အခန်း (၁၀၈၅-၁၀၈၆)
Vol. 91 Ch. 1085-1086
အခန်း ၁၀၈၅ –
စိတ်ဝိညာဉ်၏ ဖိအားများ ... ။
ထိုသေလွန်ဝိညာဉ်အိုကြီးများ၏ ဆူညံလှသော ဆွေးနွေးသံများကို ကြားချိန်၌ ယွင်ဟွာချင်းနှင့် ယွီနင်တို့သည် စိတ်လှုပ်ရှား လာကြပြီး စုရီထံ လှည့်ကြည့်၏။
စုရီသည် မိန်းကလေး ဟုန်ယွင်နှင့် အကြောင်းအရာအချို့ကို ပြောကြားနေသည်။ အင်မော်တယ်လမ်းသို့ ခြေလှမ်းစတင်ရုံသာ ရှိသေးသည့် ဤလူငယ်သည် နတ်တမန် တစ်ဦးကို သတ်ဖြတ်နိုင်ချေ၏။
ထိုသေလွန်ဝိညာဉ်ကြီးများ ပြောကြား နေသလိုပင် ဤကြီးမားသော အပြောင်းအလဲမှာ စုရီတစ်ဦးတည်းကြောင့် ဖြစ်ခဲ့သည်မှာ အမှန်ပေပင်။
ကျိန်စာသင့် ကျောက်တိုင်မှာ ပျောက်ကွယ်သွားပြီး ထိုရှေးဟောင်း နယ်မြေ သည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ယနေ့မှစ၍ အင်မော်တယ်လမ်း၏ နိယာမများနိုးထကာ ရင်ခုန်စိတ်လှုပ်ရှားမှုများ ကြုံတွေ့ရတော့မည် ဖြစ်သည်။
“ တာအိုစု မင်းငါ့ရဲ့ နောက်ခံကိုသိနေတာလား။ ”
ဟုန်ယွင်က ခေတ္တမျှတုံ့ဆိုင်းနေပြီး မေးမြန်းလိုက်သည်။ စုရီက ခေါင်းညိတ်ပြ၏။ ဤမိန်းကလေးမျိုးရိုးမှာ ‘နင်’ ဖြစ်သည်။
သူမသည် ဗဟိုအင်မော်တယ်နန်းတော် အဋ္ဌမမြောက်အင်မော်တယ်ဘုရင်၏ မျိုးဆက် ဖြစ်၏။ နင်မျိုးနွယ်သည် အင်မော်တယ်လောက တလျှောက် ရှေးအကျဆုံးသော မင်းမျိုးမင်းနွယ် များအနက်မှ တစ်ခုပေပင်။
ဆဋ္ဌမမြောက်ဘဝဝမ်ယဲ့၏ မှတ်ဉာဏ်များအရ ထိုမျိုးနွယ်ဘိုးဘေးများမှာ ကောင်းကင်ကို ထောက်မထားနိုင်သည့် သူရဲကောင်းကြီးများ ဖြစ်ကြသည်။
“ ဒါဆို ... တာအိုစုက ... တကယ်ပဲ အဲဒီစီနီယာလား။ ”
ဟုန်ယွင်မှ ထပ်မေးပြန်သည်။ စုရီက ပြုံးလျက်ခေါင်းရမ်း၏။ ဟုန်ယွင်တစ်ယောက် မျက်လုံးပြူးသွားတော့သည်။
“ ဒါဆို မဟုတ်ဘူးပေါ့။။ ”
ထိုစဉ်က ဗဟိုအင်မော်တယ်နန်းတော်၏ အင်မော်တယ်ဘုရင်ဆယ်ပါးတွင် ခေါင်းဆောင် ပုဂ္ဂိုလ်ပေပင်။ စိတ်နေစိတ်ထားမှာ အလွန်ပင် ပြတ်သားလွန်းသောကြောင့် ‘ဓားရူး’ဟု ခေါ်ဝေါ်ခဲ့ကြသည်။
“ အချိန်တန်ရင် မင်းသိလာမှာပါ မင်းရဲ့ မိသားစုကြားနဲ့ ငါ့ကြားမှာ ပတ်သက်မှုတစ်ခု ရှိခဲ့ဖူးတယ် ...
... ငါတို့ ပထမဆုံးစဉ်တုန်းက မင်း ငါ့ကို အထူးတလည် ဆက်ဆံခဲ့တဲ့ အကြောင်းရင်းကို ငါ နားလည်ပါတယ် ဒီကျေးဇူးကို မှတ်ထားလိုက်မယ်။ ”
ဟုန်ယွင်က ဆက်မမေးတော့ဘဲ ပြုံးလျက် ခေါင်းညိတ်ပြသည်။ ထို့နောက် တစ်စုံတစ်ရာကို သတိရလာကာ၊
“ မကြာခင်မှာ ဒိုမိန်းတိုက်ပွဲကွင်း ပေါ်လာတော့မယ် အဲ့ဒီအချိန်မှာ ... အရှေ့ဘက် ကြယ်လွင်ပြင်ရဲ့ ကျင့်ကြံသူတွေတင်မကဘဲ အခြားနယ်မြေသုံးခုက ကျင့်ကြံသူတွေလည်း ဝင်ရောက်လာကြလိမ့်မယ် ...
... အချို့က ကံကြမ္မာကို ရှာဖို့ဖြစ်ပြီး ... အချို့ကတော့ အင်မော်တယ်နယ်ပယ်ကိုလှမ်းဖို့ သွားရောက်ကြလိမ့်မယ် တာအိုစုရော သွားရောက်ဖို့ စိတ်ကူးရှိတယ်။ ”
-ဟု အသိပေးလာ၏။
“ အချိန်ကျမှ စဉ်းစားကြည့်ရအောင်။ ”
စုရီက ပြန်ဖြေသည်။ ဒိုမိန်းတိုက်ပွဲကွင် အကြောင်းပြောရမည်ဆိုသော် အတိတ်မှကိစ္စ အချို့ကို သတိရသွား၏။
ထိုစဉ်က ရူးသွပ်နေသော လှံရှည်ကိုင်ဆောင်ထားသည့် အမျိုးသမီးမှာ ဒိုမိန်းတိုက်ပွဲကွင်းတွင် တွေ့ဆုံမည်ဟု သူ့ကိုချိန်းဆိုထားလေသည်။
“ သွားရအောင် ... ။ ”
ထိုနေ့မှာပင် စုရီနှင့် ဟုန်ယွင်တို့သည် ကြယ်မုန်တိုင်းတားမြစ်မြေမှ ထွက်ခွာလာခဲ့၏။ ယွင်ဟွာချင်းနှင့် ယွီနင်တို့သည် တားမြစ်မြေ၌ နေရစ်ရန် ရွေးချယ်ခဲ့ကြသည်။
ကပ်ဘေးစွမ်းအားများ ပျောက်ကွယ်သွားပြီးနောက် အင်မော်တယ် တာအိုစည်းမျဉ်းများ ပထမဆုံး နိုးထလာသည့် ဒေသကြီးဖြစ်ရာ သူတို့အတွက် ကျင့်ကြံရန် အကောင်းဆုံးနေရာအရပ်ပေပင်။
ပင်လယ်လေးပါးမျှော်စင် ချင်ယွဲ့တောင်။
စုရီတစ်ယောက် ပြန်ရောက်သည်နှင့် ငါးခြောက်တစ်ကောင်အလား ကြိမ်ကုလားထိုင် ပေါ်၌ လဲလျောင်းပြီး လုံးဝမိန်းမောသွား၏။
လက်ချောင်းလေးတစ်ချောင်းကိုပင် မလှုပ်ချင်လောက်အောင် ဖြစ်လာနေချေပြီ။ ဤခရီးသည် သူ့အတွက် အလွန်ပင်ပန်းလှ၏။
ယင်းသည် စိတ်ဝိညာဉ်အပေါ် များစွာသောသက်ရောက်မှုများ ဖြစ်ပွားစေ ခဲ့လေသည်။
လမ်းတလျှောက်တွင် တိုက်ပွဲများစွာနှင့် မီကျန်း၊ အရိုးလက်ပိုင်ရှင်မိန်းကလေး၊ ဉာဏ် အလင်းမီးအိမ်ကိုင် မြတ်ဗုဒ္ဓစသည်တို့ကို မြင်တွေ့ခဲ့ရသည်။
ဤသို့သော အန္တရာယ်များနှင့် ရင်ဆိုင်ရချိန်တိုင်း တစ်ဖက်ရန်သူကိုသာမက ဆဋ္ဌမမြောက်ဘဝကိုလည်း စောင့်ကြည့်ရ၏။
အတွင်းအပြင် ဖိအားနှစ်ရပ်ကို တပြိုင်နက်တည်း ရင်ဆိုင်ရခြင်းပေပင်။ များစွာ ပင်ပန်းနွမ်းလျစေသည်။ ထို့ကြောင့် စိတ်လျော့ လိုက်သောအခါ ထိုပင်ပန်းမှုများမှာ တောင်ပြို သကဲ့သို့ ဝင်ရောက်လာတော့၏။
မည်သည့်အချင်းအရာကိုမျှ မတွေး၊ မည်သည့်အချင်းအရာကိုမျှ မလုပ်ဆောင်ဘဲ အနားယူလိုသည်။
“ သူ့ကို သွားမနှောင့်ယှက်နဲ့ ... ။ ”
ဟုန်ယွင်က လူတိုင်းကို မှာကြားပြီး အပြင်သို့ခေါ်ထုတ်သွားကာ စုရီတစ်ဦးတည်း ထားရစ်ခဲ့လိုက်သည်။
“ စီနီယာ ... ဆရာ အဆင်ပြေရဲ့လား။ ”
ချင်းတျန်မှ စိုးရိမ်တကြီး မေး၏။ အခြားသူများသည်လည်း ဟုန်ယွင်အဖြေကို စိတ်ဝင်စားလာကြသည်။ စုရီတစ်ယောက် ဤမျှပင်ပန်းနေသည်ကို သူတို့ ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်၏။
“ တာအိုစုမှာ နှလုံးသား အသွင်ပြောင်းမှုတစ်ခုကို ကြုံတွေ့နေရတာပါ သူ ပြန်နိုးထလာတဲ့အခါ သူ့ရဲ့နှလုံးသားဟာ အများကြီး ကွာခြားလာလိမ့်မယ်။ ”
သို့မှသာ လူတိုင်း စိတ်အေးသွား ကြတော့သည်။ ထိုနေ့မှာပင် ဟုန်ယွင်သည် မိုမျိုးနွယ်ကို ဆက်သွယ်ကာ၊
“ အခုချိန်ကစပြီး တာအိုစုအပေါ် ဆန့်ကျင်တဲ့လူ မှန်သမျှကို ... ငါကိုယ်တိုင် သုတ်သင်မယ်။ ”
-ဟု ကြောငြာချက် ထုတ်ပြန်စေလိုက်သည်။
ညခင်းအချိန်ရောက်ရှိလာသောအခါ ဟုန်ယွင်မှ သူမကိုယ်တိုင် ချက်ပြုတ်ထားသော ဟင်းလျာများနှင့် အရက်တစ်အိုးကို စုရီထံ ယူဆောင်လာပေးသည်။
စုရီက မျက်လုံးဖွင့်လာပြီး ရုပ်သေးတစ်ရုပ်လိုစားသောက်၏။ ယင်းကို ဟုန်ယွင်မှ ပြီးဆုံးသည်အထိ စောင့်ကြည့်ကာ ပြန်လည်ထွက်လာခဲ့သည်။
“ ငါ့သခင် ... ဒီတစ်ခါ ပြန်လာတာ အခြားတစ်ယောက်လို လုံးဝကြီး ပြောင်းလဲ သွားတာပဲ။ ”
ခွေးဝါကြီးက ပြောကြားလိုက်သည်။ ဟုန်ယွင်သည် ဤမျှ ဂရုတစိုက်ပြုစုနေသည်မှာ ယုံနိုင်စရာမရှိချေ။ အထူးသဖြင့် ရိုသေသော အကြည့်များပေပင်။ လမ်းခရီး၌ ကြီးကြီးမားမား တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ပုံရ၏။
ခွေးဝါကြီး စကားကြောင့် ဟုန်ယွင်က သက်ပြင်းချကာ၊
“ သူ အရမ်းပင်ပန်းနေတယ် ... ငါက အစားအသောက်လေး ပြင်ဆင်ပေးရုံပါ ဒီခရီးမှာ သူ ငါ့အသက်ကို ကယ်ခဲ့တယ် ... ငါ့ဘဝမှာ ပထမဆုံးအကြိမ် ငါ့ကိုယ်ငါ အသုံးမကျဘူးလို့ ခံစားရပြီး တကယ်ရှက်မိတယ်။ ”
-ဟု ပြောကြားလာသည်။
ရှေးဟောင်း တားမြစ်နယ်မြေတွင် ကြုံတွေ့ခဲ့ရသော ကပ်ဘေးစွမ်းအားမှာ သူမ၏ အထွတ်အထိပ်အချိန်တွင်ပင် ခုခံနိုင်ရန် ခက်ခဲလှပေသည်။
စုရီ၏ ကူညီမှုများသည် သူမကို အကြီးအကျယ် သက်ရောက်မှုများပေးချေ၏။ သန်းခေါင်ယံ အမှောင်အောက်တွင် စုရီသည် တဖြည်းဖြည်း နိုးထလာသည်။
သို့တိုင်ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ လဲလျောင်းလျက် ကြယ်များထံငေးကြည့်နေ၏။
“ ငါ ပင်ပန်းသလို မင်းလည်း ပင်ပန်းနေတယ် မဟုတ်လား။ ”
သူ့နှုတ်ဖျားမှု ညည်းညူသံထွက်လာသည်။
“ နတ်ဘုရားတွေရဲ့ စွမ်းအားကို မြင်လိုက်ရတဲ့အချိန်နဲ့ လော့ယောင်ရဲ့အစွမ်းကို မြင်လိုက်ရချိန်တွေမှာ ငါတို့ဖိအားတွေ အများကြီး ခံစားလိုက်ရတယ်။ ”
ညလေပြေများသည် သူ့မျက်နှာကို ဖြတ်တိုက်ကာ ဆံနွယ်များကို လွင့်မျောနေစေ တော့သည်။
“ အဲဒီ ဉာဏ်အလင်းဆီမီးအိမ် ... ကိုင်ဆောင်သူမြတ်ဗုဒ္ဓက စစ်မှန်တဲ့နတ်ဘုရားပဲ လော့ယောင်ကလည်း ဝိညာဉ်အပိုင်းအစလေးနဲ့ နတ်ဘုရားပဋိညာဉ်ကို ဖယ်ရှားပစ်နိုင်ခဲ့တယ် ...
... ဒါဟာ အဲဒီတုန်းက မင်း ... အင်မော်တယ်ဘုရင်ဖြစ်ခဲ့စဉ် ကာလမှာတောင် မရရှိခဲ့ဖူးတဲ့ ခွန်အားမျိုးပဲ ...
... ဒါကြောင့်လည်း မင်း အရင်က နတ်ဘုရားတွေရဲ့ပဋိညာဉ်နဲ့ ကြုံရတုန်းက ချက်ချင်း လှည့်ပြေးခဲ့ရတာပါ။ ”
စုရီက သက်ပြင်းချလိုက်သည်။
“ အခု ... ငါပြန်လာကတည်းက စိတ်ဓာတ်တွေကျနေတာ မင်းကြောင့်ပဲဆိုတာ ငါသိတယ် ဒါပေမယ့် ... ငါတို့နှစ်ယောက်ရဲ့ အခြေအနေက အတူတူပဲမို့ ငါမင်းကို လှောင်ပြောင်ဖို့ အရည်အချင်း မရှိပါဘူး။ ”
ထို့နောက် စုရီ အကြည့်များမှာ လေးနက်တည်ကြည်လာပြီး၊
“ ဘာပဲဖြစ်ဖြစ် ... မင်းတို့တွေ မလုပ်နိုင်ခဲ့တာတွေကို ငါ လုပ်ပြမယ် မင်းတို့ မသတ်နိုင်ခဲ့တဲ့ ရန်သူတွေကို ငါသတ်မယ် ...
... တစ်နေ့မှာ ငါစုရီဟာ ကိုးဘဝ အမွေအားလုံးကိုပေါင်းစည်းပြီး နတ်ဘုရားတွေ အားလုံးကိုသတ်မယ်၊ အားလုံးထက်မြင့်မြတ်တဲ့ ဘဝလမ်းကို လျှောက်လှမ်းမယ်။ ”
-ဟု ကြေငြာလိုက်၏။
တစ်ဆက်တည်းမှာပင် သူ၏ လေးကန်နေသော အသွင်မှသည် အနည်းငယ် ပြန်လည်တက်ကြွလာကာ၊
“ ဘယ်လိုလဲ ဒီဖြေရှင်းချက်က လုံလောက်ရဲ့လား။ ”
-ဟု မေးမြန်းလိုက်တော့၏။
***
အခန်း ၁၀၈၆ –
အပေါင်ဆိုင်ပိုင်ရှင်ထံမှ သတင်းစကား။
စုရီတစ်ယောက် တစ်ကိုယ်တည်း စကားများပြောကြားပြီးနောက် သူ့စိတ်အစဉ်မှာ လန်းဆန်းသွားကာ အရာရာကို ကြည်လင်စွာ မြင်နိုင်လာတော့သည်။
ဟုန်ယွင် ခန့်မှန်းခဲ့သည့်အတိုင်းပင် ကြယ်မုန်တိုင်းတားမြစ်နယ်မြေ ခရီးစဉ်သည် သူ့ကို အပြင်းထန်ဆုံးသော ဖိအားများ ပေးခဲ့ချေ၏။
စုရီက ကြိမ်ကုလားထိုင်ပေါ်တွင် လဲလျောင်းလျက် ကြေးနီဘုံကျောင်းလေးကို ထုတ်ယူလိုက်သည်။
“ ရှေးဟောင်းပစ္စည်း ရောင်းသူ ... မင်း အခုထိ ထွက်မလာသေးရင် မင်းအရင်က မူးပြီး လုပ်ခဲ့တဲ့ အရှက်ရစရာကိစ္စတွေကို လောကကြီး သိအောင် ငါပြောလိုက်ရမလား။ ”
စုရီက ညင်သာစွာ ဆိုလိုက်သည်။
“ ဒါဆို ပြောကြည့်ပါဦး ... ငါ ဘာတွေလုပ်ခဲ့လဲဆိုတာ ... ။ ”
ကြေးနီဘုံကျောင်းအတွင်းမှ အသံက တုန့်ပြန်လာ၏။ အသံရှင်သည် ယခုထိအချိန်ထိ သတိကြီးနေဆဲပေပင်။ သူ့ကို အပ်ချုပ်သမား အဖြစ် သံသယ ရှိနေချေ၏။
“ မင်း အရင်က ကျိန်ဆိုခဲ့ဖူးတယ် ... ငါနဲ့အရက်ပြိုင်သောက်လို့ ရှုံးရင် ငါ့ကိုမင်းရဲ့ ဘိုးဘေးအဖြစ် သတ်မှတ်ပြီး တွေ့တိုင်း သုံးကြိမ် ကန်တော့မယ်။ ”
“ မင်း ... မင်း တခြား ဘာတွေ သိသေးလဲ။ ”
“ ဒုတိယအကြိမ် ထပ်ရှုံးတော့ မင်းတစ်သက်စုဆောင်းထားတဲ့ ရှေးဟောင်း ပစ္စည်းတစ်ဝက် ငါ့ကိုပေးပါ့မယ် မပေးနိုင်ရင် ငါ့ကိုဘိုးဘေးလို့ ခေါ်ပြီး သုံးရက်အရိုအသေ ပေးမယ်လို့ ပြောခဲ့တယ်။ ”
“ ဝှစ် ... ။ ”
ဤစကားကို ကြားသောအခါ ကြေးဝါဘုံကျောင်းသည် ပြင်းစွာတုန်ခါသွားပြီး အဖိုးကြီးတစ်ယောက်၏ ရှက်ရွံ့နေသောအသွင် ထွက်ပေါ်လာချေပြီ။
“ ညီလေး ... လုံလောက်ပြီ မင်းထပ်ပြောစရာမလိုတော့ဘူး။ ”
“ ဟားဟားဟား ... ။ ”
စုရီက ပိန်ပိန်ပါးပါးနှင့် အဝတ်အစား၌ ဖာထေးရာများပြည့်နှက်နေသော အဘိုးအိုထံ ပြန်ကြည့်လိုက်သည်။
အသွင်အပြင်အရ သူတောင်းစားနှင့် တူသော်လည်း ဤကမ္ဘာကြီးတွင် အကြွယ်ဝဆုံး မြေခွေးအိုကြီးဖြစ်၏။ ရတနာအတွက် လူပေါင်း များစွာကို လှည့်စားပြီး အနိုင်ယူခဲ့သည်။
အပ်ချုပ်သည်ကဲ့သို့သော မြေခွေးအိုကြီးပင်လျှင် သူ့လှည့်စားမှုခံရသဖြင့် ကမ္ဘာမကျေအမုန်းတရားများ ဖြစ်ပေါ်စေ၏။
သို့သော် ဤအဖိုးအိုသည် လေးစားစရာ ကောင်းသည်မှာ ဆင်းရဲသားများမလှည့်စားဘဲ ချမ်းသာကြွယ်ဝသော အဖိုးကြီးများ၊ သက်ရှိ ရုပ်ကြွင်းများကိုသာ လိမ်လည်ချေပြီ။
“ မင်း ... မင်းက တကယ်ပဲ ငါ့ရဲ့ ညီလေးလား။ ”
အဖိုးအိုမှ သံသယဖြင့်ကြည့်ကာ သူ့ကိုယ်ပေါ်ရှိ ရတနာပစ္စည်းပေါင်း(၁၇)ပါးကို အသက်သွင်းရန် အသင့်ပြင်ထား၏။
“ ဟားဟားဟား ... ။ ”
စုရီက ဒုတိယအကြိမ် ရယ်မောလျက် လက်ကိုဆန့်ပြလိုက်ရာ အဖိုးကြီးခန္ဓာကိုယ်မှ ကြေးနီတံဆိပ်ပြားတစ်ခု ရောက်ရှိသွား၏။ ဤတံဆိပ်မှာ ထူးခြားသော ရှေးဟောင်း အင်မော်တယ်ရတနာ တစ်ပါးပေပင်။
“ ငါသာ အပ်ချုပ်သမားဆိုရင် ဒီတစ်ချက်တည်းနဲ့ မင်း အသက်ပျောက်သွားပြီ။ ”
စုရီမှ ပြောကြားလိုက်သည်။ အဖိုးကြီးခမျာ ခန္ဓာကိုယ်တောင့်တင်းသွားပြီး စိတ်လှုပ်ရှားစွာ ပြန်ကြည့်လာ၏။
“ တကယ့်ပဲ ... ငါ့ရဲ့တာအိုညီလေးလား။”
“ ရော့ ... အရင်သောက်ပါ။ ”
စုရီက ထပ်မပြောတော့ဘဲ ဝိုင်အိုးကို ထုတ်ပေးလိုက်လေသည်။ အဖိုးအိုတစ်ယောက် ချက်ချင်း ဝမ်းသာသွားကာ အရက်အိုးကို အားပါးတရ မော့သောက်တော့၏။
သည့်နောက် နှစ်ဦးသား စကားစမြည်များ ပြောကြားနေခဲ့သည်။ အပ်ချုပ်သမားစကားမှာ အမှန်ဖြစ်၏။ သူ၏ လိုက်လံသတ်ဖြတ်မှုကြောင့် ကြယ်မုန်တိုင်းတားမြစ်နယ်မြေသို့ ဝင်ပြေးကာ ပုန်းအောင်းခဲ့ရခြင်းပေပင်။
ရက်အနည်းငယ် ကုန်လွန်ပြီးနောက် ညတစ်ညတွင် စုရီသည် လီပေ့ရှန်၊ အဖိုးကြီးဝေ၊ ဝေရှန်၊ ချင်းတျန်၊ ရှေးဟောင်းပစ္စည်းရောင်းသူ တို့နှင့်အတူ အရက်သောက်နေစဉ် နားထဲ၌ ခေါင်းလောင်းသံ တစ်ချက်ကြားလိုက်ရ၏။
“ မင်းတို့ ဒီမှာ ငါ့ကို စောင့်နေပါ။ ”
ဤသည်မှာ နှလုံးသားခေါင်းလောင်းပေပင်။ ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ထရပ်လျက် အသံထွက်ပေါ်လာရာသို့ ထွက်လာခဲ့သည်။
ပင်လယ်လေးပါးမျှော်စင် ချင်ယွဲ့တောင်တန်းမှ မိုင်ပေါင်းရာချီဝေးသည့် အရပ်တွင် လေဟာနယ်တုန်ခါသွားပြီး နှစ်ထပ် ဝါးအိမ်လေးတစ်လုံး ပေါ်ထွက်လာ၏။
တံစက်မြိတ်တွင် ကောင်းကင်ဘုံ အပေါင်ဆိုင်ဟူသောအမည်ကို ချိတ်ဆွဲထားပြီး အနီရောင် မီးအိမ်နှစ်လုံး မှိန်ပြပြလင်းနေ၏။
“ တာအိုစု လာပြီ ... ။ ”
စုရီ ရောက်ရှိလာသည်နှင့် အပေါင်ဆိုင်စာရေးက ပြာပြာသလဲပြေးကာ ခရီးဦးကြိုပြုလေသည်။
“ တာအိုစု ... ငါ့သခင်မကို ကယ်တင်ပေးပါဦး ... ငါ့သခင်မ ဒုက္ခ ရောက်နေပြီ။ ”
အပေါင်ဆိုင်စာရေးမှ အလွန် ပျာယာခတ်နေခဲ့၏။ စုရီက ဆိုင်အတွင်းဝင်ကာ ကုလားထိုင်တွင် ထိုင်ချလျက်၊
“ ဘာဖြစ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်းပြောပါဦး။ ”
- ဟု အမိန့်ပေးလိုက်သည်။
“ မင်္ဂလာပါ သခင်စု ... ။ ”
“ မင်္ဂလာပါ သခင်စု ... ။ ”
“ မင်္ဂလာပါ သခင်စု ... ။ ”
နှလုံးသားခေါင်းလောင်း၊ ကြယ်ပေသီးနှင့် ချိန်ခွင်သည် သူ့အတွက် ဝိုင်နှင့်အမြည်းအချို့ကို ပြင်ဆင်ပေးလျက် နှုတ်ဆက်လာသည်။
စုရီက ခေါင်းညိတ်ပြကာ အမြည်ကို အနည်းငယ်ယူစား၏။ အပေါင်ဆိုင်စာရေးမှ စိုးရိမ်နေသော အသွင်ဖြင့် စုရီရှေ့တွင်ရပ်ကာ ဖြစ်စဉ်ကို ရှင်းပြလာတော့သည်။
“ မကြာသေးခင်က သခင်မဆီကနေ သတင်းစကားတစ်ခု လက်ခံရရှိထားခဲ့ပါတယ် ဒါပေမဲ့ ဒီသတင်းက ငါ့သခင်မဆီကမဟုတ်ဘဲ ရွှယ်လျူဆိုတဲ့ အမျိုးသမီးတစ်ယောက်ဆီက ဖြစ်နေပါတယ်။ ”
“ ရွှယ်လျူလား ... ။ ”
စုရီက မျက်ခုံးပင့်သည်။ ဤနာမည်ကို ကောင်းကောင်းရင်းနှီး၏။ ရှန့်မူကိုသတ်ခဲ့သော အမျိုးသမီးပေပင်။ သူမသည် နတ်ဆိုးခေတ်၏ ဆန္ဒခြောက်ပါးနတ်မိစ္ဆာ ဂိုဏ်းမှဖြစ်သည်။
အပေါင်ဆိုင် စာရေးက နက်မှောင်သော အရိုးတံဆိပ်တစ်ခုကို ကမ်းပေးလာ၏။ စုရီက စာကိုလက်ခံကာ ဖတ်ရှုကြည့်လိုက်သည်။
“ စုရီ ... နတ်ဆိုးခေတ်ကို တစ်လအတွင်းလာပါ မင်းမလာရင် အပေါင်ဆိုင် ပိုင်ရှင်တင်မဘူး ... ရှန့်မူရဲ့မျိုးရိုးတစ်ခုလုံးကိုပါ သုတ်သင်မယ်။ ”
စုရီတစ်ယောက် စာဖတ်ပြီး သတ်ဖြတ်လိုသောရောင်ဝါများ မျက်ဝန်းများ၌ ထင်ဟပ်လာသည်။ ဤအမျိုးသမီးသည် သေသင့်ချေ၏။
တံဆိပ်အတွင်း နတ်ဆိုးခေတ်၏ အာကာသဆုံမှတ်တစ်ခုကို ရေးထိုးထားသည်။ ဤတံဆိပ်ဖြင့် အချိန်မြစ်အတွင်း နတ်ဆိုးခေတ် သွားရာလမ်းထံ ရှာဖွေရပေမည်။
“ ဒီသတင်းကို ဘယ်တုန်းက ရတာလဲ။ ”
“ လွန်ခဲ့တဲ့ ခုနစ်ရက်ကပါ။ ”
“ ဒါဆိုရင် ရက် (၂၀)ကျော် အချိန်ကျန်သေးတာပေါ့။ ”
“ မှန်ပါတယ် ... တာအိုစု ငါ့သခင်မကို ကယ်တင်ပေးပါ ဒီအဖိုးကြီး တောင်းပန်ပါတယ်။ ”
အပေါင်ဆိုင်စာရေးက ချက်ချင်း ဒူးထောက်ကာငိုယိုတော့၏။ စုရီက သူ့ကို ဟန့်တားလျက် ဒူးမထောက်သွားစေဘဲ။
“ ထပါ ... ဒူးထောက်စရာမလိုဘူး ... ၊ ဒီကိစ္စက ငါ့ဆီဦးတည်တာမို့ မင်းရဲ့သခင်မကို ပြန်ခေါ်လာပေးပါ့မယ်။ ”
ရွှယ်လျူသည် အပ်ချုပ်သမားနှင့် ပူးပေါင်းကာ သူ့ကိုအကြိမ်ကြိမ်လုပ်ကြံထားပြီး ချင်းဝမ်၏ကိုယ်ပွားထံ ထိန်းချုပ်ထား၏။ ထိုရန်ကြွေးကို သူ မမေ့နိုင်ချေ။
အပေါင်ဆိုင်ပိုင်ရှင်မှာ အလွန် ဇွတ်တရွတ်နိုင်ပြီး ပြတ်သားသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ သူမ၏ နာမည်မှာ မုကျိကျင်း ဖြစ်ပြီး နတ်မိစ္ဆာခေတ်မှ လာသူပေပင်။
အရေးကြီးဆုံးမှာ သူမသည် ရှန့်မူ၏ ဂိုဏ်းတူညီမလေးဖြစ်နေ၏။ ရှန့်မူ၏ဆရာသည် နတ်ဆိုးခေတ်တွင် ပထမဓားသမားဖြစ်ပြီး မုကျိကျင်းမှာ သူ့သမီးဖြစ်သည်။
ငယ်စဉ်တည်းကပင် ရှန့်မူကို သူ့သမီးနှင့်လက်ထပ်ပေးရန် စီစဉ်ခဲ့သော်လည်း ရှန်မူသည် ဓားတာအိုကိုသာ စိတ်ဝင်စားပြီး ဂရုမစိုက်ခဲ့ချေ။ ထိုပြင် မုကျိကျင်းကို သူ့ညီမ အရင်းကဲ့သို့ချစ်ခင်သဖြင့် ငြင်းပယ်ခဲ့၏။
ထို့ကြောင့် မုကျိကျင်းတစ်ယောက် ဤခေတ်သို့ဆင်းသက်လာြခင်း၊ အပေါင်ဆိုင် ပိုင်ရှင်အဖြစ် လှည့်လည်ခြင်း စသည်တို့သည် ရွှယ်လျူ၏ ကစားကွက်အတွင်း ရောက်ရှိ နေခဲ့ခြင်းဖြစ်၏။
ဆိုလိုသည်မှာ ရွှယ်လျူသည် မုကျိကျင်း၏နှလုံးသားကိုအသုံးချကာ ရှန့်မူ ဝင်စားသူထံ ရှာဖွေနေခြင်း ဖြစ်ပေသည်။ စုရီတစ်ယောက် သက်ပြင်းချလျက် ညည်းတွားလိုက်တော့၏။
“ ကြည့်ရတာ အခုပဲ နတ်မိစ္ဆာခေတ်ကို သွားပြီး အရာအားလုံး အဆုံးသတ်ရတော့မယ် ထင်တယ်။ ”
***