မင်း နားလည်လား...
Vol. 18 Ch. 246
စုမင်မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ သူ့မျက်လုံးများအတွင်း မောပန်း နွမ်းနယ်မှုများကို မြင်နိုင်ပေသည်။ ပိုးကောင်ငယ်၏ စိတ်ဝိညာဉ်ထဲတွင် အမှတ်အသားချန်ထားရသော ပညာရပ်သည် သူ့နတ်ဘုရားအာရုံကို ပင်ပန်းနွမ်းနယ်စေသည်။ ကျောက်ဒင်္ဂါးများထံမှ ဝိညာဉ်စွမ်းအား အငွေ့အသက်များ၏ အကူအညီကိုရခဲ့သော်လည်း စစ်မာရှင်း၏ သွေးပန်းချီလူအရေပြားကြောင့် ပိုးကောင်ငယ်ပေါ်တွင် အမှတ်အသားချန်ထားရခြင်းက အလွန်အမင်း မောပန်းသွားစေခဲ့သည်။
သူပင်ပန်းနေသော်လည်း သူ့မျက်နှာထက်တွင် ရွှင်လန်းမှုများ ရှိနေဆဲဖြစ်သည်။ သူညာလက်ကို ဖြန့်လိုက်ချိန်တွင် လက်တစ်ဆစ်စာခန့် အရွယ်ရှိသော အနက်ရောင် တုတ်ချောင်း သေးသေးလေးသည် သူ့လက်ထဲ၌ ငြိမ်သက်စွာ လဲလျောင်း နေချေသည်။
အနီးကပ်ကြည့်မည်ဆိုလျှင် ထိုထူးဆန်းသော တုတ်ချောင်း ပုံစံပိုးကောင်သည် မျိုးစပ် မြွေတစ်ကောင်ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
မြွေလေးသည် ခေါင်းကိုငုံ့ထားပြီး စုမင်သာ ဂရုတစိုက် မကြည့်လျှင် ၎င်း၏ မျက်လုံးများသည်လည်း မှိတ်နေခြင်း ဖြစ်ကြောင်း တွေ့မြင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။ ၎င်းထံမှလည်း စုမင်၏ ပင်ပန်းနွမ်းနယ်မှုကဲ့သို့ ပင်ပန်းနွမ်းနယ်နေသော အရှိန်အဝါမျိုး ထွက်ပေါ်နေခဲ့သည်။
ယခုဖြစ်ပျက်ခဲ့သော အရာများသည် ဤဉာဏ်ရည် မြင့်မားသော မြွေလေးအား ရုပ်ပိုင်းဆိုင်ရာ ထိခိုက် မိစေခဲ့ရုံသာမက စိတ်ကိုပါထိခိုက်သွားသည်မှာ အရှင်းအလင်းပင်ဖြစ်သည်။
သို့သော် ပိုင်ရှင်ပြောင်းသော လုပ်ငန်းစဉ်ပြီးသည့်နောက်တွင် ဤမြွေလေးသည် ကွဲပြား ခြားနားသွားသည် ကိုတော့ စုမင်ခံစားနေမိသည်။ ၎င်း၏ စိတ်ဝိညာဉ်သည် အပြောင်းအလဲတစ်ခု ဖြစ်ပျက် သွားခဲ့သည်။ သူ့အား စုမင်ထိလိုက်ချိန်တွင် ၎င်းထံမှ ပြင်းထန်သည့် သတ်ဖြတ်လိုသော အသိသည် တစ်ဖြည်းဖြည်း ပျံ့နှံ့ ပျောက်ကွယ် သွားသည်။
“မင်း အိပ်ပျော်ရာက နိုးလာရင်... ငါ့ဘေးမှာ နောက်ထပ် အလှည့်အပြောင်း ကဒ်တစ်ခု ရှိလာလိမ့်မယ်” စုမင် ခပ်တိုးတိုးရေရွတ်လိုက်ရင်း ဘယ်လက်ဖြင့် ပိုးကောင်လေးကို ထိလိုက်သည်။
ပိုးကောင်လေးသည် လှုပ်ရှားခြင်းအလျင်းမရှိသလို တစ်ချိန်က ရှိခဲ့ဖူးသော ရုန်းကန်မှု၊ ခုခံမှုများကိုလည်း ၎င်းထံတွင် ရှာမတွေ့နိုင်တော့ပေ။
ခဏတာ ငြိမ်သက်နေပြီးနောက်တွင် စုမင် ပိုးကောင်ငယ်ကို ဟန်တောင်တန်း ခေါင်းလောင်းအတွင်း နောက်တစ်ကြိမ် ပြန်ထားလိုက်သည်။ သူသည် ၎င်းကို ချိပ်ပိတ်ထားဦးမည် ဖြစ်သော်လည်း ဤတစ်ကြိမ်တွင် သူ့လုပ်ရပ်၏နောက်ကွယ်မှ အဓိပ္ပာယ်က မတူကွဲပြားပေသည်။ ယခင်က သူသည် ၎င်းကိုဖမ်းဆီးရန် ချိပ်ပိတ်ခဲ့ခြင်းဖြစ်ပြီး ယခုကမူ ကာကွယ်ပေးရန် ချိပ်ပိတ်ခြင်း ဖြစ်သည်။
မယုံနိုင်လောက်အောင်ပင် အားနည်းနေသော ပိုးကောင်ငယ်လေးကို ကာကွယ်ပြီး ၎င်းပြန်လည် သက်သာလာကာ အပြည့်အဝ ပြန်လည် နိုးထလာသော အချိန်အထိ သူဟန် တောင်တန်း ခေါင်းလောင်း၏ စွမ်းအားကိုအသုံးပြုမှာ ဖြစ်သည်။
ဟန်တောင်တန်းခေါင်းလောင်းကို ပြန်သိမ်းပြီးသည်နှင့် စုမင်သက်ပြင်း ချလိုက်မိသည်။ ပြင်ပကမ္ဘာသည် နောက်တစ်ကြိမ် မှောင်စပျိုးနေပြီ ဖြစ်သည်။ သိပ်မကြာခင်မှာပင် ကုန်းမြေတစ်ခုလုံး အပေါ်သို့ အမှောင်ထုက လုံးဝကျဆင်း သွားပေလိမ့်မည်။ စုမင် မတ်တတ်ထရပ်ပြီး လိုဏ်ဂူအပြင်သို့ လျှောက်သွားလိုက်သည်။
သူအပြင်ထွက်လိုက်သည်နှင့် လေအေးများကဖြတ်သန်းတိုက်ခတ်သွားပြီး သူ့ဆံပင်နှင့် အဝတ်အစားများကို ပင့်မသွားခဲ့သည်။ သူ့ခန္ဓာကိုယ်မှ ပင်ပန်းနွမ်းနယ်မှုအချို့ ပျောက်ကွယ် သွားသည်ဟုပင် ခံစားလိုက်မိချေသည်။ စုမင် လေအေးများကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး အေးစက်မှုသည် ခေါင်းမှခြေဖျားအထိ ပျံနှံ့သွားခဲ့သည်။
သို့သော် ဤအေးစက်မှုသည် သူ့ခန္ဓာကိုယ်အပေါ်တွင်သာ သက်ရောက်မှုရှိသည်။ သူ့အိမ်ဖြစ်သော နဝမတောင်ထွတ်တွင် ရပ်နေရသဖြင့် စုမင်နှလုံးသားကမူ နွေးထွေးနေဆဲပင် ဖြစ်သည်။
ကျီချဲသည် သူထိုင်နေရာအနီးသို့ စုမင်လျှောက်လာသည်အား မြင်လိုက်သောအခါ ချက်ချင်းမတ်တတ်ထရပ်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
“ဆရာဦးလေးစုကို နှုတ်ဆက်ပါတယ်”
စုမင် စကားပြန်မပြောခဲ့ပဲ အဝေးရှိမိုးကုပ်စက်ဝိုင်းထံမှ မှိန်ဖျော့ဖျော့အလင်းကိုသာ ငေးကြည့်လိုက်သည်။ ကမ္ဘာလောကကြီး လုံးဝမှောင်မည်းသွားသည့်အချိန်အထိ အလင်းရောင်က အမှောင်ထု၏ ဝါးမျိုခံနေရသည်ကို သူစောင့်ကြည့်နေခဲ့မိသည်။
ကျီချဲ၏ မျက်နှာထက်တွင် စိတ်မရှည်ဖြစ်သည့် အရိပ်အယောင် အနည်းငယ်မျှပင် မရှိခဲ့ပေ။ ထိုအစား ဘေးတွင်သာ လေးလေးစားစားရပ်နေပြီး စုမင်ထံမှအမိန့်ကို စောင့်ဆိုင်းနေခဲ့သည်။ သူသည် အရာရာကို နှိုက်နှိုက်ချွတ်ချွတ် တွေးတောစဉ်းစားခဲ့ချေသည်။ ဤသုံးနှစ်အတွင်းတွင်၊ နဝမတောင်ထွတ်တွင် သူ့အတွက်နေရာတစ်ခုကို သူကိုယ်တိုင်ပြုလုပ်မည်။ အဘယ်ကြောင့်ဆိုသော် နဝမတောင်ထွတ်၏ အလုပ်လုပ်ပုံကို သူနားလည်သွားသောကြောင့်ပင်။
အချိန်တို့ကုန်လွန်သွားပြီး အဝေးရှိ အမှောင်ထုကို စုမင်အချိန်အတော်ကြာ ငေးကြည့်နေပြီး နောက်တွင် သူ့အသံက ဖြည်းညှင်းစွာထွက်ပေါ်လာခဲ့သည်။ “ပိုင်စုက ဘယ်သူလဲ”
ထိုမေးခွန်းသည် သူ့နှလုံးသားအတွင်းရှိနေခဲ့သော်လည်း စုမင် ယခင်က ပိုင်စုအကြောင်းကို မမေးခဲ့ပေ။ သို့သော် ယခု တုတ်ချောင်းမြွေကို ကြားခံထားကာ စစ်မာရှင်းနှင့် တိုက်ခိုက်ပြီးသောအခါ စစ်မာရှင်း၏ အစီအရင်များကို သူအာရုံခံလိုက်မိပြီး မရေမရာထင်မြင်ချက် အချို့သည် သူ့စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့ပေသည်။
ကျီချဲသည် ခဏတာ တိတ်ဆိတ်နေပြီးမှ လေးလေးစားစားပြောလာခဲ့သည်။ “ပိုင်စုက သတ္တမတောင်ထွတ်က တပည့်တစ်ဦးပါ ဆရာဦးလေးစု။ သူမက သိပ်စကားမပြောလို့ သူ့အကြောင်းကို သိပ်မသိပါဘူး။ ဒါပေမဲ့ စစ်မာရှင်းအကြောင်း ငါနားလည်ထားတာအရဆိုရင်၊ သူက သာမန် လူတစ်ယောက်နဲ့တော့ အကြောင်းအရင်းမရှိပဲ အဆက်အဆံလုပ်မှာ မဟုတ်ဘူး။ ကောင်မလေးမှာက သာမန်စွမ်းရည်ပဲရှိတာ။ စစ်မာရှင်းက သူမနဲ့ အဆက်အစပ်လုပ်တယ်ဆိုရင်၊ သူမနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တာတစ်ခုခုတော့ ရှိလိမ့်မယ်။ အဲဒါက သူမရဲ့အဆင့်အတန်း ဖြစ်နိုင်တယ်”
စုမင်ခဏတာ တွေးတောနေပြီးနောက်တွင် သူရပ်နေခဲ့ရာ စင်မြင့်ပေါ်မှ လှည့်ထွက်လိုက်သည်။ ကျီချဲက သူ့နောက်သို့ အမြန်လိုက်လာပြီး သူတို့နှစ်ဦးသည် ညသန်းခေါင်ယံ အချိန်တွင် နဝမတောင်ထွတ်ကို လမ်းပတ်လျှောက်လိုက်ကြသည်။
ဤအချိန်တွင် လေတိုးသံများမှအပ မည်သည့်အသံမှ ရှိမနေခဲ့ပေ။ သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။ စုမင်ခြေလှမ်းများသည် မနှေးမမြန်ဖြစ်ပြီး သူခြေချ လိုက်ချိန်တိုင်းတွင် စည်းချက်တစ်ခု ရှိနေသကဲ့သို့ပင်။ ကျီချဲသည် စုမင်နောက်မှ လိုက်လာရင်းဖြင့် သူပို၍ ကြည့်မိလေလေ၊ ပိုမိုထိတ်လန့် လာရလေလေပင်ဖြစ်သည်။
‘ငါထင်ထားတဲ့အတိုင်း၊ နဝမတောင်ထွတ်မှာရှိတဲ့ လူတွေအကုန်လုံးက မွန်းစတားတွေပဲ။ စုမင်ရဲ့ လမ်းလျှောက်ပုံကတောင် ထူးဆန်းနေတယ်။ ငါ အဲတာကို အချိန်ကြာကြာ ကြည့်မိလိုက်တာ၊ ငါ့စိတ်ပေါ်မှာ ခြေလှမ်းလှမ်းနေတယ်လို့ စပြီးခံစားလာရတယ်’
ကျီချဲ နှုတ်ခမ်းများကို သပ်လိုက်ရင်း သူ့မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများ ပေါ်လာခဲ့သည်။
သူတို့နှစ်ဦး ဆက်လျှောက် လာရင်းမှပင် ကျီချဲမျက်နှာထက်တွင် အာရုံစူးစိုက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီး မနီးမဝေးရှိ မှောင်မည်းနေသော နေရာတစ်ခုကို လှမ်းကြည့် လိုက်သည်။ ထိုနေရာတွင် လူတစ်ဦး လွင့်မျောနေသည်ကို သူ့မျက်လုံးထောင့်မှ နေ၍ သူယခုလေးတင် မြင်လိုက်ရချေသည်။
“အဲဒါ အစ်ကိုနှစ်ပဲ”
ကျီချဲ သတိမပေးရသေးခင်မှာပင် စုမင်၏ တည်ငြိမ် အေးဆေးနေသော အသံက သူ့နားထဲသို့ ရောက်လာခဲ့သည်။
ကျီချဲအံ့အားသင့်သွားသော်လည်း သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ပတ်ဝန်းကျင်ကို အာရုံစူးစိုက် လိုက်သည်။ ထူးဆန်းသော ပုံရိပ်တစ်ခုသည် သိပ်မဝေးသည့် ထိုမှောင်မည်းနေသော နေရာမှ ပျံသန်းသွားသည်ကို သူယခုလေးတင်မြင်လိုက်ရသည်။
ထိုပုံရိပ်က ရုတ်တရက်ရပ်တန့်လိုက်သည်။ ထိုသည်မှာ မည်သူပင်ဖြစ်ပါစေ၊ သူ သို့မဟုတ် သူမသည် ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ အပင်အနည်းငယ်ကို ဆွဲယူလိုက်သည်။ ထို့နောက် ထိုလူသည် အခြားတစ်နေရာသို့ ပျံသန်းသွားပြန်သည်။
ထိုပုံရိပ်သည် တစ္ဆေတစ်ကောင်နှင့်တူပြီး မြင်လိုက်ရသူတိုင်းသည် သူတို့နှလုံးသားထဲ၌ ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့ပေလိမ့်မည်။
၎င်းပုံရိပ်၏ အပြုအမူများကို ကျီချဲကြည့်နေမိသည်။ ၎င်းသည် ပတ်ဝန်းကျင်တစ်ဝိုက်တွင် တိတ်ဆိတ်စွာပျံသန်းနေသဖြင့် ကျီချဲကို ကြက်သီးမွှေးညင်းများပင် ထလာစေသည်။ ယခုသည် ညအချိန်ဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးက တိတ်ဆိတ်နေခဲ့သည်။ ဤထူးဆန်းသော လူ၏ ရုတ်တရက် ပေါ်ပေါက်လာမှုနှင့် အထူးသဖြင့် ထိုလူသည်မည်သူ ဖြစ်ကြောင်း သိလိုက်ရမှုက ကျီချဲကို ထိတ်လန့် တုန်လှုပ်သွားစေသည်။
ကျီချဲ သက်ပြင်းချလိုက်ပြီး သူ့အကြည့်သည် အရှေ့သို့ ဖြည်းဖြည်းချင်း ဆက်လျှောက်နေဆဲ ဖြစ်သော စုမင်ထံသို့ ကျရောက်သွားခဲ့သည်။ ကျီချဲ သူ့နောက်သို့ အလျင်အမြန် အမီလိုက်လိုက်ပြီး ခဏတာတွန့်ဆုတ်နေပြီးမှ ခပ်တိုးတိုးမေးလိုက်မိသည်။ “သူ... အာ... ဆရာဦးလေးနှစ်က ဘာလုပ်နေတာလဲ”
“သူ့အပင်တွေကို သူပြန်ခိုးနေတာ” စုမင် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
သိပ်မကြာခင်မှာပင် ဟူကျီ၏လိုဏ်ဂူသို့ သူရောက်ရှသွားသည်။ ဟူကျီကိုရပ်တန့်ရန် သူမကိုကူညီမည်ဟု စုမင်က ချန်ရှန်းကို ကတိပေးထားခဲ့သည်။ သူသည် ချန်ရှန်းထံမှ လက်ဆောင်များကို လက်ခံထားခဲ့သဖြင့် ဤတာဝန်ကို မေ့သွားစရာ အကြောင်းမရှိပေ။
“သူ့အပင်တွေကို ပြန်ခိုးနေတာ...”
လိုဏ်ဂူသို့ လျှောက်လာရာလမ်းတွင် ကျီချဲမျက်နှာပေါ်၌ စိတ်ရှုပ်ထွေးမှုများ ရောနှော ပါဝင်နေသည့် ထူးဆန်းသော အမူအရာတစ်ခု ရှိနေခဲ့သည်။ သူ့အတွက် နဝမတောင်ထွတ်သည် နားလည်ရ ပိုခက်ခဲလာချေသည်။
လိုဏ်ဂူအပြင်၌ ရပ်လိုက်မိချိန်တွင် အစ်ကိုသုံး၏ ဟောက်သံများကို စုမင်မကြားရပေ။ သူအထဲသို့ ဝင်ကြည့်လိုက်ချိန်တွင် လိုဏ်ဂူက ဗလာဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူ့အစ်ကိုသုံးက တစ်နေရာရာသို့ သွားနေခဲ့လေသည်။
စုမင် ခေါင်းကိုက်လာသလို ခံစားလိုက်ရပြီး သူ ထိုအရာကို စိတ်ကူးကြည့်၍ ရပေသည်။ ညအချိန်ရောက်လာပြီး ဟူကျီတွင်အခြားမည်သည့် လုပ်စရာမှမရှိပါက သူသည် မျက်နှာထက်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးကြီးဖြင့် အပြင်ထွက်ကာ စူးစမ်းလေ့လာပေလိမ့်မည်။
ယခုအချိန်တွင် သူသည် အခြားတောင်ထွတ် တစ်ခုခုသို့ သွားကာ ထောင့်တစ်နေရာတွင် ထိုင်ရင်း အခြားသူများကို ချောင်းကြည့်ရင်း ပြုံးနေပေလိမ့်မည်။
ကျီချဲသည် စုမင်နောက်တွင် ရပ်နေခဲ့ခြင်းဖြစ်သည်။ လိုဏ်ဂူက ဗလာ ဖြစ်နေသည်ကို မြင်လိုက်ချိန်တွင် ထိုအကြောင်းကို သူသိပ်မစဉ်းစားမိသော်လည်း စုမင် မျက်မှောင်ကြုတ် သွားသည်ကို မြင်လိုက်ရသောအခါ သူခေါင်းထဲတွင် အတွေးတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး အေးခဲကောင်းကင် ကလန်အတွင်း ပျံ့နှံ့နေသော ဟူကျီနှင့်ပတ်သက်သည့် ကောလာဟလများကို သတိရလိုက်မိသည်။
ဤကောလဟာလများကို သတိရလိုက်မိသောအခါ ဟူကျီခန္ဓာကိုယ်သည် တုန်ရီသွားပြီး သူ့အမူအရာက ပိုမိုလေးနက် သွားခဲ့သည်။
စုမင် မျက်မှောင်ကြုတ်လျက်ဖြင့် လိုဏ်ဂူထဲမှ ပြန်ထွက်လာပြီး ညကောင်းကင်ကို မော့ကြည့်လိုက်မိသည်။ ခဏတာ ငြိမ်သက်နေပြီးနောက် အဝေးသို့ လျှောက်သွားလိုက်သည်။ သူသည် လမ်းတစ်လျှောက်လုံး စကားမပြောခဲ့သလို သူ့ဘေးမှ ကျီချဲသည်လည်း တိတ်ဆိတ် နေခဲ့သည်။ သူတို့နှစ်ဦးသည် အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ခန့် တိတ်ဆိတ်စွာ လျှောက်လာပြီးချိန်တွင် စုမင်က ရုတ်တရက် ရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာပင် သိပ်မဝေးသည့် နေရာမှ ထွက်ပေါ်လာသော တဟီဟီ ရယ်သံတစ်ခုကလည်း ကျီချဲဆံပင်ကို ထောင်မတ် သွားစေသည်။
ထိုတဟီဟီရယ်သံသည် ဉာဉ့်ငှက်များ စူးရှစွာ အော်မြည် လိုက်သကဲ့သို့ ဖြစ်ပြီး တိတ်ဆိတ်နေသော ညအချိန်ဖြစ်၍ ထိုအသံက မယုံနိုင်လောက်အောင် ထင်ရှားနေခဲ့သည်။
“မျှော်လင့်ထားသလို ဒီတစ်ဝိုက်မှာ ငါကသာ ဉာဏ်အကောင်းတုံး လူပဲ။ အစ်ကိုနှစ်၊ အိုး အစ်ကိုနှစ် သူ့ပန်းတွေကို ဘယ်သူခိုးနေတာလဲဆိုတာ ငါ သူ့ကိုဘယ်တော့မှ ပြောမပြဘူး။ အာ... အရမ်းဉာဏ်ကောင်း လွန်းနေတာလည်း ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ငါ့ကိုပဲကြည့်၊ ငါက အရမ်းဉာဏ်ကောင်းလွန်းတယ်။ အဲဒါကြောင့်ပဲ ငါက အထီးကျန်နေတာ... အရမ်း အထီးကျန်တာပဲ”
ကျီချဲစိတ်တို့ ဗလာကျင်းသွားရသည်။ ထိုအသံသည် ဟူကျီအသံဖြစ်ကြောင်း သူသိလိုက် ရသော်လည်း၊ ဟူကျီသည် ဉာဏ်ကောင်းပါသည် ဟုတော့ သူမပြောနိုင်ပေ...
စိတ်ရှုပ်ထွေးနေရင်းမှ စုမင်ထံသို့ အလိုအလျောက်ခိုးကြည့်လိုက်မိသည်။
သူ့မျက်စိရှေ့မှာပင် စုမင်၏ မျက်မှောင်ကြုတ်ခြင်းက ပျောက်ကွယ်သွားပြီး စုမင်သည် သူ၏ ရှည်လျား ဖြောင့်မတ်သော ကျောကို ကွေးညွှတ်လိုက်ပြီး ခါးကိုင်းလျက် ရှေ့သို့ ညင်ညင်သာသာ ရွေ့လျားသွားလေသည်။
ကျီချဲ၏စိတ်သည် ရှုပ်ထွေးနေခဲ့ရချေပြီ။ သူ့မျက်စိရှေ့မှစုမင်သည်လည်း ပုံမှန်မြင်နေကျ စုမင်နှင့်မတူတော့ပဲ ပြောင်းလဲသွားပုံရသည်။ သူ၏ ခါးကိုင်းညွှတ်ထားသော ပုံစံကြောင့် ကျီချဲအသက်ကို အလျင်အမြန် ရှူရှိုက်လိုက်မိ၏။ သို့သော် ထို့နောက်တွင် သူသည်လည်း စုမင်၏ အမူအရာများကို တုပလိုက်ပြီး ခါးကိုကိုင်းညွှတ်ရင်း ရှေ့သို့ တိတ်တိတ်ဆိတ်ဆိတ် တိုးသွားလိုက်သည်။
သိပ်မကြာခင်မှာပင် သူတို့ရှေ့၌ ကျောက်တုံးကြီးတစ်ခု ပေါ်လာခဲ့သည်။ ကျောက်တုံး နောက်တွင် အမျိုးသားတစ်ယောက်သည် ကျားတစ်ကောင်သဖွယ် ထိုင်လျက် ကျောက်တုံး အစွန်းမှနေ၍ အပြင်သို့ချောင်းကြည့်နေသည်ကို ကျီချဲတွေ့လိုက်ရသည်။
စုမင်သည် ဟူကျီ၏လုပ်ရပ်များနှင့် အကျွမ်းဝင်နေခဲ့ပြီးဖြစ်သည်။ ခါးကိုင်းထားရင်းမှပင် ကျောက်တုံးဆီသို့ တိုးကပ်သွားပြီး ဟူကျီဘေး၌ ထိုင်ချလိုက်သည်။ သူ့ဆရာတူအစ်ကိုက သူ့ကို တစ်ချက် လှည့်ကြည့်လာခဲ့ပြီး သူစကားစပြောရန် ပြင်လိုက်ချိန်တွင် စုမင်သည် ညာလက်ညှိုးကို မြှောက်၍ အပြုံးတစ်ခုဖြင့် ရှူးခနဲအသံပြုလိုက်သည်ကိူ တွေ့မြင်လိုက်ရ၏။
ဟူကျီမျက်လုံးများက တောက်ပသွားပြီး သူ့မျက်နှာထက်တွင် အသိအမှတ်ပြုသော အမူအရာတစ်ခု ဖြစ်ပေါ်လာပြီးမှ ခပ်တိုးတိုးပြောလိုက်သည်။ “ညီငယ်လေးက မဆိုးဘူးပဲ။ ကြည့်ရတာ မင်းကငါ့ဆီက အလေ့အကျင့်ကောင်းကို အမွေရထားပုံပဲ။ အခုကစပြီး ငါအထီးကျန်မှာ မဟုတ်တော့ဘူး။ ငါ မင်းကိုခေါ်သွားပြီး အေးခဲကောင်းကင်ကလန်ရဲ့ ထောင့်တိုင်းကို လိုက်ပြပေးမယ်”
ကျီချဲသည်လည်း ဘေးတွင် ထိုင်နေခဲ့သည်။ သူ၏ သိလိုစိတ်ကို မတားဆီးနိုင်တော့သဖြင့် ကျောက်တုံး အစွန်းမှနေ၍ အပြင်သို့ မော့ကြည့်လိုက်မိ၏။ ထိုနေရာတွင်ရှိနေသောအရာကို မြင်လိုက်ရသောအခါ မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်မိပြီး ပြောစရာစကားမရှိ ဖြစ်သွားရသည်။
ကျောက်တုံးနောက်ဘက်ရှိ တောင်များကြားတွင် ရေခဲမြစ်တစ်စင်း ရှိနေပြီး ရေခဲများ အလယ်တွင် ချိုင့်ခွက်ဧရိယာ တစ်ခုရှိနေသည်။ ၎င်းသည် ပေ၁၀၀ခန့်အကျယ်ရှိပြီး ၎င်းအထဲတွင် ပေဒါဇင် အနည်းငယ်ခန့်မြင့်သာ ရေခဲတုံးကြီးတစ်ခု ရှိနေသည်။
ရေခဲထဲတွင် အလင်းဖျော့ဖျော့ရှိပြီး အမျိုးသမီး တစ်ယောက်၏ ပုံရိပ်ကို ဝိုးတဝါး မြင်နိုင်ပေသည်။ သူမသည်... ထိုနေရာတွင် ရေချိုးနေသည့်ပုံပင်။
အမျိုးသမီးသည် ရေချိုးနေရင်းမှ ပတ်ဝန်းကျင်ကိုလည်း ဂရုတစိုက် စစ်ဆေးနေသေးသည်။
အမျိုးသမီး၏နောက်ကျောသည်သာ မြင်ကွင်းအတွင်း၌ ရှိနေသဖြင့် သူတို့သည် သူမ၏မျက်နှာကို မမြင်ရပဲ ဆံပင်ရှည်များကိုသာ မြင်နိုင်ပြီး မြင်ကွင်းသည်လည်း အနည်းငယ် ရှုပ်ထွေးနေသဖြင့် မည်သူမဆို သူမမျက်နှာကို လွယ်လွယ်ကူကူ မတွေ့မြင်နိုင်ပေ။
“ဘာ... အဲဒါက ဘာလဲ...”
ကျီချဲမျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဤပုံရိပ်ယောင်သည် ပေ၁၀၀ခန့်အရှည်ရှိသော ရေခဲတုံးပေါ်တွင် အဘယ်ကြောင့် ဖြစ်ပေါ်နေမှန်း သူလုံးဝစဉ်းစား၍မရပေ။
သူပတ်ဝန်းကျင်ကို အလိုအလျောက် လှည့်ကြည့် လိုက်မိရာတွင်လည်း ဧရိယာတစ်ခုလုံး တိတ်ဆိတ် နေသည်ကိုသာ တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်တွင် မည်သူမှ ရေချိုး မနေသည်မှာလည်း ရှင်းလင်းနေပေသည်။
“ဟားဟား၊ ဒါက မင်းအဘိုးဟူရဲ့ အကြီးမားဆုံး တီထွင်မှုပဲ။ သတ္တမတောင်ထွတ်က အကာအကွယ် တင်းကျပ်တော့ရော ဘာဖြစ်လဲ။ ငါက အဲဒီကို သွားစရာတောင် မလိုဘူး။ ဒီနေရာကနေပြီး ငါကြည့်ချင်တာ ကြည့်လို့ရနေတာပဲကို”
ဟူကျီမျက်နှာထက်တွင် ဂုဏ်ယူသော အမူအရာတစ်ခု ရှိနေပြီး အလွန်အမင်း ပျော်ရွှင်နေပုံရသည်။
ကျီချဲ အလွန်အမင်း အံ့အားသင့်နေမိပြီး မေးခွန်းမေးလိုက်ရာ လျှာပင်လိပ်သွားခဲ့ရသည်။
“... ဆရာဦးလေးဟူ၊ မင်း ဒီနေရာကနေ မြင်နေရမှတော့ ဒီနေရာမှာ ထိုင်နေမယ့်အစား ဘာလို့အပြင်ထွက်ပြီး ရေခဲတုံးကို ထိုင်မကြည့်နေရတာလဲ...”
ဤမေးခွန်းအား ဟူကျီကြားလိုက်သောအခါ သူက ကျီချဲကို ချက်ချင်းပင် သဘောတကျ လှမ်းကြည့်လိုက်သည်။
“ဒါကသာ မင်းချောင်းကြည့်နေရသလို ခံစားရမယ့် တစ်ခုတည်းသော နည်းလမ်းပဲ။ မင်း နားလည်လား”
ကျီချဲ ခါးခါးသီးသီး ရယ်မောလိုက်မိသည်။ အကြောင်းရင်းတစ်ချို့ကြောင့် ထိုအမျိုးသမီး၏ မှုန်ဝါးဝါးနောက်ကြောကို သူတစ်စုံတစ်ရာ ရင်းနှီးနေသည်ဟု ခံစားရသော်လည်း အဖြေရှာမရပေ။ သူနောက်တစ်ကြိမ် ပြန်ကြည့်လိုက်မိချိန်တွင် ရေခဲပေါ်မှ အမျိုးသမီး၏ ရောင်ပြန်ဟပ်မှုက လှည့်လာပြီး ဝေဝါးဝါးဖြစ်နေသော သူမမျက်နှာ၏ ဘေးတိုက်မြင်ကွင်းက ထွက်ပေါ်လာခဲ့သည်။
မြင်ကွင်းထဲသို့ သူမမျက်နှာဝင်လာချိန်တွင် ကျီချဲ၏မေးရိုးက ပြုတ်ကျသွားရပြီး သူ့မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထ ထွက်ပေါ်လာခဲ့သည်။
***