← Chapters

ငါ မင်းအတွက် ပုံဆွဲပေးမယ်...

Vol. 18 Ch. 248

ငါ မင်းအတွက် ပုံဆွဲပေးမယ်...

Vol. 18 Ch. 248

“ကျီချဲ၊ နင် လူလိမ်ကောင်၊ နင် နောက်ဆုံးအကြိမ် အနိုင်ကျင့်ခံခဲ့ရတုန်းက ငါနင့်အတွက် တိုက်ပေးခဲ့ရတာ အလကားပဲ။ နင် ယောကျ်ားဖြစ်နေတုန်းပဲဆိုရင်၊ စွန်းတဟူကို ဒီခေါ်လာခဲ့စမ်း”

အမျိုးသမီး၏ အံတကြိတ်ကြိတ်ဖြင့် ပြောဆိုသံသည် နဝမတောင်ထွတ် အပြင်ဘက်မှ အလျင်အမြန် ထွက်ပေါ်လာပြန်သည်။

ကောင်းကင်တွင် အလင်းတန်းနှစ်ခုသည် လေထုကို ဖြတ်သန်းလာနေသည်။ သူတို့ထဲမှ တစ်ဦးသည် အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ဘဲဥပုံမျက်နှာနှင့် အမျိုးသမီးဖြစ်သည်။ သူမမျက်နှာသည် ဒေါသကြောင့် တွန့်ချိုးနေသော်ငြား မတူကွဲပြားသော အလှတရားတစ်ခု ဖြစ်ပေါ်နေဆဲပင်...

သူမနောက်တွင် အမျိုးသမီးတစ်ဦး လိုက်ပါလာပြီး ထိုအမျိုးသမီးသည်လည်း ချောမောလှပသူ တစ်ဦးပင် ဖြစ်သည်။ သို့သော် သူမမျက်နှာထက်တွင် သူမပြောမည့် စကားများကို ချင့်ချိန်နေဟန် အမူအရာတစ်ခု ရှိနေသလို သူမ မျက်လုံးများထဲတွင်လည်း ထူးဆန်းသော အမူအရာတစ်ခု ရှိနေခဲ့သည်။ ထိုအမျိုးသမီးက ဖန်းချန်းလန်ပင်ဖြစ်သည်။

ကျီချဲသည် ခေါင်းကိုကုတ်ရင်း အလျင်အမြန် ထရပ်လိုက်မိသော်လည်း ဤအခြေအနေတွင် သူဘာပြောသင့်မှန်း မသိသဖြင့် ထိုနေရာတွင်သာ ကိုးရိုးကားရား မတ်တတ် ရပ်နေမိလေသည်။

“အစ်မ...”

“ငါ့ကို အစ်မလို့မခေါ်နဲ့။ ငါ့မှာ နင့်လိုမောင်မျိုး မရှိဘူး”

အမျိုးသမီးသည် ကျီချဲကိုကြည့်နေရာမှ သူမအကြည့်က စုမင်ထံသို့ ကျရောက်သွားသည်။

“အိုး၊ ဒါက ဆရာဦးလေး စု မဟုတ်လား” အမျိုးသမီးက အေးစက်စက် ထေ့ငေါ့သံတစ်ခုဖြင့် ပြောသည်။

စုမင် စတင်ခေါင်းကိုက်လာသလို ခံစားလိုက်မိသည်။ အမျိုးသမီး၏ နာမည်သည် ကျီယန်ဖြစ်ပြီး ကျီချဲ၏ အစ်မဖြစ်သည်။ ဤနှစ်လအတောအတွင်းတွင် သူမသည် ဤနေရာတွင် စွန်းတဟူအား မကြာခဏ လာရှာလေ့ရှိသည်။

ဟူကျီသည် သူမကို အကြိမ်ကြိမ် ရှောင်ရှားနိုင်ခဲ့သော်လည်း သူမ သူ့ကို တစ်ကြိမ် ရှာတွေ့ခဲ့ချိန်တွင် သူတို့အကြား၌ တစ်ခုခု ဖြစ်ပျက်ခဲ့ပြီး ထို့နောက်တွင် ဟူကျီသည် တောင်ထဲတွင်သာ စတင်ပုန်းအောင်း နေတော့သည်။ သူတို့အနေဖြင့် ဟူကျီသည် တောင်ထဲတွင် ရှိမှန်း သိသော်လည်း သူဘယ်နေရာတွင် ပုန်းအောင်း နေမှန်းကိုတော့ သိနိုင်ရန်ခက်ခဲပေသည်။

သူ့အား အော်ဟစ်လာစေရန် အဆုံးစွန်အထိ ဖိအား ပေးခံလိုက်ရသည်နှင့် ဟူကျီ၏ စကားသံက  ထွက်ပေါ်လာလိမ့်မည် ဖြစ်သော်လည်း တစ်စုံတစ်ယောက်က သူ့အသံ၏ အရင်းအမြစ်ကို ဆုံးဖြတ်နိုင်ရန်မူ ခဲယဉ်းပေသည်။

တစ်ခေါက်တွင်မူ အခြားလူတိုင်း သူမကိုမြင်ခဲ့ချိန်တွင် ထိုအမျိုးသမီးသည် သူ့ကိုသာ သင်ခန်းစာပေးရန် လာရှာနေသည်မှာ မတရားဘူးဟု ဟူကျီကထင်ခဲ့သဖြင့် ထိုစကားလုံးများကို သူအော်ဟစ်နေခဲ့ခြင်း ဖြစ်သည်။ အကြိမ်အနည်းငယ်ခန့် သူအော်ဟစ် ခဲ့ပြီးနောက်တွင် အမျိုးသမီး၏ အာရုံက ဖြည်းဖြည်းချင်း ပျံ့နှံ့သွားခဲ့ပေသည်။

စုမင် မကူမကယ်နိုင်ခံစားလိုက်ရပြီး ခေါင်းကိုက်လာသဖြင့် ခါးခါးသီးသီးသာ ရယ်မောလိုက်မိသည်။

အမျိုးသမီး၏ ပင်ကိုယ်စရိုက်ကလည်း နားလည်ရ ခက်ခဲပေသည်။ သူတို့အပေါ်သို့ သူမအာရုံ လမ်းကြောင်း ပြောင်းလာချိန်တွင် စုမင်အား ကိုးရိုးကားရားနိုင်သော အဓိပ္ပာယ်မရှိသည့် တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး သူမ၏ တောင်းဆိုချက်ကို သူဖြည့်ဆည်းမပေးနိုင်ခဲ့လျှင် သူမက သူ့ကိုစိတ်အနှောင့်အယှက် ဆက်ပေးနေဦးမှာဖြစ်သည်။

ကံကောင်းထောက်မစွာပင် စုမင်သည် ဤလုပ်ရပ်ကို လှုံ့ဆော်ပေးခဲ့သူ မဟုတ်ပေ။ သူ သူမကို အကြိမ်အနည်းငယ် ရှောင်ရှားခဲ့ပြီးနောက်တွင် ဤဖြစ်ရပ်တစ်ခုလုံး၏ စတင်သူဖြစ်ခဲ့သော စွန်းတဟူအား ရှာဖွေခြင်းတွင် သူမ ပြန်လည် အာရုံစူးစိုက်သွားခဲ့သည်။

“အမ်... တူမတပည့် ကျီယန်...”

စုမင်သည် ဒေါသ ထွက်နေသော ကျီယန်နှင့် သူမနောက်ရှိ ဖန်းချန်းလန်ကို ကြည့်လိုက်မိပြီး အလိုလို မျက်တောင်ခပ်လိုက်မိသည်။

ဖန်းချန်းလန်သည် သူ့ကိုမမြင်ချင်ယောင် ဆောင်ပြီး အခြားတစ်ဖက်သို့ ခေါင်းလှည့် သွားလေသည်။

“ငါ့ဆီက ဘာလိုချင်သေးလို့လဲ ဆရာဦးလေးစု။ ရှင်မြင်လိုက်ရတာနဲ့တင် မကျေနပ် နိုင်သေးလို့လား”

ကျီယန်က အေးစက်စက်ထေ့ငေါ့ရင်း နဝမတောင်ထွတ်ဆီသို့ ကျက်သရေရှိ ကြော့ရှင်းစွာ လျှောက်လာခဲ့သည်။ သူမသည် စုမင်၏လိုဏ်ဂူ အပြင်ဘက်ရှိ စင်မြင့်ပေါ်တွင်ရပ်လိုက်ချိန်၌ လေဖြတ်တိုက်သွားသဖြင့် သူမ၏ အနက်ရောင်ဆံပင်များက လွင့်မျောသွားပြီး စုမင်နှာခေါင်း အတွင်းသို့ မွှေးရနံ့လေး တစ်ခုရောက်လာခဲ့သည်။

“အမ်... မင်းပြောခဲ့တဲ့အရာကို ငါလုပ်ပေးလို့မရဘူး။ ဒါပေမဲ့ မင်းမြင်တိုင်း အတိုင်းပဲလေ။ မင်းဆရာဦးလေးဟူက ကိစ္စကို စခဲ့တဲ့သူဆိုတော့၊ သူသာ မင်းတောင်းဆိုချက်ကို ဖြည့်ဆည်း ပေးနိုင်မယ်ဆိုရင်တော့ ငါလည်း အဲလိုလုပ်ပေးနိုင်ပါလိမ့်မယ်”

စုမင်ကသာ စကားပြောကောင်းသူမဟုတ်ခဲ့လျှင် သူ တောင်ပိုင် အရုဏ်ဦးကုန်းမြေထံ ရောက်လာခဲ့စဉ်ကလို တိတ်တိတ်ဆိတ်ဆိတ် နေရန်သာ ရွေးချယ်မိပေလိမ့်မည်။

ယခုတော့ နဝမတောင်ထွတ်တွင် သူနွေးထွေးမှုကို ရှာတွေ့ခဲ့ပြီး အိမ်ဟူသောခံစားချက်ကို ရရှိခဲ့သဖြင့် နက်မှောင်တောင်တွင် ရှိနေခဲ့ချိန်က သူ့စကားပြောပုံပြောဟန်ကို အနည်းငယ်ခန့်စီ စတင်၍ ပြန်လည်ရရှိနေပေပြီ။

“ရှင်...” ကျီယန် စုမင်ကို စိုက်ကြည့်လိုက်သည်။ သူမသည် စကားဆက်ပြောရန် ပြင်လိုက်သော်လည်း သူမဘေးရှိ ဖန်းချန်းလန်က ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။  ကျီယန်သည် စုမင်ကို တစ်ချက် စူးစူးဝါးဝါးစိုက်ကြည့်ကာ ဟွန့်ခနဲနှာမှုတ်လိုက်ပြီး စကားပြောလာခဲ့သည်။ “ငါ အရင်ဆုံး ဒါကို ငါ့ဂျူနီယာညီမလေး ဖန်းအတွက် ချန်ထားပေးလိုက်ဦးမယ်။ ငါ ဟူကျီကို ရှာတွေ့တဲ့ အချိန်အထိ နင်စောင့်နေလိုက်”

ကျီယန်က ပြောပြီးသည်နှင့် နဝမတောင်ထွတ်ပေါ်တွင် စတင်လှုပ်ရှားကာ ရှာဖွေတော့သည်။

နဝမတောင်ထွတ်သည် ထူးဆန်းသော နေရာတစ်ခု ဖြစ်သည်။ တောင်ကို မည်သည့် အစီအရင်မှ ကာကွယ်ပေးထားခြင်း မရှိသော်လည်း ခွင့်ပြုပေးခြင်းကိုရမှသာ မည်သူမဆို သူတို့သဘောကျ ဝင်နိုင်ချေသည်။ သူတို့၏ ဝင်ရောက်ခွင့်ကို နဝမတောင်ထွတ်ရှိ လူများမှ ခွင့်ပြု မထားလျှင်တော့ ဝင်လာသူများသည် ကျီချဲကဲ့သို့ပင် အဆုံးသတ် သွားရပေလိမ့်မည်။

သို့သော် နဝမတောက်ထွတ်ရှိ လူတိုင်း ကျီယန်အပေါ် အမှားလုပ်ထားသည်ဟု ပြောနိုင်ပေသည်။ ထျန်းရှဲ့ကျီသည် မရိုးမသား လှည့်ဖြားသည့် အနေဖြင့် အချိန်ကြာမြင့်စွာ တည်းကပင် သီးသန့်တံခါးပိတ်ကျင့်ကြံရန် ဝင်ရောက်သွားခဲ့သည်။

အစ်ကိုကြီးသည်လည်း ဤအရာနှင့် ဘာမှမပတ်သက်သဖြင့် သူ့ဘာသာသူ အေးချမ်းဆိတ်ငြိမ်မှုတွင်သာ ပျော်မွေ့နေခဲ့သည်။

ဤနှစ်လအတွင်း အစ်ကိုနှစ်သည်လည်း ဤနေရာတစ်ဝိုက်တွင်သာ ရှိနေပြီး သူ့အပင်များကို ဂရုစိုက်ရင်း အလုပ်ရှုပ်နေခဲ့သည်။ သူသည် ကျီယန်ကို မြင်လိုက် ချိန်တိုင်းတွင် ဆောင်းလေညင်းကဲ့သို့ ညင်ညင်သာသာ ပြုံးပြပြီး ခေါင်းတစ်ချက် ညိတ်ပြလေ့ရှိသည်။

ကျီယန်က စွန်းတဟူကို ရှာဖွေရန် ထွက်သွားသည်နှင့် ဖန်းချန်းလန်သည် ကောင်းကင်မှနေ၍ စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်သည်။ ဤနှစ်ဦးသည် အချင်းချင်း သိနေကြသည်မှာ ကြာပြီ ဖြစ်ကြောင်း ကျီချဲပြောနိုင်ပြီး အေးခဲ ကောင်းကင်ကလန်၏ ကြီးမြတ်သော လွင်ပြင်များ အတွင်း ပျံ့နှံ့နေသော စုမင်အကြောင်းများနှင့် ယှဉ်တွဲ စဉ်းစားလိုက်မိသဖြင့် ခေါင်းငုံ့ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီး နေရာမှထွက်ခွာ သွားပေးလိုက်သည်။

တိမ်စိုင်ဖြူလွလွများက ပြာလွင်လွင် ကောင်းကင်ပြင်ကို ဖုံးအုပ်ထားပြီး အေးစက်မှု တစ်ခုကို သယ်ဆောင်လာသောလေက လူနှစ်ဦးကို ဖြတ်သန်းတိုက်ခတ်သွားသည်။ သူတို့ဆံပင်များက အနည်းငယ် လွင့်မျောသွားကြပြီး ထိုနေရာတွင် အေးချမ်းသော အလှတရား၏ ခံစားချက် တစ်ခုကို ပေးစွမ်းနေချေသည်။

“ကြည့်ရတာ မင်းငါ့ကို ရှောင်နေသလိုပဲ” စုမင် အပြုံးတစ်ခုဖြင့် ဖန်းချန်းလန်ကိုကြည့်ပြီး ပြောလိုက်သည်။

“မဟုတ်ပါဘူး”

ဖန်းချန်းလန်ကမူ စုမင်ကိုမကြည့်ခဲ့ပေ။ ထိုအစား သူမသည် စင်မြင့်ပေါ်တွင်ရပ်၍ အဝေးရှိ ပြာလဲ့လဲ့မိုးကောင်းကင်ကိုသာ ငေးကြည့်နေခဲ့သည်။

“ဒီနှစ်လအတွင်းမှာ မင်းရဲ့ စီနီယာအစ်မကျီယန်နဲ့ မင်းဒီကို အကြိမ်ကြိမ် လာခဲ့တယ်။ ဒါပေမဲ့ မင်းတစ်ယောက်တည်း ကျန်နေခဲ့ဖို့ ရွေးချယ်လိုက်တာကတော့ ဒါ ပထမဆုံးအကြိမ်ပဲ”

စုမင်အမြင်တွင် ဖန်းချန်းလန်သည် လေပြင်းထဲမှ တည်ငြိမ် အေးချမ်းသော နှင်းကြာပန်းလေး တစ်ပွင့်လိုပင်...

“ငါ အရင်က ဒီကိုလာခဲ့သေးတယ်” ဖန်းချန်းလန်၏ အသံက တိုးသဲ့စွာ ထွက်ပေါ်လာသည်။

“ကျေးဇူး တင်ပါတယ်”

စုမင် ထိုင်ချလိုက်ပြီး သူ့အကြည့်က ကောင်းကင်ရှိ တိမ်စိုင်ဖြူများ ဆီသို့ ရောက်ရှိသွားသည်။

“ဘာ အတွက်လဲ”

ဖန်းချန်းလန်၏ သူမခေါင်းကိုဘေးသို့ လှည့်လိုက်သော လှုပ်ရှားမှုက အလွန်လှပချေသည်။  နေရောင်ခြည်သည် သူမမျက်နှာပေါ်သို့ ဖြာကျနေပြီး သူမ၏ မျက်နှာပေါ်သို့ ဝေ့ဝဲကျဆင်းနေသော ဆံပင်အချို့ကို သူမြင်လိုက်ရသည်။

“ကျီချဲ ဒီကိုရောက်လာတဲ့ အချိန်မှာ ငါ့ကို စိုးရိမ်ပေးခဲ့တာ အတွက်ရော၊ စစ်မာရှင်းနဲ့ တိုက်နေတုန်းက သတိပေးခဲ့တဲ့အတွက်ရော ကျေးဇူးတင်ပါတယ်”

စုမင်သည် သူ့ရှေ့မှ ပုံဆွဲကားချပ်ကို ကောက်ယူပြီး ၎င်းကို ညာလက်ဖြင့် ခပ်ဖွဖွ ပုတ်လိုက်သည်။

ခပ်တိုးတိုး အသံတစ်ခုသည် လေထဲသို့ ပျံ့လွင့်သွားပြီး အမှုန့်အလွှာပါးတစ်ခုက ပုံဆွဲကားချပ်ထံမှ ကျဆင်းလာခဲ့သည်။

“ရှင် စစ်မာရှင်းရဲ့ ရည်မှန်းချက်ကို ခန့်မှန်းသိနေ လောက်ပြီထင်လို့ ကျွန်မ ရှင့်ကို ထပ်ပြီး သတိလာမပေးတော့တာ”

ဖန်းချန်းလန်က ခပ်ဖွဖွပြုံးသည်။ သူမအပြုံးနှင့် ပတ်သက်၍ စုမင် တစ်စုံတစ်ရာအား အရိပ်အမြွက်ခန့် နားလည်သွားသော်လည်း သူအတန်ငယ်မသေချာမရေရာ ဖြစ်နေဆဲပင်။

“မာန်သားတော်တဲ့လား... ဟမ့်...”

စုမင်မျက်လုံးများထဲတွင် အေးစက်ခက်ထန်သည့် အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ စစ်မာရှင်း၏ ရည်ရွယ်ချက်များကို သူရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း သူသည် တောင်ပိုင်း အရုဏ်ဦးကုန်းမြေသို့ တစ်ယောက်တည်း ရောက်လာခဲ့ပြီး လမ်းပျောက်နေခဲ့ရသူ စုမင် မဟုတ်တော့ပေ။

ဖန်းချန်းလန်သည် ခဏတာငြိမ်သက်နေပြီးမှ ညင်သာစွာ ပြောသည်။ “စစ်မာရှင်းက တခြားဘာကို အစီအစဉ်ဆွဲနေမှန်းတော့ ငါမသိဘူး။ ဒါပေမဲ့ ငါ စစ်မာရှင်းကို နားလည်ထားသလို ဆိုရင်၊ သူတစ်ခုခုကို စိတ်ကူးနေလောက်တယ်။ သူက အရှုံးပေးမှာ မဟုတ်ဘူး”

“ရှင်... ပိုဂရုစိုက်သင့်တယ်”

သူမသည် စကားပြောပြီးသည်နှင့် လေကြောင့် ရှုပ်ပွနေသော သူမဆံပင်အချို့ကို သပ်လိုက်ပြီး အချို့ကိုနားနောက်သို့ သပ်တင်လိုက်ကာ တစ်ဖက်သို့ ပြန်လှည့်ပြီး စုမင်ကို ဆက်မကြည့်တော့ပေ။ စုမင်ပြောခဲ့သလိုပင် သူမ သူ့အားအမှန်တစ်ကယ် ရှောင်နေခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ စုမင်အကြည့်နှင့်ဆုံလိုက်မိချိန်တိုင်း သူမ နှလုံးခုန်နှုန်းတို့ ရုတ်တရက် မြန်ဆန်လာသည်ဟု ခံစားရသောကြောင့်ပင်။

“မလှုပ်နဲ့” စုမင်က ရုတ်တရက် ပြောလာသည်။

ဖန်းချန်းလန် အံ့အားသင့်သွားပြီး သိလိုစိတ်ဖြင့် စုမင်ကိုလှမ်းကြည့်လိုက်မိသည်။

“အဲဒီအတိုင်းလေးပဲနေ။ ငါ့ကို မင်းအတွက် ပုံဆွဲပေးခွင့်ပြု”

စုမင်သည် ပုံဆွဲကားချပ်ကိုကိုင်ကာ ဖန်းချန်းလန်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ပုံဆွဲကားချပ်ပေါ်တွင် ညာဘက်လက်ဖြင့် စုတ်ချက်တစ်ချက် ရေးဆွဲလိုက်သည်။

ဖန်းချန်းလန်၏ ပါးမို့မို့များက နီရဲသွားရသည်။ သူမသည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမ၏ ဆံပင်ကို နားနောက်သို့ သပ်တင်နေသည့် ပုံစံအတိုင်း စုမင်ကို လှမ်းကြည့်နေမိသည်။ သူမ အဝတ်အစားများသည် လေတွင် တဖျတ်ဖျတ်လွင့်နေပြီး သူမနောက်ရှိ ကောင်းကင်ပြာနှင့် တိမ်စိုင်ဖြူများသည် သူမအတွက် နောက်ခံရှုခင်းအဖြစ် လုပ်ဆောင် ပေးနေကြသယောင်ယောင်...

လေသည် သူမအဝတ်အစားများကိုသာ တဖျတ်ဖျတ် လွင့်မျောနေစေခြင်း မဟုတ်ပဲ သူမ ဆံပင်များကိုပါ လွင့်နေစေသည်။ ဤအရာသည် လှပသောပန်းချီကားတစ်ချပ်ပင်ဖြစ်သည်။

အချိန်သည်ပင် ရုတ်တရက်နှေးကွေးသွားသယောင်... စုမင်လက်ချောင်းများ အောက်ရှိ ပုံဆွဲကားချပ် ပေါ်တွင် အမျိုးသမီးတစ်ဦး၏ မျက်နှာက တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။

ဖန်းချန်းလန်၏ တလှပ်လှပ်ခုန်နေသော နှလုံးသားလေးသည် တစ်ဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။ စုမင်ကို စူးစိုက် ကြည့်နေမိချိန်တွင် သူမမျက်လုံးထဲသို့ ပထမဆုံး ဝင်လာသော အရာသည် စုမင်မျက်လုံးအောက်မှ အမာရွတ်ပင်ဖြစ်သည်။

ထိုအမာရွတ်ကို မြင်လိုက်ရချိန်တွင် ဖန်းချန်းလန်၏ နှလုံးသားက နာကျင်သွားခဲ့ရသည်။

သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး စကားမပြောခဲ့ပေ။ ဤငြိမ်းချမ်းမှုထဲတွင် တစ်ဦးက ပုံဆွဲပြီး အခြားတစ်ဦးကမူ စောင့်ကြည့်နေခဲ့သည်။

အဝေးတွင် ရပ်နေသော ကျီချဲမျက်နှာပေါ်တွင် လေးစားသော အမူအရာမျိုး ဖြစ်ပေါ်လာခဲ့သည်။ စုမင်နှင့် ဖန်းချန်းလန်တို့ ပြောနေသည်ကို သူမကြားရသော်လည်း စုမင်က ဖန်းချန်းလန်အား ပုံဆွဲပေးနေသည်ကို မြင်လိူက်ရသောအခါ စုမင်အပေါ်သူ၏ လေးစားမှုသည် မယုံနိုင်လောက်အောင် မြင့်မားသွားခဲ့ရသည်။

‘ဆရာဦးလေးစု ဆိုတဲ့အတိုင်းပဲ၊ စစ်မာရှင်းနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ သူ့ရဲ့ သတ်ဖြတ်လိုတဲ့ အသိက ကြောက်ဖို့ ကောင်းတဲ့အပြင်၊ သူ့မှာ ခြောက်လှန့်နိုင်တဲ့ အရှိန်အဝါတစ်ခုလည်း ရှိနေခဲ့သေးတယ်... အခုတော့ သူကအရမ်းကို ညင်သာနေပြီး အမျိုးသမီးတစ်ယောက်ကို ရှက်ပြုံးပြုံးအောင် လုပ်နေနိုင်တယ်... ငါ ဘယ်တော့များမှ အဲလိုဖြစ်လာနိုင်မှာလဲ’

ကျီချဲ လေးပင်စွာ သက်ပြင်း ချလိုက်ပြီး ခေါင်းခါယမ်းကာ တစ်စုံတစ်ခုကို တွေးတောနေဟန်ဖြင့် မျက်လုံးများကို ခပ်ဖွဖွ မှိတ်ချလိူက်သည်။

‘သူက စစ်မာရှင်းနဲ့ တိုက်ခဲ့တာ နှစ်လပဲရှိသေးတာကို အခုတော့ ထိုင်ပြီး မိန်းမတစ်ယောက် အတွက် ပုံဆွဲပေးနေတယ်။ ငါလည်း အဲလိုလုပ်နိုင်တဲ့ နေ့မျိုး ရောက်လာရင်...’

‘ငါ့ရဲ့ နောက်စာကြောင်းက ဘာဖြစ်မလဲ’

ကျီချဲ မျက်မှောင်ကြုတ် လိုက်သည်။ ဤနှစ်လအတွင်းတွင် သူသည် နဝမ တောင်ထွတ်မှ လူများ၏ မတူကွဲပြားသည့် အကျင့်စရိုက်များကို လေ့လာခဲ့ပြီး  နားလည် သဘောပေါက်မှုတစ်ခု ရရှိခဲ့သည်။ ထိုလူများ၏ အကျင့်စရိုက်များကပင် သူတို့ကို အခြားသူများနှင့် အလွန်အမင်း ကွဲပြား ခြားနားနေစေခြင်း ဖြစ်နိုင်ကြောင်း သူယုံကြည်ခဲ့ရသည်။

ထို့ကြောင့်ပင် ကျီချဲသည် သူ့အတွက်လည်း ဤကဲ့သို့ ဖြစ်ပျက်လာနိုင်မည့် သူ့ကိုယ်ပိုင် ထူးခြားသော အမူအကျင့်တစ်ခုကို ကြိုးစားရှာဖွေနေခဲ့ခြင်း ဖြစ်ပြီး သူလေးလေးနက်နက် စဉ်းစားနေချိန်တွင် ကဗျာများကို စတင်စပ်လေ့ရှိသည်...

သူ၏ နောက်ထပ် စာကြောင်းက ဘာဖြစ်လိမ့်မည်ကို ကျီချဲစဉ်းစားနေချိန်၊ စုမင်က ဖန်းချန်းလန်ကိုကြည့်ကာ သူမအားပုံဆွဲပေးနေချိန်တွင် နဝမတောင်ထွတ်ပေါ်မှ အပင်များကို ဂရုစိုက်နေသော စုမင်အစ်ကိုနှစ်သည် စုမင်လိုဏ်ဂူရှိရာဘက်ဆီသို့ ခေါင်းကို မော့ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် တဖျတ်ဖျတ် စူးရှတောက်ပ သွားခဲ့ရသည်။

“ကျေးဇူးပဲ ညီငယ်လေး” အစ်ကိုနှစ်သည် ထိုနားလည်ရ ခက်ခဲသော စကားလုံးများကို ရုတ်တရက် ရေရွတ်လိုက်ပြီး ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီးမှ အကြိမ်အနည်းငယ်ခန့် ဟန်လုပ်ကာ ချောင်းဟန့်လိုက်သည်။ ထို့နောက် သူသည် ထိုနေရာမှ သဲလွန်စပင် မကျန် ပျောက်ကွယ် သွားချေသည်။

နဝမတောင်ထွတ်၏ အခြားတစ်နေရာတွင် အစ်ကိုနှစ်သည် ရုတ်တရက် ပေါ်လာခဲ့သည်။ သူသည် ပထမဆုံးအနေဖြင့် အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုလုပ်လိုက်ပြီးမှ အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လက်ကိုနောက်ပစ်ကာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

သို့သော် သူ့ခန္ဓာကိုယ်ကို ဘေးသို့ သိပ်မရွှေ့ရသေးခင်မှာပင် နေရောင်ခြည်က သူ့မျက်နှာပေါ် ဖြာကျလာခဲ့သည်။

မကြာမီမှာပင် သူသည် နောက်တစ်ကြိမ် မျက်မှောင်ကြုတ်လိုက်ပြန်ပြီး သူ့ဘေးသို့ ဘယ်လက်ဖြင့် ဝှေ့ယမ်းလိုက်သည်။ ရုတ်ခြည်းဆိုသလိုပင် လေပြည်ညင်းလေးတစ်ခုက သူ့ကို ဖြတ်သန်း တိုက်ခတ်သွားပြီး သူ့ဝတ်ရုံများနှင့် ဆံပင်များကို တဖျတ်ဖျတ် လွင့်ခါသွားစေသည်။ သူ့ပတ်ဝန်းကျင်မှ အဆက်မပြတ်တိုက်ခတ်နေသော လေများနှင့်အတူ အစ်ကိုနှစ်သည် ကောင်းကင်ကို ဆက်မော့ကြည့်ရင်း ငြိမ်သက်နေခဲ့သည်။

မကြာမီမှာပင် သိပ်မဝေးသောနေရာရှိ လှေကားထစ်များ၌ ကျီယန်ပေါ်လာခဲ့သည်။ သူမသည် အချို့နေရာများသို့ သွားရောက်ရှာဖွေပြီးဖြစ်သော်လည်း ဟူကျီကို ရှာမတွေ့သေးပေ။ သူမသည် ဒေါသ ထွက်နေသော်လည်း သူမဒေါသကို ဖြေဖျောက်နိုင်မည့် မည့်သည့်အရာကိုမှ မလုပ်နိုင်ဖြစ်နေခဲ့သည်။

သူမရှေ့သို့ဆက်လျှောက်လာချိန်တွင် သူမနားထဲသို့ နူးညံ့ညင်သာသော အသံတစ်သံ ရောက်လာခဲ့သည်။

“မိန်းကလေး ကျီယန်”

ကျီယန်ခြေလှမ်းများက ရပ်တန့်သွားသည်။ သူမလှည့်ကြည့်လိုက်ချိန်တွင် အနီး၌ ရပ်နေသော စုမင်၏ အစ်ကိုနှစ်ကို တွေ့လိုက်ရပြ သူ့ကိုမြင်လိုက်ရသည့် အချိန်တစ်ခဏလေးတွင် သူမမျက်နှာထက်၌ ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

စုမင်အစ်ကိုနှစ်၏ ဆံပင်များသည် လေထဲ၌လွင့်မျောနေသည်ကို သူမမြင်လိုက်ရသည်...

သူ့ဝတ်ရုံရှည်သည်လည်း လေဖြင့် တဖျတ်ဖျတ်လှုပ်ခါ လွင့်မျောနေသေးသည်...

ထိုသူ၏ ဘေးတိုက်မျက်နှာအနေအထားနှင့် လက်များကိုနောက်ပစ်ကာ ကောင်းကင်ရှိ တိမ်စိုင်များကို ငေးမောကြည့်နေသော သူ့ပုံစံကိုပင် သူမမြင်လိုက်ရသေးသည်။ သူ့မျက်နှာပေါ်သို့ နေရောင် ဖြာကျလာချိန်တွင် ထိုသူ၏ ပုံမှန်ပုံစံနှင့် ကွဲပြားခြားနားနေစေခဲ့သည်။

ကျီယန်တစ်ယောက် ကြက်သီးမွေးညင်းများ ထသွားသလို ခံစားလိုက်မိ၏။ ဤလူ ဘာဖြစ်နေမှန်း သူမ မသိသဖြင့် နောက်သို့ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး နူးနူးညံ့ညံ့ ပြောဆိုလိုက်မိသည်။

“အာ... နဝမတောင်ထွတ်ရဲ့ ဒုတိယဆရာဦးလေးကို နှုတ်ခွန်းဆက်ပါတယ်”

***

All Chapters