← Chapters

အခန်း (၁၀၈၉-၁၀၉၀)

Vol. 91 Ch. 1089-1090

အခန်း (၁၀၈၉-၁၀၉၀)

Vol. 91 Ch. 1089-1090

အခန်း ၁၀၈၉ –

အတိတ်က ရှန့်မူ၏ ရူးသွပ်မှု ... ။

နေဝင်ရိုးရီ အချိန်။ ပျက်စီးနေသော အဆောက်အအုံများကြားတွင် စုရီတစ်ယောက် ငြိမ်သက်စွာရပ်နေသည်။

ပတ်ဝန်းကျင်တွင် ပြိုကျနေသော အပျက်အစီးများမှာ အဆုံးမရှိဘဲ တိုက်ပွဲကြီး တစ်ခု ဖြစ်ပွားခဲ့သည့် လက္ခဏာများပေပင်။

သွေးခြောက်များမှာ ပျက်စီးနေသော နံရံများပေါ်တွင် စုတ်ချက်ကြမ်းကြမ်းများဖြင့် ရေးဆွဲထားသည့် ပန်းချီကားများအလား စွန်းထင်းခြောက်သွေ့နေသည်။

ဤသည်မှာ ရှန့်မိသားစုနယ်မြေပေပင်။ တစ်ချိန်က လှပသောတောင်တန်းကြီးဖြစ်ကာ ခမ်းနားထည်ဝါသော နန်းတော်များဖြင့် ပြည့်နှက်နေခဲ့ဖူးသည်။

ရှန့်မိသားစုဝင် တစ်သောင်းကျော် နေထိုင်ခဲ့ကြ၏။ မိခင်၊ ဖခင်၊ ဆွေမျိုးများနှင့် အကြီးအကဲများ၏ ပုံရိပ်များတစ်ယောက်ချင်းစီ သူ့စိတ်အာရုံထဲ ဝင်ရောက်လာသည်။

နှလုံးသားတစ်ခုလုံး စူးရှသော နာကျင်မှုတစ်ခု ပေါ်လာသည်။ ဤသည်မှာ ရှန့်မူ၏ ခံစားချက်နှင့် အမုန်းတရားများပင်။ စုရီက တားဆီးခြင်းမရှိဘဲ အရက်တစ်အိုးကို ထုတ်ကာ မော့သောက်နေလိုက်သည်။

သူ ပေါင်းစပ်ခဲ့သမျှသော ဘဝထဲတွင် မိန်းမတစ်ယောက်ကြောင့် စိတ်ဝိညာဉ်ပျက်စီး သေဆုံးခဲ့ရသော ရှန့်မူသည် အညံ့ဖျင်းဆုံးဟု ဆိုနိုင်ပေသည်။

သို့သော် ပါရမီနှင့် နားလည်နိုင်စွမ်း၌မူ ဝမ်ယဲ့၊ ကွမ်ကျူးနှင့် စုရွှမ်ကြွယ်တို့ပင်မမီချေ။ ကျရှုံးရသည်မှာ စိတ်နှလုံး အလွန်ဖြူစင်လွန်းပြီး အတွေ့အကြုံ နည်းပါးသောကြောင့်ပေပင်။

စုရီအတွက် ဤနေရာသို့ လာရခြင်းမှာ ရှန့်မူကိုပြသရန်ဖြစ်သည်။ ရူးမိုက်မှုတစ်ခုသည် မိသားစုကိုပျက်သုဉ်းစေကြောင်း မြင်စေလို၏။

“ မင်းမြင်လား ... မင်းရဲ့ရူးသွပ်မှုက ငါ့အတွက်တော့ စိတ်နှလုံးရဲ့ အဟန့်အတား တစ်ခုပါပဲ ဒါပေမဲ့ ...

... ငါတို့က တစ်ယောက်တည်းပဲမို့ မင်းအတွက် အရာအားလုံးကို ငါအဆုံးသတ် ပေးပါ့မယ်။ ”

စကားဆုံးသည်နှင့် စုရီမှ လက်ကျန်အရက်များကို မော့သောက်ကာ တိတ်ဆိတ်သွား၏။ ထိုစဉ် အဝေးတစ်နေရာမှ ဝူမင်၏ပုံရိပ်သည် ဖြည်းညှင်းစွာ ပျံသန်းလာချေပြီ။

“ သခင် ... အားလုံး အဆင်သင့် ဖြစ်ပါပြီ။ ”

အနားရောက်သည်နှင့် ဝူမင်က စုရီကို အရိုအသေပေးကာ အသိပေးလာ၏။ စုရီသည် အပျက်အစီးများထံ နောက်ဆုံးအကြိမ်အဖြစ် တစ်ကြည့်ဝေ့ကြည့်လိုက်ပြီး၊

“ သွားရအောင် ... ။ ”

-ဟု ဆိုလိုက်တော့သည်။

“ ဖရူး ... ။ ”

“ ဝှစ် ... ။ ”

ချက်ချင်းပင် ဝူမင်သည် ခြေသုံးချောင်း ကျီးမိစ္ဆာအဖြစ် ပြောင်းလဲပစ်လိုက်သည်။ စုရီက သူ့ကျောပေါ်သို့ ခုန်တက်လာ၏။

“ ဖရူး ... ။ ”

ထို့နောက် ပေတစ်ရာခန့်ရှည်လျားသော သွေးရောင်အတောင်ပံများ တဖျပ်ဖျပ်ခတ်လျက် ကောင်းကင်ပေါ် ပျံတက်လိုက်တော့သည်။

“ ကြွယ်ဝခြင်းတစ်ထောင် နတ်ဘုရားတောင်။ ”

ဤသည်မှာ ဆန္ဒခြောက်ပါး မိစ္ဆာဂိုဏ်း အခြေစိုက်ရာ အရပ်ဖြစ်ပြီး မြင့်မြတ်လွန်းသော အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေ၏။

နတ်ဆိုးခေတ်အတွင်း အကောင်းဆုံး ကျင့်ကြံမှုနယ်မြေတစ်ပါးပေပင်။ တောင်ထိပ်ရှိ နန်းတော်တစ်ခုတွင် မိစ္ဆာဂိုဏ်းကြီး(၇)ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲများကို ရွှယ်လျူမှ တွေ့ဆုံနေသည်။

“ ဒီနေ့ အားလုံးကူညီပေးဖို့ ရောက်လာကြတာ ကျေးဇူးတင်ပါတယ် ငါ ရွယ်လျူ လူတိုင်းအတွက် ဂုဏ်ပြုပါရစေ။ ”

ရွှယ်လျူက ခွက်ကိုမြှောက်ကာ ဆိုသည်။ ယနေ့တွင် သူမသည် အနက်ရောင်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး အလွန်ဆွဲဆောင်မှုရှိနေ၏။

ဧည့်သည်များထဲမှ အဘိုးကြီးတစ်ဦးက၊

“ တာအိုရွှယ်လျူ ... မင်းဒီလောက် အင်အားသုံးပြီး နှိမ်နင်းရမယ့်လူက ဘယ်သူလဲ ဆိုတာ သိပါရစေ။ ”

- ဟု လေးလေးနက်နက် မေးလာသည်။ ရွှယ်လျူမှ အရက်ခွက်ကို မော့သောက်လိုက်ပြီး ပြုံးလျက်၊

“ သူ့နာမည်က စုရီပါ ... ငါရွှယ်လျူရဲ့ ရန်သူတော်ဟောင်းတစ်ဦးပဲ သူ့ရဲ့ကျင့်ကြံမှုက နတ်ဝိညာဉ်အဆင့်မှာပဲ ရှိပါသေးတယ်။ ”

-ဟု ပြန်ဖြေသည်။

လူတိုင်း မှင်သပ်ကုန်သည်။ နတ်ဝိညာဉ်အဆင့် ကောင်လေးတစ်ယောက်ကို နှိမ်နင်းရန် ဤမျှ အင်အားသုံးရသည်မှာ ရယ်စရာကောင်းချေပြီ။

ယင်းသည် အလွန်အကျူး စိုးရိမ်ရာရောက်နေ၏။ ထိုစဉ် နန်းတော်အပြင်မှ ဟိန်းဟောက်သံတစ်သံ ပျံ့လွင့်လာခဲ့သည်။

“ ဆန္ဒခြောက်ပါး ဂိုဏ်းချုပ် ... ငါတို့ရောက်ပြီ မင်းဘယ်မှာလဲ မြန်မြန်လာပြီး ခရီးဦးကြိုမပြုသေးဘူးလား။ ”

ရွှယ်လျူ အပါအဝင် လူတိုင်းသည် မျက်မှောင်ကြုတ်လိုက်ကြ၏။ မည်သို့သော လူမိုက်သည် ဤအချိန်၌ အိမ်တံခါးဝသို့လာပြီး အော်ဟစ်နေဝံ့သနည်း။

“ ဝုန်း ... ။ ”

“ အား ... ။ ”

လူတိုင်း အသိပြန်ဝင်လာချိန်တွင် ပေါက်ကွဲသံနှင့်အတူ နာကျင်စွာအော်ဟစ်သံ အချို့ ထပ်မံကြားလိုက်ရသည်။ ရွှယ်လျူမှ ချက်ချင်းထရပ်လိုက်၏။

“ သွားကြည့်ရအောင် ဘယ်လူမိုက်က ငါတို့ကိုရန်စဝံ့သလဲဆိုတာ။ ”

ထိုစဉ် စုရီသည် တောင်တံခါးဝတွင် လက်ကိုနောက်ပစ်ကာ သူ့‌ရှေ့မှမြင်ကွင်းများထံ ပေါ့ပေါ့ပါးပါးရပ်ကြည့်နေသည်။ ဝူမင်သည် ရက်စက်ကြမ်းကြုတ်စွာဖြင့် တံခါးစောင့်ကို ချက်ချင်’ရိုက်သတ်လိုက်ခြင်းပေပင်။

ယင်းကြောင့် တောင်တန်းကြီးအပေါ် လွှမ်းခြုံထားသော အစီရင်အသက်ဝင်လာပြီး လူရာပေါင်းများစွာ တောင်တံခါးဝသို့ စုပြုံ ရောက်ရှိလာကြသည်။

ထိုထဲတွင် ရွှယ်လျူနှင့်အတူ မိစ္ဆာဂိုဏ်း(၇)ဂိုဏ်းမှ အဆင့်မြင့်အကြီးအကဲ (၆၃)ဦးသည်လည်း လိုက်ပါလာ၏။ ယင်းသည် မည်သည့် နတ်ဆိုးဂိုဏ်းကိုမဆို တစ်ခဏချင်း ဖျက်ဆီးနိုင်သော အင်အားပေပင်။

သို့သော် သူတို့အားလုံး တောင်တံခါးရောက်ချိန်တွင် လူနှစ်ယောက်သာ ရပ်နေသည်ကို မြင်လိုက်ရ၏။

“ သူတို့က (၂)ယောက်တည်းလား။ ”

လူတိုင်း အံ့အားသင့်ကုန်၏။ ရွှယ်လျူပင် တစ်ခုခုမှားနေသည်ကို သတိထားမိလာသည်။ ဤစုရီသည် ပုံမှန်အတိုင်းဆိုပါက ထာဝရကမ္ဘာ တောင်တန်း၌ ပေါ်လာရပေမည်။ ယခုမူ သူမထံ တိုက်ရိုက်ရောက်လာ၏။

တစ်ဖက်တွင် ဤမျှ ငယ်ရွယ်သော ကောင်လေးတစ်ယောက်သည် အဘယ့်ကြောင့် ဤမျှအင်အားကြီးမားသော ဂိုဏ်းတစ်ခုကို ရန်စ ဝံ့သည့်အပေါ် နားမလည်နိုင်ကြချေ။

“ ဘယ်လူမိုက်က မင်းရဲ့ ထောင်ချောက်ထဲကို ဝင်မှာလဲ။ ”

စုရီမှ ပြုံးလျက် ပြောကြာလိုက်သည်။ ရွှယ်လျူခမျာ မျက်ခုံးပင့်သွား၏။ သည့်နောက် လှောင်ပြုံးဖြင့်၊

“ ဘာပဲဖြစ်ဖြစ် ... မင်းဒီကိုလာဝံ့တာ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ ဘာမှမခြားပါဘူး ဒါကိုရော ဦးနှောက်ရှိတဲ့သူရဲ့ လုပ်ရပ်လို့ ခေါ်နိုင်လား။ ”

-ဟု ပြန်လည်မေးမြန်းလိုက်တော့သည်။

ညနေခင်းအလင်းသည် ရင့်မှည့်နေသော ပန်းသီးတစ်လုံးအလား နေဝင်ရိုးရီအချိန်တွင် လောကအနှံ့ပျံ့ကျဲလျက် အနီရောင်ဖျော့ဖျော့ ကောင်းကင်ကို ဖြစ်ပေါ်လာစေသည်။

စုရီက အဝေးမှနေပြီး ရွှယ်လျူထံ လှမ်းကြည့်လိုက်၏။ ဆည်းဆာနေရောင်တွင် သူမ၏ အသွင်သည် သူ့ရင်ထဲ၌ထိန်းချုပ်၍ မရသော ခံစားချက်များ ဝင်ရောက်စေသည်။

တစ်ဆက်တည်းမှာပင် ရှန့်မူနှင့် ရွှယ်လျူတို့နှစ်ဦး ဆုံတွေ့ခဲ့ကြသည့် အတိတ်မှ ဖြစ်ရပ်များ၊ ပျော်ရွှင်ကြည်နူးချိန်များမှာ ပြတ်ထင်စွာ မြင်ယောင်လာ၏။

စိတ်လှုပ်ရှားခြင်း၊ ဝမ်းမြောက်ခြင်းများ ပြည့်နှက်နေချေပြီ။ ဤသည်မှာ သူ့နှလုံးသား အတွက် အဟန့်အတားပေပင်။

ယခင်က ရှန့်မူသည် အချစ်ရူးတစ်ယောက်ဖြစ်ကာ ရွှယ်လျူအတွက် အသေခံခဲ့သည်။ ထိုသို့သော ပြင်းထန်လှသည့် ခံစားချက်ကို လွယ်လွယ်နှင့် အမြစ်ဖြတ်ရန် မဖြစ်နိုင်ချေ။

ရှန့်မူဘဝနှင့် တာအိုစွမ်းအားများကို ပေါင်းစပ်ထားသော စုရီအတွက် ဤခံစားချက် များကို ရင်ဆိုင်ရခြင်းမှာ ရှောင်လွှဲ၍မရသော အရာပေပင်။

လေထုအလယ်တွင် ရပ်နေသော ရွှယ်လျူသည် စုရီတစ်ယောက်နှလုံးသား တုံ့ဆိုင်းမှုကို သတိပြုမိလာသည်။

ထို့ကြောင့် သူမ၏နှုတ်ခမ်းပေါ်တွင် အောင်နိုင်သူတစ်ယောက်ကဲ့သို့ အပြုံးနုနုလေး ဖြစ်ပေါ်လာ၏။၊

“ စုရီ ... ငါမင်းအပေါ်မှာ ဘာအမုန်းမှ မရှိပါဘူး မင်းသာခေါင်းငုံ့အရှုံးပေးမယ်ဆိုရင် ငါ မင်းကို အရင်လိုပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ်။ ”

ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ အကြောင်းအရင်းများကို နားမလည်သေးသူများမှာ ရှုပ်ထွေးစွာဖြင့် ရွှယ်လျူထံ ပြန်ကြည့်သည်။

ဆန္ဒခြောက်ပါးဂိုဏ်းမှ မြေခွေးအိုကြီးများသာလျှင် ရှန့်မူဝင်စားသူကို သိရှိထားသဖြင့် တိတ်ဆိတ်နေသည်။

ဆန္ဒခြောက်ပါးဂိုဏ်းဟူသည် ဆန္ဒခြောက်ပါးကိုပြင်းပြမှုကို ရှာဖွေကြရကာ အဆုံးတွင် ထိုခြောက်ပါးအပေါ်ဖြတ်တောက်ပြီး အမြင့်သို့ တက်လှမ်းခြင်းဖြစ်သည်။

တစ်စုံတစ်ရာ တပ်မက်မှု ကျန်ရှိသော် တာအိုလမ်းခရီးတွင် အတားအဆီးများ ရှိလာ ပေမည်။ ဂိုဏ်းချုပ်နှင့် ဤလူငယ်သည် အတိတ် ဘဝ၌ ချစ်ခင်စုံမက်ခဲ့ကြပြီး နက်ရှိုင်းသော ခံစားချက်များရှိထားသည်။

ထို့ကြောင့် ဂိုဏ်းချုပ်အတွက် တစ်ဖက်လူသည် သူ့ဘဝကို လိုလိုလားလားပင် အဆုံးသတ်ပေးခဲ့သည်။ သို့သော် ဂိုဏ်းချုပ် အနေဖြင့် ထိုသူသေဆုံးပြီးနောက်၌ပင် တာအိုလမ်းတွင် ပိတ်မိနေဆဲဖြစ်၏။

သံသယများဖြင့် လိုက်လံစုံစမ်းရာမှ အမှန်တကယ်သေဆုံးခြင်းမရှိဘဲ ဝင်စားခြင်း အမှုကို ပြုသွားကြောင်း သိရှိခဲ့ရသည်။

ထိုအချိန်တွင် စုရီသည် ခဏမျှ တိတ်ဆိတ်သွားပြီးခေါင်းခါကာ၊

“ မလုံလောက်သေးဘူး။” -ဟု တုန့်ပြန်လိုက်သည်။

ရွှယ်လျူတစ်ယောက် မျက်လုံးများ၌ ထူးဆန်းသောအရိပ်အယောင်များ ဖြတ်ပြေး သွားပြီး စုရီ၏ နှလုံးသားထံ ဆက်သွယ်မှု ပြုလာတော့၏။

“ စိတ်ချပါ ... မင်းသာ ခေါင်းငုံ့မယ်ဆိုရင် ရှန့်မိသားစုဝင်တွေကို ငါ အသက်ချမ်းသာခွင့် ပေးပါ့မယ် ... မင်းရဲ့ဂျူနီယာညီမလေးကိုလည်း လွှတ်ပေးမယ် ပြီးတော့ ငါ ... ငါ ... ။ ”

အမျိုးသမီးက ကြယ်တာရာကဲ့သို့ ရွှန်းလဲ့တောက်ပနေသော မျက်ဝန်းတစ်စုံဖြင့် စုရီထံစိုက်ကြည့်လိုက်ပြီး၊

“ ရှန့်မူ ... ဒီမှာရှိနေတဲ့ ဘယ်သူ့ရဲ့ လှောင်ပြောင်မှုကိုမှ ဂရုမစိုက်ဘဲ အရာအားလုံး စွန့်လွှတ်ပြီး ငါမင်းရဲ့ဘေးမှာ အရင်လိုမျိုး ပြန်... ပြန်နေပေးဖို့ အဆင်သင့်ပါ။ ”

-ဟု ကတိပေးလာသည်။

ထိုစကားကြောင့် စုရီခမျာ ရင်ထဲ၌ ခံစားချက်များပြင်းပျလာပြီး ခေါင်းငုံ့ပေးလိုသော ဆန္ဒများဖြစ်ပေါ်လာ၏။ တစ်စုံတစ်ဦးမှ သူ့ကို တိုက်တွန်းနေသကဲ့သို့ပေပင်။

သူ့ဘေးတွင် ရပ်နေသော ဝူမင်သည် သူ့သခင်တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်းကို သတိပြုမိလာခဲ့သည်။ ထို့ကြောင့် စိုးရိမ်စွာဖြင့် ပြန်ကြည့်လိုက်၏။

ဤသည်မှာ သခင်၏ နှလုံးသား အတားအဆီးဖြစ်ပေမည်။ ယခုတစ်ကြိမ်ပြန်၍ ရောက်ရှိလာခြင်းသည် ထိုအတားအဆီးကို ဖြေရှင်းရန်ဖြစ်ချေပြီ။

ယင်းသည် အတားအဆီးများအနက် အပြင်းထန်ဆုံးသော အဆိပ်အတောက်များ ပေပင်။ ကိုယ်တိုင် ဖြတ်ကျော်နိုင်မှသာလျှင် အောင်မြင်ချေမည်။

ဆန္ဒခြောက်ပါးဂိုဏ်းမှ လူများမှာ စုရီ၏အခြေအနေကိုကြည့်ကာ လှောင်ပြောင် ပြုံးလိုက်ကြသည်။ သူတို့အမြင်၌ စုရီသည် ဤအတားအဆီးထံ မကျော်လွှားနိုင်ဘဲ ဒူးထောက်လာပေတော့မည်။

ရွှယ်လျူသည်ပင် မျက်ဝန်းများအတွင်း မထီမဲ့မြင်ပြုသော အရိပ်အယောင်လေးတစ်ခု ရှိနေချေသည်။ နောက်ဆုံးတွင် တစ်ဖက်လူမှာ ဤမျှသာ ဖြစ်၏။ လွယ်ကူလွန်းချေပြီ။

***

အခန်း ၁၀၉၀ –

အတားအဆီးကို ဖြတ်တောက်ခြင်း။

“ ဟားဟားဟား ... ။ ”

သို့သော် သူမ အတွေးများမဆုံးခင် စုရီသည်ရုတ်တရက် ရယ်မောလာပြီး၊

“ ကျေးဇူးတင်ပါတယ်။ ”

-ဟု ပြောကြားလာလေသည်။

တစ်ဆက်တည်းမှာပင် သူ့မျက်နှာပေါ်မှ ရုန်းကန်နေရသော အမူအရာများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်ဝန်းများသည် ကြည်လင်တည်ငြိမ်သွားတော့သည်။

“ ဘာအတွက် ကျေးဇူးတင်တာလဲ။ ”

ရွှယ်လျူမှ နားမလည်နိုင်ဖြစ်သွား၏။

“ ဒီနှစ်တွေထဲမှာ မင်းသာသေသွားခဲ့ရင် ငါ့ရဲ့နှလုံးသားအဟန့်အတားကို ဖြတ်တောက်ဖို့ ခက်ခက်ခဲခဲ လုပ်တောင်ရလိမ့်မယ် အခုတော့ ကံကောင်းထောက်မစွာနဲ့ မင်းရှိနေသေးတယ် ...

... ဒီကနေ့ မင်းကိုမြင်လိုက်ရတာက ငါ့ရဲ့စိတ်နှလုံးအဟန့်အတားကို အစွမ်းကုန် ပွင့်ထွက်လာစေပြီး အန္တရာယ်များတဲ့ အခြေအနေကို ရောက်လာပေမယ့် ...

... ငါ့အတွက်တော့ ဒါအခွင့်အရေးပဲ ... ငါ့ရဲ့နှလုံးသားကို ဓားတစ်လက်အဖြစ်သွေးယူဖို့ ဒီအဟန့်အတားတွေကို နက်နက်ရှိုင်းရှိုင်း တူးထုတ်နိုင်ပါပြီ။ ”

စကားဆုံးသည်နှင့် စုရီတစ်ယောက် လွတ်လပ်ပေါ့ပါးပြီး ထူးကဲလှသောရောင်ဝါများ ထွက်ပေါ်လာသည်။

သူ့စိတ်ဝိညာဉ် နက်ရှိုင်းသောနေရာမှ မမြင်ရသည့် သံကြိုးတစ်ချောင်း ပြတ်တောက် သွားသကဲ့သို့ပေပင်။ ရွှယ်လျူအပေါ် ခံစားချက် တွယ်တာမှုများအားလုံး ထိုခဏ၌ပင် လေထဲသို့ ပျောက်ကွယ်သွားတော့သည်။

“ မင်း ... မင်း တကယ်ပဲ လုပ်နိုင်ခဲ့တာလား။ ”

ရွှယ်လျူသည်ပင် မယုံကြည်နိုင်အောင် ဖြစ်လာလေသည်။

“ စိတ်ပျက်သွားလား။ ”

စုရီမှ ပြုံးလျက်မေးလိုက်သည်။ ဤကဲ့သို့သော နှလုံးသားအတားအဆီးသည် စုရီအတွက်မူ ကြိုးလေးတစ်ချောင်းမျှသာ ပေပင်။

ယခင်က မဖြတ်နိုင်ခဲ့ခြင်းမှာ ၎င်းသည် ပုန်းကွယ်နေသောကြောင့်ဖြစ်သည်။ သည့်ပြင် သူသည် ရှန့်မူကဲ့သို့ အချစ်ကို ကိုးကွယ်သူ မဟုတ်ချေ။

“ ဟမ့် ... ငါ စိတ်ပျက်ရမှာလား ... ၊ မဟုတ်ဘူး ဒီနေ့ မင်းသေရမှာသေချာနေမှတော့ ငါဘာလို့ စိတ်ပျက်နေရမှာလဲ၊ သွား ... သူ့ကို ဖမ်းလိုက်ကြ။ ”

ရွှယ်လျူတစ်ယောက် ချက်ချင်းပင် အေးစက်သွားပြီး လှည့်ကာအမိန့်ပေးလိုက်၏။ အဖိုးကြီးတစ်ဦး လှမ်းထွက်လာစဉ် စုရီမှ စိတ်မဝင်စားဘဲ အရက်အိုးကိုကိုင်ကာ ဘေးသို့ ဆုတ်ခွာပေးလိုက်သည်။

“ ဝူမင် ... မင်းနဲ့ထားခဲ့မယ် ... သတိရပါ အဲ့ဒီမိန်းမကို မသတ်ခင်မှာ သူမရဲ့နှလုံးသားကို ကွဲကြေပျက်စီးအောင်လုပ်ပါ။ ”

ဝူမင်က ပြုံးလျက်၊

“ စိတ်ချပါသခင် ... ဒီလက်အောက်ငယ်သားက သခင့်ရဲ့အမိန့်ကို စောင့်နေတာကြာပါပြီ။ ”

- ဟု ဆိုကာ ချက်ချင်းပင် တိုက်ခိုက်လိုက်တော့သည်။

“ မင်းသေလိုက်တော့ ... ။ ”

“ ဝှစ် ... ။ ”

“ ဘန်း ... ။ ”

ဝူမင်၏ခွန်အားမှာ ကြောက်မက်ဖွယ် ကောင်း၏။ အဆင့်မြင့် အကြီးအကဲတစ်ဦးကို ယင်ကောင်တစ်ကောင်ကဲ့သို့ ပါးရိုက်ကာ ချက်ချင်းသတ်ပစ်လိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း တုန်လှုပ်ကုန်၏။ တစ်ဖက်လူသည် ပွဲစသည်နှင့် ဤသို့သောရက်စက်စွာ တိုက်ပွဲဝင်လိမ့်မည်ဟု မည်သူမျှ မထင်ထားချေ။

“ သူ ... သူက နတ်ဆိုးအင်မော်တယ်ပဲ။ ”

တစ်စုံတစ်ဦးမှ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ နတ်ဆိုးသားရဲများသည် ဗီဇအရ သန်မာကြီး ရက်စက်ချေ၏။ ယခုကဲ့သို့ အင်မော်တယ်အဆင့် ရောက်ချိန်တွင် ဆိုဖွယ် မရှိတော့ချေ။

တိုက်ခိုက်မှုကို လွှတ်ချလိုက်သည့်နောက် အထိန်းအကွပ်မဲ့ပြီး တိုက်ပွဲမြေပြင်ကိုသွေးဖြင့် စဖွင့်လိုက်ချေပြီ။

ရွှယ်လျူသည်ပင် မျက်နှာ ဖြူလျော်သွားသည်။ တစ်ဖက်လူသည် ဤမျှ အစွမ်းထက်သော နတ်ဆိုးအင်မော်တယ်ကို ရှာတွေ့လာလိမ့်မည်ဟု မထင်ထားချေ။

“ ဘာလုပ်နေကြတာလဲ ... အဲဒီ နတ်ဆိုးကိုအရင်သတ် ... ။ ”

ထို့ကြောင့် ချက်ချင်းအမိန့်ပေးလိုက်သည်။ မိစ္ဆာဂိုဏ်းကြီး(၇)ဂိုဏ်းမှ အကြီးအကဲများစွာက အချင်းချင်း ပြန်ကြည့်ကာ အံကြိတ်လျက် တိုက်ပွဲအတွင်း ဝင်ရောက်လိုက်တော့၏။

“ သတ် ... ။ ”

“ မင်းတို့ရဲ့ ဝှက်ဖဲတွေကို ထုတ်ပါ။ ”

“ ဝုန်း ... ။ ”

များမကြာခင် ပတ်ဝန်းကျင်တစ်ခုလုံး ဝရုန်းသုန်းကားဖြစ်ကုန်သည်။ နတ်ဆိုးဝူမင်၏ တိုက်ခိုက်မှုအောက်တွင် တောင်များပြိုလဲကာ၊ အဆောက်အအုံများ ပျက်စီးကုန်၏။

“ ဖရူး ... ။ ”

“ ဝုန်း ... ။ ”

သွေးရောင်အတောင်ပံကြီးတစ်စုံက ကောင်းကင်အပြည့်ဖုံးလွှမ်းလျက် တစ်ချက်ခတ် လိုက်တိုင်း ကမ္ဘာပျက်မတတ် စွမ်းအင်လှိုင်းများ ပြေးထွက်လာလေသည်။

“ တောင်တန်းအကာအကွယ် ဝင်္ကပါကို အသက်သွင်းပါ။ ”

ရွှမ်လျူမှ အဆတ်မပြတ်အမိန့်ပေးနေ၏။ သို့တိုင်သွေးပန်းများသည် နေရာအနှံ့အပြားတွင် တဖျပ်ဖျပ်ပွင့်နေချေပြီ။

“ ဟားဟားဟား ... ပုရွက်ဆိတ်တွေ ... ။ ”

“ မြန်မြန်ရှောင် ... ။ ”

“ ဘုန်း ... ။ ”

“ အား ... ။ ”

ဤသည်မှာ သိုးအုပ်အတွင်း ကျားတစ်ကောင် ရောက်ရှိလာသကဲ့သို့ပင် လေထုတစ်ခုလုံး ပွက်လောရိုက်နေတော့၏။

စုရီက အဝေးမှနေ၍ အေးဆေးစွာ အရက်သောက်လျက် သွေးပင်လယ်ဝေနေသော ထိုမြင်ကွင်းထံ ကြည့်နေလေသည်။

“ ဝင်္ကပါအတွင်း ပြန်ဆုတ်။”

အဆုံးတွင် ရွှယ်လျူသည် သူမ၏ ဂိုဏ်းသားများကို တောင်ထိပ်သို့ ဆုတ်ခွာရန် အမိန့်ပေးလိုက်ရ၏။ သို့သော် အစွမ်းထက်သော ဝင်္ကပါသည် ဝူမင်လက်၌ ကြာရှည်မခံခဲ့ချေ။

“ မကောင်းတော့ဘူး ... ဒီနတ်ဆိုးက အရမ်းကြောက်စရာကောင်းတယ်။ ”

ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးယိုယွင်းလာပြီး ခဏအတွင်းမှာပင် အက်ကွဲလျက် ပြိုကျသွားသည်။

ထို့ကြောင့် အဆင့်မြင့်အကြီးအကဲပေါင်း (၈၀)မျှသေဆုံးကုန်ပြီး (၂၀)မျှသာလွတ်မြောက် သွားလေသည်။

ရွှယ်လျူတစ်ယောက် ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ရီလာသည်။ သူမတွက်ချက်မှု မှားယွင်းခဲ့ချေပြီ။

စုရီအတွက် ပြင်ဆင်ထားသော ထောင်ချောက်သို့ ဂိုဏ်းရှိသက်ရှိရုပ်ကြွင်းများ စေလွှတ်ထားသည်။ သို့သော် တစ်ဖက်လူသည် တံခါးဝသို့ တိုက်ရိုက်ရောက်ရှိကာ လူတိုင်းကို သတ်နေတော့၏။

“ အားလုံး မစိုးရိမ်ကြနဲ့ ... ငါ့မှာ ဒီအခြေအနေကို ပြောင်းလဲပစ်နိုင်တဲ့ ဝှက်ဖဲတွေ ရှိတယ် ပင်မတောင်ဆီမြန်မြန်ဆုတ်ခွာပြီး အင်မော်တယ်မိစ္ဆာဝင်္ကပါကိုဖွင့်ပါ ... ။”

ရွှယ်လျူက သူမကိုယ်သူမ ပြန်လည် တည်ငြိမ်အောင်ကြိုးစားကာ လူတိုင်းကိုနှစ်သိမ့် လိုက်လေသည်။ များမကြာခင် လေထုအလယ် အင်မော်တယ်ချီများ လှိုင်းထလျက် အလင်းလွှာ တစ်ခုက သူတို့အပေါ် ဖုံးအုပ်လာချေပြီ။

“ ဝုန်း … ။ ”

နတ်တောင်၏ ပင်မတောင်ထိပ် အပြင်ဘက်တွင် ဝူမင်သည် အင်မော်တယ် အဆင့် အစီရင်ကို တိုက်ခိုက်နေသည်။

သွေးရောင် အတောင်ပံကြီးများမှာ ကောင်းကင်ကို ခွဲထုတ်နိုင်သော ဓားနှစ်လက် ကဲ့သို့ အဆက်မပြတ် ရိုက်ခတ်နေသဖြင့် အလင်းမှုန်များ တဖွဲဖွဲလွင့်စင်လာ၏။

ဝင်္ကပါအောက်တွင် ပုန်းအောင်း နေသူများသည် ထိတ်လန့်တုန်လှုပ်ကုန်ကြပြီး အလင်းလွှာမှာ တုန်ရင်လျက် ကြာရှည် မခံတော့ကြောင်း မြင်သာလာသည်။

“ စုရီ ... မင်းရဲ့ရှန့်မိသားစုဝင်တွေကို အသေမခံချင်ရင် အဲ့ဒီအဘိုးကြီးကို ချက်ချင်း ရပ်ခိုင်းလိုက်စမ်း။ ”

ရွှယ်လျူမှ အလျင်အမြန် အော်ဟစ်လိုက်သည်။ စုရီတစ်ယောက် အရက် တစ်ငုံသောက်လိုက်ပြီး လေထုအလယ် လျှောက်လှမ်းကာ လက်ဝေ့ယမ်းပြ၏။

“ ခဏ ဘေးဖယ်ဦး။ ”

ဝူမင်တစ်ယောက် ချက်ချင်းပင် ကြောက်မက်ဖွယ် အငွေ့အသက်များကို ချက်ချင်းသိမ်းဆည်းကာ စုရီအနား ရိုသေစွာ လာရပ်လေသည်။

ထိုနောက် ရွှယ်လျူက စုရီထံ စိုက်ကြည့်ကာ၊

“ မင်း အခုချက်ချင်း ထွက်သွားမယ်ဆိုရင် ရှန့်မိသားစုဝင်အားလုံးကို လွှတ်ပေးမယ်လို့ .. ငါ ကတိပေးတယ် မဟုတ်ရင် ... သူတို့အားလုံး သေရလိမ့်မယ်။ ”

- ဟု ထပ်မံ ခြိမ်းခြောက်လိုက်သည်။ သို့သော် စုရီမှ လှောင်ပြုံးဖြင့်၊

“ ဒါဆို ဘာကိုစောင့်နေတာလဲ။ ”

-ဟု ဆိုလိုက်တော့၏။

ရွှယ်လျူတစ်ယောက် မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်လူသည် သူ့မိသားစုဝင်များကို ဂရုမစိုက်ချေ။

ထိုစဉ် ဟင်းလင်းပြင် တုန်ခါသွားပြီး အဝတ်စုတ်နှင့် အဘိုးကြီးတစ်ဦး ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အနက်ရောင် အလင်းတန်းများမှာ ကောင်းကင်ကိုပင် လွှမ်းမိုးထားချေ၏။

သူက စုရီထံ ချက်ချင်း ဦးညွှတ်ကာ၊

“ သခင် ဒီအစေခံဟေးချန်က ... နှုတ်ဆက်ပါတယ်။ ”

-ဟု ဆိုလိုက်သည်။

ဤမြင်ကွင်းက လူအုပ်ကြီးကို မျက်လုံးပြူးသွားစေသည်။ ဤသည်မှာ ဒုတိယ မြောက် အင်မော်တယ်အဆင့် မိစ္ဆာကြီးဖြစ်၏။

“ အဘိုးကြီး ... ကိစ္စတွေ အဆင်ပြေရဲ့လား။ ”

ဝူမင်က မေးမြန်းလိုက်သည်။

“ အားလုံး ပြီးပါပြီ။ ”

အဘိုးကြီးက လက်ဝေ့ယမ်းလိုက်ရာ သွေးအလိမ်းလိမ်းဖြင့် ဦးခေါင်းပေါင်း(၁၀၀)ခန့် လေထဲ တန်းစီ ပေါ်ထွက်လာသည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

ဆန္ဒခြောက်ပါး မိစ္ဆာဂိုဏ်းမှ အကြီးအကဲများမှာ ထိတ်လန့်စွာ အော်ဟစ် လိုက်ကြသည်။

အကြောင်းမှာ ထိုခေါင်းများသည် ရှန့်မိသားစုဝင်များကို စောင့်ကြပ်ထားရန် သူတို့ တာဝန်ပေးထားသော ဂိုဏ်းသားများ၏ ဦးခေါင်းများ ဖြစ်နေသောကြောင့်ပေပင်။

ရွှယ်လျူတစ်ယောက် မျက်နှာ ဖြူလျော်သွားသည်။ သို့သော် အံကြိတ်လျက်၊

“ သူမကို ခေါ်လာခဲ့။ ”

-ဟု အမိန့်ပေးလိုက်သည်။

ချက်ချင်းပင် တစ်စုံတစ်ဦးက သွေးအလိမ်းလိမ်းနှင့် မိန်းကလေးတစ်ဦးကို ခေါ်ဆောင်လာသည်။ ဤသည်မှာ ရှန့်မူ၏ ဆရာတူညီမလေး မုကျိကျင်းပေပင်။ အပေါင်ဆိုင်ပိုင်ရှင်ဖြစ်၏။

“ စုရီ ... မင်းရဲ့ ဂျူနီယာညီမလေးကို အသက်ကို မငဲ့ကွက်ဘူးဆိုရင် ငါ အခုချက်ချင်း သတ်ပစ်လိုက်မယ်။ ”

“ ဟားဟားဟား ... ။ ”

ရွှယ်လျူက ရူးသွပ်လုနီးပါး အော်ဟစ်လိုက်သည်။ သို့သော် စုရီဘေးရှိ အင်မော်တယ်ကြီးနှစ်ပါးမှာ သဘောကျစွာ ရယ်မောလိုက်ကြ၏။

ထိုအပြုအမူကြောင့် ရွှယ်လျူက ဒေါသကိုမထိန်းနိုင်တော့ဘဲ၊

“ သူ့ကို ချက်ချင်းသတ်လိုက်။ ”

-ဟု အမိန့်ပေးလိုက်သည်။

“ နားလည်ပါပြီ။ ”

အစောင့်အကြီးအကဲက မုကျိကျင်း၏ ခေါင်းကိုရိုက်ခွဲရန်ပြင်စဉ် သူ၏လက်မောင်းမှာ ရုတ်တရက် မီးလောင်ကျွမ်းသွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။

“ အား ... ။ ”

အကြီးအကဲမှ ထိတ်လန့်တကြား အော်ဟစ်နေစဉ် မုကျိကျင်းမှာ မတ်တပ်ရပ်ပြီး စုရီကိုဦးညွှတ်လျက်၊

“ လက်‌အောက်ငယ်သား ရွှေဟဲက သခင့်ကိုဂါရဝပြုပါတယ်။ ”

-ဟု ချိုသာစွာ ဆိုလိုက်သည်။ သူမ၏ ရုပ်သွင်သည်လည်း ရုတ်ချည်းပြောင်းလဲသွားပြီး ငွေရောင်ဆံပင်နှင့် လှပသောနတ်ဘုရားမလေး တစ်ပါးအဖြစ် ပေါ်ထွက်လာသည်။

ဤအခြေအနေတွင် ဆန္ဒခြောက်ပါး မိစ္ဆာဂိုဏ်းဝင်များမှာ တိုက်ပွဲဝင်ဆန္ဒများလုံးဝ ပျက်စီးသွားချေပြီ။

ထို့ကြောင့် အများစုသည် ဒူးထောက်ပြီး အသက်ချမ်းသာခွင့် တောင်းဆိုကြသော်လည်း ငွေရောင်ဆံပင်နှင့် မိန်းကလေးမှာ တုန့်ပြန်ခြင်း မရှိချေ။ ယင်းအစား စုရီထံမှအမိန့်ကို တောင်းခံနေသည်။

တစ်ဖက်တွင် ရွှယ်လျူသည် ကူကယ်ရာမဲ့စွာဖြင့် စုရီထံမော့ကြည့်လိုက်ကာ၊

“ မင်းက အင်မော်တယ်တွေ ဒီလောက်အများကြီးခေါ်ပြီး ငါ့ကိုသတ်ဖို့ အတွက် ကြိုးစားနေမှတော့ ဂုဏ်ယူပါတယ်။ ”

- ဟု ပြောကြားတော့၏။ သို့သော် မမျှော်လင့်စွာပင် စုရီမှ ခေါင်းခါပြလိုက်ပြီး၊

“ မင်းကိုယ်မင်း အထင်ကြီးနေပြီ ... ဒီနေ့ငါတကယ်သတ်မှာက မင်းရဲ့ဦးလေးကိုပဲ မင်းကတော့ လမ်းကြုံသတ်လိုက်တာပါ။ ”

-ဟု တုန့်ပြန်လေသည်။

ရွှယ်လျူတစ်ယောက် ထိုစကားကို ကြားသောအခါ သွေးတစ်လုပ်အန်သွားချေပြီ။ ဤသည်မှာ အသတ်ခံရခြင်းထက် များစွာပင် နာကျင်စေသည်။

***

All Chapters