုလည်း သူတွေ့နေရသည်။
ထိုပိုးကောင်ငယ်၏ မျက်လုံးများအတွင်းမှ ရက်စက် ကြမ်းကြုတ်မှုများ အောက်တွင် ဖုံးကွယ်ထားသော သစ္စာရှိမှုကို စုမင်မြင်နိုင်သော အကြောင်းအရင်းမှာ အလားတူ အမူအရာမျိုးကိုပင် သူ့မီးတောက် မျောက်ကလေး ရှောင်ဟုန်၏ မျက်လုံးများထဲတွင် မြင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
‘ရှောင်ဟုန်...’
စုမင် ထိုမျောက်ကလေးကို သတိရမိသည်။
သူ့မျက်လုံးများကို ပိတ်ကာ ပြန်ဖွင့်လိုက်ချိန်တွင် ပြန်လည်တည်ငြိမ် သွားပြီ ဖြစ်သည်။ သူ့မျက်လုံးများ အတွင်း တည်ငြိမ်မှုများ ပြန်ပေါ်လာသည်နှင့် သူသည် ဟန်တောင်တန်း ခေါင်းလောင်းကို ကြည့်လိုက်ပြီး ခေါင်းလောင်းဆီသို့ ရုတ်တရက် ပြောဆိုလိုက်သည်။ “မင်းက ဉာဏ်ကောင်းပါတယ်။ ငါ့စကားတွေကို သေချာပေါက်နားလည်မှာပဲ... မင်းက စစ်မာရှင်းအပေါ် သစ္စာရှိနေမှတော့ ဘာလို့စမ်းသပ်မှုတစ်ခုလောက် မလုပ်ကြတာလဲ”
“မင်းက စစ်မာရှင်းအတွက် ဘယ်လောက် အရေးပါလဲဆိုတာ ကြည့်ကြည့်ရအောင်”
ပိုးကောင်ငယ်သည် စုမင်စကားလုံးများကို ကြားလိုက်သောအခါ ခေါင်းကို လှည့်ကြည့် လိုက်သော်လည်း စုမင်ကို မတွေ့နိုင်ပေ။ သူ့ကို ဝန်းရံနေသော အဆုံးမဲ့ အန္တရာယ်များကိုသာ သူမြင်နေရပေသည်။
“စစ်မာရှင်းက မင်းအတွက် ဘာလုပ်ပေးမလဲ၊ သူ ဘာကို ရွေးချယ်မလဲဆိုတာ ငါသိချင်တယ်...” သိလိုဟန် အသံမျိုးဖြင့် စုမင်ပြောလိုက်သည်။ ထို့နောက် သူညာလက်ကို မြှောက်လိုက်ပြီး မျက်ခုံးများ အလယ်သို့ လက်ချောင်းဖြင့် ထိကပ်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ ကျောက်တုံး ဒင်္ဂါးများသည်လည်း စုမင်၏ သိုလှောင်အိတ်ထဲမှ ၎င်းတို့ဘာသာ ပျံဝဲထွက်ပေါ်လာကြပြီး လေထဲ၌ လွင့်မျောနေကြသည်။ ၎င်းတို့သည် စုမင်ကို ဝန်းရံပြီးသည်နှင့် တံဆိပ်ခတ်နှိပ်ခြင်းစွမ်းအားသည် စုမင်ထံမှ ထွက်ပေါ်လာတော့သည်။
***