← Chapters

အခန်း (၁၀၉၁-၁၀၉၂)

Vol. 91 Ch. 1091-1092

အခန်း (၁၀၉၁-၁၀၉၂)

Vol. 91 Ch. 1091-1092

အခန်း ၁၀၉၁ –

အပ်ချုပ်သမားနှင့် ဆုံတွေ့ခြင်း။

“ မင်းက ကြယ်တာရာမူလတောင်ကနေ ပြန်လာမယ့် အဲဒီအဖိုးကြီးတွေကို တကယ်ပဲ စောင့်နေတာလား။ ”

စုရီက ဝိုင်အိုးကို မော့သောက်လျက် မေးမြန်းလိုက်သည်။ ရွှယ်လျူခမျာ ခန္ဓာကိုယ် တောင့်တင်းသွားပြီး ထိတ်လန့်စွာ ပြန်ကြည့် လာသည်။

“ မင်း ... ။ ”

“ မှန်တယ် ... သူ သေသွားပြီ။ ”

စုရီမှ ပြန်မဖြေခင်မှာပင် ကြည်လင်ပြီး သာယာကြည်နူးဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

ထိုနောက် ကျောက်စိမ်းယပ်တောင် တဖျပ်ဖျပ်ခတ်လျက် အဖြူဝတ်အမျိုးသားကြီး တစ်ဦး လေထဲထွက်ပေါ်လာချေပြီ။

“ ဟမ့် ... နောက်ထပ် အင်မော်တယ်တစ်ပါးလား။ ”

လူအုပ်ကြီးမှာ ဝင်္ကပါအတွင်းမှနေပြီး မျက်လုံးပြူးကုန်သည်။ တစ်ဖက်လူအနားတွင် အင်မော်တယ်ချီများ ရစ်သိုင်းနေကာ ခမ်းနား ထည်ဝါသောရောင်ဝါများ ထုတ်လွှတ်ထား၏။

“ သခင် ... မင်းရဲ့လက်အောက်ငယ်သား ပိုင်ထုံက နှုတ်ခွန်းဆက်ပါတယ်။ ”

ထိုသူက ရောက်ရှိလာသည်နှင့် သူ့ရောင်ဝါများကိုရုတ်သိမ်းလျက် စုရီထံသို့ လှည့်ကာဦးညွှတ်လိုက်လေသည်။

လက်ရှိအချိန်၌ အင်မော်တယ်သုံးပါး ထွက်ပေါ်လာပြီဖြစ်သည်။ ထိုသုံးပါးလုံးသည် စုရီထံ ရိုသေစွာ ဦးညွှတ်နေချေပြီ။ ယင်းသည် ရွှယ်လျူကို မျက်နှာမည်းမှောင် သွားစေသည်။

“ မဖြစ်နိုင်ဘူး ... ငါ့ဘိုးဘေးမင်ရှောင်က အင်မော်တယ်တစ်ပါးပဲ ဘယ်လိုများ တစ်ခုခု ဖြစ်သွားနိုင်မှာလဲ။ ”

ဤသည်မှာ သူမအတွက် နော်ကဆုံးသောမျှော်လင့်ချက်ပေပင်။ ယင်းက ရွှယ်လျူမျက်နှာကို ဖြူဖျော့သွားစေသည်။

သူမသည် အထွတ်အထိပ်ဂိုဏ်းကြီး၏ ဂိုဏ်းချုပ်တစ်ပါးဖြစ်ကာ လိမ္မာပါးနပ်ချေ၏။ သို့သော် ယနေ့ဖြစ်ပျက်ခဲ့သမျှသည် သူမကို ဆင်ခြင်တုံတရား ဆုံးရှုံးသွားစေသည်။

“ မဖြစ်နိုင်ဘူးလား ... ဒီလိုဆိုရင် ဒါကမင်းကို ယုံကြည်စေမယ်ထင်တယ်။ ”

အဖြူဝတ်အမျိုးသားပိုင်ထုံက သွေးစွန်းနေခဲ့သော အလောင်းတစ်လောင်းကို ကောင်းကင်ပေါ် ပစ်လွှတ်ပြလိုက်သည်။

ဤသည်မှာ အဖိုးကြီးတစ်ဦး၏ ရုပ်အလောင်းဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ဒဏ်ရာများဖုံးလွှမ်းနေပြီး ခေါင်းမှာ လည်ပင်းမှကျိုးကျနေသည်။

ထိုအခြေအနေဖြင့်ပင် ဤအဖိုးအိုသည် မည်သူဖြစ်မည်ကို တစ်ချက်ကြည့်ရုံဖြင့် ဆန္ဒ ခြောက်ပါးမိစ္ဆာဂိုဏ်းမှ လူတိုင်းမှတ်မိနိုင်၏။

ယင်းသည် သူတို့၏ ဘိုးဘေး မင်ရှောင်ပေပင်။ ဂိုဏ်း၌သက်ရှိရုပ်ကြွင်းအဆင့် ကြောက်စရာကောင်းသော အင်မော်တယ်ကြီး တစ်ပါးပေပင်။

“ ဘိုးဘေး ... ။ ”

ဝမ်းနည်းကြေကွဲစွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လူတိုင်းသည် လက်ဖျားနှင့် ခြေဖျားများ တုန်ယင်လျက် နောက်ဆုံးသော မျှော်လင့်ချက်များ ပြိုလဲကုန်၏။ သူတို့၏ ကောင်းကင်ကြီး ပျက်စီးသွားသလိုပေပင်။

“ ကြယ်တာရာ မူလတောင်မှာ ငါးကလေးသုံးဆယ်လောက်လည်း ရှိနေတယ် သူတို့အားလုံးလည်း သေကုန်ကြပြီ ဒါပေမယ့် သူတို့အလောင်းတွေကိုတော့ ပြန်ယူလာဖို့ မထိုက်တန်တာမို့ ငါထားခဲ့တယ်။ ”

ပိုင်ထုံမှ ထိုသို့ပြောလိုက်သည်နှင့် ရွှယ်လျူတစ်ယောက် နှလုံးသားကြေကွဲလျက် ရောင်ဝါများ ယိမ်းယိုင်သွားချေပြီ။ ယနေ့သည် သူမအတွက် ဤသို့အဆုံးသတ်ရလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးချေ။

တစ်ဖက်လူကိုသတ်ကာ ကျင့်ကြံမှု အထွတ်အထိပ်ဆီသို့ တက်လှမ်းရန် နှစ်ပေါင်း သိန်းချီ ‌စောင့်မျှော်ပြင်ဆင်ထားရသည်။

ယခုမူ တောင်တန်းကြီး အနှံ့အပြား ပျက်စီးယိုယွင်းနေသော မြင်ကွင်းများကသာ ကြီးစိုးနေသည်။

မြေပြင်ပေါ်တွင် သွေးများသည် မြစ်တစ်စင်းကဲ့သို့ စီးဆင်းနေပြီး ရလာဒ်မှာ သူမ မျှော်လင့်ထားသလို မဟုတ်ခဲ့ချေ။

သည်မတိုင်မီ သူမသည် ဆန္ဒခြောက်ပါးဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ဦးအဖြစ် နတ်မိစ္ဆာခေတ်၌ အာဏာစက် ပြင်းထန်သည်။

ထို့ကြောင့် စုရီသာရောက်ရှိလာသော် လုံးဝသတ်ဖြတ်နိုင်ရန် ထောင်ချောက်များစွာကို ခင်းကျင်းထားနိုင်သည်။

သို့သော် တစ်ဖက်လူသည် အင်မော်တယ် နတ်ဆိုးကြီးများနှင့်အတူ ရောက်ရှိလာခဲ့သည်။ အရာအားလုံးသည် မယုံနိုင်စရာကောင်းစွာ ပြီးဆုံးရပေတော့မည်။

“ ဒီစုရီက တကယ်ပဲ ဘယ်သူလဲ။ ”

တစ်ဖက်လူသည် သူမ သိထားသော ရှန့်မူမဟုတ်နိုင်ချေ။ ယင်းသံသယသည် သူမ ရင်ထဲ ပို၍ပြင်းထန်လာသည်။

စုရီက ကောင်းကင်ယံကို တစ်ချက်ကြည့်လိုက်ပြီး ရွှယ်လျူထံကြည့်ကာ အဆုံးသတ်ရန်ပြင်လိုက်၏။

“ ဟိုးအရင်က ရှန့်မူဟာ မင်းကြောင့် သူ့ဘဝကိုစွန့်ခဲ့တယ် ... အခုဒီကနေ့မှာတော့ သူ့အတွက် မင်းဘဝကိုပြန်ပေးပါ။ ”

ထိုစကားကြောင့် ရွှမ်လျူခမျာ စကားလုံးများပျောက်ဆုံးသွားသည်။ စုရီက သူမကို လျစ်လျူရှုလျက် ‌ရွှေဟဲထံကြည့်ကာ၊

“ သူ သိက္ခာရှိရှိ သေချင်တယ်ဆိုရင် ခွင့်ပြုပေးလိုက်ပါ ... မဟုတ်ဘူးဆိုရင်တော့ မင်းပဲ ကူညီပေးလိုက်။ ”

-ဟု အမိန့်ပေးလိုက်သည်။

ရွှေလျူကို သတ်ရန် စိတ်ဝင်စားမှု ပျောက်ဆုံးနေသည်။ ရွှေဟဲမှ ချိုသာစွာပြုံးပြီး၊

“နားလည်ပါပြီ သခင်။ ”

-ဟု တုန့်ပြန်လေသည်။

စုရီတစ်ယောက် ရွှယ်လျူကို တစ်ချက်ကလေးမျှ ပြန်မကြည့်တော့ဘဲ ဝူမင်၊ ဟေးချန်နှင့် ပိုင်ထုံတို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့၏။

ဤမြင်ကွင်းနှင့် စကားများသည် မည်သည့်အရာကိုဆိုလိုခဲ့မှန်း ရွှယ်လျူသိသည်။ ယနေ့တွင် စုရီသည် သူမကို ရန်သူတစ်ယောက် အဖြစ်ပင် ရှုမြင်ရန်ဆန္ဒမရှိတော့ကြောင်း မြင်သာနေသည်။

“ မသေခင် မေးပါရစေ ... စီနီယာတို့ရဲ့ သခင်စုရီဟာ တကယ်ပဲ ဘယ်သူလဲ။ ”

ရွှယ်လျူက ရွှေဟဲကို မေးလိုက်၏။ ရွှေဟဲကခဏမျှစဉ်းစားလိုက်ပြီးနောက် သူမ၏ မျက်ဝန်းများတွင် ကြည်ညိုလေးစားမှုများ ပြည့်လျှံလာခဲ့သည်။

“ ငါတို့သခင်ကို ... မင်းလို ကောင်မလေး တစ်ယောက် မပြောနဲ့ ကောင်းကင်ဘုံကတောင် မဖျက်ဆီးနိုင်ဘူး သူ့ကို နတ်ဘုရားတွေတောင် အပြစ်မပြုဝံ့ဘူး။ ”

ထိုစကားအပေါ် ရွှယ်လျူမှ နားမလည်နိုင်ဖြစ်နေစဉ် ရွှေဟဲမှခေါင်းရမ်းကာ၊

“ မင်းရဲ့ အဆင့်အတန်းက နိမ့်ပါးလွန်းနေတော့ ပြောပြလည်း မင်းအတွက် နားလည်နိုင်မှာ မဟုတ်ဘူး ... အခုဆုံးဖြတ်ချက် ချရတော့မယ့် အချိန်ရောက်ပြီ မင်းကိုယ်တိုင် သွားမလား ငါလိုက်ပို့ပေးရမလား။ ”

-ဟု အေးစက်စွာ မေးမြန်းလိုက်သည်။

ရွှယ်လျူခမျာ တိတ်ဆိတ်သွားပြီး ချက်ချင်းပင် တစ်စုံတစ်ရာကို သတိရသွားကာ၊

“ ငါ့ဦးလေးရော ဘာလို့ ... ရောက်မလာတာလဲ မင်းတို့သူ့ကို ... ။ ”

“ ဝှစ် ... ။ ”

သို့သော် လေတိုးသံနှင့်အတူ သူမ လည်ပင်းမှာနာကျင်သွားပြီး ဦးခေါင်းလေထဲသို့ လွင့်တက်သွားတော့သည်။ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။

“ ငါက ... သိပ်ပြီး စိတ်ရှည်တတ်တာ မဟုတ်ဘူး စိတ်ချသွား မင်းရဲ့ဂိုဏ်းသားအားလုံး ငါကိုယ်တိုင်လိုက်ပို့ပေးလိုက်မယ်။ ”

စကားဆုံးသည်နှင့် အင်မော်တယ် ရောင်ဝါကို ဖြန့်ကျက်လိုက်ကာ နတ်တောင်ကြီး တစ်ခုလုံးအပေါ် ဖုံးလွှမ်းပစ်၏။

“ စီနီယာ ... ငါတို့ကို ခွင့်လွှတ်ပေးပါ။ ”

“ စီနီယာ ကျေးဇူးပြုပြီး ဒီအားနည်းတဲ့လူတွေက စီနီယာအတွက် ခွေးတစ်ကောင်လို အမှုထမ်းပါ့မယ်။”

“ မလုပ်နဲ့ ... ။ ”

“ အား ... ။ ”

နောက်တစ်ခဏတွင် ငွေရောင်လျှပ်စီးများ ကျဆင်းလာပြီး တောင်ထိပ်မှာ မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဤသို့ဖြင့် အထွတ်အထိပ်အဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သော ဆန္ဒခြောက်ပါး ဂိုဏ်းအပါအဝင် ဂိုဏ်း(၇)ဂိုဏ်းမှအဆင့်မြင့် အကြီးအကဲများအားလုံး ပျောက်ကွယ်သွား၏။

မြူနှင်းများ ဖုံးလွှမ်းနေသော လူသူကင်းမဲ့သည့် ဒေသကြီးတစ်ခုအတွင်းတွင် အနက်ရောင်ဦးထုပ်ဖြင့် ပိန်ချုံးနေသော အဖိုးအို တစ်ဦးသည် တင်ပျဉ်ခွေထိုင်နေသည်။

သူ့ရှေ့တွင် လက်ကိုင်ကို အရိုးဖြင့် ပြုလုပ်ထားသော မှန်တစ်ချပ်ရှိပြီး ထိုမှန်ထဲတွင် ဆန္ဒခြောက်ပါးဂိုဏ်း၏ ပျက်စီးနေသော မြင်ကွင်းများပြသနေ၏။

“ အဲ့ဒီ အဘိုးကြီးတွေက ... အခုထိ အသက်ရှင်နေကြတုန်းလား။ ”

ဤသည်မှာ အပ်ချုပ်သမားပေပင်။ အပ်ချုပ်သည်ခမျာ မျက်မှောင်များကြုတ်ပြီး ရင်ထဲတွင် လှိုင်းလုံးများ လှုပ်ခတ်သွား၏။

သူ မမှားသော် စုရီနောက်တွင် ကျွန်တစ်ယောက်ကဲ့သို့ လိုက်ပါနေခဲ့သော အဘိုးကြီးသည် နှစ်ပေါင်းသိန်းချီကာလက ခြေသုံးချောင်းကျီးမိစ္ဆာ ဝူမင်ပေပင်။

အဝတ်စုတ်နှင့် အဘိုးကြီးမှာ လိပ်နက်ဘုရင်ဟေးချန်ဖြစ်ပြီး၊ အဖြူဝတ် အမျိုးသားမှာ မွေးရာပါနတ်ဆိုးဘုရင်ဖြစ်၏။

စုရီသည် ဤခေတ်သို့ ပထမဆုံးပြန်လည် ရောက်ရှိလာခြင်းဖြစ်ကာ ထိုအဖိုးကြီးများပေါ် ထိန်းချုပ်နိုင်သည်မှာ ယုံနိုင်စရာ မရှိချေ။

ယင်းသည် သူ့ကို ပို၍ စိတ်မအေး ဖြစ်လာစေ၏။ သူသည်လည်း စုရီကိုသတ်ရန် ထောင်ချောက်ဆင်ရာ၌ ပါဝင်ခဲ့သူပေပင်။

ယခုမူ သူ့တွက်ချက်များသည် တစ်စုံတစ်ရာမှားယွင်းသွားပြီ ဖြစ်ကြောင်းကို သတိပြုမိသွားသည်။

ရုတ်တရက် အပ်ချုပ်သမား မျက်နှာ ပျက်ယွင်းသွားကာ ချက်ချင်း ထပြေးတော့၏။ သို့သော် ခဏအကြာတွင် သူ့လမ်း၌ လူသန်ကြီး တစ်ဦး ပိတ်ဆို့နေသည်ကို မြင်လိုက်ရသည်။

ထိုလူသန်ကြီး၏ ပခုံးတွင် သွေးရောင် လှံရှည်ကြီးတစ်စင်းရှိပြီး ခန္ဓာကိုယ်မှ စိမ်းဖန့်ဖန့် နတ်အလင်းများ ထွက်ပေါ်နေ၏။

“ ဟမ့် .. .။ ”

ယင်းကြောင့် အပ်ချုပ်သမားသည် တုန့်ဆိုင်းခြင်းမရှိ ဘေးဘက်သို့ ဖယ်ခွာပြီး လှည့်ပြေးလိုက်သည်။ ထိုအရပ်တွင်လည်း တစ်စုံတစ်ယောက် ရှိနေ၏။

ဤလူသည် ရွှေရောင်ခေါင်းတလားငယ် တစ်လုံးကိုင်ထားသော အနက်ရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ကာ သူ့ကိုပြုံးလျက် စောင့်ကြိုနေပြန်သည်။

“ ဘယ်လို... ငါ့ကို ရှာတွေ့ခဲ့တာလဲ။ ”

အပ်ချုပ်သမားက မေးမြန်းလိုက်သည်။ သူသည် ပုံမှန်အတိုင်း တည်ငြိမ်မှုကို ပြန်လည် ရယူပြီး ပေါ့ပေါ့ဆဆ ပြုမူခြင်း မရှိချေ။

အနက်ဝတ် အမျိုးသားက ပြုံးပြီး ခေါင်းခါပြသည်။ သူကပင်၊ ‘ဒါလျှို့ဝှက်ချက်ပဲ ဒါပေမယ့် မင်းခန့်မှန်းနိုင်ပါတယ်၊’-ဟု ထပ်မံ ပြောကြားလာသည်။

“ ငါခန့်မှန်းပါရစေ ... မင်းမှာ ငါ့ရဲ့ ကိုယ်ပွားတစ်ယောက် ရှိနေရမယ် ... ဒါပေမယ့် ငါနားမလည်တာက ဘာလို့ ... နတ်ဆိုးခေတ်ရဲ့ အဖိုးကြီးတွေက လူငယ်လေး တစ်ယောက်ထံ ဦးညွှတ်နေရတာလဲ။ ”

အပ်ချုပ်သမားက မေးမြန်းလိုက်သည်။ အနက်ရောင်ဝတ်အမျိုးသားက ပြုံးလိုက်ပြန်၏။

“ ဒီမေးခွန်းကို ... ငါ မဖြေနိုင်လို့ စိတ်မကောင်းပါဘူး သေချာတာတော့ ငါမင်းကို ချက်ချင်း မသတ်သေးပါဘူး ... ငါတို့သခင်က မင်းနဲ့ စကားပြောချင်နေတယ်။ ”

ထိုလူက ဖော်ရွေစွာ သတိပေးလာ၏။ များမကြာမီ အဝေးမှနေပြီး သွေးကျီးကန်းကြီး တစ်ကောင် ပျံသန်းသည်ကို မြင်လိုက်ရသည်။

“ အဖိုးကြီး မတွေ့တာကြာပြီနော်။ ”

စုရီက လက်နှစ်ဖက်နောက်ပို့ကာ သွေးကျီးကန်းကျောပြင်ပေါ်မှတဆင့် လေထဲသို့ လှမ်းတက်လိုက်တော့၏။ အပ်ချုပ်သမားမှ မျက်ဝန်းများမှေးစင်းသွားပြီး၊

“ တစ်ချိန်တုန်းက အင်မော်တယ်မြေရဲ့ သွေးအင်မော်တယ်ဘုရင်က ဝမ်ယဲ့လို့ခေါ်ဆိုတဲ့ တစ်စုံတစ်ယောက်ကို လာရှာခဲ့ဖူးတယ် အဲ့ဒါ မင်းလား။ ”

“ ထက်မြက်တယ် ... ။ ”

စုရီက ပြုံးပြီး ခေါင်းညိတ်သည်။ အပ်ချုပ်သမားတစ်ယောက် သက်ပြင်းချလိုက် တော့၏။ တစ်ဖက်လူသည် လောကသခင်၊ ရှန့်မူနှင့် စုရွှမ်ကြွယ်သာမက ဝမ်ယဲ့သည်လည်း ဖြစ်နေခဲ့ချေပြီ။

အင်မော်တယ်ဘုရင်များပင် အာရုံစိုက်ရှာဖွေနေခဲ့သော ထိုဝင်စားသူသည် အမှန်ပင် သာမန်မဟုတ်သည်မှာ သဘာဝပေပင်။

ထို့ကြောင့်ပင် နတ်မိစ္ဆာခေတ် ရောက်သည်နှင့် သက်ရှိရုပ်ကြွင်း နတ်ဆိုးကြီး အချို့ကို စုစည်းလာနိုင်ခဲ့သည်မှာ မထူးဆန်းတော့ချေ။

“ မင်းကော ... ဒီနှစ်တွေမှာ ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ။ ”

စုရီ ဝိုင်အိုးကို ထုတ်ယူသောက်ကာ မေးမြန်းလိုက်သည်။ အပ်ချုပ်သမားမှ ပြုံးလျက် ကောင်းကင်ကို လက်ညှိုးထိုးပြပြီး၊

“ ငါလား ... ငါက ကောင်းကင်နတ်ဘုရားတွေရဲ့ အမိန့်တော်ကို ဆောင်ယူလာပေးတဲ့ နတ်တမန်တစ်ပါးပဲ။ ”

-ဟု ပြန်လည် ဖြေကြားလာတော့၏။

***

အခန်း ၁၀၉၂ –

နတ်ဘုရားအရှင် အန်းကျိ ... ။

“ ဟမ့် ... နတ်တမန်လား။ ”

သူ့စကားကြောင့် ဝူမင်တို့အဖွဲ့မှာ အချင်းချင်းပြန်ကြည့်ကာ မင်သပ်ကုန်တော့၏။ အပ်ချုပ်သမားမှ ဂုဏ်ယူဝင့်ကြွားစွာဖြင့် စိုက်ကြည့်လာသည်။ စုရီမှလည်း ပြုံးလျက်၊

“ မဟုတ်သေးဘူး ... မင်းက နတ်ဘုရားတွေရဲ့အမိန့်ကို နာခံရတာမှန်ပေမဲ့ တကယ်တော့ ကျွန်အိုကြီးတစ်ယောက်ပါပဲ ... နတ်ကျွန်ဆိုရင် ပိုမှန်လိမ့်မယ်။ ”

-ဟု အမှားကို ပြင်ပေးလိုက်သည်။ အပ်ချုပ်သမားတစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလျက် တောင့်တင်းသွားပြီး၊

“ မင်း နတ်တမန်အကြောင်း ဘာသိလဲ။ ”

- ဟု ပြန်လည်လှောင်ပြောင်၏။

“ ဟားဟားဟား ငါ သိရုံတင်မကဘူး မင်လိုနတ်ကျွန်တွေအပြင် နတ်တမန်တွေလည်း မြင်ဖူးတယ် အဲဒီအချိန်မြစ်ကြီးပေါ်မှာ တကယ့် နတ်ဘုရားစစ်စစ်တွေကိုတောင် တွေ့ခဲ့တယ်။ ”

“ မင်း တကယ်လား။ ”

အပ်ချုပ်သမားက မျက်မှောင်ကြုတ် သွားသည်။ သူ့အမြင်တွင် နတ်ဘုရားဆိုသည်မှာ အင်မော်တယ်များသည်ပင် မော့ကြည့်ရမည့် တည်ရှိမှုများဖြစ်၏။

အပ်ချုပ်သမားသည် ဤမျှအထိ နတ်ဘုရားများအပေါ် ရူးသွပ်လွန်းနေသည်ကို မြင်သောအခါ စုရီမှ ရယ်ချင်စိတ်ကို မနည်း အောင့်ထားရသည်။

ဤမတိုင်မီ တစ်ဖက်လူသည် အလွန်ဉာဏ်များလွန်းခဲ့သော်လည်း ယခုမူ မည်သို့ကြည့်ကြည့် လူပိန်းတစ်ယောက်နှင့် တူနေခဲ့တော့၏။

အပ်ချုပ်သမားသည် ဉာဏ်ပညာ တိမ်ကောသွားခြင်း မဟုတ်ချေ။ စုရီသည်ပင် ဆဋ္ဌမမြောက်ဘဝ၏ အသိပညာများကြောင့် အမြင်စူးရှလာခြင်းဖြစ်သည်။

ဝမ်ယဲ့၏ အင်မော်တယ်ဘုရင် အထွတ်အထိပ်အမြင်ဖြင့် ကြည့်လျှင် သူ့ရှေ့က အပ်ချုပ်သမားသာမက အင်မော်တယ်ဘုရင်ဟု ဆိုသူများပင် ပြောပစရာ အဆင့်မဟုတ်ချေ။

“ မင်းက နတ်ဘုရားတစ်ပါးအတွက် အလုပ်လုပ်ပေးနေတာဆိုရင် ဘာလို့ဒီလောက် ကြာတဲ့အထိ ငါ့ဆီလာဖို့ သတင်းမပေးတာလဲ။”

“ နတ်ဘုရားတွေဟာ စကြာဝဠာရဲ့ စည်းမျဉ်းတွေအောက်မှာ ရှင်သန်နေထိုင်ရတယ် သေမျိုးကမ္ဘာရဲ့ကိစ္စတွေကို တိုက်ရိုက်ကြီး ဝင်ရောက် စွက်ဖက်လို့ မရဘူး ...

... ဒါကြောင့် ငါတို့လို နတ်တမန်တွေကို အသုံးပြုတယ် အရေးကြီးဆုံးကနတ်ဘုရားတွေ အားလုံး ဝင်စားခြင်းသံသရာကို အလိုမရှိဘူး။ ”

“ မင်းရဲ့ နတ်ဘုရားကရော ဝင်စားခြင်းဥပဒေကို ပိုင်ဆိုင်ချင်နေတာလား။ ”

“ မှန်တယ် ... မင်းသာ လက်လျှော့မယ်ဆိုရင် ငါ့ရဲ့နတ်ဘုရားမနဲ့ မိတ်ဆက်ပေးမယ် ... မင်းကိုလည်း နတ်တမန် ဖြစ်အောင် လုပ်ပေးမယ် မဟုတ်ရင်တော့ ဒီနေ့ ငါတို့အားလုံး အတူတူသေကြမယ်။ ”

စကားဆုံးသည်နှင့် အပ်ချုပ်သမားက လက်ဖဝါးကို ဖြန့်လိုက်ရာ အနက်ရောင်တံဆိပ် တစ်ခု ထွက်ပေါ်လာ၏။

“ ဒီထဲမှာ နတ်ဘုရားတစ်ပါးရဲ့ ... ဥပဒေအာဏာစက် ကိန်းအောင်းနေတယ် ဒါကို ဘယ်သူမှတားဆီးနိုင်မှာ မဟုတ်ဘူး။ ”

ရုတ်တရက် အနက်ရောင်တံဆိပ်ထံမှ သေစေနိုင်သော အငွေ့အသက်များ ထုတ်ဖော် လာချေပြီ။ ဝူမင်တို့အဖွဲ့မှာ မျက်နှာများ လေးနက်သွားကြ၏။

“ သခင် ... သူ လိမ်နေတာ မဟုတ်ဘူးထင်တယ်။ ”

ဝူမင်က တိုးတိုးလေး သတိပေးသည်။ စုရီမှခေါင်းညိတ်ကာ သေမျိုးနယ်ပယ်ဓားကို ချက်ချင်း ထုတ်ယူ၏။

ထို့ကြောင့် အပ်ချုပ်သမားခမျာ မျက်နှာပျက်သွားပြီး၊ ‘မင်း ... ဘာလုပ်မလို့လဲ၊’ -ဟု အော်ဟစ်မေးမြန်းလာခဲ့သည်။

“ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့တော့ ... အခုပဲ အဲ့ဒီအနက်ရောင် တံဆိပ်ကို သုံးလိုက်ပါ။ ”

စကားဆုံးသည်နှင့် စုရီကကောင်းကင်ပေါ် ပျံတက်လိုက်ကာ ဓားဖြင့် ခုတ်ချလိုက်တော့၏။ အပ်ချုပ်သမားတစ်ယောက် ထိတ်လန့်လာပြီး အံကြိတ်လျက်၊

“ မင်းဆန္ဒရှိနေမှတော့ အတူတူ သေလိုက်ကြရအောင်။ ”

-ဟု တိုကာ အနက်ရောင်တံဆိပ်ကို အသက်သွင်းလိုက်သည်။

“ ဝုန်း ... ။ ”

တံဆိပ်သည် မီးတောက်များ လောင်ကျွမ်းလျက် ပြင်းထန်သောစည်းမျဉ်းများ ပေါက်ကွဲထွက်လာတော့၏။ များမကြာမီ ထိုပေါက်ကွဲမှုအတွင်း အမျိုးသမီးပုံရိပ်တစ်ခု ထွက်ပေါ်လာချေပြီ။

ဦးခေါင်းပေါ်တွင် ကျောက်စိမ်းသရဖူ ဆောင်းထားပြီး လက်ထဲ၌အနက်ရောင်ပုလင်း တစ်လုံးကို ကိုင်တောင်ထား၏။ နောက်ကျော၌ အနက်ရောင် နတ်ဘုရားမီးလျှံများက ဧရာမ နေမင်းကြီးအလား တောက်လောင်နေသည်။

ဝူမင်နှင့် အဖွဲ့မှာ ထိုပုံရိပ်၏ ဖိအားအောက်တွင် မိမိကိုယ်ကို ပုရွက်ဆိတ်များ ကဲ့သို့ ခံစားလိုက်ရသည်။

“ ဘန်း ... ။ ”

စုရီတစ်ယောက် အားကုန် ခုတ်ပိုင်းချလိုက်သော ဓားအလင်းသည် သူမနှင့် မထိမီ ပေါက်ကွဲပျက်ပြယ်သွားသည်။

တစ်ဖက်တွင် အပ်ချုပ်သမားသည်လည်း သွေးနှင့်ချီကို ပေးဆပ်လိုက်ရသဖြင့် ချက်ချင်း အိုမင်းရင့်ရော်သွားချေပြီ။

“ နတ်ဘုရားအရှင် အန်းကျိကို ဂါရဝပြုပါတယ် ဒီနေရာမှာ ရှိတဲ့လူအားလုံးကို သတ်ပေးတော်မူပါဘုရား။ ”

အပ်ချုပ်သမားက လေထဲဝတ်ပြုကာ ချက်ချင်းတောင်းဆိုလိုက်သည်။ ထိုအချိန်တွင် စုရီသည် ဒုတိယအကြိမ်မြောက် ဓားအလင်းကို ပစ်လွှတ်လာချေပြီ။

ငရဲဘုံကိုးပါးဓား၏ အငွေ့အသက်များ ပါဝင်နေပြီး ဝင်စားခြင်းဥပဒေများမှာ အလင်း မှုန်များသဖွယ် ပြန့်ကားသွားလေသည်။

“ ဝင်စားခြင်းလား ... ။ ”

အမျိုးသမီးပုံရိပ်က မျက်ခုံးပင့်လျက် အေးစက်သွားလေသည်။ ချက်ချင်းလက်ဆန့်ပြီး အနက်ရောင် နေမင်းကြီးကို စုရီထံသို့ ပစ်လွှတ်လိုက်ချေပြီ။

“ ဝုန်း ... ။ ”

လေထုအလယ် ဓားအလင်းနှင့် အနက်ရောင်နေမင်းကြီးတို့ တိုက်မိကုန်ကာ ပေါက်ကွဲသွားလေသည်။

ဝင်စားခြင်းဓားဒိုမိန်းသည် မရဏကမ္ဘာကြီးကို သယ်ဆောင်လျက်ဖြင့် ထိုအနက်ရောင်နေမင်းကြီးအပေါ် အလယ် တည့်တည့်မှ ပိုင်းဖြတ်လိုက်၏။

“ ဟမ့် ... ။”

အမျိုးသမီးပုံရိပ်မှ အံ့အားသင့်သွားစဉ် စုရီတစ်ယောက် လျှပ်စီးအလား သူမအနားသို့ ရောက်ရှိလာပြီး ဓားဖြင့် ပိုင်းချလာသည်။

“ ရွှပ် ... ။ ”

“ ဘန်း ... ။ ”

အမျိုးသမီးပုံရိပ်ခမျာ လက်ဖဝါးဖြင့် ဖမ်းယူရန် ပြင်လိုက်သော်လည်း နောက်ကျသွား လေသည်။ ဓားအလင်းသည် သူမပုံရိပ်ကို အစိတ်စိတ်အမွှာမွှာ ခွဲထုတ်ပစ်လိုက်၏။

လူတိုင်း မှင်သပ်ကုန်သည်။ အထူးသဖြင့် အပ်ချုပ်သမားသည် ထိတ်လန့်တကြား တုန်ရီ သွားချေပြီ။

“ မဖြစ်နိုင်ဘူး ... နတ်ဘုရားတစ်ပါးက သေမျိုးတစ်ယောက်ရဲ့ ဓားမှာ ဘယ်လိုလုပ်ပြီး ကျရှုံးရတာလဲ။ ”

အပ်ချုပ်သမားအတွက် ဤရလာဒ်သည် နှလုံးသားပျက်လုနီးပါးပေပင်။ မိမိအသက်နှင့် စွမ်းအားကိုပေးဆပ်ကာ နတ်ဘုရားဆန္ဒကို ခေါ်ယူထားခြင်း ဖြစ်လေသည်။

သို့သော် စုရီသည် ဓားတစ်ချက်တည်းဖြင့် အဆုံးသတ် လိုက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ စုရီက အပ်ချုပ်သည်ကို ငုံ့ကြည့်ကာ၊

“ ဝင်စားခြင်းဥပဒေကို နတ်ဘုရားတွေ အားလုံးက ဘာလို့ မလိုလားတာလဲ မင်းသိလား ဒါက သူတို့ ကြောက်လို့ပဲ။ ”

-ဟု ပြောကြားလိုက်သည်။

“ မဖြစ်နိုင်တာ ... ။ ”

အပ်ချုပ်သမားက လက်မခံလိုချေ။

“ နတ်ဘုရားတွေဆိုတာ တာအိုလမ်းမှာ ရှာဖွေနေသူတွေပဲ သူတို့က ထာဝရမဟုတ်ဘူး ဒါကြောင့် သေမှာကြောက်ကြတယ် ...

... ဒါကြောင့်လည်း သူတို့တွေ စုပေါင်းပြီး ဝင်စားခြင်းဥပဒေကိုဖျက်ဆီးဖို့ ကြိုးစားနေကြ တာပဲ။ ”

စုရီက ရှင်းပြလိုက်သည်။ ယင်းသည် အပ်ချုပ်သမားကို ပါးစပ်ပိတ်ကျသွားစေသည်။ အဆုံး၌ သူက ရူးသွပ်စွာ ရယ်မောလျက်၊

“ အခု ငါတွေးမိလာတာတစ်ခုရှိတယ် ... တစ်နေ့မှာ မင်းကို အဲ့ဒီနတ်ဘုရားတွေအားလုံး ပူးပေါင်းပြီး သတ်ပစ်နိုင်ခဲ့ရင် တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းမှာပဲ ဟားဟားဟား။ ”

-ဟု ပြောကြားလိုက်သည်။

သည့်နောက် အပ်ချုပ်သမားသည် ခန္ဓာကိုယ်ကြီးပြာအဖြစ်သို့ ပြောင်းလဲသွားကာ လေထဲလွင့်ပါးသွားတော့သည်။ စုရီမှအရက်အိုး ထုတ်ယူလိုက်ကာ လေထဲလောင်းချလျက်၊

“ ကောင်းကောင်းသွားပါ ... ။ ”

-ဟု ဆိုလိုက်တော့သည်။

သူနှင့် အပ်ချုပ်သမားသည် နှစ်ပေါင်းများစွာတိုင်အောင် တိုက်ခိုက်ခဲ့သူများ ဖြစ်သည်။ တစ်ဖက်လူသည် ကောက်ကျစ်ပြီး ပါးနပ်ခဲ့၏။

ထိုသူ၏ပုန်းကွယ်ပြီး အမှောင်ထဲမှ လှုပ်ရှားတတ်သော နည်းဗျူဟာကြောင့် စုရီမှ ပြိုင်ဘက်အဖြစ် သတ်မှတ်ထားခြင်း မရှိခဲ့ချေ။ သို့သော် ယနေ့သေဆုံးပြီးနောက် အနည်းငယ် ပျင်းစရာကောင်းသွားချေပြီ။

“ သခင် ... ဒါကိုကြည့်ပါဦး။ ”

ဝူမင်က အပ်ချုပ်သမား သေဆုံးသွားသော နေရာမှ လက်တစ်ဝါးခန့်ရှိသော အနက်ရောင် ရုပ်ထုလေးတစ်ခုကို ကောက်ယူလိုက်သည်။

ထိုရုပ်ထုမှာ စုရီဖျက်ဆီးခဲ့သော နတ်ဘုရားမအသွင်မျိုးဖြစ်သော်လည်း မျက်နှာ နေရာတွင် ဗလာဖြစ်နေ၏။ ဝူမင်က ရုပ်တုကို စုရီထံ ကမ်းပေးနေစဉ် ရုတ်တရက် ခန္ဓာကိုယ် တောင့်တင်းသွားတော့၏။

“ ဝှစ် ... ။ ”

ထို့ကြောင့် စုရီမှ ချက်ချင်းပင် ကိုယ်တိုင်ဆွဲယူလိုက်ရသည်။ သို့မှသာ ဝူမင်က အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားပြီး တုန်လှုပ်စွာဖြင့်၊

“ သခင် ... သတိထား။ ”

-ဟု အော်ဟစ်လိုက်တော့သည်။

***

All Chapters