သူက မင်းကို မလိုချင်ပေမယ့် ငါကတော့ လိုချင်တယ်
Vol. 18 Ch. 245
မြွေလေး၏ အရှိန်အဝါ ပျောက်ကွယ် သွားခြင်းသည် စုမင်က ပျောက်ကွယ် သွားစေခြင်းကြောင့် မဟုတ်မှန်းသူသိသည်။ မြွေလေးသည် ယခင်က ချိပ်ပိတ်ခံခဲ့ရသလို ဟန်တောင်တန်း ခေါင်းလောင်း၏ ချိပ်ပိတ်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။ သို့သော် သူထိုအကြောင်းကို သိနေသော်ငြား တုန့်ဆိုင်းနေခဲ့မိလေသည်။ မကြာခင်မှာပင် ထိုတုံ့ဆိုင်းမှုသည် အေးစက်စက် သီးသန့်ဆန်မှုအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့သည်။
‘ဒီအချိန်မှာ မာန်မျိုးစေ့ စိုက်ပျိုးနိုင်ဖို့က အရေးကြီးဆုံးအရာပဲ’
‘မြွေက အခု စုမင်လက်ထဲမှာ။ ငါ စုမင်ကို သိပ်မသိပေမယ့်၊ သူက တိကျပြတ်သားတဲ့ လူဆိုတာတော့ ငါပြောနိုင်တယ်။ သူသာ မြွေကို မထိန်းချုပ်နိုင်ဘူးဆိုရင်၊ သတ်ပစ်ဖို့ နည်းလမ်းကို စဉ်းစားမှာပဲ’
‘အဲလိုသာဆိုရင် မင်းက ဘယ်လိုနေနေ သေရတော့မှာ... မင်းမသေခင်မှာ ငါ့ကို ကောင်းကောင်းကူညီပေးနိုင်ခဲ့ပါတယ်။ အနည်းဆုံးတော့ မင်းရဲ့သေဆုံးမှုက အကျိုးမယုတ်ပါဘူး’
စစ်မာရှင်းသည် မြွေလေးကို ဆုံးရှုံးလိုက်ရသဖြင့် ဖြစ်ပေါ်လာသော နာကျင်မှုကို ဖိနှိပ်လိုက်ပြီး သူ့မျက်လုံးများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားဟန် အမူအရာမျိုး ပေါ်လာခဲ့သည်။
‘မြွေက အခုထိ မကြီးထွားသေးတာတော့ စိတ်မကောင်းစရာပဲ... ထားပါ အဲအကြောင်းကို မေ့လိုက်တော့’
စစ်မာရှင်းသည် ညာလက်ကို ရုတ်တရက် မြှောက်ကာ ရင်ဘတ်ပေါ်သို့ ရိုက်ချလိုက်သည်။
သူ့ရင်ဘတ်ကို ဖုံးကွယ်ထားသော အဝတ်များသည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ကာ ပျက်စီးသွားပြီး သူ့ရင်ဘတ်ပေါ်မှ လုံးဝန်းသော သွေးနီရောင် ပန်းချီတစ်ခု ပေါ်လာခဲ့သည်။ ထိုသွေးနီရောင် ပန်းချီသည် နေနှင့်တူသော်လည်း အနီးကပ် ကြည့်မည်ဆိုလျှင် ၎င်းအတွင်း၌ တုတ်ချောင်းပုံစံ ပိုးကောင်၏မှိန်ဖျော့ဖျော့အရိပ်တစ်ခုကို တွေ့ရပေလိမ့်မည်။
‘မြွေလေးအတွက် စိတ်မကောင်းစရာပဲ။ ဒါပေမဲ့ သူ့အထဲမှာ ပါးလွှာတဲ့ ဘာရန်ချည်မျှင်လေး တစ်ချောင်းပဲရှိတာ။ အဲဒါကို သူ့အမြစ်တွေအဖြစ် ပြောင်းမရလို့ ဘာရန်တစ်ခုဖြစ်မလာနိုင်ဘူး။ အဲဒါက တခြား ဘာရန်ရတနာတစ်ခုရဲ့ ဘာရန်ချည်မျှင်တွေဆီကနေ ဖန်တီးထားတဲ့ ထူးထူးဆန်းဆန်း သက်ရှိတစ်မျိုးပဲ။ ဒါက ငါ့ခန့်မှန်းမှုသက်သက်ပဲရှိသေးတာ။ ဘာရန်ချည်မျှင်ဆိုတဲ့ အရာမျိုးက မရှိတာတောင် ဖြစ်နိုင်တယ်’
‘ငါ ဒီသက်ရှိလေးကို လက်လျှော့လိုက်ရင်၊ စုမင်ဆီမှာ မာန်မျိုးစေ့ စိုက်နိုင်မယ့် အခွင့်အလမ်းက ပိုမြင့်သွားလိမ့်မယ်။ ဒါက... ထိုက်တန်ပါတယ်လေ’
စစ်မာရှင်း၏ မျက်လုံးများသည် စူးရှတောက်ပနေပြီး ရင်ဘတ်ကိုရိုက်ချပြီးသည်နှင့် သွေးနီရောင်ပန်းချီ၏ ဘောင်မျဉ်းကြောင်းများ အတိုင်း သူ့လက်ချောင်းဖြင့် အလျင်အမြန် ထိုးဖောက်လိုက်သည်။
ပန်းချီကို သူ့လက်ချောင်း ဖြတ်သန်းသွားသောအခါ သူ့လက်ချောင်း ဖြတ်သန်းသွားရာ နေရာများရှိ အရေပြားမှ လေအေးများ စိမ့်ထွက်လာခဲ့သည်။ စစ်မာရှင်း၏ အမူအရာက တည်ငြိမ်နေဆဲပင် ဖြစ်သည်။ မကြာခင်မှာပင် သူ့လက်ချောင်းသည် သူစတင်ခဲ့သော နေရာသို့ ပြန်လည် ရောက်ရှိသွားသည်နှင့် သူ့ရင်ဘတ်မှ သွေးနီရောင်ပန်းချီသည် ချက်ချင်း လှုပ်ရှားလာပြီး အဆုံးတွင် သူ့အရေပြားပေါ်မှ ကွာကျသွားခဲ့သည်။
ထိုသွေးနီရောင်စက်ဝိုင်းသည် အရေးပြားအလွှာ တစ်ခုသဖွယ်ပင် ဖြစ်သည်။ ၎င်းသည် သူ့ရင်ဘတ်ပေါ်မှ ဖြည်းညင်းစွာ ပြုတ်ကျလာချိန်တွင် စစ်မာရှင်း၏ အရေပြားနှင့် ပန်းချီကို စေးကပ်သည့်ချည်မျှင်များက ချိတ်ဆက် ပေးထားကြသည်။ ၎င်းစေးကပ်သောချည်မျှင်များသည် အလွန်ရွံရှာဖွယ်ကောင်းသဖြင့် လူတို့သည် မြင်လိုက်ရုံနှင့်ပင် အော်ဟစ်မိကြမည် ဖြစ်သော်လည်း စစ်မာရှင်း၏ အမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိပဲ တည်ငြိမ်နေဆဲပင် ဖြစ်သည်။
သူ့ကိုယ်မှ သွေးနီရောင်စက်ဝိုင်း ကွဲထွက်သွားသောအခါ ချည်မျှင်များသည်လည်း တဖြည်းဖြည်း ပြတ်တောက် သွားကြသည်။ နောက်ဆုံး စစ်မာရှင်းရှေ့တွင် ထိုစက်ဝိုင်း လွင့်မျောနေသော အချိန်တွင် ချည်မျှင်များအားလုံး ပြတ်တောက်သွားခဲ့ချေပြီ။
စစ်မာရှင်း မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်ခု ဖြစ်ပေါ်လာပြီး လျှာကိုကိုက်ကာ သွေးများကို ထွေးထုတ်လိုက်သည်။ အရေခွံသဖွယ် သွေးနီရောင် စက်ဝိုင်းပေါ်သို့ သွေးများ ကျရောက်သွားပြီး ၎င်းကသွေးများကို အလျင်အမြန် စုပ်ယူသွားခဲ့သည်။
‘ငါ လုပ်စေချင်တာကို ပိုင်စုမလုပ်ခင်၊ စုမင်နှလုံးသားထဲမှာ ကွက်လပ်တစ်ခု ဖြစ်ပေါ်လာအောင် လုပ်ရမယ်။ အဲဒါမှ သူမအတွက် အောင်မြင်နိုင်ချေ ပိုများမှာ’
‘အဲဒီမြွေက သူ့နှလူံးသားထဲမှာ ကွက်လပ်တစ်ခု ဖြစ်လာပြီး ငါနဲ့စုမင်ကြားမှာ ဆက်နွှယ်မှု တစ်ခု ဖြစ်လာစေလိမ့်မယ်’
‘မင်းက မြွေကို ပိုထိန်းချုပ်ချင်လေလေ၊ ဆက်နွှယ်မှုက ပိုသန်မာလာလေလေပဲ။ မြွေကို ထိန်းချုပ်ဖို့ ကြိုးစားရင်း မြွေသေသွားတာနဲ့ သူ့စိတ်ကနက်နက်ရှိုင်းရှိုင်း နစ်မွန်းသွားလိမ့်မယ်။ သူ ပိုနောင်တရပြီး စိတ်ပျက်လက်ပျက် ခံစားရလေလေ၊ ငါစိုက်ပျိုးနိုင်မယ့် အခွင့်အလမ်းက ပိုမြင့်မားလာလေလေပဲ’
စစ်မာရှင်း၏ နှုတ်ခမ်းများသည် ကောက်ကျစ်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး ညာလက်ကို မြှောက်ကာ မျက်ခုံးများ အလယ်သို့ ထိကပ်လိုက်သည်။
‘အကြင်နာမဲ့ မာန်မျိုးစေ့ ကြီးမြတ်သောပညာရပ်’
ထိုစကားလုံးများ သူ့နှုတ်ခမ်းမှ ထွက်ပေါ်လာချိန်တွင် သူ့အသံသည် မယုံနိုင်လောက်အောင်ပင် ထိတ်လန့်ဖွယ် ကောင်းနေခဲ့သည်။ သူ့ရှေ့ရှိ အရေပြားနှင့် တူသော အနီရောင် စက်ဝိုင်းသည်လည်း ချက်ချင်းစတင် လောင်ကျွမ်းလာခဲ့သည်။
၎င်းလောင်ကျွမ်းလာချိန်တွင် စက်ဝိုင်းနီအတွင်းရှိ ပိုးကောင်ငယ်၏ ဝိုးတဝါး အရိပ်သည်လည်း အပြင်းအထန် တုန်ယင်နေပြီး နာကျင်စွာ အော်ညည်းနေသံမျိုး ထွက်ပေါ် လာခဲ့သည်။
တစ်ချိန်တည်းမှာပင် နဝမတောင်ထွတ်တွင် တည်ရှိသော စုမင်လိုဏ်ဂူထဲတွင်လည်း ဟန်တောင်တန်း ခေါင်းလောင်း အတွင်းရှိ ပိုးကောင်ငယ်၏ ခန္ဓာကိုယ်က ရုတ်ခြည်း တွန့်လိမ်လာခဲ့သည်။ သေမင်းတံခါးဝတွင် လဲလျောင်းနေသော ပိုးကောင်ငယ်ထံမှ စူးရှသော နာနာကျင်ကျင် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ၎င်းမျက်လုံးအတွင်းမှ ရက်စက် ကြမ်းကြုတ်မှုနှင့် ဆိုးယုတ်မှုများသည်လည်း လျော့ကျသွားပြီး နက်ရှိုင်းစွာ ဖုံးကွယ်ထားသော သစ္စာရှိမှုများသည်လည်း ဆုံးရှုံး၍ ယူကျူံးမရဖြစ်ဝန် အမူအရာမျိုး ဖြစ်ပေါ်လာခဲ့သည်။
ပိုးကောင်ငယ်၏ ခန္ဓာကိုယ်မှ အဖြူရောင်မြူများ ထွက်ပေါ်လာသည်။ ထိုအဖြူရောင် မြူများထံတွင် မည်သည့်အပူမှ ထွက်ပေါ်နေခြင်း မရှိသော်လည်း ၎င်းတို့ စတင်ပျံ့နှံ့သွားသည်နှင့် တုတ်ချောင်းပုံစံ ပိုးကောင်ငယ်၏ ခန္ဓာကိုယ်က စတင်လောင်ကျွမ်း လာခဲ့သည်။
“ဒီတော့ အဲဒါက မင်းသခင်ပေါ့...။ ဘာလို့လဲဆိုတော့ မင်းကို ငါထိန်းချုပ်နိုင်သွားမှာ မလိုချင်တာကြောင့် သူက မင်းကိုရက်ရက်စက်နဲ့ သတ်ပစ်လိမ့်မယ်...”
စုမင်အသံသည် ဟန်တောင်တန်း ခေါင်းလောင်းအတွင် ပဲ့တင်ထပ်နေပြီး ပိုးကောင်ငယ်၏ စိတ်ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။
ပိုးကောင်ငယ်သည် ဉာဏ်ရည်မြင့်မားသဖြင့် စုမင်စကားလုံးများကို နားလည်နိုင်ပေသည်။ သူ့မျက်လုံးများအတွင်းရှိ ရက်စက်ကြမ်းကြုတ်မှုတို့က မှိန်ဖျော့သွားပြီး သစ္စာစောင့်သိမှုသည်လည်း ရောထွေး လာခဲ့သည်။
သူ့တွင် မည်မျှမြင့်မားသော ဉာဏ်ရည်မျိုး ပိုင်ဆိုင်ထားပါစေ အရေးမပါတော့ပေ။ သူ့သခင်သည် အဘယ်ကြောင့် သူ့ကိုသေစေချင်မှန်း သူနားမလည်နိုင်ချေ။
“မင်းက ငါ့ဆီမှာ အဖမ်းခံထားရလို့ သူကမင်းကိုသေစေချင်တာ။ မင်း စစ်မာရှင်းနဲ့ ဘယ်လောက်ကြာကြာ အတူရှိနေခဲ့လဲ ငါမသိဘူး။ ဒါပေမဲ့ ဒါက မင်းပထမဆုံးအကြိမ်အဖြစ် တစ်ယောက်ယောက်ဆီမှာ အဖမ်းခံရတာ ဖြစ်လိမ့်မယ်။ ငါ မင်းကို လွှတ်ပေးလိုက်ရင်တောင် မင်း ဒုတိယနဲ့ တတိယအကြိမ်တွေ အဖမ်းခံရလို့ မင်းကို ဖမ်းတဲ့သူက ငါမဟုတ်ခဲ့ဘူးဆိုရင် မင်းအတွက် အဆုံးသတ်က တစ်နည်းပဲရှိတယ်”
“ကဲ အဲဒါ မင်းသခင်အပေါ် အရမ်းသစ္စာရှိပေးတာမျိုးပေါ့။ တစ်ချိန်တည်းမှာပဲ ငါမင်းကို သနားမိတယ်”
စုမင်၏ စကားတစ်ခွန်းစီတိုင်းသည် ဟန်တောင်တန်း ခေါင်းလောင်း အတွင်း၌ မိုးခြိမ်းသံများ သဖွယ် မြည်ဟည်းနေပြီး ပိုးကောင်ငယ်၏ နှလုံးသားကို ရိုက်ခတ်သွားခဲ့သည်။ ၎င်း၏ မျက်လုံးများ အတွင်းမှ ရက်စက် ကြမ်းကြုတ်မှုများသည် လုံးဝပြိုကွဲသွားပြီဖြစ်ကာ အောက်တွင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသော သစ္စာစောင့်သိမှုများ ထွက်ပေါ်လာခဲ့ချေပြီ။ သို့သော် ထိုသစ္စာစောင့်သိမှုသည်လည်း ယခု စိတ်ရှုပ်ထွေးမှုများ၊ ဝမ်းနည်းမှုများဖြင့် ရောရှုပ်ထွေးနေခဲ့သည်။
စုမင်သည် အေးစက်၍ တည်ငြိမ်သော အမူအရာဖြင့် ထိုအရာများအားလုံးကို စောင့်ကြည့် နေခဲ့သော်လည်း သူ့နှလုံးသားကမူ တုန်လှုပ်နေခဲ့ရချေသည်။ ပိုးကောင်လေး၏ ဉာဏ်ရည်သည် ဤမျှအထိ အင်မတန်မြင့်မားလိမ့်မည်ဟု သူမထင်ထားခဲ့မိပေ။ ကြည့်ရသည်မှာ သူ့ဉာဏ်ရည်သည် ရှောင်ဟုန်ကိုပင် ရှုံးမည့်ပုံမပေါ်ပေ။
သို့သော် ရှောင်ဟုန်သည် မီးတောက် မျောက်ဝံလေး တစ်ကောင်ဖြစ်ပြီး လူသားတစ်ဦးကဲ့သို့ ဉာဏ်ရည်ဖြင့် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဤပိုးကောင်လေးသည်လည်း အလွန်သေးငယ်သော်ငြား ဤကဲ့သို့ မြင့်မားသောဉာဏ်ရည်ကို ပိုင်ဆိုင်ထားပြီး ဖြစ်၌ ဤသတ္တဝါလေးသည် ဘယ်လောက်ထူးခြားကြောင်း ဖော်ပြနေခဲ့သည်။
စုမင်မျက်လုံးများက တောက်ပနေသည်။ ပိုးကောင်ငယ်၏ ခန္ဓာကိုယ်သည် လောင်ကျွမ်းနေပြီး ၎င်း၏ အသက်စွမ်းအားများ အလျင်အမြန် ပြုန်းတီးနေချိန်တွင် စုမင်က ရုတ်ခြည်း ဆိုသလို ခပ်တိုးတိုးမေးလိုက်သည်။ “မင်းရဲ့ မူလသခင်က မင်းကို သတ်ချင်တယ်။ မင်းက အခုထိ သူ့အပေါ် သစ္စာစောင့်သိတုန်းလား”
သူ့အသံသည် မိုးခြိမ်းသံများ မြည်ဟည်း သွားသကဲ့သို့ပင်။ ၎င်းသည် ဟန်တောင်တန်း ခေါင်းလောင်းအတွင်း ပဲ့တင်ထပ်နေချိန်တွင် ပိုးကောင်ငယ်ကို ဝန်းရံနေသော စုမင်၏ နတ်ဘုရားအသိသည် ပိုးကောင်၏ စိတ်ပိုင်းဆိုင်ရာအကာအကွယ်၌ အက်ကြောင်း တစ်ခုကို ရုတ်တရက် တွေ့လိုက်ရချေသည်။
အက်ကြောင်း ပေါ်လာသည့် အခိုက်အတန့်မှာပင် အပြင်ဘက်ရှိ စုမင်ခန္ဓာကိုယ်ကို ဝန်းရံနေသော ကျောက်ဒင်္ဂါးများသည် ဖုန်မှုန့်များ ဖြစ်သွားကြသည်။ ၎င်းတို့က ပြန့်ကျဲသွားပြီး ထိုပျက်စီးသွားသော ကျောက်ဒင်္ဂါးများထံမှ များစွာသော ဝိညာဉ်စွမ်းအင် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် စုမင်ခန္ဓာကိုယ်ထဲရှိ ဖွင့်လှစ်ထားသော လမ်းကြောင်းသို့ အလုံးအရင်း တိုးဝင်လာခဲ့ကြပြီး လမ်းကြောင်းအတိုင်း တစ်ပတ်ပတ်လိုက်ကြသည်။ ထို့နောက် စုမင်ခေါင်းထဲတွင် စုဝေးသွားကြပြီး နတ်ဘုရားအာရုံကို ပိုမိုသန်မာသွားစေသည်။
သူ့နတ်ဘုရားအာရုံသည် ဟန်တောင်တန်းအတွင်း တိုးဝင်သွားပြီး ပိုးကောင်ငယ်အပေါ်သို့ ကျရောက် သွားသောအခါ ၎င်းသည် ပိုးကောင်ငယ်၏ စိတ်ဝိညာဉ်မှ အက်ကြောင်းဆီသို့ အားတစ်ခုဖြင့် တိုးဝင်သွားပြီး ပိုးကောင်ငယ်၏ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်။
ပိုးကောင်ငယ်၏ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားချိန်တွင် မြူများဖြင့် အုံ့ဆိုင်းနေသော ပိုးကောင်ငယ်၏ စိတ်ဝိညာဉ်ကမ္ဘာထဲ၌ လွင့်မျောနေသည့် ဧရာမအနီရောင် စက်ဝိုင်းပန်းချီကြီး တစ်ခုကို စုမင်၏ နတ်ဘုရားအားရုံက ချက်ချင်း သတိပြုလိုက်မိသည်။
ထိုအရာကြီးသည် အရေပြားတစ်ခုနှင့် ဆင်တူချေသည်။ အတိအကျ ဆိုရလျှင် အရေပြားပေါ်တွင် စက်ဝိုင်းတစ်ခုပုံ ဆွဲသားထားသော လူတစ်ဦး၏ အရေပြားဖြစ်သည်။
ထိုအချိန်တွင် ၎င်းသည် လေထဲတွင်လွင့်မျောရင်း တောက်လောင် နေသည်။ အနီရောင် စက်ဝိုင်းထဲတွင် တုတ်ချောင်းမြွေ၏ အရိပ်ကို စုမင်မြင်နေရသည်။ ၎င်းသည် တုန်ယင် နေသော်လည်း ခုခံခြင်းမရှိပေ။ ထိုအစား အတွင်းတွင်သာနေပြီး အရေပြားအား လောင်ကျွမ်းစေကာ သူ့ကိုအားနည်းအောင်လုပ်ခွင့် ပြုထားလေသည်။
အသက်ရှူချိန် အနည်းငယ်ခန့်အကြာတွင် လူအရေပြား၏ အပိုင်းအများစုသည် ပြာဖြစ်သွားပြီး အပိုင်းသေးသေးသာ ကျန်ရှိတော့သည်။ မြင်နေပုံအရဆိုလျှင်၊ နောက်ထပ် အသက်ရှူကြိမ် အနည်းငယ်တွင် ၎င်းက လုံးဝပျောက်ကွယ် သွားပေလိမ့်မည်။
လူအရေပြား လုံးဝ ပျောက်ကွယ်သွားသည်နှင့် အတွင်းထဲရှိ တုတ်ချောင်းမြွေ အရိပ်သည်လည်း ပျောက်ကွယ် သွားလိမ့်မည် ဖြစ်ပြီး ထူးဆန်းသော ပိုးကောင်ငယ်လေးလည်း သေဆုံး ရပေလိမ့်မည်။
“စစ်မာရှင်း၊ မင်းကတစ်ကယ်ကောက်ကျစ်တာပဲ...”
ဤအရာကို စုမင်ကြိုတင်ခန့်မှန်း ထားသော်လည်း သူကိုယ်တိုင် မြင်လိုက်ရချိန်တွင်တော့ စစ်မာရှင်း၏ ရက်စက်မှုနှင့်ပတ်သက်၍ ဗဟုသုတ အသစ်ရသွားကြောင်း သိလိုက်ရသည်။
သူသာ စစ်မာရှင်းဖြစ်ပြီး တုတ်ချောင်း ပိုးကောင်ငယ်လေးသာ ရှောင်ဟုန်ဖြစ်နေမည်ဆိုလျှင် သူ ဤကဲ့သို့ လုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူ့ကိုယ်သူသိနေသည်။
စုမင် တွန့်ဆုတ်မနေခဲ့ပေ။ ပိုးကောင်ငယ်၏ စိတ်ဝိညာဉ်ထဲမှာပင် အစွမ်းထက်သော နတ်ဘုရားအာရုံကို စုစည်းလိုက်ပြီး လောင်ကျွမ်းနေသော လူအရေပြားကို တိုက်ခိုက်လိုက်သည်။ လူအရေပြားကို ထိလိုက်မိချိန်တွင် စုမင်နှလုံးသားသည် ရုတ်တရက် တုန်ယင်သွားပြီး တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားလိုက်မိ၏။
ထိုအခိုက်အတန့်မှာပင် လိုဏ်ဂူထဲတွင် ထိုင်နေသော စုမင် ခန္ဓာကိုယ်၏ ရင်ဘတ် ပေါ်တွင်လည်း မှိန်ဖျော့ဖျော့ အလင်းလေးတစ်ခု စတင် တောက်ပလာခဲ့သည်။ ထိုမှိန်ဖျော့ဖျော့ အလင်း၏ အရင်းအမြစ်သည် သူ့လည်ပင်းတွင် ချိတ်ဆွဲထားသော ထူးခြားဆန်းကြယ်သည့် အနက်ရောင် ကျောက်လေးထံမှ ဖြစ်သည်။
အလင်းရောင် တောက်ပလာသည်နှင့်အမျှ ပိုးကောင်ငယ်၏ စိတ်ဝိညာဉ်ထဲရှိ စုမင်၏ နတ်ဘုရား အာရုံကလည်း တုန်လှုပ်နေခဲ့သည်။
‘သူ့ကိုယ်ပိုင်မွေးထားတဲ့ တိရစ္ဆာန်ကို သတ်တာတောင်မှ စစ်မာရှင်းက ငါ့ကိုတိုက်ခိုက်ဖို့ အကွက်ချထားဆဲပဲ... သူ စီစဉ်နေတာက ဘာမှန်းမသိပေမယ့် အဲဒါက ကောင်းတဲ့ အရာမဟုတ်တာတော့ သေချာတယ်’
စုမင်၏ နတ်ဘုရားအာရုံ တုံ့ဆိုင်းနေချိန်တွင် လူအရေပြား၏ ကျန်ရှိနေသော အပိုင်းထဲမှ အပိုင်းသေးသေးလေး တစ်ခု ထပ်မံ လောင်ကျွမ်း ခံလိုက်ရပြန်သည်။ ထို့နောက်တွင် အပိုင်းသေးသေးသာ ကျန်ရှိတော့ချေသည်။
တုတ်ချောင်းမြွေသည်လည်း မယုံနိုင်လောက်အောင် အားနည်းနေပြီဖြစ်ကာ ၎င်း၏ စိတ်ဝိညာဉ်က အချိန်မရွေး ပျက်စီး ပျောက်ကွယ် သွားတော့မှာ ဖြစ်သည်။ သို့သော် ၎င်းသည် တိုက်ခိုက်လိုသော စိတ်ဆန္ဒများအားလုံး ဆုံးရှုံးသွားပြီးသည့် ပုံပေါ်နေခဲ့သည်။ ၎င်းက အရေပြားထဲတွင်သာ လဲလျောင်းနေပြီး သေခြင်းတရားကို စောင့်မျှော်နေခဲ့ချေသည်။
ယခုအချိန်တွင် စုမင်ရှေ့၌ လမ်းကြောင်းနှစ်ခုသာ ရှိသည်။ ပိုးကောင်ကို ကယ်တင်ပြီး စစ်မာရှင်း၏ ထောင်ချောက်တွင် အမိခံမလားဆိုသည်နှင့် ပိုးကောင်ငယ်ကို လက်လျှော့ လိုက်မလား ဆိုတာပင် ဖြစ်သည်။
သူက စစ်မာရှင်းကို ဆန့်ကျင်တိုက်ခိုက်ရန် အစီအစဉ်ချနေခဲ့သလို စစ်မာရှင်းကလည်း သူ့ကိုပြန်လည်တိုက်ခိုက်ရန် အစီအစဉ်ချနေခဲ့သည်။ သူတို့နှစ်ဦးစလုံးသည် အခြားသူတစ်ဦး၏ ရည်မှန်းချက်များနှင့် ကျန်ရှိနေသေးသော လှုပ်ရှားမှုများကို မသိခဲ့ကြပေ။ သို့တိုင် သူတို့နှစ်ဦးသည် ဤတုတ်ချောင်းပိုးကောင်ကို ကြားခံအဖြစ်သုံး၍ အစစ်အမှန် ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲနှင့် လုံးဝ ကွဲပြားခြားနားသော ပုံစံမျိုးဖြင့် တိုက်ခိုက်နေခဲ့ကြသည်။
စုမင်ခဏတာသာ တွန့်ဆုတ်နေပြီး ဆုံးဖြတ်ချက် ချလိုက်သည်။
စစ်မာရှင်း၏ ဘာမှန်းမသိသော အစီအစဉ်အတွက် သူစိတ်ရှုပ်ခံမနေပဲ မီးလောင်ကျွမ်း မသွားခင် အနည်းငယ်သာ ကျန်ရှိနေသော လူအရေပြားကို သူ၏ နတ်ဘုရားအာရုံဖြင့် ဖုံးအုပ်လိုက်ပြီး တိုက်ခိုက်လိုစိတ်အားလုံး ဆုံးရှုံးနေပုံပေါ်သည့် တုတ်ချောင်းမြွေ၏ အရိပ်ထဲသို့ နတ်ဘုရားအာရုံဖြင့် ဝင်ရောက်လိူက်သည်။
“စစ်မာရှင်းက မင်းရဲ့သေဆုံးမှုကိုသုံးပြီး ငါ့ကို ထောင်ချောက်ထဲ ထည့်ဖို့ တွန်းအား ပေးချင်ရင်တောင် အဲဒါက ငါ့အတွက် စမ်းသပ်ချက် တစ်ခုလောက်ပါပဲ။ မင်းသေရမယ် ဆိုရင်တောင်၊ သူ့လက်ထဲမှာတော့ မသေရဘူး”
စုမင်၏ နတ်ဘုရားအာရုံ ဝင်ရောက်လိုက်သည်နှင့် တုတ်ချောင်းပိုးကောင်က တုန်ယင် သွားသည်။
“သူက မင်းကိုမလိုချင်ပေမယ့် ငါကတော့လိုချင်တယ်”
ခွန်အားပြည့်ဝသော အသံတစ်ခုသည် စုမင်၏ နတ်ဘုရားအာရုံမှ ထွင်ပေါ်လာပြီး တုတ်ချောင်းမြွေ၏ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်။ ၎င်း၏ စိတ်ဝိညာဉ်က ရုတ်ခြည်း စတင်တုန်ရီလာပြီး လူအရေပြားအတွင်းရှိ အရိပ်က ခေါင်းမော့ကြည့် လာခဲ့သည်။ ၎င်း၏ မျက်လုံးများအတွင်းရှိ အနက်ရောင်အလင်းက ကွဲပြားခြားနား သွားပုံပေါ်သည်။
“သူ မင်းကိုမလိုချင်ပေမယ့် ငါကတော့လိုချင်တယ်...”
ထိုစကားသည် ဉာဏ်ရည်မြင့်မားသော တုတ်ချောင်းမြွေ၏ စိတ်ဝိညာဉ်ထဲတွင် ပဲ့တင် ထပ်နေပြီး ၎င်း၏ မျက်လုံးများအတွင်းရှိ တစ်စုံတစ်ရာသည် ဝေခွဲမရသော အမူအရာတစ်ခုဖြင့် တဖြည်းဖြည်း အစားထိုးလာခဲ့သည်။
ပိုးကောင်ငယ်ထံမှ မည်သည့် ခုခံမှုမှ မရှိတော့သဖြင့် စုမင်၏ နတ်ဘုရားအာရုံသည် ၎င်း၏ စိတ်ဝိညာဉ် အပေါ်သို့ နက်ရှိုင်းသော အမှတ်အသားတစ်ခု ချန်ထားလိုက်သည်။
၎င်း၏ စိတ်ဝိညာဉ်အပေါ်သို့ စုမင်အမှတ်အသား ချန်ထားပြီးချိန်တွင် လူအရေပြားသည်လည်း ပြာများအဖြစ် လောင်ကျွမ်း သွားခဲ့ချေပြီ။ သို့သော် အရေပြားသည် ပြာများ အဖြစ်လုံးဝ မလောင်ကျွမ်းသွားခင် အချိန်ခဏတာလေးမှာပင် အရေပြား အတွင်းရှိ အရိပ်က ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် ပထမတောင်ထွတ်ပေါ်ရှိ စစ်မာရှင်းရှေ့မှ လူအရေပြားသည်လည်း ပြာများအဖြစ် လုံးဝလောင်ကျွမ်း သွားချေသည်။ သို့သော် စစ်မာရှင်း၏ အမူအရာက အလျင်အမြန် ပြောင်းလဲသွားပြီး ပထမတောင်ထွတ်မှ ထွက်ခွာလိုဟန်ဖြင့် အလျင်အမြန်ထရပ်လိုက်မိသော်လည်း သူ့ကိုယ်သူ ရပ်တန့်ကာ လက်သီးကိုသာ တင်းကျပ်စွာ ဆုပ်လိုက်မိသည်။ အလွန်အမင်း ဒေါသ ထွက်နေဟန်ဖြင့် သူ့အမူအရာကလည်း မယုံနိုင်လောက်အောင်ပင် မည်းမှောင် နေခဲ့သည်။
‘အဲအကောင်က ဘယ်လိုလုပ်ပြီး မသေရတာလဲ’
စုမင်၏ အစီအစဉ်များကို သူရုတ်တရက် နားလည်သွားခဲ့ရသည်။ စုမင်သည် မိမိကို အသုံးပြုကာ ထူးဆန်းသောမြွေလေးအား သူ့လက်အောက်သို့ သွပ်သွင်းလိုခဲ့ခြင်း ဖြစ်သည်။
***