← Chapters

အစ်မကြီး...

Vol. 18 Ch. 247

အစ်မကြီး...

Vol. 18 Ch. 247

“အစ်မကြီး...”

ကျီချဲ မျက်နှာထက်တွင် သွေးကြောများ ထောင်ထလာပြီး သူအလျင်အမြန် ထရပ်လိုက်သည်။ ထို့နောက် ခြေတစ်လှမ်းတည်းဖြင့် ရေခဲတုံးနံဘေးသို့ ချက်ချင်းရောက်ရှိသွားပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ ကျယ်လောင်သော မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ရေခဲတုံးသည် ချက်ချင်းဆိုသလို အပိုင်းပိုင်းအစစဖြစ်သွားလေသည်။

ရေခဲတုံး ပျက်စီးသွားသည်နှင့် ရေခဲတုံးတွင်းမှ အရိပ်သည်လည်း ချက်ချင်း ပျောက်ကွယ် သွားသည်။ သို့သော် ၎င်းပျောက်ကွယ်သွားချိန်မှာပင် အမျိုးသမီးသည် တစ်စုံတစ်ရာကို သတိပြုမိလိုက်ပုံပေါ်ပြီး တစ်ခုခုကို ရှာဖွေနေဟန်ဖြင့် ခေါင်းလှည့်ကြည့် နေခဲ့ချေသည်။

ဟူကျီတစ်ယောက် အလွန်ဒေါသ ထွက်သွားပြီး မျက်လုံးများကိုပြူးကျယ်ကာ ကျီချဲကို ကြည့်လိုက်ပြီး အော်ဟစ်လျက် ကျားတစ်ကောင်သဖွယ် ပြေးထွက်သွားခဲ့သည်။ “အဘိုးဟူရဲ့ သွေး၊ ချွေးနဲ့ မျက်ရည်တွေရင်းပြီး ဖန်တီးထားရတဲ့ ရတနာလေးကို မင်းကဘယ်လိုတောင် ခွဲပစ်ရဲတာလဲ။ ငါမင်းကို သင်ခန်းစာပေးမှ ဖြစ်မယ်”

စုမင်မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ရှိနေခဲ့ပြီး ဟူကျီ၏ ထူးဆန်းသော အပြုအမူကို လေးစားသွားမိရသည်။ ဤအရာသည် ပုံရိပ်ယောင် သက်သက်လား ဆိုသည်ကို သူလုံးဝမသေချာခဲ့ပေ။ သို့သော် ကျီချဲ ရေခဲတုံးကိုခွဲလိုက်ချိန်တွင် ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော သက်ပြင်းဖွဖွ ချသံနှစ်ခုကို သူကြားလိုက်ရသကဲ့သို့ပင်။

“အဲဒါ ငါ့အစ်မကွ။ ငါ့အစ်မ”

ကျီချဲသည်လည်း အလွန်အမင်း ဒေါသထွက်နေပြီး ပြေးလာနေသော ဟူကျီကို အော်ဟစ် လိုက်သည်။

ဟူကျီသည် မူလက ဒေါသ ထွက်နေသော်လည်း ကျီချဲစကားလုံးများကို ကြားလိုက် ရချိန်တွင် ရုတ်တရက် အံ့အားသင့်မှင်တက်သွားပြီး နောက်တွင် သူ့ဒေါသ လျော့ပါး ပျောက်ကွယ် သွားခဲ့သည်။ ယခင်က ရှေ့သို့ လျင်မြန်စွာသွားနေခြင်းကိုလည်း ချက်ချင်း ရပ်တန့်လိုက်သည်။ ခေါင်းကိုကုတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ရှက်ရွံ့သောအမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သော်လည်း အမှုမထားသော ခပ်တည်တည်အမူအရာအဖြစ် အလျင်အမြန်ပြန်ပြောင်းလဲသွားခဲ့သည်။

“အိုး ကောင်းပြီလေ။ မင်းအဘိုးဟူက ကြင်နာတတ်ပါတယ်။ အဲတာက ပျက်စီးသွားလည်း ငါနောက်တစ်ခုထပ်လုပ်လို့ ရတာပဲ”

ကျီချဲ အသက်ရှုသံက လျင်မြန်လာပြီး ဟူကျီကို စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာ ပေါ်တွင်လည်း ပိုမိုများပြားသော သွေးကြောများ ထွက်ပေါ်လာခဲ့သည်။

ဟူကျီသည် အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပြီး သူ့ကိုချက်ချင်း အလျင်အမြန် ပြောဆိုလိုက်သည်။ “အာ... ကောင်းပြီ၊ ကောင်းပြီ။ ငါ မင်းအစ်မကို ထပ်မကြည့်တော့ဘူး ဟုတ်ပြီလား”

“မင်း တစ်ကယ်ပြောတာလား” ကျီချဲ ချက်ချင်းပြန်မေးလိုက်သည်။

“ဒါပေါ့။ အေးခဲကောင်းကင်ကလန်ထဲမှာ လူတွေအများကြီး ရှိတာပဲကို။ ငါ သူမကို ထပ်မချောင်းတော့ဘူးလို့ ပြောရင်၊ ငါ တကယ် ထပ်မချောင်းတော့ဘူးပဲ” ဟူကျီက ကတိ ပေးလိုက်သည်။ “ဒါပေမဲ့ မင်းအစ်မကိုတော့ ပြန်မပြောပါနဲ့”

ဟူကျီ၏ အပြစ်ရှိဟန် အမူအရာကို ကြည့်နေမိချိန်တွင် ကျီချဲမျက်နှာသည် မည်းမှောင် နေခဲ့သော်လည်း ခါးခါးသီးသီး ရယ်မောလိုက်ရုံသာ တတ်နိုင်ချေသည်။ သို့သော် သူ့ခန္ဓာကိုယ်တွင် ချွေးအေးများထွက်နေပြီး စုမင်ထံ အလိုလို လှမ်းကြည့်လိုက်မိ၏။

စုမင်မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ရှိနေခဲ့ပြီး သူသည် ဟူကျီနှင့် ကျီချဲတို့ကြောင့် စိတ်အနှောင့်အယှက် အဖြစ်မခံခဲ့ပေ။ ထိုအစား သူတို့အနားသို့ရောက်သွားသည်နှင့် တစ်စုံတစ်ရာကို ရှာဖွေနေသကဲ့သို့ နေရာကို သေချာစေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်သည်။

သူ၏ ထူးဆန်းသော အပြုအမူများက ဟူကျီနှင့် ကျီချဲတို့အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့ပြီး သူတို့ နှစ်ဦးသည်လည်း ပတ်ဝန်းကျင်ဧရိယာကို စတင် စစ်ဆေး လိုက်ကြချေသည်။

ဟူကျီသည် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် ခြေသံခပ်ဖွဖွနင်းကာ စုမင်အနားသို့ ရောက်လာပြီး တီးတိုးပြောဆိုလိုက်သည်။ “ညီငယ်လေး မင်းဘာရှာနေတာလဲ”

မေးနေရင်းမှပင် သူသည် ပတ်ဝန်းကျင်ကိုလည်း စစ်ဆေးကြည့်ရှုနေသေးသည်။

စုမင်၏ ခြေလှမ်းများသည် ရပ်တန့်သွားပြီး သူ့အရှေ့မှ ရေခဲမြစ်ကို လှမ်းကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်တွင် ခေါင်းခါယမ်းလိုက်ကာ ဟူကျီအား လှမ်းကြည့်လိုက်သည်။

“အစ်ကိုသုံး၊ မင်း... ချန်ရှန်းကိုရော ထပ်မချောင်းလို့ရမလား”

ဟူကျီက ထိုအကြောင်းကိုကြားသည်နှင့် ချက်ချင်း ခေါင်းညိတ် ပြလိုက်သော်လည်း မကြာမီမှာပင် သူ့မျက်နှာထက်၌ နားလည် သဘောပေါက်သော အမူအရာမျိုး ဖြစ်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးဖြဲဖြဲလုပ်လိူက်ရင်း စုမင်ကိုလှမ်းကြည့်လိုက်သည်။

စုမင် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ဟူကျီမျက်နှာပေါ်ရှိ ထိုအပြုံးကြီးကို မြင်လိုက်ရလေသည်။

“ငါ သိတယ်၊ ငါသိတယ်... ဟီးဟီး၊ ညီငယ်လေး မင်း ဘာမှရှင်းပြနေစရာ မလိုဘူး။ မင်းအစ်ကိုသုံး နားမလည်တာ ဘာမှမရှိဘူး။ မင်းအစ်ကိုသုံးက နဝမတောင်ထွတ်မှာ ဉာဏ်အကောင်းဆုံးလူပဲကို”

စုမင် ခါးခါးသီးသီးသာ ရယ်မောမိသည်။ ဤအကြောင်းအရာကို သူရှင်းပြ၍မရနိုင်ကြောင်း သိနေသဖြင့် ကြိုးစားမကြည့်ရန်သာ ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုအစား ရိုးရိုးရှင်းရှင်းပင် လက်သီးလက်ဝါးထပ်ကာ ဟူကျီကို ဦးညွှတ်လိုက်သည်။

“ဘာလို့ အဲလောက် ယဉ်ကျေးနေတာလဲ။ ငါတို့က ဆရာတူညီအစ်ကိုတွေပဲကို။ ဒါနဲ့ စကားမစပ် ညီငယ်လေး၊ ငါ့ရဲ့ အိပ်မက်အတွင်း ဝင်ရောက်ခြင်းက အရမ်းကောင်းတာ၊ ဟုတ်တယ်မလား...  ငါ စစ်မာရှင်းကို မောင်းထုတ်နိုင်ခဲ့တယ် မလား... ဟားဟား ဘာမှစိတ်ပူစရာ မလိုဘူး ညီငယ်လေး။ ငါက အိပ်မက်အတွင်း ဝင်ရောက်ခြင်းကို ကျွမ်းတောင် မကျွမ်းကျင်သေးဘူး။ ငါသာ ကျွမ်းကျင်သွားရင် အဲဒါက ပိုပြီးတောင် အစွမ်းထက်လာဦးမှာ”

ဟူကျီသည် ဂူဏ်ယူသော မျက်နှာအမူအရာဖြင့် စကားပြောနေရင်းမှပင် ရင်ဘတ်ကိုလည်း လက်ဖြင့်ပုတ်ပြလိုက်သေးသည်။

သူသည် ရုတ်တရက် ရာသီဥတုကို မော့ကြည့်လိုက်သည်။

“ညီငယ်လေး၊ ငါမင်းနဲ့ ဆက်မပြောတော့ဘူး။ အချိန်ကျခါနီးပြီမို့လို့ ငါ အဌမတောင်ထွတ်ကို အမြန် သွားရတော့မယ်။ မင်းရောငါနဲ့လိုက်ချင်လား”

ဟူကျီသည် စုမင်ကိုလှည့်ကြည့်လိုက်ချိန်တွင် စုမင်ခေါင်းခါပြသည်ကို မြင်လိုက်ရသဖြင့် လျင်မြန်စွာ ပျံသန်းလိုက်ပြီး အလင်းတန်းရှည် တစ်ခုအသွင်ဖြင့် အမှောင်ထုအတွင်း တိုးဝင်ပျောက်ကွယ် သွားသည်။ သူက မကြာမီမှာပင် ပျောက်ကွယ် သွားခဲ့သည်။ သို့သော် သူ၏ ထွက်ခွာသွားသော ပုံစံသည် အလျင်အမြန် ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု စုမင်ထင်မြင် နေမိချေသည်။

ထို့နောက် သူကျီချဲ၏ ချုပ်တည်းထားသော ဒေါသကိုမြင်လိုက်ရသောအခါ သူ့အစ်ကိုသုံးသည် လက်ပူးလက်ကျပ် အဖမ်းခံလိူက်ရသဖြင့် ရှက်ရွံ့ကာ အပြစ်ရှိသည်ဟု ခံစား နေရသောကြောင့် အလျင်စလိုထွက်ခွာသွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သူ နားလည် သွားရသည်။

“နောက်တစ်ခါ ဒီလိုထပ်မလုပ်နဲ့။ သူ မှန်လား၊ မှားလားဆိုတာ အရေးမကြီးဘူး။ မင်း ဒီလိုထပ်လုပ်မယ်ဆိုရင် ငါ့မှာဆေးဖော်စပ်ဖို့ ပါဝင်ပစ္စည်းတစ်ခု လိုအပ်နေတာကို သတိရပါ”

စုမင် ကျီချဲကို အေးစက်စက်အကြည့်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်သည်။

ကျီချဲ တုန်ရီသွားပြီး အနည်းငယ် စိတ်ပျက်သွားမိသော်လည်း စုမင်မျက်လုံးထဲရှိ အေးစက်စက် အကြည့်ကိုမြင်သောအခါ ခေါင်းကိုသာငုံ့ပြီး နာခံလိုက်သည်။

“အဲဒီရေခဲတုံးက မှုန်ဝါးနေလို့ မင်းဘာကိုမှလည်း သေချာမမြင်ရဘူး။ ပြီးတော့ မင်းအစ်မကို ထပ်မချောင်းတော့ဘူးလို့ အစ်ကိုသုံးက ပြောခဲ့မှတော့ ဒါကို ဒီအတိုင်းပဲ ထားလိုက်တော့”

စကားပြောနေရင်းမှပင် စုမင်က အဝေးသို့ လျှောက်သွားခဲ့သည်။

ကျီချဲတစ်ယောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိသည်။ သူသည် မစဉ်းမစား မဆင်ခြင်တတ်သူတစ်ဦး မဟုတ်ပေ။ စုမင်သည် ထိုစကားလုံးများကို ပြောဆိုခဲ့သော်လည်း သူ့ကို ဘာမှမလုပ်သွားခဲ့ပေ။ ဤကဲ့သို့ နောက်ထပ်မလုပ်ရန် သတိပေးချက်တစ်ခုသာ သူ့ကိုပေးခဲ့ခြင်း ဖြစ်သည်။ ဤအရာသည် ကျီချဲအပေါ် လေးစားမှုပြခြင်း တစ်မျိုးလည်း ဖြစ်သည်။

စုမင်နှင့် ကျီချဲတို့ ထွက်သွားပြီးချိန်တွင် လူတစ်ဦးသည် ရေခဲအပိုင်းအစများပြည့်နေသော နေရာသို့ ရောက်လာခဲ့သည်။ ထိုလူသည် ဤနေရာသို့ရောက်ရှိလာသည်နှင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးလိုက်ပြီးနောက် ခိုးကြောင်ခိုးဝှက်နှင့် ထိုင်ချလိုက်ပြီး ရေခဲ အပိုင်းအစများ အားလုံးကို ကောက်ယူလိုက်သည်။

ထို့နောက် နောက်လှည့်ကာ နေရာမှ အလျင်အမြန် ပြန်လည် ထွက်ခွာသွားလေသည်။ ထိုအရပ်ရှည်ပြီး ကြံ့ခိုင်သော တည်ဆောက်ပုံရှိသူမှာ ဟူကျီပင်ဖြစ်သည်။

“ငါက အရမ်းကံဆိုးတာပဲ။ ဒါက ငါ ပထမဆုံးအကြိမ် ဒါမျိုးလုပ်တာပဲ။ ငါ ကြည့်ရတာ ပျော်ရွှင်နေရုံပဲ ရှိသေးတယ်။ သူမမောင်လေးနဲ့ တွေ့လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ ငါ အဲအကြောင်းကို ဘယ်လိုများ မေ့နိုင်ရတာလဲ... အိုး ကောင်းပြီလေ၊ နောက်တစ်ကြိမ်ကျ ပိုပြီးဂရုစိုက်ရုံပေါ့” ဟူကျီက ခပ်တိုးတိုးရေရွတ်ပြီး အလျင်အမြန် ထွက်ခွာသွားချေသည်။

ဟူကျီထွက်ခွာသွားပြီး ခဏအကြာမှာပင် ယခင်က စုမင်ငေးစိုက် ကြည့်နေခဲ့သော ရေခဲမြစ် အထက်မှ လေဟာနယ်သည် ရုတ်တရက် တွန့်လိမ်သွားပြီး ချောမော ခန့်ညားသော အမျိုးသားတစ်ယောက်သည် ထိုတွန့်လိမ်ပုံပျက်နေသော လေဟာနယ်ထဲမှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့သည်။

သူ့မျက်နှာထက်တွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ရှိနေသော်လည်း သူသည် ဆောင်းလေညင်းကဲ့သို့ သိမ်မွေ့ညင်သာနေဆဲပင်ဖြစ်သည်။ ဤလူသည် စုမင်၏ အစ်ကိုနှစ်ပင် ဖြစ်သည်။

သူက ပေါ်လာသည်နှင့် ဟန်လုပ်ကာ ချောင်းအနည်းငယ် ဟန့်လိုက်သည်။

“ငါ့ကို ညီအငယ်ဆုံးလေးက ရှာတွေ့သွားလုနီးပါးပဲ။

အဲဒါတွေ အကုန်လုံးက ညီ၃ရဲ့ အမှားတွေချည်းပဲ။ သူက ဘာလို့ ဒီလောက်ကောင်းတဲ့ အရာကို လုပ်ထားရတာလဲ...”

အစ်ကိုနှစ်သည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ထိုနေရာမှ အလျင်အမြန် ထွက်ခွာ သွားလေသည်။

စုမင်၏ အစ်ကိုနှစ်ထွက်သွားပြီး ခဏအကြာမှာပင် ပေရာအနည်းငယ်ခန့် ကျယ်ဝန်းသော ဤဧရိယာအတွင်းရှိ လေဟာနယ်တွင် ပုံပျက်မှုလှိုင်းဂယက်များ နောက်တစ်ကြိမ် ဖြစ်ပေါ် လာခဲ့ပြန်သည်။ ထို့နောက် လေဟာနယ်အတွင်းမှ ချည်ပန်းထိုးဝတ်ရုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး လျှောက်လှမ်းထွက်လာခဲ့သည်။

အဘိုးအိုသည် ထွက်လာပြီးချိန်တွင် သူ့ဝတ်ရုံများကို လက်ဖြန့် ခပ်ဖွဖွ ဖြန့်လိုက်ပြီးနောက် လက်သို့ နောက်ကျောသို့ပစ်ကာ တောင်ထိပ်ဆီသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။ သူ့အမူအရာသည် တည်ငြိမ်နေသော်ငြား သူ့မျက်လုံးအတွင်းမှာမူ ဂုဏ်ယူမှုများကို တွေ့မြင်နိုင်ပေသည်။

“တတိယလေးက အလုပ်ကောင်းတစ်ခု လုပ်ခဲ့တယ်။ သူက စိတ်ဝင်စားဖို့ ကောင်းတဲ့ ပစ္စည်းတစ်ခုကို လုပ်ခဲ့တာပဲ... အဲဒါက ပျက်စီးသွားတာကတော့ စိတ်မကောင်းစရာပေါ့... ဒါပေမဲ့ တတိယလေးရဲ့ စရိုက်နဲ့ဆိုရင် သူက နောက်ရက်အနည်းငယ်အတွင်းမှာ အသစ်တစ်ခု ထပ်လုပ်လိမ့်မယ်။ ပြီးတော့ ဘယ်သူမှ လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်လို့ မရအောင် အဲဒါက ပိုခိုင်ခံ့လာလိမ့်မယ်”

“စိတ်မကောင်းစရာပဲ... စတုတ္ထလေးမှာ တကယ့်ကို အာရုံခံနိုင်မှု ကောင်းကောင်းရှိတယ်။ သူက ဒုတိယလေး ပုန်းနေတာကိုတောင် ရှာတွေ့လုနီးနီးပဲ။ ဟားဟား... ဒါပေမဲ့ သူတို့က ငါ့ကို ရှာတွေ့နိုင်လောက်တဲ့ အထိတော့ မတော်သေးပါဘူး” အဘိုးအိုက တတွတ်တွတ်ရေရွတ်ရင်း အဝေးသို့ ဂုဏ်ယူစွာ လျှောက်သွားချေသည်။ ထိုအဘိုးအိုမှာ... ထျန်းရှဲ့ကျီပင်ဖြစ်သည်။

ချည်ပန်းထိုး ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ထျန်းရှဲ့ကျီ...

ငြိမ်းချမ်းတိတ်ဆိတ်စွာဖြင့် အချိန်များ တစ်ဖြည်းဖြည်း ကုန်လွန်သွားသည်။ ဟူကျီသည် ပစ္စည်းများကို ဆက်လက်ဖန်တီးပြီး အခြားသူများကို ချောင်းနေခဲ့သည်။ စုမင်၏ အစ်ကိုနှစ်သည်လည်း နေ့အချိန်တွင် အပင်များကို စိုက်ပျိုးပြီး ညအချိန်တွင် အပင်များကို ခိုးယူနေဆဲပင် ဖြစ်သလို တစ်ခါတစ်ရံတွင်လည်း ဟူကျီဖန်တီးထားသော ရေခဲတုံးကို အပြေးအလွှားသွားကြည့်တတ်သေးသည်။ ဟုတ်ပေသည် တချို့ ညအချိန်များတွင် ချည်ပန်းထိုး ဝတ်ရုံကို ဝတ်ဆင်ထားသော ထျန်းရှဲ့ကျီလည်း ပေါ်ပေါ်လာတတ်သေးသည်။

မကြာမီမှာပင် အချိန်နှစ်လ ကုန်ဆုံးသွားချေပြီ။

ဤနှစ်လအတွင်းတွင် စုမင်နှင့်စစ်မာရှင်း၏ တိုက်ပွဲသည်လည်း ထိုနေ့တွင် မျက်မြင် တွေ့ခဲ့ရသူများကြောင့် အေးခဲ ကောင်းကင်ကလန် တစ်ခုလုံးသို့ ပျံ့နှံ့နေခဲ့ပြီ ဖြစ်သည်။ နဝမတောင်ထွတ်တွင် စစ်မာရှင်းကိုပင် ရင်ဆိုင် တိုက်ခိုက်နိုင်လောက်အောင် သန်မာသူ တစ်ဦးရှိကြောင်း အခြားတောင်ထွတ်ရှစ်ခုမှ တပည့်များအားလုံးသည် တဖြည်းဖြည်းနှင့် သိသွားခဲ့လေပြီ။

ထိုပုဂ္ဂိုလ်သည် ရုပ်နယ်လွန်နယ်ပယ်၏ စစ်နတ်ဘုရား တစ်ပါးဆိုသည်ကိုလည်း သူတို့ သိရှိခဲ့ကြရသည်။

သူ့နာမည်သည် အေးခဲ ကောင်းကင်ကလန်အတွင်း အလျင်အမြန်ပျံ့နှံ့သွားခဲ့သလို စစ်မာရှင်းနှင့် သူ့ကြားတိုက်ပွဲကြောင့် အေးခဲကောင်းကင်ကလန် ကြီးမြတ်သော ဆီးနှင်း ဖုံးလွင်ပြင်များ အဆင့်ဇယားတွင်လည်း စုမင်နာမည်က ပေါ်လာခဲ့သည်။

သူသည် အဆင့်ဇယားတွင် ကျီချဲအားအစားထိုး၍ နံပတ်ကိုး ချိတ်နေပေသည်။

သူ နံပတ်ကိုးနေရာတွင် ရှိနေရခြင်းမှာ စုမင်နှင့် စစ်မာရှင်းတို့၏ တိုက်ပွဲသည် ရလဒ် ထွက်မလာသောကြောင့်ပင် ဖြစ်သည်။ လူတို့သည် စုမင်၏ စွမ်းအားနှင့် ပတ်သက်၍ အနည်းငယ် နားလည် သွားကြသော်လည်း အသေးစိတ်ကျကျတော့ မသိရှိကြပေ။ စုမင်သည် စစ်မာရှင်းနှင့် တိုက်ခိုက်ခဲ့စဉ်တွင် စစ်မာရှင်းက စုမင်ထက် ပိုမိုသန်မာကြောင်း သူတို့ပြောနိုင်ပေသည်။

သူတို့နှစ်ဦးသည် သူတို့၏နောက်ဆုံး တိုက်ခိုက်မှုများကို မထုတ်ဖော်နိုင်ခဲ့သည်မှာ ဝမ်းနည်းစရာပင် ဖြစ်သည်ဟု လူအများစုကခံစားနေရချေသည်။

ဤနှစ်လအတောအတွင်းတွင် အေးခဲ ကောင်းကင်ကလန် အတွင်း၌ စုမင်၏နာမည့် ပျံ့နှံ့နေခြင်း အပြင် ကျောင်းတော်သည်လည်း ကြီးမားသော ဖြစ်ရပ်တစ်စုံတစ်ရာကို လျှို့ဝှက်စွာဖြင့် အလျင်အမြန် စီစဉ်နေခဲ့သည်။

ထိုဖြစ်ရပ်သည် ဆယ်စုနှစ်လျှင် တစ်ကြိမ်ပြုလုပ်သော ကောင်းကင်မြူခိုး လူရိုင်း အမဲလိုက်ပွဲပင် ဖြစ်သည်။ အမဲလိုက်ခြင်းစတင်ရန် ဆယ်လခန့်ပင် မလိုတော့ချေ။ အေးခဲကောင်းကင်ကလန်အတွင်း၌ ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲသည် တပည့်များကို လေ့ကျင့်ပေးခြင်း ဖြစ်သည်ဟု ယူဆထားသော ဖြစ်ရပ်ကြီးတစ်ခုဖြစ်သည်။

ထိုအမဲလိုက်ပွဲကို ဆယ်စုနှစ်တစ်စုလျှင် တစ်ကြိမ်ကျင်းပပြီး အကြိမ်တိုင်းတွင် ကျောင်းသား ထောင်ပေါင်းများစွာမှ သိန်းပေါင်းများစွာအထိ ပါဝင် ဆင်နွှဲကြသည်။ အလားတူပင်၊ တောင်ပိုင်း အရုဏ်ဦး ကုန်းမြေအတွင်းရှိ အခြားမျိုးနွယ်စုကြီးတစ်ခုဖြစ်သော အနောက်ပိုင်း ပင်လယ် ကလန်သည်လည်း တိုက်ပွဲထဲသို့ ကျောင်းသားများ ပို့လွှတ်ကာ တိုက်ခိုက်စေပေလိမ့်မည်။

အမဲလိုက်ပွဲ စတင်သည်နှင့် ကလန်ကြီးနှစ်ခုမှ ကျောင်းသားများသည် ကောင်းကင် မြူခိုး အတားအဆီးအတွင်းမှ လူရိုင်းများကို ကြောက်ရွံ့ သွားစေလိမ့်မည်။ ထို့အပြင် သူတို့သည် လူပေါင်းများစွာ စုဝေးကာ ကောင်းကင်မြူခိုး အတားအဆီးအပြင်သို့ထွက်၍ စွန့်စားကြပြီး လူရိုင်းမျိုးနွယ်စု အချို့၏ နယ်မြေများကို ကျူးကျော်ကြမှာ ဖြစ်သည်။

ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲသည် တစ်နှစ်ခန့် ကြာမြင့်ပေလိမ့်မည်။

ထိုနှစ်သည် တိုက်ပွဲတွင် ပါဝင်သူများအတွက် သွေးသံရဲရဲနှင့် သွေးလွှမ်းသော နှစ်ပင် ဖြစ်သည်။ ထိုနှစ်အတွင်းတွင် မည်သည့်တပည့်များသည် ကျရှုံးပြီး မည်သည့်တပည့်များက တောက်ပမည်ကို လူတိုင်းသိလာကြပေလိမ့်မည်။

သို့သော် ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲတိုင်းသည်

အတိုင်းအတာကြီးမားစွာ ပျက်စီးသော တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မဟုတ်ပေ။ ကြာမြင့်သော အချိန်တည်းက ယခုအထိ လူရိုင်းအမဲလိုက်ပွဲ ဒါဇင်အနည်းငယ်ခန့်သည်သာ မယုံနိုင်လောက်အောင် သေကြေပျက်စီးခဲ့ဖူးသည်။ ကျန်သောအရာများသည် အမှန်တကယ်တွင် အတော်ပေါ့ပေါ့ပါးပါး တိုက်ပွဲများသာ ဖြစ်သည်။

ဆယ်စုနှစ်တိုင်းတွင် တွေ့ရသော ကောင်းကင်မြူခိုး လူရိုင်း အမဲလိုက်ပွဲများသည် တိုက်ပွဲငယ်များသာ ဖြစ်သော်လည်း ရာစုနှစ်တစ်စုပြီးလျှင် ဖြစ်ပေါ်သော  ထိုတိုက်ပွဲဆယ်ပွဲ ပြီးလျှင်လာသည့် တိုက်ပွဲ၏ အတိုင်းအတာကမူ သာမန်လူရိုင်း အမဲလိုက်ပွဲတစ်ခုထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ပေလိမ့်မည်။

ဤအရာသည် လွန်ခဲ့သော နှစ်ပေါင်းများစွာ တည်းကပင် တောင်ပိုင်းအရုဏ်ဦးကုန်းမြေ၏ မျိုးနွယ်စုကြီးနှစ်ခု ချမှတ်ထားသော စည်းမျဉ်းဖြစ်သည်။ ပုံမှန်တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့် ရာစုနှစ်တစ်စုလျှင် ဖြစ်ပေါ်သော အကြီးအကျယ်တိုက်ပွဲတို့ ဖြစ်ပွားရသော အကြောင်းအရင်းမှာ ၎င်းတို့သည် ကောင်းကင်မြူခိုး အတားအဆီးအပြင်ဘက်ရှိ လူရိုင်းမျိုးနွယ်စုတို့၏ စွမ်းအားများ မည်မျှအထိ အလျင်အမြန် တိုးတက်လာကြောင်း သိရှိလို၍ ဖြစ်သည်။

ထိုနေရာတွင် ထိတ်လန့်တုန်လှုပ်ဖွယ် အစွမ်းထက်သောလူများ ရှိနေပြီလား၊ ၎င်းတို့ထံတွင် အစီအရင်အသစ်များ ရှိနေကြပြီလား၊ ထိုနေရာတွင် လူရိုင်းအသစ်များ ထပ်မံ တိုးပွားလာသည်လား ဆိုသည်ကို သူတို့သိချင်ပေသည်။ ဤအချက်အလက်များ အားလုံးသည် ဆယ်စုနှစ်တစ်စုတိုင်းတွင် တိုက်ပွဲများဖြစ်ပွားရခြင်း၏ ရည်ရွယ်ချက်ပင် ဖြစ်သည်။

အေးခဲကောင်းကင် ကလန်ထဲတွင် ကောင်းကင် မြူခိုးလူရိုင်း အမဲလိုက်ပွဲကို အကြိမ်ကြိမ် ပါဝင်ခဲ့သော တပည့်များရှိသလို တစ်ခါမှ ပါဝင်ခဲ့ဖူးခြင်း မရှိသူများလည်း ရှိသည်။ သို့သော် တပည့်အများစုသည် ဤဖြစ်ရပ်နှင့် ရင်းနှီးနေကြပြီးဖြစ်သည်။ ဆယ်လ အတောအတွင်းတွင်  တိုက်ပွဲ၌ ပါဝင်လိုကြသူများသည် သူတို့ကိုယ်သူတို့ လေ့ကျင့်ရန်နှင့် ပြင်ဆင်မှုများ ပြုလုပ်ရန် တံခါးပိတ် ကျင့်ကြံကြပေလိမ့်မည်။

နဝမတောင်ထွတ်၏ နှစ်လခန့် တိတ်ဆိတ် ငြိမ်သက်နေမှုထဲတွင် အချို့သောအရာများလည်း ဖြစ်ပျက်ခဲ့သေးသည်။ သို့သော် ထိုအရာများသည် ငြိမ်းချမ်းသည်ဟုတော့ ယူဆ၍မရပေ။ ကျီချဲ၏ အစ်မကြီးသည် ဟူကျီအား ဒေါသထွက်စွာဖြင့် နဝမတောင်ထွတ်သို့ အကြိမ်ကြိမ် လာရောက်ခဲ့သည်။

ထိုအချိန်တွင် စုမင်သည် ကြည်လင်နေသော ကောင်းကင်အောက်ရှိ လိုဏ်ဂူအရှေ့မှ စင်မြင့်ထက်တွင် ထိုင်နေပြီး သူ့အရှေ့ရှိ ပုံဆွဲကားချပ်ပေါ်တွင် ညာလက်ဖြင့် ဆွဲသားနေခဲ့သည်။

သူ့အပြုအမူများသည် အလွန်နှေးကွေးသော်လည်း သူ့စုတ်ချက် တစ်ချက်စီတိုင်းတွင် အိုမင်းရှေးကျရော ခံစားချက်တစ်ခုသည် သူ့လက်ချောင်းများထံမှ စိမ့်ထွက်နေပြီး ပုံဆွဲ ကားချပ်ပေါ်တွင် ဖြစ်ပေါ်လာနေသည်။

စစ်မာရှင်း၏ ဓားချက်ကို သူပုံတူကူးနေခြင်း ဖြစ်သည်။ ဤနှစ်လအတောအတွင်းတွင် သူအစက ရှာတွေ့ခဲ့သော ခံစားချက်ကို ပြန်ရှာတွေ့ရန်အတွက် စစ်မာရှင်း၏ ဓားချက်ကိုသာ ပုံတူကူးနေခဲ့ချေသည်။

ကျီချဲသည် စုမင်ဘေးတွင်ထိုင်နေပြီး စုမင်၏အပြုအမူများအတွင်း လုံးဝနစ်မြော နေခဲ့သည်။ ထိုစုတ်ချက်များ အတွင်းမှ သူ့ကိုယ်ပိုင်သဘောပေါက်နားလည်မှုကို ရရှိရန် ကြိုးစားနေသကဲ့သို့ပင်။

သို့သော် ထိုအခိုက်အတန့်မှာပင်...

“စွန်းတဟူ၊ နင့်ဖင်ကြီးကို အဲနေရာကနေ ထလာခဲ့စမ်း”

နဝမတောင်ထွတ် အပေါ်မှ အမျိုးသမီးတစ်ဦး၏ အေးစက်စက်အသံက ထွက်ပေါ် လာခဲ့သည်။

“မင်း စုန်းမ၊ ဘာလို့ငါ့ကိုပဲ ပစ်မှတ်ထားနေရတာလဲ။ အဲတုန်းက မင်းမောင်လေးလည်း မင်းကိုမြင်ခဲ့တာပဲ။ ငါ့ညီငယ်လေး စုမင်တောင် မင်းကို မြင်ခဲ့သေးတယ်” ဟူကျီ၏ ငိုကြွေးလိုသည့် အရိပ်အယောင်ပါသော အသံက ခပ်အုပ်အုပ် ထွက်ပေါ်လာခဲ့သည်။ သူ့အသံအရ အမှန် တကယ်ကိုပင် ဝမ်းနည်းနေခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ကျီချဲသည် ကိုးရိုးကားရားနိုင်သော အခြေအနေ တစ်ခုအတွင်း ရောက်နေဟန်ဖြင့် အလိုလို လှမ်းကြည့်လိုက်မိသလို စုမင်လည်း ခါးသီးစွာ ပြုံးလိုက်ရင်း မော့ကြည့်လိုက်မိသည်။

***

All Chapters